← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း(197)

ဆေးဝါးစက်ရုံမှာ ပထမသုံးလပတ်အတွက် အလုပ်ရည်မှန်းချက်များကို သတ်မှတ်ပြီးသား ဖြစ်သော်လည်း လမ်းတစ်ဝက်တွင် ပုတီလန် ထုတ်လုပ်မှုက ရုတ်တရက် ဝင်လာခဲ့သည်။

သူတို့အနေဖြင့် မူလရည်မှန်းချက်များကိုလည်း ပြီးစီအောင် လုပ်ဆောင်ရဦးမည်ပင်။

စက်ရုံအလုပ်သမားများမှာ ချက်ချင်းပင် အချိန်ပိုဆင်းသူများ စာရင်းထဲသို့ ဝင်ရောက်သွားခဲ့ကြရသည်။

စုဝေ့မင်သည်လည်း အလုပ်သမားများ၏ ပင်ပန်းမှုကို နားလည်သောကြောင့် ထမင်းစားဆောင်တွင် ညစာအတွက် နေ့လယ်စာ စံနှုန်းအတိုင်း ပြင်ဆင်ပေးရန် ညွှန်ကြားခဲ့ပေသည်။

အသား၊ ဟင်းသီးဟင်းရွက်နှင့် အဓိကအစားအစာများ အစုံအလင် ပါဝင်နေခဲ့၏။

အလုပ်သမားများအနေဖြင့်လည်း ပိုမိုတက်ကြွစွာ အလုပ်လုပ်လာခဲ့ကြသည်။

တစ်နေ့တွင် လီလင်း ရောက်လာကာ လီရှန်းကို ဆေးရုံသို့ လိုက်ပို့ပေးရန် အကူအညီ တောင်းလာခဲ့၏။ လီရှန်းသည်လည်း လီလင်းကို မြင်လျှင် ထိတ်လန့်သွားရသည်။

“နင့်ဗိုက်က ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ”

သူမ ကိုယ်ဝန်ရှိသည်မှာ နှစ်လသာ ရှိသေးသော်လည်း ဗိုက်က အတော်လေး ပူထွက်နေခဲ့လေပြီ။

ဆိုရလျှင် အလွန်အမင်းကြီးမားနေခြင်းမျိုး မဟုတ်ဘဲ ဝလာသကဲ့သို့ အနည်းငယ် ဖောင်းနေခြင်းဖြစ်ပေသည်။ သူမ၏ ဗိုက်က ထွက်နေသော်လည်း ယခုခေတ်ကာလတွင် အမျိုးသမီး အနည်းငယ်သာ ဝကြသည် မဟုတ်ပါလား။

လီရှန်းပြောလေ့ရှိသည့် “ခေတ်၏ အလှနတ်ဘုရားမ” ဝူလီပင်လျှင် မျက်နှာဝိုင်းပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းရုံသာ ရှိပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်အဖြစ်သတ်မှတ်နိုင်သည်။

လီလင်းက သူမထက် အနည်းငယ် ပိုဝနေခဲ့လေပြီ။ သူမက နဂိုကသွယ်လျသော အမျိုးသမီးတစ်ဦး ဖြစ်နေသည့်အတွက် သူမ၏ ဗိုက်မှာ အတော်လေး သိသာနေခဲ့လေ၏။

“ငါလည်း မသိဘူး၊ ငါတို့ အဖွဲ့ခေါင်းဆောင်ကတော့ အမြွှာဖြစ်နိုင်တယ်လို့ ပြောတာပဲ”

လီလင်း၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေခဲ့ပေသည်။ သူမ ဗိုက်စပြီး ကြီးလာကတည်းက တခြားလူများက သူမကို ‘ကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲ’ဟူ၍ မေးခွန်းထုတ်ခဲ့ကြသည်။

သူမအနေဖြင့် လက်ထပ်စာချုပ်ရပြီးမှ အမျိုးသားနှင့် အတူနေခဲ့ခြင်းဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိနေသော်လည်း ထိုအတင်းအဖျင်းပြောသူများ၏ ပါးစပ်ထဲတွင်တော့ သူမသည် ကျင့်ဝတ်မစောင့်သူတစ်ဦး ဖြစ်နေခဲ့၏။

အမြွှာလား။

လီရှန်းက ကြည့်လိုက်လျှင် ဗိုက်ကြီးလာသည့် အရှိန်က အမှန်တကယ်ပင် အမြွှာကိုယ်ဝန်နှင့် ဆင်တူနေခဲ့ပေသည်။

သူမ လက်လှမ်းပြီး လီလင်း၏ ဗိုက်ကို ထိကြည့်လိုက်၏။ ဗိုက်မှာ ခပ်အိအိ မဟုတ်တော့ဘဲ အနည်းငယ် တောင့်တင်းကာ ရုန်းအားရှိနေခဲ့သည်။

ထို့နောက် သူမ မေးလိုက်လေ၏။

“နင့်ယောက်ျားရော၊ သူ ဆေးရုံကို လိုက်မပို့ပေးဘူးလား”

“မပြောနဲ့တော့၊ တခြားမြို့တွေမှာလည်း ရေကျောက်တွေ ဖြစ်နေတော့၊ သူက ခရိုင်ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အနေနဲ့ ရောဂါကာကွယ်ရေး လမ်းညွှန်မှုတွေပေးဖို့ အဲဒီမြို့တွေကို သွားရတယ်လေ”

ဤသည်မှာ အတွေ့အကြုံရရန် အကောင်းဆုံးနေရာပင် ဖြစ်၏။

ရောဂါကူးစက်သည့် ရှေ့တန်းသို့ သွားရောက်ခြင်းက နောင်တစ်ချိန် ကိုယ်ရေးရာဇဝင်အတွက် အလွန်ပင် အထောက်အကူ ဖြစ်စေလိမ့်မည်။

