← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇) ပစ်ထားလိုက်တော့

အခြေအနေ မဟန်မှန်း သိလိုက်သည်နှင့် ယန်ချုံထျန်းသည် ခိုးကြောင်ခိုးဝှက်ဖြင့် နောက်သို့ ဆုတ်လာခဲ့သည်။ သူ စောစောက သွားရောက် ရန်စခဲ့သော လောက်ကောင်ကြီးမှာလည်း ယန်ချုံထျန်း၏ အသက်ကို အန္တရာယ်ပြုမည့် အပြုအမူမျိုး မလုပ်ခဲ့ချေ။ သူတို့၏ သားပေါက်လေးများမှာ ချန်လော့၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သဖြင့် မည်သည့် လောက်ကောင်မှ ဇွတ်တရိုး မလုပ်ဝံ့ကြပေ။

ယန်ချုံထျန်းသည် အဖွဲ့ထဲသို့ ပြန်ရောက်လာသည်နှင့် မူရှာရှာကို ဒေါသတကြီး စိုက်ကြည့်တော့သည်။ သို့သော် သူ စကားတစ်ခွန်းပင် မပြောရသေးမီ မူရှာရှာက အလွန်ပင် သနားစဖွယ်ကောင်းသော မျက်နှာပေးမျိုး လုပ်ပြလိုက်ပြီး မျက်ရည်များပင် ဝဲလာ၏။ ၎င်းကို မြင်သောအခါ ယန်ချုံထျန်းမှာ သနားသွားပြီး သူမကို ဆူပူရန် စိတ်ကူး ပျောက်သွားကာ ချန်လော့တို့ဘက်သို့ လှည့်လာသည်။

"ဒီလောက်ကောင်တွေ လူစကား နားမလည်ဘူးဆိုတာ ဘာလို့ ကြိုမပြောကြတာလဲ"

သို့သော် ယန်ချုံထျန်း၏ အမေးကို ချန်လော့နှင့် ကျန်နှစ်ဦးက တစ်ပြိုင်နက်တည်းပင် အောက်ပါအတိုင်း တုံ့ပြန်လိုက်ကြသည်။

ကျောက်မန် : "သူတို့ လူစကား နားလည်တယ်လို့ ဘယ်သူပြောလို့လဲ"

ချန်လော့ : "မင်း မေးလို့လား၊ ပြီးတော့ ငါ မင်းကို သွားခိုင်းလို့လား"

ချင်မူ : "ချန်လော့ ပြောတာ မှန်တယ်"

...

ယန်ချုံထျန်းမှာ ဆွံ့အသွားရတော့သည်။ သူ တကယ်ပင် မမေးခဲ့သလို၊ ချန်လော့ကလည်း သူ့ကို သွားရန် မခိုင်းခဲ့ချေ။ ချန်လော့သည် စကားပြောရန် အကြံပြုခဲ့သည်မှာ မူရှာရှာကိုသာ ဖြစ်သဖြင့် ချန်လော့ကို အပြစ်တင်၍ မရနိုင်ပေ။

နှစ်ဖက်စလုံးမှာ နောက်တစ်ကြိမ် အကျပ်ရိုက်သွားကြပြန်သည်။ ဤသို့ အချိန်ဆွဲနေခြင်းမှာ ချန်လော့တို့ အဖွဲ့အတွက် မည်သို့မျှ မကောင်းနိုငိချေ။ သူတို့သည် မြေအောက် တစ်ကီလိုမီတာခန့်ရှိသော လောက်ကောင်ဂူထဲတွင် ရောက်နေသဖြင့် ထွက်ပြေးရန်မှာ မဖြစ်နိုင်သလောက်ပင်။

ညှိနှိုင်းမှုမှာလည်း ဘာသာစကား အခက်အခဲကြောင့် မအောင်မြင်ချေ။ လောက်ကောင်ကြီးများ ဟိန်းဟောက်သည့်အခါ သူတို့ကို ဆဲဆိုနေခြင်းလား၊ ချီးမွမ်းနေခြင်းလားဆိုသည်ကိုပင် မသိနိုင်တော့ပေ။

ရုတ်တရက် လမ်းစအားလုံး ပိတ်သွားသယောင် ရှိနေသည်။ သူတို့သည် လောက်ကောင်ပေါက်လေးများကို ဓားဖြင့် ချိန်ထားသဖြင့် အသာစီးရနေသယောင် ရှိသော်လည်း၊ အကျိုးအမြတ်တစ်ခုအဖြစ် မပြောင်းလဲနိုင်ကြချေ။

