← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း(199)

လီရှန်းတစ်ယောက် သူမ၏ အခန်းထဲသို့ ပြန်ဝင်ကာ စာရွက်စာတမ်းတချို့ကို ယူပြီး ဆိုဖာပေါ်တွင် ထိုင်ဖတ်နေခဲ့လေသည်။

သို့သော်လည်း သူမ စာရွက်ကို လှန်လိုက်ချိန်မှာပင် လော်ယွီရှို့နှင့် စုဝေ့မင်တို့က စကားပြောဆိုကာ ရယ်မောရင်း ဝင်လာကြလေ၏။ စားပွဲပေါ်က ဟင်းတွေကို မြင်လိုက်ရချိန်တွင် သူတို့နှစ်ယောက်၏ ခြေလှမ်းများရပ်တန့်သွားကြရသည်။

“ဒါက...”

လော်ယွီရှို့က အံ့ဩသောမျက်နှာဖြင့် စားပွဲနားသို့ လျှောက်သွားခဲ့လေ၏။

ပုံမှန်ဆိုလျှင် သူတို့ အလုပ်မှပြန်လာချိန်တွင် လီရှန်းတို့က အလုပ်မဆင်းကြသေးပါချေ။ ထို့ကြောင့် လော်ယွီရှို့ကသာ ညစာချက်ရလေ့ရှိသည်။

“ငါတို့တွေ အဆင်သင့်ချက်ထားတဲ့ ထမင်းကို ပြန်စားရတော့မှာပဲ”

စုဝေ့မင်က စားပွဲကို ပတ်ကြည့်ရင်း လော်ယွီရှို့ကို ပြောလိုက်သည်။

လီရှန်းလည်း ထရပ်ကာ အပြင်သို့ထွက်၍ သူတို့ကို နှုတ်ဆက်လိုက်၏။

“ရှန်းရှန်း... ဒီညစာကို သမီးချက်တာလား”

လော်ယွီရှို့က မေးလာခဲ့သည်။

လီရှန်းက စကားမပြောရသေးခင် စုဝေ့ချင်းက ဦးစွာပြောလိုက်လေ၏။

“ကျွန်တော်ချက်တာလေ”

“သွားစမ်းပါ... မင်း ချက်တဲ့ဟင်းက မင်းတစ်ယောက်တည်းပဲ စားလို့ရမှာ”

ဤဟင်းများမှာ လီရှန်း၏ လက်ရာဖြစ်ကြောင်း သိသာလွန်းသည်။

စုဝေ့ချင်းက ချက်ချင်းပင် နှာမှုတ်လိုက်လ၏။

“ပဲစိမ်းနဲ့ ကြက်သားနှပ်ကတော့ ထမင်းစားဆောင်က ဝယ်လာခဲ့တာ၊ ကျန်တဲ့ ဟင်းနှစ်မျိုးကိုပဲ ကျွန်မ ချက်လိုက်တာပါ”

စုဝေ့မင်က ပျော်ရွှင်စွာဖြင့် အရက်ပုလင်း သွားယူလာခဲ့သည်။

“ဒါက သာမန်ဟင်းနှစ်မျိုး မဟုတ်ပါဘူး၊ နောက်ပြီး ဒီပဲစိမ်းနဲ့ ကြက်သားနှပ်က အရက်နဲ့ဆို အရမ်းလိုက်ဖက်တယ်”

“ရှင်က အခွင့်အရေးရတုန်း အရက်သောက်ချင်နေတာမလား”

စုဝေ့မင်က တဟားဟားရယ်မောရင်း စုဝေ့ချင်း၏ ပုခုံးကို ပုတ်၍ ပြောလိုက်လေ၏။

“လာခဲ့လေ.. အဖေ့ကို အရက်နှစ်ခွက်လောက်အဖော်ပြုပြီး သောက်ပေးဦး”

“ကျွန်တေ အရက်မကြိုက်ဘူး”

မိသားစုဝင်အားလုံး ဝင်ထိုင်လိုက်ကြပြီး လီရှန်းက ပေါက်စီနှင့် ကန်စွန်းဥများကို အဓိကအစားအစာအဖြစ် ပြင်ဆင်ပေးလိုက်လေ၏။

ထို့နောက် လီရှန်းက ပဲစိမ်းများကို ဇွန်းဖြင့် ခပ်လိုက်ပြီးနောက် ကြက်သားတစ်တုံးကို ညှပ်ယူလိုက်သည်။ စားဖိုမှူးကြီးပိုင်မှာ သူတို့အတွက် ကြက်ပေါင်သားများကိုသာ ရွေးထည့်ပေးခဲ့လေ၏။

“ဒါနဲ့ ရှောင်လီ... ဒီနေ့ ရှုရှင်းလန်နဲ့ အတူအပြင်ကိုသွားခဲ့သေးလား”

စုဝေ့မင်က ရုတ်တရက် မေးလိုက်၏။

“ဟုတ်ကဲ့”

လီရှန်းက ခေါင်းငြိမ့်ပြလုက်လေ၏။

“လီလင်းကို ဆေးရုံလိုက်ပို့တာလေ.. ဒါပေမဲ့ သူကလည်း သူ့မြေးကို ဆေးကုချင်လို့ဆိုပြီး အတင်းလိုက်ချင်နေတာနဲ့ ခေါ်သွားလိုက်တာ”

