အခန်း (၁၇၅၆-၁၇၅၈)
Vol. 118 Ch. 1756-1758
အခန်း (၁၇၅၆ )
လျှို့ဝှက်လဝန်း ကျောင်းတော်မှ စမ်းသပ်ချက်
နတ်ဘုရင်ခံ ကွေးဟိုင်၏ စကားကို ကြားလျှင် နတ်ဘုရင် ချီယန် အံ့အားသင့်သွား၏။
ဧကန်မုချပင် နတ်ဘုရင်ခံ ကွေးဟိုင် ပြောသကဲ့သို့ပင် ဖြစ်သည်။ သူတို့ ယခုနောက်ဆုတ်လိုက်ပြီဖြစ်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်နှင့် မဟာမိတ် ဖွဲ့ခဲ့တာကတော့ အမှန်ပင်။
အရေးကြီးဆုံးမှာ ချီယန်ဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်ကို ကူညီ၍ ထျန်းရှနတ်ဘုရားနိုင်ငံတော်ကို တားဆီးပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်ဆီးရန် ကြံစည်ထားသည့် ခမ်းနားသော ကောင်းကင်ခန်းမ၏ အစီအစဉ်ကို နှောင့်ယှက်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ခမ်းနားသော ကောင်းကင်ခန်းမကဲ့သို့ အင်အားကြီး အဖွဲ့အစည်းတစ်ခုအတွက်တော့ သူတို့ကဲ့သို့ နတ်ဂိုဏ်းအသေးလေးတစ်ဂိုဏ်းကို အမြစ်ပြတ်အောင် ချေမှုန်းရန်က ငှက်ပျောသီး အခွံနွှာရသလောက် လွယ်ကူလှသည်။ ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို တကယ် ဖျက်ဆီးမည့်နေ့ ရောက်လာလျှင် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်သည် ၎င်းတို့၏ အစီအစဉ်ကို ပျက်စီးစေခဲ့သူမှာ ချီယန်ဂိုဏ်းဖြစ်ကြောင်း ရုတ်တရက် သတိရသွားနိုင်သည်။
ထိုအခါ ချီယန်ဂိုဏ်းကိုလည်း တစ်ပါတည်း အလွယ်တကူ သုတ်သင်ပစ်လိုက်ပေလိမ့်မည်။
ကြံရခက်နေကာ မှင်တက်နေသော နတ်ဘုရင် ချီယန်ကို ကြည့်ရင်း နတ်ဘုရင်ခံ ကွေးဟိုင်က
“ခင်ဗျားတို့ရဲ့ ချီယန်ဂိုဏ်းက ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ခွင့်လွှတ်မှုကို ရချင်တယ်ဆိုရင် လျှို့ဝှက်လဝန်းနန်းတော်နဲ့ အဆက်အသွယ် ဖြတ်တာက အစပဲ ရှိပါသေးတယ်။”
ထိုအရာကို ကြားလျှင် နတ်ဘုရင် ချီယန်က
“သံတမန်မှာ ဘာအကြံဉာဏ်ကောင်းရှိမလဲလို့ သိချင်မိပါတယ်။ ကျုပ်ကို လမ်းညွှန်ပေးပါဦး။ ကျုပ်တို့ ချီယန်ဂိုဏ်းက ခင်ဗျားကို ထိုက်ထိုက်တန်တန် ပြန်လည် ပေးဆပ်ပါ့မယ်။”
နတ်ဘုရင်ခံ ကွေးဟိုင်က ခပ်အေးအေးပင်
“ခင်ဗျားတို့အနေနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်မယ့် စစ်ဆင်ရေးမှာ ပါဝင်ပေးရုံပါပဲ။ အဲဒီအချိန်ကျရင် ကျုပ်က အထက်လူကြီးတွေကို ခင်ဗျားတို့က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လှည့်ဖြားမှုကို ခံလိုက်ရတာပါလို့ ကောင်းကောင်းပြောပေးပါ့မယ်။ ဒါဆိုရင် ခင်ဗျားတို့အရင်က လုပ်ခဲ့တာတွေ အားလုံးကို သူ့အလိုလို ကျေအေးသွားပါလိမ့်မယ်။”
ဒါက...
နတ်ဘုရင် ချီယန် ခဏခန့် တွေဝေသွား၏။ အမှန်အတိုင်း ပြောရလျှင် မဟာမိတ်ကို ဤမျှ မြန်မြန်ဆန်ဆန် သစ္စာဖောက်ရန်တော့ သူ အနည်းငယ် စိတ်မပါလှပေ။
သူက ကိုယ်ကျင့်တရား အလွန် ကောင်းမွန်နေ၍တော့ မဟုတ်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် မဟာမိတ်ဖွဲ့ထားသည်မှာ မကြာသေးသောကြောင့်သာ ဖြစ်သည်။
ယခုချက်ချင်းပင် သစ္စာဖောက်လိုက်မည်ဆိုလျှင် ထိုအကြောင်းသာ ပေါက်ကြားသွားပါက ချီယန်ဂိုဏ်းသည် အခြားနတ်ဂိုဏ်းများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ဧကန်မုချ ခံရပေလိမ့်မည်။
နောက်နောင် ချီယန်ဂိုဏ်း ပျက်စီးကိန်းနှင့် ကြုံတွေ့ရသည့်တိုင် မည်သူကမှ သူတို့နှင့် မဟာမိတ် ပြန်ဖွဲ့လိုကြတော့မည် မဟုတ်ပေ။ သို့သော် အခြားတစ်ဖက်တွင်လည်း ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း မပြသနိုင်ပါက ခမ်းနားသော ကောင်းကင်ခန်းမက သူတို့ကို လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်တာလည်း အမှန်ပင်။
မဟာမိတ်ကို သစ္စာဖောက်ခြင်းသည် ကိုယ်ကျင့်တရား ပျက်ပြားရာရောက်ပြီး ချီယန်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမ၏ ဖျက်ဆီးခြင်းကို ခံရသည်ထက်တော့ တော်သေး၏။
အသေအချာ စဉ်းစားပြီးနောက် နတ်ဘုရင် ချီယန်က
“သံတမန်ကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ ချီယန်ဂိုဏ်းကလည်း တခြားသူတွေနဲ့အတူ ပူးပေါင်းပြီး လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။”
နတ်ဘုရင် ချီယန် သဘောတူသည်ကို မြင်လျှင် နတ်ဘုရင်ခံ ကွေးဟိုင်၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွတ်သွား၏။ နောက်ထပ် နတ်ဂိုဏ်းတစ်ဂိုဏ်းကို သိမ်းသွင်းနိုင်ခဲ့ပြီ မဟုတ်ပါလား။
