← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉) ချော်ရည်ပူများ

အပေါ်ဘက်ရှိ ကျောက်လွှာကြီးမှာ ရုတ်တရက် ပွင့်ထွက်သွားပြီး လောက်ကောင်ကြီးမှာ ပါးစပ်အဟောင်းသားဖြင့် ချန်လော့တို့ရှိရာသို့ ထိုးဆင်းလာသည်။ ၎င်းကို မြင်သောအခါ ချန်လော့ တစ်‌ယောက် မျက်နှာပျက်သွား၏။ ရန်သူသည် ဤနည်းလမ်းကို သုံးလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။

ထို့ပြင် ဤလောက်ကောင်ကြီးသည် သူ၏ သားပေါက်လေးများအား ထိခိုက်သွားမည်ကို မကြောက်ပုံရသည်။သို့သော် ချန်လော့သည် မကြာမီမှာပင် တစ်ခုကို သတိပြုမိလိုက်သည်။ လောက်ကောင်ကြီးသည် သူ၏ အမြီးဖြင့် အပေါ်ဘက်ရှိ လိုဏ်ခေါင်းကို ချိတ်တွယ်ထားခြင်း ဖြစ်သည်။

‘ဒီကောင် တော်တော်လည်တာပဲ၊ သူ့အမြီးကို လိုဏ်ခေါင်းထဲမှာ တစ်ဆို့နေအောင် လုပ်ထားတာပဲ’

သူတို့သည် သေချာတွက်ချက်ပြီးမှ လှုပ်ရှားခဲ့ခြင်း ဖြစ်ပုံရသည်။ ဤနည်းဖြင့် သူ၏ အမြီးကို အားပြုကာ အရှိန်ထိန်းထားပြီး သားပေါက်လေးများကို မထိခိုက်စေဘဲ ချန်လော့တို့ကိုသာ ဖမ်းယူရန် ကြိုးစားခြင်း ဖြစ်သည်။ သို့သော် ချန်လော့ကလည်း အရှုံးပေးမည့်သူမဟုတ်ပေ။

"မင်းတို့ အရင်စတာနော်"

ချန်လော့သည် လောက်ကောင်ကြီး၏ ပါးစပ်ကို ရှောင်တိမ်းရင်း သူ ကြိုတင်စီမံထားသော သတ်ဖြတ်ရေးမန္တန်များကို အသက်သွင်းလိုက်သည်။

လောက်ကောင်ပေါက်လေးများမှာ ကျင့်ကြံမှုအဆင့် မရှိသလောက်ဖြစ်ပြီး အိပ်မွေ့ချခံထားရသဖြင့် ချန်လော့၏ မန္တန်ကို ခုခံနိုင်စွမ်း မရှိကြချေ။ မန္တန်အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော လောက်ကောင်ငယ်လေးများမှာ အသားမှုန့်ဘဝသို့ ချက်ချင်း ရောက်ရှိသွားကြသည်။

သူတို့၏ သားပေါက်လေးများ အသက်ပျောက်သွားသည်ကို အာရုံခံမိလိုက်သောအခါ အပြင်ဘက်တွင် စောင့်နေကြသော လောက်ကောင်ကြီးများမှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားကြသည်။ သူတို့သည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ချန်လော့တို့ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။

သို့သော် သူတို့ ပြေးဝင်လာသည်နှင့် ချန်လော့၏ မန္တန်ရာပေါင်းများစွာမှာ တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားပြီး တစ်ဂူလုံး သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုစဉ်မှာပင် အပေါ်မှ ဆင်းလာသော နတ်ဝိညာဉ်အဆင့် လောက်ကောင်ကြီးမှာလည်း သူ၏ သားပေါက်လေးများ သေဆုံးကုန်သည်ကို သိလိုက်ရသဖြင့် အမြီးကို လွှတ်ချကာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။

ချန်လော့တို့မှာ လျင်မြန်စွာပင် ရှောင်တိမ်းလိုက်ကြ၏။

"ဒီလောက်ပဲလား”

ချန်လော့က လှောင်ပြောင်ရန် ပြင်လိုက်သော်လည်း သူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ ရုတ်တရက် ပျော့အိသွားပြီး နံရံများမှာလည်း တုန်ခါလာတော့သည်။

"ဒါ ဘာဖြစ်တာလဲ" ချန်လော့ ကြောင်သွားသည်။

ဤတုန်ခါမှုမှာ လောက်ကောင်အုပ်ကြီး ရောက်လာစဉ်ကထက်ပင် ပို၍ ပြင်းထန်နေ၏။ လောက်ကောင်ကြီးများပင်လျှင် ဘာဖြစ်နေမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

