အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း (၁၆၃)
ဝတုတ်လေး၏ နာကျည်းချက်များ
“သားအဖေက ဝိတ်ချခိုင်းတာက သားကောင်းဖို့အတွက်လေ။ အရမ်းဝနေရင် အရပ်မရှည်နိုင်ဘူးလေ။ ဘာလို့ ခိုးစားနေရတာလဲ”
“ကျွန်တော့်ကို အစားမကျွေးတာက သတ်တာထက်တောင် ပိုဆိုးသေးတယ်”
ဟွာကျွင်း တွေးမိသည်မှာလည်း အမှန်ပင်။ ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်ထားသည့် မိသားစုမှ ကလေးတစ်ယောက်အဖို့ ဝမလာအောင် ထိန်းရသည်မှာ အလွန်ခက်ခဲလှ၏။ အရွယ်ရောက်ပြီးသူဖြစ်သော ဟွာကျွင်းပင် တက္ကသိုလ်တက်ကတည်းက ကိုယ်အလေးချိန် အနည်းငယ် တက်လာခဲ့သည်။
“ဒါဆို မင်းကိုယ်တိုင်ရော ဝိတ်ချချင်လား”
ဟွာကျွင်းက သူ့ကို ညင်သာစွာ မေးလိုက်၏။
လျိုယောင်ကျူသည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ ဖောင်းအိနေသော လက်ကလေးနှစ်ဖက်မှာ ပေါင်ပေါ်တွင် ရှိနေသည်။ ထိုစကားကို ကြားသောအခါ သူသည် ခေါင်းငုံ့ကာ လက်ချောင်းလေးများကို ကစားနေပြီးမှ စိတ်ပျက်လက်ပျက်ဖြင့် ပြော၏။
“ချချင်တာပေါ့... အိမ်နီးနားချင်း ဖူနျူးက ကျွန်တော်နဲ့ မဆော့တော့ဘူး။ ကျွန်တော်က အရမ်းဝတယ်တဲ့။ အခုဆို သူက ဝမ်အာပေါင်နဲ့ပဲ ဆော့တော့တာ။ ပြီးတော့... ပြီးတော့ ဝမ်အာပေါင်နဲ့ သူ့သူငယ်ချင်းတွေက ကျွန်တော့်ကို အမြဲ အနိုင်ကျင့်ကြတယ်...”
ထိုနာကျည်းချက်များကို တွေးမိသည်နှင့် သူ့စိတ်အခြေအနေမှာ အောက်ဆုံးအထိ ထိုးကျသွားတော့သည်။
သူတို့ ပထမဆုံး အနိုင်ကျင့်တုန်းက သူ အိမ်ပြန်၍ အမေကို တိုင်ခဲ့ဖူးသည်။ သို့သော် သူ့အမေက သွားရောက် ရန်တွေ့သောအခါ လမ်းတစ်လမ်းလုံး ကြားရလောက်အောင် ဆူညံသွားခဲ့၏။ ထိုအရာက သူ့အတွက် အလွန်အရှက်ရစေသဖြင့် နောက်ပိုင်းတွင် မိသားစုကို ဘာမှ ထပ်မပြောတော့ခြင်း ဖြစ်သည်။
ဟွာကျွင်းက သူ့လက်ကို ဆုပ်ကိုင်ကာ အားပေးလိုက်၏။
“ဝိတ်ချတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်၊ ပြီးတော့ အရသာရှိတာတွေကိုလည်း အများကြီး စားလို့ရသေးတယ်။ မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်”
လျိုယောင်ကျူ ရုတ်တရက် မော့ကြည့်လာရာ သူ၏မျက်ဝန်းများမှာ စိုစွတ်နေ၏။ သူ မဝံ့မရဲဖြင့် မေးလိုက်သည်။
“အရသာရှိတာတွေ စားရင်းနဲ့လည်း ဝိတ်ချလို့ ရတာလားဟင်”
“ရတာပေါ့”
ဟွာကျွင်းက ပြတ်ပြတ်သားသား ဖြေလိုက်သည်။
“ဒါပေမဲ့ အပင်ပန်းခံနိုင်ရမယ်။ အပင်ပန်းခံနိုင်တဲ့ ကလေးတွေမှသာ ဝိတ်ချရင်းနဲ့ အရသာရှိတာတွေကို စားသုံးနိုင်မှာ”
“ကျွန်တော် ခံနိုင်ပါတယ်”
