← Chapters

အခန်း (၇၆၃-၇၆၄)

Vol. 65 Ch. 763-764

အခန်း (၇၆၃-၇၆၄)

Vol. 65 Ch. 763-764

အခန်း (၇၆၃) မှန်းဆ၍ မရနိုင်သော ဝူရှီ

ထျန်းဟုန် ဧကရာဇ် ထွက်ခွာသွားခြင်းက ဝူရှီ အတွင်း အတော်လေး လှုပ်ခတ်သွားစေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူက အန်ရှင်း နှင့် သွေးကျဉ်းထောင် သူတော်စင် တို့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသူ တစ်ဦးတည်းသော သူ ဖြစ်ပြီး လုရှန် ပင်လျှင် သူ့ကို မကျော်လွန်နိုင်ခဲ့ပေ။

ကုအန် လည်း သူ၏ အစစ်အမှန် ဇာစ်မြစ်ကို မဖုံးကွယ်ထားခဲ့ချေ။ အမတနတ်ဘုရား တစ်ပါး အနေဖြင့် သူ၏ မည်သူမည်ဝါ ဖြစ်မှုကို ဖော်ထုတ်လိုက်ပြီးနောက် ဝူရှီ ၏ တပည့်များက မဟာတာအို သုံးထောင် အပေါ် ရပ်တည်နေသည့် အချိန်အကြာကြီး ကြီးစိုးခဲ့သော ကောင်းကင်နန်းတော် နှင့် တရားဝင် ဆက်သွယ်ခွင့် ရရှိသွားစေခဲ့သည်။

အမတနတ်ဘုရား ဝင်စားခြင်း ပါလား။

ဒုတိယ မျိုးဆက် နှင့် တတိယ မျိုးဆက် တပည့်များမှာ မှင်တက်သွားကြပြီး အန်ရှင်း က ကောင်းကင်နန်းတော် နှင့် ပတ်သက်သော သူမ၏ အသိပညာများကို သူတို့နှင့် မျှဝေပေးကာ ပိုမို နက်ရှိုင်းသော နားလည်မှုကို သေချာစေခဲ့၏။

အချို့သော ဝူရှီ ၏ တပည့်များက အမတအဖြစ် တက်လှမ်းသွားကြပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ နယ်မြေအတွင်းရှိ တပည့်များက ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။ ဝူရှီ က အရာခပ်သိမ်းကို စွမ်းဆောင်နိုင်ပြီး အမတအဖြစ် တက်လှမ်းကာ ကောင်းကင်ဘုံများ အနှံ့ လှည့်လည်သွားလာနိုင်စွမ်း ရှိသည်ဟု သူတို့ ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် သူတို့က ကုအန် အကြောင်းကို ပိုမို ခန့်မှန်းလာကြတော့သည်။

ဝူရှီ အတွင်း၌ နှစ်သန်းပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း အန်ရှင်း နှင့် ထျန်းယောင်အာ အပါအဝင် မည်သူကမျှ ကုအန်၏ ဇာစ်မြစ်ကို မသိခဲ့ကြချေ။

သူ့အကြောင်း တပည့်များ၏ ခန့်မှန်းချက်များကို ကုအန် ကြားနိုင်၏။ သူက ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ တပည့်များက သူ့ကို ရိုသေလေးစားလေလေ ပိုကောင်းလေလေ ဖြစ်သည်။ အနည်းဆုံးတော့ ၎င်းက မငြိမ်မသက်မှုများကို တားဆီးပေးနိုင်၏။

ထျန်းဟုန် ဧကရာဇ် ထွက်ခွာသွားပြီးနောက် အန်ရှင်း က ကုအန်ထံသို့ ထပ်မံ ချဉ်းကပ်လာပြီး ဂိုဏ်းကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင့်၊ မသင့် မေးမြန်းခဲ့သော်လည်း ကုအန်က ငြင်းဆန်ခဲ့သည်။

သို့သော်လည်း သူက အနည်းငယ် ဖြေလျှော့ပေးခဲ့ပြီး တပည့်များကို ကိုယ်ပိုင် တပည့်များ လက်ခံခွင့် ပြုလိုက်၏။ ဒုတိယ မျိုးဆက်မှ စတင်၍ တပည့်တိုင်းက တပည့်တစ်ယောက်သာ လက်ခံခွင့် ရှိပြီး အကယ်၍ တပည့်ဖြစ်သူက မကောင်းမှု ကျူးလွန်ပါက ဆရာဖြစ်သူကလည်း တာဝန်ယူရမည် ဖြစ်သည်။

လူတစ်ယောက်က တပည့်တစ်ယောက် လက်ခံခြင်းမှာ အရေအတွက် နည်းပါးပုံရသော်လည်း မျိုးဆက်များစွာ အကြာတွင်တော့ ဝူရှီ က သေချာပေါက် ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။

ကုအန်က ဖြေလျှော့ပေးပြီး ဆယ်နှစ်ပင် မပြည့်မီ အချိန်အတွင်း ပထမဆုံး စတုတ္ထ မျိုးဆက် တပည့် တစ်ဦး မွေးဖွားလာခဲ့သည်။

ကုအန်က စတုတ္ထ မျိုးဆက် တပည့်များကို ဂရုမစိုက်ဘဲ သူတို့ကို လူကိုယ်တိုင် သွားရောက် မတွေ့ဆုံခဲ့ချေ။ အသေးအဖွဲ ကိစ္စများဖြင့် မနှောင့်ယှက်လိုသဖြင့် တာဝန်ကြီးများကို အန်ရှင်း ထံ လွှဲပြောင်းပေးရန် ပြင်ဆင်နေ၏။