“မင်း သူ့မြေးရဲ့ အခြေအနေကို သိလား”

စုဝေ့မင်က အံ့ဩသင့်စွာ မေးလိုက်သည်။

ရှုရှင်းလန်မှာ သူမ၏ မြေးကို အမြဲတမ်း အင်မတန် ဂရုတစိုက်ကာကွယ်ထားလေ့ရှိသည် မဟုတ်ပါလား။

“သိပါတယ်.. ဘာလို့လဲမသိဘူး၊ သူမ ကျွန်မကို ဆေးပညာတတ်ကျွမ်းတယ်လို့ ထင်ပြီး သူ့မြေးကို ကုပေးစေချင်နေတာ၊ ဒါပေမဲ့ ကျွန်မ စာကျက်နေတုန်းက ဆေးပညာစာအုပ်တွေကို နည်းနည်းလောက် ဖတ်ဖူးတာပဲရှိတာပါ၊ ဆေးကုဖို့ကျတော့ ဘာမှမသိဘူးလေ”

လီရှန်းက ခဏမျှ စဉ်းစားပြီး ရှုရှင်းလန်၏ ထူးဆန်းသော အပြုအမူများအကြောင်းကို စုဝေ့မင်အား ပြောပြလိုက်၏။

စုဝေ့မင်က ခေါင်းငြိမ့်လိုက်သည်။

“ငါတို့ကြားတာတော့ သူက သိပ်မကြာသေးခင်ကမှ နတ်ဆေးတစ်မျိုးမျိုးကို လိုက်ရှာနေပုံရတယ်”

နတ်ဆေးလား။ အတက်ရောဂါအတွက် သီးသန့်ပျောက်ကင်းစေမယ့် ဆေးမျိုး ရှိလို့လား။

“သူနဲ့ နောက်ထပ် အဆက်အသွယ်ရှိမယ်ဆိုရင်တော့ ပတ်ဝန်းကျင်ကို သတိထားဖို့ လိုမယ်နော်”

စုဝေ့မင်က ပြောပြီးနောက် သူ၏ အရက်ခွက်ကို မကာ စိုးရိမ်တကြီး တစ်ငုံသောက်လိုက်၏။ သူက ခဏမျှ စဉ်းစားပြီးနောက်ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ သူ့ကို ရှောင်တာ အကောင်းဆုံးပဲပေါ့”

လီရှန်း၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရလေသည်။

ရှုရှင်းလန်မှာ... ပြဿနာ တစ်ခုခုရှိနေတာလား။

လီရှန်းက အနည်းငယ်သိချင်နေခဲ့သော်လည်း သူမက စကားနားထောင်တတ်သူ ဖြစ်ပေ၏။

ထို့ကြောင့် သူမကခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ အဖေ”

လော်ယွီရှို့က ကန်စွန်းဥကို ယူကာ စုဝေ့မင်၏ ရှေ့တွင်ချပေးလိုက်သည်။

“ကောင်းပြီ ၊ အခု လူတိုင်း အလုပ်ဆင်းချိန်ကိုရောက်နေပြီ.. အလုပ်အကြောင်းတွေ ဆက်မပြောကြနဲ့တော့”

“ငါက အလုပ်အကြောင်း ပြောနေတာ မဟုတ်ပါဘူး၊ သတိပေးနေတာပါ”

စုဝေ့မင်က အမြန်ပင် ခုခံလိုက်သည်။ သူက သူ၏ ချွေးမလေး လမ်းမှားသို့ရောက်သွားမည်ကို မကြည့်ရက်နိုင်ပါချေ။

သူ့၏ချွေးမတွေထဲတွင် ဤအငယ်ဆုံးချွေးမလေးကို သူ အနှစ်သက်ဆုံး ဖြစ်ပေသည်။ သူမက တည်ငြိမ်ပြီး ကြိုးစားအားထုတ်သူဖြစ်သည်။ အရေးအကြီးဆုံးမှာ ဆေးဝါးစက်ရုံတွင် အလုပ်ရခဲ့သည့် တစ်ဦးတည်းသောသူလည်း ဖြစ်နေပေ၏။

စက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူးအနေဖြင့် သူ၏ အလုပ်ကို အထောက်အကူပြုသည့် ချွေးမမျိုးကို သူ ပို၍ သဘောကျမိခြင်းက မဆန်းပါချေ။

“အဖေပြောတာ မှန်တယ်”

စုဝေ့ချင်းက ချက်ချင်းပင် ဝင်ထောက်ခံလေသည်။

“ရှန်းရှန်းက စက်ရုံမှာ အလုပ်ဝင်တာ လပိုင်းပဲ ရှိသေးတော့ နယ်ပယ်အတော်များများမှာ အတွေ့အကြုံ သိပ်မရှိသေးဘူးလေ၊ အဖေ့လို အတွေ့အကြုံရှိတဲ့သူက ဘေးကနေ ကူညီပေးပြီး သတိပေးဖို့ လိုအပ်တယ်”

“ငါ နင်တို့ သားအဖနှစ်ယောက်ကို မပြောနိုင်တော့ဘူး”

