← Chapters

အခန်း (၇၆၉-၇၇၁)

Vol. 52 Ch. 769-771

အခန်း (၇၆၉-၇၇၁)

Vol. 52 Ch. 769-771

အခန်း (၇၆၉) - နတ်ဘုရားအသွင်ပြောင်းဘုံနှင့် ရင်ဆိုင်ခြင်း

~“ဆရာ့ရဲ့ နောက်ဆုံးဆန္ဒကို ကျုပ် လွန်ဆန်လို့ မရဘူးဗျာ”

ဖန်ချင်းဖုန်းက ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းရင်း ပြောလိုက်သည်။ စူးလီ ဘယ်လိုလူစားမျိုးလဲဆိုတာ သူ ကောင်းကောင်းသိသော်ငြားလည်း ထိုသို့သာ ဆိုလိုက်၏။

“ဟွန့် ... ခေါင်းမာပြီး ပြုပြင်လို့မရတဲ့ လူစားတွေပဲ”

ဖုန်းဝူချန်က မထုံတက်တေး တုံ့ပြန်လိုက်ပြီး သူ၏ ကိုယ်ဟန်ကို နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ တဆက်တည်းမှာပင် လက်တစ်ဖက်ကို ကောင်းကင်သို့ မြှောက်လိုက်ရာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများ တစ်ဟုန်ထိုး ထွက်ပေါ်လာတော့၏။

“ကိုးထပ် ချန်ခွင်း မျှော်စင်”

ရွှေရောင် တောက်ပနေသော ဧရာမ မျှော်စင်ကြီးတစ်ခု ကောင်းကင်ယံတွင် ဘွားခနဲ ပေါ်ထွက်လာသည်။ ၎င်း၏ ပြင်းထန်လှသော အရှိန်အဝါသည် ငလျင်လှုပ်သကဲ့သို့ ပတ်ဝန်းကျင် တစ်ခွင်လုံးကို တုန်ခါသွားစေပြီး တလက်လက် တောက်ပနေသော ရွှေရောင်အလင်းများက ဟင်းလင်းပြင်ကို လင်းထိန်သွားစေသဖြင့် ကြည့်နေသူများမှာ မျက်စိပင် မဖွင့်ရဲလောက်အောင် ဖြစ်သွားကြရတော့၏။

“နန်းတော်သခင်ရဲ့ မျှော်စင်က ကြောက်စရာကောင်းတဲ့ ကာကွယ်ရေးစွမ်းအားတွေ ရှိတာ၊ အခု အထဲက နေရာလပ်တွေလည်း ပြောင်းလဲသွားပြီဆိုတော့ သူ့ရဲ့ စွမ်းအားက ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး၊ တကယ်ကို မျှော်လင့်စရာပဲကွ”

ပေတိုယန်က ကိုးထပ် ချန်ခွင်း မျှော်စင်ကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း အော်ဟစ်လိုက်သည်။

“အင်မော်တယ်လက်နက် အဆင့်ကို တက်လှမ်းသွားတဲ့ မျှော်စင်ဆိုတော့ သေချာပေါက် အစွမ်းထက်မှာပဲ”

လျိုချင်းယန်ကလည်း ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်၏။ သူ၏ အကြည့်များကလည်း ထိုမျှော်စင်ကြီးထံမှ မခွာနိုင်အောင် ဖြစ်နေသည်။

ယဲ့ထျန်းဝေကမူ ဘေးမှနေ၍ ခေါင်းခါယမ်းလိုက်ပြီး ...

