အခန်း (၁၆၁၉-၁၆၂၀)
Vol. 116 Ch. 1619-1620
အခန်း (၁၆၁၉) စကြာဝဠာအသစ်တည်ဆောက်ပြီး ကဏ္ဍသစ်တစ်ခုဖွင့်လှစ်ခြင်း
ရန်ကျောက်ကဲက အလေးအနက်စဉ်းစားရင်း...
“သူတို့တွေက ငရဲကိုးထပ်ကို အသုံးချဖို့ ကြံစည်နေတာဆိုပေမယ့်... လှုပ်ရှားမယ့်အချိန်ကတော့ ငရဲကိုးထပ်အပေါ်မှာပဲ မူတည်နေလိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ တခြားသူတွေကလည်း အချိန်ဆွဲထားနိုင်ဖို့အတွက် ငရဲကိုးထပ်ရဲ့ကိစ္စတွေကို ကြားဖြတ်နှောက်ယှက်တာမျိုး လုပ်နိုင်တာပဲ မဟုတ်လား”
“လူတိုင်းပြင်ဆင်မှုတွေ ပြီးဆုံးတော့မှပဲ အရာအားလုံးက စတင်မှာပေါ့”
ရန်ကျောက်ကဲက တစ်ချက်စဉ်းစားလိုက်ပြီး...
“တကယ်လို့ ငရဲကိုးထပ်က အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တောင် တခြားသူတွေက အဆင်သင့်မဖြစ်သေးရင်... ပြီးတော့ ငရဲကိုးထပ်ရဲ့ အရှိန်အဟုန်ကို ခဏတန့်သွားအောင် မလုပ်နိုင်ဘူးဆိုရင်.. သူတို့တွေ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်မှာ မဟုတ်ဘူး”
သို့ပေသိ ထိုသူများအနေဖြင့် ထိုအခွင့်အရေးကို အသုံးမချနိုင်သည့်တိုင် ထိုကိစ္စကို လျစ်လျူရှုထားမည် မဟုတ်ပေ။
“မိမိကိုယ်တိုင် ဘာမှမအောင်မြင်သည့်တိုင် သူများမအောင်မြင်စေရန် နှောက်ယှက်နိုင်သည်” ဆိုသော စကားပုံရှိသည် မဟုတ်ပါလား။
အဆင်သင့်မဖြစ်သေးသောသူများသည် အသင့်ဖြစ်နေသူတို့၏ အစီအစဉ်များကို ဖျက်စီးပစ်နိုင်သည်။
သို့မဟုတ်ပါက ရန်သူ့ဘက်မှအောင်မြင်သွားလျှင် အန္တရယ်ရှိသော တာအိုအဓိပတိတစ်ပါး ထွက်ပေါ်လာပေလိမ့်မည်။
ထိုသို့သောအခြေအနေမျိုးတွင် သူတပါး အကြံအစည်ကို ပျက်ဆီးအောင်လုပ်ခြင်းက မိမိတို့အတွက် အကျိုးရှိရုံသာမက ထူးခြားသော အကျိုးအမြတ်တစ်ခုခု မရရှိလျှင်တောင်မှ နောက်တစ်ဆင့်အတွက် ကြိုတင်ပြင်ဆင်ချိန် ရရှိသွားနိုင်သည်။
ငရဲကိုးထပ်ကပ်ဘေး၏ပြင်းထန်မှုက နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲထက် လျော့နည်းမည် မဟုတ်ပေ။
တကယ်တော့ နတ်ဘုရားသုတ်သင်အစီအရင် တိုက်ပွဲထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်ပြီး အသေအပျောက် များနိုင်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင်'လုယာ' နှင့် နတ်ဘုရားသုတ်သင်အစီအရင်ကို လုယူရန် ကြိုးပမ်းခဲ့ကြသူများသည် နတ်ဘုရားသုတ်သင်ဓားလေးလက်ကို မရရှိလိုက်သည့်အတွက် ကျေနပ်ကြမည် မဟုတ်ပေ။
သူတို့က စွမ်းအားများကို ဖြည့်တင်းပြီး အခြေခံအုတ်မြစ်ကို ခိုင်မာအောင်တည်ဆောက်ကာ ရှေ့လာမည့် တိုက်ပွဲတွင် အနိုင်ရရှိရန် ကြံစည်နေကြပေမည်။
“တာအိုသခင်’လုယာ’ ကတော့ မီးနတ်ဆိုးဝိညာဉ် ပြန်ဝင်စားဖို့အတွက် သင့်တော်တဲ့ ရုပ်ခန္ဓာ ရှာနေလောက်တယ် ၊ ဒီကိစ္စက အတော်လေး အချိန်ပေးရလိမ့်မည် ၊ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့သူကိုရှာဖို့ကလည်း အတော်ခက်တဲ့အလုပ်ပဲ”
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။
“ဒါပေမဲ့ မဟာကပ်ဘေးကြီး မတိုင်ခင်ကတည်းက ဒီလူတွေက ပြင်ဆင်မှုတွေ လုပ်နေခဲ့တာ ၊ နောက်ဆုံးတော့ သူလည်း အချိန်မီ အမီလိုက်နိုင်လောက်ပါတယ်”
ရန်တိက...