သို့သော်လည်း ရောဂါကူးစက်သည့်ဒေသက အန္တရာယ်ရှိသည့်အတွက်တစ်ခါမျှ မကူးစက်ဖူးသူများအနေဖြင့် ထိုအန္တရာယ်ရှိသော အလုပ်ကို အလွယ်တကူနှင့် လျှောက်ထားကြမည် မဟုတ်ပါချေ။

“သူက ငယ်ငယ်တုန်းက ရေကျောက်ဖြစ်ဖူးတယ်လေ”

ထို့ကြောင့် သူက ထပ်မဖြစ်နိုင်တော့ပေ။

“ဒါ့အပြင် သူက ပြောသေးတယ် ၊ သူ့မှာ အခြေခံ အားနည်းနေတဲ့အတွက် နောက်တစ်ချိန် ရာထူးတိုးဖို့လမ်းစရအောင် ပိုပြီး ကြိုးစားရမယ်တဲ့၊

ပြီးတော့ ငါနဲ့ ကလေးတွေအတွက် ပိုကောင်းတဲ့ လူနေမှုပတ်ဝန်းကျင်တစ်ခု ပေးချင်တယ်တဲ့”

တစ်ဖက်လူက သူတို့၏ မိသားစုလေးအတွက် ကြိုးစားနေခြင်း ဖြစ်ပေသည်။

သူမအနေဖြင့် ကိုယ်ဝန်ရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် သူ့ကို မည်သို့ ဆွဲထားနိုင်မည်နည်း။

လီလင်းက သူမ၏ အမျိုးသားမှ စိုးရိမ်ပြီး အလုပ်ကို အာရုံမစိုက်နိုင်မည်ကို စိုးသည့်အတွက် အမြွှာကိုယ်ဝန်ဖြစ်နိုင်ခြေရှိသည်ကိုပင် မပြောရဲခဲ့ပါချေ။

“ကြည့်ရတာ သူက နင့်အပေါ် တကယ်ကောင်းတဲ့ပုံရတယ်”

လီလင်းက ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူမ၏ အမျိုးသားက သူမအပေါ် အမှန်တကယ်ပင် ကောင်းပေသည်။

သို့သော် သူက သူမအပေါ် ကောင်းလေလေ၊ သူမ၏ မိသားစုအပေါ် လွဲမှားခဲ့သော အမြင်များက ပို၍ သိသာလာလေလေ ဖြစ်၏။

သူမ၏ မိဘများက သူမကို ချစ်သည်ဟု သူမ အရင်က ထင်ခဲ့ဖူးသည်။ အိမ်လေးက သေးလွန်းသောကြောင့်သာ လှေကားခြေရင်းတွင်သာ နေခိုင်းရခြင်းဖြစ်သည်ဟု ထင်ခဲ့မိ၏။

သို့သော် နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ သူမ၏ မိဘများသည်က သူမကို သူမထင်သလောက် ဂရုမစိုက်ကြောင်းကို ရုတ်တရက် သိရှိလာရတော့သည်။

ထိုအကြောင်းကို တွေးမိပြီး လီလင်းက မျက်လွှာချလိုက်လေ၏။

“ငါ့ညီမလေးက ငါ့ကို ငတုံးလို့ လှောင်ခဲ့တာလဲ မဆန်းတော့ဘူး”

“ဒါနဲ့... နင့်ညီမလေးက...”

လီရှန်းက ဆက်မမေးရဲဆော့ချေ။ ငတုံးတစ်ယောက်ပင်လျှင် ထိုကလေးမက ကျေးလက်သို့ သွားခဲ့ရပြီဖြစ်ကြောင်း သိနိုင်ပေသည်။

“သူက ပညာတတ်လူငယ်အဖြစ် အလုပ်လုပ်ဖို့ သွားပြီလေ၊ သူကိုယ်တိုင်ပဲ စာရင်းပေးသွားတာ”

ထို့အပြင် သူမက စောစောစီးစီး စာရင်းပေးခဲ့သည့်အတွက် အလွန် ကောင်းမွန်သောနေရာဖြစ်သည့် အရှေ့မြောက်ပိုင်းရှိ ကွန်မြူနတီတစ်ခုသို့ သွားခဲ့ခြင်း ဖြစ်၏။

“သူ ငါ့ဆီ စာရေးတယ်.. အဲဒီဘက်မှာ အေးပေမဲ့ ရွာထဲကလူတွေက အရမ်းကောင်းကြတယ်တဲ့၊ မနီးမဝေးမှာလည်း စစ်တပ်တွေ ရှိနေတော့ ဒေသခံတွေက အရမ်းကို ရိုးသားဖြောင့်မတ်ကြတယ်တဲ့

နည်းနည်းတော့ ပင်ပန်းပေမဲ့ သူ့မှာ ကိုယ်ပိုင် အိပ်ဆောင်ရှိတယ်လို့ ပြောတယ်၊ သူ... သူ ပြန်မလာဖို့ ဆုံးဖြတ်ထားတယ်တဲ့”

ထိုညီမလေးအကြောင်း ပြောရင်း လီလင်း၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာခဲ့ပေသည်။

ထိုညီမလေးမှာ စရိုက်ထူးဆန်းပြီး မိသားစုနှင့် မရင်းနှီးသော်လည်း ငယ်စဉ်ကတည်းက အတူကြီးပြင်းလာခဲ့ကြသည် မဟုတ်ပါလား။

