အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း (၁၆၁) နင် လိုလားရဲ့လား
ချန်လော့က သူမကို သံယောဇဉ်အပြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ကျောက်မန်မှာ ကြောင်အမ်းသွားသည်။
ဒါ ဘာဖြစ်တာလဲ။ ဇာတ်လမ်းက ဒါမျိုး မဟုတ်သင့်ဘူးလေ ....
ဘေးတွင် ရပ်နေသော မူရှာရှာသည်လည်း ချန်လော့ကို အံ့အားသင့်စွာ ကြည့်နေမိသည်။ ချန်လော့သည် ဤသို့ ပြုမူလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားကြချေ။
စက္ကန့်အနည်းငယ်အကြာတွင် မူရှာရှာ သတိဝင်လာပြီး သူမ၏ မျက်ဝန်းများမှာ မသိမသာ စိုစွတ်လာတော့သည်။
"မထင်ရဘူးပဲ... သူက တကယ်ကို အချစ်ကြီးတဲ့လူပါလား"
ချန်လော့သည် ပုံမှန်ဆိုလျှင် မကောင်းမှု အမျိုးမျိုးကို လုပ်လေ့ရှိသဖြင့် မူရှာရှာသည် သူ့အပေါ်တွင် ကောင်းသော အထင်အမြင်မရှိပေ။
သို့သော် ယခုကဲ့သို့ "သေအတူ ရှင်မကွာ" ချစ်ပြသည့် အကွက်ကတော့ မူရှာရှာကို အမှန်တကယ် စိတ်လှုပ်ရှားသွားစေသည်။
ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် မူရှာရှာသည် အချစ်ရေးတွင် ဝါရင့်သူတစ်ဦးဟု ဆိုနိုင်သည်။ သူမသည် အနည်းဆုံး အမျိုးသား ရှစ်ဆယ်၊ တစ်ရာခန့်ကို မြူဆွယ်လှည့်စားခဲ့ဖူးသူ ဖြစ်၏။
သို့သော် သူမ၏ အရည်အချင်းမှာ အခြားသူများနှင့် ယှဉ်လျှင် အနည်းငယ် အားနည်းနေသယောင် ရှိခဲ့ခြင်းမှာ သူမကိုယ်တိုင်က ညံ့လို့မဟုတ်ဘဲ၊ လက်ရှိ သူမ၏ ပတ်ဝန်းကျင်ရှိ အမျိုးသားများမှာ တစ်ယောက်မှ မပုံမှန်ကြသောကြောင့် ဖြစ်သည်။
ချန်လော့ :သူကတော့ ဖြောင့်စင်းလွန်းသော သံမဏိလူသားကြီးပင်။ သူရဲကောင်းပီသစွာ ကယ်တင်ခြင်း သို့မဟုတ် ရိုမန်းတစ်ဆန်ခြင်းတို့ထက်၊ စိတ်မကြည်လျှင် မိန်းကလေးတွေကိုပါ ထုရိုက်တတ်သူ ဖြစ်သည်။ သူရဲကောင်းဆန်သော ယဉ်ကျေးပျူငှာမှုလုံးဝ မရှိပေ။
ချင်မူ : သူကတော့ ခေါင်းမာသော သစ်တုံးကြီးပင်။ မူရှာရှာသည် သူ့ကို အကြိမ်ကြိမ် မြူဆွယ်ရန် ကြိုးစားသော်လည်း သကောင့်သားက လုံးဝ အထာမနပ်ပေ။
"စိတ်လှုပ်ရှားစရာ တစ်ခုခု" ဟု ပြောလျှင် "အရမ်းစပ်တဲ့ အစားအစာ" ဟု ပြန်ဖြေတတ်သူ ဖြစ်သဖြင့် မူရှာရှာမှာ ဆွံ့အသွားရသည်။
ယန်ချုံထျန်း: သူကတော့ အတွေးအခေါ်နှင့် ရမ္မက် ပုံမှန်ရှိသော အမျိုးသား တစ်ဦးဖြစ်သော်လည်း၊ သူတို့နှင့် လိုက်ပါလာကတည်းက အချိန်တစ်ဝက်မှာ သတိမေ့နေပြီး ကျန်တစ်ဝက်မှာ ထွက်ပြေးနေရသူ ဖြစ်သည်။ စကားကောင်းကောင်း ပြောဖို့ပင် မလွယ်သဖြင့် မြူဆွယ်ရန်မှာ မဖြစ်နိုင်ပေ။
