အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
အပိုင်း ( 154 )
ငှက်ကောင်
ဘမ်း
လောင်လျူ လွင့်ထွက်သွားပြီး၊ ကျောက်တိုင်နှင့် တိုက်မိသွားကာ၊ အသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။
ထိုအချိန်တွင်၊ သူသည် ကိုယ့်ကိုကိုယ် ဖြည်းဖြည်းချင်း ထူမလိုက်ပြီး၊ သူ၏မျက်များလုံး အတွင်းတွင်၊ အကြောက်တရားများ ပြည့်နှက်နေလျက်ရှိ၏။
“ မွေးရာပါ ဝိညာဥ်၊ မင်းက မွေးရာပါ ဝိညာဥ်နယ်ပယ်ကို တကယ်ကြီး ရောက်နေတာပဲ “
သူသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့်၊ လုချန်ရှန်းကို ငေးကြည့်လာခဲ့သည်၊ အသက်နှစ်ဆယ်ပင် မပြည့်သေးသည့်၊ လူငယ်တစ်ဦးက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေပြီး၊ အရှိန်အဝါအရ၊ အဆင့်၄ဝန်းကျင်သို့ပင် ရောက်ရှိနေသည့်ပုံပင်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
လောင်လျူသည် အထိတ်တလန့်ဖြစ်ကာ၊ အံ့အားသင့်နေလျက်ရှိသည်။
ငါဒီနေရာမှာ ရှိနေတာ နှစ်ငါးရာလောက်ပဲ ရှိပါသေးတယ်၊ အပြင်က လူတွေက ဒီလောက်တောင် ကြောက်စရာကောင်းနေပြီလားဟ
“ မင်းက ငါ့ကို တကယ်ကြီး အံ့အားသင့်သွားစေခဲ့တယ်။ ကြည့်ရတာတော့ မင်းက မင်းရဲ့ တကယ့်စွမ်းအားကို ဖုံးကွယ်ထားခဲ့တဲ့ ပုံပဲ “
လုချန်ရှန်း မျက်မှောင်ကြုတ်သွား၏။ ဒီကောင်က ငါ့ကို ဘယ်တုန်းက တွေ့ဖူးတာလား
ဒီကောင်က ငါ့အကြောင်း အကုန်သိနေတယ်လို့၊ ဘာလို့ ခံစားနေရတာလဲ
“ ငါက မင်းရဲ့ အတိတ်ကို တကယ်ကို စာနာမိတယ်။ အဲ့တာကြောင့်ပဲ ငါ့ကို မျက်နှာသာပေးဖို့အတွက်၊ မင်းကို ပြောခဲ့တာက၊ ဒါပင်မဲ့ မင်းက အဲ့တာကို ငြင်းခဲ့တယ် “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည်။ ထိုအကြောင်းများကို ကြားခဲ့ရသည့် အချိန်တွင်၊ သူသည် အသိတရားရသွားခဲ့ကာ၊ သူ့ကိုယ်သူပင် ပြင်းပြင်းထန်ထန် ဆုံးမခဲ့သေးသည်။
လောင်လျူမှ ပြန်ပြောလာခဲ့သည် “ ငါမင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ မင်းက ငါနဲ့အတူ ခရီးထွက်ဖို့ပဲ လိုအပ်တယ် “
“ ငါမသွားဘူး “
“ မင်းဆီမှာ ရွေးချယ်စရာ မရှိဘူး “
ထို့နောက်တွင်၊ လောင်လျူသည် ခြေတစ်လှမ်းတိုးကာ၊ လေထုအတွင်းသို့ ခုန်တက်လာခဲ့၏။
“ အရိုက်ခံချင်နေသေးတာလား “
လုချန်ရှန်းသည် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ဤသည်က သူတို့၏ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သော်လည်း၊ တစ်ဖက်လူက အတော်လေး ခေါင်းမာနေခဲ့သည်။
“ ဟက်၊ လူငယ်လေး၊ တစ်ခါတစ်လေမှာ၊ နယ်ပယ်က အရာရာတိုင်းကို ကိုယ်စားမပြုဘူး။ မင်းက မွေးရာပါ ဝိညာဥ်နယ်ပယ်ရဲ့ အဆင့်၄(ဒါမှမဟုတ်) အဆင့်၅မှာပဲ ရှိနေသေးတယ်။ ငါ့ဆီမှာ နည်းလမ်းတွေ ရှိတယ်၊ ငါက အဆင့်ကျော်တိုက်နိုင်တယ် “ လောင်လျူမှာ ယုံကြည်မှုအပြည့်ဖြင့်၊ စကားထပ်ပြောလာခဲ့၏။
လုချန်ရှန်းမှ တုံ့ပြန်လိုက်သည် “ ဓားတာအိုလား “
“ မင်းသိပြီးသားဆိုရင်၊ ဘာလို့ ခုခံနေရသေးတာလဲ “
“ အဲ့တာက ဓားတာအိုလေးပဲလေ။ မင်းတစ်ယောက်တည်း သိတာမှ မဟုတ်တာ “
လုချန်ရှန်းသည် အလွန်တရာ အေးဆေးတည်ငြိမ်နေလျက်ရှိ၏။
လောင်လျူ၏ ရယ်သံမှာ ပိုမိုကျယ်လောင်လာခဲ့သည်။
“ မင်းက ငယ်သေးတယ်၊ ငါမင်းကို ထိခိုက်အောင် လုပ်မှာမဟုတ်သလို၊ အပြစ်တင်နေမှာ မဟုတ်ဘူး။ ဒါပင်မဲ့ ဒီနေ့မှာတော့ နှစ်ငါးရာအတွင်းမှာ၊ ငါနားလည်ထားခဲ့တဲ့ အရာတွေကို မင်းကို မြင်တွေ့ခွင့်ပေးလိုက်မယ်။ တကယ့်ဓားဆန္ဒ ဖြစ်တည်ခြင်းက ဘာလဲဆိုတာကို ကြည့်ထားလိုက် “
ရွှမ်
ကျယ်လောင်သော အသံတစ်သံသည် ဘက်ပေါင်းစုံသို့ ပဲ့တင်ထပ် ပျံ့လွင့်သွားခဲ့သည်။ လေထုအတွင်းတွင် ဓားချီအများအပြား ဖြစ်တည်လာခဲ့ပြီး၊ အားကောင်းသော အရှိန်အဝါတစ်ခု ပြည့်နှက်လာကာ၊ ဤနေရာတစ်ခုလုံးကို လှုပ်ရမ်းသွားစေခဲ့၏။
လုချန်ရှန်း၏ အကြည့်အောက်မှာပင်၊ ဓားချီမြင့်တက်လာခဲ့ပြီး၊ ဓားဆန္ဒ အပိုင်းအစများ အဖော်ပြုလိုက်ပါလာခဲ့ကာ၊ မိုးထိတိုင်အောင် မြင့်တက်နေသည့်၊ ငွေရောင်ငှက်တစ်ကောင်အဖြစ်၊ အသွင်ပြောင်းသွားခဲ့သည်။
၎င်း၏ အရွယ်အစားက ငါးပေ၊ ခြောက်ပေမျှသာ ရှိသော်လည်း၊ ၎င်း၏ ခန္ဓာကိုယ်သည် မိုးကြိုးငှက်တစ်ကောင် မွေးဖွားလာသကဲ့သို့၊ မိုးကြိုးတို့ဖြင့် ရွေ့လျားနေကာ၊ ဓားဆန္ဒကပါ အဖော်ပြုပေးနေလျက်ရှိ၏။
ဤအချိန်တွင် လောင်လျူသည် လုချန်ရှန်းကို ကြည့်ကာ၊ အပြုံးဖြင့် စကားထပ်ပြောလာခဲ့၏ “ လူငယ်လေး၊ မင်းဆီမှာ ဓားနှလုံးသား သန့်စင်မှု ရှိတယ်ဆိုတာကို ငါသိတယ်၊ ဒါပင်မဲ့၊ ဓားချီဖွဲ့တည်ခြင်းနှင့် ယှဥ်လိုက်မယ်ဆိုရင်၊ ချောက်နက်ကြီးတစ်ခု ရှိနေတယ်။ အဲ့နယ်ပယ်ကို မရောက်ခင် အချိန်အထိ၊ အဲ့နယ်ပယ်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို၊ မင်းသိမှာ မဟုတ်ဘူး “
“ ငါသိတယ် “
“ မင်းသိပြီးသားဆိုရင်၊ မင်းကို ကိုယ်တိုင်ကြုံတွေ့ခံစားခွင့်ပေးလိုက်မယ်။ စီနီယာတစ်ယောက်က မင်းကို လမ်းညွှန်ပေးတယ်လို့ သဘောထားလိုက်ပေါ့ကွာ။ အနာဂတ်မှာ ငါ့ရဲ့ သင်ကြားပေးမှုတွေကို မမေ့လိုက်နဲ့ “
ဝှစ်
ချက်ချင်းဆိုသလိုပင်၊ မိုးကြိုးငှက်သည် ကောင်းကင်ထက်သို့ ခုန်တက်သွားကာ၊ လေထုကို ကျော်ဖြတ်ကာ၊ လုချန်ရှန်းထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
အဆိုပါ ခံစားချက်မှာ အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။ စုစည်းထားသော ဓားဆန္ဒသည် မိုးကြိုးငှက်တစ်ကောင်အဖြစ် အမှန်တကယ် အသွင်ပြောင်းသွားခဲ့ပြီး၊ တောင်ပံခတ်လိုက်သည့် အချိန်တိုင်းတွင်၊ ကောင်းကင်ထက်၌ မိုးကြိုးပစ်ခွင်သံများ ပျံ့လွင့်သွားစေခဲ့၏။
