← Chapters

အခန်း (၁၆၂၇-၁၆၂၈)

Vol. 116 Ch. 1627-1628

အခန်း (၁၆၂၇-၁၆၂၈)

Vol. 116 Ch. 1627-1628

အခန်း (၁၆၂၇) အကျိုးရလဒ်ကိုရိတ်သိမ်းချိန်တန်ပြီ

ဓားသိုင်းကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ ကျင့်ကြံရသည်မှာ ပို၍ခက်ခဲလာလေ ဖြစ်သည်။ အထူးသဖြင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက်ပိုင်းတွင် ပို၍သိသာပေသည်။

“ဓားထုတ်ခြင်းနှင့် ဓားကျင့်ကြံခြင်း” ပညာရပ်က ထိုကဲ့သို့သော အတားအဆီးအခက်အခဲများကို ထိုးဖောက်ထွက်ရန်အတွက် စန့်ချင်အဆက်အနွယ် ဘိုးဘေးများ တီထွင်ဖန်တီးခဲ့သော လျှို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်သည်။

ဓားတစ်လက်ကို အသုံးမပြုဘဲ ထက်ရှအောင်သွေးနေခြင်းနှင့်ဆင်တူသည်ဖြစ်ရာ ထိုကျင့်စဉ်ကျင့်ကြံနေချိန်တွင် တိုးတက်မှုရပ်တန့်နေသည်ဟု ထင်မှတ်ရသော်လည်း နောက်တစ်ချိန်မှာတော့ ပိုမိုချောမွေ့သည့်လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည် ဖြစ်၏။

သို့ပေသိ ထိုကျင့်စဉ်ကိုကျင့်ကြံရန်မှာ အလွန်တရာ ခက်ခဲလှပြီး စွမ်းဆောင်ရည်အပြည့် ထုတ်ဖော်နိုင်သူမှာလည်း အလွန်ရှားပါးသည်။

ထို့ပြင် ပါရမီထူးချွန်သည့်တိုင် ဤပညာရပ်နှင့် ကိုက်ညီခြင်းမရှိဟု သတ်မှတ်ခံရသူများလည်း ရှိပေသည်။

ဥပမာဆိုရလျှင် လုန်ရွှယ်ကျီး ၊ ရန်တိတို့ကဲ့သို့ ဓားသိုင်းကျင့်ကြံသူများက ထိုပညာရပ်ဖြင့် ကိုက်ညီခြင်းမရှိပေ။ ထို့ကြောင့် ဤကျင့်စဉ်ကို ကျင့်ကြံနိုင်သူအရေအတွက် ပို၍နည်းပါးသွားရခြင်း ဖြစ်၏။

ကောင်းချင်ကတော့ ထိုပညာရပ်ကို ကျင့်ကြံနိုင်စွမ်း ရှိသည်။

သူမ ထိုပညာရပ်ကိုကျင့်ကြံခြင်းဖြင့် သိုင်းသူတော်စင် အထွတ်ထိပ်အဆင့်တွင် အချိန်အတော်ကြာတောင် ရပ်တန့်နေပြီး နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခြင်းအဆင့် မတက်ဘဲ ရှိနေနိုင်သည်။

သို့သော်လည်း ဤသည်က သူမ၏အနာဂတ် အခြေခံအုတ်မြစ် ပိုမိုခိုင်မာအောင် သွေးပေးသည့်ပမာဖြစ်လေရာ ရရှိသည့်အကျိုးကျေးဇူးများက အလွန်ပင်များပြားပေမည်။

ရန်ကျောက်ကဲက ခံစားချက်ပြင်းထန်သည့်လေသံဖြင့်...

“မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ပေါင်းတစ်ရာ ကုန်ဆုံးသွားခဲ့ပြီနော် ၊ မျိုးဆက်သစ်တွေလည်း တဖြည်းဖြည်းကြီးပြင်းလာခဲ့ပြီ”

သူက ဆက်ပြောလိုက်သည်။

“မကြာခင်ကပဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ပါရမီရှင်တစ်ယောက် ထပ်ပြီးထွက်ပေါ်လာတယ်လို့ သတင်းကြားတယ် ၊ အဲဒီကလေးရဲ့ပါရမီက ဆရာဦးလေး’လုန်’ ဂိုဏ်းတူအစ်မ’ယွီ’တို့နဲ့တောင် ယှဉ်နိုင်တယ်ဆိုပဲ... ဒီလို ဝမ်းသာစရာကိစ္စအတွက် ဂုဏ်ယူပါတယ်ဗျာ"

ကောင်းရွှယ်ပေါ် ၊ လုန်ရွှယ်ကျီးတို့နှင့် နှိုင်းယှဉ်လျှင် ရန်ကျောက်ကဲ၏ အသက်မှာ အတော်လေး ငယ်သေးသည်ဟု ဆိုရမည်။

သို့ပေသိ ရန်ကျောက်ကဲက လူကြီးတစ်ယောက်လေသံဖြင့် မှတ်ချက်ပေးနေခြင်းအတွက် သူတို့နှစ်ယောက်လုံး ထူးဆန်းသည်ဟု မခံစားမိကြပေ။

လုန်ရွှယ်ကျီးက...

“ဟုတ်တယ် ၊ သူက အလားအလာကောင်းတဲ့ လူငယ်တစ်ယောက်ပါပဲ ၊ ဒါပေမဲ့ သံကောင်းကို လက်နက်ကောင်းတစ်ခုဖြစ်လာဖို့ သွန်းလောင်းဖို့ဆိုတာ အချိန်ယူရမှာပဲလေ”

ကောင်းရွှယ်ပေါ်က...

“ငါတို့အားလုံးလည်း ဒီလိုနည်းလမ်းအတိုင်းပဲ လျှောက်လှမ်းနေကြရတာ မဟုတ်လား”

သူက ဆက်ပြောလိုက်သည်။

“မင်းတို့ ထျန်းစူးစကြာဝဠာမှာလည်း မကြာခင်ကပဲ ပါရမီရှင်တွေ ထပ်ထွက်လာတာပဲ မဟုတ်လား ၊ မင်းတို့ဝါဒတောင်မှာဆို ပါရမီရှင်တွေ ပိုတောင်များပါသေးတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

"ဆရာဦးလေးလုန်ရဲ့ စကားအတိုင်း ပြောရရင်တော့ သူတို့လည်း အများကြီး အချိန်ယူကျင့်ကြံဖို့ လိုပါသေးတယ်”

‌ကောင်းရွှယ်ပေါ်က ရယ်မောလိုက်ရင်း...

