အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အခန်း(195)
ကျန်းရိကော်က သူကိုယ်တိုင် ဆေးအခြောက်ခံစက်ကို အသုံးပြုကာ ပုတီလန်ကို စမ်းသပ်ထုတ်လုပ်ကြည့်ရန် ပြင်ဆင်ခဲ့သည်။
အကယ်၍ ဆေး၏ အာနိသင်က မူလဆေးရည်နှင့် များစွာမကွာခြားခဲ့လျှင် ထိုဆေးကို အမြောက်အမြား ထုတ်လုပ်နိုင်ပေလိမ့်မည်။
တစ်နိုင်ငံလုံးကို မရောင်းနိုင်လျှင်ပင် အနည်းဆုံးတော့ ခရိုင်ထဲမှ ဤရေကျောက် ဗိုင်းရပ်စ်ကို ရှင်းလင်းနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် သူက အတော်လေး အလောတကြီး ဖြစ်နေခဲ့၏။
စုဝေ့မင်သည်ကား ဤကိစ္စကို ကျန်းရိကော်ထံသို့ အပ်နှံပြီးနောက် လီရှန်း စိတ်မကောင်းဖြစ်သွားမည်လားဟု စိုးရိမ်နေမိပြန်သည်။
မည်သို့ပင်ဆိုစေ သူမက ဤဆေးကို ပထမဆုံး စမ်းသပ်ထုတ်လုပ်ခဲ့သူ ဖြစ်ပေ၏။ သို့သော်လည်း ယခု သုတေသနဌာနသို့ အပ်နှံလိုက်သည့်အချိန်တွင် ဆေး၏ ဂုဏ်သတင်းမှာ သုတေသနဌာန၏ အမည်အောက်သို့ ရောက်ရှိသွားပေတော့မည်။
သို့ဖြစ်၍ လီရှန်းအတွက် မတရားသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။
သို့သော် လီရှန်းမှာတော့ ဤကဲ့သို့ ဖြစ်သွားခြင်းကို အလွန်ပင် ဝမ်းသာနေခဲ့၏။
“ကျွန်မက ကံကောင်းလို့ ဒါကို တွေ့သွားတာပါ၊ ကျွန်မက ပညာရှင်မှ မဟုတ်တာပဲ၊ တကယ်လို့ ဒီနည်းလမ်းက ကောင်းတယ်လို့ ထင်ရင် စိတ်ကြိုက် သုံးနိုင်ပါတယ်”
စုဝေ့မင်ကတော့ သဘောမတူပါချေ။
“မင်းရဲ့ နည်းလမ်းက မင်းရဲ့ပိုင်ဆိုင်မှုပဲလေ၊ ငါတို့စက်ရုံက အလုပ်သမားတွေအပေါ် ဘယ်တော့မှ အမြတ်မထုတ်ပါဘူး
ငါတို့တွေက ဒါကို လူသိရှင်ကြား မထုတ်ပြန်ဘူး ဆိုပေမဲ့ မင်းကိုတော့ ဂုဏ်ပြုပေးမှာပါ၊ နှစ်ကုန်တဲ့အချိန်ကျရင် မင်းကို သေချာပေါက် ဆုပေးလိမ့်မယ်”
ဤကဲ့သို့သော တီထွင်လိုစိတ်မျိုးကို အားပေးသင့်သည် မဟုတ်ပါလား။
သို့ဆိုပါက နောင်တစ်ချိန်တွင် အလုပ်သမားများက တခြားသော ကောင်းမွန်သည့် အကြံဉာဏ်များ ပေးလာနိုင်သည်။
စုဝေ့မင်က ထိုသို့ပြောလာသောကြောင့် လီရှန်းမှာလည်း ခေါင်းညိတ် သဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။
ကံကောင်းစွာဖြင့် သူမက ထိုဆေးကို ဖော်စပ်ခဲ့ရုံသာရှိပြီး မည်သူ့ကိုမှ လျှောက်မပြောခဲ့ပါချေ။
သို့မဟုတ်ပါက ပြဿနာတက်နိုင်ပေသည်။ သူမက ဆေးဝါးစက်ရုံတွင် ဝန်ထမ်းအသစ်သာ ရှိသေးသောကြောင့် အလွန်အကျွံ ထင်ပေါ်နေခြင်းက လူအများ၏ အာရုံစိုက်မှုကို ခံရနိုင်သည် မဟုတ်ပါလား။
ပုတီလန်ဆေးမှုန့်ကိစ္စ အဆင်ပြေသွားပြီးနောက်၊ ကျန်ရှိသော ဆေးထုတ်လုပ်မှု တာဝန်မှာ စုဝေ့မင်၏ တာဝန်သာ ဖြစ်လာခဲ့တော့သည်။
ဆေးဝါးကုမ္ပဏီ၏ ရေကျောက် တိုက်ဖျက်ရေး စီမံချက်မှာ အဆင့်တစ်ခုအထိ အောင်မြင်မှု ရရှိခဲ့လေပြီ။ ကလေးငယ်များမှာလည်း အစစအရာရာ အခြေအနေ ကောင်းမွန်လာကြသည်။
လူကြီးများအကြားမှာ ကူးစက်မှုနှုန်းမှာတော့ နည်းပါးလွန်းပြီး၊ ကူးစက်ခံရလျှင်ပင် သူတို့ဘာသာ ကျော်ဖြတ်နိုင်ကြပေသည်။
