← Chapters

အခန်း (၁၇၆၅-၁၇၆၇)

Vol. 118 Ch. 1765-1767

အခန်း (၁၇၆၅-၁၇၆၇)

Vol. 118 Ch. 1765-1767

အခန်း (၁၇၆၅)

ကောက်ရှီယွမ်၏ ရင်သွေး မွေးဖွားခြင်း

ယဲ့ချူယောင်သည် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရောက်ပြီးနောက် ရှေ့တန်းစစ်မျက်နှာသို့ ချက်ချင်းပင် ဦးတည်သွား၏။

ထို့နောက် လုချန်းလည်း သူမနှင့်အတူ ရှေ့တန်းသို့ လိုက်ပါရန် ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်သည်။

လျှို့ဝှက်လဝန်းနန်းတော်နှင့် အဓိက အင်အားစု သုံးစုတို့ကြားမှ စစ်ပွဲသည် အလွန် ရက်စက်ကြမ်းကြုတ်လှ၏။ စစ်တလင်းပြင်တွင် နတ်တို့၏ ရုပ်အလောင်းများနှင့် ပျက်စီးနေသော စစ်နတ်လှေများက နေရာအနှံ့ ပြန့်ကျဲနေ၏။ နက်ရှိုင်းသော ချောက်ကမ်းပါးများသည် မြေပြင်ပေါ်ရှိ နေရာအနှံ့တွင် ဖြစ်‌ပေါ်နေပြီး တောင်တန်းကြီး များစွာလည်း ပြိုလဲပျက်စီးနေကာ မြေမျက်နှာ သွင်ပြင်များ ပြောင်းလဲသွားခဲ့သည်။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ခြောက်လခန့် ကြာသွား၏။ ထိုအတောအတွင်း လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေများစွာ ဆုံးရှုံးခဲ့ရပြီး နတ်ဂိုဏ်း၏ ကံစွမ်းအားလည်း များစွာ ဆုတ်ယုတ်သွား၏။

သို့သော်လည်း အင်အားစုအသီးသီးမှ နတ်ဘုရင်ခံအဆင့် ပုဂ္ဂိုလ်များကတော့ စစ်ပွဲအတွင်း၌ ယခုထိတိုင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခြင်း မရှိသေးပေ။

လျှို့ဝှက်လဝန်းနန်းတော်သည် အချိန်ဆွဲရန်သာ အစွမ်းကုန် ကြိုးပမ်းနေ၏။ လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများ၏ အမြင်တွင်တော့ ဤစစ်ပွဲကို အောင်နိုင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ နန်းတော်သခင် နတ်သခင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရေးပင် ဖြစ်သည်။

နန်းတော်သခင် အောင်မြင်စွာ အဆင့်တက်နိုင်သည်နှင့် သူတို့ ပြန်လည် တိုက်စစ်ဆင်နိုင်မည် ဖြစ်၏။ နန်းတော်သခင်အတွက် လုံလောက်သော အချိန်ရစေရန်သာ သူတို့ခံစစ်ဆင်နေကြခြင်း ဖြစ်သည်။

သွေးလင်းယုန်ခန်းမနှင့် မဟာမိတ် အင်အားစု သုံးစုက ဤအချက်ကို ရိပ်မိသွားပုံရသွားပြီး ၎င်းတို့ဘက်မှ ထိန်းထိန်းသိမ်းသိမ်း မရှိတော့ပဲ အလုံးအရင်းနှင့် စတင် ထိုးစစ်ဆင်လာကြတော့သည်။ အင်အားစု သုံးစု၏ အလုံးအရင်းနှင့် ထိုးစစ်ဆင်မှုကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများလည်း သေကြေပျက်စီးခြင်း သို့မဟုတ် လက်နက်ချခြင်းများ ဖြစ်ကုန်ကြရာ လက်ရှိတွင်တော့ လျှို့ဝှက်လဝန်းနန်းတော် တစ်ခုတည်းသာ ကျန်ရှိတော့သည်။

လျှို့ဝှက်လဝန်းနန်းတော်တွင် လက်အောက်ခံ အင်အားစုများ ရှိသကဲ့သို့ ချီယန်ဂိုဏ်းနှင့် ထျန်းရှနတ်ဘုရား နိုင်ငံတော်တို့တွင်လည်း ရှိကြသည်။ အင်အားချင်း ယှဉ်ကြည့်လျှင် လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ အောင်နိုင်ရန် အခွင့်အရေး လုံးဝမရှိပေ။

ထိုသို့ဖြင့် သုံးနှစ်ကြာပြီးနောက် အင်အားစု သုံးစု၏ စစ်တပ်များလည်း လျှို့ဝှက်လဝန်းနန်းတော်၏ အောက်ခြေရှိ နတ်မြို့သို့ ရောက်ရှိလာကြတော့သည်။ ထိုနတ်မြို့သာ သိမ်းပိုက်ခံလိုက်ရပါက လျှို့ဝှက်လဝန်းနန်းတော် ပျက်သုဉ်းသွားရန် ခြေတစ်လှမ်းအလိုတွင်သာ ရှိတော့မည် ဖြစ်၏။

ဤအခြေအနေတွင် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်ခံများလည်း နောက်ဆုံးတွင် တိုက်ပွဲထဲ ပါဝင်တိုက်ခိုက်ရန် အတင်းအကျပ် ဖိအားပေးခံလာရ တော့သည်။

…..

ထိုအခိုက်အတန့်တွင်။

လျှို့ဝှက်လဝန်းနန်းတော်။

လုချန်း၏ ဆောင်အတွင်း၌ ဖြစ်သည်။

သူရှေ့ရှိ ပုံရိပ်ယောင်များကို ကြည့်ရင်း လုချန်းက တွေးတောနေ၏။ နှစ်အနည်းငယ်အတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်သည် နတ်မြို့အနည်းငယ်သာ ကျန်ရှိတော့သည်အထိ ဆုတ်ယုတ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

လျှို့ဝှက်လဝန်းနန်းတော်ကို အမှီပြု၍ နတ်ဘုရား နိုင်ငံတော်တစ်ခု ထူထောင်မည့် သူ၏ အကြံအစည်လည်း ပျက်စီးသွားပြီဟု ထင်ရ၏။

ထိုစဉ် နတ်ဘုရင် လင်ရင်၏ ပုံရိပ် လုချန်း၏ ရှေ့တွင် ပေါ်လာသည်။ နောက်တစ်ခဏ၌ လက်ကိုမြှောက်၍ အကာအကွယ် နည်းဗျူဟာ တစ်ခုကို နတ်ဘုရင် လင်ရင်က ခင်းကျင်းလိုက်ပြီးနောက် လုချန်းကို

“သခင်... ရန်သူတွေက နတ်မြို့တံခါးဝအထိ ရောက်နေပြီဆိုတော့ လျှို့ဝှက်လဝန်းနန်းတော် ကျဆုံးဖို့က အချိန်တစ်ခုပဲ လိုတော့တာပါ။ ကျွန်မ တို့ ဆုတ်ခွာကြမလား။”

ယခုအခါ နတ်ဘုရင် လင်ရင်သည် လျှို့ဝှက်လဝန်းနန်းတော်၏ ဒုတိယ နန်းတော်သခင် ဖြစ်နေသော်လည်း လုချန်း၏ ဘေးကင်းရေးနှင့် အကျိုးစီးပွားကသာ သူမအတွက် အမြဲတမ်း ပထမ ဦးစားပေး ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော် နောက်ဆုံး၌ ကျဆုံးသွားမည်လား မကျဆုံးဘူးလား ဆိုသည်က သူမအတွက် များစွာ အရေးမကြီးပေ။

