← Chapters

အခန်း (၁၆၂၁-၁၆၂၂)

Vol. 116 Ch. 1621-1622

အခန်း (၁၆၂၁-၁၆၂၂)

Vol. 116 Ch. 1621-1622

အခန်း (၁၆၂၁) အတိတ်ကနှင့်မတူတော့ပြီ

ထိုက်စုလွင်ပြင်ကောင်းကင်ဘုံ ၊ ဖူစန်းနတ်သစ်ပင်ထက်တွင်ရှိနေသည့် တာအိုသခင်’လုယာ’ က အသာအယာ ခေါင်းခါယမ်းလိုက်သည်။

သူ့ရှေ့တွင်ရှိနေသည့် မဟာနတ်မိစ္ဆာများက တစ်ယောက်မှ စကားမဆိုဘဲ တိတ်ဆိတ်နေကြသည်။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ မျက်နှာအမူအရာက အမှောင်မိုက်ဆုံး ညသန်းခေါင်ယံအချိန်ထက်ပင် ပို၍မှောင်မိုက်လျှက် ရှိသည်။

လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများအပေါ်ထားရှိသည့် သူ၏ရန်ငြိုးက ဂိုဏ်းဂဏကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသည့် ရန်လိုမှုသက်သက် မဟုတ်ပေ။

သူ၏ရန်ငြိုးထဲတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ နာကျည်းချက်များလည်း ရောယှက်နေခဲ့သည်။

သူ၏ တစ်ဦးတည်းသောသား ‘ဖုလောကျီ’ မှာ ရန်ကျောက်ကဲတို့အုပ်စု ခင်းကျင်းခဲ့သည့် နတ်ဘုရားသုတ်သင်အစီအရင်အောက်တွင် အသက်ပျောက်ခဲ့ရသည် မဟုတ်လား။

သားဖြစ်သူ ဆုံးပါးသွားပြီးနောက် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က တစ်ချိန်လုံး လက်တုံ့ပြန်ရန် ကြိုးစားနေခဲ့သော်လည်း ယနေ့ထိတိုင် အောင်မြင်မှု မရခဲ့ပေ။

ယခုတော့ တာအိုဝါဒ၏ စကြာဝဠာအသစ်သည်ပင် အားလုံး၏မျက်စိရှေ့တွင် ထင်ထင်ရှားရှား အခြေတည်လာခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် အနေဖြင့် တစ်စုံတစ်ခု မလှုပ်ရှားမီ သေချာစွာ စဉ်းစားချင့်ချိန်ရပေမည်။ သူ့လုပ်ရပ်က ပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည် မဟုတ်လား။

ထို့‌ကြောင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်အနေဖြင့် ရင်ထဲတွင် ဒေါသတရားများ ပြည့်နက်နေသည့်တိုင် အခြားသူများနည်းတူ နှုတ်ဆိတ်၍သာ နေလိုက်သည်။

အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူက ပါးစပ်ဟ၍ စကားဆိုလိုက်၏။

“ငါ အလယ်ပိုင်း သုခဘုံကိုသွားပြီးတော့ မီလဲ့ကိုယ်တော်ဆီကနေ စကြာမုနိဗုဒ္ဓရဲ့ သရီရဓာတ်တော်ကို အလဲအလှယ်လုပ်လို့ရမလား မေးကြည့်လိုက်မယ်”

သူက ဆက်ပြောလိုက်သည်။

“ချီထျန်းမဟာသူတော်စင်က စွမ်းအားကြီးမားတယ်ဆိုပေမယ့်... သူက အစစ်မှ မဟုတ်တာ ၊ ပြီးတော့ လက်ရှိမှာ စန်းချင်း(၃)ပါး အဆက်အနွယ်တွေအနေနဲ့ သူ့ရဲ့ မူလရုပ်ခန္ဓာကို ထုတ်ဖော်နိုင်စွမ်းရှိမှာ မဟုတ်သေးဘူး”

မဟာဂဠုန်၏ အက်ရှရှအသံထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ အထင်းသား ပေါ်လွင်နေသည်။

“မဟုတ်ဘူး... အချိန်အတော်ကြာတဲ့အထိ သူတို့တွေ ချီထျန်းမဟာသူတော်စင်ရဲ့ မူလရုပ်ခန္ဓာကို ထုတ်ဖော်နိုင်စွမ်းရှိမှာ မဟုတ်ဘူး”

တာအိုသခင် 'လုယာ' က သက်ပြင်းတစ်ချက်ချလိုက်ရင်း...

“မဟာမာရူယိရဲ့ စွမ်းအားက ငါတို့နတ်မိစ္ဆာတွေအတွက် အရေးပါတယ်ဆိုတာ မှန်ပါတယ် ၊ ဒါပေမဲ့ ချီထျန်းမဟာသူတော်စင် မရှိတဲ့တိုင်အောင် စန်းချင်းသုံးပါးအဆက်အနွယ်တွေကို ငါတို့တွေ လျှော့တွက်လို့မရဘူး”

သူက ခေါင်းခါယမ်းလျှက် ဆက်ပြောလိုက်သည်။

“တကယ်လို့ ယန်ကျန်းသာ မဟာမာရူယိနဲ့ တစ်ယောက်ချင်းတိုက်မယ်ဆိုရင်... သူ့အနေနဲ့ မဟာမာရူယိကို အနိုင်မရရင်တောင်မှ ချက်ချင်း အနိုင်အရှုံးပေါ်နိုင်မှာ မဟုတ်ဘူး ၊ နောက်တစ်ချက်က ငါ့ဆီမှာလည်း ယန်ကျန်းကိုတိုက်ဖို့ နတ်ဘုရားသတ်ဖြတ်ဓားပျံ မရှိတော့ဘူး”

