အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း (၁၆၉)
ဝက်သားချက်ရန် နည်းလမ်းကောင်းမျာ
ရှို့ယွန်းသည် နေ့လယ်စာစားပြီးနောက် လုပ်စရာမရှိသဖြင့် ကျောင်းဝင်းအတွင်း လျှောက်သွားနေမိသည်။
ယောင်ကျူကို တွေ့ချင်သဖြင့် စာဖတ်သံများကြားရာ အခန်းတစ်ခုဆီသို့ သူမ လျှောက်သွားခဲ့၏။
ထိုအခန်းမှာ ပြတင်းပေါက်များစွာရှိပြီး အလင်းရောင် အလွန်ကောင်းမွန်လှသည်။
အတွင်းတွင် ကျောင်းသားများမှာ တန်းစီကာ သပ်သပ်ရပ်ရပ် ထိုင်နေကြပြီး ဆရာက ရှေ့တွင် စာအုပ်ကိုင်ကာ ရပ်နေသည်။ ဆရာက တစ်ကြောင်းဖတ်လျှင် ကျောင်းသားများက လိုက်ဆိုကြသည်။
အခြားသော ကိုယ်ပိုင်ကျောင်းများနှင့် မတူသည်မှာ ကလေးများသည် ငုတ်တုတ်လေးဖြင့် ထိုင်ခုံပုပုလေးများတွင် ထိုင်နေကြခြင်းမဟုတ်ဘဲ ကျောမှီပါသော ထိုင်ခုံများတွင် ထိုင်နေကြခြင်းဖြစ်၏။ စားပွဲများမှာလည်း နိမ့်မနေပေ။
“ဒီလိုထိုင်တာက ဗိုက်ကိုလည်း မဖိမိတော့ဘူး၊ ပိုပြီး သက်သောင့်သက်သာရှိတာပေါ့”
ရှို့ယွန်း ခေါင်းညိတ်မိသည်။
သူမသည် ယောင်ကျူကို တွေ့သွားရာ၊ ယောင်ကျူကလည်း သူ့အမေကို တွေ့သွားပြီး “ပြန်တော့” ဟု အချက်ပြကာ လက်အမြန် ယမ်းပြ၏။
သူ့အတန်းဖော်များရှေ့တွင် အမေက လာချောင်းနေသည်မှာ သူ့အတွက် ရှက်စရာကြီးပေ။
ရှို့ယွန်းလည်း အခြားရွေးချယ်စရာမရှိသဖြင့် ပြန်လာခဲ့ရသည်။
သွားစရာနေရာ မရှိတော့သဖြင့် သူမ လာခဲ့သည့်လမ်းအတိုင်းသာ ပြန်ရန် ဆုံးဖြတ်လိုက်၏။ ကျေးလက်လမ်းလေးတစ်လျှောက်တွင် သူမ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနေသည်။
ခဲလုံးများနှင့် ရွှံ့ဗွက်ထူသော မြေပြင်မှာ အပြာရောင် ကျောက်ပြားလမ်းအဖြစ် ပြောင်းလဲသွားသဖြင့် လမ်းလျှောက်ရသည်မှာ ပို၍ လွယ်ကူလှသည်။ ရင်ခွင်ထဲက အင်္ကျီမှာယူထားသော အမှာစာရွက်ကလေးကို စမ်းကြည့်ရင်း ဒီလှပတဲ့ဝတ်စုံကို ဝတ်ပြီး လမ်းပေါ်ထွက်လာရင် တစ်လမ်းလုံးကို မှင်တက်သွားစေမည့် သူမ ပုံစံကို စိတ်ကူးကြည့်ကာ ရင်ထဲမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတော့သည်။
ဤယုံကြည်ချက်ဖြင့်ပင် သူမ နေ့ခင်းဘက် တစ်ချိန်လုံး အောင့်အည်းသည်းခံခဲ့ပြီး နောက်ဆုံးတွင် ညမှောင်လာချိန်ကို စောင့်မျှော်ခဲ့သည်။ သူမ ရထားလုံးပေါ် အမြန်တက်ကာ မုန့်ဆိုင်သို့ တန်းတန်းမတ်မတ် ဦးတည်လိုက်တော့သည်။
ဟွာကျွင်းကို မြင်သည်နှင့် သူမ မျက်ဝန်းတွင် မျက်ရည်များ ဝဲလာတော့၏။ သူမက ဗိုက်ဆာလွန်းလှပြီဟု စတင်ညည်းညူတော့မည့်အချိန်မှာပင် ဟွာကျွင်း အရင် စကားစလိုက်သည်။
“ရောက်လာပြီပဲ။ ဒီနေ့ အစီအစဉ်အတိုင်း တကယ် လုပ်နိုင်ခဲ့ရဲ့လား”
ဟွာကျွင်း၏ မေးခွန်းကြောင့် ရှို့ယွန်းမှာ ရုတ်တရက် ဂုဏ်ယူစိတ်များ ပြည့်လျှံသွား၏။
