← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃) ဘယ်သူက ပိုသန်မာသလဲ

ယန်ချုံထျန်း သတိရလာပြီးနောက် ချန်လော့နှင့် အဖွဲ့သားများသည် လောက်ကောင်ဂူအတွင်းသို့ တဖြည်းဖြည်း စတင်စူးစမ်းကြတော့သည်။ လောက်ကောင်ဂူကြီးမှာ အလွန်ပင် ကျယ်ပြောလှပြီး သူတို့ဖြတ်သန်းသွားသော လိုဏ်ခေါင်းများမှာ မြေအောက်ရထားလမ်းများကဲ့သို့ ကျယ်ဝန်း၍ ဝိုင်းစက်နေ၏။ ၎င်းမှာ နတ်ဝိညာဉ်အဆင့်ရှိ လောက်ကောင်ကြီးများ မြေအောက်တွင် တိုးဝှေ့သွားရာမှ ဖြစ်ပေါ်လာသော လမ်းကြောင်းများ ဖြစ်ပေလိမ့်မည်။

"ငါတို့ ဘေးကင်းမယ့် နေရာတစ်ခုမှာပဲ ပုန်းနေရင် မကောင်းဘူးလား"

မူရှာရှာက မနေနိုင်ဘဲ ပြောလိုက်သည်။

ပတ်ဝန်းကျင်၏ ထူးဆန်းသော တိတ်ဆိတ်မှုက သူမကို စိတ်မသက်မသာ ဖြစ်စေ၏။

သို့သော် ချန်လော့က ခေါင်းခါလိုက်၏။

"ထိုင်စောင့်နေရုံနဲ့တော့ ဘာမှထူးလာမှာ မဟုတ်ဘူး အပြင်ထွက်ပြီး စုံစမ်းကြည့်တာကမှ ပိုကောင်းဦးမယ်"

"ဒါပေမဲ့ အပြင်ထွက်ရင် လောက်ကောင်တွေနဲ့ တိုးဖို့ အခွင့်အလမ်း ပိုများတာပေါ့"

မူရှာရှာက သူမ၏ အစိုးရိမ်ဆုံးအချက်ကို ထောက်ပြသည်။

ချန်လော့က ပုခုံးတွန့်ပြကာ။

"တစ်နေရာတည်းမှာ နေနေရုံနဲ့လည်း ဘာနဲ့မှ မတိုးဘူးလို့ အာမမခံနိုင်ဘူးလေ။ ဒီလောက်ကောင်တွေက သစ်တုံးတွေ မဟုတ်ဘူး သူတို့ အသက်ရှင်နေသရွေ့ ငါတို့ရှိတဲ့နေရာကို အချိန်မရွေး ရောက်လာနိုင်တာပဲ"

ထိုစကားကြောင့် မူရှာရှာ ဆက်မပြောတော့ပေ။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရှေ့ဆုံးမှ သွားနေသော ချန်လော့သည် တစ်စုံတစ်ခုကို မြင်လိုက်ရဟန်ဖြင့် ရုတ်တရက် ရပ်လိုက်၏။ အခြားသူများလည်း ချန်လော့၏ ရှေ့ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

မီတာတစ်ရာခန့်အကွာ လိုဏ်ခေါင်းအဆုံးတွင် အလင်းတန်းလေးတစ်ခုမှာ အံ့ဖွယ်ကောင်းလောက်အောင် ထိုးဖောက်ဝင်ရောက်နေသည်ကို တွေ့လိုက်ရ၏။

"အဲ့ဒါ... ထွက်ပေါက်လား" ကျောက်မန်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