“အဲဒီ ရန်ကျောက်ကဲဆိုတဲ့ ကောင်လေးက တကယ်ထူးခြားတယ် ၊ သူ ပေါ်လာတာ ခဏလေးပဲ ရှိသေးပေမယ့် နတ်ဘုရားသတ်ဖြတ်ဓားပျံကို ရင်ဆိုင်ဖို့ နည်းလမ်းတွေ စဉ်းစားထားပြီးပြီ ၊ သူက တစ်နေ့တခြား ပိုပြီး အကြောက်အရွံ့ကင်းမဲ့လာတယ်”

ထိုစကားကြားတော့ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏မျက်နှာက အေးစက်တင်းမာသွားသည်။

ခဏမျှတိတ်ဆိတ်သွားပြီးမှ သူက စကားဆိုလိုက်၏။

“ကြည့်ရတာ... ငါ့အစ်ကိုတစ်ယောက်တည်းနဲ့တင် သူတို့ကိုရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ တခြားသူတွေကူညီမယ်ဆိုရင်တော့ တာအိုဝါဒ ကျင့်ကြံသူတွေ ငါတို့လက်ကလွတ်နိုင်မှာ မဟုတ်ပါဘူး”

သူက လေးလံသည့်အသံဖြင့်...

“ငါတို့တွေသာ ဒီလောက်ကြီး မလောခဲ့ကြရင်... စန်းချင်းသုံးပါးအဆက်အနွယ်တွေ နတ်ဘုရားသုတ်သင်အစီအရင်ကို သိမ်းပိုက်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး”

“နတ်ဘုရားသုတ်သင်အစီအရင်သာမရှိရင် စန်းချင်းသုံးပါးအဆက်အနွယ်တွေ ငါတို့တိုက်စစ်ကို ခုခံနိုင်မှာ မဟုတ်ဘူး”

နတ်ဘုရားသုတ်သင်အစီအရင်၏ တည်ရှိမှုက တာအိုဝါဒ၏ အနေအထားကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ သို့သော် အခြားတစ်ဖက်မှကြည့်လျှင် ထိုအစီအရင်က တိုက်စစ်ထက် အရံအတားတစ်ခုသာ ဖြစ်သည်။

အထူးသဖြင့် အနည်းငယ်မျှသော တာအိုအဓိပတိများကြား ထားရှိခဲ့သော သဘောတူညီချက်များအတွက် ဖြစ်သည်။ ထိုသဘောတူညီချက်များက သူတို့အပေါ် အပြန်အလှန်ချည်နှောင်ထားခဲ့သည်။

ထိုချည်နှောင်မှုက တာအိုအဓိပတိများသာမက နတ်ဘုရားသုတ်သင်အစီအရင်အတွက်လည်း အကျုံးဝင်သည်။

တာအိုအဓိပတိများအနေဖြင့် တာအိုအဆင့်အောက် ကျင့်ကြံသူများ၏ ပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တားမြစ်ခံထားရသည်။

ထို့ကြောင့် လက်ရှိပြဿနာများအားလုံးက တာအိုအဆင့်အောက် ကျင့်ကြံသူများ၏ စွမ်းအားအပေါ်တွင်သာ မူတည်သည်။

တာအိုသခင် 'လုယာ' က တည်ငြိမ်စွာဖြင့်...

“ငါ ဒီကိုပြန်မရောက်ခင်ကတည်းက ကိုးဝိညာဉ်မဟာသူတော်စင်နဲ့ တခြားသူတွေကို ဒီကိုပြန်လာဖို့ အမိန့်ပေးခဲ့ပြီးပြီ”

သူက ဆက်ပြောလိုက်သည်။

“မငြိမ်းသောမီးအိမ် ရှေးဟောင်းဗုဒ္ဓလည်း လုံလောက်အောင် ဉာဏ်ကောင်းမယ်ဆိုရင် သူလည်း ငါတို့လိုလုပ်မှာပဲ”

“အလယ်ပိုင်းသုခဘုံနဲ့ အမတခုံရုံးကြားက စစ်ပွဲက ရှောင်လွှဲလို့မရနိုင်ဘူး ၊ ဒါပေမဲ့ နောက်ပိုင်း ဘာတွေပဲဖြစ်လာပါစေ... လောလောဆယ်မှာ အနောက်ဘက်သူတော်စင်ဘုံနဲ့ ငါတို့ကြားကတိုက်ပွဲကို ခဏရပ်ထားတာ ပိုကောင်းလိမ့်မယ်”

“စန်းချင်းသုံးပါး အဆက်အနွယ်တွေရဲ့ လက်ရှိအခြေအနေက ဆုံးဖြတ်ဖို့ စောလွန်းသေးတယ် ၊ ဒါကြောင့် အခုချိန်မှာ ဘာမှမလှုပ်ရှားသေးဘဲ အခြေအနေကို စောင့်ကြည့်ဖို့က အ‌ရေးကြီးဆုံးပဲ”

လုယာ၏စကားကိုကြားတော့ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ရင်ထဲ ခါးသက်သွားသည့်တိုင် အခြားနည်းလမ်းကို အကြံမပြုနိုင်ခဲ့ပေ။

သူတို့ စကားပြောဆိုနေချိန်မှာပင် ဆည်းဆာတိမ်တိုက်တစ်ခုက ချန်စန်းရှင်းဟိုင်၏ ကျယ်ပြန့်သော ကြယ်စင်စုများစွာကိုဖြတ်သန်းပြီး ထိုက်စုလွင်ပြင်ကောင်းကင်ဘုံသို့ ရောက်ရှိလာသည်။

မကြာခင်ပင် ထိုတိမ်တိုက်က ဖူစန်းနတ်သစ်ပင်နားသို့ ရောက်ရှိလာပြီး ကောင်းကင်ထက်မှ ဆင်းသက်လိုက်သည်။

တာအိုသခင် 'လုယာ'၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားသောမဟာနတ်မိစ္ဆာများရှိရာ သစ်ကိုင်းနားသို့ရောက်ရှိချိန်မှာတော့ ထိုဆည်းဆာတိမ်တိုက် လွင့်ပြင်သွားပြီး အရပ်မြင့်မြင့်နှင့် ခြင်္သေ့ဦးခေါင်းရှိသော လူသားတစ်ယောက်အသွင် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်အကောင်းဆုံးအချက်မှာ သူ၏ခန္ဓာကိုယ်ထက်တွင် မတူညီသည့် ခြင်္သေ့ခေါင်းကိုးလုံး မြှုပ်နှံထားခြင်း ဖြစ်သည်။

