← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅)

ပုစွန်ပြုတ်

ရှောင်ဝူ နားမလည်နိုင်ဘဲ မေးလိုက်၏။

“ဘာလို့ မဖြစ်နိုင်ရမှာလဲဟင်။ ရှင်တို့နှစ်ယောက်က တစ်ယောက်အကြောင်းတစ်ယောက် သေသေချာချာ သိနေကြတာပဲဟာ”

“ဒါက ရှင့်ကို ဘယ်လိုရှင်းပြရမလဲတောင် မသိတော့ပါဘူး၊ တစ်ခါတလေကျရင် လူနှစ်ယောက် အတူတူရှိနိုင်ဖို့က အချက်အလက်တွေ အများကြီးအပေါ်မှာ မူတည်နေတတ်တယ်လေ၊ အပြန်အလှန် ချစ်နေကြရုံနဲ့တင် ဆုံးဖြတ်လို့မရတဲ့ အရာတွေရှိတယ်”

ရှောင်ဝူက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တာတော့ ဟုတ်ပါတယ်၊ မိဘတွေရဲ့ အမိန့်နဲ့ အောင်သွယ်တော်တွေရဲ့ စကားတွေကလည်း အတားအဆီးတွေ ဖြစ်နိုင်တာပဲ။ ဒါဆို ရှင့်ရဲ့ အစီအစဉ်က ဘာလဲဟင်”

ဟွာကျွင်း၏ နှုတ်ခမ်းမှာ အနည်းငယ် ကွေးညွတ်သွားပြီး ပြောလိုက်၏။

“အချို့လူတွေကတော့ လွဲချော်သွားပြီဆိုရင်လည်း လွဲချော်သွားပါစေတော့။ ဘဝကတော့ ရှေ့ကို ဆက်သွားရဦးမှာပဲလေ”

ရှောင်ဝူသည် ဟွာကျွင်းကို ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာတွင် လေးစားအားကျရိပ်များ ထင်ဟပ်နေတော့သည်။

“တကယ်တော့ ရှင့်ရဲ့ အကြောင်းတွေကို ကျွန်မ ကြားဖူးပါတယ်။ ရှင်က သူရဲကောင်း အမျိုးသမီးတစ်ယောက်လို့ ပြောရင်တောင် မမှားပါဘူး။ ကျွန်မ... ကျွန်မ အစကတည်းက ရှင့်ကို တကယ်လေးစားခဲ့တာပါ၊ ဒါပေမဲ့ အစွဲအလမ်းတစ်ခုကြောင့် ရှင့်ကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောမိခဲ့တယ်။ အခု ရှင့်နဲ့ ရင်ဖွင့်စကား ပြောကြည့်ပြီးမှ ကျွန်မ ဘယ်လောက်တောင် လွန်သွားခဲ့သလဲဆိုတာ သိလိုက်ရတယ်”

သူမ အမှားကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည့်အတွက် ဟွာကျွင်း အလွန်အံ့သြသွားသည်။ နူးညံ့သိမ်မွေ့ပုံရသော မိန်းကလေးတစ်ဦးမှာ ဤမျှ ဖြောင့်မတ်သော စိတ်ဓာတ်ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမက ပြန်လည်နှစ်သိမ့်လိုက်၏။

“ကျွန်မ စိတ်ထဲမထားပါဘူး၊ ရှင်လည်း အဲဒါအတွက် စိတ်မပူပါနဲ့တော့။ ရှင့်ကို ပိုဂရုစိုက်မဲ့ ရှင့်နဲ့ ပိုပြီး သင့်တော်မဲ့သူကို တွေ့လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”

ရှောင်ဝူကလည်း သဘောတူသည်။

“ကျွန်မ မိသားစုနဲ့ တိုက်ပွဲဝင်ရမယ်၊ အဲဒီလူက ကျွန်မအတွက် သင့်တော်တဲ့သူ ဟုတ်မဟုတ် မဆုံးဖြတ်ခင်မှာ အရင်ဆုံး သူ့ကို သိအောင်လုပ်ဖို့ ခွင့်တောင်းရမယ်”

ရှောင်ဝူသည် မိသားစု၏ အလိုလိုက်ခြင်းကို ခံထားရသော မိန်းကလေးတစ်ဦးနှင့် တူ၏။ သူမ၏ မိဘများသည်လည်း သူမကို တခြားသူများထက် ပို၍ လွတ်လပ်ခွင့် ပေးကြလိမ့်မည်ဟု ဟွာကျွင်း တွေးမိသည်။

မိန်းကလေးနှစ်ဦးကြားရှိ စိမ်းသက်မှုများမှာလည်း ပျောက်ကွယ်သွားသည်။ သူတို့နှစ်ဦး အစားအသောက်များအကြောင်းနှင့် မကြာမီ ထွက်ရှိတော့မည့် နွေရာသီဝတ်စုံများအကြောင်း အတော်ကြာအောင် စကားပြောဖြစ်ကြသည်။ အစေခံတစ်ဦး လာခေါ်သည့်အခါမှသာ ရှောင်ဝူသည် မပြန်ချင်ပြန်ချင်ဖြင့် ဟွာကျွင်းကို နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

