← Chapters

ကြီးမားသောဖြစ်ရပ်တစ်ခု

Vol. 33 Ch. 462

ကြီးမားသောဖြစ်ရပ်တစ်ခု

Vol. 33 Ch. 462

အခန်း (၄၆၂) ကြီးမားသောဖြစ်ရပ်တစ်ခု

ကျန်းယောင်က...

“နေသူတော်စင်ဂိုဏ်းက အစ်မ’မန်ဝမ်’ ကလည်း ထူးကဲယင်သရဖူနဲ့အတူ ရေနယ်မြေကို တိုက်ခိုက်ဖို့ထွက်ခွာသွားတယ် ၊ ဒါပေမဲ့ အဆုံးမဲ့တောင်တန်းရဲ့ဂိုဏ်းချုပ် မြောက်ပိုင်းတောင်ထွတ်မှကောင်းကင်သူရဲကောင်း ‘ချူးယန်’ က အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်တဲ့ မြိုးဖြိုပုဆိန်နဲ့ တောင်ပေါ်ကဆင်းလာပြီး မန်ဝမ်ကို တားဆီးထားတယ်”

ထူးကဲယင်သရဖူဖြင့်ပင် ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်ရန်ကြိုးစားသော နေသူတော်စင်ဂိုဏ်းအကြောင်း ပြောပြရင်း ကျန်းယောင်က သက်ပြင်းချသည်။

ရန်ကျောက်ကဲကတော့ ပုံမှန်အတိုင်းပင် ထပ်မံမေးမြန်းသည်။

“နောက်ထပ် ဘာထူးခြားတာရှိသေးလဲ”

“ပြီးတော့...”

ကျန်းယောင်က ခဏမျှစဉ်းစားပြီး စိတ်ဓာတ်တက်ကြွလာဟန်ဖြင့်...

“အစ်ကိုကြီး’ရန်’ ရဲ့ အဖေ ‘ရန်’ ဂိုဏ်းချုပ်က ရေနယ်မြေနဲ့ မိုးကြိုးနယ်မြေ အစပ်မှာ ကောင်းကင်မိုးကြိုးခန်းမက အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင်ကို တားဆီးနိုင်ခဲ့တယ်”

သူမက ဆက်ပြောသည်။

“အစ်ကိုကြီး’ရန်’ရဲ့ အဖေက အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်းမရှိ ၊ အစီအရင်ပညာစွမ်းအားလည်းမရှိဘဲ ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားတစ်ခုတည်းနဲ့ အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင်ကို ရင်ဆိုင်ခဲ့တာ ၊ သိုင်းဆရာသခင်အဆင့်နဲ့ သိုင်းသူတော်စင်အဆင့် ယှဉ်ပြိုင်ခဲ့တာတောင်မှ အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင် ရေနယ်မြေကို ခြေတစ်လှမ်းချမရအောင် တားဆီးထားနိုင်ခဲ့တယ်”

သူမ၏စကားများကိုကြားတော့ အားဟူက မျက်လုံးပေါက်များပိတ်သွားသည်အထိ သဘောကျစွာဖြင့် ရယ်မောလိုက်၏။ ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့မျက်နှာထက်တွင်လည်း အလွန်တရာ လေးစားမှုများ ထင်ဟပ်လျှက်ပင်။

ရန်ကျောက်ကဲကတော့ အံ့အားသင့်ဟန်မပြဘဲ ပြုံးလိုက်ရင်း...

“နောက်ဆုံးကျ ဘာဖြစ်သွားလဲ”

ကျန်းယောင်၏မျက်နှာထက်မှာ ပျော်ရွှင်မှုပျောက်ကွယ်သွားပြီး သူမ၏မျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။

“သူတို့နှစ်ယောက်တိုက်ပွဲ အနိုင်အရှုံး မဆုံးဖြတ်နိုင်ခင်မှာ... တိုက်ပွဲကို ပျက်ဆီးသွားစေတဲ့ ကြီးမားတဲ့ဖြစ်ရပ်ကြီးတစ်ခု ရုတ်တရက် ဖြစ်သွားခဲ့တယ်”

သူမ ပင့်သက်တစ်ချက်ရှိုက်လိုက်စဉ် မျက်ဝန်းများထဲတွင် နက်ရှိုင်းသည့်အကြောက်တရားတစ်ခု ထွက်ပေါ်လာသည်။

