အခန်း (၇၆၉-၇၇၀)
Vol. 65 Ch. 769-770
အခန်း ၇၆၉ ရွှမ်ချုံး သူတော်စင်မိခင်
ရှန်းကျန်သည် နေရာအနှံ့ ရှာဖွေကြည့်သော်လည်း အခြား မည်သည့် သက်ရှိ၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ ယောင်ရွှမ်နတ်မိမယ် သည် မျက်မှောင်ကြုတ်သွားပြီး သူမကို လျှို့ဝှက်စွာ စောင့်ကြည့်နေသော တည်ရှိမှု တစ်ခုထက်မက ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ကုအန်ကမူ ဆန့်ကျင်ဘက်အားဖြင့် တည်ငြိမ်နေပြီး တစ်ဘက်လူ ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ဧရာမ မျက်လုံးများ၏ တစ်ဖက်ရှိ ဟင်းလင်းပြင် အနက်ရှိုင်းဆုံး နေရာမှ ပြင်းထန်သော အလင်းရောင် တစ်ခု ပေါက်ကွဲထွက်လာသဖြင့် ရှန်းကျန်ကို လန့်ဖြန့်သွားကာ လှည့်ကြည့်လိုက်သည်။
ယောင်ရွှမ်နတ်မိမယ် သည်လည်း မတ်တတ်ထရပ်ကာ လှည့်ကြည့်လိုက်၏။
တောက်ပသော အလင်းရောင်က ပွင့်ထွက်လာပြီး စကြဝဠာ ဟင်းလင်းပြင် တစ်ဝက်ကို လင်းထိန်သွားစေသည်။ ထိုအလင်းရောင်ထဲမှ ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။ ပုံရိပ်၏ ပုံပန်းသဏ္ဍာန်အရ ထိုသူမှာ ကျော့ရှင်းသော ကိုယ်ဟန်အနေအထားနှင့် ထူးကဲသော အငွေ့အသက် ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။
သူမက ရှေးဟောင်း ဧရာမ နတ်ဘုရားမတစ်ပါး ဆင်းသက်လာသကဲ့သို့ မရေမတွက်နိုင်သော မိုင်ပေါင်းများစွာ မြင့်မားကာ ရှန်းကျန် မြင်ဖူးသမျှ မည်သည့် တောင်တန်းထက်မဆို ပိုကြီးမားသဖြင့် ရှန်းကျန်၏ မျက်လုံးများကို အလိုအလျောက် ပြူးကျယ်သွားစေသည်။
"တာအိုမိတ်ဆွေက ငါ့ရဲ့ ဖုံးကွယ်ခြင်း ပညာရပ်ကို ထွင်းဖောက်မြင်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."
အေးစက်သော အမျိုးသမီး အသံတစ်ခု ပဲ့တင်ထပ်သွားပြီး ၎င်းနှင့်အတူ ခမ်းနားကြီးကျယ်သော ကောင်းကင်စွမ်းအားများ ပါဝင်လာ၏။
ကောင်းကင်နန်းတော်မှ အမတပင်။
ကုအန်က သူမထံသို့ သက်တမ်းရှာဖွေခြင်း ကို အသုံးပြုလိုက်သည်။
[ရွှမ်ချုံး သူတော်စင်မိခင် (တာအိုအထွတ်အထိပ် တာလော့အမတ အဆင့် နှောင်းပိုင်း) ၀/၀/၀]
ရွှမ်ချုံး သူတော်စင်မိခင် ။
ကုအန်က ထိုအမည်ကို မှတ်သားထားလိုက်ပြီး ကောင်းကင်ဝိညာဉ်နတ်ဘုရား နှင့် ထိုက်ရီ အမတအရှင် တို့ထံမှ နောက်မှ မေးမြန်းရန် စီစဉ်လိုက်သည်။
ရွှမ်ချုံး သူတော်စင်မိခင်၏ ကောင်းကင်တာအို ကံကြမ္မာက အလွန်အမင်း သိပ်သည်းနေ၏။ ကုအန်သည် သူမ၏ ကျင့်စဉ်အဆင့်နှင့် အစစ်အမှန်ပုံစံကိုသာ ခံစားသိရှိနိုင်လေသည်။ သူမက ကျင့်ကြံခြင်းဖြင့် အမတအဆင့်သို့ တက်လှမ်းလာသော လူသားတစ်ဦး မဟုတ်ဘဲ သူမ၏ အစစ်အမှန်ပုံစံမှာ သစ်ပင်တစ်ပင် ဖြစ်လေသည်။
ကုအန်က ပြောလိုက်သည်။ "တာအိုမိတ်ဆွေက ဘယ်သူ့ကို ရှာနေတာလဲ ဆိုတာ မေးခွင့်ပြုပါ..."
