အခန်း (၁၆၂၅-၁၆၂၆)
Vol. 116 Ch. 1625-1626
အခန်း (၁၆၂၅) ရန်ကျောက်ကဲ၏အကြံအစည်
တာအိုဝါဒ၏ ရှေ့ဆောင်လမ်းပြ အကြီးအကဲအတော်များများ ကွယ်လွန်သွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း ယနေ့ထိတိုင် သေလား ရှင်လား မသိရဘဲ မည်သည့်နေရာသို့ ရောက်ရှိနေမှန်းမသိသော အချို့ပုဂ္ဂိုလ်များလည်း ကျန်ရှိနေသေးသည်။
ရန်ကျောက်ကဲတို့အုပ်စုကတော့ ထိုသူများ အသက်ရှင်လျက် ရှိနေစေရန် မျှော်လင့်မိကြသည်။
သို့သော် အဆုံးမရှိသည့် ပြင်ပဗလာနယ်ထဲတွင် ထိုသူများကို လိုက်လံရှာဖွေရန်မှာ အလွန်ပင်ခက်ခဲလှသည်။
ပြီးတော့ ထိုသူများ အသက်ရှင်နေလျှင်တောင်မှ လောကကြီးတွင် ဖြစ်ပေါ်နေသည့် များပြားလှသော အပြောင်းအလဲများကို အချိန်တိုအတွင်း နားလည်သဘောပေါက်ရန်မှာ မဖြစ်နိုင်ပေ။
နှစ်ပေါင်းများစွာ ပုန်းအောင်းနေထိုင်ခဲ့ကြသဖြင့် အခြားသူများကို ရှာဖွေတွေ့ရှိရန် မဆိုထားနှင့် ပြင်ပလောကနှင့် ဆက်သွယ်ရန်ပင် မဖြစ်နိုင်သလောက် နည်းပါးမည် မဟုတ်လား။
ထို့ကြောင့် အခြားသူများကလည်း သူတို့ကို ရှာမတွေ့နိုင်သလို သူတို့သည်လည်း ပြင်ပလောကမှ သတင်းအချက်အလက်များကို ရရှိကြမည် မဟုတ်ပေ။
သူတို့အနေဖြင့် ရေတွက်မရလောက်အောင် နှစ်ပေါင်းများစွာကျော်လွန်ပြီးမှ လမ်းမှန်တာအိုဝါဒ မည်မျှအထိ ပြောင်းလဲသွားခဲ့ကြောင်း သိရှိကောင်းသိရှိနိုင်ပေလိမ့်မည်။
သို့ဖြစ်ရာ ဤကိစ္စများနှင့်ပတ်သက်ပါက ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် အကောင်းဆုံးဖြစ်လာရန်သာ မျှော်လင့်နိုင်ပေသည်။
ရွှီဖေးက...
“ဒါနဲ့ ကျောက်ကဲ... မင်းဆီမှာကျန်နေသေးတဲ့ ပင်လယ်ငြိမ်သက်ပုလဲကို ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
ရန်ကျောက်ကဲက...
“ဘာမှတော့ ထွေထွေထူးထူး မစီအစဉ်ထားပါဘူး ၊ နောက်ပိုင်းကျရင် စကြာဝဠာအသစ်တစ်ခု ထပ်ပြီးတည်ထောင်မယ် ၊ တိုးတက်များပြားလာတဲ့ ငါတို့အဆက်အနွယ်တွေ နေထိုင်နိုင်အောင် နေရာသစ်တစ်ခု ဖန်တီးပေးမယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီစကြာဝဠာထဲမှာရှိနေမယ့် ကမ္ဘာတွေနဲ့ပတ်သက်ရင်တော့ ငါ နည်းနည်းပါးပါး စမ်းသပ်ကြည့်ချင်တာလေး ရှိနေတယ်”
သူ့စကားကြောင့် ကျန်လူများ စိတ်ဝင်စားသွားကြသည်။
ရန်တိက...
“အိုး ဟုတ်လား ၊ ဘာများလဲ”
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်လိုက်ရင်...
“ပြင်ပတာအိုကျင့်ကြံသူတွေက အခွင့်အရေးသမား လူလိမ်လူညာတွေပဲ ၊ အဲဒါကြောင့်လည်း သူတို့ဘဝမှာ အမှားအယွင်းတွေအများကြီး ရှိခဲ့ကြတယ် ၊ ဒီအချက်ကို ကျွန်တော်တို့အားလုံး သိကြတာပဲလေ”
သူက ဆက်ပြောလိုက်သည်။
“ကျွန်တော်တို့က သူတို့နဲ့လမ်းစဉ်မတူပေမယ့် လက်ခံရမယ့် အမှန်တရားတစ်ခုတော့ရှိတယ် ၊ အဲဒါကတော့ ပြင်ပတာအိုကျင့်ကြံသူတွေက ကျွန်တော်တို့ထက် ပိုမြန်ဆန်ပြီး လွယ်လွယ်ကူကူ ကျင့်ကြံခြင်းအဆင့်တက်ရောက်နိုင်ကြတာပဲ ၊ သူတို့အနေနဲ့ ထိပ်တန်းအဆင့်ကျွမ်းကျင်သူတွေကို တစ်ကြိမ်တည်းနဲ့ အုပ်စုလိုက်ကြီး မွေးမထုတ်နိုင်ပေမယ့် နက်ရှိုင်းနတ်ဘုရားအရေအတွက်ကတော့ ကျွန်တော်တို့ထက် အများကြီးသာနေတယ် ၊ အဓိကအချက်ကတော့ သူတို့က လိုအပ်နေတဲ့အင်အားကို အချိန်တိုအတွင်းမှာ ပြန်ပြီးဖြည့်တင်းနိုင်တာပဲ”
ရန်တိ ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများအားလုံး ရန်ကျောက်ကဲစကားကို ဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေကြသည်။
"သူတို့မှာ အားနည်းချက်တွေ အများကြီးရှိပေမဲ့ ကျွန်တော်တို့ အတုယူသင့်တဲ့ အချက်တစ်ချက်တော့ ရှိတယ်"
ရန်ကျောက်ကဲက လက်ဖဝါးများကို ဖြန့်ကားလိုက်ရင်း...