လျိုယောင်ကျူ၏ အသံမှာ ကျယ်လောင်လှပြီး မျက်ဝန်းများမှာလည်း အလွန်တည်ကြည်ခိုင်မာနေကာ ပါတီတစ်ခုသို့ ဝင်ရောက်သွားမည့်သူကဲ့သို့ ခံစားရသည်။ သူသည် ရင်ဘတ်ကို မတ်ကာ ကတိပေးတော့၏။
“သူဌေးမဟွာ... ကျွန်တော် အပင်ပန်းခံနိုင်ပါတယ်”
ဟွာကျွင်းသည် သူ့ကိုကြည့်ကာ ပြုံးမိသွားသည်။
‘ဘယ်သူက သူ့ကို ဆိုးတဲ့ကလေးလို့ ပြောတာလဲ’
ဂျီမကျသည့်အချိန်မှာ သူက တကယ့်ကို ချစ်စရာကောင်းလှသည်။
“မမတို့ဘေးနားမှာ မူလတန်းကျောင်းတစ်ကျောင်း ရှိတယ်၊ မင်းနဲ့ အသက်တူတဲ့ ကလေးတွေ အများကြီးရှိတယ်။ အဲဒီမှာ စာသင်ရုံတင်မကဘူး၊ ကိုယ်ခံပညာလည်း သင်ပေးတယ်။ မနက်ဖြန်ကစပြီး မင်း နေ့ဘက်မှာ အဲဒီမှာ စာသင်၊ ညဘက်ကျရင် မမတို့ မုန့်ဆိုင်မှာ လာကူပေးရမယ်”
“နေ့ဘက် ကျောင်းမှာ ထမင်းဖြူနဲ့အတူ ကြက်ပေါင်၊ အမဲသား စတာတွေကို နေ့တိုင်း အလှည့်ကျကျွေးတဲ့ ထမင်းစားဆောင် ရှိတယ်။ ညဘက်ကျရင်လည်း မမဟွာကျွင်းက တခြားအရသာရှိတာတွေ ပြင်ပေးမယ်။ ဘယ်လိုလဲ”
ဟွာကျွင်းက တစ်ခွန်းပြောတိုင်း လျိုယောင်ကျူ၏ မျက်လုံးများက ပို၍ တောက်ပလာ၏။
“စားစရာတွေလည်း ရှိမယ်၊ သူငယ်ချင်းတွေလည်း ရမယ်ပေါ့”
“ဟုတ်တယ်၊ ဒါပေမဲ့ မင်း မမကို ကတိပေးရမယ်။ တစ်ခုခုဆိုတာနဲ့ မြေကြီးပေါ် လှဲငိုတာမျိုး မလုပ်ရဘူး။ အဲဒီလိုဆိုရင် သူငယ်ချင်းကောင်းတွေ ရဖို့ ခက်လိမ့်မယ်”
လျိုယောင်ကျူက နှုတ်ခမ်းဆူကာ ပြန်ပြော၏။
“ဒါပေမဲ့ အမေက ပြောတယ်... ကျွန်တော် အဲဒီလိုလုပ်ရင် အဖေက အကုန် အလျှော့ပေးပြီး ကျွန်တော် လိုချင်တာ အကုန်ပေးတယ်တဲ့”
ဟွာကျွင်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
“အဲဒါက မင်းအဖေကို ကိုင်တွယ်တဲ့ မင်းအမေရဲ့ နည်းလမ်းလေ။ သူငယ်ချင်းတွေအပေါ်မှာ အဲဒီလို သုံးလို့မရဘူး။ တခြားသူတွေဆီက စစ်မှန်တဲ့ ဆက်ဆံရေးကို ရဖို့ဆိုရင် ကိုယ်တိုင်ကလည်း အရင်ဆုံး အစစ်အမှန် ဆက်ဆံရမယ်”
လျိုယောင်ကျူ ခေါင်းညိတ်လိုက်၏။
“နားလည်ပါပြီ သူဌေးမဟွာ။ ကျောင်းမှာ ကျွန်တော် အဲဒီလို မလုပ်တော့ပါဘူး။ တကယ်တော့ မြေကြီးပေါ် လူးလှိမ့်ရတာကို ကျွန်တော်လည်း မကြိုက်ပါဘူး၊ အဲဒါက တကယ်တော့ တော်တော် ပင်ပန်းတယ်”
ဟွာကျွင်း ပို၍ပင် ရယ်ချင်သွားတော့သည်။ သူမသည် လျိုယောင်ကျူ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်ပေးကာ ပြောလိုက်၏။
“မကြိုက်ရင် မလုပ်နဲ့တော့။ တစ်ခုခု လိုချင်ရင် ကိုယ့်ဘာသာ ကြိုးစားပြီး ရယူရတယ်၊ နားလည်လား။ ကဲ... အချိန်တန်ပြီ၊ အိမ်ပြန်တော့”
လျိုယောင်ကျူက မကျေမနပ်ဖြစ်သွားသည်။
“ကျွန်တော် မဆော့ရသေးဘူး။ ဘာလို့ စောစောပြန်ခိုင်းရတာလဲ...”