အဖျား အလွန်ကြီးလာပါက ဆေးခန်းတွင် အဖျားကျဆေး ထိုးပေးရုံမျှသာ လိုပေ၏။ ဦးနှောက်ရောင်ခြင်းအဆင့်အထိ မရောက်သရွေ့ အခြေခံအားဖြင့် ကြီးမားသော ပြဿနာ မရှိပါချေ။
ဆေးဝါးစက်ရုံနှင့် ဆန့်ကျင်ဘက်အနေဖြင့် ခရိုင်မြို့လေးအတွင်းရှိ ရေကျောက် အခြေအနေမှာတော့ ပို၍ ဆိုးရွားလာခဲ့ပြီး အချို့သော ကလေးငယ်များမှာ အဖျားကြီးမှုကြောင့် ဦးနှောက်ထိခိုက်ကာ ရေကျောက်ကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါကိုပင် ခံစားနေကြရရှာသည်။
စည်ကားနေသင့်သော လမ်းမများမှာ ခြောက်ကပ်နေပြီး လမ်းလျှောက်နေချိန်အတွင်း အော်ဟစ်ငိုယိုသံများကိုသာ ကြားနေရတော့၏။
ခရိုင်အစိုးရက ဤကိစ္စကို မြို့တော်သို့ အမြန် တင်ပြခဲ့သော်လည်း မြို့တော်ရှိ ကလေးငယ်များစွာမှာလည်း ရေကျောက် ကူးစက်ခံနေရကြောင်းကိုသာ ပြန်လည် ကြားသိခဲ့ရ၏။
နောက်ဆုံးတွင် ခရိုင်ခေါင်းဆောင်များမှာ အံကြိတ်ကာ ပြည်နယ်အစိုးရသို့ တိုက်ရိုက်တင်ပြလိုက်ကြတော့သည်။
ပိုင်မားခရိုင်သည်က ပြည်နယ်မြို့တော်နှင့် အလွန်နီးကပ်နေသောကြောင့် ခရိုင်အတွင်းရှိ လူများမှာ မြို့တော်သို့ သွားမည့်အစား ပြည်နယ်သို့သာ တိုက်ရိုက် သွားရောက်လေ့ရှိကြ၏။
တကယ်တမ်းတွင် ဆေးဝါးစက်ရုံ ဤနေရာသို့ ပြောင်းရွှေ့လာသည့်နှစ်တွင် ပိုင်မားခရိုင်၏ စီရင်ပိုင်ခွင့်ကို ပြည်နယ်အစိုးရထံသို့ တိုက်ရိုက် လွှဲပြောင်းပေးမည်ဟူသော ကောလာဟလများပင် ရှိခဲ့ဖူးပေသည်။
ထို့ကြောင့် မြို့တော်အစိုးရဘက်မှ ပိုင်မားခရိုင်အပေါ်တွင် ပံ့ပိုးမှုများကို တစ်ခါမျှ မပြုလုပ်ခဲ့ဖူးပါချေ။
ခရိုင်အုပ်ချုပ်ရေးမှူးက မြို့တော်သို့ အကူအညီ တောင်းခံရန် သွားခဲ့သော်လည်း၊ မြို့တော်သည်လည်း ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့၏။
သူသည်က မည်သည့် အကူအညီမျှ မရရှိခဲ့ရုံသာမက တာဝန်များစွာကိုသာ လက်ခံကာ ပြန်လာခဲ့ရပေသည်။
မြို့တော်မှ ခေါင်းဆောင်များက သူ့အား ဆေးဝါးစက်ရုံနှင့် ဆက်သွယ်ကာ ရေကျောက်အတွက် ထိရောက်သော ဆေးဝါးများကို အမြန်ဆုံး ထုတ်လုပ်ပေးရန် တောင်းဆိုခဲ့ကြပေသည်။
ခရိုင်အုပ်ချုပ်ရေးမှူးမှာ ဒုက္ခရောက်နေခဲ့ချေပြီ။
ဆေးဝါးစက်ရုံမှာ ပိုင်မားခရိုင်အတွင်း တည်ရှိနေသော်လည်း ထိုစက်ရုံက အမှန်တကယ်တွင်တော့ ပြည်နယ်အစိုးရ၏ လက်အောက်တွင် ရှိနေခြင်းဖြစ်ပေ၏။
အထူးကုသဆေးများ ထုတ်လုပ်ပေးရန်အတွက် သူက အတင်းအကျပ် တောင်းဆိုနိုင်ခွင့် မရှိပါချေ။
ထို့အပြင် အစွမ်းထက်သော ဆေးဝါးများကို ပြုလုပ်ရန်က ဤမျှအထိ လွယ်ကူပါ့မလား။
ဆေးဝါးစက်ရုံ တစ်ခုအနေဖြင့် မြို့တော်ခေါင်းဆောင်များ၏ “တောင်းဆိုချက်” အတိုင်း ချက်ချင်း လုပ်ဆောင်ပေးနိုင်ပါ့မည်လား။
စက်ရုံ၏ ပထမနှစ်ဝက်အတွက် စီမံကိန်းများမှာ ပြည့်နှက်နေပြီ ဖြစ်ကြောင်းလည်း ကြားသိရသည် မဟုတ်ပါလား။ အကယ်၍ သူတို့က ရေကျောက်အတွက် သီးသန့်ဆေး ထုတ်လုပ်ရန် ထုတ်လုပ်မှုလိုင်းများကို ရုတ်တရက် ပြောင်းလဲလိုက်မည်ဆိုပါက၊ နောက်ပိုင်းတွင် စက်ရုံမှ ကြုံတွေ့ရမည့် ဆုံးရှုံးမှုများကို မည်သူက တာဝန်ယူပေးပါမည်နည်း။
