အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း(193)
ဇနီးမောင်နှံနှစ်ဦးက မနက် နှစ်နာရီခန့်တွင် အိမ်သို့ ပြန်ရောက်လာခဲ့ကြ၏။ ဆေးဝါးစက်ရုံမှာ လူများနှင့် စည်ကားနေဆဲဖြစ်ပေသည်။ လီရှန်းက စုဝေ့မင်ကို ရှာကာ ဆေးများကို လှမ်းပေးလိုက်သည်။
“ဒီဆေးကို အဖျားကြီးနေတဲ့ ကလေးတွေကို တိုက်လို့ရပါတယ်”
စုဝေ့မင် အဖုံးကို ဖွင့်ကြည့်လိုက်လိုက်လျှင် ပြင်းထန်သော တရုတ်တိုင်းရင်းဆေးနံ့တို့က ထွက်ပေါ်လာသောကြောင့် သူ အလွန်ပင် ထိတ်လန့်သွားရကာ ဘူးကို အမြန် ပြန်ပိတ်လိုက်လေ၏။
“အဓိပ္ပာယ်မရှိတာ”
စုဝေ့မင်က လီရှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် စုဝေ့ချင်းကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်လေတော့သည်။
စုဝေ့ချင်း : “...”
သူကတော့ လုံးဝအပြစ်ကင်းစင်သူပါဟုတ်ပြီလား။
လီရှန်း တစ်ညလုံး ဘာတွေလုပ်နေလဲဆိုတာတောင် သူ မသိဘူး။
သို့သော်လည်း ထမင်းဘူးထဲမှ ဆေးမှာ လီရှန်းကို သူ ပေးထားသော အချက်အလက်များထဲမှ တစ်စုံတစ်ခုကို လေ့လာပြီး လုပ်ထားခြင်း ဖြစ်နိုင်သည်ဟု ခံစားမိလေ၏။
သို့မဟုတ်ပါက သူမအနေဖြင့် ဤမျှအထိ ကြီးမားသော စွန့်စားမှုကို ပြုလုပ်မည်မဟုတ်ပါချေ။ ဤသို့တွေးလိုက်လျှင် သူ့ကို အပြစ်တင်ခြင်းမှာလည်း မတရားတော့ဟုတော့ မပြောနိုင်တော့ပေ။
သူင လီရှန်းအတွက်ပင် ကူညီရှင်းပြပေးလိုက်သေးသည်။
“အဖေ၊ ဒီဆေးက တကယ်အစွမ်းထက်တာပါ၊ အဖျားကြီးနေတဲ့ ကလေးကို အရင်စမ်းတိုက်ကြည့်ပါလား၊ ကလေးထက် အရေးကြီးတာ ဘာရှိဦးမှာလဲ”
စုဝေ့မင် သက်ပြင်းချလိုက်မိ၏။ ဤကလေးနှစ်ယောက်မှာ အစိုးရိမ်အကြောက်အလန့် ကင်းလွန်းသည်။
ဆေးကို အပြင်သို့ထုတ်လိုက်လျှင် မည်သည့်အရာများ ဖြစ်လာနိုင်သည်ကို လုံးဝမသိကြပါချေ။
ဆေးဝါးစက်ရုံတွင် ရှိသမျှ လူတိုင်းက လူကောင်းများမဟုတ်ကြသည်ကို သတိပြုရမည် မဟုတ်ပါလား။
“အဖေ၊ ပြဿနာတက်ပြီ၊ ရှောင်ကျွင့်က အဖျားတွေ အရမ်းတက်နေတယ်”
ထိုအချိန်မှာပင် ဝူလီက ငိုကြွေးကာ ရောက်လာခဲ့လေ၏။ သူမက တစ်လမ်းလုံး ပြေးလာခဲ့ပုံရပြီး ဆံပင်များမှာလည်း ဖရိုဖရဲဖြစ်နေကာမျက်လုံးများက နီရဲနေပြီး တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
“အမေက စမ်းကြည့်ပြီး အဖျားအရမ်းကြီးနေတယ်လို့ ပြောတယ်၊ ကလေးက တက်တော့မလိုဖြစ်နေတာ.. ကျွန်မမြင်ခဲ့တယ်”
အဖျားကြီးသော ကလေးများတွင် အဖျားတက်ခြင်းက အလွန်အဖြစ်များလွန်းပေသည်။
သို့သော် ဤသည်မှာ အလွန်အန္တရာယ်များပေ၏။
ထိုအခြေအနေမှာ ကလေး၏ အာရုံကြောများ စတင်လှုံ့ဆော်ခံနေရပြီဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်ပေသည်။
“မြန်မြန်လုပ်ပါအဖေ၊ တွန့်ဆုတ်မနေပါနဲ့တော့၊ တခြားသူတွေအတွက် မသုံးနိုင်ရင်တောင် ရှောင်ကျွင့်အတွက် သုံးလို့ရတာပဲမလား”
