← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅) ဧကရာဇ်ကို ဓားစာခံလုပ်ပြီး လက်အောက်ငယ်သားများကို အမိန့်ပေးခြင်း

အဆိပ်ပုလင်းပေါင်းများစွာ ပွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် တစ်ဂူလုံးမှာ ဖြူဖွေးသောအဆိပ်မှုန့်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ သို့သော် ဤအဆိပ်မှုန့်များသည် အသက်အန္တရာယ်ကို မပေးနိုင်ဘဲ အိပ်မွေ့ချခြင်းနှင့် စိတ်ချောက်ခြားခြင်းတို့အတွက်သာ ရည်ရွယ်သည်။

ချန်လော့သည် ဤနေရာတွင် သေစေနိုင်သောအဆိပ်ကို မသုံးရဲပေ။ ယခင်က ကင်းမြီးကောက်ဂူထဲတွင် အဆိပ်သုံးခဲ့စဉ်က ကင်းမြီးကောက်များ ရုတ်တရက် ပြန်ရောက်လာခဲ့ဖူးသည်။ ၎င်းမှာ အကောင်ကြီးများနှင့် အကောင်ငယ်များကြားတွင် အထူးဆက်သွယ်မှုတစ်ခု ရှိနေသောကြောင့်ဖြစ်မည်ဟု သူ ယူဆထားသည်။

အကယ်၍ သူသာ အဆိပ်ပြင်းများဖြင့် လောက်ကောင်ပေါက်လေးတွေကို သတ်ပစ်လိုက်ပါက၊ လောက်ကောင်ကြီးများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

အဆိပ်မှုန့်များ ပျံ့နှံ့သွားပြီဖြစ်သဖြင့် ချန်လော့သည် အဆိပ်ကာကွယ်ဆေး တစ်လုံးကို မျိုချလိုက်ပြီး လောက်ကောင်များဆီသို့ တစ်ယောက်တည်း လျှောက်သွားတော့သည်။ ၎င်းကို မြင်သောအခါ ကျောက်မန်သည် နောက်ကနေ လိုက်သွားရန် ဟန်ပြင်လိုက်သော်လည်း "တော်ပြီ... သူ့နောက်လိုက်ရင်တော့ တစ်နေ့မဟုတ် တစ်နေ့ ကံဆိုးတော့မှာပဲ" ဟု တွေးကာ ကျန်ရစ်ခဲ့သည်။

စက္ကန့်အနည်းငယ်အကြာတွင် ချန်လော့သည် လောက်ကောင်ငယ်များကြားမှ ကျောက်တိုင်ထိပ်ရှိ ရတနာကျောက်မျက်ဆီသို့ ရောက်ရ်ှိသွားခဲ့သည်။ သူသည် ကျောက်တိုင်ပေါ်သို့ ခိုးကြောင်ခိုးဝှက်တက်ကာ ရတနာပေါ်သို့ လက်တင်လိုက်၏။ ထိုခဏမှာပင် နွေးထွေးသော စွမ်းအင်တစ်ခုက သူ၏ ကိုယ်လက်အင်္ဂါများနှင့် အရိုးအဆစ်များထဲသို့ စီးဝင်သွားပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

"ဒါ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးတဲ့ ရတနာလား"

ချန်လော့သည် စမ်းသပ်ကွင်းရှိ ရေပူစမ်းတွင် သူတွေ့ခဲ့သော ကျောက်တုံးကို သတိရသွားသည်။ ထိုကျောက်တုံးကြောင့် သူသည် သံအရိုး အဆင့်(၉)ကို အချိန်တိုအတွင်း ရောက်ခဲ့ခြင်းဖြစ်သည်။ ယခုရှေ့တွင်ရှိသော ပုလဲလုံးမှာ ထိုကျောက်တုံးထက် အဆပေါင်းများစွာ ပို၍ တန်ဖိုးရှိပုံရသည်။

(T/N- အချို့စာလုံးလေးတွေ အပြောင်းအလဲရှိမယ်နော် စာရေးသူပြောင်းသွားလို့)

"ဒီလို ရတနာမျိုးကို အလဟဿ အဖြစ်မခံနိုင်ဘူး"