ဤဆေးဝါးကုမ္ပဏီမှာ နိုင်ငံတော်အဆင့် မဟုတ်သော်လည်း၊ ကြီးမားသော ပြည်နယ်အဆင့် ဆေးဝါးကုမ္ပဏီ တစ်ခုဖြစ်သဖြင့် သူတို့၏ ကိုယ်ပိုင် လုပ်ငန်းစဉ်များ ရှိနေခဲ့ပေသည်။
မြို့တော်ခေါင်းဆောင်များ၏ စိုးရိမ်ပူပန်မှုနှင့် အနည်းငယ် ဖိနှိပ်လိုသော အမူအရာမှာ ခရိုင်ခေါင်းဆောင်များအတွက်တော့ သည်းခံနိုင်စရာ မရှိတော့ပါချေ။
ထို့ကြောင့် သူတို့ပြန်ရောက်သည့်အချိန်တွင် သူတို့၏ နိုင်ငံရေး အနာဂတ်ကို ရင်းနှီးကာ အထက်လူကြီးများထံသို့ ရေကျောက်ကိစ္စကို သတင်းမပို့တော့ဘဲ ပြည်နယ်အဆင့်အထိ တိုက်ရိုက် တင်ပြလိုက်ကြတော့သည်။
ပြည်နယ်အတွင်းမှာလည်း ရေကျောက်ဗိုင်းရပ်စ်များ ရှိနေခဲ့သော်လည်း လူဦးရေ များပြားလွန်းခြင်းနှင့် ထိုနေရာသို့ နောက်ကျမှသာ ပျံ့နှံ့ရောက်ရှိသွားခြင်းကြောင့် ဖြစ်နိုင်သည်။
ဤကိစ္စက ပြည်နယ်အစိုးရ၏ အာရုံစိုက်မှုကို မရရှိသေးပေ။
ပိုင်မားခရိုင် အုပ်ချုပ်ရေးမှူး၏ လုပ်ရပ်မှာ ပျားအုံကို တုတ်နှင့် ထိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။
တစ်ပြည်နယ်လုံးရှိ မူလတန်းနှင့် အထက်တန်းကျောင်းများတွင် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ကြပြီး၊ အဖျားရှိသူ သို့မဟုတ် အနီစက် ထွက်နေသူ မည်သူမဆို အိမ်သို့ ပြန်ကာ သီးခြားခွဲနေရန် ညွှန်ကြားလိုက်၏။
ပြည်နယ်ခေါင်းဆောင်များကလည်း ဆေးဝါးစက်ရုံများသို့ အမိန့်တစ်ခု ထုတ်ပြန်လိုက်သောကြောင့် ရေကျောက်ဗိုင်းရပ်စ်အတွက် သီးသန့်ကုသဆေးတစ်မျိုးကို အမြန်ဆုံး ဖော်စပ်ထုတ်လုပ်ရန် အစွမ်းကုန် ကြိုးစားကြရန် တောင်းဆိုလိုက်တော့သည်။
စုဝေ့မင်သည်လည်း ထိုတာဝန်ကို သဘာဝကျစွာဖြင့် လက်ခံခဲ့ရ၏။
ဤတာဝန်ကို လက်ခံပြီးနောက် သူ ပထမဆုံး လုပ်ဆောင်သည့်အရာမှာ ပြည်နယ်အစိုးရထံမှ တရုတ်ဆေးသစ်ဥသစ်ဖုအမျိုးမျိုးနှင့် ဒက်စထရင်အမြောက်အမြားကို အမြန်ဆုံး ခွဲဝေပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်ပေသည်။
လီရှန်းက အခွင့်အရေးကို အသုံးချကာ နောက်ထပ် ဖြည့်စွက်ပစ္စည်းတချို့ကို အကြံပြုခဲ့လေ၏။
ထိုဆေးဝါးတို့မှာ မူလပါဝင်ပစ္စည်းများအပေါ် အခြေခံ၍ ဆေး၏ အာနိသင်ကို ပို၍ ထိရောက်ပြီး ပို၍ မြန်ဆန်စေခဲ့ပေသည်။
စုဝေ့မင်အနေဖြင့် ပုတီလန် ဆေးများကို အင်တိုက်အားတိုက် ထုတ်လုပ်နိုင်ရန်အတွက် ထုတ်လုပ်မှုလိုင်း နှစ်ခုကို အမြန်ဆုံး ဖယ်ရှားပေးလိုက်လေ၏။
နောက်ဆုံးတွင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းမှုများကြောင့် သုံးရက်အကြာတွင် ပုတီလန် ရောင်ရမ်းမှုပျောက်ဆေးမှုန့် အသုတ်လိုက် ပထမဆုံး ထွက်ပေါ်လာခဲ့တော့သည်။