“သူ... ဒါမှမဟုတ် ငရဲကိုးထပ်ကပဲ စတင်လှုံ့ဆော်တဲ့သူ ဖြစ်လာလိမ့်မယ်”
တာအိုသခင်'လုယာ' အဆင်သင့်ဖြစ်သည်အထိ အားလုံးက ငရဲကိုးထပ်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သလို ငရဲကိုးထပ်က အသင့်ဖြစ်နေပြီဖြစ်သော်လည်း လုယာနှင့် အခြားသူများကို စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်သည်။
ဟုတ်ပေ၏။
ပထမအခြေအနေက ပို၍ဖြစ်နိုင်ခြေများပေသည်။
ယန်ကျန်းက ပြုံးလိုက်ရင်း...
“စောင့်ရမယ့်အချိန်က အတော်လေး ကြာနိုင်တယ်”
သူက ဆက်ပြောလိုက်သည်။
“ဒီကြားထဲမှာ တခြားအပြောင်းအလဲတွေလည်း ဖြစ်လာနိုင်သေးတယ်”
ရန်ကျောက်ကဲက ခဏမျှစဉ်းစားလိုက်ပြီး...
“မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ ရွှမ်တုကိုယ်တော်နဲ့ တာအိုသခင်'လုယာ' တို့အပြင် ကောင်းကင်နတ်ဘုရားအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ တခြားသူတွေရှိသေးလား”
သူက ဆက်မေးမြန်းလိုက်သည်။
“မဟာမာရူယိရော... သူရော စကြာမုနိရဲ့ သရီရဓာတ်တော်တွေအားလုံးကို စုဆောင်းမိသွားပြီလား”
ယန်ကျန်းက...
“ဆရာဦးလေး’ရွှမ်တု’ နဲ့ လောင်ကျွင်း ပြောသလိုဆိုရင်တော့ စကြာမုနိရဲ့ သရီရဓာတ်တော်က စုစုပေါင်း (၅)ခု ရှိရမယ်တဲ့ ၊ မဟာမာရူယိလက်ထဲမှာ ဘယ်နှစ်ခုရထားပြီလဲဆိုတာတော့ ငါလည်း သေချာမသိဘူး ၊ ဒါပေမဲ့ အကုန်တော့ မစုမိသေးဘူးထင်တာပဲ”
ပြီးခဲ့သည့်တိုက်ပွဲတွင် မဟာမာရူယိနှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့က အသံပို့လွှတ်စနစ်ဖြင့် စကားပြောခဲ့ကြသည့်အတွက် သူတို့ပြောဆိုသည့်အကြောင်းအရာများကို မည်သူမှ မသိခဲ့ကြပေ။
မဟာမာရူယိ စကြာမုနိ သရီရဓာတော် ဘယ်နှစ်ခု ရရှိထားသည်ကိုလည်းကောင်း ၊ ဓာတ်တော်တစ်ခုမှာ မီးလဲ့ကိုယ်တော်ထံတွင်ရှိနေသည်ကိုလည်းကောင်း ယန်ကျန်းတို့အုပ်စု မသိရှိကြပေ။
သို့ပေသိ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မဟာမာရူယိ၏ အကူအညီကိုရယူရန် ဓာတ်တော်ဖြင့် လဲလှယ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ့ထံတွင် သရီရဓာတ်တော်များအားလုံး မရရှိသေးသည်မှာ ထင်ရှားသည်။
အကယ်၍ မဟာမာရူယိသာ ငရဲကိုးထပ်နှင့်တိုက်ပွဲထဲသို့ ပါဝင်လာခဲ့ပါက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအတွက် အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...
“သူတို့နှစ်ယောက်လုံးက ဗုဒ္ဓဘာသာ ထိပ်တန်းကျင့်ကြံသူတွေဆိုပေမယ့်... သူတို့အတွက် အခွင့်အရေးကတော့ ငရဲကိုးထပ်မှာပဲ ရှိနေတယ်”
သူက ဆက်ပြောလိုက်သည်။
“တာအိုသခင်’လုယာ’ ကလည်း အလယ်ခေတ်တုန်းက မဟာနေမင်းဗုဒ္ဓအဖြစ် ဝင်စားပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်ခဲ့ဖူးတယ် ၊ ဒီတော့ သူတို့အားလုံး ဒီအခွင့်အရေးကိုပဲ စောင့်နေကြတဲ့ပုံပဲ”
ယန်ကျန်းက...
“ဒီကိစ္စတွေက နဂိုကတည်းက အရမ်းလျှို့ဝှက်နက်နဲတယ် ၊ အပြင်လူတွေ ဘာမှရိပ်မိကြတာမဟုတ်ဘူး ၊ အခု လူတိုင်းက အာရုံစိုက်လာလို့သာ သတင်းအချက်အလက်တွေ ပေါက်ကြားလာတာ”
မိမိတို့ကြိုးစားပမ်းစား ခင်းကျင်းထားသော လမ်းကြောင်းကို အခြားသူများ ဝင်ရောက်ဖျက်ဆီးပြီး အနာဂတ်ကို ဖရိုဖရဲဖြစ်အောင် ပြုလုပ်မည်ကို မည်သူမှ သဘောကျမည် မဟုတ်ပေ။
သို့သော် ကံမကောင်းစွာဖြင့်ပင် လူတိုင်းက ဤကိစ္စကို စိတ်ဝင်စားလာကြသည်။
ထို့ကြောင့် လူမသိ သူမသိ ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။
နက္ခတ်ပညာဖြင့် ရှေ့ဖြစ်တွက်ချက်ခြင်းကို ခဏဖယ်ထားလျှင်တောင်မှ လူတစ်ယောက်၏ ကြိုတင်ပြင်ဆင်မှုများကို ကြည့်ရှုပြီး ထိုသူ၏ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ လူတိုင်းတွင် အခက်အခဲများရှိနေသည့်တိုင် နောက်မဆုတ်တမ်း ရှေ့ဆက်တိုးနေကြရမြဲသာပင်။
မိမိတို့ အရင်က ကြိုးစားအားထုတ်သမျှ အချည်းနှီးဖြစ်သွားပါက သူတို့အတွက် တာအိုအဆင့်သို့တက်လှမ်းရန် ပို၍ပင် ခက်ခဲသွားပေမည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဘာပဲဖြစ်ဖြစ်... အနည်းဆုံးတော့ ကျွန်တော်တို့ တာအိုဝါဒမှာလည်း အဲဒီလိုလူမျိုး ရှိနေတာပဲမဟုတ်လား”
ယန်ကျန်းက...