ဟွာကျွင်းသည်လည်း သူမနှင့် ရင်ဖွင့်စကား ပြောဆိုခဲ့ရသဖြင့် စိတ်ထဲတွင် အတော်လေး ပေါ့ပါးသွား၏။ သူမက ရှောင်ဝူကို အလင်းပြပေးခဲ့သလို ဖြစ်နေသော်လည်း တကယ်တမ်းတွင် သူမကိုယ်သူမလည်း အလင်းပြလိုက်ခြင်းပင်။

မုန့်ဆိုင်က လူများ မှာတော့ ဟွာကျွင်းတစ်ယောက်တည်း ထွက်တွေ့နေသည်ကို အလွန်စိုးရိမ်နေကြ၏။ သူတို့အားလုံး ဆိုင်ဝတွင် စုပြုံတိုးကာ အခြေအနေကို စောင့်ကြည့်နေကြပြီး စကားမပြောနိုင်ဘဲ ရန်ဖြစ်ကြမှာကို ကြောက်နေကြသည်။

သူတို့ ကြည့်နေရင်းမှာပင် အမျိုးသမီးနှစ်ဦးမှာ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်ကို မြင်လိုက်ရမှ ရင်ထဲက အပူလုံးကြီး ကျသွားတော့သည်။

ဟွာကျွင်း လှည့်ပြန်လာသည်ကို မြင်သည်နှင့် သူတို့အားလုံး ဆိုင်ထဲသို့ အပြေးအလွှား ပြန်ဝင်ကာ အလုပ်ရှုပ်ဟန် ဆောင်နေကြတော့သည်။

ဟွာကျွင်း ဆိုင်ထဲဝင်လာပြီး မော့ချွမ်းကို မျက်စောင်းထိုးလိုက်၏။

“ရှင် ဘာလုပ်နေတာလဲ။ တံခါးဝမှာ စုပြုံပြီး အတင်းပြောနေတာလား။ အလုပ် မလုပ်တော့ဘူးလား”

မော့ချွမ်းမှာတော့ အလွန်ပင် ပျော်ရွှင်နေသည်။ အနည်းဆုံးတော့ သူမ သူ့ကို ဆူပူနိုင်သည့် အားအင် ရှိနေသေးသည်။ သူ လျှာထုတ်ကာ ထုံးစံအတိုင်း ပြန်မပြောဘဲ မီးဖိုချောင်ထဲသို့ အပြေးဝင်သွားတော့သည်။

ဟွာကျွင်း ပြန်ကြည့်လိုက်သောအခါ ဟွာရှန့်နှင့် လျိုယောင်ကျူတို့မှာလည်း ဘာမှမဖြစ်ခဲ့သလိုပင် စားပွဲများ သုတ်ခြင်း၊ ဟင်းပွဲများ ချပေးခြင်းတို့ကို အလွန် တည်တည်တံ့တံ့ လုပ်ဆောင်နေကြ၏။ ပြဿနာရှာမိမှာကို သူတို့ အလွန်ကြောက်နေပုံရသည်။

ဟွာကျွင်း ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။ ကလေးများကတော့ လိမ္မာနေဆဲပင်။

အထူးသဖြင့် လျိုယောင်ကျူ ဖြစ်သည်။ သူ၏ ဖောင်းအိနေသော လက်ကလေးနှစ်ဖက်ဖြင့် စားပွဲကို အားစိုက်သုတ်နေရှာသည်။ အမှန်တော့ သူမ သူ့ကို စားပွဲတွေ ပြောင်စင်သွားအောင် သုတ်ခိုင်းခြင်း မဟုတ်ဘဲ လေ့ကျင့်ခန်း လုပ်စေချင်ရုံသာ ဖြစ်သည်။

ဟွာကျွင်း မီးဖိုချောင်ထဲသို့ ဝင်လာပြီး ကြေညာလိုက်၏။

“ဒီနေ့တော့ ပုစွန်စားကြမယ်”

ဟွာရှန့်က လက်ခုပ်တီးကာ အားပေးသည်။

“ဝါး။ ဟင်းအသစ် ထပ်စားရဦးမယ်”

လျိုယောင်ကျူ ရောက်လာကတည်းက သူ အိမ်စောစောပြန်နိုင်ရန်အတွက် သူတို့၏ ညစာစားချိန်ကို ရှေ့တိုးထားခဲ့ကြသည်။

မနက်ပိုင်းတွင် ဘေးမှ ပင်လယ်စာဆိုင်တွင် လတ်လတ်ဆတ်ဆတ် ပုစွန်အရှင်များကို တွေ့ခဲ့သဖြင့် သူမက သုံးကတ်တီခန့် ဝယ်ထားခဲ့ခြင်း ဖြစ်သည်။ အခု ထုတ်ယူလိုက်သည့်အချိန်မှာတောင် ပုစွန်များမှာ အသက်ရှင်နေဆဲပင်။

ဟွာကျွင်းသည် ကတ်ကြေးဖြင့် ပုစွန်ခေါင်းက ချွန်ထက်သည့်အပိုင်းကို ညှပ်ထုတ်လိုက်ပြီး စဉ်းတီတုံးပေါ်တွင် တင်ကာ ပုစွန်ကျောကို ဓားဖြင့် ခွဲပြီး အကြောထုတ်လိုက်သည်။ ပုစွန် သုံးကတ်တီကို သူမနှင့် အားမန်တို့ လျင်မြန်စွာပင် သန့်စင်လိုက်ကြသည်။

