အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အပိုင်း ( 163 )
မကျေမနပ်ဖြစ်နေသော ရှောင်ဟေး
သူတို့သည် တစ်ခဏခန့် စကားပြောနေခဲ့ကြသည်၊ ကျိုးချင်မှာလည်း သူ၏ဂျူနီယာညီငယ် နှစ်ယောက်အား၊ နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းဒေသအကြောင်း ပြောပြနေခဲ့၏။
ယဲ့တျန်ရီသည် ဂရုတစိုက် နားထောင်နေခဲ့ပြီး၊ အထူးသဖြင့်၊ ချင်းယီ၏ အမည်ကို အကြိမ်ပေါင်းများစွာ ကြားလိုက်ရသောအချိန်တွင်၊ သူ၏ သိလိုစိတ်များ မြင့်တက်သွားခဲ့သည်။
“ အဲ့ဒီချင်းယီက အဲ့လောက်ကြီးတောင် ထူးချွန်တာလား “
ကျိုးချင်ယုမှ တုံ့ပြန်လာခဲ့သည် “ ငါက သူ့ရဲ့ လမ်းညွှန်မှုကို ရခဲ့ဖူးတယ်လေ၊ အဲ့ဒီဓားတာအိုက လုံးဝ ထူးခြားတယ် “
ကူချန်ကျွင်းကပါ စကားဝင်ပြောလာခဲ့၏ “ အဲ့ကလေးက တကယ်ကို အံ့ဩဖို့ကောင်းတယ်၊ ဒီကမ္ဘာပေါ်မှာ တွေ့ရခဲတယ်၊ ဒါပင်မဲ့ သူက မဆင်မခြင်လုပ်လွန်းတယ်၊ သူက အင်အားစု တော်တော်များများကို၊ ရန်စထားခဲ့တယ်။ တကယ်လို့ သူ့ဆီမှာ အစွမ်းထက်နောက်ခံ မရှိဘူးဆိုရင်၊ သူက နောင်အနာဂတ်မှာ ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်ရလောက်တယ် “
“ အဲ့လောက်တောင် ပြင်းထန်တာလား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။
“ ဟုတ်တယ် “
“ ကြည့်ရတာတော့ လူတစ်ယောက်က မဆင်မခြင် ပြဿနာမရှာသင့်တဲ့ပုံပဲ “ လုချန်ရှန်းမှာလည်း ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်နေတော့သည်။
ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ မင်းအတွက် ဘယ်လိုကပ်ဘေးမျိုးကိုမဆို၊ ငါကိုင်တွယ်ပေးမယ် “
သူသည် ထိုတပည့်လေးအပေါ်တွင်၊ အမြဲလိုလို အပြစ်ရှိစိတ် ခံစားနေခဲ့ရသည်။
လုချန်ရှန်းသည် တအံ့တဩဖြင့်၊ မေးမြန်းလာခဲ့သည် “ ဒါဆိုရင် ဆရာ၊ ဆရာက ဘယ်လောက်ကြီးတဲ့ ကပ်ဘေးမျိုးကို၊ ကိုင်တွယ်နိုင်လဲ “
ဆရာတပည့် သုံးဦးသည် ချက်ချင်းအတွေးနက်သွားကြသည်၊ ဘာစကားကြီးလဲဟ
သူတို့သည် မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
သို့ရာတွင်၊ ကူချန်ကျွင်းသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ၊ စကားထပ်ပြောလာခဲ့၏ “ ဒါဆိုရင်လည်း ငါနောက်တစ်မျိုးပြောမယ်၊ တကယ်လို့ မင်းက ချင်းယီဖြစ်နေမယ်ဆိုရင်တောင်မှ၊ ငါမင်းကို ကာကွယ်ပေးမယ် “
ဟမ်
“ ဒါဆိုရင်လည်း ကျွန်တော် စိတ်သက်သာရာရသွားပါပြီ “
လုချန်ရှန်း မှင်သက်သွား၏၊ ထိုအဖြေက အလွန်တရာ တိကျလွန်းသောကြောင့်၊ သူဟပ်ထိသွားပြီး၊ သူ၏ စိတ်ထဲတွင် မည်သည့်သံသယမှ ရှိမနေတော့ပေ။
ကျိုးချင်ယုမှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်။
ချင်းယီက ပြဿနာမည်မျှ ရှာခဲ့လဲဆိုသည်နှင့်၊ သူရန်စခဲ့သည့် အင်အားစုများက မည်မျှများပြားလဲဆိုသည်ကို၊ သူတို့နှစ်ဦးစလုံး သိနေခဲ့ကြသည်၊ သို့သော် ကူချန်ကျွင်းသည် ထိုကဲ့သို့သော စကားမျိုးကိုပင်၊ ပြောရဲနေသေး၏၊ ၎င်းက သူ၏ယုံကြည်မှုကို ပြသရန် လုံလောက်နေခဲ့သည်။
လုချန်ရှန်းမှာလည်း ယခင်က ဖြစ်ရပ်များကို အမှတ်ရသွားကာ၊ မအောင့်ထားနိုင်တော့ဘဲ၊ စကားထပ်ပြောလိုက်၏ “ ဆရာ၊ တစ်ခြားဂိုဏ်းက တပည့်တွေဆီမှာ ကာကွယ်ရေး နည်းလမ်းတွေ အများကြီးရှိတာကို ကျွန်တော်တွေ့ခဲ့ရတယ်။ ကျွန်တော့်ကိုရော ဘာလို့ခုနစ်ခု၊ ရှစ်ခုလောက် မပေးရတာလဲ။ ဆရာမေ့နေတာလား “
သူ၏ စီနီယာအစ်ကိုနှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
ကူချန်ကျွင်းသည် မျက်မှောင်ကြုတ်သွားကာ၊ တုံ့ပြန်လာခဲ့သည် “ ငါမမေ့ပါဘူး “
“ ဒါဆိုရင် ကျွန်တော့်ဆီမှာ ဘာလို့ တစ်ခုမှ မရှိရတာလဲ။ အဲ့လိုမျိုး အပြင်ထွက်သွားရတာက တော်တော်လေး အန္တရာယ်များတယ်လေ “
“ ငါမင်းကို ထိလိုက်တာနဲ့၊ မင်းကထွက်ပြေးနေတာလေ။ ငါက မင်းဆီ ကာကွယ်ရေးနည်းလမ်းတွေကို ဘယ်လိုလုပ် ချန်ထားခဲ့ရမှာလဲ “
အမ်
လုချန်ရှန်း ဆွံ့အသွား၏။ သူက အမှန်ပင် အထိမခံခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိခိုင်းလိုက်မည်ဆိုပါက၊ ကူချန်ကျွင်း၏ ကျင့်ကြံရေးဖြင့်၊ သူ၏လျှို့ဝှက်ချက် သေးသေးလေးများကို မည်ကဲ့သို့ ဖုံးကွယ်ထားနိုင်တော့မည်နည်း။
ထို့နောက်တွင် သူသည် အတွေးကို ပြောင်းလဲကာ၊ တုံ့ပြန်လိုက်သည် “ တကယ်တော့၊ လောနေစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က ငယ်သေးတယ်လေ၊ ကျင့်ကြံရေးကိုပဲ အာရုံစိုက်ဖို့ လိုအပ်တယ်၊ အဲ့တာကြောင့် အခုလက်ရှိအချိန်မှာ အဲ့တာတွေကို၊ မလိုပါဘူးလေ “
“ အင်း “
ကူချန်ကျွင်းသည် အပြုံးဖြင့်၊ ခေါင်းတခါခါ ဖြစ်သွားခဲ့ကာ၊ လှည့်ထွက်သွားတော့သည်။
ကျိုးချင်ယုမှာလည်း သူ၏ဂျူနီယာညီငယ်နှစ်ဦးကို ကြည့်လာခဲ့သည်၊ သူ၏လက်ထဲတွင်၊ သေတ္တာနှစ်လုံး ပေါ်လာခဲ့သည်။
၎င်းက နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းဒေသတွင်၊ သူရရှိခဲ့သည့် အခွင့်အလမ်းများဖြစ်ပြီး၊ သူ၏ဂျူနီယာညီနှစ်ဦးအတွက်၊ ချန်ထားခဲ့ခြင်း ဖြစ်သည်။
လုချန်ရှန်းသည် စကားတစ်ခွန်းမျှမပြောဘဲ၊ ၎င်းတို့ကို ငေးကြည့်ရုံသာကြည့်နေခဲ့ပြီး၊ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့၏။ သူကိုင်ဆောင်ထားသည့် အရာမှာ ဓားမြက်နှင့်တူညီသည့်၊ ဝိညာဥ်ပန်းဖြစ်ပြီး၊ ၎င်းကလည်း ဓားတာအိုကို နားလည်ဆင်ခြင်ရာတွင်၊ ကူညီပေးနိုင်ပေသည်။
၎င်းက သူ့အတွက် အသုံးဝင်သေးသော်လည်း၊ သူသည် ၎င်းတို့ကို သူတို့ဆီသို့ ပေးလာခဲ့၏။
ဤစီနီယာအစ်ကိုက စကားနည်းနည်းသာ ပြောကာ၊ ကျင့်ကြံရေးတွင် အမြဲလိုလို မြှုပ်နှံထားလေ့ရှိသော်လည်း၊ သူသည် ဆယ်နှစ်ကျော်အထိ သူ့အပေါ်တွင်၊ အလွန်တရာ ကြင်နာနေခဲ့ကာ၊ ပစ္စည်းကောင်းတစ်ခုခုကို ရရှိခဲ့သည့် အချိန်တိုင်းတွင်၊ သူ့ကို အမြဲလိုလို တွေးပေးနေတတ်၏။