စုဝေ့ချင်းက စုဝေ့မင်ကို တိုက်တွန်းလိုက်၏။
စုဝေ့မင်သည်လည်း သူ၏မြေးကို သေချာပေါက် သနားမိပေသည်။
သို့သော် သူသည်က ထိုဆေးအပေါ် သံသယဖြစ်နေမိသည်။ ဤဆေးမှာ ဆေးနှင့်မတူဘဲ ရွှံ့ဝါများနှင့် ပိုတူနေပေ၏။
ဒီဆေးကို တကယ်ရော သောက်လို့ရပါ့မလား။
သို့သော် စက်ရုံတွင် ဆေးဝါးများစွာ ရှိသော်လည်း ရောဂါအခြေအနေနှင့် မကိုက်ညီသဖြင့် အသုံးမပြုနိုင်ကြပါချေ။
နောက်ဆုံးတွင် စုဝေ့မင်တစ်ယေရက် လူကိုယ်တိုင် ပြန်သွားရန် ဆုံးဖြတ်လိုက်တော့၏။ အကယ်၍ တစ်ခုခု အမှန်တကယ် ဖြစ်လာခဲ့လျှင်လည်း စုဝေ့ချင်းနှင့် သူ၏ဇနီးအပေါ်သို့ မဟုတ်ဘဲ သူ၏အပေါ်သို့သာ ဦးတည်လာပေလိမ့်မည်။
“ဒီဆေးကို ဘယ်လိုတိုက်ရမှာလဲ”
အိမ်သို့ရောက်လျှင် စုဝေ့မင်က ထမင်းဘူးကို ကိုင်ကာ လီရှန်းအား မေးလိုက်သည်။
“ဒါကို ဒီအတိုင်း အခြောက်လိုက် မျိုချခိုင်းရမှာလား”
လီရှန်းက ခေါင်းခါပြလိုက်ပြီးနောက် ရေနွေးဓာတ်ဘူးကိုယူကာ ပန်းကန်လုံးတစ်လုံးထဲသို့ ဆေးမှုန့်တစ်ဇွန်းခပ်ထည့်ပြီး ရေနွေးပူပူ လောင်းထည့်လိုက်၏။
ရွှံ့ကဲ့သို့သော ဆေးမှုန့်များမှာ ချက်ချင်းပင် ပျော်ဝင်သွားပြီး ရေနွေးမှာ ဝါညိုရောင်သို့ ပြောင်းလဲသွားကာ အံ့ဩစရာကောင်းလောက်အောင် ပြင်းထန်သော အချိုနံ့တို့ ထွက်ပေါ်လာခဲ့ပေသည်။
စုဝေ့မင် တစ်ငုံ မြည်းကြည့်လိုက်၏။
အနံ့ချိုရုံသာမက အရသာမှာလည်း ချိုပေသည်။ ဤသည်မှာ ခါးသက်သက်နှင့် ချိုသော အရသာမျိုး ဖြစ်ပေသည်။
သို့သော် ဤဆေးမှာ ကလေးများအတွက်တော့ အတော်လေး သောက်ရလွယ်ကူသည်ဟု ဆိုရပေမည်။
အနည်းဆုံးတော့ ရှောင်ကျွင့်က မေ့တစ်ဝက် နိုးတစ်ဝက်နှင့် ရှိနေချိန်အတွင်း ဆေးကို မြိန်ရည်ယှက်ရည်ပင် သောက်သွားခဲ့ပေသည်။
လီရှန်းက ‘ပုတီလန်’အား အဓိကပါဝင်ပစ္စည်းလေးမျိုးကိုသာ အသုံးပြုထားခြင်း ဖြစ်၏။
ဆေးဆိုင်တွင် မရနိုင်သော တခြားဆေးများကို သူမ မထည့်ခဲ့ပါချေ။
ထို့ကြောင့် ဆေးအာနိသင်ပြရန် ခဏ စောင့်ရပေသည်။ ရှောင်ကျွင့် ကိုယ်ပူကျလာရန် တစ်နာရီခန့် ကြာခဲ့၏။
သူ၏ခန္ဓာကိုယ်က ချွေးများ ထွက်လာပြီး မျက်နှာမှာ ဖြူဖျော့နွမ်းလျနေခဲ့ပေသည်။
သူသည်က အလွန်ပင် ပင်ပန်းသွားပုံရပြီး ထိုနေရာ၌ပင် အိပ်ပျော်သွားတော့၏။
ကလေးများ အိပ်ပျော်သွားသော်လည်း လူကြီးများမှာတော့ အဖျားပြန်တက်မည်ကို စိုးရိမ်သဖြင့် မအိပ်ရဲကြပါချေ။
ထိုအတောအတွင်း စုဝေ့မင်မှာ ထမင်းဘူးကိုကိုင်ကာ အတွေးနက်နေခဲ့သည်။ ညသန်းခေါင်ယံတွင် ဆေးဝါးစက်ရုံရှိ နောက်ထပ် ကလေးအတော်များများမှာ အဖျားကြီးလာကြပြန်၏။ စုဝေ့မင်တစ်ယောက် ဆေးမှုန့်များအားလုံးကို ရေဖျော်ကာ ရေနွေးဓာတ်ဘူးထဲသို့ ထည့်၍ သယ်ဆောင်သွားလေတော့သည်။
အဖျားကြီးနေသော ကလေးကို တွေ့တိုင်း သူက ဤသည်မှာ သကြားညိုရည် ဖြစ်ကြောင်းနှင့် နေကောင်းစေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ပြောကာ ပန်းကန်လုံးတစ်ဝက်ခန့်စီ တိုက်ပေးခဲ့ပေသည်။