အကယ်၍ အဖွဲ့ထဲတွင် ပုံမှန် အမျိုးသား တစ်ယောက်သာ ပါခဲ့လျှင် မူရှာရှာတစ်ယောက် မုဆိုးမတစ်ဦးကဲ့သို့ ငြိမ်ကုပ်နေမည် မဟုတ်ပေ။ သူမသည် အချစ်နယ်ပယ်တွင် ကျင်လည်ခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း အများစုမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ယန်စွမ်းအင်ကို စုပ်ယူရန်သာ ဖြစ်၏။
စစ်မှန်သော ခံစားချက်ကို ထားရှိမိပါက မိမိကိုယ်မိမိသာ နာကျင်စေမည်မှန်း သူမ သိထားသည်။ သို့သော် သူမသည်လည်း စစ်မှန်သော ချစ်ခြင်းမေတ္တာကို တောင့်တမိသည်မှာ အမှန်ပင်။
ထို့ကြောင့် ချန်လော့၏ သေခါနီး အချစ်ဖွင့်ဟမှုကို မြင်သောအခါ သူမ မနေနိုင်ဘဲ မျက်ရည်ကျမိခြင်း ဖြစ်၏။
"ခံစားချက်ကသာ နက်ရှိုင်းမယ်ဆိုရင် သစ်ပင်ပန်းမာန်တွေတောင် တုန်လှုပ်ရတယ်..."
"တိရစ္ဆာန်တွေတောင် စိတ်လှုပ်ရှားနိုင်တာပဲ"
မူရှာရှာက သူမ၏ ခံစားချက်ကို ထုတ်ဖော်လိုက်သော်လည်း၊ ချန်လော့ကမူ ထိုစကားများက သူ့ကို စော်ကားနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ ဂရုမစိုက်။ ယခုအချိန်မှာ ဤသည်က အရေးကြီးဆုံး မဟုတ်ပေ။
"နင်... နင် ဘာလုပ်မလို့လဲ"
ကျောက်မန်က ချန်လော့ကို သံသယဖြင့် မေးလိုက်သည်။ ချန်လော့သည် အရင်က သူမ၏ နေရာပြောင်းရွေ့ခြင်း အဆောင်စာရွက်က်ို ခိုးခဲ့သလို အဆိပ်သီးကိုလည်း အတင်းကျွေးခဲ့ဖူးသည်။ အားတိုင်း သူမကို ထုရိုက်ခဲ့သဖြင့် သူမ ဒေါသထွက်ခဲ့ဖူးသည်။
သို့သော် သူသည် သူမကို သွေးကန္တာရထဲမှ ခေါ်ထုတ်လာပေးခဲ့သလို၊ အဆိပ်များ ရရှိအောင်လည်း ကူညီပေးခဲ့သူ ဖြစ်၏။
ထို့ကြောင့် ကျောက်မန်အတွက် ချန်လော့အပေါ် ထားရှိသော ခံစားချက်မှာ ချစ်ခြင်းနှင့် မုန်းခြင်းကြားတွင် ရှုပ်ထွေးနေသော်လည်း၊ ယခုအခါတွင်တော့ ၎င်းမှာ "သတ်ပစ်မလား" သို့မဟုတ် "ဖမ်းဆီးပြီး နှိပ်စက်မလား" ဟူသော ရွေးချယ်မှု နှစ်ခုကြား ရောက်နေခြင်း ဖြစ်သည်။
ချန်လော့က ပြုံးလိုက်ပြီး ကျောက်မန်၏ ဆံနွယ်များကို သူ၏ လက်ဖြင့် ညင်သာစွာ ထိတွေ့လိုက်၏။
"ငါတို့ ဒီအခြေအနေအထိ ရောက်နေပြီဆိုတော့ ပြန်သွားဖို့ မလွယ်တော့ဘူး။ ငါတို့ ဒီမှာပဲ သေရတော့မှာ"