ကျောက်မန်က အားကိုးရာမဲ့စွာဖြင့် ချန်လော့ကို ကြည့်က မေးလိုက်သည်။

"အခု ဘာလုပ်ကြမလဲ"

လောက်ကောင်ဂူထဲ ရောက်ကတည်းက ဤမေးခွန်းကို သူမ ငါးကြိမ်၊ ခြောက်ကြိမ်ခန့် မေးပြီးပြီ ဖြစ်သည်။ ချန်လော့နှင့် စကားမပြောချင်သော်လည်း ဤငါးယောက်ထဲတွင် ချန်လော့ တစ်ဦးတည်းသာ အဖြေတစ်ခုခု ပေးနိုင်မည်ဟု သူမ ယူဆထားသည်။

ယန်ချုံထျန်းမှာ အင်အားသုံး၍ တိုက်ခိုက်တတ်ရုံသာ ရှိသည်။ နိုင်မည်ဆိုလျှင် တိုက်မည်၊ မနိုင်လျှင် ပြေးမည်၊ ယခုကဲ့သို့ တိုက်လို့လည်း မရ၊ ပြေးလို့လည်း မရသည့် အခြေအနေမျိုးတွင်တော့ သူသည် တောင့်ခံနေရုံသာ တတ်နိုင်သည်။

ချင်မူမှာလည်း အစကတော့ အသိဉာဏ် မရှိသော်လည်း အနည်းဆုံးတော့ ရိုးသားဖြူစင်ခဲ့သည်။ သို့သော် ချန်လော့နှင့် အတူနေပြီး နေ့ညမပြတ် လေ့လာသင်ယူပြီးနောက်တွင် သူလည်း ပုံမှန်မဟုတ်တော့ချေ။ "နီသော အရာနှင့် နီးလျှင် နီတတ်ပြီး၊ မည်းသော အရာနှင့် နီးလျှင် မည်းတတ်သည်" ဆိုသကဲ့သို့ ချင်မူ၏ အပြုအမူနှင့် စကားပြောပုံများမှာ ပြဿနာ ရှိလာတော့သည်။

ချန်လော့၏ ပါးနပ်မှုကို သင်ယူနိုင်လျှင် တော်သေးသော်လည်း၊ ချင်မူ၏ အတွေးအခေါ်များမှာ လွဲချော်သော လမ်းကြောင်းသို့ ရောက်သွားကာ အဓိပ္ပာယ်မရှိသောဘက်သို့ ဦးတည်နေသည်။ အရင်က သူ၏ မျက်လုံးများမှာ "ရိုးသားသော ငတုံး" အသွင် ရှိခဲ့သော်လည်း ယခုမူ "ကြောင်တောင်တောင် ငတုံး" အသွင် ဖြစ်နေပြီ ဖြစ်သည်။

မူရှာရှာသည်လည်း ယောက်ျားများကို မြှူဆွယ်ရာ၌ အရည်အချင်းရှိသော်လည်း၊ ယခု အခြေအနေတွင်တော့ သူမ၏ အရည်အချင်းမှာ အသုံးမဝင်ချေ။ ထိုအချက်များကို တွေးရင်း ကျောက်မန် တစ်ယောက် သက်ပြင်းရှည်ကြီး ချမိတော့သည်။

"ငါ လက်လျှော့လိုက်ပြီ"

ချန်လော့က ရုတ်တရက် ပြောလိုက်၏။ ကျောက်မန်မှာ ကြောင်သွားပြီး အခြားသူများလည်း သူ့ကို နားမလည်နိုင်သလို ကြည့်လိုက်ကြသည်။

သို့သော် ချန်လော့က ဂရုမစိုက်ဘဲ ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

"တောက် ရှေ့ဆက်လို့ မရတော့ဘူး နည်းလမ်းမရှိတော့ဘူး ကဲ... စကြရအောင်"

ပြောပြောဆိုဆိုနှင့် သူသည် သိုလှောင်အိတ်ထဲမှ ထင်းနှင့် အသားများကို ထုတ်ကာ လောက်ကောင်ကြီးများ၏ ရှေ့တွင်ပင် မီးမွှေး၍ အသားကင်တော့သည်။ ကျောက်မန်မှာ ကြောင်အမ်းနေဆဲပင် ရှိသေးသော်လည်း ချင်မူကတော့ ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။