အန်ရှင်း က အာဏာကို လက်ဝါးကြီး အုပ်မထားဘဲ သူမ၏ အကြီးဆုံး တပည့် ဖြစ်သော အန်ကျီကျိုက် ကို ကိစ္စရပ်များစွာ စီမံခန့်ခွဲခွင့် ပေးခဲ့သည်။

အန်ကျီကျိုက် က မကြာခဏ သက်ပြင်းချလေ့ ရှိသည်။ သူ၏ နာမည်မှာ ကျီကျိုက် (လွတ်လပ်ခြင်း) ဖြစ်သော်လည်း သူက လွတ်လပ်သည်ဟု မခံစားရချေ။

သေချာသည်က သူက ထုတ်ဖော် ပြောဆိုရုံ သက်သက်သာ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် တန်ဖိုးကို ရှာတွေ့ခဲ့ပြီး ဖြစ်သဖြင့် လက်ရှိ ဘဝကို အတော်လေး ကျေနပ်နေမိသည်။

ဝူရှီ က တဖြည်းဖြည်း ပိုမို အစွမ်းထက်လာနေပြီး လောကရှိ ဂိုဏ်းအသီးသီး ကလည်း ထိုနည်းတူပင် ဖြစ်သည်။ ဂိုဏ်းများကို စောင့်ကြည့်ခြင်းက လောကကြီး တစ်ခုလုံး အပေါ် အသိအမြင်များ ရရှိစေသကဲ့သို့ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သည်လည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်လေသည်။

အမတနတ်ဘုရားများ ၏ အကူအညီ နှင့် မူလဘူတ တာအိုဧကရာဇ် ၏ လမ်းညွှန်မှု တို့ဖြင့် မဟာကမ္ဘာ ၏ ကောင်းကင် ကံကြမ္မာများက သဘာဝကျကျ မြင့်တက်လာတော့သည်။

နှစ်ပေါင်း သုံးသောင်း ကုန်လွန်သွား၏။

လျင်မြန်စွာ ပြောင်းလဲနေသော အပြင်ဘက် လောက နှင့် နှိုင်းယှဉ်ပါက ဝိညာဉ်ကိုးပါး တိုက်ကြီး အတွင်းရှိ အသွင်ပြောင်းမှုများက ထိုမျှ လျင်မြန်ခြင်း မရှိချေ။

ဤနေ့ နံနက်စောစောပိုင်းတွင်။

ပုံရိပ် နှစ်ခုက မြူလွှာများကို ဖြတ်သန်း၍ ဝိညာဉ်ကိုးပါး တိုက်ကြီး အတွင်းသို့ ဝင်ရောက်လာကြ၏။ သူတို့မှာ လီယ နှင့် လီရှန်းယို တို့ ဖြစ်ကြ၏။

လီယ က အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူ၏ ဆံပင်ရှည်များကို ခေါင်းအနောက်တွင် စည်းနှောင်ထားကာ ဆံစနှစ်ချောင်းက သူ၏ မျက်နှာ ဘေးတွင် ကျဆင်းနေသည်။ လေပြင်းလေးက သူ၏ ဝတ်ရုံကို အဆက်မပြတ် လွင့်ဝဲနေစေသော်လည်း သူ၏ ဟန်ပန်က တောင်ကြီး တစ်လုံးကဲ့သို့ ခိုင်မာနေဆဲ ဖြစ်သည်။

လီရှန်းယို ၏ အငွေ့အသက်က သူ၏ ဆရာကဲ့သို့ လွှမ်းမိုးနိုင်စွမ်း မရှိသော်လည်း မဟာစွမ်းအားရှင် တစ်ဦး၏ ဟန်ပန်ကို ထုတ်လွှတ်နေဆဲဖြစ်လေသည်။ သူ၏ ပြီးခဲ့သည့် ခရီးစဉ်နှင့် နှိုင်းယှဉ်ပါက ယခုအခါ သူက အခက်အခဲများ၏ အငွေ့အသက်ကို သယ်ဆောင်ထားပြီး လီယ ထက်ပို၍ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရကြောင်း ညွှန်ပြနေလေသည်။

"အရင်ကထက် အများကြီး သာလွန်ပြီး ဒီလောက် သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအင် မျိုးက လောကတစ်ခွင် ကြည့်လိုက်ရင် ဂိုဏ်းကြီး ကိုးဂိုဏ်း ရဲ့ ဂူကောင်းကင် တွေတောင်မှ ယှဉ်နိုင်မှာ မဟုတ်ဘူး..."

လီယ က မှတ်ချက်ချလိုက်ပြီး ကုအန်နှင့် မကြာမီ တွေ့ရတော့မည်ကို တွေးကာ အနည်းငယ် စိုးရိမ်ပူပန်နေ၏။

လီရှန်းယို က ခေါင်းညိတ်၍ တုံ့ပြန်ရန် ပြင်လိုက်စဉ် ကောင်းကင်ယံမှ တောက်ပသော အလင်းတန်း တစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်။ အလင်းတန်းများ လွင့်စင်သွားသောအခါ ပုံရိပ် နှစ်ခု ထွက်ပေါ်လာ၏။

အန်ရှင်း နှင့် လီရွှမ်ယုတို့ ဖြစ်ကြသည်။

"အစ်မ..."

