← Chapters

ရန်တိ တံခါးပိတ်ကျင့်ကြံပြီ

Vol. 33 Ch. 464

ရန်တိ တံခါးပိတ်ကျင့်ကြံပြီ

Vol. 33 Ch. 464

အခန်း (၄၆၄) ရန်တိ တံခါးပိတ်ကျင့်ကြံပြီ

ကျောက်စိမ်းပင်လယ်မြို့တော်က သူတို့၏ ပင်မအစီအရင်ကို ပြန်လည်ပြုပြင်နေရသလို မြို့တော်သခင် ‘စုန့်ဝူလျန်’ သည်လည်း ဒဏ်ရာရထားသဖြင့် တံခါးပိတ်ကျင့်ကြံနေရသည်။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့က ကျောက်စိမ်းပင်လယ်မြို့တော်ကိုတိုက်ခိုက်ရန် တစ်သက်မှာတစ်ခါ ရခဲလှသောအခွင့်အရေးကို လက်မလွှတ်ခဲ့ကြပေ။ သူတို့က ရေနယ်မြေအစပ်တွင် လိုအပ်သည့်သတင်းများကို စုံစမ်းပြီး လှုပ်ရှားမှု စတင်ခဲ့ကြသည်။

ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်းတို့က ပြတ်ပြတ်သားသားလက်တွဲလျှက် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ၏ တိုက်ခိုက်မှုကို တားဆီးကာ ကျောက်စိမ်းပင်လယ်မြို့တော်ကို ကူညီခဲ့ကြ၏။

အဆုံးသတ်မှာတော့ ထိုတိုက်ပွဲကြီးသည် မြေကမ္ဘာနယ်မြေမှ ပေါက်ကွဲမှုကြီးကြောင့် ရပ်တန့်သွားခဲ့ရသည်။

မြေကမ္ဘာနယ်မြေတွင် အန္တရယ်ကျရောက်သည့်အခါ ထိပ်သီးသိုင်းဂိုဏ်းကြီးများအနေဖြင့် ရန်ငြိုးရန်စများကို ခဏဘေးဖယ်ထားပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ဘုံရန်သူကို အတူတကွရင်ဆိုင်ရန် ရွေးချယ်ခဲ့ကြရသည်။

များပြားလှစွာသော ထိပ်တန်းသိုင်းကျင့်ကြံသူများက မြေကမ္ဘာနယ်မြေကို စောင့်ကြည့်နေကြပြီး အချို့ကတော့ သက်ဆိုင်ရာဂိုဏ်းဌာနချုပ်များဆီသို့ပြန်သွားကာ အမျိုးမျိုးသောအစီအစဉ်များကို စတင်ရေးဆွဲကြသည်။

ရန်ကျောက်ကဲလည်း ဝါဒတောင်သို့ပြန်လာပြီးနောက် ဖခင်ဖြစ်သူရန်တိနှင့် တွေ့ဆုံခဲ့လေသည်။

“ဒီ သားလေး’ရန်’ က အမေ့ကို ရှာတွေ့ဖို့ ပျက်ကွက်ခဲ့ပါတယ်”

ရန်ကျောက်ကဲထံမှ ပထမဆုံးစကားကိုကြားရသည့်အခါ ရန်တိမှာ ငိုရမည်လား ရယ်ရမည်လားမသိ ဖြစ်ရသည်။

ရန်ကျောက်ကဲ ဘာကြောင့် ထိုသို့ စ နောက် သည်ကို နားမလည်သော်လည်း ထိုစကားနောက်ကွယ်တွင် အဓိပ္ပါယ်တစ်ခုရှိကြောင်းကို ရန်တိ သိရှိ၏။

ရန်တိက သက်ပြင်းချရင်း...

“ယွင်ရှန်းနဲ့လုန်ထူဆီက ငါ သိခဲ့ရပြီးပါပြီ ၊ မင်းတို့ကြုံတွေ့ခဲ့ရတာတွေက တကယ့်ကို ကူရာကယ်ရာမဲ့စေတဲ့ အဖြစ်အပျက်တွေပဲ”

သက်ပြင်းတစ်ချက်ချပြီးနောက် ရန်တိမျက်ဝန်းများ ထက်ရှသွားသည်။

“အဟက်... ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာတဲ့... ဟုတ်လား...”

ရန်ကျောက်ကဲက ပြုံးရင်း...

