← Chapters

အခန်း (၁၆၂၉-၁၆၃၀)

Vol. 116 Ch. 1629-1630

အခန်း (၁၆၂၉-၁၆၃၀)

Vol. 116 Ch. 1629-1630

အခန်း (၁၆၂၉) မျိုးဆက်သစ် မျိုးဆက်ဟောင်းတို့၏သံသရာ

ရွှီဖေး၏အမြင်မှာတော့ ရန်ကျောက်ကဲ မည်သည့်အထွတ်ထိပ်သရဖူကို အရင်ကျင့်ကြံပါစေ အဆင်ပြေလေသည်။

စိတ်ဝိညာဉ်သရဖူနှင့် အမြုတေသရဖူကို ပေါင်းစည်းကျင့်ကြံမည်ဆိုလျှင်တောင်မှ သူ၏တန်ခိုးစွမ်းအားက မည်သည့် ထိုက်ရွှီးမူလနတ်ဘုရားကိုမဆို အနိုင်ယူရန်လုံလောက်သည်။

ရန်ကျောက်ကဲသာ ချီစွမ်းအားသရဖူကို အရင်ဆုံးကျင့်ကြံမည်ဆိုပါက ထိုသရဖူတစ်ခုတည်းဖြင့်ပင် ထိုက်ရွှီးမူလနတ်ဘုရားတိုင်းကို အနိုင်ယူနိုင်ပေမည်။

အဘယ်ကြောင့်ဆိုသော ရန်ကျောက်ကဲက ပန်းသုံးပွင့်သရဖူကို မကျင့်ကြံရသေးခင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးပြီးချင်းမှာပင် နားကလော်ကိုယ်တော်ကို သတ်ဖြတ်ပစ်ခဲ့ဖူးသောကြောင့် ဖြစ်၏။

ထိုကိုယ်တော်က ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူအဆင့်ရှိသော ထိုက်ရွှီးမူလနတ်ဘုရားနှင့် အဆင့်တူညီသူ ဖြစ်သည်။

ရန်ကျောက်ကဲ၏ လက်ရှိ နာမည်ကျော်ကြားမှုနှင့် တန်ခိုးစွမ်းအားအရဆိုလျှင် ကောင်းကင်နတ်ဘုရားများသာလျှင် သူ့ကို ယှဉ်ပြိုင်ဝံ့ကြပေမည်။

ထို့ကြောင့် သူ့အနေဖြင့် ချီစွမ်းအားသရဖူကိုကျင့်ကြံပြီး တန်ခိုးစွမ်းအား ပိုမိုမြှင့်တင်ရန် မဖြစ်မနေ လိုအပ်သည်။

ရန်ကျောက်ကဲက ရွှီဖေးကို ကြည့်လိုက်ပြီး...

“လောလောဆယ် စိတ်ဝိညာဉ်သရဖူကို အရင်ကျင့်ကြံရမယ် ၊ ပြီးမှ နောက်ပိုင်းပြောင်းလဲမှုတွေကို စောင့်ကြည့်ပြီး ဆုံးဖြတ်တာပေါ့”

သူက ဆက်ပြောလိုက်သည်။

“ငါ့ကိုသာ မေးနေတာ... မင်းရော အခြေအနေ ဘယ်လိုရှိလဲ”

ရွှီဖေးက...

“ငါလည်း ရလဒ်တချို့တော့ ရှိနေပါပြီ ၊ ဒါပေမဲ့ ဆက်ပြီးကြိုးစားရဦးမယ်”

ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ပန်ပန်နှင့် ရွှီဖေးတို့က ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုကို ဆက်ခံထားကြသူများ ဖြစ်သည်။

ထိုရွှေခန္ဓာများကိုအသုံးပြုသည်နှင့် သူတို့၏တန်ခိုးစွမ်းအား အဆမတန်မြင့်တက်လာသလို မဟာသူတော်စင်၏ ရွှေခန္ဓာက သူတို့၏ရုပ်ပိုင်းဆိုင်ရာကိုလည်း တိတ်တဆိတ် လွှမ်းမိုးပြောင်းလဲနိုင်စွမ်း ရှိသည်။

ထိုနှစ်ခု ဖြည်းဖြည်းချင်းပေါင်းစည်းလာသည်နှင့်အမျှ သူတို့ကြားရှိအတားအဆီးသည်လည်း ပိုမိုပါးလွှာလာပြီး ကျင့်ကြံခြင်းသည်လည်း ပိုမိုနက်ရှိုင်းလာသည်။

ဤသည်က ငရဲကိုးထပ်မှနတ်ဆိုးများ၏ သြဇာအာဏာလွှမ်းမိုးမှုမျိုး မဟုတ်ပေ။

သူတို့အနေဖြင့် မိမိတို့ကိုယ်ပိုင် အားထုတ်မှုဖြင့်သာ ရှေ့ဆက်ကြရမည်ဖြစ်ပြီး ကျင့်ကြံခြင်းတစ်ဆို့သည့် အခက်အခဲများကို ကြိုးစားကျော်ြဖတ်ကြရပေမည်။

အထူးသဖြင့် သူတို့အနေဖြင့် မဟာသူတော်စင်၏ ပန်းနှစ်ပွင့်ပေါင်းစည်းခြင်း ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင်သာ ရောင့်ရဲမနေလိုပါက ကျင့်ကြံခြင်းအဆင့် မြင့်တက်လာရန်အတွက် မလျှော့သောအားထုတ်မှုဖြင့် ကြိုးစားကြရပေမည်။

အမှန်တော့ သူတို့က ကြီးမားသော အခွင့်အရေးကြီးကို ရရှိထားခြင်း ဖြစ်၏။ သို့ပေသိ ထိုအခွင့်အရေးတွင်လည်း ကန့်သတ်ချက် ရှိပေသည်။

သူတို့အနေဖြင့် ထို့ထက်ပိုပြီးသာလွန်စါာဖြင့် နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းလိုပါက ပို၍ကြိုးစားကြရပေမည်။

ရွှီဖေးက...