လီယ က ဝမ်းသာအားရ အော်လိုက်၏။ လီရွှမ်ယု အတွက် သူ စိုးရိမ်နေခဲ့သော်လည်း ဤနေရာတွင် သူမကို မြင်လိုက်ရသဖြင့် သူ၏ စိတ်ကို အတော်လေး သက်သာရာ ရသွားစေသည်။

လီရွှမ်ယွီ လည်း လွတ်ငြိမ်းရာအမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ ချက်ချင်း သတိပြုမိလိုက်ရာ ဂျူနီယာညီလေး ကု ၏ နယ်မြေရှိ ထူးခြားသော ကံကြမ္မာများ အတွက် အံ့ဩချီးကျူးမိသွား၏။

လီ မိသားစု က လွတ်ငြိမ်းရာအမတ နှစ်ပါးကို မွေးထုတ်ပေးနိုင်ခဲ့ရာ ကြီးမားသော အမြင့်များသို့ ပျံသန်းရန် လုံလောက်ပေသည်။ သို့သော်လည်း ဤ လွတ်ငြိမ်းရာအမတ နှစ်ပါးစလုံးက ထိုက်ချန်း အင်ပါယာ တွင် မရှိကြချေ။

လီရွှမ်ယုလည်း လီယ ကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားပြီး သူ့ထံသို့ ချက်ချင်း ချဉ်းကပ်လာ၏။

လီယ က ရိုင်းစိုင်းစွာ မပြုမူဘဲ အန်ရှင်း ကို အရင်ဆုံး နှုတ်ဆက်လိုက်ပြီး သူ၏ တပည့်ကို မိတ်ဆက်ပေးလိုက်သည်။

"မင်းရဲ့ တပည့်က အတော်လေး ထူးချွန်တာပဲ... လွတ်ငြိမ်းရာအမတ ၏ ကျင့်ကြံခြင်း အဆင့်ကိုတောင် ရောက်နေပြီ..." လီရွှမ်ယွီ က လီရှန်းယို ကို အကဲခတ်ရင်း ချီးကျူးလိုက်၏။

အန်ရှင်း က အံ့အားသင့် မသွားချေ။ လီရှန်းယို နောက်ဆုံးအကြိမ် လာရောက်လည်ပတ်စဉ်ကတည်းက သူမ အာရုံခံမိခဲ့သည်။ ထိုအချိန်ကပင် သူသည် လွတ်ငြိမ်းရာအမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

လီရှန်းယို ၏ ကျင့်ကြံခြင်း အရှိန်က သေချာပေါက် ထိပ်တန်း အဆင့်တွင် ရှိပြီး အန်ရှင်း ကို သူတို့၏ ဆရာထံမှ လမ်းညွှန်မှုများ ရရှိခဲ့သည်ဟု သံသယ ဝင်သွားစေလေသည်။

သူတို့၏ ဆရာက လီယ ကို မကြာခဏ စောင့်ကြည့်တတ်ပြီး တိတ်တဆိတ် ကူညီပေးနေနိုင်ကြောင်း သူမ သိထား၏။

"သူက တကယ်ပဲ မျှော်လင့်ချက် ရှိပါတယ်... ဒါပေမဲ့ လွတ်ငြိမ်းရာအမတ တစ်ပါး အနေနဲ့ သူ့အတွက် ရှေ့ဆက်ရမယ့် ခရီးက ရှည်လျားပါသေးတယ်..." လီယ က ပြုံးလိုက်သည်။

ထို့နောက် သူတို့ လေးယောက်က စကားပြောရင်း ဝူရှီ သို့ ပျံသန်းသွားကြရင်းလမ်းတွင် အများအားဖြင့် လီယ နှင့် လီရွှမ်ယွီ တို့က စကားပြောနေကြခြင်း ဖြစ်၏။

လီရွှမ်ယု က ပြောလိုက်သည်။ "မင်းက အရင်အတိုင်းပဲ... အမြဲတမ်း ပြဿနာတွေကို ဖန်တီးနေတုန်းပဲ... မင်းနဲ့ ယှဉ်ရင် ငါ့ရဲ့ အတွေ့အကြုံတွေက အတော်လေး ပျင်းစရာကောင်းပါတယ်... နယ်မြေ ထဲမှာပဲ အဓိက ကျင့်ကြံနေခဲ့တာဆိုတော့လေ..."

လီယ က ခေါင်းယမ်းလိုက်၏။ "အစ်မက သည်မှာပဲ နေခဲ့ပေမဲ့ အစ်မရဲ့ ကျင့်ကြံခြင်း အဆင့်က ကျွန်တော့်ထက် မနိမ့်ပါဘူး..."

ထိုသို့ ပြောလိုက်သော်လည်း လီယ က လီရွှမ်ယု ကို သူ၏ ပြိုင်ဘက် အဖြစ် မသတ်မှတ်ထားချေ။

ဆန့်ကျင်ဘက် အနေဖြင့် အန်ရှင်း ၏ စွမ်းအားကို သူ စပ်စုချင်နေမိသည်။ သူ၏ အာရုံခံနိုင်စွမ်း အရ အန်ရှင်း ၏ ကျင့်ကြံခြင်း က မှန်းဆ၍ မရနိုင်ဘဲ သူမ၏ အကြည့်က သူ့ကို မသက်မသာ ဖြစ်စေ၏။

အန်ရှင်း က လွတ်ငြိမ်းရာအမတ အဆင့်ထက် ကျော်လွန်နေပြီဟု သူ သံသယ ဝင်မိသွားသည်။ အကယ်၍ ၎င်းသာ မှန်ကန်ပါက ထူးခြားဆန်းကြယ်လှပေမည်။

အန်ရှင်း က သူ၏ ဂျူနီယာ တစ်ဦး ဖြစ်သော်လည်း သူ့ကို ကျော်လွန်သွားခဲ့ချေပြီဖြစ်၏။

အဓိပတိဂိုဏ်း တွင် ရှိစဉ်က ကုအန်၏ တပည့် ဖြစ်ခြင်းမှလွဲ၍ အန်ရှင်း က သူ့အမြင်တွင် ထူးခြားသည့် အရာတစ်ခုမျှ မရှိခဲ့ချေ။ အဓိပတိဂိုဏ်း ကနေပြီး အန်ရှင်း က ဤအဆင့်အထိ ရောက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