သူသည် ထိုကျောက်မျက်ရတနာကို ဖြုတ်ယူကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထိုအခါ တစ်ဂူလုံး မှောင်အတိကျသွားသဖြင့် ချန်လော့သည် အလင်းပေးမန္တန်တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်ရ၏။ ၎င်းမှာ လမ်းကြည့်ရန်ထက်၊ အလင်းရောင် ရုတ်တရက် ပျောက်ကွယ်သွားပါက လောက်ကောင်ကြီးများ သံသယဝင်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သို့သော် ချန်လော့ မသိသည်မှာ လောက်ကောင်ကြီးများတွင် မျက်လုံးမရှိပေ။ သူတို့သည် မြေအောက်အမှောင်ထဲတွင် ကြာရှည်စွာနေထိုင်ခဲ့ကြသဖြင့် အမြင်အာရုံမှာ မလိုအပ်တော့ဘဲ ဦးနှောက်အတွင်းရှိ ရေဒါကဲ့သို့သော အင်္ဂါအသစ်တစ်ခုဖြင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုများကို အာရုံခံကြခြင်း ဖြစ်သည်။

ချန်လော့ ဖြုတ်ယူလိုက်သော ပုလဲလုံးမှာ ဤဂူအတွင်းရှိ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှု အကြီးမားဆုံး အမှတ်အသားဖြစ်ရာ၊ ၎င်း ပျောက်ကွယ်သွားသည်နှင့် တစ်ဂူလုံးရှိ လောက်ကောင်ကြီးများမှာ အိမ်ထဲတွင် ရုတ်တရက် မီးပြတ်သွားသကဲ့သို့ တောင့်ခဲသွားကြသည်။

စက္ကန့်အနည်းငယ်အကြာတွင် လောက်ကောင်အားလုံးသည် ချန်လော့တို့ရှိရာသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြတော့သည်။ ထိုအချိန်တွင် ချန်လော့မှာ ဘာဖြစ်နေမှန်း မသိသေးဘဲ ခုန်ပေါက်ရင်း ကျောက်မန်တို့အနားသို့ ပြန်ရောက်လာသည်။

"ငါ ခုနက စစ်ဆေးကြည့်ပြီးပြီ၊ အပေါ်တက်တဲ့လမ်း တကယ်မရှိဘူးဟ"

ကျောက်မန်က ချန်လော့ကို မျက်စောင်းထိုးလိုက်သည်။ သူသည် လမ်းသွားရှာခြင်းမဟုတ်ဘဲ ကျောက်မျက်ရတနာကို သွားယူခြင်းဖြစ်ကြောင်း သူမ သိနေသည်။ သူတို့ ပြန်ထွက်ရန် ပြင်လိုက်စဉ်မှာပင် တစ်ဂူလုံး တုန်ခါလာတော့သည်။

သူတို့အားလုံး ချက်ချင်းပင် အခြေအနေကို ရိပ်မိသွားပြီး ချန်လော့ကို ဒေါသတကြီး ကြည့်လိုက်ကြ၏။ ချန်လော့သည် "အသေကောင်က ရေနွေးပူမကြောက်" ဆိုသည့်အတိုင်း အံကြိတ်ကာပြောလိုက်သည်။

"ဒါ... ဒါ ယန်ချုံထျန်း ဝင်လာတုန်းက သဲလွန်စတစ်ခုခု ချန်ထားခဲ့လို့ ဖြစ်မှာ ယန်ချုံထျန်း... မင်းကတော့ တကယ့်ကို အကျင့်မကောင်းတဲ့ကောင်ပဲ"

"သူ့ကို ဒီမှာပဲ ထားခဲ့ပြီး ရန်သူကို အာရုံပြောင်းခိုင်းရင် ကောင်းမလား"

ချန်လော့၏ အရှက်မရှိမှုကို လူတိုင်း ဆွံ့အသွားကြသည်။ သို့သော် မြေပြင်တုန်ခါမှုများမှာ ပိုမိုပြင်းထန်လာပြီး လောက်ကောင်ကြီးများကလည်း အနားသို့ ကပ်လာနေပြီဖြစ်သည်။

"အခု ဘာလုပ်ကြမလဲ" ကျောက်မန်က မျက်မှောင်ကြုတ်ကာ မေးသည်။

အကယ်၍ အပြင်သို့ ထွက်လိုက်လျှင်လည်း လောက်ကောင်ကြီးများ၏ ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။ သူတို့၏ အင်အားဖြင့် ရွှေမြုတေအဆင့်ရှိ လောက်ကောင်အနည်းငယ်ကို သတ်နိုင်သော်လည်း ၊ နတ်ဝိညာဉ်အဆင့် ကိုတော့ မယှဉ်နိုင်ပေ။