နတ်ဘုရင် လင်ရင်၏ စကားကို ကြားလျှင် ခဏခန့် တွေးတောပြီးနောက် လုချန်းက

“လျှို့ဝှက်လဝန်းနန်းတော် မကျဆုံးခင်မှာ ယွမ်ယုတိ အဆင့်တက်နိုင်မလားဆိုတာကို စောင့်ကြည့်ကြတာပေါ့။”

သူကိုယ်တိုင်သည် ကိုယ်ပွားတစ်ခုသာ ဖြစ်သဖြင့် သူ၏ ဘေးကင်းရေးအတွက် လုချန်းများစွာ မစိုးရိမ်ပေ။ ထို့ပြင် နတ်ဘုရင်၏ ကျိန်စာ အသုံးပြုနိုင်သည့် အကြိမ်ရေမှာ သုံးကြိမ်အထိ စုမိနေပြီ ဖြစ်သည်။

အကယ်၍ ထိုအင်အားစု သုံးစုက လျှို့ဝှက်လဝန်းနန်းတော်ကို တကယ် တိုက်ခိုက်လာပါက သူ သုံးကြိမ်တိုင်တိုင် လှုပ်ရှားနိုင်သေးသည်။ သူ၏ အသေခံတိုက်ခိုက်တတ်သော ပုံစံဖြင့် ထိုအင်အားစု သုံးစုကို ခြိမ်းခြောက်ရန် များစွာ ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် သူ၏ ဘေးကင်းရေးအတွက် စိုးရိမ်ရန် မလိုသော်လည်း ဇနီးများ၏ ဘေးကင်းရေးကတော့ အလွန် အရေးကြီးလှ၏။ အထူးသဖြင့် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ ဖြစ်သည်။

ကောက်ရှီယွမ်သည် ကလေးမွေးဖွားရန် နီးကပ်နေပြီ ဖြစ်ရာ ယခုကဲ့သို့ အချိန်မျိုးတွင် သူမကို တစ်စုံတစ်ရာ မဖြစ်စေလိုပေ။

သူတို့နှစ်ဦးကို လျှို့ဝှက်လဝန်းနန်းတော်မှ ရွှေ့ပြောင်းပေးရန် လုချန်းက စဉ်းစားနေစဉ်မှာပင် သူ၏ စိတ်နှလုံးအတွင်း၌ သွေးမျိုးဆက် တုံ့ပြန်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ဒါက...

နတ်ဘုရင် လင်ရင်ကို လုချန်းက ချက်ချင်းပင်

“နည်းဗျူဟာကို ရုပ်သိမ်းလိုက်ပါ”

နတ်ဘုရင် လင်ရင်က အကာအကွယ် နည်းဗျူဟာကို ချက်ချင်း ဖယ်ရှားလိုက်သည်။ နောက်တစ်ခဏ၌ ကောက်ရှီယွမ်၏ အခန်းသို့ လုချန်းက တိုက်ရိုက် သွားရောက်ရာ နတ်ဘုရင် လင်ရင်လည်း နောက်မှ လိုက်ပါသွား၏။

အခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် လေထဲတွင် ဝဲပျံကာ တခိခိ ရယ်မောနေသော ကလေးငယ်တစ်ဦးကို သူတို့ တွေ့လိုက်ရသည်။

ကုတင်ပေါ်တွင် လဲလျောင်းရင်း လေထဲမှ ကလေးငယ်ကို ကောက်ရှီယွမ်က ကြင်နာစွာ ကြည့်နေ၏။ လေထဲတွင် ဝဲပျံနေသော ကလေးငယ်မှာ သူ၏ သမီးဖြစ်ကြောင်း သွေးမျိုးဆက်ချင်း တုံ့ပြန်မှုမှတစ်ဆင့် သိလိုက်ရသဖြင့် လုချန်းက အံ့အားသင့်သွားသည်။

သို့သော်လည်း မည်သည့် ကြိုတင်သတိပေးချက်မှ မရှိပဲ သူမက မည်သို့ မွေးဖွားလာခဲ့သနည်း။ နတ်ဘုရင် လင်ရင်နှင့် စကားပြောနေသည့် အချိန်အတောအတွင်းမှာပင် ကောက်ရှီယွမ်၏ ကိုယ်တွင်းမှ သူမက ထွက်လာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် ကလေးငယ်လေးက လုချန်းဆီသို့ ပျံသန်းလာပြီး လက်ကလေးများကို မြှောက်ကာ ကလေးသံလေးဖြင့်

“ဖေဖေ... ဖေဖေ...”

သမီးဖြစ်သူ၏ အသံကို ကြားလျှင် လုချန်း၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွှတ်သွား၏။

သူ၏ သမီးပီသစွာပင် မွေးမွေးချင်းပင် နာမည် ခေါ်တတ်နေပေပြီ။

ထျန်းရန်နတ်ဘုရား နယ်မြေရှိ နတ်တို့၏ ကလေးများသည် မိခင်ဝမ်းဗိုက်အတွင်း ကတည်းက ဦးနှောက်ဖွံ့ဖြိုးမှု စတင်နေပြီ ဖြစ်ရာ မွေးဖွားလာချိန်တွင် အတိုင်းအတာတစ်ခုအထိ အသိဉာဏ် ရှိကြသည်။ လူသားများနှင့် မတူညီပဲ မွေးပြီးချင်း စကားပြောနိုင်သော ကလေးငယ်များမှာ ထူးဆန်းလှသည် မဟုတ်သဖြင့် အံ့သြနေစရာ မရှိပေ။

ရှေ့ရှိ ကလေးငယ်ကို လုချန်းက လက်ဆန့်၍ တိုက်ရိုက် ပွေ့ချီလိုက်ပြီးနောက် ကောက်ရှီယွမ်၏ ကုတင်ဘေးတွင် ထိုင်ကာ သူမကို ကြည့်ရင်း

“ရှီယွမ်... ကလေးမွေးတော့မယ်ဆိုတာ ကျုပ်ကို ဘာလို့ မပြောတာလဲ”

ကောက်ရှီယွမ်က ခါးသက်သက် ပြုံးရင်း

“ ရှင့်ကို ပြောဖို့ အချိန်တောင် မရလိုက်ပါဘူး... သူက သူ့ဘာသာသူ ထွက်လာတာပါ။ အထဲမှာ နေရတာ အရမ်း မွန်းကျပ်နေလို့ ဖြစ်မှာပေါ့။”

ကလေးသည် မိခင်ဝမ်းဗိုက်အတွင်း ကတည်းက ဝိညာဉ်အသိဉာဏ် ရှိနေခဲ့ခြင်း ဖြစ်သည်။ မှောင်မည်းပြီး နေရောင်မရသော နေရာတစ်ခုတွင် ငြိမ်ငြိမ်မနေလိုခြင်းမှာ သဘာဝပင် ဖြစ်၏။