သူမက ဟွာကျွင်းကို ပျော်ရွှင်စွာ ပြောပြလိုက်သည်။
“ညီမလေးဟွာ... အစ်မ တကယ်ပဲ လုပ်နိုင်ခဲ့တယ်။ တခြားဘာမှ ထပ်မစားခဲ့ဘူး။ လမ်းလည်း အများကြီး လျှောက်ခဲ့တယ်”
ဟွာကျွင်းလည်း သူမအတွက် ဝမ်းသာပေး၏။
“ဒါဆိုရင် အစ်မက တကယ်ကို တော်တာပဲ။ လူအများစုက ပထမဆုံးနေ့ကိုတောင် မကျော်ဖြတ်နိုင်ကြဘူးလေ”
ရှို့ယွန်းသည် ထိုကဲ့သို့သော အသိအမှတ်ပြုမှုကို ပထမဆုံးအကြိမ် ရရှိဖူးခြင်း ဖြစ်၏။
သူမသည် ပျော်လည်းပျော်သလို မယုံနိုင်အောင်လည်း ဖြစ်နေသည်။
“တကယ်လားဟင်”
“တကယ်ပေါ့။ အစ်မသာ ဒီညကို ကျော်ဖြတ်နိုင်ရင် မနက်ဖြန်ကျရင် ပြောင်းလဲမှုကို သိသိသာသာ ခံစားရလိမ့်မယ်”
ဤစိတ်ပိုင်းဆိုင်ရာ အားပေးမှုအောက်တွင် ရှို့ယွန်းသည်လည်း မိမိကိုယ်ကို တော်လှပြီဟု ခံစားမိသွား၏။
ဘေးမှာရှိနေသော ယောင်ကျူကလည်း ဝမ်းသာအားရ ပြောလိုက်သည်။
“မေမေက တကယ့်ကို တော်တာပဲ”
ဤအရာက ရှို့ယွန်းကို အလွန်ကြည်နူးစေသဖြင့် နောက်ထပ် နှစ်နာရီလောက် ဗိုက်ဆာခံနိုင်သေးသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။
“အခု အစ်မရဲ့ အရေးကြီးဆုံးအလုပ်က ဒီနေ့ရဲ့ ရလဒ်ကို ထိန်းသိမ်းဖို့ပဲ၊ ဒါကြောင့် ညစာက အဓိကပဲ။ အခုသာ အမှားလုပ်မိရင် ဒီနေ့ တစ်နေ့လုံး အငတ်ခံခဲ့တာတွေ အလကား ဖြစ်ကုန်လိမ့်မယ်”
ဟွာကျွင်း အတည်အပေါက် ပြောနေသဖြင့် ရှို့ယွန်းလည်း လန့်သွား၏။
“ဒါဆို ညီမလေး ကျွေးတာပဲ စားပါ့မယ်။ ညီမလေး စကားကိုပဲ နားထောင်မယ်”
ဟွာကျွင်းက ပုစွန်ပြုတ် ဆယ်ကောင်နှင့် ခရမ်းချဉ်သီး တစ်လုံးကို ထုတ်ပေးကာ ပြောလိုက်သည်။
“ဒီညတော့ ဒါတွေပဲ စားရမယ်”
ရှို့ယွန်း၏ မျက်လုံးများ ပြူးသွား၏။
“ဘာ”
သူမ နေ့ခင်းဘက် တစ်ချိန်လုံး ဗိုက်ဆာခံပြီး ညစာကို မျှော်လင့်နေခဲ့ပါ၏။
သူမသည် ယောင်ကျူ့ပန်းကန်ထဲက စတိတ်အသားကင်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။
“ဒါဆို ယောင်ကျူက ဘာလို့ အမဲသား စားလို့ရတာလဲ”
ဟွာကျွင်းက စိတ်ရှည်လက်ရှည် ရှင်းပြ၏။
“ယောင်ကျူက ကြီးထွားနှုန်း ကောင်းနေတဲ့ အရွယ်လေ၊ ပြီးတော့ ဒီနေ့ သူ ကိုယ်ခံပညာ လေ့ကျင့်ထားတော့ ပိုပြီး အာဟာရရှိတာ စားဖို့ လိုတာပေါ့”
ရှို့ယွန်းသည် ပုစွန်များကို ကြည့်ကာ မျက်နှာငယ်လေး ဖြစ်သွား၏။
ဟွာကျွင်း မေးလိုက်သည်။
“ဒီနေ့ ပန်းထိုးအလုပ်ရုံကို ရောက်ခဲ့လား”
ဤအကြောင်းအရာကို ပြောလိုက်သည်နှင့် သူမ ပြန်လည် တက်ကြွလာ၏။
“ရောက်ခဲ့တာပေါ့။ အဲဒီလိုမျိုး အင်္ကျီရောင်းတာ တစ်ခါမှ မမြင်ဖူးဘူး။ လူပုံစံအရုပ်တွေ စီထားတာလေ၊ အင်္ကျီတွေက လူအစစ်တွေ ဝတ်ထားသလိုပဲ... အဲဒီအင်္ကျီတွေကလေ...ကျွန်မတွေ့ဖူးသမျှထဲမှာ တကယ့်ကို အလှဆုံးပဲလို့ ပြောရဲတယ်”
လူပုံစံအရုပ် များမှာ တကယ်ပင် ထိရောက်ပုံရသည်။