ချန်လော့က ခေါင်းခါလိုက်ပြီးမှ ပြန်ညိတ်ပြကာ ဆိုလိုက်သည်။

"ထွက်ပေါက်တော့ ထွက်ပေါက်ပဲ၊ ဒါပေမဲ့ ဒီလိုဏ်ခေါင်းရဲ့ ထွက်ပေါက်ပဲ ဖြစ်လိမ့်မယ်။ ဟိုဘက်မှာ ဘာရှိလဲဆိုတာ ငါတို့ မသိသေးဘူး။ ငါတို့ ဒီမှာပဲ စောင့်နေမယ်၊ ချင်မူ... မင်း သွားကြည့်လိုက်ဦး"

သူ့နောက်တွင် ကပ်လိုက်လာသော ချင်မူမှာ ကြောင်သွားပြီး "ငါလား" ဟု သူ့ကိုယ်သူ ပြန်ညွှန်ပြကာ မေးလိုက်သည်။

"မင်းပဲပေါ့ ၊ ငါတို့ထဲမှာ မင်းက အသန်မာဆုံးပဲလေ တစ်ခုခုဆိုရင်လည်း မင်းက ငါတို့ထက် လွတ်အောင်ပြေးနိုင်တဲ့ အခွင့်အလမ်း ပိုများတယ်"

ချင်မူသည် သူ့ကို ဝိုင်းကြည့်နေကြသော အဖွဲ့သားများကို ကြည့်ကာ တွန့်ဆုတ်နေမိသည်။ အရင်ကဆိုလျှင် သူသည် မေးခွန်းထုတ်နေမည် မဟုတ်ဘဲ ချန်လော့ ခိုင်းသည်နှင့် ချက်ချင်း သွားပေလိမ့်မည်။ သို့သော် ယခုမူ မတူတော့ချေ။

ချန်လော့နောက်သို့ လိုက်ပါလာပြီး သူ၏ စကားနှင့် အပြုအမူများကို လေ့လာသင်ယူပြီးနောက်တွင် ချင်မူသည် သူကိုယ်သူ ပို၍ ပါးနပ်လာသည်ဟု ခံစားမိလာသည်။

သူသည် ခေတ္တရပ်ကာ စဉ်းစားလိုက်၏။

‘,ချန်လော့သာဆိုရင် ဘာလုပ်မလဲ’

ဘေးတွင် ရပ်နေသော ချန်လော့မှာ မျက်လုံးမှိတ်ကာ ငြိမ်နေသော ချင်မူကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဒီကောင် ဘာတွေ ကြံစည်နေပြန်ပြီလဲ"

သူသည် ချင်မူကို တွန်းရန် လက်လှမ်းလိုက်စဉ်မှာပင် ချင်မူက မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်မှာ ချန်လော့ထံသို့ ရောက်ရှိသွားသဖြင့် ချန်လော့မှာ လန့်ဖျပ်သွား၏။

"မင်း ဘာ... ဘာလုပ်မလို့လဲ"

ချင်မူက အလေးအနက်ထား၍ ပြောလိုက်သည်မှာ။

"တကယ်တော့... မင်းက ငါ့ထက် ပိုတော်တယ်လို့ ငါ အမြဲ ခံစားမိတယ်"

ချန်လော့မှာ မှင်သက်သွားတော့သည်။ သူ၏ ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတပေါင်းများစွာ ပေါ်ထွက်လာ၏။ တစ်ဖက်မှာလည်း ယန်ချုံထျန်းနှင့် ကျန်သူများမှာ ရယ်ချင်စိတ်ကို အောင့်ထားကြရသည်။

"တောက် သွားဆိုရင် သွားလိုက်စမ်းပါ အပိုတွေ ပြောမနေနဲ့"

ချန်လော့ မအောင့်နိုင်တော့ဘဲ ချင်မူ၏ ဖင်ကို အားဖြင့် တစ်ချက် ကန်လိုက်တော့သည်။ ချင်မူ၏ ကျင့်ကြံမှုအဆင့်မှာ သူ့ထက် မြင့်ကောင်းမြင့်သော်လည်း သို့သော် ဤသကောင့်သား၏ အပြုအမူမှာ တကယ့်ကို အမြင်ကတ်စရာ ကောင်းလှသည်။