မိုင်ပေါင်းထောင်ချီ ဝေးကွာသွားပြီးနောက် ဤတစ်သက်ပြန်တွေ့နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်ချိန်တွင် သူမ၏ နှလုံးသားထဲတွင် အလွန် လေးလံသွားရသည်။

“လူတိုင်းမှာ ရည်မှန်းချက်တွေ ကိုယ်စီရှိကြတာပဲ၊ နင် တကယ် စိုးရိမ်တယ်ဆိုရင်လည်း အခွင့်သာတဲ့အချိန်ကျရင် သွားကြည့်လို့ ရတာပဲလေ”

လက်ရှိမှာတော့ မေ့ထားလိုက်ရမည်ပင်။

သွားကြည့်ရန်ကိုမဆိုထားနှင့်။ ကိုယ်ဝန်ဗိုက်တကားကားနဲ့ သွားနေရင်းဖြင့် တစ်ခုခုဖြစ်သွားမည်ကို ကြောက်လန့်နေရမည်ပင်။

လီလင်းက ခေါင်းငြိမ့်လိုက်ပြီး နောက်တစ်ချိန် အခွင့်အရေးရရင် သေချာပေါက် သွားကြည့်ရမည်ဟု တွေးလိုက်မိသည်။

သူတို့နှစ်ဦးက သောကြာနေ့တွင် ဆေးရုံသွားရန် သဘောတူလိုက်ကြ၏။ လီရှန်းအနေဖြင့် ထိုနေ့တွင် အလုပ်မများသောကြောင့် လိုက်နိုင်ပြီး၊ လီလင်းသည်လည်း ခွင့်တစ်ရက် ယူနိုင်ပေသည်။

လီလင်းက အလုပ်ရုံထဲသို့ ပြန်ဝင်သွားချိန်တွင် အဖွဲ့ခေါင်းဆောင်ကမေးလေ၏။

“ရက်သတ်မှတ်ပြီးပြီလား”

“သောကြာနေ့သွားမှာပါ”

လီလင်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ငါလည်း လိုက်ခဲ့မယ်.. ငါ့မြေး ရှောင်ကျိကိုလည်း ဆရာဝန်နဲ့ ပြချင်တာ.. ဟူး...”

ရှုရှင်းလန်က စိုးရိမ်စိတ်များဖြင့် သက်ပြင်းချလိုက်၏။

“ဆေးရုံမှာ သိတဲ့လူမရှိတာ တကယ်ကို အဆင်မပြေဘူး”

လီလင်း ခဏမျှ တုံ့ဆိုင်းသွားပြီး တစ်ခုခု မှားနေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ရှုရှင်းလန်၏ နွမ်းနယ်နေသော မျက်နှာနှင့် ဆံပင်ထဲတွင် ရောနှောနေသော ဆံပင်ဖြူများကို မြင်လိုက်ပြီးနောက် သူမ ငြင်းရန် အင်အားမရှိတော့ပါချေ။

ကိုယ်တိုင် ကိုယ်ဝန်ရှိလာမှသာ ရှုရှင်းလန်၏ ခံစားချက်ကို ပိုမိုနားလည်နိုင်ခဲ့သည်။ သူမ၏ သမီးလေး ဆုံးရှုံးသွားခဲ့ပြီးနောက် ဤမြေးလေးတစ်ယောက်တည်းသာလျှင် သူမ၏ တစ်ခုတည်းသော စိတ်ပိုင်းဆိုင်ရာ အားကိုးရာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

တကယ်လို့ ဒီကလေးသာ တစ်ခုခုဖြစ်သွားရင် ရှုရှင်းလန်လည်း ဆက်ပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။

ကံကောင်းစွာဖြင့်... ဤကလေးမှာ ရေကျောက်ရောဂါ အကြီးအကျယ် ဖြစ်ပွားနေချိန်တွင် ကူးစက်ခြင်း မခံခဲ့ရပါချေ။

သောကြာနေ့တွင် လီရှန်းတစ်ယောက် ရုံးအလုပ်များကို အမြန်လက်စသတ်ပြီးနောက် အစ်မလျို့ကို ပြောကာ ထွက်လာခဲ့၏။

ခြံဝင်းအပြင်ဘက်သို့ ရောက်ချိန်တွင် လီလင်းက တွေဝေနေသော မျက်နှာဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။

လီရှန်းက ခြေလှမ်းကို လျှော့လိုက်ပြီးမေးလိုက်၏။

“ဘာဖြစ်လို့လဲ”

“ငါတို့ အဖွဲ့ခေါင်းဆောင်လည်း လိုက်လာတယ်လေ”

လီလင်းအနေဖြင့် အလွန် အားနာနေခဲ့ပေသည်။ သူမက အကူအညီ တောင်းထားပြီးမှ နောက်ထပ် လူတစ်ယောက်ကိုပါ ခေါ်လာခဲ့မိသည် မဟုတ်ပါလား။

အကယ်၍ တွက်ကပ်တတ်သည့်လူနှင့်သာ ဆုံပါက မျက်နှာလွှဲသွားနိုင်ပေသည်။ သူမက မတတ်သာသည့် လေသံဖြင့် ပြောလာသည်။

“သူက သူ့မြေးလေးကို ဆေးကုဖို့ လိုက်ချင်လို့တဲ့၊ သူ အရင်က ဆေးရုံမှာ ဘယ်သူ့ကိုမှ မသိတော့ ဆရာဝန်တွေက အမှန်အတိုင်း ပြောမှာမဟုတ်ဘူးလို့ ထင်နေတာ

အဲဒါကြောင့် ငါတို့ ဆေးရုံသွားမယ်ဆိုတာကြားတော့ သူလည်း လိုက်ချင်နေတာ”

“ဒါဆိုလည်း သွားကြတာပေါ့”