လုချန်ရှန်းသည် ၎င်းတို့ အားလုံးကို စောင့်ကြည့်နေရင်းဖြင့်၊ ရုတ်တရက်ဆိုသလိုပင်၊ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ လင်းယုန်က ကြက်ပေါက်လေးတစ်ကောင်ကို ဖမ်းနေတာပဲ “
“ ဘာတုန်းဟ “ လောင်လျူ မှင်သက်သွားခဲ့သည်။
သို့သော် သူသည် လုချန်ရှန်းက လက်မြှောက်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ကောင်းကင်ထက်သို့၊ ဓားဆန္ဒတစ်ခု ထောင်တက်လာခဲ့ပြီး၊ ဧရာမ အနက်ရောင်ငှက်တစ်ကောင်အဖြစ် ချက်ချင်းပြောင်းလဲသွားသည်ကိုသာ မြင်တွေ့လိုက်ရ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက စိမ်းနက်ရောင် အလင်းတန်းနှင့် တောက်ပနေလျက်ရှိပြီး၊ ၎င်း၏ အကြည့်များ စူးရှနေကာ၊ လျှပ်စီးကဲ့သို့ တောင်ပံခတ်နေလျက်ရှိ၏။
“ အဲ့တာ၊ အဲ့တာက ……… “
လောင်လျူသည် အံ့ဩတုန်လှုပ်သွားကာ၊ နေရာမှာတင် တောင့်တောင့်တင်းတင်း ဖြစ်သွားခဲ့သည်။
ဧရာမ ကောင်းကင်ဝါးမျိုငှက်တစ်ကောင် ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင်၊ အရာအားလုံး တိတ်ဆိတ်ငြိမ်ကျသွားသည့်အလား ဖြစ်နေခဲ့ကာ၊ အရာရာကို ဝါးမြိုနိုင်စွမ်းရှိပုံရ၏။
ကောင်းကင်ဝါးမျိုငှက်သည် ၎င်း၏ တောင်ပံများကို ဖြန့်၍၊ မိုးကြိုးငှက်အရှေ့သို့၊ ရောက်လာခဲ့ကာ၊ ၎င်းကို မျိုချလိုက်၏။ စူးရှသော အော်မြည်သံတစ်ခုနှင့်အတူ၊ မိုးကြိုးငှက်သည် ၎င်း၏ ဝမ်းဗိုက်အတွင်းသို့ တိုက်ရိုက်ရောက်ရှိကာ၊ ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင်၊ ကောင်းကင်ဝါးမျိုငှက်သည် ကောင်းကင်ထက်တွင်၊ ဝေ့ဝိုက်ပျံသန်းကာ၊ လောင်လျူထံသို့ ဆင်းသက်လာခဲ့သည်။ ပတ်ပတ်လည်ရှိ ဓားချီများ ချက်ချင်းပြိုကွဲသွားကာ၊ သူသည် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်။
ထိုအချိန်တွင် လောင်လျူသည် လုံးဝထုံကျင်နေလျက်ရှိပြီး၊ မယုံကြည်နိုင် ဖြစ်သွားသော အမူအရာမျိုးဖြင့်၊ လုချန်ရှန်းကို ကြည့်လာခဲ့သည်။
“ ဓားဆန္ဒ ဖြစ်တည်ခြင်း အထွတ်အထိပ်၊ မင်းက ဘယ်လို ပါရမီရှင်မျိုးလဲ “
သူ၏ အသံသည် အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်ကာ၊ တုန်ရင်နေခဲ့သည်။
သူသည် ဤလူငယ်က၊ မည်ကဲ့သို့သော မွန်းစတားမျိုးလဲဆိုသည်ကို၊ မမှန်းဆနိုင် ဖြစ်နေလျက်ရှိ၏။ တစ်ဖက်လူ၏ နယ်ပယ်က သူ့ထပ် ပိုမြင့်နေရုံတင်မဟုတ်ဘဲ၊ ဓားတာအိုကပါ ပိုမိုသန်မာနေခဲ့၏။
သူက ဖြစ်တည်ခြင်း အဆင့်သို့ ရောက်နေသည်မှာ၊ သိပ်မကြာသေးသော်လည်း၊ တစ်ဖက်လူက အထွတ်အထိပ်ထိပင် ရောက်ရှိနေခဲ့သည်။ ထို့အပြင် သူ၏ပြိုင်ဘက်က အသက်နှစ်ဆယ်အရွယ်မျှသာ ရှိပုံရသည်၊ ၎င်းမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
“ မင်းက ကောင်းကင်ဘုံကို ဆန့်ကျင်နေတာလား “ လောင်လျူမှ စကားထပ်ပြောလာခဲ့၏။
လုချန်ရှန်းမှ တုံ့ပြန်လိုက်သည် “ အခုလေးတင်ပဲ ငါ့ကို မျက်နှာသာပေးဖို့အတွက်၊ မင်းကို တောင်းဆိုခဲ့တယ်လေ၊ မင်းမှ မပေးခဲ့တာ၊ အဲ့တော့ မင်းကို ဖိနှိပ်ရုံပဲ ရှိတော့တာပေါ့ “
သူ၏လေသံမှာ ရွေးချယ်စရာ မရှိတော့သည့်အလား၊ ကူရာကယ်ရာမဲ့နေခဲ့သည်။ အစတွင် သူသည် တစ်ဖက်လူကို ကောင်းကောင်းမွန်မွန်စကားပြောကာ၊ ထိုလူ့ကို အနည်းငယ် မျက်နှာပေး၍ လွှတ်ပေးလိုက်ရန်၊ ကြံရွယ်ထားခဲ့သည်။ သို့သော် ထိုအကောင်သည် အလွန်တရာ မာနကြီးနေခဲ့ကာ၊ သူ့ကိုပင် တိုက်ခိုက်လာခဲ့၏။
သူ့ကိုယ်သူ ဖော်မိသွားပြီဖြစ်သောကြောင့်၊ ထိုကောင့်ကို ဖိနှိပ်ရတော့မည် ဖြစ်သည်။
“မင်းက အိမ်မက်နေတာပဲ။ ငါက ဒီနေရာမှာ နှစ်ငါးရာအထိ ပိတ်မိနေခဲ့တာကွ၊ ဒီကလွတ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတိုင်းကို ကြိုးစားခဲ့ပြီးပြီ။ မင်းက ငါ့ကို ထပ်ပြီးတော့ ပိတ်လှောင်ထားနိုင်မှာ မဟုတ်ဘူး “
လောင်လျူသည် ဟိန်းဟောက်ကာ၊ ခြေဆောင့်လာခဲ့သည်။ ယဇ်ပုလ္လင် အနည်းငယ် တုန်ခါသွားပြီး၊ သူသည် ကောင်းကင်ထက်သို့ ခုန်တက်သွားတော့သည်။ စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ သူ့နောက်ကျောတွင် တောင်ပံတစ်စုံ ပေါ်ထွက်လာခဲ့သည်။
၎င်းတို့၏ အရောင်များမှာ အနည်းငယ် ထူးဆန်းနေလျက်ရှိပြီး၊ တစ်ဖက်က ငွေဖြူရောင် ဖြစ်နေခဲ့ကာ၊ ကျန်တစ်ဖက်မှာ စိမ်းနက်ရောင် ဖြစ်နေခဲ့၏။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ မင်းဆီမှာ မျိုးနွယ်စုနှစ်ခုစလုံးရဲ့၊ ဝိသေသလက္ခဏာတွေ တကယ်ကြီးကို ရှိနေခဲ့တာပဲ။ လူတိုင်းက မင်းအတွက် တိုက်ခိုက်နေတာက၊ အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
“ ပေါက်ကရတွေ တော်လိုက်တော့၊ ချင်းယီ၊ ငါမင်းကို မှတ်ထားမယ်။ တစ်နေ့ကျရင် ဒီနေ့ကိစ္စအတွက် စာရင်းရှင်းဖို့ ငါပြန်လာခဲ့မယ် “
ထို့နောက်တွင်၊ သူသည် သူ၏တောင်ပံများကို ခတ်ကာ၊ လျှပ်စီအလား ရွေ့လျား၍၊ ထွက်ပေါက်ဆီသို့၊ ပျံသန်းသွားကာ၊ ဤနေရာမှ ထွက်သွားရန် ကြံရွယ်လိုက်သည်။
သူသည် သူက သူ့အရှေ့တွင်၊ ရှိနေသည့် လူငယ်လေးကို၊ မည်သို့မျှ မယှဥ်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။ ထိုလူက အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့ကာ၊ သူကိုယ်တိုင်ကပင် ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့ရ၏။ သူသည် စကားကြမ်းကြမ်းပြောကာ၊ အရှက်မကွဲစေရန်အလို့ငှာ၊ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့်၊ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ ပြန်ပြောလိုက်သည် “ ငှက်ကောင်၊ မင်းက ငါ့ကို ခြိမ်းခြောက်ထားပြီးတော့၊ ထွက်ပြေးချင်နေတယ်ပေါ့လေ။ ဒီမှာပဲ နေစမ်း “
