အခန်း (၁၆၂၃-၁၆၂၄)
Vol. 116 Ch. 1623-1624
အခန်း (၁၆၂၃) ကြီးပွားတိုးတက်ခြင်းတွေ ရောက်ရှိလာတော့မယ်
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကွမ်ယင်ဗောဓိသတ္တအားကြည့်ရင်း ပြုံးလျှက် စကားဆိုလိုက်သည်။
“တကယ်လို့ ငါကိုယ်တိုင် လူလုံးထွက်ပြလိုက်မယ်ဆိုရင် အခြေအနေတွေက အဆင်မပြေတဲ့ဘက်ကို ဦးတည်သွားလိမ့်မယ် ၊ ဒါကြောင့် စန်းချင်း(၃)ပါးအဆက်အနွယ်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ”
သူက ဆက်ပြောလိုက်သည်။
“နောင်အနာဂတ်မှာ ငါတို့တွေ အတူတူလက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်”
ကွမ်ယင်ဗောဓိသတ္တက သက်ပြင်းချရင်း ခေါင်းခါယမ်းလျှက် နေရာမှ ထွက်ခွာသွားသည်။ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကက ထွက်ခွာသွားသော သူ့ကျောပြင်ကိုကြည်ရင်း ကျန်ရစ်ခဲ့သည်။
ထို့နောက် ရောင်စဉ်ငါးသွယ်ဖြာထွက်နေသည့် ပုလဲလုံး (၁၈)လုံးက သူ့ရှေ့တွင် ပေါ်လာသည်။
ရှေးဟောင်းဗုဒ္ဓက ကျန်ရှိနေသည့် ပင်လယ်ငြိမ်သက်ပုလဲ လေးပုံသုံးပုံကိုကြည့်ရင်း ခေါင်းတစ်ချက်ခါယမ်းကာ မချိပြုံးပြုံးလိုက်၏။
ထို့နောက် သူက ပင်လယ်ငြိမ်သက်ပုလဲများကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ကြာပလ္လင်ထက်တွင်ထိုင်နေသော မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏မျက်နှာအမူအရာက ပြန်လည်တည်ငြိမ်သွားသည်။ သူ၏မျက်ဝန်းများသည်လည်း တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။
ခဏအကြာမှာတော့ သူက မျက်လုံးများကို မှေးမှိတ်လိုက်ပြီး သေဆုံးသူတစ်ယောက်ပမာ ငြိမ်သက်တိတ်ဆိတ်သွားတော့သည်။
စန်းချင်း(၃)ပါးအဆက်အနွယ်များက တာအိုဝါဒ စကြာဝဠာများကို တည်ထောင်လိုက်ကြသည့်တိုင် အနောက်ဘက်သူတော်စင်ဘုံနှင့် ချန်စန်းရှင်းဟိုင်တို့က တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသည်။
တစ်ချိန်က လမ်းမှန်တာအိုဝါဒကို အားတက်သရော ဖိနှိပ်ခဲ့ကြသော အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့သည်လည်း မည်သည့်ကန့်ကွက်မှုမှ မပြုလုပ်ခဲ့ကြပေ။
လမ်းမှန်တာအိုဝါဒနှင့် သက်ဆိုင်သည့် စကြာဝဠာ(၃)ခုက အဆုံးမရှိဗလာနယ်ထဲတွင် ပေါ်ပေါ်ထင်ထင်ပင် တည်ရှိနေကြသော်လည်း အခြားသော အင်အားစုများအားလုံးက လျစ်လျူရှုထားကြဟန်ပင်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကာလနှင့် နှိုင်းယှဉ်ပါက ယခုလက်ရှိ တာအိုစကြာဝဠာ၏ အခြေအနေမှာ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့ စတင်တည်ထောင်စဥ်ကကဲ့သို့ သွေးချောင်းစီးတိုက်ပွဲပေါင်းများစွာဖြင့် ရင်ဆိုင်ရခြင်း မရှိတော့ပေ။
အခြေအနေက လုံးဝ ကွဲပြားခြားနားသွားခဲ့ပေပြီ။
မဟာကပ်ဘေးကြီးအတွင်း လမ်းမှန်တာအိုဝါဒ ကြုံတွေ့ခဲ့ရသည့် မှောင်မိုက်သော ခေတ်ဆိုးကြီးကို ကျော်ဖြတ်ပြီးနောက် မျိုးဆက်ပေါင်းများစွာ အသက် ၊ သွေး ၊ ချွေးများ ပေးဆပ်ကြိုးပမ်းခဲ့ကြရသည်။
ယခုတော့ စိတ်အေးလက်အေး အနားယူနိုင်မည့် နေရာတစ်ခု ရရှိခဲ့ကြပေပြီ။
လက်ရှိအခြေအနေက လမ်းမှန်တာအိုဝါဒအတွက် အင်အားပိုမိုကြီးမားလာစေရန် ဆောင်ရွက်ရမည့် အကောင်းဆုံးအခွင့်အရေးပင် ဖြစ်သည်။
ကျောက်စိမ်းစမ်းချောင်းကမ္ဘာကဲ့သို့ လျှို့ဝှက်ဆိတ်ငြိမ်သော နေရာမျိုးက အလွန်ပင် ရှားပါးလှ၏။ အချိန်အတော်များများတွင် တာအိုဝါဒကျင့်ကြံသူများမှာ ပဋိပက္ခများကြားတွင်သာ ခက်ခဲစွာ ရှင်သန်ခဲ့ကြရသည်။
လီရှင်းပါ့ နှင့် သွေးနီမြူခိုးတာအိုဆရာတို့ကဲ့သို့ လေလွင့်နေသည့် တစ်ကိုယ်တော်ကျင့်ကြံသူများကိုတော့ လိုက်လံဖမ်းဆီးရန်ခက်ခဲလှသည်။
