အခန်း (၁၆၁၇-၁၆၁၈)
Vol. 116 Ch. 1617-1618
အခန်း (၁၆၁၇) အခြားသူများကိုအခွင့်အရေးပေးခြင်းက မိမိကိုယ်ကို အခွင့်အရေးပြန်ပေးခြင်းဖြစ်၏
“လူအတော်များများက ဒီအခွင့်အရေးကို စောင့်နေကြတာ”
ရန်ကျောက်ကဲက ထပ်ပြောလိုက်သည်။
အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တပြိုင်တည်း ရေရွတ်လိုက်ကြသည်။
".... တာအိုအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးလား"
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်စေ၊ နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါးဖြစ်စေ၊ သို့မဟုတ် သုခဘုံမှ ဗုဒ္ဓတစ်ပါးဖြစ်စေ တာအိုအဆင့်သို့တက်လှမ်းရန်မှာ အလွန်ကြီးမားသည့် အခွင့်အရေး ဖြစ်သည်။
တာအိုအဆင့်နှင့် နီးကပ်လာလေ ရှေ့ဆက်ရန် ခက်ခဲလေ ဖြစ်သည်။
မိမိကိုယ်တိုင်၏ ကျင့်ကြံခြင်းအတားအဆီးများကို ကျော်လွှားနိုင်ရန် ကြိုးစားရသည်သာမက တခြားပြိုင်ဘက်များ၏ စိန်ခေါ်မှုကိုလည်း ရင်ဆိုင်ရသေးသည်။
မဟာတာအိုကိုသိမ်းပိုက်ရန် ယှဉ်ပြိုင်ရာတွင် တခြားသူကို ထိခိုက်အောင်လုပ်ခြင်းက မည်သည့်နောက်ဆက်တွဲဆိုးကျိုးမှ ရှိလာမည် မဟုတ်ပေ။
ကိုယ်က တစ်ဖက်လူကို ထိုးနှက်နိုင်လေ ကိုယ့်အတွက် အခွင့်အရေး ပိုများလေ ဖြစ်သည်။
ပြိုင်ဘက်များ၏ အခွင့်အရေးနည်းသွားလေ ကိုယ့်အတွက် အခွင့်အလမ်း ပိုမြင့်လာလေ ဖြစ်သည်။
တစ်နည်းဆိုရသော် ပြိုင်ဘက်နည်းလေ အခွင့်အလမ်း ပိုများလေဟု ဆိုနိုင်၏။
အတိတ်တစ်ချိန်ကဆိုလျှင် စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားပြီးနောက် ထူးခြားသောအမွေအနှစ်များကိုပိုင်ဆိုင်သူ မီလဲ့ကိုယ်တော်က အလယ်ပိုင်းသုခဘုံ၏ အရှင်သခင်အသစ် ဖြစ်လာရပေမည်။
သို့သော် မီလဲ့ကိုယ်တော် တိုက်ခိုက်ခံရပြီး အခွင့်အလမ်းများစွာ ဆုံးရှုံးခဲ့ရသည်။
ဘာမှမတတ်နိုင်သည့်အဆုံး သူက လမ်းကြောင်းပြောင်းပြီး အလယ်ပိုင်းသုခဘုံကို အဖြူရောင်ကြာပန်းသုခဘုံအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဤဖြစ်ရပ်က သုခဘုံ၏ အနာဂတ်အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိခဲ့သည်။
တစ်ဖက်မှာတော့ ထိုသို့ လမ်းကြောင်းပြောင်းလိုက်သည့်အတွက် ဘုရားလောင်းဟု လူသိများသည့် မီးလဲ့ကိုယ်တော်က တာအိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
သူက အဖြူရောင်ကြာပန်းသုခဘုံကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ခဲ့သော်လည်း ဗုဒ္ဓဘာသာကျင့်ကြံသူများကြားမှာတော့ အတွင်းရေးပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။
ထိုပဋိပက္ခတွင် ဗုဒ္ဓဘာသာကိုယ်တော်များစွာ အသက်ဆုံးရှုံးခဲ့ပြီး အများစုသည်လည်း အနောက်ဘက်သူတော်စင်ဘုံသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
မဟာကပ်ဘေးကာလတွင် ကောင်းကင်ဘုံနန်းတော်တွင် ပရမ်းပတာအခြေအနေများနှင့် ကြုံတွေ့ခဲ့ပြိး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ထွက်ပေါ်လာခဲ့သည်။
ဤဖြစ်ရပ်များအားလုံးက တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားတစ်ပါးကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ ခန့်မှန်းမိသည်။
နောက်ဆုံးမှာတော့ ထိုသူက အောင်မြင်သွားပြီး တာအိုအဆင့်သို့တက်လှမ်းကာ “အတိုင်းအဆမဲ့ ကောင်းကင်ဘုံအရှင်” ဖြစ်လာခဲ့သည်။
ထိုသူက တာအိုအဓိပတိ ရုပ်ခန္ဓာ ရရှိသွားပြီးနောက်မှာတော့ စကြာဝဠာတစ်ခုလုံးအား ဝါးမြိုသွားစေမည့် ကပ်ဘေးကြီးတစ်ခုကို စတင်ခဲ့သည်။
