← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁)

ဝတုတ်လေး၏ ဂျီကျမှု

ချိုက်ရှူး ကလေးကို ရထားလုံးဆီရောက်အောင် ချော့တစ်ခါ၊ ဆွဲတစ်လှည့် လုပ်နေသော်လည်း ဝတုတ်လေးမှာ ဝတုတ်လေးနာမည်ပီပီ ဝဝတုတ်တုတ်ဖြစ်နေသည်။ ထို့အပြင် သူစားထားသည့် ဝက်အူချောင်းများမှာ အလကား မဟုတ်ပေ။ အတော်ကြာအောင် ဆွဲနေသော်လည်း မီတာဝက်ပင် မရွေ့သည့်အပြင် ချိုက်ရှူးမှာ အသက်ရှူပင် မမှန်တော့ပေ။

ထို့ပြင် ကလေး၏ နောက်လက်တစ်ဖက်က ဟွာကျွင်း၏ လက်မောင်းကို ဆွဲထားဆဲဖြစ်ရာ ဟွာကျွင်းပါ အတူတူ လဲကျလုနီးပါး ဖြစ်နေ၏။

ထိုစဉ် လက်တစ်ဖက် ရောက်လာပြီး ကလေး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ ခြိမ်းခြောက်လိုက်သည်။

“လွှတ်စမ်း”

ဟွာကျွင်းနှင့် ကလေးမှာ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။ ထိုသူမှာ လုမင်လီ ဖြစ်နေပြီး သူ မကျေမနပ် ဖြစ်နေပုံရသည်။

“သူ့လက်ကို လွှတ်လိုက်စမ်း”

ထိုလူက အလွန် ကြောက်စရာကောင်းနေသဖြင့် ကလေးမှာ မတတ်သာဘဲ လက်လွှတ်လိုက်ရသော်လည်း သူက အလျှော့မပေးသေးပေ။ မြေကြီးပေါ်တွင် ပစ်လှဲချလိုက်ပြီး အကြီးအကျယ် ဂျီကျတော့သည်။

“ကျွန်တော် မပြန်ဘူး။ လုံးဝ မပြန်ဘူး။ အိမ်ပြန်ရမှာက ကျွန်တော့်အတွက် သေလမ်းပဲ၊ အဲဒီလို ဘဝမျိုးနဲ့ ထပ်မနေချင်တော့ဘူး”

လုမင်လီ ငုံ့ကြည့်ပြီး ဟွာကျွင်းကို မေးလိုက်၏။

“လက်က အဆင်ပြေရဲ့လား”

ဟွာကျွင်း လက်မောင်းက ပူစပ်ပူလောင် ဖြစ်နေသဖြင့် အင်္ကျီလက်ကို မတင်ကြည့်လိုက်ရာ သူမ၏ ဖြူဖွေးသော လက်မောင်းပေါ်တွင် နီရဲနေသည့် အကွင်းကြီး ထင်နေသည်ကို တွေ့လိုက်ရ၏။

လုမင်လီ ထိုမြင်ကွင်းကို မြင်သောအခါ သူမ အင်္ကျီလက်ကို အမြန် ပြန်ချပေးလိုက်သည်။

ဟွာကျွင်းက သူ့ကို နားမလည်သလို မော့ကြည့်လိုက်သည်။ သူကတော့ ရှေ့ကို တည့်တည့်စိုက်ကြည့်နေပြီး တည်ငြိမ်နေသော်လည်း နားရွက်များမှာ အလွန်ပင် နီရဲနေ၏။

ရှေးခေတ်တွင် အမျိုးသမီးတစ်ဦး၏ လက်မောင်းကို လူရှေ့တွင် ထုတ်မပြသင့်ကြောင်း ဟွာကျွင်း နားလည်လိုက်သည်။

ဝတုတ်လေးမှာတော့ မြေကြီးပေါ်တွင် လူးလိမ့်ကာ ငိုနေဆဲဖြစ်ပြီး ချိုက်ရှူးက ဘယ်လိုပင် ချော့ချော့ မထပေ။ သူသည် အသည်းအသန်ငိုယိုနေပြီး နှပ်ချေးများ၊ မျက်ရည်များဖြင့် ပေပွနေကာ ရံဖန်ရံခါတွင် ရွှံ့ပေနေသော လက်များဖြင့် မျက်နှာကို သုတ်လိုက်သဖြင့် သူ့မျက်နှာမှာ ကြည့်မကောင်းအောင် ဖြစ်နေတော့၏။

ဟွာကျွင်း ဒေါ်လေးပန်းကို မေးလိုက်သည်။

“သူ ခုနက ဘယ်မိသားစုကလို့ ပြောလိုက်တာလဲဟင်”

လုမင်လီ ကြားဖြတ်ဖြေလိုက်၏။

“လျိုမိသားစုစားသောက်ဆိုင်ကပဲ”

ထိုသို့ ပြောပြီးနောက် အစေခံကို လှမ်းခေါ်ကာ ခိုင်းစေလိုက်၏။

“မင်း မြို့ထဲ အမြန်ပြန်ပြီး ဆိုင်ရှင်လျိုကို ခေါ်လာခဲ့စမ်း။ ဒီကလေးကို လာခေါ်သွားခိုင်း၊ ဒီလောက် ဆူညံနေတာ ငါ့မှာ ခေါင်းတောင် ကိုက်လာပြီ”