သူတို့ ပျံသန်းသွားကြစဉ် မြို့များကို ဖြတ်ကျော်သွားရာ လမ်းတစ်လျှောက်ရှိ သက်ရှိများ၏ ဝိညာဉ်အငွေ့အသက် များကြောင့် လီယ မှာ အံ့ဩချီးကျူးသွားရ၏။

ဤနေရာရှိ သက်ရှိ အားလုံးက အမတ ကျင့်ကြံရေး တွင် ပါဝင်နေကြပြီး သူတို့၏ အဆင့်များက သိသာထင်ရှားပေသည်။ မြို့တိုင်း နီးပါးတွင် ကောင်းကင်စျဥ်အမတများ ထက် ကျော်လွန်သော သူများ ပါဝင်နေပြီး ဂိုဏ်းကြီး ကိုးဂိုဏ်း ပင်လျှင် မယှဉ်နိုင်သော အခြေခံအုတ်မြစ် တစ်ခု ဖြစ်၏။

လီရှန်းယို လည်း တိတ်တဆိတ် အံ့ဩချီးကျူးနေမိသည်။ သူ၏ ပြီးခဲ့သည့် ခရီးစဉ်နှင့် နှိုင်းယှဉ်ပါက တိုက်ကြီးက သိသိသာသာ အသွင်ပြောင်းသွားပြီဖြစ်ပြီး ၎င်းမှာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ အစစ်အမှန် ဗဟိုချက် ဖြစ်သည်ဟူသော ထင်ယောင်ထင်မှား ကိုပင် သူ့အား ဖြစ်ပေါ်လာစေ၏။

ဆရာနှင့် တပည့် နှစ်ယောက်က တိမ်များ ဝန်းရံနေသော ကမ္ဘာ့ဂိတ်တံခါး ကို မြင်လိုက်ရသောအခါ ပို၍ပင် အံ့အားသင့်သွားကြသည်။

လီရှန်းယိုသည် ထိုအရာကို အဝေးမှ လှမ်းမြင်ဖူးခဲ့သော်လည်း၊ ယခုကဲ့သို့ အနီးကပ် ရောက်ရှိနေချိန်မှသာ ကမ္ဘာ့ဂိတ်တံခါးကြီး၏ ခမ်းနားကြီးကျယ်လှသော အရှိန်အဝါကို အမှန်တကယ် ခံစားသိရှိလိုက်ရကာ ရင်ထဲ၌ အလိုအလျောက် ကြည်ညိုလေးစားစိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။

အန်ရှင်း က လီယ ၏ အံ့အားသင့်မှုကို သတိပြုမိသွားပြီး ကမ္ဘာ့ဂိတ်တံခါး ၏ ဇာစ်မြစ်နှင့် အသုံးဝင်မှုများကို ရှင်းပြလိုက်သည်။ နားလည်သွားပြီးနောက် လီယ က ဂျူနီယာညီလေး ကု ၏ တာအို ကျင့်စဉ်များ အတွက် ပို၍ပင် အထင်ကြီးသွားတော့၏။

ဂျူနီယာညီလေး ကု က တကယ်ကို ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ...

သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့် ပိုမြင့်လာလေလေ၊ သူနှင့် ဂျူနီယာညီလေး ကု အကြား ကွာဟချက်က ပိုကြီးလာလေလေ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။

သူ စိတ်ပျက်အားငယ် မသွားချေ။ အကြောင်းမှာ သူ၏ စွမ်းအားက လုံလောက်အောင် လျင်မြန်စွာ မကြီးထွားလာ၍ မဟုတ်ဘဲ မူလ ကွာဟချက်က ကြီးမားလွန်းနေသောကြောင့် ဖြစ်ကြောင်း သူ သိထားသဖြင့် ယခုအခါ ၎င်းကို ပို၍ ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်၏။

သူတို့ လေးယောက်က ရပ်တန့်မနေဘဲ လီယ ၏ အဆက်မပြတ် အံ့ဩချီးကျူးမှုများ အကြား နောက်ဆုံးတွင် ဝူရှီ ၏ အဓိကနယ်မြေသို့ ရောက်ရှိသွားကြသည်။

အပြင်လောကကို ခြားနားထားသည့် မမြင်ရသော ဧရာမ အတားအဆီး တစ်ခုကို သူ အာရုံခံမိလိုက်၏။ အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လွှမ်းမိုးနိုင်စွမ်းရှိသော တာအိုဆန္ဒ များက သူ့ထံသို့ စီးဝင်လာပြီး ရွှင်လန်းတက်ကြွသော ခံစားချက် တစ်ခုဖြင့် ပြည့်နှက်သွားခဲ့သည်။

"လီယ... မင်းတောင်... အသက်ရှင်နေတုန်းပဲလား..."