သို့သော် ဤဆေးရည်၏အနံ့ကို ရသူတိုင်းမှာ အထဲတွင် တစ်ခုခုနှင့် ရောနှောထားမှန်း သိကြပေသည်။
ထိုအချိန်တွင်တော့ မည်သူကမျှ စကားမဟရဲကြပါချေ။ အဆုံးတွင်တော့ ဤသည်မှာ အသက်ကယ်ဆေး ဖြစ်သည်မဟုတ်ပါလား။
ကံကောင်းထောက်မစွာဖြင့် ဆေးက အချိန်မီ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ မိုးလင်းသည့်အချိန်တွင် ဆေးဝါးစက်ရုံရှိ အဖျားကြီးနေသော ကလေးအားလုံး သက်သာသွားခဲ့ကြချေပြီ။
သို့သော်လည်း သူတို့တစ်ဦးချင်းစီ၏ မျက်နှာပေါ်တွင် ‘မီးသီးငယ်’ များနှင့်တူသော အနီစက်များ ပေါ်လာပြီး အဖုတိုင်းတွင် ရေကြည်ဖုများ ထွက်လာခဲ့ပေသည်။
ထိုဖုများကို ပေါက်သွားပြီး အမာရွတ်များ ကျန်ရစ်မည်စိုးသဖြင့် မည်သူမျှ မထိရဲကြပါချေ။
ကလေးများမှာ အလွန်ယားယံနေသဖြင့် မိဘများက သူတို့၏လက်များကို ကိုင်ထားပေးရပြီး၊ ယားယံမှုကို မခံနိုင်သောအချိန်တွင် သူတို့၏လက်များကို ပြန်လည်ကိုက်နေကြတော့ပေသည်။
စက်မှုယန္တယားစက်ရုံရှိ ကျန်းကျူးရိသည်လည်း သကြားညိုရည်ဟု ပြောကာ သူတို့ကို လိမ်လည်တိုက်နိုင်ခဲ့ပေသည်။
ထိုနေရာတွင် ဆေးပညာတတ်သူ မရှိသဖြင့် သကြားညိုရည်မှာ ‘မူရင်း’ မဟုတ်မှန်း သိကြသော်လည်း၊ ကလေးများက အရသာချိုသည်ဟု ပြောကြသဖြင့် ပါဝင်ပစ္စည်းများကို သံသယဖြစ်သူ သိပ်မရှိလှပါချေ။
ထိုအရည်က အမှန်တကယ်ပင် ‘သကြားညိုရည်’ သက်သက်သာ ဖြစ်သည်ဟု ထင်မှတ်နေခဲ့ကြသည်။
စက်ရုံနှစ်ခုလုံးရှိ ကလေးများမှာ ဆေးရရှိခဲ့ကြသောကြောင့် အဖျားကြီးသော ကာလကို ကျော်ဖြတ်နိုင်ခဲ့ကြပေသည်။
ကျောက်ပေါက်ပြီးနောက် လေတိုးမခံဘဲ သေသေချာချာ ဂရုစိုက်မည်ဆိုပါက စိုးရိမ်စရာ မရှိတော့ပါချေ။
သို့သော် တခြားသော စက်ရုံများမှာ ထိုမျှလောက် ကံမကောင်းခဲ့ကြပါပေ
နောက်ရက်များတွင် ခရိုင်အတွင်းရှိ ကလေးအများစုမှာ ရေကျောက်ဗိုင်းရပ်စ် ကူးစက်ခံရပြီး အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပေသည်။ လူကြီးများပင်လျှင် ကူးစက်ခံခဲ့ရ၏။
ကလေးများနှင့် နှိုင်းယှဉ်လျှင် လူကြီးများအတွက် ရေကျောက်မှာ ပို၍ အန္တရာယ်များပုံရပေသည်။
ဆေးမှုန့်၏ ပါဝင်ပစ္စည်းများကို အတည်ပြုပြီးနောက် စုဝေ့မင်က နောက်ဆုံးတွင် လီရှန်းထံသို့ သွားမေးလိုက်သည်။
“မင်း ဒီဆေးမှုန့်တွေကို ထပ်လုပ်ပေးနိုင်မလား”
သူ့အနေဖြင့် လီရှန်းအားဆေးကို မည်သို့လုပ်ကြောင်း မမေးခဲ့ပါချေ။
“ဟုတ်ကဲ့၊ လုပ်လို့ရပါတယ်”
လီရှန်းက ခေါင်းညိတ်ပြသည်
“ဒါပေမဲ့ ဆေးသစ်ဥသစ်ဖုတွေကို အခြောက်ခံဖို့ စက်တစ်ခုတော့ လိုမယ်၊ မဟုတ်ရင်တော့ အများကြီး ထုတ်ဖို့ ခက်လိမ့်မယ်”
စုဝေ့မင် မျက်မှောင်ကြုတ်သွားသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်၏။
“ကောင်းပြီ၊ ငါ စက်သွားရှာလိုက်မယ်”
သို့သော်လည်း..