“နန်းတော်သခင်က သန်မာတယ် ဆိုပေမယ့်၊ မျှော်စင်ရဲ့ စွမ်းအားက အဆင့်တက်သွားတယ် ဆိုဦးတော့ ... နတ်ဘုရားအသွင်ပြောင်းဘုံကို ယှဉ်နိုင်ဖို့ဆိုတာတော့ ကျုပ် သံသယရှိတယ်ဗျ၊ အထူးသဖြင့် ဖန်ချင်းဖုန်းက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၂) တောင် ရောက်နေတာလေ”

ယဲ့ထျန်းဝေ၏ စိုးရိမ်မှုက အကြောင်းမဲ့တော့ မဟုတ်ပါချေ။ လုံးဝ ကွဲပြားခြားနားသော နယ်ပယ်နှစ်ခုကြားရှိ စွမ်းအားကွာဟချက်က ကြီးမားလွန်းလှသည် မဟုတ်ပါလော။

ကိုးထပ် ချန်ခွင်း မျှော်စင် အင်မော်တယ်လက်နက် ဖြစ်လာပြီးနောက် ဖုန်းဝူချန်အနေဖြင့် ပထမဆုံးအကြိမ် ထုတ်သုံးခြင်း ဖြစ်ရာ သူကိုယ်တိုင်ပင်လျှင် ၎င်း၏ စွမ်းဆောင်ရည် အပြည့်အစုံကို တိကျစွာ မသိသေးချေ။

“အင်မော်တယ်လက်နက် ပါလား”

ရွှမ်ယင်းဂိုဏ်းမှ ကျန်ရှိနေသော တပည့်များမှာ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

“သူ့ဆီမှာ အင်မော်တယ်လက်နက် နှစ်ခုတောင် ရှိတာလား”

စူးလီနှင့် ဒုတိယ အကြီးအကဲတို့မှာ အပြင်းအထန် တုန်လှုပ်သွားကြရသည်။ သူတို့ရှေ့ရှိ ဤလူငယ်လေးသည် ဘယ်သူနည်း။ အင်မော်တယ် သိုင်းကွက်ရော အင်မော်တယ်လက်နက်ပါ ပိုင်ဆိုင်ထားသည်ဆိုမှတော့ သူသည် မည်မျှ ကြောက်စရာကောင်းသော နောက်ခံရှိသည့် ပါရမီရှင်မျိုး ဖြစ်နေမည်နည်း။

စူးလီမှာ ဆက်၍ပင် မတွေးရဲတော့ချေ။ သူ ယခု အလိုချင်ဆုံးအရာမှာ အသက်ရှင်သန်ခွင့် ရရှိရေးသာ ဖြစ်တော့၏။

“ကျုပ် ခင်ဗျားတို့နဲ့ ရန်မဖြစ်ချင်ပါဘူး၊ ဒါပေမယ့် ဆရာ့ရဲ့ အမိန့်ကို မလွန်ဆန်နိုင်လို့ အခြား ရွေးချယ်စရာ မရှိဘူးဗျာ”

ဖန်ချင်းဖုန်းက သက်ပြင်းတစ်ချက်ချကာ ခေါင်းခါလိုက်သည်။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ၏နောက်ရှိ စူးလီနှင့် အခြားသူများမှာ ပြင်းထန်သော စွမ်းအားတစ်ခု၏ တွန်းပို့မှုကြောင့် အဝေးတစ်နေရာသို့ ရောက်ရှိသွားကြတော့၏။

ဤသန်မာသော စွမ်းအားသည် ယဲ့ထျန်းဝေတို့အဖွဲ့၏ အလစ်အငိုက် တိုက်ခိုက်မှုမှန်သမျှကို ဟန့်တားရန် လုံလောက်လှသည်။

ဖန်ချင်းဖုန်းမှာ စိတ်မပါသော်ငြားလည်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။

“အသိဉာဏ်မရှိတဲ့ ကောင်လေး၊ အစွမ်းလေး နည်းနည်း ရှိတာနဲ့များ နတ်ဘုရားအသွင်ပြောင်းဘုံကို ယှဉ်နိုင်မယ် ထင်နေတာလား”