သို့ပေမည့် လောင်လျူထံမှ လုချန်ရှန်း ငှားရမ်းခဲ့သည့်၊ ဓားမြက်သည် ကျိုးချင်ယုအတွက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်၊ သို့သော် သူသည် သူ့ထံသို့ မည်ကဲ့သို့ ပေးလိုက်ရမလဲဆိုသည်ကို မသိပေ။
များစွာတွေးတော စဥ်းစားခဲ့ပြီးသည့်နောက်တွင်၊ သူသည် ကျိုးချင်ယုအနောက်သို့ လိုက်သွားရန်၊ ဆုံးဖြတ်လိုက်သည်၊ ထို့နောက်တွင်၊ သူ့အား တုံးတိတိ ပစ္စည်းတစ်ခုခုနှင့်၊ ရိုက်ချ၍ သတိမေ့သွားစေလိုက်ပြီး၊ သူ၏အင်မော်တယ်ဂူထံသို့ တိုက်ရိုက်သယ်ဆောင်သွားကာ၊ အရွက်ခုနစ်ရွက် ဓားမြက်ကို ထုတ်ယူလိုက်သည်။
ကျိုးချင်ယုက ဓားတာအို အဆင့်၈သို့၊ ရောက်ရှိတော့မည်ကို တွေးမိသွားသောအခါတွင်၊ သူသည် ဓားမြက်၏ အပိုင်းအစတစ်ခုကိုသာ ယူ၍၊ သူ၏ခန္ဓာကိုယ်အတွင်းသို့၊ သန့်စင်ပေးလိုက်သည်။
သူ၏နယ်ပယ်နှင့်၊ အကယ်၍ သူက အပင်တစ်ခုလုံးကို ပေးလိုက်မည်ဆိုပါက၊ သူသည် အချိန်တိုအတွင်းမှာပင်၊ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ရောက်ရှိသွားနိုင်ပေသည်၊ သို့သော် ၎င်းက ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်ပေ။
ထိုနယ်ပယ်ကို ကိုယ်တိုင်နားလည်ဆင်ခြင်ခြင်းကသာလျှင်၊ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အရာအားလုံး လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် ထိုနေရာမှ ထွက်လာခဲ့ကာ၊ သူ၏ကိုယ်ပိုင် အင်မော်တယ်ဂူဆီသို့ ပြန်သွားတော့သည်၊ သူသည် နောက်ဆက်တွဲ အကျိုးဆက်များကို မည်သို့မျှ ဂရုစိုက်မနေခဲ့ပေ၊ မည်သို့ပင်ဆိုစေကာမူ၊ မည်သူကမှ သူ့ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။
နောက်ကာလအတွင်းတွင်၊ လုချန်ရှန်းသည် သူ၏ တံခါးပိတ်ကျင့်ကြံရေးကိုသာ၊ ဆက်လက်လုပ်ဆောင်နေလျက်ရှိ၏။ သူသည် ဓားကျမ်စာကို ဆင်ခြင်သုံးသပ်ကာ၊ အဆင့်ထိုးဖောက်နိုင်မည့်၊ အခွင့်အလမ်းကို ရှာဖွေနေခဲ့သည်။ သူသည် ပထမဦးဆုံးအကြိမ်အဖြစ်၊ ကျင့်ကြံရေးတွင် အတားအဆီး(သို့) ပိတ်ဆို့မှုတစ်ခုကို ကြုံတွေ့လာခဲ့ရသည်။
ကျိုးချင်ယုကမူ ဓားတာအို အဆင့်၉သို့၊ ထူးဆန်းစွာ ရောက်ရှိသွားကာ၊ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
ကူချန်ကျွင်းသည် သူ၏ ဦးနှောက်ကို၊ အပြင်းအထန် အလုပ်ပေးလိုက်သော်လည်း၊ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မည်သို့မျှ နားမလည်နိုင်ခဲ့ပေ။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ၊ သူ့တပည့်များထံတွင် မည်သည့်ပြဿနာမှ၊ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင်၊ သူသည် ထိုကိစ္စကို လျစ်လျူရှုထားလိုက်သည်။
ထို့အပြင် ၎င်းက ပထမဦးဆုံးအကြိမ်ဖြစ်သည်၊ အရာအားလုံးက အမြဲလိုလို ကွေ့ကောက်ကာ၊ ထူးဆန်းသော နည်းလမ်းမျိုးဖြင့်၊ ရောက်လာလေ့ရှိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ တစ်လတာ ကုန်ဆုံးသွားခဲ့သည်၊ လုချန်ရှန်းကမူ သူ၏အင်မော်တယ်ဂူအတွင်းတွင်သာ၊ တည်ငြိမ်လျက်သား ရှိနေခဲ့ပြီး၊ တစ်ခါတစ်ရံတွင် ဉာဏ်အလင်းရရှိခဲ့သည်။
သူသည် မည်သည့်အရာကိုမှ အလျင်စလို မလုပ်ဆောင်ခဲ့ပေ။ ယခုလက်ရှိ အချိန်၌ အပြင်ဘက်တွင်၊ ကသောင်းကနင်း ဖြစ်နေလျက်ရှိ၏။ ရုပ်သေးကို ပို့လွှတ်ကာ ငှားရမ်းခ ကောက်ခိုင်းရုံအပ၊ သူသည် တစ်ချိန်လုံး အိမ်တွင်းပုန်းနေလျက်ရှိ၏။
ငြိမ်းချမ်းသော ထိုဘဝကို သူနေသားကျသွားတော့ အချိန်မှာပင်၊ အော်မြည်လာသော ခေါင်းဆောင်းသံတစ်ခုက တိတ်ဆိတ်မှုအားလုံးကို ဖြိုခွင်းလာတော့၏။
နတ်ကောင်းကင်ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ လုချန်ရှန်းမှာလည်း ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုက၊ ဂိုဏ်းသို့ ရောက်ရှိလာသည်ဆိုသည့်၊ သတင်းကို ကြားလိုက်ရသည်။
အစတွင် သူသည် ကောင်းကင်ဝါးမျိုးငှက် မျိုးနွယ်စုက၊ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထင်သွားပြီး၊ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်၊ သို့သော် ၎င်းတို့က သူတို့၏ ဂိုဏ်းထံသို့ မဟာမိတ်ဖွဲ့ရန်အတွက်၊ အထူးတလည် လာရောက်လည်ပတ်ခြင်းဖြစ်သည်ဆိုသည့် သတင်းကို၊ သူထပ်ကြားလိုက်ရသည်။
လုချန်ရှန်းသည် အင်မော်တယ်ဂူအတွင်းမှ ထွက်သွားကာ၊ အားလုံး၏ ဆွေးနွေးပြောဆိုမှုများကို နားထောင်နေတော့သည်။
“ မင်းတို့ ကြားပြီးကြပြီလား။ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုက ငါတို့နတ်ကောင်းကင်ဂိုဏ်းနဲ့၊ မဟာမိတ်ဖွဲ့ချင်နေကြတယ်တဲ့။ အရေးပါတဲ့ ပုဂ္ဂိုလ်တော်တော်များများတောင် ရောက်လာကြပြီ “
“ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုရဲ့ မျိုးနွယ်စု ခေါင်းဆောင်လောင်းတောင် ရောက်လာခဲ့တယ်တဲ့ ”
“ အဲ့လောက်တောင် ဟိတ်ဟန်ကြီးတာလား “
“ … “
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုသည် နတ်ကောင်းကင်ဂိုဏ်းထပ်၊ တစ်ဆင့်သာပိုမြင့်သည့် အင်အားစုမဟုတ်ဘဲ၊ တောင်ပိုင်းဒေသ၏ အရှင်သခင်အဆင့် အင်အားစုဖြစ်သည်။
လုချန်ရှန်းသည် ဂိုဏ်း၏ ပင်မခန်းမဆီသို့၊ လျှောက်လှမ်းသွားနေသည့် လူများကို၊ အဝေးမှ စောင့်ကြည့်ကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ငါ့ကြောင့်လား “
ထိုကဲ့သို့သော ပြောလိုက်သော်လည်း၊ ၎င်းက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည့် မှတ်ချက်တစ်ခုမျှသာ ဖြစ်သည်။ ရှောင်ဟေးတစ်ဦးတည်းကသာ သူ၏ကိစ္စများအကြောင်းကို၊ သိရှိထားပြီး၊ ထိုအကောင်ကလည်း တစ်ခြားလူများကို ပြောပြ၍ မဖြစ်နိုင်ပေ၊ ထို့ကြောင့် ၎င်းက သူနှင့်သက်ဆိုင်နေပုံ မရပေ။
၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည် ဆက်လက်၍ တံခါးပိတ်ကျင့်ကြံရန်သာ ရွေးချယ်လိုက်သည်။ ဤကာလအတွင်းတွင်၊ အဆင့်ထိုးဖောက်နိုင်မည့် လက္ခာရပ်များကို မမြင်ခဲ့ရသော်လည်း၊ သူသည် တစ်ချို့သော အတွေးအမြင်များကို၊ ထိတွေ့ခဲ့ရပြီးသည့်နောက်တွင်၊ ဓားတာအိုနှင့် ပတ်သက်သည့် ကွဲပြားသော နားလည်မှုကို ရရှိခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ရက်ပိုင်းမျှ ထပ်မံ၍ ကုန်ဆုံးသွားခဲ့သည်။ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုသည် ဤနေရာတွင်၊ နေနေခဲ့ပြီး၊ ဂိုဏ်း၏ အမျိုးမျိုးသော အစိတ်အပိုင်းများ(ဌာနများ)ထံမှ တပည့်များသည် မိတ်ဖွဲ့ရန်အတွက်၊ ၎င်းတို့ဆီသို့ အဆက်မပြတ် သွားလာနေလျက်ရှိ၏။
အဆိုပါ ငှက်များက တစ်ခြားသော တောင်တန်းများဆီသို့ လှည့်လည်သွားလာနေခဲ့သော်လည်း၊ ကူချန်ကျွင်း၏ ပိုင်နက်ကမူ၊ အတော်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
ကူချန်ကျွင်းက စကားမပြောခဲ့ပေ၊ ထို့ကြောင့် ၎င်းတို့သည် သူ့ကို ပေါ့ပေါ့တန်တန် မနှောင့်ယှက်ဝံ့ပေ။
ကောင်းကင်ဝါးမျိုငှက်တို့၏ အမြင်တွင်၊ နတ်ကောင်းကင်ဂိုဏ်းက ခွန်အားတစ်ချို့ကို ပိုင်ဆိုင်ထားသော်လည်း၊ ၎င်းက မည်သို့မျှ ထူးခြားမနေခဲ့ပေ။ သို့ရာတွင်၊ ဂိုဏ်းက ဂိုဏ်းဖြစ်ပြီး၊ ကူချန်ကျွင်းက ကူချန်ကျွင်းသာလျှင်ဖြစ်ကာ၊ ထိုနှစ်ခုကို မည်သို့မျှ နှိုင်းယှဥ်၍ မရပေ။
လုချန်ရှန်းကမူ ခါတိုင်းကဲ့သို့၊ ဆက်လက်၍ ကျင့်ကြံနေလျက်ရှိ၏၊ သို့သော် သူသည် အနည်းငယ် ထူးဆန်နေသည်ဟု၊ ခံစားနေခဲ့ရသည်။ ညနက်ပိုင်းတွင် တစ်စုံတစ်ဦးက၊ ဤနေရာ၏ အပြင်ဘက်တွင် ခိုးကြောင်ခိုးဝှက် သွားလာနေသည်ဟု၊ သူခံစားနေခဲ့ရသည်။
သို့ရာတွင် သူသည် ထိုကိစ္စကို မည်သို့မျှ အာရုံစိုက်မနေခဲ့ပေ။ သူ၏ဆရာက ဤနေရာတွင် ရှိနေသောကြောင့်၊ သေချင်နေသည့် လူမှသာလျှင်၊ ဤနေရာတွင် လာရှုပ်ရဲမည် ဖြစ်သည်။
ရက်အနည်းငယ်မျှ ကုန်ဆုံးသွားကာ၊ လုချန်ရှန်းသည် အင်မော်တယ်ဂူအတွင်းတွင်၊ နေထိုင်ရခြင်းကို ငြီးငွေ့လာခဲ့သည်။ သူသည် အင်မော်တယ်ဂူအတွင်းမှ၊ ဖြည်းဖြည်းချင်း လမ်းလျှာက်ထွက်လာခဲ့ကာ၊ အနီးအနားသို့ လှည့်ပတ်သွားလာ၍၊ အပြင်လောက၏ အခြေအနေကို မေးမြန်းစုံစမ်းရန်၊ ပြင်လိုက်သည်။
ခပ်ဝေးဝေးသို့ လမ်းမလျှောက်ရသေးခင် အချိန်မှာပင်၊ သူသည် အဝေးတွင် ရှိနေသည့် ရင်းနှီးသော ပုံရိပ်တစ်ခုကို၊ မြင်လိုက်ရသည်။
သူသည် သူ့အား စိတ်အားထက်သန်စွာဖြင့်၊ စကားပြောဆိုနေသည့် လူငယ်တစ်စုကို အဖော်ပြုကာ၊ လမ်းမပေါ်တွင်၊ လမ်းလျှောက်နေလျက်ရှိသည်၊ သို့သော် လုချန်ရှန်းကို မြင်လိုက်ရသောအချိန်၌၊ သူ၏မျက်နှာမှာ မကျေမနပ်ဖြစ်နေသည့် အရိပ်အငွေ့တို့ဖြင့်၊ ပြည့်နှက်သွားခဲ့သည်။
လုချန်ရှန်း အတွေးနက်သွားတော့၏၊ ထိုလူမှာ ရှောင်ဟေးပင် ဖြစ်သည်။
သူသည် ရှောင်ဟေးက ဤနေရာသို့ ရောက်လာလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ပေ။
သို့ရာတွင် သူသည် များများစားစား တွေးတောစဥ်းစားမနေခဲ့ပေ၊ သူက ပြင်ပမိတ်ဆွေတစ်ဦး ဖြစ်သောကြောင့်၊ သူသည် သူ၏ရင်းနှီးဖော်ရွေသော သဘောထားကို ပြသရန်၊ အကောင်းဆုံး ကြိုးစားနေတော့၏။
ထိုမျက်နှာထားကို မြင်လိုက်ရသောအခါတွင်၊ ရှောင်ဟေးသည် ပို၍ပင် မကျေမနပ်ဖြစ်သွားတော့သည်။
လုချန်ရှန်းသည် ကူရာကယ်ရာမဲ့နေလျက်ရှိပြီး၊ ထို့နောက်တွင် သူ၏နားများအတွင်းသို့၊ အသံတစ်သံ ရောက်ရှိလာခဲ့သည်။
“ ဒီနေ့ည ညသန်းခေါင်ယံ၊ အင်မော်တယ်တောင် အပြင်ဘက်မှာ၊ ငါမင်းကို တွေ့ချင်တယ် “
ထို့နောက်တွင် ရှောင်ဟေးသည် လူငယ်တစ်စုကို ခြံရံကို၊ အဝေးသို့ လျှောက်လှမ်းသွားတော့သည်။
လုချန်ရှန်းသည် မနေနိုင်တော့ဘဲ၊ မျက်မှောင်ကြုတ်သွားကာ၊ စကားပြောနေတော့သည် “ သူ့ကို ဘယ်သူက ရန်စခဲ့တာလဲ။ ဒီလောက်တောင် မကျေမနပ် ဖြစ်နေတယ်။ မသိတဲ့လူတွေဆိုရင်၊ သူက ရန်ငြိုးကြီးတဲ့ မိန်းမတစ်ယောက်လို့၊ သေချာပေါက် ထင်သွားမှာပဲ “
---
…………………………………………………………………………………………………………………………….
အပိုင်း ( 164 )
သန်းခေါင်ယံ တွေ့ဆုံမှု
နေလုံးကြီး ပြေးသွားခဲ့ကာ၊ ညအမှောင် ကျဆင်းလာခဲ့သည်။
ဆူညံပူညံ ဖြစ်နေသည့် ဂိုဏ်းသည် တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ညနက်ကာ၊ ပိုမိုတိတ်ဆိတ်လာသည့် အချိန်တွင်၊ လုချန်ရှန်းသည် သူ၏အင်မော်တယ်ဂူအတွင်းမှ၊ ထွက်လာခဲ့ကာ၊ သီချင်းညည်းရင်း၊ လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားတော့သည်။ အပြင်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်၊ သူသည် အဝေးတစ်နေရာတွင်၊ ကုပ်ချောင်းကုပ်ချောင်းလုပ်နေသည့်၊ ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။
“ မင်းက ဒီမှာဘာလုပ်နေတာလဲ “ ဟု လုချန်ရှန်းက ဇဝေဇဝါ ဖြင့် မေးမြန်းလိုက်သည်။
ရှောင်ဟေးက ပြန်ပြောလာခဲ့သည် “ မင်းကို စောင့်နေတာအပြင်၊ ငါ့ဆီမှာ ဘာကိစ္စရှိသေးလို့လဲ “
“ ငါ့ကို စောင့်နေဖို့အတွက်နဲ့၊ ခိုးကြောင်ခိုးဝှက်လုပ်နေဖို့ မလိုပါဘူးလေ၊ ဟုတ်တယ်မလား “
“ လုချန်ရှန်း၊ မင်းစကားကော မင်းကြားရဲ့လား။ အဲ့တာက လူစကားလား “
“ ဘာဖြစ်လို့တုန်း “
ရှောင်ဟေးမှ တုံ့ပြန်လာခဲ့၏ “ မင်းကို တွေ့ဖို့အတွက်၊ ငါက ယွမ်နယ်မြေမှာ တစ်လတိတိ၊ စောင့်နေခဲ့တယ်၊ ဒါပင်မဲ့ မင်းလုံးဝမပေါ်လာခဲ့ဘူး။ အခုက မင်းတို့ရဲ့ လေ့ကျင့်ရေးကွင်း အပြင်ဘက်မှာ၊ ရက်အတော်ကြာ လှည့်ပတ်နေခဲ့တာလေ၊ အဲ့တာကိုတောင် မင်းက ဘာတုံ့ပြန်မှုမှ မပေးခဲ့ဘူး။ မင်းသေသွားပြီလို့တောင် ငါထင်နေတာ “
“ ဆိုတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက၊ ခိုးကြောင်ခိုးဝှက် လျှောက်သွားနေတဲ့ လူက မင်းပေါ့။ မင်းက သရဲလို ဟန်ဆောင်ပြီးတော့၊ ညလယ်ခေါင်ကြီး လျှောက်သွားနေတဲ့ အချိန်မှာ၊ ငါက ခေါင်းမီးတောက်တဲ့အထိ စဥ်းစားနေခဲ့တာကွ “
“ ငါ ……. “