သို့သော် ထိုသို့သောသူများအတွက် ခိုင်မာသော အခြေအမြစ်တည်ဆောက်ရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။
တကယ်တော့ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများအတွက် လူသူဝေးရာတွင် တစ်ကိုယ်တည်းနေထိုင်ခြင်းက ပြဿနာ မရှိနိုင်သော်လည်း မိမိတို့ အဆက်အနွယ်များအတွက် တပည့်သားမြေးများစုဆောင်းမည်ဆိုလျှင် လူသားတို့အခြေချရာ လူ့လောကထဲသို့ ပြန်လည်ဝင်ရောက်ကြရမည် ဖြစ်သည်။
တပည့်သားမြေးများ များပြားမှသာ ထူးချွန်ထက်မြက်သည့်ပါရမီရှင်များ ထွက်ပေါ်လာနိုင်မည် မဟုတ်လား။ ထိုသို့သော ပါရမီရှင်များ စဉ်ဆက်မပြတ် ထွက်ပေါ်လာရန်မှာလည်း ခိုင်မာသော အခြေခံအုတ်မြစ်ရှိရန် လိုအပ်ပေသည်။
ယနေ့မှာတော့ လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများအနေဖြင့် ထိုပြဿနာအတွက် စိုးရိမ်စရာ မလိုတော့ပေ။
စောမင်ကျန့်၊ တောင်ပိုင်းချန်စန်းဧကရာဇ်၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်၊ ဝူတန့်မယ်တော်နှင့် အခြားသော တာအိုဝါဒကောင်းကင်ဘုံအရှင်များသည်လည်း အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် လွင့်မျောလျှက် ပုန်းအောင်းနေထိုင်ရန် မလိုအပ်တော့ပေ။
သူတို့၏ ကျောက်ဂူအိမ်တော်များဖြင့် အတည်တကျ အေးချမ်းစွာနေထိုင်ပြီး သူတို့သိမြင်သည့် သိုင်းပညာရပ်များကို ပို၍လက်ဆင့်ကမ်းပေးနိုင်ပေတော့မည်။
တာအိုဝါဒတွင် လူဦးရေ ပိုမိုများပြားလာခြင်းက ပိုမိုကျယ်ပြန့်သော အင်အားတစ်ခုကို ဖြည်းဖြည်းချင်း တည်ဆောက်ယူနိုင်မည့် အဓိပ္ပါယ်ဖြစ်သည်။
ယခု တာအိုဝါဒ ကျင့်ကြံသူများအနေဖြင့် စကြာဝဠာများတည်ထောင်နေထိုင်သည်ဆိုသော်လည်း လုံးဝ ဘေးကင်းသည်တော့ မဟုတ်သေးပေ။
သို့သော် အခြားသူများ ဝိုင်းဝန်းတိုက်ခိုက်မည်ကို ကြောက်ရွံ့ကာ ပုန်းအောင်းနေစရာတော့ မလိုတော့လေရာ ရင်းမြစ်ပစ္စည်းနှင့် ရတနာပစ္စည်းများကို စိတ်ကြိုက်ရှာဖွေနိုင်ပြီ ဖြစ်သည်။
ရန်သူနှင့်ရင်ဆိုင်ရလျှင် အနိုင်ရမရ မသေချာသော်လည်း အနည်းဆုံးတော့ မိမိတို့ အရည်အချင်းကိုသုံးကာ ဗြောင်ကျကျ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေပြီ။
နောက်ခံအင်အားမရှိသဖြင့် ထိပ်တန်းအဆင့် ရန်သူတော်များ ရုတ်တရက် ရောက်ရှိလာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ယခင်က အခြားအင်အားစုများထံမှလာသော အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ တာအိုအဓိပတိများ ဖြစ်သည်။
တာအိုဝါဒကျင့်ကြံသူများဘက်တွင် ဦးဆောင်မည့် တာအိုအဓိပတိ တစ်ယောက်မှမရှိသဖြင့် အလွန်ပင်အကျပ်ရိုက်သည့် အနေအထားတွင် ရှိခဲ့ရသည်။
လက်ရှိအချိန်ထိ တာအိုအဓိပတိတစ်ပါး မရှိသေးသော်လည်း နတ်ဘုရားသုတ်သင်အစီအရင်ကို ပိုင်ဆိုင်ထားသဖြင့် အခြေအနေက လုံးဝပြောင်းလဲသွားခြင်း ဖြစ်၏။
ရှောက်ကျွင်းဟွမ်၏ ရုပ်အလောင်းမှ ပြောင်းလဲသွားသည့် ချန်းဟွာသစ်ပင်ကြီးအား စောမင်ကျန့် ယူဆောင်သွားပြီးနောက် ရန်ကျောက်ကဲတို့အုပ်စု၏ ခံစားချက်များစွာဖြင့် ကျန်ရစ်ခဲ့ကြသည်။
ယခုလက်ရှိအခြေအနေက မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် တာအိုဝါဒ ဘိုးဘေးများ ၊ အကြီးအကဲများအားလုံး တောင့်တခဲ့ကြသည့် အခြေအနေဖြစ်သည်။
ရှောင်ကျွင်းဟွမ်ကဲ့သို့သော သူများသည် ဤသို့သောအခြေအနေသို့ ရောက်ရှိလာစေရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
မိုင်တစ်သောင်းခရီးသည် ခြေလှမ်းတစ်လှမ်းမှ စတင်သည်ဟု ဆိုရမည်။