ဤဆေးမှုန့်များကို ဆေးရုံကြီးများသို့ ချက်ချင်း ပေးပို့ခဲ့ကြပြီး၊ ဆေး၏ အာနိသင်ကို အတည်ပြုပြီးနောက် ဆရာဝန်များသည်လည်း အဖျားကြီးနေသော ကလေးငယ်များအတွက် ထိုဆေးများအား အမြန်ဆုံး စတင် ညွှန်းဆိုပေးခဲ့ကြတော့ပေသည်။
ထိုအတောအတွင်း သုတေသနဌာနသည်လည်း ရေကျောက်အတွက် တခြားသော ဆေးဝါးများကို အရေးပေါ် သုတေသနပြု ထုတ်လုပ်နေခဲ့၏။
ဤသည်မှာ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဆင်နွှဲရသော တိုက်ပွဲတစ်ခုပင် ဖြစ်ပေသည်။
ပိုင်မားခရိုင် ဆေးဝါးစက်ရုံမှ ဆေးဝါးများကို အသုတ်လိုက် ထုတ်လုပ်ပေးနိုင်ခဲ့သောကြောင့် ကလေးငယ်များမှာ တဖြည်းဖြည်း ပြန်လည် သက်သာလာခဲ့ကြပေသည်။
တချို့သော ကလေးငယ်များ၏ မျက်နှာပေါ်တွင် အနာဖေးများ ကျန်ရစ်ခြင်းမှလွဲ၍ တခြားသော နောက်ဆက်တွဲ ပြဿနာများ မရှိခဲ့ပါချေ။
သို့သော် သူတို့ သက်ပြင်းချနိုင်ရုံမျှသာ ရှိသေးသော်လည်း တခြားသော မြို့များတွင်လည်း ရေကျောက်များ ပေါ်ပေါက်နေကြောင်း ကြားသိခဲ့ရပြန်သည်။
နှစ်ပတ်တိုင်တိုင် ဆေးဝါးစက်ရုံက ပုတီလန် ဆေးများကိုသာ အသည်းအသန် ထုတ်လုပ်နေခဲ့ရ၏။
တကယ်တမ်းတွင် ရေကျောက်ရောဂါဆိုသည်မှာ အဖျား မကြီးလျှင် ကိုယ်ဘာသာ ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်ပေ၏။
အဖျားကိုသာ ထိန်းချုပ်နိုင်မည်ဆိုပါက အဆင်ပြေပေလိမ့်မည်။
ပုတီလန်က အဖျားကျစေသော ဆေးဖြစ်သောကြောင့် ၎င်းကို ရောဂါအတွက် တိကျသော ကုသမှုတစ်ခုဟုပင် ယူဆနိုင်ပေသည်။
ဝူလီသည်ကား အခြေအနေများ ဤမျှအထိ ဖြစ်ပျက်လာလိမ့်မည်ဟု တစ်ခါမျှ မထင်မှတ်ထားခဲ့ပါချေ။
ရှောင်ကျွင့်တို့ ဖျားခြင်းမှာ ရေကျောက် ဖြစ်နေခဲ့ပြီး နောက်ဆုံးတွင် တစ်ပြည်နယ်လုံးနီးပါး ရောဂါကူးစက်မှုဒဏ်ကို ခံလိုက်ကြရသည် မဟုတ်ပါလား။
နွေဦးရာသီ ရောက်ရှိလာသည်နှင့်အမျှ ရာသီဥတုမှာလည်း တစ်ရက်ထက်တစ်ရက် ပို၍ ပူနွေးလာခဲ့ချေပြီ။
စုဝေ့ဟိုင် သုတေသနဌာနမှ ထွက်လာသည့်အချိန်တွင် အပြင်ဘက်ရှိ လူငယ်၊ လူရွယ်များမှာ အလုပ်ဝတ်စုံများကို ဝတ်ဆင်နေကြလေပြီ။
သို့သော်လည်း သူကတော့ ထူထဲသော ဂွမ်းအင်္ကျီကြီးကို ခြုံထားဆဲ ဖြစ်ပေသည်။
လူများက သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ ကြည့်လာခဲ့ကြ၏။ သူက အိမ်သို့ အမြန်ပြေးဝင်လာပြီး တံခါးဝသို့ ရောက်သည်နှင့် အင်္ကျီလဲရန်အတွက် အော်ဟစ်လေတော့သည်။
“ဘာလို့ အော်နေတာလဲ၊ ဝူလီက မင်းအတွက် အကုန်လုံးကိုပြင်ဆင်ပေးထားပြီးပြီ”
လော်ယွီရှို့သည် သူ၏ စူးရှသော အသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်လာခဲ့သည်။
“အပြင်မှာ ဘာတွေ အရေးတကြီး ဖြစ်နေလို့လဲ၊ ဝူလီခမျာ ပင်ပန်းလွန်းလို့ သေတော့မယ်! မင်းက သူ့ကို တွေ့တာနဲ့ အားပေးစကား တစ်ခွန်းမှ မပြောဘဲ ခိုင်းဖို့ပဲ သိတယ်
ကိုယ့်ကိုယ်ကိုယ် တော်ဝင်မျိုးနွယ်လို့ ထင်နေတာလား၊ မင်းမှာ လက်တွေ မပါဘူးလား”
စုဝေ့ဟိုင်တစ်ယောက် ခဏမျှ မှိုင်သွားပြီးနောက် အားနာစိတ် ဖြစ်သွားရ၏။
ဆိုရလျှင် ဒီရက်ပိုင်းအတွင်း နေရာတိုင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