ထိုခြင်္သေ့ခေါင်းများက ရိုင်းစိုင်းကြမ်းတမ်းခြင်းမရှိဘဲ ခမ်းနားထည်ဝါပြီး မြင့်မြတ်သည့်အသွင်အပြင်ကို ဆောင်ထားသည်။

သို့သော် ထိုခြင်္သေ့ခေါင်းများတွင်ရှိနေသော မျက်လုံး(၁၈)လုံးကတော့ သွေးနီရောင်အလင်းတန်းများတောက်ပနေကာ အေးစက်သည့်အငွေ့အသက်များ စိမ့်ထွက်လျှက် ရှိ၏။

ထိုသူကား အခြားသူ မဟုတ်ပေ။

ယခင်က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ စီးတော်ဖြစ်ခဲ့ဖူးသော ခေါင်းကိုးလုံးပါရှိသည့် ခြင်္သေ့ကြီး “ကိုးဝိညာဉ်မဟာသူတော်စင်” ပင် ဖြစ်သည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင် သေဆုံးသွားခဲ့သော်လည်း ကိုးဝိညာဉ်မဟာသူတော်စင်ကတော့ ကံကောင်းထောက်မစွာဖြင့် အသက်ရှန်ကျန်ရစ်ခဲ့သည်။

သူက ချန်စန်းရှင်းဟိုင်သို့ ဝင်ရောက်လာသော်လည်း တံခါးပိတ်ကျင့်ကြံ၍သာနေထိုင်ခဲ့သည်။ မကြာခင်ကမှ လောကအလယ် ပြန်လည်ထွက်ပေါ်လာခြင်းပင်။

နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲ ဖြစ်ပွားနေစဉ် သူက ထိုတိုက်ပွဲတွင် ပါဝင်ခြင်းမရှိဘဲ နတ်မိစ္ဆာစစ်တပ်တစ်တပ်ကို ဦးဆောင်ကာ အနောက်ဘက်သူတော်စင်ဘုံမှ ကွမ်ယင်ဗောဓိသတ္တ၊ မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် အခြားသော ဗုဒ္ဓဘာသာကျင့်ကြံသူများကို ဆက်လက်တိုက်ခိုက်နေခဲ့သည်။

နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲ ပြီးဆုံးသွားချိန် ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သဖြင့် နတ်မိစ္ဆာများနှင့် အနောက်ဘက်သူတော်စင်ဘုံကြားမှ စစ်ပွဲသည်လည်း ခဏမျှ ရပ်တန့်သွားခဲ့သည်။

ထို့ကြောင့် ကိုးဝိညာဉ်မဟာသူတော်စင်သည်လည်း အခြားသော မဟာနတ်မိစ္ဆာများနှင့်အတူ ချန်စန်းရှင်းဟိုင်သို့ ပြန်လည်ဆုတ်ခွာလာခြင်း ဖြစ်၏။

တာအိုသခင်’လုယာ’ က သူ့ကိုကြည့်ပြီး မေးမြန်းလိုက်သည်။

“မင်းရဲ့ကိစ္စတွေကို အရှေ့ဧကရာဇ်ဆီ သတင်းပို့ပြီးပြီလား”

လူတစ်ပိုင်းခြင်္သေ့တစ်ပိုင်း နတ်မိစ္ဆာက တည်ငြိမ်စွာဖြင့်...

“သတင်းပို့ပြီးပါပြီ”

ထို့နောက် သူက တာအိုသခင်’လုယာ’ နှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကို တစ်လှည့်စီ ကြည့်လိုက်ပြီး...

“အခု ငါတို့က အနောက်ဘက်သူတော်စင်ဘုံနဲ့ ငြိမ်းချမ်းရေးယူလိုက်ပြီဆိုတော့... အုပ်စုနှစ်ခုပူးပေါင်းပြီး လမ်းမှန်တာအိုဝါဒကို တိုက်ခိုက်ကြမှာလား”

တာအိုသခင်’လုယာ’ က...

“စန်းချင်းသုံးပါးအဆက်အနွယ်တွေကို ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့က အချိန်စောပါသေးတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ လောလောဆယ်မှာတော့ အနောက်ဘက်သူတော်စင်ဘုံနဲ့ သွားမပတ်သက်နဲ့ဦး ၊ အမတခုံရုံးနဲ့ အလယ်ပိုင်းသုခဘုံကြားက အခြေအနေကို ဆက်ပြီးစောင့်ကြည့်ရဦးမယ်”

လုယာက ပြုံးလိုက်ပြီး...

“တကယ်လို့ သူတို့ကြားကကိစ္စကို ငါတို့လည်း ဝင်မစွက်ဘူး ၊ အ‌နောက်ဘက်သူတော်စင်ဘုံကလည်း ဝင်မပါဘူးဆိုရင် နောက်ဆုံးကျရင် အလယ်ပိုင်းသုခဘုံကပဲ အနိုင်ရသွားလိမ့်မယ်”

ဆည်းဆာရောင်တိမ်တိုက်များက ကိုးဝိညာဉ်မဟာသူတော်စင်၏ ခန္ဓာကိုယ်အား ပြန်လည်ဖုံးလွှမ်းသွားသည်။

သူက...