“ဝယ်တဲ့သူတွေရော အများကြီးပဲလား”
ဟွာကျွင်း ထပ်မေး၏။
ရှို့ယွန်း ပို၍ စိတ်လှုပ်ရှားသွားသည်။
“အများကြီးမှ အများကြီးပဲ။ အကုန်လုံးက ငယ်ရွယ်ချောမောတဲ့ မိန်းကလေးတွေချည်းပဲ။ တစ်ရုံလုံးမှာ အမွှေးနံ့သာနံ့တွေ သင်းနေတာပဲ။ လူတွေ အမှာစာ တင်နေကြတာကို မြင်ရင် အလကားပေးနေသလား အောက်မေ့ရတယ်၊ တစ်ယောက်နဲ့တစ်ယောက် တိုးဝှေ့နေကြတာ။ ကံကောင်းလို့ အစ်မက အားသန်တော့ နှစ်စုံတောင် မှာခဲ့နိုင်တာ။ ညီမလေး မှာလိုက်တဲ့အတိုင်း နှစ်ဆိုဒ်လောက် သေးပြီး ချုပ်ခိုင်းထားတယ်”
သူမက မရပ်မနား ပြောနေတော့သည်။ ထိုအချိန်တွင် သူမ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုက်ပြီး ပန်းကန်ထဲက ပုစွန်ကို ကြည့်ကာ ပြောလိုက်၏။
“ကဲ... အင်္ကျီလှလှလေးတွေ ဝတ်ရဖို့အတွက်တော့ အစွမ်းကုန် ကြိုးစားရမှာပဲ”
သူမ စိတ်မညစ်တော့ဘဲ ပုစွန်ခွံနွှာကာ စားလိုက်သည်။ ပြောရလျှင် ဤပုစွန်များက တကယ်ကို အရသာ ရှိလှ၏။ မိနစ်ပိုင်းအတွင်းမှာပင် သူမ အကုန်စားလိုက်သည်။
သူမသည် ခရမ်းချဉ်သီးကို ယူကာ တစ်တိတစ်တိ စားရင်း ယနေ့ စားခဲ့သည်များကို ပြန်စဉ်းစားကာ ဟွာကျွင်းနှင့် စကားစမြည် ပြောနေသည်။
“စကားမစပ် ညီမလေးဟွာရဲ့... နေ့လယ်က ကျောင်းမှာ ကျွေးတဲ့ သခွားသီးနဲ့ အသားလွှာကြော်က ဘယ်လိုချက်တာလဲ။ ဘာလို့ အသားက အဲဒီလောက် နူးညံ့နေရတာလဲ။ အစ်မတို့ဆိုင်မှာ ချက်ရင် အဲဒီလောက် အရသာ မရှိဘူး”
စကားပြောပြီးမှ သူမ မပြောသင့်တာ ပြောမိမှန်း သိသွားသဖြင့် အမြန် ပြန်ပြင်ပြော၏။
“ကြည့်စမ်း... အစ်မ တကယ် ထုံတာပဲ။ အစ်မတို့နှစ်ယောက်လုံးက ဆိုင်ဖွင့်ထားတာဆိုတာ မေ့သွားတယ်။ မကြားချင်ယောင်ပဲ ဆောင်လိုက်ပါနော်”
ဟွာကျွင်းကတော့ စိတ်ထဲမထားပေ။ သူမ အသားကြော်ရောင်းပြီး ချမ်းသာအောင် လုပ်မည်သူ မဟုတ်ချေ။
သူမက ရှို့ယွန်းကို ရှင်းပြ၏။
“အသားကို မကြော်ခင်မှာ ကော်မှုန့် နဲ့ ပဲငံပြာရည်အနောက်နည်းနည်းနဲ့ အရင် နယ်ထားရတယ်။ ပြီးတော့ မြေပဲဆီ တစ်ဇွန်းလောက် လောင်းထည့်ပြီး ခဏလောက် နှပ်ထားရတယ်”
“ဒါကြောင့်ကိုး... ဒါနဲ့ ကော်မှုန့်ဆိုတာ ဘာလဲဟင်”
“အာလူးကို ရေထဲ စိမ်ထားရင် အနယ်ကျလာတဲ့ အမှုန့်လေးတွေပေါ့။ ပြီးတော့ အသားကြော်တဲ့အခါ ရေကို သုံးကြိမ်ခွဲပြီး နည်းနည်းချင်း ထည့်ပေးရတယ်၊ ထည့်ရင်းနဲ့ မွှေပေးရင် အသားက ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတယ်လေ”
“အော်... အဲဒီလိုကိုး၊ နည်းလမ်းတွေ အများကြီးပဲနော်”
ရှို့ယွန်းက ခေါင်းညိတ်ရင်း ဟွာကျွင်းကို ပြုံးပြ၏။
“ညီမလေးက အစ်မကို သူစိမ်းလို သဘောမထားဘဲ ဒါတွေအကုန် ပြောပြတာပဲ၊ ဟဲဟဲ။ စိတ်မပူပါနဲ့၊ အစ်မက ညီမလေးကို အရှုံးမဖြစ်စေရပါဘူး”