“လက်ရှိအခြေအနေကြည့်ရတာတော့ အမေ အဆင်ပြေနေတယ်ထင်ပါတယ် ၊ ကမ္ဘာတွေရဲ့အရေးကိစ္စဆိုတာက ခန့်မှန်းရခက်ပေမယ့် အမေချန်ထားခဲ့တဲ့စာကိုကြည့်ရတာတော့ အတော်လေး ပုံမှန်လိုပါပဲ ၊ ဒါပေမဲ့ အရမ်းလည်းမျှော်လင့်ထားလို့ မရပြန်ဘူး ၊ အရာအားလုံးအဆင်ပြေတယ်ဆိုရင် သူ မျောလွင့်ဝိညာဉ်ကမ္ဘာကို ဒုတိယအကြိမ်ပြန်သွားတော့ ဘာလို့ ဒေါ်လေး’ယွင်’ ကိုတောင် တွေ့မသွားတာလဲ မသိဘူး”

ရန်တိက လက်နှစ်ဖက်နောက်ပစ်ရင်း ရေကန်နယ်မြေတည်ရှိရာ အရှေ့တောင်ဘက်ဆီသို့ လှမ်းမျှော်ငေးကြည့်နေလေသည်။

ရန်ကျောက်ကဲက...

“ရက်တွေကြာသွားတာနဲ့ ကောင်းကင်သက်တံ့နှစ်လွှာက ပျောက်ကွယ်သွားမှာပါ ၊ ဒါပေမဲ့ အမေချန်ထားခဲ့တဲ့ စန့်ချုန်ကြေးမုံမှန်ကို ကျွန်တော်ရခဲ့တယ်လေ ၊ အဲဒီပစ္စည်းကို နည်းနည်း သုတေသနပြုလိုက်ရင် ဘယ်လိုအသုံးချလို့ရမလဲဆိုတာ သိနိုင်မှာပါ ၊ အမေပြောတဲ့ ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာကို မသွားနိုင်ဘူးဆိုရင်တောင်မှ စန့်ချုန်ကြေးမုံမှန်က တစ်ခုခုတော့ ထူးခြားမှာပါ”

ရန်တိ တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။

အတန်ကြာမှ အဝေးသို့ငေးနေရင်း လေးနက်သောအသံဖြင့်...

“ဒီ စန့်ချုန်ကြေးမုံမှန်က အများကြီးအသုံးဝင်မယ်ဆိုရင် အဲဒီကိစ္စကို မင်း ပိုပြီး အာရုံစိုက်လိုက်ပါ”

သူက ဆက်ပြောသည်။

“ပြီးတော့ ရွှီဖေးနဲ့ ရှီကျွင်းလေးတို့ ဘယ်သူ့အကူအညီမှ မရနိုင်တဲ့ ကမ္ဘာရပ်ခြားမှာကျန်ခဲ့တာ... ဒါကတော့ တကယ့်ကို စိတ်ပူပန်စရာပဲ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမျက်နှာက တည်ကြည်လေးနက်သွားပြီး...

“အဲဒီကိစ္စ ကျွန်တော့်တာဝန်ထားပါ အဖေ”

အတန်ကြာမှ သူက ဆက်ပြောသည်။

“နောက်ကိစ္စတစ်ခု ရှိသေးတယ် ... အရင်တုန်းက အစီအရင်နဲ့ပတ်သက်တဲ့ကားချပ်တစ်ခု ကျွန်တော်ရရှိထားခဲ့ဖူးတယ် ၊ အဲဒီထဲမှာရေးထားတဲ့အစီအရင်က  ပထဝီအနေအထားအရတည်ဆောက်ရတဲ့ ဝါဒတောင်ပင်မအစီအရင်နဲ့ ကျောက်စိမ်းပင်လယ်အစီအရင်တို့လိုမျိုး မဟုတ်ဘူး ၊ တိုက်ပွဲအစီအရင်တစ်ခုပဲ ၊ အဲဒါကို ‘ထိုက်ယီချိုးဖျက်အစီအရင်’ လို့ခေါ်တယ်”

ရန်တိ အနည်းငယ် အာရုံစိုက်သွားပြီး...