“မင်းတို့ ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ငါ့အနေနဲ့ ဘာမှဝင်မပြောလိုဘူး ၊ ဒါပေမဲ့ မင်းတို့တွေ လမ်းမှန်တာအိုဝါဒကို ဖိအားပေးဖို့ ကြံစည်နေရင်တော့ ငါ့ကို အဲဒီကိစ္စထဲ ဆွဲမထည့်နဲ့”

သူက ဆက်ပြောလိုက်သည်။

“ငါက ဘယ်ဘက်ကိုမှ ကူညီဖို့စိတ်ကူးမရှိဘူး ၊ အခု အနောက်ဘက်သူတော်စင်ဘုံကို သွားတိုက်ခိုက်တာကလည်း ငါ့ရဲ့မြေးတွေက တိုက်တိုင်းအောင်ဗုဒ္ဓ’စွန်းရှင်ကျေ’ ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရလို့ပဲ ၊ သူက အနောက်ဘက်သူတော်စင်ဘုံမှာနေတယ်ဆိုတော့ ငါက လက်စားချေဖို့ သွားတိုက်ခဲ့တာ”

တာအိုသခင် 'လုယာ' က ခေါင်းခါယမ်းရင်း...

“ကိစ္စမရှိဘူး ၊ မင်းအဆင်ပြေသလို လုပ်နိုင်ပါတယ်”

"ဒါဆို ငါသွားပြီ"

ထို့နောက် ကိုးဝိညာဉ်မဟာသူတော်စင်၏ ခန္ဓာကိုယ်က ဆည်းဆာရောင်တိမ်တိုက်များကြား ပျောက်ကွယ်သွားပြီး ဖူစန်းနတ်သင်ပင်မှ ပျံသန်းထွက်ခွာသွားတော့သည်။

ကိုးဝိညာဉ်မဟာသူတော်စင် ထွက်ခွာသွားပြီးနောက် လုယာက တည်ငြိမ်စွာပင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားသော မဟာနတ်မိစ္ဆာများဘက်သို့ လှည့်ကြည့်လိုက်သည်။

"အခုလောလောဆယ်တော့ စန်းချင်းသုံးပါးအဆက်အနွယ်တွေကို အဝေးကနေပဲ စောင့်ကြည့်ကြမယ် ၊ ဘာမှ အဆင်အခြင်မဲ့ လျှောက်မလုပ်ကြနဲ့”

ထိုစကားကြားတော့ မဟာနတ်မိစ္ဆာများမှာ လက်ရှိရလဒ်အပေါ် မကျေနပ်ကြသည့်တိုင် အောင့်အည်းသည်းခံနေလိုက်ကြသည်။

လက်ရှိအခြေအနေ မည်မျှအထိ မတည်မငြိမ်ဖြစ်နေကြောင်းကို သူတို့ကိုယ်တိုင်လည်း သိရှိကြသည်ပင်။ ထို့ကြောင့် တာအိုသခင် 'လုယာ' ၏ စကားကို လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လူစုခွဲလိုက်ကြ၏။

တာအိုသခင်’လုယာ’ က သစ်ပင်ထက်တွင် တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးများကိုမှေးမှိတ်လျှက် တစ်စုံတစ်ခုကို စဉ်းစားနေသည်။

အတန်ကြာမှ သူက မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

ထိုအချိန် ရွှေကျီးကန်းမဟာသူတော်စင် ပေါ်လာပြီး လုယာ၏ဘေးတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေလေသည်။

လုယာက ကောက်ရိုးရုပ်လေးတစ်ခုကို ထုတ်ယူလိုက်ပြီး...

"ဒါကို စန်းချင်းသုံးပါးအဆက်အနွယ်တွေဆီ ပေးလိုက်ပါ"

ထိုကောက်ရိုးရုပ်လေး၏ နဖူးထက်တွင် သံမှိုတစ်ချောင်းစိုက်ဝင်နေပြီး ခြောက်သွေ့နေသော သွေးမည်းကွက်များ စွန်းထင်းနေသည်။

“ဝူတန့်မယ်တော်က ဒီပညာရပ်အကြောင်းကို ကောင်းကောင်းသိတယ် ၊ ဒီပစ္စည်းက သူ့ဒဏ်ရာတွေကို ပိုပြီး မြန်မြန်ဆန်ဆန် သက်သာလာစေလိမ့်မယ်...”

ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။

“ပြီးတော့ သူစိတ်ဝင်စားမယ့်ပစ္စည်းတစ်ခု ငါ့လက်ထဲမှာ ရှိနေတယ်ဆိုတာကိုလည်း သတင်းပေးလိုက်ပါဦး”

ထို့နောက် တာအိုသခင်’လုယာ’ က ကောက်ရိုးရုပ်လေးကို ရွှေကျီးကန်းမဟာသူတော်စင်ထံသို့ ကမ်းပေးလိုက်သည်။

ရွှေကျီးကန်းမဟာသူတော်စင်သည် ထိုပစ္စည်းကို ရိုရိုသေသေ လက်ခံယူကာ ဖူစန်းနတ်သစ်ပင်ထက်မှ ပျံသန်းထွက်ခွာသွားသည်။

တာအိုသခင်’လုယာ’ က တစ်ချက်ပြုံးလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အရာအားလုံးက အရင်တုန်းကနဲ့ မတူတော့ဘူးဆိုမှတော့... ငါလည်း အမြင်ဟောင်းတွေနဲ့ပဲ ကြည့်နေလို့ မဖြစ်တော့ဘူး ၊ ဘာမှပြင်ဆင်မထားတာထက်ဆာရင် အစီအစဉ်လေးတစ်ခုလောက် ရှိထားတာက ပိုကောင်းတာပဲလေ”

***

အနောက်ဘက်သူတော်စင်ဘုံ ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေ။

ရှေးဟောင်းဗုဒ္ဓက ကွမ်ယင်ဗောဓိသတ္တ ၊ မိုးကြိုးလျှပ်စီးဗုဒ္ဓ၊ တိုက်တိုင်းအောင်ဗုဒ္ဓ ၊ အခြား‌သော ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် စည်းဝေးတိုင်ပင်လျှက် ရှိသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“အခုဆိုရင်... စန်းချင်းသုံးပါ အဆက်အနွယ်တွေက ငါတို့ထက်တောင်ပိုပြီး လွတ်လပ်သွားကြပြီ”