ဘေးမှ နားထောင်နေသည့် လီနျန်က ပြော၏။

“ကျွန်မ စားဖိုမှူးပြိုင်ပွဲတုန်းက လျိုမိသားစု စားသောက်ဆိုင် ပိုင်ရှင်နဲ့ ဆုံဖူးပါတယ်။ ကျွန်မပဲ သူနဲ့အတူ လိုက်သွားလိုက်မယ်လေ”

ဟွာကျွင်းက ခေါင်းညိတ်ပြလိုက်သည်။

“ဂရုစိုက်သွားဦးနော်”

လီနျန်က ခေါင်းညိတ်ကာ ထွက်သွားတော့သည်။

တစ်ဖက်တွင်လည်း ချိုက်ရှူးမှာ ကလေးကို ဘယ်လိုမှ ပြောမရသဖြင့် မြေကြီးပေါ်တွင် ထိုင်ချကာ သက်ပြင်းချရင်း ချွေးသုတ်နေတော့၏။

ဟွာကျွင်းသည် ကလေးများနှင့် ပတ်သက်၍ အတွေ့အကြုံမရှိသဖြင့် ယခုအခြေအနေကို ဘယ်လိုကိုင်တွယ်ရမှန်း မသိပေ။ သူမသည် ကလေးကို ချော့နိုင်မည့်သူ ရှိမလားဟု ပတ်ဝန်းကျင်ကို လှည့်ကြည့်သော်လည်း အံ့သြစရာကောင်းသည်မှာ လူတိုင်းက ရှောင်ဖယ်နေကြခြင်းပင်။

သူမသည် လုမင်လီကိုသာ အကူအညီတောင်းသလို ကြည့်လိုက်၏။

လုမင်လီက လျှောက်သွားကာ ကလေးရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး တင်းမာစွာ ပြော၏။

“မင်း ထပ်ပြီး ဆူညံနေမယ်ဆိုရင် ငါ မင်းကို မြစ်ထဲ ပစ်ချလိုက်မယ်”

ဝတုတ်လေးက ပို၍ ကျယ်လောင်စွာ ငိုတော့သည်။

“အားးး လူကြီးက ကလေးကို သတ်နေပါပြီ။ ဝူးဝူးဝူး... လူကြီးဆိုပြီး ကျွန်တော့်ကို လာအနိုင်မကျင့်နဲ့နော်”

ဟွာကျွင်းက လုမင်လီကို အမြန်ဆွဲထူလိုက်၏။

“ရှင်က ကလေးကို ဘာလို့ အဲဒီလို သွားခြောက်နေရတာလဲ”

“အရင်က လုမင်ကျဲ စကားနားမထောင်ရင် ကိုယ် ဒီနည်းသုံးတာ တော်တော်ထိရောက်တာပဲ...” သူ ဆက်ပြော၏။ “သူက ဘယ်သူ့ဆီကနေ ဒီလိုတွေ သင်လာတာလဲ။ ဈေးသည်မတွေ ဂျီကျနေသလိုပဲ”

ဝတုတ်လေးမှာ မြေကြီးပေါ်တွင် ခြေစုံပစ်ကန်နေဆဲ ဖြစ်သည်။ ဟွာကျွင်း ကလေးသည် အတော်အတန်ကြာ ဂျီကျနေသဖြင့် တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လာကာ ဖြေရှင်းနည်းတစ်ခု စဉ်းစားလိုက်သည်။ သူမသည် ကလေးဘေးတွင် ထိုင်လိုက်ပြီး စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။

“မင်း ငိုနေတာ ကြာပြီ၊ ဗိုက်ဆာနေပြီလား။ မမဆီမှာ အရသာရှိတဲ့ စားစရာတွေ အများကြီး ရှိတယ်နော်...”

ဝတုတ်လေးမှာ ချက်ချင်း အငိုတိတ်သွားပြီး ဟွာကျွင်းကို မေး၏။

“တကယ်လား။ စားလို့ရလား။ ကျွန်တော် ဒီနေ့ တစ်နေကုန်မှ ပန်ကိတ် မုန့်တစ်ခုပဲ စားရသေးတာ...”

ဟွာကျွင်းက ခေါင်းညိတ်ပြလိုက်သည်။

“မင်း မငိုဘူးဆိုရင် မမက အရသာရှိတာတစ်ခု ပေးမယ်”

ဝတုတ်လေးက အင်္ကျီလက်ဖြင့် မျက်နှာကို သုတ်ပြီး ထရပ်လိုက်၏။

“အစ်မ... ကျွန်တော် အဆင်ပြေသွားပြီ၊ သွားစားကြရအောင်”

သူ့မျက်နှာအမူအရာ ပြောင်းလဲမှုမှာ အလွန်မြန်သဖြင့် ဟွာကျွင်း မှင်တက်သွားရသည်။

သူမသည် မော့ချွမ်းကို ချိုက်ရှူးအား တွဲထူပေးရန် ခိုင်းလိုက်ပြီး ကလေးကို ဆိုင်ထဲသို့ ခေါ်လာခဲ့သည်။

ကောင်တာတွင် နေရာချပေးပြီးနောက် ပြောလိုက်၏။

“ခဏစောင့်ဦးနော်၊ မမ စားစရာ သွားယူပေးမယ်”