ထို့နောက်တွင်၊ လုချန်ရှန်းသည် ဘေးရွေ့လျားသွားကာ၊ ပြေးပေါက်ကို ပိတ်ဆို့လိုက်သည်။ သူ၏ပတ်ပတ်လည်တွင် ဓားချီများ မြင့်တက်လာခဲ့ပြီး၊ ပိုက်ကွန်တစ်ခုအလား၊ ထိုနေရာသို့ ကျဆင်းလာခဲ့၏။
ဘုမ်းးး
ကျယ်လောင်သော မြည်ဟီးသံ တစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။ လောင်လျူကမူ သူ၏တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ၊ ရုန်းကန်နေခဲ့သည်၊ သို့သော် အဆုံးတွင် ဖမ်းဆီးခြင်းကိုသာ ခံလိုက်ရသည်။
သူမည်သို့မျှ အနိုင်မရနိုင်ပေ။ အကယ်၍ ယခင်ကကဲ့သို့ မွေးရာပါ ဝိညာဥ်အဆင့်၉တွင် ရှိနေဦးမည်ဆိုပါက၊ ၎င်းက ပြဿနာကြီးတစ်ခု ဟုတ်နေလိမ့်မည် မဟုတ်ပေ၊ သို့သော် ယခုတွင်ကား၊ သူသည် အဆင့်၁တွင်သာ ရှိနေခဲ့၏။
“ ချင်းယီ၊ မင်းလွန်နေပြီ “
“ စကားကို ရှင်းရှင်းလင်းလင်းပြော၊ ငါက ဘယ်လိုလုပ် လွန်သွားရတာလဲ။ ငါ့ကို မျက်နှာသာပေးဖို့အတွက် ငါမင်းကို ပြောခဲ့တယ်မဟုတ်ဘူးလား။ မင်းက မောက်နေပြီးတော့ ငြင်းပယ်ခဲ့တာလေ။ အဲ့တာက ငါ့အမှားလား “
လောင်လျူသည် ဆွံ့အကာ၊ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ အသာစီးရနေတဲ့ အချိန်မှာ၊ မမောက်မာတဲ့လူ ရှိလို့လားဟ
ထို့အပြင် သူသည်၊ သူက ဤကဲ့သို့ ဉာဏ်များသည့် လူတစ်ဦးနှင့်၊ ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုလူသည် ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့်၊ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး၊ ဆူးမရှိသော ပန်းပင်သကဲ့သို့၊ ပြုမူနေခဲ့၏။
“ ငါမထင်ထားခဲ့မိဘူး “ လောင်လျူသည် ခြောက်ကပ်ကပ်ပြုံးကာ၊ တုံ့ပြန်လာခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဘာကို မထင်ထားခဲ့တာလဲ “
“ ဒီလောက်အကြာကြီး အကွက်ချခဲ့ပြီးတော့၊ လူအများကြီးကို တွက်ချက်အသုံးချခဲ့ပြီးမှ၊ လွတ်ဖို့အတွက် ကြိုးစားခဲ့ရတာ၊ မင်းလိုလူသစ်လေးတစ်ယောက်ကြောင့် ကျရှုံးသွားရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ငါလက်မခံဘူးကွာ “
လုချန်ရှန်းကမူ သူ့ကို ငေးကြည့်ကာ၊ အေးအေးလူလူ ပြန်ပြောလိုက်သည် “ အရင်က မင်းဆီမှာ စိတ်ဓာတ်တစ်ချို့ တွေ့ခဲ့ရပြီးတော့၊ မင်းကလည်း သနားစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်နေတဲ့အတွက်။ ဒီအတိုင်း ထားပေးလိုက်မယ် “
“ ဒီအတိုင်း ထားလိုက်မှာလား “ လောင်လျူ၏ မျက်လုံးများ တောက်ပသွား၏ “ မင်းက ငါ့ကို လွှတ်ပေးမှာလား “
“ မဟုတ်ဘူး၊ ငါမင်းကို လိုက်ပို့ပေးမှာ “
“ ဘယ်ကိုလဲ “
“ နိဗ္ဗာန်ကိုပေါ့။ ဒီကြေကွဲဖို့ကောင်းတဲ့ ဘဝကြီးကို အဆုံးသတ်ပေးပြီးတော့၊ မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်သွားအောင် ဖြည့်ဆည်းပေးမယ်။ မျက်လုံးတွေကို မှိတ်ထားလိုက်၊ ငါ့ဓားက မြန်ပါတယ်၊ မင်းက နာကျင်မှုကို ခံစားရမှာ မဟုတ်ဘူး “
လုချန်ရှန်းသည် စကားပြောဆိုနေရင်းဖြင့်၊ သူ၏လက်ကို မြှောက်လိုက်သည်။
သို့ရာတွင် လောင်လျူကမူ အထိတ်တလန့် ဖြစ်သွားကာ၊ သူ့ကို အလောတကြီး တားဆီးလာခဲ့သည် “ နေပါဦး “
“ နောက်ဆုံးအနေနဲ့ ဘာပြောချင်လို့လဲ “
“ ငါတို့က အဲ့ကိစ္စကို မေ့ထားပြီးတော့၊ စကားကောင်းကောင်း ပြောကြမယ်ဆိုရင်ကော၊ ဘယ်လိုလဲ “
---
………………………………………………………………………………………………………………………………
အပိုင်း ( 155 )
မင်းရဲ့ သဘောထားကို၊ ပြင်လိုက်တာက ပိုကောင်းမယ်
လောင်လျူ၏ စကားလုံးများ ပေါ်ထွက်လာသည့် အချိန်တွင်၊ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် သူသည် ထိုလူ့ကို၊ အေးအေးလူလူ ကြည့်နေခဲ့ပြီး၊ မည်သို့မျှ မအံ့ဩသွားခဲ့ပေ။
“ မင်းက အတော်လေးကို စိတ်ဓာတ်တက်ကြွပြီးတော့၊ ဂုဏ်ယူနေခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး စကားမပြောတော့ရတာလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။
လောင်လျူသည် သူ၏သဘောထားကို ပြောင်းလဲကာ၊ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ဒီလောကကြီးထဲမှာ အသက်ရှင်နေရတာ အဲ့တာကြောင့်ပဲ မဟုတ်ဘူးလေ၊ တစ်ခြားဟာတွေလည်း လိုအပ်သေးတယ်လေ၊ ဟုတ်တယ်ဟုတ် “
“ မေ့လိုက်တော့၊ ခုနက မင်းရဲ့ ပုံစံကို ငါသဘောတွေ့နေတုန်းပဲ။ လာခဲ့၊ ဓားလေးနဲ့ ထိုးခွင့်ပေးလိုက်။ စိတ်မပူပါနဲ့၊ လုံးဝ မနာစေရဘူး “
“ လူငယ်လေး၊ အဲ့ကိစ္စကို ဆွေးနွေးကြရအောင်။ ငါမင်းကို သတ်ဖို့အတွက် မရည်ရွယ်ထားခဲ့ဘူးလေ “ ဟု လောင်လျူမှ ထိတ်လန့်တကြား ပြန်ပြောလာခဲ့၏။
လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ ငါသိတယ်လေ၊ အဲ့တာကြောင့် မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာလေ “
လောင်လျူ အံ့ဩသွားခဲ့သည်၊ အဲ့တာကို သိနေတာတောင်မှ၊ ငါ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်နေတယ်ပေါ့။ တကယ်လို့ သတ်ဖြတ်လိုစိတ်သာ ရှိသွားခဲ့ရင်၊ စကားတောင် မပြောဘဲ ချက်ချင်းသတ်လိုက်မှာ များလား
ဘာပဲပြောပြော၊ နိဗ္ဗာန်ကို ပို့ပေးမယ်လို့ချည်းပဲ ပြောနေတယ်၊ ဒီကောင်က ဘယ်လိုမိစ္ဆာမျိုးလဲဟ
လောင်လျူသည် ဓားချီဖြစ်တည်လာသည်ကို၊ မြင်တွေ့သွားကာ၊ စကားထပ်ပြောလာခဲ့သည် “ ညီအစ်ကိုရေ၊ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့ကွာ။ ငါ့ကို သတ်လိုက်ဖို့ မလိုအပ်ဘူးလေကွာ “
“ စကားပြောနေတာ ရပ်လိုက်တော့။ ငါက တော်တော်လေးကို အလုပ်များတယ်။ မင်းကို နိဗ္ဗာန်ဆီ ပို့ပေးပြီးရင်၊ အခွင့်အလမ်းတွေ ရှာရဦးမယ် “
“ အခွင့်အလမ်းလား “
“ ဟုတ်တယ် “
“ မင်းက ဘာအခွင့်အလမ်းကို ရှာနေတာလဲ “
