ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်
Vol. 01 Ch. 4
စုရှန်းဝမ် ပြောလိုက်သောစကားသည် စုလင်းယွမ်ကိုသာမက အိမ်ထဲတွင် ရောက်ရှိနေသော လူအားလုံးကိုပါ မည်သည့်စကားမျှ မပြောနိုင်လောက်အောင် အံ့အားသင့်စေရသည်။ သားဖြစ်သူမှ အမှားကျူးလွန်ခဲ့လျှင်ပင် သဘောထားအမှန်နှင့် တောင်းပန်မှုမရှိပဲ သည်လိုအရှက်မဲ့စွာ ခြိမ်းခြောက်နေသေးသည်။ သို့သော်လည်း စတားစီးတီးကျောင်း၌ စုရှန်းဝမ်၏လွှမ်းမိုးနိုင်မှုကို စဉ်းစားမိကြပြီး စုလင်းယွမ်နှင့်ထန်ရှုတို့ သားအမိနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်ကြတော့သည်။
စုရှန်းဝမ်၏အကျင့်စရိုက်မှာ မနှစ်မြို့စရာကောင်းသော်လည်း သူသည် မီလျံနာသူဌေးတစ်ဦးဖြစ်သည်ဟူသော အမှန်တရားတစ်ခုကိုတော့ လက်ခံရပေမည်။ ယခုနှစ်တွေထဲတွင် စတားစီးတီးကျောင်း၌ အဆက်အသွယ်များအား များစွာတည်ဆောက်ခဲ့နိုင်သောကြောင့် သူ့ကို လွန်ဆန်ရန်ဆိုသည်မှာ ဖြစ်နိုင်ဖွယ် အရာတစ်ခု မဟုတ်ချေ။
ထို့ကြောင့် သူ၏ချိန်းခြောက်မှုကို စုလင်းယွမ်မှ လက်ခံလိမ့်မယ်ဟု လူတိုင်းက တွေးနေကြချိန်တွင် စုလင်းယွမ်သည် ခံစားချက်မရှိသောမျက်နှာဖြင့် သူမ၏လက်ကိုမြှောက်ကာ စုရှန်းဝမ်၏ပါးအား
ဖြန်းကနဲ မြည်အောင် ရိုက်ချလိုက်သည်။ ပါးရိုက်လိုက်သောအသံမှာ အိမ်ထဲရှိလူအားလုံး ပြတ်ပြတ်သားသား ကြားနိုင်ရသည်အထိ ကျယ်လောင်လွန်းလှသော်လည်း နားအကြားမှားနေရော့သလားဟု တွေးထင်မိကြသည်။
လူတိုင်း၏အသိထဲတွင် စုလင်းယွမ်ဆိုသည်မှာ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်အေးချမ်းသောသူတစ်ယောက် ဖြစ်သည်။ စိတ်သဘောထားကောင်းပြီး ကြင်နာတတ်သောစိတ်ထားရှိသူလည်း ဖြစ်သည်။ သူမအနေဖြင့် ကြီးနိုင်ငယ်ညှင်းကိစ္စရပ်တွေ၊ သူတစ်ဖက်သားအား အနိုင်ကျင့်မှုတွေ တစ်ခါဖူးမျှ မည်သူ့ကိုမှ မလုပ်ခဲ့ပေ။ သူမဘဝတွင် ဒီဟာသည် ပထမဦးဆုံးအကြိမ် အခြားသူတစ်ယောက်ကို ပါးရိုက်ခြင်း ဖြစ်ပြီး စုရှန်းဝမ်လို သန်မာဖျတ်လတ်သောသူကို ရိုက်ပစ်လိုက်ခြင်း ဖြစ်သည်။ သည်အဖြစ်သည် လူအားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေအောင် အင်မတန် အံသြသွားစေသည်။