“ဒါပေမဲ့ တချို့တွေကတော့ သွေးထားကြတော အတော်တောင်ထက်မြက်နေကြပြီ မဟုတ်လား”

သူက ဆက်ပြောလိုက်သည်။

“မဟာကပ်ဘေးကြီးမတိုင်ခင်ကတောင် မင်းတို့ဝါဒတောင်လိုမျိုး နတ်ဘုရားတံခါးတွန်းဖွင့်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သိုင်းသူတော်စင်အထွတ်ထိပ်အင့်တွေ ဒီလောက်အများကြီးထွက်ပေါ်ခဲ့တဲ့ သိုင်းဂိုဏ်းမျိုး သိပ်ရှိခဲ့တာ မဟုတ်ဘူး”

ရန်ကျောက်ကဲက...

“ဒါကတော့ တိုက်ဆိုင်မှုသက်သက်ပါပဲ”

သူက ဆက်ပြောလိုက်သည်။

“တချို့တွေက ကျင့်ကြံခြင်းအဆင့်တက်တာမြန်ပေမယ့်... အားလုံးကတော့ နတ်ဘုရားတံခါးကို တစ်ချိန်တည်း တွန်းဖွင့်နိုင်ကြမှာ မဟုတ်ဘူးလေ ၊ ဒါက သူတို့ရဲ့ ကံတရားအပေါ်လည်း မူတည်သေးတယ်”

ကောင်းရွှယ်ပေါ် ပြောသလိုပင် နှစ်ပေါင်းများစွာအတွင်း ဝါဒတောင်တွင် ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့ရာ ယခုအခါ ပေါက်ကွဲထွက်တော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပေပြီ။

မကြာသေးခင်က ဆရာဘိုးဘိုး’ယွမ်ကျန်းဖုန်း’ နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့ပြီး သူ့နောက်တွင် ဖန်ကျွင်း ၊ ယင်လုန်ထူ၊ စစ်ခုန်ချင်းနှင့် ရှကွမ်းတို့က ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

အားဟူက ဝါဒတောင်တပည့်မဟုတ်သော်လည်း လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိသည်မှာ ကြာမြင့်နေပြီဖြစ်သလို နတ်ဘုရားတံခါးကို တွန်းဖွင့်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

အကယ်၍ ထူးခြားအခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းမရှိလျှင် နောင်လာမည့် နှစ်အနည်းငယ်အတွင်း ဝါဒတောင်တွင် အစစ်အမှန်နတ်ဘုရား (၅)ပါးအထိ ဆက်တိုက် ထွက်ပေါ်လာနိုင်ခြေ ရှိသည်။

ထိုအရေအတွက်မှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးရှိ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သူ အရေအတွက်နှင့်ပင် ထပ်တူနီးပါး ဖြစ်နေသည်။

ထို့ကြောင့် ကောင်းရွှယ်ပေါ်တို့ အံ့သြတကြီးဖြစ်ကြရသည်မှာ မဆန်းလှပေ။

ထျန်းစူးစကြာဝဠာတွင် ဝါဒတောင်ကို ဖယ်လိုက်လျှင်ပင် ဖုထင် ၊ ဟယ်ရှီးရှင်နှင့် ပိုင်တောင်းတို့က အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရောက်ခဲ့ပြီး ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများကြောင့် ထျန်းစူးစကြာဝဠာမှ သိုင်းသူတော်စင်အဆင့် ကျွမ်းကျင်သူများမှာ နတ်ဘုရားအဆင့်သို့ ဖြည်းဖြည်းချင်း စတင်ချဉ်းကပ်လာကြပေပြီ။

လက်ရှိတွင် အချိန်စောသေးသည်ဟု ထင်မှတ်ရသော်လည်း နောင်အနာဂတ်တွင် သမ္မာတရားကပ်ဘေးကို စိန်ခေါ်မည့်သူများ ပိုမိုထွက်ပေါ်လာဦးမည် ဖြစ်၏။

ဝါဒတောင်မှ ရှီကျွင်း၊ ထုန်းမင်တောင်ကြားမှ ရှောင်အိုက်၊ ကျင်းထင်တောင်မှ လုန်ဟန့်ဟွာနှင့် ထန်ယုံဟောင်၊ မြောက်ဖေးတောင်ထွတ် ကြာပန်းနီကမ်းပါးမှ မန်ဝမ်တို့မှာလည်း လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ကာ ကျင့်ကြံခြင်းစွမ်းအားများကို စုဆောင်းထားနိုင်ကြပေပြီ။

ထို့ပြင် ကျောက်စိမ်းကျောက်ဆောင်မှ ဝမ်ဖူ၊ ယွင်ကဲတောင် ရွှမ်လျိုကျောင်းတော်မှ ကျန်းမော့နှင့် အခြားသူများမှာလည်း အလားတူပင် ဖြစ်၏။

သမ္မာတရားကပ်ဘေးက အလွန်တရာ ထူးခြားသောကပ်ဘေးတစ်ခု ဖြစ်သည်။

ကျရှုံးခဲ့သည်ရှိသော် ချက်ချင်းပင် အသက်ပျောက်သွားနိုင်သည်။

ထို့ကြောင့်ပင် အချို့သူများက လူသားနှင့် နတ်ဘုရားကြား နယ်နိမိတ်အဟန့်အတားကို ရှေ့မဆက်ရဲဘဲ နှစ်ပေါင်းများစွာ တုံ့ဆိုင်းနေတတ်ကြသည်။

ယခင်က ချောင်ကျယ် ၊ လျိုကျန်းကူနှင့် ပိုင်တောင်းတို့သည်လည်း ထိုသို့ ရပ်တန့်နေခဲ့ဖူးသည်။