လုချန်ရှန်းသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “ ဒီနေရာမှာ အရွက်ကိုးရွက် ဓားမြက်ရှိတယ်လို့၊ ငါကြားခဲ့ရတယ်။ ငါက အကိုင်းတစ်ကိုင်းလောက် ရှာမလို့ “
“မင်းရဲ့ ဓားတာအိုက ဓားဆန္ဒ ဖြစ်တည်ခြင်း အထွတ်အထိပ်ကိုတောင် ရောက်နေပြီလေ။ အဲ့တာက မင်းအတွက် အသုံးမဝင်ပါဘူး။ အဲ့တာကို ရှာနေဖို့ မလိုအပ်ပါဘူး “
“ တစ်ခြားတစ်ယောက်ကို ပေးလိုက်လို့ရတယ် မဟုတ်ဘူးလား “
“ ဟုတ်တယ်၊ ဟုတ်တယ် “ လောင်လျူသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့်၊ စကားဆက်ပြောလာခဲ့၏ “ အဲ့တာက ကွက်တိပဲ။ အရင်တုန်းက ဓားမြက်တစ်ခု ရခဲ့တယ်လေ၊ အဲ့တာက အရွက်ခုနစ်ရွက်ပဲ ရှိတယ်။ အဲ့တာက တစ်ယောက်ယောက်ကို မျက်နှာသာပေးဖို့အတွက်၊ သေချာပေါက် လုံလောက်တယ် “
“ အို့ “
လုချန်ရှန်းသည် အတော်ပင် အံ့ဩသွားခဲ့သည်။ သူသည် လောင်လျူက၊ အရွက်ခုနစ်ရွက် ဓားမြက်အား၊ တုန်တုန်ရင်ရင်ဖြင့် ထုတ်ယူနေသည်ကို၊ စောင့်ကြည့်နေခဲ့သည်။
“ မင်းက တော်တော်လေးကို အလိုက်သိတာပဲ “
သူစကားပြောနေရင်းဖြင့်၊ အားမနာစတမ်း ဆွဲယူလိုက်သည်။
“ ဒီကိစ္စကို ဆွေးနွေးကြရအောင် “
“ အင်း “ လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်သည် “ မင်းက ငါ့ကို ဓားမြက်ပေးခဲ့တာကြောင့်၊ ငါက ဘာမှ ပြန်မလုပ်ပေးဘဲ၊ သူများပစ္စည်းတွေကို အလကား ယူတတ်တဲ့ လူမဟုတ်ဘူး “
“ အဲ့တာဆိုရင် ….. “
“ အဲ့တာဆိုရင်၊ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့၊ မင်းက ဘယ်လိုနည်းလမ်းမျိုးနဲ့၊ သေချင်လဲဆိုတာကို ရွေးချယ်ခွင့်ပေးလိုက်မယ် “
လောင်လျူ : “ … “
သူသည် လုချန်ရှန်းကို ငေးကြည့်နေမိတော့သည်။ ငါက ဘယ်လိုနတ်ဆိုးမျိုးနဲ့ တွေ့နေရတာလဲကွာ
ကြီးမားသော အခွင့်အလမ်းတစ်ခုကို၊ ရရှိခဲ့ပြီးသည့်နောက်မှာပင်၊ တစ်ဖက်သူက သူ့ကို သတ်ချင်နေသေးပြီး၊ သူ့အား သေရမည့်နည်းလမ်းကိုပင် ရွေးချယ်ခွင့်ပေးလာခဲ့သည်။ ငါ့ရဲ့ နှိမ့်ချတဲ့ တောင်းဆိုမှုက အဲ့တာ မဟုတ်ဘူးလေကွာ။
လောင်လျူသည် အချိန်အတော်ကြာ၊ တိတ်ဆိတ်နေခဲ့ပြီးမှ၊ စကားထပ်ပြောလာခဲ့၏ “ ငါ့ကို မသတ်လို့မရဘူး “
“ အဲ့လိုလုပ်လို့ မရဘူး “
“ ဘာဖြစ်လို့လဲ “
“ မင်းက ငါ့အကြောင်းသိသွားပြီလေ။ တကယ်လို့ မင်းကို မသတ်လိုက်ရဘူးဆိုရင်၊ ငါစိတ်မသက်မသာဖြစ်နေရမှာ “
လောင်လျူ : “ @#@$!#%>.. “
သူသည် နောင်တရစပြုလာခဲ့ပြီ ဖြစ်သည်။ သူက ထိုလူ့ကို အမှန်တကယ် မျက်နှာသာပေးလိုက်သင့်ပေသည်။
“ အခွင့်အရေးတစ်ခုလောက် ပေးလို့မရဘူးလား။ ငါကလည်း လူကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်ကွာ “ လောင်လျူသည် မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့သည်။ ထိုလူနှင့် ဆုံတွေ့ရခြင်းမှာ သူ့ကို၊ ခေါင်းကိုက်သွားစေခဲ့၏။
သို့ရာတွင် လုချန်ရှန်းကမူ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ အခွင့်အရေးတွေဆိုတာက ပြင်ဆင်ထားတဲ့ လူတွေအတွက်ပဲ “
“ စကားပြောကြတာပေါ့၊ ပြင်ဆင်ဖို့အတွက်၊ ငါ့ကို အချိန်ခဏလောက် ပေးပါ “
“ ကောင်းပြီလေ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ဒါဆိုရင်လည်း ငါ့ရဲ့ သိချင်စိတ်ကို အရင်ဖျောက်လိုက်ကြတာပေါ့ “
“ ဘာသိချင်စိတ်လဲ “
“ မင်းက အဲ့အချိန်တုန်းက ကျမ်းစာတစ်ခုရခဲ့ပြီးတော့၊ အင်အားစု အသီးသီးရဲ့ အမဲလိုက်တာကို ခံခဲ့ရပြီး၊ အဆုံးမှာ ရွေးချယ်စရာ မရှိတော့ဘဲ၊ မင်းနှစ်ငါးရာအထိ ပိတ်မိနေခဲ့တဲ့ ဒီနေရာကို၊ ထွက်ပြေးလာခဲ့တယ်လို့၊ ငါကြားခဲ့ရတယ် “
“ ဟုတ်တယ်လေ “
လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ အခုမင်းပြောခဲ့တဲ့ စကားတွေအရဆိုရင်၊ ဒီနေရာကို လူတွေ ရောက်လာအောင် လုပ်လိုက်တာက၊ မင်းစနက်များလား “
“ အတိအကျကြီးတော့ ပြောလို့မရဘူး၊ ငါ့ဆီမှာ အဲ့လိုမျိုးလုပ်နိုင်တဲ့ စွမ်းရည်မျိုး မရှိဘူး။ အခြေအနေအရ၊ ကြည့်ကြပ်လုပ်လိုက်တာပဲ “ ဟု လောင်လျူမှ ပြန်ပြောလာခဲ့၏။
“ ဘာကိုဆိုလိုတာလဲ “
“ အနက်ရောင်ရေက နှစ်ငါးရာဝန်းကျင်လောက်မှာ တစ်ကြိမ် ပေါ်လာပြီးတော့၊ အပြင်ဘက်ကို စီးဆင်းသွားတတ်တယ်။ အဲ့တာက ကျိန်စာကို သယ်ဆောင်သွားပြီးတော့၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇစ်မြစ်ကို ပိုင်ဆိုင်ထားတယ်။ အဲ့တာက ငါ့ထိန်းချုပ်မှုအောက်မှာ လုံးဝမရှိဘူး “
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဲ့တာဆိုရင်၊ အနက်ရောင် ရေထဲက ဓားကျိန်စာနဲ့၊ ကျမ်းစာက၊ အနက်ရောင်ရေနဲ့အတူ မင်းထည့်ပေးလိုက်တဲ့ဟာတွေလား။ ဓားကျိန်စာက အနက်ရောင်ရေကို လှုပ်ခတ်သွားစေနိုင်ပြီးတော့၊ သူတို့ကို ကျိန်စာကို ဖယ်ရှားပေးနိုင်မဲ့၊ တစ်စုံတစ်ခုကို ရှာဖွေပြီးတော့၊ တိုက်ခိုက်လာကြမှာလား “
“ ဟုတ်တယ် “
“ အဲ့တာကြောင့်၊ မင်းအပြင်မထွက်နိုင်လို့၊ လူတွေကို ဒီကို ရောက်လာအောင် ဆွဲဆောင်ပြီးတော့၊ ထွက်ပြေးမလို့လား။ အဲ့ဒီဓားကျိန်စာနဲ့ ခုနက ဓားဆန္ဒက နောက်ဆုံးတိုက်ကွက်အတွက် မင်းကြိုတင်ပြင်ဆင်ထားခဲ့တဲ့ဟာတွေမလား။ ပြီးတော့၊ အဲ့တာတွေက မင်းရဲ့ ကျင့်ကြံရေး မပျက်စီးသေးတဲ့ အချိန်မှာ ဖွဲ့စည်းထားတာ ဖြစ်ဖို့များတယ် “
လောင်လျူ အံ့အားသင့်သွားတော့၏၊ သူသည် တစ်ဖက်လူက ဤမျှလောက်အထိ တိကျမှန်ကန်စွာ၊ ခန့်မှန်းနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ၊ သို့သော် သူသည် ခေါင်းငြိမ့်ပြလာသေးသည်။