မိခင်ဖြစ်သူမှ စုရှန်းဝမ်အား ပါးရိုက်လိုက်သည်ကို မြင်ရသော ထန်ရှုတစ်ယောက် အလွန်ပျော်ရွှင်သွားပြီး အားရပါးရ အော်မရီပဲမနေနိုင်တော့ချေ။ သို့သော်လည်း ထိုပျော်ရွှင်မှုမှာ တစ်ခဏသာခံခဲ့သည်။ ထန်ရှု၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း အားနည်းလာပြီး မြေပေါ်သို့ လဲကျသွားသည်။ ပူပင်သောကနှင့် ပျော်ရွှင်မှုအား အချိန်တိုအတွင်းတွင် ကြုံတွေ့လိုက်ရသောကြောင့် ခုနက အသုံးပြုထားသော မူလပေါက်ကွဲခြင်းပညာရပ်၏အသက်စွမ်းအားကို လျော့နည်းစေတတ်သောအကျိုးဆက်က ထန်ရှုတစ်ယောက် အားရပါးရ ၃ကြိမ်ရယ်မောပြီးချိန်တွင် လူကို လဲကျစေပြီး သတိလစ်လုမတတ် ဖြစ်စေသည်။
ညီမဖြစ်သူ၏ ပါးရိုက်မှုကို ခံလိုက်ရကြောင်း သိလိုက်ရသော စုရှန်းဝမ်၏ မျက်လုံးထဲတွင် ရက်စက်လိုသောအလင်းတစ်ချက် ဖျက်ခနဲ ပေါ်လာပြီး စုလင်းယွမ်အား ပြန်လည်ရိုက်ပစ်လိုသော စိတ်တဖွားဖွား ဖြစ်ပေါ်နေသည်။ သို့သော်လည်း သူ့အတွက်လုပ်ခွင့်မသာခဲ့ပါချေ။ ထိုအဖြစ်အပျက်တစ်ခုလုံးကို ဘေးမှစောင့်ကြည့်နေသော ချိန်ရွှယ်မေ့မှ အခြားသူများအား ထိခိုက်ဒဏ်ရာရမည်စိုးသဖြင့် သူအား လက်ထိပ်ခတ်လိုက်သောကြောင့် ဖြစ်သည်။
"ငါနဲ့ ဟုဝမ်ရှုက ထန်ရှုကို ဆေးရုံပို့လိုက်မယ်... မစ်စုလင်းယွင်က ငါတို့နဲ့အတူ လိုက်လာလိမ့်မယ်... ဒီအဖြစ်အပျက်မှာ ပတ်သက်နေတဲ့လူအားလုံးကိုတော့ ရဲဌာနကို ခေါ်သွားလိုက်... "
ချိန်ရွှယ်မေ့တစ်ယောက် စုရှမ်းဝမ်ကို စက်ဆုပ်ရွံရှာသောအကြည့်နှင့်တစ်ချက်ကြည့်လိုက်ပြီး သူမနှင့်အတူလိုက်ပါလာသောရဲအရာရှိများအား ညွှန်ကြားလိုက်ကာ သည်နေ့အဖြစ်အပျက်အား အဆုံးသတ်လိုက်သည်။
လေလျော့နေသည့် ရာဘာဘောလုံးလိုမျိုး ခြောက်ကပ်နေသောပုံစံဖြင့် စုရှန်းဝမ်သည် ချိန်ရွှယ်မေ့၏ တရွေ့ရွေ့ထွက်ခွာသွားသည်အား ကြည့်နေခဲ့သည်။
ထိုနည်းတူစွာ ကျန်းမေယွမ်သည်လည်း မွေးနေ့ပွဲအား ယခုလို အဆုံးသတ်သွားလိမ့်မည်ဟု မည်သည့်အခါမှ တွေးမထင်ထားခဲ့ချေ။ သူမတို့မိသားစုအနေဖြင့် ရဲစခန်းမှ လွယ်လွယ်ကူကူလွတ်လာခဲ့ရင်တောင်မှ ပတ်ဝန်းကျင်တွင် သူတို့မိသားစု၏ဂုဏ်သတင်းက ညိုးနွမ်းနေမှာပဲဖြစ်သည်။