“ဟုတ်လား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အဲဒီအစီအရင်တည်ဆောက်ဖို့ လိုအပ်ချက်တွေများလွန်းတာကြောင့် ကျွန်တော် အရင်က ဘယ်သူ့ကိုမှ ပြောမပြခဲ့ဘူး”

သူက ဆက်ပြောသည်။

“ပထမလိုအပ်ချက်က... ဒီအစီအရင်တည်ဆောက်ဖို့အတွက် သိုင်းသူတော်စင် ဒုတိယအဆင့်ရှိတဲ့ ကျင့်ကြံသူ (၄)ဦးထက်မနည်း လိုအပ်တယ် ၊ ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ပိုကောင်းလေပဲ ၊ သိုင်းသူတော်စင် ဒုတိယအဆင့် ကျင့်ကြံသူတွေမရှိဘူးဆိုရင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို အသုံးပြုထားတဲ့ သိုင်းသူတော်စင်ပထမအဆင့်က အစားထိုးဝင်ရောက်လို့ရတယ်”

“နောက်တစ်ချက်က... အစီအရင်တည်ဆောက်ဖို့အတွက် အဟာဝိညာဉ်ကျောက်တုံးအမြုတေ အများအပြားကို သန့်စင်ဖို့ လိုအပ်တယ် ၊ ဒါမှ အစီအရင်က အလုပ်ဖြစ်မှာ”

ရန်ကျောက်ကဲက...

“တကယ်တော့ ဒုတိယပြဿနာက ပိုပြီး စိန်ခေါ်မှုများတယ် ၊ ဘာလို့ဆို ကျွန်တော်တို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ မဟာဝိညာဉ်ကျောက်တုံးအမြုတေမှ မရှိတာ ၊ ဒါပေမဲ့ မျောလွင့်ဝိညာဉ်ကမ္ဘာကိုရောက်တော့ မထင်မှတ်ဘဲ မဟာဝိညာဉ်ကျောက်တုံးအမြုတေတွေ အများကြီး ရခဲ့တယ် ၊ ဒါကြောင့် အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်”

ရန်တိက...

“ဒါဖြင့် ငါတို့အတွက် ပထမပြဿနာကိုပဲ ဖြေရှင်းဖို့လိုတော့တာပေါ့”

ရန်ကျောက်ကဲက...

“အရေးပေါ်အခြေအနေတွေကြောင့် ဒီအစီအရင်အတွက် လူအင်အားလိုအပ်တယ်ဆိုရင်တောင် ကျွန်တော်က နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီနဲ့တော့ မပတ်သက်ချင်ဘူး ၊ သူတို့နဲ့ကျွန်တော်တို့က ကမ္ဘာ့အမုန်းဆုံး ရန်သူတွေမဟုတ်လား”

ရန်တိက ပုံမှန်လေသံဖြင့်ပင်...

“အချိန်တိုအတွင်းမှာတော့ ငါတို့တစ်ဂိုဏ်းတည်းနဲ့ လိုအပ်တဲ့လူအရေအတွက် ရရှိနိုင်မှာ မဟုတ်ဘူး ၊ မင်း ဒီအစီအရင်ကို ပြုလုပ်ချင်တာ မြေကမ္ဘာနယ်မြေ ဒါမှမဟုတ် မီးတောက်မိစ္ဆာကမ္ဘာကို ပစ်မှတ်ထားတိုက်ခိုက်ချင်လို့ မဟုတ်လား”

ရန်ကျောက်ကဲက...

“သေချာတာပေါ့”

ရန်တိက ခေါင်းတစ်ချက်မော့ကာစဉ်းစားရင်း...

“ဒါဖြင့်... ဆရာနဲ့ ကြယ်တရာသန့်စင်ချီဝတ်ရုံ ၊ မြို့တော်သခင်’စုန့်ဝူလျန်’ နဲ့ ကျောက်စိမ်းပင်လယ်နတ်ဆေးဓား ၊ ပြီးတော့... အဘိုးအို’မော့’... ၊ ဆိုတော့... တစ်ယောက်လိုနေသေးတယ်”

သူက ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း...

“ငှက်သိုက်ပြိုရင် ငှက်ဥတွေလည်းအကုန်ကွဲမှာပဲ ၊ တကယ့်အ‌ရေးပေါ်အခြေအနေဖြစ်လာရင်တော့ ရန်သူမိတ်ဆွေဆိုတာတွေ ဘေးဖယ်ထားပြီး ဟွမ်ကွမ်လီကို ထည့်တွက်ရမှာပဲ”

ရန်ကျောက်ကဲက ဖြည်းညင်းစွာခေါင်းညိတ်ရင်း...