တာအိုအဆင့်နှင့်နီးကပ်လာလေ ကျင့်ကြံခြင်းအဆင့်တက်လှမ်းရန် ပို၍ခက်ခဲလာလေ ဖြစ်သည်။

မြင့်မားသော ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ ဆက်လက်တက်လှမ်းနိုင်ခြင်း ရှိမရှိ ဆိုသည်က ပါရမီတစ်ခုတည်းအပေါ်တွင် မူတည်ခြင်းမရှိတော့ဘဲ ပြင်ပလောက အခြေအနေများအပေါ်တွင်လည်း များစွာမူတည်သည်။

ယခု တာအိုဝါဒက တဖြည်းဖြည်း ပြန်လည်ထွန်းကားလာပြီဖြစ်ရာ ရတနာပစ္စည်းများ ၊ အခွင့်အရေးများ ၊ သိုင်းကျင်စဉ်များနှင့် အထွတ်ထိပ်ပညာရပ်များ ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။

ဤသည်က ကျင့်ကြံသူများအတွက် အဆင့်တက်ရန်ခက်ခဲမှုကို သိသိသာသာ လျော့ကျလာစေပြီး အောင်မြင်မှုရရှိရန် ရာနှုန်းမြင့်တက်လာစေသည်။

မည်သို့ပင်ဖြစ်စေ ပါရမီရှင် ကျင့်ကြံသူများအနေဖြင့် သမ္မာတရားကပ်ဘေးကို ထိုးဖောက်ကျော်ဖြတ်နိုင်ရန် အစွမ်းကုန်အာရုံစိုက်နေကြရဆဲ ဖြစ်သည်။

လုံလောက်သည့်ယုံကြည်ချက်မရှိဘဲ မည်သူမှ ပေါ့ပေါ့တန်တန် စွန့်စားရဲမည် မဟုတ်ပေ။

ရန်ကျောက်ကဲ ပြောသလိုပင် အုပ်စုလိုက်ကြီး တစ်ပြိုင်တည်း နတ်ဘုရားအဖြစ် အဆင့်တက်လှမ်းရန်မှာ မဖြစ်နိုင်ပေ။

အချို့က အရင်တက်လှမ်းမည်ဖြစ်ပြီး အချို့ကတော့ နောက်မှလိုက်ပါလာကြပေမည်။ ရှေ့အုပ်စုနှင့် နောက်အုပ်စုကြား နှစ်ပေါင်းများစွာပင် အချိန်ကွာကြားသွားနိုင်၏။

လက်ရှိတွင် လမ်းမှန်တာအိုဝါဒ ၊ ထျန်းစူးစကြာဝဠာနှင့် ဝါဒတောင်တို့မှာ တားဆီးမရသော အရှိန်အဟုန်ဖြင့် ရှေ့ဆက်တိုးတက်နေကြသည်ကတော့ ငြင်းမရသည့်အချက်ပင်။

နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့သမျှ ယခုအခါ ရိတ်သိမ်းရမည့်အချိန်သို့ ရောက်ရှိလာပေပြီ။

ဤတစ်ခေတ်ကိုကျော်ဖြတ်ပြီးလျှင်တော့ အကြီးအကျယ် အောင်မြင်မှုရရှိသည့်အချိန်မျိုး ထပ်မံရရှိရန် မည်မျှကြာဦးမည်လဲ မည်သူမှ မသိနိုင်ပေ။

ဟုတ်ပေ၏။

အောင်မြင်မှုလှိုင်းလုံးကြီးများဆိုသည်က မကြာခဏဖြစ်ပေါ်နိုင်ခြင်း မရှိပေ။ သို့သော် မြစ်ရေကတော့ အစဉ်မပြတ် စီးဆင်းနေပေလိမ့်မည်။

ဝါဒတောင်သာ လုံလောက်သော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့လျှင် မရေမတွက်နိုင်သော ပါရမီရှင်များကို အမြဲမပြတ် မွေးထုတ်ပေးနိုင်မည့် နည်းစနစ်များ ရှိလာမည်ဖြစ်သည်။

အခြားသော တာအိုအဆက်အနွယ်များသည်လည်း ထိုနည်းတူပင် ဖြစ်၏။

ထိုသို့သောအချိန်သို့ရောက်ရှိလာလျှင် “တိုးတက်ထွန်းကားသောခေတ် စဉ်ဆက်မပြတ် ဆင်းသက်လာသည်” ဟုပင် ပြောဆိုနိုင်ပေလိမ့်မည်။

ထိုအချိန်မတိုင်ခင်မှာတော့ ရန်ကျောက်ကဲတို့အားလုံးအနေဖြင့် တွန်းအားပေး ရှေ့ဆက်နေကြရပေဦးမည်။

ရန်ကျောက်ကဲက ကောင်းရွှယ်ပေါ် ၊ လုန်ရွှယ်ကျီးတို့နှင့်အတူ ယွီယဲ့၏အခြေအနေကို ဆွေးနွေးပြီးနောက် သွေးကျောက်ခြင်ဆီကို အစွမ်းကုန်ရှာဖွေကြရန် သဘောတူညီလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရှိ အခြားသော စန့်ချင်အဆက်အနွယ် အကြီးအကဲများဖြစ်သည့် တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသူများကို သွားရောက်တွေ့ဆုံသည်။

ထို့နောက် သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထျန်းစူးစကြာဝဠာသို့ ပြန်လည်ထွက်ခွာလာခဲ့၏။

ထျန်းစူးစကြာဝဠာနှင့် အခြားသောကမ္ဘာများစွာက ကျူတောပင်လယ်ကောင်းကင်ဘုံသို့ ဝင်ရောက်ပြီးသည့်နောက် ထျန်းစူးစကြာဝဠာက စတင်ကျဉ်းမြောင်းလာခဲ့သည်။

အဂ္ဂိရတ်ခန်းမကိုယ်တိုင်မှာလည်း ထျန်းစူးစကြာဝဠာမှ လွတ်မြောက်သွားပြီဖြစ်ရာ ခန်းမအတွင်းမှ ပြန့်ကားထွက်လာသည့် စကြာဝဠာက မူလအတိုင်း ပြန်လည်ကျုံ့ဝင်သွားခဲ့သည်။