“ဒီဆေးရဲ့ ပါဝင်ပစ္စည်းတွေကိုတော့ လျှို့ဝှက်ထားရမယ်၊ အပြင်ဘက်ကိုတော့ ဒါက အနောက်တိုင်းဆေးလို့ပဲ ငါတို့ ကြေညာမယ်”
လီရှန်း : “...”
ဒါက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားလဲ။
“ဒါကို ‘ပုတီလန်’လို့ပဲ ခေါ်ကြရအောင်လေ၊ ကြားလို့ ပိုကောင်းတာပေါ့”
ဤနာမည်မှာ အနောက်တိုင်းဆေးတော့ လုံးဝ မဟုတ်နိုင်ပါချေ။
စုဝေ့မင် သူမကို တစ်ချက်ကြည့်လိုက်သော်လည်း ထပ်မပြောတော့ပါချေ။ သူ ခေါင်းညိတ် သဘောတူလိုက်သော်လည်း သူ၏စိတ်ထဲတွင်တော့ နောက်ထပ် အစီအစဉ်တစ်ခု ရှိနေခဲ့၏။
တရုတ်တိုင်းရင်းဆေးပညာကို ကန့်ကွက်နေကြသော်လည်း တရုတ်ဆေးညွှန်း အတော်များများကိုတေား အသုံးပြုနေကြဆဲ ဖြစ်ပေသည်။
အကယ်၍ ဤနည်းလမ်းကို အသုံးပြု၍ တခြားသော ဆေးဖက်ဝင်ပစ္စည်းများကိုပါ ပြုပြင်မွမ်းမံနိုင်မည်ဆိုပါက နောက်ပိုင်းတွင် ရောင်းချသည့်အချိန်၌လူသိပ်မသိနိုင်တော့ဘဲ ပိုကောင်းနိုင်တော့မည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ ခေါင်းကိုက်ပျောက်ဆေးမှုန့်များကိုတော့ လူထုကြားထဲတွင်ရောင်းနေကြဆဲရှိနေပေသည်။
ရှောင်ကျွင့် ရေကျောက်ပေါက်သည့်ညတွင် လီရှန်းက သူမကိုယ်တိုင် အကြမ်းဖျင်း ဖော်စပ်ထားသော ပုတီလန် ဆေးမှုန့်များကို ယူဆောင်လာခဲ့ပေသည်။
ပုတီလန်မှာ သဘာဝအတိုင်း အဆိပ်အတောက် ပြေစေခြင်း၊ အပူငြိမ်းစေခြင်းနှင့် ရောင်ရမ်းမှုကို သက်သာစေသော ဆေးတစ်မျိုး ဖြစ်၏။
ထိုညက စုဝေ့မင်၏ ရေနွေးဓာတ်ဘူးထဲမှ သကြားညိုရည်ကို သောက်ခဲ့ရသော ကလေးအားလုံးနီးပါးမှာလည်း နှစ်နာရီအတွင်း အဖျားကျသွားခဲ့ကြပေသည်။
နောက်ပိုင်းတွင် အဖျားရှိလျှင်ပင် အနည်းငယ်မျှသာ ဖြစ်နေခဲ့၏။ ရေနွေးများများ သောက်ပေးခြင်းဖြင့် အဖျားကျသွားသကဲ့သို့ အနီစက်များမှာလည်း လျင်မြန်စွာ ပေါ်လာခဲ့ပေသည်။
နောက်ပိုင်းတွင် သေသေချာချာ ဂရုစိုက်ပေးရုံနှင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ကြ၏။
လူတိုင်းက ထိုကလေးများမှာ ခုခံအားကောင်းကြသည်ဟု ထင်မှတ်နေခဲ့ကြသော်လည်း အမှန်တကယ်တမ်းတွင် သူတို့ ဆေးသောက်ခဲ့ကြ၍ဖြစ်ကြောင်းကို မည်သူကမျှ မသိရှိခဲ့ပါချေ။
ကလေးများ၏ မိဘများနှင့် စုမိသားစုကလွဲ၍..