စူးလီက အဝေးတစ်နေရာမှနေ၍ အဆိပ်ပြင်းသော လေသံဖြင့် ကဲ့ရဲ့လိုက်သည်။ သူသည် ဖုန်းဝူချန်ကို အရိုးထဲကနေ မုန်းတီးနေပြီး သူ့အား အမှုန့်ပြုကာ လေထဲ လွှင့်ပစ်ချင်နေမိ၏။ ဖုန်းဝူချန် ပေါ်ထွက်လာခြင်းက ရွှမ်ယင်းဂိုဏ်းကို အရှက်ရစေခဲ့ရုံမက ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ၏ ဂုဏ်သိက္ခာကိုပါ နင်းခြေဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလော။ ဤအရှက်တရားကို ဖုန်းဝူချန်အား အကြိမ်ပေါင်း တစ်ထောင် သတ်လျှင်တောင် ဆေးကြောနိုင်မည် မဟုတ်ချေ။

“အထွတ်အထိပ် နဂါး နတ်ဘုရား ဓား”

“ဝီ ... ဝီ ...”

နောက်တစ်စက္ကန့်၌ ဖုန်းဝူချန်သည် နဂါးနတ်ဘုရားဓားကို ဆင့်ခေါ်လိုက်ပြီး ဓား၏ ဖျက်ဆီးခြင်း စွမ်းအားနှင့် သူ၏ အထွတ်အထိပ် ခန္ဓာကိုယ်တို့ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်သည်။ သူသည် ချီလင် ချပ်ဝတ်နှင့် နဂါးနတ်ဘုရား လက်အိတ်များကိုပါ ဝတ်ဆင်လိုက်ရာ သူ၏ ခွန်အားမှာ အရူးအမူး ထိုးတက်သွားတော့သည်။ ဟင်းလင်းပြင်နှင့် ရွှမ်ယင်းဂိုဏ်း တစ်ခုလုံးကိုပါ ပြင်းထန်စွာ တုန်လှုပ်သွားစေတော့၏။

ဤသည်မှာ ဖုန်းဝူချန်၏ အစွမ်းထက်ဆုံး အနေအထားပင် ဖြစ်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါသည် လျှပ်တစ်ပြက်အတွင်း ထျန်းကျီဘုံ အဆင့် (၉) သို့ ရောက်ရှိသွားပြီး ထျန်းကျီဘုံ အဆင့် (၉) အထွတ်အထိပ်သို့ပင် တိုးဝင်တော့မည့် အရိပ်အယောင်များ ပြနေသည်။

“အင်မော်တယ်လက်နက် ... နောက်ထပ် အင်မော်တယ်လက်နက် တစ်ခုတောင်လား၊ ဘုရားရေ ... ထျန်းကျီဘုံ အဆင့် (၉) ပါလား”

“အဆင့် (၈) သွန်းလုပ်ခြင်းတဲ့လား၊ ဒါ ..မဖြစ်နိုင်ဘူး ... သူက မိစ္ဆာကောင်များလား”

“သူက ထျန်းကျီဘုံ အဆင့် (၅) ပဲ ရှိတာကို၊ တိုက်ခိုက်ရေးစွမ်းအားက အဆင့် (၄) ဆင့်တောင် ခုန်တက်သွားတာလား”

ရွှမ်ယင်းဂိုဏ်း၏ တပည့်များမှာ အလွန်အမင်း အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။

“အင်မော်တယ်လက်နက် သုံးခုတောင်လား၊ သူက တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာလား”

ကျန်းရွှမ်မုမှာလည်း ဆွံ့အသွားရပြီး သူ၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရ၏။ စူးလီမှာမူ စကားပင် မပြောနိုင်လောက်အောင် ကြောက်လန့်နေတော့၏။ ဖုန်းဝူချန်၏ ဤသန်မာသော စွမ်းအားနှင့်ဆိုလျှင် သူ့ကို သတ်ရန်မှာ လက်ဖဝါးလှန်သလောက်ပင် လွယ်ကူနေမည် မဟုတ်ပါလော။

ကောင်းကင်ယံထက်တွင်မူ ဖန်ချင်းဖုန်း၏ မျက်နှာထားမှာ လေးနက်သွား၏။ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ရှိသူတိုင် သူသည် ဖုန်းဝူချန်ကို လျှော့တွက်၍ မဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်လိုက်၏။ ဖုန်းဝူချန်သည် သူ့အတွက် အလွန် အန္တရာယ်များသောသူဟု ခံစားနေရသောကြောင့် ဖြစ်သည်။