သူမသည် အသားညှပ်ပေါင်မုန့် တစ်ခု၊ နွားနို့ပူပူတစ်ခွက်နှင့် ရေနွေးတစ်ဇလုံ ယူလာပေးသည်။ တဘက်ကို ရေစိုအောင်လုပ်ပြီး ချိုက်ရှူးထံ ကမ်းပေးလိုက်၏။

“သူ့မျက်နှာကို သုတ်ပေးလိုက်ပါဦး၊ ရွှံ့တွေ ပေနေလို့”

ကလေး၏ မျက်လုံးများမှာ အသားညှပ်ပေါင်မုန့်ပေါ်တွင်သာ ရှိနေသည်။ သူ ဤမျှ လှပသည့် မုန့်မျိုး တစ်ခါမှ မမြင်ဖူးပေ။ ချိုက်ရှူးက မျက်နှာသုတ်ပေးနေသော်လည်း သူက မုန့်ကိုသာ စိုက်ကြည့်နေပြီး ချိုက်ရှူးကို အနှောင့်အယှက်ဖြစ်သလို ဖယ်ရှားနေတော့သည်။

နောက်ဆုံးတွင် သူ မအောင့်နိုင်တော့ဘဲ ချိုက်ရှူး၏ လက်ကို ပုတ်ထုတ်ကာ စားပွဲပေါ်က မုန့်ကို လှမ်းယူလိုက်သည်။

“ဟေ့ နေဦး” ဟွာကျွင်းက ကလေး၏ လက်ကောက်ဝတ်ကို အမြန်ဖမ်းဆွဲလိုက်သည်။

“မင်းလက်တွေက ညစ်ပတ်နေတာပဲ၊ ဘယ်လိုလုပ် ဒီအတိုင်း ကိုင်မှာလဲ”

ဟွာကျွင်းက ကလေး၏ လက်များကို ရေဇလုံထဲ ထည့်ကာ လက်ဆေးဆပ်ပြာဖြင့် သေသေချာချာ တိုက်ပေးလိုက်သည်။ ရေများမှာ ချက်ချင်းပင် နောက်ကျိသွားတော့၏။

“ကြည့်ဦး၊ မင်းလက်တွေ ဘယ်လောက် ညစ်ပတ်နေလဲလို့”

ကလေး ငြိမ်သွားပြီး ဟွာကျွင်းက လက်ဆေးပေးကာ တဘက်ဖြင့် သုတ်ပေးသည်ကို ငြိမ်ခံနေသည်။

“ကဲ... အခု စားလို့ရပြီ”

ထို့နောက် ဟွာကျွင်းက ဆက်ပြော၏။

“ဒါကို စားတဲ့ နည်းစနစ်ရှိတယ်နော်။ ပေါင်မုန့်နှစ်ချပ်လုံးကို ဒီလို တွဲကိုင်ရမယ်၊ ပြီးရင် ဦးလေးကျန်းရဲ့ မုန့်စားသလိုမျိုး ပါးစပ်ကို အကျယ်ကြီး ဟပြီး ကိုက်ရမယ်၊ နားလည်လား”

ကလေးက ခေါင်းညိတ်ပြပြီး ဟွာကျွင်း ပြသသည့်အတိုင်း စားတော့သည်။

“အရမ်းကောင်းတာပဲ။ အရွက်တွေတောင် ချိုနေသလိုပဲ”

ဟွာကျွင်းက သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ ဆို၏။

“နွားနို့လေးလည်း သောက်ဦး၊ သည်းဦးမယ်”

“အင်း အင်း” ကလေးက ခွက်ကို ယူကာ တစ်ဝက်ခန့်ကို ချက်ချင်းပင် သောက်ချလိုက်သည်။

“နွားနို့ မသောက်ရတာ ကြာပြီ။ အဖေက ကျွန်တော့်ကို နေ့တိုင်း ဆန်ပြုတ်ပဲ တိုက်နေတာ။ အစ်မ... ကျွန်တော် သနားဖို့ကောင်းတယ် မဟုတ်လား”

“မင်းအဖေက ဘာလို့ မင်းကို နေ့တိုင်း ဆန်ပြုတ်ပဲ ကျွေးနေရတာလဲ”

ကလေး၏ ဖောင်းအိနေသော မျက်နှာလေးမှာ ညှိုးငယ်သွားပြီး ပြောလိုက်သည်။

“ကျွန်တော်က အရမ်းဝနေပြီး ကျန်းမာရေး မကောင်းဘူးတဲ့လေ”

မော့ချွမ်းက ကြားဖြတ်ပြော၏။

“ဒါဆို မင်းအဖေ ပြောတာလည်း မှန်တာပဲ”

ကလေးက ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။

“ကျွန်တော်ကလည်း ဒီလောက် ဝချင်လို့ ဝတာမှ မဟုတ်တာ”

သူတို့ စကားပြောနေစဉ်မှာပင် လီနျန်နှင့်အတူ လူလတ်ပိုင်း ဇနီးမောင်နှံနှစ်ဦး ဝင်လာကြသည်။ အမျိုးသားမှာ ပိန်ပိန်ပါးပါး ဖြစ်ပြီး အမျိုးသမီးမှာတော့ ပုပုတိုတို ဝတုတ်တုတ်လေးပင်။

အမျိုးသမီးက ကလေးကို မြင်သည်နှင့် ပြေးဖက်ကာ ပြောလိုက်၏။

“ယောင်ကျူ... သားက ဘာလို့ မြို့ပြင်အထိ ပြေးလာရတာလဲ။ အမေနဲ့ အိမ်ပြန်ရအောင်”