သွေးလင်းယုန်ခန်းမကိုပါ စည်းရုံးပြီးလျှင် အင်အားစု သုံးစုပေါင်း၍ လျှို့ဝှက်လဝန်းနန်းတော်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် လျှို့ဝှက်လဝန်းနန်းတော် ပျက်စီးရန် အချိန်သိပ်ကြာတော့မည် မဟုတ်ပေ။
……
လျှို့ဝှက်လဝန်းကျောင်းတော်။
ကောင်းကင်တောင်ထိပ်။
ကျင့်စဉ်၌ စိတ်နှစ်ကာ တရားမှတ်နေသော လုချန်းသည် သူ၏ အဆောင်အပြင်ဘက်ရှိ လူအချို့၏ အငွေ့အသက်များကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ့ကို သတ်ရန် လုပ်ကြံသတ်ဖြတ်သူများ ထပ်ရောက်လာပြန်ပြီလားဟုလည်း ချက်ချင်း စိတ်ထဲက တွေးတောမိလိုက်၏။
ထိုအတွေးနှင့်အတူ သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အဆောင်၏ အဝင်ဝဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွား၏။ အဝင်ဝသို့ ရောက်လျှင် အမျိုးသမီးတစ်စု ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။
ထိုခဏတွင် အမျိုးသမီးတစ်ဦးက ရှေ့သို့တိုးလာပြီး လုချန်းကို
“မောင်လေး... ဒီအမျိုးသမီးတွေက ဂိုဏ်းက မောင်လေးကို ဆုအဖြစ် ပေးအပ်လိုက်တဲ့ အစေခံတွေပါ။”
ထိုစကားကို ကြားလျှင် လုချန်း အံ့အားသင့်သွား၏။
ဂိုဏ်းက သူ့ကို အဘယ်ကြောင့် ဤမျှများပြားသော အစေခံများ ပေးအပ်ရသနည်း။
ရှေ့တွင်ရှိနေသော နတ်သမီးများကို လုချန်း ကြည့်လိုက်ရာ တစ်ဦးချင်းစီမှာ ပန်းလေးများကဲ့သို့ လှပချောမောပြီး ရင်သပ်ရှုမောဖွယ် အလှတရားများကို ပိုင်ဆိုင်ထားကြသည်။ အမှန်စင်စစ် နတ်သမီးများထဲတွင် ရုပ်ဆိုးသူဟူ၍ မရှိသလောက်ပင် ဖြစ်သော်လည်း ဤနတ်သမီးများ၏ အလှကတော့ သာမန်နတ်သမီးများထက် များစွာ သာလွန်နေသည်။
ထိုအခိုက်အတန့်တွင် လုချန်းသည် ဤနတ်သမီးများ၏ သရုပ်မှန်ကို စနစ်အား သုံး၍ ခွဲခြားကြည့်လိုက်၏။ ၎င်းတို့ထဲမှ အများစုမှာ ပင်မတောင်ထိပ်မှ ဖြစ်သော်လည်း ပင်မတောင်ထိပ်မှ မဟုတ်သော သူတစ်ဦး ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
ဝတ်စုံနီနှင့် အမျိုးသမီးထံ၌ လုချန်း၏ အကြည့်တို့က ခဏခန့် ရပ်တန့်သွား၏။
[အမည် : လျူချိုင်]
[အချက်အလက် : ကောင်းကင်လင်းယုန်တောင်ထိပ်အဖွဲ့ဝင်]
[စွမ်းအား : ရွှေနတ်]
[သစ္စာစောင့်သိမှု : ၀]
လျူချိုင်သည် ပင်မတောင်ထိပ်မှ မဟုတ်သည်ကို သိလိုက်ရသဖြင့် လုချန်း ချက်ချင်းပင် သတိထားလိုက်မိ၏။ အခြားသူများသည် ပင်မတောင်ထိပ်မှ ဖြစ်ပြီး သူမတစ်ဦးတည်းသာ ကွဲပြားနေခြင်းက လျူချိုင်သည် ကောင်းကင်လင်းယုန်တောင်ထိပ်က ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းလွှတ်လိုက်သူ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။
လုချန်း၏ ရှေ့တွင် ရပ်နေသော အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက
“မောင်လေး...အစ်မ အခု ပြန်တော့မယ်နော်”
လုချန်းက
“ကောင်းပါပြီ အစ်မ... ဂရုစိုက်သွားပါဦး”
အပြာရောင်ဝတ်စုံနှင့် အမျိုးသမီး ထွက်ခွာသွားပြီးနောက် ထိုနတ်သမီးများက လုချန်းကို
“သခင်လေးကို ဂါရဝပြုပါတယ်”
ဟု တညီတညွတ်တည်း နှုတ်ဆက်ကြ၏။
လုချန်းကလည်း ခေါ်ဝေါ်ပုံကို မပြင်တော့ပဲ ခပ်အေးအေးပင်
“ကျုပ် ဒီမှာ အစေခံတွေ အများကြီး မလိုဘူး။ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုရင် အခုပဲ ထွက်သွားနိုင်ပါတယ်။”
လုချန်း၏ စကားကို ကြားသော်လည်း ထိုအမျိုးသမီးများကတော့ ထွက်မသွားကြပဲ ရပ်မြဲအတိုင်းသာ ရှိနေကြသည်။ လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို ရှုကျင့်ရှူးနှင့် မထိုက်တန်ဟု ထင်မြင်သောကြောင့် ဤမျှများပြားသော နတ်သမီးများကို လွှတ်လိုက်ခြင်းများလားဟု လုချန်း စိတ်ထဲ တွေးတောနေမိ၏။
ရှုကျင့်ရှူး သူ့ကို စိတ်ကုန်သွားစေရန် ဤအမျိုးသမီးများကို သုံး၍ သူ့အား ဆွဲဆောင်ခိုင်းခြင်း ဖြစ်နိုင်သည်။
အကယ်၍ သူသာ ညစဉ်ညတိုင်း ဤနတ်သမီးများနှင့်အတူ ကောင်းကင်တောင်ထိပ်တွင် ပျော်ပါးနေမည်ဆိုပါက တစ်စုံတစ်ယောက်က ရှုကျင့်ရှူးထံ သတင်းပို့မည်မှာ ဧကန်ပင်။
ထိုအခါ ရှုကျင့်ရှူးက သူ၏ စိတ်ရင်းအမှန်ကို သိသွားပြီး သူ့ကို စွန့်ခွာသွားလိမ့်မည်။ တကယ်တော့ ဤအစီအစဉ်သည် ရှုကျင့်ရှူးနှင့် သူ သာမန် ချစ်သူရည်စားများ ဖြစ်နေမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။
သာမန်စုံတွဲသာ ဖြစ်ခဲ့လျှင် ရှုကျင့်ရှူးသည် သူ့အပေါ် စိတ်ပျက်သွားပေလိမ့်မည်။