"ဒီအမျိုးသမီးက ငါ့ရဲ့ ရည်မှန်းချက် မဟုတ်ပါဘူး... ငါ့ရဲ့ ပန်းတိုင်က ဒီဆိုးယုတ်တဲ့ အရာကို နှိမ်နင်းဖို့ပါ... တာအိုမိတ်ဆွေက ငါ့ကို အဆင်ပြေအောင် ကူညီပေးနိုင်မလား..." ရွှမ်ချုံး သူတော်စင်မိခင်က ကောင်းကင်နန်းတော် အမတများ၏ ပုံမှန် မာနကြီးမှုမျိုး မပါဘဲ ပြန်ဖြေလိုက်သည်။
အမှန်တကယ်တော့ သူမ အတော်လေး အံ့အားသင့်နေ၏။ ကုအန်က ရှန်းကျန် နှင့်အတူ ဝင်လာစဉ်က ဤလူသည် အကြောင်းနှင့်အကျိုး လမ်းစဉ်၏ တန်ပြန် အင်အားစုများကို ခုခံနိုင်စွမ်း ရှိနေခြင်းကြောင့် သူမ အံ့ဩခဲ့ရပြီး ဖြစ်သည်။
ယခု မျက်နှာချင်းဆိုင် ကြုံတွေ့ရချိန်တွင် သူမသည် ကုအန်၏ နက်ရှိုင်းမှုကို မခန့်မှန်းနိုင်ရုံသာမက သူ၏ မျက်နှာသွင်ပြင်ကိုပင် ရှင်းလင်းစွာ မမြင်ရချေ။
ယင်းက ဘာကို ဆိုလိုသနည်း။
ကုအန်၏ တာအိုကျင့်စဉ် က သူမထက် မနိမ့်ကျသည့်အပြင် ပို၍ပင် မြင့်မားနေနိုင်ပေသည်။
အကြောက်မက်ဖွယ် အကောင်းဆုံး အရာမှာ ဤလူတွင် ကောင်းကင်တာအို ကံကြမ္မာ၏ အရိပ်အယောင်မျှ မရှိခြင်းက သူသည် ကောင်းကင်နန်းတော် နှင့် မသက်ဆိုင်ကြောင်း ညွှန်ပြနေခြင်းပင် ဖြစ်သည်။
ကောင်းကင်နန်းတော် ကို အားမကိုးဘဲ ဤအဆင့်အထိ ကျင့်ကြံနိုင်ခြင်းက သူသည် သာမန်လူ တစ်ယောက် မဟုတ်ကြောင်း သေချာနေပေသည်။
ကောင်းကင်နန်းတော် အတွင်း၌ အစွမ်းထက်သော တည်ရှိမှုများ မရေမတွက်နိုင်အောင် ရှိသော်လည်း အမတနတ်ဘုရား အများစုမှာ ကောင်းကင်တာအို ကံကြမ္မာ ကြောင့်သာ သူတို့၏ လက်ရှိ အဆင့်အတန်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။
အဆင့်မြင့်လေလေ၊ ထပ်မံ တက်လှမ်းရန် ပိုခက်ခဲလေလေ ဖြစ်ပြီး ပါရမီ တစ်ခုတည်းဖြင့် တိုင်းတာ၍ မရနိုင်ချေ။
"တကယ်လို့ ဒီဆိုးယုတ်တဲ့ အရာအတွက် သက်သက် ဆိုရင်တော့ ငါ သဘာဝကျကျ ဝင်မစွက်ဖက်ပါဘူး... ဒါကြောင့် ငါတို့ အရင် ထွက်သွားပါရစေ.."
ကုအန်က စကားပြောရင်း သူ၏ လက်ကို မြှောက်ကာ ယောင်ရွှမ်နတ်မိမယ် ကို နောက်က လိုက်လာရန် အချက်ပြလိုက်သည်။
ထို့နောက် သူက လှည့်ထွက်သွားပြီး ရှန်းကျန်က နောက်မှ ကပ်လျက် လိုက်ပါသွားကာ ယောင်ရွှမ်နတ်မိမယ် သည်လည်း မတွန့်ဆုတ်ဘဲ သူတို့၏ ခြေလှမ်းများကို အမီလိုက်သွား၏။
"တာအိုမိတ်ဆွေရဲ့ နာမည်ကို သိခွင့်ပြုပါ... ငါက ကောင်းကင်နန်းတော် ရဲ့ အဓိပတိအမတ ရွှမ်ချုံး သူတော်စင်မိခင် ပါ... ငါတို့ ဒီမှာ ဆုံတွေ့ခဲ့ကြမှတော့ ဘာလို့ ရင်းနှီးတဲ့ ဆက်ဆံရေး တစ်ခု မတည်ဆောက်နိုင်မှာလဲ... ငါ့ရဲ့ ဘုံကျောင်းက ကောင်းကင်အထွတ်အထိပ် ဘုံကိုးခု မှာ ရှိတယ်... မင်း အချိန်မရွေး လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်..."
ရွှမ်ချုံး သူတော်စင်မိခင် ၏ အသံက နောက်ဘက်မှ ပဲ့တင်ထပ်လာသော်လည်း ကုအန်ကို ရပ်တန့်သွားစေခြင်း မရှိချေ။
"ငါ့နာမည်က မုန်လန် ပါ... အတည်တကျ မရှိတဲ့ ကောင်းကင်ဘုံ တွေမှာ လှည့်လည် သွားလာနေတဲ့ခရီးသည်ပါ... တကယ်လို့ ငါ ကောင်းကင်အထွတ်အထိပ် ဘုံကိုးခုကို ဖြတ်သွားဖြစ်ရင် တာအိုမိတ်ဆွေ ဆီကို သေချာပေါက် လာလည်ပါ့မယ်..."
ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ရာ ရှန်းကျန်၏ နှုတ်ခမ်းများ တွန့်ချိတ်သွားသည်။
ရွှမ်ချုံး သူတော်စင်မိခင်က ထပ်မံ စကားမပြောတော့ဘဲ ကုအန်တို့ထွက်ခွာသွားသည်ကို စောင့်ကြည့်နေလိုက်သည်။
မကြာမီ လူသုံးယောက်မှာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားပြီး ရွှမ်ချုံး သူတော်စင်မိခင် ကမူ လျှို့ဝှက်ဆန်းကြယ်သော ဧရာမ မျက်လုံးများဆီသို့ ဆက်လက် သွားနေကာ သူမထံမှ ထုတ်လွှတ်နေသော ကောင်းကင်တာအို အလင်းရောင်က အမှောင်ထုကို တဖြည်းဖြည်း ဖုံးလွှမ်းသွားတော့သည်။
အခြားတစ်နေရာတွင်...