“အဲဒီ ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ အခြေခံအဆင့်တွေက ကျွန်တော်တို့နဲ့ယှဉ်ရင် အများကြီးလွယ်ကူနေတယ်ဆိုတဲ့ အချက်ပဲ”
လမ်းမှန်တာအိုဝါဒ၏ ကျင့်စဉ်လမ်းက ကျင့်ကြံသူ၏ ပါရမီနှင့် အရည်အချင်းပေါ်တွင် အတိုင်းအတာတစ်ခုအထိ မူတည်နေသည်။
ဝီရိယရှိခြင်းက ပါရမီနည်းမှုကို အစားထိုးပေးနိုင်သည်မှန်သော်လည်း ပါရမီရှိသူများသည်လည်း သူများနည်းတူ ကြိုးစားအားထုတ်နိုင်ကြပေသည်။
ပြီးတော့ လူသားတို့၏သက်တမ်းက အကန့်အသတ်ရှိသည်။
ကျင့်ကြံခြင်းအဆင့်က သတ်မှတ်ထားသည့်နယ်ပယ်တစ်ခုသို့ ရောက်ရှိမှသာ သက်တမ်းလည်း ပိုမိုရှည်လျားလာမည် ဖြစ်၏။
ဝီရိယရှိခြင်းက အားနည်းချက်ကို ဖုံးကွယ်ပေးနိုင်သည်ဆိုသော်လည်း ၊ များသောအားဖြင့် ထို “အားနည်းချက်” တွင် အနိမ့်ဆုံးကန့်သတ်ချက်များ ရှိနေစမြဲပင်။
မဟုတ်ပါက အခြားသူများ လာမသတ်လျှင်တောင်မှ အချိန်နှင့် အသက်အရွယ်အပိုင်းအခြား သဘာဝနိယာများက သူတို့အားလောကကြီးမှ ဖယ်ထုတ်ပစ်ပေလိမ့်မည်။
ဤအချက်တွင် လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများက တာအိုကျင့်ကြံသူများထက် ပိုမိသာလွန်သည်ဟု ဆိုရမည်။
လမ်းမှန်ဗုဒ္ဓဘာသာ၏ကျင့်စဉ်များက ကျင့်ကြံသူ၏ သိမြင်နားလည်နိုင်စွမ်းကို များစွာစိန်ခေါ်မှုရှိသော်လည်း အချို့ကတော့ ဇွဲလုံ့လရှိမှုကို အဓိကထားကြသည်။
သို့သော် လောကတွင် သာလွန်ထူးခြားသည့် ဇွဲလုံ့လရှိသူများက သိပ်ပြီး များများစားစား မရှိလှပေ။
အခြေခံအဆင့် ကျင့်ကြံခြင်းများတွင် ပြင်ပတာအိုကျင့်ကြံသူများက လမ်းမှန်တာအိုဝါဒနှင့် လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများထက် ပိုမိုမြန်ဆန်စွာ အဆင့်တက်နိုင်ကြသည်။
ရန်ကျောက်ကဲအမြင်အရတော့ ပြင်ပတာအိုကျင့်ကြံသူများက လျှင်မြန်စွာ အဆင့်တက်နိုင်သော်လည်း ကြီးမားသောအားနည်းချက်များကို ပိုင်ဆိုင်ထားသည်။
ရန်ကျောက်ကဲက နားသယ်စပ်ကို ခပ်ဖွဖွပွတ်သပ်လိုက်ရင်း...
“သူတို့ကိုကြည့်ရင်း ကျွန်တော်စဉ်းစားမိတယ်... ကျွန်တော်တို့ လမ်းမှန်တာအိုဝါဒရဲ့ အခြေခံအဆင့်တွေကို လျှော့ချလို့ရမယ့်နည်းလမ်းများ ရှိမလားပေါ့”
ဖန်းယွင်ရှန်း၊ ရန်တိနှင့် အခြားသူများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
ရန်တိက...
“ဒါဖြင့် မင်းစိတ်ထဲမှာ တစ်ခုခုကို တွေးမိထားပြီးပြီပေါ့... ဟုတ်လား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“အတိအကျတော့ မဟုတ်သေးပါဘူး ၊ တချို့အရတွေကို စမ်းသပ်ကြည့်ဖို့လိုသေးတယ်”
ဖန်းယွင်ရှန်းက တစ်စုံတစ်ခုတွေးမိဟန်ဖြင့်...
“ရှင်က... ငရဲကိုးထပ်က နတ်ဆိုးတွေရဲ့ နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ကို အတုယူဖို့ စဉ်းစားနေတာလား”
ပြင်ပတာအိုကျင့်ကြံသူများထက် ပိုမိုမြန်ဆန်စွာ ကျင့်ကြံခြင်းအဆင့်တက်နိုင်ရန်ဆိုလျှင် “နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်” သာလျှင် ရှိပေသည်။
တစ်ဖက်တွင်လည်း ထိုပညာရပ်ကို အသုံးပြုပြီးနောက် “မိမိကိုယ်တိုင်” အဖြစ် ဆက်လက်တည်ရှိနေဦးမည်လားဆိုသည်မှာ မသေချာပေ။
ဤပညာရပ်က ကျင့်ကြံသူများ၏ မွေးရာပါ ပါရမီစွမ်းအားကို အစွမ်းကုန်စမ်းသပ်သည့်နည်းလမ်း ဖြစ်သည်။
ရန်ကျောက်ကဲက...