*
အခန်း(194)
ကလေးများ၏မိဘများမှာ ဆေးဝါးထုတ်လုပ်ရေးလောကတွင် အလုပ်လုပ်နေသူများဖြစ်၍ ဤကဲ့သို့သော ဆေးမျိုးကို သေချာပေါက် စိတ်ဝင်စားကြသည်။
ဆိုရလျှင် တရုတ်ဆေးဖြစ်စေ၊ အနောက်တိုင်းဆေးဖြစ်စေ ဆေးဆိုသည်က ခါးသက်သည့်အရသာမျိုးသာရှိသည် မဟုတ်ပါလား။
သို့သော် ထိုညက သောက်ခဲ့ရသော ဆေးကို ပြန်စဉ်းစားတိုင်း ကလေးများက ထိုအရည်မှာ အရသာရှိလှသော သကြားညိုရည်နှင့် တူကြောင်းသာ ပြောဆိုနေခဲ့ကြသည်။
ထို့နောက် ကလေးများ၏ မိဘများက စုမိသားစုအိမ်အထိ လာရောက်မေးမြန်းကြလေတော့၏။
မည်သည့်ခေတ်ကာလတွင်မဆို ကလေးများကို ဆေးတိုက်ရန်ဆိုသည်က အမြဲတစေ ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်ခဲ့ပေသည်။
အထူးသဖြင့် ထိုအသက် နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးငယ်များမှာ လူကြီးများ ပြောပြသော အကျိုးအကြောင်းများကို နားလည်ကြမည် မဟုတ်ပါချေ။
အတင်းအကျပ် တိုက်မည်ဆိုလျှင်လည်း အသည်းအသန် ရုန်းကန်ကြသဖြင့် တစ်မိသားစုလုံး ပင်ပန်းနွမ်းနယ်ကြရပြန်သည်။
ကလေး၏ သနားစရာကောင်းသော အခြေအနေကြောင့် သူတို့အနေဖြင့် ကလေးကို ဆူပူချင်သော်လည်း မဆူရက်နိုင်ကြပါချေ။
စုဝေ့မင်၏ ဆေးခွက်ကို မြင်လိုက်ရသည့် အချိန်အထိပင်။
နောင်တစ်ချိန်တွင် ကလေးဆေးများအားလုံးက ဤကဲ့သို့ ချိုမြိန်သော အရသာရှိလျှင် အလွန်ကောင်းမည်ဟု သူတို့ တွေးနေမိကြ၏။
နှမြောစရာကောင်းစွာဖြင့် ထိုဆေးထဲတွင် မည်သည့်အရာများ ပါဝင်သည်ကို သူတို့ မသိရှိကြပါချေ။
တရုတ်ဆေးနံ့တော့ ရသော်လည်း ဆေးဖတ်ဟူ၍လည်း တစ်ဖတ်မျှပင် မပါရှိပေ။ ကလေးက တစ်ခွက်လုံးကို သောက်လိုက်သည့်အချိန်တွင် မည်သည့်အရာမှ မကျန်တော့ဘဲ ပြောင်စင်သွားခဲ့သည်။
သူတို့အနေဖြင့် စုံစမ်းရန် အခွင့်အရေးပင် မရရှိခဲ့ဘဲ ထိုအချိုဓာတ်မှာ ဆေးသစ်ဥသစ်ဖုများမှ လာခြင်းလား သို့မဟုတ် နောက်မှ ထည့်ထားခြင်းလားဆိုသည်ကို ဝေခွဲ၍မရနိုင်ဖြစ်နေကြရသည်။
“နောက်မှ ထည့်ထားတာပေါ့”
လီရှန်းက ချောင်းအသာဟန့်လိုက်လေ၏။
“အဲဒီအချိန်တုန်းက ကျွန်မ သကြားဖြူထည့်ထားတာလေ၊ တကယ်တော့ ကြံသကာရည်ကို သုံးရင် ပိုပြီးတော့တောင် ကောင်းဦးမှာ”
အိုး... ဒါကြောင့်မို့လို့ ဆေးက ချိုနေတာပဲ။
စုဝေ့မင်တစ်ယောက် လီရှန်း ရေးပေးထားသော ထုတ်လုပ်နည်းကို ကြည့်ပြီး ဤဆေးမှုန့်ကို ပြုလုပ်ရသည်က အလွန် ရိုးရှင်းနေသည့်အတွက် အံ့ဩသွားပုံရ၏။
ဖော်စပ်ပုံမှာ ဆေးရွက်များကို ကြိတ်ခြေပြီး အခြောက်ခံသည့် လုပ်ငန်းစဉ်ကို ထည့်သွင်းလိုက်ရုံမျှသာ ဖြစ်ပေသည်။ သို့သော် တစ်ခုခုတော့ မှားနေသကဲ့သို့ ခံစားရပြန်သည်။
“ဒီဆေးက ဘယ်လိုလုပ်ပြီး အလွယ်တကူ ပျော်ဝင်သွားရတာလဲ”
“Dextrinကို သုံးထားလို့ပါ”
ထိုအချိန်မှသာ လီရှန်းက တရုတ်တိုင်းရင်းဆေးပညာတွင် ရှိသော ဒက်စထရင်၏ အခန်းကဏ္ဍကို ရှင်းပြလိုက်လေသည်။ ထိုပစ္စည်းမှာ အသုံးများသော ကပ်စေးနှဲပစ္စည်းတစ်မျိုး ဖြစ်ပေသည်။