"မဟာသူတော်စင်ရဲ့ ရွှေခန္ဓာကို အသုံးပြုနိုင်တာက ငါ့ရဲ့စိုးရိမ်ပူပန်မှုအတော်များများကို လျော့ပါးစေတယ်”

သူက ဆက်ပြောလိုက်သည်။

“အဲဒါကြောင့် ငါကတော့ အမြုတေသရဖူနဲ့ စိတ်ဝိညာဉ်သရဖူကိုပဲ အရင်ကျင့်ကြံတော့မယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“ငါလည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအတွက် အဲဒီအတိုင်းလုပ်ဖို့ ရည်ရွယ်ထားတယ်”

နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် ရွှေခန္ဓာစွမ်းအားကို အသုံးပြုခဲ့ပြီးနောက် ရွှီဖေး ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့မှာ တန်ခိုးစွမ်းအားများစွာ ကုန်ခမ်းခဲ့ကြသည်။

ထို့ကြောင့် အထွတ်ထိပ်သရဖူစွမ်းအားတွင် အမြုတေသရဖူစွမ်းအားကို ပြန်လည်ကျင့်ကြံခြင်းက သူတို့၏အသက်ဓာတ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန်အတွက် များစွာအထောက်အကူပြုပေမည်။

ဤသည်က သူတို့၏ စုပေါင်းတိုက်ခိုက်စွမ်းရည်ကိုလည်း မြှင့်တင်ပေးခြင်းပင် ဖြစ်၏။ အခြားသူများနှင့်မတူဘဲ ဤ(၃)ယောက်က အလွန်ထူးခြားသည်ဟု ဆိုရပေမည်။

ရန်ကျောက်ကဲက...

"ရှီကျွင်းက လူသားအထွတ်ထိပ်အဆင့်ကို ရောက်နေပြီဆိုပေမဲ့ နတ်ဘုရားလူသားကပ်ဘေးကို ကျော်ဖြတ်ဖို့ စောလွန်းသေးတယ် ၊ သူ အလျင်စလိုမလုပ်ဖို့ မျှော်လင့်ရတာပဲ”

ရွှီဖေးက ပြုံးလိုက်ပြီး...

“အမှန်ပဲ... အခု သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာတယ် ၊ ပိုပြီးတော့လည်း တည်ငြိမ်လာတယ်”

ရန်ကျောက်ကဲက ရယ်မောရင်း ခေါင်းတစ်ချက်ကုတ်လိုက်သည်။

“ငါမကောင်းတာပါ... ငါက သူ့ကို အမြဲတမ်း ကလေးတစ်ယောက်လို ဆက်ဆံနေမိတာ”

ရွှီဖေးက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...

"ဩော်... ဒါနဲ့ ဂိုဏ်းတူညီမလေး’စစ်ခုန်ချင်း’ လည်း ကျင့်ကြံခြင်းအခြေခံတွေ တည်ငြိမ်သွားပြီ ၊ မကြာခင် နတ်ဘုရားလူသားကပ်ဘေးကို ရင်ဆိုင်ဖို့ ကြိုးစားတော့မယ်ထင်တယ် ၊ အဲဒါကြောင့် သူက စိတ်အာရုံမပျံ့လွင့်ချင်လို့ သိုင်းပညာဆက်ခံသူခန်းမရဲ့ ပထမထိုင်ခုံအကြီးအကဲ ရာထူးကနေ နုတ်ထွက်ခွင့်ပြုဖို့ ငါ့ကိုတောင်းဆိုထားတယ်"

ဝါဒတောင်မှ ကျင့်ကြံသူများထဲတွင် ဖန်ကျွင်း၊ စစ်ခုန်ချင်း၊ ရှကွမ်း နှင့် ယင်လုန်ထူ တို့အားလုံးက နတ်ဘုရားလူသားကပ်ဘေးကို ရင်ဆိုင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ကပ်ဘေးကို ဖြတ်ကျော်ပြီးခါစဖြစ်သော ဆရာဘိုးဘိုး’ယွမ်ကျန်းဖုန်း’ တစ်ယောက်သာလျှင် ချွင်းချက်ရှိသည်။

ရန်ကျောက်ကဲက...

“သူ့နေရာအစားထိုးဖို့ လူရပြီလား”

ပုံမှန်ဆိုလျှင် ရာထူးမှနနုတ်ထွက်မည့် ပထမထိုင်ခုံအကြီးအကဲက သူ့နေရာ ဆက်ခံမည့်သူကို အကြံပြုပေးလေ့ရှိသည်။

သူပေးသည့်အကြံကို ဂိုဏ်းကလက်မခံသည်မျိုး ရှိနိုင်သော်လည်း ယခင်အကြီးအကဲ၏ သဘောထားက နောက်ထပ်အကြီးအကဲ ရွေးချယ်မှုအပိုင်းတွင် များစွာအရေးပါသည်။

ကံကောင်းသည်မှာ ဝါဒတောင်ဂိုဏ်းတွင် အုပ်စုဖွဲ့ခွဲခြားခြင်းများမရှိသလို အာဏာရယူရန်အတွက် အတွင်းပိုင်းပဋိပက္ခာများ မရှိခြင်း ဖြစ်၏။

ရွှီဖေးက...