“အစ်ကိုကြီး’ရန်’ ရဲ့ အဖေနဲ့ အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင်ရဲ့ တိုက်ပွဲတင်မဟုတ်ဘူး... ဝါဒတောင်က ကောင်းကင်ခြေရာတိုင်းသူသိုင်းသူတော်စင်နဲ့ နေသူတော်စင်ဂိုဏ်းက အရှေ့အရပ်ကထွက်သောနေသူတော်စင်တို့ရဲ့ တိုက်ပွဲလည်း ရပ်တန့်သွားခဲ့တယ်”

“ပြီးတော့... ထူးကဲယင်သရဖူကို ဆင်မြန်းထားတဲ့ မန်ဝမ်နဲ့ မိုးဖြိုပုဆိန်ကိုကိုင်ဆောင်ထားတဲ့ ဂိုဏ်းချုပ်’ချူးယန်’ တို့ရဲ့ တိုက်ပွဲလည်း ရပ်တန့်သွားတယ်”

ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ကျန်းယောင်က လေးလံသောအသံဖြင့်...

“မြေကမ္ဘာနယ်မြေမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခုဖြစ်သွားပြီး ပတ်ဝန်းကျင်နယ်မြေတွေအထိပါ ပျံ့နှံ့သွားခဲ့တယ် ၊ ကောလဟလတွေပြောကြတာတော့... မြေကမ္ဘာနယ်မြေကနေ အရမ်းကြောက်စရာကောင်းတဲ့ ရောင်ဝါတစ်ခုထွက်ပေါ်လာပြီး လူတိုင်းရဲ့ စိတ်ဝိညာဉ်ကို တုန်ခါသွားစေတဲ့ ကြေကွဲစရာ ညည်းတွားသံကြီးတွေလည်း ထွက်ပေါ်လာတယ်တဲ့”

ကျန်းယောင်စကားပြောနေစဉ် သူမျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ လွှမ်းခြုံလျှက် ရှိသည်။

“မြေကမ္ဘာနယ်မြေမှာ တိုက်ခိုက်နေကြတဲ့ ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်နဲ့ အရှေ့အရပ်ကထွက်သောနေသူတော်စင်ကလွဲပြီး အဲဒီဒေသကိုရောက်နေတဲ့ လူတွေအကုန်လုံး သေကုန်ကြတယ်”

ထိုစကားကိုကြားတော့ ကိုယ်တိုင်မကြုံတွေ့ရသည့်တိုင် ရန်ကျောက်ကဲနှင့်အခြားသူများ ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ရသည်။

မြေကမ္ဘာနယ်မြေက ဝါဒတောင်ပိုင်နက်နယ်မြေဖြစ်သော ကောင်းကင်နယ်မြေနီးပါး ကျယ်ပြန့်လေသည်။

မြေကမ္ဘာနယ်မြေသည် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အန္တရယ်နယ်မြေ (၆)ခုအနက်မှ တစ်ခုဖြစ်သော်လည်း အခြားနေရာများတွင် မရရှိနိုင်သော ရတနာပစ္စည်းများစွာ ထွက်ရှိလေသည်။ ထို့ကြောင့် အထဲသို့စွန့်စားဝင်ရောက်ပြီး ရတနာပစ္စည်းရှာဖွေကြသူ များစွာရှိသည်။ ထိုသူများထဲတွင် အလွန်စွမ်းအားမြင့်မားသော သိုင်းဆရာသခင်များပင် ပါဝင်လေ၏။

သို့သော် ပြင်းထန်သောပေါက်ကွဲမှုကြီးဖြစ်ပေါ်သွားသည်နှင့် ကျယ်ပြောသောပင်လယ်ပြင်တွင် ဆူနာမီလှိုင်းလုံးကြီးဖြင့် ရင်ဆိုင်ရသော သင်္ဘောငယ်များပမာ အရာအားလုံး တစ်ခဏချင်း ဝါးမျိုခံသွားကြရသည်။ ထိုသူများထဲတွင် ထိပ်သီးသိုင်းဂိုဏ်းကြီ (၆) ဂိုဏ်းမှ သိုင်းသမားအများအပြား ပါဝင်ကြ၏။

ဤသို့ ကြောက်မက်ဖွယ်ရာအခြေနေကို တွေးကြည့်ရုံဖြင့်ပင် လူတစ်ယောက် ကျောချမ်းသွားစေရန် လုံလောက်ပေသည်။

ရန်ကျောက်ကဲက မျက်မှောင်ကြုတ်ရင်း...