အခြားတစ်ဖက်တွင် စုရန်နင်းနှင့် စုရှန့်ဖေးသည် ၎င်းတို့၏ရိုးရှင်းသောစနောက်မှုသည် ယခုလောက်ထိ မည်သို့ပြင်းထန်သွားသည်ကို အခုချိန်ထိ ရှင်းရှင်းလင်းလင်း နားမလည်နိုင်ကြသေးပေ။
“ဒီဟာက ထန်ရှုရဲ့လက်ချက်ပဲ ဖြစ်မယ်။ သူက ရည်ရွယ်ချက်ရှိရှိ ဒါကို လုပ်ခဲ့တာပဲ။”
ထန်ရှု၏ ဉာဏ်များလှသောအပြုံးနှင့်စကားများကို ပြန်လည်တွေးတောရင်း သူ့အား ကစားနေခဲ့သည်ကို သိရှိသွားသောအခါတွင်မှတော့ စုရှန့်ဖေးတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်မိတော့သည်။
ညနက်နက်တွင် စတားစီးတီးမြို့ရှိဆေးရုံတစ်ခု၏ လူနာကုတင်ပေါ်တွင် ထန်ရှုတစ်ယောက်ရှိနေပြီး
ည၏ကြယ်အလင်းရောင်သည် ပြတင်းပေါက်မှတဆင့် ထန်ရှု၏မျက်နှာပေါ်သို့ ဖြာကျနေသည်။
"ကောင်းကင်က နတ်ဘုရားတွေနဲ့ မြေပေါ်က မိစ္ဆာတွေကို စကြာဝဠာကြီးက သီးခြားစီ ခွဲခြားထားတယ်။ နတ်ဘုရားတွေက မြင့်မြတ်ရင် မိစ္ဆာ တွေက နိမ့်ကျနေတာလား။ မိစ္ဆာ တွေက အဆင့်အတန်း မြင့်နေရင် နတ်ဘုရားတွေက နိမ့်ကျနေတာလား။ စကြာဝဠာကြီးက အမြဲတမ်းပြောင်းလဲနေတယ်။ သန်မာတာနဲ့ အားနည်းတာကလည်း ခွဲခြားဖို့ခက်ခဲတယ်။ နောက်ဆုံးမှာ ယင်နဲ့ယန်ကလည်း တွေ့ဆုံကြတဲ့အခါ ပေါင်းစပ်မှု ဖြစ်ပေါ်လာလိမ့်မယ်။ အဲ့ဒီအခါကျရင် နတ်ဘုရားတွေနဲ့ မိစ္ဆာ တွေကလည်း တစ်ခုတည်းအဖြစ် အတူတကွနေထိုင်ကြလိမ့်မယ်။ ဒါက ယင်ယန် တာအိုပဲ။"
ထန်ရှ၏နှုတ်ဖျားမှ တတွတ်တွတ်ထွက်လာသည့် နားလည်ရန်ခက်ခဲသော စကားလုံးတွေက သူ့ဘေးနားမှာ အိပ်ပျော်နေသည့် မိခင်ဖြစ်သူကို နိုးသွားစေသည်။
စုလင်းယွမ်တစ်ယောက် အဆိုပါစကားများအား ကြားကြားချင်းတွင် နေ့လည်က အဖြစ်အပျက်ကြောင့် ထန်ရှုတစ်ယောက် အိမ်မက်ဆိုးမက်ကာ ယောင်နေသည်ထင်သောကြောင့် နှိုးရန်ပြင်လိုက်ပေသော်လည်း မီးရောင်မှိန်မှိန်လေးသာ လင်းနေသောအခန်းထဲတွင် သားဖြစ်သူ၏မျက်နှာကိုမြင်ပြီး နှိုးမည့်အတွေးကို မောင်းထုတ်ပစ်လိုက်သည်။
ထန်ရှု ရွတ်နေသောစကားများကို နားမလည်နိုင်သော်လည်း ထန်ရှု၏မျက်နှာသည် ထူးထူးခြားခြား တည်ငြိမ်နေပြီး ခပ်ဖွဖွ ပြုံးလိုက်သောအခါတွင် သူ၏ မျက်ခုံးနှစ်ခုမှာ လခြမ်းသဏ္ဍာန်ကွေးကာ ကြည့်ကောင်းလျက်ရှိပေသည်။
"ငါ့သားလေးက စာတွေရွတ်နေတာများလား။ "
