← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇)

အမေလျိုလည်း ဝိတ်ချချင်တယ်

ဟွာကျွင်းက နှိမ့်ချစွာ ပြော၏။

“ကျွန်မမှာ ထူးထူးခြားခြား နည်းလမ်းတွေ မရှိပါဘူး။ ယောင်ကျူက ငယ်သေးတယ်။ ဇီဝကမ္မဖြစ်စဉ်ကလည်း ကောင်း၊ ကျန်းမာရေးကလည်း ကောင်းနေတော့ ဝိတ်ကျတာ မြန်တာပါ”

အမေလျိုက ထိုသို့ကြားသောအခါ အလျင်အမြန် ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်။ သားလေးက တကယ်ကျန်းမာတာ။ သူ့အဖေကသာ သူလမ်းလျှောက်ရင် မောနေတာကို တစ်ခုခုဖြစ်နေပြီလို့ အမြဲပြောနေတာ။ ငါကတော့ ဘာမှမဖြစ်ပါဘူးလို့ ပြောခဲ့သားပဲ။ အဖေကြီးရေ... ကြည့်စမ်းပါဦး၊ သူဌေးမဟွာတောင် ကျွန်မသားလေး ကျန်းမာတယ်လို့ ပြောနေပြီ။ ပြောတာ မှန်တယ်မလား”

ထိုစကားကို ကြားသောအခါ ဆိုင်ရှင်လျို၏ အင်္ကျီလက်ကိုဆွဲကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောတော့သည်။

“ဟုတ်ပါပြီဗျာ၊ မင်းပြောတာ အကုန်မှန်ပါတယ်”

ဆိုင်ရှင်လျိုက အလိုက်သင့် ပြန်ပြောလိုက်ရသည်။

သူမက ဟွာကျွင်းဘက် လှည့်ကာ ပြော၏။

“သူဌေးမဟွာ... အို၊ မဟုတ်ပါဘူး၊ ညီမလေးဟွာလို့ပဲ ခေါ်ပါရစေ။ အဲဒါမှ ပိုပြီး ရင်းနှီးသွားတာပေါ့။ အဲဒီလိုခေါ်တာ စိတ်မရှိဘူးမလား”

“မရှိပါဘူးရှင်”

“အစ်မ နာမည်က ရှို့ယွန်းပါ။ နောက်ဆိုရင် အစ်မရှို့ယွန်းလို့ပဲ ခေါ်တော့။ တို့တွေ ညီအစ်မတွေလိုပဲ ပေါင်းကြတာပေါ့”

အမေလျိုက ကုလားထိုင်တစ်လုံး ဆွဲထိုင်လိုက်ရင်း ပြောလိုက်သည်။

“အစ်မက ခန္ဓာကိုယ်ကလည်း ထွားတော့ အကြာကြီး မတ်တပ်ရပ်ရင် ခြေထောက်တွေ ညောင်းပြီး ခါးတွေ နာလာလို့ပါ။ ညီမလေးလည်း ထိုင်ဦးလေ၊အေးအေးဆေးဆေး စကားပြောရအောင်”

အမေလျို၏ ရင်းနှီးလွန်းသော အမူအရာကြောင့် ဟွာကျွင်းမှာ မိမိဆိုင်မှာ မိမိရှိနေသော်လည်း တစ်မျိုးကြီး ဖြစ်နေမိသည်။ သူမလည်း ထိုင်လိုက်သောအခါ အမေလျိုက သူမလက်ကို ကိုင်ကာ စကားစတင်ပြောတော့၏။

“ညီမလေးရယ်... အစ်မက ငယ်ငယ်ကတည်းက စားရတာ ဝါသနာပါတာ။ အစ်မအဖေက သားသတ်သမားဆိုတော့ နေ့တိုင်း အသားတွေ စားခဲ့ရတယ်။ နောက်ပိုင်း ယောင်ကျူ့အဖေနဲ့ အိမ်ထောင်ကျတော့လည်း စားဝတ်နေရေးက ပူစရာမလိုတော့ ဝိတ်က လုံးဝမကျတော့ဘူး”

“အစ်မလည်း စိတ်ညစ်ပါတယ်။ ဘယ်လောက်လှတဲ့ အင်္ကျီတွေဝတ်ဝတ် ကြည့်မကောင်းဘူး။ အစ်မရဲ့ ညီအစ်မ တွေက အပြင်မှာတော့ ရင်းနှီးချင်ယောင်ဆောင်ပြီး ကွယ်ရာကျရင်တော့ ‘ဆေးသုတ်ထားတဲ့ သစ်သားစည်ပိုင်းကြီး’ လို့ လှောင်ကြတာ”

ထိုဥပမာက ဟွာကျွင်းကို ရယ်ချင်စိတ် ပေါက်သွားစေ၏။ သူမ မော့ချွမ်းကို လှမ်းကြည့်လိုက်ရာ သူသည်လည်း ရယ်ချင်စိတ်ကို အောင့်ထားရင်း နှုတ်ခမ်းကို ကိုက်ကာ မျက်နှာကြီး နီမြန်းနေသည်ကို တွေ့လိုက်ရသည်။