"ချန်လော့ ပြောတာ မှန်တယ်"

ထို့နောက် သူသည် ချန်လော့ဘေးတွင် ထိုင်ချလိုက်ပြီး အသားကင်များကို စောင့်ကြည့်‌ေနကာ ချန်လော့ ကင်ပြီးသည်နှင့် အသငိ့နိုက်စားရန် ပြင်ဆင်နေတော့သည်။

ကျောက်မန်မှာ ဆွံ့အသွားပြီး မေးလိုက်သည်။

"နင်က ဒီအတိုင်းပဲ လက်လျှော့လိုက်တာလား"

"ဒါဆို ဘာလုပ်ရမှာလဲ။ နင်မှာရော ဘာအကြံကောင်း ရှိလို့လဲ"

ချန်လော့၏ အမေးကို ကျောက်မန် ဘာမှ ပြန်မပြောနိုင်ချေ။ သူမတွင်လည်း နည်းလမ်းမရှိသော်လည်း ချန်လော့ တစ်ယောက် တကယ်ပင် လက်မှိုင်ချနေလိမ့်မည်ဟု သူမ မယုံကြည်ပေ။

ဤသကောင့်သားသည် လှည့်ကွက် အများဆုံးဖြစ်သလို အသက်ကိုလည်း အလွန်နှမြောတတ်သူ မဟုတ်လော။ကျောက်မန် ထင်သည့်အတိုင်းပင် ချန်လော့တွင် နည်းလမ်းမရှိသည် မဟုတ်။

အကယ်၍ သူသာ အကြံကုန်နေပါက ယခုကဲ့သို့ အေးဆေးလူလူ အသားကင် နေနိုင်မည် မဟုတ်ချေ။ အကယ်၍ အခြေအနေမှာ အဆုံးစွန်ထိ ရောက်သွားပါက သူသည် သူ၏ လျှို့ဝှက်ချက် အားလုံးကို ထုတ်သုံးကာ လောက်ကောင်များနှင့် အသေအလဲ တိုက်ခိုက်ပေလိမ့်မည်။

ချန်လော့၏ လက်ရှိ ဗျူဟာမှာ ရိုးရှင်းသည်။ အပြင်မှ အကူအညီကို စောင့်ရန် ဖြစ်သည်။

သူတို့ သည် ဂိုဏ်းကနေ ထွက်လာသည်မှာ ကြာပြီဖြစ်ရာ သက်ဆိုင်ရာ ဂိုဏ်းများအနေဖြင့် သူတို့ ပျောက်ဆုံးနေသည်ကို သတိထားမိကြပေလိမ့်မည်။ အကယ်၍ အစီအစဉ်အတိုင်းဆိုလျှင် သူတို့သည် တာဝန်ပြီးဆုံး၍ ဂိုဏ်းသို့ ပြန်ရောက်နေရမည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ဂိုဏ်းအသီးသီးမှ သူတို့ကို ရှာဖွေနေကြပြီ ဖြစ်ပေလိမ့်မည်။ သွေးကန္တာရမှာ ကျယ်ပြောပြီး သဲမုန်တိုင်းများကြောင့် ခြေရာများ ပျောက်ကွယ်သွားနိုင်သော်လည်း၊ ကျင့်ကြံသူများအနေဖြင့် နည်းမျိုးစုံ သုံးပါက ၊ သူတို့ကို ရှာတွေ့နိုင်မည်မှာ သေချာသည်။ ထို့ပြင် သူတို့သည် ဂိုဏ်း၏ အနာဂတ်များ ဖြစ်သဖြင့် ဂိုဏ်းမှ သူတို့ကို ရှာဖွေနိုင်မည့် ခြေရာခံမန္တန်မျိုး လုပ်ထားသည်မှာ သေချာသလောက်ပင်။