ဟွာကျွင်း ပုစွန်ကို နှစ်ပုံပုံလိုက်၏၊ ယောင်ကျူအတွက် ပုစွန်ပြုတ် အနည်းငယ်နှင့် ကျန်တဲ့လူတွေအတွက် ထောပတ်ပုစွန် အများအပြား ခွဲလိုက်ခြင်း ဖြစ်သည်။

သူမသည် ဂျင်းကို ပါးပါးလှီး၊ ကြက်သွန်မြိတ်ကို ပိုင်းဖြတ်ပြီး အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပုစွန်များကို ထည့်ကာ အပေါ်မှ ဂျင်းနှင့် ကြက်သွန်မြိတ် ထပ်တင်လိုက်သည်။ ဟင်းချက်ရာတွင်အသုံးပြုသော အရက် အနည်းငယ်ကို ဘေးပတ်ပတ်လည်မှ လောင်းထည့်ပြီး အိုးဖုံးကာ မီးပြင်းပြင်းဖြင့် တည်လိုက်သည်။

အားမန်က သူမ၏ အင်္ကျီလက်ကို အမြန်ဆွဲပြီး ဘေးကရေကို ညွှန်ပြ၏။ ဟွာကျွင်း ရေထည့်ဖို့ မေ့နေသည်ဟု သူ ဆိုလိုခြင်းဖြစ်၏။

ဟွာကျွင်းက ပြုံးပြီး ရှင်းပြလိုက်သည်။

“ဒီနေ့တော့ တို့တွေ ရေမပါဘဲ ပုစွန်ပြုတ်လုပ်စားကြမယ်၊ အဲဒါမှ အရသာက ပိုပြီး စိမ့်ဝင်မှာ”

ရေတမင်မထည့်မှန်း သိလိုက်ရသောအခါ အားမန်က နားလည်သွားပြီး ရှက်ပြုံးလေး ပြုံးလိုက်၏။ ‘ဟုတ်တာပေါ့၊ သူဌေးမဟွာက ဘယ်လိုလုပ် အမှားလုပ်ပါ့မလဲ’

သုံးမိနစ်ခန့် တည်ပြီးနောက် ဟွာကျွင်းက မီးပိတ်လိုက်သည်။ အိုးဖုံးကို ချက်ချင်းမဖွင့်ဘဲ ပုစွန်များကို အိုးထဲတွင် အငွေ့ဖြင့် တစ်ခဏ ဆက်နှပ်ထားလိုက်၏။

သူမ ပန်းကန်လုံးတစ်လုံးယူကာ ပဲငံပြာရည်အကြည် တစ်ဝက်ခန့် ထည့်လိုက်သည်။ ကြက်သွန်ဖြူ နှစ်တက်ကို ဓားပြား ရိုက်၍ ထည့်ကာ ကြက်သွန်မြိတ် အနည်းငယ် ဖြူးလိုက်၏။

အခြား အိုးအသေးတစ်လုံးတွင် မြေပဲဆီကို မီးခိုးထွက်သည်အထိ အပူပေးပြီးနောက် ထိုဆီပူကို ပဲငံပြာရည်အကြည် ပန်းကန်ထဲသို့ လောင်းထည့်လိုက်၏။ ဆီပူနှင့် ထိလိုက်သည်နှင့် ပဲငံပြာရည်အကြည်၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်နံ့များမှာ မွှေးကြိုင်စွာ ထွက်ပေါ်လာတော့သည်။

ထိုအချိန်တွင် ပုစွန်ပေါင်းလည်း အသင့်ဖြစ်သွားသည်။ အိုးဖုံးဖွင့်လိုက်သောအခါ အဖြူရောင်အငွေ့များကြားတွင် နီရဲပြီး ကွေးနေသည့် ပုစွန်များကို တွေ့လိုက်ရ၏။

ဟွာကျွင်း ပုစွန်များကို တစ်ကောင်ချင်း ဆယ်ယူကာ ပန်းကန်ပြားထဲတွင် စက်ဝိုင်းပုံစံ စီလိုက်ပြီး အလယ်တွင် နံနံပင်လေး တင်ကာ အလှဆင်လိုက်သည်။

“ကြည့်ပါဦး။ အရိုးရှင်းဆုံး ဟင်းတစ်ခွက်ပေမဲ့ တကယ်လှတယ် မဟုတ်လား”

ဟွာကျွင်း ပန်းကန် ကိုင်ပြီး ကြွားလိုက်ရာ မော့ချွမ်းက ချက်ချင်း လှမ်းနှိုက်ရန် ပြင်သော်လည်း ဟွာကျွင်းက သူ့လက်ကို ပုတ်ထုတ်လိုက်၏။

“ဒါက ယောင်ကျူအတွက်”

ဟွာကျွင်း ဒယ်အိုးတစ်လုံး ထုတ်လိုက်သည်။

“ကျွန်မတို့တွေကတော့ ထောပတ်ပုစွန် စားကြမယ်”

သူမက ဒယ်အိုးကို အပူပေး၊ မြေပဲဆီ အနည်းငယ်ထည့်ကာ အနှံ့သုတ်လိုက်ပြီး ကျန်နေသည့် ပုစွန်များကို တစ်ကောင်ချင်း စီထည့်လိုက်သည်။