လော်ယွီရှို့က နှာခေါင်းရှုံ့လိုက်၏။ စုဝေ့ချင်းပြောသည်မှာ မှန်ကန်သည်ဟု သူမ ခံစားရသော်လည်း ခေါင်းမာပြီး ဝန်မခံချင်ရုံသာ ဖြစ်ပေသည်။

လော်ယွီရှို့က အနည်းငယ်အနေရခက်နေသည်ကိုမြင်လျှင် လီရှန်းက စားပွဲပေါ်ရှိ ဟင်းပွဲများကို အမြန်ပင် ညွှန်ပြလိုက်၏။

“ထည့်စားကြပါဦး၊ ပဲစိမ်းနဲ့ကြက်သားနှပ်ဟင်းကလွဲရင် ကျန်တဲ့ဟင်းတွေက ကျွန်မကိုယ်တိုင် ချက်ထားတာ၊ အဖေနဲ့ အမေတို့ရဲ့ အရသာနဲ့ ကိုက်မကိုက်တော့ မသိဘူး”

“ဘာလို့ မကိုက်ရမှာလဲ၊ အရသာရှိမှာ သေချာတယ်”

စုဝေ့ချင်းက ပထမဆုံးပင် ပြန်လည်တုံ့ပြန်လိုက်ပြန်၏။

“ခုနကတောင် ဟင်းတွေကို သူကိုယ်တိုင်ချက်တာလို့ ကြွားနေတဲ့ အာဏာရှင်ကြီးက ဘယ်သူပါလိမ့်နော်”

လော်ယွီရှို့က စုဝေ့ချင်းကို စနောက်လိုက်လေသည်။

စုဝေ့ချင်း : “...”

“ကျွန်တော်က အမေ့ကို အံ့ဩသွားအောင် လုပ်ချင်လို့ပါ”

“ဘာကို အံ့ဩရမှာလဲ၊ အံ့သြရုံတင်မကဘူး လန့်တောင် လန့်သွားသေးတယ်”

လော်ယွီရှို့က ထပ်မံ၍ နှာခေါင်းရှုံ့လိုက်ပြန်၏။

စုဝေ့မင်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိသောကြောင့် အရက်ခွက်ကို ချလိုက်ပြီး မေးလိုက်သည်

“မင်း ဒီနေ့ ဘာဖြစ်နေတာလဲ၊ စကားတွေက စက်သေနတ်နဲ့ ပစ်နေသလို ကြမ်းတမ်းနေတာပဲ”

လော်ယွီရှို့က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မည်သည်းအရာကိုမှမပြောဘဲ ကန်စွန်းဥကိုသာ ငုံ့စားနေခဲ့၏။

“ကျွန်တော် သိပြီ”

စုဝေ့ချင်းက လော်ယွီရှို့ကို ကြည့်လိုက်၊ စုဝေ့မင်ကို ကြည့်လိုက်နှင့် ခန့်မှန်းလိုက်လေသည်။

“မနေ့က အဖေက အမေ့ကို စိတ်ဆိုးအောင် လုပ်လိုက်တာလား”

လော်ယွီရှို့က မျက်လုံးလှန်ကြည့်လိုက်သည်။

“ငါသာ နင့်အဖေကို စိတ်ဆိုးရင် တစ်သက်လုံး စိတ်ဆိုးနေမှာပေါ့၊ အခု ငါ စိတ်ဆိုးနေတာက နင်တို့တွေကိုပဲ”

သူမသည်က အမြဲတစေ ပွင့်လင်းစွာ ပြောဆိုတတ်ပြီး လျှို့ဝှက်ချက်ကို ထိန်ချန်ထားနိုင်သူ မဟုတ်ပါချေ။ စုဝေ့ချင်း၏ စကားကြောင့် သူမ၏ ရင်ထဲရှိ မကျေနပ်မှုများက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။

“ငါ အောက်ထပ်မှာ နင်တို့ရဲ့အဒေါ်မာနဲ့ တွေ့ခဲ့တယ်”

“သူမက ဘာဖြစ်လို့လဲအမေ”

စုဝေ့ချင်းက လီရှန်းအတွက် ကြက်ပေါင်းသားလေးများကို ရွေးဖယ်ပေးရင်း မေးလိုက်၏။

“ဘာဖြစ်ရမှာလဲ၊ ချန့်ဇီရဲ့ မိန်းမမှာ ကိုယ်ဝန်ရှိနေပြီတဲ့လေ!”

လော်ယွီရှို့ ဒေါသထွက်နေခဲ့ချေပြီ။

ပြီးခဲ့သည့် နှစ်ဝက်ကတည်းက ချွေးမနှစ်ယောက် အိမ်ထဲသို့ဝင်လာခဲ့သော်လည်း တစ်ယောက်မျှ ကိုယ်ဝန်ရှိမနေကြသေးပေ။

ချန့်ဇီ ဟုတ်လား?