လီရှန်းကတော့ ဂရုမစိုက်ပါချေ။ ရှုရှင်းလန်၏ နာမည်ကို ကြားချိန်တွင် သူမ၏ ကလေးအတွက် ဆေးကုသမှု ထပ်မံ ခံယူစေချင်ရုံသာ ဖြစ်လိမ့်မည်ဟု တွေးမိလေသည်။

“နင် စိတ်မဆိုးဘူးလား”

လီလင်းက လီရှန်း စိတ်ဆိုးနေမည်ကိုစိုးရိမ်သောကြောင့် မေးလိုက်၏။

“ဘာလို့ စိုးရိမ်နေရမှာလဲ။ ဆေးရုံဆိုတာ ရောဂါကုတဲ့နေရာပဲလေ၊ သူ ငါတို့နဲ့ပဲလိုက်လိုက်၊ တစ်ယောက်တည်း သွားသွား.. ဆရာဝန်က လူနာ့ရဲ့အခြေအနေကို ဖုံးကွယ်ထားလို့မှ မရတာ”

ထိုသို့ဆိုလျှင် သူမက အဘယ်ကြောင့် လူဆိုးအဖြစ် ခံရမည်နည်း။

လီလင်းကတော့ လီရှန်းမှ အမှန်တကယ် စိတ်မရှိသည်ကို မြင်မှသာ သက်ပြင်းချနိုင်တော့သည်။

သူတို့နှစ်ဦး ဆေးဝါးစက်ရုံအဝင်ဝသို့ ရောက်လျှင် ရှုရှင်းလန်က သူမ၏မြေးလေးကို ခေါ်ကာ စောင့်နေသည်ကို တွေ့လိုက်ရ၏။

ရှုရှင်းလန်၏မြေး ကျန်းကျိမှာ ယခုနှစ်တွင် ရှစ်နှစ်ရှိနေလေပြီ။

သူသည် အသားဖြူပြီး အတော်လေး ရုပ်ချောသော ကလေး ဖြစ်လေ၏။ သူက ရှုရှင်းလန်၏လက်ကို ကိုင်ထားရင်း လီရှန်းတို့နှစ်ယောက်ကို “ ဒေါ်လေး” ဟု ရှက်ရွံ့စွာ ခေါ်လိုက်သည်။

အကယ်၍ သူ့၏အခြေအနေကို မသိခဲ့လျှင် ပုံမှန်ကလေးတစ်ယောက်ဟုပင် ထင်မှတ်ရပေမည်။

လီရှန်းကလည်း အားနာနေသည့်အမူအရာမပြဘဲ ဖော်ဖော်ရွေရွေဖြင့်သာ ဆက်ဆံသောကြောင့် ရှုရှင်းလန်တစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။

သူတို့သုံးယောက်က ကလေးကိုခေါ်ကာ ဘတ်စ်ကားစီးပြီး ဆေးရုံသို့ တန်းတန်းမတ်မတ် သွားခဲ့ကြ၏။

ကံကောင်းစွာဖြငရ့ ယနေ့သည် ဖန်တုန်းလိုင် ဂျူတီကျသည့်နေ့ဖြစ်နေလေသည်။ လီရှန်း ရောက်နေသည်ကို ကြားလျှင် အလုပ်မများသော ဖန်တုန်းလိုင်က ကူညီရန် ထွက်လာခဲ့လေသည်။

ထိုခေတ်အခါက အာထရာဆောင်း မရှိသေးသောကြောင့် သားဖွားမီးယပ်ဆရာဝန်၏ အတွေ့အကြုံပေါ်တွင်သာ အရာအားလုံးက မူတည်နေခဲ့၏။

လီလင်းက သူမ၏ လက္ခဏာများကို ပြောပြပြီးနောက်တွင် ဆရာဝန်က သူမတွင် အမြွှာကိုယ်ဝန်ရှိနေကြောင်းကို အကြမ်းဖျင်း အတည်ပြုနိုင်ခဲ့ပေသည်။

သို့သော်လည်း အမြွှာဟုတ်မဟုတ် ဆိုသည်ကို အလွန်အမင်း စိုးရိမ်နေရန် မလိုပါချေ။

“သုံးလကျော်သွားရင် ဗိုက်က အရမ်းမြန်မြန် ကြီးလာလိမ့်မယ်”

ဆရာဝန်က ပြောလိုက်၏။

ထိုအချိန်သို့ရောက်လျှင် အတင်းပြောချင်သူများပင် ပြောစရာရှိတော့မည် မဟုတ်ပါချေ။

အမြွှာကိုယ်ဝန်နှင့် ကလေးတစ်ယောက်တည်းသာရှိသည့် ကိုယ်ဝန်မှာ ကြီးထွားနှုန်း မတူညီပေ။ အထူးသဖြင့် နောက်ပိုင်း ကိုယ်ဝန်ရင့်လာချိန်တွင် ဖြစ်၏။

ထိုအချိန်ကျလျှင် တစ်စုံတစ်ယောက်က လီလင်းအား ကိုယ်ကျင့်တရားမကောင်းဟု ပြောချင်လျှင်ပင် ဘေးပတ်ဝန်းကျင်က လူများက ထိုသူကို ပါးစပ်ပိတ်ထားရန် ပြောကြလိမ့်မည်။

*

အခန်း(198)

“အမြွှာမွေးရတာ ခက်ခဲတယ်လို့ ကြားတယ်၊ အန္တရာယ်လည်းရှိတယ်မလား”

လီလင်းက စိုးရိမ်တကြီး မေးလိုက်၏။

“တကယ်လို့ မွေးရခက်မယ်ဆိုရင် ပြည်နယ်ဆေးရုံကို သွားလို့ရတယ်၊ အဲဒီမှာ ခွဲစိတ်ပြီးမွေးဖွားလို့ ရတာပဲလေ”

ခွဲစိတ်ပြီးမွေးဖွားခြင်း...