အချို့ပုစွန်များမှာ အပူရှိန်ကြောင့် ဒယ်အိုးထဲတွင် ခုန်ပေါက်နေကြသော်လည်း ဟွာကျွင်း ယောက်မဖြင့် ဖိထားလိုက်သည်။ တစ်ဖက် နီသွားသောအခါ ညှပ်ဖြင့် အခြားတစ်ဖက်သို့ လှန်ပေးလိုက်သည်။

အားမန်သည် ဟွာကျွင်း အလုပ်လုပ်နေသည်ကို ဘေးမှ ငေးကြည့်နေမိ၏။ သူမသည် ဝမ်းနည်းမှုများကြားမှ ပြန်လည်ရုန်းထွက်သွားနိုင်ပုံ ရနေသည်။

“ကဲ... အားမန်၊ ကြည့်လိုက်ဦး၊ ပုစွန်ဆီတွေ ထွက်လာပြီ၊ ဒါက အရသာအရှိဆုံး စားရတဲ့ နည်းလမ်းပဲ”

ဟွာကျွင်း၏ အသံကြောင့် အားမန် သတိပြန်ဝင်လာသည်။ ဒယ်အိုးထဲတွင် ပုစွန်များမှာ နီရဲကာ ဆီများဖြင့် တောက်ပြောင်နေတော့၏။

ဟွာကျွင်းက ထောပတ်တစ်တုံးကို ထည့်လိုက်ပြီး ကြက်သွန်ဖြူ အနည်းငယ် ထည့်လိုက်သည်။ ထောပတ်များ ဖြည်းဖြည်းချင်း အရည်ပျော်သွားသည်ကို ကြည့်ရင်း သူမက ပုစွန်များကို ထောပတ်အရသာ နှံ့စပ်သွားအောင် မွှေပေးလိုက်၏။

ဆားအနည်းငယ် ဖြူး၊ မီးပိတ်ပြီး ကြက်သွန်မြိတ်လေး အုပ်လိုက်သည်။ ဤသို့ဖြင့် ထောပတ်ပုစွန်ကင်လေး အဆင်သင့် ဖြစ်သွားတော့သည်။

အားမန်က ဆလတ်ရွက်ကြော်နှင့် အာလူးချောင်းကြော် တစ်ပွဲ လုပ်လိုက်ပြီး၊ ဟွာရှန့်က ဆိုင်တွင် ပြင်ထားသည့် မုန်လာဥနှင့် ဝက်နံရိုးစွပ်ပြုတ်ကို ယူလာကာ ယောင်ကျူကို လှမ်းခေါ်လိုက်သည်။ သူတို့ ငါးယောက် မီးဖိုချောင် စားပွဲတွင် ဝိုင်းဖွဲ့ကာ စားသောက်ကြတော့၏။

ယောင်ကျူက ကိုယ်အလေးချိန် ထိန်းရမည်ဖြစ်သဖြင့် ဟွာကျွင်းက သူ့ကို ပုစွန်ပြုတ်သာ ကျွေးသည်။ သူကလည်း ဘာမှ ငြင်းဆန်ခြင်း မရှိပေ။ သူ့အတွက်တော့ ဤပုစွန်ပြုတ်ကပင် အလွန် အရသာရှိလှပြီ ဖြစ်သည်။

ဟွာကျွင်း ယောင်ကျူကို လက်အိတ်နှစ်ဖက် ပေးကာ ပုစွန်ခွံကို ကိုယ်တိုင် နွှာစားခိုင်းလိုက်၏။ ယောင်ကျူလည်း အလွန်ပျော်သွားသည်၊၊ သူ့ဘဝတွင် ပုစွန်ခွံကို ပထမဆုံးအကြိမ် ကိုယ်တိုင် နွှာဖူးခြင်းပင်။

ပုစွန်ကျောကို ခွဲထားပြီးသား ဖြစ်သဖြင့် နွှာရသည်မှာ အလွန်လွယ်ကူကာ သူ ပထမဆုံး ပုစွန်တစ်ကောင်ကို လျင်မြန်စွာ နွှာပြီးသွားသည်။

သူ တူကိုတောင် မကိုင်နိုင်တော့ဘဲ လက်ဖြင့်ပင် ပုစွန်ကို ဆော့စ်ထဲ နှစ်လိုက်ပြီး ပါးစပ်ထဲ အတင်းထိုးထည့်လိုက်တော့သည်။

ပုစွန်ပြုတ်ရာတွင် ရေတစ်စက်မှ မထည့်ထားသဖြင့် ပုစွန်၏ ချိုမြိန်မှုက အပြည့်ရှိနေပြီး အသားကလည်း တင်းတင်းလေးနှင့် ဝါး၍ ကောင်းလှသည်။ ပုစွန်အသားထဲတွင်လည်း အငန်အရသာလေး ရှိနေသဖြင့် ထိုအတိုင်းစားလျှင်ပင် အလွန်ကောင်း၏။

ဆီပူဖြင့် ကြော်ထားသည့် ပဲငံပြာရည်အကြည်၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်နံ့တို့ ပေါင်းစပ်သွားသောအခါ ပုစွန်မှာ ပို၍ အရသာ ရှိသွားတော့သည်။