လုချန်ရှန်းကမူ တွေးတွေးဆဆဖြင့်၊ စကားထပ်ပြောလာခဲ့၏ “ မင်းရဲ့အကြံက တော်တော်လေးကို ကောင်းပါတယ်။ ဒီလူတွေကို မသတ်တာက မင်းသေပြီဆိုပြီး၊ ကမ္ဘာကြီးကို အသိပေးဖို့ လုပ်ထားတာပဲ။ အပြင်ကို ရောက်သွားတာနဲ့၊ မင်းက လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရပြီ။ တကယ်လို့ မင်းကို ရှာတွေ့သွားကြမယ်ဆိုရင်တောင်မှ၊ မင်းဖမ်းထားတဲ့ ပါရမီရှင်တွေကို သုံးပြီးတော့၊ မင်းအသက်ကို ကယ်ဖို့အတွက်၊ ဈေးညှိတဲ့ ကဒ်တွေအဖြစ် သုံးလို့ရသေးတယ်။ တကယ်လို့ ငွေကုန်သွားမယ်ဆိုရင်၊ အဲ့ဂိုဏ်းတွေဆီကနေ ငွေညှစ်လိုက်ရုံပဲ။ တကယ်ကို တော်လွန်းတယ် “
ထိုစကားများကို ကြားလိုက်ရသောအခါတွင်၊ လောင်လျူ လုံးဝမှင်သက်သွားသည်။ ထိုလူသည် သူ၏အတွေးများကို လုံးဝဖောက်မြင်နေပုံရသည်။
ဒီလူက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလားဟ။
“ မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် ရှင်းရှင်းလင်းလင်း သိနေရတာလဲ “ ဟု လောင်လျူမှ အံ့ဩတကြီးဖြင့် မေးမြန်းလာခဲ့၏။
“ ကြမ်းကြမ်းလေး ခန့်မှန်းလိုက်ရုံပါပဲ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။ သူသည် သူ၏ကိုယ်ပိုင်အတွေးများကို အခြေတည်ကာ၊ ကိစ္စများကို ချိတ်ဆက်လိုက်ခြင်းသာ ဖြစ်သည်၊ ကွဲပြားချက်က များစွာ မကြီးမားသင့်ပေ။
လောင်လျူသည် ကြာကြာနားထောင်လေလေ၊ ပို၍ကြောက်လန့်သွားရလေလေ ဖြစ်သွားခဲ့သည်။ အဲ့တာက အဝတ်မပါဘဲ ပြေးသွားတာနဲ့၊ ဘာကွာလို့လဲ။
သူ၏ ကိုယ်ပိုင်အတွေးများကပင် ထိုမျှလောက် ရှင်းလင်းမနေခဲ့ပေ။
“ ဒါပင်မဲ့ ငါနည်းနည်းလေး သိချင်သေးတယ် “
“ ဘာကိုသိချင်တာလဲ “
“ သွေးမျိုးဆက်ကို အာရုံခံနိုင်ခဲ့တဲ့၊ ကောင်းကင်ဝါးမျိုငှက်နဲ့ မိုးကြိုးငှက်တွေကတောင်၊ ခုနက ကျောက်တိုင်ပေါ်မှာ၊ ထိုင်နေတဲ့ လူနဲ့ပတ်သက်ပြီးတော့ ဘာသဲလွန်စမှ မရှာနိုင်ခဲ့ဘူး။ မင်းက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “ လုချန်ရှန်းသည် အမှန်တကယ် သိချင်နေလျက်ရှိ၏၊ အဆိုပါ နည်းလမ်းက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
အကယ်၍ သူကသာ ၎င်းကို သင်ယူနိုင်ခဲ့မည်ဆိုပါက၊ အံ့ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။
လောင်လျူမှ ပြန်ပြောလာခဲ့သည် “ အဲ့တာက ငါ့ကြောင့်လေ၊ အဲ့တာကြောင့် ဘာသဲလွန်စမှ မရှိတာ “
“ ဘာကို ဆိုလိုတာလဲ “
“ အဲ့တာက ငါခွာချလိုက်တဲ့ အရေခွံလေ၊ အဲ့ထဲမှာ ကောင်းကင်ဝါးမျိုငှက်နဲ့၊ မိုးကြိုးငှက်မျိုးနွယ်စုတွေရဲ့ သွေးမျိုးဆက်တွေပါတယ်။ အဲ့တာကြောင့်ပဲ ငါ့ရဲ့ ကျင့်ကြံရေးက မွေးရာပါ ဝိညာဥ်အဆင့်၁ကို ကျသွားခဲ့တာ၊ အဲ့လိုမျိုးနဲ့ သူတို့က ဘာကိုမှမမြင်နိုင်ခဲ့ဘူး “
“ မင်းက ကိုယ့်ရဲ့အရေပြားကိုတောင် ခွာချခဲ့တယ် …… “
လုချန်ရှန်း အံ့ဩတုန်လှုပ်သွား၏။
လောင်လျူမှ စကားထပ်ပြောလာခဲ့၏ “ အဲ့ဒီသွေးမျိုးဆက်တွေကို ခွဲထုတ်ဖို့အတွက်၊ နှစ်သုံးရာတိတိ အချိန်ယူခဲ့ရတယ် “
“ မင်းက တော်တော်လေးကို ရက်စက်တာပဲ၊ ကိုယ့်ရဲ့ ကျင့်ကြံရေးကိုတောင် ဂရုမစိုက်ဘူး “
“ ဟမ့်၊ သူတို့က ငါ့ကို အထင်သေးနေကြတာလေ၊ ငါကလည်း သူတို့ရဲ့ သွေးမျိုးဆက်တွေကို အထင်သေးတယ် “
“ မင်းက အတော်လေးကို မာနကြီးတာပဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
လောင်လျူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့်၊ တုံ့ပြန်လာခဲ့သည် “ သေချာတာပေါ့ “
“ ဒါဆိုရင်လည်း ဘာလို့ မင်းက နည်းနည်းလောက် ထပ်ခွာချပြီးတော့၊ တောင်ပံတွေကိုပါ မဖြုတ်လိုက်ရတာလဲ “
“ အဲ့လိုလုပ်လို့မရဘူး “
“ ဘာဖြစ်လို့တုန်း “
“ အဲ့ဒီတောင်ပံတွေက ဝိညာဥ်ချီတွေကို ဝါးမြိုပြီးတော့၊ မိုးကြိုးအဖြစ် အသွင်ပြောင်းနိုင်တယ်၊ ပြီးတော့ ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့၊ အံ့ဖွယ်နည်းလမ်းတွေကို ပိုင်ဆိုင်ထားတယ်။ သူတို့ကို ရိုက်ချိုးလို့မရဘူး “
လုချန်ရှန်း၏ အမူအရာ ရှုံ့မဲ့သွားကာ၊ တစ်ခဏခန့် ဆွံ့အသွား၏၊ ထို့နောက်တွင်မှ စကားထပ်ပြောလာခဲ့သည် “ ငါပြောခဲ့တာကို ပြန်ရုတ်သိမ်းတယ် “
သူသည် လောင်လျူထံတွင် မာနတစ်ချို့ရှိသေးသည်ဟု၊ ထင်နေခဲ့ခြင်းဖြစ်သည်၊ သို့သော် သူသည် ထိုကဲ့သို့သော လူမျိုး ဖြစ်နေခဲ့သည်။
သို့ရာတွင် လောင်လျူသည် မည်သို့မျှ ဂရုမစိုက်ဘဲ၊ စကားထပ်ပြောလာခဲ့သည် “ ညီအစ်ကို၊ မင်းရဲ့ သိချင်စိတ်လေးကို ဖျောက်ပေးပြီးပြီလေ။ ငါ့ကို လွှတ်ပေးလို့ရပြီလား “
“ ဒါပေါ့ “
“ တကယ်လား “
“ အခြေအနေနှစ်ခုကိုသာ သဘောတူလိုက် “
“ ဘာအခြေအနေတွေလဲ “ လောင်လျူသည် သတိတကြီး ဖြစ်သွားခဲ့သည်။
လုချန်ရှန်းမှ တုံ့ပြန်လာခဲ့၏ “ ပထမတစ်ခုကတော့၊ မင်းက ငါ့အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပြပါဘူးလို့၊ မင်းရဲ့တာအိုနှလုံးသားနဲ့ တိုင်တည်ပြီး၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကို ကျိန်ဆိုပြရမယ်၊ အဲ့လိုမှမဟုတ်ရင် မိုးကြိုးအပစ်ခံရပါစေ၊ ခေါင်းမှာ အနာပေါက်ပါစေ၊ ခြေထောက်မှာ ပြည်တည်ပါစေ၊ ဒုက္ခိတဖြစ်ပါစေ၊ ပန်းသေပါစေ …………….. “
အဆိုပါ ကျိန်ဆိုချက်များကို နားထောင်ရင်းဖြင့်၊ လောင်လျူ၏ အမူအရာ ရှုံ့မဲ့သွားသည်။ အဆိုပါ ကျိန်ဆိုချက်များက အမှန်ပင် ပြင်းထန်လွန်းနေခဲ့သည်။ တစ်ကြိမ်မျှ ချိုးဖောက်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းထပ် သနားဖွယ်ကောင်းသော ကံကြမ္မာမျိုး ရှိနေတော့မည် မဟုတ်ပေ။
သို့ရာတွင် သူသဘောတူလိုက်သေးသည်။ အဆိုးဆုံးအနေဖြင့်၊ သူက ထိုလူ့ကို မမြင်ခဲ့ဘူးဟုသာ ဟန်ဆောင်လိုက်ရုံပင်။
လောင်လျူမှ စကားဆက်ပြောလာခဲ့သည် “ နောက်တစ်ခုကရော “