အခန်း (၁၆၂၂) ဗျူဟာမြောက်သဘောတူညီချက်များ

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ရှေ့တွင် အခြားသောဗုဒ္ဓများစွာ မတ်တတ်ရပ်နေကြသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ စကားကိုကြားတော့ သူတို့အားလုံး တိတ်ဆိတ်စွာပင် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိပြီးသည့်နောက် လမ်းမှန်တာအိုဝါဒက အခြားသောအင်အားစုများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။

သူတို့အနေဖြင့် ပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း ကပ်ဘေးကျရောက်မည့်အချိန်ကို သည်းခံစောင့်ဆိုင်းနေစရာ မလိုတော့ပေ။

လက်ရှိတွင် သူတို့အနေဖြင့် စိတ်တိုင်းကျ ထိုးစစ်ဆင်နိုင်သလို ခံစစ်စွမ်းအားကိုလည်း အမြင့်ဆုံးအထိ မြှင့်တင်ထားနိုင်ပေပြီ။

တိုက်စစ်ဆင်မည်လား ခံစစ်ဆင်မည်လားဆိုသည့်အချက်ကိုလည်း ရွေးချယ်နိုင်သည့်အခွင့်အရေး ရရှိခဲ့ကြပြီ ဖြစ်သည်။

သူတို့အနေဖြင့် အခြေအနေအရ ရေလိုက်ငါးလိုက် လုပ်ဆောင်နေရသောအဆင့်မှ မိမိတို့ကိုယ်တိုင် ရှေ့ထွက်ပြီး ဦးဆောင်နိုင်သည့်အဆင့်သို့ ရောက်ရှိသွားပေပြီ။

သူတို့ တိုက်စစ်ဆင်လိုပါက အစီအစဉ်များရေးဆွဲကာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သလို ခံစစ်ကိုရွေးချယ်ပါကလည်း အခြေအနေကိုစောင့်ကြည့်ရင်း ပိုမိုတိုးတက်လာစေရန် အာရုံစိုက်နိုင်ပြီ ဖြစ်သည်။

သူတို့က အမတခုံရုံး သို့မဟုတ် အဖြူရောင်ကြာပန်းသုခဘုံတို့နှင့် မတူညီပေ။

ထိုအင်အားစုနှစ်ခုက သူတို့၏အင်အားတိုးတက်ရန်အတွက် နယ်မြေသစ်များရှာဖွေရသလို ယုံကြည်ခြင်းစွမ်းအား ပိုမိုရရှိစေရန်အတွက် လူဦးရေတိုးပွားအောင်လည်း လုပ်ဆောင်ကြရသည်။

ထို့ကြောင့် အင်အားစုနှစ်ခုကြား မလွဲမသွေ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်ခဲ့ရသည်။

သူတို့လျှောက်လှမ်းသည့်လမ်းစဉ်ချင်း တူညီနေခြင်းကပင် သူတို့အား အဓိကပြိုင်ဘက်များ ဖြစ်လာစေခဲ့သလို ပန်းတိုင်တစ်ခုတည်းကို ရောက်ရှိရန် ကြိုးပမ်းနေသည့် ရန်သူများအဖြစ် ကံကြမ္မာက သတ်မှတ်ပေးထားခဲ့သည်။

အုပ်စုနှစ်ခု စစ်ဖြစ်ခြင်းက ယုံကြည်သူတို့၏စွမ်းအားကို ပိုမိုခိုင်မာအောင် စုစည်းပေးနိုင်စွမ်း ရှိသည်။

ထို့ကြောင့်ပင် ပြင်ပကျင့်ကြံသူ အုပ်စုနှစ်စုကြား နှစ်ပေါင်းတစ်ရာလျှင်တစ်ကြိမ် စစ်ပွဲဆင်နွှဲခြင်း ဖြစ်သည်။ အနိုင်အရှုံး ပြတ်သားခြင်းမရှိလျှင်တောင်မှ ထိုစစ်ပွဲကို မဖြစ်မနေ တိုက်ခိုက်ကြသည်ပင်။

အကြောင်းအမျိုးမျိုးကြောင့် အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့၏တိုက်ပွဲ အဆုံးအဖြတ်ပေးမည့် အခြေအနေသို့ ရောက်ရှိလာပါက အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့က လျစ်လျူရှုထားကြမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ယခင်က ပုန်းလျှိုးကွယ်လျှိုးဖြင့် ခက်ခဲစွာ ရှင်သန်ခဲ့ရသော လမ်းမှန်တာအိုဝါဒက ယခု နတ်ဘုရားသုတ်သင်အစီအရင်ကို ပိုင်ဆိုင်သွားပြီဖြစ်ရာ မည်သည့်ဘေးထွက်ဆိုးကျိုးကိုမှ စိုးရိမ်စရာမလိုဘဲ ဘေးမှနေ၍ သိက္ခာရှိရှိ စောင့်ကြည့်နိုင်ခွင့် ရရှိသွားပေပြီ။

အနောက်ဘက်သူတော်စင်ဘုံ ၊ နတ်မိစ္ဆာမျိုးနွယ်တို့နှင့် ယှဉ်လျှင်ပင် လမ်းမှန်တာအိုဝါဒက ပို၍လွတ်လပ်ပြီး အသာစီးရသည့် အနေအထားသို့ ရောက်ရှိသွားသည်။

မိုးကြိုးလျှပ်စီးဗုဒ္ဓက...