လမ်းမှန်တာအိုဝါဒတစ်ခုလုံးမှာ ထိုကြောက်မက်ဖွယ်ရာ ကပ်ဘေးကြီး၏ရိုက်ခတ်မှုကို ခံစားခဲ့ရပြီး ယနေ့ထိတိုင် ပြန်လည်နလန်ထူရန် ကြိုးစားနေခဲ့ရသည်။
မီလဲ့ကိုယ်တော်နှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ဖယ်လိုက်မည်ဆိုလျှင် ကျန်ရှိသော တာအိုအဓိပတိအများစုက ကနဦးကောင်းကင်မတိုင်ခင်ကတည်းက ပေါ်ထွန်းခဲ့သူများ ဖြစ်ကြသည်။
ကောင်းကင်နတ်ဘုရားအဆင့် အထွတ်ထိပ်သို့ ရောက်ရှိသူတိုင်း တာအိုအဆင့်သို့တက်လှမ်းရန် မမက်မောသူ မည်သူရှိပါမည်နည်း။
ဤအခြေအနေသို့ ရောက်ရှိပါက အဆက်အနွယ်တူညီသူ ၊ ကျင့်စဉ်တူညီသူများသည်ပင် လျှောက်လှမ်းသည့်လမ်းစဉ်က တစ်ယောက်နှင့်တစ်ယောက် မတူညီကြတော့ပေ။
ကိုယ်တိုင်ကြိုးစားအားထုတ်မှုအပြင် ကံတရားသည်အလည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေပေသည်။
မည်သို့ပင်ဖြစ်စေ တာအိုအဆင့်တက်လှမ်းရန် အခွင့်အရေးဆိုသည်က အကန့်အသတ်နှင့်သာ ရှိနေပေသည်။
ဥပမာ - ယုံကြည်ခြင်းစွမ်းအား စုစည်းရန် လူသားအမြုတေကျောက်တုံးအပိုင်းအစကို အသုံးပြုသည့်နည်းလမ်းမျိုး ဖြစ်သည်။
ဤလမ်းစဉ်ကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ အသုံးပြုခဲ့ကြပြီးဖြစ်ရာ နောက်ထပ် ထူးခြားဖြစ်စဉ်တစ်ခု ထပ်မံပေါ်ပေါက်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။
ပြီးတော့ ထိုတာအိုအဓိပတိနှစ်ပါးက ယခုအချိန်ထိ တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေသည့် ရန်ဘက်များဖြစ်နေဆဲပင်။
လူချင်းမတူသလို လမ်းစဉ်ချင်းလည်း မတူကြပေ။
သို့သော် အဆုံးသတ်မှာတော့ အခွင့်အရေးတစ်ခုအတွက် အချင်းချင်းသတ်ဖြတ်ကြသည်ပဲ ဖြစ်၏။
အခွင့်အရေးဆိုသည်ကလည်း များသောအားဖြင့် လူတစ်ဦးတစ်ယောက်တည်းအတွက် အကျိုးပြုနိုင်သည် မဟုတ်ပါလား။
ဖန်းယွင်ရှန်းက ပင့်သက်တစ်ချက်ရှိုက်ရင်း ရေရွတ်လိုက်သည်။
“ငရဲကိုးထပ်...”
နတ်ဆိုးများက ပုန်းလျှိုးကွယ်လျှိုးဖြင့် သူတို့အစီအစဉ်များကို သေချာပြင်ဆင်နေကြသလို အခြားသူများကလည်း သူတို့ကို မေ့လျော့ထားခြင်း မရှိပေ။
သို့သော် အချိန်မတန်သေးသဖြင့် လူတိုင်းက အစီအစဉ်ဆွဲသည့်အဆင့်မှာပင် ရှိနေကြသေးသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“အဲဒါက သာမန်လူတွေရဲ့ နှစ်သစ်ကူးပွဲတော်ပုံစံနဲ့ မတူဘူးလား ၊ ဝက်တစ်ကောင်ကို သေချာမွေးထားပြီး ဝလာတဲ့အခါ နှစ်သစ်ကူးရောက်တော့ သတ်ဖြတ်စားသောက်ပြီး ကံကောင်းခြင်းတွေ ယူဆောင်ကြသလိုမျိုးပေါ့”
ယန်ကျန်းက ပြုံးလျှက် ခေါင်းခါယမ်းရင်း...
“တူတော့ တူသလိုပဲ ၊ ဒါပေမဲ့ အခုက အိမ်မွေးဝက်မဟုတ်ဘဲ တောဝက်ဖြစ်နေတော့ ခက်တာပေါ့ ၊ အရေခွံကလည်းထူး ၊ အမွှေးကလည်းကြမ်း ၊ အားကလည်းသန်သလို အစွယ်လည်းထက်တယ် ၊ သတိမထားဘဲနေမိရင် အဲဒီတောဝက်ဝှေ့တာနဲ့တင် သေသွားနိုင်တယ်”
ဖန်းယွင်ရှန်းကတော့ ရယ်မောနိုင်ခြင်း မရှိပေ။
သူမက ကျန်းရွှင်ဟွားနှင့် သူမအကြောင်းကို ပြန်စဉ်းစားနေမိသည်။
နိမိတ်မကောင်းသောကပ်ဘေးကြီးက တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။
အင်အားစုများအားလုံးက လုံးထွေးသတ်ပုတ်နေကြပြီး မည်သူမှ အခြေအနေို ထိန်းချုပ်နိုင်စွမ်း မရှိကြသလို အဆုံးသတ်တွင် ဘာဖြစ်လာမည်ကိုလဲ မည်သူမှ မခန့်မှန်းနိုင်ကြပေ။
ဤသို့သော ကပ်ဘေးကြီးတွင် သူမက မည်သို့သောအခန်းကဏ္ဍက ပါဝင်ရမည်လဲ။
အဆုံးသတ်မှာ သူမကို မည်သို့သောအရာများက စောင့်ကြိုနေလေမည်လဲ။
ရန်ကျောက်ကဲက...