“ဝှစ်”

စကားများ ထပ်မပြောတော့ဘဲ ဖုန်းဝူချန်သည် သူ၏ အစွမ်းကုန် ထုတ်သုံးကာ အထက်တန်းကျသော ကိုယ်ဟန်ဖြင့် တိုက်စစ်ကို စတင်လိုက်သည်။ သူ၏ နဂါးနတ်ဘုရားဓားသည် သွေးရောင် လျှပ်စီးတန်းတစ်ခုပမာ ပေါက်ကွဲထွက်သွားတော့၏။

“ဒေါင်”

“ဝီ ... ဝီ ...”

ဖုန်းဝူချန်မှာ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားပြီး မည်သည့် ဟန်ဆောင်မှုမျှ မရှိဘဲ နဂါးနတ်ဘုရားဓားဖြင့် ဖန်ချင်းဖုန်း၏ ရင်ဘတ်ကို ထိုးနှက်လိုက်သည်။

ရုတ်တရက် ကြည်လင်ပြတ်သားသော "ဒေါင်" ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ဖန်ချင်းဖုန်း၏ ရှေ့ မီတာဝက်ခန့်တွင် ဖောက်ထွင်းမြင်ရသော စွမ်းအင် အကာအကွယ်တစ်ခု ပေါ်ထွက်လာကာ ဖုန်းဝူချန်ကို အပြင်ဘက်၌ တားဆီးထားလိုက်သည်။ တဆက်တည်းမှာပင် သန်မာသော စွမ်းအားများလည်း အသက်ဝင်လာတော့၏။

“ဒေါင် ဒေါင် ဒေါင်”

“ဝီ ... ဝီ ...”

ပထမ တိုက်ကွက်မှာ မအောင်မြင်သဖြင့် ဖုန်းဝူချန်သည် အံ့မခန်း မြန်ဆန်သော အရှိန်အဟုန်ဖြင့် အရူးအမူး ဆက်တိုက် တိုက်ခိုက်တော့သည်။ ကြည်လင်သော လက်နက်ချင်း ထိခတ်သံများ လေထဲတွင် ပဲ့တင်ထပ်သွားပြီး စွမ်းအားများကလည်း လှိုင်းလုံးကြီးများပမာ ဝေ့ဝဲထွက်ပေါ်နေ၏။

သို့သော်ငြားလည်း ဖုန်းဝူချန်သည် သူ၏ အစွမ်းကုန် ထုတ်သုံးနေသည်တိုင် ဖန်ချင်းဖုန်းအား ခြေတစ်ဝက်မျှပင် ရွေ့လျားသွားအောင် မလုပ်နိုင်ခဲ့ချေ။ သူ၏ စွမ်းအားအားလုံးမှာ အပြင်ဘက်ရှိ အကာအကွယ်တွင်သာ ပိတ်ဆို့ခံနေရပြီး ဖန်ချင်းဖုန်း၏ ကာကွယ်မှုကို မဖောက်ထွင်းနိုင်ခဲ့ပါချေ။

“မိတ်ဆွေလေး ... မင်းရဲ့ စွမ်းအားက အားမနည်းပါဘူး၊ ဒါပေမယ့် ကျုပ်ကို ယှဉ်နိုင်ဖို့တော့ လိုပါသေးတယ်ဗျာ”

ဖန်ချင်းဖုန်းက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။ သူသည် သူ၏ စွမ်းအားအပေါ်တွင် များစွာ ယုံကြည်ချက် ရှိနေပုံရ၏။

ထျန်းကျီဘုံက မည်မျှပင် သန်မာပါစေ၊ အဆုံးစွန်၌မူ ၎င်းမှာ ထျန်းကျီဘုံသာ ဖြစ်လေရာ နတ်ဘုရားအသွင်ပြောင်းဘုံ၏ ဖြစ်တည်မှုကို ကျော်လွန်နိုင်စွမ်း မရှိပါချေ။

ဖန်ချင်းဖုန်း စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်အတွင်းမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာရာ ဖုန်းဝူချန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

“ဝုန်း”

“ဝီ ... ဝီ ...”