“ဆရာဘိုးဘိုးနဲ့ ဟွမ်ကွမ်လီတို့က မြေကမ္ဘာနယ်မြေမှာ တိုက်ခိုက်နေကြတာဆိုပေမယ့် ပတ်ဝန်းကျင်ဒေသကို မထိခိုက်အောင် အတတ်နိုင်ဆုံး အာရုံစိုက်ကြမှာပဲ ၊ သူတို့တိုက်ပွဲကြောင့်တော့ ဒီလောက်ပြင်းထန်တဲ့ထိခိုက်မှုမျိုး မဖြစ်သင့်ဘူးမဟုတ်လား”

ကျန်းယောင်က...

“ကျွန်မကြားတာတော့ ဆရာဘိုးဘိုးယွမ်ကျန်းဖုန်းရော ဆရာဘိုးဘိုးဟွမ်ကွမ်လီရောက အရမ်းသတိထားခဲ့ကြပါတယ် ၊ ဒါပေမဲ့ မြေကမ္ဘာနယ်မြေမှာ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုကြီးက သူတို့ကြောင့် မဟုတ်ပါဘူး”

မိန်းကလေးငယ်က နှုတ်ခမ်းတစ်ချက်ကိုက်ရင်း...

“တံခါးပိတ်ကျင့်ကြံနေတဲ့ ကျွန်မတို့ရဲ့ ဂေဟာသခင်မ ‘အန်းချင်လင်’ တောင် အဲဒီကိစ္စကြောင့် သတိဝင်သွားခဲ့တယ် ၊ အခုတစ်ခေါက် မြေကမ္ဘာနယ်မြေမှာ မတည်မငြိမ်ဖြစ်တာက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကြောင့် ဖြစ်ရတဲ့ပြဿနာတွေထက်ကျော်လွန်တယ်လို့ ဂေဟာသခင်မကပြောတယ် ၊ ဖြစ်ရတဲ့အကြောင်းရင်းက မြေကမ္ဘာနယ်မြေ အနက်ရှိုင်းဆုံးအပိုင်းက ဖြစ်နိုင်ပြီး ငရဲကိုးထပ်နဲ့ဆက်စပ်နေနိုင်တယ်တဲ့”

ရန်ကျောက်ကဲ ခေါင်းများပင် ကိုက်လာသည်။

“ဒါဖြင့် ဘာဖြစ်တာလဲ”

ကျန်းယောင်က အနည်းငယ်စိတ်သက်သာရာရဟန်ဖြင့်...

“မြေကမ္ဘာနယ်မြေ မတည်မငြိမ်ဖြစ်တာနဲ့ အားလုံးက တိုက်ပွဲတွေရပ်တန့်ပြီး အဲဒီကိစ္စဖြေရှင်းဖို့ အလျှင်အမြန် သွားခဲ့ကြတယ်”

ရန်ကျောက်ကဲက စကားမဆိုဘဲ ကျန်းယောင်ဆက်ပြောမည့်စကားကို နားထောင်နေသည်။

ကျန်းယောင်က အနည်းငယ်တွေဝေသွားဟန်ဖြင့်...

“ကျွန်မ အတိအကျတော့ နားမလည်ဘူး ၊ ဒါပေမဲ့ ကောလဟလတွေပြောကြတာတော့... မြေကမ္ဘာနယ်မြေ ချောက်နက်ထဲကနေ ရွှေရောင်အလင်းတန်းတွေ တောက်ပလာတယ်လို့ဆိုတယ် ၊ အဲဒီအလင်းတန်းတွေကြောင့် မြေကမ္ဘာနယ်မြေမှာ အစကတည်းကဖုံးလွှမ်းနေတဲ့ အနက်ရောင်အခိုးအငွေ့တွေ တဟုန်ထိုးမြင့်တက်လာပြီးတဲ့နောက် အခြေအနေက ပြန်တည်ငြိမ်သွားတယ်တဲ့ ၊ ဒါပေမဲ့ အန္တရယ်တော့ များနေဆဲပဲ”

သူမက ဆက်ပြောသည်။

“အခု ထိပ်သီးသိုင်းဂိုဏ်းကြီးတွေက အကြီးအကဲတွေက အမတလက်ဖွဲ့အဆင့်အောက်ရှိတဲ့ ကျင့်ကြံသူတွေအားလုံး မြေကမ္ဘာနယ်မြေကို မဝင်ရောက်ဖို့ တားမြစ်ထားတယ် ၊ ကျွန်မတို့ဆိုရင် နယ်မြေအစွန်အဖျားကိုတောင် လာခွင့်မရှိဘူးတဲ့”

ရန်ကျောက်ကဲမျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး...