“ကျွန်တော်တို့ တာအိုဝါဒ အကြီးအကဲတွေကလည်း ငရဲကိုးထပ်နဲ့တိုက်ပွဲဖြစ်ရင် ဝင်ပါကြမှာပဲ မဟုတ်လား”
ပြောပြီးသည်နှင့် သူက အနောက်ဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။
အမုန်းတရားမဲ့ကောင်းကင်ဘုံနှင့် သိုးလွိနန်းတော်က မြင်းမားလှသော ကောင်းကင်ဘုံတွင် တည်ရှိနေခြင်း ဖြစ်သည်။
အဆုံးမရှိ ပြင်ပဗလာနယ်ထဲ ရောက်ရှိနေသူများအဖို့တော့ ထိုနေရာက မည်သည့်အရပ်မျက်နှာတွင်ရှိကြောင်း ခွဲခြား၍ပင် မရနိုင်ပေ။
သို့သော် ရန်ကျောက်ကဲ၏လုပ်ရပ်များက သူ၏ရည်ရွယ်ချက်ကို အထင်အရှားဖော်ပြနေသည်။
လောင်ကျွင်းက ထိုက်စန့်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာကို အသုံးပြုပြီး ငရဲကိုးထပ်နှင့် နတ်ဘုရားအဆုံးသတ်ဓားကို လဲလှယ်စဉ်က ဤအတိုင်းပင် လွှတ်ထားပေးခဲ့သည်။
သူက စီမံခန့်ခွဲပိုင်ခွင့်အားလုံးကို ရွှမ်တိုကိုယ်တော်ထံ အပ်နှံထားခဲ့ပြီး ရွှမ်တုကိုယ်တော်ကလည်း ငရဲကိုးထပ်နှင့် အပေးအယူကို သဘောတူခဲ့သည်။
တစ်ခုကိုရယူလိုလျှင် တစ်ခုကို စွန့်လွှတ်ရပေမည်။
ဤသဘောတရားက ငရဲကိုးထပ်အတွက်ရော ငရဲကိုးထပ်ကို မျက်စိကျနေသူများအတွက်ပါ အကျုံးဝင်သည်။
ဥပမာအားဖြင့် အနောက်ဘက်သူတော်စင်ဘုံက သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာကိုအသုံးချကာ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး၏ အကူအညီကို တောင်းခံခဲ့သည်။
ဤသည်မှာ နတ်ဘုရားသုတ်သင်အစီအရင်ကို သိမ်းပိုက်ရန်အတွက်သာမက သူတို့၏ အနာဂတ်လှုပ်ရှားမှုများအတွက် အခြေခံအုတ်မြစ် ချမှတ်ရန်လည်း ဖြစ်သည်။
ထို့ကြောင့် တာအိုဝါဒဘက်မှ နတ်ဘုရားသုတ်သင်အစီအရင်ကို မက်မောပြီး နတ်ဘုရားသုတ်သင်ဓား (၄) လက်ကို လိုက်လံရှာဖွေနေချိန်တွင် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက ငရဲကိုးထပ်မှ နတ်ဘုရားအဆုံးသတ်ဓားကို သိုးလွိနန်းတော်သို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တာအိုဝါဒသာ ထိုက်စန့်ကောင်းကင်နတ်ဆိုးကို ဖမ်းဆီးထားပြီး ငရဲကိုးထပ်၏ တိုးတက်မှုမှန်သမျှကို တားဆီးထားမည်ဆိုလျှင် အခြားအုပ်စုများအတွက် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
ဤအခွင့်အရေးမျိုး ပေါ်ပေါက်လာရန်အတွက် လူတိုင်း၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။
အခြားသူများကို အခွင့်အရေးပေးခြင်းသည် မိမိကိုယ်ကို အခွင့်အရေး ပြန်ပေးခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤအချက်ကို လူတိုင်း သိရှိကြ၏။
ဤသည်က ပါးနပ်သောလုပ်ရပ်တစ်ခုဖြစ်ရုံသာမက မိမိကိုယ်ကို ကာကွယ်ရန် အခြားသူများကို အကွက်ဆင်ခြင်းလည်း ဖြစ်သည်။
အဆုံးသတ်တွင် မည်သူက အနိုင်ရမည် ၊ မည်သူ့ကြိုးစားအားထုတ်မှုက အရာထင်မည်ဆိုသည်ကတော့ အင်အားစုတစ်ခုချင်းစီ၏ ကံတရားနှင့် နည်းပရိယာယ်များပေါ်တွင်သာ မူတည်ပေမည်။
ရွှမ်တုကိုယ်တော်သည်လည်း ဤအချက်ကို သိရှိပြီးဖြစ်၍ ရေစီးကြောင်းအတိုင်း လိုက်ပါနေခြင်း ဖြစ်သည်။
သူက လောင်ကျွင်း၏တပည့်ဖြစ်သည့်တိုင် တာအိုအဆင့်သို့တက်လှမ်းလိုလျှင်တော့ အခြားသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရဦးမည်သာပင်။
ယန်ကျန်းက...