လီလင်းတစ်ယောက် ထိုစကားလုံးကို ကြားလိုက်ရလျှင်ပင် တစ်ကိုယ်လုံး တုန်ရင်သွားရသည်။ ခွဲစိတ်မွေးဖွားခြင်းဆိုသည်မှာ ဗိုက်ကို ဓားနှင့်ခွဲပြီး ကလေးကို ထုတ်ယူရသည်ဟုသာ သူမ သိထားခြင်းဖြစ်၏။

မြင်ယောင်ကြည့်ရုံနှင့်ပင် အင်မတန် ကြောက်စရာကောင်းပြီး သွေးသံရဲရဲ ဖြစ်ရပ်တစ်ခုဟု သူမ သတ်မှတ်ထားပေသည်။

“ပြီးတော့ ကလေးက အနေအထားမှန်နေသရွေ့ သေချာပေါက် ချောချောမောမော မွေးနိုင်မှာပါ”

လီလင်းက စိုးရိမ်နေဆဲဖြစ်သော်လည်း စိုးရိမ်နေရုံမှလွဲ၍ မတတ်နိုင်ပါချေ။ ကလေးက ဗိုက်ထဲသို့ ရောက်နေပြီဖြစ်၍ ကြောက်နေရုံနှင့် လက်လျှော့၍ မရနိုင်ပေ။

သူမအနေဖြင့် ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ရန်သာ တတ်နိုင်တော့သည်။ လီရှန်း ပြောသကဲ့သို့ပင်။

အဆိုးဆုံးအခြေအနေများဖြစ်လာပါက ဆရာဝန်ကောင်းများရှိသည့် ပြည်နယ်မြို့တော်တွင် သွားရောက်မွေးဖွားနိုင်ပေသည်။

လီလင်း၏ စစ်ဆေးမှုပြီးသွားသော်လည်း ရှုရှင်းလန်၏ မျက်နှာကတော့ မကောင်းနေခဲ့ပါချေ။

ခရိုင်မြို့ရှိ ဆရာဝန်များမှာ ကလေးကို စစ်ဆေးသော်လည်း ပိုကောင်းသော ကုသမှုမျိုးကို မပေးနိုင်ကြပေ။ ကလေးတွင် မွေးရာပါ အတက်ရောဂါရှိနေခြင်းဖြစ်၍ ကုသရန် ပို၍ပင် ခက်ခဲပေသည်။

သို့သော် ဆရာဝန်က ကလေး၏ မျက်နှာကို ကြည့်ပြီးနောက် အခြေအနေက ထင်သလောက် မဆိုးလှဟု ခံစားရသည်။ တက်သည်ဟု ဆိုသော်လည်း တစ်ကိုယ်လုံး မဟုတ်ဘဲ တစ်နေရာတည်းတွင်သာ ဖြစ်နေခြင်းပင်။

ဤနှစ်များအတွင်း ကလေး၏ အခြေအနေကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့ပုံရသည်ပင်။

ရင်းနှီးပြီးသား ရောဂါအမည်ကို ထပ်မံ ကြားလိုက်ရပြန်သောကြောင့် ရှုရှင်းလန်တစ်ယောက် စိတ်ပျက်သွားရပြီး ဆေးရုံက ထွက်လာသည်နှင့် ဝမ်းနည်းစွာ ငိုကြွေးတော့သည်။

ကျန်းကျိမှာတော့ ရှုရှင်းလန်၏ ဘေးတွင် မည်သည့်အရာကို လုပ်သင့်ကြောင်းမသိဘဲ ရပ်နေခဲ့ကာ လီရှန်းတို့အား စိုးရိမ်ထိတ်လန့်သော မျက်ဝန်းများဖြင့် ကြည့်နေခဲ့လေသည်။

သူ့ထံတွင် ရောဂါရှိနေသည်ကို သူ သိနေသည်။

အဖွားဖြစ်သူက သူ့အတွက် ဤနှစ်များအတွင်း ဆရာဝန်များစွာနှင့် ပြသခဲ့သည်ကိုလည်း သူ သိ၏။

ဤရောဂါမှာ ပျောက်ကင်းအောင် ကု၍မရကြောင်းကိုလည်း သိထားသော်လည်း အဖွားဖြစ်သူက မယုံကြည်ဘဲ သူ့ကို နေရာအနှံ့ လိုက်ပြနေခဲ့လေသည်။

“ဒေါ်လေးရှု... ဝမ်းမနည်းပါနဲ့ဦး၊ ရှောင်ကျိကိုလည်း ကြည့်ဦးလေ၊ သူ ကြောက်နေပြီ”

လီလင်းက ရှုရှင်းလန်ကို နှစ်သိမ့်လိုက်၏။

သူမ၏မြေးလေး ကြောက်နေသည်ဟု ကြားလျှင် ရှုရှင်းလန်က သူမ၏ မျက်ရည်များကို အမြန် သုတ်လိုက်တော့သည်။

ထို့နောက် သူမက လီရှန်းကို အားနာဟန်ဖြင့် ခေါင်းငြိမ့်ပြကာပြောလာသည်။

“ငါ ခဏလောက် စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ၊ ဒီကလေးက အရမ်းငယ်သေးတယ်လေ၊ တကယ်လို့ ရောဂါက မပျောက်ဘူးဆိုရင် သူ ဘယ်လိုများ လူတောတိုးနိုင်မှာလဲ”