လျိုယောင်ကျူမှာ ထိုဆွဲဆောင်မှုကို မတွန်းလှန်နိုင်တော့ပေ။ သူ ပုစွန်နွှာရသည်မှာ လက်မသွက်သေးသည့်အတွက်သာ နောင်တရနေမိ၏။ တစ်ကောင်စားပြီးတိုင်း နောက်တစ်ကောင်ကို အမှီမနွှာနိုင်ဘဲ ပါးစပ်က တမြုံ့မြုံ့နှင့် လက်ချောင်းလေးများမှာလည်း အလွန် အလုပ်ရှုပ်နေတော့သည်။

အခန်း (၁၆၆)

ထောပတ်ပုစွန်

ယောင်ကျူ စိတ်လောလေ လက်ကနှေးလေ ဖြစ်နေပြီး ငိုချင်စိတ်ပင် ပေါက်လာတော့သည်။ သူ ညာလက်ကို ဘယ်လက်ဖြင့် ပုတ်လိုက်ရင်း ပြောနေမိ၏။

“မင်းတို့ မြန်မြန်လုပ်စမ်းပါ”

ဟွာကျွင်းက သူ့လက်ကလေးကို ကိုင်ကာ ညင်သာစွာ ပြောလိုက်သည်။

“ဖြည်းဖြည်းလုပ်ပါ၊ အလောတကြီး လုပ်စရာမလိုပါဘူး။ ဒါတွေအကုန်လုံးက မင်းအတွက်ပဲ”

ပြောပြောဆိုဆိုနှင့် သူမ ပုစွန်တစ်ကောင်ကို နွှာပေးကာ ဆော့စ်ထဲနှစ်ပြီး သူ့ပါးစပ်ထဲ ခွံကျွေးလိုက်သည်။

ပါးစပ်ထဲ ပုစွန်ရောက်သွားမှ ယောင်ကျူလည်း စိတ်မလောတော့ဘဲ လက်ကို သေသေချာချာ ကြည့်ကာ ပုစွန်ခွံကို ဂရုတစိုက် နွှာတော့သည်။

မော့ချွမ်းကတော့ ပုစွန်နွှာဖို့ စိတ်ပူစရာမလိုပေ။ သူ ပုစွန်တစ်ကောင်လုံးကို ပါးစပ်ထဲထည့်ကာ အခွံပင် ပြန်မထွေးဘဲ ဝါးစားနေ၏။

“ရှင် အဲဒီလိုစားရင် လည်ပင်းမှာ အခွံတွေ မတစ်ဘူးလား”

“ခင်ဗျား မသိလို့ပါ၊ ဒီပုစွန်ခွံက တကယ့်ကို အရသာရှိတာ။ လွှင့်ပစ်လိုက်ရင် နှမြောစရာကြီး”

အမှန်ပင်။ ပုစွန်ခွံများကို ဟွာကျွင်း ကြွပ်ရွနေအောင် ကြော်ထားခြင်းဖြစ်ရာ ဝါးလိုက်လျှင် တဂျွတ်ဂျွတ်နှင့် အသံမြည်နေပြီး ထောပတ်နံ့လည်း သင်းနေသဖြင့် ပုစွန်သားထက်ပင် ပို၍ အရသာရှိနေတော့သည်။

ပုစွန်သားနှင့် ပုစွန်ခွံမှာ အရသာချင်း လုံးဝကွဲပြား၏၊ အသားက တင်းရင်းနူးညံ့ပြီး ပုစွန်၏ ပင်ကိုယ်အချိုဓာတ်ရှိသလို အကြောထုတ်ထားပြီးသား ဖြစ်သဖြင့် ကြက်သွန်ဖြူနှင့် ထောပတ်အရသာတို့က အထဲထိ စိမ့်ဝင်နေကာ ပို၍ ထူးကဲသော အရသာကို ပေးစွမ်းသည်။

ဟွာကျွင်းလည်း တစ်ကောင်နွှာစားကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။

“မဆိုးဘူး၊ ဒီအရသာပဲ။ တကယ်လို့ ဘဲဥငန်အနှစ်ဆော့စ်သာ ရှိရင် တစ်ဇွန်းလောက် ထည့်လိုက်တာနဲ့ အရသာက နှစ်ဆတိုးသွားမှာပဲ”

ယခုတစ်ခေါက်ဝယ်သည့် ကျားပုစွန်များမှာ အတော်လေး ကြီးသဖြင့် ပုစွန်တစ်ကောင်ကို ထမင်းသုံးလုတ်ခန့်နှင့် မြိန်ယှက်စွာ စားနိုင်သည်။ ဝက်နံရိုးစွပ်ပြုတ်မှာလည်း နို့နှစ်ရောင်သန်းနေပြီး ထမင်းနှင့် နယ်စားလျှင် အလွန်ကောင်း၏။

သူတို့ ငါးယောက်လုံး စကားပင် မပြောနိုင်တော့ဘဲ အာရုံစိုက်ကာ စားနေကြတော့သည်။

လျိုယောင်ကျူသည် ပုစွန်ရှစ်ကောင်၊ ဆလတ်ရွက်ကြော် တစ်ပွဲနှင့် ထမင်းတစ်ဝက်ခန့် စားလိုက်ရာ (၈၀) ရာခိုင်နှုန်းခန့် ဗိုက်ပြည့်သွားသည်။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့် အမျှင်ဓာတ်တို့ မျှတစွာ ပါဝင်သဖြင့် ဝိတ်ချနေသူတစ်ဦးအတွက် အကောင်းဆုံး ညစာပင် ဖြစ်သည်။