“ဆရာဒေါ်လေး’ဖူ’ နဲ့ ညီမလေး’စစ်ခုန်’ တို့ ငါ့ဆီ အတူတူရောက်လာတာလေ”

ရန်ကျောက်ကဲက ချက်ချင်းသဘောပေါက်သွားဟန်ဖြင့်...

“ဒါဖြင့် ဆရာဒေါ်လေး’ဖူ’ က သူ့ရာထူးကို ပြန်ယူမှာလား... သူက...”

ရွှီဖေးက ခံစားချက်အပြည့်ဖြင့်...

“ရှီကျွင်းကြောင့် ဖြစ်နိုင်တယ်လေ”

ရန်ကျောက်ကဲလည်း သက်ပြင်းချလိုက်မိသည်။

ဖူအန်းစုက ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့၏ ဆရာ ဖြစ်သည်။

တကယ်တော့ စစ်ခုန်ချင်း ကျင့်ကြံခြင်းအဆင့်မြင့်မားလာပြီးနောက်ပိုင်း သူမက ဖူအန်းစုထံမှ သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအကြီးထိုင်ခုံအကဲရာထူးကို ဆက်ခံခဲ့ခြင်း ဖြစ်၏။

လူငယ်မျိုးဆက်သစ်များ အောင်မြင်မှုရရှိလာကြသည့်အခါ သက်ကြီးပိုင်းများက စိတ်အေးလက်အေးဖြင့် ရာထူးလွှဲပြောင်းပေးကြပြီး ကျင့်ကြံခြင်းတွင် အပြည့်အဝ အာရုံစိုက်ခဲ့ကြသည်။

လောကီကိစ္စများကိုပစ်ပယ်ကာ ကျင့်ကြံခြင်းတွင် ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားခဲ့ကြသည်။

ဝါဒတောင်ဂိုဏ်းတစ်ခုတည်းတွင် မဟုတ်ဘဲ အခြားသိုင်းဂိုဏ်းများတွင်လည်း ဤသို့ပင် ဖြစ်သည်။

တကယ်တော့ ဖူအန်းစု၏ ကျင့်ကြံခြင်းမြန်နှုန်းက နှေးကွေးသည်ဟု မဆိုနိုင်ပေ။

လက်ရှိတွင် သူမက သိုင်းသူတော်စင် နဝမအဆင့်ဖြစ်သော အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိနေပြီး လူသားအထွတ်ထိပ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

သူမ၏ အသက်အရွယ်နှင့် ဤအဆင့်သို့ရောက်ရှိသည်မှာ အသက်ငယ်ရွယ်သေးသည်ဟုပင် ဆိုနိုင်၏။

သို့ပေသိ သူမ၏ တပည့်များဖြစ်သော ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့နှစ်ယောက်လုံးက သူမကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် စစ်ခုန်ချင်း၏တိုးတက်မှုနှုန်းက ဆရာဖြစ်သူထက် များစွာပိုမိုမြန်ဆန်နေခြင်း ဖြစ်သည်။

အနာဂတ်တွင် ထူးခြားသည့်အပြောင်းအလဲ တစ်ခုခုမရှိခဲ့လျှင် ဖူအန်းစုအနေဖြင့် စစ်ခုန်ချင်းကို ပြန်ကျော်တက်ရန် အခွင့်အရေး မရှိနိုင်တော့ပေ။

ယင်လုန်ထူနှင့် ရှကွမ်းသည်လည်း ထိုနည်းတူပင် ဖြစ်၏။

ဝါဒ‌တောင်၏ တတိယမျိုးဆက်တပည့်များသာမက စတုတ္ထမျိုးဆက်တပည့်များထဲမှ ပါရမီအရှိဆုံးဖြစ်သော ရှီကျွင်းသည်ပင် သိုင်းသူတော်စင် ဒသမအဆင့် (လူသားအထွတ်ထိပ်အဆင့်) သို့ တက်လှမ်းသွားခဲ့ပြီ မဟုတ်ပါလား။

မျိုးဆက်သစ်လူငယ်များမှာ လူကြီးများ၏နေရာတွင် အစားထိုးနိုင်ရုံသာမက ကျင့်ကြံခြင်းအဆင့်တွင်လည်း ကျော်တက်သွားကြပြီ ဖြစ်သည်။

ဖူအန်းစုက အမြဲတမ်း အရှုံးပေးလိုစိတ်မရှိဘဲ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သူတစ်ယောက် ဖြစ်သည်။ သို့သော် ရှီကျွင်းက သူမကို ကျော်တက်သွားသည့်အခါမှာတော့ သူမ၏ခေါင်းမာမှုကို လျှော့ချလိုက်တော့သည်။

ဤသည်မှာ သူမတွင် စိတ်ဓာတ်တက်ကြွမှုနှင့် ရည်မှန်းချက်များ မရှိတော့ခြင်းမဟုတ်ပေ။

သူမက ပိုမိုမြင့်မားသောအဆင့်သို့တက်လှမ်းရန် စိတ်အားထက်သန်နေသေးသော်လည်း အရင်လို ခေါင်းမမာတော့ခြင်းသာ ဖြစ်၏။