သူမ၏သားဖြစ်သူက အထက်တန်းကျောင်း၏ အဆင့်၃သို့ တက်ရောက်ရန် ကြိုးစားနေသည်ကို သတိရသွားပြီး စုလင်းယွမ် စိတ်သက်သာရာ ရသွားသည်။
မကြာမီအချိန်ခဏလေးအတွင်းမှာပင် စုလင်းယွမ်တစ်ယောက် မျက်လုံးပြူးသွားရပြန်သည်။
ပြတင်းပေါက်အပြင်ဘက်တွင်ရှိသော ကြယ်များသည် အလွန်သေးငယ်သော ကြယ်မှုန်လေးများအဖြစ်သို့ ပြောင်းသွားပြီး အဆိုပါကြယ်မှုန်အလင်းရောင်သည် ပြတင်းပေါက်ကိုဖြတ်ကာ ဖြူလျော့နေသော သူမ၏သားမျက်နှာပေါ်ကို ထိုးကျနေသည်။ ထို့နောက်ကြယ်မှုန်များသည် တစ်ဖြည်းဖြည်း ထန်ရှု၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို မြင်ရပြီး စုလင်းယွမ် အလွန်အံသြသွားသည်။
များမကြာမီ ပါးလွှာသော မြူခိုးအလွှာလေးထွက်ပေါ်လာပြီး ထန်ရှုအား လွမ်းခြုံလျက်ရှိသည်။ ထိုအရာအား မြင်ရခြင်းသည် ညအချိန်တွင် မျက်လှည့်တစ်ခု ကြည့်နေရသည့်နှယ်ဖြစ်ချေသည်။
သားဖြစ်သူ၏ ဖြူဖျော့နေသော မျက်နှာမှာ တဖြည်းဖြည် နှင်းဆီရောင်သန်းစပြုလာပြီး သူ၏နဖူးထက်တွင် မြင့်မြတ်သောအလင်းလွှာပါးပါးဖြင့် ဖုံးအုပ်ထားသည်။ သူမ စိတ်ကယောင်ချောက်ခြားဖြစ်နေပြီလားဟု စုလင်းယွမ် ထင်လာသောကြောင့် သေချာအောင် မြူခိုးတွေကို ထိကြည့်လိုက်သည်။
သူမ ထိလိုက်သောအခါတွင် အလွှာပါးဖြစ်နေသောမြူခိုးများသည် လေထဲတွင် ပျောက်ကွယ်သွားသည်။
"ကြည့်ရတာ နေ့လည်က အဖြစ်အပျက်ကြောင့် ငါ ကယောင်ချောက်ချား ဖြစ်နေတာထင်တယ်။ "
စုလင်းယွမ်တစ်ယောက် ခါးသက်သက် ပြုံးလိုက်ပြီး ထန်ရှုကို စောင်သေချာခြုံပေးလိုက်ကာ သူ၏ဘေးနားမှာပင် ပြန်အနားယူလိုက်သည်။
အဖြူရောင်မြူခိုးလေးများ ပျောက်ကွယ်သွားသည့်အချိန်တွင် ထန်ရှု၏မျက်တောင်များလှုပ်လာသည်ကို စုလင်းယွမ်တစ်ယောက် သတိမပြုမိခဲ့ပါချေ။
“ကောင်းကင်စကြာဝဠာပညာရပ်… ဒီပညာရပ်ကို ငါ အောင်အောင်မြင်မြင် လေ့ကျင့်လို့ ရသွားခဲ့ပြီပဲ။”
ထန်ရှုသည် ကုတင်ပေါ်မှာ လဲလျောင်းနေရင်း သူ၏ခန္ဓာကိုယ်ကို စစ်ဆေးပြီးသည့်အချိန်တွင် မယုံကြည်နိုင်သောအသွင်မျိုး ဖြင့် အံ့အားသင့်လျက်ရှိနေလေသည်။
ကောင်းကင်စကြာဝဠာပညာရပ်သည် နတ်ဘုရားများနှင့်မိစ္ဆာများ၏ ရှေးကျသော အကြွင်းအကျန်များမှ ထန်ရှုသည် မတော်တဆ ရရှိခဲ့ခြင်းဖြစ်သည်။