“အင်း အဲဒါလည်း တစ်စိတ်တစ်ပိုင်းတော့ ပါတာပေါ့ ၊ ငါ့ရည်ရွယ်ချက်က အဲဒါနဲ့တော့ မတူဘူး ၊ ဒါပေမဲ့ အဲဒီပညာရပ်ကနေ စိတ်ကူးတချို့တော့ ရခဲ့တယ် ၊ လောလောဆယ်တော့ ငါ့စိတ်ထဲမှာ မရေမရာ ဖြစ်နေတုန်းပဲ ၊ ဒါကြောင့် စမ်းသပ်ကြည့်လို့ အောင်မြင်မှုရလာတော့မှ ဆက်ပြောကြတာပေါ့”
ထို့နောက် သူက ရွှယ်ချူးချင်ဘက်သို့လှည့်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဖုထင်တို့ရော အခြေအနေ ဘယ်လိုရှိလဲ”
ရွှယ်ချူးချင်က ခေါင်းခါယမ်းရင်း...
“ဘာမှ ထူးခြားတာတော့ မရှိပါဘူး”
နတ်ဘုရားသုတ်သင်အစီအရင် တိုက်ပွဲတွင် ရန်ကျောက်ကဲတို့အုပ်စုက တစ်စုံတစ်ခုကို တိတ်တဆိတ် သတိထားစောင့်ကြည့်နေခဲ့ကြသည်။
ဖုထင်၊ မန်ဝမ်နှင့် ဟယ်ရှီးရှင်တို့၏ ရုပ်ခန္ဓာများထဲတွင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ထံမှ မြစ်ဖျားခံလာသည့် ပြဿနာများကိန်းအောင်းနေသည်။
နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် တာအိုဝါဒကျင့်ကြံသူများအားလုံးက အစွမ်းကုန်ကြိုးစားပြီး တိုက်ပွဲထဲတွင် ပါဝင်နေခဲ့သည်။
အားလုံး ရှေ့တန်းတွင် တိုက်ပွဲဝင်နေစဉ် ရန်ကျောက်ကဲက သူ၏နယ်မြေအတွက် ခံစစ်ပြင်ဆင်ထားရန် မမေ့လျော့ခဲ့ပေ။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဖုထင် ၊ မန်ဝမ်နှင့် ဟယ်ရှီးရှင်တို့ကို အသုံးချပြီး ထျန်းစူးစကြာဝဠာကို တိုက်ခိုက်မလာနိုင်ဘူးဟု မဆိုနိုင်ပေ။
ထို့ကြောင့်သူက ထျန်းစူးစကြာဝဠာကိုစောင့်ရှောက်ရန် လူတစ်ယေက်ကို တာဝန်ပေးစောင့်ကြပ်စေခဲ့သည်။
သမ္မာတရားကပ်ဘေးကို ဖြတ်ကျော်ပြီး ကျင့်ကြံခြင်းအဆင့်တက်ပြီခါစဖြစ်သော ပိုးသားဧကရာဇ်’ဖုယွင်ချီ’ က သူ၏ သမီးနှစ်ယောက်ဖြစ်သော ဖုထင် ၊ မန်ဝမ်တို့အပြင် တပည့်ဖြစ်သူ ဟယ်ရှီးရှင်နှင့်လည်း ရင်းနှီးသူ ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲက ခရီးမထွက်ခွာခင် ကြိုတင်စီစဉ်မှုများပြုလုပ်ခဲ့ပြီး ဖုထင်တို့အခြေအနေကို စောင့်ကြပ်ကြည့်ရှုရန် ဖုယွင်ချီအား တာဝန်ပေးခဲ့သည်။
ကံကောင်းစွာဖြင့် ဖုထင်တို့ (၃)ယောက်တွင် မည်သည့်ပြဿနာမှ ဖြစ်မလာခဲ့ပေ။
သို့သော် အမတခုံရုံးအနေဖြင့် ဤကိစ္စကို မေ့လျော့နေမည်ဟု ရန်ကျောက်ကဲ ထင်မှတ်မထားပေ။
အထူးသဖြင့် ရန်ကျောက်ကဲ၏အခြေအနေသည်လည်း ဖုထင်တို့နှင့်အတူတူပင်ဖြစ်သည်ဟု အခြားသူများက ထင်မှတ်ထားကြသည် မဟုတ်ပါလား။
ယခုအချိန်တွင် ဖုထင် ၊ မန်ဝမ်နှင့် ဟယ်ရှီးရှင်တို့ ဘာမှမဖြစ်ကြခြင်းမှာ ရန်ကျောက်ကဲပြင်ဆင်ထားသော တန်ပြန်အစီအရင်များက အလုပ်ဖြစ်သွားသောကြောင့် ဖြစ်နိုင်သည်။
မဟုတ်လျှင်လည်း အမတခုံရုံးဘက်တွင် အခြားသော ရည်ရွယ်ချက်တစ်ခုခု ရှိနေခြင်း ဖြစ်နိုင်၏။
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းရင်း...
“လောလောဆယ်တော့ အတတ်နိုင်ဆုံးကြိုးစားထားပြီးပြီပဲလေ ၊ တခြားသဲလွန်စတွေမရခင် စိတ်စောပြီး ကောက်ချက်မချတာ အကောင်းဆုံးပါပဲ”
ထို့နောက် ရန်ကျောက်ကဲက...