ချင်မူသည် အရိုက်ခံရသော ဖင်ကို ပွတ်လိုက်သော်လည်း လုံးဝ မလှုပ်ရှားပေ။

"အသန်မာဆုံးလူက သွားရမယ်ဆို၊ ငါက မင်း ပိုသန်မာတယ်လို့ ဝန်ခံလိုက်ပြီလေ၊ ဘာလို့ ငါ့ကိုပဲ ခိုင်းနေတာလဲ"

ချင်မူ၏ ပွင့်လင်းလှသော "ပရိယာယ်" ကြောင့် ချန်လော့ မှာ စကားမဲ့သွားလေ၏။ သူသည် ချင်မူကို ထပ်မံ ဆူပူရန် ပြင်လိုက်သော်လည်း ဤသကောင့်သား၏ ဦးနှောက်မှာ ပုံမှန်မဟုတ်ကြောင်း သတိရသွားသဖြင့် လက်လျှော့လိုက်သည်။ ခဏစဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။

"ကောင်းပြီ၊ ငါက ပိုသန်မာတယ်၊ ဒါကြောင့် အားလုံးကို ကာကွယ်ဖို့ ငါ ဒီမှာပဲ နေခဲ့မယ်"

"အခု သွားလို့ ရပြီလား"

ချင်မူ၏ မျက်နှာမှာ အံ့အားသင့်သွားပြီး ချန်လော့ကို မယုံနိုင်သလို ကြည့်လိုက်သည်။ သူ၏ အမူအရာမှာ "ဒီလိုလည်း ရတာလား" ဟု ပြောနေသကဲ့သို့ပင်။ ချန်လော့က သူ့ကို လှပစွာ ပြန်ချေပလိုက်သော်လည်း ချင်မူက မလှုပ်သေးချေ။

"ဘာစောင့်နေတာလဲ" ချန်လော့က အားကိုးရာမဲ့စွာ မေးလိုက်သည်။

"မင်းကို ဘယ်လို ပြန်ချေပရမလဲဆိုတာ ငါ စဉ်းစားနေတာ"

ချင်မူက ပြန်ပြော၏။

ချန်လော့မှာ သွေးတတ်နေလေ၏။

"မဖြစ်တော့ဘူး၊ နောက်ဆို ဒီကောင်နဲ့ အတူနေတဲ့ အချိန်ကို လျှော့မှ ဖြစ်တော့မယ် မဟုတ်ရင် ငါ့ရဲ့ တာအိုစိတ်နှလုံးသားလေး ပျက်စီးသွားလိမ့်မယ်"

သူသည် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ချန်လော့သည် ချင်မူနှင့် အချိန်ဖြုန်းမနေတော့ဘဲ ယန်ချုံထျန်းဘက်သို့ လှည့်လိုက်၏။

"မင်း... ရှေ့ကနေ သွားစုံစမ်းချေ"

ယန်ချုံထျန်းက ချက်ချင်း ခေါင်းခါလိုက်သည်။

"ငါ့ရဲ့ အစွမ်းက..."

"ဖြန်း"

ယန်ချုံထျန်း စကားမဆုံးမီမှာပင် ချန်လော့က သူ၏ ပါးကို အားဖြင့် ရိုက်ချလိုက်သည်။ ယန်ချုံထျန်းမှာ ခဏတာ မှင်သက်သွားပြီး ထို့နောက် ဒေါသထွက်သွားတော့သည်။

"ဘာလို့ ငါ့ကို ရိုက်တာလဲ"

"ဖြန်း"