ပြောပြောဆိုဆိုနှင့် သူမသည် ငွေတုံးနှစ်တုံး ထုတ်ကာ ဟွာကျွင်းလက်ထဲ ထည့်ပေးလိုက်သည်။
“ဒါက ဒီနည်းလမ်းကို ဝယ်တဲ့ ပိုက်ဆံလို့ပဲ သဘောထားလိုက်ပါ”
ဟွာကျွင်း ဘယ်လိုလုပ် လက်ခံရမည်နည်း။ ထိုအရာများသည် အွန်လိုင်းမှာ ရှာလျှင် အလွယ်တကူ ရနိုင်သည့် အရာများသာ ဖြစ်၏။
သူမက အတော်ကြာအောင် ငြင်းသော်လည်း ရှို့ယွန်းက ဇွတ်ပေးနေပြီး သူမ အားက အလွန်သန်သဖြင့် ဟွာကျွင်း၏ လက်ကောက်ဝတ်ပင် နီသွားတော့သည်။ ထို့ကြောင့် ဟွာကျွင်းလည်း လက်လျှော့ပြီး ယူလိုက်ရသည်။
ရှို့ယွန်းက ခိုင်လုံသော အကြောင်းပြချက် ပေး၏။
“ဒီငွေကို ယူမှ အစ်မ စိတ်အေးရမှာ။ စီးပွားရေးသမားဆိုတာ ကိုယ်ချင်းစာတရား မရှိတဲ့အလုပ်မျိုး လုံးဝ မလုပ်သင့်ဘူး၊ အဲဒါ အရေးကြီးတယ်”
ဟွာကျွင်းက ငွေကို လက်ခံလိုက်ပြီးနောက် ရှို့ယွန်းကို အပိုလက်ဆောင်အနေဖြင့် ဝက်သား ညှီနံ့ကို ဘယ်လိုဖျောက်ရမလဲဆိုသည့် နည်းလမ်းအား ပြောပြလိုက်သည်။
ထိုခေတ်တွင် ဝက်သားမှာ လူကြိုက်အလွန်မများသေးဘဲ အကြောင်းရင်းမှာ ဝက်သား၏ ထူးခြားသော အနံ့ဆိုးကြောင့် ဖြစ်၏။
ဟွာကျွင်းက ဝက်ထီးများကို ငယ်စဉ်ကတည်းက သင်းကွပ် ထားလျှင် အနံ့နည်းသွားမည့်အကြောင်း ပြောပြသည်။ ထို့ပြင် ဝက်သတ်ပြီးနောက် သွေးသေသေချာချာ ထုတ်ပစ်ခြင်းဖြင့်လည်း အနံ့ကို အများကြီး လျော့ကျစေနိုင်ကြောင်း ရှင်းပြလိုက်၏။
ဤအချက်အလက်မှာ ရှို့ယွန်းအတွက် အလွန် အသုံးဝင်လှ၏။ သူမ၏ မိဘအိမ်က ဝက်သတ်သည့်အလုပ် လုပ်ပြီး လင်ယောက်ျားအိမ်က ဆိုင်ဖွင့်ထားခြင်း ဖြစ်သည်။ သူမသည် ဟွာကျွင်းပြောသမျှ တစ်လုံးမကျန် မှတ်ထားလိုက်၏။
သူမသည် အသေးစိတ်အချက်အလက်များကို သေသေချာချာ မေးမြန်းသည်။ သူမ၏ ရင်ထဲတွင် အလွန် စိတ်လှုပ်ရှားနေပြီး ဟွာကျွင်းကို ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ပင် ဝဲလာတော့သည်။
သူမသည် ရင်ဘတ်ကို ပုတ်ကာ ပြော၏။
“ညီမလေး။ ဒီနေ့ကစပြီး ညီမလေးက အစ်မရဲ့ ညီမအရင်းပဲ။ တစ်ခုခု လိုအပ်တာရှိရင် ပြော၊ အစ်မက မီးထဲဆင်းရဆင်းရ၊ ရေထဲဆင်းရဆင်းရ လုံးဝ နောက်မဆုတ်ဘူး”
ဟွာကျွင်းက ရယ်မောကာ ပြန်ပြောလိုက်သည်။
“အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူးရှင်၊ ဒါတွေက သာမန် ဗဟုသုတတွေပါ”
ရှို့ယွန်း၏ စိတ်လှုပ်ရှားမှုမှာ ခဏနှင့် မငြိမ်သက်နိုင်ပေ။ သူမသည် ယောင်ကျူကို ဆွဲထူကာ အမိန့်ပေးလိုက်၏။
“ယောင်ကျူ... နားထောင်စမ်း၊ ဒါက မင်းရဲ့ အဒေါ်အရင်းပဲ။ နောက်ဆိုရင် ဟွာကျွင်း၊ ဟွာကျွင်းလို့ မခေါ်နဲ့တော့၊ ဒေါ်လေး လို့ပဲ ခေါ်ရမယ်၊ ကြားလား”
ယောင်ကျူမှာ ဘာတွေဖြစ်နေမှန်း မသိသော်လည်း အမေခိုင်းသဖြင့် ဟွာကျွင်းကို ပြတ်ပြတ်သားသား ခေါ်လိုက်သည်။
“ဒေါ်လေး...”
