← Chapters

မြေကမ္ဘာနယ်မြေအတွင်းမှအက်ကွဲကြောင်းကိုချိတ်ပိတ်ထားသည့်ရတနာပစ္စည်း

Vol. 33 Ch. 463

မြေကမ္ဘာနယ်မြေအတွင်းမှအက်ကွဲကြောင်းကိုချိတ်ပိတ်ထားသည့်ရတနာပစ္စည်း

Vol. 33 Ch. 463

အခန်း (၄၆၃) မြေကမ္ဘာနယ်မြေအတွင်းမှအက်ကွဲကြောင်းကိုချိတ်ပိတ်ထားသည့်ရတနာပစ္စည်း

အမတလက်ဖွဲ့သိုင်းဆရာသခင်အဆင့်ထက်နိမ့်သော ကျင့်ကြံသူများအနေဖြင့် မြေကမ္ဘာနယ်မြေသို့ ဝင်ရောက်ခွင့်မရှိပေ။ သို့သော် ရန်ကျောက်ကဲကတော့ ချွင်းချက်ဖြစ်၏။

ရန်ကျောက်ကဲက လမ်းညွှန်ချက်အတိုင်း အနက်ရောင်မြူခိုးများအတွင်း ဖြတ်ကျော်ဝင်ရောက်လျှက် ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့ရှိရာသို့ ရောက်လာသည်။ သူရောက်လာသောကြောင့် ယွမ်ကျန်းဖုန်းရော ဖန်ကျွင်းပါ အံ့အားသင့်သွားကြခြင်း မရှိပေ။

ယွမ်ကျန်းဖုန်းက သူ့ကို ခေါင်းညိတ်နှုတ်ဆက်ရင်း...

“ကျောက်ကဲ... ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောက ပြန်လာပြီလား”

ရန်ကျောက်ကဲကလည်း သူတို့နှစ်ယောက်ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

ဖန်ကျွင်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြည်လင်သောချီစွမ်းအားစီးကြောင်းများ လွှမ်းခြုံထားပြီး ထိုချီစွမ်းအားစီးကြောင်းများက ချောက်နက်ကြီးအတွင်းမှ အနက်ရောင်အခိုးအငွေ့များ မထိခိုက်စေရန် လှောင်အိမ်တစ်ခုပမာ ကာကွယ်‌ပေးထားသည်။

ရန်ကျောက်ကဲကိုတွေ့တော့ ဖန်ကျွင်းက ပြုံးပြခေါင်းညိတ်သော်လည်း စကားမဆိုပေ။ သူက အနက်ရောင်အခိုးအငွေ့များကို အပြည့်အဝ အာရုံစိုက်နေ၏။

ဖန်ကျွင်းက ဝါဒတောင်တွင်သာမက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင်ပါ မြေကမ္ဘာနယ်မြေကို အကျွမ်းကျင်ဆုံးနားလည်သူတစ်ယောက်ဖြစ်ပြီး ကြီးမားစွာ သြဇာလွှမ်းမိုးနိုင်စွမ်းရှိသည်။ ဖန်ကျွင်းကဲ့သို့ မြေကမ္ဘာနယ်မြေကိုကျွမ်းကျင်စွာနားလည်သူမှာ ရန်ကျောက်ကဲတစ်ယောက်သာလျှင်ရှိ၏။

ရန်ကျောက်ကဲကတော့ မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်ရှိ အဖိုးတန်ကျမ်းဂန်များမှတစ်ဆင့် ငရဲကိုးထပ်အကြောင်း များစွာသိရှိထားခဲ့သည်။

ဖန်ကျွင်းကတော့ မဟာကပ်ဘေးကြီးအလွန်ကာလတွင် မြေကမ္ဘာနယ်မြေနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နှစ်ပေါင်းများစွာ နက်နက်နဲနဲ လက်တွေ့ကျကျ သုတေသနပြုထားသူဖြစ်သဖြင့် လက်တွေ့ဆုံးဖြတ်ရာတွင် ရန်ကျောက်ကဲထက်ပင် သာလွန်နိုင်သည်။