“အမှန်ပဲ... တကယ်တော့ တစ်ယောက်ထက်မကဘူး ၊ ဒါပေမဲ့ သူတို့က ငရဲထပ်နဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုတည်းအတွက် လှုပ်ရှားနေကြတာတော့ မဟုတ်ဘူး၊ အခြေအနေ ပြောင်းလဲမှုတွေအပေါ် မူတည်ပြီး သူတို့လည်း လှုပ်ရှားသွားမှာပဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်တယ်... ကိစ္စရပ်တွေက တစ်ခုနဲ့တစ်ခု ခွဲခြားမရအောင် ဆက်နွယ်နေတယ် ၊ အရာအားလုံးကလည်း ရောထွေးနေတယ် ၊ အင်း... ဒီလို အရှုပ်အထွေးတွေကြားကပဲ အခွင့်အရေးဆိုတာ ထွက်ပေါ်လာမှာပဲ”
ဟုတ်ပေ၏။
လမ်းမှန်တာအိုဝါဒသည်လည်း အခြားအင်အားစုများကြောင့်ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုများကြားမှာပင် အခွင့်အရေးများကို အစဉ်တစိုက် ရှာဖွေနေခဲ့သည် မဟုတ်ပါလား။
တာအိုဝါဒတွင်သာ ဦးဆောင်လမ်းပြပေးမည့် တာအိုအဓိပတိတစ်ပါး ရှိနေခဲ့လျှင် သူတို့၏ရပ်တည်ချက်က ယခုထက် အဆပေါင်းများစွာ ပိုမိုကွဲပြားခြားနားသွားပေမည်။
“ခင်ဗျားရော... ဒီကိစ္စတွေထဲမှာ ပါဝင်ပတ်သက်နေသေးလား”
ရန်ကျောက်ကဲက မေးလိုက်သည်။
ယန်ကျန်းက ခေါင်းခါယမ်းရင်း...
“အင်း... ကံမကောင်းတာက ငါနဲ့ ဘာမှပတ်သက်မနေတာပဲ ၊ ရှေ့ဆက်ရမယ့်လမ်းက အတော်လေး ဝေဝါးနေသေးတယ် ၊ စဉ်းစားစရာတွေကလည်း မပြတ်သေးဘူး ၊ ကြည့်ရတာ... ငါ တာအိုအဆင့်ကိုတက်လှမ်းနိုင်မယ့် အခွင့်အရေးက ဒီ ငရဲကိုးထပ်နဲ့တိုက်ပွဲထဲမှာ ရှိမနေဘူးထင်တယ်”
သူက ဆက်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ငါကတော့ တာအိုဝါဒကနေ တာအိုအဓိပတိ အသစ်တစ်ပါး ပေါ်ထွက်လာတာကို မြင်ချင်တာပေါ့”
ယန်ကျန်းက အလွန်စွမ်းအားကြီးမားပြီး ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သော်လည်း တာအိုအဆင့်သို့တက်လှမ်းရန် အဆင်သင့် မဖြစ်သေးပေ။
တစ်ဦးနဲ့တစ်ဦး အခြေအနေချင်း မတူညီကြသည်မှာ သဘာဝပင်။
ရန်ကျောက်ကဲ၏မျက်ဝန်းများ လှုပ်ခတ်သွားပြီး ဖန်းယွင်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထို့နောက်...
“ငရဲကိုးထပ်...”
ဟု စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
သူတို့အတွက်တော့ တာအိုအဆင့်ဆိုသည်က လက်လှမ်းမမီနိုင်သေးသည့် ပန်းတိုင်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ကျရောက်လာမည့်ကပ်ဘေးကြီးကိုတော့ သူတို့အားလံဒး လွတ်အောင်ရှောင်နိုင်မည် မဟုတ်ပေ။
ထိုကပ်ဘေးတွင် ဖန်းယွင်ရှန်းတင်မဟုတ်ဘဲ နျဲ့ကျင်းရှန်လည်း ပါဝင်ပတ်သက်နေပေသည်။
ရန်ကျောက်ကဲက အတွေးစကိုဖြတ်တောက်လိုက်ပြီး ယန်ကျန်းကို စကားဆိုလိုက်သည်။
"လောင်ကျွင်းကတော့ ရေစီးကြောင်းအတိုင်း လွှတ်ထားပေးတဲ့ပုံပဲ၊ သူက ရွှမ်တုကိုယ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကန့်ကွက်တာမျိုး မရှိသလို တာအိုဝါဒထဲမှာ တာအိုအဓိပတိ နောက်တစ်ပါး ထပ်တိုးလာဖို့ကိုလည်း သိပ်ပြီး စိတ်အားထက်သန်ပုံမရဘူး..."
သူက ဆက်ပြောလိုက်သည်။
"ငရဲကိုးထပ်က မိစ္ဆာနတ်ဘုရား(၁၂)ပါး အစီအရင်ကို တည်ဆောက်နိုင်မလား ၊ ယွမ်စီကောင်းကင်နတ်ဆိုးကို ချိတ်ပိတ်ထားတာ ပွင့်သွားမလား ၊ ဒါမှမဟုတ် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးဆင်းသက်လာမလားဆိုတာတွေကို သူက အရေးမစိုက်တဲ့ပုံပဲ”
ယန်ကျန်းက...
“လောင်ကျွင်းရဲ့အတွေးတွေက ခန့်မှန်းရခက််တယ် ၊ သူ သဘောတူတာ ဒါမှမဟုတ် ငြင်းပယ်တာက သူ့ရဲ့ တကယ့်ရည်ရွယ်ချက်ကို ဖော်ပြနေတာ မဟုတ်ဘူး... သူက ငြင်းလိုက်ရင်တောင် ဘယ်သူမှ အံ့သြကြမှာ မဟုတ်ဘူး"
ရန်ကျောက်ကဲက...
“ခင်ဗျားတောင်မှ ဒီအခွင့်အရေးထဲ မပါဝင်နိုင်ဘူးဆိုတော့... တခြား ဘယ်သူတွေက ဒီအခွင့်အရေးကို စောင့်နေကြတာလဲ”
ယန်ကျန်းက...