အရေးကြုံပါက ပုန်းကွယ်ရန်နေရာအချို့ကို ကြိုတင်ပြင်ဆင်ထားလိုသည့်အတွက် ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို ကျူတောပင်လယ်ကောင်းကင်ဘုံထဲသို့ ထည့်သွင်းမထားခဲ့ပေ။

သူက အဂ္ဂိရတ်ခန်းမကို အဆုံးမရှိ ပြင်ပဗလာနယ်ထဲတွင် ဤအတိုင်းဆက်လက်လွင့်မျောနေစေခဲ့သည်။

ရန်ကျောက်ကဲ ပြန်ရောက်လာသည်နှင့် ရွှီဖေးက လာရောက်နှုတ်ဆက်လေသည်။

"နတ်ဘုရားသုတ်သင်အစီအရင်အတွက် အစွမ်းကုန်တိုက်ပွဲဝင်ပြီးမှပဲ ငါတို့တွေလည်း အေးအေးချမ်းချမ်းရှိတော့တယ် ၊ ငါတို့ညီအစ်ကိုလည်း အခုမှပဲ စိတ်အေးလက်အေး အနားယူနိုင်တော့တယ်”

ရွှီဖေးက ရန်ကျောက်ကဲကိုကြည့်ရင်း စကားဆိုလိုက်သည်။

“ဒီတော့ ငါတို့ရဲ့ အရှိန်အဟုန်ကို နည်းနည်းလျှော့ပြီး ပြင်ပလောကရဲ့ အပြောင်းအလဲတွေကို စောင့်ကြည့်ကြတာပေါ့”

လမ်းမှန်တာအိုဝါဒအတွက်တော့ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ခြင်းက အခြေခံအကျဆုံးကိစ္စရပ်တစ်ခု ဖြစ်သည်။

နတ်ဘုရားသုတ်သင်အစီအရင်ကို တိုက်ခိုက်လုယူခဲ့သည့်ရည်ရွယ်ချက်မှာ အမတခုံရုံး သို့မဟုတ် အဖြူရောင်ကြာပန်းသုခဘုံကို လက်စားချေရန် မဟုတ်ခဲ့ပေ။

လမ်းမှန်တာအိုဝါဒအနေဖြင့် မိမိတို့၏မဟာမိတ်များကို ထိခိုက်စေနိုင်သည့် အလုံးစုံပျက်သုဉ်းခြင်းမျိုးကိုလည်း မလိုလားပေ။

ယခု နတ်ဘုရားသုတ်သင်အစီအရင်ကို စောင့်ရှောက်ထိန်းချုပ်ပေးထားသည့် ယွင်ရှောင်နတ်သမီးဆိုလျှင် မဟာကပ်ဘေးကြီးတွင် သူမ၏ညီအစ်မနှစ်ယောက်ကို ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။

သို့သော် သူမအနေဖြင့် အသင့်တော်ဆုံး ဆင်ခြင်တုံတရားကို လက်ကိုင်ထားနိုင်ဆဲ ဖြစ်၏။

အမှန်တော့ လက်စားမချေခြင်း မဟုတ်ပေ။ အချိန်မကျသေးသဖြင့် စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။

အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပြီး အင်အားကြီးမားလာမှသာ ရန်သူကို ကိုယ်ပိုင်စွမ်းအားဖြင့် အပြတ်အသတ်ချေမှုန်းကာ စကြာဝဠာတစ်ခုလုံးကို အုပ်စိုးရပေမည်။

ရန်ကျောက်ကဲက...

"ဂိုဏ်းတူအစ်ကို’ရွှီ’... မင်းလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်နော် ၊ ဂိုဏ်းတွင်းကိစ္စတွေကို ဂိုဏ်းတူညီလေးရှ၊ ဂိုဏ်းတူညီလေးလန်နဲ့ ရှီကျွင်းလေးတို့ဆီ လွှဲပေးသင့်တာ လွှဲပေးလိုက်ပေါ့”

နတ်ဘုရားသုတ်သင်အစီအရင် တိုက်ပွဲတွင် မဟာသူတော်စင်၏ ရွှေရောင်ခန္ဓာကို အသုံးပြုခဲ့ရသဖြင့် ရွှီဖေး၏တန်ခိုးစွမ်းအားများ များစွာကုန်ခမ်းသွားခဲ့သည်။

တိုက်ပွဲအတွင်းဆုံးရှုံးသွားသော အသက်ဓာတ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။

ရွှီဖေးက ခေါင်းညိတ်ရင်း...

“အေးပါ... ငါ့ အစီအစဉ်တချို့ လုပ်လိုက်ပါ့မယ်”

ထို့နောက် သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“ဒါနဲ့ မင်းရော ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ”

ရန်ကျောက်ကဲက...

“ငါက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင်လုယာနဲ့ အခြားလူတွေကို ပြဿနာသွားရှာချင်နေတာ ၊ ဒါပေမဲ့ အခုက အဲဒီလိုလုပ်ဖို့ အချိန်မတန်သေးဘူး ၊ ဟိုဟိုဒီဒီ လျှောက်သွားနေမယ့်အစား အခြေအနေစောင့်ကြည့်ပြီး ငြိမ်ငြိမ်လေးနေတာ ပိုကောင်းမယ်ထင်တယ်”

သူက ဆက်ပြောလိုက်သည်။

“နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲကနေ သိုင်းပညာနိယာမတွေနဲ့ပတ်သက်တဲ့ အသိအမြင်တွေ အများကြီးရခဲ့တယ် ၊ အဲဒါတွေကို ပြန်သုံးသပ်ဖို့ အချိန်နည်းနည်းလိုနေတယ် ၊ ဒါကြောင့် လောလောဆယ် တံခါးပိတ်ကျင့်ကြံရင်ကောင်းမလားလို့ စဉ်းစားနေတာ”

ရွှီဖေးက သဘောကျစွာ ရယ်မောလိုက်ပြီး...