ဟိုးရှေးခေတ်အချိန်တွေ၌ ကောင်းကင်စွမ်းအားများ ဖွဲ့စည်းဖြစ်မတည်လာချိန်တွင် ကမ္ဘာကြီးသည် ပုံစံမဲ့ စွမ်းအားများဖြင့် ပြည့်နှက် နေခဲ့သည်။ နတ်ဘုရားများနှင့် မိစ္ဆာများကသာ ကမ္ဘာကြီးအား လွှမ်းမိုးအုပ်စိုးထားပြီး လူများမှာ ပုရွက်ဆိတ်သာသာ ခန့်သာရှိသည်။ နတ်ဘုရားများနှင့်မိစ္ဆာများ၏အစွမ်းမှာ တောင်များကို ဖြိုပစ်နိုင်သကဲ့သို့ ပင်လယ်ပြင်ကိုလည်း မှောက်ပစ်နိုင်သည့်အထိ အစွမ်းများရှိကြသည်။
နတ်ဘုရားမျိုးနွယ်၏ဘိုးဘေးများသည် စိတ်ပိုင်းဆိုင်ရာတွင် အထူးကောင်းမွန်သောကြောင့် သူတို့၏ ကျင့်စဉ်များသည် စိတ်ဝိညာဉ်ကို အခြေခံပြီး လေ့ကျင့်ကြသည်။ နတ်ဆိုးမိစ္ဆာများသည် အပြင် ခန္ဓာကိုယ်ပိုင်းတွင် အရမ်းသန်မာကြသောကြောင့် ၎င်းတို့၏ကျင့်စဉ်များသည် ခန္ဓာကိုယ်အား အဓိကထား ပြီး လေ့ကျင့်ကြသည်။ နတ်ဘုရားများနှင့် မိစ္ဆာများ၏ကျင့်စဉ်များသည် အလွန်အစွမ်းထက်သော်ငြားလည်း ကျင့်စဉ်၂ခုလုံးသည် ရေနှင့်မီးပမာ ဆန့်ကျင်ဘက် ဖြစ်နေကြသည်။ ထို့ကြောင့် တစ်ချိန်တည်းတွင် ကျင့်စဉ် ၂ခုစလုံးအား တစ်ပြိုင်နက် လေ့ကျင့်၍ မရချေ။
အလွန်အမင်း စွမ်းအားကောင်းသော ကျင့်စဉ်များကြောင့် နတ်ဘုရားနှင့်မိစ္ဆာမျိုးနွယ်အကြား တိုက်ပွဲများ ဖြစ်ပွားပြီး မျိုးနွယ်နှစ်ခုစလုံး ပျက်စီးကာ မျိုးတုန်းစေခဲ့သည်။ ထိုနောက် စစ်မြေပြင်များတွင် လျှို့ဝှက်ကျင့်စဉ် အပိုင်းအစများ အများကြီး ကျန်ရစ်ခဲ့လေသည်။
ထန်ရှု အမှတ်မထင် တွေ့ရှိခဲ့သော ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်သည် အဆိုပါပျက်စီးပျောက်ကွယ်ခဲ့ရသော မျိုးနွယ်စု၂ခုစလုံးမှ ပါရမီရှင်များ လေ့ကျင့်၍ရသော အထွတ်အထိပ် ပညာရပ်ကျင့်စဉ်ဖြစ်သည်။
ထိုကျင့်စဉ်ကို ရရှိပြီးနောက် ထန်ရှုသည် အလွန်ပျော်ရွှင်စွာဖြင့် သဲသဲမဲမဲ လေ့ကျင့်ခဲ့သည်။ သို့သော် နှစ်တစ်ရာလောက်ကြာပြီးသောအခါတွင်တော့ ထိုကျင့်စဉ်အား သူလေ့ကျင့်၍ မရသည်ကို ဝန်ခံရတော့သည်။
ထိုကျင့်စဉ် ကျင့်ရန် အဓိကကျသော လိုအပ်ချက်မှာ လေ့ကျင့်မည့်သူ၏ခန္ဓာကိုယ်သည် သန္ဓေသားလိုမျိုး အသန့်စင်ဆုံးအခြေအနေတွင် ရှိရမည့်အပြင် သူ၏စိတ်မှာလည်း မြူတစ်မှုန်မျှ အညစ်အကြေးမရှိပဲ ကြည်လင်သန့်စင်နေရမည်ဖြစ်သည်။ သည်အချက်များသည် ရိုးရှင်းသော်လည်း ဖြစ်နိုင်ရန် ခက်ခဲသောရာများပင် ဖြစ်ချေသည်။