“ကျွန်တော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သွားလိုက်ဦးမယ် ၊ ဂိုဏ်းတူအစ်မ’ယွီယဲ့’ ရဲ့အခြေအနေ ဘယ်လိုရှိလဲ သွားကြည့်ချင်လို့”
အားလုံး၏ ဝိုင်းဝန်းကူညီမှုကြောင့် ယွီယဲ့၏ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာခဲ့ပြီဖြစ်သည်။
နှစ်ပေါင်းတစ်ရာနီးပါး ကုန်လွန်ခဲ့ပြီဖြစ်ရာ လောကကြီးသည်လည်း ကြီးမားသောအပြောင်းအလဲများကိုဖြတ်သန်းရင်း ခေတ်သစ်တစ်ခုသို့ ကူးပြောင်းရောက်ရှိခဲ့ပေပြီ။
ယွီယဲ့ သတိရမလာသေးခြင်းမှာ ရန်ကျောက်ကဲ ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက သူမ၏အခြေအနေ ပိုမိုတည်ငြိမ်စေရန် စောင့်ဆိုင်းနေကြသောကြောင့် ဖြစ်၏။
ထိုစဉ်အချိန်က သူမရရှိခဲ့သောဒဏ်ရာများက ပြင်းထန်လွန်းပြီး အသက်ဆုံးရှုံးလုနီးပါးပင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ပြောရလျှင် သူမ သတိရလာလျှင်တောင်မှ သူမ၏ အသက်ဓာတ်စွမ်းအားများ ထိခိုက်သွားပြီး ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ပါ ပျက်ဆီးသွားနိုင်သည်။
ဤသို့သော အခြေအနေမျိုးကို ရန်ကျောက်ကဲနှင့် အခြားသူများက မတွေ့မြင်လိုကြပေ။
မည်သို့ပင်ဖြစ်စေ ယွီယဲ့သတိရလာသည်နှင့် များစွာသောကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းရန် တွန်းအားပေးခံရပေမည်။ ရန်ကျောက်ကဲကတော့ သူမက ထိုကိစ္စရပ်များကို စိတ်ဓာတ်ခိုင်မာစွာဖြင့် ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
ကြုံတွေ့ရမည့်ပြဿနာများကို သူမ ရင်ဆိုင်နိုင်သည်ဆိုသော်လည်း သူမအပေါ် ကျရောက်လာမည့် နာကျင်စရာကောင်းသော ညှင်းပန်းမှုများကို ရန်ကျောက်ကဲအနေဖြင့် လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။
“ရှောင်လွှဲလို့မရတဲ့ကိစ္စတွေကတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သေချာပေါက် ရင်ဆိုင်ရမှာပဲလေ”
ရန်ကျောက်ကဲ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
ထို့နောက် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာမှထွက်ခွာကာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ဦးတည်လိုက်လေသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ရောက်သည်နှင့် ရန်ကျောက်ကဲက ယွီယဲ့၏အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ထို့နောက် သူက ဘေးနားတွင်ရှိနေသော လုန်ရွှယ်ကျီးကို လှည်ကြည့်လိုက်ပြီး...
“နောက်ထပ် ဆေးကုသမှု အဆင့်နှစ်ဆင့်လောက် ထပ်လုပ်ပြီးရင်တော့ အဆင်ပြေသွားမှာပါ ၊ အဲဒီအချိန်ကျ သူ ပြန်သတိရလာအောင် လုပ်လို့ရပြီ ၊ ဒါပေမဲ့ သူ ဆုံးရှုံးသွားတဲ့ အသက်ဓာတ်စွမ်းအားတွေ ပြန်ပြည့်ဖို့ဆိုရင်တော့ ပြင်ပအကူအညီတွေ လိုအပ်နေသေးတယ် ၊ အဲဒီပစ္စည်းတွေက ရှားပါးရတနာပစ္စည်းတွေပဲ ၊ စိတ်မကောင်းစရာက အဲဒီရတနာတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက အတော်လေး နည်းနေတာပဲ”
လုန်ရွှယ်ကျီးက တူမဖြစ်သူကို နွေးထွေးကြင်နာသော မျက်ဝန်းများဖြင့် ကြည့်လိုက်ရင်း...
“အခုလည်း သူ အတော်လေး သက်သာလာပါပြီ”
သူတို့မောင်နှမ (၃)ယောက်တွင် ဒုတိယအစ်မဖြစ်သူ လုန်ရွှယ္နင်က ခင်ပွန်းဖြစ်သူနှင့်အတူ ဆုံးပါးသွားသဖြင့် သမီးဖြစ်သူ’ယွီယဲ့’ က မိဘမဲ့လေးအဖြစ် ကျနရစ်ခဲ့ရသည်။
သေခြင်းတရားဆိုသည်က ကျင့်ကြံသူများအတွက် မထူးဆန်းသော်လည်း ယွီယဲ့သာ သေဆုံးသွားခဲ့ပါက လုန်ရွှယ်ကျီးအနေဖြင့် တမလွန်မှ အစ်မဖြစ်သူအား မျက်နှာပြဝံ့မည် မဟုတ်ပေ။
ယခု ယွီယဲ့ ပြန်လည်ကျန်းမာလာရန် မျှော်လင့်ချက်ရှိသည်ကို မြင်ရတော့ သူ အမှန်တကယ်ပင် ဝမ်းသာမိသည်။
ထိုအချိန် အခန်းထဲသို့ ကောင်းရွှယ်ပေါ် ဝင်လာလေသည်။
"ရှောင်ယဲ့လေးရဲ့ အခြေအနေ ဘယ်လိုရှိလဲ"
ရန်ကျောက်ကဲက...