ဌာနထဲရှိ ကလေးရှိသော သုတေသနပညာရှင်များမှာလည်း အလွန်စိုးရိမ်ပူပန်နေခဲ့ကြပေသည်။ သူသည်လည်း သေချာပေါက် စိုးရိမ်နေခဲ့ရသည်။
သို့သော်လည်း သုတေသနလုပ်ငန်းများမှာ အလွန်ပင်စေ့စပ်သေချာရန် လိုအပ်သောကြောင့် အလုပ်ထဲတွင် အာရုံနှစ်မြှုပ်ထားသည့်အချိန်တွင် တခြားသော စိုးရိမ်မှုများကို တွေးတောရန် အချိန်မရှိခဲ့ပါချေ။
“ကျွန်တော်က အခုမှ ပြန်ရောက်တာဆိုတော့ အင်္ကျီတွေ ဘယ်မှာထားလဲဆိုတာ မသိလို့ပါ”
စုဝေ့ဟိုင်က အသာရယ်မောရင်း အင်္ကျီရှာရန်အတွက် အိမ်ထဲသို့ ဝင်သွားခဲ့လေ၏။
*
အခန်း(196)
ဝူလီက စုဝေ့ဟိုင်၏စကားကြောင့်အလျင်အမြန် ပြောလိုက်၏။
“ထိုင်ပြီး ခဏလောက်အနားယူလိုက်ပါဦး၊ ကျွန်မပဲ သွားယူလိုက်မယ်၊ ကျွန်မရဲ့အဝတ်ဘီရိုကိုတော့ လာမွှေမနေနဲ့ဦးနော်”
ပြောနေရင်းဖြင့်နှင့်ပင် သူမက အောက်ထပ်သို့ ခပ်သွက်သွက် ပြေးဆင်းသွားခဲ့သည်။
လီရှန်းက အလုပ်ဆင်းပြီးပြန်လာချိန်တွင် ဝူလီနှင့် အမှတ်မထင် ဆုံမိသွားရ၏။ သူမ အလောတကြီး သွားနေသည်ကို မြင်လျှင် လီရှန်းက မနေနိုင်ဘဲ မေးလိုက်မိသည်။
“ယောက်မ .. ဘယ်ကိုသွားမလို့လဲ”
“နင့်အစ်ကိုအတွက် အဝတ်အစားသွားယူမလို့လေ၊ သူပြန်ရောက်လာတာ အခုထိ အနွေးထည်အထူကြီး ဝတ်ထားတုန်းပဲ၊
ငါမှတ်မိသလောက်ဆိုရင် သူ့အိတ်ထဲမှာ အပေါ်ထပ်အင်္ကျီအပါးတစ်ထည် ထည့်ပေးလိုက်ပါတယ်၊ သူက ကြည့်တောင်ကြည့်ပုံမရပါဘူး၊ အဲဒီလူက တကယ်ကို ဂရုမစိုက်တတ်တာပဲ”
ဝူလီက ညည်းညူနေသော်လည်း သူမ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးညွှတ်နေပြီး မျက်ဝန်းများထဲတွင်လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့ပေသည်။
“ဘေးနားမှာ မိန်းမတစ်ယောက်မရှိရင် မဖြစ်ဘူးဆိုတာ တကယ်ပဲနေမှာ”
“ဒါဆိုရင် ယောက်မလည်း စာနည်းနည်းလောက် ထပ်ပြီးလေ့လာကြည့်ရင်မကောင်းဘူးလား၊ ဒီနှစ်ကုန်ရင် ဆေးဝါးစက်ရုံမှာ အလုပ်ဝင်နိုင်အောင် ကြိုးစားကြည့်လေ၊ ဒါဆိုရင် အစ်ကိုကြီးကို ပြုစုဖို့ သုတေသနဌာနကို လိုက်သွားလို့ရတာပေါ့”
လီရှန်းက အမှတ်တမဲ့ဖြင့် အကြံပေးလိုက်မိ၏။ ဝူလီသည်က အပြင်ဘက်တွင် အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေခြင်းဖြစ်၍ သုတေသနဌာနသို့ ဝင်သွားရန်မှာ မလွယ်ကူပေ။
လီရှန်းအနေဖြင့် ဝင်ရောက်နိုင်သော်လည်း ယောက်မဖြစ်သူက ခဲအိုဖြစ်သူ၏ အိမ်ကို သွားရောက်ကာ အိမ်မှုကိစ္စများ ကူညီလုပ်ကိုင်ပေးနေပါက သူတပါးက ကဲ့ရဲ့ပြောဆိုကြလိမ့်မည်။
ဝူလီသည် ခဏမျှ ကြောင်အသွားပြီးနောက် အမြန်ပင် ငြင်းဆိုလိုက်သည်။
“ငါ့မှာ အလုပ်ရှိပြီးသားပဲလေ၊ ဘာဖြစ်လို့ ဆေးဝါးစက်ရုံ ဝင်ခွင့်စာမေးပွဲကို သွားဖြေရမှာလဲ”
“ဘာလို့ မဖြေရမှာလဲ၊ ကျွန်မတောင် အရင်က အထည်ချုပ်စက်ရုံမှာ အလုပ်ရှိခဲ့တာပဲလေ၊ ဒါပေမဲ့ ဆေးဝါးစက်ရုံမှာ အလုပ်ရပြီးတဲ့နောက် အဲဒီအလုပ်ကို ပြန်ရောင်းလိုက်တာ”