ကုအန်က မဟာတာအို၏ ဖရိုဖရဲ လျှပ်စီးကြောင်းများထဲသို့ ဝင်ရောက်သွားရာ ဆွဲဆောင်မှုရှိသော တောက်ပသည့် အလင်းရောင်များက သူတို့ကို ဝန်းရံထား၏။
"အဲဒီလူက တကယ်ပဲ ကောင်းကင်နန်းတော်က အမတ လား... ဘာလို့ အဲဒီ ဆိုးယုတ်တဲ့ အရာက ထွက်မပြေးတာလဲ... ငါတို့ မထွက်လာခင်က သူက ကြောင်တောင်တောင် စိုက်ကြည့်နေတုန်းပဲ..." ရှန်းကျန်က မှတ်ချက်ပေးလိုက်သည်။
ကုအန်က အရှေ့သို့ စိုက်ကြည့်ရင်း ပြောလိုက်၏။ "သူမက တကယ်ပဲ အမတနတ်ဘုရား တစ်ပါးပဒ... ကောင်းကင်နန်းတော် ရဲ့ ကံကြမ္မာက အတုအယောင် လုပ်လို့မရဘူး... အဲဒီ ဆိုးယုတ်တဲ့ အရာနဲ့ ပတ်သက်ပြီး ပြောရရင် သူက မိုက်မဲတာ မဟုတ်ဘူး၊ လုံးဝ ထွက်မပြေးနိုင်တာ... သူက အကြောင်းနှင့်အကျိုး လမ်းစဉ် နဲ့ ယှဉ်တွဲ တည်ရှိနေလို့ အမတနတ်ဘုရား တွေကို မကြောက်ဘူး..."
"အဲဒီလောက်တောင် ခြိမ်းခြောက်နိုင်တာလား... အမတနတ်ဘုရား တွေက သူ့ကို လုံးဝ မဖျက်ဆီးနိုင်ဘူးလား..." ရှန်းကျန်က ထပ်မေးလိုက်သည်။
"သူမ ပြောတာကို မင်း ကြားတယ်မလား... သူမက သူ့ကို နှိမ်နင်းချင်တာ... ဆိုလိုတာက သူမက ကိုယ်ကျိုးအတွက် ဒီကို ရောက်လာတာပဲ..."
"နှိမ်နင်းမယ်... ဒီလို ဆိုးယုတ်တဲ့ အရာကို ကြီးထွားခွင့် ပေးထားတာက မမှန်ကန်ဘူး... သူမက ကပ်ဘေးကြောက်ဘူးလား..."
ထိုဆိုးယုတ်သော အရာက သက်ရှိ သတ္တဝါ အားလုံး၏ အကုသိုလ် အကြံအစည်များကို စုပ်ယူကာ မဟာကမ္ဘာ သုံးထောင် သို့ ကပ်ဘေးတစ်ခု ယူဆောင်လာပေးနိုင်သည့် အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု တစ်ခု ဖြစ်လာမည်ကို တွေးတောမိပြီး ရှန်းကျန်က ရုတ်တရက် စိုးရိမ်လာသည်။
သူမက ယခင်က စာအုပ်များ ရေးသားရန် ဝါသနာပါပြီး ဤကဲ့သို့သော ဇာတ်လမ်းများအပေါ် အာရုံခံစားလွယ်သူ ဖြစ်သည်။
"ငါလည်း မသိဘူး... အမတနတ်ဘုရား တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိမှာပေါ့..."
ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး အမှန်တကယ်တော့ ထိုကဲ့သို့သော ဆိုးယုတ်သည့် အရာကို ဂရုမစိုက်ချေ။
ရွှမ်ချီကမ္ဘာဦးအဆင့် ကို မဆိုထားနှင့် တာအိုအထွတ်အထိပ် တာလော့အမတ တစ်ပါးပင် ၎င်းကို အလွယ်တကူ နှိမ်နင်းနိုင်လေသည်။ မည်သို့ပင်ဆိုစေကာမူ ဆိုးယုတ်သော အရာသည် အကြောင်းနှင့်အကျိုး လမ်းစဉ် ၏ ဖန်ဆင်းမှု တစ်ခုသာ ဖြစ်လေသည်။ မည်မျှပင် အစွမ်းထက်ပါစေ ၎င်းက လမ်းစဉ်ကိုယ်တိုင်ကို မကျော်လွန်နိုင်ချေ။
သို့သော်လည်း ကိုယ်ပိုင် တာအိုကို မဖန်တီးနိုင်သေးသော သက်ရှိသတ္တဝါများ အတွက်မူ ဤကဲ့သို့သော ဆိုးယုတ်သည့် အရာက အလွန် ကြောက်မက်ဖွယ် ကောင်းပြီး ၎င်းနှင့် ကြုံတွေ့ရပါက သေရသည်ထက် ဆိုးရွားသော ကံကြမ္မာကို ကြုံတွေ့ရမည် ဖြစ်သည်။
ယောင်ရွှမ်နတ်မိမယ် က နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာ၏။
သူမ၏ နှလုံးသားသည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ အကြောင်းနှင့်အကျိုး လမ်းစဉ် ၏ ပြည်နှင်ဒဏ် မခံရမီက သူမသည် အမတနတ်ဘုရား များနှင့် များများစားစား မကြုံတွေ့ခဲ့ဖူးချေ။ ရွှမ်ချုံး သူတော်စင်မိခင် ၏ အရှိန်ဝါက သူမ မြင်တွေ့ဖူးသမျှသော မဟာစွမ်းအားရှင် မည်သူထက်မဆို ပိုမို အစွမ်းထက်နေ၏။
ဤလူက ဘယ်သူလဲ။
သူမ ဘာလို့ လာတာလဲ။
ယောင်ရွှမ်နတ်မိမယ် က ခပ်ရေးရေး ခန့်မှန်းမိပြီး ကုအန်၏ ကျောပြင်သည် သူမ၏ စိတ်ထဲရှိ အခြားပုံရိပ်တစ်ခုနှင့် တဖြည်းဖြည်း ထပ်တူကျသွားသည်ကို မြင်လိုက်ရသည်။
သူမတွင် ခန့်မှန်းချက်များ ရှိသော်လည်း သူ့ကို မမေးမြန်းခဲ့ချေ။ သူ မထုတ်ဖော်ပြသသော အခြား လျှို့ဝှက်ဇာတ်လမ်း တစ်ခု သေချာပေါက် ရှိနေပေမည်။
လောလောဆယ်တွင် သူမသည် သူမ၏ ကိုယ်ပိုင် ကျင့်စဉ်အဆင့်ကို ပြန်လည်ရယူရန်သာပိုမို အာရုံစိုက်ရန် လိုအပ်နေသည်။
မကြာမီ မဟာတာအို၏ ဖရိုဖရဲ လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားပြီး သူတို့သည် မဟာတာအို မြစ်ရှည်ကြီးတစ်ခု သို့ ရောက်ရှိလာကြသည်။ သူတို့၏ ခြေအောက်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး သူတို့ကို တောက်ပမှုဖြင့် ဖုံးလွှမ်းသွား၏။
ကုအန်က ရပ်တန့်လိုက်ပြီး ယောင်ရွှမ်နတ်မိမယ် ဘက်သို့ အနည်းငယ် လှည့်ကာ ပြောလိုက်သည်။ "ဒါက မဟာတာအို လမ်းစဉ်ပဲ... အခုကစပြီး မင်း လွတ်လပ်သွားပြီ..."