အဆိုပါကျင့်စဉ်အား ထန်ရှုသည် နှစ်၁၀၀ ခန့် အချိန်ပေးကာ နှိုက်နှိုက်ချွတ်ချွတ် လေ့လာအဖြေရှာခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်တွင်တော့ ထန်ရှုသည် စိတ်ပျက်လက်ပျက်ဖြင့် အဆိုပါ ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်အား အမှိုက်တစ်ခုသဖွယ် သူ၏သိုလှောင်လက်စွပ်ထဲတွင် ပစ်ထည့်ထားလိုက်တော့သည်။ သည်ကျင့်စဉ်သည် မည်သူကိုမျှ အသုံးမဝင်နိုင်မှန်းသိနေသောကြောင့် သူ၏ချစ်သူ အပါအဝင် အရင်းနှီးဆုံး သူငယ်ချင်းတွေကိုတောင်မှ မပြောပြဖြစ်ခဲ့ပါချေ။ ထိုကျင့်စဉ်ကို ပေးလိုက်ပါက သူတို့၏ ကျင့်ကြံမှုအချိန်များအား အလကားဖြစ်စေရုံသာမက ကျင့်စဉ် ဖောက်ပြန်မှုများပင် ဖြစ်နိုင်သေးသည်။
ထိုဆုံးဖြတ်ချက်ကြောင့်ပင် သူ၏ချစ်သူနှင့်သူငယ်ချင်းများ၏စိတ်ထဲတွင် လောဘစိတ်ဖြင့် အမုန်းမီးပွားစေခဲ့သည်။ အဆုံးသတ်တွင် သူ၏စိတ်ဝိညာဉ်ကို အစိတ်စိတ်အမွှာမွှာကွဲစေခဲ့ပြီး ခါးသီးလှသော ခံစားချက်နှင့်အတူ သေအံ့မူးမူးအထိဖြစ်ခဲ့ရသည်။
“အင်မော်တယ်ကမ္ဘာမှာ နှစ်တစ်ရာလောက်လေ့ကျင့်ခဲ့တုန်းက မအောင်မြင်ခဲ့ပါပဲနဲ့ ဒီကမ္ဘာမှာကျတော့ တစ်ညတည်းနဲ့ကို ကောင်းကင်စကြာဝဠာပညာရပ်ကို ဘယ်လိုလေ့ကျင့်နိုင်ခဲ့တာပါလိမ့်။ ဒီကမ္ဘာရဲ့ခန္ဓာကိုယ်က အင်မော်တယ်ကမ္ဘာက ခန္ဓာကိုယ်ထက် ပိုပြီး ကျင့်ကြံမှုပါရမီပါနေလို့များလား”
မကြာမီမှာပဲ သည်ခန့်မှန်းချက်ကို ထန်ရှု ပယ်ချလိုက်သည်။
တော်ဝင်မီးတောက်ငှက်ဂိုဏ်းချုပ်၏ မြေးဖြစ်ခဲ့သောအချိန်တွင် မိခင်ဝမ်းတွင်သန္ဓေသားအဖြစ်ရှိစဉ်ကတည်းက ကောင်းကင်ရတနာအထွဋ်အထိပ် ဆေးမျိုးစုံဖြင့် တိုက်ကျွေးပြုစုပေးခြင်းခံခဲ့ရသည်။ မွေးဖွားလာသောအခါတွင်လည်း သူသည် ပြင်ပခန္ဓာကိုယ်သာမက အတွင်းဖွဲ့စည်းပုံပါ အလွန်သန်မာသည်။ သူ၏ဉာဏ်ရည်နှင့် သိုင်းပညာပါရမီမှာလည်း မွန်းစတားဆန်လွန်းလှသည်။ ကျင့်စဉ်တိုးတက်နှုန်းသာ အလွန်မြန်ရုံမကပဲ သူ ပိုင်ဆိုင်ထားသည့် မြောက်များလှစွာသော စိတ်ဝိညာဉ်ဆေးလုံးများ၊ သိုင်းပညာရပ်ကျင့်စဉ်များ ၊ ကျင့်စဉ် အထောက်အကူပြု ပစ္စည်းများ၊ လက်နက်များကြောင့်လည်း အခြားလူများအတွက် အားကျစရာ ဖြစ်ခဲ့ရသည်။