ရောင်းလိုက်သည်ဟူသော စကားကြောင့် ဝူလီ အံ့ဩသွားရသည်။ ဤသည်မှာ ဝူလီ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်၏။
လီရှန်းက ဆေးဝါးစက်ရုံ ဝင်ခွင့်စာမေးပွဲ မဖြေဆိုမီကပင် တရားဝင်ဝန်ထမ်းအလုပ်တစ်ခု ရှိနေခဲ့သည်လား။
ဝူလီ ချက်ချင်းပင် စိတ်ဝင်စားသွားကာမေးလိုက်၏။
“ငါရော စာမေးပွဲအောင်နိုင်ပါ့မလား”
သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေခဲ့ခြင်း ဖြစ်ပေသည်။
“ဘာလို့ အရင်ဆုံး စာပြန်မကြည့်တာလဲ၊ တကယ်လို့ စာမေးပွဲအောင်သွားရင်ဝော၊ ဒါဆိုရင် မရီး သုတေသနဌာနမှာ ရှိနေတဲ့အချိန် ကျွန်မကိုလည်း တစ်ခါတလေ ကူညီပေးလို့ရတာပေါ့”
နောက်ဆုံးတွင်တော့ ဝူလီက ထိုဆွဲဆောင်မှုကို မတွန်းလှန်နိုင်တော့ပါချေ။
“ယောက်မ စာကျက်တုန်းက သုံးခဲ့တဲ့ စာအုပ်တွေ ရှိသေးလား”
“ရှိတော့ရှိတယ်၊ ဒါပေမဲ့ ကျွန်မဟာက ဟောင်းနေပြီ၊ အစ်ကိုကြီးကိုပဲ တောင်းကြည့်လိုက်ပါလား၊ သူ့ဆီမှာ စာအုပ်တွေ အများကြီးရှိတယ်”
လီရှန်းက ဤတာဝန်ကို အလွယ်တကူ မယူရဲပါချေ။
တကယ်လို့ သူမက စာအုပ်တွေ ပေးလိုက်ပြီးမှ ဝူလီ စာမေးပွဲကျသွားရင်ဘယ်လိုလုပ်မလဲ။
သူမက အချက်အလက်တွေကို ဝှက်ထားတယ်ဆိုပြီး အပြစ်တင်ခံရနိုင်တယ်လေ။
ဝူလီကလည်း လီရှန်း၏စကားက အဓိပ္ပာယ်ရှိသည်ဟု တွေးမိလေသည်။
အိမ်အပြန်လမ်းတစ်လျှောက်လုံး သူမက ထိုအကြောင်းကိုသာ တွေးနေခဲ့၏။ သို့သော် လီရှန်းကတော့ ဝူလီ လမ်းခွဲပြီးနောက်တွင် ကိုယ့်ကိုယ်ကိုယ် ပါးရိုက်ချင်စိတ် ဖြစ်သွားရလေသည်။
သူမက သင်ခန်းစာ မရသေးဘူးလား။ ဘာလို့အကြံတွေ လျှောက်ပေးနေမိတာလဲ။
သူတို့ အိမ်သို့ပြန်ရောက်ချိန်တွင် စုဝေ့ဟိုင်က ဆိုဖာပေါ်တွင် အတွင်းဝတ်အင်္ကျီတစ်ထည်တည်းဖြင့် ထိုင်ကာ စုဝေ့ချင်းနှင့် စကားပြောနေသည်ကို တွေ့လိုက်ရ၏။
သန့်ရှင်းသပ်ရပ်သော စုဝေ့ချင်းနှင့် နှိုင်းယှဉ်ပါက စုဝေ့ဟိုင်မှာ အတော်လေး ဖရိုဖရဲ ဖြစ်နေခဲ့ပေသည်။
မူလက ကတုံးနီးပါးညှပ်ထားသော ဆံပင်များမှာ ယခုအချိန်တွင် အလယ်ခွဲဖြစ်နေခဲ့သည်။
မုတ်ဆိတ်မွှေးများကို ပြောင်စင်အောင် ရိတ်ထားသော်လည်း ဆံပင်များမှာ ရှည်လျားနေခဲ့၏။
သူ၏ မူလယောက်ျားပီသသော အငွေ့အသက်များထဲတွင် လွမ်းဆွေးမှုအရိပ်အယောင်အချို့ ရောယှက်နေသောကြောင့် သူ၏ တောက်ပစွာပြုံးနေသော မျက်နှာနှင့် အတော်ပင် မလိုက်ဖက်သကဲ့သို့ ဖြစ်နေသည်။
သူတို့က လက်ရှိတွင် ရေကျောက်ရောဂါအကြောင်း ပြောနေကြခြင်းဖြစ်လေ၏။
“ငါတို့ဌာနက တခြားဖော်မြူလာတွေကိုပါ စတင်သုတေသနလုပ်နေပြီ”
စုဝေ့ဟိုင်က ပြောလိုက်သည်။ ဆေးမှုန်များ ပေါ်ပေါက်လာခြင်းမှာ အံ့ဩစရာကောင်းသကဲ့သို့ အလွန်လည်း အဆင်ပြေလှသည်ဟု သူ ခံစားရပေသည်။
သူ သက်ပြင်းချလိုက်သည်။
“မူဝါဒတွေကို ရှောင်လွှဲဖို့ နည်းလမ်းတွေ အမြဲရှိတာပဲ၊ တိုင်းရင်းဆေးကို ပွင့်ပွင့်လင်းလင်း ရောင်းလို့မရဘူးဆိုရင်လည်း လူတွေအတွက် ကျိုချက်ပြီး အနှစ်ထုတ်၊ ပြီးရင် အမှုန့်လုပ်လိုက်တာပေါ့၊ ဒါဆိုရင် သူများတွေ မြင်ရင်တောင် တိုင်းရင်းဆေးမှန်း သိမှာမဟုတ်တော့ဘူး”