ရွှင်လန်းသော ရယ်မောသံ တစ်ခု ထွက်ပေါ်လာ၏။ လီယ လှည့်ကြည့်လိုက်ရာ အောက်ဘက် တောအုပ်ထဲရှိ သစ်ပင် တစ်ပင်အောက်တွင် လူလတ်ပိုင်း အမျိုးသား တစ်ဦး ရပ်လျက် သူတို့ကို မော့ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

'အဓိပတိဂိုဏ်း က ကျိုရီကျန်း ပါလား..သူလည်း ဒီကို ရောက်နေတာလား'

ကျိုရီကျန်း လည်း လွတ်ငြိမ်းရာအမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် လီယ မှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်၏။

ဒါ...ဒါက

အခန်း (၇၆၄) မဟာအမတ နတ်စွမ်းအင် နန်းတော်

လီယ နှင့် ကျိုရီကျန်း တို့ နောက်ဆုံး တွေ့ဆုံခဲ့ပြီးကတည်းက နှစ်မည်မျှ ကုန်လွန်သွားခဲ့သည်ကို မမှတ်မိနိုင်တော့ဘဲ အဝေးက အမှတ်ရစရာ တစ်ခုလိုသာ ရှိတော့၏။

နှစ်သန်းပေါင်းများစွာ ကွဲကွာနေခဲ့ပြီးနောက် ပြင်ပ တစ်နေရာတွင် မမျှော်လင့်ဘဲ ပြန်လည် ဆုံတွေ့ရခြင်းက သူတို့ နှစ်ဦးစလုံးကို နက်နက်ရှိုင်းရှိုင်း ခံစားချက်များဖြင့် ပြည့်နှက်သွားစေသည်။

အန်ရှင်း က ရပ်တန့်၍ သူတို့ နှစ်ဦးကို အတိတ်ကြောင်း ပြန်ပြောင်း ပြောဆိုခွင့် ပြုလိုက်၏။ လက်ရှိ လီယ ကို မြင်သောအခါ ကျိုရီကျန်း မှာ အလွန် ဝမ်းသာသွားခဲ့သည်။ လွန်ခဲ့သော နှစ်လေးသန်းကျော်က လီယ သည် အဓိပတိဂိုဏ်း ၏ သာမန် တပည့်တစ်ဦးသာ ဖြစ်ခဲ့ကြောင်း သူ ပြန်လည် သတိရလိုက်သည်။ ထိုအချိန်က အန်ဟောင် နှင့် ဝူကျွယ် တို့က သူ့ကို ဖုံးလွှမ်းထားနိုင်သော ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။

သို့သော် နှစ်လေးသန်းကျော် ကြာပြီးနောက်တွင် အန်ဟောင် နှင့် ဝူကျွယ် တို့က အရိပ်အယောင်မကျန် ပျောက်ကွယ်သွားပြီး လီယ က လောက၏ နံပါတ်တစ် ဓားကျင့်ကြံသူ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ဓားကျင့်ကြံသူ တစ်ဦး ဖြစ်သူ ကျိုရီကျန်း အနေဖြင့် ထိုကဲ့သို့သော ဂုဏ်ပုဒ်မျိုးကို သဘာဝကျကျ ဂရုစိုက်မိပေသည်။

သူတို့ စကားပြောနေစဉ် လီယ ၏ အတွင်းတွင် ပါဝင်နေသော ကြီးမားလှသည့် ဓားဆန္ဒ ကို သူ အာရုံခံမိလိုက်သဖြင့် သူ့ကို တိတ်တဆိတ် တုန်လှုပ်သွားစေခဲ့သည်။

ဒီကောင်လေး ဘယ်လိုများ ကျင့်ကြံခဲ့တာလဲ...

သူက ဝူရှီ ကို ရောက်လာပြီး ဆရာသခင်ဓားအရှင် ၏ တာအိုဆန္ဒ တွင် နေ့စဉ် သန့်စင်ကာ ယခုလက်ရှိ အောင်မြင်မှုများကို ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် လီယ နှင့် နှိုင်းယှဉ်ပါက သူ၏ ကိုယ်ပိုင် ဓားတာအို မှာ အရေးမပါသကဲ့သို့ သူ ခံစားလိုက်ရသည်။

သူ မသိသည်မှာ လီယ သည်လည်း အလားတူပင် အံ့အားသင့်နေခြင်းပင်။ ကျိုရီကျန်း က လွတ်ငြိမ်းရာအမတ အဆင့် သို့ မည်သို့ ရောက်ရှိလာနိုင်သည်ကို သူ နားလည်သော်လည်း သူက ဓားတာအို တွင်လည်း ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ။

သူတို့ ဆက်လက် စကားပြောနေစဉ် သူတို့၏ စိတ်လှုပ်ရှားမှုများက တဖြည်းဖြည်း လျော့ကျလာ၏။

အန်ရှင်း၊ လီရွှမ်ယု နှင့် လီရှန်းယို တို့က သူတို့၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို ရှင်းလင်းစွာ အာရုံခံနိုင်ကြပြီး သိမ်မွေ့သော လေထု တစ်ခုကို ဖန်တီးလိုက်သည်။

နောက်ဆုံးတွင် အန်ရှင်း က လီယ အနေဖြင့် သူ၏ ဆရာကို တွေ့ရန် လိုအပ်သေးကြောင်း ပြောဆို၍ စတင် စကားပြောလာပြီး ကျိုရီကျန်း ကို နှုတ်ဆက်လိုက်သည်။

သူတို့ လေးယောက် ထွက်သွားသည်ကို ကြည့်ရင်း ကျိုရီကျန်း က သက်ပြင်းချလိုက်သည်။ "သူတို့က တကယ် ကံကောင်းတာပဲ..."