ထို့နောက် ကလေးငယ်ကို ကုတင်ပေါ်တွင် လှဲသိပ်လိုက်ပြီး သူတို့နှစ်ဦးလုံးထံသို့ ဖန်တီးခြင်း စွမ်းအားများကို လုချန်းက တစ်ပြိုင်နက်တည်း ထည့်သွင်းပေးလိုက်ရာ ကောက်ရှီယွမ်၏ မျက်နှာသွင်ပြင် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

နတ်တို့ ကလေးမွေးဖွားခြင်းမှာ လူသားများကဲ့သို့ မနာကျင်သော်လည်း ခန္ဓာကိုယ်ကတော့ အားနည်းသွားတတ်စမြဲ ဖြစ်၏။

ပြန်လည် သက်သာလာပြီးနောက် ကုတင်ပေါ်တွင် တခိခိ ရယ်နေသော ကလေးငယ်ကို လှည့်ကြည့်ကာ ကောက်ရှီယွမ်က

“မောင်လေး... သူ့ကို နာမည် တစ်ခုလောက် ပေးပါဦးလား။”

ကုတင်ပေါ်မှ ကလေးငယ်ကို လုချန်းက တစ်ချက် ကြည့်လိုက်သည်။ ကလေးငယ်မှာ အဖြူရောင် အလင်းတန်းများ ဖြာထွက်နေပြီး အသားအရေမှာလည်း က ဖြူစင်ချောမွေ့နေ၏။

ကြည့်မကောင်းတတ်သော လူသား ကလေးငယ်များနှင့် လုံးဝ မတူပေ။

ပြုံးလိုက်ရင်း လုချန်းက

“သူ့ကို လုကျင့်ယု လို့ ခေါ်ကြစို့”

ထိုနာမည်ကို ကြားလျှင် ကလေးငယ်က

“ကျင့်ယု... ကျင့်ယု...”

ပြုံး၍ လုချန်းက

“သမီးလေး... ဒီနာမည်ကို ကြိုက်ရဲ့လား”

လုကျင့်ယွီက

“ကြိုက်... ကြိုက်တယ်...”

တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် စနစ်မှ ဆုလာဘ် ရောက်ရှိလာသင့်ပြီ ဖြစ်ကြောင်း လုချန်း ရုတ်တရက် သတိရသွားကာ စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်၏။

[ ရင်သွေးမွေးဖွားသည့်အတွက် ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် နတ်အဆင့် နည်းဗျူဟာ ပုံစံ : ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို ချီးမြှင့်လိုက်သည်]

ဤဆုလာဘ်ကို မြင်လျှင် လုချန်း အံ့အားသင့်သွားသည်။

နတ်အဆင့် နည်းဗျူဟာ ပုံစံ တစ်ခုတဲ့လား။

ထိုနည်းဗျူဟာ၏ မိတ်ဆက်ကို လုချန်း ချက်ချင်း ဖွင့်ကြည့်လိုက်၏။

[ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ : ဤနည်းဗျူဟာ ပုံစံကို အသုံးပြု၍ ထျန်းရန်နတ်ဘုရား နယ်မြေအတွင်းရှိ မည်သည့်နေရာသို့မဆို မည်သည့်အရာကိုမဆို တည်နေရာ ရွှေ့ပြောင်းပေးနိုင်သည်။ ရွှေ့ပြောင်းမည့် အရာဝတ္ထု ကြီးမားလေလေ နတ်အငွေ့အသက် ပိုမို လိုအပ်လေလေ ဖြစ်ပြီး အာကာသ ချိပ်ပိတ်မှုများကိုလည်း လျစ်လျူရှုနိုင်သည်။]

ဤမိတ်ဆက်ကို မြင်လျှင် လုချန်း မှင်တက်သွား၏။

တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တစ်ခု၏ အကြီးမားဆုံး အားနည်းချက်မှာ အာကာသ ပိတ်ဆို့ခံရလွယ်ခြင်းနှင့် ကြိုတင် သတ်မှတ်ထားသော တည်နေရာ လိုအပ်ခြင်း ဖြစ်သည်။ အကယ်၍ သူက ရှန်းရှမြို့မှ လျှို့ဝှက်လဝန်းနန်းတော်သို့ တည်နေရာ ရွှေ့ပြောင်းလိုပါက ရှန်းရှမြို့တွင်သာမက လျှို့ဝှက်လဝန်းနန်းတော်တွင်ပါ နည်းဗျူဟာတစ်ခု စီရင်ထားရမည် ဖြစ်သည်။

သို့သော်လည်း ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကတော့ ထျန်းရန်နတ်ဘုရား နယ်မြေအတွင်းရှိ မည်သည့်နေရာသို့မဆို ကူးသန်းနိုင်ရန် နည်းဗျူဟာ တစ်ခုတည်းသာ လိုအပ်သည်။ ပို၍ အရေးကြီးသည်မှာ အာကာသ ချိပ်ပိတ်မှုများကို လျစ်လျူရှုနိုင်ခြင်းပင်။

ထို့ပြင် ယင်းနည်းဗျူဟာ ပုံစံဖြင့် သူတို့ သွားလိုရာ မည်သည့်နေရာကိုမဆို သွားနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်၏။

ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ ပုံစံကို လျှို့ဝှက်လဝန်းနန်းတော်တွင်သာ ခင်းကျင်းလိုက်ပါက လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို တိုက်ရိုက် ရွှေ့ပြောင်းပစ်နိုင်မည် မဟုတ်ပါလားဟု လုချန်း တွေးတောနေမိသည်။ နတ်အငွေ့အသက် မည်မျှအထိ လိုအပ်မည်ကိုတော့ သူ မသေချာ နိုင်သေးပေ။

---

…………

အခန်း (၁၇၆၆)

အားလုံးကို ခေါ်ထုတ်သွားနိုင်မည့် နည်းလမ်း

လုကျင့်ယုကို ငေးငိုင်ကြည့်နေသည့် လုချန်းကို မြင်လျှင် ဇဝေဇဝါဖြစ်သွားသော ကောက်ရှီယွမ်က

“မောင်လေး... ဘာဖြစ်လို့လဲ”

သတိပြန်ဝင်လာသော လုချန်းက ပြုံးလျက်

“ဘာမှမဟုတ်ပါဘူး... တစ်ခုခုကို ရုတ်တရက် သတိရသွားလို့ပါ”

ထိုစဉ် နတ်ဘုရင် လင်ရင်ဘက်သို့ လှည့်ကာ လုချန်းက

“လျှို့ဝှက်လဝန်းနန်းတော်အတွက် မစိုးရိမ်ပါနဲ့။ တကယ်လို့ အရေးကြီးတဲ့ အခြေအနေ ရောက်လာခဲ့ရင် နန်းတော်ထဲက လူအားလုံးကို ခေါ်ထုတ်သွားနိုင်မယ့် နည်းလမ်း ကျုပ်မှာ ရှိပါတယ်။ ခင်ဗျားကတော့ ခင်ဗျားလုပ်စရာရှိတာကိုပဲ အာရုံစိုက်ပြီး အင်အားစု သုံးစု နန်းတော်ကို မရောက်ခင် နန်းတော်သခင် နတ်သခင်အဆင့်ကို တက်လှမ်းနိုင်မလားဆိုတာ သိရအောင် အချိန်ပိုရအောင်ပဲ ကြိုးစားပေးပါဦး။”

လူအားလုံးကို ခေါ်ထုတ်သွားနိုင်သည့် နည်းလမ်းရှိသည်ဟူသော လုချန်း၏ စကားကို ကြားလျှင် စိတ်အေးသွားသည့် နတ်ဘုရင် လင်ရင်က