လူလတ်ပိုင်း အမျိုးသားကတော့ ကလေး၏ နားရွက်ကို ဆွဲကာ ဒေါသတကြီး ဆူတော့သည်။

“မင်းကို လျှောက်မသွားပါနဲ့လို့ ငါ ပြောထားတယ်မလား။ အခုတော့ တခြားလူတွေကို ဒုက္ခပေးနေပြီ။ မင်းကို ရိုက်သတ်မှပဲ ဖြစ်တော့မယ်”

ကလေးမှာ အသားညှပ်ပေါင်မုန့်ကို ဝါးနေဆဲ ပါးစပ်ဖြင့်ပင် အော်တော့သည်။

“နာတယ်။ နာတယ်။ အမေ... ကယ်ပါဦး”

ယောင်ကျူ အမေက အမျိုးသား၏ လက်မောင်းကို အားရပါးရ ရိုက်ကာ ပြော၏။

“ရှင် လူယုတ်မာ။ သားကို အမြန်လွှတ်”

အမျိုးသားက သူမကို တွန်းထုတ်ကာ လက်ကို မလွှတ်ဘဲ ယောင်ကျူကို စားပွဲမှ ဆွဲထုတ်သည်။

၎င်းကို မြင်သောအခါ ယောင်ကျူ အမေမှာ မြေကြီးပေါ်တွင် ပစ်ထိုင်ချလိုက်ပြီး ငိုချလိုက်တော့၏။

“ကယ်ကြပါဦး၊ လူတစ်ယောက်က ကျွန်မသားကို သတ်နေပါပြီ။ ကလေးတစ်ယောက်ကို သတ်နေပါပြီ”

ယောင်ကျူ၏ အဖေမှာ လက်ကို အမြန်လွှတ်လိုက်ရပြီး ဇနီးသည်ကို ပြန်ချော့ရတော့သည်။

“ကြည့်စမ်း... ငါ သူ့ကို မရိုက်ပါဘူး၊ မင်းက ဘာလို့ ဒီမှာ လာပြီး ဂျီကျနေရတာလဲ။ လူတွေ အများကြီး ကြည့်နေကြတယ်၊ တော်ပြီ... မြန်မြန်ထပါတော့”

အခြေအနေမှာ တကယ့်ကို ရှုပ်ထွေးနေတော့၏။

ဟွာကျွင်းနှင့် တခြားသူများမှာ မှင်တက်သွားကြသည်။ ယခုမှပင် ကလေး၏ ငိုယိုဂျီကျတတ်သော အကျင့်မှာ မည်သူ့ဆီက ဆင်းသက်လာသလဲဆိုသည်ကို သူတို့ နားလည်သွားတော့သည်။

ထို့ကြောင့် သားအမိနှစ်ယောက်၏ “ပူးပေါင်းဆောင်ရွက်မှု” ကြောင့် ယောင်ကျူ၏ အဖေမှာ အရှုံးပေးလိုက်ရသည်။

“ကောင်းပြီ။ ကောင်းပြီ။ ငါ သူ့ကို မရိုက်တော့ဘူး၊ ဟုတ်ပြီလား။ အားလုံး အိမ်ပြန်ကြရအောင်”

လျိုယောင်ကျူက ငြင်းဆို၏။

“ကျွန်တော် အိမ်မပြန်ဘူး၊ ဒီမှာပဲ နေမယ်”

“မင်းက ဂျီကျနေတုန်းလား။ ဒါက မင်းအဖေ ဆိုင်လို့ ထင်နေတာလား။ မင်းကို အလိုလိုက်နေမယ်လို့ ထင်လို့လား”

မော့ချွမ်း ဝင်ပြောသည်။

“အမှန်ဘဲ။ ကလေး... မင်း မြန်မြန် ပြန်တာ ကောင်းမယ်။ မုန့်ဆိုင်မှာ အလုပ်မလုပ်တဲ့လူတွေကို လက်မခံဘူး”

လျိုယောင်ကျူက ကိုယ်ကို တည့်တည့်မတ်မတ် ရပ်လိုက်ပြီး ခါးထောက်ကာ ပြန်ပြောလိုက်၏။

“ကျွန်တော်က အလုပ်မလုပ်တဲ့သူ မဟုတ်ပါဘူး၊ ကျွန်တော် အလုပ်လုပ်နိုင်တယ်”

မော့ချွမ်းက သူ့ကို အထင်အမြင်သေးဟန်ဖြင့် အကဲခတ်လိုက်၏။

“တောက်... ကလေးလေးက ကြွားလှချည်လား။ မင်းက ဘာအလုပ် လုပ်တတ်လို့လဲ”

“ကျွန်တော် အကုန်လုပ်နိုင်တယ်။ ခုနက အသားညှပ်ပေါင်မုန့်ကိုသာ ကျွန်တော့်ကို ပေးမယ်ဆိုရင်ပေါ့”

အခန်း (၁၆၂)

အသက်ကြီးမှ ရသော သားရတနာ

ဟွာကျွင်းသည် သူတို့ကိုကြည့်ကာ ဘာလုပ်ရမှန်းမသိဘဲ အခက်တွေ့နေသည်။ ဆိုင်ရှင်လျို ခဏမျှစဉ်းစားပြီး သူမကို တစ်ဖက်သို့ ခေါ်သွားလိုက်၏။