ရှို့ယွန်းက သားဖြစ်သူကို ထိုင်ခုံပေါ် ပြန်ဖိချလိုက်ပြီး ဟွာကျွင်းကို ဆက်ပြော၏။
“နောင်ကျရင် ယောင်ကျူကို ညီမလေးအပေါ် သိတတ်တဲ့ တူတစ်ယောက် ဖြစ်အောင် အစ်မ သွန်သင်ပေးမယ်”
ဟွာကျွင်းမှာတော့ ရယ်ရခက်၊ ငိုရခက် ဖြစ်နေတော့သည်။ ထမင်းတစ်နပ် ကျွေးရုံဖြင့် မထင်မှတ်ဘဲ တူတစ်ယောက် ရလိုက်သည်။
အခန်း (၁၇၀)
ဝိတ်ချရာတွင် ဖြတ်လမ်းမရှိပါ
ကိုယ်အလေးချိန် လျှော့ချခြင်းသည် ခေတ်အဆက်ဆက် အသက်အရွယ်မရွေး အမျိုးသမီးများကို ဒုက္ခပေးခဲ့သော ပြဿနာတစ်ခုဟု ဆိုနိုင်သည်။
ယင်းတွင် ဖြတ်လမ်းဟူ၍ မရှိဘဲ ခိုင်မာသော စိတ်ဓာတ်ဖြင့် ဇွဲနပဲရှိရှိ ကြိုးစားအားထုတ်ရန်သာ လိုအပ်၏။
ရှို့ယွန်းသည် နေ့ဘက်တွင် မူလတန်းကျောင်း၌ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသောက်ပြီး ညဘက်တွင် ဟွာကျွင်းက သူမကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ အပြည့်အဝ ပေး၏။ ဟွာကျွင်းက သူမကို စိတ်ကူးယဉ် အိပ်မက်လှလှလေးများ တိုက်ကျွေးထားသဖြင့် သူမသည် မူးနောက်နေသော်လည်း ရက်အတော်ကြာသည်အထိ အောင့်အည်းသည်းခံနိုင်ခဲ့သည်။
သူမ၏ အစောပိုင်း ကိုယ်အလေးချိန်မှာ များလွန်းသဖြင့် အကျိုးသက်ရောက်မှုမှာ သိသိသာသာ မြင်သာထင်သာ ရှိလှ၏။ ဝမ်းဗိုက်ပိုင်းမှာ ပထမဆုံး ပြောင်းလဲမှုကို စတင်ပြသလာသည်။
မနက်ခင်းတစ်ခုတွင် ရှို့ယွန်း နိုးလာပြီး ငုံ့ကြည့်လိုက်သောအခါ သူမ၏ ခြေချောင်းလေးများကို မြင်လိုက်ရတော့၏။
သူမသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သဖြင့် အင်္ကျီလဲနေသော ဆိုင်ရှင်လျိုမှာ လန့်ဖျပ်သွားသည်။
“ဘာဖြစ်တာလဲ မိန်းမရဲ့”
ဆိုင်ရှင်လျို လှည့်ကြည့်လိုက်ရာ ရှို့ယွန်းသည် ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေပြီး သရဲမြင်သကဲ့သို့ အောက်ကိုသာ ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“အဖေကြီး... ကျွန်မ... ကျွန်မ ခြေချောင်းလေးတွေကို မြင်နေရပြီ”
ရှို့ယွန်း မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည်။
ဆိုင်ရှင်လျိုကတော့ ဘာမှမဟုတ်တာကို အဟုတ်လုပ်နေသည်ဟု ထင်ကာ ပြော၏။
“အဲဒါက ဘာဆန်းတာမို့လို့လဲ။ ငါ့မှာတော့ လန့်သွားတာပဲ”
“ရှင်ကလည်း နားမလည်ဘူးလား။ အရင်က ကျွန်မ ငုံ့ကြည့်ရင် ဗိုက်ကြီးပဲ မြင်ရတာလေ။ အခုတော့ ခြေချောင်းလေးတွေကို မြင်နေရပြီ”
ထိုအခါမှသာ ဆိုင်ရှင်လျိုသည် ရှို့ယွန်းကို အသေအချာ ကြည့်ရှုတော့သည်။
သူသည် ရှို့ယွန်းကို တစ်ပတ်ပတ်ကြည့်ကာ မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်၏။
“ဟုတ်သားပဲ... မင်းရဲ့ ခါးက တကယ်ကို နည်းနည်း သေးသွားသလိုပဲ...”
“ဟုတ်တယ်မလား။ ဟုတ်တယ်မလား။ ကျွန်မ မမှားပါဘူး။ ကျွန်မ တကယ် ဝိတ်ကျသွားပြီ။ ညီမလေးဟွာက တကယ်တော်တာပဲ။ သူပြောတဲ့အတိုင်း ဝိတ်ချလို့ ရတာပဲ”
ရှို့ယွန်းသည် ပျော်ရွှင်စွာဖြင့် အင်္ကျီများကို ရွေးချယ်ပြီး လာမည့်နွေရာသီတွင် သူမ ညီအစ်မများကြား၌ အသွင်သစ်ဖြင့် ပေါ်ထွက်လာမည့်အရေးကို စိတ်ကူးယဉ်နေတော့သည်။