သို့သော် တာ့လီဝမ်ဟူသော တရုတ်ဆေးလုံးကြီးများတွင်တော့ ဒက်စထရင်ကို သုံးရုံသာမက ဆေးမှုန့်များပါ ပါဝင်နေသောကြောင့် ထိုဆေးတို့က ရေတွင် ပျော်ဝင်နိုင်ခြင်း မရှိပါချေ။
လီရှန်း ပြုလုပ်သော ဆေးမှုန့်များမှာတော့ ဆေးသစ်ဥသစ်ဖုများကို စစ်ထုတ်ထားပြီး ဆေးရည်ကို ကျိုချက်ပြီးနောက် ကျန်ရှိသော မူလအရည်ကိုသာ အသုံးပြုထားခြင်းဖြစ်၍ ရေတွင် လျင်မြန်စွာ ပျော်ဝင်ခြင်း ဖြစ်ပေသည်။
ဆေးမှုန့်နှင့် ဆေးလုံးတို့၏ ကွာခြားချက်မှာ နောက်ထပ်လုပ်ဆောင်ရသော လုပ်ငန်းစဉ်များတွင်သာ ရှိပေသည်။
သို့သော် ထိုလုပ်ငန်းစဉ်များကပင် ဆေး၏ ပုံသဏ္ဌာန်ကို ကြီးမားစွာ ပြောင်းလဲသွားစေခြင်း ဖြစ်သည်။
“ဒါဆို ဒီနည်းလမ်းကို တခြားအရာတွေ လုပ်ဖို့ရော သုံးလို့ရမလား”
စုဝေ့မင်က ထပ်မံမေးမြန်းလိုက်၏။
“ကျွန်မလည်း မသိဘူး၊ ကျွန်မက တရုတ်ဆေးဝါး သုံးနေတာကို ဘယ်သူ့ကိုမှ မသိစေချင်လို့ စမ်းသပ်ကြည့်လိုက်တာလေ၊
အောင်မြင်သွားလိမ့်မယ်လို့လည်း ကျွန်မလည်း မထင်ထားဘူး၊ တခြား ဆေးပစ္စည်းတွေနဲ့တော့ ကျွန်မ တကယ် မစမ်းကြည့်ရသေးဘူး”
ဒါပေမဲ့ စမ်းသပ်ကြည့်ဖို့က ရိုးရှင်းလွန်းတယ်လေ။
စုဝေ့မင် ထပ်မပြောတော့ဘဲ ကျန်ရှိနေသော ဆေးမှုန့်များကို ယူကာ ကျန်းရိကော်ကို သွားရှာလေတော့သည်။
ကျန်းရိကော်မှာ အနောက်တိုင်းဆေးပညာသုတေသနတွင် ပို၍ ကျွမ်းကျင်ပြီး တရုတ်တိုင်းရင်းဆေးပညာကိုတော့ သိပ်ပြီးမသိရှိပါချေ။
သို့သော် ထိုအခြေအနေက သူ့၏ ထောက်ခံအားပေးလိုစိတ်ကို တားဆီးထားနိုင်ခြင်း မရှိပေ။
သူ၏ စကားအရဆိုလျှင် :
“ငါတို့ရဲ့ ဘိုးဘွားတွေက ဒီ ‘ရှေးရိုးစွဲ အယူသီးမှု’ တွေအပေါ် အမှီပြုပြီး နှစ်ပေါင်း ထောင်ချီအောင် ရပ်တည်လာခဲ့ကြတာပဲ၊ ဒါကြောင့် ဒီဆေးတွေ တည်ရှိနေရတဲ့ အကြောင်းအရင်း တစ်ခုခုတော့ ရှိရမယ်
ငါတို့အနေနဲ့ သံသယရှိနိုင်ပေမဲ့ ငြင်းပယ်လို့တော့ မရဘူး၊ အကောင်းနဲ့ အဆိုးကို ခွဲခြားပြီး အနှစ်သာရကိုပဲ ရယူရမယ်၊အဲဒါက အရေးကြီးဆုံးပဲ”
စုဝေ့မင်လည်း နားထောင်ရင်း ခေါင်းကို အဆက်မပြတ်ညိတ်နေခဲ့ပေသည်။
နောက်ဆုံးတွင် သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။
“အခုခေတ်ကာလမှာ အခြေအနေတွေ မကောင်းတာက နှမြောစရာပဲ၊ ဆေးကုမ္ပဏီ အတော်များများမှာ ဆေးညွှန်းတွေ ရှိပေမဲ့ ဆေးတွေကို ထုတ်လုပ်ဖို့ မဝံ့ရဲကြဘူးလေ”
“မင်း ဆိုလိုတာက...”
ကျွမ်းကျင်သူချင်းဆိုလျှင် စကားအသွားအလာကို ကြည့်ရုံနှင့်ပင် နားလည်နိုင်ပေသည်။
စုဝေ့မင် သက်ပြင်းချလိုက်သည်နှင့် ကျန်းရိကော်သည် သူ ဆိုလိုသည့်အရာကို နားလည်သွား၏။
“အမှန်ပဲ၊ ငါတို့ ဆေးဝါးစက်ရုံမှာလည်း ဆေးညွှန်းတွေ အများကြီး ရှိတယ်၊ ဥပမာ - ခေါင်းကိုက်ပျောက် ဆေးမှုန့်ဆိုရင် တကယ့်နာမည်က Acetaminophen မှုန့်ပဲလေ၊ ဒါပေမဲ့ အပြင်ထွက်ပြီး အဲဒီနာမည်နဲ့ ပြောရင် ဘယ်သူမှ သိမှာမဟုတ်ဘူး