“လောလောဆယ် ပြင်ဆင်ထားတဲ့သူကတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓပဲ ဖြစ်လိမ့်မယ်"
သူက ဆက်ပြောလိုက်သည်။
"အလယ်ခေတ်ကတည်းက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကောင်းကင်နတ်ဘုရားအဆင့် နှောင်းပိုင်းကိုရောက်နေခဲ့တာ ၊ အခုဆိုရင် သူ တာအိုအဆင့်ကိုတက်လှမ်းဖို့ အခွင့်အရေးတစ်ခုပဲ လိုတော့တာ”
မည်သို့ပင်ဖြစ်စေ ကောင်းကင်နတ်ဘုရားအဆင့် နှောင်းပိုင်းမှ တာအိုအဆင့်သို့တက်လှမ်းရန်မှာ ကွာဟချက် ကြီးမားလွန်းသည်။
ကောင်းကင်နတ်ဘုရားအဆင့်နှင့် တာအိုအဆင့်ဆိုသည်က လုံးဝ မတူကွဲပြားသည့် ကျင့်ကြံခြင်းအဆင့်များ ဖြစ်နေသည် မဟုတ်လား။
“မီလဲ့ကိုယ်တော်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကိုဖျက်ဆီးပြီး လမ်းကြောင်းသစ်ထဲရောက်အောင် တွန်းပို့ခဲ့တာ အဲဒီ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓပဲလို့ ကြားမိတယ် ၊ အဲဒါ အမှန်ပဲလား”
ရန်ကျောက်ကဲက သိချင်စိတ်ဖြင့် မေးလိုက်သည်။
အခန်း (၁၆၁၈) တာအိုအဆင့်သို့တက်ရောက်ရန်ယှဉ်ပြိုင်ကြသူများ
“အမှန်ပဲ ၊ မီလဲ့ကိုယ်တော်နဲ့ ပတ်သက်တဲ့ကိစ္စတွေက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ ဆက်နွယ်နေတယ်”
ခဏမျှတိတ်ဆိတ်သွားပြီးမှ ယန်ကျန်းက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါ့အထင်မမှားဘူးဆိုရင်... ဒီကိစ္စက တာအိုအဓိပတိနေရာကို ယူချင်ကြတဲ့သူတွေအားလုံးနဲ့ ပတ်သက်နေလိမ့်မယ် ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ တစ်ယောက်တည်းကိုပဲ အပြစ်တင်လို့မရပေမယ့် သူကတော့ အဓိကတရားပေါ့လေ”
ယန်ကျန်းက ပြုံးလိုက်ရင်း...
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အနောက်ဘက်သူတော်စင်ဘုံမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တာကလည်း မီလဲ့ကိုယ်တော်ရဲ့ အနှောင့်အယှက်ပေးမှာကို စိုးရိမ်လို့ပဲ”
လမ်းမှန်တာအိုဝါဒ အရှိန်အဟုန်ဖြင့် အင်အားကြီးမားလာသဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကိုယ်တိုင် ရှေ့ထွက်လာပြီး ပင်လယ်ငြိမ်သက်ပုလဲ အသုံးပြုကာ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့်အတူ ထျန်းစူးစကြာဝဠာကို ရှာဖွေခဲ့သည်။
အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ သဘောတူညီမှုရယူကာ လမ်းမှန်တာအိုဝါဒကို အရင်ဆုံးနှိမ်နင်းရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။
မီလဲ့ကိုယ်တော်ကလည်း လူသားအမြုတေကျောက်တုံးအပိုင်းအစကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် တိုက်ခိုက်နေရသဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့သည်။
နတ်ဘုရားသုတ်သင်အစီအရင်ကို လုယူစဉ်မှာလည်း သူက အရင်ကလို သတိကြီးစွာထားနေစရာ မလိုတော့ပေ။
အဘယ်ကြောင့်ဆိုသော် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက အရှေ့ဧကရာဇ်ထိုက်ယိကို တားဆီးထားပေးသဖြင့် အော်မီတော်ဖော်ဗုဒ္ဓက သူ့အနားတွင် ရှိနေပေးနိုင်သောကြောင့် ဖြစ်၏။
ယန်ကျန်းက...
“ကြည့်ရတာတော့... မီလဲ့ကိုယ်တော်သာ စကြာမုနိဗုဒ္ဓရဲ့ခြေရာကို အောင်အောင်မြင်မြင် နင်းနိုင်ခဲ့မယ်ဆိုရင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရဲ့ တာအိုအဆင့် တက်လှမ်းမယ့်လမ်းက ပြတ်တောက်သွားမှာပဲ။"
သူက ဆက်ပြောလိုက်သည်။
“အဲဒါကြောင့်လည်း သူက အဲဒီတုန်းက မဖြစ်မနေ လှုပ်ရှားခဲ့တာပေါ့”
ရန်တိက မျက်မှောင်ကြုတ်လိုက်ရင်း...
"မီလဲ့ကိုယ်တော်ရဲ့လမ်းကြောင်း ပျက်စီးသွားခဲ့တာတောင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူ့နေရာကို အစားမထိုးနိုင်ခဲ့ဘူးပဲ"
ရွှီဖေးက တစ်ချက်တွေးလိုက်ပြီး...