လီရှန်းနှင့် စုဝေ့ချင်းတို့မှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အတော်ကြာမှ စုဝေ့ချင်းက စကားစလိုက်သည်။

“ဒါက... သူတို့ လက်ထပ်တာ တစ်လပဲ ရှိသေးတာလေ၊ ရက်စွဲကတော့ သိပ်မမှန်သလိုပဲနော်”

လီရှန်းကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြ၏။

လီလင်းကဲ့သို့ လက်ထပ်ပြီးသည်နှင့် ချက်ချင်း အတူနေလျှင်ပင် ယခုအချိန်တွင် ကိုယ်ဝန်ရှိနေကြောင်း သိရန် မဖြစ်နိုင်သေးပါချေ။

“နင့်အဒေါ်မာ ပြောတာတော့ သူတို့ လက်ထပ်စာချုပ် ယူထားတာ ကြာပြီတဲ့”

“မဖြစ်နိုင်တာ၊ ချန့်ဇီရဲ့ လက်ထပ်စာချုပ်ကို စက်ရုံက ထုတ်ပေးတာလေ၊ သူတို့ ဘယ်တုန်းက စာချုပ်ယူလဲဆိုတာ ကျွန်တော်တို့တွေ ဘယ်လိုလုပ် မသိဘဲ နေမလဲ”

လက်ထပ်စာချုပ်များကို မှတ်တမ်းဌာနကထုတ်ပေးခြင်း ဖြစ်သော်လည်း အတွင်းရေးမှူးရုံးမှ အတွင်းရေးမှူးတစ်ဦးဖြစ်သော စုဝေ့ချင်းအတွက်တော့ မှတ်တမ်းဌာနမှာ သူတို့ဌာန၏ နောက်ဖေးဝင်းကဲ့သို့ပင် အလွယ်တကူဝင်ထွက်နိုင်ပေသည်။

စုဝေ့ချင်း လက်ထပ်စာချုပ် သွားယူစဉ်က ချန့်ဇီနှင့် သူ၏လက်တွဲဖော်မှာ ကံမကောင်းသော စုံတွဲလေးဖြစ်နေခဲ့ကြပြီး အဒေါ်ကြီးမာကလည်း လုံးဝ သဘောမတူခဲ့ပါချေ။

အကယ်၍ မူဝါဒအသစ်သာ ရုတ်တရက် ထွက်မလာခဲ့လျှင် ထိုအိမ်ထောင်ရေးမှာ ပျက်ပြားသွားလောက်ပေသည်။

လော်ယွီရှို့ ခဏလောက် ရပ်တန့်သွားရသည်။

“ဒါဆို.. အဲဒီနှစ်ယောက်က လက်မထပ်ခင်ကတည်းက အတူနေကြတာပေါ့ ဟုတ်လား”

ထိုမျှတင် မကသေးပါချေ။

“စဉ်းစားကြည့်လေ၊ အဲဒီတုန်းက အဒေါ်မာရဲ့ သဘောထားက ဘယ်လောက်တောင် ပြတ်သားခဲ့လဲ၊ တကယ်လို့ ဒီမူဝါဒကသာ ကြားဖြတ်မနှောင့်ယှက်ခဲ့ရင် အဒေါ်ကြီးမာက ဒီလောက်လွယ်လွယ်နဲ့ အလျှော့ပေးပါ့မလား

ပြီးတော့ ချန့်ဇီရဲ့ သဘောထားကရော ဘယ်လိုရှိလဲ၊ အဒေါ်ကြီးမာက သူ့ကို ဆူတာ၊ ရိုက်တာတွေကို နားမထောင်ဘဲ အဲဒီမိန်းမကိုပဲ အတင်းလက်ထပ်မယ် လုပ်နေခဲ့တာလေ”

သေသေချာချာ ပြန်စဉ်းစားကြည့်မည်ဆိုပါက ထိုလူငယ်စုံတွဲမှာ ကလေးရှိနေပြီဖြစ်၍ လူကြီးများကို အကျပ်ကိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

အဒေါ်ကြီးမာက သူမ၏ ချွေးမကို မချစ်လျှင်ပင် သူမ၏ မြေးကိုတော့ မချစ်ဘဲ နေနိုင်မည် မဟုတ်ပါချေ။

“ဟင်း...”

လော်ယွီရှို့ သက်ပြင်းချလိုက်မိ၏။ အကယ်၍ ဤသို့သာဆိုလျှင်တော့ သူမအနေဖြင့် မနာလိုဖြစ်စရာ အကြောင်းမရှိတော့ပါချေ။

*

အခန်း(200)

“အမေ၊ ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ”

နောက်ဆုံးတစ်လုပ်ကို စားပြီးနောက် စုဝေ့ချင်းက တူကိုချကာ လော်ယွီရှို့၏ နောက်တွင် မတ်တတ်သွားရပ်လိုက်ပြီး သူမ၏ ပုခုံးကို ဖြည်းညှင်းစွာ နှိပ်ပေးလိုက်သည်။

“အမေက ဘာလို့ အဒေါ်ကြီးမာနဲ့ လိုက်ပြိုင်နေတာလဲ၊ အမေ့မှာ မြေးတွေ မရှိလို့လား၊ ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့ ရှိနေတာ မလုံလောက်သေးဘူးလား၊ ဒုတိယအစ်ကို့အိမ်က ရှောင်ကျန့်ကို ထည့်မတွက်ရင်တောင် ကျွန်တော်တို့အိမ်မှာ ယောက်ျားလေး နှစ်ယောက်ရှိနေပြီလေ၊