‘ခေါင်းကိုက်ပျောက်ဆေး’ လို့ ပြောရင်တော့ အားလုံး နားလည်ကြတာပဲ၊ သာမန်လူတွေက ပါဝင်ပစ္စည်းတွေကို ဂရုမစိုက်ကြပါဘူး၊ အခု ရေကျောက်ကို ကုတဲ့ ဒီဆေးမှုန့်ကလည်း တကယ်တော့ ဒန်ဒလီယွန်တို့၊ အိုင်ဆာတစ်မြစ်တို့ပဲလေ
ဒါပေမဲ့ အဆိပ်ပြေဆေးမှုန့်လို့ ပြောရင်တော့ သာမန်လူတွေဘက်က ကြားလိုက်ရုံနဲ့တင် ဘာလဲဆိုတာ နားလည်သွားကြမှာပဲ”
မှန်ပေ၏။ ပြဿနာမှာ :
“ဒီဆေးက အဆိပ်ပြေရုံတင်
မဟုတ်ဘဲ ရောင်ရမ်းမှုကိုလည်း သက်သာစေတယ်၊ ဥပမာ - အအေးမိပြီး အဖျားတက်တဲ့အခါမှာလည်း သောက်လို့ ရတယ်လေ”
“ဒါဆိုရင်လည်း ‘အဖျားကျဆေးမှုန့်’ လို့ပဲ ခေါ်ကြရအောင်”
“ဒါပေမဲ့ သူ့ရဲ့ အာနိသင်က အဖျားချတာ တစ်ခုတည်းမှာတင် ကန့်သတ်မနေဘူးလေ၊ ပြီးတော့ ဒီဆေးက တိကျတဲ့ ဦးတည်ချက်လည်းရှိတယ်”
အနောက်တိုင်းဆေးနှင့် မတူသည်မှာ တရုတ်တိုင်းရင်းဆေးက ဦးတည်ချက် တစ်ခုတည်း မဟုတ်ဘဲ အသုံးချမှု နယ်ပယ် ကျယ်ပြန့်လွန်းသည်။ ဆေးတစ်ခုက ရောဂါအမျိုးမျိုးအပေါ် မတူညီသော အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်ပေသည်။
အကယ်၍ သူတို့က ဆေးတစ်မျိုးကို “အဆိပ်ပြေဆေး” သို့မဟုတ် “အဖျားကျဆေး” ဟုသာ သတ်မှတ်လိုက်မည်ဆိုပါက အလွန်ပင် ကန့်သတ်ရာ ရောက်ပေလိမ့်မည်။
ကောင်းမွန်သော ပစ္စည်းများကို သင့်တော်သော နေရာတွင် အသုံးပြုသင့်သည် မဟုတ်ပါလား။
“ဒါဆိုရင်တော့ နည်းနည်းခန့်ညားတဲ့ နာမည်တစ်ခု ရွေးကြရအောင်”
စုဝေ့မင်တစ်ယောက် လီရှန်း ယခင်က ပြောခဲ့ဖူးသော “ပုတီလန်”ဆိုသည့် နာမည်ကို သတိရသွား၏။
အဓိက ပါဝင်ပစ္စည်း လေးမျိုးထဲမှ သုံးမျိုး၏အမည်မှ စာလုံး တစ်လုံးစီကို ယူကာ ပေါင်းစပ်ထားသော ထိုနာမည်မှာ အတော်လေး ခန့်ညားကြောင်းကို သူ ဝန်ခံရပေမည်။
ခဏမျှ စဉ်းစားပြီးနောက် သူက မနေနိုင်တော့ဘဲ အကြံပြုလိုက်၏။
“ဒါကို ‘ပုတီလန် ရောင်ရမ်းမှုပျောက် ဆေးမှုန့်’ လို့ ခေါ်ရင် ဘယ်လိုလဲ”
“ဘယ်လိုပဲဖြစ်ဖြစ် အဆိပ်ပြေတာဖြစ်ဖြစ်၊ အဖျားကျတာဖြစ်ဖြစ်၊ အခြေခံအားဖြင့်တော့ ရောင်ရမ်းမှုကြောင့် ဖြစ်တာပဲလေ၊ ဒါကြောင့် ‘ရောင်ရမ်းမှုပျောက်ဆေး’ ဆိုတာက ပိုပြီးတော့ ယေဘုယျဆန်တဲ့ အသုံးအနှုန်း ဖြစ်တာပဲ”
ကျန်းရိကော်ကလည်း ထိုနာမည်မှာ ကောင်းမွန်သည်ဟု ယူဆပေသည်။
“ဒါနဲ့... ဒီဆေးမှုန့်ကို ဘယ်သူက အကြံရခဲ့တာလဲ”
ကျန်းရိကော်က ဆေးအနည်းငယ်ကို ဇွန်းငယ်လေးဖြင့် ခပ်ယူကာ သူ၏ လက်ဖဝါးပေါ်တွင် တင်လိုက်၏။ သူ လက်နှစ်ဖက်ကို ပွတ်လိုက်သည့်အချိန်တွင် ထိုဆေးမှုန့်လေးများက ချက်ချင်းပင် ပျော်ဝင်သွားသည်ကို တွေ့ရလေ၏။ ဤအချက်ကြောင့် ထိုဆေးမှုန့်က မည်မျှအထိ လျင်မြန်စွာ ပျော်ဝင်သည်ကိုထင်ရှားစွာမြင်တွေ့နေခဲ့ရသည်။
“ကျွန်တော့်ရဲ့ မြေးလေးကြောင့်ပါ...”