“အများကြီး တွေးမနေပါနဲ့တော့၊ အခု အရေးကြီးဆုံးက ရှောင်ကျိကို ကောင်းကောင်း ပြုစုဖို့ပဲလေ၊ ဆရာဝန်လည်း ပြောသားပဲ၊ ရှောင်ကျိရဲ့ အခြေအနေက အဆင်ပြေပါတယ်တဲ့”

ရှုရှင်းလန်က ရှုံ့မဲ့လျက် သူမ၏မြေးလေး ကြုံတွေ့ခဲ့ရသည့် ဒုက္ခများအကြောင်းကို တတွတ်တွတ် ပြောပြတော့သည်။

သူမ၏ သမီးမှာ ကလေးမွေးရင်း ဆုံးပါးသွားခဲ့ရသည်။ သမီးဖြစ်သူ ဆုံးပြီးနောက် သားမက်ဖြစ်သူကလည်း သူမနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ပြန်၏။ ထိုသူက သမီးဖြစ်သူ၏ ဆုံးပါးမှုကို ဂရုမစိုက်ရုံသာမက ကလေးကိုပင် လာမကြည့်ပါချေ။

ကျန်းကျိက အရွယ်ရောက်လာသော်လည်း သူ၏ အဖေကို တစ်ခါမျှပင် မတွေ့ဖူးခဲ့ပေ။

သူမက ရိုးသားသည့် အမျိုးသမီးတစ်ဦးဖြစ်ပေသည်။ သူမ၏ သိက္ခာရှိမှု၊ သဘောကောင်းမှုနှင့် ဂရုစိုက်တတ်မှုများကြောင့်သာ ကျန်းရိကော်နှင့် လက်ထပ်နိုင်ခဲ့ခြင်း ဖြစ်၏။

ဆိုရလျှင် အထက်လူကြီးများက သူမကို ကျန်းရိကော်နှင့် မိတ်ဆက်ပေးခဲ့ကြခြင်းပင်။

လက်ထပ်ပြီးနောက်တွင် သူတို့ကြားမှ ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်ခဲ့ပြီး သမီးတစ်ယောက်သာ ထွန်းကားခဲ့သည်။

ကျန်းရိကော်သည်က သုတေသနလုပ်ငန်းများတွင်သာ အချိန်ကုန်ဆုံးလေ့ရှိပြီး အိမ်သို့ ပြန်လာခဲလေ၏။

သူမ၏ သမီးနှင့် မြေးလေးကသာ သူမ၏ အသက်များဖြစ်ခဲ့သည်။

သို့သော်လည်း ကံကြမ္မာက သူမကို နောက်ပြောင်နေခဲ့ပုံရသည်။

“ငါ့ရဲ့ ကံဆိုးမှုတွေကြောင့် သမီးနဲ့ ရှောင်ကျိလေးပါ ဒုက္ခရောက်ကုန်ကြတာလား မသိပါဘူး”

ရှုရှင်းလန်က စိတ်ပျက်စွာ ပြောလိုက်သည်။

“အဲဒီလိုတွေ မပြောပါနဲ့”

လီလင်းက ထိတ်လန့်သွားပြီး တစ်စုံတစ်ယောက်က ကြားသွားကာ ရဲတိုင်မည်ကို စိုးရိမ်သောကြောင့် ဘေးဘက်ကို လှည့်ပတ်ကြည့်လိုက်မိလေ၏။

ရှုရှင်းလန်လည်း သူမ၏ စကားမှားသွားသည်ကို သိလိုက်သောကြောင့် ချက်ချင်းပင် ပါးစပ်ကိုပိတ်လိုက်တော့သည်။ သူတို့သုံးယောက်က လာခဲ့သည့်လမ်းအတိုင်း ပြန်လာခဲ့ကြ၏။

လီရှန်းက လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မပြောခဲ့ပါချေ။ ရှုရှင်းလန်က မည်သည့်အကြောင်းအရာကို ပြောသည်ဖြစ်စေ သူမက တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေရုံသာ ရှိနေပြီး မှတ်ချက်လည်း မပေးခဲ့ပါချေ။

ရှုရှင်းလန်ကတော့ လီရှန်းကို အကဲခတ်နေခဲ့သည်။

လီလင်းပင်လျှင် ထူးဆန်းလွန်းသည်ဟု ထင်မှတ်ပြီး မေးလိုက်၏။

“ရှန်းရှန်း၊ နင် ဒီနေ့ ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ”

“ဘာမှမဟုတ်ပါဘူး”

လီရှန်းအနေဖြင့် ရှုရှင်းလန်နှင့် အလွန်အကျွံ မပတ်သက်ချင်သော်လည်း ထိုစကားကိုပြောရန်အတွက် မသင့်တော်သောကြောင့် ဆင်ခြေတစ်ခုသာ ပေးလိုက်ရလေသည်။

“ငါ စဉ်းစားနေတာ.. နင့်ရဲ့ဗိုက်က အတော်လေး ကြီးနေပြီ၊ ဒါပေမဲ့ ငါ့မှာတော့ ကိုယ်ဝန်ရှိတဲ့ လက္ခဏာတောင် မပြသေးဘူးလေ”

သူမက ပြောနေရင်းဖြင့် ခေါင်းကိုငုံ့ကာ သူမ၏ ဝမ်းဗိုက်ကို ထိကြည့်နေခဲ့ပြီး အတွေးများနေသကဲ့သို့ ဟန်ဆောင်ပြလိုက်၏။