ယောင်ရွှမ်နတ်မိမယ် က သူ့ကို စိုက်ကြည့်နေသည်။ သူ၏ မျက်နှာကို ပြောင်းလဲထားသော်လည်း သူမက ရင်းနှီးကျွမ်းဝင်မှု တစ်ခုကို ခံစားနေရဆဲ ဖြစ်၏။ သူမက မေးလိုက်သည်။
"ရှင် ကျွန်မကို ကယ်ခဲ့တာ... ရှင့်အတွက် ကျွန်မ ဘာမှ လုပ်ပေးစရာ မလိုဘူးလား..."
ရှန်းကျန်က သူတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
"ငါက ယုံရှန်းဧကရာဇ် နဲ့ အသိမိတ်ဆွေဟောင်း တစ်ယောက်ပါ... သူက မဟာ အကြောင်းအကျိုး ကျောက်တိုင် ထဲမှာ သေဆုံးသွားခဲ့ပြီ... ငါက သူ့ရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရုံပါပဲ..." ကုအန်က ယုံရှန်းဧကရာဇ် ၏ ကံကြမ္မာကို ထုတ်ဖော် ပြောပြလိုက်သည်။
ယင်းကို ကြားပြီးနောက် ယောင်ရွှမ်နတ်မိမယ် ၏ မျက်လုံးများက ပြောင်းလဲသွား၏။
ရှန်းကျန်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ကုအန်နှင့် ယောင်ရွှမ်နတ်မိမယ် တို့ကြားတွင် တိုက်ရိုက် ဆက်နွှယ်မှု မရှိသည်မှာ အမှန်ပင် ဖြစ်ပုံရလေသည်။
ထိုအခိုက်အတန့်တွင် ယောင်ရွှမ်နတ်မိမယ် က ရှန်းကျန်ကို ကြည့်ကာ ပြောလိုက်သည်။ "သူမဆီမှာ ကျွန်မ သားရဲ့ အကြောင်းအကျိုး ပါလာတယ်... ဒါဆို ကျွန်မ ကလေး ကိုလည်း ရှင် ကယ်တင်ခဲ့တာပေါ့... သူ ဘယ်မှာလဲ..."
"သူက ငါ့ရဲ့ နယ်မြေမှာ ရှိတယ်... သူ့ကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံထားတယ်... တကယ်လို့ မင်း သူ့ကို တွေ့ချင်တယ် ဆိုရင် သူ ပိုပြီး အစွမ်းထက်လာတဲ့ အချိန်ကျမှ မင်းနဲ့ တွေ့ခွင့်ပေးနိုင်မယ်..." ကုအန်က အမှန်အတိုင်း ပြောလိုက်သည်။
ယောင်ရွှမ်နတ်မိမယ် က သူမ၏ အကြည့်ကို သူ့ထံသို့ ပြန်လှည့်လိုက်ပြီး မေးလိုက်၏။ "ဒါဆို ရှင့်ရဲ့ နယ်မြေကို ကျွန်မ လိုက်လို့ ရမလား..."
သူမက ခဏရပ်ပြီး ဆက်ပြောသည်။ "ကျွန်မ ဘယ်နှစ်နှစ်လောက် ချိတ်ပိတ် ခံထားရလဲ ဆိုတာ မသိပေမဲ့ အခုချိန်မှာတော့ ကျွန်မ ကလေး ကလွဲရင် အားကိုးစရာ ဒါမှမဟုတ် သွားစရာ နေရာ မရှိတော့ဘူးလ... ရှင့်ရဲ့ နောက်ကို လိုက်ပြီး ရှင့်ကို အလုပ်အကျွေး ပြုပါ့မယ်..."