“ဒါပေမဲ့ ဒီအခွင့်အရေးက ဘယ်အချိန်မှရောက်လာမလဲဆိုတာ အခုထိ မသိရသေးဘူး ၊ အဲဒီအချိန်မတိုင်ခင်မှာ ငါတို့လုပ်နိုင်တာက ကိုယ့်ရဲ့စွမ်းအားကို အဆက်မပြတ်မြှင့်တင်ထားဖို့နဲ့ အင်အားစုဆောင်းထားဖို့ပဲ ၊ မဟုတ်ရင်တော့ အချိန်ကျတဲ့အခါ ငါတို့ကြိုးစားထားသမျှ သူများလက်ထဲပါသွားပြီး နောင်တရစရာတွေ ဖြစ်လာလိမ့်မယ်”
စန်းချင်း(၃)ပါး အဆက်အနွယ်များက နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိထားပြီဖြစ်သဖြင့် အခြေအနေက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယခု ရန်ကျောက်ကဲတို့အားလုံး မိမိတို့၏ရပ်တည်ချက်ကို ခိုင်မာအောင်လုပ်ဆောင်ရန်အတွက် ယုံကြည်မှု အပြည့်အဝ ရှိနေပေပြီ။
သို့ပေသိ ရှေ့ဆက်တိုးရန် ရည်ရွယ်ပါက သတိထားရန်တော့ လိုနေသေးသည်။
အဘယ်ကြောင့်ဆိုသော် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ မဟာမာရူယိနှင့် တာအိုသခင်'လုယာ' တို့အားလုံး၏ နောက်ကွယ်တွင် တာအိုအဓိပတိများက ကျောထောက်နောက်ခံပြုထားကြသောကြောင့်ပင်။
လက်ရှိတွင် လူတိုင်းက “ငရဲကိုးထပ်” ဆိုသော အသားတုံးကို ဝိုင်းဝန်းမက်မောနေကြသည်။ ငရဲကိုးထပ်ကလည်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ရှိနေသမျှကာလပတ်လုံး ငြိမ်ခံနေမည် မဟုတ်ပေ။
ရွှမ်တုကိုယ်တော်ကိုတော့ လောင်ကျွင်းက ကူညီပေးရန် အခွင့်အရေးနည်းပါးသည်။ ဤသည်က လျစ်လျူရှုထား၍မရသော လက်တွေ့ကျသည့် ပြဿနာပင် ဖြစ်၏။
ရန်ကျောက်ကဲက...
“ဒီလျှို့ဝှက်ချက်တွေကို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူက ယန်ကျန်းကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“တာအိုရောင်းရင်း’ယန်ကျန်း’... အောင်မြင်စွာနဲ့ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ယန်ကျန်းက ပြုံးလိုက်ရင်း...
“မင်းရဲ့ ဆုတောင်းစကားအတွက် ကျေးဇူးပါပဲ”
ထို့နောက် သူက ရန်ကျောက်ကဲတို့အုပ်စုကိုနှုတ်ဆက်ပြီး ပြင်ပဗလာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲတို့အုပ်စုလည်း ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
သူတို့အုပ်စု အဆုံးမရှိသော ပြင်ပဗလာနယ်အစွန်အဖျားတွင် အတန်ကြာသွားလာပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး စကြာဝဠာတစ်ုခအနားတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
ရန်ကျောက်ကဲက...
“ဒီနေရာပဲ...”
ထို့နောက် သူက ဖန်းယွင်ရှန်းကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး...
“ယွင်ရှန်း... မင်းရဲ့ ပင်လယ်ငြိမ်သက်ပုလဲကို ခဏလောက်သိမ်းထားလိုက်ဦး...”
ဖန်းယွင်ရှန်းက...
“ကောင်းပြီ...”
ရန်ကျောက်ကဲက တောင်ပိုင်းချန်စန်းဧကရာဇ်ထံမှ ရရှိထားသော ပင်လယ်ငြိမ်သက်ပုလဲကို ထုတ်ယူလိုက်သည်။ ထိုပုလဲက အလွန်တရာ လေးလံပြီး ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများ တလက်လက် တောက်ပနေသည်။
ရန်ကျောက်ကဲက...