"ဒါပေမဲ့ ငါ့မှာ မပြီးပြတ်သေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ အဲ့ဒါက ငါ့ရင်ထဲမှာ အမြဲ ရှိနေခဲ့တာ၊ ငါသေသွားရင်တောင် တမလွန်မှာ အေးအေးချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် ချန်လော့သည် သူ၏ ခေါင်းကို မော့ကာ ကျောက်မန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ ထိုအခါ ကျောက်မန်၏ ရင်ထဲတွင် တစ်စုံတစ်ခု လေးလံသွားသလို ခံစားရပြီး အသက်ရှူသံများပင် ပြင်းထန်လာ၏။
ချန်လော့က သူ၏ နီမြန်းသော နှုတ်ခမ်းလွှာကို ဖွင့်ကာ တိုးတိုးလေး မေးလိုက်သည်။
"နင်... နင် လိုလားရဲ့လား... နင့်ရဲ့... သိုလှောင်အိတ်ကို ငါ့ကို ပေးဖို့လေ"
"ဘာ”
ကျောက်မန် မှင်သက်သွားတော့သည်။ သူမ၏ ဝိုင်းစက်သော မျက်လုံးများမှာ ချန်လော့ကို ကြည့်ကာ အူကြောင်ကြောင် ဖြစ်နေ၏။
ဘေးတွင် ရှိနေသော မူရှာရှာမှာလည်း ဦးနှောက်ကို တစ်ခုခုဖြင့် ထုရိုက်ခံလိုက်ရသလိုပင် ခဏတာ ဗလာကျင်းသွားသည်။ ချင်မူ တစ်ယောက်သာ ဘာမှမသိသလို တည်ငြိမ်နေဆဲ ဖြစ်၏။
ထိုအခါမှ ကျောက်မန် သတိဝင်လာပြီး ငုံ့ကြည့်လိုက်ရာ ချန်လော့၏ လက်ကလေးမှာ သူမ၏ သိုလှောင်အိတ်ဆီသို့ အလွန် မယဉ်ကျေးသော ပုံစံဖြင့် လှမ်းကိုင်နေသည်ကို တွေ့လိုက်ရသည်။ ကျောက်မန်၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားပြီး—
"လက်ကို ဖယ်လိုက်စမ်း"
ချန်လော့မှာ ကျောက်မန်၏ အေးစက်သော အမူအရာအတွက် အံ့သြမသွားပေ။
"ရှောင်မန်... ငါတို့အားလုံး သေကြတော့မှာပဲ။ ဒီရတနာတွေကို နင် ဘာလို့ ဖက်တွယ်နေသေးတာလဲ"
"နင်က နည်းနည်းလောက် ရက်ရောပေးပြီး ငါ့ရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးလို့ မရဘူးလား"
"ငါနဲ့ သိုလှောင်အိတ်ကလေးက ချစ်သူတွေပဲ"
"ကျေးဇူးပြုပြီး ငါတို့နှစ်ယောက်ကို မခွဲပါနဲ့"
ထိုစကားကို ကြားလိုက်ရသည်နှင့် ကျောက်မန်မှာ အံကြိတ်ကာ ချန်လော့ကို ပစ်ကန်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
သို့သော် သူမသည် ချန်လော့ကို မယှဉ်နိုင်ကြောင်း သိသဖြင့် သူ့ကို စိုက်ကြည့်ကာ အစာအိမ်နံရံမှ လက်နက်ကို ဖြုတ်ပြီး ချန်လော့နှင့် ဝေးရာသို့ ပြောင်းရွှေ့သွားတော့သည်။
ကျောက်မန်ကို လှည့်စား၍ မရသဖြင့် ချန်လော့ သက်ပြင်းချလိုက်သည်။ သို့သော် သူ အရှုံးမပေးဘဲ မူရှာရှာဘက်သို့ လှည့်လိုက်ပြန်၏။
"ရှာရှာ... တကယ်တော့လေ..."