“သူဌေးမဟွာ... ဒီနေ့ကိစ္စအတွက် တကယ်တောင်းပန်ပါတယ်ဗျာ။ ယောင်ကျူက ကျွန်တော် အသက်ကြီးမှရတဲ့ သားလေးမို့ သူ့အမေက အလိုလိုက်လွန်းလို့ ဒီလိုတွေ ဖြစ်နေတာပါ။ ဒါပေမဲ့ သူက စိတ်ရင်းကောင်းတဲ့ ကလေးတစ်ယောက်ပါပဲ။ အခု သူက ဒီမှာပဲ နေမယ်လို့ ဇွတ်လုပ်နေတော့... ဘယ်လိုထင်လဲ။ သူ့ကို ဒီဆိုင်မှာ ရက်အနည်းငယ်လောက် ထားပေးလို့ ရမလား။ ကျွန်တော် အခကြေးငွေ ပေးပါ့မယ်”

“ဆိုင်ထဲက အညစ်ပတ်ဆုံးနဲ့ အပင်ပန်းဆုံး အလုပ်တွေကိုသာ ခိုင်းလိုက်ပါ။ ဘဝရဲ့ ခက်ခဲမှုကို သိသွားရင် သူ လက်လျှော့သွားပါလိမ့်မယ်။ ရက်အနည်းငယ်လောက်ဆိုရင် သူ ခံနိုင်ရည်မရှိတော့ဘဲ အိမ်ပြန်ချင်လာမှာပါ”

“သူက ကလေးပဲဥစ္စာ၊ ကျွန်မ ဘယ်လိုလုပ် အလုပ်ခိုင်းရမှာလဲ”

ဆိုင်ရှင်လျိုက သဘောမတူဘဲ ပြန်ပြော၏။

“ကျွန်တော် သူ့အရွယ်တုန်းကဆို အရက်ဆိုင် နောက်ဖေးမှာ ဟင်းသီးဟင်းရွက်တွေ ဆေးနေရပြီဗျ။ သူက အခု ကံကောင်းနေတာကို မသိရှာဘူး။ ပြီးတော့ သူဌေးမဟွာဆိုင်က ညနေပိုင်း နာရီအနည်းငယ်ပဲ ဖွင့်တာဆိုတော့ သူ သိပ်မပင်ပန်းပါဘူး။ သူ ငိုယိုဂျီကျရင်တောင် တစ်ခါတည်းနဲ့ နှစ်နာရီလောက် အဆက်မပြတ် ငိုနိုင်တာဗျ”

အမှန်ပင်။ ငိုယိုဂျီကျခြင်းသည်လည်း အလွန်ပင်ပန်းသော အလုပ်တစ်ခု ဖြစ်ပေသည်။

“သူ နောင်တရရင် အိမ်ပြန်ပြီး သက်သောင့်သက်သာ နေချင်ပါတယ်လို့ တောင်းပန်လာတဲ့အခါကျရင် ကျွန်တော် သူ့ကို စည်းကမ်းတွေ သေချာသတ်မှတ်လို့ ရပြီပေါ့။ အဲဒီကျမှ သူ့ကို ပိုပြီး ထိန်းကျောင်းလို့ ရမှာပါ”

“ဒါက... မဖြစ်သေးပါဘူး” ဟွာကျွင်း ခေါင်းခါလိုက်သည်။

“တောင်းပန်ပါတယ် သူဌေးမဟွာရယ်။ သူ ကိုယ်တိုင် အလုပ်လုပ်ချင်တယ်လို့ ပြောတာက ရှားလွန်းလို့ပါ။ ဒီမှာ သူ့ကို နည်းနည်းလောက် အပင်ပန်းခံခိုင်းလိုက်ပါဦး။ ကျွန်တော် ပိုက်ဆံပေးပါ့မယ်။ လူအိုကြီးလျိုက တောင်းပန်နေတာပါလို့ မှတ်ယူပေးပါဗျာ”

သူ့ရိုးသားသော မျက်နှာအမူအရာကို မြင်သောအခါ ဟွာကျွင်းလည်း မတတ်သာဘဲ သဘောတူလိုက်ရတော့သညိ။

“ကောင်းပါပြီ၊ ညတိုင်း ဆိုင်ဖွင့်တဲ့အခါ သူ့ကို လွှတ်လိုက်ပါ။ ဆိုင်မပိတ်ခင် လာခေါ်ရင် ရပါပြီ”

ဆိုင်ရှင်လျို ဝမ်းသာသွားပုံရ၏။

“ကောင်းပါပြီ၊ ကောင်းပါပြီ။ သူဌေးမဟွာရဲ့ စီးပွားရေးကိုလည်း အနှောင့်အယှက် မဖြစ်စေရပါဘူး။ သူ့ကို မီးဖိုချောင်က အညစ်အကြေးတွေပဲ သိမ်းခိုင်းလိုက်ပါ”

‘ဆိုင်ရှင်လျို... ရှင့်မိန်းမသာ သိရင် ရှင် ဒီလောက် ပြတ်သားတာကို ခွင့်လွှတ်ပါ့မလား’

လျိုယောင်ကျူမှာ သူ့ အမေရင်ခွင်ထဲတွင် ကပ်ချွဲနေသည်။ ဟွာကျွင်း လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ သူသည် ချက်ချင်းပင် မတ်မတ်ရပ်လိုက်ပြီး မျှော်လင့်တကြီး ကြည့်နေတော့၏။