ယခင်က သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအကြီးထိုင်ခုံအကြီးအကဲရာထူးကို စစ်ခုန်ချင်းထံ လွှဲပြောင်းပေးခဲ့ခြင်းမှာ အသိအမှတ်ပြုမှုတစ်မျိုး ဖြစ်ခဲ့သလို ၊ ယခု စစ်ခုန်ချင်း၏နေရာတွင် ပြန်လည်အစားထိုး တာဝန်ယူခြင်းမှာလည်း နောက်ထပ်အသိအမှတ်ပြုမှုတစ်ခုသာလျှင် ဖြစ်သည်။

တပည့်ဖြစ်သူက ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းတော့မည်ဖြစ်ရာ စစ်ခုန်ချင်း အပူအပင်မရှိ ကျင့်ကြံနိုင်ရန် ရာထူးတာဝန် ပြန်ယူပေးခြင်းမှာ ထူးဆန်းသည့်ကိစ္စတော့ မဟုတ်ပေ။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဆရာဒေါ်လေး’ဖူ’ က ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး တခါတလေ ကျိုးကြောင်းမဆီလျော်ဘဲ ခေါင်းမာတတ်တယ်ဆိုပေမယ့် ငါတို့ဝါဒတောင်အပေါ်ထားတဲ့ သူ့ရဲ့သစ္စာစောင့်သိမှုကတော့ ပြောစရာမလိုအောင်ပါပဲ”

သူက ဆက်ပြီးမေးမြန်းလိုက်သည်။

“ဒါနဲ့ သူက ခဏပဲ ရာထူးပြန်ယူတာ မဟုတ်လား ၊ ညီမလေး’စစ်ခုန်’ ကပ်ဘေးဖြတ်ကျော်ပြီးလို့ ရာထူးပြန်မယူဘူးဆိုရင်တောင် နောက်ထပ်မျိုးဆက်သစ်တွေကို လွှဲပေးလို့ရတာပဲလေ ၊ ဒါဆို ဆရာဒေါ်လေး’ဖူ’ လည်း ကျင့်ကြံခြင်းမှာ ပြန်ပြီးအာရုံစိုက်နိုင်မှာပါ”

ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာကို တည်ထောင်ခဲ့သည် နှစ်ပေါင်း(၁၀၀) ရှိပြီ ဖြစ်သည်။

စစ်ခုန်ချင်း၊ ရှကွမ်း၊ ယင်လုန်ထူ နှင့် ရှီကျွင်းတို့သာမက ဝါဒတောင်ဂိုဏ်း၏ တခြားသော လူငယ်မျိုးဆက်သစ် ပါရမီရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့သည်ပင်။

ဖူအန်းစုအနေဖြင့် ခဏမျှ တောင့်ခံထားရန်သူ လိုအပ်သည်။

မကြာမီ သူမ ရာထူးလွှဲပြောင်းပေးနိုင်လောက်အောင် ထက်မြက်ပြီး စွမ်းအားမြင့်မားသည့် လူငယ်မျိုးဆက်သစ်များ ထပ်မံထွက်ပေါ်လာပေလိမ့်မည်။

ရှကွမ်း ကျင့်ကြံခြင်းတွင် အာရုံစိုက်နိုင်ရန်အတွက် ရှီကျွင်းကလည်း စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမထိုင်ခုံအကြီးအကဲရာထူးကို ခဏမျှလွှဲပြောင်းယူထားနိုင်သည်။

သို့သော် မဝေးတော့သောအနာဂတ်တွင် ရှီကျွင်းသည်လည်း စစ်ခုန်ချင်းနှင့် ရှကွမ်းကဲ့သို့ပင် နတ်ဘုရားလူသားကပ်ဘေးအတွက် ပြင်ဆင်ရတော့မည်ဖြစ်ရာ ထိုရာထူးကို အခြားသူထံ လွှဲပြောင်းပေးရမည်သာပင်။

ဤသည်က တစ်ယောက်နှင့်တစ်ယောက် အစားထိုးလက်ဆင့်ကမ်းသွားသည့် သံသရာပင် ဖြစ်သည်။

ရန်ကျောက်ကဲက...

“ငါ ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတာ ကြာရင်လည်းကြာသွားနိုင်တယ် ၊ ဒါကြောင့် အပြင်လောကမှာ အခက်အခဲတစ်ခုခုရှိရင် ဂိုဏ်းတူအစ်ကိုကပဲ စီစဉ်စရာရှိတာ စီစဉ်ပေးပါဦး”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ငါ လုံးဝ အဆက်အသွယ်ဖြတ်ထားမှာတော့ မဟုတ်ပါဘူး ၊ အရမ်းအရေးကြီးတဲ့ကိစ္စမျိုးရှိလာရင်တော့ ငါ့ကိုအသိပေးလို့ရပါတယ်”

ရွှီဖေးက ပြုံးလိုက်ပြီး...