ရှန်းရှန်းနဲ့ ကျွန်တော် လက်ထပ်တာ ရက်ပိုင်းပဲ ရှိသေးတာ၊ အနည်းဆုံးတော့ ကျွန်တော်တို့ ဇနီးမောင်နှံကြားက သံယောဇဉ်ကို အရင် တည်ဆောက်ပါရစေဦး၊

ဒါ့အပြင် ရှန်းရှန်းနဲ့ ကျွန်တော်က အလုပ်ဝင်ခါစပဲ ရှိသေးတာ၊ စက်ရုံမှာ အခြေတကျဖြစ်အောင် အရင် လုပ်ရဦးမယ်လေ”

လော်ယွီရှို့က စကားမပြောသော်လည်း အတွေးနက်နေပုံရ၏။ သူမက သားဖြစ်သူ၏ဖျောင်းဖျမှုကို နားဝင်သွားပုံရလေသည်။

စုဝေ့ချင်းက ချက်ချင်းပင် ထပ်မံ၍ ပြတ်ပြတ်သားသား ပြောလိုက်ပြန်သည်။

“ဒါ့အပြင် ရှန်းရှန်းက အသက်က ဘယ်လောက်ရှိသေးလို့လဲ၊ ကလေးမယူခင် သူ့ကျန်းမာရေးကို အရင် ဂရုစိုက်သင့်တာ မဟုတ်ဘူးလား၊

အမေကိုယ်တိုင်က အမျိုးသမီးရေးရာမှာ အလုပ်လုပ်နေတာလေ၊ ကိုယ့်အမျိုးသမီးထုကို အမေ့ဘက်က ဂရုမစိုက်သင့်ဘူးလား”

ထိုစကားမှာ ကွက်တိပင် ထိုးဖောက်သွားခဲ့သည်။

လော်ယွီရှို့သည်ကာ သူမ၏ အမျိုးသမီးရေးရာ အလုပ်အပေါ် အမြဲတစေ ဂုဏ်ယူနေခဲ့သူ ဖြစ်၏။

ယခုအချိန်တွင် စုဝေ့ချင်းက သူမကို မြှောက်ပင့်ပြောဆိုလိုက်သောကြောင့် သူမသည် ချက်ချင်းပင် ကိုယ်ကို တည့်မတ်လိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် ပြောလာလေသည် ။

“ငါ မင်းတို့နှစ်ယောက်အတွက် အလောတကြီး ဖြစ်နေတာ မဟုတ်ပါဘူး၊ မင်းတို့ လက်ထပ်တာက ရက်ပိုင်းပဲ ရှိသေးတာပဲလေ၊ ငါ အလောတကြီး ဖြစ်ရင်တောင် မင်းတို့အတွက် မဟုတ်ပါဘူး

ငါ စိတ်ပျက်နေတာက အကြီးဆုံးသားတို့ ဇနီးမောင်နှံကိုပဲ၊ မင်းလည်း သိတဲ့အတိုင်း ဝူလီက အိမ်ထဲကိုဝင်လာတာနဲ့ ချက်ချင်း မိခင်ဖြစ်ရသွားရတဲ့ အမျိုးသမီးငယ်လေးလေ၊

ဝေ့ဟိုင်ကလည်း အိမ်နဲ့ လပေါင်းများစွာ ခွဲနေရတာ၊ သူမက ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ပြုစုနေရတာလေ၊ ကြာလာရင် သူလည်း မကျေနပ်ချက်တွေ ရှိလာမှာပေါ့

အနည်းဆုံးတော့ သူ့မှာ ကိုယ်ပိုင်ကလေး ရှိနေရင် သူ ပိုပြီး စိတ်အေးရမယ်လို့ ငါ ထင်မိလို့ပါ”

“မဖြစ်ပါဘူး အမေ၊ အဲဒီလို လုံးဝ မတွေးပါနဲ့။ အမေက မရီးကို ပင်ပန်းပြီး သေအောင်လုပ်ချင်လို့လား”

စုဝေ့ချင်းက သူမကို တားမြစ်ရန် အသံကို မြှင့်လိုက်သည်။

“အစ်ကိုကြီးက အိမ်နဲ့ လပေါင်းများစွာ ခွဲနေရတာကို အမေလည်း သိသားပဲ၊ မရီးက ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ပြုစုနေရတာလေ၊ တကယ်လို့ သူသာ နောက်ထပ် ကိုယ်ဝန်ရှိလာရင် သူ့ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ၊

ကလေးထိန်းရတာက တကယ်ကို ပင်ပန်းတာ၊ ကျွန်တော်သာဆိုရင် ရှန်းရှန်းကို အိမ်မှာ တစ်ယောက်တည်း ကလေးမွေးပြီး ပြုစုခိုင်းပြီးမှ အလုပ်သွားဖို့အတွက် လုံးဝ စိတ်မချနိုင်ဘူး”

ထိုသို့ပြောပြီးနောက် သူကခဏမျှ တုံ့ဆိုင်းသွားပြီး၊ မျက်နှာတွင် နှမြောသော အရိပ်အယောင်များ ပေါ်လာခဲ့၏။

“ရှန်းရှန်း ကလေးမွေးရင် ခံစားရမဲ့ နာကျင်မှုတွေကို တွေးမိရုံနဲ့တင် ကျွန်တော်တော့ ကလေးမယူချင်တော့ဘူး”

“ဖက် ဖက် ဖက်... မင်း ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ ဒီကလေးကတော့!”