ဟွာကျွင်း ချောင်းတစ်ချက်ဟန့်ကာ တည်တည်တံ့တံ့ ပြောလိုက်၏။

“မင်း ဒီမှာ နေလို့ရတယ်၊ ဒါပေမဲ့ မော့ချွမ်း ပြောသလိုပဲ။ မမတို့ဆိုင်က အလုပ်မလုပ်တဲ့သူကို လက်မခံဘူး”

“ကျွန်တော် အလုပ်လုပ်ပါ့မယ်။ ဘာပဲခိုင်းခိုင်း လုပ်ပါ့မယ်။ ကျွန်တော့်ကို စားစရာလေးပဲ ကျွေးပါ”

“မမ စကားမဆုံးသေးဘူး။ နောက်ထပ် လိုက်နာရမဲ့ အချက် သုံးချက် ရှိတယ်။ ပထမအချက်က၊ မင်း ဘာစားရမလဲဆိုတာကို မမကပဲ ဆုံးဖြတ်မယ်”

လျိုယောင်ကျူ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်း သဘောတူလိုက်သည်။ မုန့်ဆိုင်က အစားအသောက်များ အားလုံး အရသာရှိမှန်း မည်သူမသိဘဲ နေမည်နည်း။

“ဒုတိယအချက်က၊ စိတ်တိုင်းမကျတိုင်း မငိုရဘူး၊ ပြီးတော့ မြေကြီးပေါ်မှာ ထိုင်ပြီး အရှက်မရှိ ဂျီမကျရဘူး”

“ဒါက အချက်နှစ်ချက် မဟုတ်ဘူးလား” လျိုယောင်ကျူ မေး၏။

“ဒါက တစ်ချက်တည်းပဲ”

“ကောင်းပါပြီ... နောက်ဆုံးအချက်ကရော ဘာလဲဟင်”

“စဉ်းစားလို့ မရသေးဘူး။ စဉ်းစားလို့ရရင် ထပ်ဖြည့်မယ်”

လျိုယောင်ကျူ လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။ ထိုအချိန်တွင် ဆိုင်ပိတ်ရန် အချိန်အနည်းငယ် ကျန်သေးသဖြင့် သူသည် စတင်အလုပ် လုပ်ရတော့သည်။ ဟွာကျွင်း၏ စကားအရ ဆိုလျှင်တော့ ဤသည်မှာ စမ်းသပ်ကာလပင် ဖြစ်သည်။

ဆိုင်ရှင်လျိုကတော့ သားဖြစ်သူကို ယနေ့ညမှာတင် ကြောက်လန့်သွားအောင် လုပ်နိုင်ပြီး မနက်ဖြန်ကျလျှင် အိမ်မှာပဲ ငြိမ်ငြိမ်လေး နေစေချင်နေ၏။

“သူဌေးမဟွာ... ယောင်ကျူ့ကို အပ်ခဲ့ပါပြီနော်။ သူဌေးမတို့ဆီက အိမ်သာအိုး ပျက်နေလား။ သူ့ကိုပဲ ညဘက် အညစ်အကြေးတွေ သွားသွန်ခိုင်းလိုက်ပါ”

ဟွာကျွင်း “...”

‘ရှင့်အိမ်သာအိုးကမှ ပျက်နေတာ’

ယောင်ကျူ အမေက အမြန် ခေါင်းခါလိုက်၏။

“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ သူဌေးမဟွာရယ်။ သားလေးကို အဲဒီလို အလုပ်တွေတော့ မခိုင်းပါနဲ့”

“စိတ်ချပါ၊ ကျွန်မတို့ အိမ်သာအိုးက မပျက်ပါဘူး၊ သူလည်း အဲဒီလို အလုပ်တွေ လုပ်စရာ မလိုပါဘူး”

ဟွာကျွင်းက အာမခံလိုက်မှ ယောင်ကျူအမေက စိတ်သက်သာရာ ရသွားတော့သည်။ သူမသည် လျိုယောင်ကျူကို ဖက်ထားပြီးမှ ဆိုင်ရှင်လျိုနောက်ကို မတတ်သာဘဲ လိုက်သွားတော့သည်။

မော့ချွမ်းက ဟွာကျွင်းကို မကျေမနပ် ကြည့်ကာ ပြော၏။

“ဘာလို့ သဘောတူလိုက်တာလဲ။ ကလေးလေးက ဘာလုပ်နိုင်မှာလဲ။ ပြီးတော့ သူက အရမ်းဆိုးတဲ့ ကလေးပဲ။ နောက်ဆုံးကျရင် ကျွန်တော်တို့ပဲ သူ့ကို ပြန်ချော့နေရဦးမှာ”

လျိုယောင်ကျူ အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်၏။

“ကျွန်တော့်ကို အထင်မသေးနဲ့။ ကျွန်တော့်ကို အထင်ကြီးလာအောင် လုပ်ပြမယ်။ သူဌေးမဟွာ ကျွန်တော် အသားညှပ်ပေါင်မုန့် စားထားပြီးပြီဆိုတော့ ဘာလုပ်ရမလဲ ပြောပါ။ ခိုင်းပါ”

“ဒါဆို ဟိုစားပွဲတွေကို သွားသုတ်လိုက်”