“စောစောအိပ်မှ ဖြစ်မယ်လေ။ မနက်ဖြန် မူလတန်းကျောင်း သွားရဦးမှာ မဟုတ်လား”
ဟွာကျွင်း မပြန်ချင် ဖြစ်နေသော လျိုယောင်ကျူကို ချော့တစ်ခါ၊ ချောက်တစ်လှည့်ဖြင့် ရထားလုံးပေါ် တင်ပေးလိုက်ပြီး အပြန်တွင် လီနျန်၏ နေရာသို့ ခဏဝင်ခဲ့သည်။
လီနျန်သည် ညတိုင်း မုန့်ဆိုင်က ဧည့်သည်များ မပြန်မချင်း အပ်ချုပ်အလုပ်ရုံတွင် ရှိနေတတ်ပြီး စာရင်းဇယားများကို စစ်ဆေးခြင်း၊ အခန်းသန့်ရှင်းရေးလုပ်ခြင်းနှင့် ဟွာကျွင်းနှင့် စကားစမြည် ပြောဆိုခြင်းများ ပြုလုပ်လေ့ရှိသည်။
ဟွာကျွင်းကို မြင်သောအခါ လီနျန် အတော်လေး အံ့သြသွား၏။
“သူဌေးမဟွာ... ဒီနေ့ မုန့်ဆိုင်ကို အစောကြီး ပိတ်လိုက်တာလား”
“ဒီနေ့ မုန့်ဆိုင်က အစားအသောက် အနံ့က နည်းနည်း... ထူးဆန်းနေလို့ လူတွေ လန့်ပြေးကုန်ကြတယ်။ ဒါကြောင့် အစောကြီးပိတ်ပြီး အနားယူလိုက်တာ။ ရှင့်ကို ပြောစရာလေး ရှိလို့ လာခဲ့တာပါ”
သူမသည် ငွေအိတ်တစ်အိတ်ကို စားပွဲပေါ် တင်လိုက်ပြီး ပြော၏။
“မူလတန်းကျောင်းက ကလေးတွေက ကြီးထွားလာမဲ့ အရွယ်တွေဆိုတော့ သူတို့ရဲ့ အစားအသောက်တွေက အာဟာရပြည့်ဝပြီး အသား၊ ငါး၊ အသီးအရွက် မျှတရမယ်။ အဲဒီအတွက် ပိုက်ဆံကို မနှမြောပါနဲ့”
လီနျန်က အံ့သြတကြီး မေးလိုက်သည်။
“စစ်သူကြီးလုကလည်း အခုလေးတင် ငွေတွေ ပို့ထားတယ်လေ၊ မသိဘူးလား”
ပြောပြောဆိုဆိုနှင့် သူမက ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ကာ ဟွာကျွင်းကို ထိုင်ရန် အချက်ပြသည်။
ဟွာကျွင်းမှာ စကားပင် မပြောနိုင်တော့ပေ။ သူမ ၎င်းကို တကယ် မသိခဲ့ပေ။
“သူ ကျွန်မကို မပြောဘူးပဲ။ ထားပါတော့၊ ဒါတွေကိုလည်း သိမ်းထားလိုက်ပါ။ မူလတန်းကျောင်းကို စီမံခန့်ခွဲဖို့ သင့်တော်တဲ့သူ မတွေ့သေးခင်အထိ ရှင့်ကိုပဲ ခဏလောက် ကူညီကြည့်ရှုပေးဖို့ တောင်းဆိုရပါလိမ့်မယ်”
“ရပါတယ် သူဌေးမဟွာ၊ စိတ်မပူပါနဲ့။ ကျွန်မ စီမံနိုင်ပါတယ်”
သူမသည် ဟွာကျွင်းဘေးတွင် ထိုင်လိုက်ပြီး ပြော၏။
“မူလတန်းကျောင်းဆိုတာက တခြားနေရာတွေနဲ့ မတူဘူးလေ။ လူရွေးတဲ့အခါမှာ အထူးသတိထားရမယ်။ ကျွန်မလည်း သေသေချာချာ စောင့်ကြည့်ပေးပါ့မယ်”
ဟွာကျွင်းက ခေါင်းညိတ်ထောက်ခံ၏။
“ဆရာခေါ်တဲ့ ကြေညာစာ ကပ်ထားတာ ကြာပြီ၊ ဘယ်သူမှ လာမမေးကြဘူးလား”
နေ့ဘက်တွင် မုန့်ဆိုင်၌ လူမရှိသလို၊ စွန်းရှို့ချိုက်မှာလည်း စာသင်ခြင်း သို့မဟုတ် စာဖတ်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးတတ်သူ ဖြစ်သဖြင့် ဆက်သွယ်ရန် လိပ်စာကို ပန်းထိုးအလုပ်ရုံဟု ပေးထားခြင်းဖြစ်သည်။
“ဘယ်သူမှ လာမမေးသေးဘူး”
လီနျန်က ဟွာကျွင်းကို စိုးရိမ်တကြီး ပြော၏။
“စာတတ်ပေတတ် ပညာရှိတွေဆိုတာက မာန်မာန ကြီးကြတယ်လေ။ သူတို့တွေ ဒီကိုလာပြီး စာသင်ပေးချင်ပါ့မလားလို့ တွေးမိတယ်...”