“အရင်ကနဲ့စာရင် ဒီနေ့ကမ္ဘာကြီးကပိုပြီးထူးခြားလာတော့မှာပါ”
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ကောင်းကင်ဖွင့်ကျမ်းစာ၊ ထိုက်ချူးနတ်လက်ချောင်းသိုင်းနှင့် လုန်ဟန့်ကပ်ဘေးဓားသိုင်းတို့၏ နက်နဲသောတန်ခိုးစွမ်းအားကို တပြိုင်တည်း ထုတ်ဖော်လိုက်သည်။
ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများက မကြုံစဖူးသော တောက်ပမှုမျိုးဖြင့် လင်းလက်လာပြီး ပတ်ဝန်းကျင်တစ်ခွင်သို့ အဆက်မပြတ် ပျံ့နှံ့သွားသည်။
အလင်းတန်းများ တောက်ပလာသည်နှင့်အမျှ ပင်လယ်ငြိမ်သက်ပုလဲသည်လည်း စကြာဝဠာတစ်ခုမျှရှိသော ထုထည်နှင့်ပမာဏအထိ တဖြည်းဖြည်းကြီးထွားလာလေရာ မြင်ရသူတို့၏စိတ်အစဉ်သည်ပင် တုန်လှုပ်ချောက်ချားသွားကြသည်။
ပုလဲက ဆက်လက်ကြီးထွားလာပြီး နောက်ဆုံး ရောင်စဉ်ငါးမျိုးအလင်းတန်းများ မှေးမှိန်သွားကာ ပင်လယ်ငြိမ်သက်ပုလဲ လုံးဝ ပျောက်ကွယ်သွားသည်။
အာကာသဟင်းလင်းပြင်ထဲတွင် ဗလာနယ်တစ်ခု အဆက်မပြတ်ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ဖိသိပ်ချေမှုန်းပစ်လိုက်သည်။
ထိုဗလာနယ်ထဲမှ အမှောင်ထုစွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ကောင်းကင်ဖွင့်စွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါ အမှောင်ထုက အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားပြီး အတွင်းမှ စူးရှသောအလင်းတန်းများ ထွက်ပေါ်လာကာ မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ်ကြီး(၄)ပါးက လှိုင်းလုံးကြီးများသဖွယ် အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် တိုးထွက်လာသည်။
စကြာဝဠာအတွင်းပိုင်းက ဆူပွက်နေသော ရေနွေးအိုးပမာ လှုပ်ခတ်နေသည်။
မတည်ငြိမ်သော ဗလာနယ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ပူဖောင်းများပမာ အလိုအလျောက် ပေါက်ကွဲသွားကြသည်။
ထို့နောက် ပိုမိုများပြားသော ပူဖောင်းများ ထပ်မံထွက်ပေါ်လာပြန်သည်။
ရန်ကျောက်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ပရမ်းပတာဖြစ်နေသော မြေ၊ ရေ၊ မီး၊ လေ တို့ ပြန်လည်ငြိမ်သက်သွားကြသည်။
စကြာဝဠာ၏အတွင်းပိုင်း တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီးနောက် ၎င်း၏ကိုယ်ပိုင်နိယာမများအတိုင်း ဆက်လက်လည်ပတ်နေသည်။
ထို့နောက်မှာတော့ ကြယ်စင်အလင်းတန်းများထွက်ပေါ်လာပြီး စကြာဝဠာထဲတွင် ကိုယ်ပိုင်ကြယ်စင်များ စတင်မွေးဖွားလာသည်။
ထိုစကြာဝဠာ၏ အစိတ်အပိုင်းအချို့က ရွေ့လျားနိုင်စွမ်းမရှိသော်လည်း ထျန်းစူးစကြာဝဠာထက် ပိုမိကျယ်ဝန်းပြီး ခမ်းနားထည်ဝါသော စကြာဝဠာကြီးတစ်ခု ပြင်ပဗလာနယ်ထဲတွင် ထွက်ပေါ်လာခဲ့လေသည်။
ထိုစကြာဝဠာက မည်သူ့ထံမှလည်း ဖုံးကွယ်ထားခြင်းမရှိသလို မည်သည့်အရာနှင့်မှလည်း ကွယ်ဝှက်ထားခြင်း မရှိပေ။
အခန်း (၁၆၂၀) ချုပ်ကိုင်ထားတဲ့ကြိုးတွေ ပြတ်တောက်သွားပြီ
အဆုံးအစမရှိသော ဗလာနယ်အပြင်ဘက်တွင် အတော်အတန် ကြီးမားကျယ်ပြန့်သည့် စကြာဝဠာအသစ်တစ်ခု မွေးဖွားလာပြီ ဖြစ်သည်။
ရန်ကျောက်ကဲက စကြာဝဠာနယ်နိမိတ်အစွန်းတွင် မတ်တတ်ရပ်နေသည်။
သူက ပင်လယ်ငြိမ်သက်ပုလဲဖြင့် ထိန်းချုပ်ထားသော စကြာဝဠာကြီးကို ကြည့်ရှုရင်း သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
ထို့နောက် သူက ဖန်းယွင်ရှန်း ၊ ရန်တိနှင့် ရွှီဖေးတို့ကိုလှည့်ကြည့်လိုက်ပြီး အတိတ်ကို ပြန်လည်တမ်းတသည့် အမူအရာဖြင့် စကားဆိုလိုက်သည်။
"မဟာကပ်ဘေးကြီးကြောင့် ကောင်းကင်ဘုံတွေပြိုလဲပြီး လောကကြီးတစ်ခုလုံး ပျက်စီးခဲ့ရတယ်... အဲဒီဒဏ်ကို ကျွန်တော်တို့ လမ်းမှန်တာအိုဝါဒဆက်ခံသူတွေ အလူးအလဲ ခံစားခဲ့ကြရတယ် ၊ ဒီနေ့မှာတော့ ကျွန်တော်တို့တွေ နောက်ထပ် လမ်းသစ်တစ်ခုဖွင့်လှစ်ဖို့ ကြိုဆိုနိုင်ခဲ့ပြီ”
သူက ပြုံးလိုက်ပြီး...