ကောင်းမွန်သော ရလဒ်တစ်ခု စတင်ရရှိလာသောအခါ အရာအားလုံးက ပို၍ လွယ်ကူသွား၏။
ရှို့ယွန်းသည် ပို၍ တက်ကြွလာသည်။ လမ်းလျှောက်၍ရလျှင် ရထားလုံး မစီးတော့ဘဲ လက်ဖက်ရည် သောက်၍ရလျှင် သကြားဓာတ်များသည့် အချိုရည် လုံးဝ မသောက်တော့ပေ။
နေ့လယ်တွင် အသား၊ အသီးအရွက် မျှတစွာ ပါဝင်ပြီး ဆီနှင့် ကစီဓာတ်နည်းသော အစားအစာများကို စား၏။ ညဘက်တွင်မူ အရည်အသွေးမြင့် ပရိုတင်းနှင့် အသီးအရွက်များကိုသာ စားသဖြင့် အရသာလည်းရှိသလို အဆီလည်း မတက်တော့ပေ။
ဟွာကျွင်းသည် ပန်းထိုးအလုပ်ရုံတွင် ပေါင်ချိန်စက် တစ်ခု ထားပေး ထား၏။ ရှို့ယွန်းသည် ညတိုင်း ပေါင်ချိန်တတ်ပြီး သူမကိုယ်တိုင် ကိန်းဂဏန်းများကို မဖတ်တတ်သော်လည်း ဟွာကျွင်း ပြောပြသည်ကို နားထောင်ကာ ဂဏန်းလေးများ တဖြည်းဖြည်း လျော့နည်းလာသည်ကို သိရခြင်းက သူမအတွက် အစားအသောက် ငတ်မွတ်မှုကို အောင်နိုင်သည့် အကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာသည်။
ပန်းထိုးအလုပ်ရုံ၏ နွေရာသီဝတ်စုံအသစ်များသည် ပထမအကြိမ် အမှာစာလက်ခံရာတွင် အလွန်ကောင်းမွန်သော ရလဒ်များ ရရှိခဲ့သည်။
ဟွာကျွင်း အမှာစာမှတ်တမ်းများကို ပြန်လည်စစ်ဆေးသောအခါ ဝယ်သူအများစုသည် အသင့်ချုပ်ပြီးသား ပြသထားသော အရောင်စပ်ပုံများကိုသာ ဝယ်ယူလေ့ရှိကြသည်ကို တွေ့ရ၏။
အရောင်နမူနာကတ်များကို ကြည့်ပြီး မိမိစိတ်ကြိုက် အရောင်စပ်ကာ မှာယူသူမှာ အလွန်နည်းပါးလှသည်။
ထို့ကြောင့် ဟွာကျွင်းသည် အမှာစာများကို အမြန်ချုပ်လုပ်နေစဉ်မှာပင် ပန်းထိုးသူများကို အရောင်စုံ အသုံးပြု၍ နမူနာဝတ်စုံများ ပိုမိုချုပ်လုပ်ခိုင်းလိုက်သည်။
လီနျန်သည် မွေးရာပါ ပန်းထိုးပညာရှင်တစ်ဦး ဖြစ်သလို အရည်အချင်းလည်း ရှိသူဖြစ်၏။ သူမ ဆန့်ကျင်ဘက်အရောင်များနှင့် အရောင်တူ အဖျော့အရင့်များကို ရဲရဲဝံ့ဝံ့ အသုံးပြုကာ ချုပ်လုပ်သည်။
ဟွာကျွင်းကိုယ်တိုင်ပင် မရွေးချယ်ရဲသော အရောင်အချို့ကို အသုံးပြုလိုက်သောအခါ အလွန်ထင်ရှားပြီး ဆွဲဆောင်မှုရှိသော ဝတ်စုံများ ဖြစ်ပေါ်လာသည်။
ဥပမာအားဖြင့် အဝါရောင်တောက်တောက်နှင့် ခရမ်းနီရောင်နုနုတို့ကို နူးညံ့သောအထည်များပေါ်တွင် အသုံးပြုလိုက်သောအခါ အလွန်ခန့်ညားထည်ဝါသော ခံစားချက်ကို ပေးစွမ်း၏။
ဟွာကျွင်းသည် ချက်ချင်းပင် အကြံတစ်ခု ရသွားသည်။ သူမသည် ထိုအင်္ကျီများကို သိမ်းထားပြီး လူမမြင်အောင် ထားခိုင်းလိုက်သည်။ ထို့နောက် မြို့ထဲရှိ စာရေးစာချီ လုပ်ကိုင်နေသော ပညာတတ်အချို့ကို ငှားရမ်းကာ ဖိတ်စာအသုတ်လိုက်ကို အမြန်ထုတ်လုပ်ခိုင်းလိုက်၏။
သူမသည် ခေတ်သစ်လူများအခေါ် ဖက်ရှင်ရှိုးဟု ခေါ်သည့် အဝတ်အထည် ပြပွဲတစ်ခု ကျင်းပရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ပန်းထိုးအလုပ်ရုံတွင် ပိန်ပိန်ပါးပါး မိန်းကလေးများစွာ ရှိသဖြင့် ဟွာကျွင်းသည် ထိုအထဲမှ မျက်နှာပေါက် သာမန်ရှိသူအချို့ကို မော်ဒယ်လ်များအဖြစ် ရွေးချယ်လိုက်၏။