နောက်ထပ် ပါးရိုက်သံတစ်ခု ထွက်ပေါ်လာပြန်ရာ ယန်ချုံထျန်း၏ ပါးနှစ်ဖက်လုံး နီရဲသွားတော့သည်။ သို့သော် ချန်လော့သည် ကျိုးကြောင်းဆင်ခြင်တတ်သူ တစ်ဦး ဖြစ်သည်။ သူသည် ယန်ချုံထျန်း၏ ပုခုံးကို ကိုင်ကာ နားဝင်အောင် ပြောပြလေသည်။

"မင်းက ငါ့ထက် သန်မာသလား"

ယန်ချုံထျန်းမှာ ကြောင်သွား၏။ ဝန်မခံချင်သော်လည်း အမှန်တရားဖြစ်သဖြင့် ခေါင်းခါပြလိုက်သည်။

"ဖြန်း"

နောက်ထပ် တစ်ချက်။

"စကားပြောစမ်း၊ မင်းက သန်မာလား"

"မင်းလောက် မသန်မာပါဘူး" ယန်ချုံထျန်းက ခေါင်းငုံ့ကာ ပြန်ဖြေရသည်။

ချန်လော့က ပြုံးလိုက်ပြီး—

"အာ့ဆို ဘာလို့ အပိုတွေ ပြောနေတာလဲ"

"အခုချက်ချင်း သွားစမ်း ရှေ့ကနေ သွားစုံစမ်းချေ"

ယန်ချုံထျန်းမှာ တစ်ခုခု ပြောချင်သော်လည်း ချန်လော့၏ လက်ဝါးကို ကြည့်ကာ အံကြိတ်ရင်း ရှေ့သို့ တစ်ယောက်တည်း လျှောက်သွားတော့သည်။ လမ်းလျှောက်ရင်း သူသည် တိုးတိုးလေး ရေရွတ်သွားလေ၏။

"မြစ်တစ်စင်းရဲ့ အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ အနောက်ဘက်မှာ အနှစ်သုံးဆယ်... လူငယ်တစ်ယောက်ရဲ့ အလားအလာကို ဘယ်တော့မှ လျှော့မတွက်နဲ့ “

ချန်လော့က ထိုစကားကို ကြားသော်လည်း ဂရုမစိုက်ပေ။

"လူငယ်ရဲ့ အလားအလာကို လျှော့မတွက်နဲ့ ဟုတ်လား မင်းသာ ငါ့စကား နားမထောင်ရင် အဲ့ဒီ အလားအလာ ကို ကျော်ပြီး ကွယ်လွန်သူကို ဂါရဝပြုခြင်း ဆိုတဲ့ အခန်းကို ငါ အမြန်ချပေးလိုက်မယ်"

ယန်ချုံထျန်း ထွက်သွားပြီးနောက် အကြာကြီး စဉ်းစားနေသော ချင်မူသည် ချန်လော့ဘက်သို့ ရုတ်တရက် လျှောက်လာပြန်သည်။

"ငါသာ မင်းကို အနိုင်တိုက်နိုင်ရင် ငါက အသန်မာဆုံး ဖြစ်သွားမယ်၊ အဲ့ဒီအခါကျရင် ငါ သွားစရာ မလိုတော့ဘူး မဟုတ်လား"

ချင်မူ၏ နှုတ်ခမ်းထောင့်တွင် ယုံကြည်ချက်အပြည့်ရှိသော အပြုံးတစ်ခု ရှိနေသည်ကို ချန်လော့ တွေ့လိုက်ရသည်။ ချန်လော့သည် အစက သူ့ကို ဂရုမစိုက်ဘဲ ထွက်သွားရန် ပြင်လိုက်သော်လည်း၊ သူ အရင်က ကြားဖူးခဲ့သော စကားတစ်ခွန်းကို သတိရသွား၏။