“ဒီစကြာဝဠာအသစ်ကို ကျူတောပင်လယ်ကောင်းကင်ဘုံလို့ပဲ နာမည်ပေးလိုက်မယ်”
ထိုစကားကိုကြားတော့ ကျန်လူများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
ကောင်းချင်းရွှမ်က ဒဏ်ရာရထားသည့် ဝူတန့်မယ်တော်ကို ပြုစုကုသပေးရန်အတွက် သိုးလွိနန်းတော်တွင် ကျန်ရစ်ခဲ့သည်။
ထို့ကြောင့် ယခုနေရာတွင် ရှိနေသူများအားလုံးက ဝါဒတောင် အဆက်အနွယ်များသာ ဖြစ်ကြသည်။
ရန်ကျောက်ကဲ၏စကားကို ကြားသည်နှင့် သူတို့အားလုံး အတိတ်ဟောင်းများကို ပြန်လည်တွေးတောမိကြသည်။
ထိုစဉ်အချိန်က ဝါဒတောင် အဆက်အနွယ်များက အောက်ဘုံကမ္ဘာတစ်ခုဖြစ်သော အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာခဲ့ကြသည်။
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာတွင် သူတို့ ပထမဆုံးခြေချမိသည့်ဒေသမှာ “ကျူတောပင်လယ်ဒေသ” ဖြစ်သည်။
ထိုအမည်က တာအိုဝါဒ ကောင်းကင်ဘုံ (၃၆)ဘုံထဲမှ တစ်ခုဖြစ်သော “ကျူတောပင်လယ်ကောင်းကင်ဘုံ” ကို အစွဲပြုပြီး မှည့်ခေါ်ထားခြင်း ဖြစ်သည်။
အထက်ဘုံကမ္ဘာမှ တစ်စုံတစ်ယောက်က သမိုင်းမှတ်တမ်းများကို ပြန်လည်ရှာဖွေပြီး ထိုအမည်ကို ယူသုံးခဲ့ခြင်း ဖြစ်နိုင်သည်။
ဝါဒတောင်အတွက်တော့ “ကျူတောပင်လယ်ဒေသ” ဆိုသည်မှာ ဖြစ်ရပ်အသစ်တစ်ခု အစပျိုးရာနေရာ ဖြစ်သည်။ ယခုလည်း စကြာဝဠာအသစ်တစ်ခု အစပြုပြီဖြစ်ရာ ထိုအမည်ကိုအသုံးပြုခြင်းက အလွန်ပင် သင့်တော်ပေသည်။
ရန်ကျောက်ကဲက စိတ်လှုပ်ရှားစွာဖြင့်...
“ကျွန်တော်တို့ရဲ့ မယိမ်းယိုင်တဲ့ စိတ်ဓာတ်တွေကြောင့်ပဲ အခက်အခဲတွေကိုကျော်ဖြတ်ပြီး ဒီလိုခြေလှမ်းမျိုး လှမ်းနိုင်ခဲ့တာပဲ”
ဗလာနယ်ထဲတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာပြီး အခြားတစ်ဖက်တွင် ခန့်ညားထည်ဝါသော စကြာဝဠာကြီးတစ်ခု ထင်ရှားလာသည်။
ထိုစကြာဝဠာက ထျန်းစူးစကြာဝဠာပင် ဖြစ်သည်။
အစောပိုင်းကတည်းကပင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ထျန်းစူးစကြာဝဠာကိုပြန်သွားပြီး ရွှမ်ချူးချင်နှင့်ဆက်သွယ်ကာ ထျန်းစူးစကြာဝဠာကို ဤနေရာသို့ ရွှေ့ပြောင်းရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက...
“ထျန်းစူးစကြာဝဠာကို တည်ဆောက်တုန်းက အဂ္ဂိရတ်ခန်းမရဲ့ ပင်ကိုယ်စွမ်းအားတွေကို အတော်သုံးလိုက်ရတယ် ၊ ဒါကြောင့် အဂ္ဂိရတ်ခန်းမက အတော်လေးအားနည်းနေပြီ ၊ အခု ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာရဲ့ အောက်ဘုံကမ္ဘာတွေနဲ့ လူဦးရေအတော်များများကို ကျူတောပင်လယ်ကောင်းကင်ဘုံကို ရွှေ့ပြောင်းလိုက်မယ်ဆိုရင် အဂ္ဂိရတ်ခန်းမရဲ့ ဝန်ထုပ်ဝန်ပိုးလည်း အတော်သက်သာသွားလိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ စစ်မီးကတော့ ငြိမ်းမှာမဟုတ်သေးဘူး ၊ ဒါကြောင့် ကျွန်တော်တို့တွေ အပျော်လွန်ပြီး ကိုယ့်အခြေအနေကိုယ် မေ့မသွားဖို့လိုအပ်တယ် ၊ ပိုပြီး သတိထားနိုင်အောင် အဂ္ဂိရတ်ခန်းမကိုတော့ ဒီအတိုင်း ဗလာနယ်ထဲမှာပဲ ဆက်ပြီး လွင့်မျောနေစေမှ ဖြစ်မယ်”
ဖန်းယွင်ရှန်းက...