ဟွာကျွင်း နားလည်လိုက်သည်။
“ဆက်ပြီး စောင့်ကြည့်ကြတာပေါ့။ လောလောဆယ်တော့ စွန်းရှို့ချိုက်ကိုပဲ အားကိုးရမှာပဲ”
ထို့နောက် လီနျန်က ပန်းထိုးအလုပ်ရုံ၏ လတ်တလော အခြေအနေများကို ရှင်းပြသည်။ ဆောင်းတွင်းဝတ်စုံ အမှာစာများ လျော့နည်းသွားပြီး နွေဦးနှင့် နွေရာသီဝတ်စုံများအကြောင်း လာမေးသူ များပြားနေ၏။
ဟွာကျွင်းသည်လည်း ဟွာရှန့်ဆီသို့ အွန်လိုင်းမှ မေးမြန်းမှုများ ရောက်ရှိနေသည်ကို သတိရလိုက်သည်။ ရာသီဥတု ပူနွေးလာသည်နှင့်အမျှ လူများမှာ ရှေးခေတ်ဝတ်စုံများကို ပြန်လည် ဝတ်ဆင်ချင်လာကြ၏။
ဟွာကျွင်းက လီနျန်ကို ပြောလိုက်သည်။
“နွေဦးက တိုတောင်းလွန်းတယ်၊ ဒါကြောင့် လောလောဆယ် နွေဦးဝတ်စုံတွေ မချုပ်တော့ဘူး။ ပန်းထိုးအလုပ်ရုံအနေနဲ့ နွေရာသီဝတ်စုံတွေ ရောင်းဖို့အတွက် တန်းပြီး ပြင်ဆင်ထားလိုက်ပါ။ နောက်ရက်အနည်းငယ်အတွင်း ကျွန်မ ဒီဇိုင်းတွေ ယူလာပေးမယ်”
လီနျန်က ဟွာကျွင်းကို စာရင်းဇယားများ ထပ်ပြရန် ပြင်သော်လည်း ဟွာကျွင်းမှာ သူမ၏ မုန့်ဆိုင်စာရင်းများကြောင့်ပင် ခေါင်းကိုက်နေပြီ ဖြစ်သည်။ နောက်တစ်ခါမှ ကြည့်တော့မည်ဟု အကြောင်းပြကာ မုန့်ဆိုင်သို့ အပြေးပြန်လာခဲ့၏။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် မျှစ်ချဉ်နံ့မှာ ရှိနေဆဲပင်။ တကယ်ကို စွဲမြဲလှသည့် အနံ့ပေ။
ပုံမှန်အားဖြင့် အိမ်တွင် တစ်ထုပ်စားလျှင် ဘာမှမဖြစ်သော်လည်း ယနေ့ညက စုစုပေါင်း အထုပ်လေးဆယ်ကျော် ပြုတ်ခဲ့ခြင်း ဖြစ်ရာ မုန့်ဆိုင်အတွင်းရှိ အနံ့မှာ အလွန်ပင် ပြင်းထန်လှသည်။
မော့ချွမ်းနှင့် တခြားသူများမှာ အပြင်ဘက်တွင် ပုန်းနေကြပြီဖြစ်သည်။ ဟွာကျွင်းက သူတို့ကို တစ်ယောက်ချင်းစီ ပြန်ခေါ်ကာ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်များ ဖွင့်ခိုင်းပြီး စန္ဒကူးနံ့သာတိုင် ခုနစ်တိုင်၊ ရှစ်တိုင်ခန့် ထွန်းလိုက်ရသည်။
မော့ချွမ်းက ပြောလိုက်၏။
“အနံ့ရလား။ ဒါက ချစ်ခြင်းမေတ္တာရဲ့ အချဉ်ဖောက်ထားတဲ့ အနံ့ဆိုးကြီးပဲ”
ဟွာကျွင်းက လှမ်းကန်လိုက်သော်လည်း မော့ချွမ်းမှာ သွက်လက်လှသဖြင့် သုံးမီတာခန့် အဝေးသို့ ခုန်ရှောင်သွားကာ ဟွာကျွင်း လွဲသွားတော့သည်။
ထိုညတင်မကဘဲ နောက်တစ်နေ့တွင်လည်း မုန့်ဆိုင်အတွင်း၌ အနံ့မှာ ကျန်ရှိနေသေး၏။ ဟွာကျွင်းသည် စားပွဲ၊ ကုလားထိုင်နှင့် ကြမ်းပြင်အားလုံးကို ပွတ်တိုက်ဆေးကြောပြီး ပန်ကာအကြီးကြီးများကို တစ်နေကုန် ဖွင့်ထားလိုက်ရသည်။ ညနေပိုင်းရောက်မှသာ အနံ့မှာ အတော်လေး လျော့ပါးသွားတော့သည်။
ဟွာကျွင်း တွေးမရ ဖြစ်နေ၏။ လျိုချန်းသို့ သွားတုန်းကလည်း ဤမျှ အနံ့မပြင်းခဲ့ပေ။ အဘယ်ကြောင့် ကိုယ်တိုင်ချက်သည့်အခါမှ အနံ့က ဒီလောက် ပြင်းနေရသနည်း။
သူမ အွန်လိုင်းတွင် ရှာဖွေကြည့်မှသာ အထုပ်လိုက်ရောင်းသည့် ခရုခေါက်ဆွဲထဲမှ မျှစ်ချဉ်များမှာ မုန့်ဆိုင်က မျှစ်ချဉ်များထက် အများကြီး ပိုနံကြောင်း သိလိုက်ရသည်။
နောင်တွင် ခရုခေါက်ဆွဲ ထပ်ရောင်းမည်ဆိုပါက မျှစ်ချဉ်ကို အွန်လိုင်းမှ တိုက်ရိုက်ဝယ်ပြီး အထုပ်ထဲပါသည့် အရာများကို အသုံးမပြုရန် သူမ ဆုံးဖြတ်လိုက်သည်။ ဤသို့ဖြင့် ခရုခေါက်ဆွဲ၏ အရသာကို ရရှိစေပြီး အနံ့လည်း အလွန်အမင်း မပြင်းထန်တော့ပေ။
အခန်း (၁၆၄)
နောက်တစ်ယောက်က ပိုကောင်းမှာပါ