စားသောက်ပြီးနောက် ယောင်ကျူသည် အစေခံနှင့်အတူ အိမ်ပြန်သွား၏။ သူ ဆိုင်မှာ ဆက်နေချင်သော်လည်း ဟွာကျွင်းက အိပ်ရေးဝဝအိပ်ခြင်းသည်လည်း ဝိတ်ကျရန် အရေးကြီးကြောင်း ပြောလိုက်သဖြင့် အောင်မြင်မှုအသီးအပွင့်ကို စတင်ခံစားနေရသော ဝတုတ်လေးမှာ အလွန်လိမ္မာစွာ ချက်ချင်းသိမ်းဆည်းကာ ပြန်သွားတော့သည်။

မုန့်ဆိုင်ကတော့ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေဆဲပင်။

နောက်တစ်နေ့တွင် ဟွာကျွင်းမှာ ပန်းထိုးအလုပ်ရုံ ၌ ကိစ္စအချို့ လုပ်ရန် ရှိနေ၏။ သူမ စောစောထကာ ဖက်ရှင်ဒီဇိုင်နာ နှစ်ဦးကို ဆက်သွယ်ပြီး အမျိုးသား၊ အမျိုးသမီး ဟန်ဖူ နွေရာသီဝတ်စုံ ဒီဇိုင်းများကို ဝယ်ယူခဲ့သည်။

သူတို့တွင် အသင့်ရှိနေသော ဒီဇိုင်းများထဲမှ (၁၂) ခုကို တစ်ခုလျှင် ယွမ်ခြောက်ရာဖြင့် ဝယ်ယူရန် ဟွာကျွင်းက ညှိနှိုင်းလိုက်၏။ ထို (၁၂) ခုမှာ နေ့စဉ်ဝတ်ရန် သင့်တော်သော ဒီဇိုင်းများ ဖြစ်သည်။ ထို့နောက် ကျွမ်းကျင်ဒီဇိုင်နာများ ဖန်တီးထားသည့် ပို၍ အနုစိတ်သော ဒီဇိုင်းနှစ်ခုကို အဆင့်မြင့်အော်ဒါများအတွက် ယွမ်နှစ်ထောင်ပေးကာ ထပ်မံဝယ်ယူခဲ့သည်။

ထိုဒီဇိုင်းပုံများမှာ အထည်သား၊ ပန်းထိုးပုံစံနှင့် အတိုင်းအတာများအထိ အသေးစိတ် ဖော်ပြထားသဖြင့် အွန်လိုင်းမှတွေ့ရသော ပုံများထက် အများကြီး ပိုကောင်းသည်။ ဟွာကျွင်းသည် ဒီဇိုင်းနှင့်အညီ အထည်များကို ဝယ်ယူကာ ထိုညနေမှာပင် အလုပ်ရုံသို့ ယူသွားလိုက်သည်။

ပန်းထိုးအလုပ်ရုံရှိ အမျိုးသမီးများမှာ ဟွာကျွင်းယူလာသော ဒီဇိုင်းများကို မြင်သည်နှင့် မျက်လုံးများ တောက်ပသွားကာ ဝိုင်းကြည့်ကြပြီး ဒီဇိုင်နာ၏ လက်ရာကို ချီးမွမ်းမဆုံး ဖြစ်နေကြ၏။

“ဒီအရောင်စပ်ပုံကို ကြည့်စမ်းပါဦး။ တကယ့်ကို ထင်ရှားလွန်းတယ်။ နွေရာသီနဲ့ အရမ်းလိုက်ဖက်တာပဲ”

“ပန်းထိုးပုံလေးတွေကလည်း အများကြီးပဲ၊ ပန်းတွေတင်မကဘူး၊ ခွေးလေးတွေ၊ ကြောင်လေးတွေပါ ပါသေးတယ်”

“ဒီလိုပုံစံမျိုးတွေ တစ်ခါမှ မမြင်ဖူးဘူး။ ဝတ်ရတာလည်း သိပ်မရှုပ်ထွေးဘူးပဲ”

“ပိုပြီး အနုစိတ်တဲ့ ဒီဇိုင်းတွေလည်း ရှိသေးတယ်”

ဟွာကျွင်း ထိုသို့ ဆိုလိုက်ကာ ဈေးကြီးသော ဒီဇိုင်းနှစ်ခုကို ထုတ်ပြပြီး လီနျန်ကို ပြောလိုက်၏။

“ဒီ ဒီဇိုင်းနှစ်ခုကတော့ ချုပ်ရတာ ပိုကြာပြီး လက်ဝင်လိမ့်မယ်၊ ဒါကြောင့် ဈေးကို အမြင့်ဆုံး သတ်မှတ်ရမယ်”

လီနျန်က သူမဆိုလိုသည်ကို နားလည်သဖြင့် ခေါင်းညိတ်၍ ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ဒီနှစ်ထည်ကို ကျွန်မ ကိုယ်တိုင် ချုပ်ပေးပါ့မယ်”