“အခု ကျွန်မတို့မှာ နတ်ဘုရားသုတ်သင်အစီအရင် ရှိနေပြီဆိုတော့ တခြားအင်အားစုတွေက အလွယ်တကူ လာပြီးဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး ၊ သူတို့နဲ့ရင်ပေါင်တန်းနိုင်တဲ့အထိ ယုံကြည်မှုရှိလာပြီ”
သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ တစ်ဖက်ကြည့်ရင်လည်း တခြားအင်အားစုတွေက ကျွန်မတို့ကို အဓိကထားပြီး ပစ်မှတ်ထားလာကြလိမ့်မယ် ၊ တာအိုအဓိပတိတစ်ပါးပါးက အင်အားအပြည့်သုံးပြီး ပစ်မှတ်ထားတာမျိုးတောင် ဖြစ်လာနိုင်တယ် ၊ ဒါကြောင့် အဂ္ဂိရတ်ခန်းမကို ဗလာနယ်ထဲမှာ ဖုံးကွယ်ထားရင်တောင် အန္တရယ်က လုံးဝကင်းဝေးဦးမှာ မဟုတ်သေးဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“အမှန်ပဲ... ငါတို့တွေ အရင်က စည်းမျဉ်းတွေအားလုံးကိုဖျက်သိမ်းပြီး အသစ်က ပြန်စရတော့မယ်”
သူက ဆက်ပြောလိုက်သည်။
“သတိထားရမှာတော့ ထားရမှာပဲပေါ့ ၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ငါတို့တွေ ရှေ့ဆက်ဖို့ အခွင့်အရေးရသွားပြီလေ”
ထိုအချိန်မှာပင် ထျန်းစူးစကြာဝဠာနှင့် ကျူတောပင်လယ်ကောင်းကင်ဘုံတို့ တစ်ခုနှင့်တစ်ခု စတင်ပေါင်းဆုံလာကြသည်။
မမြင်နိုင်သော စကြာဝဠာ နယ်နိမိတ်နှစ်ခု ထိတွေ့မိသည်နှင့် အပြန်အလှန်တွန်းကန်မှုများဖြစ်ပေါ်လာသည့်တိုင် တဖြည်းဖြည်း တံခါးတစ်ခုသဖွယ် စကြာဝဠာနှစ်ခုကြား ဆက်သွယ်မှု ရရှိသွားသည်။
ထျန်းစူးစကြာဝဠာအတွင်းရှိ ကမ္ဘာအချို့က ကျူတောပင်လယ်ကောင်းကင်ဘုံဆီသို့ စတင်ရွှေ့ပြောင်းမည့် လက္ခဏာများ ပြသလာကြသည်။
ကမ္ဘာများပြောင်းရွှေ့မှုကို လုပ်ဆောင်နေစဉ် ရန်ကျောက်ကဲ၏စိတ်ထဲ အနည်းငယ် လှုပ်ခတ်သွားသည်။
ဖန်းယွင်ရှန်းက...
“မြောက်ပိုင်းကြယ်စင်ဧကရာဇ်ပဲ...”
အဆုံးအစမရှိသော ပြင်ပဗလာနယ် အဝေးတစ်နေရာတွင် နောက်ထပ်စကြာဝဠာအသစ်တစ်ခု ထပ်မံတည်ဆောက်ထားပြီး ဖြစ်သည်။
ထိုစကြာဝဠာသည်လည်း ကျူတောပင်လယ်ကောင်းကင်ဘုံကဲ့သို့ပင် ပင်လယ်ငြိမ်သက်ပုလဲကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်၏။
တာအိုစကြာဝဠာနှင့် အထက်ဘုံကမ္ဘာကို အနောက်ဘက်သူတော်စင်ဘုံနှင့် အမတခုံရုံးက သိမ်းပိုက်လိုက်ပြီးနောက် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က သူ၏ကိုယ်ပိုင်စကြာဝဠာကို တဖန်ပြန်လည် တည်ဆောက်လိုက်ခြင်း ဖြစ်သည်။
ထိုစကြာဝဠာမှ ပါရမီရှင်အသစ်များ ထွက်ပေါ်လာဦးမည်ဖြစ်ပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကိုယ်တိုင်လည်း ထိုနေရာတွင် သူ၏ကိုယ်ပိုင် ကျောက်ဂူအိမ်တော်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ယခုတော့ တာအိုဝါဒ ကောင်းကင်နတ်ဘုရားများအနေဖြင့် ပြင်ပဗလာနယ်ထဲတွင် နိုးတဝက်အိပ်တဝက်အနေအထားဖြင့် လွင့်မျောနေစရာမလိုတော့ဘဲ လောကအလယ်တွင် နိုးကြားစွာ အခြေချနေထိုင်နိုင်ပြီ ဖြစ်သည်။
ဝူတန့်မယ်တော် အခြေအနေတည်ငြိမ်ပြီး ပြန်လည်ကျန်းမာလာပါက သူမသည်လည်း ပင်လယ်ငြိမ်သက်ပုလဲကိုအသုံးပြုကာ စကြာဝဠာအသစ်နှင့် ကျောက်ဂူအိမ်တော်အသစ်ကို တည်ဆောက်ပေလိမ့်မည်။
နတ်ဘုရားသုတ်သင်အစီအရင်ကို ယွင်ရှောင်းနတ်သမီးက ထိန်းသိမ်းထားသည်ဖြစ်ရာ သူမအနေဖြင့် ကိုယ်ပိုင်ကျောက်ဂူအိမ်တော်ဖြင့် နေထိုင်ပြီး စကြာဝဠာအတွင်း လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ပေမည်။