ကုအန်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ယောင်ရွှမ်နတ်မိမယ် ၏ လျှို့ဝှက် ခန့်မှန်းချက်များကို သူ ကြားနိုင်၏။
သူမက သူ့ကို ယုံရှန်းဧကရာဇ် အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်လေသည်။
ကောင်းပြီလေ။
သူမ ကလေးကို သူမနဲ့ ပေးတွေ့ဖို့က အချိန်ကိုက်ပဲပေါ့။
အနာဂတ်တွင် ယောင်ရွှမ်နတ်မိမယ် ကို မူလဘူတ တာအိုဧကရာဇ် အဆင့်သို့ ရောက်ရှိရန် လမ်းညွှန်ပေးရင်း သူမက ယုံရှန်းဧကရာဇ် နှင့် သူ့ကြားမှ ဆက်ဆံရေးကို နားလည်သွားနိုင်ပေသည်။
အခန်း ၇၇၀ အမတနတ်ဘုရားများ၏ ဆိုးယုတ်သော အကြံအစည်များ
ယောင်ရွှမ်နတ်မိမယ် ရောက်ရှိလာခြင်းက သက်တမ်းတာအိုနယ်မြေ တွင် ကြီးမားသော လှုပ်ခတ်မှုများ မဖြစ်ပေါ်စေခဲ့ချေ။ စတုတ္ထမျိုးဆက် တပည့်များ ပိုမို များပြားလာသည်နှင့်အမျှ တပည့်အချို့မှာ တစ်ဦးနှင့်တစ်ဦး သူစိမ်းများ ဖြစ်နေကြဆဲပင်။
ယောင်ရွှမ်နတ်မိမယ် က သက်တမ်းတာအိုနယ်မြေ ကို အတော်လေး စိတ်ဝင်စားနေ၏။ ဤနေရာရှိ ဝိညာဉ်စွမ်းအင် နှင့် တာအိုဆန္ဒ တို့က သူမ ကြုံတွေ့ခဲ့ဖူးသမျှ အရာများထဲတွင် အကောင်းဆုံးဖြစ်ပြီး ကျင့်ကြံရန်အတွက် အမှန်တကယ် မြင့်မြတ်နယ်မြေ ဖြစ်ပေသည်။
ကုအန်က ရှန်းကျန်ကို ယောင်ရွှမ်နတ်မိမယ် နှင့် စွန့် တို့ တွေ့ဆုံစေရန် ခေါ်သွားခိုင်းပြီး သူကတော့ ဆိုးယုတ်သော အရာအပေါ် ရွှမ်ချုံးသူတော်စင်မိခင်၏ လုပ်ဆောင်ပုံများကို လေ့လာရန် သူ၏ အခန်းသို့ ပြန်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ရွှမ်ချုံးသူတော်စင်မိခင် က ထိုဆိုးယုတ်သော အရာကို နှိမ်နင်းလိုက်ပြီး "ရွှမ်အယ်" ဟု အမည်ပေးလိုက်၏။
ရွှမ်ချုံးသူတော်စင်မိခင် က ကောင်းကင်တာအို ကံကြမ္မာ ကို ရွှမ်အယ် ၏ ခန္ဓာကိုယ်ထဲသို့ မသွင်းပေးခဲ့ခြင်းမှာ မှတ်သားစရာပင်။ ဤသည်ကို ကြည့်ခြင်းဖြင့် သူမက ဤကိစ္စကို ကောင်းကင်နန်းတော် သိသွားမည်ကို မလိုလားကြောင်း ကုအန် ခန့်မှန်းမိလိုက်သည်။
ရွှမ်အယ် ကို နှိမ်နင်းပြီးနောက် ရွှမ်ချုံးသူတော်စင်မိခင် က အခြား အမတနတ်ဘုရား များ နှင့် မကြုံတွေ့ရဘဲ ကောင်းကင်အထွတ်အထိပ် ဘုံကိုးခု ဆီသို့ ပျံသန်းသွားခဲ့သည်။
ကုအန်က သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ပြည်နှင်ဒဏ်နယ်မြေ ၏ အကြောင်းနှင့်အကျိုး လမ်းစဉ် အကြောင်းကို စတင် စဉ်းစားလိုက်၏။
ဤကဲ့သို့သော နေရာမျိုး မည်သို့ ဖြစ်ပေါ်လာသနည်း။ ပြီးတော့ ဘာကြောင့် ရွှမ်အယ် ကဲ့သို့သော တည်ရှိမှုမျိုးကို မွေးဖွားလာရသနည်း။
အကယ်၍ အကြောင်းနှင့်အကျိုး လမ်းစဉ် က တာအိုနိယာမများ ကို ဖန်တီးနိုင်လျှင် အခြား လမ်းစဉ်များကလည်း ဖန်တီးနိုင်မည် ဖြစ်သည်။ ဤသည်မှာ အခြား တာအို များ၏ ပြည်နှင်ဒဏ်နယ်မြေ များတွင် ရွှမ်အယ် နှင့် ဆင်တူသော အခြား တည်ရှိမှုများ ရှိနေသည်ဟု ဆိုလိုခြင်းလော။
ကောင်းကင်တာအို ကံကြမ္မာ က နေရာတိုင်းတွင် ရှိမနေသောကြောင့် မဟာကမ္ဘာ သုံးထောင် သည် ကောင်းကင်တာအို ကံကြမ္မာ ၏ အဓိက နေရာများ ဖြစ်ကြ၏။ ၎င်းတို့၏ အပြင်ဘက်တွင် မူလဘူတ ဧကရာဇ် နယ်မြေ၊ မြူခိုး အမတနန်းတော် နှင့် လင်တောင် ကဲ့သို့သော ကောင်းကင်တာအို ကံကြမ္မာ ရှိသည့် အခြား နယ်မြေများလည်း ရှိနေသေးသည်။
သို့သော်လည်း ကောင်းကင်တာအို ၏ အပြင်ဘက်တွင် နေရာများစွာ ရှိနေသေး၏။ ကုအန် ရောက်ဖူးသည့် ဟုန်မုန့် မဟာကမ္ဘာ၊ ချောက်နက် တာအိုပင်လယ် နှင့် အဓိပတိမူလတောအုပ် ကဲ့သို့သော နေရာများ ဖြစ်ကြသည်။
လက်ရှိအချိန်တွင် ကောင်းကင်တာအို ၏ အပြင်ဘက်ရှိ စကြဝဠာ အလွှာများက ၎င်း၏ အတွင်းတွင် ရှိသည်ထက် များစွာ သာလွန်နေလေသည်။
ဤသည်မှာ ကောင်းကင်တာအို သည် မဟာတာအို ကို လွှမ်းခြုံထားနိုင်ရန် အလှမ်းဝေးနေသေးကြောင်း ဆိုလိုပေသည်။
ကောင်းကင်တာအို ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ကောင်းကင်ဧကရာဇ် နှင့် ကောင်းကင်တာအို အရှင်မြတ် တို့က မည်သည့် အရာများကို ရင်ဆိုင်နေရပြီး သူတို့တွင် စိုးရိမ်ပူပန်မှုများ ရှိနေသလော။