‘အကယ်၍ မင်းက လူယုတ်မာ (ဒါမှမဟုတ် ငတုံး) တစ်ယောက်နဲ့ တွေ့ရင်... သူ့ကို မစော်ကားပါနဲ့၊ သူနဲ့ အငြင်းမပွားပါနဲ့၊ သူ့ကို လျစ်လျူမရှုပါနဲ့။ အဲ့ဒီအစား သူ့ကို အားပေးလိုက်ပါ။ နောက်ဆုံး သူ ဒုက္ခကြုံသွားတဲ့အထိပေါ့’

ချန်လော့သည် ပြုံးလိုက်ကာ ချင်မူ၏ ပုခုံးနှစ်ဖက်ကို အားဖြင့် ဖိကိုင်လိုက်ပြီး။

"မင်းက တကယ်ကို ပါးနပ်တာပဲ ငါ့တစ်သက်မှာ မင်းလောက် ပါးနပ်တဲ့လူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး"

"မင်းက တကယ့်ကို ထက်မြက်တဲ့ ပါရမီရှင်ကြီးပဲ"

ထိုစကားကြောင့် ချင်မူ၏ အပြုံးမှာ ပို၍ တောက်ပသွားတော့သည်။

အခန်း (၁၆၄) သေချာပေါက် ယူရမယ်

ဆယ်မိနစ်ခန့်အကြာတွင် ယန်ချုံထျန်းသည် လိုဏ်ခေါင်းထွက်ပေါက်မှ ခြေဖွဖွနင်းကာ ပြန်ရောက်လာသည်။

"ဘယ်လိုနေလဲ" ချန်လော့က ယန်ချုံထျန်းကို ကြည့်ကာ မေးလိုက်၏။

ယန်ချုံထျန်းက အမှန်အတိုင်း မဖြေချင်သော်လည်း ချန်လော့၏ လက်ဝါးမှာ လေထဲတွင် တစ်ဝက်ခန့် ရောက်နေသည်ကို မြင်သောအခါ မနေသာတော့ဘဲ ပြောပြလိုက်ရသည်။

"ဟိုဘက်မှာ လောက်ကောင် အတော်များများ ရှိတယ်။ အိပ်နေကြပုံပဲ၊ ဒါပေမဲ့ ငါလည်း အနားကို သိပ်မကပ်ရဲလို့ သေချာတော့ မမြင်လိုက်ရဘူး"

ချန်လော့က ခေါင်းညိတ်လိုက်သည်။ ယန်ချုံထျန်း ယူလာသော သတင်းအချက်အလက်ကို ကျေနပ်ပုံရ၏။

"ဒါဆိုရင် အဲ့ဒီက ထွက်နေတဲ့ အလင်းရောင်ကရော ဘာလဲ" ချန်လော့က ဆက်မေးသည်။

"ကြည့်ရတာ ကောင်းကင်နှင့်မြေကြီး ရတနာ တစ်ခုခု ဖြစ်လိမ့်မယ် ဒါပေမဲ့ အဲ့ဒီအရာကို လောက်ကောင်တွေကြားထဲမှာ ဘာလို့ ထားထားတာလဲ ဆိုတာတော့ ငါလည်း မသိဘူး ၊ အနားသွားကြည့်ဖို့လည်း မဝံ့ရဲဘူးလေ"

"ကောင်းကင်နှင့်မြေကြီး ရတနာ" ဟူသော စကားကို ကြားလိုက်ရသည်နှင့် ချန်လော့၏ မျက်လုံးများ ဝင်းလက်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

"ဒါဆိုရင် ငါတို့ တခြားလမ်းကနေ သွားရအောင်" ကျောက်မန်က အကြံပြုလိုက်၏။

လောက်ကောင်ဂူများသည် လိုဏ်ခေါင်းပေါင်းများစွာဖြင့် ကွန်ရက်သဖွယ် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ အကယ်၍ ဤလမ်းသည် လောက်ကောင်များ အိပ်စက်ရာနေရာသို့ ဦးတည်နေပါက တခြားလမ်းကို ရွေးချယ်ခြင်းက ပို၍ ဘေးကင်းပေလိမ့်မည်။

သို့သော် ချန်လော့က ချက်ချင်း ငြင်းဆိုလိုက်သည်။

"မရဘူး"

အားလုံးမှာ အံ့အားသင့်သွားပြီး ချန်လော့ကို နားမလည်နိုင်သလို ကြည့်လိုက်ကြသည်။

"ငါ့အထင်တော့ ငါတို့ အထဲဝင်ပြီး သွားကြည့်သင့်တယ်"

"ဘာဖြစ်လို့လဲ" ကျောက်မန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက..."