ယခု ပြဿနာမှာ အချိန်သာ ဖြစ်သည်။ ဂိုဏ်းအကြီးအကဲများက သူတို့ကို မည်မျှကြာမှ ရှာတွေ့မည်နည်း။ ၎င်းမှာ ချန်လော့၏ အစိုးရိမ်ဆုံး အချက်သာပင်။ လောက်ကောင်ဂူထဲမှ ကိုယ့်ဟာကိုယ် ထွက်သွားရန်မှာ အခြေခံတည်ဆောက်ခြင်း အဆင့်သာ ရှိသေးသော သူတို့အတွက် အန္တရာယ် များလွန်းသည်။ သို့သော် ယခုမူ သူတို့၏ လက်ထဲတွင် လောက်ကောင်ပေါက်လေးများ ဟူသော ဓားစာခံ ရှိနေပြီ ဖြစ်သည်။

၎င်းကို အသုံးချ၍ အခြားအကျိုးအမြတ် မယူနိုင်သော်လည်း၊ လောက်ကောင်ကြီးများ သူတို့ကို လာမတိုက်ခိုက်အောင် အချိန်တစ်ခုအထိ ထိန်းထားနိုင်ရန်မှာ လုံလောက်သည်။ ဤသည်မှာ ချန်လော့၏ အခြေအနေကို ထိန်းချုပ်ထားသောဗျူဟာပင် ဖြစ်သည်။

သူကိုယ်တိုင် ထွက်နိုင်လျှင် အကောင်းဆုံး ဖြစ်သော်လည်း၊ မဖြစ်နိုင်လျှင်တော့ ခံစစ်ပြင်ပြီး အကူအညီ စောင့်ခြင်းက ပို၍ ဘေးကင်းသည်။ သူရဲကောင်း လုပ်ချင်ဇောဖြင့် မလိုအပ်ဘဲ စွန့်စားခြင်းကို ချန်လော့ရွေးချယ်မည် မဟုတ်ပေ။

သို့သော် ဤအစီအစဉ်တွင်လည်း စိုးရိမ်စရာ တစ်ခု ရှိသည်။ ၎င်းမှာ လောက်ကောင်ကြီးများက စိတ်မရှည်တော့ဘဲ သူတို့၏ သားပေါက်လေးများကို ဂရုမစိုက်တော့ဘဲ တိုက်ခိုက်လာမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် ချန်လော့သည် အရေးပေါ် အခြေအနေအတွက် အခြား အစီအစဉ်များကိုလည်း ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည်။

အခန်း (၁၆၈) ပေါက်ကွဲမှု

"ဒါ မင်းတို့ပြောတဲ့ သူတို့နဲ့ လူစုကွဲသွားတဲ့ နေရာလား"

သွေးကန္တာရထဲတွင် ချင်ခဲ့ရပ်နေပြီး သူ၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ယှက်သန်းနေ၏။ သူ၏ ဘေးတွင် ရာက္ခသတံခါးဂိုဏ်း မှ အကြီးအကဲ ဝတ်စုံဝတ်ထားသူ နှစ်ဦး ရှိနေသည်။ ဤနှစ်ဦးမှာ ချန်လော့တို့အဖွဲ့ကို တိတ်တဆိတ် စောင့်ရှောက်ရန် စေလွှတ်ခဲ့သော အကြီးအကဲများပင် ဖြစ်သည်။

သူတို့နှစ်ဦးမှာ ခေါင်းငုံ့ထားကြပြီး စကားတစ်ခွန်းပင် မပြောရဲကြချေ။

"ငါ မေးနေတယ်လေ" ချင်ခဲ့က ဒေါသတကြီး ဟောက်လိုက်သည်။

"ဟုတ်... ဟုတ်ကဲ့၊ ဒီနေရာပါပဲ"

အဖြေရပြီးနောက် သူတို့မှာ ပြန်လည် တိတ်ဆိတ်သွားကြပြန်သည်။ ချင်ခဲ့က သူတို့ကို စူးစိုက်ကြည့်နေသည်။ ရိုးရှင်းလှသော တာဝန်တစ်ခုက ဤမျှ ပြဿနာကြီးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ဂိုဏ်းအသီးသီးမှ ထိပ်သီး တိုက်ရိုက်တပည့် ငါးယောက်လုံး ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

မတော်တဆမှုများ ဖြစ်မလာစေရန် ချင်ခဲ့သည် နတ်ဝိညာဉ်အဆင့် ရှိသော အကြီးအကဲ နှစ်ဦးကိုပင် အစောင့်အဖြစ် ထည့်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုနှစ်ယောက်မှာ လွန်ခဲ့သော တစ်ပတ်ကတည်းက ဂိုဏ်းသို့ ပြန်ရောက်နေကြပြီး၊ ချန်လော့နှင့် သူ့သား ချင်မူတို့မှာမူ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။ သူတို့နှစ်ယောက်ကို သတ်ပစ်ချင်စိတ်ပင် ပေါက်နေမိသည်။