ထိုစကားကို ကြားလျှင် လော်ယွီရှို့က ချက်ချင်းပင် ခါးထောက်ကာ စုဝေ့ချင်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

“မင်းက ကလေးမယူချင်ဘူး ဟုတ်လား၊ မင်း ရှန်းရှန်းကိုရော မေးပြီးပြီလား၊ ရှန်းရှန်းက ကလေးချစ်တာလည်း ဖြစ်နိုင်တာပဲလေ

ငါ ပြောလိုက်မယ်၊ မင်းက တကယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့သူပဲ၊ ကိုယ့်အကြောင်းပဲ ကိုယ်စဉ်းစားတယ်။ ရှန်းရှန်းရဲ့ သဘောထားကိုတောင် မမေးဘူး”

စုဝေ့ချင်း : “...”

သူ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ။

သို့သော် သူ ပြန်လည်ချေပလိုက်သည်။

“အမေရော တစ်ကိုယ်ကောင်းမဆန်ဘူးလား၊ကျွန်တော့်အစ်ကိုနဲ့ မရီး ကလေးယူချင်တာ၊ မယူချင်တာက သူတို့ကိစ္စလေ၊ အမေက အဒေါ်ကြီးမာနဲ့ လိုက်ပြိုင်ချင်လို့ဆိုပြီး အိမ်ကိုပြန်လာတော့ ဘုရင်တွေလို ပြုမူနေတာ မဟုတ်ဘူးလား”

လော်ယွီရှို့ : “...”

ခဏမျှတော့ သူမ ပြန်လည် မချေပနိုင်ခဲ့ပါချေ။

သူမက အတော်လေး စိတ်ပျက်နေဆဲဖြစ်သောကြောင့် သူမ၏ အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားကာ စကားသံတို့ကိုသာ ချန်ထားခဲ့သည်။

“စားပွဲပေါ်က ပန်းကန်တွေကို ဆေးလိုက်ကြတော့”

စုဝေ့ချင်းက သူ၏ နှာခေါင်းကို အသာပွတ်လိုက်ပြီး ဝီရိယရှိရှိဖြင့် စားပွဲကို သိမ်းဆည်းကာ ပန်းကန်များ ဆေးတော့၏။

လီရှန်းမှာ အစမှ အဆုံးအထိ တစ်ခွန်းမျှ ဝင်မပြောခဲ့ပါချေ။ ယောက္ခမဖြစ်သူက ကလေးယူရန် တိုက်တွန်းနေသည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမအနေဖြင့် တစ်ခုခုပြောလိုက်လျှင် သိပ်ပြီးမကောင်းနိုင်သည် မဟုတ်ပါလား။

စုဝေ့ချင်း ပြောခဲ့သကဲ့သို့ပင်။ သူမက ယခုအချိန်တွင် အသက်မွေးဝမ်းကျောင်း အလုပ်ကိုသာ အာရုံစိုက်ချင်သေးသည်။ ကလေးယူရန်အတွက်လည်း အမှန်တကယ်ပင် ငယ်ရွယ်လွန်းနေသေးသည်။

ကံကောင်းစွာဖြင့် စုဝေ့ချင်းက အလွန်ပင် အသိစိတ်ရှိပြီး မည်သို့ ငြင်းပယ်ရမည်ကို သိရှိနေခဲ့သည်။

ထို့ကြောင့် လီရှန်းလည်း စုဝေ့ချင်းအပေါ် ပို၍ကောင်းမွန်စွာ ဆက်ဆံချင်ခဲ့သောကြောင့် သူ့နောက်သို့ အရိပ်ကဲ့သို့ လိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့၏။

“ကျွန်မလည်း ပန်းကန်တွေ ကူဆေးပေးမယ်လေ”

“မလုပ်နဲ့၊ မင်းရဲ့လက်တွေ ညစ်ပတ်သွားလိမ့်မယ်”

စုဝေ့ချင်းက သူမကို အမြန်ပင် တားလိုက်၏။

“ဒါ့အပြင် ဒီနေ့ ဟင်းတွေကိုလည်း မင်းပဲ ချက်ထားတာလေ၊ အခု ပန်းကန်ဆေးတာကိုပါ မင်းကို ခိုင်းရဦးမှာလား၊ ကိုယ့်ကို သိတဲ့သူတွေ မြင်ရင် အိမ်မှာ ကျွန်တစ်ယောက် ခေါ်ထားတယ်လို့ ထင်သွားကြတော့မှာပေါ့”

“စကားကို ဆင်ဆင်ခြင်ခြင် ပြောစမ်းပါ၊ တခြားသူတွေ ကြားသွားရင် နောက်ထပ်ပြဿနာတွေ တက်နေဦးမယ်”

လီရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း အတင်းအကျပ်တော့ မတောင်းဆိုတော့ပါချေ။ ထိုအစား နံရံကိုမှီကာ စုဝေ့ချင်း အလုပ်ရှုပ်နေသည်ကို တိတ်တဆိတ် ကြည့်နေခဲ့၏။

စုဝေ့ချင်းက ပန်းကန်များနှင့် လုံးပန်းနေရင်းနှင့်ပင် သူမကိုလည်း သတိပေးရန် မမေ့ခဲ့ပါချေ။

“အခန်းထဲကို အရင်ပြန်ပြီး စာသွားဖတ်နေပါလား”

“ရပါတယ်၊ ရှင့်ကို စောင့်နေမယ်လေ”

လီရှန်းက ခေါင်းလေးစောင်းကာ စုဝေ့ချင်းကို ကြည့်ရင်း ပြုံးမိသွားသည်။

သူမ၏ အကြည့်များက အလွန်ပင် ထင်ရှားနေခဲ့ပုံရသည်။

စုဝေ့ချင်း၏ နားရွက်များမှာ အတော်ကြာပြီးနောက်မှ တစ်ခါ ပြန်လည်နီမြန်းလာခဲ့၏။ သူတို့ လက်ထပ်ပြီးသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း၊ ယခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော အချိန်မျိုးတွင် လီရှန်း၏ အကြည့်ကြောင့် သူ၏နှလုံးခုန်သံများက မြန်လာခဲ့လေ၏။

သူ၏တစ်ကိုယ်လုံးမှ သွေးများက ဦးခေါင်းဆီသို့ တိုးဝှေ့လာခဲ့ကာ ပါးပြင်နှင့် နားရွက်များမှာ နီမြန်းလာခဲ့လေ၏။

*

စုဝေ့မင်က ရှုရှင်းလန်နှင့် အလွန်အကျွံ မပတ်သက်ရန်အတွက် သတိပေးထားသောကြောင့် လီရှန်းက ဒုတိယအလုပ်ရုံသို့ သွားရောက်ခြင်းကို ရပ်ဆိုင်းလိုက်လေ၏။

သို့သော် လီလင်းက ထိုအလုပ်ရုံတွင် ရှိနေဆဲဖြစ်လေ၏။ သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကာ သူမ၏ ခင်ပွန်းမှာလည်း အစိုးရဝန်ထမ်းတစ်ဦး ဖြစ်သည့်အတွက် လီရှန်းက သူမအတွက် အနည်းငယ် စိုးရိမ်နေမိသည်။

ရှုရှင်းလန်နှင့် ပတ်သက်သည့် ပြဿနာများကိုတော့ သူမ အနည်းငယ် ခန့်မှန်းမိနေခဲ့၏။

ထို့ကြောင့် လီလင်းက ရှုရှင်းလန်၏ လှည့်ဖြားမှုကို ခံရမည်လား၊ သို့မဟုတ် ရှုရှင်းလန်က သူမအား ကြီးမားသော အမှားတစ်ခု ကျူးလွန်ရန် အသုံးချမည်လားဆိုသည်ကို ပို၍ပင် စိုးရိမ်မိနေခဲ့ရသည်။

ထိုသို့ဆိုလျှင် သူမကိုယ်တိုင်နှင့် သူမ၏ ခင်ပွန်းသာမက သနားစရာကောင်းသော သူမ၏ ကလေးနှစ်ယောက်ကိုပါ ထိခိုက်နိုင်သည် မဟုတ်ပါလား။

သို့သော် စုဝေ့မင်က ရှုရှင်းလန်က ထူးဆန်းစွာ ပြုမူနေသည်ဟုသာ ပြောခဲ့ပြီး မည်သည့်နေရာက မှားနေသည်ကို တိတိကျကျ မပြောခဲ့ပါချေ။ ထို့ကြောင့် သူမအနေဖြင့်လည်း မည်သည့်အရာကိုမှ ထုတ်ဖော်မပြောနိုင်ပါချေ။

လီရှန်းအနေဖြင့် ဤကိစ္စကို လက်တလော၌ စိတ်ထဲတွင်သာ သိမ်းဆည်းထားခဲ့ပြီး လီလင်းနှင့် ပိုမိုနီးကပ်စွာ နေထိုင်ရန်သာ ဆုံးဖြတ်လိုက်တော့၏။

အကယ်၍ သူမအနေဖြင့် ယခင်က လီလင်းကို ကျန်းရှင်းမင်နှင့် ဝေးဝေးနေရန် ဖျောင်းဖျနိုင်ခဲ့လျှင် ရှုရှင်းလန်နှင့် ပတ်သက်လျှင်လည်း လီလင်းကို ဖျောင်းဖျနိုင်မည်ပင်။

ထို့အပြင် လီလင်းမှာ အမြွှာကိုယ်ဝန် ရှိနေသောကြောင့် နောက်ပိုင်းကာလများတွင် သေချာပေါက် ခွင့်ယူရပေလိမ့်မည်။ ရှုရှင်းလန်အနေဖြင့် လီလင်းထံမှ အသုံးချစရာ မရှိတော့ကြောင်းကို သိသွားချိန်တွင် လီလင်းနှင့် ဝေးဝေးနေလာလိမ့်မည်ဟု ခန့်မှန်းရပေသည်။