သို့သော် လုချန်းနှင့် ရှုကျင့်ရှူးကတော့ သာမန်စုံတွဲ မဟုတ်ကြပေ။ ရှုကျင့်ရှူးသည် သူ၏ အမျိုးသမီး ဖြစ်တာ မှန်သော်လည်း ဤဆက်ဆံရေးတွင် လုချန်းက အသာစီးရသူဖြစ်ပြီး ရှုကျင့်ရှူးကတော့ သူ၏ အကျဉ်းသားသဖွယ် ဖြစ်နေသည်။
သူ ညစဉ်ညတိုင်း ပျော်ပါးနေပြီး သူ့တွင် အမျိုးသမီးများစွာ ရှိနေသည်ကို ရှုကျင့်ရှူး သိနေလျှင်လည်း ထိုအရာက ရှုကျင့်ရှူး၏ သူ့အပေါ် အမြင်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
ထို့ပြင် သူ့တွင် အမျိုးသမီးများစွာ ရှိသည်ကို ရှုကျင့်ရှူးသာ သိသွားပါက သူမ ဝမ်းသာနေဦးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုချန်း၏ အာရုံများက အခြားသူများဆီသို့ ရောက်သွားသဖြင့် သူမကို ယခင်ကကဲ့သို့ အမြဲတစေ စောင့်ကြည့်နေတော့မည် မဟုတ်သောကြောင့်ပင်။
လုချန်းက
“ခင်ဗျားတို့ မထွက်သွားချင်ဘူးဆိုရင်လည်း အထဲကို ဝင်လာခဲ့ကြ။”
ထိုသို့ပြောပြီးနောက် လုချန်းက အခန်းထဲသို့ လှမ်းဝင်ရင်း
“အဆောင်ထဲမှာ အခန်းအချို့ ရှိတယ်။ ခင်ဗျားတို့ ကြိုက်တဲ့အခန်းမှာ နေနိုင်တယ်။ အရေးကြီးတာ မရှိရင် ကျုပ် ကျင့်စဉ်ကျင့်နေတဲ့အချိန် လာမနှောင့်ယှက်ကြပါနဲ့။”
ဤနတ်သမီးများ လှပကြသည်မှာ မှန်သော်လည်း သူ၏ အခြားသော ဇနီးများနှင့် နှိုင်းယှဉ်လျှင်တော့ အလှချင်း ဝေးကွာလှသဖြင့် သူ စိတ်ဝင်စားမှု မရှိပေ။
လုချန်း၏ စကားကို ကြားသောအခါ အမျိုးသမီးအားလုံးက
“ဟုတ်ကဲ့ပါ သခင်လေး”
ဟု တညီတညွတ်တည်း တုံ့ပြန်ကြ၏။
ထို့နောက် လုချန်းလည်း အခန်းထဲသို့ ဝင်ကာ ကျင့်စဉ်ကျင့်ခြင်းကို ပြန်လည် စတင်လိုက်တော့သည်။
ထိုအမျိုးသမီးများသည် အခန်းများကို ရွေးချယ်ပြီးနောက် အခန်းတစ်ခုထဲတွင် စုဝေးကာ အပြင်ဘက်မှ သိနိုင်ခြင်း မရှိစေရန် နည်းဗျူဟာ ပုံစံတစ်ခုကို ချမှတ်လိုက်ကြ၏။
နတ်သမီးတစ်ဦးက
“ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ။ စီမံခန့်ခွဲသူက သူ့ကို ဆွဲဆောင်ဖို့ ခိုင်းထားတာ။ ဒါပေမဲ့ သူ့ပုံစံကြည့်ရတာ အလှအပကို စိတ်ဝင်စားတဲ့ပုံ လုံးဝမပေါ်ဘူး။”
“သူ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ဒီနေ့မှ ရောက်တာပဲလေ။ နောက်ရက်တွေကျရင်တော့ သူပြန်ထွက်လာမှာပါ။”
“အဲ့ဒီလိုပဲ မျှော်လင့်ရမှာပဲ။ ကျွန်မတို့ ဒီတာဝန်ကို အောင်မြင်အောင် လုပ်နိုင်ရင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တရားဝင် တပည့်တွေ ဖြစ်လာနိုင်မှာ။”
ထိုအမျိုးသမီးများ၏ စကားဝိုင်းကို နားထောင်ရင်း လျူချိုင်ကတော့ တိတ်ဆိတ်နေ၏။ သူမ၏ ရည်ရွယ်ချက်ကလည်း ဤအမျိုးသမီးများနှင့် မတူခြားနားပေ။
သူတို့၏ ရည်ရွယ်ချက်သည် ချန်းလုကို အလှတရားနှင့် မြှူဆွယ်ရန်သာ ဖြစ်သော်လည်း သူမ၏ ရည်မှန်းချက်ကတော့ ချန်းလုကို ကောင်းကင်တောင်ထိပ်မှ ထွက်ခွာသွားစေရန် ပြုလုပ်ပြီးနောက် သတ်ပစ်ရန် ဖြစ်သည်။
လတ်တလော လုပ်ရမည့် အလုပ်မှာ ချန်းလုက သူမကို စိတ်ဝင်စားလာစေရန် ဖြစ်သည်။ စောစောက ချန်းလု၏ အကြည့်များ သူမထံတွင် ခဏခန့် ရပ်တန့်သွားသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသဖြင့် ချန်းလု သူမအပေါ် စိတ်ဝင်စားမှု ရှိနေတာကတော့ ဧကန်မုချပင်။
သူမဘက်ကသာ အနည်းငယ် တက်တက်ကြွကြွ လှုပ်ရှားပေးလိုက်လျှင် ချန်းလု ငါးစာကို ဟပ်လိမ့်မည်။
---
…………
အခန်း (၁၇၅၇ )
တောင်ပိုင်းနယ်မြေကို စွန့်ခွာရမှာလား
လျှို့ဝှက်လဝန်းကျောင်းတော်။
ယွမ်မုန့်ဆောင်။
ရောင်စုံတိမ်တိုက်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ရေခဲကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ သူမ၏ အလှတရားသည် ပြိုင်ဘက်ကင်းလှပြီး မြင့်မြတ်သောအငွေ့အသက်နှင့် သိက္ခာတို့ လွှမ်းခြုံထားသည်။
ထိုအခိုက်အတန့်တွင် အတွင်းဆောင် စီမံခန့်ခွဲသူတစ်ဦး ခန်းမထဲသို့ ဝင်လာ၏။
စီမံခန့်ခွဲသူက
“ကျောင်းတော်သခင်ကို ဂါရဝပြုပါတယ်”
နတ်သခင် ယွမ်မုန့်က ခပ်အေးအေးပင်
“အစီအစဉ်တွေ အားလုံး အဆင်သင့် ဖြစ်ပြီလား။”
စီမံခန့်ခွဲသူက
“အားလုံး စဉ်းစားပြီးပါပြီ။ သူတို့အားလုံးက ပြိုင်ဘက်ကင်းတဲ့ အလှနတ်သမီးလေးတွေမို့ သူ မလွဲမသွေ သွေးဆောင် ခံရမှာပါ။”
နတ်သခင် ယွမ်မုန့်က
“သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ထား။ အတူရှိနေတဲ့ အချိန်တွေကို အရိပ်ဖမ်းကျောက်တုံးနဲ့ မှတ်တမ်းတင်ခိုင်းလိုက်။”
စီမံခန့်ခွဲသူက
“ဟုတ်ကဲ့ပါ ကျောင်းတော်သခင်”