ကုအန်က အကြောင်းအရာ အသီးသီးကို တွေးတောနေစဉ် စွန့် နှင့် ယောင်ရွှမ်နတ်မိမယ် တို့ ပြန်လည် ဆုံတွေ့ခဲ့ကြသည်။ ရှန်းကျန် က ယောင်ရွှမ်နတ်မိမယ် ကို မမိတ်ဆက်ပေးရသေးမီမှာပင် စွန့် က သူမထံသို့ ပြေးသွား၏။
သားအမိ ပြန်လည်ဆုံတွေ့ခြင်းသည် အမြဲတမ်း ကြည်နူးစရာ မြင်ကွင်းတစ်ခု ဖြစ်လေသည်။ စွန့် က မိခင်ဖြစ်သူကို ဖက်ထားပြီး စကားလုံး ရေတွက်မရအောင် ပြောပြချင်နေခဲ့ကာ ယောင်ရွှမ်နတ်မိမယ် မှာလည်း သူ နေကောင်းနေသည်ကို မြင်ရသဖြင့် အပြုံးပန်းများ ဝေဆာနေတော့သည်။
နောက်ရက်များတွင် စွန့် နှင့် ယောင်ရွှမ်နတ်မိမယ် တို့၏ ဆက်ဆံရေးက လူသိများလာခဲ့သည်။ စွန့် သည် ကုအန်၏ အငယ်ဆုံး တပည့်ဖြစ်ပြီး သက်တမ်းတာအိုနယ်မြေ ရှိ တပည့်များ အားလုံးက ကုအန်သည် သူ့ကို အလိုလိုက်ထားကြောင်း သိကြ၏။ သို့သော် ကုအန်က သူ၏ မိခင်ကိုပါ ပြန်ခေါ်လာပေးလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
တပည့်အများအပြားမှာ သံသယများ ရှိခဲ့ကြသော်လည်း ထုတ်မပြောရဲခဲ့ကြပေ။
ကုအန်သည် ကြီးမားသော နတ်ဘုရားစွမ်းရည်များ ပိုင်ဆိုင်ထားသဖြင့် သူတို့က တိုးတိုးလေး ပြောလျှင်တောင် သူ ကြားနိုင်ပေလိမ့်မည်။
ကုအန်က တပည့်များ၏ အတွေးများကို သိပ်ဂရုမစိုက်ခဲ့ချေ။
အချိန်က သံသယ အားလုံးကို မှေးမှိန်သွားစေလိမ့်သာဖြစ်၏။
ယောင်ရွှမ်နတ်မိမယ် ၏ အဆင့်သည် မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့် မှကျဆင်းသွားခဲ့သော်လည်း သူမသည် မဟာတာအို ဧကရာဇ် တစ်ပါး ဖြစ်နေဆဲပင်။ ကုအန်၏နယ်မြေသို့ ရောက်ရှိပြီးနောက် သူမ၏ ကျင့်စဉ်အဆင့်က လျင်မြန်စွာ တိုးတက်လာခဲ့၏။
ယောင်ရွှမ်နတ်မိမယ် သည် အန်ရှင်း ၏ အမတဧကရာဇ် မျက်လုံး ကျင့်ကြံမှုကို ထွင်းဖောက်မြင်နိုင်ပြီး ယှဉ်ပြိုင်ရန် ကိုယ်တိုင် အဆိုပြုခဲ့ခြင်းမှာ မှတ်သားစရာပင်။ မည်သူမျှ အနိုင်မရခဲ့သော်လည်း ၎င်းက အန်ရှင်း အပေါ် ဖိအားပေးနိုင်ခဲ့သည်။
အန်ရှင်း သည် ယောင်ရွှမ်နတ်မိမယ် နှင့် နှစ်တစ်ထောင်လျှင် တစ်ကြိမ် ယှဉ်ပြိုင်လေ့ရှိသည်။
ယောင်ရွှမ်နတ်မိမယ် သည် မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့် သို့ ရောက်ရှိသည်အထိ အန်ရှင်း က သူမ၏ ယှဉ်ပြိုင်ဘက် မဟုတ်တော့ချေ။
အန်ရှင်း အတွက် မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့် သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ စုဆောင်းထားသော မဟာတာအို အသိအမြင်များ လိုအပ်သော်လည်း ယောင်ရွှမ်နတ်မိမယ် ကမူ သူမ၏ ယခင် ကျင့်စဉ်အဆင့်ကို ပြန်လည်ရယူနေခြင်းသာ ဖြစ်လေသည်။
ယောင်ရွှမ်နတ်မိမယ် နှင့် အန်ရှင်း တို့သည် ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ကုအန်က ၎င်းကို ကောင်းသောအရာဟု မှတ်ယူခဲ့သည်။ ယုံရှန်းဧကရာဇ် နှင့်အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သဖြင့် အမတဧကရာဇ် မျက်လုံး အပေါ် သူမ၏ နားလည်မှုက အန်ရှင်း အတွက် များစွာ အကျိုးရှိစေပေလိမ့်မည်။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွား၏။
ယောင်ရွှမ်နတ်မိမယ် က သက်တမ်းတာအိုနယ်မြေ သို့ ဝင်ရောက်လာသည်မှာ နှစ်ပေါင်း တစ်သန်း ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
နံနက်ခင်းအချိန်တွင် ကုအန်က ရေကန်ဘေး၌ ရပ်ကာ ထိုက်ချိ ကျင့်ကြံနေ၏။ သူ၏ လှုပ်ရှားမှုများက နှေးကွေးသော်လည်း တိမ်တိုက်များ လွင့်မျောခြင်းနှင့် ရေစီးဆင်းခြင်းတို့ကဲ့သို့ ကျော့ရှင်းသော အလှတရားများ ရှိနေသည်။
ကျင့်ကြံနေစဉ် သူက သူ၏ အချက်အလက် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်သည်။
[အမည် - ကုအန်]
[သက်တမ်း - ၆,၂၅၀,၇၀၄ / ၄၅၀,၃၃၇,၉၄၅,၄၂၂,၆၅၁]
[ခန္ဓာကိုယ် - ကမ္ဘာဦးအသင်္ချဖန်ဆင်းခြင်း တာအိုခန္ဓာ]
[ကျင့်စဉ်အဆင့် - ရွှမ်ချီကမ္ဘာဦးအမတအဆင့် ၏ အထွတ်အထိပ်]
...