ဟွာကျွင်းက ပြုံးပြီး အားပေးလိုက်၏။

“သေသေချာချာလေး ချုပ်ပေးကြပါနော်၊ ဒီအထည်တွေက သေချာပေါက် လူကြိုက်များမှာပါ”

ပန်းထိုးသမများလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကိုယ့်ဒီဇိုင်းနှင့်ကိုယ် အလုပ်စတင်ရန် ပြင်ဆင်ကြတော့သည်။

လီနျန်က ဟွာကျွင်းကို တစ်ဖက်သို့ ခေါ်သွားပြီး သတင်းစကားတစ်ခု ပါးလိုက်၏။

“စစ်သူကြီးလုက ဒီနေ့ လူလွှတ်ပြီး စကားပါးလိုက်တယ်၊ သူ မနက်ဖြန် မြောက်ပိုင်းကို သွားရမယ်တဲ့၊ ခရီးစဉ်က ခန့်မှန်းခြေ တစ်လခွဲလောက် ကြာလိမ့်မယ်တဲ့။ တကယ်လို့ ကိစ္စတစ်ခုခုရှိရင် သူ့အိမ်တော်ကို သွားနိုင်ပါတယ်၊ အိမ်တော်ထိန်းကိုလည်း ပြောထားပြီးသားမို့ သူ အစွမ်းကုန် ကူညီပေးပါလိမ့်မယ်တဲ့”

ဟွာကျွင်းမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားပြီး မေးခွန်းများ တရစပ် မေးတော့၏။

“ဘာလို့ ဒီလောက် ရုတ်တရက်ကြီး သွားရတာလဲ။ နယ်စပ်ကို သွားတာလား။ စစ်ဖြစ်တော့မှာလား။ သူ့အတွက် အန္တရာယ်ရှိလား”

လီနျန်က ခဏမျှ ကြောင်သွားပြီးမှ ပြန်ဖြေလိုက်သည်။

“ကျွန်မလည်း မသိဘူး... မနက်ဖြန်ကျရင် စုံစမ်းပေးပါ့မယ်”

ဟွာကျွင်း ခေါင်းညိတ်လိုက်သော်လည်း သူမ ရင်ထဲတွင် တုန်လှုပ်နေမိသည်။ သူမ မုန့်ဆိုင်သို့ စိတ်ဂနာမငြိမ်ဖြစ်ကာ ပြန်လာခဲ့သည်။

သူမသည် အလုပ်ရှုပ်နေသော မော့ချွမ်းကို လှမ်းဆွဲကာ မေးလိုက်၏။

“ရှင့်တို့ နယ်စပ်မှာ စစ်ဖြစ်နေတာလား”

မော့ချွမ်းက ဟွာကျွင်း ဆိုလိုသည်ကို ချက်ချင်းနားလည်သွားပြီး ဖြေလိုက်သည်။

“တိုက်ခိုက်ချင်တဲ့အဖွဲ့နဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့အဖွဲ့က အခြေအနေ တင်းမာနေပုံရတယ်၊ အခု ဘာဖြစ်နေလဲတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ စစ်ဖြစ်မယ်ဆိုရင်တောင် ဒီလောက် မြန်မြန်ဆန်ဆန်ကြီးတော့ မဟုတ်လောက်ဘူး၊ အဲဒါကြောင့် စိတ်မပူပါနဲ့”

“စစ်မဖြစ်ခင် ဘာလက္ခဏာတွေ ပြတတ်လဲ”

ဟွာကျွင်းက မေး၏။

“ရှိတာပေါ့၊ ဥပမာ စေ့စပ်ညှိနှိုင်းဖို့ လူလွှတ်တာ၊ ထောက်လှမ်းရေးတွေ လွှတ်ပြီး သတင်းယူတာ၊ ရိက္ခာနဲ့ မြင်းစာတွေ စုဆောင်းတာမျိုးပေါ့။ အဲဒီလိုဆိုရင် ကောလာဟလတွေ ထွက်လာတတ်ပါတယ်”

ဟွာကျွင်း ထပ်မေး၏။

“စစ်သူကြီးလုက အဲဒီလို စစ်ပြင်ဆင်မှုတွေလုပ်ဖို့ စေလွှတ်ခံရတာ ဖြစ်နိုင်မလား”

မော့ချွမ်း ခဏမျှ စကားမပြောနိုင်ဘဲ ဖြစ်သွား၏၊ ထိုသို့ ဖြစ်နိုင်ခြေလည်း မရှိပ။

သူမကို နှစ်သိမ့်လိုက်၏။

“အခုလောလောဆယ်တော့ အလောတကြီး မစဉ်းစားပါနဲ့ဦး။ သူက တစ်လခွဲကြာမယ်ဆိုတော့ အဲဒီအချိန်အတွင်း ဘာလုပ်နိုင်မှာလဲ။ သူ ပြန်လာမှပဲ မေးကြည့်လိုက်ပါ”

သူ ဆက်ပြော၏။

“စစ်ဖြစ်ခဲ့ရင်တောင် ခင်ဗျားရဲ့ ထောက်ပံ့မှုတွေရှိနေရင် သေချာပေါက် နိုင်မှာပါ”