ချန်လော့သည် ရတနာကို လိုချင်လွန်း၍ဟု ပြောချင်သော်လည်း၊ ထိုသို့ပြောလျှင် ကျောက်မန်တို့ လိုက်လာမည်မဟုတ်ကြောင်း ရိပ်မိသွားသဖြင့် ချောင်းတစ်ချက်ဟန့်ကာ လေသံပြောင်းလိုက်သည်။

"ရှေးလူကြီးတွေ ပြောဖူးတာ ရှိတယ်၊ အန္တရာယ် အရှိဆုံးနေရာက အဘေးကင်းဆုံး နေရာပဲတဲ့ လောက်ကောင်တွေ အဲ့ဒီမှာ အုပ်စုလိုက် စုပြီး နားနေကြတယ်ဆိုကတည်းက အဲ့ဒီနေရာမှာ တစ်ခုခု ထူးခြားတာ ရှိရမယ်"

"မြေပြင်ပေါ်ကို တက်လို့ရတဲ့ လမ်းကြောင်းရှိရင်လည်း ရှိနေနိုင်တယ် ဒါကြောင့် ငါတို့ သေချာ သွားကြည့်ဖို့ လိုအပ်တယ်"

ချန်လော့၏ စကားမှာ တကယ့်ကို အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်သည်။ ကျောက်မန်၊ မူရှာရှာ နှင့် ယန်ချုံထျန်းတို့က ၎င်းကို ရိပ်မိကြသော်လည်း ချင်မူ ကမူ မရိပ်မိပေ။ သူသည် ချန်လော့၏ စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

ချင်မူ ခေါင်းညိတ်သည်ကို မြင်သောအခါ ချန်လော့ က ပြုံးလိုက်သည်။ အဖွဲ့ထဲတွင် သူ အစိုးရိမ်ဆုံးမှာ ကျင့်ကြံမှု အမြင့်ဆုံးဖြစ်သော ချင်မူပင်။ ချင်မူက သဘောတူလျှင် ကျန်သူသုံးယောက်ကို အင်အားသုံး၍ ခေါ်သွားရန်မှာ မခက်ခဲတော့ပေ။ ၎င်းကို ချန်လော့က "သံတမန်ရေးရာ အတတ်ပညာ" ဟု သတ်မှတ်ထားသည်။

တဖက်လူက အားသာနေချိန်တွင် ဥပဒေ၊ ကိုယ်ကျင့်တရားနှင့် စံနှုန်းများအကြောင်း ပြောပြီး၊ တဖက်လူသည် အားနည်းသူဖြစ်ပါက ထိုးကြိတ်ပြီး ခိုင်းရုံသာ ရှိသည်။

သို့သော် ယန်ချုံထျန်းကတော့ အရှုံးမပေးဘဲ ပြန်အော်လိုက်သည်။

"ငါ ဟိုဘက်ကို သေချာ စုံစမ်းခဲ့ပြီးပြီ။ မြေပြင်ကို တက်တဲ့လမ်း လုံးဝ မရှိနိုင်ဘူး"

ချန်လော့၏ မျက်နှာပေးမှာ ပြောင်းလဲသွားသည်။

"မင်းက သေချာ မရှာခဲ့လို့ ဖြစ်မှာပါ။ ငါကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်"

သူသည် ယန်ချုံထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

သို့သော် ယန်ချုံထျန်းက အခြေအနေကို မရိပ်မိဘဲ ဆက်၍ ငြင်းဆန်နေဆဲပင်။

"ဒါပေမဲ့..."