မျိုးဆက်ပေါင်းများစွာ၏ ကြိုးပမ်းအားထုတ်မှုများကြောင့်သာ မျှော်လင့်ချက်ရောင်ခြည်သည် တစတစ ပိုမိုတောက်ပလာခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင်တော့ ထိုရောင်ခြည်သည် ထွက်ပေါ်လာခါစ နေမင်းကြီးကဲ့သို့ပင် သူတို့၏ ရှေ့ဆက်ရမည့်လမ်းကို ပိတ်ဆို့ထားသည့် အမှောင်ထုနှင့် အေးစက်တောင့်တင်းမှုများကို ဖယ်ရှားသုတ်သင်ပေးခဲ့ပြီ ဖြစ်သည်။
ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်ရာ မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းက တဖြည်းဖြည်းကြီးမားလာပြီး အလင်းစက်ဝန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အလင်းရောင်များလွင့်ပျံသွားချိန် သူ့လက်ထဲတွင် အမြောင်း (၁၂)ခုပါသည့် အနက်ရောင် သံမဏိစက်ဝန်းကြီးတစ်ခု ပေါ်လာသည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းပင် ဖြစ်၏။
ကြီးမားလှသော အနက်ရောင် သံစက်ဝန်းကြီးက အဆက်မပြတ်လည်ပတ်နေသည်။
ထိုအချိန် ထုန်းမင်တောင်ကြားတွင်ကျန်ရစ်ခဲ့သည့် ချန်းဟွာသစ်ပင်မှ အပြာရောင်ပန်းများ ရုတ်တရက် ပွင့်လန်းလာသည်။ အပြာရောင်ပွင့်ချပ်လွှာများက အနက်ရောင် သံမဏိစက်ဝန်းကြီးထက်သို့ နှင်းပွင့်များသဖွယ် ဝဲပျံကြွေကျလာသည်။
ရန်တိက လက်ညှိုးလက်ခလယ်ဖြင့် ထိုးညွှန်လိုက်ရာ အနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ၊ ထိုအလင်းတန်းက ထုန်းမင်တောင်ကြားတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ထိုအလင်းတန်းက နတ်ဘုရားထောင်ချောက်ဓားမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုဓားကို ရရှိပြီးကတည်းက ရန်တိက သွားလေရာသို့ အမြဲတမ်း ယူဆောင်သွားတတ်သည်။
အနီရောင်အလင်းတန်းများက မျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုမျက်နှာပြင်ထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက်နှင့် အဖြူရောင်ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက် ဘေးချင်းယှဉ်လျှက် မတ်တတ်ရပ်နေကြသည်။
လူရွယ်နှင့် မိန်းမပျိုက တင်းတင်းကျပ်ကျပ်လက်ချင်းဆုပ်ကိုင်ထားပြီး သူတို့၏ ကျန်လက်များတွင်တော့ ဓားများကို ဆုပ်ကိုင်ထားကြသည်။
သူတို့နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးလျှက်ရှိကြလေသည်။
သူတို့က ရန်တိ၏မိဘများဖြစ်သော ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ မသေဆုံးမီ နတ်ဘုရားထောင်ချောက်ဓားထဲတွင် နောက်ဆုံးကျန်ရစ်ခဲ့သော ပုံရိပ်ဖြစ်သည်။
ရန်တိက ပုံရိပ်ထဲတွင်ပါဝင်နေသော ဓားဗုဒ္ဓကို ဖျက်ထုတ်ပစ်လိုက်ပြီး သူ၏မိဘနှစ်ပါးပုံရိပ်ကိုတော့ ချန်ထားခဲ့ခြင်း ဖြစ်၏။
ရန်ရှင်းထန်နှင့် တိချင်းလျန်တို့က တာအိုဆရာ'ယွိတင်' ၏ ရုပ်အလောင်းနှင့် နတ်ဘုရားထောင်ချောက်ဓားကို အသုံးပြုကာ သွေးထုံးတမ်းအစီအရင်ပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် သူတို့၏ရုပ်ခန္ဓာများ ပျက်ဆီးပျောက်ကွယ်သွားပြီး ပုံရိပ်သာလျှင် ထင်ကျန်ရစ်ခဲ့သည်။ ရန်တိကတော့ ဤဓားအလင်းတန်းပုံရိပ်ကို အမှတ်တရအဖြစ် ထာဝရသိမ်းဆည်းထားခဲ့လေသည်။
ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ ရန်တိ၊ ရွှယ်ချူးချင်နှင့် ရွှီဖေးတို့အားလုံးက ထိုပုံရိပ်ကို အလွန်ပင် တည်ကြည်လေးနက်စွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
“အဘိုးနဲ့အဘွား ၊ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်၊ ယိုးမင်ဧကရာဇ်၊ ထုန်းမင်ဧကရာဇ်နဲ့ အခြားတာအိုဝါဒအကြီးအကဲတို့... ခင်ဗျားတို့ အရင်က ပေးဆပ်ခဲ့တဲ့ ကြိုးပမ်းမှုတွေအားလုံး အချည်းနှီးမဖြစ်ခဲ့ပါဘူး”
ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...