“ဖြစ်နိုင်တာက... မီလဲ့ကိုယ်တော်ရဲ့လမ်းကြောင်းကို ဖျက်ဆီးတာက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတစ်ရပ်ပဲ ဖြစ်နိုင်တယ် ၊ ဒါကြောင့် သူ ချက်ချင်း နေရာဝင်ယူနိုင်တာမျိုး မလုပ်နိုင်ခဲ့ဘူး ၊ တစ်ဖက်ကကြည့်ရင်တော့ သူ ဒီလိုမလုပ်ခဲ့ဘူးဆိုရင် တာအိုအဆင့်ကိုမတက်လှမ်းနိုင်ဘဲ ထာဝရပိတ်မိနေလိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့... မီလဲ့ကိုယ်တော်က မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို လက်စားချေတဲ့အနေနဲ့ သူသွားမယ့်လမ်းကြောင်းမှာ အတားအဆီးတွေ ဖန်တီးထားတာလည်း ဖြစ်နိုင်တယ် ၊ အဲဒါကြောင့်ပဲ သူ အဆင့်မတက်နိုင် ဖြစ်နေတာ ၊ ဒါကြောင့် သူက လမ်းကြောင်းအသစ်ပြောင်းပြီး ငရဲကိုးထပ်နဲ့ပတ်သက်တဲ့အခွင့်အရေးကို အရယူဖို့ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်”
ခန့်မှန်းချက်များနှင့် အတွေးအမြင်များ အမျိုးမျိုးအဖုံဖုံ ကွဲပြားသည့်တိုင် ငြင်းပယ်မရသော အမှန်တရားတစ်ခုက ကျန်ရှိနေဆဲပင်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အလယ်ခေတ် အစောပိုင်းကတည်းက ကောင်းကင်နတ်ဘုရားအဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေခဲ့သူ ဖြစ်သည်။
သူ၏တန်ခိုးစွမ်းအားက ချီထျန်းမဟာသူတော်စင်၊ မဟာမာရူယိနှင့် ယန်ကျန်းတို့ထက် အနည်းငယ် နိမ့်ပါးနိုင်သော်လည်း လက်ရှိတွင် တာအိုအဆင့်တက်လှမ်းရန် အနီးစပ်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။
ထိုခြေလှမ်းကိုသာ လှမ်းနိုင်ခဲ့မည်ဆိုလျှင် သူက လုံးဝခြားနားသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိမည်ဖြစ်ပြီး သူ၏ကံကြမ္မာသည်လည်း ကြီးမားစွာ ပြောင်းလဲသွားပေမည်။
ထို့ကြောင့် နှစ်ပေါင်းများစွာ သည်းခံစောင့်ဆိုင်းလာခဲ့ပြီးနောက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ငရဲကိုးထပ်မှရရှိမည့် အခွင့်အရေးကို မည်မျှအလေးထားကြောင်း ထင်ရှားနေသည်။
ယန်ကျန်းက...
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအပြင် ရွှမ်တုကိုယ်တော်ကလည်း အဆင့်တက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ"
ထိုစကားကြားတော့ ရန်ကျောက်ကဲ အလွန်စိတ်ဝင်စားသွားပြီး...
"ရွှမ်တုကိုယ်တော်က စကြာမုနိ သရီရဓာတ်တော်ကိုသုံးပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓဆီက ဘာနဲ့ လဲလှယ်လိုက်တာလဲ"
ဤအလဲအလှယ်အကြောင်းကို သူတို့ကြိုတင်သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့်လည်း မဟာမာရူယိ ထွက်ပေါ်လာသည့်အခါ သူတို့ မအံ့သြခဲ့ကြခြင်းပင်။
ချီထျန်းမဟာသူတော်စင်၏ မူလခန္ဓာက မြေကြီးအမြုတေကျောက်တုံးနှင့် ပြန်လည်ပေါင်းစည်းပြီး အထွတ်ထိပ်တန်ခိုးစွမးအားကို ပြန်လည်ရရှိရန်အတွက် မဟာမာရူယိ၏ ရောင်စဉ်မျိုး နတ်ဘုရားအလင်းတန်းများ၏ရိုက်ချက်ကို မဖြစ်မနေခံယူရန် လိုအပ်သည်။
တကယ်တော့ မဟာမာရူယိနှင့် ထိပ်တိုက်ရင်မဆိုင်ဘဲ ရှောင်ရှားနိုင်လျှင် အကောင်းဆုံးပင်။
မဟာမာရူယိနှင့် ရင်ဆိုင်ရပါက ချီထျန်းမဟာသူတော်စင် အထွတ်ထိပ်စွမ်းအားကို ပြန်လည်ရရှိခြင်းမှာ ကောင်းသောကိစ္စဖြစ်သော်လည်း ယင်းနှင့်အတူ နောက်ဆက်တွဲပြဿနာများစွာ ပါဝင်လာနိုင်သည်။
ရန်ကျောက်ကဲအတွက် မဟာမာရူယိနှင့် နှစ်ယောက်ချင်း သီးသန့်တွေ့ဆုံပြီးမှ ကိစ္စရပ်များကို ဖြေရှင်းနိုင်လျှင် ပို၍ အဆင်ပြေပေမည်။
သို့သော် လောကတွင် အရာရာတိုင်းက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ပေ။ ထို့ကြောင့် တစ်ခါတစ်ရံ ပြတ်သားသောဆုံးဖြတ်ချက်များကို ချမှတ်ရလေ့ရှိ၏။
ယခု ရန်ကျောက်ကဲက စတင်လှုပ်ရှားနေပြီဖြစ်ရာ အပေးအယူတွင် ရွှမ်တုကိုယ်တော် ဘာရရှိသွားသည်ကို သူ စိတ်ပူနေမိသည်။
ယန်ကျန်းက...
“အရင်တုန်းက မူလဖိနှိပ်နတ်ဘုရားဆီမှာ ဂျင်ဆင်းပင်အပြင် တခြား ထိပ်တန်းရတနာတစ်ခု ရှိသေးတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ ချက်ချင်း သဘောပေါက်သွားသည်။
“ပထဝီကျမ်းစာလား...”