ထိုစဉ် မြေပြင်တွင် အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။

"ဘုန်း"

အက်ကြောင်းများသည် တစ်ဂူလုံး ပျံ့နှံ့သွားခဲ့သည်။ လူရော လောက်ကောင်ပါ ငြိမ်သက်သွားကြပြီး မြေပြင်အက်ကြောင်းကိုသာ စိုက်ကြည့်နေမိကြ၏။ အသက်ရှူသံကိုပင် မေ့လျှော့ထားကြပြီး အက်ကြောင်းကြီး ထပ်မကြီးလာအောင် သတိထားနေကြရသည်။

ချန်လော့၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ မည်သို့သော အခြေအနေမျိုးတွင် မြေပြင်သည် ယခုလို ဖြည်းဖြည်းချင်း အက်ကွဲတတ်သနည်း။

သူသည် ရေခဲပြင်ပေါ်တွင် လူတစ်ယောက် လျှောက်သွားစဉ် ရေခဲများ အက်ကွဲသွားသည့် မြင်ကွင်းကို သတိရလိုက်သည်။

ဒါဆိုရင်...

နောက်တစ်စက္ကန့်မှာပင် အက်ကြောင်းထဲမှ ကြက်သွေးရောင် အရည်များ ပန်းထွက်လာတော့သည်။ ထိုအရည်မှာ တောက်ပနေပြီး အခန်းတွင်း အပူချိန်မှာလည်း ရုတ်တရက် မြင့်တက်လာသည်။

"ချော်ရည်လား"

သူ၏စကားအဆုံးမှာပင် ချော်ရည်များမှာ အက်ကြောင်းများထဲမှ ဒလဟော စီးထွက်လာတော့သည်။

"တောက် ဒါ ချော်ရည်တွေပဲ"

ချော်ရည်များမှာ ပိုမိုပြင်းထန်စွာ ပန်းထွက်လာပြီး မကြာမီ ဤမြေပြင်လွှာမှာ ပြိုကျကာ တစ်ဂူလုံး ချော်ရည်များဖြင့် ဖုံးလွှမ်းတော့မည့် အသွင်ရှိသည်။ အနီးရှိ လောက်ကောင်များမှာ ချော်ရည်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိကြသဖြင့် လှည့်၍ ထွက်ပြေးကြတော့သည်။ သူတို့၏ ပြေးလွှားမှုကြောင့် မြေပြင်မှာ ပို၍ အားနည်းသွားပြီး ဧရာမ အပေါက်ကြီး ပေါက်ထွက်ကာ ချော်ရည်များမှာ ဂူအမိုးထိ ပန်းတက်လာတော့၏။

လောက်ကောင်တစ်ကောင်မှာ ချော်ရည်နှင့် တိုက်ရိုက်ထိတွေ့သွားသဖြင့် ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားသည်။ ၎င်းကို မြင်သောအခါ နတ်ဝိညာဉ်အဆင့် လောက်ကောင်ကြီးမှာလည်း မနေရဲတော့ဘဲ ဘေးရှိ ကျောက်နံရံကို အားဖြင့် တိုက်ခွဲကာ ထွက်ပြေးရန် ကြိုးစားတော့သည်။

ချန်လော့သည် မဆိုင်းမတွဘဲ သူ၏ ဓားရှည်ကို ထိုလောက်ကောင်ကြီး၏ ကိုယ်ထဲသို့ အားဖြင့် စိုက်သွင်းလိုက်၏။ သူတစ်ယောက်တည်း ပြေးလျှင် လွတ်မည်မဟုတ်ကြောင်း သိသဖြင့် လောက်ကောင်ကြီး၏ အင်အားကို အသုံးချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ လောက်ကောင်ကြီးမှာ နာကျင်လွန်းသဖြင့် တုန်ခါသွားသော်လည်း အရှိန်မလျှော့ရဲပေ။ နောက်မှ လိုက်လာသော ချော်ရည်များမှာ အလွန် နီးကပ်နေပြီ ဖြစ်သည်။

ကျောက်မန်တို့ အဖွဲ့သားများသည်လည်း ချန်လော့၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး သူတို့၏ လက်နက်များဖြင့် လောက်ကောင်ကြီး၏ ကိုယ်ထဲသို့ စိုက်သွင်းကာ တွယ်ကပ်လိုက်ကြတော့သည်။ လောက်ကောင်ကြီးမှာ သူ့ကိုယ်ပေါ်မှ ကျင့်ကြံသူများကို သတ်ပစ်ချင်သော်လည်း တစ်ခဏမျှ ရပ်လိုက်သည်နှင့် ချော်ရည်များက သူ့ကို ဝါးမျိုသွားတော့မည်ဖြစ်ရာ အံကြိတ်ကာ ကျောက်နံရံလွှာများကိုသာ ဆက်တိုက် ဖောက်ခွဲပြေးလွှားနေရတော့သည်။