“အခြေအနေ စိတ်ချရပါပြီ ၊ အသက်အန္တရယ်မရှိနိုင်တော့ဘူး”
ထိုစကားကြားမှ ကောင်းရွှယ်ပေါ်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။
ပြီးမှ သူက စကားဆက်ပြောလိုက်သည်။
“အခုပဲ အမေ သတင်းပို့လာတယ် ၊ တာအိုသခင်’လုယာ’ က ရွှမ်တုကိုယ်တော်ကနေတစ်ဆင့် သိုးလွိနန်းတော်ကို ကောက်ရိုးရုပ်တစ်ရုပ် ပို့ပေးလိုက်တယ်တဲ့”
အခန်း (၁၆၂၆) ပိုများလေ ပိုပျော်စရာကောင်းလေ
“ကောက်ရိုးအရုပ် ဟုတ်လား”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း ရေရွတ်လိုက်သည်။
“အဲဒါက မြားခုနစ်စင်းကျိန်စာနဲ့ ပတ်သက်နေတာ မဟုတ်လား”
ကောင်းရွှယ်ပေါ်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ရွှမ်တုကိုယ်တော်နဲ့ ဝူတန့်မယ်တော်ရဲ့ ပြောစကားအရဆိုရင်တော့ ဒီကောက်ရိုးအရုပ်ကိုအသုံးပြုရင် ဝူတန့်မယ်တော်ရဲ့ဒဏ်ရာတွေ အမြန်ပြန်ပြီးသက်သာလာမယ့် လျှို့ဝှက်အစီအရင်တစ်ခုကို လုပ်ဆောင်နိုင်မယ်တဲ့”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး...
“ဒါက ဖြစ်နိုင်ခြေရှိတဲ့ကိစ္စပါပဲ”
သူက ခဏမျှစဉ်းစားပြီးနောက် ပြုံးလိုက်ရင်း...
“တာအိုသခင်’လုယာ’ ဒီလိုလုပ်တာက သူ့ဘက်က တောင်းပန်တဲ့သဘော ပြချင်တာပဲ ၊ ဒါပေမဲ့ ဒီလောက်နဲ့ ဘယ်လုံလောက်ပါ့မလဲ ၊ ဝူတန့်မယ်တော်အတွက် တခြားနည်းလမ်းနဲ့ နစ်နာကြေးတွေ သေချာပေါက် ပေးရဦးမှာပေါ့”
“တာအိုသခင်’လုယာ’ က ကနဦးကောင်းကင်ကာလကတည်းက မွေးဖွားလာတဲ့သူ ၊ ပြီးတော့ တာအို ၊ ဗုဒ္ဓဘာသာနဲ့ နတ်မိစ္ဆာလမ်းစဉ်အားလုံးကို ဖြတ်သန်းဖူးတယ် ၊ ဒီလောက်နှစ်ပေါင်းများစွာ သူစုဆောင်းလာတဲ့ရတနာပစ္စည်းတွေနဲ့ဆိုရင်... သူ့ဆီမှာ ဝူတန့်မယ်တော် စိတ်ဝင်စားလောက်တဲ့အရာတစ်ခု ရှိနေမှာ အသေအချာပဲ”
ဟုတ်ပေ၏။
ဤနေရာတွင် ရတနာပစ္စည်းဟုဆိုသော်လည်း အခြားသူများ လိုချင်တောင့်တနေသည့်အရာတစ်ခု သို့မဟုတ် အခြားသူများမသိနိုင်သော လျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်နိုင်သည်။
နတ်ဘုရားသုတ်သင်အစီအရင်အတွက် တိုက်ပွဲဝင်ခြင်းက တာအိုဝါဒတစ်ခုလုံး၏ ဘုံအကျိုးစီးပွားအတွက် ဖြစ်သည်။
တာအိုသခင် လုယာက ဝူတန့်မယ်တော်ကို ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်ခဲ့သည်ဖြစ်ရာ သူမအနေဖြင့် လက်စားချေလိုလျှင် တာအိုဝါဒတစ်ခုလုံးနှင့်သက်ဆိုင်သော နတ်ဘုရားသုတ်သင်အစီအရင်ကို အသုံးပြုရပေမည်။
သို့သော် သူမက လက်စားမချေရန် ဆုံးဖြတ်လျှင်တော့ ပုဂ္ဂိုလ်ရေးကိစ္စ ဖြစ်သွားပေမည်။
ကောင်းချင်းရွှမ်က ဤသတင်းပို့လိုက်သည်ဆိုကတည်းက တာအိုသခင်’လုယာ’ ၏ ကမ်းလှမ်းချက်က ဝူတန့်မယ်တော်ကို စိတ်လှုပ်ရှားသွားစေခဲ့သည်မှာ ထင်ရှားနေသည်။
ရန်ကျောက်ကဲတို့အုပ်စုကလည်း ဤကိစ္စအပေါ် ကန့်ကွက်မည် မဟုတ်ပေ။
“ကျွန်တော်တို့မှာ နတ်ဘုရားသုတ်သင်အစီအရင်ရှိနေပြီဆိုတော့... အရင်လို အားနည်းတဲ့အနေအထား မဟုတ်တော့ဘူး ၊ ဒါကြောင့် တာအိုသခင်’လုယာ’ နဲ့ နတ်မိစ္ဆာမျိုးနွယ်တွေက ကျွန်တော်တို့နဲ့ ဆက်ဆံရေးပြန်ကောင်းအောင် နည်းလမ်းမျိုးစုံ ရှာနေကြတာပေါ့”
ရန်ကျောက်ကဲက ခေါင်းတစ်ချက် ခါယမ်းလိုက်ပြီး...