ဤအကြောင်းကို ပြောရသည့်အခိုက်တွင် သူ သက်ပြင်းချလိုက်မိသည်။
“ခင်ဗျားလည်း သိတဲ့အတိုင်း ဝေ့ဟိုင်က အသက်သုံးဆယ်ကျော်နေပြီဆိုပေမဲ့ အသုံးမကျတဲ့သူ တစ်ယောက်ပဲလေ၊ အလုပ်များလာရင် အိမ်ကကိစ္စ ဘာကိုမှ ဂရုမစိုက်တော့ဘူး
ဇနီးဟောင်းနဲ့ ကွာရှင်းပြီးကတည်းက သူက အလုပ်ကိုပဲ အာရုံစိုက်နေခဲ့တာ၊ မနှစ်ကမှ နောက်အိမ်ထောင်ပြုခဲ့တာ၊ အခုလည်း သူက အလုပ်များနေပြန်ပြီ၊
သူ့ဇနီးအသစ်ကလည်း ကလေးတစ်ယောက်လိုပါပဲ၊ ကလေးကို ဘယ်လို ပြုစုရမလဲဆိုတာ သူ ဘယ်သိပါ့မလဲ
အထူးသဖြင့် ရေကျောက်လိုမျိုး ကြိုတင်မခန့်မှန်းနိုင်တဲ့ ကိစ္စမျိုးဆိုရင်ပိုဆိုးတာပေါ့၊ မနေ့ညကမှ သူက ကလေးဖျားနေတယ်ဆိုပြီး ရုတ်တရက် ရောက်လာတာလေ”
စုဝေ့မင်က သူ၏ လူများကို လူသိရှင်ကြား မဖြစ်စေလိုပါချေ။
ထို့ကြောင့် လီရှန်း၏ ပါဝင်မှုကို ပို၍ပင် လျှော့ချကာ ပြောဆိုလိုက်၏။
“ကျွန်တော့်ရဲ့ ချွေးမငယ်လေးက နည်းပညာဌာနမှာ အလုပ်လုပ်တာလေ၊ နည်းပညာဌာနက လောင်လျို့က အရင်က စစ်မြေပြင် ဆရာဝန်ဖြစ်ခဲ့ဖူးတော့ သူ့ကို သွားခေါ်ပြီး ကြည့်ခိုင်းလိုက်တာ၊
လောင်လျို့က ကလေးကို ကြည့်တာနဲ့ ရေကျောက်ဆိုတာ ချက်ချင်း သိတယ်လေ၊ ရေကျောက်က ကူးစက်မှု အရမ်းမြန်တယ်ဆိုတာကို ကျွန်တော် သိတာနဲ့ စက်ရုံတစ်ခုလုံးကို ချက်ချင်း အသိပေးဖို့ စလုပ်ခဲ့တာ”
သို့သော်လည်း အနည်းငယ်တော့ နောက်ကျသွားခဲ့ချေပြီ။
ညတွင်းချင်းမှာပင် ကလေးအတော်များများ အဖျားတက်လာခဲ့ကြသည်။
“စက်ရုံမှာရှိတဲ့ ဆေးတွေက ကလေးနဲ့ မကိုက်ညီဘူးလေ၊ ကျွန်တော့်ချွေးမက ခရိုင်ဆေးရုံကို သွားပြီး ဆေးတွေ အများကြီး ဝယ်လာခဲ့တာ၊
ဒါပေမဲ့ ကလေးက ဆေးခါးရင် မသောက်မှာစိုးလို့ သူက သကြားတွေ ထည့်ပြီး အိုးထဲမှာ ကျိုလိုက်တာ၊ အဲဒီမှာတင် ကလေးကို ဆေးတိုက်ဖို့အတွက် အောင်မြင်သွားတာပဲ”
ထို့ကြောင့် ဤအကြံကို မည်သူက ပေးခဲ့သည်ဆိုသည်ကို မည်သူကမျှ မသိနိုင်ပါချေ။
အဆုံးတွင် ထိုအချိန်က အစစအရာရာမှာ အလွန်ပင် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
မည်သူက အကြံတစ်ခုပေးလိုက်သည်၊ အားလုံးက ကောင်းသည်ဟု ထင်ကြသဖြင့် လုပ်ဆောင်လိုက်ကြသည် ဆိုသည့်အတိုင်းသာ ဖြစ်ပေလိမ့်မည်။
စုဝေ့မင်က အလွန်ပင် ယုံကြည်ချက်ရှိရှိပြောဆိုနေသော်လည်း ကျန်းရိကော်က ဤကိစ္စတွင် စုဝေ့မင်၏ ချွေးမငယ်၏လုပာရပ်က မည်မျှအထိ အရေးပါကြောင်း ရိပ်မိလိုက်ပေသည်။
သူကိုယ်တိုင်လည်း ဒုက္ခကြုံခဲ့ဖူးသူ ဖြစ်သည့်အတွက် စုဝေ့မင်ဘက်မှ သူ၏ချွေးမကို ကာကွယ်လိုသော ဆန္ဒရှိသည်ကို နားလည်ပေးနိုင်သည်။ ထို့ကြောင့် ထပ်မံ၍ အတင်းအကျပ် မမေးမြန်းတော့ပါချေ။
ထိုအစား သူက ခေါင်းညိတ်ပြကာ ကျန်ရှိသော ဆေးမှုန့်များကို ယူ၍ သုတေသနခန်းသို့ သွားခဲ့လေ၏။
*