ထိုအခိုက်အတန့်တွင် ကောင်းကင်တောင်ထိပ် ရှိရာဘက်သို့ နတ်သခင် ယွမ်မုန့် ကြည့်လိုက်ပြီး
“ရှုကျင့်ရှူးက သူတော်စင်မ မဖြစ်နိုင်တော့ရင်တောင် သာမန် ကောင်းကင်နတ် တစ်ယောက် ထိတွေ့နိုင်တဲ့သူ မဟုတ်ဘူး”
ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
ရှုကျင့်ရှူး၏ အဖော်မှာ သာမန် ကောင်းကင်နတ် တစ်ဦးသာ ဖြစ်ကြောင်း နတ်သခင် ယွမ်မုန့် သိလိုက်ရကတည်းက ရှုကျင့်ရှူးနှင့် ချန်းလုတို့၏ ပတ်သက်မှုကို အပြီးတိုင် ဖြတ်တောက်ရန် သူမ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
ရှုကျင့်ရှူးသည် ကိုယ်ဝန်ရှိနေသဖြင့် သူတော်စင်မ ဖြစ်ရန် မသင့်တော်တော့သော်လည်း သူမသည် သူတော်စင်မ၏ မိခင်ဖြစ်၏။ သာမန် ကောင်းကင်နတ် တစ်ဦးက သူတော်စင်မ၏ မိခင်နှင့် မထိုက်တန်ပေ။
သို့သော် ချန်းလုကို လျှို့ဝှက်လဝန်းနန်းတော်မှ တိုက်ရိုက် နှင်ထုတ်လိုက်ပါက ရှုကျင့်ရှူးအား မကျေမနပ် ဖြစ်စေနိုင်ကြောင်းကိုလည်း နတ်သခင် ယွမ်မုန့် သိသည်။ ရှုကျင့်ရှူး၏ ဝမ်းဗိုက်ထဲတွင် သူတော်စင်မကို လွယ်ထားရသဖြင့် ရှုကျင့်ရှူးနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်အကြား မည်သည့် ပဋိပက္ခမျိုးကိုမှ သူမ မလိုလားပေ။
ထို့ကြောင့် ချန်းလုကို အမှားတစ်ခု ပြုလုပ်စေပြီး ရှုကျင့်ရှူးအား ချန်းလု၏ စိတ်ရင်းအမှန်ကို မြင်စေရမည်။ ရှုကျင့်ရှူးအနေနှင့် ချန်းလုအပေါ် စိတ်ပျက်သွားသည်နှင့် သူ့ကို လျှို့ဝှက်လဝန်းနန်းတော်မှ နှင်ထုတ်သည့်အခါ သူမဘက်မှ ကန့်ကွက်စရာ ရှိတော့မည် မဟုတ်ပေ။
ထိုနည်းလမ်းကို တွေးမိပြီးနောက် ထူးထူးခြားခြား လှပသည့် နတ်သမီးအချို့ကို ချန်းလုထံသို့ နတ်သခင် ယွမ်မုန့် ချက်ချင်း စေလွှတ်လိုက်၏။ နတ်သမီးအားလုံး လှပကြသည်မှာ မှန်သော်လည်း ဤနတ်သမီးများကတော့ သာလွန်ထူးကဲလှရာ အမျိုးသားတစ်ဦး ဖြစ်သည့် ချန်းလုအနေနှင့် ဤသွေးဆောင်မှုကို မတွန်းလှန်နိုင်ဟု သူမ ယုံကြည်နေသည်။
နတ်သခင် ယွမ်မုန့်၏ အမြင်တွင်တော့ လူဖြစ်စေ၊ နတ်ဖြစ်စေ အမျိုးသားအားလုံးမှာ တူတူပင်ဖြစ်ပြီး ကာမဂုဏ်ကို ခုံမင်ကြသူများသာ ဖြစ်သည်။ ပြိုင်ဘက်ကင်း လှပသည့် အမျိုးသမီးတစ်ဦးနှင့် ပျော်ပါးရန် အခွင့်အရေး ရသည်နှင့် ထိုအခွင့်အရေးကို လုံးဝ လက်လွတ်ခံကြမည် မဟုတ်ပေ။
…….
လျှို့ဝှက်လဝန်းနန်းတော်။
ခန်းမကြီးအတွင်း။
နတ်ဘုရင် လင်ရင်သည် မြင်ကွင်းတစ်ခုကို မျက်မှောင်ကြုတ်ကာ ကြည့်နေ၏။
ထိုအချိန်တွင် အကြီးအကဲတစ်ဦးက
“အဲဒီ နတ်ဘုရင် ချီယန်က တကယ့်ကို သစ္စာမရှိတဲ့ လူယုတ်မာပဲ။ ကျွန်မတို့က ချီယန်ဂိုဏ်းကို ကူညီပြီး ထျန်းရှနတ်ဘုရားနိုင်ငံတော်ကို တိုက်ထုတ်ပေးခဲ့တာကို မျက်နှာမထောက်ပဲ အခုတော့ သူတို့က မဟာမိတ်ကို ဖျက်သိမ်းလိုက်ပြီ။”
အခြား အကြီးအကဲတစ်ဦးက
“ထူးဆန်းတာပဲ... ဘာလို့ ချီယန်ဂိုဏ်းက ဒီအချိန်မှာ မဟာမိတ်ကို ဖျက်ရတာလဲ။ သွေးလင်းယုန်ခန်းမ ဆုတ်ခွာသွားလို့ သူတို့ကိုယ်သူတို့ ဘေးကင်းပြီလို့ ထင်နေတာလား။”
ခန်းမထဲရှိ အကြီးအကဲများ ခဏခန့် ဆူညံစွာ ဆွေးနွေးနေကြပြီး အများစုကတော့ ချီယန်ဂိုဏ်း၏ လုပ်ရပ်ကို နားမလည်နိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် သွေးလင်းယုန်ခန်းမကို ယာယီမျှသာ တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက် မအောင်မြင်သေးပါက အင်အားအလုံးအရင်းနှင့် ပြန်လည် ရောက်ရှိလာနိုင်သောကြောင့် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အကြီးအကဲတစ်ဦးက
“သွေးလင်းယုန်ခန်းမနဲ့ ချီယန်ဂိုဏ်းတို့ လျှို့ဝှက် မဟာမိတ် ဖွဲ့လိုက်တာများလား။”
ထိုအရာကို ကြားလျှင် ခန်းမထဲရှိ အကြီးအကဲများ အံ့အားသင့်သွားကြ၏။
သွေးလင်းယုန်ခန်းမသည် ထျန်းရှနတ်ဘုရားနိုင်ငံတော်နှင့် ပူးပေါင်း၍ လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်နိုင်သည်ဆိုလျှင် ချီယန်ဂိုဏ်းနှင့်လည်း ပူးပေါင်းနိုင်သောကြောင့် ဤဖြစ်နိုင်ခြေမှာ အလွန်မြင့်မားလှသည်။
လောကကြီးတွင် လူတိုင်းသည် အကျိုးအမြတ် နောက်ကိုသာ လိုက်ကြသည်ဖြစ်ရာ သွေးလင်းယုန်ခန်းမက ချီယန်ဂိုဏ်းကို လုံလောက်သည့် အကျိုးအမြတ်များ ပေးခဲ့မည်ဆိုပါက ၎င်းတို့ မဟာမိတ် ပျက်ပြားသွားခြင်းမှာ သဘာဝပင် ဖြစ်သည်။
ထိုသို့သာဆိုလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ အခြေအနေက အလွန် စိုးရိမ်စရာ ကောင်းလာပေလိမ့်မည်။
အကြီးအကဲများ ခဏခန့် တိတ်ဆိတ်သွားကြပြီး အစည်းအဝေးခန်းမအတွင်းရှိ အငွေ့အသက်မှာလည်း လေးလံထိုင်းမှိုင်းလာခဲ့သည်။