"မင်းက အခုတောင် ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအဆင့်ကို ရောက်နေပြီပဲ ၊ ဒီထက် ရှေ့ဆက်သွားမယ်ဆိုရင်တော့ ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူ ရဖို့ပဲလိုတော့တယ် ၊ ဆိုတော့... ပန်းသုံးပွင့်သရဖူထဲက ဘယ်တစ်ခုကို အရင်ကြိုးစားဖို့ စိတ်ကူးထားလဲ ၊ အမြုတေပန်းပွင့်သရဖူလား ၊ ချီစွမ်းအား ဒါမှမဟုတ် စိတ်ဝိညာဉ်လား”

အခန်း (၁၆၂၈) ပန်းသုံးပွင့်သရဖူ၏မတူကွဲပြားမှုများ

ချီစွမ်းအားငါးခုပေါင်းစည်းခြင်းဆိုသည်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ဖြစ်သည်။

ထိုအဆင့်ကို အခြေခံအုတ်မြစ်ထားရှိပြီး ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူ ရရှိအောင်ကျင့်ကြံနိုင်လျှင် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ပေမည်။

ပန်းသုံးပွင့်သရဖူကို အထွတ်ထိပ်သရဖူ(၃)ခုဟုလည်း ခေါ်ဆိုသည်။

ထိုသရဖူများက ကျင့်ကြံသူတစ်ယောက် တစ်သက်တာလုံးစုဆောင်းလာခဲ့သည့် ကျင့်စဉ်စွမ်းအားများ ကြီးမားစွာ ထိုးဖောက်ထွက်ခြင်းဖြင့် ဖြစ်ပေါ်လာသော စွမ်းအားအဟုန် ဖြစ်၏။

ကျင့်ကြံသူတစ်ယောက်၏ အမြုတေ ၊ ချီစွမ်းအားနှင့် စိတ်ဝိညာဉ်ဆိုသောအရာ(၃)ခု အထွတ်ထိပ်အဆင့် ပေါင်းစည်းသွားသည့်အခါ ထိုကျင့်ကြံသူအနေဖြင့် ဗလာနယ်တစ်ခုလုံးကို လွှမ်းမိုးအုပ်စိုးနိုင်စွမ်း ရှိသွားပေမည်။

ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူကို ရယူရန်အတွက် မည်သည့်သရဖူကို အရင်ဆုံးရယူရမည်ဟု အစဉ်လိုက်သတ်မှတ်ချက်မရှိဘဲ ကျင့်ကြံသူ၏ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုအပေါ်တွင်သာ မူတည်သည်။

သို့သော် သရဖူတစ်ခုချင်းစီတွင် ကွာခြားချက်များ ရှိနေသည်။

ထို့ကြောင့် မည်သည့်သရဖူကို အရင်ဆုံးကျင့်ကြံရန် ရွေးချယ်သည်ဖြစ်စေ အကျိုးအပြစ်များက မတူကွဲပြားပေသည်။

ရွှီဖေးက...

“မင်းက ချီစွမ်အားသရဖူနဲ့ စိတ်ဝိညာဉ်သရဖူကို အရင်ကျင့်ကြံပြီး နောက်ဆုံးမှ အမြုတေသရဖူကို ကျ့င်ကြံမယ်ထင်တယ် ဟုတ်တယ်မလား... ၊ ဒါပေမဲ့ ငါသိချင်တာက မင်း အဲဒီနှစ်ခုထဲက ဘယ်တစ်ခုကို အရင်စပြီးကျင့်ကြံမှာလဲ”

အထွတ်ထိပ်သရဖူ(၃)ခုကို ကျင့်ကြံပုံချင်း မတူညီပေ။

အကယ်၍ အမြုတေသရဖူကို အရင်ကျင့်ကြံမည်ဆိုပါက အခြေခံအုတ်မြစ် ပိုမိုခိုင်မာမည်ဖြစ်ပြီး ဒဏ်ရာရရှိပါကလည်း လျှင်မြန်စွာ ပြန်လည်သက်သာလာစေနိုင်သည်။

အလွန်အမင်း စွမ်းအားကုန်ခမ်းချိန် သို့မဟုတ် ဝိညာဉ်စွမ်းအား ပြင်းထန်စွာထိခိုက်မိချိန်မျိုးတွင် ထိုသရဖူကိုအသုံးပြု၍ စွမ်းအားများ ပြန်လည်ဖြည့်တင်းနိုင်သည်။

ဒဏ်ရာပိုမိုပြင်းထန်လေ အမြုတေသရဖူက အသက်ဓာတ်စွမ်းအားပိုမိုထုတ်လွှတ်ပေးလေ ဖြစ်၏။

အရေးကြီးဆုံးအချက်မှာ ထိုသရဖူက ကျင့်ကြံသူတစ်ယောက်၏သက်တမ်းကို သိသိသာသာ ရှည်ကြာစေသည်။

လူအများပြောကြသည့်အတိုင်းပင် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါး၏ သက်တမ်းက နှစ်ပေါင်း(၁၂၉၆၀၀) ခန့် ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် ထိုက်ရွှီးမူလနတ်ဘုရားအများစုက ထိုသက်တမ်းအထိ မနေနိုင်ကြချေ။

ဒဏ်ရာဟောင်းများစုစည်းလာခြင်းက သူတို့၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်နှင့် အသက်ဓာတ်စွမ်းအားများကို ထိခိုက်ပျက်ဆီးစေသဖြင့် သက်တမ်းတိုသွားကြသည်ချည်းပဲ ဖြစ်၏။

အခြားတစ်ဖက်မှာတော့ သူတို့၏သက်တမ်းက အမြုတေသရဖူနှင့်လည်း ဆက်စပ်နေသည်။

တကယ်တော့ ထိုက်ရွှီးမူလနတ်ဘုရား တစ်ပါးအနေဖြင့် ထိုသက်တမ်းကန့်သတ်ချက်သို့ ရောက်ရှိရန် သတ်မှတ်ချက်တစ်ခု ရှိနေသေးသည်။

အမြုတေပန်းပွင့်သရဖူကို အောင်မြင်စွာကျင့်ကြံထားသူသာလျှင် ထိုသက်တမ်း နှစ်ပေါင်း(၁၂၉၆၀၀) ကို ရရှိနိုင်မည့် အခြေခံအုတ်မြစ် ရရှိကြခြင်း ဖြစ်၏။

ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူဆိုသည်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်၏ အထွတ်အထိပ် ဖြစ်သည်။

ထိုပန်းနှစ်ပွင့်ထဲတွင် အမြုတေပန်းပွင့်သရဖူကို ကျင့်ကြံထားမှသာလျှင် နှစ်ပေါင်း(၁၂၉၆၀၀) ရှိသော သက်တမ်းကန့်သတ်ချက်ကို ရရှိနိုင်ပေမည်။

ကျင့်ကြံသူတစ်ယောက်အနေဖြင့် ချီစွမ်းအားသရဖူနှင့် စိတ်ဝိညာဉ်သရဖူကို ကျင့်ကြံထားပါက ထိုက်ရွှီးမူလနတ်ဘုရားအဆင့် အထွတ်အထိပ်သို့ ရောက်ရှိပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းအလိုသို့ ရောက်နေလျှင်ပင် သူတို့၏ သက်တမ်းကန့်သတ်ချက်မှာ နှစ်ပေါင်း(၁၂၉၆၀၀)ထက် များစွာလျော့နည်းနေမည်သာ ဖြစ်သည်။

အထွတ်ထိပ်သရဖူ(၃)ခုတွင် ချီစွမ်းအားသရဖူကို ကျင့်ကြံထားပါက တိုက်ခိုက်စွမ်းရည်မြင့်တက်စေနိုင်ပြီး ချီစွမ်းအားငါးခုပေါင်းစည်းခြင်းမှရရှိသည့် နတ်ဘုရားစွမ်းအား အရည်အသွေးနှင့်ပမာဏကို သိသိသာသာ တိုးပွားစေသည်။

ချီစွမ်းအားနှင့် သွေးစွမ်းအားက တစ်ခုနှင့်တစ်ခု အထောက်အကူပြုသဖြင့် ကျင့်ကြံသူ၏ခန္ဓာကိုယ်သည်လည်း ပိုမိုတောင့်တင်းခိုင်မာလာမည် ဖြစ်သည်။

ထို့ကြောင့် တိုက်စစ် ၊ ခံစစ် ၊ လျှင်မြန်မှုနှင့် တုံ့ပြန်နိုင်စွမ်းများအားလုံး သိသိသာသာ တိုးတက်လာပေမည်။

ချီစွမ်းအားသရဖူကို ကျင့်ကြံပါက ထိုက်ရွှီးမူလနတ်ဘုရားအဆင့် အချင်းချင်းကြားတွင်ပင် ကွာခြားချက်ကို ဖြစ်ပေါ်စေတတ်သည်။

အဘယ်ကြောင့်ဆိုသော် ချီစွမ်းအားသရဖူကို အောင်မြင်စွာကျင့်ကြံထားပါက တိုက်ခိုက်ရေးပိုမိုကျွမ်းကျင်ကြသည်။

သူတို့က ပိုမိုသန်မာကြသဖြင့် သူတို့အားထိခိုက်အောင်လုပ်နိုင်ရန် ခက်ခဲသည်။

ထိခိုက်အောင်မလုပ်နိုင်သဖြင့် သေခြင်းတံခါးနှင့်လည်း ဝေးကွာသွားသည်ဖြစ်ရာ သူတို့၏သက်တမ်းနှင့် ဘေးကင်းလုံခြုံမှုကို သိသိသာသာ မြင့်တက်စေသည်။

ချီစွမ်းအားသရဖူနှင့် နှိုင်းယှဉ်လျှင် စိတ်ဝိညာဉ်သရဖူနှင့် အမြုတေသရဖူတို့က ရုပ်ခန္ဓာဖွဲ့စည်းပုံအတွင်း ပို၍နက်ရှိုင်းသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည်။

စိတ်ဝိညာဉ်သရဖူကို ကျင့်ကြံပါက ကျင့်ကြံသူ၏ စိတ်ဝိညာဉ်အား ပိုမိုထက်မြက်လာစေပြီး အာရုံခံစားမှုနှင့် သိမြင်နိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ မြင့်တက်စေနိုင်သည်။

အရေးကြီးဆုံးအချက်မှာ နေ့စဉ်ကျင့်ကြံလျှက် အထွတ်အထိပ်သိုင်းပညာရပ်များ၏ နက်နဲမှုနှင့် မိုးမြေနိယာမတရားများကို နားလည်ရန်ကြိုးပမ်းနေသော ကျင့်ကြံသူများအတွက် ပိုမိုအကျိုးရှိစေခြင်း ဖြစ်သည်။

စိတ်ဝိညာဉ်သရဖူက ကျင့်ကြံသူတစ်ယောက် သင်ယူခဲ့သမျှ အသိပညာများ ၊ ကျင့်စဉ်စွမ်းအားများကို တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားစေရန် အထောက်အကူပြုသည်။

ထို့ပြင် ထိုသရဖူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျင့်ကြံသူများအတွက် မူလကောင်းကင်ကပ်ဘေးကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်စေပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့တက်ရောက်ရန် ပိုမိုလွယ်ကူစေသည်။

ပံ့ပိုးပေးသည့် အကူအညီက အနည်းငယ်မျှသာ ဖြစ်နိုင်သော်လည်း မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်မည့် အောင်မြင်မှုရာခိုင်နှုန်း အနည်းငယ်တိုးလာခြင်းသည်ပင် ကျင့်ကြံသူတစ်ယောက်အတွက် များစွာအထောက်အကူ ဖြစ်စေနိုင်သည်။

အထွတ်ထိပ်သရဖူ တစ်ခုချင်းစီတွင် နက်နဲဆန်းကျယ်မှု ကိုယ်စီရှိကြသည်။

ကျင့်ကြံသူတစ်ယောက်အနေဖြင့် မည်သည့်သရဖူကို အောင်မြင်အောင်ကျင့်ကြံသည်ဖြစ်စေ များစွာသောအကျိုးကျေးဇူးများကို ရရှိမည်သာပင်။