ယွင်ရှောင်နတ်သမီးသည်လည်း အတူတူပင် ဖြစ်၏။
ဝူတန့်မယ်တော်က အစီအရင် ထိန်းသိမ်းသည့်တာဝန်ကို လွှဲပြောင်းယူပြီးလျှင် သူမသည်လည်း “နတ်မိမယ်ကျွန်း” ကို ပြန်လည်တည်ထောင်မည် ဖြစ်သည်။
ယခင်က ဖန်းယွင်ရှန်းသည်လည်း ပြင်ပဗလာနယ်ထဲတွင် ပုန်းကွယ်နေရန် မလိုအပ်သော်လည်း ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲတွင် ခိုအောင်းရင်း သူမ၏စွမ်းအားရောင်ဝါကို ဖိနှိပ်ထားခဲ့ရသည်။
ယခုတော့ သူမအနေဖြင့် ရန်ကျောက်ကဲနှင့် ဘေးချင်းယှဉ်ပြီး လွတ်လပ်ပွင့်လင်းစွာ လျှောက်လှမ်းနိုင်ပေပြီ။ အခြား မည်သည့်ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တောက်ပစွာ ပြုံးလိုက်ကြသည်။
ထို့နောက် သူတို့ အခြားတစ်ဖက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့လှမ်းကြည့်ရာ ဗလာနယ်ထဲတွင် အဆုံးမရှိလောင်ကျွမ်းနေသည့် မီးတောက်မီးလျှံ ပင်လယ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
မီးလျှံများ၏အရှိန်အဟုန်ကြောင့် ကျူတောပင်လယ်ကောင်းကင်ဘုံနှင့် ထျန်းစူးစကြာဝဠာသာမက မြောက်ပိုင်းကြယ်စင်ဧကရာဇ် တည်ဆောက်ထားသည့် အဝေးတစ်နေရာမှ စကြာဝဠာကြီးသည်ပင် မီးရောင်လွှမ်းသွားရသည်။
ထိုမီးပင်လယ်ကြီးထဲမှ ဆံပင်တိုတို ၊ အရပ်ရှည်ရှည်နှင့်လူတစ်ယောက် ထွက်ပေါ်လာသည်။
ထိုသူက မီးလျှံထက်ယံအရှင်သခင်”စောမင်ကျန့်” ပင် ဖြစ်သည်။
"အကြီးအကဲ'စော'"
"တာအိုရောင်းရင်း'စော'"
ရန်ကျောက်ကဲတို့အုပ်စုက အလျင်အမြန်ပင် ကြိုဆိုလိုက်ကြသည်။
စောမင်ကျန့်က အားလုံးကိုပြန်လည်နှုတ်ဆက်လိုက်ပြီးမှ စကားဆိုလိုက်သည်။
"ငါ ကျွင်းဟွမ်အတွက် လာခဲ့တာပါ"
ရန်ကျောက်ကဲက...
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ အကြီးအကဲ'စော'"
သူ့စကားဆုံးသွားသည်နှင့် အားလုံးက စောမင်ကျန့်နှင့်အတူ ကျူတောပင်လယ်ကောင်းကင်ဘုံအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
အားလုံး ကျူတောပင်လယ်ကောင်းကင်ဘုံ စကြာဝဠာကို ဖြတ်ကျော်ပြီး ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာကြသည်။
ဝါဒတောင်မှ ထုန်းမင်တောင်ကြားသို့ ရောက်ရှိသည့်အခါ ထိုနေရာတွင် စိုက်ပျိုးထားသော ချန်းဟွာသစ်ပင် နှစ်ပင်ကို တွေ့လိုက်ရသည်။
ထိုသစ်ပင်များထံမှ ခမ်းနားထည်ဝါသော ရောင်ဝါများက ကောင်းကင်ယံကိုပင် ကျော်လွန်ထွက်ပေါ်နေသည်။
စောမင်ကျန့် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာသို့ ခြေချလိုက်သည်နှင့် ချန်းဟွာသစ်ပင်တစ်ပင်၏ အပြာရောင်သစ်ကိုင်းများကြားတွင် ဆီးနှင်းပမာ ဖွေးဖွေးဖြူသော ပန်းပွင့်များ ရုတ်တရက် ပွင့်လန်းလာသည်။
သစ်ပင်ကြီးက အလိုအလျောက် ငြိမ့်ညောင်းစွာ ယိမ်းနွဲ့လိုက်ရာ ထုန်းမင်တောင်ကြားတစ်ခုလုံးတွင် သာယာနာပျော်ဖွယ်ကောင်းသော လေတိုက်ခတ်သံများ ထွက်ပေါ်လာသည်။
စောမင်ကျန့်သည် သစ်ပင်အောက်တွင် မတ်တတ်ရပ်ရင်း ချန်းဟွာသစ်ပင်ကို စူးစိုက်ကြည့်နေသည်။
ထို့နောက် သူက လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်ရာ ဆီးနှင်းပမာ ဖြူစင်သော ပွင့်ချပ်တစ်ချပ်က သူ့လက်ဖဝါးပြင်ထက်သို့ ကြွေကျလာသည်။
ဆံပင်တိုနှင့်လူငယ်က မလှုပ်မယှက် တိတ်ဆိတ်စွာဖြင့် အချိန်အတန်ကြာအောင် မတ်တတ်ရပ်နေသည်။