သွေးလင်းယုန်ခန်းမ တစ်ခုတည်းကို ရင်ဆိုင်ရန်ပင် လျှို့ဝှက်လဝန်းနန်းတော်အတွက် ခက်ခဲလှသည်။ အကယ်၍ ချီယန်ဂိုဏ်းသာ ပါဝင်လာပါက အင်အားစု သုံးစု၏ တစ်ပြိုင်နက် တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်၏။
သူတို့၏ ခန်းမသခင်သာ နတ်သခင်အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိပါက သူတို့အနေနှင့် ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
သို့သော် နတ်သခင်အဆင့်သို့ တက်လှမ်းရန်မှာ နေ့ချင်းညချင်း မဖြစ်နိုင်ပေ။ ထျန်းရန်နတ်ဘုရားနယ်မြေတွင် နတ်ဘုရင် အမြောက်အမြား ရှိနေသော်လည်း နတ်သခင်အဆင့်ကတော့ အလွန်နည်းပါးလှရာ ထိုအဆင့်သို့ တက်လှမ်းရန် မည်မျှ ခက်ခဲကြောင်း သိသာလှသည်။
ခဏအကြာတွင် နတ်ဘုရင် လင်ရင်က
“ဒါက သွေးလင်းယုန်ခန်းမကြောင့်ပဲ မဟုတ်နိုင်ဘူး... ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အမိန့်ကြောင့်လည်း ဖြစ်နိုင်တယ်။”
နတ်ဘုရင် လင်ရင် ထိုသို့ ပြောလိုက်သည်နှင့် ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်ကို သတ်ဖြတ်ပြီးကတည်းက ထိုဘက်မှ တစ်စုံတစ်ဦးမှ လာရောက် မေးမြန်းခြင်း မရှိသေးသည်ကို အကြီးအကဲများ ချက်ချင်း သတိပြုမိသွားကြ၏။
ခမ်းနားသော ကောင်းကင်ခန်းမသည် သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်မည့် အစီအစဉ်ကို သိထားပုံရပြီး ထို့ကြောင့်သာ တစ်ဦးတစ်ယောက်ကိုမှ စေလွှတ်မှု မပြုခဲ့ခြင်း ဖြစ်လိမ့်မည်။
နတ်ဘုရင် လင်ရင်က
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခမ်းနားသော ကောင်းကင်ခန်းမက သံတမန်တစ်ယောက် ချီယန်ဂိုဏ်းဆီကို သွားပြီး အဲဒီမှာပဲ နေနေတယ်လို့ သတင်းရထားတယ်။ ချီယန်ဂိုဏ်းက မဟာမိတ်ကို ဖျက်လိုက်တာက အဲဒီသံတမန်နဲ့ ပတ်သက်နေနိုင်တယ်။”
ချီယန်ဂိုဏ်းအတွင်း၌ပင် ဤမဟာမိတ် ဖျက်သိမ်းမှုကို မကျေနပ်သူများ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဖြောင့်မတ်သောနတ်များ ဖြစ်ကြသော်လည်း လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန် မိစ္ဆာနတ်များဖြစ်သည့် သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းရမည်ဖြစ်ရာ ၎င်းတို့မှာလည်း ထိုမိစ္ဆာနတ်များနှင့် ထူးမခြားနား ဖြစ်သွားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် တစ်စုံတစ်ယောက်က နတ်ဘုရင် လင်ရင်ထံသို့ သတင်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုသူက မဟာမိတ် ပျက်ပြားရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မပြောခဲ့သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမမှ တပည့်တစ်ဦး ချီယန်ဂိုဏ်းတွင် ရှိနေကြောင်း အရိပ်အမြွက် ပြောခဲ့သဖြင့် ခမ်းနားသော ကောင်းကင်ခန်းမသည်သာ အဓိက အကြောင်းရင်း ဖြစ်နိုင်သည်။
ထိုအခိုက်အတန့်တွင် အကြီးအကဲတစ်ဦးက
“ဒါဆိုရင် ထျန်းရှနတ်ဘုရားနိုင်ငံတော်က သွေးလင်းယုန်ခန်းမနဲ့ ပူးပေါင်းပြီး ကျွန်မတို့ကို တိုက်ခိုက်တာကလည်း ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အမိန့်ကြောင့်များလား။”
အကြီးအကဲ၏ စကားသံ ဆုံးသွားသည်နှင့် အစည်းအဝေးခန်းမတစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
အကယ်၍ ထိုအတိုင်း တကယ်သာ ဆိုပါက ခမ်းနားသော ကောင်းကင်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော် ပျက်စီးသွားသည်အထိ အင်အားစုများစွာကို စုစည်း၍ ဝိုင်းရံ တိုက်ခိုက်ခိုင်းလိမ့်မည်။
အချိန်အတော်ကြာပြီးနောက် နတ်ဘုရင်ခံ ဝေရွှီက
“ကျွန်မတို့ ခမ်းနားသော ကောင်းကင်ခန်းမက သံတမန်ကို သတ်လိုက်တာက သူတို့ရဲ့ အာဏာကို စိန်ခေါ်လိုက်တာပဲ။ တောင်ပိုင်းနယ်မြေရဲ့ အရှင်သခင်အနေနှင့် သူတို့ ကျွန်မတို့ကို သည်းခံမှာ မဟုတ်ဘူး။”
နတ်ဘုရင်ခံ ဝေရွှီက
“ဒါကြောင့် နန်းတော်သခင် တံခါးပိတ် ကျင့်စဉ်စခန်းကနေ ထွက်လာတာနဲ့ ကျွန်မတို့ တောင်ပိုင်းနယ်မြေကနေ ထွက်သွားကြမယ်။”
နတ်ဘုရင်ခံ ဝေရွှီသည်လည်း ယွမ်ယုတိနှင့်အတူ လျို့ဝှက်လဝန်း ကျောင်းတော်မှ လိုက်ပါလာသူများထဲတွင် ပါဝင်၏။ ဤနေရာတွင် နှစ်သန်းပေါင်းများစွာ နေထိုင်ခဲ့သော်လည်း သူမအတွက်တော့ ယွမ်ယုတိ ရှိသည့်နေရာသာ သူတို့၏ နတ်ဂိုဏ်းဌာနေ ဖြစ်သည်။