"ဒါပေမဲ့ သတိထားဖို့တော့ လိုသေးတယ် ၊ လောလောဆယ် ကျွန်တော်တို့ ပူးပေါင်းကြမယ်ဆိုရင်တောင် ပွတ်တိုက်မှုတွေကတော့ ရှောင်လွှဲလို့ရမှာမဟုတ်ဘူး ၊ အားလုံးက ကိုယ်လိုချင်တဲ့အရာတွေအတွက် ယှဉ်ပြိုင်ကြရဦးမှာပဲ”
နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် တာအိုသခင်’လုယာ’ က ဝူတန့်မယ်တော်ကို ထိခိုက်စေခဲ့သလု တာအိုဝါဒကျင့်ကြံသူများကလည်း အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာနှင့် တိမ်မြူမှောင်မိုက်နတ်ဘုရားကို သတ်ဖြတ်ခဲ့သတ်ဖြတ်ခဲ့သည်။
ထို့ပြင် ခေါင်းကိုးလုံးနတ်မိစ္ဆာ၏ ဦးခေါင်းနှစ်လုံးမှာလည်း ယန်ကျန်းနှင့် မျောက်မင်းတို့၏ ဖြတ်တောက်ခြင်းကိုခံလိုက်ရသဖြင့် သေလုမျောပါးအခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။
သို့ဖြစ်ရာ နတ်မိစ္ဆာမျိုးနွယ်များဘက်မှ လက်စားချေရန် အကြောင်းပြချက်များစွာရှိနေသည် အမှန်ပင်။
သို့သော် သူတို့က ရန်သူဟောင်းဖြစ်သော အနောက်ဘက်သူတော်စင်ဘုံနှင့်လည်း ရန်ငြိုးနက်ရှိုင်းသည်ဖြစ်ရာ လမ်းမှန်တာအိုဝါဒကို အေးဆေးစွာပင် ဆက်ဆံလိုကြသည်။
အနောက်ဘက်သူတော်စင်ဘုံသည်လည်း ထိုသို့ပင် တွေးပေလိမ့်မည်။
အခြေအနေအရပ်ရပ်က ပြောင်းလဲသွားပြီဖြစ်ရာ အင်အားစုတိုင်းက လက်ရှိအခြေအနေနှင့်အသားကျရန် အချိန်ယူရဦးမည် ဖြစ်သည်။
အခြေအနေတည်ငြိမ်သွားသည်နှင့် ပိုမိုပြင်းထန်သောစစ်ပွဲများ တဖန်ပြန်လည် ပေါက်ကွဲထွက်လာပေဦးမည်။
ဤသည်က တာအိုဝါဒအတွက် သတင်းကောင်းပင်ဖြစ်သည်။
အခြားသူများ စစ်ပွဲဖြစ်နေချိန်တွင် လမ်းမှန်တာအိုဝါဒအနေဖြင့် ပိုမိုအင်အားကြီးမားအောင်လုပ်ဆောင်ရန် အချိန်ရမည်ဖြစ်သလို နောက်ဆက်တွဲကိစ္စများအတွက်လည်း ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားနိုင်ပေမည်။
ရန်ကျောက်ကဲက နားသယ်စပ်ကို ခပ်ဖွဖွပွတ်သပ်လိုက်ရင်း...
“အရေးကြီးတာက... လောင်ကျွင်းကို ခဏဖယ်ထားလိုက်ပြီးရင်... ကျွန်တော်တို့ဘက်က တာအိုအဓိပတိတစ်ပါး ထွက်ပေါ်လာဖို့ပဲ”
သူက ဆက်လက်မေးမြန်းလိုက်သည်။
“ဝူတန့်မယ်တော်ကလည်း ရှေးခေတ်ကာလကတည်းက မဟာတာအိုကိုအောင်မြင်ထားတဲ့ ဝါရင့်ကောင်းကင်ဘုံအရှင်တစ်ပါးပဲ မဟုတ်လား ၊ သူ့အနေနဲ့ တာအိုအဆင့်ကိုတက်လှမ်းဖို့ ဘယ်လောက်လိုသေးလဲ”
ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့က ခေါင်းခါလိုက်ကြပြီး...
“ငါတို့ သိသလောက်... အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခိုင်မာတဲ့သတင်းအချက်အလက်မရှိသေးဘူး ၊ နောင်လာမယ့်နှစ်တွေမှာ သူ့ရဲ့ကိုယ်ပိုင်တိုးတက်မှုအပေါ်မှာပဲ မူတည်လိမ့်မယ်”
ခဏမျှတိတ်ဆိတ်သွားပြီးမှ လုန်ရွှယ်ကျီးက ဆက်ပြောလိုက်သည်။
“အရင်က နွယ်ပင်ဧကရီ’လီယင်း’ ပြောခဲ့ဖူးတာတော့... ဝူတန့်မယ်တော်က တစ်ချိန်က တာအိုအဆင့်ကိုတက်လှမ်းဖို့ မျှော်လင့်ချက် ရှိခဲ့ဖူးတယ် ၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူမရဲ့လမ်းစဉ် ဖြတ်တောက်ခံလိုက်ရတယ် ၊ ဒါကြောင့် သူက လမ်းစဉ်အသစ်ပြောင်းပြီး ကျင့်ကြံရတဲ့အတွက် အရင်ကထက်အများကြီး ပိုခက်ခဲသွားပြီး အောင်မြင်နိုင်ခြေလည်း နည်းပါးသွားတယ်တဲ့”
နွယ်ပင်ဧကရီက ကွယ်လွန်သွားပြီဖြစ်သော်လည်း မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် တည်ရှိခဲ့သော စန့်ချင်အဆက်အနွယ် တန်ခိုးစွမ်းအားရှင် ဖြစ်သည်။
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“သြော်... ဒါကြောင့် တာအိုသခင်’လုယာ’ က သူ့ကို စည်းရုံးနိုင်ခဲ့တာကိုး...”