“ကျွန်တော်တို့... အောင်မြင်ခဲ့ပါပြီ”
မဟာကပ်ဘေးကြီးအတွင်းနှင့် နောက်ပိုင်းကာလများတွင် တာအိုဝါဒမှ ထူးချွန်ထက်မြက်သော ကျွမ်းကျင်သူများစွာ အသက်ပျောက်ခဲ့ကြရသည်။
ရန်ကျောက်ကဲက ယန်ကျန်း၊ ယွင်ရှောင်းနတ်သမီး၊ တောင်ပိုင်းချန်စန်းဧကရာဇ် နှင့် ရွှမ်တုကိုယ်တော် တို့ထံမှတစ်ဆင့် မဟာကပ်ဘေးကြီးနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို အတော်အတန် သိရှိထားပြီးဖြစ်သည်။
တာအိုဆရာ’ယွိတင်’ အပါအဝင် အခြားသော ယွိချင်အဆက်အနွယ် အကြီးအကဲများစွာမှာလည်း ကြေကွဲစရာ အသက်သေဆုံးခဲ့ရသည်မှာ အထူးပြောနေစရာပင် မလိုတော့ပေ။
မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်၏ ဧကရာဇ် (၄) ပါးထဲမှ တစ်ပါးဖြစ်သော မြေကမ္ဘာဘုရင်မမှာလည်း ပျက်စီးခဲ့ရသည်။
စန်းရှောင်းနတ်မိမယ်(၃)ဖော်တွင်လည်း ယွင်ရှောင်းနတ်သမီးမှလွဲပြီး ကျန်သည့်နတ်မိမယ်နှစ်ပါးမှာ သေခြင်းတရားမှ မလွတ်မြောက်ခဲ့ကြပေ။
စန့်ချင်အဆက်အနွယ် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်ဖြစ်သော သူတော်စင်မ’ကျင်းလင်’ သည်လည်း ကျဆုံးခဲ့ရသည်။
ရှေးခေတ်ကာလ စန့်ချင်အဆက်အနွယ်၏ တတိယမျိုးဆက် ဝန်ကျုန်းက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ခဲ့ပြီး ကောင်းကိုကိုးထပ် မိုးကြိုးသွားကောင်းကင်ဘုံအရှင်ဟု နာမည်ကျော်ကြားခဲ့သော်လည်း ၊ နောက်ဆုံးမှာတော့ ကံဆိုးစွာပင် သူတော်စင်မ’ကျင်းလင်’ ကဲ့သို့ပင် အသက်ဆုံးပါးခဲ့ရသည်။
ပင်လယ်ငြိမ်သက်ပုလဲ (၂၄) လုံး၏ မူလပိုင်ရှင် ဖြစ်သော စန့်ချင်အဆက်အနွယ်မှ ကျောက်ကုန်းမင်ကတော့ နတ်ဘုရားများအပ်နှင်းခြင်းကာလ စစ်ပွဲများမှ လွတ်မြောက်ခဲ့သော်လည်း အဆုံးသတ်မှာတော့ အသက်ဆုံးရှုံးခဲ့ရသည်ပင်။
ကျန်းဝူမိစ္ဆာနှိမ်နင်းဧကရာဇ် ၊ သက်ရှည်နတ်မင်းဘိုးဘိုး ၊ သောကြာကြယ်သခင်နှင့် မရေမတွက်နိုင်သော တန်ခိုးစွမ်းအားရှင်များစွာ စစ်မီးတောက်ထဲ ဆွဲသွင်းခံခဲ့ရပြီး အလင်းရောင်ကို နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။
အချို့က မဟာကပ်ဘေးကြီးအတွင်း ကျဆုံးခဲ့ရပြီး အချို့က ကပ်ဘေးကြီးနောက်ပိုင်း တာအိုဝါဒကို မူလအတိုင်း ပြန်လည်စည်ပင်လာစေရန် ကြိုးပမ်းရင်း အသက်ဆုံးခဲ့ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်အတွက် တိုက်ပွဲဝင်တုန်းကပင် ဝူတန့်မယ်တော် ကျဆုံးလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်လား။
ရန်ကျောက်ကဲက ရန်ရှင်းထန်နှင့် တိချင်းလျန်တို့၏ ပုံရိပ်ကို ငေးကြည့်နေမိသည်။
ထို့နောက် ယင်ထျန်းရှ၏ ရုပ်အလောင်းမှ ပြောင်းလဲဖြစ်တည်လာသော ယိုးမင်ဂမ္ဘီရစက်ဝန်းကို ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ဟူယွဲ့ရှင်း၏ ရုပ်အလောင်းမှ ဖြစ်တည်လာသည့် ချန်းဟွာသစ်ပင်ထံသို့ ရောက်ရှိသွားသည်။
ရန်ကျောက်ကဲစိတ်ထဲ သူတို့အတွက် ဝမ်းနည်းကြေကွဲမိသည့်တိုင် တစ်ဖက်တွင်လည်း စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။
“ကျွန်တော်တို့အနေနဲ့ လောကကြီးမှာ စွန်းထင်းနေတဲ့ အညစ်အကြေးတွေကို မဆေးကြောနိုင်သေးသလို ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ တခြားအင်အားစုတွေကိုလည်း မပြတ်မရှင်းနိုင်သေးပါဘူး ၊ ဒါပေမဲ့ ကျွန်တော်တို့ တာအိုဝါဒ ပြန်လည်ထွန်းကားလာမယ့် အရိပ်အယောင်တွေတော့ပြသနေပါပြီ”
ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။
“အကြီးအကဲတို့အားလုံး မျှော်လင့်ခဲ့ကြသလို... မကြာခင်မှာ အောင်မြင်မှုတွေ ရောက်ရှိလာတော့မှာပါ”
အခန်း (၁၆၂၄) ခံစစ်ကိုထိန်းထားပြီး တိုက်စစ်အတွက်ပြင်ဆင်