နတ်ဂိုဏ်း တည်ရှိသည့် နေရာက အရေးမကြီးလှပေ။ ဤနေရာကို စွန့်ခွာရခြင်းက ဂိုဏ်း၏ ကံစွမ်းအား အကာအကွယ်ကို ဆုံးရှုံးစေပြီး စွမ်းအား အကြီးအကျယ် လျော့နည်းသွားစေနိုင်သော်လည်း သေဆုံးခြင်းထက်တော့ သာလွန်သေးသည်။
သူတို့သည် ယခင်ကလည်း ယွမ်ယုတိနှင့်အတူ တစ်ကြိမ် ပြောင်းရွှေ့ခဲ့ဖူးရာ ယခုလည်း ထပ်မံ ပြုလုပ်နိုင်သည်။
သူမ၏ အဖော်က သူမနှင့်အတူ လိုက်ပါမည်၊ မလိုက်ပါမည်ကိုတော့ သူမ အရေးမစိုက်လှပေ။ အကယ်၍ လိုက်လိုပါက လိုက်နိုင်ပြီး မလိုက်လိုပါကလည်း နေခဲ့နိုင်သည်။
အချစ်ရေး ပတ်သက်မှုများထက် သူတို့၏ သူတော်စင်မ နောက်သို့သာ နတ်ဘုရင်ခံ ဝေရွှီ လိုက်ပါလိုသည်။
ယွမ်ယုတိနှင့်အတူ လိုက်ပါလာသူများ၏ သစ္စာရှိမှုအား မည်သည့် သံသယမှ ဖြစ်စရာ မရှိပေ။
နတ်ဘုရင်ခံ ဝေရွှီ၏ စကားကို နားထောင်ပြီးနောက် ခန်းမကြီးတစ်ခုလုံး တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ လျှို့ဝှက်လဝန်းနန်းတော်ကို တည်ထောင်ပြီးကတည်းက မူလအဖွဲ့ဝင် မဟုတ်သူများစွာ ပါဝင်လာခဲ့ရာ နတ်ဘုရင်ခံ ဝေရွှီနှင့် ယွမ်ယုတိတို့ ပြောင်းရွှေ့ရန် ဆန္ဒရှိကြလျှင်တောင် မူလအဖွဲ့ဝင် မဟုတ်သည့် အကြီးအကဲများကတော့ တောင်ပိုင်းနယ်မြေကို စွန့်ခွာရန် ဆန္ဒမရှိကြပေ။
၎င်းတို့၏ မိသားစုများ၊ အာဏာများနှင့် အဖော်များသည် တောင်ပိုင်းနယ်မြေတွင်သာ ရှိနေသောကြောင့် ဖြစ်သည်။
---
…………
အခန်း (၁၇၅၈)
လျှို့ဝှက်လဝန်းနန်းတော်အတွက် အချိန်များစွာမကျန်တော့နိုင်
လျှို့ဝှက်လဝန်းနန်းတော်၏ အစည်းအဝေးခန်းမအတွင်း အချိန်အတော်ကြာသည်အထိ မည်သူတစ်ဦးတစ်ယောက်မှ စကားမဆိုကြပေ။ ခမ်းနားသော ကောင်းကင်ခန်းမက အခြားသော အင်အားစုများကို စည်းရုံး၍ လျှို့ဝှက်လဝန်းနန်းတော်ကို တကယ် တိုက်ခိုက်လာပါက မည်သို့ရင်ဆိုင်ရမည်ကို လူတိုင်း စိုးရိမ်ကြီးစွာ စဉ်းစားနေကြခြင်းဖြစ်၏။
အရှိန်အဝါ ကြီးမားလှသည့် ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ဘက်နယ် မြေ၏ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်သည်။ ၎င်းတို့၏ စကားတစ်ခွန်းဖြင့်ပင် အခြားသော အင်အားစုများကို စိတ်တိုင်းကျ ခိုင်းစေနိုင်သည့် အစွမ်းရှိ၏။
ယခု လျှို့ဝှက်လဝန်းနန်းတော်တွင် နတ်ဘုရင် အဆင့် နှစ်ဦးသာ ရှိပြီး နန်းတော်သခင်မှာလည်း တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေ၏။ အကယ်၍ တောင်ဘက်နယ်မြေရှိ အခြားသော အင်အားစုများ စုပေါင်း၍ လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်လာပါက ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
တောင်ဘက်နယ်မြေမှ ထွက်ခွာသွားခြင်းသည်သာ ၎င်းတို့အတွက် တစ်ခုတည်းသော လမ်းစ ဖြစ်နေပုံရ၏။
ထိုစဉ် နတ်ဘုရင်ခံ ဝေရွှီက
“ထူးဆန်းလိုက်တာ... ဒီနေ့ ယဲ့ချူယောင် ဘာလို့ မလာတာလဲ။”
ယနေ့ ဆွေးနွေးနေသည်မှာ နန်းတော်၏ သေရေးရှင်ရေးနှင့် ယှဉ်သည့် အရေးကိစ္စ ဖြစ်ရာ နန်းတော်သခင်၏ တပည့်ရင်းဖြစ်သူ ယဲ့ချူယောင် အနေနှင့် မပျက်မကွက် တက်ရောက်သင့်သည် မဟုတ်ပါလား။
သို့သော်လည်း ယခုအချိန်အထိ သူမ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။
နတ်ဘုရင် လင်ရင်ကတော့ ယဲ့ချူယောင် ဘယ်သွားနေသည်ကိုသိနေသဖြင့် သူမအတွက် ဖုံးဖိပေးလိုက်၏။ နတ်ဘုရင် လင်ရင်က
“ကျွန်မ သူမကို အလုပ်တစ်ခု ခိုင်းထားလို့ အခု သွားလုပ်နေတယ်။”
နတ်ဘုရင် လင်ရင်၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ဝေရွှီလည်း ထပ်မံ၍ မမေးမြန်းတော့ပေ။
ထိုအခိုက်အတန့်တွင် နတ်ဘုရင် လင်ရင်က ဆက်လက်၍
“ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြရအောင်။ အများကြီး စိုးရိမ်မနေကြပါနဲ့။ လက်ရှိမှာ နတ်ဂိုဏ်းရဲ့ ကံစွမ်းအားက အားကောင်းနေဆဲမို့ လျှို့ဝှက်လဝန်းနန်းတော် ပျက်သုန်းမယ့် အန္တရာယ်အထိ မရောက်နိုင်သေးဘူး။ ဒီကံစွမ်းအားတွေကြောင့် နန်းတော်သခင်လည်း မကြာခင်မှာ နတ်သခင် အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။”
“နန်းတော်သခင်သာ နတ်သခင် အဆင့်ကို ရောက်သွားခဲ့ရင် ပြဿနာ အားလုံးက ပြေလည်သွားမှာပါ။”
နတ်ဘုရင် လင်ရင်၏ စကားကို ကြားမှသာ အကြီးအကဲများ သက်ပြင်း ချနိုင်ကြတော့သည်။ နန်းတော်သခင် နတ်သခင် အဆင့်သို့ ရောက်ရှိပါက အရာအားလုံး အဆင်ပြေသွားမည်ကို သူတို့ သိသော်လည်း လျှို့ဝှက်လဝန်းနန်းတော်တွင် ထိုသို့ စောင့်ဆိုင်းရန် အချိန်များစွာ မကျန်တော့သည်က အဓိက အခက်အခဲ ဖြစ်၏။
…..