“ရပါတယ်၊ ရယ်ချင်ရင် ရယ်လိုက်ပါ။ အစ်မကတော့ အဲဒါတွေကို အသားကျနေပါပြီ”

ရှို့ယွန်းက ဟွာကျွင်း၏ လက်ကို ပုတ်ကာ နားလည်ပေးဟန်ဖြင့် ပြော၏။

“ဒါနဲ့ ညီမလေးမှာ အစ်မကို ကူညီနိုင်မဲ့ နည်းလမ်းရှိလားဟင်။အစ်မ ပိုက်ဆံပေးပါ့မယ်။ အဖေကြီးရေ”

သူမ အမိန့်ပေးလိုက်သည်နှင့် ဆိုင်ရှင်လျိုက ငွေအိတ်ကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။

ဟွာကျွင်းက အိတ်ကို မြှောက်ကြည့်ရာ တော်တော်လေး လေးလံလှ၏။ သူမက အိတ်ကို ပြန်တွန်းပေးကာ ပြောလိုက်သည်။

“ဒီလောက်အများကြီး မလိုပါဘူးရှင်။ ဒီလိုလုပ်ပါ... အစ်မ နေ့ဘက်ဆိုရင် မူလတန်းကျောင်းက ထမင်းစားဆောင်မှာပဲ စားပါ။ ကလေးတွေ စားတာကိုပဲ အတူတူစားပေါ့။ ညဘက်ကျရင်တော့ ယောင်ကျူနဲ့အတူ ဒီဆိုင်မှာပဲ စားပါ”

ရှို့ယွန်းက မယုံသလိုဖြင့် မေး၏။

“အဲဒါ တကယ် ထိရောက်မှာလား”

“မနက်ပိုင်းဆိုရင် ကြက်ဥတစ်လုံးနဲ့ အသားပေါင်မုန့် နှစ်လုံးပဲ စားပါ။ နေ့လယ်ကျရင် ကျောင်းမှာ စားပြီးတာနဲ့ မြို့ထဲကို လမ်းလျှောက်ပြန်ပါ။ အခုက နွေဦးရာသီဆိုတော့ လမ်းဘေးက ပန်းလေးတွေနဲ့ ရှုခင်းကလည်း သာယာနေမှာပါ။ အဲဒါက ကယ်လိုရီလောင်ကျွမ်းဖို့ အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်။ တခြား ဘာမှ ထပ်မစားပါနဲ့။ ခုနစ်ရက်လောက် အဲဒီအတိုင်း လုပ်ကြည့်ပြီး ရလဒ်ကို စောင့်ကြည့်ရအောင်”

ဟွာကျွင်းက သူမ တစ်နေ့တာ စားသောက်မှုကို တစ်ခါတည်း စီစဉ်ပေးလိုက်ခြင်း ဖြစ်သည်။

ရှို့ယွန်း မျက်လုံးများ ပြူးသွား၏။

“ဒါပဲလား။ ဒီလောက် ရိုးရိုးလေးပဲလား”

သူမသည် ဝိတ်ကျရန် ဆေးရည်မျိုးစုံ သောက်ဖူးသော်လည်း ဘာမှ ထူးမလာခဲ့ပေ။ အဓိကမှာ သူမ၏ စားချင်စိတ်ကို မထိန်းနိုင်ခြင်းနှင့် လှုပ်လှုပ်ရှားရှား မလုပ်ခြင်းကြောင့် ဖြစ်၏။ ယခု ဟွာကျွင်း ပြောပုံအရဆိုလျှင် ဆန်ပြုတ်ကျဲကျဲတွေပဲ သောက်ရတော့မလားဟု သူမ စိုးရိမ်နေမိသည်။

“ကျောင်းက ကလေးတွေရဲ့ အစားအသောက်က ပုံသေသတ်မှတ်ထားတာပါ။ နေ့တိုင်း အသားဟင်းကြီး တစ်ပွဲ၊ အသားဟင်းသေး တစ်ပွဲနဲ့ အသီးအရွက် နှစ်ပွဲ ပါပါတယ်။ အားမန် ကိုယ်တိုင် ချက်တာဆိုတော့ အရသာကတော့ စိတ်ချလိုက်ပါ”

ငတ်ငတ်ပြတ်ပြတ် နေစရာမလိုဘဲ အသားရော အသီးအရွက်ရော စားရမည်ဆိုသဖြင့် ရှို့ယွန်းက စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူမ ငွေတုံးတစ်တုံး ထုတ်ပေးကာ ဆိုသည်။

“ဒါဆို အစ်မ တစ်လစာ အရင်ပေးထားမယ်”

ဟွာကျွင်းက ငွေကို လက်ခံလိုက်ပြီး မေးလိုက်၏။

“ဒီနေ့ညရော စားပြီးပြီလား”

“စားပြီးပြီလေ။ ဝက်ခြေထောက် သုံးချောင်းနဲ့ ခေါက်ဆွဲ နှစ်ပွဲတောင် စားခဲ့တာ”

ဟွာကျွင်း “...”