တာအိုဝါဒ၏ လက်ရှိအခြေအနေက ပြောင်းလဲသွားပြီဖြစ်သော်လည်း အောင်ပွဲခံရန်အချိန်တော့ မဟုတ်သေးပေ။
သူတို့အနေဖြင့် ရှေးယခင်အတိတ်ကာလကဲ့သို့ တာအိုဝါဒ ကြီးပွားစည်ပင်သော အထွတ်ထိပ်အခြေအနေသို့ ပြန်လည်ရောက်ရောက်ရှိလိုပါက ရှည်လျားခက်ခဲသည့် စမ်းသပ်မှုများစွာကို ဖြတ်ကျော်ရဦးမည် ဖြစ်သည်။
ခြေလှမ်းတစ်လှမ်းမှားရုံဖြင့် သူတို့၏ အခြေအနေက ပြိုလဲသွားနိုင်ပြီး ယနေ့ရရှိထားသော အခွင့်အရေးနှင့် အနေအထားများ အားလုံးသည်ပင် ဆုံးရှုံးသွားနိုင်သည်။
ရန်ကျောက်ကဲသည်လည်း ဤအချက်ကို ကောင်းကောင်းသိရှိထားပါ၏။
သူက ရည်မှန်းချက်အတွက် ဇွဲလျှော့မည်မဟုတ်သလို တစ်ဖက်တွင်လည်း အစဉ်အမြဲ သတိကြီးစွာ ထားရှိရပေမည်။
အကြီးအကဲများအတွက် ဝမ်းနည်းပူဆွေး ဂါရဝပြုပြီးနောက် သူတို့အုပ်စု ထုန်းမင်တောင်ကြားမှ ထွက်ခွာလာခဲ့ကြသည်။
ရန်ကျောက်ကဲက လမ်းလျှောက်ရင်း စကားဆိုလိုက်သည်။
"အရင်တုန်းက ကျွန်တော် ချန်းဟွာသစ်ပင်အောက်မှာ ယိုးမင်ဂမ္ဘီရစက်ဝန်းကိုကိုင်ပြီး တကိပြုခဲ့ဖူးတယ် ၊ ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ ကို ဝိုင်းပြီးတိုက်ခိုက်တဲ့သူတွေအားလုံး ဒီစက်ဝန်းနဲ့ပဲပြန်ပြီး အသက်ပျောက်စေရမယ် ၊ ဒီလက်နက်နဲ့ပဲ သူတို့အပေါ် ကမ္ဘာမကြေရန်ကြွေး ပြန်ပေးဆပ်မယ်လို့ပေါ့”
သူက ဆက်ပြောလိုက်သည်။
“ကံမကောင်းတာက ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ နယ်မြေထဲမှာ ဟယ်မြန်ကို လိုက်သတ်တုန်းက အချိန်သိပ်မရလို့ သူတို့အားလုံးကို လက်စားမချေနိုင်ခဲ့ဘူး”
ရန်ကျောက်ကဲက သူ၏လက်ထဲတွင် အရောင်တောက်ပနေသော ယိုးမင်ဂမ္ဘီရစက်ဝန်းကို ငုံ့ကြည့်လိုက်သည်။
“နောက်ပိုင်းမှာတော့... ကျွန်တော့်ကတိအတိုင်း မဖြစ်မနေ အကောင်အထည်ဖော်မှာပါ”
ရွှယ်ချူးချင်က...
“မင်း လုပ်နိုင်မယ်ဆိုတာ အမေ ယုံကြည်ပါတယ် ၊ ဒါပေမဲ့ အမေ့စကား နားထောင်ပါ... အရမ်း စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“စိတ်ချပါ အမေ ၊ ကျွန်တော် နားလည်ပါတယ်”
လက်ရှိတွင် လမ်းမှန်တာအိုဝါဒကျင့်ကြံသူများက မိမိတို့နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်နေသည်ဆိုသော်လည်း အခြားအင်အားစုများ၏ လှုပ်ရှားမှုများကို အမြဲမပြတ် စောင့်ကြည့်နေခဲ့ကြသည်။
ယခုဆိုလျှင် အနောက်ဘက်သူတော်စင်ဘုံနှင့် ချန်စန်းရှင်းဟိုင်တို့က တိုက်ပွဲများ ရပ်တန့်လိုက်ကြပေပြီ။
အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့သည်လည်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် မီလဲ့ကိုယ်တော်တို့ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခြင်းမရှိကြတော့ဘဲ လက်အောက်ခံ ကျွမ်းကျင်သူအချို့သာလျှင် အပြန်အလှန်တိုက်ခိုက်နေကြသည်။
တိုက်ပွဲများ၏ပြင်းထန်မှုက တဖြည်းဖြည်း လျော့ကျလာနေပေပြီ။
မီလဲ့ကိုယ်တော်က လူသားအနှစ်သာရကျောက်တုံးအပိုင်းအစကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီဖြစ်ရာ ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခုကြားမှ နှစ်ပေါင်းတစ်ရာကြာ စစ်ပွဲသည်လည်း အဆုံးသတ်ခါနီး အခြေအနေသို့ ရောက်ရှိခဲ့ပေပြီ။
ပွတ်တိုက်မှုအချို့နှင့် အသေးစားတိုက်ပွဲအချို့ အဆက်မပြတ် ဖြစ်ပွားနေဦးမည် မှန်သော်လည်း လောလောဆယ်တွင် ကြီးမားပြင်းထန်သောတိုက်ပွဲများကိုတော့ တွေ့ရှိရမည် မဟုတ်ပေ။
ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခုလုံးက လမ်းမှန်တာအိုဝါဒ ပြန်လည်တိုးတက်လာသည်ကို သတိထား စောင့်ကြည့်နေကြသည်။
နောက်ထပ်စစ်ပွဲ တကျော့ပြန် ပြန်လည်စတင်ရန်အတွက် မီးစာအသစ်တစ်ခု လိုအပ်ပေသည်။ မဟုတ်ပါက နှစ်အနည်းငယ်အတွင်း သူတို့အချင်းချင်း ပြန်လည်တိုက်ခိုက်ရန်မှာမ ဖြစ်နိုင်သေးပေ။