သူတို့ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဂူကြမ်းပြင်မှာ လုံးဝ ပြိုကျသွား၏။

"ဘုန်း"

ကြက်သွေးရောင် ချော်ရည်များမှာ ၂ စက္ကန့်၊ ၃ စက္ကန့်အတွင်း တစ်ဂူလုံးကို ပြည့်နှက်သွားခဲ့သည်။ ထို့နောက် ချော်ရည်များသည် ချိတ်ဆက်ထားသော လိုဏ်ခေါင်းများအတိုင်း ဒလဟော စီးဝင်သွားပြီး ဂူထွက်ပေါက်များမှတစ်ဆင့် ကန္တာရထဲသို့ ပန်းထွက်ကုန်တော့သည်။

ချန်လော့တို့မှာမူ သူတို့နောက်မှ လိုက်လာသော ချော်ရည်စီးကြောင်းကို ရှောင်တိမ်းရင်း၊ လောက်ကောင်ကြီး၏ ကိုယ်ပေါ်တွင် တွယ်ကပ်ကာ သဲလွှာများအောက်မှတစ်ဆင့် အသည်းအသန် ထွက်ပြေးနေကြရတော့သည်။

အခန်း (၁၇၀) မျှော်လင့်ချက် ရှိလာပြီ

"ဘုန်း"

နောက်ထပ် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုအသံမှာ မိမိ၏ နောက်ဘက်ဆီမှ လာနေသည်ဟု ချန်လော့ ခံစားလိုက်ရသည်။ သူ ခေါင်းလှည့်ကြည့်ရန် ကြိုးစားလိုက်သော်လည်း ဘာမှ မမြင်ရချေ။

အဘယ်ကြောင့်ဆိုသော် သူသည် သဲလွှာများကြားထဲတွင် ရှိနေပြီး လောက်ကောင်ကြီးမှာ အလွန် မြန်သော အရှိန်ဖြင့် ရွေ့လျားနေသဖြင့် မျက်နှာကို ရိုက်ခတ်နေသော သဲများကြောင့် မျက်စိပင် ဖွင့်၍ မရသောကြောင့် ဖြစ်သည်။

တစ်မိနစ်ခန့် ကြာပြီးနောက် "ဖောက်" ဆိုသည့် အသံတစ်ခုကို သူ ကြားလိုက်ရသည်။ ၎င်းမှာ ပေါက်ကွဲသံနှင့် မတူဘဲ ပင်လယ်အောက်ခြေမှ ငါးတစ်ကောင် ရေမျက်နှာပြင်ပေါ်သို့ ရုတ်တရက် ခုန်ထွက်လိုက်သည့် အသံနှင့် ပိုတူသည်။ ထို့နောက်တွင်တော့ ပတ်ဝန်းကျင်မှ ဖိအားများ လျော့ကျသွားပြီး စီးဆင်းနေသော သဲများလည်း ပျောက်ကွယ်သွားတော့သည်။

ချန်လော့သည် သူ၏ ခေါင်းကို အားဖြင့် ခါယမ်းကာ သဲများကို ဖယ်ထုတ်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်၏။ မြေအောက်အမှောင်ထဲတွင် ကြာရှည်စွာ နေခဲ့ရသဖြင့် စူးရှသော နေရောင်ခြည်ကြောင့် ခဏတာ ဝေဝါးသွားသော်လည်း ပတ်ဝန်းကျင်ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။

"ငါတို့ အပြင်ရောက်ပြီဟေ့"

သူ၏ အသံကို ကြားသည်နှင့် အခြားသူများလည်း မျက်လုံးဖွင့်ကြည့်လိုက်ကြသည်။ သူတို့အားလုံးလည်း ချန်လော့ကဲ့သို့ပင် နေရောင်နှင့် ခဏတာ အသားမကျ ဖြစ်သွားကြသော်လည်း ရင်းနှီးလှသော ကောင်းကင်မှ နေမင်းကြီးကို မြင်လိုက်ရသည့်အခါ လူတိုင်း ဝမ်းသာပီတိ ဖြစ်သွားကြသည်။

သို့သော် ထိုအပြုံးမှာ ကြာရှည်မခံလိုက်ချေ။

"ဘုန်း" "ဘုန်း" "ဘုန်း"