ထိုသို့တွေးလိုက်ပြီးနောက် လီရှန်းတစ်ယောက် အနည်းငယ် စိတ်သက်သာရာ ရသွားလေ၏။

သို့သော် သူမ၏ စိတ်ထဲတွင် ခုနေသည့် တစ်စုံတစ်ရာ ရှိနေဆဲပင်။

သူမ၏ လီလင်းကို မကြာခဏ အကဲခတ်နေခြင်းက အစ်မလျို့၏ အာရုံစိုက်မှုကို ခံလိုက်ရတော့၏။ အစ်မလျို့မှာ စစ်တပ်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး ဒဏ်ရာကြောင့်သာ အငြိမ်းစားယူခဲ့ခြင်း ဖြစ်ပေသည်။

သူမ စစ်တပ်နှင့် ဝေးကွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူမ၏ ထက်မြက်သော အာရုံခံစားမှုများမှာတော့ လျော့ပါးသွားခြင်း မရှိပါချေ။

နောက်ဆုံးတွင်တော့ အလုပ်ဆင်းချိန်၌ သူမက လီရှန်းကို လှမ်းခေါ်လိုက်တော့သည်။

“ရှောင်လီ၊ ခဏနေခဲ့ဦး၊ ငါ မင်းကို မေးစရာ ရှိတယ်”

လီရှန်းတစ်ယောက် အလုပ်ဆင်းရန် ပြင်နေချိန်တွင် အစ်မလျို့၏ ခေါ်သံကို ကြားလိုက်ရသောကြောင့် အိတ်ကို ပြန်ချလိုက်လေ၏။

ဖန်ထုံကတော့ သူမကို မျက်ရိပ်ပြပြီးနောက် အမြန်ပင် ထွက်သွားခဲ့သည်။ ယခုခေတ်ကာလတွင် ဝန်ထမ်းများအနေဖြင့် အထက်လူကြီးထံမှ ဆူပူကြိမ်းမောင်းခြင်း ခံရမည်ကို ကြောက်လန့်တတ်ကြသည် မဟုတ်ပါလား။

လီရှန်းကတော့ စိတ်မပါခဲ့ချေ။ သူမအနေဖြင့် မကြာသေးမီက အလုပ်တွင် မည်သည့်အမှားကိုမျှ မပြုလုပ်ခဲ့သကဲ့သို့ တာဝန်များကိုလည်း အကောင်းဆုံး ပြီးမြောက်အောင် လုပ်ဆောင်ထားခဲ့သည်။

ထို့ကြောင့် ကြောက်စရာ အကြောင်းမရှိပါချေ။

လုပ်ဖော်ကိုင်ဖက်များအားလုံး ထွက်သွားပြီးနောက် အစ်မလျို့က လီရှန်းကို ဒါရိုက်တာဝမ်၏ ရုံးခန်းသို့ ခေါ်သွားခဲ့၏။

“မင်း ဒီရက်ပိုင်း အလုပ်လုပ်ရတာ စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ၊ ဘာတွေ တွေးနေတာလဲ”

လီရှန်းမှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါပြလိုက်သည်။

“ဘာမှ မတွေးပါဘူး”

“ဒါဆိုရင် ဒုတိယအလုပ်ရုံက ရဲဘော်လီလင်းကို ဘာလို့ အဲဒီလောက်အထိ ဂရုစိုက်နေရတာလဲ”

အစ်မလျို့က အပိုစကားများ မပြောဘဲ တိုက်ရိုက်ပင် မေးလိုက်၏။

“ဒါ့အပြင် လီလင်းရဲ့ အုပ်စုခေါင်းဆောင် ရှုရှင်းလန်ကိုလည်း မင်း သတိထားပြီးကြည့်နေတာကို ငါ သတိထားမိတယ်”

လီရှန်း : “...”

အစ်မလျို့ရဲ့ အာရုံခံစားမှုက တကယ့်ကို ထက်ရှလွန်းတာပဲ။

“ငါ့ကို ရိုးရိုးသားသား ဖြေစေချင်တယ်၊ ဘာလို့ ရှုရှင်းလန်ကို စောင့်ကြည့်နေရတာလဲ”

ရှုရှင်းလန်မှာ သုတေသနဌာန ညွှန်ကြားရေးမှူး ကျန်းရိကော်၏ ဇနီး ဖြစ်ပေသည်။

လီရှန်းက ရှုရှင်းလန်ထံမှ မည်သည့်အရာကို လိုချင်နေရသည်လဲ။

ခဏအတွင်းမှာပင် အစ်မလျို့၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေအမျိုးမျိုး ပေါ်ပေါက်လာခဲ့၏။

လီရှန်းကို ကြည့်နေသော သူမ၏ မျက်ဝန်းများမှာလည်း ရန်လိုသော အမူအရာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေသည်။

စာရေးသူမှာ ပြောစရာရှိပါတယ်။

တခြားလူကို သံသယရှိနေတဲ့သူက နောက်တစ်ယောက်ဆီကနေ သံသယဝင်တာကို ပြန်ခံရတတ်တယ်။

လီရှန်း : ကျွန်မက အပြစ်ကင်းပါတယ်နော်!

*

All Chapters