ရှောင်ဟေးသည် တစ်ခဏခန့်၊ ဆွံ့အသွားကာ၊ မည်ကဲ့သို့ ပြန်ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ လွန်ခဲ့သော ရက်ပိုင်းက သူသည် အမှန်တကယ်၊ ခိုးကြောင်ခိုးဝှက်ဖြစ်နေခဲ့ပြီး၊ မိန်းမပျိုတစ်ဦးကို ပြတင်းပေါက်မှ လှမ်းချောင်းနေသည်ဟုပင် ခံစားနေခဲ့ရ၏။
လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ အခက်အခဲအားလုံးကို ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာ၊ မင်းကို ကယ်တာက ငါ့အတွက် မလွယ်ဘူးဆိုတာကို၊ ငါသိပါတယ်၊ ဘာပဲဖြစ်ဖြစ်၊ ငါတို့ရဲ့ ဆက်ဆံရေးက ငြင်းပယ်လို့ မရဘူးလေ။ ငါ့ကို ကျေးဇူးတင်ဖို့အတွက်နဲ့၊ ဒီအထိ လာဖို့ မလိုပါဘူးကွာ၊ ကိစ္စသေးသေးလေးတစ်ခုအတွက်နဲ့၊ နတ်ကောင်းကင်ဂိုဏ်းနဲ့တောင် မဟာမိတ်ဖွဲ့လိုက်တယ်။ အဲ့လောက်ကြီးအထိ ပြောပလောက်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူးကွာ “
ရှောင်ဟေးသည် ကြောင်တောင်တောင် ဖြစ်သွားရတော့သည်။ ဒီကောင်က နည်းနည်းလေးမှ မပြောင်းလဲသွားဘူးပဲ
သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်မှသာ၊ စကားထပ်ပြောလိုက်သည် “ မင်းက ငါ့ကို ကယ်ခဲ့တာကို၊ ငါတော်တော်လေး ကျေးဇူးတင်ပါတယ်၊ ဒါပင်မဲ့၊ မင်းက အဲ့လောက်ကြီးအထိ ချဲ့ကားပြီး ပြောနေဖို့ မလိုပါဘူး။ မင်းကို ငါနားလည်ထားသလောက်အရဆိုရင်၊ မင်းက ငါ့ကို မြေပြင်ပေါ်ကနေ ကောက်ပြီးတော့၊ ဒီအတိုင်း ဆွဲထုတ်လာတာ ဖြစ်ဖို့များတယ် “
“ ပေါက်ကရကွာ “
“ မဟုတ်ဘူးလား “ ရှောင်ဟေးသည် တအံ့တဩဖြင့်၊ မေးမြန်းလိုက်သည်။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ သေချာပေါက် မဟုတ်ဘူးပေါ့ “
“ အဲ့တာဆိုရင် ဘာတွေ ဖြစ်ခဲ့တာလဲ “
“ မင်းက သယ်ထုတ်ခံခဲ့ရတာ “
“ … “
ရှောင်ဟေးသည် တစ်ခါတစ်ရံတွင်၊ ဤလူနှင့် မည်ကဲ့သို့ စကားပြောရမလဲဆိုသည်ကို၊ အမှန်တကယ် မသိပေ။ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ၊ စကားထပ်ပြောလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ ဒါပင်မဲ့၊ အဲ့တာကြောင့် ငါရဲ့ မျိုးနွယ်စုက နတ်ကောင်းကင်ဂိုဏ်းနဲ့၊ မဟာမိတ်ဖွဲ့လိုက်တာ မဟုတ်ဘူး “
“ တကယ်ကြီးကို၊ ဟူးးး “
ရှောင်ဟေးက စကားဆက်ပြောလာခဲ့၏ “ တကယ်လို့ မထင်မှတ်ထားတဲ့ ကိစ္စတွေသာ မဖြစ်လာခဲ့ဘူးဆိုရင်၊ တောင်ပိုင်းဒေသတစ်ခုလုံးကို သက်ရောက်သွားစေမဲ့၊ ကပ်ဘေးတစ်ခု ဖြစ်လာဖို့များတယ်။ အဲ့တာကြောင့်ပဲ မဟာမိတ်လုပ်နေရတာ “
“ ကပ်ဘေးလား “
ရှောင်ဟေးမှ တုံ့ပြန်လာခဲ့သည် “ ငါက အချိန်တိုအတွင်းမှာ၊ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘူး။ နောက်ကျရင် မင်းသိလာပါလိမ့်မယ်၊ ဒါမှမဟုတ် မင်းက ယွမ်နယ်မြေထဲကို ဝင်လာတဲ့ အချိန်ကျရင်၊ ငါမင်းကို သေသေချာချာ ပြောပြမယ် “
လုချန်ရှန်းသည် တွေးတောစဥ်းစားနေရင်းဖြင့်၊ စိတ်ရှုပ်ထွေးသွားကာ၊ သူ့ကို ငေးကြည့်နေတော့၏။
“ ဆိုတော့ ဒီရက်ပိုင်းအတွင်းမှာ မင်းငါ့ကို လာစောင့်နေတာက၊ ငါနဲ့ လျှို့ဝှက်တွေ့ဆုံမှု လုပ်ချင်နေလို့လား “
“ တစ်ခြားစကားလုံးကို သုံးလို့မရဘူးလား။ မင်းနဲ့ လျှို့ဝှက်တွေ့ဆုံမှု လုပ်ချင်နေတယ်ဆိုတာက၊ ဘာကိုဆိုလိုတာလဲ “ ရှောင်ဟေး ဆွံ့အသွား၏။
“ အဲ့တာဆိုရင် ဘာလဲ “
လုချန်ရှန်းသည် နားမလည်နိုင်ဖြစ်သွားခဲ့သည်။ ငါ့ကို တွေ့ရတာထပ် အရေးပိုကြီးတဲ့ ကိစ္စမျိုး၊ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ရှောင်ဟေးမှာလည်း ခေါင်းကိုက်သွားခဲ့သည်။
ဒီကောင့်ခေါင်းထဲမှာ ဘာတွေရှိနေတာလဲ။ သူက ဘာလို့ ခဏလေးတောင် ပုံမှန်မဖြစ်ရတာလဲ။
“ မင်းက တစ်ခုခုကို မေ့နေတာလား “
“ ဘာကိုလဲ “
“ ငါ့ကို ဓားတာအို သင်ပေးပြီးတော့၊ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်အထိ၊ ရောက်သွားအောင် ကူညီပေးမယ်ဆို။ ဒါပင်မဲ့ မင်းထွက်သွားပြီးတဲ့နောက်မှာ၊ မင်းကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး၊ မင်းရဲ့ ဝိညာဥ်ကျောက်တုံးတွေကို၊ အကုန်နီးပါး ပြင်ဆင်ပြီးသွားပြီ “
ထိုအကြောင်းကို ပြောလာခဲ့သည့် အချိန်တွင်၊ ရှောင်ဟေး၏ အမူအရာမှာ ပိုမိုလေးနက်သွားခဲ့သည်။
“ အို့၊ အဲ့ကိစ္စကိုး “ လုချန်ရှန်း မှတ်မိသွားခဲ့သည်။
သို့သော် သူ၏အမူအရာကို မြင်လိုက်ရသောအခါတွင်၊ ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ မင်းကတိပေးထားတဲ့ ရိုးသားပြီး၊ ယုံကြည်စိတ်ချရတဲ့ လူငယ်လေးက၊ ဘယ်ရောက်သွားပြီလဲ။ ငါတို့ လမ်းခွဲခဲ့တာ ဘယ်လောက်ကြာသေးလို့၊ မေ့ပါမေ့သွားရတာလဲ။ မင်းက လူရောဟုတ်ရဲ့လား။
လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်နေပြီး၊ ရှောင်ဟေးမှာ ပို၍ပင် မကျေမနပ်ဖြစ်သွားခဲ့သည်။
လုချန်ရှန်းကမူ မြက်ပင်တစ်ပင်ကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ကာ၊ စကားထပ်ပြောလိုက်၏ “ ငါက ဘယ်လိုလုပ်ပြီးတော့ အဲ့လိုလူမျိုး ဖြစ်နိုင်မှာလဲ။ ငါမင်းအတွက် ပြင်ဆင်ပေးထားတာ၊ တော်တော်လေးကို ကြာနေပြီ “
“ ဓားမြက် “
ရှောင်ဟေးသည် တအံ့တဩဖြင့် အော်မိသွားခဲ့သည်။ နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းဒေသတစ်ခုလုံးတွင်၊ အပင်တစ်ပင်သာ ပေါ်လာခဲ့ပြီးတော့၊ သူသည် လုချန်ရှန်းက ၎င်းကို ရရှိသွားသည် ဆိုသည်ကို သိနေခဲ့သော်လည်း၊ ၎င်းက မဟာတောရိုင်း ခန်းမဆီသို့၊ ရောက်ရှိသွားသည်ဟု နောက်ပိုင်းတွင်၊ သူထပ်ကြားခဲ့ရသည်။
သူသည် ထိုလူ့ထံတွင် နောက်တစ်ခု ရှိနေဦးမည်ဟု၊ မမျှော်လင့်ထားခဲ့ပေ။
“ ငါက ငါတို့ရဲ့ ကတိကို ဖြည့်ဆည်းပေးဖို့အတွက်၊ အသက်ကိုတောင် ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့တယ်ဆိုတာကို၊ မင်းမသိပါဘူးကွာ။ အဲ့တာကို လုခဲ့ရတာက တော်တော်ခက်တယ်၊ အခြေအနေက ဆိုးလွန်းလို့၊ အဲ့ကိစ္စကို ပြန်တောင်မတွေးချင်ဘူး။ မင်းက တကယ် …………. “