လျိုယောင်ကျူသည် မူလတန်းကျောင်းသို့ စတင်တက်ရောက်ခဲ့ပြီး ထိုနေရာတွင် အချမ်းသာဆုံးကလေး ဖြစ်လာခဲ့သည်။
သူသည် စကားပြောလည်း ကောင်းမွန်သဖြင့် ယောက်ျားလေး မိန်းကလေးသူငယ်ချင်းကောင်းများကို လျင်မြန်စွာ ရရှိခဲ့၏။ ဖူနျူး သူ့ကို အဖက်မလုပ်တော့သည့်အပေါ် သူ ဝမ်းမနည်းတော့ပေ။
ယခင်က သူ အလွန်မုန်းတီးခဲ့သော ကျောင်းတက်ရခြင်းမှာ ယခုအခါ စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။
ဤနေရာရှိ ကျောင်းမှာ မြို့ထဲကကျောင်းများနှင့် အလွန်ကွာခြား၏။ ဆရာစွန်းမှာ တင်းကျပ်သူဖြစ်သော်လည်း ကျောင်းရှိ လက်ရေးလှ လေ့ကျင့်ခန်းစာအုပ်များမှာ အရောင်အသွေး စုံလင်ပြီး ချစ်စရာကောင်းသော သရုပ်ဖော်ပုံများစွာ ပါရှိသည်။
နေ့လယ်စာတွင် အသား၊ ဟင်းသီးဟင်းရွက်နှင့် ထမင်းတို့ ပါဝင်ပြီး ဟင်းလျာများမှာ အလွန်ပင် မွှေးကြိုင်လှ၏။ အရသာမရှိသော ဆန်ပြုတ်ကြမ်းများကို သောက်စရာမလိုတော့ဘဲ တကယ့်ကို နတ်ဘုံနတ်နန်းက ဘဝမျိုးပင် ဖြစ်တော့သည်။
သူအကြိုက်ဆုံးမှာ ကိုယ်ခံပညာအတန်း ဖြစ်သည်။ သို့သော် ဤနေရာတွင်တော့ ကာယပညာဟု ခေါ်၏။ ကာယသင်ပေးသော နည်းပြလီမှာ အလွန်ပင် တည်ကြည်လေးနက်သူဖြစ်သည်။ သူက အတန်းတိုင်းကို သေသေချာချာ တက်ရောက်မည်ဆိုလျှင် အပြင်တွင် မည်သူမှ အနိုင်ကျင့်ရဲတော့မည် မဟုတ်ကြောင်းပင် ပြောခဲ့သေးသည်။
ညနေပိုင်းတွင် မုန့်ဆိုင်ရှိ အစားအသောက်များမှာ ပို၍ပင် အရသာရှိလာပြီး ကြက်ဥ၊ နွားနို့၊ အသားညှပ်ပေါင်မုန့်နှင့် အသားကင်များပင် ပါဝင်လာ၏။
ဟွာကျွင်း ကိုယ်အလေးချိန်တိုင်းစက်ပင် ပြင်ဆင်ပေးထားပြီး သုံးလေးရက်အတွင်းမှာတင် သူ သုံးကတ်တီခန့် ကျသွားခဲ့သည်။
သူသည် ဤနေရာက ဘဝကို တကယ်ပင် သဘောကျမိတော့၏။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လုမင်လီ တစ်ခေါက်မှ ရောက်မလာခဲ့ပေ။
တစ်ခုခုရှိလျှင် နည်းပြလီမှတစ်ဆင့် ဟွာကျွင်းထံသို့ စကားပါးတတ်သည်။ ဟွာကျွင်း တစ်ခုခုရှိလျှင်လည်း လီနျန်မှတစ်ဆင့် ပြန်ပြောစေသည်။
တစ်ချိန်က အတော်လေး ရင်းနှီးခဲ့ကြသူနှစ်ဦးမှာ ယခုအခါ အစိမ်းသက်သက် လုပ်ဖော်ကိုင်ဖက်များကဲ့သို့ ဖြစ်သွားကြ၏။ အီးမေးလ်များသာ ရှိလျှင် သူတို့ ဆက်သွယ်ရေးအတွက် အီးမေးလ်ကို သေချာပေါက် သုံးကြလိမ့်မည်။
အားလုံးအတွက် အကောင်းဆုံးဖြစ်မှန်း ဟွာကျွင်း သိသော်လည်း သူမ ရင်ထဲတွင်တော့ အလွန်ပင် ခါးသီးလှသည်။ အချိန်က အရာအားလုံးကို ကုစားပေးလိမ့်မည်ဟု သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ချော့နေရ၏။
လုမင်လီသည်လည်း ခက်ခဲသော အချိန်များကို ဖြတ်သန်းနေရ၏။ တစ်ဖက်တွင်လည်း ထိုညက သူ့ရင်တွင်းစကားများကို ပြောမိ၍ ဟွာကျွင်းကို စိတ်အနှောင့်အယှက် ဖြစ်စေမိသည့်အတွက် စိတ်မကောင်း ဖြစ်နေရသည်။
အခြားတစ်ဖက်တွင်လည်း လက်ရှိပြဿနာကို ဖြေရှင်းရန် နည်းလမ်းမရှာနိုင်သော သူ၏ အသုံးမကျမှုကို သူ မုန်းတီးနေမိသည်။
သူ လက်မလွှတ်ချင်သော်လည်း အတူတူမရှိနိုင်မှတော့ ဟွာကျွင်းနှင့် ဝေးဝေးနေပေးခြင်းကသာ သူမအတွက် အကောင်းဆုံးဖြစ်မည်ဟူသော ကျိုးကြောင်းဆင်ခြင်မှုက သူ့ကို သတိပေးနေ၏။
ဟွာကျွင်းတွင် သူမ၏ ပိုမိုကျယ်ပြန့်သော ကမ္ဘာရှိသည်။ သူကတော့ ထိုကမ္ဘာထဲက ဖြတ်သန်းသွားသူတစ်ဦးသာ ဖြစ်သည်။