"သွားစမ်းပါ"
မူရှာရှာက ဟန့်တားလိုက်ပြီး ချန်လော့ကို ကျောခိုင်းလိုက်တော့သည်။
ချန်လော့သည် ချင်မူဘက်သို့ ဆက်လက် လှည့်ကြည့်ပြန်သော်လည်း ချင်မူကလည်း စကားတစ်ခွန်းမှ မပြောဘဲ ကျောခိုင်းသွားပြန်သည်။ ဤမြင်ကွင်းကြောင့် ချန်လော့မှာ သူ၏ ရင်ဘတ်ကို ထုကာ ခြေဆောင့်ရင်း အသည်းအသန် ဝမ်းနည်းပြနေတော့၏။
"မင်းတို့အားလုံးက သေခါနီးနေတာတောင် ပိုက်ဆံကို ဒီလောက် တွန့်တိုနေကြတာလား"
"ငါသေသွားရင် ဒါတွေက ဘာမှ သုံးစားလို့ မရတော့ဘူးလေ။ ငါ့ရဲ့ ဆန္ဒလေးတစ်ခုကို ဘာလို့ မဖြည့်ဆည်းပေးနိုင်ကြတာလဲ"
အမှန်စင်စစ် ချန်လော့သာ လိုချင်ပါက ချင်မူမှလွဲ၍ ကျန်သူများ၏ အိတ်ကို အင်အားသုံး၍ လုယူနိုင်ပေသည်။
သို့သော် ထိုသို့လုပ်ခြင်းမှာ ကျောက်မန်၊ မူရှာရှာ နှင့် ယန်ချုံထျန်းတို့ကို တစ်ဖက်တည်း ရောက်သွားစေမည့် စွန့်စားမှုမျိုး ဖြစ်နေသဖြင့် သူ မလုပ်ခဲ့ခြင်း ဖြစ်၏။
"ငါနဲ့ သူတို့က ကံပါမလာဘူး ထင်ပါရဲ့"
ချန်လော့တစ်ယောက် ထိုသို့ပြောရင်း ကျောက်မန်၏ သိုလှောင်အိတ်ရှိရာ နေရာကို နှမြောတသသော အကြည့်ဖြင့် ကြည့်နေမိတော့သည်။
အခန်း (၁၆၂) စကားသုံးခွန်းပြောတိုင်း "ပုန်း" ဖို့က မပါမဖြစ်
လောက်ကောင်ကြီး၏ အစာအိမ်ထဲတွင် မည်မျှကြာအောင် နေခဲ့ရသည်မသိ၊ ချန်လော့နှင့် အခြားသူများသည် လောက်ကောင်၏ အူလမ်းကြောင်းအောက်ပိုင်းမှ ညှစ်ထုတ်သည့်အား တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
၎င်းကို မြင်သည်နှင့် သူတို့သည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး အူလမ်းကြောင်း အဆုံးသတ်ဆီသို့ အပြေးအလွှား သွားကြတော့သည်။ ပထမဆုံး ရှေ့တန်းမှ ထွက်ခွာမည့်သူမှာ သတိမေ့နေဆဲဖြစ်သော ယန်ချုံထျန်း ပင် ဖြစ်၏။
သူ့နောက်တွင် ကျောက်မန်၊ ထို့နောက် မူရှာရှာ၊ ထို့နောက် ချင်မူ နှင့် နောက်ဆုံးမှ ချန်လော့ တို့ အစဉ်လိုက် ရှိနေကြသည်။
ဤသည်မှာ ချန်လော့ စီစဉ်ထားသော အစီအစဉ်ဖြစ်ပြီး သူကတော့ "နောက်တန်းကနေ ကာကွယ်ပေးမယ်" ဟု အလှဆင်ကာ ပြောဆိုခဲ့သည်။
သို့သော် လက်တွေ့တွင်မူ သူသည် ရှေ့ကလူလေးယောက်၏ ခန္ဓာကိုယ်ကို အသုံးချ၍ အူလမ်းကြောင်းအတွင်းရှိ "အညစ်အကြေး" များကို ရှင်းလင်းစေလိုခြင်းသာ ဖြစ်သည်။ ထိုမှသာ သူ ထွက်လာသည့်အခါ အဝတ်အစားများ ပေပွသွားတော့မည် မဟုတ်ပေ။