“ကောင်းပါပြီ... ဒါဆို ကျွန်မ ဆက်မနှောင့်ယှက်တော့ဘူး။”

ထိုစကားများနှင့်အတူ နတ်ဘုရင် လင်ရင် လှည့်ထွက်သွား၏။

ထိုအခိုက်အတန့်တွင် ကုတင်ပေါ်၌ လဲလျောင်းနေသော ကောက်ရှီယွမ်က စပ်စုလိုစိတ်ဖြင့်

“မောင်လေးမှာ လူအားလုံးကို ခေါ်သွားနိုင်မယ့် နည်းလမ်း တကယ်ရှိတာလား။”

လုချန်းက စကားပြောရန် ပြင်လိုက်သော်လည်း ကုတင်ပေါ်မှ လုကျင့်ယုပျောက်ကွယ်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ခဏခန့် မှင်တက်သွားရင်း လုချန်း လှည့်ကြည့်လိုက်ရာ လေထဲတွင် ဝဲပျံနေသည့် လုကျင့်ယုကို တွေ့လိုက်ရ၏။ သူမ၏ ညာဘက်မျက်လုံးမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး မျက်လုံးအတွင်း၌ လှပသော နည်းဗျူဟာ အင်းကွက်များက ဝိုင်းရံလျက် ရှိသည်။

ဤမြင်ကွင်းကို ကြည့်ကာ လုချန်းနှင့် ကောက်ရှီယွမ်တို့နှစ်ဦးလုံး ဆွံ့အသွားကြ၏။ သူတို့ တုံ့ပြန်မှု မပြုနိုင်ခင်မှာပင် လုကျင့်ယု၏ ခန္ဓာကိုယ် ထပ်မံ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ချက်ချင်း ပြန်ပေါ်လာပြန်သည်။

၎င်းကို ကြည့်ရင်း လုချန်းက ရုတ်တရက် သဘောပေါက်သွား၏။

ဤအရာက အာကာသ တည်နေရာရွှေ့ပြောင်းခြင်းများလား။

သူ၏ ရင်သွေးက မွေးဖွားပြီးကာစပင် ရှိသေးသော်လည်း အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို ပြုလုပ်နိုင်နေပြီလား။

လုကျင့်ယု၏ ညာဘက်မျက်လုံးမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အာကာသစွမ်းအားကို လုချန်း အလျင်အမြန် အာရုံခံလိုက်ရာ ၎င်းသည် ထူးခြားသည့် ဝိညာဉ်မျက်လုံး ဖြစ်ရမည်ဟု ချက်ချင်း ကောက်ချက်ချလိုက်၏။

စိတ်ထဲမှနေ၍ လုချန်းက စနစ်ကို

“စနစ်... ကျုပ်သမီးရဲ့ ကိုယ်ထည်က ဘာလဲ”

စနစ်က

“လုကျင့်ယုမှာ အာကာသ ဝိညာဉ်မျက်လုံး ရှိပါတယ်။ သူမက သဘာဝအတိုင်း အာကာသစွမ်းအားကို အသုံးပြုနိုင်စွမ်း ရှိပါတယ်”

ဟု အလျင်အမြန် အကြောင်းပြန်လာ၏။

စနစ်၏ စကားကို နားထောင်ရင်း ၎င်းသည် တကယ်ပင် ထူးခြားသည့် ဝိညာဉ်မျက်လုံး ဖြစ်ကြောင်း လုချန်းက တွေးတောနေသည်။

ထို့နောက် လုကျင့်ယုသည် အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို အကြိမ်အနည်းငယ် ဆက်တိုက် ပြုလုပ်နေပြန်ရာ ကောက်ရှီယွမ်ကို စိုးရိမ်ပူပန်သွားစေသည်။ သူမက တိုးတိုးလေးဆိုလိုက်၏။

“ကလေးမလေးက မွေးကတည်းက ဒီလောက်တက်ကြွနေတာ... သူကြီးလာရင် ထိန်းနိုင်ပါ့မလားတောင် မသိဘူး။”

ပြုံးလျက် လုချန်းက

“သူ့ကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ ကလေးဆိုတာ တက်ကြွနေတာ ကောင်းပါတယ်။ သူ့အဖေတဲ့ ကျုပ်ရှိနေရင် အပြင်မှာ သူ ဘယ်လိုပြဿနာမျိုးပဲ ကြုံကြုံ ကျုပ်က ကာကွယ်ပေးမှာပဲ။”

လုချန်း စကားပြောပြီးနောက် လုကျင့်ယုသည် အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို နောက်တစ်ကြိမ် အသုံးပြုကာ ကုတင်ပေါ်သို့ ပြန်ရောက်လာ၏။ သူမ စွမ်းအားများကို အလွန်အကျွံ အသုံးပြုလိုက်ရသဖြင့် ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်နှင့် မျက်လုံးများမှိတ်ကာ အိပ်ပျော်သွားတော့သည်။

သူမ၏ ခန္ဓာကိုယ်ကို လုချန်း အလျင်အမြန် စစ်ဆေးလိုက်ရာ ကြီးမားသည့် ပြဿနာ မတွေ့ရသဖြင့် နောက်ဆုံးတွင် စိတ်အေးသွားရ၏။

ထို့နောက် ကောက်ရှီယွမ်က

“မောင်လေး... စောစောက ပြောတဲ့ နည်းလမ်းက ဘာလဲဟင်”

ဟု ဆက်လက် မေးမြန်းလိုက်သည်။

လျှို့ဝှက်လဝန်းနန်းတော်၏ အခြေအနေ မည်မျှအထိ ဆိုးရွားနေသည်ကို ကောက်ရှီယွမ်လည်း သိသည်။ အဓိက အင်အားစု သုံးစုက နန်းတော်၏ နတ်မြို့ကို ဝိုင်းရံထားပြီး ဖြစ်ရာ မကြာမီမှာပင် အလုံးအရင်းနှင့် တိုက်ခိုက်လာကြတော့မည် ဖြစ်၏။

အကယ်၍ နောက်ဆုံးအချိန်၌ နန်းတော်သခင်က နတ်သခင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခြင်း မရှိပါက လျှို့ဝှက်လဝန်းနန်းတော်၏ ပျက်သုဉ်းသွားလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အပြင် အစကတည်းက ယွမ်ယုတိနှင့်အတူ လိုက်ပါလာသူ တစ်ဦးဖြစ်ရာ ကောက်ရှီယွမ်သည် နန်းတော်အပေါ် သံယောဇဉ် နက်ရှိုင်းလှပြီး ၎င်း၏ ကံကြမ္မာကိုလည်း များစွာ စိုးရိမ်နေမိသည်။

စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် လုချန်းက

“အာကာသ ချိပ်ပိတ်မှုတွေကို လျစ်လျူရှုနိုင်တဲ့ နည်းဗျူဟာတစ်ခုကို ကျုပ် စီရင်နိုင်ပါတယ်။”