လက်ရှိအချိန်က စစ်မီးများဝိုင်းနေသည့်အချိန် မဟုတ်သော်လည်း နေရာအနှံ့အပြားတွင် လှုပ်ခတ်မှုများရှိနေလေသည်။
ထို့ကြောင့် တာအိုဝါဒကျင့်ကြံသူများအနေဖြင့် သူတို့၏လှုပ်ရှားမှုများကို အလွန်အကျွံ အာရုံစိုက်မခံရအောင် ရှောင်လွှဲရန်လိုအပ်သည်။
ရန်ကျောက်ကဲတို့အုပ်စုအတွက် အခြားသူများ တိုက်ခိုက်ကြသည်ကို ဘေးမှထိုင်ကြည့်နေခြင်းက အကောင်းဆုံး ဖြစ်သည်။
ရန်ကျောက်ကဲက...
“နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ လမ်းမှန်ဗုဒ္ဓဘာသာတွေသာ ကြားမဝင်ဘူးဆိုရင် အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးကို အသာစီးရသွားမှာပဲ ၊ အမတခုံရုံးက ရှုံးနိမ့်လုနီးပါး ဖြစ်သွားနိုင်ပေမယ့် သူတို့သာ အစွမ်းကုန်ခုခံမယ်ဆိုရင် ကြီးကြီးမားမား ဆုံးရှုံးမှုမျိုးတော့ ကြုံရမှာ မဟုတ်ဘူး ၊ အများဆုံးဖြစ်ရင်... သူတို့ပိုင်ဆိုင်တဲ့ နယ်မြေအချို့ကို စွန့်လွှတ်လိုက်ရတာပဲရှိမှာ”
ရွှီဖေးက...
“ဒါဖြင့် ငါတို့ ဒီအတိုင်းလွှတ်ထားပေးလိုက်ရုံပေါ့”
လမ်းမှန်းတာအိုဝါဒလက်ထဲတွင် နတ်ဘုရားသုတ်သင်အစီအရင် ရှိနေပြီဖြစ်ရာ အခြားသောအင်အားစုများက သတိထားနေကြသည် အမှန်ပင်။
သူတို့က မိမိတို့၏လက်သည်းကို ပြန်ဝှက်ပြီး တာအိုဝါဒ၏ လှုပ်ရှားမှုကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
အကယ်၍ လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများက မာန်တက်ရိုင်းပြစွာ ပြုမူလာပါက သူတို့အနေဖြင့် မဖြစ်မနေ တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်ကြပေမည်။
နောက်တစ်ချက်မှာ လက်ရှိအခြေအနေက သိမ်မွေ့သော ဟန်ချက်ညီမှုတစ်ခုအတွင်းသို့ ရောက်ရှိနေသည်။
အကယ်၍ စန်းချင်း(၃)ပါး အဆက်အနွယ်များက အဖြူရောင်ကြာပန်းသုခဘုံကို ကူညီပြီး အမတခုံရုံးကို ချေမှုန်းလိုက်မည်ဆိုပါက အမတခုံရုံး ပျက်စီးသွားခြင်းမှာ အဖြူရောင်ကြာပန်းသုခဘုံအတွက် အလွန်ပင် ဝမ်းမြောက်စရာ ဖြစ်ပေလိမ့်မည်။
သို့ပေသိ ထိုသို့ဖြစ်သွားပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အနေဖြင့် အထိန်းအကွပ်မဲ့သွားပြီး နတ်ဘုရားသုတ်သင်အစီအရင်သည်ပင် သူ့ကို တားဆီးနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ဖြစ်လာပါက အကြီးမားဆုံး အကျိုးအမြတ်ရရှိသူမှာ အဖြူရောင်ကြာပန်းသုခဘုံသာ ဖြစ်ပေလိမ့်မည်။
လမ်းမှန်တာအိုဝါဒအနေဖြင့် ရေလိုက်ငါးလိုက် နေထိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။
သို့ရာတွင် အခြေအနေများကို ဤအတိုင်းလွှတ်ထားပေးခြင်းက လမ်းမှန်တာအိုဝါဒအနေဖြင့် အမတခုံရုံး၊ အဖြူရောင်ကြာပန်းသုခဘုံတို့နှင့် သင့်တင့်လျောက်ပတ်စွာ နေထိုင်သွားမည်ဟု မဆိုလိုပေ။
လမ်းမှန်တာအိုဝါဒက ထိုသူများကို သေချာပေါက် လက်စားချေမည်ဖြစ်သော်လည်း အချိန်မတန်သေးသဖြင့် စောင့်ဆိုင်းနေခြင်းသာပင်။
လက်ရှိအချိန်မှာတော့ လမ်းမှန်တာအိုဝါဒအတွက် အရေးကြီးဆုံးမှာ ဘေးကင်းသောပတ်ဝန်းကျင်ကိုအသုံးပြုပြီး မိမိတို့အင်အားနှင့် စွမ်းရည်ကို ပိုမိုတိုးတက်အောင် ပြုလုပ်ရန်သာ ဖြစ်သည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင် 'လုယာ' နဲ့ တခြားသူတွေက ငရဲကိုးထပ်က ထွက်ပေါ်လာမယ့် အခွင့်အရေးကို စောင့်နေကြတာ”
သူက ဆက်ပြောလိုက်သည်။
“ကျွန်တော်တို့လည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစီအစဉ်တစ်ခုဆွဲထားဖို့လိုတယ်”
စန်းချင်း(၃)ပါး အဆက်အနွယ်များအနေဖြင့် တာအိုအဆင့် အဓိပတိတစ်ယောက်ကိုသာ ရရှိမည်ဆိုပါက သူတို့၏ရပ်တည်ချက် အကြီးအကျယ် ပြောင်းလဲသွားပေမည်။
ဖန်းယွင်ရှန်းက...