အထဲမဝင်မီကပင် ချန်လော့သည် သူ၏ ကိုယ်ပေါ်တွင် ပထမအဆင့်ရှိ သန့်စင်ခြင်းအစီအရင် အများအပြားကို ပြုလုပ်ထားပြီး ဖြစ်သဖြင့် ထိုအရာများနှင့် မထိတွေ့မိအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့လေ၏။
ထို့နောက်တွင်တော့ အဖွဲ့သားအားလုံးသည် အူလမ်းကြောင်းအတွင်း၌ "လျှောစီးခရီးစဉ်ကြီး” ကို စတင်ခဲ့ကြတော့သည်။
လောက်ကောင်ကြီးမှာ အလွန်ပင် ကြီးမားလှသဖြင့် အူလမ်းကြောင်းအဆုံးမှ အလင်းရောင်ဖျော့ဖျော့ကို မြင်ရရန် သုံးမိနစ်၊ လေးမိနစ်ခန့် အချိန်ယူခဲ့ရသည်။
"ဗြစ်~"
အသံတစ်ခုနှင့်အတူ ယန်ချုံထျန်း၏ ခန္ဓာကိုယ်မှာ လူသားအမြောက်ဆန်သဖွယ် အပြင်သို့ လွင့်ထွက်သွားတော့သည်။ လူများမှာ တစ်ဦးပြီးတစ်ဦး ထွက်လာကြရာ တစ်မိနစ်ပင် မပြည့်မီ အားလုံး အပြင်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
ချန်လော့မှလွဲ၍ ကျန်သူများအားလုံးမှာ မသန့်ရှင်းသော အနံ့အသက်များနှင့် စွဲကျန်နေခဲ့၏။ ကံကောင်းသည်မှာ ၎င်းမှာ ကြီးမားသော ပြဿနာမဟုတ်ဘဲ သာမန် သန့်စင်ရေး နည်းလမ်းလေးဖြင့်ပင် ဖြေရှင်းနိုင်ခဲ့သည်။
ယန်ချုံထျန်းမှာမူ သတိမေ့နေဆဲ ဖြစ်သဖြင့် မည်သူမျှ သူ့ကို အနံ့အသက် ရှင်းမပေးလိုကြဘဲ ဘေးသို့သာ ပစ်ထားလိုက်ကြတော့သည်။
"အခု ဘာဆက်လုပ်ကြမလဲ"
ကျောက်မန်သည် ခန္ဓာကိုယ်ကို သန့်စင်ပြီးနောက် ချန်လော့နှင့် အခြားသူများကို ကြည့်ကာ မေးလိုက်သည်။ သူတို့ ရောက်နေသော နေရာမှာ မှောင်အတိကျနေပြီး ပုပ်စော်နံသော အနံ့အသက်များဖြင့် လွှမ်းမိုးနေ၏။
ကြည့်ရသည်မှာ သူတို့သည် လောက်ကောင်ကြီး၏ လိုဏ်ဂူထဲသို့ ရောက်နေခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ကျောက်မန် ဖတ်ခဲ့သော ရှေးဟောင်းစာအုပ်မှာ တိကျပါက ဤနေရာသည် ကန္တာရမြေပြင်အောက် မီတာတစ်ထောင်ခန့်တွင် ရှိနေပေမည်။
ထိုမျှလောက် နက်ရှိုင်းသော နေရာမှ လွတ်မြောက်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ချေ။
ထိုစဉ် ချန်လော့သည် ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ခေတ္တစဉ်းစားနေမိသည်။
အကယ်၍ သူ တကယ် ပြန်မထွက်နိုင်တော့ပါက လော့ချင်းယွီလာကယ်မည်မှာ သေချာသော်လည်း၊ မိမိကိုယ်ကို ကယ်တင်နိုင်မည့် အခွင့်အရေးကိုတော့ လက်မလွှတ်သင့်ပေ။
သူတစ်ပါး အားကိုးသည်ထက် ကိုယ့်အားကိုယ်ကိုးခြင်းက အမြဲတမ်း ပိုကောင်းသည် မဟုတ်လော။အကယ်၍ လော့ချင်းယွီက အကြောင်းအမျိုးမျိုးကြောင့် လာမကယ်နိုင်ပါက သူသာ အကြီးအကျယ် နစ်နာပေလိမ့်မည်။