“ တကယ်ကြီးကို အဲ့လောက်တောင်ဖြစ်ခဲ့တာလား “
ရှောင်ဟေးသည် ထိုနေရာတွင် ရှိနေခဲ့ကာ၊ အခြေအနေကို သိနေခဲ့သည်။ လုချန်ရှန်းက အနည်းငယ် ချဲ့ကားပြောဆိုနေသည်ဆိုသည်ကို သူသိနေခဲ့သော်လည်း၊ ၎င်းက အဖြစ်မှန်နှင့် သိပ်မကွာလောက်ပေ။
သို့ရာတွင်၊ လုချန်ရှန်းကမူ တလေးတနက် ဖြစ်နေသော အမူအရာမျိုးဖြင့်၊ စကားထပ်ပြောလာခဲ့၏ “ အဲ့အချိန်တုန်းက၊ ငါက အတော်လေး ကြောက်စရာကောင်းတဲ့၊ တည်ရှိမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာ ………. “
ထို့နောက်တွင် သူသည် စကားဆက်ပြောလိုစိတ် မရှိတော့ပေ။
သူသည် အရှေ့ပိုင်းဒေသနှင့် တောင်ပိုင်းဒေသတို့တွင်၊ ရှိနေသည့် အင်အားစုတော်တော်များများကို လှည့်စားခဲ့သည့်၊ လောင်လျူနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ မြေခွေးအိုကြီးသည် အလွန်တရာ ပါးနပ်ကာ၊ အရပ်မျက်နှာရှစ်ခုစလုံးကို မငြိမ်မသက် ဖြစ်သွားစေခဲ့သည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်လော။
ရှောင်ဟေးသည် ခေါင်းခါပြလာခဲ့ပြီး၊ စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သောကြောင့်၊ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
သို့ရာတွင် သူသည် ဓားမြက်ကို ယူကာ၊ တစ်ခြားကိစ္စကို ပြောင်းလာခဲ့သည် “ဘာလို့ အပိုင်းတစ်ပိုင်း ပျောက်နေရတာလဲ “
“ ဒီလောက်ကျန်တာကပဲ တော်တော်လေးကို လုံလောက်နေပြီလေ။ အဲ့တာက မင်းကို အဆင့်၇အထိ ရောက်သွားစေမှာပဲ “
“ ကောင်းတယ် “
ထို့နောက်တွင် ရှောင်ဟေးသည်၊ ခေါင်းတငြိမ့်ငြိမ့်ဖြင့်၊ စကားထပ်ပြောလာခဲ့သည် “ အချိန်ရရင်၊ ငါ့ကို ယွမ်နယ်မြေမှာ လာရှာလိုက်။ ငါ့အချိန်တွေက ကုန်တော့မယ် “
လုချန်ရှန်းသည် အနည်းငယ် ထူးဆန်းသည်ဟု၊ ခံစားလိုက်ရသော်လည်း၊ ထပ်မံ၍ မမေးမြန်းလိုက်ပေ။
တစ်ခဏခန့် စကားဆက်ပြောနေခဲ့ပြီးသည့်နောက်တွင်၊ သူသည် ပြန်သွားရန် ပြင်လိုက်သည်။ ညသန်းခေါ်ယံ ဖြစ်နေခဲ့ပြီဖြစ်ပြီး၊ ဤနေရာတွင် ငှက်ထီးတစ်ကောင်နှင့်အတူ ရှိနေခြင်းကြောင့်၊ တစ်ချို့သော လူများသည် အတွေးမှားတစ်ခုကို တွေးတောမိသွားနိုင်ပေသည်။ ထိုအချိန်တွင် သူကသာ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ခဲ့ဘူးဆိုပါ၊ မည်ကဲ့သို့ ဖြစ်သွားမည်နည်း။
မည်သို့ပင်ဆိုစေကာမူ၊ ပြောဖို့လိုအပ်သည့် ကိစ္စတိုင်းကို ပြောခဲ့ပြီးပြီ ဖြစ်သည်။
ရှောင်ဟေးသည် စကားပြောရန် တွေဝေတုံ့ဆိုင်းနေလျက်ရှိ၏။
“ တကယ်လို့ ကိစ္စရှိသေးတယ်ဆိုရင်၊ ယွမ်နယ်မြေမှာ ပြောကြမယ်၊ တစ်ယောက်ယောက်လာနေပြီ “ လုချန်ရှန်းသည် တစ်စုံတစ်ဦး ချဥ်းကပ်လာနေသည်ကို အာရုံခံမိသွားကာ၊ လေ့ကျင့်ရေး ကွင်းဆီသို့ ပြန်သွားတော့သည်။
ရှောင်ဟေးကပါ ထွက်သွားခဲ့၏။
အင်မော်တယ်ဂူဆီသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် တစ်ခဏခန့်၊ ဂရုတစိုက် တွေးတောစဥ်းစားကာ အချိန်တန်ပြီဟု ခံစားလိုက်ရ၏။
“အခုဆိုရင် မဟာတောရိုင်း ခန်းမက လူတွေ ပြန်ရောက်သွားလောက်ပြီ။ သူတို့ကို အမြဲတမ်း အကြွေးတင်နေအောင် လုပ်ထားတာက မကောင်ဘူး “
“ ဟူး၊ လောင်လျူ့လက်ထဲက လူတွေကိုလည်း ဖြေရှင်းရဦးမယ် “
“ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုက၊ နန်ဟွမ်မြို့နဲ့ သိပ်မမဝေးဘူး။ အဲ့နေရာမှာ အကြွေးသွားတောင်းလို့ရတယ်။ တကယ်လို့ ဝိညာဥ်ကျောက်တုံး တစ်ချို့ရခဲ့မယ်ဆိုရင်၊ ငါက မွေးရာပါ ဝိညာဥ်အဆင့်၇ကိုတောင် ရောက်သွားလောက်တယ် “
“ လောင်လျူက ဘယ်လောက်တောင် ချမ်းသာနေလိုက်မလဲ။ သူက ငါ့ကို နည်းနည်းလောက် စပွန်ဆာပေးနိုင်မလားဆိုတာကို ငါချင်မိတယ် “
“ … “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏။
နောက်တစ်နေ့ နံနက်ခင်းတွင်၊ သူသည် သူ၏ဆရာဖြစ်သူအား၊ အိမ်ကိုလွမ်းသောကြောင့်၊ ကန်းယွင်ဂိုဏ်းသို့ အလည်သွားမည်ဟု၊ ပြောလိုက်သည်။
ကူချန်ကျွင်းသည် မည်သည့်အရာမှ မပြောဘဲ၊ လျင်မြန်စွာ သဘောတူလာခဲ့ပြီး၊ သူ့ကို ယွဲ့ပြည်ထောင် နယ်စပ်အထိ လိုက်ပို့ပေးရန်၊ တစ်စုံတစ်ဦးကို ထည့်ပေးလိုက်ကာ၊ အသံထုတ်လွှတ်ခြင်း အဆောင်အနည်းငယ်ပင် ပေးခဲ့၏။ အကယ်၍ တစ်ခုခု ဖြစ်လာခဲ့မည်ဆိုပါက၊ အဆောင်များကို အသုံးပြု၍၊ သူ့ကို အသိပေးရုံသာ ပြုလုပ်ရမည် ဖြစ်သည်။
သူသည် လုချန်ရှန်းကို အတော်လေး အလျှော့ပေးထားခဲ့သည်။ သူ၏ ဤတပည့်က ငွေကို လောဘကြီးကာ၊ တစ်ခါတစ်ရံတွင် အနည်းငယ် အနိုင်ကျင့်တတ်သော်လည်း၊ လုံးဝဆိုးရွားမနေခဲ့ပေ။
ထို့အပြင် ကန်းယွင်ဂိုဏ်းမှာ၊ သူဆယ်နှစ်ကျော် နေထိုင်ခဲ့သည့် နေရာတစ်ခုဖြစ်သည်၊ ထို့ကြောင့်၊ သူက ၎င်းကို သံယောဇဥ်ဖြစ်နေကာ၊ ပြန်သွားလိုခြင်းမှာ ပုံမှန်ပင် ဖြစ်ပေသည်။
သို့ရာ၌၊ အဖော်ပါလာသည့်လူ ထွက်သွားခဲ့သည့်နောက်တွင်၊ လုချန်ရှန်းသည် လှည့်ထွက်သွားကာ၊ ပို့ဆောင်ရေး အစီအရင်ကို ငှားရမ်း၍၊ ယွဲ့ပြည်ထောင်မှ ထွက်သွားတော့သည်။
ဆွေမျိုးများဆီသို့၊ သွားရောက်လည်ပတ်ခြင်းသည်၊ သူက ကောင်းကင်ဘုံအောက်တွင်၊ အောင်မြင်ကျော်ကြားလာကာ၊ ပြိုင်ဘက်ကင်းလာသည့် အချိန်အထိ၊ စောင့်ဆိုင်းနိုင်သော ကိစ္စတစ်ခုဖြစ်သည်။ ယခုလက်ရှိ အချိန်တွင်၊ သူသည် သူ၏အလုပ်ကိုသာ အာရုံစိုက်နေမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် လောင်လျူကို လွှတ်ပေးလိုက်သည်။
“ ချင်းယီ၊ မင်းဘာလုပ်ချင်နေတာလဲ။ မင်းက ငါ့ကို အချိန်အတော်ကြာ ချိတ်ပိတ်ထားခဲ့တယ်၊ မင်းက ကတိဖျက်ချင်နေတာလား “ လောင်လျူသည် ချက်ချင်းပေါက်ကွဲလာတော့၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါက အဲ့လိုလူမျိုးလား။ အရင်က အဆင်မပြေလို့ပေါ့ဟ၊ အခုငါမင်းကို လွှတ်ပေးလိုက်ပြီ မဟုတ်ဘူးလား “