လီလင်းက ချက်ချင်းပင် ယုံကြည်သွားကာ သူမကို ပြောလာခဲ့သည်။

“ငါ့မိသားစုက အမျိုးသမီးတွေက ကိုယ်ဝန်ရလွယ်ကြတယ်လေ၊ အများကြီး မစိုးရိမ်ပါနဲ့၊ ပြီးတော့ နင်နဲ့ ရဲဘော်စုတို့ လက်ထပ်တာ ရက်ပိုင်းပဲ ရှိသေးတာမဟုတ်ဘူးလား”

လီရှန်းက အားတင်း၍ပြုံးလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်နေခဲ့သည်။

ရှုရှင်းလန်က တစ်စုံတစ်ခုကို ထပ်ပြောချင်သော်လည်း လီရှန်း၏ အေးစက်သော အမူအရာကို မြင်ပြီးနောက် နှလုံးသားထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသစိတ်များက ရောနှောဖြစ်ပေါ်လာရသည်။

စုဝေ့မင်ရဲ့ အငယ်ဆုံးချွေးမက ပုတီလန်ဆေးကို ဖော်စပ်ခဲ့တာမဟုတ်ဘူးလား။

သူမက သေချာပေါက် ဆေးပညာကို တတ်ကျွမ်းမှာပဲ။ ဒါကို ဘာဖြစ်လို့ ကလေးက ရောဂါဖြစ်နေတာကို ဒီအတိုင်း ကြည့်နေနိုင်ရတာလဲ။

သူမမှာ နှလုံးသားရော ရှိရဲ့လား။

လီရှန်းက နှလုံးသားမရှိသူ မဟုတ်ပါချေ။ သူမ အမှန်တကယ်ပင် မတတ်နိုင်ခြင်းသာဖြစ်ပေသည်။

အတက်ရောဂါဆိုသည်မှာ သူမ လက်ဗလာနှင့် ကုသနိုင်သော အာရုံကြော ရောဂါမျိုး မဟုတ်ပေ။ ဤခေတ်ကာလတွင် မဆိုထားနှင့်။ နောင်ဆယ်စုနှစ်များစွာအထိ ဤရောဂါကို အမြစ်ပြတ်အောင် မကုသနိုင်သေးပါချေ။

ထို့အပြင် ကျန်းကျိ၏ အဖေဘက်မှ အခြေအနေကိုလည်း သူမ မသိပေ။ အကယ်၍ ထိုရောဂါက မျိုးရိုးလိုက်ရောဂါ ဖြစ်နေခဲ့လျှင်..

ဤကဲ့သို့ မျိုးရိုးလိုက်အတက်ရောဂါမှာ မျိုးဗီဇထဲတွင် စွဲထင်နေသော ရောဂါမျိုး ဖြစ်ပေသည်။

ထို့ကြောင့် လီရှန်းအနေဖြင့် သူမ၏ ဆေးပညာကျွမ်းကျင်မှုကို ထုတ်ဖော်ရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။

စက်ရုံသို့ ပြန်ရောက်လာချိန်တွင် ရှုရှင်းလန်က ကျန်းကျိကို ခေါ်ကာ အရင်ဆုံး ပြန်သွားခဲ့လေ၏။

လီလင်းကတော့ သူမ၏ ဗိုက်ကို မ,ကာ ဂရုတစိုက်နှင့် အစိုးရဝန်ထမ်းအိမ်ရာဘက်သို့ ထွက်ခွာသွားခဲ့သည်။

လီရှန်းလည်း ထမင်းစားဆောင်ဘက်သို့ အရင်သွားခဲ့၏။ နေ့လယ်စာအတွက် မဖွင့်လှစ်သေးသော်လည်း မီးဖိုချောင်မှာတော့ အလုပ်ရှုပ်နေလေပြီ။

ယနေ့အတွက် ဟင်းစာရင်းကို ကြည့်လိုက်လျှင် ပဲစိမ်းနှင့် ကြက်သားနှပ် ဟင်းပွဲဖြစ်နေခဲ့သည်။

“ရှောင်လီ ရောက်လာတာလား”

ထမင်းစားဆောင်မှ စားဖိုမှူးကြီးပိုင်က လီရှန်းကို မှတ်မိနေခဲ့သည်။ သူမက ဒုတိယစက်ရုံမှူး၏ ချွေးမပင် မဟုတ်ပါလား။

“စားဖိုမှူးကြီးပိုင်... ဒီနေ့ ရာသီစာတွေ ချက်နေတာလား”

ယခုအချိန်မှာ ပဲစိမ်းများ အနုဆုံးအချိန်ပင် ဖြစ်လေ၏။

“အင်း..မမျှော်လင့်ဘဲ ချက်ဖြစ်သွားတာ၊ ပဲစိမ်းတွေက ဒီနှစ် စောစောထွက်လာတယ်လေ၊ ဒါကြောင့် ရောက်တာနဲ့ ချက်ချင်း ချက်ရတာပေါ့၊

ဒါတွေက အကြာကြီး အထားမခံဘူး၊ တစ်ညအိပ်ရင်တင် နွမ်းသွားလိမ့်မယ်”

စားဖိုမှူးကြီးပိုင်က ပြောနေရင်းဖြင့် ဇွန်းကြီးဖြင့် ခွက်ထဲသို့ ခပ်လိုက်သည်။

“အခုတင် အိုးထဲက ချထားတာဆိုတော့ ပူနေတုန်းပဲ၊ ရှောင်လီ... မင်း တစ်ပွဲလောက် ယူသွားမလား၊ ငါ ကြက်ပေါင်သားတွေပဲ ရွေးထည့်ပေးမယ်”

“ ကောင်းပါပြီ၊ ဒါဆိုရင် တစ်ပွဲပေးပါဦး”

“ကောင်းပြီ”