"ခြေလှမ်းတစ်လှမ်း မှားတာနဲ့ အမှားတွေ ဆက်တိုက် ဖြစ်လာတော့တာပဲ"

သူက ဆက်ပြောလိုက်သည်။

“ငါတို့တွေ စန်းချင်း(၃)ပါး အဆက်အနွယ်တွေကို လျှော့ပေးမိတာ အရမ်းများသွားခဲ့တယ် ၊ အခုချိန်မှာ နတ်မိစ္ဆာတွေနဲ့ပေါင်းပြီး သူတို့ကို ဖိနှိပ်မယ်ဆိုရင်တောင် မဖြစ်နိုင်တော့ဘူး”

ဟုတ်ပေ၏။

သူတို့ လက်ခံနိုင်သည်ဖြစ်စေ ၊ လက်မခံနိုင်သည်ဖြစ်စေ လက်ရှိတွင် လမ်းမှန်တာအိုဝါဒက အနောက်ဘက်သူတော်စင်ဘုံ ၊ ချန်စန်းရှင်းဟိုင်စကြာဝဠာတို့နှင့် တန်းတူအင်အားကြီးမားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်နေပေပြီ။

လမ်းမှန်တာအိုဝါဒကို အမြစ်ပြတ်ချေမှုန်းရန် အချင်းချင်းပူးပေါင်းကြမည်ဆိုလျှင်တောင်မှ ထိုအတွက် ပေးဆပ်ရမည့်တန်ဖိုးနှင့် နောက်ဆက်တွဲဆိုးကျိုးများက အလွန်တရာ ကြီးမားလှသည်။

အဓိကပြဿနာမှာ ထိုဆိုးကျိုးများကို မည်သူက တာဝန်ခံပါမည်နည်း။

မည်သည့်အင်အားစုကမှ ထိုဝန်ထုပ်ဝန်ပိုးကို မထမ်းဆောင်လိုကြသလို ထမ်းဆောင်နိုင်စွမ်းလည်း မရှိကြပေ။

လမ်းမှန်တာအိုဝါဒကို တိုက်ခိုက်သည့် အင်အားစုများအနေဖြင့် လမ်းမှန်တာအိုဝါဒနှင့်အတူ ပျက်ဆီးမသွားဘဲ ဆက်လက်ရှင်သန်နိုင်လျှင်တောင်မှ တိုက်ပွဲအပြီး အထိနာနေသော အင်အားစုများကို အခြားအင်အားစုများက ဝိုင်းဝန်းဖိအားပေးသဖြင့် နောက်ဆုံးတွင် ပျက်ဆီးခြင်းသို့သာ ဦးတည်သွားနိုင်သည်။

အမှန်တော့ အင်အားစုများအားလုံးက ပြိုင်ဘက်ရန်သူများသာ ဖြစ်ကြသည် မဟုတ်ပါလား။

“ဒီလိုဖြစ်ရတာ ငါ့ရဲ့ လောဘကြောင့်ပါပဲ ၊ နတ်ဘုရားသုတ်သင်အစီအရင် တစ်ခုလုံးကို ရယူချင်တဲ့ ငါ့ရဲ့လောဘကြောင့် ဒီလိုရလဒ်မျိုး ဖြစ်လာရတာပဲ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူ၏အမှားကို ပွင့်လင်းစွာ ဝန်ခံလိုက်သည်။

“အင်း... လောဘ ၊ ဒေါသ ၊ မောဟဆိုတဲ့ အဆိပ်သုံးပါကနေ ငါကိုယ်တိုင်တောင် ရုန်းမထွက်နိုင်သေးပါလား”

မိုးကြိုးလျှပ်စီးဗုဒ္ဓက ခေါင်းခါယမ်းလိုက်ပြီး...

"ရှေးဟောင်းဗုဒ္ဓ၊ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အပြစ်မတင်ပါနဲ့ ၊ ဘာပဲဖြစ်ဖြစ်... အမတခုံရုံးနဲ့ အဖြူရောင်ကြာပန်းသုခဘုံကြားက ပဋိပက္ခကိုတော့ ဆက်ပြီးထိန်းချုပ်ထားရလိမ့်မယ် ၊ မဟုတ်ရင် စန်းချင်း(၃)ပါး အဆက်အနွယ်တွေ အခွင့်အရေး ပိုရသွားလိမ့်မယ် ၊ ငါ့အမြင်တော့ ငရဲကိုးထပ်ကပ်ဘေးကို အရင်ဖြတ်ကျော်ပြီး နတ်ဆိုးတွေကို ရှင်းထုတ်ပစ်ရမယ် ၊ နောက်မှ အဲဒီ ရွံစရာကောင်းတဲ့ ပြင်ပကျင့်ကြံသူတွေကို ကိုင်တွယ်ကြတာပေါ့”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့... အဖြူရောင်ကြာပန်းသုခဘုံနဲ့ယှဉ်ရင် အမတခုံရုံးက အရမ်းကို အားနည်းနေသေးတယ်”

သူ့စကားဆုံးသွားသည်နှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ လက်အုပ်ချီလိုက်ပြီး...

“အော်မီတော်ဖော်...”

ဟု ရွတ်ဆိုလိုက်ကြသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သက်ပြင်းချရင်း ပြုံးလိုက်ပြီး...

“ဘာပဲဖြစ်ဖြစ် ငါတို့က ဒီတိုက်ပွဲထဲကို နောက်ကျမှ ဝင်ပါခဲ့တာလေ ၊ အခုလက်ရှိအခြေအနေက ငါတို့အတွက် အတော်လေး ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်”

သူက ဆက်ပြောလိုက်သည်။

“မီလဲ့ကိုယ်တော်ရဲ့လက်ထဲမှာ အရင်က စကြာမုနိဗုဒ္ဓချန်ထားခဲ့တဲ့ သရီရဓာတ်တော်ရှိနေတယ် ၊ တကယ်လို့ သူတို့သာ မဟာမာရူယိကို စည်းရုံးနိုင်မယ်ဆိုရင် အမတခုံရုံး ပျက်ဆီးသွားလိမ့်မယ်”

ကွမ်ယင်ဗောဓိသတ္တက...