ဒဏ္ဍာရီများအရ မိုးနှင့်မြေ စတင်ဖြစ်ပေါ်လာပြီး သက်ရှိများပေါ်ထွန်းလာချိန် ဤရတနာပစ္စည်းသည်လည်း တစ်ပါတည်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
ရှေးယခင် ကမ္ဘာဦးအစကတည်းက ယခုအချိန်အထိ ပထဝီကျမ်းသည် ရှိရှိသမျှ ရတနာများထဲတွင် အထူးခြားဆုံးနှင့် အဖိုးတန်ဆုံး ရတနာပစ္စည်းအဖြစ် သတ်မှတ်ခံထားရသည်။
ယန်ကျန်းက...
“အတိအကျပြောရရင်တော့ ပထဝီကျမ်းစာ တစ်ဝက်ပေါ့”
သူက ဆက်ရှင်းပြသည်။
“အရင်တုန်းက ပထဝီကျမ်းစာက ပျက်ဆီးသွားခဲ့ဖူးတယ် ၊ အခုကျန်နေတာက မပြည့်စုံတဲ့အပိုင်းအစပဲ... ၊မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သိုးလွိနန်းတော်ထဲမှာ သိမ်းဆည်းထားတဲ့ စကြာမုနိ သရီရဓာတ်တော်ကို ရဖို့အတွက် အဲဒီရတနာနဲ့ လဲလှယ်လိုက်တာပဲ"
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။
မူလဖိနှိပ်နတ်ဘုရားက တာအိုဝါဒ၏ လေလွင့်နတ်ဘုရားများထဲတွင် ထိပ်တန်းအဆင့် သြဇာရှိသူတစ်ယောက်ဖြစ်သလို တန်ခိုးစွမ်းအား အမြင့်မားဆုံးသူများထဲတွင်လည်း ပါဝင်သည်။
သို့သော် သူနှင့်ပတ်သက်သည့်အချက်အလက်များစွာက မဟာကပ်ဘေးကြီးအတွင်း ပျောက်ဆုံးသွားသဖြင့် “အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်” က သူများဖြစ်နေမည်လားဟု လူအများက သံသယဝင်ခဲ့ဖူးကြသည်။
သို့သော် နတ်ဘုရားသုတ်သင်အစီအရင် လုလူပွဲကြီးအပြီးမှာတော့ သူ့အပေါ်ထားရှိသည့်သံသယများ အတော်လေးလျော့ပါးသွားကြသည်။
အဘယ်ကြောင့်ဆိုသော် “မြစ်ဝါကိုးကွေ့အစီအရင်” ကြောင့် ဖြစ်၏။
ယွင်ရှောင်းနတ်သမီးက ဤအစီအရင်ကို ပြင်ပလူများများကို လုံးဝ မျှဝေခဲ့ခြင်းမရှိပေ။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဤအစီအရင်ကို သိရှိနေသည်ဖြစ်ရာ ၊ သူက သေချာပေါက် ကောင်းကင်ဘုံနန်းတော်မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရပေမည်။
အခြားသူများ ရေရေရာရာ မသိရှိသော်လည်း ရန်ကျောက်ကဲက တော့ သေချာစွာ သိရှိထားသည်။
မဟာကပ်ဘေး အစောပိုင်းကာလမှာပင် ကောင်းကင်ဘုံနန်းတော်ရှိ သိုင်းကျမ်းစာကြည့်တိုက်က လုံးဝ ဖျက်ဆီးခံလိုက်ရသည် မဟုတ်လား။
ယခု “ပထဝီကျမ်းစာ” ပျက်ဆီးနေကြောင်း သိလိုက်ရသည့်အခါ မူလဖိနှိပ်နတ်ဘုရားအပေါ် ထားရှိသော သံသယများက ပို၍ပင်နည်းပါးသွားသည်။
သို့ပေသိ သူ့ကို သံသယရှိသူစာရင်းထဲမှ လုံးဝ ဖယ်ထုတ်လို့တော့ မရသေးပေ။
မဟာကပ်ဘေးကြီးကျရောက်စဉ် ကျောက်စိမ်းတံခါးကြီးအတွင်း တိုက်ခိုက်နေကြသည့် ဝေဝါးသောပုံရိပ်များကိုသာ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသူများ တွေ့မြင်ခဲ့ကြခြင်း ဖြစ်သည်။
ထိုတံခါးထဲတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မည်သူမှ မသိကြပေ။ တိုက်ပွဲတွင် ပါဝင်ခဲ့ကြသူများသာလျှင် သိနိုင်ပေမည်။
ရန်ကျောက်ကဲက ခဏမျှစဉ်းစားလိုက်ပြီး...
"ရွှမ်တုကိုယ်တော်က တာအိုအဆင့်ကို တက်လှမ်းဖို့အတွက် ပျက်စီးနေတဲ့ ပထဝီကျမ်းစာကို သုံးရမှာလား”
ယန်ကျန်းက...
"ရွှမ်တုကိုယ်တော် ဘာတွေ ကြံစည်နေလဲဆိုတာ ငါလည်း သေချာမသိဘူး ၊ ဒါပေမဲ့ သူ့လက်ထဲမှာ ပထဝီကျမ်းစာရှိနေပြီဆိုတော့ သူလည်း ငရဲကိုးထပ်ရဲ့ လှုပ်ရှားမှုကို စောင့်နေပုံရတယ်”
သူက ဆက်ပြောလိက်သည်။
"ရွှမ်တုကိုယ်တော်က လူအေးတစ်ယောက် ဖြစ်ပေမယ့် တခြားကျွမ်းကျင်သူတွေထက်တော့ အများကြီးပိုပြီး အစွမ်းထက်ပါတယ် ၊ ဒါက သူကြုံတွေ့ခဲ့ရတဲ့ အခွင့်အရေးတွေကြောင့်တင်သာမကဘဲ သူ့ရဲ့ ကိုယ်ပိုင်တန်ခိုးစွမ်းအားကြောင့်လည်း ပါတာပေါ့”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲတို့အားလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
"ရွှမ်တုကိုယ်တော်က တောက်တယ်ထျန်းကျွင်း ဆရာဘိုးဘိုးရဲ့ တရားအလင်းကို ရရှိထားတဲ့သူပါ ၊ တကယ့်ကို ကြည်ညိုလေးစားဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ"
ယန်ကျန်းက...