ချန်လော့သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ လိုဏ်ဂူထဲတွင် မှောင်နေသော်လည်း သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သာမန်လူထက် သာလွန်သော အမြင်အာရုံ ရှိသည်။ အလင်းရောင် မရှိလျှင်ပင် အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရ၏။
သူတို့ ခေါင်းပေါ်တွင် ကျောက်တုံး အချွန်အတက်များ ရှိနေသည်။ ၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေပင်။ အကယ်၍ သဲများသာ ဖြစ်နေပါက လိုဏ်ဂူမှာ ပြိုကျပြီး မြေမြုပ်သွားပေလိမ့်မည်။
"အကွာအဝေး မီတာတစ်ထောင်.."
ဤအကွာအဝေးမှာ တကယ်ပင် ခေါင်းခဲစရာ ကောင်းလှသည်။ ချန်လော့တွင် သဲထဲ၌ လမ်းလျှောက်နိုင်သော မြေလျှိုးအတတ် ရှိသော်လည်း သို့သော် ချီသန့်စင်ခြင်း အဆင့်ရှိ မန္တန်တစ်ခုသာ ဖြစ်သည်။
ဤမန္တန်ဖြင့် မီတာတစ်ထောင်ခန့် သွားနိုင်သည်ဆိုသော်လည်း ၎င်းမှာ ဘေးတိုက် အကွာအဝေးကို ဆိုလိုခြင်း ဖြစ်၏။ ယခုကဲ့သို့ မြေအောက် မီတာတစ်ထောင်၏ ဖိအားနှင့် အပေါ်သို့ ဒေါင်လိုက် တက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ယခု ချန်လော့တွင် မိမိကိုယ်ကို ကယ်တင်နိုင်မည့် နည်းလမ်း နှစ်ခုရှိသည်။
ပထမနည်းမှာ စနစ်ကို သုံး၍ ဖောက်ထွက်ခြင်း ဖြစ်သည်။
ချန်လော့တွင် စနစ်ရှိသလို၊ သိုလှောင်အိတ်ထဲတွင်လည်း ဝိညာဉ်ကျောက်တုံးနှင့် သယံဇာတများ အလုံအလောက် ရှိသည်။ အကယ်၍ မလွဲသာပါက စနစ်ကို သုံး၍ ရွှေမြုတေအဆင့် သို့ အတင်းအကြပ် ဖောက်ထွက်လိုက်ရုံသာ ရှိသည်။
ထိုအဆင့်ရောက်လျှင် သူသည် ပျံသန်းနိုင်မည်ဖြစ်ရာ ဤနေရာမှ ထွက်ခွာရန် မခက်ခဲတော့ပေ။ သို့သော် ဤနည်းလမ်းကို သူ မသုံးလိုချေ။ အကြောင်းမှာ သွေးကန္တာရ လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရန်မှာ ရွှေမြုတေအဆင့်အောက် ကျင့်ကြံသူများသာ ခွင့်ပြုသောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ အဆင့်ဖောက်ထွက်လိုက်ပါက ၊ လော့ချင်းယွီ၏ အစီအစဉ်များ ပျက်စီးသွားမည်ဖြစ်ကာ သူ့ကို လာသတ်ပစ်နိုင်သည်။ ထို့ပြင် သူ၏ အခြေခံမှာ ချီသန့်စင်ခြင်း အဆင့်ရှိ ရွှေမြုတေသာ ဖြစ်သွားနိုင်သဖြင့် နောင်တစ်ချိန် ကျင့်ကြံမှုအတွက် အဟန့်အတား ဖြစ်သွားနိုင်သည်။