ရန်ကျောက်ကဲက အနက်ရောင်အခိုးအငွေ့များကို သေသေချာချာ အာရုံခံကြည့်ရင်း အခြေအနေကို တဖြည်းဖြည်းနားလည်လာသည်။

“ဒီ အန္တရယ်ချီတွေက အရင်တုန်းက အန္တရယ်ချီတွေထက် ပိုပြီးအစွမ်းထက်နေပါလား ၊ လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို အမှောင်ဘက်ကျဆင်းသွားစေနိုင်တဲ့ ငရဲကိုးထပ်က မိစ္ဆာချီတွေတောင်ပါဝင်နေတာပဲ”

“ကောင်းကင်တစ်ဖက်ခြားမန္တန်က ဒီပရမ်းပတာအန္တရယ်ချီတွေရဲ့ဘေးဒဏ်က သက်သာစေနိုင်ပေမယ့် ငရဲကိုးထပ်က မိစ္ဆာချီတွေအားကောင်းလာရင်တော့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲတွေးရင်း အရှေ့ဆီသို့ အာရုံစိုက်ကာ သေသေချာချာကြည့်လိုက်သည်။

လွင့်မျောနေသော အနက်ရောင်မြူခိုးများကြားရှိ နက်ရှိုင်းရာချောက်နက်ကြီးထဲတွင် တလက်လက်တောက်ပနေသော ရွှေရောင်အဆင်းသဏ္ဌန်တစ်ခု ထွက်ပေါ်နေသည်ကို တွေ့မြင်ရ၏။ တောက်ပမှုက အလွန်သေးငယ်သည်ထင်ရသော်လည်း ထိုအရာက မမြင်ရလောက်အောက်နက်ရှိုင်းသော ချောက်နက်ထဲတွင် မြှုပ်နှံထားခြင်း ခံရသည်ပင်။

အနက်ရောင်မြူခိုးများကြားတွင် အလင်းရောင်အနည်းငယ်သာတွေ့မြင်ရသော်လည်း ထိုအလင်းရောင်မှထုတ်လွှတ်သည့် အပူလှိုင်းများကိုပင် ခံစားနေရလေရာ စွမ်းအားနည်းပါးသည်ဟု မဆိုသာပေ။ မည်သို့ပင် တိမ်ညိုတိမ်မည်းများ အုံ့ဆိုင်းနေပါစေ နေရောင်ခြည်က တိမ်လွှာများကိုထိုးဖောက်လျှက် ကမ္ဘာမြေပြင်ထက် ဆင်းသက်လာသည့်သဘောတရားပမာ ဖြစ်သည်။

“ဒါက ဘယ်လိုစည်းတံဆိပ်ကိုအသုံးပြုပြီး ချိတ်ပိတ်ထားတာလဲ”

အလင်းရောင်ကိုကြည့်ရင်း ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ သူ့ခေါင်းထဲ ပထမဆုံးဝင်ရောက်လာသည်က “နေသူတော်စင်ဂိုဏ်း” ဆိုသောအတွေး ဖြစ်၏။

သို့သော် ရှေးယခင်အချိန် မြေကမ္ဘာနယ်မြေ၌ မတည်ငြိမ်မှုများဖြစ်ပွားပြီး “ငရဲ” အဖြစ် အသွင်ပြောင်းသွားချိန်တွင် “နေသူတော်စင်ဂိုဏ်း” ဆိုသည်က ဤသို့နှယ် အင်အားကြီးမားသော သိုင်းဂိုဏ်းတစ်ခု မဟုတ်သေးပေ။

ထိုစဉ်အချိန်က အမည်မသိပုဂ္ဂိုလ်များနှင့် စွမ်းအားစုများက မြေကမ္ဘာနယ်မြေမှ အက်ကွဲကြောင်းကို ချိတ်ပိတ်ထားခဲ့ခြင်းသာ ဖြစ်သည်။