တစ်ဖက်တွင်။
ပိဟိုင်နတ်မြို့။
ချန်းစံအိမ်အတွင်း၌။
အခန်းထဲ၌ လုချန်းသည် သူ၏ ကိစ္စများဖြင့် အလုပ်ရှုပ်နေ၏။ သူ ချစ်မြတ်နိုးရသူ၏ အပြုအမူများကို ကြည့်ရင်း ယဲ့ချူယောင်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေတော့သည်။
ထိုစဉ် လုချန်းက ပြုံးလျက်
“ဟူး... စီနီယာအစ်မ... ခင်ဗျားရဲ့ ကိုယ်ထည်ဖွဲ့စည်းပုံက တကယ်ပဲ ထူးခြားတာပဲ။ ကျုပ်ရဲ့ စွမ်းအားတွေက မြန်မြန်ဆန်ဆန် ပြန်ပြည့်လာသလို ခံစားနေရတယ်။”
ထိုသို့ ပြောရင်း ယဲ့ချူယောင်၏ ဝမ်းဗိုက်ကို လုချန်း အသာအယာ ပွတ်သပ်လိုက်၏။ လုချန်း၏ စကားကြောင့် အတွေးထဲ နစ်မြောနေသည့် ယဲ့ချူယောင်လည်း သတိပြန်ဝင်လာပြီး
“ထူးခြားတဲ့... ကိုယ်ထည် ဟုတ်လား”
ယဲ့ချူယောင်က
“ကျွန်မမှာ... ထူးခြားတဲ့ ကိုယ်ထည် ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့... အဲ့ဒါက တခြားလူကို အကူအညီ မပေးနိုင်ပါဘူး”
သူမ၏ ကိုယ်ထည်သည် ဝိညာဉ်သစ်သား နတ်ကိုယ်ထည် ဖြစ်ပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိလျှင်ပင် အချိန်တိုအတွင်း ပြန်လည် နာလန်ထူနိုင်စွမ်း ရှိ၏။ သို့သော် ထိုစွမ်းရည်မှာ သူမ တစ်ဦးတည်းအတွက်သာ ဖြစ်၏။
သူမ၏ ကိုယ်ထည်က တခြားသူများ၏ ဒဏ်ရာကို ကုသပေးနိုင်မလားဟု တစ်ကြိမ်က စမ်းသပ်ခဲ့ဖူးသော်လည်း သူမ ကိုယ်တိုင်အတွက်သာ အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ရသဖြင့် ထိုအကြောင်းကို ဆက်လက် လေ့လာခြင်း မပြုတော့ပေ။
ခန္ဓာကိုယ်ချင်း ထိကပ်သွားသည်အထိ လုချန်းက ကိုင်းညွတ်လိုက်ပြီး ယဲ့ချူယောင်၏ နားနားကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်၏။
“ဘာလို့ အကူအညီ မဖြစ်ရမှာလဲ...အကျိုးမရှိဘူးဆိုရင် ကျုပ်က ဘယ်လိုလုပ် ဒီလောက် မြန်မြန် နာလန်ထူလာနိုင်မှာလဲ။”
ယဲ့ချူယောင်က
“ဒါက... ရှင့်ရဲ့ ကိုယ်ထည်က ထူးခြားလို့ နေမှာပါ။”
လျှို့ဝှက်လဝန်းနန်းတော်မှ ပိဟိုင်နတ်မြို့သို့ ပြန်ရောက်ပြီးနောက် လူနတ် အဆင့်အထိ လုချန်း ပြန်လည် ရောက်ရှိသွားသည်ကို မြင်လျှင် လုချန်း၏ ကိုယ်ထည် ထူးခြားမှုကြောင့်ဟုသာ ယဲ့ချူယောင် ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကိုယ်ထည်ကြောင့်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
ယဲ့ချူယောင်က မယုံကြည်သလို ဖြစ်နေသည်ကို တွေ့လျှင် လုချန်းက ဆက်လက်၍ ချော့မြှူလိုက်၏။
လုချန်းက
“စီနီယာအစ်မ...ဒီရက်ပိုင်းအတွင်း ခင်ဗျားနဲ့အတူ ရှိနေချိန်မှာ ကျုပ်ရဲ့ ကျင့်စဉ်အဆင့်တွေက အရှိန်အဟုန်နဲ့ ပြန်တက်လာတာ။အဲ့ဒါ ခင်ဗျားကြောင့်ပဲ ဖြစ်ရမယ်။”
“ခင်ဗျားရဲ့ ကိုယ်ထည်က စုံတွဲကျင့်စဉ် ကျင့်ဖော်နဲ့ အချိန်ကြာကြာ ထိတွေ့မှ စွမ်းဆောင်ရည် ပေါ်လာတာ ဖြစ်နိုင်တယ်။ အရင်က စီနီယာအစ်မမှာ အဖော်မရှိခဲ့တော့ ဒီကိုယ်ထည်ရဲ့ စွမ်းရည်ကို မသိခဲ့တာနေမှာပေါ့။”
ထိုစကားကြောင့် ယဲ့ချူယောင် နှုတ်ဆိတ်သွားပြီး လုချန်း၏ ပြန်လည် နာလန်ထူမှုသည် သူမ၏ ကိုယ်ထည်နှင့် တကယ်များ ပတ်သက်နေမလားဟု တွေးတောလာမိ၏။
အကယ်၍ သူမ၏ ကိုယ်ထည်နှင့် တကယ် ဆက်စပ်နေပါက လုချန်း၏ ကျင့်စဉ်များ ပြန်လည် ရရှိစေရန် သူမအနေနှင့် သူနှင့်အတူ စုံတွဲကျင့်စဉ်ကို အမြဲတမ်း ကျင့်ကြံနေရမည် မဟုတ်ပါလား။
ထိုသို့ တွေးမိသောအခါ ယဲ့ချူယောင်၏ စိတ်အစဉ် ပို၍ ရှုပ်ထွေးလာပြန်သည်။ လက်ရှိ အခြေအနေအရ ဆရာသည် မည်သည့်အချိန်တွင် တံခါးပိတ် ကျင့်စဉ်မှ ထွက်လာမည်ကို မည်သူမှ မသိနိုင်ပေ။
ဆရာသာ ထွက်လာခဲ့ပါက သူတို့နှစ်ဦး၏ ပတ်သက်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် လုချန်းက
“စီနီယာအစ်မ...တစ်နေ့မှာ ဆရာက ကျုပ်တို့နှစ်ယောက်ကို ခွင့်ပြုခဲ့ရင် ကျုပ်ရဲ့ မိန်းမ ဖြစ်လာဖို့ ဆန္ဒရှိလား”
ထိုမေးခွန်းကြောင့် ယဲ့ချူယောင် ခဏခန့် တုံ့ဆိုင်းသွားပြီးမှ
“ဒါက မဖြစ်နိုင်ဘူး”
လုချန်းက
“ခင်ဗျားက မလိုလားလို့လား။ ဘာကြောင့်လဲ”
ယဲ့ချူယောင်က
“ဆရာက သဘောတူမှာ မဟုတ်ဘူး”
လုချန်းက
“အကယ်၍များ သဘောတူခဲ့ရင်ကော”
ယဲ့ချူယောင်က
“အင်း... အကယ်၍ဆိုတာမျိုး မရှိနိုင်ပါဘူး”
ထို့နောက် လုချန်းသည် ကိုယ်ကို ကြွလိုက်ပြီး ယဲ့ချူယောင်၏ အေးစက်သော်လည်း လှပသော မျက်နှာကို ငုံ့ကြည့်ကာ မေးလိုက်၏။
“ဆရာ သဘောတူသည်ဖြစ်စေ ၊ မတူသည်ဖြစ်စေ... စီနီယာအစ်မ... ခင်ဗျား ကျုပ်ရဲ့ အဖော် ဖြစ်ချင်လား”
“ကျွန်မ...”