လက်ရှိ အခွင့်အရေးကို ရရှိရန် သူက အဓိပတိဂိုဏ်း ၏ ကောင်းကင် ဖာထေးစင်မြင့် တွင် နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့ရပြီး လီယ ၏ ကံကြမ္မာကတော့ ဆရာသခင်ဓားအရှင် ရှိနေသော ဆေးတောင်ကြား ကို သူ မတော်တဆ ရောက်ရှိသွားချိန်တွင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် မည်သို့များ မနာလို မဖြစ်ဘဲ နေနိုင်မည်နည်း။

ထိုစဉ်က လီယ သည် အဓိပတိဂိုဏ်း တွင် ထည့်မပြောနှင့်ဦး လီမိသားစုတွင်ပင် အထူးချွန်ဆုံး သူ မဟုတ်ခဲ့ကြောင်းကို သူ မှတ်မိနေ၏။

ထို့နောက် ကျိုရီကျန်း က သူ၏ သားဖြစ်သူ ကျိုလင် အကြောင်းကို တွေးလိုက်မိသည်။ အစပိုင်းတွင် ကျိုလင် က ကုအန်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သော်လည်း နှစ်များ ကြာလာသည်နှင့်အမျှ သူတို့က တဖြည်းဖြည်း ဝေးကွာသွားခဲ့ကြသည်။

အခြား တစ်နေရာတွင် လီရှန်းယို က လီယ ၏ ဘေးသို့ ပျံသန်းလာပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ဆရာ... ဆရာက သူ့အပေါ် အငြိုးတစ်ခုခု ရှိနေလို့လား..."

လီယ က သူ့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဘယ်လိုလုပ်ပြီး အငြိုးရှိနိုင်မှာလဲ... ငါက သူ့သားနဲ့ အတူတူ ကြီးပြင်းလာခဲ့တာလေ..."

ဟူးးး...တာအို နှလုံးသား က မတည်ငြိမ်သေးဘူးပဲ... ဒါလေးနဲ့တင် ငါ စိတ်ရှုပ်သွားရတယ်ပေါ့လေ...

လီယ က သူ၏ ရင်ထဲတွင် သူ့ကိုယ်သူ ရွံမုန်းသွား၏။ အထူးသဖြင့် သူ၏ မိတ်ဆွေဟောင်းကို သူက ဘယ်လိုလုပ် အထင်အမြင် သေးနိုင်မှာလဲ။

အကယ်၍ သူသာ ဂျူနီယာညီလေး ကု ဆိုလျှင် ဤကဲ့သို့ တုံ့ပြန်မည် မဟုတ်သည်မှာ သေချာပေသည်။

ထိုအတွေးဖြင့် လီယ ၏ မျက်လုံးများက ပုံမှန် ဂရုမစိုက်သော အခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။ သူ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ တာအို နှလုံးသား ကို အသစ်တဖန် ပြန်လည် ကျင့်ကြံမည်ဟု သူ ဆုံးဖြတ်လိုက်သည်။

သူ၏ ဆရာ၏ အတွေးများကို မသိသော လီရှန်းယို က ကျိုရီကျန်း ၏ အကြောင်းကို ဆက်လက် မေးမြန်းနေ၏။ လီယ က ဘာမှ မဖုံးကွယ်ထားဘဲ ကျိုရီကျန်း နှင့် ကုအန် တို့၏ အတိတ်ကို ပြန်လည် ပြောပြလိုက်သည်။

ကျိုရီကျန်း က နှစ်ပေါင်းများစွာ ဇွဲလုံ့လ ရှိမှုကြောင့် ဆရာဦးလေး ကု ကို သဘောကျသွားစေခဲ့ကြောင်း သိလိုက်ရသောအခါ လီရှန်းယို က သူနှင့် လီယ တို့ နှစ်ဦးစလုံး မည်မျှ ကံကောင်းခဲ့ကြသည်ကို အံ့ဩချီးကျူးမိသွားလေသည်။

"ဆရာ... ဆရာဦးလေး ကု က ဆရာ့ကို တကယ် အထင်ကြီးတာပဲ... ကျွန်တော်တောင် အခု ဝူရှီ ဂိုဏ်း ကို ဝင်ချင်စိတ် ပေါက်လာပြီ..."

လီရှန်းယို ၏ စကားများက လီယ ကို ဒေါသ မထွက်စေခဲ့ချေ။ ဤကလေးက သူ့ကို တမင်တကာ နောက်ပြောင်နေမှန်း သူ သိ၏။

သေချာသည်က အကယ်၍ လီရှန်းယို သာ ဝူရှီ ဂိုဏ်း ကို ဝင်ရောက်နိုင်ပါက ဆရာတစ်ယောက် အနေဖြင့် သူ ပျော်ရွှင်မိမည် ဖြစ်သည်။ သို့သော် ဝူရှီ သည် သူ ကိုယ်တိုင် ဆုံးဖြတ်နိုင်သော နေရာ မဟုတ်သလို သူ မည်မျှ အကြွေးတင်နေသည်ကို ထည့်သွင်းစဉ်းစားပါက ကုအန်ကို တောင်းဆိုရန် သူ့တွင် မျက်နှာ မရှိချေ။

မကြာမီ သူတို့ လေးယောက်က ကုအန် နေထိုင်သော တောင်ထွတ်ပေါ်သို့ ဆင်းသက်လာကြ၏။ အန်ရှင်း နှင့် လီရွှမ်ယု တို့က ခြံဝင်းထဲသို့ ဝင်ရန် အချက်ပြလိုက်ပြီးနောက် ပျောက်ကွယ်သွားကြသည်။

လီယ က ခြံဝင်း တံခါးဝကို စိုက်ကြည့်နေပြီး သူ၏ နတ်အာရုံ ဖြင့် မစူးစမ်းဝံ့ချေ။ အံ့ဩစရာ ကောင်းသည်မှာ သူ အနည်းငယ် စိုးရိမ်ပူပန်နေသည်ကို ခံစားလိုက်ရ၏။

သို့သော်လည်း လီရှန်းယို က သူ့ကို စောင့်ကြည့်နေသဖြင့် သူက ဆရာတစ်ဦး၏ ဟန်ပန်ကို ထိန်းသိမ်းထားရမည် ဖြစ်လေသည်။

သူက ခါးကို မတ်လိုက်ပြီး ခြံဝင်း တံခါးဝဆီသို့ လျှောက်သွားလိုက်၏။ သူ၏ ကျောပြင်ကို ကြည့်ရင်း လီရှန်းယို က ၎င်းကို ရယ်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။

ဆရာ က ဒီလောက်တောင် စိုးရိမ်ပူပန်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...