သဲပြင်အောက်မှ လောက်ကောင်ပေါင်း ရာနှင့်ချီ၍ ငုပ်လျှိုးထွက်ပေါ်လာပြီး ချန်လော့တို့ စီးနင်းလာသော လောက်ကောင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ ၎င်းကို မြင်သောအခါ သူတို့အားလုံး မျက်မှောင်ကြုတ်မိသွားကြ၏။ ချော်ရည်ပူများထဲက လွတ်လာခဲ့ရင်တောင် ဤလောက်ကောင်တွေကြားထဲတွင် သူတို့ ကံကောင်းဖို့ မလွယ်ချေ။

"ဒါနဲ့... ဒီလောက်ကောင်ကြီးက ဘာလို့ မရပ်သေးတာလဲ" ဘေးမှ မူရှာရှာက မေးလိုက်သည်။

ယုတ္တိဗေဒအရဆိုလျှင် ချော်ရည်များနှင့် ဝေးရာသို့ ရောက်လာပြီဖြစ်ရာ ရပ်သင့်နေပြီ ဖြစ်သည်။ သူမ၏စကားသံအဆုံးမှာပင် သူတို့၏ နောက်ဘက်မှ ကောင်းကင်ယံသို့ ထိုးတက်သွားသော ဧရာမ မီးတောက်တိုင်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ ချော်ရည်များဖြင့် ဖွဲ့စည်းထားသော မီးတိုင်ကြီးဖြစ်ပြီး လောက်ကောင် အကောင်တစ်ရာစာထက်ပင် ပို၍ ကြီးမားလှသည်။

ချန်လော့၏ မျက်နှာမှာ မည်းကျသွားပြီး လောက်ကောင်ကြီး၏ ကျောကို ပုတ်ကာ အော်လိုက်သည်။

"မြန်မြန်ပြေးစမ်း မင်း ထမင်းမစားထားဘူးလား"

အခြားသူများလည်း မြင်းမောင်းသကဲ့သို့ လောက်ကောင်ကြီး၏ ကျောကို ဝိုင်းပုတ်ကြတော့သည်။ လောက်ကောင်ကြီးမှာ နာကျင်ခြင်းထက် အရှက်ရခြင်းကို ပို၍ ခံစားနေရပေလိမ့်မည်။

ထိုအချိန်တွင် ချန်လော့တို့နှင့် မိုင်ပေါင်းများစွာ ဝေးသော နေရာ၌...

ချင်ခဲ့သည် မြေပြင်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ရွှေရောင်နွယ်ကြိုးများကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

"ဒါဆို သူတို့တွေ သွေးကန္တာရထဲကို ဝင်သွားကြတာလား"

ဘေးမှ အကြီးအကဲနှစ်ဦးက ခေါင်းညိတ်ပြ၏။

"ဝိညာဉ်ကွန်ရက်ရဲ့ လမ်းကြောင်းအရဆိုရင်တော့ ဒါဟာ သေချာတယ်"

ချင်ခဲ့ ပို၍ စိတ်ပူသွားသည်။ သွေးကန္တာရ၏ အတွင်းပိုင်းမှာ အပြင်ဘက်ထက် အဆပေါင်းများစွာ ပို၍ အန္တရာယ်များသည်။ ထိုနေရာတွင် နတ်ဝိညာဉ်အဆင့် သားရဲများစွာ ရှိနေပြီး၊ အကယ်၍ ချန်လော့တို့အဖွဲ့သာ ထိုသားရဲများနှင့် တိုးလျှင် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

"မြန်မြန်လုပ်မှ ဖြစ်မယ်..."

ချင်ခဲ့ စကားမဆုံးမီမှာပင် အဝေးတစ်နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ အဝေးတစ်နေရာတွင် ကြက်သွေးရောင် မီးတိုင်ကြီးတစ်ခုမှာ ကောင်းကင်ယံသို့ မီတာ ရာနှင့်ချီ၍ ထိုးတက်နေသည်ကို မြင်လိုက်ရသည်။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ သွားကြည့်သင့်သလား"

ချင်ခဲ့ သည် ခေတ္တစဉ်းစားပြီးနောက် ဆိုလိုက်သည်။

"မင်းတို့နှစ်ယောက် က ချန်လော့တို့ကို ဆက်ရှာကြ၊ ငါ အဲ့ဒီကို သွားကြည့်လိုက်မယ်"