ထိုအရာကို ကြားလျှင် ကောက်ရှီယွမ် ချက်ချင်းပင် မှင်တက်သွား၏။

အာကာသ ချိပ်ပိတ်မှုများကို လျစ်လျူရှုနိုင်သည့် နည်းဗျူဟာတစ်ခုလား။

တကယ်ရော ဖြစ်နိုင်ပါ့မလား။

အကယ်၍ ထိုကဲ့သို့သော နည်းဗျူဟာသာ ရှိပါက နောက်ဆုံးအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်မှ တိုက်ရိုက် ထွက်ခွာသွားနိုင်မည် ဖြစ်သည်။ နန်းတော်မှ လူများသာ အသက်ရှင်လျက် ကျန်ရစ်ပါက နန်းတော်ကို ပြန်လည် တည်ဆောက်နိုင်လိမ့်မည်။

လူရှိနေပါက နန်းတော်၏ တည်နေရာ ပြောင်းရုံသာ ဖြစ်သည်။

ကောက်ရှီယွမ်က

“မောင်လေး ပြောတာ တကယ်လား... အဲ့ဒီလို နည်းဗျူဟာမျိုး တကယ်ရှိတာလား”

အာကာသ ချိပ်ပိတ်မှုများကို လျစ်လျူရှုနိုင်သည့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာမျိုးကို ကောက်ရှီယွမ် တစ်ခါမှ မကြားဖူးခဲ့ပေ။

လုချန်းက

“ဟုတ်တယ်... အမှန်ပဲ”

ကောက်ရှီယွမ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ

“အဲ့ဒီလို တည်နေရာရွှေ့ပြောင်း နည်းဗျူဟာမျိုး ရှိနေရင်တောင် အသုံးပြုဖို့ မဖြစ်နိုင်လောက်ဘူး။ အင်အားစု သုံးစုက လျှို့ဝှက်လဝန်းနန်းတော်ကို အကုန်လုံး ဝိုင်းထားတာဆိုတော့ တခြားနေရာမှာ နည်းဗျူဟာ ပုံစံသွားစီရင်ဖို့က မဖြစ်နိုင်သလောက်ပဲလေ။”

ပြုံးလျက် လုချန်းက

“ကျုပ်ပြောတဲ့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာက အာကာသကို လျစ်လျူရှုနိုင်ရုံတင်မကဘူး တစ်ဖက်တည်းက ခင်းကျင်းရုံနဲ့တင် လုံလောက်ပါတယ်။ ပိုပြီး အရေးကြီးတာက အဲ့ဒါက ကျုပ်တို့ကို ထျန်းရန်နတ်ဘုရား နယ်မြေထဲက ဘယ်နေရာကိုမဆို ပို့ပေးနိုင်တာပဲ။”

ဒါက...

ကောက်ရှီယွမ်မှာ နောက်တစ်ကြိမ် မှင်တက်သွားရပြန်သည်။

သူမကို နှစ်သိမ့်ရန်အတွက် လုချန်းက တမင်တကာ လိမ်ညာနေသည်ဟုပင် သူမ သံသယဝင်လာ၏။

အာကာသ ချိပ်ပိတ်မှုများကို လျစ်လျူရှုနိုင်ခြင်းကပင် မယုံနိုင်စရာ ဖြစ်နေပြီဖြစ်၏။ ယခု နည်းဗျူဟာ ပုံစံ တစ်ခုတည်းဖြင့် မည်သည့်နေရာကိုမဆို ပို့ပေးနိုင်သည်ဟု ဆိုနေခြင်း ဖြစ်သည်။

တည်နေရာရွှေ့ပြောင်း နည်းဗျူဟာတစ်ခုက ဤမျှအထိ တကယ်ရော စွမ်းဆောင်နိုင်ပါ့မလား။

နတ်ဧကရာဇ် တစ်ပါးသာလျှင် ထိုကဲ့သို့သော စွမ်းအားမျိုး ရှိနိုင်မည် မဟုတ်ပါလား။

သံသယရှိနေသည့် ကောက်ရှီယွမ်၏ အကြည့်ကို မြင်လျှင် လုချန်းက

“ဒီတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ ကို ကစဉ့်ကလျား ပင်လယ်ထဲက ရှေးဟောင်း နေရာတစ်ခုမှာ ရှေးခေတ်က စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် ချန်ထားခဲ့တာ။ အဲ့ဒါကို ကျုပ် ရခဲ့တာပါ။”

ထိုအရာကို ကြားလျှင် ကောက်ရှီယွမ် ဆက်လက် သံသယမရှိတော့ပေ။

ထျန်းရန်နတ်ဘုရား နယ်မြေမှ နတ်များအတွက်မူ ကစဉ့်ကလျား ပင်လယ်သည် အလွန် အန္တရာယ်များသော်လည်း မရေမတွက်နိုင်သော ရတနာများစွာ ရှိသည့် နေရာတစ်ခု ဖြစ်သည်။ နတ်ဧကရာဇ်များပင်လျှင် ထိုနေရာကို စိတ်ဝင်တစား ရှိကြပြီး ရတနာများကို ရှာဖွေရန် ဝင်ရောက်လေ့ရှိကြ၏။

အချို့ကတော့ ဝင်သွားပြီးနောက် ဘယ်သောအခါမှ ပြန်မလာနိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် ကောက်ရှီယွမ်က

“အဲ့ဒီ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက နတ်အငွေ့အသက်တွေ အမြောက်အမြား မကုန်နိုင်ဘူးလား။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အခုရှိနေတဲ့ စွမ်းအားနဲ့ရော အဲ့ဒါကို အသုံးပြုနိုင်ပါ့မလား။”

ဤမေးခွန်းမှာ လုချန်းကိုယ်တိုင်လည်း စိုးရိမ်နေသည့် အချက် ဖြစ်သည်။

သူကိုယ်တိုင်လည်း ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို တစ်ခါမှ အသုံးမပြုဖူးသေးသဖြင့် တစ်ခါသုံးလျှင် နတ်အငွေ့အသက် မည်မျှ ကုန်ဆုံးမည်ကို မသိပေ။

လုချန်းက

“နန်းတော်တစ်ခုလုံးကို ရွှေ့ပြောင်းမယ်ဆိုရင်တော့ နတ်အငွေ့အသက်တွေ အများကြီး ကုန်မှာ အမှန်ပဲ။ ဒါပေမဲ့ လူတွေကိုပဲ ရွှေ့ပြောင်းမယ်ဆိုရင်တော့ ကုန်ဆုံးတဲ့ အငွေ့အသက်က သိပ်မများလောက်ပါဘူး။”

နတ်အငွေ့အသက် ကုန်ဆုံးမှုမှာ ရွှေ့ပြောင်းမည့် အရာဝတ္ထု၏ အရွယ်အစားပေါ်တွင် မူတည်၏။ လျှို့ဝှက်လဝန်းနန်းတော်သည် ဂြိုဟ်တစ်ခုခန့် ကြီးမားသဖြင့် ၎င်းကို ရွှေ့ပြောင်းရန် များပြားလှသည့် နတ်အငွေ့အသက်များ ကုန်ဆုံးမည် ဖြစ်သည်။

သို့သော်လည်း လူပေါင်း သောင်းဂဏန်းခန့်သာ ရှိသည့် နန်းတော်သားများကို ရွှေ့ပြောင်းရန်ကတော့ နတ်ဘုရင် လင်ရင်၏ နတ်စွမ်းအားဖြင့် လုံလောက်နိုင်သည်။ ထို့ပြင် နတ်ဘုရင် လင်ရင်၏ စွမ်းအား မလောက်ငပါကလည်း နန်းတော်တွင် နတ်ကျောက်တုံးများ ရှိသေးရာ ၎င်းတို့ကို အသုံးပြု၍ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာကို အသက်သွင်းရန် လုံလောက်ပေလိမ့်မည်။