လောင်လျူသည် ပတ်ဝန်းကျင်ကို အာရုံခံ၍ စစ်ဆေးနေခဲ့ပြီး၊ မည်သည့် အန္တရာယ်မှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင်၊ မီးဖိုအတွင်းမှ ခုန်ထွက်လာခဲ့သည်။
လုချန်ရှန်းကမူ လျှို့ဝှက်နည်းစနစ်ကို အချိန်အတော်ကြာ ထိန်းသိမ်းထားနိုင်ပြီဖြစ်သောကြောင့်၊ ချင်းယီအဖြစ် အသွင်ပြောင်းထားခဲ့ပြီးပြီ ဖြစ်သည်။
လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်နေခဲ့ပြီး၊ လောင်လျူမှ စကားထပ်ပြောလာခဲ့၏ “ အခု မင်းက ဘာလုပ်နေတာလဲ “
“ နန်ဟွမ်မြို့ကို သွားပြီးတော့၊ အဲ့လူတွေကို ကိုင်တွယ်ဖြေရှင်းတာမှာ မင်းကိုကူညီမလို့ “
“ ကောင်းပြီလေ၊ သွားကြစို့ “ လောင်လျူက ခေါင်းငြိမ့်ပြလာခဲ့၏။
သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ ဘာလို့ မီးဖိုထဲ ပြန်မဝင်ရတာလဲ “
“ မင်းက ဘာတွေ ထပ်ကြံနေပြန်ပြီလဲ “
သူသည် တစ်လကျော်ကြာသည်အထိ ချိတ်ပိတ်ခံထားရသောကြောင့်၊ သတိတကြီးဖြစ်လာခဲ့သည်။
လုချန်ရှန်းမှ ကူရာကယ်ရာမဲ့စွာဖြင့်၊ တုံ့ပြန်လိုက်၏ “ မင်းမေ့သွားပြီလား။ ငါတို့က ပို့ဆောင်ရေး အစီအရင်တစ်ခု ငှားရမယ်လေ “
“ အဲ့တော့ “
“ မင်းက ငတုံးလား။ ပို့ဆောင်ရေး အစီအရင်က လူတစ်ယောက်ချင်းစီတိုင်းအတွက်၊ ငွေကောက်တယ်လေ။ လူပိုများလေ၊ ဝိညာဥ်ကျောက်တုံး ပိုပေးရလေပဲ။ ငါတို့က မချွေတာသင့်ဘူးလား “
လောင်လျူ မှင်သက်သွား၏။ သူသည် ၎င်းက ဝိညာဥ်ကျောက်တုံးများကို ချွေတာရန်အတွက်ဟု၊ မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။
“ ချင်းယီ “
“ ဘာလဲ “
“ မင်းက သေလောက်အောင် ကပ်စီးနဲတာပဲ “
လုချန်ရှန်းက ပြန်ပြောလာခဲ့၏ “ တကယ်လို့ မင်းက ကပ်စီးမနဲဘူးဆိုရင်၊ ပို့ဆောင်ရေး အစီအရင်အတွက် ကိုယ့်ဟာကို ပေးလိုက်လေ “
“ တကယ်တော့ …….. မီးဖိုထဲမှာ နေတာက ပိုကောင်းတယ်လို့ ငါထင်တယ် “
လောင်လျူသည် မီးဖိုအတွင်းသို့သာ ပြန်ဝင်သွားတော့သည်။ ယခင်က ပစ္စည်းများ ရောင်းချခြင်းကြောင့်၊ ရရှိခဲ့သည့် ဝိညာဥ်ကျောက်တုံး နှစ်သိန်းမှာ၊ ကျင့်ကြံရေးအတွက် အသုံးပြုလိုက်သောကြောင့်၊ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းသည် ၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့်၊ မထီမဲ့မြင်ပြုစွာ ရယ်မောနေတော့၏ “ ဟက်၊ ငှက်ကောင်ရာ “
---
……………………………………………………………………………………………………………………………………
အပိုင်း ( 165 )
မင်းငါ့ကို လာနောက်နေတာလား
ယွဲ့ပြည်ထောင်မှ တောင်ပိုင်း တောရိုင်းဒေသအထိ၊ လီတစ်သိန်းကျော် ကျယ်ဝန်းပေသည်။
ပို့ဆောင်ရေး အစီအရင်၏ အကူအညီဖြင့်ပင်၊ လဝက်နီးပါး အချိန်ယူခဲ့ရ၏။
“ နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းဒေသကနေ၊ တောင်ပိုင်း တောရိုင်းမြို့တော်ဆီ တိုက်ရိုက်သွားခဲ့သင့်တယ်။ အဲ့လိုသာ လုပ်လိုက်မယ်ဆိုရင်၊ ခရီးစရိတ်ကို ဘယ်လောက်တောင် ချွေတာနိုင်လောက်မလဲ “
လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည်။ ပို့ဆောင်ရေး အစီအရင်ကို အသုံးပြုခဲ့သည့် အချိန်တိုင်းတွင်၊ ဝိညာဥ်ကျောက်တုံးများ သုံးစွဲခဲ့ရသည်။ သူသည် အချိန်တိုအတွင်းမှာပင်၊ ခြောက်ထောင်ကျော်အထိ သုံးစွဲထားခဲ့ပြီဖြစ်ပြီး၊ အကယ်၍ သူကသာ တောရိုင်းမြို့တော်သို့၊ ရောက်ရှိသွားသည့် အချိန်တွင်၊ ပမာဏက မည်မျှဖြစ်သွားလိမ့်မည်နည်း။
တစ်ချိန်တည်းမှာပင်၊ သူသည် လောင်လျူက မီးဖိုထဲတွင်၊ ပုန်းနေသည့်အတွက် တိတ်တဆိတ် ဝမ်းသာနေလျက်ရှိသည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူ့ကို ခေါ်သွားရခြင်းမှာ၊ နောက်ထပ် ဝိညာဥ်ကျောက်တုံး တစ်သောင်းပေးရမည်ဟု၊ ဆိုလိုနေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အလွန်အကျွံသုံးစွဲမှုကို၊ လူတော်လူကောင်းများအကြားတွင်၊ မည်သူက တတ်နိုင်လိမ့်မည်နည်း။
၎င်းက သူ့ကို ယခင်ကလိုမျိုး ဆင်းရဲမွဲတေသွားစေလိမ့်မည်ပင် မဟုတ်လော။
လောင်လျူမှာလည်း စောဒကတကလာခဲ့၏ “ ပိုပြီးတော့ ထိရောက်မှုရှိတဲ့၊ ပို့ဆောင်ရေး အစီအရင်တွေ ရှိနေတယ်၊ ဒါပင်မဲ့ မင်းက ဒီလိုဟာမျိုးကိုပဲ၊ အတင်းအကြပ် ဖက်တွယ်နေတယ် “
“ အဲ့တာက ဈေးပေါတယ်လေ “
“ မင်းက သောက်ရမ်းကိုကပ်စီးနဲလွန်းတယ် “
“ တကယ်လို့ မင်းက ကပ်စီးမနဲဘူးဆိုရင်၊ မင်းရဲ့ ဝိညာဥ်ကျောက်တုံးတွေ ပေးလေ။ မင်းက အလကားလိုက်နေရတာကိုတောင်မှ၊ တောင်းဆိုမှုတွေ လာလုပ်နေသေးတယ်။ အဲ့လူတွေကို ငွေအဖြစ်၊ ပြောင်းလဲဖို့အတွက် ငါမင်းကို ကူညီနေတာ မဟုတ်ဘူးလား “ ဟု လုချန်ရှန်းက ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုလိုက်၏။
လောင်လျူက လှောင်ပြောင်လာတော့၏ “ မင်းက ငါ့ကို ကူညီနေတာလား။ မင်းက ဝိညာဥ်ကျောက်တုံး တစ်ဝက်ကို လောဘတက်နေတာလေ၊ အဲ့တာကိုများ စေတနာရှင်ကြီးလိုမျိုး လာပြောနေတယ်၊ ဟက် “
လူနှစ်ဦးသည် စကားတပြောပြောဖြင့်၊ တောရိုင်းမြို့တော်နှင့် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင်၊ ကြီးမားသော ဧရာမ မြို့ကြီးတစ်ခု ရှိနေခဲ့၏။
လုချန်ရှန်းသည် အဆိုပါ ရှုခင်းကို ငေးမောကြည့်ရှုရင်းဖြင့်၊ စိတ်နှလုံးသား လှုပ်ရမ်းသွားခဲ့သည်။ သူသည် မြို့အား ကျယ်ပြောသောဆိုသည့်၊ စကားလုံးကို အသုံးပြုကာ၊ ဖော်ပြချင်နေခဲ့သည်။
သို့ရာတွင်၊ လောင်လျူက အေးအေးလူလူ၊ စကားထပ်ပြောလာခဲ့၏ " ငါနားမလည်ဘူး၊ မင်းက တောင်ပိုင်း တောရိုင်းမြို့မှာ၊ ဘာလာလုပ်နေတာလဲ။ မင်းက အဲ့ဂိုဏ်းတွေဆီကို တစ်အိမ်တက် တစ်အိမ်ဆင်းလုပ်ပြီး၊ ငွေတောင်းဖို့ စီစဥ်ထားတာလား "
" လောင်လျူ၊ အဲ့တာက မင်းနားမလည်တဲ့အရာပဲ။ ငွေတောင်းတာက နှေးတယ်၊ အဲ့တာက အမြတ်အများကြီးရမှာ မဟုတ်ဘူး။ တောင်းတာများလွန်းရင်၊ သူတို့က တတ်နိုင်ကြမှာ မဟုတ်ဘူး၊ နည်းလွန်းသွားရင်လည်း၊ အရှုံးပေါ်လိမ့်မယ် "
" ဒါဆိုရင် ငါတို့က ဘာလုပ်သင့်လဲ "