ညတိုင်းတွင် သူ မုန့်ဆိုင်ကို လာတတ်သည်။ ဟွာကျွင်းကို အဝေးကနေ ကြည့်သည်။ သူမ နေကောင်းနေသည်ကို ကြည့်သည်။ သူမ စကားပြောပြီး ရယ်မောနေသည်ကို ကြည့်သည်၊၊ ထို့နောက်မှ သူ မြင်းစီးပြီး ပြန်သွားတတ်၏။
အရာအားလုံးက ဤအတိုင်းပင် ကုန်ဆုံးသွားပြီး သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး မေ့လျော့သွားသည်အထိ ဝေးကွာသွားကြလိမ့်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် ထိုညနေခင်းတွင် ဖိတ်မထားသော ဧည့်သည်တစ်ဦး မုန့်ဆိုင်သို့ ရောက်လာပြီး ဟွာကျွင်းကို နာမည်တပ်ကာ တွေ့ခွင့်တောင်းခဲ့သည်။
ဟွာကျွင်းသည် မီးဖိုချောင်ထဲတွင် အားမန်နှင့်အတူ မီနူးအသစ်တစ်ခုကို စမ်းချက်နေစဉ် မော့ချွမ်းက လက်သုတ်ဝတ်ကို ကိုင်ပြီး ထူးဆန်းသော မျက်နှာပေးဖြင့် ဝင်လာ၏။
“ဟွာကျွင်း၊ အပြင်မှာ တစ်ယောက်က ခင်ဗျားကို တွေ့ချင်လို့တဲ့။ ကျွန်တော်ပဲ သူ့ကို ပြန်လွှတ်လိုက်ရမလား”
ဟွာကျွင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဘယ်သူလဲဟင်”
“လုမိသားစုရဲ့ မွေးနေ့ပွဲညက လုမင်ကျဲကို လာရှာတဲ့ အမျိုးသမီးလေ။ ခင်ဗျား မှတ်မိသေးလား”
ဟွာကျွင်း ချက်ချင်း မှတ်မိသွားသည်။ သူမက လုမင်လီ၏ စေ့စပ်ထားသူဟောင်း ဖြစ်၏။
“ခင်ဗျားမှာ သူ့ကို ပြောစရာ ဘာမှမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို ပြန်ခိုင်းလိုက်ရမလား”
ဟွာကျွင်း သူမလက်ထဲက ပန်းကန်ကို အားမန်ထံ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“ကျွန်မ သွားကြည့်လိုက်ပါ့မယ်၊ သူ ဘာလိုချင်လို့လဲဆိုတာ သိရအောင်”
သူမ ဆိုင်အပြင်ဘက်သို့ ထွက်လာသောအခါ လှပကျော့ရှင်းသော ရှောင်ဝူ အမည်ရှိ အမျိုးသမီးမှာ သစ်ပင်အောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဟွာကျွင်းကို မြင်သောအခါ သူမ နှုတ်ဆက်လိုက်သည်။
“သူဌေးမဟွာ၊ မတွေ့ရတာ ကြာပြီနော်”
”သခင်မလေးရှောင်၊ ကျွန်မကို ဘာကိစ္စရှိလို့ ရှာတာလဲ”
ရှောင်ဝူ စကားကို ကွေ့ပတ်မပြောချင်ပေ။ သူမသည် ဟွာကျွင်း၏ မျက်နှာကို အကြာကြီး စိုက်ကြည့်နေပြီးနောက် မကျေမနပ်ဖြင့် ပြော၏။
“ကျွန်မ နားမလည်ဘူး”
“ဘာကို နားမလည်တာလဲဟင်”
“သူနဲ့ ကျွန်မ ဆယ်စုနှစ်တစ်ခုကျော် စေ့စပ်ထားခဲ့တာကို ရှင် သိလား”
“ကြားဖူးပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်မနဲ့ မဆိုင်ဘူးထင်တယ်”
ဟွာကျွင်းမှာ ရယ်ချင်သွားသည်။
‘ဒါက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်မျိုးလား’
ရှောင်ဝူက ဒေါသတကြီးဖြင့် ပြောလိုက်၏။
“စစ်သူကြီးယွမ်ကျိုးက ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ လက်လွှတ်နိုင်ရတာလဲဆိုတာ ကျွန်မ နားမလည်ဘူး။ ဆယ်စုနှစ်တစ်ခုကျော်က သံယောဇဉ်တွေကို ရှင့်အတွက်နဲ့ သူ ဒီအတိုင်း လက်လွှတ်လိုက်တယ်”
“ခဏလေးပါ”
ဟွာကျွင်းက သူမစကားကို ဖြတ်ပြောလိုက်သည်။
“ကျွန်မအတွက်နဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှင်တို့နှစ်ယောက် စေ့စပ်ထားတာ ပျက်သွားတာ ကြာပြီ မဟုတ်လား”
“ဒါပေမဲ့ ကျွန်မအဖေက စိတ်ပြောင်းနေပြီလေ။ သူသာ ပြန်လာမယ်ဆိုရင် ကျွန်မတို့ ပြန်ပြီး စေ့စပ်လို့ ရနေတာပဲ၊ ဒါပေမဲ့ သူက ငြင်းခဲ့တယ်...”