သူက ဆက်ပြီးမေးမြန်းလိုက်သည်။
“ဒါဖြင့် သူ့ရဲ့လမ်းစဉ်ကို ဖျက်ဆီးခဲ့တဲ့သူက ဘယ်သူများလဲ”
ထိုမေးခွန်းကိုကြားသည်နှင့် ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့၏ မျက်နှာထက်တွင် ထူးဆန်းသောအရိပ်အယောင်များ ထွက်ပေါ်လာသည်။
ကောင်းရွှယ်ပေါ်က...
“ငါတို့သိရသလောက်တော့... အဲဒီလူက ဝန်စူးဗောဓိသတ္တပဲ ၊ အရင်တုန်းက သူ့ကို ဝန်စူးကောင်းကင်ဘုံအရှင်လို့လည်း လူသိများတယ်လေ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ထို့နောက် ကောင်းကင်ထက်သို့ကြည့်ကာ ရယ်မောလိုက်ပြီး...
“ဒီနေ့ ရာသီဥတု အတော်သာယာတာပဲ...”
ဝန်စူးကောင်းကင်ဘုံအရှင် ဆိုသည်က ရှေးခေတ်ကာလတုန်းက ယွိချင်းအဆက်အနွယ် ထိပ်တန်းပုဂ္ဂိုလ်ကြီးများထဲမှ တစ်ယောက် ဖြစ်သည်။
နတ်ဘုရားများအပ်နှင်းခြင်း အလယ်ခေတ်ကာလတွင် သူက အခြားသော တာအိုကျင့်ကြံသူများနှင့်အတူ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားခဲ့ပြီး ဝန်ဝူးဗောဓိသတ္တအဖြစ်ခံယူကာ အခြားသောဗောဓိသတ္တများနှင့် တန်းတူအဆင့်အတန်းကို ရရှိခဲ့သည်။
အလယ်ခေတ်ကုန်လွန်ပြီးနောက် လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားပြီး မီလဲ့ကိုယ်တော်က အလယ်ပိုင်းသုခဘုံကို အဖြူရောင်ကြာပန်းသုခဘုံအဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထိုအချိန်တွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာကျင့်ကြံသူများကြား ပဋိပက္ခစစ်ပွဲတွင် ဝန်စူးဗောဓိသတ္တအပါအဝင် ဗုဒ္ဓဘာသာကျင့်ကြံသူများစွာ အသက်သေဆုံးခဲ့ကြရသည်။
သို့ပေသိ အရင်က ဝန်စူးဗောဓိသတ္တက ဝူတန့်မယ်တော်၏လမ်းစဉ်ကို ဖြတ်တောက်ခဲ့ဖူးသည်ဆိုသောအချက်ကို ရန်ကျောက်ကဲ သိရှိခဲ့ခြင်း မရှိပေ။
“အရင်က ဝန်စူးဗောဓိသတ္တ သေဆုံးသွားရတဲ့နောက်ကွယ်မှာ ဝူတန့်မယ်တော်များ တစ်နည်းတစ်ပုံ ပါဝင်ပတ်သက်နေမလားပဲ”
ရန်ကျောက်ကဲ တွေးလိုက်မိသည်။
ကောင်းရွှယ်ပေါ်က...
“ကြည့်ရတာ ဝန်စူးဗောဓိသတ္တနဲ့ ဝူတန့်မယ်တော်တို့က အခွင့်အရေးတစ်ခုခုကို အတူပြိုင်ပြီးလုကြတာဖြစ်နိုင်တယ် ၊ တစ်ယောက်ရှိနေရင် နောက်တစ်ယောက်က ဘယ်တော့မှ ရှေ့ဆက်တိုးလို့မရတော့တဲ့သဘောမျိုးပေါ့”
သူက ဆက်ပြောလိုက်သည်။
“ဝန်စူးဗောဓိသတ္တ ဒီလောကမှာ မရှိတော့ဘူးဆိုပေမယ့် တူတန့်မယ်တော်အတွက်လည်း အရာရာက ခက်ခဲသွားခဲ့ရတာပေါ့”
ရန်ကျောက်ကဲက ခဏမျှစဉ်းစားလိုက်ပြီး...
“ရွှမ်တုကိုယ်တော်က ပြင်ဆင်မှုတွေ ပြုလုပ်ပြီးနေပြီဆိုပေမယ့် ကျွန်တော်တို့ လမ်းမှန်တာအိုဝါဒက ကောင်းကင်နတ်ဘုရားတွေ တာအိုအဆင့်တက်လှမ်းနိုင်လေ ပိုကောင်းလေပဲ မဟုတ်လား”
သူက တာအိုသခင် လုယာ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် ရွှမ်တုကိုယ်တော်တို့ ငရဲကိုးထပ်မှရရှိမည့် အခွင့်အရေးများကို စောင့်ဆိုင်းနေကြကြောင်း အသေးစိတ်အချက်အလက်များကို ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့အား ပြောပြလိုက်သည်။
ရန်ကျောက်ကဲ၏ စကားများကို သေချာနားထောင်ပြီးနောက် ကောင်းရွှယ်ပေါ်က စကားဆိုလိုက်သည်။
“ဒီကိစ္စမှာ ဝူတန့်မယ်တော် ပါဝင်နိုင်မလားဆိုတာတော့ မသေချာဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး...
“ဒီကိစ္စကလည်း ဘယ်တော့စမလဲဆိုတာ မသိရသေးပါဘူး ၊ တိုက်ပွဲရလဒ် ဘယ်လိုဖြစ်လာမလဲဆိုတာလည်း မခန့်မှန်းနိုင်ဘူး ၊ ဒီတော့ လောလောဆယ် ရွှမ်တုကိုယ်တော်အပေါ်မှာပဲ မျှော်လင့်ချက်ထားတာ ပိုကောင်းပါလိမ့်မယ်”
ထို့နောက် သူက ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ကို ကြည့်လိုက်ပြီး...