အခြားတစ်ဖက်ကကြည့်မည်ဆိုလျှင် ကမ္ဘာပေါ်မှ ထန်ရှုသည် ငယ်ရွယ်ပြီး အာဟာရ ချို့တဲ့နေသောကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုမရှိချေ။ ကားမတော်တဆဖြစ်ပြီးသည့်နောက်တွင် သူ၏စိတ်သည် ကယောက်ကယက်ဖြစ်နေပြီး တစ်ခါတစ်ရံ မိမိကိုယ်မိမိပင် အန္တရာယ်ဖြစ်စေသည်။ သို့ဖြစ်သောကြောင့် ယခုကမ္ဘာပေါ်မှ ခန္ဓာကိုယ်သည် အင်မော်တယ်ကမ္ဘာမှ ခန္ဓာကိုယ်ထက် ပို၍ကောင်းသည်ဟု ပြောလျှင် ယုတ္တိမရှိပါချေ။
“သိုင်းပညာပါရမီကြောင့်မဟုတ်ရင် ဘာကြောင့်ဖြစ်နိုင်လဲ။”
ထန်ရှုတစ်ယောက် အဖြေရှာနေရင်း ထိုအချိန်တွင် ကြယ်များဆီမှ ရရှိထားသော အပ်ချည်မျှင်ကဲ့သို့ စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအား လမ်းကြောင်းဆီသို့ စီးဝင်နေသည်ကို ခံစားမိနေသည်။
“ဒီကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်လိုအပ်ချက်အရဆိုရင် သန္ဓေသားလိုမျိုး ခန္ဓာကိုယ်က အစနေရာမှာ ရှိနေမှရမယ်။
ဒီဟာက ကောင်းကင်စွမ်းအားတွေ ဖြစ်မလာခင် ရှေးခေတ်အချိန်ကတည်းက ပြောခဲ့တာပဲ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အခုကမ္ဘာမှာလည်း ကောင်းကင်စွမ်းအားတွေ ဘာမှ ရှိမနေဘူး။
ခန္ဓာကိုယ် နဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကျတော့လည်း
သွေးတွေအန်ထုတ်ပြီးတဲ့အချိန်မှာ ငါ သတိလစ်နေခဲ့တယ်လေ။
ဒါဆို ငါရဲ့ ခန္ဓာကိုယ်က ငါမထိန်းချုပ်သေးတဲ့ သတိလစ်နေတဲ့အခြေအနေမှာ လုံးဝမလှုပ်ရှားခဲ့ဘူး... ဒီအခြေအနေက ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ပြည့်မှီခဲ့တာ ထင်တယ်။
သတိလစ်နေခဲ့လို့ ငါ့ရဲ့စိတ်ကလည်း မူလအခြေအနေ မှာ ရှိနေတဲ့အတွက် ဘာအညစ်အကြေးမှ စွန်းထင်နေမှာမဟုတ်ဘူး။ ဒီအချက်တွေကြောင့်ပဲ ဖြစ်ရမယ်။”
ကြိုးစားကျင့်ကြံရန် ဆုံးဖြတ်ချက်ပြီးသည့်နောက်တွင် ထန်ရှုသည် အလွန်ကျေနပ်အားရနေခဲ့သည်။ ယခင်က သည်အခြေအနေကို ရောက်ရန် အကြိမ်ပေါင်း ၁သိန်းမက ကျင့်စဉ်အား အလွတ်ကျက်မှတ်ခဲ့ရသည်။ ယခုအချိန်တွင်တော့ ကျင့်ကြံခြင်း၏ ပထမဆုံးအဆင့် ဆင့်ကဲတိုးတက်မှုအား စတင်နေပြီဖြစ်သည်။
ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်၏ပထမအဆင့်: ကြယ်များဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာကိုယ်
"ကောင်းကင်က နတ်ဘုရားတွေနဲ့ မြေပေါ်က မိစ္ဆာတွေကို စကြာဝဠာကြီးက သီးခြားစီ ခွဲခြားထားတယ်။ နတ်ဘုရားတွေက မြင့်မြတ်ရင် မိစ္ဆာ တွေက နိမ့်ကျနေတာလား။ မိစ္ဆာ တွေက အဆင့်အတန်း မြင့်နေရင် နတ်ဘုရားတွေက နိမ့်ကျနေတာလား။ စကြာဝဠာကြီးက အမြဲတမ်းပြောင်းလဲနေတယ်။ သန်မာတာနဲ့ အားနည်းတာကလည်း ခွဲခြားဖို့ခက်ခဲတယ်။ နောက်ဆုံးမှာ ယင်နဲ့ယန်ကလည်း တွေ့ဆုံကြတဲ့အခါ ပေါင်းစပ်မှု ဖြစ်ပေါ်လာလိမ့်မယ်။ အဲ့ဒီအခါကျရင် နတ်ဘုရားတွေနဲ့ မိစ္ဆာ တွေကလည်း တစ်ခုတည်းအဖြစ် အတူတကွနေထိုင်ကြလိမ့်မယ်။ ဒါက ယင်ယန် တာအိုပဲ။"
စာသားများကို တစ်ကြောင်းချင်းစီ ရွတ်ဆိုနေရင်း သူ၏စိတ်အသိသည် ကြယ်တွေပြည့်နေသည့် ကောင်းကင်တစ်ခုကို မြင်ရသည့်တိုင်အောင် တဖြည်းဖြည်း ကျယ်ပြန့်လာသည်ကို သိလိုက်ရသည်။
သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကြယ်များသည် ချစ်စရာကောင်းပြီး ရင်းနှီးလာသကဲ့သို့ ခံစားလိုက်ရသည်။ ကြယ်များကိုလည်း နူးနူးညံ့ညံ့ ဂရုတစိုက် ထွေးပိုက်ထားချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။
စိတ်ထဲတွင် တစ်ချက်လက်ကနဲ ဖြစ်သွားပြီး သူ၏စိတ်အသိသည် ကြယ်တစ်လုံးဆီသို့ ရောက်ရှိသွားသည်ကို ခံစားမိလိုက်ပြီးနောက် ကြယ်သည် တစ်စစီဖြစ်သွားက ကြယ်မှုန်အလင်းရောင်များသည် စိတ်အသိပေါ်သို့ ဖြန့်ကျက်သွားပြီး ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။
ထိုကြယ်အလင်းရောင်များအား သူ၏ခန္ဓာကိုယ်မှ အကုန်စုပ်ယူပြီးသွားသောအခါ အခြားကြယ်တစ်လုံးဆီသို့ ပြောင်းရွှေ့သွားပြီး ကြယ်အလင်းရောင်များအား ထပ်မံစုပ်ယူလျက်ရှိနေသည်။
သည်ပုံစံမျိုးဖြင့် ကြယ်အလင်းရောင်များအား ရှာဖွေစုပ်ယူနေခဲ့သည်မှာ ကျင့်စဉ်တစ်ဝက်ထိ ရောက်နေပြီဆိုသည်ကို ထန်ရှု မေ့နေခဲ့သည်။
"အား…"
ကျင့်ကြံနေသည့်အချိန်အတော်ကြာသွားပြီးနောက် ထန်ရှုတစ်ယောက် ရုတ်တရက် စူးစူးဝါးဝါးအော်လိုက်ပြီး သူ၏ကျင့်ကြံမှုအား ရုပ်သိမ်းလိုက်ရသည်။