“နောက်ဆိုရင် အဲဒီလောက် အများကြီး စားလို့မရတော့ဘူးနော်။ အစားအသောက်ကို အချိုးအစားနဲ့ပဲ စားရမယ်”

ရှို့ယွန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ဒါဆို ဗိုက်ဆာရင် ဘယ်လိုလုပ်မလဲ”

“ဗိုက်ဆာရင် လက်ဖက်ရည် သောက်ပါ။ အစပိုင်းမှာတော့ ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ အစာအိမ် ကျုံ့သွားရင်တော့ အဆင်ပြေသွားပါလိမ့်မယ်”

ထို့နောက် ဟွာကျွင်းက အကြံတစ်ခု ထပ်ပေး၏။

“ဒါမှမဟုတ် အစ်မ မနက်ဖြန် ပန်းထိုးအလုပ်ရုံကို လာခဲ့မလား။ အဲဒီမှာ အရမ်းလှတဲ့ နွေရာသီဝတ်စုံအသစ်တွေ ရှိတယ်။ အစ်မနဲ့ တော်တဲ့ ဆိုဒ်ထက် တစ်ဆိုဒ်သေးတာကို လီနျန်ကို ချုပ်ခိုင်းထားလိုက်။ အဲဒါကို ချိတ်ထားပြီး ဘယ်တော့ ဝတ်နိုင်မလဲဆိုတာကို ကြည့်ပြီး အားတင်းထားတာပေါ့”

“ကောင်းပြီလေ။ မနက်ဖြန် သွားကြည့်မယ်။”

ဆိုင်ရှင်လျိုတို့ ဇနီးမောင်နှံ ပြန်သွားပြီးနောက် ဟွာကျွင်းက အားမန်ကို အခြေအနေ ရှင်းပြလိုက်သည်။ အမေလျိုကို အသီးအရွက် များများကျွေးပြီး ထမင်းလျှော့ကျွေးရန် မှာကြားလိုက်၏။ အားမန်ကတော့ လူကြီးတစ်ယောက်က ဘာလို့ ကလေးတွေနဲ့ လာစားချင်ရတာလဲဟု တွေးကာ ထူးဆန်းနေမိသည်။

“သူ့အတွက် သီးသန့် အခန်းတစ်ခန်း ပြင်ပေးလိုက်ပါ”

ဟွာကျွင်း မှာလိုက်ရာ အားမန် ခေါင်းညိတ် သဘောတူလိုက်သည်။

ဆိုင်ရှင်လျိုလည်း ထူးဆန်းနေမိ၏။

“မိန်းမရာ... ငါတို့ ဆိုင်မှာ မစားဘဲ ဘာလို့ သူများဆီမှာ ပိုက်ဆံပေးပြီး သွားစားချင်ရတာလဲ”

ရှို့ယွန်းက သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

“ရှင် ဘာသိလို့လဲ။ ကြည့်စမ်း... ကျွန်မသားတောင် ဝိတ်ကျသွားတာ၊ ကျွန်မလည်း သေချာပေါက် ကျမှာပါ။ မကြာခင် ပူတော့မယ်လေ၊ ကျွန်မညီအစ်မတွေကြားမှာ မျက်နှာပွင့်ချင်သေးတယ်”

နောက်တစ်နေ့ မနက်တွင် သူမသည် ဟွာကျွင်း၏ ညွှန်ကြားချက်အတိုင်း ကြက်ဥတစ်လုံးနှင့် အသားပေါင်မုန့် အကြီးနှစ်လုံး စားလိုက်သည်။ ဤသည်ကား သူမအတွက် ဗိုက်ပြည့်သလိုပင် မရှိပေ။ သူမ တတိယမြောက် ပေါင်မုန့်ကို လှမ်းယူရန် ပြင်လိုက်၏။

“မေမေ... မမဟွာက ပေါင်မုန့်နှစ်လုံးပဲ စားရမယ်လို့ ပြောထားတယ်လေ။ ဘာလို့ သုံးလုံးမြောက်ကို ယူတာလဲ”

“ဒါပေမဲ့ မေမေ ဗိုက်ဆာနေတာလေ၊ နေ့လယ်အထိ ဘယ်ခံနိုင်ပါ့မလဲ”

“မေမေက ကတိမတည်ဘူး။ ကျွန်တော့်လောက်တောင် စကားနားမထောင်ဘူး”

ဆိုင်ရှင်လျိုကလည်း ဝင်ပြော၏။

“ငါ့အထင်တော့ မင်း လက်ဖက်ရည်ပူပူလေးပဲ သောက်လိုက်ပါတော့။ ပထမဆုံးနေ့မှာတော့ အစီအစဉ်အတိုင်း ဖြစ်အောင် အနည်းဆုံးတော့ ဟန်ဆောင်သင့်တာပေါ့”

ရှို့ယွန်း၏ လက်ကလေးမှာ လေထဲတွင် တန့်သွားပြီးနောက် နောက်ဆုံးတွင်တော့ ကျိုးကြောင်းဆင်ခြင်နိုင်မှုက အနိုင်ရသွားသည်။ သူမ လက်ကို ပြန်ဆုတ်လိုက်ပြီး ပြောလိုက်၏။

“ကောင်းပြီလေ... လက်ဖက်ရည်ပဲ သောက်မယ်”