“ ပြီးတော့ မင်းဆီမှာ တားမြစ်ချက်တစ်ချို့ကို ငါထားရမယ်။ ဒါပင်မဲ့ မင်းက ငါ့ကို မဆန့်ကျင်သရွေ့၊ ငါမင်းကို ထိခိုက်အောင် မလုပ်ဘူးဆိုတာကို၊ ကျိန်ပေးနိုင်တယ် “
“ ငါက တာအိုနှလုံးသားနဲ့တောင် ကျိန်ဆိုပြီးပြီလေ၊ တားမြစ်ချက်တွေထားဖို့ လိုအပ်သေးလို့လား “
လုချန်ရှန်းသည် အေးအေးလူလူ တုံ့ပြန်လိုက်သည် “ လိုရမယ်ရပေါ့။ တကယ်လို့ မင်းက မင်းရဲ့ ကတိ လျစ်လျူထားမယ်ဆိုရင်၊ ငါမင်းကို ချက်ချင်းသတ်လို့ရတာပေါ့ “
“ တကယ်လို့ ငါသဘောမတူဘူးဆိုရင်ကော “ လောင်လျူ၏ မျက်လုံးများအတွင်းတွင်၊ အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
သို့ရာတင် လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်၏ “ အခုလက်ရှိ အခြေအနေကို ဘယ်သူက ထိန်းချုပ်ထားလဲဆိုတာကို၊ မင်းနားလည်သင့်တယ်။ မင်းရဲ့ သဘောထားကို ပြင်လိုက်တာက အကောင်းဆုံးပဲ “
“ ကောင်းပြီလေ၊ ငါလက်ခံတယ် “
တစ်စုံတစ်ဦး၏ အရိပ်အာဝသအောက်တွင် ရှိသောကြောင့်၊ ခေါင်းငုံ့ထားရမည် ဖြစ်သည်။ လုချန်ရှန်းသည် ချက်ချင်းလှုပ်ရှားလာခဲ့ပြီး၊ သူ့ကိုယ်ပေါ်တွင် တားမြစ်ချက်ဆယ့်ရှစ်ခု ချထားလိုက်၏။
လောင်လျူသည် ကူရာကယ်ရာမဲ့စွာဖြင့်၊ ၎င်းကို စောင့်ကြည့်နေခဲ့၏။ သူက ကတိကို မချိုးဖောက်သရွေ့၊ လုချန်ရှန်းကပါ ကျိန်ဆိုထားသောကြောင့်၊ သက်ရောက်မှု ကြီးကြီးမားမား ရှိပုံမရချေ။
“ ထပ်ရှိသေးလား “ အရာအားလုံး လုပ်ခဲ့ပြီးသည့်နောက်တွင်၊ လောင်လျူမှ ထပ်မံ၍ မေးမြန်းလာခဲ့၏။
“ တစ်ခုရှိသေးတယ် “
“ ဘာလဲ “
“ မင်းရခဲ့တဲ့ ဓားကျမ်းစာကို ငါလိုချင်တယ် “
ထိုစကားလုံးများ ပေါ်ထွက်လာသည့် အချိန်တွင်၊ တိတ်ဆိတ်မှုတစ်ခု ချက်ချင်းကျဆင်းလာခဲ့သည်။ လောင်လျူသည် လုချန်ရှန်းကို ငေးကြည့်ရင်းဖြင့်၊ တိတ်ဆိတ်သွား၏။
လုချန်ရှန်းကမူ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေလျက်ရှိ၏။ သူက လောင်လျူကို တိုက်ရိုက်မသတ်ဖြတ်ဘဲ၊ ဤနေရာတွင် ကောင်းကောင်းမွန်မွန် စကားပြောနေရခြင်းမှာ၊ ဓားကျမ်းစာအတွက် ဖြစ်သည်။
---
………………………………………………………………………………………………………………………………………
အပိုင်း ( 156 )
မင်းတို့ရဲ့ ဇာတ်လမ်းက အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ပြည့်နေတာပဲ
တိတ်ဆိတ်မှုသာ ကြီးစိုးနေလျက်ရှိ၏။
လောင်လျူသည် လေးလေးနက်နက် ဖြစ်နေသော အမူအရာမျိုးဖြင့်၊ လုချန်ရှန်းကို ငေးကြည့်ကာ၊ ရယ်ရယ်မောမောဖြင့်၊ စကားထပ်ပြောလာခဲ့၏ “ ဆိုတော့ ဓားကျမ်းစာအတွက်ပဲပေါ့ “
“ ပေါက်ကရတွေ။ ဓားကျမ်းစာကို မလိုချင်ဘူးဆိုရင်၊ ငါက ဒီကိုဘာလာလုပ်ရမှာလဲ။ စိတ်လှုပ်ရှားစရာလေးတွေ လာရှာတာလား၊ ဒါမှမဟုတ် မင်းကိုလား “
လုချန်ရှန်းသည် အနည်းငယ် ဆွံ့အသွားခဲ့သည်၊ သို့သော် သူသည် သူ၏ရည်ရွယ်ချက်ကို မဖုံးကွယ်ထားခဲ့ပေ။
“ တကယ်လို့ ငါမင်းကို မပေးဘူးဆိုရင်ရော “ လောင်လျူက စိုက်ကြည့်လာခဲ့၏။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ ဆိုတော့ မင်းက မပေးချင်ဘူးလို့ ပြောနေတာပေါ့ “
“ အမှန်ပဲ “
“ ဒါဆိုရင်လည်း ပြောဖို့လွယ်သွားပါပြီ။ မင်းကို သေခိုင်းလိုက်ရုံပဲပေါ့၊ ဒါမှမဟုတ် ကောင်းကင်ဝါးမျိုငှက်၊ ဒါမှမဟုတ် မိုးကြိုးငှက်၊ ဒါမှမဟုတ် တစ်ခြား အင်အားစုတွေဆီကို၊ ရောင်းလိုက်ရုံပဲပေါ့။ မင်းက ကျိန်ဆိုထားတာကြောင့်၊ ဘာကိုပဲရွေးရွေး၊ ငါ့အတွက် အကျိုးရှိတယ်လေ “ဟု လုချန်ရှန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။
လောင်လျူမှ တုံ့ပြန်လာခဲ့၏ “ မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား “
“အဲ့တာက ဘယ်လိုလုပ် ခြိမ်းခြောက်တာ ဖြစ်နေရမှာလဲ။ မင်းမသိလောက်ပါဘူး၊ ဒါပင်မဲ့ ငါက တစ်ခြားလူတွေကို ဖိအားပေးရတာကို၊ မကြိုက်ဘူးကွ။ တကယ်လို့ မင်းသာ ပေးလိုက်မယ်ဆိုရင်၊ ငါက မင်းကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး “
ယဇ်ပုလ္လင်ရှိရာ ဧရိယာတစ်ဝိုက်တွင်၊ တိတ်ဆိတ်ငြိမ်သက်မှုသာ ထပ်မံ၍ ဖုံးလွှမ်းလာခဲ့ပြန်သည်။
လောင်လျူသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။ အဲ့တာက ခြိမ်းခြောက်တာနဲ့ ဘာကွာနေလို့လဲ။ တကယ်လို့ ငါမပေးလိုက်ဘူးဆိုရင်၊ အသတ်ခံရမယ်၊ ဒါမှမဟုတ် ရောင်းစားခံလိုက်ရမယ်။ အဲ့တာထပ် သိသာနေတာမျိုး ရှိသေးလို့လား။ ငါ့ဆီမှာ ရွေးချယ်စရာရော ရှိရဲ့လားဟ
“ မင်းက ကျမ်းစာအတွက်ရောက်လာခဲ့တာကြောင့်၊ မင်းအဲ့လိုလုပ်မယ်လို့ ငါမယုံဘူးကွာ “
လောင်လျူသည် ၎င်းကို မယုံကြည်ပေ။ သူသည် လုချန်ရှန်းက သူ့ကို လှည့်စားကာ၊ အရှုံးပေးရန်ခြိမ်းခြောက်နေသည်ဟု ခံစားနေခဲ့ရသည်။
သို့ရာတွင်၊ လုချန်ရှန်းက သူ၏လက်ကို မြှောက်လိုက်ပြီး၊ စူးရှ၊ တောက်ပသော ဓားဆန္ဒပေါ်ထွက်လာခဲ့သောကြောင့်၊ အံ့ဩတကြီး ဖြစ်သွားခဲ့ရသည်။
“ မင်းက အတည်ကြီးလုပ်နေတာလား “ လောင်လျူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ အဲ့လိုမှမဟုတ်ဘူးဆိုရင်၊ ငါက မင်းနဲ့ ကစားနေတယ်လို့ ထင်နေတာလား “
လုချန်ရှန်း၏ တုံ့ပြန်မှုက အလွန်တရာ ရိုးသားနေခဲ့၏။ သူသည် ဓားကျမ်းစာကို မရှိမဖြစ် လိုအပ်နေသည် မဟုတ်ပေ။ သူ့ကို သတ်ဖြတ်လိုက်ခြင်းက အလေအလွင့်ဖြစ်စေခဲ့သော်လည်း။ သူ့ကို ဖမ်းဆီးကာ၊ တစ်ခြားလူများထံသို့ ရောင်းချလိုက်ခြင်းက သူကျွမ်းကျင်ပိုင်နိုင်စွာ၊ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။
“ နေပါဦး “
လောင်လျူသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။