ထိုသို့ပြောပြီးနောက် သူသည် ဓားပျံကို စီးနင်း၍ ထွက်ခွာသွားတော့သည်။

ချန်လော့သည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေသော ချော်ရည်များကို ကြည့်ကာ သူ၏ သိုလှောင်အိတ်ထဲမှ ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။ သူသည် ဓားကို လောက်ကောင်ကြီး၏ ကိုယ်ထဲသို့ စိုက်သွင်းကာ တွယ်ကပ်၍ ရှေ့သို့ တိုးသွားသည်။ ထို့နောက် နောက်ထပ် ဓားတစ်လက်ကို ထပ်စိုက်ကာ အရှေ့ဘက်သို့ တစ်ဆင့်ချင်း တက်လှမ်းပြန်သည်။

လောက်ကောင်ကြီးမှာ ဓားဖြင့် အစိုက်ခံရတိုင်း နာကျင်စွာ တုန်ခါနေသော်လည်း ချန်လော့ကတော့ ဂရုမစိုက်ချေ။ အခြားသူများလည်း ချန်လော့၏ အကြံအစည်ကို မသိသော်လည်း သူ့နောက်မှ လိုက်လာကြသည်။

ချန်လော့သည် လောက်ကောင်ကြီး၏ ဦးခေါင်းနှင့် တစ်ပေခွဲခန့်အကွာသို့ ရောက်သောအခါ ရပ်လိုက်သည်။ သူ ဤနေရာသို့ လာရခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။

ပထမအချက်မှာ အကယ်၍ ချော်ရည်များက အမှန်တကယ် လိုက်မီလာပါက၊ လောက်ကောင်ကြီး၏ ကိုယ်အလယ်မှ ခုန်ချခြင်းထက် ဦးခေါင်းပိုင်းမှ ခုန်ချခြင်းက ပို၍ အခွင့်အရေးသာသောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ ချော်ရည်များကြားမှ လွတ်မြောက်သွားပါက ဤလောက်ကောင်ကြီးသည် သူတို့ကို ပြန်လည် တိုက်ခိုက်လာနိုင်သဖြင့်၊ သူ၏ ဦးနှောက်ကို ချက်ချင်း ဖျက်ဆီးနိုင်ရန် အနီးကပ် နေရာယူထားခြင်း ဖြစ်သည်။

သို့သော် ချန်လော့ စဉ်းစားလို့မရသေးသည့် အချက်မှာ အခြေခံတည်ဆောက်ခြင်း အဆင့်သာ ရှိသော သူတို့သည် နတ်ဝိညာဉ်အဆင့် သားရဲကြီးကို မည်သို့ ဒဏ်ရာရအောင် လုပ်ရမည်ဟူသော အချက်သာပင်။

ထိုစဉ် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

"မူအာ “

အားလုံး လှည့်ကြည့်လိုက်ရာ ဓားပျံပေါ်တွင် ရပ်နေသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ချင်မူ သည် ထိုသူကို မြင်သည်နှင့် ဝမ်းသာအားရ ပြုံးလိုက်၏။

"အဖေ"

အားလုံး၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အလင်းရောင်များ ပြန်လည် တောက်ပလာတော့သည်။ နောက်ဆုံးတော့ သူတို့ ကယ်တင်ခြင်း ခံခဲ့ရချေပြီ။

ချန်လော့သည် တုံ့ဆိုင်းခြင်းမရှိ ချင်ခဲ့၏ ဓားပေါ်သို့ လှမ်းခုန်လိုက်သည်။ သို့သော် အရှိန်လွန်သွားသဖြင့် သူသည် ဓားနောက်ဘက်သို့ မကျဘဲ ချင်ခဲ့၏ အရှေ့တည့်တည့်သို့ ရောက်သွားခဲ့သည်။ ထို့ကြောင့် သူသည် လျင်မြန်စွာပင် ချင်ခဲ့၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖက်တွယ်လိုက်သည်။

ချင်ခဲ့မှာ ဟန်ချက်ပျက်သွားသဖြင့် ချန်လော့ကို လက်နှစ်ဖက်ဖြင့် ဆီးကြိုပွေ့ဖက်လိုက်ရာ မင်းသမီးလေးကို ပွေ့ဖက်ထားသည့်ပုံစံအတိုင်း ဖြစ်သွားတော့သည်။

"ဂိုဏ်းချုပ်ချင်... ခင်ဗျားရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးနေတာ ကြာပါပြီဗျာ"

ချန်လော့က ပြုံး၍ နှုတ်ဆက်လိုက်၏။

ချင်ခဲ့မှာ ခေတ္တမျှ မှင်သက်သွားပြီးမှ စကားမဲ့နေသော မျက်နှာပေးမျိုးဖြင့် ချန်လော့ကို ကြည့်နေမိတော့သည်။

All Chapters