" လေလံတင်မှာပေါ့ဟ။ စျေးအမြင့်ဆုံး ပေးနိုင်တဲ့လူက နိုင်တယ်။ တကယ်လို့ သူတို့လူတွေကို ပြန်လိုချင်တယ်ဆိုရင်၊ ဝိညာဥ်ကျောက်တုံး ပေးရမှာပေါ့။ တကယ်လို့ သူတို့လက်ထဲမှာ ငွေမရှိဘူးဆိုရင်၊ ချေးလိုက်လို့ရတယ် မဟုတ်ဘူးလား " လုချန်ရှန်းသည် လောင်လျူကို ရှင်းပြနေခဲ့သည်။
လောင်လျူမှာလည်း ဇဝေဇဝါဖြင့်၊ မီးဖိုအတွင်းမှ ထွက်ခွာလာခဲ့သည် " သူတို့ကို သူတို့ရဲ့ သက်ဆိုင်ရာဂိုဏ်းတွေဆီ ရောင်းလိုက်တာအပြင်၊ ဘာလုပ်လို့ရသေးလဲ "
" လူ့လောကကြီးထဲကို ရောက်လာခဲ့တဲ့ လူတိုင်းဆီမှာ ရန်သူရှိတယ်လေ။ သူတို့ကရော အကျိုးအမြတ် မရချင်ဘူးလား။ မခြိမ်းခြောက်ချင်ဘူးလား။ လက်စားမချေချင်ဘူးလား "
" အဲ့တာက အဓိပ္ပါယ်ရှိတယ် "
လောင်လျူ၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ထိုမျှလောက် ယုတ္တိရှိလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ပေ။
“ အဲ့တာကြောင့်၊ တကယ်လို့ သူတို့က လေလံဆွဲလာကြမယ်ဆိုရင်၊ ငါတို့က အကျိုးအမြတ်တွေကို၊ အမြင့်ဆုံး ရလာနိုင်တယ်။ ငါနဲ့ တစ်ဝက်စီခွဲယူရမည်ဆိုရင်တောင်မှ၊ မင်းမရှုံးပါဘူးကွာ၊ မင်းက နေရာအနှံ့လျှောက်ပြေးနေဖို့ မလိုတော့ဘူးလေ “
“ မင်းက အကုန်လုံးကို အကွက်စေ့အောင် တွက်ချက်ထားတာပဲ “
လူနှစ်ဦးသည် စကားပြောနေရင်းဖြင့်၊ မြို့ဆီသို့ ဦးတည်လာခဲ့ကြသည်။
လုချန်ရှန်းသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး၊ မြို့အတွင်းတွင် လျှောက်သွားနေကာ၊ လေလံအိမ်တစ်ခုထဲသို့ ဝင်သွားတော့သည်။
ဤနေရာသို့ မရောက်လာခင် အချိန်ကတည်းက၊ သူသည် စုံစမ်းမေးမြန်းထားခဲ့ပြီးပြီ ဖြစ်သည်။ ဤနေရာရှိ လေလံအိမ်သည် တောင်ပိုင်းပြည်နယ် တောရိုင်းမြို့တစ်ခုလုံးတွင်သာမဟုတ်ဘဲ၊ တောင်ပိုင်းဒေသ တစ်ခုလုံးတွင်ပါ အကြီးဆုံးဖြစ်ပေသည်။ ၎င်း၏ ကျောထောက်နောက်ခံက လုံလုံလောက်လောက် အားကောင်းသော၊ မဟာတောရိုင်း နန်းတော်ဖြစ်သည်။
ထို့ကြောင့် လိမ်လည်ခံရမည်ကို စိုးရိမ်ပူပန်နေရန် မလိုတော့ပေ။ မည်သည့်ပစ္စည်းဖြစ်ဖြစ်၊ မည်သည့်နေရာကဖြစ်ဖြစ်၊ သူတို့သည် ကတိပေးထားသည့်အတိုင်း လေလံတင်ကာ၊ ပုံမှန်အတိုင်း လုပ်ဆောင်ပေးမည် ဖြစ်သည်။
ထို့အပြင် သူတို့သည် လေလံတင်သူ၏ အချက်အလက်များကိုပါ၊ ဖော်ထုတ်ပြောကြားမည် မဟုတ်ပေ။
သို့ရာတွင်၊ လုချန်ရှန်းက လေလံတင်မည့် ပစ္စည်းများကို ထုတ်ယူလိုက်သည့် အချိန်၌၊ လေလံအိမ်တွင် စီးပွားရေးကို နှစ်ပေါင်းများစွာကြာရှည်သည်အထိ၊ လုပ်ဆောင်ခဲ့ကြသော လူတိုင်းသည် တစ်ခဏခန့် ဂဏာမငြိမ် ဖြစ်သွားကြသည်။
သူတို့က သက်ရှိသတ္တဝါများကို လေလံမတင်ဖူးခြင်း မဟုတ်ပေ၊ သို့သော် လူများကို လေလံတင်ရခြင်းက ပထမဦးဆုံးဖြစ်ပြီး၊ အထူးသဖြင့် ထိုလူအများစုက အမျိုးမျိုးသော အင်အားစုများမှ၊ လူသိများသော ပါရမီရှင်များ ဖြစ်နေခဲ့၏။
သို့သော် သူတို့အားလုံးက လောကကြီးကို၊ မြင်တွေ့ဖူးသည့် လူများဖြစ်သောကြောင့်၊ သူတို့သည် လျင်မြန်စွာ စိတ်တည်ငြိမ်သွားခဲ့၏။
( အတွေ့အကြုံများတယ်၊ ကိစ္စတော်တော်များများကို ကြုံတွေ့ခဲ့ဖူးတယ် )
သို့သော် ရှောင်ရွှမ်းနှင့် စုမူယွဲ့တို့ကို မြင်လိုက်ရသော အခိုက်အတန့်တွင်မူ၊ သူတို့အားလုံး အထိတ်တလန့် ဖြစ်သွားကြသည်။
တစ်ဦးက အရှေ့ပိုင်းဒေသ၊ ထျန်းရီ မြင့်မြတ်နယ်မြေ၏ သူတော်စင်တစ်ပိုင်းဖြစ်ပြီး၊ ကျန်တစ်ဦးကမူ ထျန်းကျီစံအိမ်၏ နတ်ဘုရား ဖြစ်နေခဲ့သည်၊ ၎င်းက အလွန်တရာ အန္တရာယ်များလွန်းလှသည်။
အစပိုင်းတွင်၊ တစ်နေရာရာသို့ ရောက်ရှိသွားသည်(သို့) ခန့်မှန်း၍ မရသော ဖြစ်ရပ်တစ်ခုနှင့်၊ ကြုံတွေ့ခဲ့ရသည်ဟု၊ လူတိုင်းက ထင်နေခဲ့ကြသည့်၊ လူနှစ်ဦးက တစ်စုံတစ်ဦး၏ ဖိနှိပ်မှုကို ခံခဲ့ရလေသည်၊ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု၊ မည်သူက ထင်ထားလိမ့်မည်နည်း။
ကျန်ရှိနေသည့် လူများကမူ ယခင်က အဆိုပါ ယဇ်ပုလ္လင်မှ၊ ပျောက်ကွယ်သွားသည့် လူများဖြစ်နေခဲ့သည်။
အားလုံးသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့်၊ လုချန်ရှန်းကို ကြည့်ကာ၊ မိန်းမောသွားကြ၏။
“ ပြဿနာရှိလို့လား “
“ အဲ့တာက …….. “
လူတိုင်းသည် မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားကြသည်။
ထို့အစား မုတ်ဆိတ်မွေးနှင့် ဆံပင်များ ဖြူဖွေးနေသည့်၊ အဘိုးအိုတစ်ဦးသည် ရှေ့ထွက်ကာ၊ စကားဝင်ပြောလာခဲ့၏ “ ပြဿနာမရှိပါဘူး၊ ဘယ်အရာကိုမဆို ပုံမှန်အတိုင်း လေလံတင်လို့ရပါတယ်၊ ဒါပင်မဲ့ စည်းမျဥ်းစည်းကမ်းတွေအရ၊ လေလံတင်မဲ့ ပစ္စည်းတွေအားလုံးအတွက်၊ ကျုပ်တို့က နောက်ဆုံးရောင်းဈေးရဲ့ ၁၀%ကို ကော်မရှင်ယူပါမယ် “
“ ၁၀%။ အမြတ်ကြီးစားလွန်းတာပဲ “ ဟု လုချန်ရှန်းက လွှတ်ခနဲ ပြောချလိုက်၏။
အဘိုးအိုသည် မှင်သက်သွားကာ၊ စကားထပ်ပြောလာခဲ့သည် “ တာအိုရောင်းရင်း၊ အဲ့ဒီ ၁၀%က စည်းမျဥ်းတစ်ခုပဲလေ၊ အဲ့တာက မင်းအတွက် အာမခံချက်ဆိုရင်လည်း ဟုတ်တယ် “
“ ဒါဆိုရင်လည်း ကောင်းပြီလေ “
လုချန်ရှန်းသည် ကူရာကယ်ရာ မဲ့သွားခဲ့သည်။
လွှဲပြောင်းပေးအပ်မှု ကိစ္စများ ပြီးဆုံးသွားသည့်နောက်တွင်၊ သူသည် ဆယ်ပုံတစ်ပုံဆိုသည့် ကော်မရှင်ခကို၊ နှမြောတသဖြစ်နေရင်းဖြင့်၊ လေလံအိမ်အတွင်းမှ ထွက်ခွာလာခဲ့သည်။
“ လေလံအိမ်က အဲ့လောက်ကြီး အမြတ်ကြီးစားလိမ့်မယ်လို့၊ ငါမထင်ထားခဲ့မိဘူး။ နည်းနည်းလေး အားစိုက်ထုတ်ရရုံနဲ့၊ ကော်မရှင်ခကို ဆယ်ပုံတစ်ပုံတောင် ယူကြတယ်။ နောင်တစ်ချိန်မှာ ငါ့ဟာငါ ကိုယ်ပိုင်လေလံအိမ်တစ်ခုလောက် ဖွင့်ဦးမယ် “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏။
လောင်လျူမှာလည်း ဘေးတစ်ဖက်တွင် လမ်းလျှောက်နေရင်းဖြင့်၊ စကားပြောလာခဲ့၏ “ လေလံအိမ်ကို လူတိုင်းက ဖွင့်နိုင်တယ်လို့၊ မင်းထင်နေတာလား။ စွမ်းအားမရှိဘူးဆိုရင်၊ မင်းကိုယ်တိုင်ကိုက လေလံပစ္စည်းတစ်ခု ဖြစ်သွားလိမ့်မယ် “