ထို့သို့ ဆိုကာ လက်ဖက်ရည်အိုးကို မပြီး တဂွတ်ဂွတ်နှင့် သောက်ချလိုက်၏။ အံ့သြစရာကောင်းသည်မှာ လက်ဖက်ရည်က ဗိုက်ထဲရောက်သွားသောအခါ ပေါင်မုန့်များနှင့် ပေါင်းစပ်ပြီး တကယ်ပင် ဗိုက်ပြည့်သွားသလို ခံစားလိုက်ရသည်။

သူမ ထရပ်ကာ ဗိုက်ကို ပုတ်ပြီး အော်တော့သည်။

“မဆာတော့ဘူး။ မဆာတော့ဘူး”

သူမသည် ပုံမှန်အားဖြင့် အဆီအဆိမ့်များ စားသဖြင့် ဝမ်းချုပ်တတ်သူ ဖြစ်၏။ ယခု လက်ဖက်ရည်၏ အာနိသင်ကြောင့် ဗိုက်ထဲတွင် ရစ်လာပြီး အိမ်သာသို့ အပြေးသွားကာ နာရီဝက်ခန့် ဝမ်းသွားလိုက်ရသည်။

သူမ အိမ်သာက ပြန်ထလာသောအခါ ခြေထောက်များပင် တုန်နေသော်လည်း ခန္ဓာကိုယ်က အလွန်ပေါ့ပါးသွားသလို ခံစားရ၏။ ခါးပတ်ကပင် အနည်းငယ် လျော့သွားသလိုပင်။

သူမ ဗိုက်ပြန်ဆာလာသဖြင့် မီးဖိုချောင်သို့ သုံးခေါက်ခန့် သွားကြည့်သော်လည်း နောက်ဆုံးတွင်တော့ အောင့်ထားလိုက်သည်။ ဘာလုပ်ရမှန်း မသိသဖြင့် ဟွာကျွင်း၏ ပန်းထိုးအလုပ်ရုံသို့ သွားရန် ဆုံးဖြတ်လိုက်သည်။

သူမ ရထားလုံးစီးပြီး မြို့ပြင်သို့ ထွက်လာခဲ့သည်။ အလုပ်ရုံရှေ့တွင် ရထားလုံးရပ်ရန် နေရာမရှိသဖြင့် မြင်းရထားသမားက အနားတွင် ရပ်ပေးခဲ့ကာ သူမ လမ်းလျှောက်လာခဲ့ရသည်။

ညဘက်တွင် မုန့်ဆိုင်က စည်ကားသလို၊ နေ့ဘက်တွင် ပန်းထိုးအလုပ်ရုံမှာ လူများဖြင့် ပြည့်နှက်နေ၏။ ရှို့ယွန်းပင် ဟွာကျွင်း၏ စီးပွားရေးအမြင်ကို ချီးကျူးမိတော့သည်။

သူမ အထဲသို့ ဝင်လိုက်သောအခါ အချိန်အခါကောင်းမှ ရောက်လာမှန်း သိလိုက်ရသည်။ ယနေ့သည် နွေရာသီဝတ်စုံအသစ်များ စတင်မိတ်ဆက်သည့်နေ့ ဖြစ်သဖြင့် လူတိုင်းက စုပြုံရောက်ရှိနေကြခြင်း ဖြစ်သည်။

လီနျန်သည် ဝင်းထဲတွင် ကုလားထိုင်များစွာ ချထားပေးပြီး လူတိုင်းကို ထိုင်စေကာ မုန့်နှင့် လက်ဖက်ရည်များ တည်ခင်းပေးထားသည်။ သူမသည် လှေကားထစ်ပေါ်တွင် ရပ်ကာ ဝတ်စုံအသစ်များကို ယဉ်ကျေးပျူငှာစွာ မိတ်ဆက်ပေးနေ၏။

ပထမဆုံးအနေဖြင့် သူမက အလုပ်ရုံကို အားပေးကြသည့်အတွက် ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် လူပုံစံအရုပ် ဆယ်ခုကျော်ကို ထုတ်ပြသည်။ ထိုရုပ်များမှာ အမျိုးသား၊ အမျိုးသမီး ဆိုဒ်စုံရှိပြီး ဝတ်စုံအသစ်များကို ဆင်မြန်းထားကြ၏။

အခန်း (၁၆၈)

နွေရာသီဝတ်စုံသစ်မျာ

ရှို့ယွန်းသည် ခန္ဓာကိုယ်ထွားကြိုင်းသူဖြစ်သဖြင့် ဟန်ဆောင်ပန်ဆောင် နူးညံ့နေကြသော အမျိုးသမီးများမှာ သူမကို တိုးမပေါက်နိုင်ကြပေ။ သူမ အနောက်ဆုံးမှ ရောက်လာသူဖြစ်သော်လည်း အရှေ့ဆုံးတန်းမှ ထိုင်ခုံတစ်လုံးကို လုယူရရှိသွားကာ ဝတ်စုံအသစ်များကို အသေအချာ စတင်စစ်ဆေးတော့သည်။