သို့ပေသိ အလွန်အရေးကြီးသော အတားအဆီးတစ်ခု ရှိနေသည်။

အထွတ်ထိပ်သရဖူ (၃)ခုကို ကျင့်ကြံခြင်းက လွယ်ကူခြင်းမရှိသလို အလွန်လည်း ရှုပ်ထွေးသည်။

သရဖူတစ်ခုကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါက နောက်ထပ်သရဖူများ ကျင့်ကြံရန်အတွက် အဟန့်အတားတစ်ခုဖန်တီးလိုက်သလိုဖြစ်သွားပြီး ခက်ခဲမှု သိသိသာသာ မြင့်တက်သွားစေသည်။

ကျင့်ကြံခြင်းတွင် အကျိုးပြုပါသည်ဆိုသော စိတ်ဝိညာဉ်

နေ့စဉ်ကျင့်ကြံမှုအတွက် အကျိုးရှိလှသည့် ဝိညာဉ်ပန်းပင်လျှင် သိမြင်နားလည်မှုအပိုင်း၌သာ အထောက်အကူပြုခြင်း ဖြစ်သည်။ ကျန်ရှိနေသည့် ပန်းနှစ်ပွင့်ကို ပေါင်းစည်းရန် ကြိုးပမ်းသည့်အခါတွင်မူ ၎င်းက မည်သည့်အကျိုးကျေးဇူးမှ မပေးနိုင်သည့်အပြင် ခက်ခဲမှုကိုပါ ပိုမိုဆိုးရွားစေသည်။

ဤအချက်က တာအိုအဆင့်နှင့်နီးကပ်လာလေ ပို၍ခက်ခဲလာလေလေဆိုသောစကားကို ပိုမိုထင်ရှားစေသည် အမှန်ပင်။

သမိုင်းတစ်လျှောက် မရေမတွက်နိုင်သော ထိုက်ရွှီးမူလနတ်ဘုရားများမှာ ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူအဆင့်၌ပင် တန့်နေခဲ့ကြသည်။

ရန်ကျောက်ကဲတို့အုပ်စု ရင်ဆိုင်ခဲ့ကြသူများထဲတွင် ဟွေ့အန်းခရီးသည် 'မုကျား'၊ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၊ ဖုလော်ကျီ နှင့် ဘယာကင်းဝေးဗောဓိသတ္တတို့မှာ ထိုအဆင့်တွင် ရပ်တန့်နေသူများ ဖြစ်ကြ၏။

ထို့ကြောင့် ထိုက်ရွှီးမူလနတ်ဘုရားများအနေဖြင့် ပန်းသုံးပွင့်သရဖူကို ကျင့်ကြံသည့်အခါ ဆုံးဖြတ်ချက်ပြတ်သားရပြီး အချို့အရာများကို စွန့်လွှတ်အနစ်နာခံကြရလေသည်။

ကျင့်ကြံသူတစ်ယောက်အနေဖြင့် မည်သည့်သရဖူကို စတင်ကျင့်ကြံမည်ဆိုသည်မှာ သူ၏ သိမြင်နားလည်မှုအပေါ်တွင်သာ မူတည်သည်။

မတူညီသည့်သိုင်းပညာရပ်များကို ကျင့်ကြံထားသည့် ကျွမ်းကျင်သူများသည် မတူညီသော သရဖူများကို ပေါင်းစည်းကျင့်ကြံကြမည်ဖြစ်ပြီး ရရှိလာမည့် အကျိုးသက်ရောက်မှုများမှာလည်း ကွဲပြားကြမည်သာပင်။

ဤသို့ကျင့်ကြံရာတွင် ဖြတ်လမ်းနည်းမရှိလေရာ ကျင့်ကြံသူအများစုအတွက် သရဖူတစ်ခုရရှိအောင်ကျင့်ကြံရန်ပင် အလွန်တရာ ခက်ခဲပင်ပန်းလှသည်။

ထို့ကြောင့် ကျင့်ကြံသူများအနေဖြင့် အောင်မြင်မှုရရန် မျှော်လင့်ချက်အရှိဆုံး သရဖူကိုသာ အရင်ဆုံးကျင့်ကြံရန် ကြိုးပမ်းလေ့ရှိကြသည်။

သရဖူတစ်ခု ကျင့်ကြံအောင်မြင်သွားပါက များစွာသော အကျိုးကျေးဇူးများ ခံစားရမည် မဟုတ်ပါလား။

သို့သော် ကျင့်ကြံသူတိုင်းက ရောက်ရှိနေသည့်အဆင့်ထက် ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းလိုကြသည်မှာ သဘာဝပင်။

ထို့ကြောင့် ပန်းသုံးပွင့်သရဖူကို စတင်ကျင့်ကြံပါက အထူးသတိပြုကာ ကြိုတင်စဉ်းစားပြီး ပြင်ဆင်မှုများ ပြုလုပ်ကြရသည်။

ရိုးရှင်းသော ဥပမာတစ်ခုပေးရလျှင် တိုက်ခိုက်ရေးစွမ်းရည်မြင့်မားစေရန် အဓိကထားမည်ဆိုပါက ချီစွမ်းအားသရဖူနှင့် စိတ်ဝိညာဉ်သရဖူကို အရင်ဆုံးကျင့်ကြံရမည် ဖြစ်သည်။

ထိုသရဖူများကို ကျင့်ကြံခြင်းက အတွင်းအပြင် တန်ခိုးစွမ်းအားများကို မြင့်တက်လာစေပြီး အမြုတေသရဖူထက် ပိုမိုသိသာသော ရလဒ်များကို ပေးစွမ်းနိုင်သည်။

အထူးသဖြင့် တိုက်ပွဲဝင်နေချိန်မျိုးတွင် ပိုမိုသိသာထင်ရှားပေလိမ့်မည်။

ထိုကဲ့သို့ ပန်းနှစ်ပွင့်သရဖူ ပေါင်းစည်းခြင်းကို ကျင့်ကြံထားသူများမှာ တိုက်ခိုက်ရေးတွင် အလွန်တရာ အစွမ်းထက်ကြသော်လည်း သူတို့၏သက်တမ်းကတော့ နှစ်ပေါင်း (၁၂၉၆၀၀) ထက် လျော့နည်းရန် ကံပါလာပြီးသား ဖြစ်၏။