"ဂိုဏ်းချုပ်... ကျွန်တော့်အထင်တော့ ချင်မူတို့ အဆင်ပြေမှာပါ၊ ဒါက သွေးကန္တာရရဲ့ အပြင်ဘက်ပိုင်းပဲ ရှိသေးတာဆိုတော့ အန္တရာယ်ရှိတဲ့ သားရဲတွေ သိပ်မရှိပါဘူး သူတို့ အစွမ်းနဲ့တင် လုံလောက်ပါတယ်"

အကြီးအကဲ တစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။

ဘေးမှ အကြီးအကဲကလည်း ချက်ချင်း ခေါင်းညိတ်ထောက်ခံရင်း။

"ဟုတ်ပါတယ်၊ ချင်မူမှာ မြေပုံလည်း ရှိတာပဲ၊ လမ်းပျောက်စရာ အကြောင်းမရှိပါဘူး။ သူတို့တွေ ပျော်နေကြလို့ တစ်နေရာရာမှာ သွားပြီး အနားယူနေကြတာ ဖြစ်မှာပါ"

သို့သော် ထိုစကားသံအဆုံးတွင် ပူပြင်းသော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး မြေပြင်မှ သဲလွှာများကို လွင့်စင်သွားစေရာ သားရေလိပ်ကလေး တစ်ခု၏ ထောင့်စွန်းလေး ပေါ်လာတော့သည်။ ချင်ခဲ့က ထိုအရာကို ကောက်ယူကြည့်လိုက်သည်။

"ဒါက..."

ချင်ခဲ့သည် သားရေလိပ်ကို ဖြန့်ကြည့်ပြီးနောက် ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။ သူသည် ထိုသားရေလိပ်ဖြင့် အကြီးအကဲတစ်ဦး၏ မျက်နှာကို ပစ်ပေါက်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ပြန်လာမယ် ဟုတ်လား သူတို့ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး"

အကြီးအကဲမှာ ကြောင်သွားပြီး သားရေလိပ်ကို ကြည့်လိုက်ရာ မှင်သက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ချင်မူ ဂိုဏ်းမှ ယူဆောင်သွားသော သွေးကန္တာရ လမ်းကြောင်းပြ မြေပုံ ဖြစ်နေသောကြောင့်ပင်။

ချင်ခဲ့သည် ဒေါသကို အတင်းမျိုသိပ်ထားရသည်။ နတ်ဝိညာဉ်အဆင့် အကြီးအကဲနှစ်ဦးမှာ ဂိုဏ်းအတွက် အရေးပါသဖြင့် လတ်တလောတွင် သတ်၍ မဖြစ်သေးပေ။ သို့သော် သားဖြစ်သူအတွက်တော့ သူ စိတ်ပူမိသည်။ ချင်မူသည် ရာက္ခခန္ဓာပိုင်ရှင်ဖြစ်ပြီး ကျင့်ကြံမှုပါရမီမှာ ထူးချွန်လှသဖြင့် ချင်ခဲ့က သူ့အတွက် အရေးပေါ်အစီအစဉ်များစွာ ကြိုတင်ပြုလုပ်ပေးထားသည်။

အကယ်၍ အသက်အန္တရာယ်နှင့် ကြုံလာပါက နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူပင် မဖျက်ဆီးနိုင်သော ကာကွယ်မှုများ ချင်မူကိုယ်ပေါ်တွင် ရှိနေသည်။ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိသော ပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင် လက်ဖျားနှင့် တို့မှသာ ချင်မူကို ထိခိုက်နိုင်ပေလိမ့်မည်။ ထို့ပြင် ထိုအစီအစဉ်များ အသက်ဝင်သည်နှင့် ချင်ခဲ့သည် ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။ သို့သော် ချင်မူမှာ အလွန် ရိုးအ လွန်းသဖြင့် သူသည် ၎င်းကို လျှို့ဝှက်ချက်အဖြစ်သာ ထားရှိခဲ့ခြင်း ဖြစ်သည်။