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ ရွှမ်တုကိုယ်တော်အပြင် တာအိုသခင်’လုယာ’ လည်း အဆင်သင့် ဖြစ်နေလောက်ပြီ"
ရန်ကျောက်ကဲက သဘောပေါက်သွားဟန်ဖြင့်...
“သြော်... ဒါကြောင့် သူက ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်ထဲက မီးနတ်ဆိုးဝိညာဉ်ကို ရဖို့အတွက် ပျက်စီးနေတဲ့ ဖုရှီဗျပ်စောင်းနဲ့ လဲလှယ်ခဲ့တာကိုး"
အရင်ကတည်းက ယန်ကျန်းလဲလှယ်ခဲ့သည့် ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်ထဲမှ အခွင့်အရေးမှာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအတွက် မဟုတ်ဘူးဆိုသည်ကို သူ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်သည်။
ယခုတော့ သူ၏ခန့်မှန်းချက် ကွက်တိမှန်ကန်နေပေပြီ။
ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်ထဲရှိ မီးနတ်ဆိုးဝိညာဉ်မှာ ယခင်က နတ်ဆိုးတစ်ပါးကို နှိမ်နင်းခဲ့သည့် ထိုက်ချင်အဆက်အနွယ်တစ်ယောက်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုစဉ်က ထိုကျင့်ကြံသူက မီးနတ်ဆိုးကို အနိုင်ယူပြီးနောက် မီးနတ်ဆိုးဝိညာဉ်ကို မမျှော်လင့်ဘဲ ရရှိခဲ့ပြီး ဖန်မီးအိမ်ထဲတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။
ဤအရာက တာအိုသခင်’လုယာ’ အလိုချင်ဆုံးပစ္စည်း ဖြစ်သည်။
“တာအိုသခင်’လုယာ’ က ကမ္ဘာဦးကာလမှာ နတ်မိစ္ဆာ ၊ ရှေးခေတ်ကာလမှာ တာအိုကျင့်ကြံသူ ၊ အလယ်ခေတ်မှာ ဗုဒ္ဓဘာသာ...”
သူက ဆက်ပြောလိုက်သည်။
“ဒီနေ့ခေတ်မှာတော့ သူက နတ်ဆိုးလမ်းစဉ်ကိုလိုက်ဖို့ ကြံစည်နေတာပေါ့...”
တာအိုသခင်’လုယာ’ က ကနဦးကောင်းကင် မီးလျှံအမြုတေမှတစ်ဆင့် ဉာဏ်အလင်းပွင့်ခဲ့သူ ဖြစ်သည်။
သူက နတ်ဆိုးလမ်းစဉ်သို့လိုက်ရန်ကြံစည်နေပါက ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးထဲမှ မီးနတ်ဆိုး၏အခွင့်အာဏာကို ဆက်ခံရမည်ဖြစ်သည်။
ယန်ကျန်းက...
“အမှန်ပဲ ၊ တာအိုသခင်’လုယာ’ အဲဒီအတိုင်း ရည်ရွယ်ထားတာ ၊ ကြည့်ရတာတော့ သူက မီးနတ်ဆိုး လူပြန်ဝင်စားဖို့အတွက် သင့်တော်မယ့် ရုပ်ခန္ဓာတစ်ခု အရင်ရှာပြီးမှ ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်မယ်ထင်တယ် ၊ သူ့မှာ လုပ်စရာနှစ်ခုပဲရှိတယ် ၊ လူပြန်ဝင်စားတဲ့အစီအရင်ကို တိတ်တဆိတ်ပြောင်းလဲပစ်ဖို့ ဒါမှာမဟုတ် အဲဒီရုပ်ခန္ဓာကို အတင်းအကျပ် သိမ်းပိုက်လိုက်ဖို့ပဲ”
တာအိုသခင်’လုယာ’ လက်ရှိ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများထဲတွင် ဝါအရင့်ဆုံးဖြစ်သည်။ သူက ကနဦးကောင်းကင်မတိုင်ခင်ကတည်းက မွေးဖွားလာပြီး မီးနတ်ဆိုးထက်ပင် သက်တမ်းပိုရင့်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ဤကာလတစ်လျှောက်လံဒး သူပြင်ဆင်ခဲ့သမျှ အစီအရင်တိုင်းက အသေးအဖွဲ မဟုတ်သည်မှာ သေချာသည်။
သို့ပေသိ ငရဲကိုးထပ်ကတော့ ဤအခြေအနေကို ဒီအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။
“သူတပါးကို အခွင့်အရေးပေးခြင်းက မိမိကိုယ်ကို အခွင့်အရေးပေးခြင်းနှင့် အတူတူပင်ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်၏။
ထို့ကြောင့် နှစ်ဖက်လုံး အပြန်အလှန် နားလည်မှုယူပြီး သဘောတူညီချက်ရရှိသွားကြခြင်းက အံ့သြစရာတော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကတော့ ရှေ့တွင်ဖြစ်လာမည့် တိုက်ပွဲကြီးတွင် သူတို့ဘက်မှ မည်သို့သော အကျိုးအမြတ်များ ရရှိနိုင်မည်ကို စဉ်းစားနေခဲ့လေသည်။