အစတွင် အရာအားလုံးက ပြစ်ချက်မရှိဘဲ၊ အစီအစဥ်အတိုင်းသာ ချောချောမွေ့မွေ့ လည်ပတ်နေခဲ့သည်။ အကယ်၍ မထင်မှတ်ထားသော ကိစ္စများသာ မပေါ်လာခဲ့ဘူးဆိုပါက၊ သူသည် နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းဒေသအတွင်းမှ၊ လွတ်မြောက်သွားကာ၊ ကမ္ဘာတစ်သောင်းတွင် လှည့်ပတ်သွားလာနေရလောက်ပြီဖြစ်သည်။ အကယ်၍ သူကသာ မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့မည်ဆိုပါက၊ ယခုတွင် သူ့ကလေးကပင် တစ်လသားအရွယ်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်၏။
သို့သော် သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့်၊ မွေးရာပါ ဝိညာဥ်အဆင့်၄ ကျင့်ကြံရေးကို၊ ပိုင်ဆိုင်ထားပြီး၊ ဓားတာအိုကို ဓားဆန္ဒဖြစ်တည်ခြင်း အထွတ်အထိပ်အထိ၊ ကျင့်ကြံထားနိုင်သည့် ပါရမီရှင်တစ်ဦးနှင့်၊ ဆုံတွေ့ခဲ့ရသည်။
၎င်းက သူ၏အမှားဖြစ်ပြီး၊ အကယ်၍ သူကသာ ထိုလူ့ကို မျက်နှာပေးခဲ့မည်ဆိုပါက၊ သူ၏ အခြေအနေက ဤမျှလောက် သနားဖွယ်ကောင်းနေပါမည်လော။
“ ဘာကို စောင့်ရမှာလဲ “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။
“ ငါတို့က စကားပြောလို့ရတယ်လေ “
“ စကားပြောမယ်ဆိုမှတော့၊ ငါမင်းကို သတိပေးရဦးမယ်။ အပြငဘက်မှာက အသွင်ပြောင်းခြင်းနယ်ပယ်က ပညာရှင်တွေ ရှိနေတယ်။ မင်းက မင်းရဲ့ သွေးမျိုးဆက်ကို အပြည့်အဝ မဖြတ်တောက်ထားတာကြောင့်၊ သူတို့က မင်းကို အာရုံခံနေနိုင်တုန်းပဲ။ အဲ့ဒီ ပါရမီရှင်တွေက သူတို့ရဲ့ အဖိုးတန် တပည့်လေးတွေ မဟုတ်ဘူးလား။ အဲ့လူတွေဆီမှာ သူတို့ကို အာရုံခံနိုင်မဲ့နည်းလမ်းမျိုး မရှိဘူးဆိုတာ သေချာလို့လား “
လောင်လျူ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ယခင်က ထိုကိစ္စကို တွေးထားခဲ့ဖူး၏၊ သို့သော် သူလုပ်နိုင်သော အရာမရှိပေ။ ဤနေရာတွင် ပိတ်မိနေသောကြောင့်၊ သူထံတွင် မည်သည့်ရွေးချယ်စရာမှ ရှိမနေတော့ပေ။
ထို့အပြင် သူမထောက်လှမ်းနိုင်သည့် နည်းလမ်းတစ်ချို့ ရှိနေခဲ့သည်။ အကယ်၍ ထိုလူများ၏ ခန္ဓာကိုယ်ပေါ်တွင်၊ အထူးအမှတ်အသားတစ်ချို့ ရှိနေမည်ဆိုပါက၊ မည်ကဲ့သို့ ဖြစ်သွားမည်လော။
အဆုံးတွင် လောင်လျူက စကားထပ်ပြောလာခဲ့၏ “ ငါတို့က ဘာလုပ်သင့်တယ်လို့ အကြံပေးချင်နေတာလဲ “
“ ရိုးရှင်းပါတယ်။ ငါနဲ့ ပူးပေါင်းပြီး လိုက်လုပ်လိုက်။ ငါ့ကို ကျမ်းစာပေးလိုက်၊ ငါမင်းကို အပြင်ခေါ်ထုတ်သွားပေးမယ်။ ငါ့ဆီမှာ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့၊ အတွေ့အကြုံတွေ ရှိတယ် “
လောင်လျူ တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူသည် လုချန်ရှန်းကို ပြန်၍မေးခွန်းမထုတ်လိုက်သကဲ့သို့၊ ထိုလူက သူ့အား ရောင်းချလိုက်မည်ကို မကြောက်ရွံ့ပေ။ သူကသာ ဤနေရာမှ ထွက်သွားကာ၊ ဓားကျမ်းစာကို ပေးလိုက်သရွေ့၊ အရာအားလုံးက အဆင်ပြေနေလိမ့်မည် ဖြစ်သည်။
လုချန်ရှန်းသည် သူ၏အမူအရာကို ကြည့်ကာ၊ စကားထပ်ပြောနေတော့၏ “ အဲ့ဒီပါရမီရှင်တွေကို ဝိညာဥ်ကျောက်တုံးတွေနဲ့ လဲလှယ်ဖို့အတွက်ပါ၊ ငါမင်းကို ကူညီပေးနိုင်တယ်။ ငါတို့က ၅၀-၅၀ခွဲကြမယ် “
“ အဲ့လိုလုပ်ဖို့ လိုအပ်လို့လား “ လောင်လျူ ဆွံ့အသွားတော့သည်။ လူတွေက အဲ့တာကို လုပ်နိုင်လို့လားဟ
လုချန်ရှန်းသည် သူ၏လက်ကို ဆန့်ကာ၊ ထိုလူ၏ ပခုံးကို ပုတ်၍၊ စကားထပ်ပြောလိုက်၏ “ လူငယ်လေး၊ မင်းက သူတို့ကို ရောင်းလိုက်လို့ရတယ်၊ ဒါပင်မဲ့ မင်းရဲ့ အထောက်အထားက စစ်ဆေးမေးမြန်းမှုကို တောင့်ခံနိုင်လို့လား။ တကယ်လို့ မင်းက အဲ့လူတွေကို အဲ့ဂိုဏ်းတွေဆီ ရောင်းလိုက်မယ်ဆိုရင်၊ အဲ့လူတွေက မင်းကို လွှတ်ပေးမှာလား။ တကယ်လို့ သူတို့ရဲ့ ရန်ဘက် အင်အားစုတွေဆီကို ရောင်းလိုက်မယ်ဆိုရင်၊ သူတို့က မင်းကို ထောက်ချောက်ဆင်မှာကို မကြောက်ဘူးလား “
“ အဲ့တာက ငါမတွေးမိတဲ့ ကိစ္စတစ်ခုပဲ “
“ အဲ့တာဆိုရင်၊ ငါနဲ့ပူးပေါင်းလိုက်၊ မင်းက ဘာမှမဆုံးရှုံးပဲ အမြတ်ပဲထွက်လိမ့်မယ် “
ထိုစကားကို ကြားလိုက်ရသော အချိန်၌၊ လောင်လျူသည် လုချန်ရှန်းကို ကြည့်ကာ၊ အဓိပ္ပါယ်ပါပါ ပြန်ပြောလိုက်၏ “ မင်းက ကိစ္စတွေကို တကယ်ကြီး နှံ့နှံ့စပ်စပ် စဥ်းစားနိုင်တာပဲ “
“ ဆိုတော့ ငါတို့က ပူးပေါင်းကြမှာလား “
“ ဟုတ်တယ်၊ ဒါပင်မဲ့ အခြေအနေတစ်ခုရှိတယ် “
“ ဘာလဲ “
“ မင်းက ဓားကျမ်းစာကို ငါ့ရဲ့ ရန်သူတွေဆီကို ပေးလိုက်လို့မရဘူး။ ငါက မင်းဘက်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ၊ နေနေဖို့ လိုအပ်တယ်။ အဲ့ကာလအတွင်းမှာ၊ မင်းက ငါ့ကို ကာကွယ်ပေးရမယ် “
လုချန်ရှန်းသည် မှင်သက်သွားကာ၊ ထူးဆန်းသော အမူအရာဖြင့်၊ သူ့ကို ကြည့်လိုက်၏။
“ မရဘူးလား “ လောင်လျူ မျက်မှောင်ကြုတ်သွားခဲ့၏။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းက ငါ့နောက် လိုက်ချင်တယ်ဆိုတာ သေချာလို့လား “
“ သေချာတယ် “
သူ၏ တုံ့ပြန်မှုမှာ ယုံကြည်မှုတို့ဖြင့်၊ ပြည့်နှက်နေလျက်ရှိ၏။
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ တုံ့ပြန်လိုက်သည် “ ကောင်းပြီလေ၊ မင်းက စဥ်းစားထားပြီးပြီဆိုမှတော့၊ အဆင်ပြေပါတယ် “
လူနှစ်ဦးသည် သဘောတူညီချက် ရရှိသွားကာ၊ ထွက်ခွာရန် ချက်ချင်းပြင်ဆင်နေကြတော့သည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် လူများကို ငေးကြည့်နေရင်းဖြင့်၊ လုချန်ရှန်းသည် ထွက်သွားရန် တုံ့ဆိုင်းသွားခဲ့သည်၊ သို့သော် ထိုလူများကို အပြင်ဘက်သို့ ရောက်သွားစေကာ၊ သတင်းပြန့်သွားစေရန်၊ လိုအပ်နေသေးသည်။ ထို့နောက်တွင် သူသည် ရှောင်ဟေးကို သယ်ဆောင်ကာ၊ ထွက်သွားတော့သည်။
သူတို့က ညီအစ်ကိုကောင်းများ ဖြစ်သောကြောင့်၊ သူ့အား အေးစက်စက် ယဇ်ပုလ္လင်ပေါ်တွင်၊ မည်ကဲ့သို့ တစ်ဦးတည်း ထာားခဲ့နိုင်မည်နည်း။