သက်တမ်း ၄၅၀ ထရီလီယံခွဲ။
သူသည် ၁ ကွဒရီလီယံ အမှတ်အသား၏ တစ်ဝက်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း နောက်တစ်ကြိမ် အဆင့်ချိုးဖျက်ခြင်း အတွက် သက်တမ်း ၁ ကွဒရီလီယံ ထက် ပိုမို လိုအပ်လိမ့်မည်ဟု ကုအန် ခံစားမိ၏။
ကံကောင်းထောက်မစွာဖြင့် လက်ရှိအချိန်တွင် သူ့၌ အင်အားကြီးမားသော ရန်သူများ မရှိချေ။ ထာဝရအသက်အရှင်မြတ်၊ ယန်ကျန်း၊ လီရွှမ်တောက် နှင့် အခြား အမတနတ်ဘုရား များ ရှိနေသဖြင့် သူသည် ကောင်းကင်နန်းတော် နှင့် ရန်ငြိုးမဖြစ်အောင် ကြားခံနယ်တစ်ခု ရှိနေ၏။
တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့က သူနှင့် မကိုက်ညီချေ။ သူက လိုရာဆန္ဒများကို လုပ်ဆောင်ရင်း စဉ်ဆက်မပြတ် အင်အားကြီးမားလာစေမည့် ဤအေးချမ်းပြီး သက်တောင့်သက်သာရှိသော ဘဝကိုသာ ပိုနှစ်သက်လေသည်။
သူ့အတွက် သက်တမ်း ဆိုသည်မှာ ဂိမ်းတစ်ခုရှိ အတွေ့အကြုံမှတ်တိုင် ကဲ့သို့ပင် ဖြစ်သည်။ ၎င်း တိုးတက်လာသည်ကို ကြည့်ရခြင်းက သူသည် အင်အားကြီးမားလာစေရန် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သေချာစေ၏။
ထိုက်ချိ ကျင့်ကြံခြင်းမှာ သူ၏ အားလပ်ချိန်များတွင် စိတ်ဝင်စားမှု တစ်ခုအဖြစ် ယခင်ဘဝမှ လက်သီးသိုင်း အချို့ကို အသုံးပြုနေခြင်း ဖြစ်သည်။
အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် ဤထိုက်ချိ သိုင်းကွက်သည် သူ၏ လက်ထဲတွင် အမတလမ်းစဉ် ၏ လျှို့ဝှက်ပညာရပ် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ လှုပ်ရှားမှုနှင့် ကိုယ်ဟန်တိုင်းက ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်စွမ်း ရှိ၏။
သူ့နောက်ရှိ သစ်တောထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ယောင်ရွှမ်နတ်မိမယ် ဖြစ်ပြီး သူမ၏ အေးစက်သော အမူအရာရှိသော်လည်း ကျော့ရှင်းမှုနှင့် လျှို့ဝှက်ဆန်းကြယ်သော ဟန်ပန်တစ်ခုကိုလည်း ထုတ်လွှတ်နေ၏။
ယောင်ရွှမ်နတ်မိမယ် သည် သူမ၏ အစစ်အမှန် စရိုက်လက္ခဏာကို မဖော်ပြသေးကြောင်း ကုအန် တစ်ယောက်တည်းသာ သိသည်။ ယုံရှန်းဧကရာဇ် ၏ မှတ်ဉာဏ်များထဲတွင် သူမသည် အလွန်အမင်း တိုက်ခိုက်လိုစိတ် ရှိပြီး အတော်လေး မာနကြီးသူ ဖြစ်၏။ သူတို့၏ စွန့်စားခန်းများ တစ်လျှောက်လုံးတွင် ယုံရှန်းဧကရာဇ် ကသာ အကျိုးသင့်အကြောင်းသင့် ပြောဆိုပေးသူ အဖြစ် မကြာခဏ လုပ်ဆောင်ခဲ့ရသည်။
ဖြစ်နိုင်သည်မှာ သူမ၏ မှတ်ဉာဏ်များ အပြည့်အဝ မပြန်လည်လာသေး၍ ဖြစ်နိုင်သည် သို့မဟုတ် နှစ်ကာလများ၏ အနည်ထိုင်မှုများကြောင့်လည်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း သက်တမ်းတာအိုနယ်မြေ သို့ ရောက်ရှိချိန်မှစ၍ ယောင်ရွှမ်နတ်မိမယ် သည် မဟာဆရာသခင် တစ်ဦး၏ ဟန်ပန်နှင့် အလွန် တည်ငြိမ်စွာ ပြမူခဲ့၏။ နှစ်ပေါင်း တစ်သန်း အတွင်း သူမသည် မြင့်မားသော ဩဇာတိက္ကမ ကို တည်ဆောက်နိုင်ခဲ့သည်။ ကုအန် မှလွဲ၍ သူမ၏ အစစ်အမှန် သဘာဝကို မည်သူမျှ မသိကြချေ။
သူမက ကုအန်၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်ကာ သူ့ကို စောင့်ကြည့်နေ၏။
"နတ်မိမယ် ဆွေးနွေးစရာ တစ်ခုခု ရှိလို့လား..." ကုအန်က သူ၏ လှုပ်ရှားမှုများကို မရပ်တန့်ဘဲ မေးလိုက်သည်။
ယောင်ရွှမ်နတ်မိမယ် က ပြောလိုက်၏။ "တာအိုဧကရာဇ် နဲ့ မူလဘူတ တာအိုဧကရာဇ် ကြားမှာ ဘယ်သူက ပိုအစွမ်းထက်တယ်လို့ ရှင် ထင်လဲ..."