ရှောင်ဝူ၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ပြည့်နှက်သွားသည်။
“သူက ဘာလို့ ရှင့်ကို ရွေးချယ်ခဲ့တာလဲဆိုတာ ကျွန်မ နားမလည်ဘူး။ သူ့ရဲ့ ကလဲ့စားချေဖို့ကိစ္စက မပြီးသေးဘူး။ ရှင်က ကုန်သည်အမျိုးသမီး တစ်ယောက်ပဲလေ။ ရှင့်အနေနဲ့ သူ့အတွက် ဘာလုပ်ပေးနိုင်မှာလဲ။ သူ ဒီလို အလှအပမှာ မျက်စိကန်းသွားမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး”
‘အလှအပမှာ မျက်စိကန်းတာ’
ဟွာကျွင်းမှာ ရယ်မိသွားသည်။
‘ဒါက ငါ့အလှကို ချီးကျူးနေတာလား’
ဟွာကျွင်း ညင်သာသော လေသံဖြင့် ပြောလိုက်၏။
“ပထမအချက်အနေနဲ့ ကလဲ့စားချေတဲ့ကိစ္စက သူ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါလိမ့်မယ်။ ရှင့်အဖေကသာ အားကိုးထိုက်တဲ့သူဆိုရင် အစကတည်းက စေ့စပ်ပွဲကို ဘာလို့ ဖျက်ခိုင်းရမှာလဲ”
“ဒုတိယအချက်က ဆယ်စုနှစ်တစ်ခုကျော် စေ့စပ်ထားရုံနဲ့ ဘယ်လို သံယောဇဉ်မျိုး ရှိနိုင်မှာလဲ။ ရှင်တို့နှစ်ယောက်က ပုံမှန်တောင် ဆုံဖူး ခဲယဉ်းတယ်တဲ့”
“ဒါ့အပြင် ရှင်တို့ စေ့စပ်ပွဲက ပျက်သွားပြီလေ။ သူ့မှာလည်း ပြန်စေ့စပ်ဖို့ ဆန္ဒမရှိမှတော့ ရှင်လည်း လက်လွှတ်လိုက်ပြီး ရှင့်ကို တကယ်ချစ်တဲ့သူ၊ ရှင်ကလည်း တကယ်ချစ်ရမဲ့သူကို ရှာလိုက်တာ ပိုကောင်းပါတယ်”
ရှောင်ဝူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ အမျိုးသမီးတိုင်းက ဒီလိုပဲ မဟုတ်လား။ ကျွန်မကတော့ သူ့ရဲ့ ရုပ်ရည်ကို မြင်ဖူးသေးလို့ ကံကောင်းတယ်လို့ ပြောရမယ်။ လူအများစုက သူတို့ လက်ထပ်ရမဲ့သူကိုတောင် မမြင်ဖူးဘဲ ဒီလိုပဲ ဘဝကို ဖြတ်သန်းနေကြတာပဲ။ ကိုယ့်ကိုပြန်ချစ်မဲ့သူကို ဘယ်လိုရှာရမှာလဲ...”