ထိုစဉ် ချန်လော့၏ အကြည့်မှာ လောက်ကောင်ပေါက်လေးများဆီသို့ ကျရောက်သွားပြီး ပြုံးလိုက်၏။

"နင်မှာ အကြံရှိလို့လား" ကျောက်မန်က မေးသည်။

ချန်လော့က ပြုံးပြုံးလေးသာ ဆိုလိုက်သည်။

"ဒီနေ့တော့ ငါ ချန်အာမန်က ဧကရာဇ်ကို ဓားစာခံလုပ်ပြီး လက်အောက်ငယ်သားတွေကို အမိန့်ပေးရတော့မှာပဲ"

ပြောပြောဆိုဆိုနှင့် သူသည် လောက်ကောင်ပေါက်လေးများရှိရာသို့ ပြေးဝင်သွားသည်။ အခြားသူများလည်း ချန်လော့၏ ရည်ရွယ်ချက်ကို မသိသော်လည်း လိုက်သွားကြ၏။

ချန်လော့သည် သူ၏ မှော်လက်နက် ဓားဖြင့် လောက်ကောင်ပေါက်လေးများ၏ ဦးခေါင်းပေါ်တွင် ချိန်ရွယ်ထားလိုက်သည်ကို မြင်သောအခါ အားလုံး သဘောပေါက်သွားကြပြီး သူတို့၏ ကိုယ်ပိုင်လက်နက်ဖြင့် လောက်ကောင်ငယ်များကို ဓားစာခံအဖြစ် ချိန်ရွယ်ထားလိုက်ကြတော့သည်။

အခန်း (၁၆၆) နောက်ပြောင်နေတာပါ

ချန်လော့နှင့် အဖွဲ့သားများ နေရာယူပြီးပြီးချင်းမှာပင် ရွှေမြုတေအဆင့်ရှိ လောက်ကောင်တစ်ကောင်သည် အထဲသို့ ဒေါသတကြီး ပြေးဝင်လာသည်။ ၎င်း၏ အာရုံခံအင်္ဂါများမှာ အလုပ်လုပ်နေသဖြင့် သူ၏ ရှေ့တည့်တည့်တွင် ချန်လော့တို့ ရှိနေသည်ကို ချက်ချင်း သိလိုက်၏။

မူလက သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသော်လည်း၊ သူတို့၏ သားပေါက်လေးများကို ချန်လော့တို့က သတ်ဖြတ်တော့မည့်ဟန်ဖြင့် ဝိုင်းထားသည်ကို မြင်လိုက်ရသောအခါ လောက်ကောင်ကြီးမှာ တောင့်ခဲသွားတော့သည်။ မိမိအမျိုးအနွယ်ကို ကာကွယ်လိုသည့် ဗီဇအရ သူသည် ရှေ့သို့ တစ်လှမ်းပင် မတိုးရဲဘဲ ရပ်နေရုံသာ တတ်နိုင်တော့၏။

အစီအစဉ် အောင်မြင်သွားသည်ကို မြင်သော်လည်း ချန်လော့ က မျက်မှောင်ကြုတ်မိပြန်သည်။

"ကျောက်မန်... ဒီလောက်ကောင်တွေက လူစကား နားလည်ကြလား"

ကျောက်မန်မှာ ကြောင်သွားကာ ခေါင်းခါပြလိုက်သည်။

"မလည်ဘူး"

"ဒါဆို သူတို့နဲ့ ဆက်သွယ်လို့ရမယ့် နည်းလမ်းရှိလား"

ကျောက်မန် သည် ခေတ္တစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"သားရဲထိန်းကျောင်းသူတွေဆိုရင်တော့ သူတို့ရဲ့ အထူးနည်းလမ်းနဲ့ ဆက်သွယ်လို့ရမယ်လို့ ကြားဖူးတယ်၊ စကားလုံး တိတိကျကျ မဟုတ်ရင်တောင် ရိုးရှင်းတဲ့ အဓိပ္ပာယ်ကိုတော့ နားလည်အောင် လုပ်လို့ရတယ်"

"နင် လုပ်တတ်လား"

"မလုပ်တတ်ဘူး"