ဒုတိယအချက်မှာ ပုန်းအောင်းရင်းဖြင့် အခြေအနေကို စောင့်ကြည့်ခြင်းသာ ဖြစ်သည်။
၎င်းမှာ လက်ရှိတွင် အကောင်းဆုံး နည်းလမ်း ဟု ဆိုရမည်။ ဤနေရာသည် လောက်ကောင်များ၏ အခြေစိုက်စခန်း ဖြစ်သဖြင့် သူတို့မှာ သားသတ်ရုံထဲ ရောက်နေသော သိုးငယ်များကဲ့သို့ပင်။
လောက်ကောင်များ မသိအောင် အတတ်နိုင်ဆုံး သတိထား ပုန်းအောင်းရင်း ဤနေရာ၏ မြေမျက်နှာသွင်ပြင်နှင့် အခြေအနေများကို လေ့လာရပေလိမ့်မည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ချန်လော့သည် ကျောက်မန်နှင့် အခြားသူများကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် ငါတို့ရဲ့ အခြေခံ စစ်ဗျူဟာကို ငါ ရှင်းပြမယ်"
အားလုံးက ချန်လော့တွင် ထူးခြားသည့် အစီအစဉ် ရှိမည်ဟု ထင်မှတ်ကာ စိတ်ဝင်တစားဖြင့် ဝိုင်းအုံလာကြသည်။ ချန်လော့က အလေးအနက်ထား၍ ပြောလိုက်သည်မှာ—
"ပထမအချက်... ငါတို့ ပုန်း နေရမယ်၊ သူတို့ ငါတို့ကို မတွေ့သွားစေနဲ့"
"ဒုတိယအချက်... ငါတို့ ငြိမ် နေရမယ်၊ ပြီးတော့ ပတ်ဝန်းကျင်က သတင်းအချက်အလက်တွေကို သေချာ စုဆောင်းရမယ်"
"နောက်ဆုံးအချက်... ငါတို့ သည်းခံ ရမယ်။ တကယ်လို့ ထွက်သွားလို့ မရတော့ဘူးဆိုရင်လည်း ဒီမှာပဲ တစ်သက်လုံး သည်းခံပြီး နေသွားကြတာပေါ့"
ချန်လော့၏ စကားကို နားထောင်ပြီးနောက် ကျောက်မန်နှင့် မူရှာရှာတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဆွံ့အသွားကြတော့သည်။
ဒါပဲလား
ချန်လော့မှာ အကြံကောင်း ဉာဏ်ကောင်းတွေ ရှိမည်ဟု ထင်ထားခဲ့သော်လည်း နောက်ဆုံးမှာတော့ "ရှင်သန်ရေး"ဟူသော စကားလုံးတစ်လုံးထဲတွင်သာ အဆုံးသတ်သွားခြင်း ဖြစ်သည်။
‘ဒါများ ဘာမှပြောမနေတာကမှ ပိုကောင်းဦးမယ်...’
ဤနေရာသည် လောက်ကောင်ဂူ ဖြစ်သဖြင့် ပုန်းအောင်းနေရမည်ကို လူတိုင်း သိပြီးသား ဖြစ်သည်။
သို့သော် ဘေးတွင် ရပ်နေသော ချင်မူကမူ ချန်လော့၏ စကားကို နားထောင်ပြီး လေးနက်စွာ ခေါင်းညိတ်နေ၏။ သူသည် ချန်လော့၏ ဗျူဟာကို အလွန်သဘောကျနေပုံရသည်။
ချန်လော့သည် ချင်မူ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ "ဒီကလေးကတော့ သင်ပေးလို့ ရသားပဲ" ဟူသော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
သို့သော် သူ၏ စိတ်ထဲတွင်မူ။
တောက်... ဒီလို ငတုံးက ဘာလို့ ငါတို့ထဲမှာ အစွမ်းအထက်ဆုံး ဖြစ်နေရတာလဲ ဟု ကျိန်ဆဲနေလေ၏။