လူပုံစံရုပ် (၁၂) ခု၊ ဝတ်စုံ (၁၂) စုံမှာ တစ်ခုနှင့်တစ်ခု ပုံစံမတူဘဲ ကွဲပြားနေသည်။ လက်ရှည်ရင်စေ့အင်္ကျီနှင့် အတွန့်ပါသော ဂါဝန်ရှည်များ၊ လည်ဝိုင်းအင်္ကျီနှင့် ခါးမြင့်ဂါဝန်များ၊ ရိုးရှင်းသော အပေါ်ဝတ်ရုံနှင့် လက်ရာမြောက်သော မြင်းမျက်နှာဖုံးစကတ် များ စသည်ဖြင့်... အချို့မှာ နူးညံ့သိမ်မွေ့ပြီး အချို့မှာ ခန့်ညားထည်ဝါကာ အချို့မှာတော့ လန်းဆန်းအေးမြသော ခံစားချက်ကို ပေးစွမ်း၏။

လူပုံစံအရုပ်များ၏ ဘေးတွင်လည်း လူတိုင်းစိတ်ကြိုက် ရွေးချယ်စပ်ဟပ်နိုင်ရန် ပိတ်စနမူနာများကို ချထားပေးသည်။

လီနျန်သည် ပိတ်စ၊ အရောင်စပ်ပုံမှစ၍ ပန်းထိုးလက်ရာများအထိ တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြပေးသည်။

ပို၍ဆွဲဆောင်မှုရှိသည်မှာ ယခုတစ်ခေါက်တွင် ဖိနပ်များ၊ ခြေအိတ်များနှင့် အိတ်များကိုပါ တွဲဖက်မိတ်ဆက်လိုက်ခြင်း ဖြစ်၏။ ပုံစံအမျိုးအစား အများကြီးမရှိသော်လည်း ဝတ်စုံများနှင့် လိုက်ဖက်ညီစွာ ဆင်မြန်းနိုင်သဖြင့် တစ်ကိုယ်လုံး ကြည့်ကောင်းကာ မျက်စိပသာဒ ဖြစ်စေသည်။

အောက်တွင် ရှိနေကြသော ဝယ်သူအများစုမှာ ငယ်ရွယ်သော အမျိုးသမီးများ ဖြစ်ကြပြီး ဤကဲ့သို့ ထုတ်ကုန်အသစ် မိတ်ဆက်ပွဲမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ ဝတ်စုံ (၁၂) စုံကို စီတန်းပြသထားသည်ကို မြင်သောအခါ သူတို့မှာ မျက်စိလည်သွားကြပြီး တစ်ခုချင်းစီကို ကြိုက်လွန်း၍ ဘယ်ဟာရွေးရမှန်း မသိဖြစ်နေကြ၏။

လီနျန် ရှင်းပြလို့ပင် မပြီးသေးမီ သူတို့ သူငယ်ချင်းအချင်းချင်း ဘယ်အစုံကို မှာယူမည်ဖြစ်ကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီ ဖြစ်သည်။

ရှို့ယွန်းသည်လည်း ထိုဝတ်စုံများကို အလွန်သဘောကျသွားပြီး အစိမ်းနုရောင် အင်္ကျီကို ဝယ်ရမလား၊ ပန်းရောင်နှင့် အပြာရောင်စပ်ထားသော ရင်ဖုံးဂါဝန် ကို ဝယ်ရမလားဟု စိတ်ထဲမှာ ဝေခွဲမရ ဖြစ်နေသည်။

ထို့နောက် သူမ၏ ထွားကြိုင်းသော ခန္ဓာကိုယ်ကို ပြန်တွေးမိသောအခါ ခေတ္တမျှ စိတ်ပျက်သွားမိသည်။

“ဒါတွေကို ဝတ်ရင် လူလှောင်ခံရမှာပဲ”

သို့သော် ခဏချင်းပင် သူမ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးလိုက်၏။

“ယောင်ကျူတောင် ဝိတ်နည်းနည်း ကျသွားပြီပဲ။ ငါသာ ညီမလေးဟွာ ပြောသလို လုပ်ရင် နွေရာသီမတိုင်ခင် သေချာပေါက် ဝိတ်ကျမှာပါ”

ဤသို့တွေးပြီး သူမ ချက်ချင်းထရပ်ကာ လီနျန်ကို အော်ပြောလိုက်သည်။

“လီနျန်၊ လီနျန်။ ကျွန်မက ဟွာကျွင်းရဲ့ အစ်မပါ။ ဘယ်ဘက်က ဟိုနှစ်စုံကို မှာချင်လို့”

သူမအနောက်က မိန်းကလေးတစ်ယောက်သည် စောစောက သူမကို တိုးဝှေ့သွားသော “အဒေါ်ကြီး” ဖြစ်မှန်း သိသွားသဖြင့် မျက်စောင်းထိုးကာ ပြောသည်။

“ဒေါ်ကြီး... ပိုက်ဆံကို နှမြောပါဦး။ ဒီဝတ်စုံတွေက အဒေါ်နဲ့ တော်မှာ မဟုတ်ဘူး”

ရှို့ယွန်းက လှည့်ကြည့်ကာ ပြန်ပက်လိုက်သည်။

“ငါနဲ့ တော်တော်၊ မတော်တော် နင့်အလုပ်မဟုတ်ဘူး။ ငါက ဝယ်ပြီး ချိတ်ထားကြည့်ချင်လို့လေ၊ ငါပျော်ရင် ပြီးတာပဲ”