လုချန်းနှင့် ကောက်ရှီယွမ်တို့ နည်းဗျူဟာပုံစံ အကြောင်း ဆွေးနွေးနေစဉ်မှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ အနက်ရှိုင်းဆုံးနေရာမှ နတ်အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာ၏။

ပြင်းထန်လှသည့် အေးစိမ့်သော နတ်အငွေ့အသက်များကို အာရုံခံမိလျှင် တစ်စုံတစ်ခု ဖြစ်တော့မည်ဟူသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် လုချန်း၏ မျက်ခုံးများ ချက်ချင်းတွန့်သွားသည်။

……

တစ်ချိန်တည်းမှာပင်။

နန်းတော်အတွင်းရှိ တားမြစ်နယ်မြေမှ ထူးခြားသည့် အငွေ့အသက်များကို အာရုံခံမိသော နတ်ဘုရင် လင်ရင်သည် ယွမ်ယုတိ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေသည့် တောင်ဆီသို့ ချက်ချင်း ဦးတည်သွား၏။

ထိုစဉ် ယွမ်ယုတိ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေသော တောင်တစ်တောင်လုံး အေးခဲနေပြီး ပြင်းထန်သည့် ရေခဲစွမ်းအားများဖြင့် ပြည့်နှက်လျက်ရှိသည်။ နတ်ဘုရင် လင်ရင်က အနားသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်ရာ စူးရှလှသည့် အအေးဒဏ်ကို ခံစားလိုက်ရ၏။

သူမကိုယ်တိုင်မှာ နတ်ဘုရင် တစ်ပါး ဖြစ်သော်လည်း အအေးဒဏ်ကို ခံစားနေရတာက သတိထားစရာပင် ဖြစ်သည်။ ဤရေခဲစွမ်းအား အလွန် ကြောက်မက်ဖွယ်ကောင်းကြောင်း ထင်ရှားလှသည်။

မကြာမီမှာပင် လျှို့ဝှက်လဝန်းနန်းတော်မှ အခြား အကြီးအကဲများလည်း ထိုရေခဲတောင် ရှေ့သို့ ရောက်ရှိလာကြတော့သည်။

---

…………

အခန်း (၁၇၆၇)

ပန်းပင်လယ်

ထိုအခိုက်အတန့်တွင် ယွမ်ယုတိ တံခါးပိတ်ကျင့်စဉ်ဝင်ရာ ဂူရှေ့ရှိ အကြီးအကဲများသည် စိုးရိမ်ပူပန်နေသော အမူအရာများ ပြသနေကြ၏။

ဤအေးစိမ့်သောစွမ်းအား အလွန်အမင်း ပြင်းထန်ကြမ်းတမ်းနေသည်ကို သူတို့ အာရုံခံမိကြရာ ၎င်းသည် အောင်မြင်စွာ အဆင့် တက်လှမ်းနိုင်သည့် လက္ခဏာ မဟုတ်ကြောင်း ခန်းမှန်းမိကြပြီးဖြစ်၏။

သူတို့၏ နန်းတော်သခင်သည်ကျင့်စဉ်ဖောက်ပြန်ကာ စိတ်မိစ္ဆာဝင်သွားခြင်းနှင့် ပိုတူနေသည်။ ဤဖြစ်နိုင်ခြေကို တွေးမိသည်နှင့် အကြီးအကဲများ၏ မျက်နှာများ ပို၍ပင် ပျက်ယွင်းသွားကြသည်။

အကယ်၍ သူတို့၏ နန်းတော်သခင် ယခုအချိန်တွင် စိတ်မိစ္ဆာဝင်သွားခဲ့ပါက လျှို့ဝှက်လဝန်းနန်းတော်သည် အမှန်တကယ်ပင် ပျက်သုဉ်းသွားပေလိမ့်မည်။

ထိုအခိုက်တွင် အကြီးအကဲတစ်ဦးက

“ကျွန်မတို့ အထဲဝင်ပြီး ကြည့်ကြမလား”

အကယ်၍ သူတို့၏ နန်းတော်သခင် အမှန်တကယ် စိတ်မိစ္ဆာဝင်သွားခဲ့ပါက စောစောစီးစီး သိရှိခြင်းဖြင့် နန်းတော်သခင်ကို ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။

စိတ်မိစ္ဆာဝင်သည့် အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်အား ထိခိုက်ပျက်စီးမှု ပိုကြီးမားလာမည်ဖြစ်ပြီး ကျင့်စဉ်အဆင့်လည်း ထိုးဆင်းသွားလိမ့်မည်။

အကြီးအကဲများသည် ဤသဘောတရားကို နားလည်ကြသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော အေးစိမ့်သည့်စွမ်းအားကို အာရုံခံမိပြီးနောက် သူတို့အားလုံး ဆိတ်ဆိတ်နေလိုက်ကြသည်။ ထိုအခိုက်တွင် အခြားအကြီးအကဲတစ်ဦးက

“နန်း‌တော် သခင်ရဲ့ အေးစိမ့်တဲ့စွမ်းအားကို ကျွန်မတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ စိုးရိမ်တယ်။”

ဤနေရာ၌ ရပ်နေရုံနှင့်ပင် သူတို့၏ ခန္ဓာကိုယ်များကို ထိုအေးစိမ့်သောစွမ်းအားက တိုက်စားနေသည်ကို ခံစားနေရ၏။

နန်းတော်သခင်၏ တံခါးပိတ်ကျင့်စဉ်ဝင်ရာ ဂူအတွင်းသို့ ဝင်သွားပါက အတွင်းရှိ အေးစိမ့်သောစွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။ သူတို့ ဝင်သွားသည်နှင့် ခန္ဓာကိုယ်များ အေးခဲသွားနိုင်ပေသည်။

ထိုအခိုက်တွင် အကြီးအကဲများအားလုံး၏ အကြည့်က မလှမ်းမကမ်းရှိ နတ်ဘုရင် လင်ရင်ထံသို့ ရောက်သွားကြသည်။ သူတို့ထဲမှ နတ်ဘုရင်ခံများ မဝင်နိုင်သော်လည်း နတ်ဘုရင်တစ်ပါးဆိုလျှင်တော့ မဝင်နိုင်ဟု မဆိုလိုပေ။

နတ်ဘုရင် လင်ရင်က ဂူအတွင်းသို့ ဝင်သွားခဲ့ပါက အတွင်းရှိ အေးစိမ့်သောစွမ်းအားကို ခံနိုင်ရည် ရှိနိုင်လောက်သည်။

သို့သော် ထိုအခိုက်တွင် နတ်ဘုရင်ခံဝေရွှီက

“ကျွန်မ သွားပါ့မယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ရေခဲစွမ်းအား ရှိတာကြောင့် အအေးဒဏ်အချို့ကို ခုခံနိုင်မှာပါ”

“အခုက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အရေးကြီးတဲ့ အချိန်ပဲ။ ဒု နန်းတော်သခင် လင်ရင် ထိခိုက်အနာတရဖြစ်လို့ မရဘူး။ အကယ်၍ သူ ဒဏ်ရာရသွားရင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နည်းဗျူဟာ ပုံစံကြီးကို ဘယ်သူမှ ထိန်းနိုင်မှာ မဟုတ်ဘူး။”