"ဘုန်း"

ချန်လော့သည် အခွင့်အရေး မပေးတော့ပေ။ ယန်ချုံထျန်း စကားတစ်ခွန်းပင် မစရသေးမီ ၊ ချန်လော့၏ လက်သီးက သူ၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး ယန်ချုံထျန်းမှာ မေ့လဲသွားတော့သည်။

"ငါ မင်းကို အခွင့်အရေး ပေးခဲ့သားပဲ"

ထို့နောက် သူက မူရှာရှာနှင့် ကျောက်မန်ဘက်သို့ လှည့်ကြည့်ကာ ၊

"ဒါဆို မင်းတို့နှစ်ယောက်ရော ဘာကန့်ကွက်စရာ ရှိသေးလဲ"

၎င်းကို မြင်လိုက်ရသောအခါ အမျိုးသမီး နှစ်ဦးမှာ ချက်ချင်း ခေါင်းခါလိုက်ကြသည်။

"မရှိပါဘူး၊ ငါတို့ နင့်ရဲ့ အမြင်ကို အပြည့်အဝ ထောက်ခံပါတယ်" ကျောက်မန်က ချက်ချင်း ပြန်ဖြေသည်။

"ဟုတ်တယ်၊ လောက်ကောင်တွေ အများကြီး ရှိနေတာဆိုတော့ တစ်ခုခုတော့ မှားနေတာ သေချာတယ်"

မူရှာရှာကပါ ဖြည့်စွက်ပြောလိုက်၏။

ချန်လော့က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဘေးတွင် ရှိနေသော ချင်မူမှာလည်း ၎င်းကို ကြည့်ကာ အထင်ကြီးသွားတော့သည်။

‘ ချန်လော့က တကယ့်ကို အံ့သြစရာပဲ၊ စကားအနည်းငယ်နဲ့တင် အားလုံးကို အလွယ်တကူ နားချနိုင်တာပဲ

ငါ သင်ယူရဦးမယ့် အရာတွေ အများကြီး ရှိသေးတာပဲ’

မေ့လဲနေသော ယန်ချုံထျန်းကို မူရှာရှာထံ အပ်နှံပြီးနောက် သူတို့သည် အလင်းရောင်ရှိရာသို့ ဦးတည်သွားကြသည်။ မိနစ်အနည်းငယ်အကြာတွင် သူတို့သည် လိုဏ်ခေါင်းမှ ထွက်လာပြီး ဧရာမ ဝိုင်းစက်သော ကျောက်ခန်းမကြီးထဲသို့ ရောက်ရှိသွားကြ၏။

ထိုနေရာတွင် ၅ မီတာ၊ ၆ မီတာခန့် ရှည်လျားသော လောက်ကောင်ငယ်ပေါင်း ၅၀၊ ၆၀ ခန့်မှာ တစ်ကောင်နှင့်တစ်ကောင် ကပ်လျက် အိပ်ပျော်နေကြသည်ကို မြင်လိုက်ရသည်။ အခြားသူများနှင့်မတူဘဲ ချန်လော့၏ အကြည့်မှာ လောက်ကောင်အုပ်စု၏ အလယ်တွင်ရှိသော ၆ မီတာခန့် မြင့်သည့် ကျောက်တိုင်ငယ်ပေါ်မှ ရတနာ ထံသို့ ကျရောက်သွားသည်။

၎င်းမှာ ကြည်လင်တောက်ပနေပြီး နူးညံ့သော အဖြူရောင်အလင်းတန်းများ ဖြာထွက်နေသည့် လုံးဝန်းသော ကျောက်မျက်ရတနာ တစ်ခုပင်။ ထိုအလင်းနှင့် ထိတွေ့လိုက်ရုံဖြင့် ချန်လော့မှာ စိတ်ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။