ချန်လော့မှာ အားကိုးရာမဲ့စွာ ပြုံးလိုက်မိတော့သည်။

ဧကရာဇ်ကို ဓားစာခံ လုပ်ထားနိုင်သည်မှာ မှန်သော်လည်း လောက်ကောင်စကားမှ မတတ်ထားချေ။ အကယ်၍ ဆက်သွယ်နိုင်ပါက သူတို့ကို မြေပြင်ပေါ်သို့ ပြန်ပို့ခိုင်းပြီးမှ ကလေးတွေကို လွှတ်ပေးမည်ဟု စျေးဆစ်၍ ရနိုင်သေးသည်။ ယခုမူ နှစ်ဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး အကဲခတ်ရင်း သည်းခံနိုင်စွမ်းကိုသာ အားပြိုင်နေရတော့သည်။

မကြာမီမှာပင် ရွှေမြုတေအဆင့် ရှိ လောက်ကောင် ခြောက်ကောင်၊ ခုနစ်ကောင်ခန့် ထပ်မံ ရောက်ရှိလာပြီး ကျောက်ခန်းမကြီးထဲတွင် ပြည့်လုနီးပါး ဖြစ်သွားသည်။ လိုဏ်ခေါင်းထဲတွင်လည်း လောက်ကောင်များစွာ ရှိနေသော်လည်း အထဲကို မတိုးရဲကြချေ။

ခဏအကြာတွင် ချန်လော့က မူရှာရှာကို ကြည့်ကာ ပြောလိုက်သည်။

"နင် ဟိုဘက်သွားပြီး သူတို့နဲ့ စကားသွားပြောကြည့်ပါလား"

"ဟင် သူတို့က လူစကား နားမလည်ဘူးဆို"

"တစ်ကောင်ကောင်က ထူးချွန်ပြီး နားလည်ရင် နားလည်မှာပေါ့"

"နားမလည်ရင်ကော"

"အဆိုးဆုံးကတော့ တစ်ချက်တည်းနဲ့ အကိုက်ခံရုံပဲရှိတာလေ... အဲ့ဒါ ဘာအရေးကြီးလို့လဲ"

မူရှာရှာမှာ ဆွံ့အသွားရသည်။

‘အကိုက်ခံရတာ ဘာမှမဖြစ်ဘူးတဲ့လား နင်ကိုယ်တိုင် သွားရမှာ မဟုတ်လို့ ပြောထွက်တာလေ’

သူမ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ချန်လော့က သူမကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း သိသဖြင့် ဘေးတွင် လဲနေသော ယန်ချုံထျန်းကို အကြည့်ပို့လိုက်သည်။

"စစ်သည်တစ်ထောင်ကို နှစ်ပေါင်းများစွာ မွေးမြူထားတာဟာ တစ်ခဏတာ အသုံးချဖို့ပဲ "

ထိုသို့ပြောပြီးသည်နှင့် သူမသည် မေ့လဲနေသော ယန်ချုံထျန်း၏ ပေါင်ကြားကို အားဖြင့် ကန်လိုက်တော့သည်။

ယန်ချုံထျန်းမှာ လန့်နိုးလာပြီး မျက်နှာကြီး ရှုံ့မဲ့ကာ နာကျင်စွာ အော်ဟစ်တော့သည်။ ချန်လော့နှင့် ချင်မူတို့ပင် ဘေးမှကြည့်ရင်း "ကျိန်း" သွားရ၏။

‘ဆန္ဒရမ္မက်မိစ္ဆာဂိုဏ်းက မိန်းမဆိုတော့လည်း ယောက်ျားတွေရဲ့ အားနည်းချက်ကို တကယ့်ကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်တတ်တာပဲ ‘ချန်လော့ တစ်ယောကိ စိတ်ထဲကနေ တွေးလိုက်သည်။

ယန်ချုံထျန်းသည် နာကျင်လွန်းသဖြင့် ပေါင်ကြားကို ဖိကာ မူရှာရှာကို မယုံနိုင်သလို ကြည့်နေစဉ်၊ မူရှာရှာက လောက်ကောင်ပေါက်လေး တစ်ကောင်ကို လက်ညှိုးထိုးပြကာ။

"အဲ့ဒီအကောင်က နင့်ကို ကန်လိုက်တာ"

ဤကဲ့သို့ သိသာလွန်းသော လိမ်ညာမှုကို ချန်လော့နှင့် ကျောက်မန်တို့မှာ ဆွံ့အသွားရသော်လည်း၊ ယန်ချုံထျန်းကမူ ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေရှာသည်။

"ငါ နင့်ကို ယုံတယ်၊ ဘာလို့လဲဆိုတော့ နင် ငါ့ကို နာကျင်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတာ ငါသိလို့လေ"