“ရွှမ်တုကိုယ်တော် တာအိုအဆင့်ကို တက်လှမ်းနိုင်ဖို့ကလည်း ငရဲကိုးထပ်အပေါ်မှာပဲ မူတည်နေတယ်”
သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သူလည်း ဒီအခွင့်အရေးကိုရဖို့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့နဲ့ ယှဉ်ပြိုင်ရဦးမှာပဲ”
ဟုတ်ပေ၏။
ထို့ကြောင့်လည်း သူတို့က နတ်ဘုရားသုတ်သင်အစီအရင်ကိုရရှိရန် အသည်းအသန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။
နတ်ဘုရားသုတ်သင်အစီအရင်ကို ပိုင်ဆိုင်ထားပါက တာအိုအဆင့်တက်ရောက်ရန်အတွက် ရှေ့ဆက်တိုက်ခိုက်ရမည့် တိုက်ပွဲများတွင် အားအကိုးရဆုံး လက်နက်တစ်ခု ရရှိထားခြင်း မည်ပေသည်။
သို့ပေသိ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင် 'လုယာ' နှင့် အခြားသူများအားလုံး နတ်ဘုရားသုတ်သင်အစီအရင်ကို ရယူနိုင်ခြင်းမရှိဘဲ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ နတ်ဘုရားသုတ်သင်အစီအရင်အတွက် တိုက်ပွဲက ရှေ့ဆက်ရမည့် တာအိုအဆင့်တက်ရောက်ရန် တိုက်ပွဲအတွက် အခြေခံအုတ်မြစ် ချပေးလိုက်ခြင်းသာပင်။
နောက်ပိုင်းတိုက်ပွဲများကတော့ ဤတိုက်ပွဲထက်ပိုပြီး ကြမ်းတမ်းပြင်းထန်ပေလိမ့်မည်။
တာအိုအဓိပတိ တစ်ပါးတည်းဖြင့် နတ်ဘုရားသုတ်သင်အစီအရင်ကို ရင်ဆိုင်ရန် မလုံလောက်ပေ။ တာအိုအဓိပတိ (၄)ပါး ပေါင်းစည်းမှသာ အစီအရင်ကိုဖြိုခွဲပြီး နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို သိမ်းယူနိုင်မည် ဖြစ်၏။
အခြားတစ်ဖက်မှကြည့်လျှင်တော့ နတ်ဘုရားသုတ်သင်အစီအရင်က တာအိုအဓိပတိများအပေါ်တွင် သက်ရောက်မှုမရှိပေ။
အစီအရင် (၄)ခု မပြောနှင့် အစီအရင် (၄၀၀)ပင် ရှိနေပါစေဦး တာအိုအဓိပတိတစ်ပါးကို ထိခိုက်အောင် မပြုလုပ်နိုင်ပေ။
ဤသည်မှာ နတ်ဘုရားသုတ်သင်အစီအရင်နှင့် တာအိုအဓိပတိများကြားမှ ကွာဟချက်ပင် ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားသုတ်သင်အစီအရင်အား ကောင်းကင်နတ်ဘုရားအဆင့်ထက် သာလွန်သော်လည်း တာအိုအဆင့်အောက်တွင်သာရှိသည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။
ရန်ကျောက်ကဲတို့အုပ်စုသည်လည်း ဤအချက်ကို ကောင်းစွာသိရှိထားကြသည်။
ရန်ကျောက်ကဲက သူ့နားသယ်စပ်သို့ လက်ချောင်းများဖြင့် အသာပွတ်သပ်လိုက်ရင်း...