“မဟာမာရူယိကို ရင်ဆိုင်တဲ့အခါ ကြာပန်းစိမ်းရတနာအလံက ငါတို့ကို ကူညီပေးနိုင်တယ် ၊ ဒါပေမဲ့ သတိတော့ ထားရလိမ့်မယ် ၊ တစ်ချက်မှားတာနဲ့ တစ်ခုလုံး ပြိုလဲသွားနိုင်တယ်လေ”

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ကဲ့သို့ပင် ကြာပန်းစိမ်းရတနာအလံသည်လည်း မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးစွမ်းအားကို ပယ်ဖျက်နိုင်စွမ်းရှိသည်။

သို့သော် ခံစစ်ဘက်တွင်ရှိနေသည်ဖြစ်ရာ တိုက်စစ်ဆင်နိုင်စွမ်းကို ဆုံးရှုံးရမည်သာပင်။

အခြားသောရန်သူများနှင့် ရင်ဆိုင်ရပါက ဤခံစစ်စွမ်းအားက ဘေးအန္တရယ်မှ ကာကွယ်ရန် လုံလောက်ကောင်း လုံလောက်နိုင်သည်။

သို့သော် မဟာမာရူယိကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရပါက အနည်းငယ် ပေါ့ဆမိသည်နှင့် သူတို့၏အစီအရင် ချက်ချင်းပြိုကွဲသွားနိုင်ပြီး ခံစစ်စွမ်းအားကိုပါ ဆုံးရှုံးသွားနိုင်သည်။

မငြိမ်းသောမီးအိမ် ရှေးဟောင်းဗုဒ္ဓက...

“ငါတို့လက်ထဲမှာ မဟာမာရူယိကို ခုခံနိုင်တဲ့ ကြာပန်းစိမ်းရတနာအလံ ရှိနေတာကိုသိထားတော့ အဖြူရောင်ကြာပန်းသုခဘုံအနေနဲ့ သူတို့ရဲ့အခွင့်အရေးကို ဒီအတိုင်း အလဟသ ဆုံးရှုံးခံမှာ မဟုတ်ဘူး”

သူက ဆက်ပြောလိုက်သည်။

“အမတခုံရုံးက အဖြူရောင်ကြာပန်းတွေနဲ့ယှဉ်ရင် အားနည်းတယ်လို့ထင်ရပေမယ့် သူတို့သာ ဆက်ပြီး မယိမ်းမယိုင်နဲ့ ခိုင်ခိုင်မာမာ တည်ဆောက်မယ်ဆိုရင် မီလဲ့ကိုယ်တော်အနေနဲ့ သူတို့ရဲ့အားနည်းချက်ကို ရှာဖွေဖို့ အတော်လေးခက်ခဲလိမ့်မယ်”

“ဒါပေမဲ့... စန်းချင်း(၃)ပါး အဆက်အနွယ်တွေ ပြဿနာရှာမှာကိုတော့ ငါတို့တွေ သတိကြီးကြီးထားရလိမ့်မယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူ့ရှေ့တွင်ရှိနေသည့် ဗုဒ္ဓဘာသာကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်သည်။

"ချီထျန်းမဟာသူတော်စင်ကတော့ လောလောဆယ် ပေါ်လာဦးမှာ မဟုတ်ဘူး၊ ငါတို့ အဓိက စိုးရိမ်ရမှာက ယန်ကျန်း၊ စောမင်ကျန့်နဲ့ ဖန်းယွင်ရှန်းတို့ပဲ...”

ယန်ကျန်းကတော့ ပြောနေစရာမလိုပေ။

ထူးခြားသည့်တန်ခိုးစွမ်းအားကိုပိုင်ဆိုင်သော ချီထျန်းမဟာသူတော်စင်ကို ဖယ်လိုက်လျှင် “ယန်အော့လန်” ဆိုသည်က တာအိုဝါဒ၏ စွမ်းအားအကြီးမားဆုံး ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သည်။

သူက တာအိုအဆင့်သို့တက်လှမ်းရန်အတွက် ရွှမ်တုကိုယ်တော်လောက် နီးစပ်ခြင်းမရှိသေးသော်လည်း တန်ခိုးစွမ်းအားကတော့ များစွာသာလွန်သည်။

တကယ်တော့ သူက မဟာမာရူယိနှင့် ယှဉ်ပြိုင်လျှင်ပင် အနိုင်ရနိုင်ခြေ များသောသူ ဖြစ်၏။

လက်ရှိအချိန်ထိ ကျန်ရှိနေသူများထဲတွင် ယန်ကျန်း ၊ ချီထျန်းမဟာသူတော်စင်နှင့် မဟာမာရူယိတို့က တာအိုအဆင့်အောက် ကျင့်ကြံသူများထဲတွင် စွမ်းအားအကြီးမားဆုံး ထိပ်သီး(၃)ယောက် ဖြစ်ပေသည်။

စောမင်ကျန့်က မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ပင်လယ်ငြိမ်သက်ပုလဲ (၂၄)လုံးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့သဖြင့် ကမ္ဘာပေါ်တွင် နောက်တစ်ကြိမ် နာမည်ကြီးသွားခဲ့သည်။

သူက ကောင်းကင်နတ်ဘုရားအဆင့် တက်လှမ်းခဲ့သည်မှာ ရာစုနှစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း ထိုသို့သော ကြီးမားသည့်စွမ်းအားကို ပိုင်ဆိုင်ထားသည် မဟုတ်လား။

ဖန်းယွင်ရှန်းက ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း(၅၀) ပင် မပြည့်သေးပေ။

သို့သော် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် ယွမ်ဟုန်ကဲ့သို့သော ရှေးဟောင်းတန်ခိုးစွမ်းအားရှင် အကျော်အမော်များကိုပင် မကြောက်မရွံ့ ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။

သူမက စောမင်ကျန့်ပြုလုပ်ခဲ့သည့် အံ့သြဖွယ်ရာစွမ်းဆောင်ရည်များကို ထပ်မံပုံတူကူးချပြနေသကဲ့သို့ ဖြစ်၏။

ဖန်းယွင်ရှန်း၏ တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်မှု အတတ်ပညာကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

သူမက အမှောင်ရိပ်ထဲတွင်ပုန်းကွယ်ပြီး ရန်သူများကို သုတ်သင်သည့်ပညာရပ်တ်ွင် အလွန်ပင် ကျွမ်းကျင်သည်။

ဤအချက်ကြောင့်ပင် သူမ၏ ခြိမ်းခြောက်နိုင်စွမ်း ပိုမိုမြင့်မားလာခဲ့ပြီး အခြားသူများက သူမကို ပိုပြီး သတိထားလာကြသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“အဲဒီ (၃)ယောက်အပြင် ရန်ကျောက်ကဲတို့ သားအဖကလည်း ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို တက်သွားကြပြီ”

ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်က...