လျိုယောင်ကျူက စကားတစ်ခွန်းမှ ထပ်မပြောဘဲ အဝတ်စကို ယူကာ ထွက်သွားတော့သည်။

ဟွာကျွင်းက မော့ချွမ်းကို ပြောလိုက်၏။

“သူက အဲဒီလောက် ဆိုးတဲ့ကလေး မဟုတ်ပါဘူး။ သူက ငိုရင်၊ ဂျီကျရင် သူလိုချင်တာ ရတတ်တယ်ဆိုတာကို ငယ်ငယ်ကတည်းက သင်ယူထားလို့ပါ။ ဒီနည်းလမ်းက ထိရောက်နေမှတော့ သူက သုံးမှာပေါ့”

“ဒါပေမဲ့ သူ့ကို ဒီမှာထားပြီး အလုပ်ခိုင်းဖို့ မသင့်ဘူးလေ။ ဒီလောက် ကလေးလေးက ဘာလုပ်နိုင်မှာလဲ။ ဒါမှမဟုတ် သူ့အဖေက ကျွန်တော်တို့ဆိုင်က စားစရာတွေ ကောင်းလွန်းလို့ လာပြီး သူလျှိုလုပ်ခိုင်းတာလား။ သူ့ကို သေသေချာချာ စောင့်ကြည့်ရမယ်နော်”

“အိပ်မက်ကနေ နိုးထပါဦး။ အကုန်လုံးက အသင့်လုပ်ထားတာတွေပဲကို ဘာခိုးစရာ ရှိလို့လဲ”

ထို့နောက် ဟွာကျွင်းက တိုးတိုးလေး ကပ်ပြောလိုက်၏။

“သူ့အဖေက ပိုက်ဆံပေးတယ်လေ”

မော့ချွမ်းက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်၏။

“ပိုက်ဆံပေးတယ်ဟုတ်လား။ ဒါဆိုရင်တော့ သူ့ကို ချော့ရတာ ကျွန်တော် ပြဿနာမရှိပါဘူး”

လုမင်လီသည် ဟွာကျွင်းအနားသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်။

“မင်း ကလေးတွေအကြောင်းကို ဒီလောက် နားလည်မယ်လို့ မထင်ထားဘူး”

“နားလည်တာ မဟုတ်ပါဘူး၊ ခန့်မှန်းကြည့်တာပါ။ ဪ ဒါနဲ့၊ ဒီနေ့ တစ်ခုခုရှိလို့ လာတာလားဟင်”

“ကိုယ်တို့ သီးသန့် စကားပြောလို့ ရမလား”

ဟွာကျွင်းသည် ဆိုင်ထဲက အခြေအနေနှင့် အနံ့ကို ကြည့်လိုက်ရာ စကားပြောရန် မသင့်တော်မှန်း သိလိုက်၏။ ထို့ကြောင့် သူမနှင့် လုမင်လီတို့ ဆိုင်အပြင်ဘက်က လူသူကင်းရှင်းသည့် နေရာတစ်ခုသို့ ထွက်လာခဲ့ကြသည်။

“မနေ့ညက ပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်” လုမင်လီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“တစ်ရက်နဲ့ တစ်ညလုံး စဉ်းစားကြည့်ပြီးပြီ၊ တကယ်တော့ ကိုယ်ပြောခဲ့တာတွေက အရမ်းကို စည်းကျော်သွားခဲ့ပါတယ်”

ဟွာကျွင်းက ခေါင်းခါပြ၏။

“ရပါတယ်၊ ရှင် မူးနေတာပဲ။ ကျွန်မ စိတ်ထဲ မထားပါဘူး”

လုမင်လီက ခေါင်းငုံ့ကာ စဉ်းစားနေပြီးမှ မေးလိုက်သည်။

“ကိုယ်တို့.. အရင်တုန်းကလိုပဲ ဆက်ပြီး ပတ်သက်လို့ ရဦးမလား”

“ရတာပေါ့၊ ကျွန်မတို့က သူငယ်ချင်းတွေပဲလေ။ သာမန် သူငယ်ချင်းတွေပေါ့”

“ဪ... ဟုတ်သားပဲ၊ ရှင်က ကျွန်မတို့ မူလတန်းကျောင်းရဲ့ အစုရှယ်ယာရှင်လည်း ဖြစ်နေသေးတယ်လေ” ဟွာကျွင်းက မျက်တောင်လေး ခတ်ကာ ပြောလိုက်၏။

“မနက်ဖြန်ကျရင် သူတို့ကို ကိုယ်ခံပညာ သင်ပေးဖို့ လူတစ်ယောက် လွှတ်ပေးဖို့ ကိုယ် စီစဉ်ထားပြီးပြီ။ အချိန်ကြာလာရင် ပါရမီရှိတဲ့သူတွေကို ရွေးထုတ်ပြီး အထူးလေ့ကျင့်ပေးမယ်”

“ကောင်းပါပြီ၊ အဲဒါကို ရှင်ပဲ စီမံလိုက်ပါ။ ကျွန်မကတော့ တခြားဆရာတွေ ရှာမတွေ့သေးဘူး။ ကြေညာစာကပ်ထားပေမဲ့ ဘယ်သူမှ လာမဆက်သွယ်ကြသေးဘူး”

“အင်း...”