ရန်ကျောက်ကဲ ခန့်မှန်းမိသလောက် ဤသည်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ဖွင့်လှစ်ရန်ကြိုးစားသော “မဟာငရဲကိုးထပ်တံခါး” နှင့် မတူညီပေ။ ဤအက်ကွဲကြောင်းက ငရဲကိုးထပ်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကို တရားဝင်ချိတ်ဆက်ပေးထားသော လမ်းကြောင်းတစ်ခုဖြစ်သည်။ ထိုလမ်းကြောင်းက မြေကမ္ဘာနယ်မြေ၏ နက်ရှိုင်းရာအရပ်တွင် အရှေးပဝေသဏီကပင် ပွင့်ဟနေခဲ့ခြင်းဖြစ်ပြီး ထိပ်တန်းအဆင့်ပုဂ္ဂိုလ်အချို့က ဖိနှိပ်လျှက် ချိတ်ပိတ်ထားခဲ့ကြသည်။

ဤသို့သော အဆင့်မြင့်ချိတ်ပိတ်သည့်နည်းလမ်းကို နေသူတော်စင်ဂိုဏ်းမှလူများ မည်သည့်နည်းနှင့်မှ ပြုလုပ်နိုင်မည် မဟုတ်ပေ။

ပြီးတော့ ထိုရွှေရောင်အဆင်းသဏ္ဌန်တွင်ပါဝင်သော အဓိပ္ပါယ်သဘောတရားကို သေသေချာချာ အာရုံခံကြည့်သည့်အခါ နေသူတော်စင်ဂိုဏ်းမှလူများ အသုံးပြုလေ့ရှိသော ပညာရပ်များနှင့် များစွာကွဲပြားသည်။

“ဒါပေမဲ့ ရင်းနှီးနေတယ်လို့ ခံစားနေရတယ်”

ရန်ကျောက်ကဲ အနည်းငယ်ပိုပြီး အာရုံစိုက်လိုက်သည်။

“ငါ ဒါကို အရင်က သိနေဖူးသလိုပဲ”

ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲ ယွမ်ကျန်းဖုန်းကို လှည့်ကြည့်လိုက်သည်။

“ဆရာဘိုးဘိုး... ဒီနေရာက အခြေအနေက တဖြည်းဖြည်း ပြန်ပြီးတည်ငြိမ်လာပြီလို့ သတင်းကြားတယ် ၊ အရင်က အပြင်းထန်ဆုံးအခြေအနေက ဘယ်လိုများဖြစ်ခဲ့တာလဲ”

ယွမ်ကျန်းဖုန်းက တည်ကြည်လေးနက်သောမျက်နှာထားဖြင့်...

“ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပြီး အန္တရယ်ချီတွေက ကောင်းကင်အထိ မြင့်တက်လာတယ် ၊ ချက်ချင်းပဲ လူတွေရဲ့စိတ်ကို ဖောက်ပြန်သွားစေတယ် ၊ အရင်ကလို လူတွေရဲ့ စိတ်ကိုဖြည်းဖြည်ချင်း လှည့်စားတာမျိုးမဟုတ်ဘူး ၊ ဒီတစ်ခါက သူတို့အားလုံးကို ပြန်လမ်းမရှိတဲ့ ချောက်နက်ထဲကို အတင်းဆွဲခေါ်သွားသလိုမျိုးပဲ”

သူက ဆက်ပြောသည်။

“သူတို့ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူသားဆန်မှုအားလုံး ချေမှုန်းခံလိုက်ရပြီးတော့ အကုန်လုံး အသိစိတ်ပျောက်ကုန်ကြတယ်”

ဤစကားများကိုကြားတော့ ရန်ကျောက်ကဲမျက်နှာက ပိုပြီးတည်ကြည်လေးနက်လာသည်။

“ဒါ တကယ့်ကိုကြောက်စရာပဲ ၊ အရင်က ဒီလိုအဖြစ်မျိုး မကြားဖူးဘူး ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း မွှေနှောက်တုန်းကလည်း မိစ္ဆာချီစွမ်းအားတွေက ဒီလောက်မပြင်းထန်ခဲ့ဘူး ၊ ဒီတစ်ခေါက် ကျွန်တော်တို့ရင်ဆိုင်ရမယ့်ရန်သူက ငရဲကိုးထပ်က လှည့်စားတာကိုခံရတဲ့ လူသားတွေမဟုတ်ဘဲ စွမ်းအားမြင့်မားတဲ့ နတ်ဆိုးတွေ ဖြစ်နေမှာကို စိတ်ပူမိတယ်”

ယွမ်ကျန်းဖုန်းက...