"ဒါ တကယ့် ပစ္စည်းကောင်းပဲ သေချာပေါက် ယူရမယ်”

ချန်လော့သည် ရတနာအနီးအနားကို အကဲခတ်ရင်းမှ လောက်ကောင်ငယ်များကိုပါ သတိပြုမိသွားသည်။

"ဘာလို့ လောက်ကောင်လေးတွေ ဒီလောက်တောင် များနေရတာလဲ"

ကျောက်မန်နှင့် မူရှာရှာတို့မှာ ချန်လော့ကို မဲ့ရှုံ့ကာ ကြည့်လိုက်ကြသည်။

‘အခုမှပဲ လောက်ကောင်တွေကို သတိထားမိတာလား’

"ဒါတွေက အကောင်ငယ်တွေပဲ၊ သူတို့ရဲ့ သားပေါက်တွေ ဖြစ်မှာပေါ့" ကျောက်မန်က ပြောလိုက်သည်။

"၅၀၊ ၆၀ လောက်တောင် ရှိတာပဲ နောက်ဆယ်နှစ်လောက်ဆိုရင် ဒီသွေးကန္တာရက အခုထက် ပိုပြီး အန္တရာယ်များလာတော့မှာပဲ"

မူရှာရှာက မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။

ချန်လော့ကတော့ သူမတို့၏စကားကို ဂရုမစိုက်ဘဲ သူ၏ သိုလှောင်အိတ်ထဲမှ အဆိပ်ပုလင်း ပေါင်းများစွာကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ ၎င်းကို မြင်သောအခါ ကျောက်မန်ပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိ၏။

သူမတွင် အဆိပ်တစ်သောင်းခန္ဓာ ရှိသော်လည်း အဆိပ်အားလုံးကို ခုခံနိုင်သည် မဟုတ်ပေ။

ချန်လော့၏ အဆိပ်ဖော်စပ်မှု စွမ်းရည်မှာ ကျော်ကြားလှသည်။ သူသည် အဆိပ်မျိုးစုံကို ရောနှောတတ်သဖြင့် အဆိပ်‌ေတာင်ထွတ်မှ တပည့်များ အဆိပ်သင့်စဉ်က အကြီးအကဲများပင် ဖြေဆေးဖော်ရန် တစ်နေ့လုံး အချိန်ယူခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ချန်လော့သည် ဂုဏ်သတ္တိချင်း ဆန့်ကျင်နေသော အဆိပ်များကိုပါ ရောစပ်ထားသဖြင့် ဖြေဆေးတစ်ခုက အဆိပ်တစ်ခုကို ပျယ်စေသော်လည်း အခြားအဆိပ်များနှင့် ဓာတ်ပြုကာ အဆိပ်အသစ်များ ထပ်မံ ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကူထျန်းရန်ကပင် သူမကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးသည်။

"ချန်လော့ အဆိပ်တွေ ထုတ်လာရင် သူ့နား မကပ်နဲ့ သူကိုယ်တိုင်တောင် ဘာတွေ ရောထားမှန်း သိမှာမဟုတ်ဘူး"

သို့သော် ယခုအခါ ချန်လော့သည် ဒုတိယအဆင့် အဆိပ်ဆရာ ဖြစ်နေပြီ ဖြစ်သဖြင့် အရင်ကကဲ့သို့ မဟုတ်တော့ဘဲ ဆေးပညာသဘောတရားကို ကောင်းစွာ နားလည်နေပြီ ဖြစ်သည်။ သူသည် ကျောက်မန်ကို ရှင်းပြမနေတော့ဘဲ ပုလင်းငယ်များကို ဖွင့်ကာ အဆိပ်အားလုံးကို တစ်ပြိုင်နက်တည်း လောင်းချလိုက်တော့သည်။

All Chapters