“အေးပါ... မင်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင် ဘယ်လောက်တိုးတက်လာမလဲဆိုတာ ငါမျှော်နေပါ့မယ်”

ပြောပြီးသည်နှင့် သူက ညဘက်လက်ကို လက်သီးဆုပ်ပြီး ရှေ့သို့ဆန့်ထုတ်လိုက်သည်။ ရန်ကျောက်ကဲကလည်း ပြုံးရင်း အလားတူပင် ပြုလုပ်လိုက်၏။

သူတို့နှစ်ယောက် လက်သီးချင်းတိုက်ပြီးနောက် အချင်းချင်းနှုတ်ဆက်ကာ လမ်းခွဲလိုက်ကြသည်။

အခန်း (၁၆၃၀) နှစ်ပေါင်း(၁၀၀)

နတ်ဘုရားအဆင့် ကျင့်ကြံသူများ တံခါးပိတ်ကျင့်ကြံသည့်အခါ နှစ်အနည်းငယ်မှသည် ရာစုနှစ် ၊ ထောင်စုနှစ် သို့မဟုတ် ထို့ထက်ပင်ပိုပြီး ကြာမြင့်နိုင်သည်။

သူတို့ တစ်ကြိမ်တစ်ခါ တံခါးပိတ်ကျင့်ကြံခြင်းက သာမန်လူများ၏ မျိုးဆက်ပေါင်းများစွာနှင့် ညီမျှနေတတ်သည်။

တာအိုအဆင့်နှင့် နီးကပ်လာလေ ကျင့်ကြံခြင်းအဆင့်တက်ရန် ခက်ခဲလာလေ ဖြစ်သည်။ ခက်ခဲလာသည်နှင့်အမျှ ကြိုးစားအားထုတ်မှု ၊ ရင်းမြစ်ပစ္စည်းများနှင့် အချိန်များကုန်ဆုံးမှုသည်လည်း မြင့်မားလာသည်ပင်။

သို့ဖြစ်ရာ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကိုမပြောနှင့် နက်ရှိုင်းနတ်ဘုရားအဆင့်နှင့် အစစ်အမှန်နတ်ဘုရားအဆင့်များမှာပင် ရပ်တန့်နေကြသည်မှာ အံ့သြစရာကိစ္စ မဟုတ်တော့ပေ။

တာအိုဝါဒ ကောင်းကင်ဘုံအရှင်များ ၊ ဗုဒ္ဓဘာသာကိုယ်တော်များ ၊ နတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်များနှင့် ငရဲကိုးထပ်မှ နတ်မိစ္ဆာအရှင်သခင်များစွာမှာ လွန်ခဲ့သောအချိန်များစွာကပင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအဆင့်ကို အောင်မြင်ခဲ့ကြသည်။

သို့သော် သူတို့မှာ လက်ရှိကျ့င်ကြံခြင်းအဆင့်တွင်သာ ရှိနေခဲ့ကြပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိကြသေးပေ။

နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိလိုက်ခြင်းက လမ်းမှန်တာအိုဝါဒအတွက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် အခွင့်အရေးကြီးတစ်ခု ဖြစ်၏။

ထိုသို့ဖြင့် နှစ်ပေါင်း(၁၀၀)တိတိ ကြာမြင့်သွားခဲ့လေသည်။

ဤရာစုနှစ်အတွင်းမှာပင် တာအိုဝါဒ စန့်ချင်အဆက်အနွယ်မှ အရေးပါသောပုဂ္ဂိုလ်များဖြစ်ကြသည့် ဝူတန့်မယ်တော်နှင့် ယွင်ရှောင်းနတ်သမီးတို့က သူတို့ကိုယ်ပိုင်စကြာဝဠာများကို တည်ထောင်ခဲ့ကြကာ အခြားသော တာအိုစကြာဝဠာများနှင့်ပေါင်းစည်းပြီး ခမ်းနားထည်ဝါသော နတ်ဘုရားနယ်မြေတစ်ခု ဖန်တီးနိုင်ခဲ့သည်။

ထိုစကြာဝဠာ(၂)ခုထဲတွင် သာမန်လူသားများ မျိုးဆက်အနည်းငယ်ကြာအောင် ပြန့်ပွားနေထိုင်ကြပြီး ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့သည်။

တာအိုဝါဒတစ်ခုလုံးသည်လည်း သွေးသစ်လောင်းသည့်အလား အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလာလေသည်။

အနောက်ဘက်သူတော်စင်ဘုံနှင့် ချန်စန်းရှင်းဟိုင်ကြားမှ ပဋိပက္ခများသည်လည်း ယခင်ကလောက် ပြင်းထန်ခြင်း မရှိတော့ပေ။

အတိတ်က ဖုံးကွယ်နေထိုင်ခဲ့ကြသည်များကို ခဝါချခဲ့ပြီးနောက် လမ်းမှန်တာအိုဝါဒနှင့် နတ်မိစ္ဆာမျိုးနွယ်တို့မှာ ပိုမိုတည်ငြိမ်လာပြီး မိမိတို့ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အဓိကအာရုံစိုက်ခဲ့ကြသည်။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံကြားမှာတော့ ရှောင်လွှဲမရသည့်တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲဖြစ်ပြီး ပွတ်တိုက်မှုများနှင့် ရန်လိုမှုများ မြင့်တက်နေဆဲ ဖြစ်သည်။

ထိုတိုက်ပွဲငယ်များက သူတို့၏ ယုံကြည်ခြင်းစွမ်းအားတည်ငြိမ်စေရန် အထောက်အကူဖြစ်စေပြီး နှစ်ဖက်လုံး၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေသည်။

လမ်းမှန်တာအိုဝါဒ သိသိသာသာ အင်အားကြီးမားလာသဖြင့် အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံက သူတို့ကြားမှ ပဋိပက္ခများကို ယခင်ထက်ပိုပြီး ထိန်းချုပ်လာခြင်း ဖြစ်၏။