“အင်း... အဲဒီလိုသာဆိုရင်တော့ ဒီလိုငြိမ်သက်နေတာဟာ ခဏတာပဲ ဖြစ်လိမ့်မယ် ၊ ရန်သူ့ဘက်က ဘယ်အချိန်ထပ်ပြီးလှုပ်ရှားမလဲ ငါတို့ မသိနိုင်ဘူး ၊ အခုလို ပေါက်ကွဲထွက်သွားတာကလည်း ငါတို့အပေါ် စမ်းသပ်ကြည့်တာ ဖြစ်နိုင်တယ်”

ပေါက်ကွဲထွက်သွားတာဟာ ငါတို့အပေါ် စမ်းသပ်ဖို့ ကြိုးစားကြည့်တာလည်း ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဆရာဘိုးဘိုးပြောတာ အရမ်းအဓိပ္ပါယ်ရှိတယ် ၊ ဒီကိစ္စက အ‌တော်လေး စိုးရိမ်စရာပဲ”

ယွမ်ကျန်းဖုန်းက...

“ဒီအဖြစ်အပျက်တွေဖြစ်လာတော့... ဒီအဘိုးကြီးက ဟွမ်ကွမ်လီ ၊ ချန်လီ ၊ ချူးယန်တို့နဲ့အတူ ငရဲချောက်နက်ထဲကို သွားခဲ့တယ် ၊ အဲဒီမှာ ရွှေရောင်အလင်းတန်းတွေ လင်းထိန်တောက်ပနေတာကို တွေ့ခဲ့ရတယ် ၊ တစ်ချိန်တုန်းက အဲဒီနေရာကအက်ကွဲကြောင်းကို ချိတ်ပိတ်ဖို့ အထွတ်ထိပ်ပုဂ္ဂိုလ်တွေက ဘယ်လိုရတနာပစ္စည်းမျိုး အသုံးပြုခဲ့သလဲ မသိရဘူး”

ယွမ်ကျန်းဖုန်းက အတော်လေးနောင်တရဟန်ဖြင့် သက်ပြင်းချရင်း...

“ဒီပတ်ဝန်းကျင်ကိုလေ့လာပြီးတဲ့နောက်... အဲဒီနေရာမှာ သိမ်မွေ့တဲ့မျှခြေတစ်ခုရှိနေတာကို ငါတို့ တွေ့ခဲ့ရတယ် ၊ အဲဒါကို ထိလိုက်တာနဲ့ မျှခြေပျက်ဆီးသွားပြီး ချိတ်ပိတ်ထားတာ လုံးဝပျက်ဆီးသွားနိုင်တယ် ၊ ဒါကြောင့် ငါတို့တွေ နောက်ပြန်ဆုတ်ခဲ့ရပြီး စောင့်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“ကျွန်တော်တို့ စောင့်ကြည့်နေသင့်ပါတယ် ၊ ဒါပေမဲ့ ငရဲကိုးထပ်က နောက်တစ်ကြိမ် တိုက်ခိုက်လာရင်တောင် အဲဒီချိတ်ပိတ်ထားတာ မပြိုကွဲနိုင်သေးပါဘူး ၊ ပြီးတော့ ငရဲကိုးထပ်ကို ခုခံတဲ့အခါ အဲဒီချိတ်ပိတ်ထားတဲ့ ခုခံစွမ်းအားကို အသုံးပြုနိုင်မှာပါ”

ယွမ်ကျန်းဖုန်းက ဖြည်းညင်းစွာခေါင်းညိတ်ရင်း...