“တကယ်လား”
လီရှန်းက မျက်နှာတွင် အပြုံးများ ပေါ်ထွက်လာကာ သူတို့၏ အနားသို့ တိုးကပ်သွားခဲ့၏။
“အင်း”
စုဝေ့ဟိုင်က လီရှန်းကို လေးစားသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေ၏။
“ဒီနည်းလမ်းကို စဉ်းစားမိတဲ့လူက သုတေသနလုပ်ဖို့ ပါရမီပါတာပဲ”
တခြားလူများ မသိသော်လည်း သူ သိနေခဲ့ပေသည်။ သူ၏ တတိယခယ်မလေးမှာ အတော်လေး ထူးချွန်လှ၏။ ဤရေကျောက်ရောဂါ တိုက်ဖျက်ရေးတွင် သူမက အဓိကကျသောကဏ္ဍမှ ပါဝင်ခဲ့ခြင်း ဖြစ်ပေသည်။
လီရှန်းက အမှန်တရားကို ဝန်မခံလိုသောကြောင့် အကြည့်လွှဲကာ ခပ်ဖွဖွ ချောင်းဟန့်လိုက်လေ၏။
ထိုအချိန်တွင် ဝူလီ ပြန်ရောက်လာခဲ့သည်။
လီရှန်းက လျှင်မြန်စွာ စကားလွှဲလိုက်သည်။
“ယောက်မ... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ အစ်ကိုကတော့ အိုက်လွန်းလို့ သေတော့မယ်”
ထို့နောက် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ကာမေးလိုက်သည်။
“ခုနက ဘယ်သူနဲ့ စကားပြောနေတာလဲ”
“အောက်ထပ်က ဒေါ်လေးဝူနဲ့လေ”
ဝူလီက သက်ပြင်းချလိုက်သည်။
“သူ့မြေးရဲ့ မျက်နှာက အမည်းစက်တွေက ကြောက်စရာကြီးပဲ၊ တကယ်ကို ဆိုးဆိုးရွားရွားဖြစ်နေတာ”
သူမက ပြောရင်း စုဝေ့ဟိုင်၏ ဂွမ်းအင်္ကျီကို လှမ်းယူပေးကာ အပေါ်ထပ်အင်္ကျီအပါးတစ်ထည် ပေးလိုက်၏။
“သူ့ကလေးက စကားနားမထောင်ဘူးလေ၊ လက်နဲ့ပဲ နှာခေါင်းကို လျှောက်နှိုက်နေတာ”
လော်ယွီရှို့ကလည်း အောက်ထပ်မှ ကလေးအတွက် စိတ်မကောင်းဖြစ်နေရခဲ့သည်။
“အဲဒီကလေးလေးက အရင်က ဖြူဖြူဖွေးဖွေးနဲ့ တကယ်ကို ချောတာ”
“ဘယ်လောက်ပဲ ဖြူဖြူ အမည်းစက်တွေနဲ့ဆိုရင်တော့ ကြောက်စရာကောင်းတာပဲ”
ဝူလီက နှုတ်ခမ်းဆူကာပြောလိုက်သည်။
“ကျွန်မတို့ ရှောင်ကျွင့်လေးလောက် မကောင်းပါဘူး၊ သူ့မျက်နှာလေးကမှ ချောမွေ့နေတာပဲ၊ ဘာအမာရွတ်မှတောင် မကျန်ဘူး”
လော်ယွီရှို့တစ်ယောက် ထိုစကားကို ကြားလျှင် ရယ်မောလိုက်မိ၏။
ဝူလီ၏ စကားများမှာ စိတ်ထဲတွင်ရှိသည့်အတိုင်း ပြောလိုက်ခြင်းဖြစ်ပြီး သူမက ထိုကလေးနှစ်ယောက်ကို အမှန်တကယ်ပင် လက်ခံလိုက်ပြီဖြစ်ကြောင်း ပြသနေခဲ့ပေသည်။
ထို့အပြင် ဤဖျားနာမှုပြီးနောက်တွင် စုကျွင့်သည်လည်း ဝူလီနှင့် ပိုမိုနီးကပ်လာခဲ့သည်။ လော်ယွီရှို့အနေဖြင့် သူတို့ကို သားအမိအရငရးကဲ့သို့ ရင်းနှီးရန် မမျှော်လင့်ထားပါချေ။ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ကြလျှင်ပင် ကျေနပ်ပေပြီ။
ပုတီလန်ဆေးမှာ ထိရောက်မှု အလွန် ကောင်းမွန်လွန်းသည်။
၎င်းက ရေကျောက်ရောဂါအတွက် သီးသန့်ဆေး မဟုတ်ဘဲ အသုံးပြုနိုင်စွမ်းကလည်း ပိုမိုကျယ်ပြန့်ပေသည်။ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ပိုးသတ်ခြင်းနှင့် အရောင်ကျခြင်းတို့အတွက် အသုံးပြုနိုင်၏။
ပို၍အရေးကြီးသည်မှာ ပါဝင်ပစ္စည်းများမှာ ဘေးကင်းသောကြောင့် ကလေးငယ်များပင် ဘေးထွက်ဆိုးကျိုးအတွက် စိုးရိမ်စရာမလိုဘဲ အသုံးပြုနိုင်သည်။