ဟွာကျွင်းက ခဏစဉ်းစားပြီးမှ ပြောလိုက်၏။
“တစ်ယောက်ကို တစ်ယောက် အရင် သိအောင်လုပ်။ သူ့ကို နားလည်အောင် ကြိုးစား။ သူ့ကို လက်ခံပြီးမှ ချစ်လာအောင် ကိုယ့်ကိုယ်ကိုယ် နားချတာမျိုး မလုပ်နဲ့။ ရှင် လုမင်လီကို ချစ်တယ်လို့ ထင်နေတာက ရှင့်ရဲ့ စေ့စပ်ထားသူဆိုတဲ့ အသိကို ကျင့်သားရနေလို့ ဖြစ်နိုင်တယ်”
ရှောင်ဝူသည် ထိုစကားများထဲတွင် သူမအတွက် အချက်အလက်များစွာ ပါဝင်နေသဖြင့် ခဏမျှ စဉ်းစားမရ ဖြစ်သွားသည်။
သူမသည် လုမင်လီနှင့် ပတ်သက်ခဲ့သမျှကို သေသေချာချာ ပြန်စဉ်းစားကြည့်ရာ သူ့ကို လုံးဝ နားမလည်ကြောင်း သိလိုက်ရသည်။ သူ့ကို မြင်ဖူးသည့် အကြိမ်အနည်းငယ်မှာလည်း အမြဲတမ်း အဝေးသာ ဖြစ်၏။
“ကျွန်မ ငယ်ငယ်တုန်းက မိဘတွေက ကျွန်မမှာ မွေးကတည်းက စေ့စပ်ထားတဲ့သူ ရှိတယ်၊ သူက ပင်းယန်နယ်စားမင်းရဲ့ အမွေဆက်ခံသူလို့ ပြောခဲ့ကြတယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက စစ်သူကြီးယွမ်ကျိုး ရှိနေတာကို ကျွန်မ သိခဲ့ရတာ နောက်ပိုင်း ကြီးလာပြီး အသိဝင်လာတဲ့အခါ သူ့အပေါ် စိတ်ဝင်စားလာမိတယ်။ ကျွန်မ တစ်သက်လုံး အတူနေရမဲ့သူက ဘယ်လိုလူလဲဆိုတာ သိချင်ခဲ့တယ်”
“အဘွားလုက အမွှေးနံ့သာ ပူဇော်ကန်တော့ဖို့ သွားတိုင်း စစ်သူကြီးယွမ်ကျိုးက အမြဲ လိုက်ပါတတ်တယ်။ ဒါကြောင့် ကျွန်မကို လိုက်ပို့ပေးဖို့ အမေကို ပူဆာပြီး သူ့ကို အဝေးကနေ လှမ်းကြည့်ခဲ့ဖူးတယ်။”
“သူက... တော်တော်လေး ချောပါတယ်။ လူအုပ်ထဲမှာ သူ ပြုံးရယ်ပြီး စကားပြောနေတာကို မြင်ရတော့ အဲဒီလို လူမျိုးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ အသိက ကျွန်မကို ပျော်ရွှင်စေခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ သတ္တိမွေးပြီး သူ့ဆီ စာတွေရေးတယ်၊ မင်ကျဲကို ပို့ခိုင်းတယ်၊ ဒါပေမဲ့ စစ်သူကြီးက အမြဲ အလုပ်များနေတော့ ကျွန်မဆီ စာပြန်တာ တော်တော် ရှားပါတယ်။ ကျွန်မကို မလှောင်ပါနဲ့၊ တကယ်တော့ ကျွန်မက စစ်သူကြီးထက် မင်ကျဲနဲ့ စကားပြောဖြစ်တာက ပိုများပါတယ်။ အခု ရှင် သတိပေးမှပဲ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ ခံစားချက်က ဘာလဲဆိုတာ ကျွန်မ ကိုယ်တိုင်တောင် မသိတော့ဘူး”
သူမက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်ရင်း ပြောသည်။
“ဒါနဲ့ နောက်ပိုင်းမှာ နယ်စားမင်းအိမ်တော်မှာ မတော်တဆဖြစ်တော့ ကျွန်မအဖေက ပြတ်ပြတ်သားသားပဲ စေ့စပ်ပွဲကို ဖျက်လိုက်တယ်။ ကျွန်မ ဂျီကျခဲ့ပေမဲ့လည်း ဘာမှ ထူးမလာခဲ့ဘူး”
“ကျွန်မ ဝမ်းနည်းခဲ့တာပေါ့၊ ဒါပေမဲ့ ဘာလုပ်နိုင်မှာလဲ။ ကျွန်မက အိမ်ထောင်မရှိတဲ့ အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက်ပဲ၊ အဖေ့စကားကို နားထောင်ရမှာပဲ”
ဟွာကျွင်းက သူမကို နှစ်သိမ့်လိုက်၏။
“ဒါတွေက အတိတ်ကကိစ္စတွေပါ။ တို့တွေက ရှေ့ကိုပဲ ကြည့်ရမယ်။ ယောက်ျားတွေဆိုတာကတော့ လမ်းခွဲလိုက်ရင် လမ်းခွဲလိုက်တာပဲ။ နောက်တစ်ယောက်က ပိုကောင်းမှာပါ”
ရှောင်ဝူသည် ထိုစကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး ကာရန်လေးပင် ကိုက်နေသေးသည်။ သူမ၏ စိုးရိမ်ပူပန်နေသော မျက်နှာပေးမှာ ပျောက်ကွယ်သွားပြီး အားရပါးရ ရယ်မောလိုက်တော့၏။
သူမက မူလကတည်းက လှပသူဖြစ်ပြီး သူမ ရယ်သံမှာ နွေဦးလေညင်းလေးကဲ့သို့ ဖြစ်နေသဖြင့် ဟွာကျွင်းပင် မှင်တက်ကာ ငေးကြည့်နေမိသည်။
ရှောင်ဝူသည် ခဏမျှ ရယ်မောပြီးနောက် ဟွာကျွင်းကို ပြန်မေး၏။
“ရှင်ကော။ ရှင်ကော သူ့ကို ချစ်လား”
ဟွာကျွင်းက ခေါင်းခါလိုက်ပြီး သူမ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်လေး တစ်ချက် ဖြတ်ပြေးသွားသည်။
“သူနဲ့ ကျွန်မက ဘယ်တော့မှ မဖြစ်နိုင်ဘူးလေ”