ရွှယ်ချူးချင်လည်း ရောက်ရှိလာသည်ဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စုသည်လည်း ချန်းဟွာသစ်ပင်ကြီးနှစ်ပင်ကိုကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်စွာပင် မတ်တတ်ရပ်နေခဲ့ကြသည်။
အချိန်အတန်ကြာမှ စောမင်ကျန့် လှည့်ကြည့်လာပြီး ရန်ကျောက်ကဲတို့အုပ်စုကို ခေါင်းညိတ်ပြလိုက်သည်။
သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အဖြူရောင်ပန်းများ ပွင့်လန်းနေသည့် ချန်းဟွာသစ်ပင်ကြီးပတ်ပတ်လည်တွင် မှိန်ဖျော့ဖျော့အလင်းတန်းများ ဝန်းရံသွားကာ သစ်ပင်ကြီး အမြစ်မှကျွတ်ထွက်သွားသည်။
ထို့နောက် ချန်းဟွာသစ်ပင်ကြီးက စောမင်ကျန့်နှင့်အတူကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာမှ ပျောက်ကွယ်သွားတော့၏။
***
စောမင်ကျန့်က ရှောင်ကျွင်းဟွမ်၏ရုပ်ကြွင်းမှ အသွင်ပြောင်းသွားသော ချန်းဟွာသစ်ပင်ကြီးကို ယူဆောင်ပြီး ကျူတောပင်လယ်ကောင်းကင်ဘုံမှ ထွက်ခွာသွားသည်။
ပြင်ပဗလာနယ်ထဲသို့ရောက်သည်နှင့် စောမင်ကျန့်က သူ ရရှိထားသည့် ပင်လယ်ငြိမ်သက်ပုလဲကို ထုတ်ယူလိုက်သည်။
ထိုသို့ဖြင့် အဆုံးမဲ့ဗလာနယ်ထဲတွင် တတိယမြောက် စကြာဝဠာတစ်ခု ထပ်မံဖြစ်တည်လာခဲ့သည်။
စောမင်ကျန့်က ဖန်ဆင်းထားသည့် စကြာဝဠာအတွင်း ဝင်ရောက်သွားပြီး မတည်မငြိမ်ဖြစ်နေသည့် လေပူဖောင်းတစ်ခုကို လက်ညှိုးဖြင့် အသာတို့ထိလိုက်သည်။
ထိုလေပူဖောင်း ပေါက်ကွဲထွက်သွားပြီး နက်ရှိုင်းချီစွမ်းအားများက ကောင်းကင်ထက်သို့တက်သွားကာ မိစ္ဆာချီများကတော့ မြေပြင်ထဲသို့ နစ်ဝင်သွားပြီး သန့်ရှင်းကြည်လင်သည့် ကမ္ဘာတစ်ခု ဖြစ်တည်လာသည်။
မြင့်မားလှသော ချန်းဟွာသစ်ပင်ကြီးက ထိုကမ္ဘာ၏မြေသားများထဲသို့ တိုးဝင်သွားပြီး ခိုင်မာစွာအခြေချလိုက်သည်။
စောမင်ကျန့်က သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး အနည်းငယ်လှုပ်ယမ်းနေသည့် သစ်ကိုင်းများကို ခေါင်းမော့ကြည့်လိုက်သည်။
ထို့နောက် ဆွေးမြေ့သည့်အကြည့်များဖြင့် အဝေးတစ်နေရာသို့ ငေးမောနေလေသည်။
အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် လမ်းမှတာအိုဝါဒ၏ စကြာဝဠာ(၃)ခု တပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။ ဤသည်က ကြီးမားသောလှုပ်ခတ်မှုတစ်ခုဖြစ်လေရာ အခြားသောအင်အားစုများ အာရုံစိုက်မိသွားကြသည်။
ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များစွာက အဝေးမှနေပြီး ထိုစကြာဝဠာ (၃)ခုကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေကြသည်။
ထိုစကြာဝဠာများတည်ထောင်သည်ကို မည်သူမှမနှောက်ယှက်သလို အနားသို့ ချဉ်းကပ်လာခြင်းလည်း မရှိကြပေ။
***
တာအိုသခင်’လုယာ’ က ချန်စန်းရှင်းဟိုင် ၊ ထိုက်စုလွင်ပြင်ကောင်းကင်ဘုံရှိ ဖူစန်းနတ်သစ်ပင်ထက်တွင် ရှိနေလေသည်။
သူက လမ်းမှန်တာအိုဝါဒ၏ သတင်းကိုကြားသည်နှင့် ခေါင်းခါယမ်းလိုက်ပြီး...
"နတ်ဘုရားသုတ်သင်အစီအရင်ကို လက်လွတ်လိုက်ရပြီးတဲ့နောက် ငါတို့တွေ သူတို့ကို အရင်လို ဖိအားပေးနိုင်တော့မှာ မဟုတ်ဘူး"
သူက ဆက်ပြောလိုက်သည်။
"ချုပ်ကိုင်ထားတဲ့ ကြိုးတွေ ပြတ်တောက်သွားပြီဆိုတော့ ရည်မှန်းချက်ကြီးတဲ့သူတွေကလည်း ပုန်ကန်မှုတွေကို စတင်ကြတော့မှာပေါ့"
သူ့ရှေ့တွင်ရှိနေသည့် မဟာနတ်မိစ္ဆာအုပ်စုကတော့ မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။