ကုအန်သည် ယခင်က တာအိုဧကရာဇ် တစ်ပါး ဖြစ်ခဲ့ပြီး ယခုအခါ မူလဘူတ တာအိုဧကရာဇ် အဖြစ် ကျင့်ကြံနေသော ယုံရှန်းဧကရာဇ် ဖြစ်ကြောင်း သူမ သေချာနေပြီး ၎င်းက သူမကို စိတ်ဝင်စားစေခဲ့သည်။
သက်တမ်းတာအိုနယ်မြေ တွင် မူလဘူတ တာအိုဧကရာဇ် ဆယ်ပါးထက်မက ရှိနေပြီ ဖြစ်သည်။ သူတို့မှတစ်ဆင့် ယောင်ရွှမ်နတ်မိမယ် သည် မူလဘူတ တာအိုဧကရာဇ် ၏ အံ့ဖွယ်များကို သိရှိလာရပြီး သူမကို စွဲဆောင်သွားစေ၏။
သို့သော် သူမသည် တာအိုဧကရာဇ် တစ်ပါး ဖြစ်နေပြီ ဖြစ်ရာ မူလဘူတ တာအိုဧကရာဇ် ကို တိုက်ရိုက် ကျင့်ကြံနိုင်မည်လား သို့မဟုတ် သူမ၏ တာအိုဧကရာဇ် ကံကြမ္မာကို အရင် စွန့်လွှတ်ရမည်လား ဆိုသည်ကို မသေချာခဲ့ပေ။
"သန်မာတယ် မသန်မာဘူးဆိုတာက ကျင့်ကြံသူ တစ်ဦးချင်းစီ အပေါ် မူတည်ပါတယ်..." ကုအန်က ပြန်ဖြေလိုက်၏။ ၎င်းက သူ အမှန်တကယ် တွေးထားသည့် အတိုင်းပင် ဖြစ်သည်။
မူလဘူတ တာအိုဧကရာဇ် သည် တာအိုဧကရာဇ် ကို ကျော်လွန်သွားနိုင်ပုံရသော်လည်း ယင်းမှာ ၎င်း၏ ကျင့်ကြံမှု နည်းလမ်းက ပို၍ လွယ်ကူသောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ အမြဲတမ်း တိုက်ခိုက်နေရန် မလိုအပ်သလို ကျရှုံးခြင်းက သေဆုံးခြင်းဟု မဆိုလိုချေ။
မဟာစွမ်းအားရှင် များပင်လျှင် သူတို့၏ ကိုယ်ပိုင် နယ်ပယ် သို့မဟုတ် ထိုထက် မြင့်မားသော နေရာများတွင် အမြဲတမ်း တိုက်ခိုက်နေရခြင်းကို မနှစ်သက်ကြချေ။
ယောင်ရွှမ်နတ်မိမယ် က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။ "ကျွန်မ ပြည်နှင်ဒဏ် ခံရတဲ့ နှစ်တွေအတွင်း မြင်ကွင်းပေါင်းများစွာကို မြင်တွေ့ခဲ့ရပြီး မဟာ အကြောင်းအကျိုး နဲ့ ပတ်သက်တဲ့ ဆိုးယုတ်တဲ့ အကြံအစည် များစွာကို ဖမ်းယူနိုင်ခဲ့တယ်... ရှင် နားထောင်ချင်လား..."
"မင်း ပြောချင်ရင် ပြောပါ..." ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ သက်တမ်းတာအိုနယ်မြေ သည် မည်သည့် အကြောင်းအကျိုး ကိုမဆို ဖယ်ကြဉ်ထားနိုင်သဖြင့် ဤနေရာတွင် ဆွေးနွေးမှုများကို ကန့်သတ်မထားချေ။
ယောင်ရွှမ်နတ်မိမယ် က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "ကောင်းကင်နန်းတော် အမတ တွေရဲ့ ဆိုးယုတ်တဲ့ အကြံအစည် တွေကို ကျွန်မ မြင်ခဲ့ရတယ်... အမတနတ်ဘုရား တချို့က သက်ရှိအားလုံးကို သွေးစတေးပွဲ လုပ်ချင်နေကြတယ်... တချို့က ကောင်းကင်ဧကရာဇ် ရဲ့ ပလ္လင်ကို လုယူချင်ကြတယ်... ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လဲ..."
"ပြီးတော့ ကောင်းကင်ဧကရာဇ် ရဲ့ ဆိုးယုတ်တဲ့ အကြံအစည် တွေပေါ့..."
ယင်းကိုကြားသောအခါ ကုအန်က သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး မတ်မတ်ရပ်ကာ သူမဘက်သို့ လှည့်ကြည့်လိုက်၏။