“ဒီကိစ္စကို သိထားပါတယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

မဟာဉာဏ်အလင်းဗောဓိသတ္တက...

"အမတခုံရုံးက ငရဲကိုးထပ်ကို တိုက်ခိုက်ဖို့ စွန့်စားပြီး ကြံစည်နေတာမျိုးများ ဖြစ်နိုင်မလား"

ဟုတ်ပေ၏။

ငရဲကိုးထပ်မှ နတ်ဆိုးများကိုလည်း ယုံကြည်ခြင်းအလင်းတန်းဖြင့် သိမ်းသွင်း၍ရနိုင်သည် မဟုတ်လား။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင် လုယာ၊ ရွှမ်တုကိုယ်တော်နှင့် ငရဲကိုးထပ်က တစ်ယောက်ကိုတစ်ယောက် အခွင့်အရေးများပေးခဲ့ကြသည်။

နောက်ဆုံး အဆုံးအဖြတ်ပေးမည့်အချိန် ရောက်လာမည့်ရက်ကိုလည်း အားလုံးက စောင့်ဆိုင်းလျှက် ရှိကြသည်။ သူတို့အားလုံးက ရရှိလာမည့် ကြီးမားသောအခွင့်အရေးကို အရယူရန် ဆုံးဖြတ်ထားကြသည်။

သို့ပေသိ အမတခုံရုံးက ထိုကိစ္စတွင် စိတ်ဝင်စားမှု မရှိပေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...

“အခုဆိုရင် စန်းချင်း(၃)ပါး အဆက်အနွယ်တွေက အားနည်းတဲ့သူတွေ မဟုတ်တော့ဘူး ၊ ငရဲကိုးထပ်ကလည်း ဖိနှိပ်ဖို့ လွယ်ကူတဲ့နေရာတစ်ခု မဟုတ်ဘူး ၊ ဒီတော့ ငါတို့သာ အကူအညီမပေးဘူးဆိုရင် အမတခုံရုံးက ငရဲကိုးထပ်ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး”

မိုးကြိုးလျှပ်စီးဗုဒ္ဓက...

“ဘာပဲဖြစ်ဖြစ် ငါတို့အနေနဲ့ ငရဲကိုးထပ်ကို သတိထားဖို့တော့ လိုတယ်”

သူက ဆက်ပြောလိုက်သည်။

"တာအိုသခင်’လုယာ’ ၊ ရှေးဟောင်းဗုဒ္ဓနဲ့ တခြားသူတွေက အစီအမံတွေ လုပ်ထားပြီးပြီဆိုပေမယ့် ငရဲကိုးထပ်က အဲဒီအပေါ်မှာ အခွင့်အရေးရသွားမှာကို သတိထားရမယ် ၊ ငါတို့ဘက်က နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့ စန်းချင်း(၃)ပါး အဆက်အနွယ်တွေတုန်းကလို အမှားမျိုးထပ်ဖြစ်သွားနိုင်တယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“မင်းပြောတာ မှန်ပါတယ် ၊ ငါ သေချာသတိထားပါ့မယ်”

စကားလက်စသတ်ပြီးနောက် ဗုဒ္ဓဘာသာကျင့်ကြံသူများ နှုတ်ဆက်ထွက်ခွာသွားကြသည်။

ကွမ်ယင်ဗောဓိသတ္တက ထွက်ခွာသွားသော တိုက်တိုင်းအောင်ဗုဒ္ဓ၏ ကျောပြင်ကို ကြည့်နေပြီးမှ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓဘက်သို့ လှည့်ကြည့်လိုက်သည်။

သူက တစ်စုံတစ်ခုပြောရန်ဟန်ပြင်လိုက်သော်လည်း စကားလုံးများက လည်ချောင်းဝမှာပင် တစ်ဆို့နေပြီး အပြင်သို့ထွက်မလာခဲ့ပေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“ကွမ်ယင်ဗောဓိသတ္တ... မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ် ၊ ဒါပေမဲ့ အမြစ်ပြတ် မချေမှုန်းနိုင်ဘူးဆိုရင် သူတို့နဲ့ ရန်သူမဖြစ်တာက အကောင်းဆုံးပဲ မဟုတ်လား”

သူက ဆက်ပြောလိုက်သည်။

"တကယ်တော့ စန်းချင်း(၃)ပါးအဆက်အနွယ်တွေနဲ့ အမတခုံရုံးကြားက ပဋိပက္ခက စေ့စပ်ညှိနှိုင်းလို့ မရနိုင်တော့ဘူး ၊ ဒါပေမဲ့ အခွင့်အရေးကြုံလာရင် ငါတို့လည်း စန်းချင်း(၃)ပါး အဆက်အနွယ်တွေကို အကူအညီတောင်းလို့ရတာပဲ ၊ မဟာမာရူယိတို့လည်း အတူတူပဲပေါ့ ၊ ငါတို့အားလုံး အကျိုးစီးပွားအတွက်ဆိုရင် အပေးအယူတွေ လုပ်ကြရမှာပဲ”

ရှေးဟောင်းဗုဒ္ဓ သက်ပြင်းချလိုက်သည်။

သူ၏လက်ရှိအတွေးအမြင်က ချန်စန်းရှင်းဟိုင်မှ တာအိုသခင်’လုယာ’၏ အတွေးနှင့် ထပ်တူကျနေသည်။

“အခြေအနေတွေက ပြောင်းလဲသွားပြီ ၊ ငါတို့တွေ စန်းချင်း(၃)ပါး အဆက်အနွယ်တွေကို ဆက်ပြီး ဖိနှိပ်ထားလို့ မရတော့ဘူး ၊ ဒီတော့ ငါတို့ရဲ့ချဉ်းကပ်ပုံကို ပြောင်းလဲရတော့မယ်”

All Chapters