သူမ၏ အော်သံကြောင့် အခြေအနေမှာ ချက်ချင်းပင် ထိန်းမရအောင် ဆူညံသွားပြီး ဝယ်သူအားလုံး ထရပ်ကာ အမှာစာတင်ရန် တိုးဝှေ့ကြတော့သည်။

လီနျန်က အမြန်ပင် အခြေအနေကို ထိန်းသိမ်းလိုက်ရ၏။

“အားလုံးပဲ မလောကြပါနဲ့ဦး။ ကျွန်မ ရှင်းပြလို့ မပြီးသေးပါဘူး”

“ရှင်းပြနေစရာ မလိုတော့ဘူး၊ ကျွန်မတို့တွေက ရှင့်ဆီက အင်္ကျီတွေ အမြဲဝယ်နေကျပဲ။ ဈေးနှုန်းပဲ ပြောတော့။”

လီနျန်က ပြုံးပြီး ပြောလိုက်သည်။

“ဒါဆိုရင်လည်း အစီအစဉ်အတိုင်း တန်းစီပေးကြပါ။ ဒီဘက်မှာ အတိုင်းယူပြီး အမှာစာ တင်လို့ရပါပြီ”

ဤဝတ်စုံ (၁၂) မျိုးမှာ လူတန်းစားမရွေး ဝယ်ယူနိုင်သော ဈေးနှုန်းများ ဖြစ်သည်။ ပိတ်စများကို ဟွာကျွင်းက ခေတ်သစ်မှ ဝယ်ယူထားခြင်းဖြစ်ပြီး ဆွဲဆောင်မှုရှိကာ လေဝင်လေထွက်ကောင်းခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို အဓိကထားသည်။ အခြား အဆင့်မြင့်ဝတ်စုံ နှစ်စုံမှာမူ ရှေးဟောင်းပိတ်စများဖြင့် ချုပ်လုပ်ထားပြီး ပန်းထိုးလက်ရာများ ပိုမိုနုနယ်ကာ ပို၍ ခန့်ညားထည်ဝါလှသည်။

မိန်းကလေးငယ်များ လူစုခွဲသွားပြီးနောက် ကျန်ရှိသော ဝယ်သူများမှာ ဆိုင်ထဲသို့ဝင်ကာ အေးအေးဆေးဆေး ကြည့်ရှုကြသည်။

အချို့မှာ သူဌေးအိမ်မှ လွှတ်လိုက်သော အစေခံခေါင်းဆောင်များ ဖြစ်ကြပြီး အချို့မှာ ဈေးဝယ်ရသည်ကို ဝါသနာပါသော မြို့မျက်နှာဖုံး အမျိုးသမီးကြီးများ ဖြစ်ကြသဖြင့် အလောတကြီး မှာယူခြင်းမျိုး မလုပ်ကြပေ။

လီနျန်သည် သူတို့ကို ဆိုင်ထဲတွင် လိုက်လံပြသပြီးနောက် နောက်ဆုံးတွင် အဆင့်မြင့်ဝတ်စုံ နှစ်စုံကို ဆင်မြန်းထားသော အမျိုးသမီးရုပ်နှစ်ခုကို ထုတ်ပြလိုက်၏။ ထိုဝတ်စုံနှစ်မျိုးမှာ တစ်မျိုးလျှင် ငါးစုံစီသာ ကန့်သတ်ထုတ်လုပ်မည်ဖြစ်ပြီး တစ်စုံနှင့်တစ်စုံ အရောင်မတူစေရဟု သူမက အသိပေးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူတို့သည် ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။ အဆင့်မြင့်ဒီဇိုင်းနှင့် အရေအတွက်ကန့်သတ်ချက် ဆိုသည်မှာ သူတို့အကြိုက်ပင် ဖြစ်၏။

မကြာမီမှာပင် မိသားစုခြောက်စုက အမှာစာ တင်ကြပြီး လီနျန်နှင့် အရောင်စပ်ပုံ၊ ပန်းထိုးပုံစံများကို အသေအချာ ဆွေးနွေးကြသည်။ သူတို့သည် ဈေးနှုန်းကြီးသည်ကို ဂရုမစိုက်ဘဲ ငွေအပြည့် ချက်ချင်းချေကြတော့သည်။

ဘယ်ခေတ်မှာပဲဖြစ်ဖြစ် မိန်းကလေးများသည် လှပသော အင်္ကျီများအတွက် ပိုက်ဆံကို နှမြောလေ့မရှိကြပေ။ လီနျန်သည် စုပုံနေသော အမှာစာများကို ကြည့်ကာ အလွန်ဝမ်းသာနေမိ၏။ ပန်းထိုးအလုပ်ရုံသည် နောက်ပိုင်းတွင် တော်တော်လေး အလုပ်ရှုပ်တော့မည်။

ကံကောင်းသည်မှာ နှစ်သစ်ကူးမတိုင်မီက ဝယ်ယူခဲ့သော မိန်းကလေးများသည် ယခုအခါ လီနျန်၏ သင်ကြားမှုအောက်တွင် အလုပ်များကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်နေပြီ ဖြစ်သည်။ ဘဝသည် သိသိသာသာ တိုးတက်လာနေသဖြင့် ဟွာကျွင်း၏ ယုံကြည်မှုကို မဖျက်ဆီးမိသည့်အတွက် သူမ အလွန်ကျေနပ်မိသည်။