နတ်ဘုရင်ခံဝေရွှီသည် လူတိုင်း၏ အတွေးကို သိမြင်သောကြောင့် သူမက အရင်ဆုံး ရှေ့သို့ လှမ်းတက်လိုက်ခြင်း ဖြစ်သည်။

နတ်ဘုရင်ခံဝေရွှီ၏ စကားကို ကြားပြီးနောက် မည်သူမှ ဘာမှမပြောတော့ပေ။

ထိုအခိုက်တွင် နတ်ဘုရင်ခံဝေရွှီသည် ယွမ်ယုတိ၏ တံခါးပိတ်ကျင့်စဉ်ဝင်ရာ ဂူဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်၏။

မကြာမီမှာပင် သူမ ဂူအတွင်းသို့ ဝင်သွား၏။ သူမ ဝင်သွားသည်နှင့်တစ်ပြိုင်နက် သူမကိုယ်တိုင်ပင်လျှင် အရိုးထဲထိ အေးစိမ့်သွားစေသော အအေးဓာတ်ကို ခံစားလိုက်ရပြီး ထိုအေးစိမ့်သောစွမ်းအား၏ တိုက်စားမှုကို ခုခံရန် သူမ၏ စွမ်းအားများကို ချက်ချင်း လှည့်ပတ်လိုက်ရသည်။

ကံကောင်းသည်မှာ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရေခဲစွမ်းအား ရှိနေသဖြင့် သာမန်လူများထက် အအေးဒဏ်ကို ပို၍ ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။ သို့သော် ဂူအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်သွားလေလေ သူမ ခံစားရသော အအေးဓာတ်မှာ ပို၍ပင် ပြင်းထန်လာလေလေ ဖြစ်သည်။ သူမ၏ ဆံပင်နှင့် အဝတ်အစားများပေါ်တွင် ရေခဲများ စတင် စွဲကပ်လာနေပြီ ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်က အတိုင်းအတာတစ်ခုအထိ တောင့်ခံနေစဉ်မှာပင် အသက်ရှူနှုန်း အားနည်းစွာဖြင့် မြေပြင်ပေါ်၌ လဲလျောင်းနေသော ယွမ်ယုတိကို တွေ့လိုက်ရပြီး သူမ၏ ရှေ့တွင် ရေခဲများ ဖုံးလွှမ်းနေသည့် သွေးအိုင်တစ်ခု ရှိနေသည်။ ထိုမြင်ကွင်းကို မြင်လျှင် နတ်ဘုရင်ခံဝေရွှီ၏ မျက်နှာ သိသိသာသာ ပျက်ယွင်းသွား၏။ သူတို့၏ နန်းတော်သခင်သည် အမှန်တကယ်ပင် စိတ်မိစ္ဆာဝင်သွားခဲ့ပြီဖြစ်၏။ ထိုအရာက ကြီးမားသော ဒုက္ခတစ်ခု ဖြစ်လာပေတော့မည်။

နတ်ဘုရင်ခံဝေရွှီသည် ရှေ့သို့တိုးကာ ယွမ်ယုတိကို ကုသပေးရန် ကြိုးစားချင်သော်လည်း ယွမ်ယုတိ၏ ခန္ဓာကိုယ်ကို ပို၍ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်များက ဝန်းရံကာကွယ်ထားသည်ကို တွေ့လိုက်ရသည်။ သူမ တစ်လှမ်း လှမ်းလိုက်သည်နှင့် သေမင်း၏ ခြိမ်းခြောက်မှုကို ပို၍ ပို၍ အာရုံခံမိလာသည်။

နတ်ဘုရင်ခံ ဝေရွှီလည်း အသံလွှင့်ကာ ခေါ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပဲ

“နန်းတော်သခင်... နန်းတော်သခင်... နိုးလာပါဦး...”

ဟု ခေါ်လိုက်သည်။

နတ်ဘုရင်ခံဝေရွှီက မည်မျှပင် ခေါ်စေကာမူ ယွမ်ယုတိသည် ရေခဲပြင်ပေါ်၌ လဲလျောင်းနေဆဲဖြစ်ပြီး နိုးလာမည့် လက္ခဏာ မရှိပေ။

ထိုအချိန်တွင် ယွမ်ယုတိသည် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုထဲသို့ ရောက်ရှိနေသည်။ သူမသည် သူမ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို မြင်နေရသလို ဂူအတွင်းရှိ နတ်ဘုရင်ခံဝေရွှီနှင့် ဂူအပြင်ဘက်ရှိ အကြီးအကဲများကိုပါ မြင်နေရ၏။

သို့သော် တစ်စုံတစ်ခုသော အကြောင်းကြောင့် သူမ၏ သတိစိတ်သည် ခန္ဓာကိုယ်အတွင်းသို့ ပြန်မဝင်နိုင် ဖြစ်နေသည်။ ၎င်းသည် ခန္ဓာကိုယ်မှ ဝိညာဉ် ထွက်သွားခြင်းမျိုးလည်း မဟုတ်သည်ကို သူမ အာရုံခံမိသည်။

သူမ၏ နတ်ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်း၌ ရှိနေဆဲ ဖြစ်သော်လည်း သူမ၏ သတိစိတ်မှာမူ လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးနှင့် ပေါင်းစပ်သွားသကဲ့သို့ နန်းတော်တစ်ခွင်၌ ပျံ့နှံ့နေသည်။

ထိုအရာက အိပ်မက်တစ်ခုနှင့် ပိုတူနေ၏။

ကျင့်စဉ်အဆင့် တက်လှမ်းရန် ကျရှုံးသွားခဲ့သည်ဟူသော အတွေးက ယွမ်ယုတိကို အလွန်ပင် စိတ်ဓာတ်ကျသွားစေသည်။ သူမသည် နတ်သခင်အဆင့်သို့ တက်လှမ်းရန် တစ်လှမ်းသာ လိုတော့သော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား ရုတ်တရက် ကျဆင်းသွားခြင်းက သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ပြီး ကျင့်စဉ်ချို့ယွင်းကာ စိတ်မိစ္ဆာဝင်ခြင်း ဖြစ်စဉ်သို့ တိုက်ရိုက် ဦးတည်သွားစေခဲ့သည်။

ယွမ်ယုတိလည်း ဘာဆက်လုပ်ရမှန်း မသိတော့ပေ။ လျှို့ဝှက်လဝန်းနန်းတော်၏ ဆိုးရွားလှသော အခြေအနေကို သူမ ကောင်းစွာ သိသည်။ အောက်ဘက်ရှိ နတ်မြို့၏ တံခါးများဆီသို့ ချီယန်ဂိုဏ်း၏ အင်အားစုများ ရောက်ရှိနေသည်ကို သူမ ရှင်းလင်းစွာ အာရုံခံမိနေသည်။ မြို့တော် ကျဆုံးသွားသည်နှင့် လျှို့ဝှက်လဝန်းနန်းတော်လည်း ပျက်သုဉ်းသွားပေလိမ့်မည်။

သို့သော် သူမ ယခု ဘာမှ မတတ်နိုင်ပဲ ဖြစ်နေရ၏။

…….