သူတို့၏လက်ကျန်သက်တမ်းတွင် အမြုတေသရဖူကို အောင်မြင်စွာကျင့်ကြံနိုင်ပြီး ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူကို ရရှိနိုင်ပါမှ မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ကာ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

အပွင့်လင်းဆုံးပြောရလျှင် ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူကို ကျင့်ကြံခြင်းမှာ မတူညီသော စမ်းသပ်မှု(၃)ခုကို ပြုလုပ်ရခြင်းဖြစ်ပြီး နောက်ဆုံးစမ်းသပ်မှုက အခက်ခဲဆုံးပင် ဖြစ်သည်။

အခြားတစ်ဖက်မှကြည့်လျှင် စိတ်ဝိညာဉ်သရဖူနှင့် အမြုတေသရဖူကို ကျင့်ကြံခြင်းက နိယာမအရ အကျိုးအရှိဆုံး ဖြစ်နိုင်သည်။

ထိုသို့ကျင့်ကြံခြင်းက ကျင့်ကြံသူတစ်ယောက်အား ပိုမိုခိုင်မာသော ကျင့်ကြံခြင်းစွမ်းအားကို တည်ဆောက်နိုင်ရန် လုံလောက်သောအချိန်ကို ပေးစွမ်းနိုင်သည်။

တစ်နည်းဆိုရသော် ဤသို့ပေါင်းစပ်ကျင့်ကြံခြင်းက ကောင်းကင်နတ်ဘုရားအဆင့်သို့တက်လှမ်းရန် မျှော်လင့်ချက်အရှိဆုံးနည်းလမ်းဟု ဆိုနိုင်၏။

သို့ပေသိ ဤ‌ပေါင်းစပ်ကျင့်ကြံခြ်ငးက တိုက်ခိုက်ရေးစွမ်းရည်ဘက်တွင် အားအနည်းဆုံး ပေါင်းစပ်မှုလည်း ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက် သက်တမ်းကြာရှည်စွာနေရမည်ဆိုဦးတော့ တိုက်ခိုက်စွမ်းရည်မကောင်းလျှင် လမ်းတစ်ဝက်တွင် ရန်သူသတ်၍ သေဆုံးရနိုင်သည်။

သို့ဆိုလျှင် အသက်ကြီး၍သေဆုံးခြင်းနှင့် ရန်သူသတ်၍သေဆုံးခြင်းက ဘာမှမခြားတော့သလို ဖြစ်သွားပေမည်။

ထို့ကြောင့် ထိုက်ရွှီးမူလနတ်ဘုရား အများစုအတွက် အထွတ်ထိပ်သရဖူ(၃)ခုကို မည်သို့ကျင့်ကြံမည်ဆိုသော ဆုံးဖြတ်ချက်က အလွန်ပင် အရေးကြီးလှသည်။

သို့ပေသိ ဤကိစ္စက ရန်ကျောက်ကဲအတွက်တော့ ပြဿနာ မရှိလှပေ။

အကြောင်းမှာ ရန်ကျောက်ကဲက အသက်အလွန်ငယ်ရွယ်သေးသောကြောင့် ဖြစ်၏။

သူ၏ အံ့မခန်းပါရမီနှင့် တန်ခိုးစွမ်းအားရောင်ဝါအရဆိုလျှင် ၊ တစ်စုံတစ်ယောက်ကသာ ရန်ကျောက်ကဲ၏ ကျင့်စဉ်လမ်းနှင့် အခြေခံအုတ်မြစ်ကို ဖြတ်တောက်ပစ်ခြင်းမရှိပါက သေချာပေါက် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည်ဟု အားလုံးက ယုံကြည်ထားကြသည်။

ကောင်းဟန် ပေးခဲ့သည့် "လူငယ်ကောင်းကင်ဘုံအရှင်" ဆိုသော ဘွဲ့အမည်က သူနှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။

ယခု မည်သည့်အချိန်တွင် တကယ့် ကောင်းကင်ဘုံအရှင်တစ်ပါးဖြစ်လာမည်နည်း ဆိုသောအချက်သာလျှင် အဓိကကျတော့သည်။

ထို့ပြင် ရန်ကျောက်ကဲအနေဖြင့် ကောင်းကင်နတ်ဘုရားအဆင့်သို့တက်ရောက်ရန် အချိန်အကြာကြီးစောင့်ဆိုင်းရမည်မဟုတ်ဟု လူတိုင်းက ယုံကြည်နေကြသည်။

ထို့ကြောင့် ရွှီဖေးက သူ့အား ချီစွမ်းအားသရဖူနှင့် စိတ်ဝိညာဉ်သရဖူ မည်သည်ကို အရင်ကျင့်ကြံမည်နည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်၏။

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်လိုက်ရင်း...

“ငါကတော့ စိတ်ဝိညာဉ်သရဖူကို အရင်ဆုံးကျင့်ကြံဖို့ စဉ်းစားထားတယ် ၊ အဲဒါက ငါ့ရဲ့ လက်ရှိကျင့်စဉ်လမ်းနဲ့လည်း ကိုက်ညီတယ်လေ”

သူက ဆက်ပြောလိုက်သည်။

“နောက်တစ်ခုကတော့... ချီစွမ်းအားသရဖူနဲ့ အမြုတေသရဖူ ဘယ်ဟာကိုကျင့်ကြံမလဲဆိုတာကတော့... ငါ့အတွက် ထိုက်ရွှီးမူလနတ်ဘုရားတွေနဲ့ပဲ ရင်ဆိုင်ရမယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် သိပ်ပြီးကိစ္စမရှိပါဘူး”

ရွှီဖေးက ပြုံးလိုက်ပြီး...

"မင်းပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ငါကတော့ ချီစွမ်းအားသရဖူကို ကျင့်ကြံဖို့ အကြံပေးချင်တယ် ၊ ဘာလို့လဲဆိုတော့ မင်းကို ရန်ငြိုးထားနေတဲ့သူအများစုက ကောင်းကင်နတ်ဘုရားတွေမို့လို့ပဲ”

All Chapters