ရှို့ယွန်းသည် ချွေးများရွှဲလျက် လူအုပ်ထဲမှ ရုန်းထွက်လာသည်။ သူမ လက်ထဲတွင် အမှာစာ နှစ်စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရင်ထဲမှာတော့ ပျော်ရွှင်မှုများ ပြည့်နေ၏။

သူမသည် အတိုင်းအတာယူသော မိန်းကလေးကို သူမ၏ ဝတ်စုံများကို နှစ်ဆိုဒ်ခန့် သေးပြီး ချုပ်ပေးရန် အထူးမှာကြားခဲ့၏။ သူမ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ ပထမအသုတ်သာ ရှိသေးကြောင်းနှင့် နောက်ပိုင်းတွင် ပိုလှသော ဝတ်စုံများ လာဦးမည်ဟု ကြားလိုက်ရသဖြင့် သူမ လက်လွှတ်မခံနိုင်ပေ။

သူမသည် ယနေ့လာခဲ့မိသည်မှာ တကယ့်ကို ကံကောင်းသည်ဟု တွေးမိသည်။ မဟုတ်လျှင် ဤကဲ့သို့ ရတနာသိုက်နှင့်တူသော ဆိုင်မျိုးကို လွဲချော်သွားနိုင်၏။

မနက်ခင်းတစ်ပိုင်းလုံး လှုပ်ရှားရုန်းကန်နေရသဖြင့် သူမ ဗိုက်ဆာနေသည်ကိုပင် သတိမထားမိပေ။ ယခုမှ ဗိုက်က တဂွဂွမြည်လာသဖြင့် သတိရသွားတော့သည်။

“အို... နေ့လယ်စာ စားချိန်ရောက်ပြီပဲ”

ပန်းထိုးအလုပ်ရုံသည် မူလတန်းကျောင်းနှင့် အလှမ်းဝေးသေးပြီး ရထားလုံးမှာလည်း အခြားတစ်ဖက်တွင် ရှိနေသဖြင့် သူမ လမ်းလျှောက်သွားရန်သာ ရှိတော့သည်။

ကံကောင်းသည်မှာ လမ်းတစ်လျှောက်တွင် လမ်းညွှန်ဆိုင်းဘုတ်များ ရှိနေ၏။ ကျေးရွာဘက်သို့ ညွှန်ပြထားသော မြားအတိုင်း လိုက်သွားရာ လမ်းမှာ ချောမွေ့ပြီး လမ်းလျှောက်ရလွယ်ကူကာ လမ်းဘေးတွင်လည်း ပန်းမျိုးစုံ စိုက်ပျိုးထားသည်။

ဟွာကျွင်း ပြောခဲ့သလိုပင် နွေဦးပန်းများသည် ဝေဝေဆာဆာ ပွင့်နေကြသည်။ ရှို့ယွန်းသည် လမ်းလျှောက်ရင်း ရှုခင်းကို ကြည့်ကာ စိတ်အပန်းဖြေနေမိ၏။

အစားအသောက်မှလွဲ၍ အခြားအရာတစ်ခုကို သူမ ပထမဆုံးအကြိမ် သတိထားမိခြင်းပင်။

ကြည်လင်သော စာဖတ်သံများကို ကြားလိုက်ရသောအခါ သူမ ရှေ့သို့ကြည့်လိုက်ရာ သစ်သားဖြင့် ဆောက်ထားသော ကျောင်းဆောင်ကို တွေ့လိုက်ရသည်။

အတန်းမဆင်းသေးပေ။ သူမ အထဲသို့ လမ်းလျှောက်ဝင်သွားစဉ် သပ်ရပ်သော အခန်းများကို တွေ့ရပြီး အခန်းများ၏ အနောက်တွင် ကိရိယာများစွာရှိသော ကွင်းပြင်ကျယ်ကြီးကို တွေ့ရ၏။ ၎င်းမှာ ယောင်ကျူပြောသော ကိုယ်ခံပညာလေ့ကျင့်ရေးကွင်း ဖြစ်ရမည်။

သူမ ဤနေရာကို တစ်ခါမှ မရောက်ဖူးသဖြင့် ဟင်းနံ့များနောက်သို့ လိုက်ရင်း ထမင်းစားဆောင်ကို ရှာတွေ့သွားသည်။

အစားအသောက်များမှာ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ အားမန်နှင့် ရွာသားအချို့ အလုပ်ရှုပ်နေကြသည်။ ရှို့ယွန်း ဝင်လာသည်ကို မြင်သောအခါ အားမန်က ချက်ချင်း လက်လှမ်းပြသည်။

ရှို့ယွန်း လမ်းလျှောက်သွားရင်း အားမန်ကို ပြုံးကာ နှုတ်ဆက်လိုက်၏။

“အားမန်။ အိမ်က ဖေကြီးက အားမန်ရဲ့ လက်ရာက အရမ်းကောင်းတယ်လို့ ပြောနေတာ။ ဒီနေ့တော့ ကျွန်မလည်း မြည်းကြည့်ရတော့မှာပဲ”