“ ဟူး၊ ထားလိုက်ပါလေ။ အဲ့တာက အရင်းအနှီးမရှိတဲ့ စီးပွားရေး တစ်ခုပဲလေ၊ သူတို့က အမြတ်နည်းနည်းလောက် ယူချင်နေတော့လည်း ယူပါစေပေါ့ “
လောင်လျူ ဆွံ့အသွား၏။ မင်းကမှ တစ်ပြားမှ မသုံးဘဲ၊ ထောသွားမဲ့လူလေ၊ အဲ့တာကိုတောင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသေးတာလားဟ
၎င်းကို တွေးမိသွားသောအခါတွင်၊ လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့၏ “ လောင်လျူ၊ မင်းက လူရှေ့သိပ်မထွက်နဲ့ဦး “
“ ဘာဖြစ်လို့လဲ “
“ မင်းဆီမှာ သွေးမျိုးဆက် ရှိနေတုန်းပဲလေ။ တကယ်လို့ အဲ့ဒီမျိုးနွယ်စုနှစ်ခုက ရောက်လာခဲ့မယ်ဆိုရင်၊ သူတို့က အဲ့တာကို အာရုံခံနေနိုင်ဦးမှာပဲ။ မင်းက မီးဖိုထဲမှာ ပုန်းနေသင့်တယ်၊ အဲ့တာက ပိုပြီးတော့ ဘေးကင်းတယ် “ ဟု လုချန်ရှန်းက တုံ့ပြန်လာခဲ့၏။
သို့ရာတွင် လောင်လျူမှာ သတိတကြီး ဖြစ်သွားခဲ့သည် “ ချင်းယီ၊ မင်းက ဘာတွေ ထပ်ကြံနေပြန်ပြီလဲ။ ငါ့ကို ချိတ်ပိတ်ပြီးတာနဲ့၊ လေလံတင်ရောင်းမှာတော့ မဟုတ်ဘူးမလား “
“ ငါ၊ ချင်းယီက ရိုးသားပြီး၊ ယုံကြည်စိတ်ချရတဲ့ လူငယ်သခင်လေးတစ်ယောက်ကွ၊ လူကြီးလူကောင်းတစ်ယောက်ဆိုလည်း ဟုတ်တယ်၊ အဲ့လိုကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ “
“ အဲ့တာက ပြောဖို့ခက်ပါတယ်လေ “
လောင်လျူသည် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။ လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက၊ လုချန်ရှန်းက လေလံအိမ်အတွင်းသို့ ဝင်သွားခဲ့ပြီးသည့်နောက်တွင်၊ သူသည် ပစ္စည်းတစ်ချို့ကို ရောင်းချခဲ့ပြီး၊ ချင်းယီနှင့် ပတ်သက်သည့်၊ အမျိုးမျိုးသော သတင်းအချက်အလက်များကို ဝယ်ယူမေးမြန်းရန်၊ လူတစ်ဦးကို ရှာဖွေခဲ့၏။
ယခင်က များများစားစား မသိခဲ့သော်လည်း၊ အရာအားလုံးကို သိခဲ့ရပြီးသည့်နောက်တွင်၊ သူသည် လုံးဝ ကြောင်အသွားခဲ့သည်။
ထိုအကောင် ပေါ်လာသည်မှာ နှစ်ဝက်ပင် မရှိသေးသော်လည်း၊ သူလုပ်ခဲ့သည့် အရာအားလုံးက မည်သို့မျှ လူမဆန်ခဲ့ပေ။ အင်အားစု အသီးသီးသည် သူနှင့်တွေ့ဆုံသွားရပြီး၊ သနားဖွယ်ကောင်းလောက်အောင် အဆုံးသတ်သွားခဲ့သည်၊ အထူးသဖြင့် နတ်ဘုရား သန့်စင်ခြင်း နန်းတော်ပင် ဖြစ်သည်။
ထိုလူများက ထိုအကောင့်ကို တစ်ကြိမ်မျှ ရန်စမိရုံဖြင့်၊ ကြောက်ခမမ်းလိလိ ကံဆိုးသွားခဲ့ကြသည်။
ထို့ကြောင့် သူက လုချန်ရှန်းကို သတိထားနေခြင်းမှာ၊ အံ့ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်သည်။
သို့ရာတွင်၊ လုချန်ရှန်းမှ တုံ့ပြန်လာခဲ့၏ “ ကောင်းပြီလေ၊ အဆင်ပြေပါတယ်၊ ကိုယ့်အထာနဲ့ကိုယ်နေပေါ့။ ဘာပဲဖြစ်ဖြစ်၊ တကယ်လို့ မင်းအဖမ်းခံလိုက်ရမယ်ဆိုရင်တောင်မှ၊ အဲ့တာက ငါနဲ့ဘာမှမဆိုင်ဘူးနော်။ ငါမင်းကို ကြင်ကြင်နာနာနဲ့ သတိပေးခဲ့ပင်မဲ့၊ မင်းကငါ့ကို တကယ်ကြီး သံသယဝင်နေခဲ့တာပဲ “
“ ဒါဆိုရင် ငါဘာလုပ်သင့်လဲ “
“ မင်းက တော်တော်ကြီးကို အိုနေပြီလေ၊ မင်းရဲ့ချီနဲ့ မင်းရဲ့ သွေးမျိုးဆက်ကို ဖုံးကွယ်ထားနိုင်မဲ့၊ နည်းလမ်းမျိုးမရှိဘူးလားဟ “
“ ချီကို ဖုံးကွယ်ရတာက လွယ်လွယ်လေးပါ၊ ဒါပင်မဲ့ သွေးမျိုးဆက်ကို ဘယ်လိုဖုံးကွယ်ရမှာလဲ “
“ အင်း …… “ လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ စကားထပ်ပြောလာခဲ့၏ “ ငါ့ဆီမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက သွေးမျိုးဆက်ကို ဖုံးကွယ်ပေးနိုင်တဲ့၊ မန္တာန်တွေကို ဖန်တီးနိုင်တယ်၊ အသွင်ပြောင်းခြင်းအဆင့်ကတောင် အဲ့တာကို မထောက်လှမ်းနိုင်ဘူး “
“ တကယ်လား “
“ ငါက မင်းကို ဘာဖြစ်လို့ လိမ်နေရမှာလဲ။ ငါက ဒါကို မင်းရဲ့ကောင်းကျိုးအတွက် လုပ်နေတာလေ “ လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
လောင်လျူမှ တုံ့ပြန်လာခဲ့၏ “ ဘာသုံးပြီး ဝယ်ရမှာလဲ “
သူသည် ၎င်းကို တစ်ခဏခန့် အလေးအနက်ထား၍၊ စဥ်းစားခဲ့၏။ အကယ်၍ ၎င်းကသာ သူ၏သွေးမျိုးဆက်ကို ဖုံးကွယ်ထားနိုင်မည်ဆိုပါက၊ သူသည် မီးဖိုထဲတွင် ပုန်းနေစရာ လိုတော့မည် မဟုတ်ပေ။
“ ငွေပဲပေါ့၊ ဝိညာဥ်ကျောက်တုံး ငါးသိန်းလောက်ပေါ့ “
လုချန်ရှန်းကလည်း လေးလေးနက်နက် ပြန်ပြောလိုက်သည်။
လောင်လျူသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ၊ တုံ့ပြန်လာခဲ့၏ “ တကယ်လို့ အဲ့တာက သွေးမျိုးဆက်ကို တကယ်ပဲ ဖုံးကွယ်ထားနိုင်တယ်ဆိုရင်၊ ဝိညာဥ်ကျောက်တုံး ငါးသိန်းက ဘာမှမဟုတ်ပါဘူးလေ။ အခုပဲ ငါ့ကို သူ့ဆီခေါ်သွားပေးတော့ “
“ ဝိညာဥ်ကျောက်တုံးတွေကို အရင်ပြင်ဆင်ထားဦး “
“ ငါ့ဆီမှာ ရှိပါတယ် “
လောင်လျူသည် ဝိညာဥ်ကျောက်တုံးများကို ထုတ်ယူလိုက်သည်။ လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ နေဦး၊ ငါသူ့ကို ဆက်သွယ်လိုက်ဦးမယ် “
ထို့နောက်တွင် သူသည် မျက်လုံးများကို မှိတ်ကာ၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ မျက်လုံးများ ပြန်ဖွင့်၍၊ စကားပြောလိုက်၏ “ ငါ့သူငယ်ချင်းက မအားသေးဘူး၊ ငါ့ဆီကို ဝိညာဥ်ကျောက်တုံးတွေ အရင်ပေးလိုက်ဖို့၊ မင်းကို ပြောလိုက်တယ် “
လောင်လျူ : “ … “
“ စိတ်မပူပါနဲ့၊ သူက ငါ့ကို နည်းလမ်းကို ပြောပြခဲ့တယ်။ ငါ့ကို ဝိညာဥ်ကျောက်တုံးတွေသာ ပေးလိုက်၊ ငါက သူ့ကိုယ်စား သိမ်းထားပေးမယ် “
ထိုစကားသံ ပေါ်ထွက်လာခဲ့ပြီးသည့်နောက်တွင်၊ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှသာလျှင်၊ လောင်လျူသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့်၊ လုချန်ရှန်းကို ကြည့်လာခဲ့သည် “ ချင်းယီ “
“ ဘာလဲ “
“ ငါ့ကို နည်းနည်းလောက် လေးစားပေးပြီးတော့၊ အရူးတစ်ယောက်လို မဆက်ဆံလို့ မရဘူးလား “
---
………………………………………………………………………………………………………………………………….