ဆရာဦးလေး ကု က တကယ်ပဲ ဆရာရဲ့ ဂျူနီယာ ညီလေး ဖြစ်နိုင်ပါ့မလား... သူက ဆရာ့ရဲ့ ဆရာနဲ့ ပိုတူနေသလိုပဲ...

လီရှန်းယို တွေးလိုက်ပြီး လီယ ၏ အနောက်မှ လိုက်သွားကာ သူ၏ ဆရာနှင့် သူ၏ ဂျူနီယာ ညီလေး တို့၏ တွေ့ဆုံမှုက စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ခြံဝင်းထဲသို့ ဝင်လာသောအခါ ဧရာမ သန့်စင်မီးဖို ကြီး တစ်ခုနှင့် ၎င်း၏ ရှေ့တွင် တရားထိုင်နေသော သွယ်လျသည့် ပုံရိပ်တစ်ခုကို လီယ မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ်၏ ကျောပြင်က ရင်းနှီးနေပုံရပြီး တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရှိနေ၏။

သူက သိပ်မစဉ်းစားတော့ချေ။ ကုအန်၏ နယ်မြေတွင် မိတ်ဆွေဟောင်းများကို မြင်တွေ့ရခြင်းက အတော်လေး သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု ဖြစ်လေသည်။

သူ၏ မျက်လုံးများက ခြံဝင်းထဲရှိ သစ်ပင်ကြီး တစ်ပင်အောက်မှ ပုံရိပ်တစ်ခုဆီသို့ ရွှေ့သွား၏။ ထိုလူက ကုလားထိုင်ရှည် တစ်ခုပေါ်တွင် လှဲလျောင်းကာ စာအုပ်ဖတ်နေပြီး ထိုအနေအထားက သူ့ကို မှင်တက်သွားစေသည်။

လွန်ခဲ့သော နှစ်လေးသန်းကျော်က လျှို့ဝှက်ဆန်းကြယ် တောင်ကြား တွင် ကုအန် လှဲလျောင်း၍ စာဖတ်ရသည်ကို နှစ်သက်ခဲ့ပုံကို သူ ပြန်လည် သတိရသွားလေသည်။

"စီနီယာအစ်ကို... ဘာလို့ ဒီမှာ ရပ်ပြီး နေ့ခင်းကြီး အိပ်မက် မက်နေတာလား... မကြာသေးခင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ခေါင်းထိသွားလို့လား..."

ကုအန်၏ နောက်ပြောင်သော အသံက လီယ ကို လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာစေခဲ့သည်။

အကြောင်းပြချက် တစ်ခုခုကြောင့် ကုအန်၏ လှောင်ပြောင်သံကို ကြားလိုက်ရခြင်းက သူ့ကို စိတ်အေးလက်အေး ဖြစ်သွားစေပြီး သူတို့၏ ဆက်ဆံရေးက အတိတ် နေ့ရက်များဆီသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

လီယ ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူက ရှေ့သို့ လျှောက်ကာ ပြောလိုက်၏။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါက ဘယ်တုန်းကများ ပြင်းပြင်းထန်ထန် ဒဏ်ရာရဖူးလို့လဲ..."

သူ၏ ဆရာ ချက်ချင်း စိတ်အေးလက်အေး ဖြစ်သွားသည်ကို မြင်သောအခါ လီရှန်းယို က ကုအန်အပေါ် ပို၍ လေးစားလာတော့၏။

ဆရာဦးလေး ကု က အစွမ်းထက်ရုံ သာမက အခြားသူများကိုလည်း ကိုယ်ချင်းစာတတ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလိ မျိုးက အမှန်တကယ်ပင် လူသားကမ္ဘာ ၏ အမြင့်ဆုံးပုဂ္ဂိုလိတစ်ဦး ဖြစ်ထိုက်ပေသည်။

သူ၏ ဆရာနှင့် ဂျူနီယာ ညီလေး တို့ ဘာတွေ ဆွေးနွေးကြမည်ကို သိချင်စိတ်ဖြင့် လီရှန်းယို က လျင်မြန်စွာ လိုက်သွားလိုက်၏။

နေရောင်ခြည်က ခြံဝင်းထဲသို့ ဝင်ရောက်လာပြီး ငှက်ကလေးများက မိတ်ဆွေဟောင်းများ၏ နွေးထွေးသော ပြန်လည် ဆုံတွေ့မှုကို ဂုဏ်ပြုနေသကဲ့သို့ တောအုပ်ထဲမှ ပျံထွက်လာကြသည်။

...