“နောက်ထပ်အပြောင်းအလဲတွေလည်း ရှိလာနိုင်တော့... ထည့်တွက်ထားလို့တော့ ရပါတယ် ၊ ကမ္ဘာ့ဘုံရန်သူကို အတူတူရင်ဆိုင်တာ သဘာဝကျပေမယ့် လူအင်အားမရှားဘူးဆိုရင်တော့ ဟွမ်ကွမ်လီကို ဖယ်ထားချင်တယ် ၊ နေသူတော်စင်ဂိုဏ်းရဲ့ ကျင့်ဝတ်မစောင့်ထိန်းတာကို ကျွန်တော်တို့အားလုံး သိနေတာပဲလေ”

ရန်တိက ခဏမျှစဉ်းစားရင်း...

“မြေကမ္ဘာနယ်မြေက အချိန်တစ်ခုအထိတော့ တည်ငြိမ်နေဦးမှာ မဟုတ်လား”

ရန်တိမေးခွန်းကိုကြားတော့ ဖခင်ဖြစ်သူစိတ်ထဲ တစ်ခုခုတွေးနေကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။ ရန်တိ မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ရန်အတွက် တိကျသေချာသော ဝေဖန်ပိုင်းခြားမှုတစ်ခု လိုအပ်နေပြီဖြစ်၏။

ရန်ကျောက်ကဲက ခဏမျှ စဉ်းစားပြီးနောက် အဖြေပြန်ပေးလိုက်သည်။

“ကျွန်တော် ၊ ဆရာဘိုးဘိုးနဲ့ ဒုတိယဆရာဦးလေးတို့ကတော့ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာရင်တောင်မှ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပါတယ် ၊ ဒါပေမဲ့ အချိန်တိုအတွင်း ဘာပြဿနာမှတော့ မဖြစ်နိုင်ပါဘူး ၊ ပြီးတော့... ကျွန်တော့် ကိုယ်ပိုင်အမြင်ကိုပြောရရင် နှစ်ဝက်အတွင်း ဘာမှစိုးရိမ်စရာ မရှိသေးဘူး”

သားဖြစ်သူစကားကိုနားထောင်ပြီးနောက် ရန်တိမျက်ဝန်းများက ပြတ်သားသွားသည်။

“ငါ တံခါးပိတ်ကျင့်ကြံမယ်ဆိုတာ မင်းရဲ့ဆရာဘိုးဘိုးကို အကြောင်းကြားလိုက် ၊ ခန့်မှန်းခြေ တစ်နှစ်ကျော်ကျော်လောက်တော့ ကြာလိမ့်မယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲမှာ လိပ်ပြာလွင့်မတန့်ပင် အံ့သြထိတ်လန့်သွားရသည်။

“ဟာ... အဖေ... “

ရန်တိက ခေါင်းညိတ်ရင်း...

“ငါက သိုင်းဆရာသခင် နဝမအဆင့်ဖြစ်တဲ့ အမတလက်ဖွဲ့ တတိယအဆင့်မှာ အချိန်အကြာကြီးကျင့်ကြံခဲ့တယ် ၊ ဒါကြောင့် ကျင့်ကြံခြင်းစွမ်းအားတွေ အများကြီးပေါင်းစည်းထားနိုင်ခဲ့တယ် ၊ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် တက်လှမ်းပြီးတဲ့နောက် မိစ္ဆာသူတော်စင်ယွမ်ထျန်း ၊ အရှေ့အရပ်ကထွက်သောနေသူတော်စင်’ဟွမ်ကွမ်လီ’ နဲ့ အခု အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင် ‘ချန်လီ’ တို့နဲ့ ရင်ဆိုင်ခဲ့တယ် ၊ ပြီးတော့ ဆရာနဲ့လည်း အတူတူ သိုင်းလေ့ကျင့်ခဲ့တာတွေရှိတော့ အဲဒါတွေက အနည်းနဲ့အများ အကျိုးအမြတ်တွေရရှိခဲ့တယ်”

“နောက်ပြီး... မင်း အရှေ့ပင်လယ်ကယူလာတဲ့ သွေးနီရောင်စေတီကလည်း အတော်လေး အထောက်အကူပြုတယ် ၊ အဲဒီထဲက သဘောတရားတွေကို နားလည်အောင်ကြိုးစားတာကလည်း ငါ့အတွက် အများကြီး အကျိုးရှိတယ် ၊ အင်း... အခု မင်း မျောလွင့်ဝိညာဉ်ကမ္ဘာက ပြန်လာတော့ မိစ္ဆာသွေးကျင့်ကြံသူတွေအကြောင်း သိခွင့်ရတယ် ၊ အဲဒီ ကျင့်ကြံသူတွေဆီကနေ တူညီတဲ့သက်ရောက်မှုတစ်ခုကိုလည်း ငါ နားလည်သွားတယ်”

ရန်တိက တိုးလျသည့်လေသံဖြင့်...