စားဖိုမှူးကြီးပိုင်က ချက်ချင်းပင် အနောက်စိုး လှည့်ကာ အပူခံဗူးတစ်လုံးကို ယူပြီး လီရှန်းအတွက် အပြည့်နီးပါး ထည့်ပေးလိုက်၏။

လီရှန်းက ပိုက်ဆံနှင့် ကူပွန်ကိုပေးခဲ့ပြီး အပူခံဗူးကို ကိုင်ကာ အိမ်ပြန်လာခဲ့လေသည်။ အိမ်ကလူများက အလုပ်မဆင်းကြသေးသောကြောင့် သူမက အပေါ်ထပ်အင်္ကျီကို ချွတ်ကာ ညစာအတွက် စတင်ပြင်ဆင်တော့သည်။

မိသားစုထဲမှ လူများ အလုပ်ဆင်းချိန်တွင် ညစာက အဆင်သင့် ဖြစ်နေခဲ့လေပြီ။

ဟင်းလျာသုံးမျိုးနှင့် ဟင်းချိုတစ်မျိုး။

ပဲစိမ်းနှင့် ကြက်သားနှပ်၊ ဟင်းသီးဟင်းရွက်နှင့် တို့ဖူးကြော်၊ ပဲကြာဆံကြော်နှင့် နောက်ဆုံးတွင် ဂျုံဟင်းချိုတို့ပင် ဖြစ်လေသည်။

“ ရှန်းရှန်း ဘာတွေချက်ထားတာလဲ”

စုဝေ့ချင်းက အရင်ဆုံး ပြန်ရောက်လာ၏။

လီရှန်းက ဂျုံဟင်းချိုပန်းကန်ကို သယ်လာကြောငရး မြင်လျှင် သူက ချက်ချင်းပင် သွားကူသယ်ပေးပြီး သူမကို ထိုင်ခိုင်းလိုက်ကာမေးလိုက်သည်။

“ဒီနေ့ အလုပ်မသွားဘူးလား”

“လမ်းကြုံလို့ လီလင်းနဲ့ ဆေးရုံကိုလိုက်သွားတာ၊ ဆရာဝန်က သူ့မှာ အမြွှာကိုယ်ဝန်ရှိနေတယ်လို့ ပြောတယ်”

စုဝေ့ချင်း : “...”

အမြွှာလား။

သူ့အနေဖြင့် အမြွှာကိုယ်ဝန်ဆောင်ထားရသည့် အမျိုးသမီးကို တစ်ခါမျှ မတွေ့ဖူးပါချေ။ သူ၏ စိတ်ထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို မြင်ယောင်လိုက်ပြီးနောက် ထိုဗိုက်က နှစ်ဆခန့် ကြီးလာသည်ကို တွေးမိကာ တစ်ကိုယ်လုံးပင် တုန်ယင်သွားရသည်။

“အမြွှာဆိုရင် တကယ်ကို ပင်ပန်းမှာပဲ”

သေချာပေ၏။ အမြွှာမွေးရသည့် အမျိုးသမီးများအတွက် အလွန်ပင် ပင်ပန်းလွန်းသည်။

“နောက်ပိုင်းကျရင် ကိုယ်တို့ အမြွှာကလေးတွေ မယူရအောင်၊ တစ်ယောက်တည်းဆိုရင် ရပါပြီ”

လီရှန်း : “...”

ရှင်က အမြွှာမွေးနိုင်မဲ့ အတိုင်း ပြောနေတာပဲ။

အမြွှာဆိုတာက လိုချင်တိုင်း ရတာမျိုးလား။

“ရှင့်မျိုးရိုးမှာ အမြွှာတွေ ရှိလို့လား”

လီရှန်းက မေးလိုက်၏။

“မရှိပါဘူး”

စုဝေ့ချင်းက ခေါင်းခါပြလာသည်။

လီရှန်း: “ကျွန်မတို့မိသားစုမှာလည်း မရှိဘူး”

သူမက ထိုသို့ပြောပြီးနောက် အမြွှာကိစ္စကို မေ့ပစ်လိုက်တော့သည်။

စုဝေ့ချင်းမှာ ကလေး မလိုချင်သေးသကဲ့သို့ ကလေးအကြောင်းကိုလည်း ဆက်မပြောချင်သောကြောင့် ညစာပြင်သည့်ဘက်သို့သာ အာရုံလွှဲလိုက်၏။

လော်ယွီရှို့တို့ ပြန်မလာသေးသည်ကို မြင်လျှင် သူက လီရှန်းကို ဆွဲထူကာ သူမ၏ ခါးစည်းကို ချွတ်ပြီး သူကိုယ်တိုင် ဝတ်လိုက်သည်။

“ခဏနေရင် အမေတို့ကို ဒီနေ့ညစာက ကိုယ်ချက်ထားတာလို့ ပြောကြည့်ရအောင်၊ အရသာကိုစားကြည့်ပြီးရင် သူတို့ သိမသိ မှန်းကြည်းခိုင်းကြတာပေါ့”

လီရှန်း : “... ရှင် ချက်တတ်လို့လား”

သူမအနေဖြင့် အတော်လေး သံသယဖြစ်နေမိသည်။ လက်ထပ်ပြီးသည့်ကတည်းက စုဝေ့ချင်းလုပ်ပေးသည့် မနက်စာကိုသာ စားဖူးသည် မဟုတ်ပါလား။

“နောက်နေတာလား၊ ကိုယ်က ကျွမ်းကျင် စားဖိုမှူးကြီးပဲ!”

စုဝေ့ချင်းက သူ၏ လက်ရာကို အလွန်ပင် ယုံကြည်မှုရှိစွာ ပြောလိုက်လေ၏။

“ကောင်းပြီလေ”

*

All Chapters