“ဒါဆို... တခြားကိစ္စ မရှိတော့ရင် ကျွန်မ ဆိုင်ထဲ ပြန်ဝင်တော့မယ်နော်”

ဟွာကျွင်းက ပြောလိုက်၏။

“အင်း...”

ဟွာကျွင်းက သူ့ကို ခေါင်းညိတ်ပြကာ တည်ငြိမ်ဟန်ဆောင်ပြီး ဘာမှထပ်မပြောဘဲ လှည့်ထွက်လာခဲ့သည်။

လုမင်လီ သူမကို တားချင်သော်လည်း အကြောင်းပြချက် ရှာမတွေ့ပေ။ အခြေအနေက ဤသို့ ဖြစ်သွားသည့်အတွက် သူ ကြီးမားသော အားကိုးရာမဲ့မှုကို ခံစားနေရ၏။ သူမ ထွက်ခွာသွားသည်ကို ကြည့်နေရုံမှအပ ဘာမှမတတ်နိုင်ဘဲ အိမ်တော်သို့သာ ပြန်ခဲ့ရတော့သည်။

ဟွာကျွင်းကတော့ စိတ်ထဲတွင် တွေးတောနေမိသည်။

‘တကယ် ထူးဆန်းတာပဲ’

‘ငါတို့ကြားမှာ ဘာမှမဖြစ်ခဲ့ဘဲ အရင်လိုပဲ ပြန်ဖြစ်သွားတာကို ဘာလို့ ရင်ထဲမှာ ဒီလောက်တောင် နာကျင်နေရတာလဲ’

သူမ ဆိုင်ထဲပြန်ဝင်လာသောအခါ မျက်ဝန်းများမှာ နီရဲနေ၏။ လူတိုင်း၏ စိုးရိမ်တကြီး ကြည့်နေသော အကြည့်များကို ရင်ဆိုင်ရင်း သူမက ပြောလိုက်သည်

“ဒီနေ့ အသားကင်မီးခိုးတွေက ဘာလို့ ဒီလောက်တောင် များနေတာလဲ။ မျက်စိတွေတောင် စပ်လာပြီ”

ဟွာရှန့် သူမကို တစ်ရှူးတစ်ထုပ် ကမ်းပေးသည်။ မော့ချွမ်းက နှာခေါင်းရှုံ့ကာ သူမ၏ စကားနောက်ကို လိုက်ပေး၏။

“လွန်ခဲ့တဲ့ ရက်ပိုင်းက ဝယ်ထားတဲ့ ကျောက်မီးသွေးတွေ မကောင်းလို့ ဖြစ်မှာပါ။ နောက်တစ်ခါကျရင် တခြားနေရာကနေ ပြောင်းဝယ်ရမယ်”

ထို့နောက် သူ ဆက်ပြော၏။

“ဟိုကလေးကတော့ မဆိုးပါဘူး။ အလုပ်လုပ်တာ နည်းနည်း ကပေါက်တိကပေါက်ချာ နိုင်ပေမဲ့ တော်တော်လေးတော့ ကြိုးစားရှာတယ်”

ဟွာကျွင်းက လျိုယောင်ကျူကို လှမ်းကြည့်လိုက်သည်။ သူသည် စားပွဲနှင့် ကုလားထိုင်များကို သေသေချာချာ စီနေ၏။ အချိန်အနည်းငယ် အလုပ်လုပ်လိုက်ရခြင်းနှင့် ဆိုင်ထဲက အပူရှိန်ကြောင့် အင်္ကျီများမှာ ချွေးများဖြင့် ရွှဲစိုနေပြီဖြစ်သည်။

ဟွာကျွင်း ထိုကလေးလေးကို လှမ်းခေါ်လိုက်၏။

“သူသာ တစ်နာရီလောက် ဒီလိုဆက်လုပ်နေရင် ဝိတ်တောင် ကျသွားဦးမယ်။ လျိုယောင်ကျူ ဒီကိုလာဦး”

လျိုယောင်ကျူသည် ဖောင်းအိနေသော ပါးလေးများ တုန်ခါနေအောင် ပြေးလာသည်မှာ တကယ့်ကို ချစ်စရာကောင်းလှသည်။

“သူဌေးမဟွာ... ကျွန်တော့်ကို ခေါ်တာလား”

“မင်းအဖေက မင်းကို နေ့တိုင်း ဘာတွေကျွေးတာလဲ”

လျိုယောင်ကျူက လက်ချောင်းလေးများဖြင့် ရေတွက်ပြ၏။

“မနက်ပိုင်းဆိုရင် ပေါင်မုန့်လုံးနဲ့ ဆန်ပြုတ်၊ နေ့လယ်ဆိုရင် ဆန်ပြုတ်နဲ့ အသီးအရွက်ချဉ်... ဒါပေမဲ့ ကျွန်တော် အဲဒါတွေကို မစားပါဘူး၊ တော်တော် ရွံစရာကောင်းတာ။ ကျွန်တော် အမြဲတမ်း အပြင်ကို ခိုးထွက်ပြီး အရသာရှိတာတွေ ဝယ်စားတယ်။ ညဘက်ဆိုရင်တော့ ပန်ကိတ်စားတယ်၊ ဦးလေးကျန်းရဲ့ ပန်ကိတ် တွေက တကယ့်ကို အရသာရှိတာ၊ ကျွန်တော်က ကြက်အူချောင်းကို အကြိုက်ဆုံးပဲ”

All Chapters