“ဂိုဏ်းတူအစ်မ’ယွီယဲ့’ ရဲ့ အခြေအနေက တည်ငြိမ်သွားပါပြီ ၊ ဒါပေမဲ့ လောလောဆယ်တော့ သူ့ကို သတိရလာအောင် မလုပ်သေးဖို့ စဉ်းစားထားတယ် ၊ သွေးကျောက်ခြင်ဆီ ၊ ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းနဲ့ ပင်လယ်ထက်သန်အမြုတေလိုမျိုး ရတနာပစ္စည်းတွေကို ရှာတွေ့မှပဲ သူ့ကို သတိရလာအောင်လုပ်ပေးတော့မယ်”
ကောင်းရွှယ်ပေါ်က သက်ပြင်းချရင်း...
“ကောင်းဆုံးရလဒ် ရနိုင်ရင်တော့ အကောင်းဆုံးပေါ့ ၊ ဒါပေမဲ့ မရနိုင်ခဲ့ရင်လည်း အတင်းအကျပ်တော့ မလုပ်ပါနဲ့ကွာ”
ရန်ကျောက်ကဲက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက...
“ဒါနဲ့... ကောင်းချင်က ဓားထုတ်ခြင်းနဲ့ ဓားကျင့်ကြံခြင်းကို စနေပြီလား”
သူ့စကားကြောင့် ကောင်းရွှယ်ပေါ်၏ တည်ကြည်လေးနက်နေသောမျက်နှာထား အနည်းငယ်ပြေလျော့သွားသည်။
“ဟုတ်တယ်... စနြေီ ၊ သူ့စိတ်က သိပ်ပြီးမတည်ငြိမ်သေးဘူးဆိုပေမယ့် ဒီကျင့်စဉ်က သူ့အတွက် ပြဿနာမရှိနိုင်ပါဘူး ၊ ဒါက သူ့ကိုလေ့ကျင့်ပေးဖို့ အခွင့်ကောင်းတစ်ခုပဲလေ”
ကောင်းချင်က ကောင်းရွှယ်ပေါ်၏ မြေးမလေးဖြစ်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရှိ စန့်ချင်အဆက်အနွယ်များထဲတွင် ထင်ရှားသော ပါရမီရှင်လူငယ်တစ်ယောက် ဖြစ်သည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်က ဖုထင်ထက်နိမ့်ပါးသော်လည်း သူမက ဖုထင်ထက်ပိုပြီး အသက်ငယ်လေသည်။
ထို့ကြောင့် သူတို့နှစ်ယောက်လုံးကို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာမှ ပါရမီရှင်များဟု ဆိုနိုင်သည်။
ကောင်းချင်က ချန်ချန်းဟွာ၊ နျဲ့ကျင်းရှန်၊ ယွီယဲ့ နှင့် ဟယ်မြန်တို့ကိုမမီသော်လည်း အခြားသူများထက် ပိုမိုထူးချွန်သာ ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။
ယခု ဖုထင်က နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
ကောင်းချင်၏ ကျင့်ကြံခြင်းအရှိန်အဟုန်က ဖုထင်ထက်နှေးကွေးသော်လည်း သူမက သိုင်းသူတော်စင်အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေသည်မှာ အတော်ကြာပြီဖြစ်ရာ ဦးလေးဖြစ်သူ လုန်ဟန့်ဟွာနှင့်ပင် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်၏။
ဓားသိုင်းကျင့်ကြံသူတစ်ယောက်၏ ကျင့်စဉ်လမ်းက မည်မျှခက်ခဲကြမ်းတမ်းကြောင်း ထည့်တွက်မည်ဆိုလျှင် ကောင်းချင်၏တိုးတက်မှုက အမှန်ပင် အံ့သြစရာကောင်းသည်ဟု ဆိုရမည်။
သိုင်းသူတော်စင်အထွတ်ထိပ်အဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းချင်က “ဓားထုတ်ခြင်းနှင့် ဓားကျင့်ကြံခြင်း” ကျင့်စဉ်ကို စတင်ခဲ့သည်။
ဤကျင့်စဉ်ကြောင့် သူမ၏ကျင့်ကြံခြင်း ရပ်တန့်သွားပြီး အဘိုးဖြစ်သူ ကောင်းရွှယ်ပေါ်ကဲ့သို့ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းအဆင့်မတက်နိုင်ဘဲ ငြိမ်သက်နေပေလိမ့်မည်။
သို့ပေသိ အနှစ်သာရအားဖြင့်ဆိုလျှင် “ဓားထုတ်ခြင်းနှင့် ဓားကျင့်ကြံခြင်း” ကျင့်စဉ်က ဓားသိုင်းကျင့်ကြံသူတစ်ယောက်၏ စွမ်းရည်များကို ပိုမိုထက်မြက်လာစေရန် သွေးပေးခြင်းသာဖြစ်သည်။
ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို နဂိုထက်ပိုပြီး အစွမ်းထက်လာစေရန် ပြုလုပ်ပေးခြင်း ဖြစ်လေသည်။
တကယ်တော့ ဤကျင့်စဉ်ကို အောင်မြင်စွာကျင့်ကြံနိုင်သူ အလွန်နည်းပါးလှသည်။
သို့ဖြစ်ရာ ပုံမှန်အတိုင်းကျင့်ကြံပြီး ပါရမီနှင့်စွမ်းအားကို မှီခိုအားထားကာ နတ်ဘုရားတံခါးကို တွန်းဖွင့်ရန် မဖြစ်နိုင်ဘူးလားဟု မေးစရာရှိသည်။