မှန်ပေ၏။
ယနေ့ခေတ် မိဘများသည်က ဘေးထွက်ဆိုးကျိုးအကြောင်းကို မစဉ်းစားကြပါချေ။ ဆေးစွမ်းထက်ဖို့သာ အရေးကြီးသည် မဟုတ်ပါလား။
ဆေးက ချိုမြိန်နေသည့်အတွက် သူတို့ ပို၍ပင် ပျော်ရွှင်နေကြရသည်။
အနည်းငယ်လောက် ခါးသက်သက်နိုင်သော်လည်း ကလေးများ လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေဆဲဖြစ်၍ မိဘများအနေဖြင့် ကလေးများကို ဆေးတိုက်ရန် ပိုမိုလွယ်ကူသွားစေခဲ့ပေသည်။
အနည်းဆုံးတော့ ဆေးတိုက်ဖို့အတွက် စစ်ပွဲတစ်ခုလို တိုက်ခိုက်နေရသည့် အခြေအနေမျိုး မရှိတော့ပါချေ။
တစ်လခန့် ကြာပြီးနောက်တွင်မူ ပိုင်မားခရိုင်အတွင်းရှိ ရေကျောက်ဝေဒနာရှင်အရေအတွက်မှာ သုညသို့ ရောက်ရှိသွားခဲ့လေပြီ။
သို့သော်လည်း ဆေးဝါးစက်ရုံ၏ ပုတီလန်ထုတ်လုပ်မှုလိုင်းမှာ ရပ်တန့်၍ မရနိုင်သေးပါချေ။
အကြောင်းမှာ တခြားသော မြို့များတွင်လည်း ရေကျောက်ရောဂါက တစ်မြို့ပြီးတစ်မြို့ ကူးစက်နေသောကြောင့် ဖြစ်ပေသည်။ သူတို့သည်က ပုတီလန်ဆေးများကို အမြန်ဆုံးထုတ်လုပ်ပြီး ရောဂါကူးစက်သည့် ရှေ့တန်းဒေသများသို့ ပေးပို့နိုင်ရန် နေ့ ၊ညမနားဘဲ အလုပ်လုပ်ခဲ့ကြရသည်။
ပုဆီလန်၏ မြန်ဆန်သော ထုတ်လုပ်မှုနှင့် အစွမ်းထက်သော ထိရောက်မှုကြောင့် ဆေးဝါးစက်ရုံက ပထမသုံးလပတ် မကုန်ဆုံးမီကပင် ပြည်နယ်အဆင့် ခေါင်းဆောင်များ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး ရှေ့ပြေးဌာနတစ်ခု ဖြစ်လာရန် သေချာနေခဲ့လေပြီ။
ပိုင်မားခရိုင် အုပ်ချုပ်ရေးမှူးမှာ အထက်အဆင့်ဆင့်သို့ ကျော်လွန်တင်ပြမှုကြောင့် အပြစ်ပေးခြင်းခံခဲ့ရသော်လည်း၊ ပြည်နယ်အစိုးရက ပိုင်မားခရိုင်မှ ပြည်နယ်မြို့တော်သို့ သွားရာလမ်းကို ချဲ့ထွင်ရန်နှင့် ပြုပြင်ရန် အထူးရန်ပုံငွေများ ချမှတ်ပေးခဲ့ပေသည်။
ထိုလမ်းကို ခရိုင်ချင်းဆက်သည့်လမ်းမှ မြို့ချင်းဆက်လမ်းအဖြစ်သို့ ပြောင်းလဲရန်လည်း အစီအစဉ်ရှိနေခဲ့၏။
အပြင်ပန်းအားဖြင့် ဆေးဝါးကုမ္ပဏီများ၏ သယ်ယူပို့ဆောင်ရေး အဆင်ပြေစေရန်ဟု ဆိုသော်လည်း စစ်မှန်သည့် အကြောင်းပြချက်ကိုတော့ လူတိုင်း သိနေကြပေသည်။
မြို့အစိုးရက ပြည်နယ်မှ ချမှတ်ပေးသော ရန်ပုံငွေကို အလွန် စိတ်ဝင်စားနေသော်လည်း ကံမကောင်းစွာဖြင့် ထိုရန်ပုံငွေများမှာ လမ်းပြုပြင်ရန်အတွက်သာ သီးသန့်ဖြစ်နေခဲ့သည်။
တခြားခရိုင်မှ ခေါင်းဆောင်များက အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ကြသော်လည်း ထိုရန်ပုံငွေထဲမှ တစ်ပြားတစ်ချပ်မျှ မရရှိခဲ့ကြပါချေ။
ပိုင်မားခရိုင် အုပ်ချုပ်ရေးမှူးကတော့ ပါးစပ်မစိနိုင်အောင် ပြုံးနေခဲ့လေပြီ။
စည်းကမ်းပိုင်း အရေးယူမှုဆိုတာက ဘာမှမဟုတ်ပါဘူး။ အရေးကြီးတာက တကယ့် အကျိုးအမြတ်တွေ ရဖို့ပဲမလား။
ဆေးဝါးကုမ္ပဏီသည်လည်း ပျော်ရွှင်နေရသည်။
မဟုတ်သေးပေ။
အပျော်တစ်ဝက် ညည်းညူခြင်းတစ်ဝက်ဟု ဆိုရပေမည်။
*