အပြာရောင် ကောင်းကင်ကြီး အောက်တွင် အဆုံးအစမရှိသော တိမ်ပင်လယ် က ငြိမ်သက်နေပြီး ၎င်း၏ အထွတ်အထိပ်တွင် သစ်ပင်အိုကြီး တစ်ပင် ရပ်တည်နေ၏။ ထိုသစ်ပင်အောက်တွင် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုဆရာ တစ်ဦး တရားထိုင်နေသည်။

သူက အခြားသူ မဟုတ်ဘဲ လီရွှမ်မြှောင် ပင် ဖြစ်၏။

သူ၏ အမတ ရာထူးကို ရရှိပြီး ကောင်းကင်နန်းတော် ကံကြမ္မာ ကို ရရှိပြီးနောက် သူ၏ ကျင့်ကြံခြင်း အဆင့်က လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ယခုအခါ မူလဘူတရွှေအမတ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ လျင်မြန်စွာ ကြီးထွားနေဆဲ ဖြစ်သည်။

ယခု သူ၏ ရာထူးက အမတအရှင်မြတ် တစ်ပါး၏ နေရာ ဖြစ်သော်လည်း မူလဘူတရွှေအမတ အဆင့် မှာ အမတအရှင်မြတ် တစ်ပါးအတွက် အရည်အချင်း မပြည့်မီသေးသဖြင့် သူ၏ အမတ တာဝန်များကို စတင် မထမ်းဆောင်ရသေးချေ။

အရောင် ခုနစ်မျိုး ပါဝင်သော သက်တံ တစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာပြီး လီရွှမ်မြှောင် နှင့် ခြေခုနစ်လှမ်း အကွာတွင် ကျဆင်းသွား၏။

ပိန်လှီပြီး အရိုးပေါ် အရေတင် ဖြစ်နေသော်လည်း ထက်မြက်သော ဓားကဲ့သို့ တောက်ပသော မျက်လုံးများ ရှိသည့် ခရမ်းရောင် ဝတ်စုံနှင့် အဘိုးအို တစ်ဦးက သူ၏ ရှေ့တွင် ထွက်ပေါ်လာသည်။

"အမတအရှင်မြတ် ရွှမ်မြှောင်... အဓိပတိ တည်ရှိမှု ဆီကနေ အမိန့်စာ တစ်ခု ယူလာခဲ့ပါတယ်... ကောင်းကင်တာအို နတ်လက်နက် ကို လက်ခံရယူဖို့ မဟာအမတ နတ်စွမ်းအင် နန်းတော် ကို သွားရပါမယ်..."

ခရမ်းရောင် ဝတ်စုံနှင့် အဘိုးအို က ရိုသေလေးစားစွာ ဦးညွှတ်လိုက်သော်လည်း သူ၏ မျက်လုံးများက လီရွှမ်မြှောင် ကို အထက်အောက် အကဲခတ်နေ၏။

လီရွှမ်မြှောင် က မျက်လုံးများ ဖွင့်လိုက်ရာ အဘိုးအို က သူ၏ အကြည့်ကို အောက်သို့ ချလိုက်သည်။

"နားလည်ပါပြီ... ခဏနေရင် သွားလိုက်ပါ့မယ်..." လီရွှမ်မြှောင် က ပြောလိုက်ပြီး ချက်ချင်း မတ်တတ် မရပ်သေးချေ။ သူ၏ ဝင်စားခြင်း ပုံရိပ်ထင်ဟပ်မှု ကို အပြည့်အဝ ပြန်လည် မရုပ်သိမ်းရသေးပေ။

ခရမ်းရောင် ဝတ်စုံနှင့် အဘိုးအို က ဆက်ပြောလိုက်၏။

"အဓိပတိ တည်ရှိမှု က ခင်ဗျားကို သတိထားဖို့လည်း ပြောလိုက်ပါတယ်... တကယ်လို့ မဟာအမတ နတ်စွမ်းအင် က ခင်ဗျားကို သိမ်းသွင်းဖို့ ကြိုးစားရင် နားသာထောင်ပါ၊ ဒါပေမဲ့ ဘာကတိမှ မပေးပါနဲ့တဲ့..."

"ကောင်းပါပြီ..."

လီရွှမ်မြှောင် က သဘောတူလိုက်၏။ ကောင်းကင်နန်းတော် တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း အမတနတ်ဘုရား အမျိုးမျိုးက သူ့ကို သိမ်းသွင်းရန် မကြာခဏ ကြိုးစားကြသဖြင့် ကောင်းကင်နန်းတော် အတွင်းရှိ အုပ်စုများ အကြား အာဏာလုပွဲ များကို သူ နားလည်ထားပြီး ဖြစ်သည်။

ကောင်းကင်နန်းတော် ၏ အတွင်းရေး အုပ်စုများက သူ ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးလှသည်။ သူ၏ အမတအရှင်မြတ် အဆင့်အတန်း ရှိသော်လည်း သူက သတိထား၍ လျှောက်လှမ်းရမည် ဖြစ်သည်။

နတ်ဘုရားများ နှင့် ကြယ်တာရာအရှင် များတွင် ပိုမို မြင့်မားသော တည်ရှိမှုများ ၏ ကျောထောက်နောက်ခံများ ရှိနေနိုင်ပေသည်။ ခရမ်းရောင် ဝတ်စုံနှင့် အဘိုးအို က ထပ်မပြောတော့ဘဲ ဦးညွှတ်၍ ပျောက်ကွယ်သွားတော့၏။

လီရွှမ်မြှောင် က မတ်တတ်ထရပ်လိုက်ပြီး တိမ်ပင်လယ် ကို ငေးကြည့်ရင်း ဝင်စားခြင်း သံသရာကို ထိုးဖောက် ကြည့်ရှုနေသကဲ့သို့ ရှိနေသည်။

"မဟာအမတ နတ်စွမ်းအင် နန်းတော်... မဟာအမတ နတ်စွမ်းအင်..."

လီရွှမ်မြှောင် က မဟာကမ္ဘာ သုံးထောင် ကို ငုံ့ကြည့်လိုက်ပြီး သူ၏ ဆရာကို မည်သို့ ဆက်သွယ်ရမည်ကို တွေးတောနေတော့၏။

All Chapters