သူတို့သည် ခေတ်သစ်မော်ဒယ်လ်များကဲ့သို့ စင်ပေါ်တွင် လမ်းလျှောက်ပြနိုင်မည် မဟုတ်ပေ။ ပထမအချက်မှာ အချိန်တိုအတွင်း မလေ့ကျင့်နိုင်ခြင်းနှင့် ဒုတိယအချက်မှာ ရှေးခေတ်လူများက ထိုကဲ့သို့သော ဆန်းသစ်သောပုံစံကို လက်ခံနိုင်မည် မဟုတ်ခြင်းကြောင့် ဖြစ်သည်။
ပန်းထိုးသူများသည် အစပိုင်းတွင် ဟွာကျွင်း၏ အစီအစဉ်ကို ငြင်းဆန်ကြသည်။ သူတို့သည် မိမိကိုယ်မိမိ ဂုဏ်သိက္ခာရှိသော အမျိုးသမီးများဟု ခံယူထားကြသဖြင့် လူအများရှေ့တွင် ကပြသူများကဲ့သို့ ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲဟု တွေးမိကြသည်။
ဟွာကျွင်းက ဤပြပွဲသို့ အမျိုးသမီးများသာ တက်ရောက်နိုင်မည်ဖြစ်ကြောင်းနှင့် သူတို့အနေဖြင့် ဝတ်စုံများကို ဝတ်ဆင်ကာ မတ်မတ်ရပ်ပြီး အလုပ်ရုံအတွင်း တစ်ပတ်ဖြည်းဖြည်းချင်း လမ်းလျှောက်ပြရုံသာ ဖြစ်ကြောင်း ရှင်းပြသည်။ ထိုသို့လုပ်ခြင်းဖြင့် သူဌေးကတော်များနှင့် မင်းစိုးရာဇာ အမျိုးသမီးများမှာ ဝတ်စုံများ လှုပ်ရှားနေသည့်အခါ မည်သို့လှပသည်ကို မြင်တွေ့နိုင်မည် ဖြစ်၏။
ဤသို့သော အများသူငှာ ရှေ့မှောက်ထွက်ခြင်းမျိုးကိုတော့ သူတို့ လက်ခံနိုင်ကြသည်။ ကိုယ့်ကိုယ်ကိုယ် ပြစားခြင်း သို့မဟုတ် အထင်ကြီးခံချင်ခြင်းမျိုး မဟုတ်သရွေ့ သူတို့ သဘောတူကြသည်။
နောက်တစ်ဆင့်မှာ ပန်းထိုးအလုပ်ရုံကို အနည်းငယ် ပြုပြင်ပြောင်းလဲရန် ဖြစ်၏။ စားပွဲများကို အခြားတစ်နေရာသို့ ရွှေ့လိုက်ပြီး အလယ်တွင် မော်ဒယ်လ်များ လမ်းလျှောက်ရန် နေရာချန်ထားကာ ဘေးနှစ်ဖက်တွင် ကုလားထိုင်များ ချလိုက်သည်။ အပေါ်ထပ်တွင်လည်း ကုလားထိုင်များ ထားရှိပြီး လူများပါက မော်ဒယ်လ်များမှာ အပေါ်ထပ်တွင်ပါ တစ်ပတ်ပတ်ပြရမည်။
ထို့အပြင် အလင်းရောင် ကောင်းစွာရရှိရန် ပန်းဆိုင်းများ ထားရှိပြီး အလုပ်ရုံတစ်ခုလုံးကိုလည်း ခမ်းနားထည်ဝါစွာ အလှဆင်ရမည်။
ဟွာကျွင်းသည် အသေးစိတ်ကို တွက်ချက်နေစဉ် ရှို့ယွန်း ရောက်လာပြီး အလွန်စိတ်ဝင်စားသွား၏။ ယခင်က လူပုံစံရုပ်များဖြင့် ပြသစဉ်ကပင် အံ့သြခဲ့ရပြီးဖြစ်ရာ ယခု လူအစစ်များဖြင့် ပြသမည်ဆိုသဖြင့် သူမ ပို၍ စိတ်လှုပ်ရှားနေသည်။
သူမသည် နောက်ဆုံးတော့ လုပ်စရာတစ်ခု ရှာတွေ့သွား၏။ ညတိုင်း ဟွာကျွင်းနှင့်အတူ ဝိုင်းကူလုပ်ကိုင်ပေးရင်း ဝိတ်တောင် ပိုကျသွားသေးသည်။
ဖိတ်စာများကို ဖောက်သည်ဟောင်းများထံ ပေးပို့လိုက်ရာ သတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွား၏။ ဟွာကျွင်း ပန်းထိုးအလုပ်ရုံ၏ အခမ်းအနားအကြောင်း မြို့တစ်ခုလုံး သိသွားကြသည်။ ကျန်ရှိသော ဖိတ်စာများကို မဝေငှရသေးမီမှာပင် လူများစွာ လာရောက်တောင်းဆိုကြတော့သည်။
လူများပြီး ဖိတ်စာနည်းနေသဖြင့် ဟွာကျွင်းမှာ အာမခံငွေ ပေးသွင်းခြင်းနည်းလမ်းကို သုံးလိုက်ရသည်။
“ဒါက ဆိုင်ရဲ့ စည်းကမ်းပါ။ ဖောက်သည်သစ်တွေအနေနဲ့ ဖိတ်စာရဖို့ အာမခံငွေ အချို့ပေးသွင်းရပါမယ်။ အကယ်၍ ပြပွဲမှာ ကြိုက်တဲ့အင်္ကျီ မတွေ့ခဲ့ရင် အဲဒီငွေကို ပြန်အမ်းပေးပါမယ်။ အကယ်၍ ကြိုက်တာတွေ့လို့ မှာယူမယ်ဆိုရင်တော့ ဒီငွေကို စရန်ငွေအဖြစ် သတ်မှတ်ပေးမှာပါ”