အားမန်က ရှက်ပြုံးလေး ပြုံးလိုက်ပြီး လင်ဗန်းတစ်ခု ထုတ်ကာ ဟွာကျွင်း မှာထားသည့်အတိုင်း သူမအတွက် အစားအသောက်များကို ပြင်ပေးလိုက်သည်။

ချက်ထားသော ကြက်ပေါင် နှစ်ချောင်း၊ ခရုဆီဆလတ်ရွက်ကြော် တစ်ဇွန်းကြီးကြီး၊ သခွားသီးနှင့် အဆီမပါသော အသားကြော် တစ်ပွဲ၊ ထမင်းတစ်ဝက်ပင်။ ဤသည်ကား ရှို့ယွန်းအတွက် တစ်နပ်စာ အချိုးအစား ဖြစ်သည်။

အားမန် လင်ဗန်းကို ကိုင်ကာ ရှို့ယွန်းကို လိုက်ခဲ့ရန် အချက်ပြသည်။ သူမသည် ဘေးရှိ အခန်းတစ်ခုသို့ ခေါ်သွားကာ လင်ဗန်းကို ချပေးပြီး စားရန် အမူအရာ ပြလိုက်သည်။

ရှို့ယွန်း နားလည်လိုက်၏။ ဤသည်မှာ သူမကို ကလေးများနှင့် သီးသန့်ခွဲစားစေခြင်း ဖြစ်သည်။ ထိုအချက်ကိုလည်း သူမ နားလည်နိုင်ပါသည်၊၊ ကလေး အများကြီးကြားမှာ စားရသည်မှာ အနည်းငယ် အနေရခက်နိုင်သည်။

‘ဒါပေမဲ့ ဒီစားစရာတွေက’

သူမ မော့ကြည့်ကာ အားမန်ကို မေးလိုက်၏။

“ဒါတွေ ကုန်သွားရင် ထပ်တောင်းလို့ ရသေးလား”

အားမန်က ခေါင်းခါပြပြီး လက်ညှိုးတစ်ချောင်း ထောင်ပြသည်။

“တစ်ပွဲပဲ ရတာလား”

အားမန် ခေါင်းညိတ်ပြသည်။

ရှို့ယွန်းက ညည်းညူလိုက်၏။

“ဒါက နည်းလွန်းတာပဲ။ အစ်မက ပုံမှန်ဆိုရင် တစ်နပ်ကို ကြက်ပေါင် ခုနစ်ချောင်းနဲ့ ထမင်းသုံးပွဲ စားနေကျ...”

ဤသည်မှာ သူဌေးမဟွာ စီစဉ်ထားခြင်းဖြစ်ကြောင်း အားမန်က ပြောချင်နေ၏။ သူမသည် စားပွဲပေါ်တွင် “သူဌေးမဟွာ” ဆိုသည့် စာလုံးသုံးလုံးကို ရေးပြလိုက်သည်။

ရှို့ယွန်းမှာ စာမတတ်သဖြင့် အားမန် ရေးသည်ကို နားမလည်ပေ။ အားမန် အတော်ကြာအောင် လက်ဟန်ခြေဟန် ပြသော်လည်း သူမ သဘောမပေါက်သေးပေ။

နောက်ဆုံးတွင် သူမ လက်လျှော့လိုက်ပြီး ပြောလိုက်၏။

“ထားလိုက်ပါတော့၊ ဒါပဲ စားလိုက်ပါ့မယ်။ ညဘက်ကျမှ သူဌေးမဟွာကို မေးကြည့်တော့မယ်”

သူဌေးမဟွာ၏ အမည်ကို ကြားသောအခါ အားမန်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြသည်။

“သူဌေးမဟွာက ဒီလို စီစဉ်ထားတာလို့ ပြောချင်တာလား”

အားမန် ဆက်၍ ခေါင်းညိတ်ပြပြန်၏။ ရှို့ယွန်း နားလည်သွား၏။

‘ကဲ... ဒီနေ့ တွေ့ခဲ့ရတဲ့ ဝတ်စုံလှလှတွေအတွက်တော့ သည်းခံရမှာပဲ’

သို့သော် အစားအသောက်များသည် အမှန်တကယ်ကို အရသာ ရှိလှ၏။

ကြက်ပေါင်များမှာ နူးအိနေပြီး ဆလတ်ရွက်ကလည်း ကြွပ်ရွနေသည်။ သခွားသီးနှင့် အသားကြော်ကလည်း လန်းဆန်းပြီး စားလို့ကောင်းလှကာ ထမင်းမှာလည်း ပျော့ပျောင်းမွှေးကြိုင်သည်။

သူမ ချက်ချင်းပင် အကုန်စားလိုက်၏။ ဗလာဖြစ်နေသော ပန်းကန်များနှင့် ဟာလာဟင်းလင်း ဖြစ်နေဆဲဖြစ်သော ဗိုက်ကို ကြည့်ကာ သက်ပြင်းချရင်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်သည်။

“သည်းခံစမ်းပါ၊ ညစာကိုပဲ စောင့်တော့”

All Chapters