သို့ပေသိ နှစ်ပေါင်း(၁၀၀) အကြာမှာတော့ နှစ်ဖက်ပွတ်တိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး စစ်ပွဲကြီးတစ်ပွဲဖြစ်ပွားတော့မည့်အရိပအယောင်များ ထွက်ပေါ်လာသည်။

ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခုနှင့် နှိုင်းယှဉ်ပါက အနောက်ဘက်သူတော်စင်ဘုံနှင့် ချန်စန်းရှင်းဟိုင်က အတော်လေး အေးချမ်းငြိမ်သက်နေသည်ဟု ဆိုရမည်။

သူတို့က တာအိုဝါဒ စန်းချင်း (၃) ပါး အဆက်အနွယ်များကဲ့သို့ပင် လောကီရေးရာများကို စိတ်မဝင်စားသလို နေထိုင်ကြသည်။

သို့သော် သူတို့က လမ်းမှန်တာအိုဝါဒကို စောင့်ကြည်ခြင်းနှင့် အချို့ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းများကိုတော့ မရပ်တန့်ခဲ့ကြပေ။

ထိုသို့ပြုလုပ်မှုများက တစ်ချိန်ထက်တစ်ချိန် ပို၍ စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလာခဲ့သည်။

လက်ရှိတွင် လမ်းမှန်တာအိုဝါဒ လွတ်လပ်စွာလှုပ်ရှားနိုင်မှုက အခြားအင်အားစုများ စစ်ပွဲဖြစ်ပွားချိန်ကို စောင့်ဆိုင်းရသည့်အနေအထား မဟုတ်တော့ပေ။

ယခုဆိုလျှင် ပြင်ပတာအိုကျင့်ကြံသူများမှာ စစ်ပွဲကြီးတစ်ခု တိုက်ခိုက်တော့မည်ဆိုလျှင် စန်းချင်းသုံးပါ အဆက်အနွယ်များ ကြားထဲမှအခွင့်ကောင်းယူသွားမည်ကို စိုးရိမ်သဖြင့် လမ်းမှန်တာအိုဝါဒ၏ တုံ့ပြန်မှုကိုပါ ထည့်သွင်းစဉ်းစားနေရပြီ ဖြစ်၏။

“ဒါဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ မီလဲ့ကိုယ်တော်တို့က စစ်ပွဲတွေကို သိပ်ပြီးအာရုံမစိုက်ဘဲ သူတို့လက်အောက်ကလူတွေဆီပဲ လွှဲထားကြတာပေါ့”

ဝါဒတောင်သို့ လာရောက်လည်ပတ်သော မန်ဝမ်က သူမ၏ဦးခေါင်းကိုလက်ဖြင့်အသာပွတ်ရင်း စကားဆိုလိုက်သည်။

ဖန်းယွင်ရှန်းက သူမကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်ရင်း...

"ဟုတ်တယ်... သူတို့တွေ အင်အားအကုန်သုံးပြီး တိုက်ခိုက်နေတာမျိုး မဟုတ်ပေမယ့် တိုက်ပွဲကတော့ အတော်ကြမ်းတယ် ၊ ပြင်ပကျင့်ကြံသူ အုပ်စုနှစ်စုရဲ့စစ်ပွဲက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်လောက် ဖြစ်လေ့ရှိတယ် ၊ အခု အဲဒီအချိန်ကို ပြန်ရောက်လာပြီဆိုတော့ တိုက်ပွဲ ဘယ်လောက်ကြာမလဲဆိုတာ ခန့်မှန်းရခက်တယ်”

မန်ဝမ်က...

“အရင်တစ်ကြိမ်ကလို ရာစုနှစ်တစ်ခုစာလောက်တော့ မကြာလောက်ဘူး မဟုတ်လား”

သူတို့နှစ်ယောက်က အသံပို့လွှတ်စနစ်ဖြင့် စကားပြောနေကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော သူတို့ရှေ့တွင် သိုင်းသူတော်စင် နဝမအဆင့်သာရှိသေးသော ကွမ်းယွိလော် ထိုင်နေသောကြောင့် ဖြစ်၏။

ကွမ်းယွိလော်က သူမတို့ပြောဆိုနေသည့် အကြောင်းအရာကို အသေးစိတ်မသိရှိသော်လည်း သူတို့၏အမူအရာများကိုကြည့်ကာ ယေဘူယျ မှန်းဆနိုင်လေသည်။

သူမက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသေးသဖြင့် ပြင်ပတာအိုကျင့်ကြံသူများနှင့်ပတ်သက်ပြီး သိရှိခွင့် မရှိသေးပေ။ သို့သော် ဖန်းယွင်ရှန်းနှင့် မန်ဝမ်က သူမကိုငဲ့ညှာပြီး အသံပို့လွှတ်စနစ်ဖြင့် ပြောဆိုနေကြခြင်းဖြစ်ကြောင်း သူမ ရိပ်မိထားသည်။

"မမယွင်ရှန်း... ကျောက်စိမ်းဝိညာည်မြေသားအလံရှည်နဲ့ပတ်သက်ပြီး ဘာသတင်းကြားသေးလဲဟင်”

ကွမ်းယွိလော်က ပြင်ပတာအိုကျင့်ကြံသူများအကြောင်း စပ်စုခြင်းမရှိဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

ဖန်းယွင်ရှန်းက...