ဟွာကျွင်း စဉ်းစားကြည့်ရာ မှန်ပေ၏။ ရှေးခေတ်စစ်ပွဲများတွင် ရိက္ခာသည် အရေးကြီးဆုံး ဖြစ်သည်။ သူမ အခြားအရာများ မကူညီနိုင်သော်လည်း ရိက္ခာဖူလုံအောင်တော့ လုပ်ပေးနိုင်သည်။ ဤသို့တွေးမှသာ အနည်းငယ် စိတ် သက်သာရာရသွားတော့သည်။

အလုပ်များနေသည့်အခါ အချိန် မြန်မြန်ကုန်ဆုံးတတ်ရာ (၁၅) ရက်ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

ဤခေတ်ကြီးတွင် ဆက်သွယ်ရေးက အလွန်ခက်ခဲလှ၏၊ ဖုန်းများ မရှိသည့်အတွက် လုမင်လီနှင့် (၁၅) ရက်လုံးလုံး လုံးဝ အဆက်အသွယ် ပြတ်နေခဲ့သည်။

ဟွာကျွင်းသည် မုန့်ဆိုင်နှင့် ပန်းထိုးအလုပ်ရုံ ကိစ္စများဖြင့် အလုပ်ရှုပ်နေသည်။ တစ်ခါတစ်ရံ သူ့ကို သတိရသည့်အခါ ရင်ထဲမှာ မနာကျင်တော့ဘဲ စိုးရိမ်စိတ် အနည်းငယ်သာ ရှိတော့၏။ အတူတူမရှိနိုင်ခြင်းနှင့် စစ်မြေပြင်တွင် သေဆုံးနိုင်ခြင်းတို့ကြားတွင် ပထမအချက်မှာ ဘာမှမဟုတ်တော့ပေ။

ထိုညနေခင်းတွင် လျိုယောင်ကျူ၏ မိဘများ ဟွာကျွင်းကို လာရှာကြ၏။

ဆိုင်ရှင်လျိုက လေးလံသော ငွေအိတ်ကို ထုတ်ကာ ဟွာကျွင်းကို ကမ်းပေးပြီး မျက်ရည်ဝဲလျက် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေးမဟွာ။ ယောင်ကျူက အခု ဝိတ်တော်တော်ကျသွားတဲ့အပြင် သူ့ရဲ့ စိတ်တိုတတ်တဲ့ အကျင့်ဆိုးကလည်း အများကြီး ပြောင်းလဲသွားပါပြီ။ သူဌေးမဟွာမှာ တကယ်ကို နည်းလမ်းကောင်းတွေ ရှိတာပဲ။ ချမ်းသာမှာ မြင်ယောင်သေးတယ်”

(၁၅) ရက်အတွင်းမှာပင် ယောင်ကျူသည် ဝိတ်အများကြီး မကျသေးသော်လည်း သူ့ စိတ်ဓာတ်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ အနည်းငယ် လှုပ်ရှားရုံဖြင့် မောဟိုက်နေတတ်သူမှာ ယခုအခါ မြင်းထိုင် ထိုင်ခြင်းကိုပင် အတော်ကြာအောင် လုပ်နိုင်နေပြီဖြစ်သည်။

ဆိုင်ရှင်လျိုကို အံ့ဩဆုံးဖြစ်စေသည်မှာ ယောင်ကျူက စာလုံးအတော်များများကိုပင် သင်ယူပြီးမြောက်ခဲ့ခြင်း ဖြစ်၏။ သူ ကျောင်းသွားရန် ငြင်းဆန်နေသေးသော်လည်း ဤနေရာတွင် ပညာသင်ယူနိုင်သဖြင့် ဆိုင်ရှင်လျိုကလည်း ဇွတ်မတိုက်တွန်းတော့ပေ။

ဤအရာအားလုံးမှာ ဟွာကျွင်းနှင့် တိုက်ရိုက်ပတ်သက်နေခြင်း ဖြစ်၏။

ကတိအတိုင်းပင် ဟွာကျွင်း အားမနာဘဲ ငွေအိတ်ကို လက်ခံကာ မော့ချွမ်းကို သိမ်းခိုင်းလိုက်သည်။

ယောင်ကျူ၏အမေက ဆိုင်ရှင်လျိုကို ဘေးသို့တွန်းထုတ်ကာ ဟွာကျွင်း လက်ကို အားကိုးတကြီး ဆုပ်ကိုင်ပြီး ပြောလိုက်၏။

“သူဌေးမဟွာ... ကျွန်မလည်း ရှင့်ကို အထူးကျေးဇူးတင်ပါတယ်။ ရှင်က ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်ကြီးပါပဲ”

ထို့နောက် သူမက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် မေးသည်။

“ကျွန်မ တစ်ခုလောက် မေးချင်လို့ပါ။ ယောင်ကျူပြောတာက သူ ဒီမှာ အရသာရှိတာတွေ စားရင်းနဲ့ ဝိတ်ကျတယ်ဆိုပဲ။ ရှင့်မှာ ဘာနည်းလမ်းကောင်းတွေ ရှိလဲဟင်။ ကျွန်မကိုလည်း နည်းနည်းလောက် ပြောပြလို့ ရမလား။ ဟီးဟီး ကျွန်မ ပိုက်ဆံ ဖြုန်းနိုင်ပါတယ်”

All Chapters