“ဒီအဘိုးကြီးရော ၊ ဟို မဆီလျော်တဲ့ အဘိုးကြီး’ဟွမ်’ ရော ၊ တခြားသူတွေရော အဲဒီလိုပဲ ဆုံးဖြတ်ခဲ့ကြတယ် ၊ အင်း... ဒီလိုပဲ စောင့်ကြည်နေကြရတာပဲပေါ့”

ရန်ကျောက်ကဲက...

“ဆရာဘိုးဘိုး... အဲဒီရွှေရောင်အလင်းတန်းရဲ့ ဇာစ်မြစ်ကို သိရပြီလား”

ယွမ်ကျန်းဖုန်းက...

“ချိတ်ပိတ်ထားတဲ့စည်းတံဆိတ်ကို သွားကြည့်တုန်းက အဲဒီကရောင်ဝါနည်းနည်းကို ယူလာနိုင်ခဲ့တယ် ၊ ဒါပေမဲ့ ဒီအဘိုးကြီး အသိပညာနည်းလို့ သူ့ရဲ့ဇာစ်မြစ်ကို မဖော်ထုတ်နိုင်သေးဘူး”

ပြောပြီးသည်နှင့် ယွမ်ကျန်းဖုန်းက လက်ဝါးတစ်ဖက်ဖြန့်လိုက်ရာ တောက်ပနေသော ရွှေရောင်အလင်းမျှင်လေးတစ်ခု ထွက်ပေါ်လာသည်။ တောက်ပမှုက နေရောင်ခြည်အလား လင်းထိန်လွန်း၏။

ယွမ်ကျန်းဖုန်းက ဆက်ပြောသည်။

“ဒါပေမဲ့... ဒီရောင်ဝါက မဟာကပ်ဘေးကြီးမတိုင်ခင်က စွမ်းအားစုအချို့ရဲ့ ပညာရပ်တွေနဲ့ဆက်စပ်နေတယ်လို့ ခံစားရတယ်”

ရန်ကျောက်ကဲက တောက်ပသောအလင်းတန်းအပိုင်းအစကို သေသေချာချာ သိမ်းဆည်းလိုက်သည်။ နောက်ပိုင်းတွင် ထိုအရာကို ဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ရပေမည်။

“ဆရာဘိုးဘိုး... ကျွန်တော် ဒီတစ်ခေါက် ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောကို ခရီးထွက်တော့...”

ရန်ကျောက်ကဲက သူသွားခဲ့သောခရီးစဉ်၏ အရေးကြီးသောအကြောင်းအရာများအားလုံးကို ယွမ်ကျန်းဖုန်းအား  မချွင်းမချန် ပြောပြလိုက်သည်။ သူ့မိခင်အကြောင်း သိရှိသူအနည်းငယ်တွင် ယွမ်ကျန်းဖုန်းလည်းပါဝင်သည်ဖြစ်ရာ သူ့အနေဖြင့် ဘာမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။

ထိုအကြောင်းအရာများကြားသည့်အခါ ယွမ်ကျန်းဖုန်း အတော်လေး အံ့အားသင့်သွားပြီး...

“ကမ္ဘာပေါင်းများစွာအလွန်က အထက်ဘုံကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာ ၊ မိစ္ဆာသွေးကျင့်ကြံသူတွေ... ဟုတ်လား”

ရွှီဖေးနှင့် ရှီကျွင်းလေးတို့အကြောင်းကြားသည့်အခါမှာတော့ ယွမ်ကျန်းဖုန်း၏ တည်ကြည်လေးနက်နေသောမျက်နှာတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာသည်။

“သူတို့ ကံကောင်းကြပါစေလို့ မျှော်လင့်ရတော့မှာပဲ”

ထိုခဏတွင် ယွမ်ကျန်းဖုန်းသည် သာမန်လူအိုကြီးတစ်ယောက်ပမာ ရွှီဖေးနှင့် ရှီကျွင်းလေးတို့အတွက် စိုးရိမ်ပူပန်နေကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။ သူလည်း မည်သို့မှမတတ်နိုင်ဘဲ စိတ်မကောင်းဖြစ်သွားမိသည်။