သူ စိတ်ပူသည်မှာ အခြားဂိုဏ်းမှ တပည့်များအတွက် ဖြစ်သည်။ အကယ်၍ သူတို့သာ တစ်ခုခုဖြစ်သွားပါက ရာက္ခသတံခါးဂိုဏ်းနှင့် အခြားဂိုဏ်းများကြား ဆက်ဆံရေးမှာ စစ်မီးတောက်လုနီးပါး ဖြစ်သွားနိုင်ပေသည်။

"ရှာကြစမ်း သူတို့ကို ရှာတွေ့အောင် ရှာ ၊ ရှာမတွေ့ရင် မင်းတို့ နှစ်ယောက်လုံးကို ဒီကန္တာရထဲမှာပဲ အရှင်လတ်လတ် မြှုပ်ပစ်မယ်"

အကြီးအကဲ နှစ်ဦးမှာ ဘာမှမပြောရဲဘဲ သူတို့၏ လျှို့ဝှက်အတတ်များကို သုံးကာ ချန်လော့တို့အဖွဲ့ကို အသည်းအသန် စတင်ရှာဖွေကြတော့သည်။

တစ်ဖက်တွင်မူ... လောက်ကောင်ဂူအတွင်း။

ချန်လော့သည် သူစီမံထားသော အစီအစဉ်ကို ကြည့်ကာ ပြုံးနေသည်။

"ဟဲဟဲ... အပြည့်အစုံပဲ"

သူ့ရှေ့တွင် သတ်ဖြတ်ရေးမန္တန်ပေါင်း ရာနှင့်ချီ၍ ရှိနေသည်။ ၎င်းတို့မှာ ဒုတိယအဆင့် မန္တန်များသာ ဖြစ်သော်လည်း ချန်လော့က ၎င်းတို့ကို ပေါင်းစပ်ပြီး အဆင့်မြှင့်တင်ထားသဖြင့် တတိယအဆင့် မန္တန်နီးပါး အစွမ်းထက်လှသည်။ ရွှေမြုတေအဆင့်ရှိ လောက်ကောင်တစ်ကောင် ဝင်လာလျှင်ပင် သေချာပေါက် အပြင်းအထန် ဒဏ်ရာရနိုင်ပေသည်။

သို့သော် ချန်လော့တို့ မသိသည်မှာ သူတို့၏ အပေါ်ဘက်တွင် နတ်ဝိညာဉ်အဆင့် လောက်ကောင်ကြီးတစ်ကောင်မှာ အသံတိတ် တိုးဝှေ့လာနေခြင်းပင် ဖြစ်သည်။ ထိုလောက်ကောင်ကြီးသည် အပေါ်မှ ကျောက်လွှာများကို ဖြည်းဖြည်းချင်း တူးဆွနေပြီး ယခုအခါ အတားအဆီးမှာ အလွန်ပါးလွှာနေပြီ ဖြစ်သည်။

ချန်လော့ကတော့ မြေပြင်ပေါ်မှာ ထိုင်ရင်း အသားကင် စားကောင်းနေဆဲပင်။

"ဒီမြေကြီးက တော်တော်နွေးတာပဲ"

သူ ထိုင်လိုက်မှ မြေပြင်ကနေ အပူရှိန်လေး တက်လာသလို ခံစားလိုက်ရသည်။ ထို့ပြင် ဝိညာဉ်စွမ်းအင်လည်း အနည်းငယ် ထွက်ပေါ်နေသည်ကို သတိထားမိလိုက်၏။ါ ထို့ကြောင့်သာ လောက်ကောင်များက ဤနေရာကို သားပေါက်ခန်းအဖြစ် သုံးနေခြင်း ဖြစ်ပေလိမ့်မည်။

‘ဒီမြေအောက်မှာ ဘာရတနာတွေ ရှိနေမလဲ မသိဘူး၊ တစ်ချက်လောက် တူးကြည့်ရင် ကောင်းမလား ‘ဟု ချန်လော့ တွေးနေစဉ်မှာပင်—

"ဘုန်း"

အပေါ်ဘက်မှ နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ချန်လော့ အပေါ်သို့ မော့ကြည့်လိုက်ရာ လောက်ကောင်ကြီးတစ်ကောင်မှာ သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာနေသည်ကို မြင်လိုက်ရ၏။

All Chapters