သူသည် လောင်လျူကို မီးဖိုအတွင်းသို့ ထည့်လိုက်ကာ၊ ထွက်ပေါက်သို့ လျှောက်လှမ်းသွားတော့၏။
တောင်နံရံက သိပ်မကြာခင် အချိန်မှာပင် ထပ်မံ၍၊ ပိတ်ဆို့သွားမည်ဖြစ်ပြီး၊ ၎င်းအား အပြင်ဘက်မှ ဖွင့်လှစ်နိုင်သည်ဆိုသည်ကို၊ လောင်လျူမှ ပြောပြထားခဲ့သည်။ ထိုနေရာတွင် ထိခိုက်ဒဏ်ရရှိမှု မရှိသည့် လူတစ်စု ရှိနေခဲ့သည်။
အပြင်ဘက်မှ လူများသည် ပိတ်ဆို့သွားသည့် ဝင်ပေါက်ကို သတိပြုမိသွားကာ၊ ထပ်မံ၍ တိုက်ခိုက်လာကြလိမ့်မည် ဖြစ်သည်။
လုချန်ရှန်းသည် လူအုပ်အတွင်းသို့ ရောနှောဝင်ရောက်သွား၏။ ယခုလက်ရှိ အချိန်တွင် သူလုပ်ဆောင်ရမည့် အရာမှာ၊ အပြင်ဘက်မှ လူများက တောင်နံရံအား၊ ရိုက်ဖွင့်လာသည်ကို စောင့်ဆိုင်းကာ၊ အတွင်းမှ လူများနှင့်အတူ ပြန်လည်ထွက်ခွာသွားရန်သာ ဖြစ်သည်။
လောင်လျူမှာလည်း၊ လုချန်ရှန်း၏ ရည်ရွယ်ချက်များကို နားလည်နေကာ၊ အသာအယာ သက်ပြင်းချနေတော့၏။
“ ဟူး၊ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းကဆိုရင်၊ ဘယ်လောက်တောင် ခမ်းနားခဲ့လိုက်လဲ။ အခုဆိုရင် ငါက ဒီလောက်တောင် ခိုးကြောင်ခိုးဝှက်လုပ်နေဖို့ လိုအပ်လို့လား “
လုချန်ရှန်းသည် မနေနိုင်တော့ဘဲ၊ တုံ့ပြန်လာခဲ့၏ “ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက မင်းက အမဲလိုက်ခံနေခဲ့ရတာ မဟုတ်ဘူးလား။ အဲ့လောက်ကြီး ဂုဏ်ယူနေဖို့လိုလို့လား။ အဲ့တာက ကြွားဖို့တောင် တန်လို့လား “
“ မင်းဘာသိလို့လဲ “ လောင်လျူသည် မကျေမနပ်ဖြင့်၊ ပြန်ပြောလိုက်သည် “ ငါ့ညီအစ်ကိုတွေ ရှိနေခဲ့တဲ့၊ အချိန်တုန်းက ငါက ဒီလိုမျိုးတွေ ခံစားခဲ့ရဖူးလို့လား။ ငါ့အကြီးဆုံး အစ်ကိုကြီးရဲ့ နာမည်ကို ကြားလိုက်ရရုံနဲ့၊ မကြောက်သွားတဲ့ လူဆိုတာ မရှိလို့လား။ ဒေသလေးခုစလုံးက ဖင်တွန့်သွားစေဖို့ လုံလောက်တယ် “
“ ဆိုတော့ မင်းရဲ့ အစ်ကိုကြီးက ဘယ်သူလဲ “
“ ကွေ့ဝူချန် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်း၏ အမူအရာ ပြောင်းလဲသွားသည်။
တစ်ဖက်လူက အချိန်အတော်ကြာ ကြာသည်အထိ၊ မတုံ့ပြန်လာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင်၊ လောင်လျူသည် ပို၍ပင် ဂုဏ်ယူဝင့်ကြွားသွားကာ၊ စကားထပ်ပြောလာခဲ့၏ “ ဘယ်လိုလဲ။ ကြောက်လွန်းလို့ ဆွံ့အသွားပြီလား “
“ တစ်ယောက်ယောက်က သူ့အကြောင်းပြောခဲ့ဖူးတာကို ငါမှတ်မိတယ်၊ ဒါပင်မဲ့ အသေးစိတ် အချက်အလက်တွေကို ငါမေ့သွားပြီ “
“ မောက်မာချက် “
လောင်လျူမှ အော်ငေါက်လာခဲ့၏။
သို့ရာတွင် လုချန်ရှန်းကမူ၊ စိတ်ထဲမထားဘဲ၊ ဆက်လက်၍ မေးမြန်းနေတော့၏ “ မင်းပြောစကားတွေအရဆိုရင်၊ မင်းရဲ့ အစ်ကိုကြီးက တော်တော်လေးကို ကြမ်းမဲ့ပုံပဲ “
“ သေချာတာပေါ့။ အဲ့အချိန်တုန်းက တောင်ပိုင်းဒေသရဲ့ သားတော်ခြောက်ပါးဆိုတာကို မသိတဲ့လူ မရှိဘူး “
“ ခြောက်ယောက်လား “
“ ဟုတ်တယ် “
“ မင်းက ဘယ်နှယောက်မြောက်လဲ “
“ ခြောက်ယောက်မြောက် “
“ အို့ “
လုချန်ရှန်းသည် ခေါင်းတငြိမ်ငြိမ့်ဖြစ်သွားကာ၊ ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်၏ “ တိလျို့၊ ဟက်။ ဒါဆိုရင် မင်းရဲ့ အစ်ကိုတွေက မင်းကို ကယ်ဖို့အတွက် ဘာလို့မရောက်လာခဲ့ရတာလဲ။ မင်းတစ်ယောက်တည်း အချိန်အကြာကြီး၊ ကြံစည်နေခဲ့ရတယ်ပေါ့ “
( တိလျို့ဆိုတာက ခြောက်ယောက်မြောက်လေးဆိုပြီး၊ အကြီးက အငယ်ကိုခေါ်တဲ့ သဘောမျိုးပါ )
“ ငါ့ကို အဲ့လို လာမခေါ်နဲ့ “ လောင်လျူသည် အသာအယာ နှာခေါင်းရှုံ့၍၊ တုံ့ပြန်လိုက်သည် “ ပြောရမယ်ဆိုရင် အဲ့တာက တော်တော်လေးကို ဒဏ္ဍာဆန်တယ်။ ငါ့ရဲ့ အကြီးဆုံး အစ်ကိုကြီးက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ယွမ်နယ်မြေကို ပြိုကျသွားစေခဲ့တယ်။ အဲ့နောက်မှာ၊ သူက အင်အားစု အသီးသီးရဲ့ အမဲလိုက်တာကို၊ ခံခဲ့ရပြီးတော့၊ တစ်ခြားကမ္ဘာတစ်ခုကို ရောက်သွားခဲ့တယ်။ အကြီးဆုံး အစ်ကို မရှိတော့လို့၊ တစ်ခြားအစ်ကိုတွေကလည်း အဲ့အင်အားစုတွေရဲ့ ဓားစာခံဖြစ်သွားပြီးတော့၊ ငါကလည်း နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းဒေသမှာ၊ ပုန်းနေဖို့ တွန်းအားပေးခံလိုက်ရတယ် “
“ အို့၊ အဲ့လိုကိုး “
လုချန်ရှန်းသည် ရုတ်တရက် နားလည်သွားပြီး၊ သူက ကွေ့ဝူချန်၏ အမည်ကို၊ မည်သည့်နေရာတွင် ကြားခဲ့ရလဲဆိုသည်ကို မှတ်မိသွားခဲ့သည်။
လောင်လျူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့်၊ စကားဆက်ပြောလာခဲ့၏ “ မင်းနားလည်သွားပြီလား။ အခြေအနေက ဘယ်လိုလဲဆိုတာကို မင်းသိသွားပြီလား “
“ မင်းတို့ရဲ့ ဇာတ်လမ်းက အချိုးအကွေ့တွေနဲ့ တကယ်ကို ပြည့်နှက်နေခဲ့တာပဲ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
လောင်လျူမှ စကားထပ်ပြောလာခဲ့၏ “ မင်းနားလည်သွားပြီလား “
“ အကြမ်းဖျင်း နားလည်သွားပြီ “
“ အကြမ်းဖျင်း နားလည်သွားပြီဆိုတာက ဘာကိုဆိုလိုတာလဲ “
“ မင်းတို့ ညီအစ်ကို ခြောက်ယောက်လုံး အပြတ်ရှင်းခံလိုက်ရတယ်လို့ ပြောနေတာ မဟုတ်ဘူးလား “
“ မင်း …… “
လောင်လျူသည် အချိန်အတော်ကြာ ဆွံ့အသွားကာ၊ မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားတော့၏။
ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်သံ၊ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ကာ၊ ကြီးမားသော မှော်စွမ်းအား လှိုင်းလုံးတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ တောင်နံရံ ဆုတ်ပြဲသွားကာ၊ လမ်းကြောင်းတစ်ခု ထပ်မံ၍ ပေါ်ထွက်လာခဲ့၏။
---
…………………………………………………………………………………………………………………………………