“သတင်းတော့ ရှိတယ် ၊ ဒါပေမဲ့ သိပ်တော့မရေရာဘူး”

သူမက ဆက်ပြောလိုက်သည်။

“တောင်ပိုင်းချန်စန်းဧကရာဇ်တို့အုပ်စုလည်း အဲဒါကိုရှာဖို့ ကြိုးစားနေကြတယ်”

ယခုဆိုလျှင် ဖန်းယွင်ရှန်း၏ အဆင့်အတန်းအရ သူမက တောင်ပိုင်းချန်စန်းဧကရာဇ်လိုလူမျိုးကိုပင် တန်းတူဆက်ဆံနိုင်နေပြီ ဖြစ်သည်။

ကွမ်းယွိလော်နှင့် မန်ဝမ်က ဖန်းယွင်ရှန်း ငရဲကိုးထပ်မှ ပြန်လာခါစအချိန်ကို သတိရသွားကြသည်။ ထိုစဉ်က သူမက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်ပင်။

ထိုအခြေအနေဖြင့် ကျင့်သားရခါစမှာပင် ဖန်းယွင်ရှန်းက မူလကောင်းကင်ကပ်ဘေးကို ရုတ်တရက်ဖြတ်ကျော်ပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားလေရာ အားလုံး ထပ်မံအံ့အားသင့်ခဲ့ရပြန်သည်။

ဖန်းယွင်ရှန်းက သူမ၏စွမ်းအားရောင်ဝါကို ဖိနှိပ်ထားပြီး သာမန်ဆန်စွာ နေထိုင်လေ့ရှိသော်လည်း မည်သူကမှ သူမ၏အဆင့်အတန်းကို မေ့လျော့မထားရဲကြပေ။

အခြေအနေ အနည်းငယ်ထူးခြားသည့် ချီထျန်းမဟာသူတော်စင်ကို ဖယ်လိုက်လျှင် ဖန်းယွင်ရှန်းက ကျူတောပင်လယ်ကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းမိုးအုပ်စိုးနေသည့် ကျွမ်းကျင်သူများထဲတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံး ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

သူမ၏ လက်ရှိအဆင့်အတန်းအရဆိုလျှင် တိုက်ရိုက်ပတ်သက်နေသော အကြီးအကဲများကို ဘေးဖယ်လိုက်လျှင် ကောင်းကင်နတ်ဘုရားအဆင့်အောက်ရှိသော တာအိုကျင့်ကြံသူများနှင့် တပည့်များအားလုံးက သူမကို ရိုသေလေးမြတ်စွာ ဦးညွှတ်နှုတ်ဆက်ကြရပေမည်။

သူမကို အလုံးစုံဖျက်ဆီးခြင်းကောင်းကင်ဘုံအရှင် သို့မဟုတ် ကမ္ဘာဖျက်ကောင်းကင်ဘုံအရှင်ဟု ခေါ်ဝေါ်ရမည် ဖြစ်သည်။

သူမ၏ ဘွဲ့နာမည်အပြည့်အစုံမှာ “အလုံးစုံဖျက်ဆီးခြင်းရာဟုကြယ် ကမ္ဘာဖျက်ကောင်းကင်ဘုံအရှင်” ဟူ၍ ဖြစ်လေသည်။

အပြင်လူများဖြစ်သော ကောင်းဟန်နှင့် လင်ချင်းတို့သည်ပင် သူမကို လေးစားသမှုဖြင့် ဘွဲ့အမည် ထည့်သွင်းခေါ်ဝေါ်ကြသည်။

သို့ပေသိ ဖန်းယွင်ရှန်းက ထိုသို့သော အဆောင်အယောင် အခေါ်အဝေါ်များကို အလေးထားလေ့ မရှိပေ။ သူမနှင့် ခင်မင်ရင်းနှီးသူများအနေဖြင့် သူမကို ပုံမှန်အတိုင်းပင် ခေါ်ဆိုစေခဲ့သည်။

သူမက တောင်ပိုင်းချန်စန်းဧကရာဇ်ကို “တောင်ပိုင်းချန်စန်းဧကရာဇ်” ဟု ခေါ်ဆိုနေခြင်းမှာ သူမ၏ နှိမ့်ချတတ်သောစရိုက်ကြောင့် ဖြစ်သည်။

ထိုပုဂ္ဂိုလ်က သူမထက်စောစီးစွာ တာအိုလမ်းကြောင်းပေါ် ရောက်ရှိခဲ့သဖြင့် လေးစားမှုပြသခြင်းသာပင်။ တကယ်တော့ တန်ခိုးစွမ်းအားကွာခြားမှုကို ဘေးဖယ်ထားလျှင် သူတို့နှစ်ယောက်က အဆင့်အတန်းတူညီနေပြီ ဖြစ်၏။

မန်ဝမ်က နှစ်သိမ့်သည့်လေသံဖြင့်...

“ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်က တကယ်ထူးခြားတဲ့ပစ္စည်းပါ ၊ ငါတို့သာ အဲဒီပစ္စည်းကိုရှာတွေ့နိုင်ရင် အကောင်းဆုံးပဲပေါ့ ၊ ဒါပေမဲ့ ခိုင်လုံတဲ့သတင်းမရှိသေးသရွေ့ အဲဒီအပေါ် အရမ်းကြီးအာရုံမစိုက်သင့်ဘူး”

ကွမ်းယွိလော်က ခေါင်းညိတ်ရင်း...