တစ်ချိန်တည်းမှာပင်။

လုချန်း၏ စံအိမ်ဝင်းအတွင်း၌။

လေထုအတွင်း၌ ပျံ့နှံ့နေသော အအေးဓာတ်ကို အာရုံခံမိသော လုချန်းလည်း စိုးရိမ်စိတ် ဝင်သွားသည်။ ဤအေးစိမ့်သောစွမ်းအားသည် အလွန်ပင် မငြိမ်မသက် ဖြစ်နေရာ ထိုစွမ်းအားကို ထုတ်လွှတ်သူသည် စိတ်မိစ္ဆာဝင်သွားခြင်း ဖြစ်နိုင်ပြီး ၎င်းမှာ ယွမ်ယုတိထံမှ ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်သည်။

ယွမ်ယုတိသည် ဂိုဏ်း၏ ကံစွမ်းအား မြင့်တက်လာမှုကြောင့် ကျင့်စဉ်အဆင့် တက်လှမ်းရန် နီးစပ်ခဲ့ခြင်း ဖြစ်သည်။ ယခု ကံစွမ်းအားက ကျဆင်းသွားပြီဖြစ်သဖြင့် သူမ အထိနာသွားခြင်းဖြစ်ကြောင်း ခန့်မှန်းကြည့်စရာပင် မလိုပေ။

ယွမ်ယုတိ၏ ဂူဆီသို့ သွား၍ သူမကို စစ်ဆေးကြည့်သင့်သလားဟု လုချန်း စဉ်းစားနေမိသည်။

မည်သို့ပင်ဆိုစေ သူမနှင့် သူ့ကြားပတ်သက်မှုရှိနေသဖြင့် သူမ တစ်ခုခု ဖြစ်သွားခြင်းအား သူ ခွင့်မပြုနိုင်ပေ။ လုချန်း ထိုသို့ တွေးလိုက်စဉ်မှာပင် ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ဒါက...

တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားရသော်လည်း သူ၏ နတ်အာရုံကို ထုတ်လွှတ်လိုက်သောအခါ တစ်ဖက်လူကို ရှာမတွေ့ခဲ့ပေ။ ၎င်းမှာ တစ်ဖက်လူ၏ သတိစိတ်က သူ၏ သတိစိတ်ကဲ့သို့ပင် အခြားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေသကဲ့သို့ပင် ဖြစ်သည်။

ထိုအခိုက်တွင် ဂူအတွင်းရှိ ယွမ်ယုတိသည်လည်း လုချန်း၏ ထူးခြားမှုကို သတိပြုမိသွားသည်။ လုချန်း၏ ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ မရှိသကဲ့သို့ သူမ ရှင်းလင်းစွာ အာရုံခံမိနေ၏။ သူ၏ ခန္ဓာကိုယ်သည် မမြင်ရသော ကြိုးမျှင်တစ်ခုဖြင့် ချိတ်ဆက်ထားကာ ထိုကြိုးမျှင်သည် ဤလောကမှ မဟုတ်သည့် အခြားသော နယ်ပယ်တစ်ခုသို့ ဦးတည်နေသကဲ့သို့ ဖြစ်သည်။

ယွမ်ယုတိ၏ စိတ်နှလုံးထဲ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။

ဤချန်းလုက ရုပ်သေးရုပ် တစ်ရုပ်လား။

သူမ ဘာကြောင့် အရင်က ဒါကို သတိမထားမိခဲ့တာလဲ။

သူမသည် ယခင်က ချန်းလု၏ ခန္ဓာကိုယ်ကို စစ်ဆေးခဲ့ဖူးပြီး သူ၏ နတ်ဝိညာဉ် ပြည့်စုံကြောင်း သိထားခဲ့ဖူးသည်။ သို့သော် ယခုက ထိုအကြောင်းကို စဉ်းစားရမည့် အချိန်မဟုတ်ပေ။

သူမကဲ့သို့ပင် တစ်ဖက်လူ၏ အသိစိတ်မှာလည်း ခန္ဓာကိုယ်အပြင်ဘက်သို့ ရောက်ရှိနေခြင်းကြောင့် ချန်းလုနှင့် သူမ ဆက်သွယ်နိုင်ကောင်း ဆက်သွယ်နိုင်လိမ့်မည်။

ထိုသို့ တွေးတောရင်း လုချန်း၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသော ကြိုးမျှင်ကို ထိန်းချုပ်ရန် ယွမ်ယုတိ ကြိုးစားလိုက်သည်။ သို့သော် ရုတ်တရက် ဖြစ်ပေါ်လာသည့် မြင်ကွင်းက သူမကို အံ့အားသင့်သွားစေ၏။

သူမ၏ ပတ်ဝန်းကျင်သည် ပန်းပင်လယ်ပြင်ကြီးတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားခြင်း ဖြစ်သည်။ နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ဤပန်းပင်လယ်ပြင်ကြီးကို မြင်လျှင် ယွမ်ယုတိ ခဏခန့် မှင်တက်သွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားသည်။

ဒါက “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု”ပဲ။

အရင်က လျှို့ဝှက်လဝန်းနန်းတော်တွင် သူမ ကျင့်ကြံခဲ့သော ကျင့်စဉ်ကို နောက်ဆုံးတွင် သူမ ပြန်လည် သတိရသွားသည်။

“ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ၏ စွမ်းရည်တစ်ခုမှာ သူမ၏ အသိစိတ်နှင့် အခြားသူများ၏ အသိစိတ်ကို အိပ်မက်ကမ္ဘာတစ်ခုထဲသို့ ဆွဲခေါ်နိုင်ခြင်း ဖြစ်သည်။

စိတ်မိစ္ဆာဝင်သွားပြီးနောက် မသိစိတ်ဖြင့် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို သူမ အသက်သွင်းမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယွမ်ယုတိ အတွေးထဲ နစ်မြောနေစဉ်မှာပင် လုချန်း၏ ခန္ဓာကိုယ်သည်လည်း ပန်းပင်လယ်ပြင်ထဲ၌ တဖြည်းဖြည်း ပေါ်လာသည်။ ဤရင်းနှီးနေသော ပန်းပင်လယ်ပြင်ကြီးနှင့် အဝေးတစ်နေရာရှိ ယွမ်ယုတိကို မြင်လျှင် လုချန်းလည်း ယွမ်ယုတိကဲ့သို့ပင် ဆွံ့အသွားရ၏။

ဤပန်းပင်လယ်ပြင်ကြီးနှင့် သူ အလွန်ပင် ရင်းနှီးနေ၏။ ထျန်းဟုန်ဧကရီနှင့် စုံတွဲကျင့်စဉ် ကျင့်ရင်း ဤနေရာသို့ မကြာခဏ ရောက်ခဲ့ဖူးသည်။

လုချန်း၏ အသိစိတ်ကိုယ်ထည် ပေါ်လာသည်ကို မြင်လျှင် ယွမ်ယုတိက ချက်ချင်းပင် အေးစိမ့်သောလေသံဖြင့်

“ရှင်က ဘယ်သူလဲ။ ကျွန်မရဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲ”

ဟု မေးလိုက်သည်။

ယွမ်ယုတိ၏ လေသံသည် အေးစိမ့်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အေးစိမ့်သည့် စွမ်းအားများကို ထုတ်လွှတ်နေသည်။

လုချန်းက အံ့ဩနေသော လေသံဖြင့် “လေးစားရတဲ့...ဆရာ “

“ဒါ ဆရာ မဟုတ်လား။ ဒီနေရာက ဘယ်နေရာလဲ။”

---

…………

All Chapters