မထင်မှတ်ဘဲ လူတိုင်းက သဘောတူကြသည်။ ဖက်ရှင်ပြပွဲကို တက်ရောက်ခွင့်ရခြင်းမှာပင် ဂုဏ်ယူစရာတစ်ခု ဖြစ်နေသည်။ ဤသို့ဖြင့် ဖိတ်စာအားလုံး ကုန်သွားတော့သည်။
ဟွာကျွင်းသည် အလုပ်ရုံဝင်းထဲတွင် ကုလားထိုင်များ ထပ်ချသင့်၊ မချသင့် စဉ်းစားနေမိ၏။ သို့သော် အထဲတွင် အလွန်ရင်ခုန်နေကြသော မော်ဒယ်လ်များကို ကြည့်ပြီး အပြင်ဘက်မးတွင် လုံခြုံမှုမရှိနိုင်သဖြင့် မချရန်သာ ဆုံးဖြတ်လိုက်သည်။
ရှို့ယွန်း ဖိတ်စာများ မြန်မြန် ကုန်သွားသည်ကို မယုံနိုင်အောင် ဖြစ်နေပြီး ဟွာကျွင်းကို အလွန်လေးစားသွားသည်။
“အင်္ကျီတွေက ဒီလောက်တောင် ရောင်းကောင်းတာလား။ ဒါဆို ညီမလေးတို့တွေက ဘာလို့ ဆိုင် ဖွင့်နေသေးတာလဲ”
ရှို့ယွန်း အံ့သြတကြီး မေး၏။
ဘေးမှ ဖြတ်သွားသူတစ်ဦးက ဝင်ဖြေလိုက်သည်။
“ဒါက ဘယ်သူရောင်းတာလဲဆိုတာအပေါ် မူတည်တာပေါ့။ သူဌေးမဟွာလို ဉာဏ်ကောင်းတဲ့သူမှ ဒီလိုရောင်းနိုင်တာ။ မယုံရင် မြို့ထဲက အခြားအင်္ကျီဆိုင်တွေကို သွားကြည့်လိုက်၊ ဘယ်ဆိုင်မှာ ဒီလောက်အရှိန်အဝါ ရှိလို့လဲ”
ရှို့ယွန်း ခေါင်းညိတ်လိုက်၏။ ဟွာကျွင်း၏ မုန့်ဆိုင်မှာလည်း အပြိုင်အဆိုင်မရှိ အောင်မြင်နေပေသည်။
သူမသည် ရင်ကိုကော့ကာ ဂုဏ်ယူစွာဖြင့် ပြောတော့သည်။
“ဒါပေါ့။ ကျွန်မတို့ညီမလေးရဲ့ ဉာဏ်ကတော့ တကယ်ကို ပြောင်မြောက်တာ”
အလှဆင်ရုံတင်မက အစားအသောက်များကိုလည်း ပြင်ဆင်ရမည်။ လူအများကြီးဖြစ်သဖြင့် နို့လက်ဖက်ရည် ကို လူတိုင်း မပေးနိုင်သောကြောင့် ဟွာကျွင်း အရသာရှိသော အချိုရည်မျိုးစုံကို ဝယ်ယူခဲ့သည်။
ဝမ်လောင်ဂျီ ၊ မက်မွန်အူးလုံလက်ဖက်ရည်၊ စပျစ်သီးဖျော်ရည်၊ နို့ချောကလက်၊ အိုဗာတင်း၊ ပဲနို့နှင့် ဒိန်ချဉ်အမျိုးမျိုး တို့ကို တစ်မျိုးလျှင် ဘူးနည်းနည်းစီ ဝယ်ယူထား၏။
ဂျယ်လီ၊ ဆီးယို၊ ဝမ်လိုကတ် ပေါက်ဆီများ၊ ဝက်သားခြောက်၊ အမဲသားခြောက်၊ ချောကလက်၊ ကွတ်ကီး၊ ကြက်ဥလိပ်၊ ဆိုဒါ မုန့်ကြွပ်၊ သကြားလုံးအမျိုးမျိုးတို့ကိုလည်း ပြင်ဆင်ထားသည်။
ကိတ်မုန့်များအနေဖြင့်လည်း ကိတ်လိပ်၊ ကပ်ကိတ်၊ နပိုလီယွန်မုန့်၊ မကာရွန်း၊ ခရင်မ်မုန့်နှင့် ကြက်ဥပူတင်း စသည်တို့ကို ပြင်ဆင်သည်။
အရသာကို ခဏဖယ်ထားပြီး ပန်းရောင်နှင့် နုနယ်သော မုန့်လေးများကို စားပွဲပေါ်တွင် စီထားသည်ကို မြင်ရရုံနှင့် မည်သူမဆို စိတ်လှုပ်ရှားသွားစေမည်မှာ အမှန်ပင်။
ရှို့ယွန်း မေးလိုက်၏။
“ညီမလေး... ဒါတွေကို ဒီအတိုင်းချထားပြီး အလကားကျွေးမှာလား။ ပိုက်ဆံမယူဘူးလား”
“ဒါတွေက ဘယ်လောက်တန်လို့လဲရှင်။ အဓိကက အင်္ကျီရောင်းဖို့ပဲလေ”
ဤမုန့်လေးများအတွက် ကုန်ကျစရိတ်မှာ ဒင်္ဂါးပြားတစ်ထောင်ခန့်သာ ရှိသော်လည်း ဝတ်စုံတစ်စုံလျှင် ငွေတုံးများစွာ ရရှိမည်။
ထို့ပြင် ပန်းထိုးအလုပ်ရုံတွင် အင်္ကျီချုပ်သင်နေသော မိန်းကလေးများစွာ ရှိ၏။ ပန်းထိုးအလုပ်ရုံ၏ အမည်ကို ကျော်ကြားအောင် လုပ်ဆောင်ခြင်းဖြင့် ထိုမိန်းကလေးများ အသက်ကြီးလာသည့်အခါ အမှာစာများ အဆက်မပြတ် ရရှိနေမည်ဖြစ်ရာ သူတို့အတွက် စားဝတ်နေရေး ပူစရာမလိုတော့ပေ။