“ကျွန်မ နားလည်ပါတယ် ၊ ဒါပေမဲ့ ခဏခဏ စဉ်းစားနေမိတယ် ၊ မမယွင်ရှန်းပြောသလိုဆိုရင် မဟာမာရူယိက အရမ်းစွမ်းအားကြီးတယ်လေ”

ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများထဲတွင် တာအိုအဆက်အနွယ်များ အကြောက်ဆုံးသူမှာ “မဟာမာရူယိ” ပင် ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း(၁၀၀)က နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲပြီးဆုံးသည့်နောက် ချီထျန်းမဟာသူတော်စင်၏ မူလရုပ်ခန္ဓာကို ပြန်လည်အသုံးပြုနိုင်ရန်အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

တာအိုဝါဒတွင် ယန်ကျန်းကဲ့သို့ ကျွမ်းကျင်သူရှိနေသော်လည်း သူသည်ပင် မဟာမာရူယိကို အနိုင်ယူနိုင်ပါမည်လား အပြည့်အဝ ယုံကြည်မှု မရှိပေ။

ရွှမ်တုကိုယ်တော်သည်လည်း လောင်ကျွင်းထံမှ မီးလျှံရောင်ခြည်အလံကို မရရှိခဲ့ပေ။ ထို့ကြောင့် တာအိုဝါဒအဆက်အနွယ်များအတွက် မဟာမာရူယိကို ရင်ဆိုင်ရန် အလွန်ပင်ခက်ခဲနေရသည်။

ထို့ကြောင့် လူတိုင်းက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို လိုချင်နေကြခြင်း ဖြစ်သည်။ ထိုအလံက မီးလျှံရောင်ခြည်အလံ ၊ ကြာပန်းစိမ်းရတနာအလံရှည်တို့နှင့် ဂုဏ်သတင်းတူညီသည့် ယွိချင်အဆက်အနွယ် ခံစစ်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။

ဤရတနာသာ လက်ဝယ်ရှိလျှင် မဟာမာရူယိကို ရင်ဆိုင်ရန် အသက်ရှူချောင်သွားပေမည်။

သို့သော် နတ်မိစ္ဆာမျိုးနွယ်များနှင့် အဖြူရောင်ကြာပန်းသုခဘုံသည်လည်း ဤရတနာကို မျက်စိကျနေကြသည်။

ခိုင်မာသည့်သဲလွန်စ မရရှိသောကြောင့်သော ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၏ တိကျသောတည်နေရာကို မရှာဖွေနိုင်ကြသေးခြင်း ဖြစ်သည်။

"မမယွင်ရှန်း... တကယ်လို့ မမက အလစ်ချောင်းသုတ်သင်တဲ့နည်းလမ်းနဲ့ တိုက်ခိုက်မယ်ဆိုရင်တောင် မဟာမာရူယိကို မယှဉ်နိုင်ဘူးလား”

ကွမ်းယွိလော်က လက်မခံနိုင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

“ငါက အလစ်တိုက်ခိုက်ရင်တောင် သူ့ရဲ့ ရောင်စဉ်ငါးမျိုးအလင်းတန်းတွေက ချက်ချင်းတုံ့ပြန်မှာပဲ”

ဖန်းယွင်ရှန်းက ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။

“ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင်လည်း ငါ့ရဲ့ဓားဝိညာဉ်က ဓမ္မအဆုံးသတ်ဓားဆိုပေမယ့် မဟာမာရူယိရဲ့ ကျင့်ကြံခြင်းအခြေခံက ငါ့ထက်ပိုပြီး အများကြီးခိုင်မာတယ် ၊ သူ့ရဲ့ ရောင်စဉ်ငါးမျိုး အလင်းတန်းတွေကလည်း သူဆန္ဒရှိတဲ့အတိုင်း ရှင်သန်ပေါက်ဖွားနိုင်တယ် ၊ ဒီတော့ တိုက်ပွဲအချိန်ကြာလေ သူ့ဘက်က အနိုင်ရဖို့ အခွင့်အရေး ပိုများလေပဲ”

မန်ဝမ်က ပြုံးလိုက်ပြီး...

“ဒါဆိုလည်း ဂိုဏ်းတူအစ်မရဲ့ ကျင့်ကြံခြင်းအခြေခံကို ပိုပြီးခိုင်မာအောင် စုဆောင်းလိုက်ပေါ့ ၊ တကယ်တော့ မဟာမာရူယိဆိုတာက ရှေးဦးကာလမှာ ပေါ်ထွက်လာခဲ့တဲ့သူပဲ ၊ အစ်မက သူ့ထက် အများကြီးငယ်ရွယ်တဲ့အချိန်မှာ အခုလို ကျင့်ကြံခြင်းအဆင့်ကို ရောက်နေတာ ၊ အခုဆိုရင် သူ ရှေ့ဆက်တိုးဖို့ခက်ခဲနေတဲ့အချိန်မှာ အစ်မက အရှိန်အဟုန်နဲ့ တိုးတက်နေတုန်းပဲ မဟုတ်လား”

ထိုအချိန် ကွမ်းယွိလောက်က စိုးရိမ်တကြီးဖြင့် ဝင်မေးလိုက်သည်။

"မမယွင်ရှန်း... တကယ်လို့ မမကျင့်ကြံနေရင်း လမ်းတစ်ဝက်မှာ ဓားဆန္ဒကို ရုတ်တရက် ပြောင်းလဲလိုက်မယ်ဆိုရင် ဘာမှမပြဿနာမရှိနိုင်ဘူး မဟုတ်လားဟင်”

All Chapters