“ရွှေရောင်အလင်းတန်းတွေ ဟုတ်လား”

ကောလဟလများရှိခဲ့ဖူးသည်မှာ...

အတိတ်တစ်ချိန်က မြေကမ္ဘာနယ်မြေတွင် ငရဲကိုးထပ်နှင့်ဆက်သွယ်ထားသော အက်ကွဲကြောင်းတစ်ခု ပွင့်လာခဲ့သည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် ထိုဒေသက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ သေမင်းနယ်မြေ ဖြစ်လာရခြင်းပင်။

အမည်မသိ စွမ်းအားစုအချို့က ထိုအက်ကွဲကြောင်းကို ချိတ်ပိတ်လိုက်ကြပြီး သေခြင်းအငွေ့အသက်နှင့် အဖျက်စီမ်းအားများကို ထပ်မံပျံ့ပွားခြင်းမရှိစေရန် တားဆီးခဲ့ကြသည်။

ထိုသို့ဖြင့် မြေကမ္ဘာနယ်မြေသည် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ “ငရဲ” ဖြစ်လာခဲ့၏။

မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ငရဲကိုးထပ်က ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့သည်ကို အသာထား ၊ လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ငရဲကိုးထပ်နှင့်ပတ်သက်လျှင် သတိထားပြီး ဂရုစိုက်နေခဲ့ကြရသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် ငရဲကိုးထပ် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းနားလည်ရန် လုံလောက်ပါသည်။ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ငရဲကိုးထပ်နှင့်ပူးပေါင်းသည့်အခါ ချက်ချင်း သုတ်သင်ခံရသည်ကို သာဓကအဖြစ် ကြည့်နိုင်သည်။

ငရဲကိုးထပ်မှနတ်ဆိုးများသည် လူသားများ၏စိတ်နှလုံးကို လှည့်စားရာတွင် အလွန်ကျွမ်းကျင်ပြီး လူများ၏စိတ်ကို ပြောင်းလဲစေနိုင်စွမ်းရှိသည်။ သူတို့က မီးတောက်မိစ္ဆာများလောက်ပြင်းထန်သည်ဟု မထင်ရသော်လည်း ငရဲကိုးထပ်သာ လူ့လောကသို့ ရောက်ရှိလာပါက ကပ်ဆိုးကြီးတစ်ခုနှင့်ရင်ဆိုင်ရမည်မှာ မလွဲဧကန် ဖြစ်သည်။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှလူများက မြေကမ္ဘာနယ်မြေမှ အက်ကွဲကြောင်းကို ဖွင့်လှစ်ပြီး ငရဲကိုးထပ်ကို ဤကမ္ဘာသို့ ခေါ်ဆောင်လာမည်လားဟု ယခင်က ရန်ကျောက်ကဲ သံသယဝင်ခဲ့မိဖူးသည်။

သို့သော် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှလူများက ထိုသို့ပြုလုပ်ခြင်းမရှိဘဲ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏နေရာတိုင်းတွင် မဟာငရဲကိုးထပ်တံခါးကိုဖွင့်လှစ်ရန် ကြိုးစားခဲ့ကြသည်။

နောက်ပိုင်းတွင် ရန်ကျောက်ကဲက မြေကမ္ဘာနယ်မြေတွင် ချိတ်ပိတ်ထားသည့် အက်ကွဲကြောာင်းကို စိတ်ဝင်စားလာမိသော်လည်း ငရဲကိုးထပ်၏ ကြောက်မက်ဖွယ်ကောင်းမှုကြောင့် မဆင်မခြင်လှုပ်ရှားရဲခြင်း မရှိပေ။ အကယ်၍ အနည်းငယ် သတိလက်လွတ်ဖြစ်သွားပြီး ချိတ်ပိတ်ထားသည်ကို ပျက်ဆီးစေခဲ့ပါက ငရဲကိုးထပ် ဤကမ္ဘာသို့ဝင်ရောက်လာပြီး အရာအားလုံး ကိစ္စပြတ်သွားပေမည်။

ယခု မြေကမ္ဘာနယ်မြေအနက်ရှိုင်းဆုံးနေရာမှ ရွှေရောင်အလင်းတန်းများတောက်ပလာသည်ဟု ကြားလိုက်သည်နှင့် ရန်ကျောက်ကဲက အက်ကွဲကြောင်းကိစ္စကို ချက်ချင်းတွေးတောလိုက်မိသည်။

“အခု မြေကမ္ဘာနယ်မြေရဲ့အခြေအနေဘယ်လိုရှိလဲ”

ရန်ကျောက်ကဲက မေးသည်။

ကျန်းယောင်က ရန်ကျောက်ကဲတို့နှင့်အတူ လမ်းလျှောက်လာရင်း...

“ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းကလူတွေ အဲဒီနေရာကို စောင့်ကြည့်နေကြတယ် ၊ သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူတွေက အဲဒီမှာစခန်းချပြီး အခြေအနေကိုစုံစမ်းနေကြတယ် ၊ ဒါပေမဲ့ အခုထိ အခြေအနေမှန်ကို နားမလည်နိုင်ကြသေးဘူးတဲ့”

သူမက ဆက်ပြောသည်။

“အခုတော့ မြေကမ္ဘာနယ်မြေမှာ မူမမှန်တာတွေ တဖြည်းဖြည်းလျော့နည်းသွားပါပြီ ၊ ဒါပေမဲ့ သတိတော့ ရှိနေကြရတာပေါ့”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အင်း... ဖြစ်သင့်ပါတယ်”

ရန်ကျောက်ကဲ လမ်းလျှောက်လာရင်း မျက်နှာသည်လည်း ညို့မှိုင်းလျှက်ရှိသည်။

“ဒီကိစ္စတကယ်ပြီးသွားတာလား”

လင်ကျိုးပြောသွားသည့်စကားများက ကျိန်စာတစ်ခုပမာ သူ့စိတ်ထဲ ပြန်ပေါ်လာသည်။

“ဒီကောင် မသေခင်ပြောသွားတာ ဒီကိစ္စများဖြစ်နေမလား”

မြေကမ္ဘာနယ်မြေမှ မူမမှန်မှုများသည် ငရဲကိုးထပ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။ ယခင်အချိန်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏ အကြိမ်ကြိမ်အခါခါ လှုံ့ဆော်ခဲ့မှုများကြောင့် ငရဲကိုးထပ်မှ စွမ်းအားမြင့်မားသောနတ်ဆိုးများက အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပိုမိုအာရုံစိုက်လာသည်ဟု ဆိုရပေမည်။

ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

“ဒီကိစ္စက ကြိုတင်ကြံစည်မှုတစ်ခု ဖြစ်ရမယ်”

ထို့နောက် ကျန်းယောင်နှင့် အခြားသူများကို နှုတ်ဆက်စကားဆိုပြီး ရန်ကျောက်ကဲတို့ လှိုင်းနက်ဂေဟာမှ ထွက်ခွာလျှက် မြောက်ဘက်သို့ ခရီးဆက်ခဲ့ကြသည်။

မြေကမ္ဘာနယ်မြေတွင် အန္တရယ်ရှိနေသဖြင့် ထိုနေရာကိုဖြတ်သန်းကာ ကောင်းကင်နယ်မြေသို့သွားရောက်ရန်မှာ မလွယ်ကူပေ။ သို့သော် မြေကမ္ဘာနယ်မြေပတ်ဝန်းကျင်တစ်ဝိုက်တွင် ထိပ်တန်းအဆင့်သိုင်းသမားများ အများအပြားရှိနေကြသဖြင့် ရန်ကျောက်ကဲတို့အုပ်စုအတွင် စိုးရိမ်စရာ မရှိပေ။

ပြီးတော့ မြေကမ္ဘာနယ်မြေကို စောင့်ကြည့်နေသည်က ယွမ်ကျန်းဖုန်းတစ်ယောက်တည်း မဟုတ်ပေ။ ဖန်ကျွင်းသည်လည်း သူနှင့်အတူ ရှိနေသည်။ ဖန်ကျွင်းက ရန်ကျောက်ကဲပြီးလျှင် မြေကမ္ဘာနယ်မြေကို နားအလည်နိုင်ဆုံး ပုဂ္ဂိုလ်တစ်ယော်ကဖြစ်သည် မဟုတ်လား။

မြေကမ္ဘာနယ်မြေသို့ရောက်သည်နှင့် ရန်ကျောက်ကဲက ဖန်းယွင်ရှန်း ၊ ယင်လုန်ထူနှင့် အခြားသူများကို တောင်ပေါ်သို့ပြန်ပို့ရန် အကြီးအကဲအချို့ကို အကူအညီတောင်းပြီးနောက် ၊ သူကိုယ်တိုင်ကတော့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် မြေကမ္ဘာနယ်မြေတွင် ကျန်ရစ်ခဲ့လေသည်။

All Chapters