သို့သော် ယွမ်ကျန်းဖုန်းက အတွေးများကို ချက်ချင်းရပ်တန့်လိုက်ပြီး  ရန်ကျောက်ကဲကို နှစ်သိမ့်ဟန်ဖြင့် ကြည့်လိုက်၏။

“ဒီအဘိုးကြီးက ချူးချင်ကို အတော်လေး အထင်ကြီးခဲ့ပါတယ် ၊ သူက သာမန်မိန်းကလေးတွေလို ပစိပစပ်မများသလို အသေးအဖွဲကိစ္စလေးတွေအတွက်လည်း စိတ်ရှုတ်မခံတတ်ဘူး ၊ ဒါပေမဲ့ သူက ခိုင်မာတဲ့အတွေးအခေါ်နဲ့ ယုံကြည်ချက်ရှိတဲ့သူတစ်ယောက်ပါ”

သူက ဆက်ပြောသည်။

“မင်း မျောလွင့်ဝိညာဉ်ကမ္ဘာမှာ သူ့ကို ရှာမတွေ့လည်း ကိစ္စမရှိပါဘူး ၊ တစ်နေ့နေ့မှာတော့ မင်းအမေနဲ့မင်းနဲ့ သေချာပေါက် ပြန်ဆုံနိုင်မှာပါ”

ရန်ကျောက်ကဲ ပြုံးရင်း ခေါင်းညိတ်လိုက်၏။

ယွမ်ကျန်းဖုန်းက ခေါင်းအနည်းငယ်မော့လိုက်ရင်း...

“မျောလွင့်ဝိညာဉ်ကမ္ဘာတွေ ၊ သမုဒ္ဒရာကမ္ဘာတွေက အဆင်ပြေပါတယ် ၊ ဒါပေမဲ့ ချူးချင်ပြောခဲ့တဲ့အထဲမှာ ကမ္ဘာပေါင်းများစွာအလွန်က အထက်ဘုံကမ္ဘာဆိုတဲ့စကားကတော့ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ် ၊ ဒီစကားလုံးက ကျားသစ်ကိုထောင်ဖမ်းတဲ့ပိုက်ကွန်မျိုးနဲ့ ဆင်တူပေမယ့် စိတ်ထဲမှာ အ‌တွေးတွေအများကြီးကို ကျန်ရစ်စေတယ်”

ရန်ကျောက်ကဲက...

“ဟုတ်တယ်... ကျွန်တော်လည်း အဲဒီလိုပဲ ခံစားရတယ်”

ယွမ်ကျန်းဖုန်းက ခဏမျှစဉ်းစားပြီးမှ...

"မင်း တောင်ပေါ်ကို အရင်ပြန်နှင့်လေ ၊ မင်းအဖေလည်း မင်းကို တွေ့ချင်နေလောက်ပြီ ၊ မင်းလည်း ခရီးပန်းလာတော့ အနားလေးဘာလေး ယူလိုက်ဦး ၊ ဒီနေရာမှာ တစ်ခုခုထူးခြားရင် ဒီအဘိုးကြီး လှမ်းအကြောင်းကြားလိုက်မယ်"

မြေကမ္ဘာနယ်မြေတွင် ကြီးမားသော ပြဿနာတစ်ခုဖြစ်ပွားခြင်းက ယွမ်ကျန်းဖုန်းကဲ့သို့ သိုင်းသူတော်စင်တစ်ယောက် ကာကွယ်စောင့်ကြပ်ပေးရန် အမှန်တကယ်လိုအပ်သည်။

ရန်ကျောက်ကဲစိတ်ထဲတွင်လည်း ဖြေရှင်းရန်လိုအပ်သောအတွေးများစွာပြည့်နက်နေပြီး မြေကမ္ဘာနယ်မြေမှ မူမမှန်ခြင်းများနှင့်ပတ်သက်၍လည်း ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့သည်။

ထို့နောက် ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့ကို နှုတ်ဆက်ပြီး ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေသို့ ပြန်ခဲ့လေတော့၏။

All Chapters