“ဒီအခြေအနေတွေအားလုံး ပေါင်းစပ်ပြီးတော့... ငါ ကြိုးစားကြည့်ချင်လို့ပါ”

ရန်တိ တံခါးပိတ်ကျင့်ကြံမည့်သတင်းသာ ပျံ့နှံ့သွားလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားမည် ဖြစ်သည်။

မကြာခင်ကဖြစ်ပွားခဲ့သော ဝါဒတောင်တိုက်ပွဲကြီးတွင်မှ ရန်တိက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်၏။ အချိန်တိုအတွင်း သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ရန် ကြိုးစားခြင်းမှာ အခြားသော သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်များအားလုံးကို စိတ်မချမ်းမသာဖြစ်စေပြီး သေသည်အထိရှက်ရွံ့မှုကို ခံစားရစေမည် ဖြစ်၏။

သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ရန်က လွယ်ကူသည်မဟုတ်ပေ။

ဒဏ်ရာရထားသဖြင့် ကျင့်ကြံခြင်းအဆင့်မတက်နိုင်ခဲ့သော ယွမ်ကျန်းဖုန်းကို ဘေးဖယ်ထားလျှင် အမှောင်ဘက်ခြမ်းသို့ မကျရောက်ခင်အချိန်ကပင် ရှင်းတုန်းဖင်းအနေဖြင့် သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် လုံလောက်သော ယုံကြည်မှု မရှိခဲ့ပေ။

ရန်တိက “ကြိုးစားကြည့်ချင်သည်” ဟု ဆိုသည့်အခါ သူ၏လက်ရှိကျင့်ကြံခြင်းအပေါ် နားလည်ဆုပ်ကိုင်ထားမှုကို အလွန်တိကျစွာ ယုံကြည်သောကြောင့် ဖြစ်သည်။ ကြိုးစားမှုက အပြည့်အဝအောင်မြင်မည်ဟု သတ္တိရှိရှိ ဝန်မခံနိုင်သော်လည်း သေချာပေါက် အခွင့်အရေးရှိနေသည် အမှန်ပင်။

ကြည့်ရသည်မှာ ရန်တိက အမတလက်ဖွဲ့တတိယအဆင့်ဖြစ်သော သိုင်းဆရာသခင်နဝမအဆင့်မှာပင် သူ၏ခြေလှမ်းများကို အသာလျှိုထားခြင်း ဖြစ်နိုင်သည်။

အခြေအနေကိုနားလည်သွားပြီးနောက် ရန်ကျောက်ကဲ အံ့အားသင့်သွားခဲ့သလို ဖခင်ဖြစ်သူက အမှန်တကယ် ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့ရ၏။ သူက ဖခင်ဖြစ်သူအတွက် ဝမ်းသာမိသော်လည်း အပြည့်အဝ စိတ်သက်သာရာရခြင်းတော့ မရှိပေ။

ရန်တိ သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်သည်မှာ လူအများမျှော်မှန်းထားသည်ထက် လျှင်မြန်နိုင်ကောင်းသော်လည်း သူပြုလုပ်မည့်အစီအရင်အတွက် အချိန်မီမည် မဟုတ်ပေ။

ရန်တိက သိုင်းသူတော်စင်အဆင့်သို့ မရောက်သေးသော်လည်း လက်ရှိအဆင့်တွင် သိုင်းသူတော်စင်များနှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။ သို့သော် လောလောဆယ် ကမ္ဘာ့အရေးပြဿနာများကလည်း ရှိနေသေးသည်ဖြစ်ရာ ရန်တိ တံခါးပိတ်ကျင့်ကြံနေစဉ် ကြီးမားသောအပြောင်းအလဲကြီးတစ်ခု ဖြစ်ပွားခဲ့ပါက များစွာထိခိုက်မှု ရှိနိုင်၏။

သို့သော် အချိန်က လူကိုမစောင့်ပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာ ရင်ဆိုင်ရမည့်ရန်သူများက မြေကမ္ဘာနယ်မြေမှ ငရဲကိုးထပ်သာ မဟုတ်ပေ။ မီးတောက်မိစ္ဆာများလည်း ရှိနေသေးသည်။

ရန်ကျောက်ကဲက...

“အဖေ အမြန်ဆုံး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်”

All Chapters