ချန်လော့နှင့် ကျောက်မန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

ဒါ... ဒါ တကယ့်ကို အသုံးချခံရတာကို သဘောကျနေတဲ့ ငတုံး ပဲ

"သူတို့နဲ့ စကားသွားပြောပေးပါလား"

မူရှာရှာက ခိုင်းလိုက်သည်။

ယန်ချုံထျန်းက အရှေ့သို့ ကြည့်လိုက်ရာ လောက်ကောင်ကြီးများစွာကို မြင်ပြီး မှင်သက်သွား၏။ သို့သော် သူသည် ယုံကြည်ချက်အပြည့်ဖြင့် အရှေ့သို့ လျှောက်သွားတော့သည်။

သူသည် ချန်လော့တို့ ဆွေးနွေးထားသည့် "လောက်ကောင်များ လူစကား နားမလည်ခြင်း" ကို မသိလိုက်ချေ။ အားလုံးကလည်း သူ့ကို သတိမပေးကြဘဲ စတေးခံသူရဲကောင်း တစ်ယောက်အဖြစ်သာ ကြည့်နေကြသည်။

ယန်ချုံထျန်းသည် လောက်ကောင်ကြီးတစ်ကောင်၏ အရှေ့သို့ ရောက်သွားသည်။

"ဟေး ငါတို့ကို လိုက်တုန်းကတော့ အရမ်း မိုက်နေကြတယ်ပေါ့လေ အခု ဘာလို့ ငြိမ်နေတာလဲ"

"စကားပြောစမ်း ငါ မင်းတို့ကို ပြောခိုင်းနေတယ်လေ"

သူသည် လောက်ကောင်ကြီး၏ ကိုယ်ကို တဖြန်းဖြန်း ပုတ်လိုက်သော်လည်း လောက်ကောင်ကြီးမှာ အထိအတွေ့ခံစားမှု မရှိသဖြင့် မည်သို့ ခံစားရသည်ကို မသိရပေ။ သို့သော် လောက်ကောင်မှာ ဒေါသကြောင့် တဆက်ဆကိ တုန်ခါနေသည်။ ချန်လော့တို့က ကလေးငယ်များကို ဓားစာခံလုပ်ထားသောကြောင့်သာ သူတို့ ဘာမှမလုပ်ရဲခြင်း ဖြစ်သည်။

ယန်ချုံထျန်းက ခါးထောက်ကာ ဆက်အော်ပြန်သည်။

"အခုချက်ချင်း ဒီကလေးတွေကို ပြန်ခေါ်သွားစမ်း၊ မဟုတ်ရင်တော့ ဒုက္ခရောက်မယ် ကြားလား"

လောက်ကောင်ကြီးက မလှုပ်မယှက် ရှိနေဆဲပင်။

"ဟေး မင်းကို ပြောနေတာလေ နားမကြားဘူးလား ဒီကောင် မင်း အနေလား"

နောက်ဆုံးတွင် လောက်ကောင်ကြီးမှာ သည်းမခံနိုင်တော့ဘဲ ပါးစပ်ကို ဟကာ ယန်ချုံထျန်းကို အားပြင်းစွာ ဟိန်းဟောက်လိုက်တော့သည်။

"ဝေါင်းးးးးး"

ထိုဟောက်သံ၏ လေအဟုန်ကြောင့် ယန်ချုံထျန်းမှာ နောက်သို့ လွင့်ထွက်သွားပြီးမှ သူ၏ ဦးနှောက်မှာ အလုပ်လုပ်တော့သည်။ သူသည် ချန်လော့တို့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်ကာ မေးလိုက်သည်။

"သူတို့က လူစကား နားမလည်ကြဘူးလား..."

ချန်လော့နှင့် အဖွဲ့သားများမှာ ချက်ချင်းပင် တစ်ဖက်သို့ မျက်နှာလွှဲကာ ဘာမှမကြားလိုက်သလို ဟန်ဆောင်လိုက်ကြသည်။ ယန်ချုံထျန်းမှာ အခြေအနေကို သဘောပေါက်သွားပြီး လောက်ကောင်ကြီးကို ကြည့်ကာ မျက်နှာချိုသွေးရင်း ပြောလိုက်ရရှာသည်။

"အစ်ကိုကြီး... ကျွန်တော် ခုနက နောက်ပြောင်နေတာပါဗျာ"

All Chapters