တောက်ပနေသည့် ထိုမျက်ဝန်းများကို ကြည့်ရင်း ယဲ့ချူယောင် နှုတ်ဆိတ်သွားတော့သည်။
သူနှင့် အကြိမ်ကြိမ် နီးစပ်ခဲ့ပြီးနောက်တွင် သူမသည် ထိုခံစားမှုကို နှစ်သက်စပြုနေပြီ ဖြစ်၏။ အဖော် ဖြစ်မဖြစ်ကို ခဏထားဦး၊ အခြေအနေ ပေးမည်ဆိုပါက သူနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံလိုစိတ်က သူမ၏ ရင်ထဲတွင် ရှိနေဆဲပင်။
သို့သော်လည်း ဝူကျန်းဝမ်အကြောင်းကို တွေးမိသောအခါ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်ရပြန်သည်။
ယခင်က ဝူကျန်းဝမ်သည် ယောက်ျားတစ်ယောက်အတွက်နှင့် ဧကရာဇ် ရာထူးကို စွန့်လွှတ်ခဲ့သဖြင့် သူမ မုန်းတီးခဲ့ဖူးပြီး ယောက်ျားများကိုပါ ရွံရှာခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူမကိုယ်တိုင်ပင် ယောက်ျားတစ်ယောက်နှင့် အဖော်ပြုကာ စုံတွဲကျင့်စဉ် ကျင့်ကြံရန် တွေးတောနေမိလေပြီ။
အကယ်၍ သူမသာ ထိုသို့ တကယ် လုပ်ဆောင်ခဲ့ပါက ယခင်က သူမ၏ ရပ်တည်ချက်များကို ပြန်လည် ဆန့်ကျင်ရာ ရောက်မည် မဟုတ်ပါလား။
ယဲ့ချူယောင် နှုတ်ဆိတ်နေသည်ကို မြင်လျှင် လုချန်းကလည်း ထပ်မံ၍ စကားမဆိုတော့ပဲ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းပြင်းပြပြ ဆက်လက် လှုပ်ရှားလိုက်တော့သည်။
မကြာမီမှာပင် ယဲ့ချူယောင် သတိပြန်ဝင်လာပြီး လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်၏။
“ဂျူနီယာမောင်လေး... ရှင် ကျွန်မကို... နှစ်သက်ရဲ့လား။”
လုချန်းက ပြုံးလျက်
“ဒါပေါ့... ခင်ဗျားကို မချစ်ပဲနှင့် ကျုပ်က ဒီလိုမျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။”
ယဲ့ချူယောင်က
“ရှင့်က ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပဲ လိုချင်တာလည်း ဖြစ်နိုင်တာပဲ...”
လုချန်းက
“ခင်ဗျားကို ချစ်တဲ့အတွက်ကြောင့်ပဲ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ကျုပ် အမြဲတမ်း တောင့်တနေမိတာပေါ့။ အကယ်၍ စီနီယာအစ်မရဲ့ ခန္ဓာကိုယ်အပေါ် ဘာစိတ်မှ မရှိဘူးဆိုရင် ကျုပ် ခင်ဗျားကို ချစ်တယ်လို့ ခင်ဗျား ထင်ဦးမှာလား။”
လုချန်း၏ စကားကို ကြားလျှင် ယဲ့ချူယောင် တစ်ဖန် ပြန်လည် နှုတ်ဆိတ်သွားရပြန်သည်။
လုချန်းက ဆက်လက်၍
“ကျုပ် ခင်ဗျားကို ချစ်တယ်...ခင်ဗျားရဲ့ ဝိညာဉ်ကအစ ခန္ဓာကိုယ်အဆုံး အရာအားလုံးကို နှစ်သက်တာမို့ ခင်ဗျားနှင့် အမြဲတမ်း အတူရှိနေချင်တာ။”
ထိုအခိုက်အတန့်တွင် လုချန်း၏ စကားများကြောင့် ယဲ့ချူယောင်၏ စိတ်နှလုံး သိသိသာသာ လှုပ်ခတ်သွားရသော်လည်း ဆရာ့ အကြောင်းကို တွေးမိလျှင် တစ်ဖန် ဝေခွဲမရ ဖြစ်လာရပြန်သည်။
ယဲ့ချူယောင်က
“ဒါပေမဲ့ ဆရာက သဘောတူမှာ မဟုတ်ဘူး...”
လုချန်းက
“ဆရာ မသိအောင် ကျုပ်တို့ တိတ်တဆိတ် အဖော်တွေ ဖြစ်လို့ ရတာပဲ”
ထိုစကားကြောင့် ယဲ့ချူယောင် မည်သို့ ပြန်ပြောရမည်ကိုပင် မသိတော့ပေ။
လုချန်းက ဆက်လက်၍ ဆွဲဆောင်လိုက်၏။
“ကျုပ်တို့ ဒီအခြေအနေအထိ ရောက်နေပြီပဲ။ အဖော်တွေ ဖြစ်တာနဲ့ ဘာကွာလို့လဲ။ စီနီယာအစ်မမှာ ကျုပ်တို့ရဲ့ ပတ်သက်မှုကို အပြီးအပိုင် ဖြတ်တောက်နိုင်တဲ့ ရက်စက်တဲ့ စိတ်မျိုး ရှိလို့လား။”
ယဲ့ချူယောင် နှုတ်ဆိတ်နေဆဲပင်။ သူမ ယခုထိတိုင် ဆုံးဖြတ်ချက် မချနိုင်သေးပေ။
---
………….