“အခုဆိုရင် ကျွန်တော်တို့ဘက်ကစပြီး တိုက်စစ်ဆင်လို့ရတဲ့ အနေအထား ရှိနေပြီ ၊ ဒါပေမဲ့ ကျွန်တော်တို့ရပ်တည်ချက်ကတော့ ခံစစ်အနေအထားမှာပဲ ရှိနေသေးတယ်”
ဟုတ်ပေ၏။
အရင်ကဆိုလျှင် သူတို့အနေဖြင့် ခံစစ်ပင်မပြုလုပ်နိုင်ဘဲ နေရာအနှံ့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည် မဟုတ်လား။
ရန်သူများအချင်းချင်း ပဋိပက္ခဖြစ်နေသည်ကို အခွင့်အရေးယူကာ ပိုမိုကြီးမားသည့် အကျိုအးမြတ်များရရှိရန် အန္တရယ်များကြားတွင် စောင့်ဆိုင်းခဲ့ကြရသည်။
ယခု နတ်ဘုရားသုတ်သင်အစီအရင်ကို ပိုင်ဆိုင်ထားပြီဖြစ်ရာ သူတို့အနေဖြင့် အခြားသောအင်အားစုများကို တန်းတူရည်တူ စိန်ခေါ်နိုင်ပြီ ဖြစ်သည်။
သို့ပေသိ သူတို့၏အလုံးစုံအခြေအနေကတော့ ခံစစ်အနေအထားတွင် ရှိနေဆဲ ဖြစ်သည်။
အကယ်၍ လမ်းမှန်တာအိုဝါဒတွင် တာအိုအဓိပတိတစ်ပါး ထွက်ပေါ်လာမည်ဆိုပါက ရန်သူများကို ဝါးမျိုပြီး အခိုင်အမာ တိုက်စစ်ဆင်နိုင်ပေလိမ့်မည်။
ဤသည်က ရှောက်ကျွင်းဟွမ် ၊ ဟူယွဲ့ရှင်းနှင့် အခြားသူများ မျှော်လင့်တောင့်တခဲ့သော အခြေအနေပင် ဖြစ်၏။
ရန်ကျောက်ကဲက...
“ကျွန်တော်တို့ ပိုပြီးအားကောင်းလာအောင် ကြိုးစားရမယ် ၊ ဒါမှမဟုတ် ရန်သူတွေကိုအားနည်းသွားအောင်လုပ်ရမယ်”
သူက ခဏမျှစဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။
“မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ တာအိုသခင်’လုယာ’ ကို ဆွဲချနိုင်မယ့်နည်းလမ်းတွေ ကျွန်တော်တို့ စဉ်းစားရမယ်”
ရန်တိက...
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ နဲ့ တာအိုသခင် 'လုယာ' တင် ရှိတာမဟုတ်ဘူး ၊ တာအိုအဆင့်တက်လှမ်းဖို့ ကြံစည်နေတဲ့သူတွေက သူတို့ရဲ့ တိုးတက်မှုနဲ့ အခွင့်အရေးတွေကို လျှို့ဝှက်ထားတတ်ကြတယ်လေ”
သူက ဆက်ပြောလိုက်သည်။
“မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ၊ တာအိုသခင်’လုယာ’ နဲ့ ရွှမ်တုကိုယ်တော်တို့က တာအိုအဆင့်နဲ့ အနီးစပ်ဆုံးသူတွေလို့ လူသိများပေမယ့် သူတို့လိုအဆင့်မျိုးရောက်နေတဲ့ တခြားသူတွေလည်း ရှိနေနိုင်သေးတာပဲ ၊ ဖြစ်နိုင်တာကတော့... ရှေ့လာမယ့် ငရဲကိုးထပ်တိုက်ပွဲမှာ ပြိုက်ဘက်တွေ ဒီထက်မက ပိုများနိုင်တယ်ဆိုတာပဲ”
“နောက်တစ်ချက်က... ငရဲကိုးထပ်တိုက်ပွဲ ကပ်ဘေးကြီးက ဘယ်အချိန်မှာရောက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ၊ အင်အားစုအားလုံးက ကိုယ့်အကျိုးအမြတ်အတွက် တိုက်ခိုက်နေကြတာပဲ”
ရန်ကျောက်ကဲက...
“တခြားသူတွေက ငရဲကိုးထပ်ကို လက်သပ်မွေးထားတဲ့ သားရိုင်းတစ်ကောင်လို့ မြင်ကြတယ် ၊ ဒါပေမဲ့ ယန်ကျန်းကတော့ အချိန်မရွေး ထကြွသောင်းကျန်းပြီး မုဆိုးကိုတောင်ပြန်သတ်နိုင်တဲ့ တောရိုင်းကောင်လို့ မြင်တယ် ၊ သူ့အမြင်က တကယ်မှန်ပါတယ်”
ထို့နောက် သူက ခေါင်းမော့လိုက်ပြီး လှောင်ပြောင်သလို ရယ်မောလိုက်ရင်း...
"နတ်ဘုရားသုတ်သင်အစီအရင်အတွက် တိုက်ပွဲတုန်းကလည်း တခြားသူတွေက ကျွန်တော်တို့လက်ထဲမှာ ဒီလိုပုံစံနဲ့ပဲ ခံလိုက်ရတာ မဟုတ်လား”
ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး...
“အခုတော့ ကျွန်တော်တို့က နတ်ဘုရားသုတ်သင်အစီအရင်ကိုအသုံးချပြီး တိုးတက်အောင်ကြိုးစားဖို့ အခွင့်အရေးတစ်ခု ရရှိခဲ့ပြီ ၊ ဒီအခွင့်အရေးကို ဉာဏ်ပညာရှိရှိနဲ့ အသုံးချရမယ်”
“အရင်ကဆိုရင် ကျွန်တော်တို့က ပုန်းအောင်းနေရတဲ့အတွက် ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့တယ် ၊ အခု အခြေအနေက ပြောင်းလဲသွားပြီဆိုတော့... ဘယ်လိုသတင်းကောင်းတွေ ထပ်ရောက်လာမလဲဆိုတာ သိချင်နေမိပြီ”