ကြီးမားသော စွမ်းအားသည် ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ ပေါက်ကွဲထွက်လာပြီး ဖုန်းဝူချန်အား တိုက်ရိုက် လွင့်စင်ထွက်သွားစေတော့၏။ ပေသောင်းချီ ကျယ်ဝန်းသော ပတ်ဝန်းကျင် တစ်ခွင်ရှိ ဟင်းလင်းပြင်မှာလည်း မျက်တောင်တစ်ခတ်အတွင်း ပြိုကျ ပျက်စီးသွားပြီး မြင်ကွင်းတစ်ခုလုံး မှောင်မိုက်သွားရသည်။

ကံကောင်းထောက်မစွာဖြင့် ဖုန်းဝူချန်မှာ အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး အစွမ်းထက်သော ကာကွယ်ရေး စွမ်းအင်များကို စုစည်းလိုက်နိုင်သည်။ ချီလင် ချပ်ဝတ်နှင့် ကိုးထပ် ချန်ခွင်း မျှော်စင်၏ ကာကွယ်မှုက အလွန်တရာ ခိုင်မာလှပေ၏။ နို့မဟုတ်လျှင်မူ ဖုန်းဝူချန်သည် ထိုရိုက်ခတ်မှုကြောင့် ဒဏ်ရာရသွားနိုင်ခြေ ရှိသည်။

“နတ်ဘုရားအသွင်ပြောင်းဘုံက အရမ်း အစွမ်းထက်တာပဲ၊ နန်းတော်သခင်တောင် ဘာမှ မတတ်နိုင်ပါလား”

ယီထျန်းချင်းက မျက်မှောင်ကြုတ်လျက် ဆိုသည်။

လျိုချင်းယန်က ဝင်ပြောလိုက်၏။

“အစ်ကိုဖုန်းက မျှော်စင်ကို အသုံးမပြုရသေးဘူးလေ”

‘လျှပ်တစ်ပြက် နေရာ ရွှေ့ပြောင်းခြင်း’

ဖုန်းဝူချန် စိတ်ကို တစ်ချက်လွှတ်လိုက်သည်နှင့် သူ၏ ကိုယ်ဟန်မှာ လေထဲတွင် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားတော့သည်။

“ဟင် ... သူ့ အရှိန်အဝါတွေ ပျောက်သွားပါလား”

ဖန်ချင်းဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ရှိသော သူပင်လျှင် ဖုန်းဝူချန်၏ အရှိန်အဝါကို အာရုံမခံနိုင်တော့သဖြင့် ဖုန်းဝူချန်၏ ကိုယ်ဖော့ပညာ ထူးခြားဆန်းကြယ်ပုံကို စိတ်ထဲမှ တိတ်တဆိတ် အံ့ဩနေမိ၏။

သူ အံ့ဩနေစဉ်မှာပင် ဖုန်းဝူချန်၏ လူရိပ်မှာ ဖန်ချင်းဖုန်း၏ နောက်ကျောဘက်တွင် အလွန် လျှို့ဝှက်စွာဖြင့် အသံတိတ် ပေါ်ထွက်လာပြီး တပ်မတော် ထောင်ချီကို ရှင်းလင်းနိုင်သော အရှိန်အဝါဖြင့် နဂါးနတ်ဘုရားဓားကို တုံ့ဆိုင်းခြင်းမရှိ ဝှေ့ယမ်း ခုတ်ချလိုက်သည်။

နောက်ကျောဘက်မှ ထူးဆန်းသော အန္တရာယ် အငွေ့အသက်ကို အာရုံခံမိလိုက်သဖြင့် ဖန်ချင်းဖုန်း၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွား၏။

နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဦး၏ တုံ့ပြန်မှုနှုန်းမှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှပေရာ သူသည် မျက်တောင်တစ်ခတ်အတွင်း လှည့်ကြည့်လိုက်ပြီး ကိုယ်ကို နောက်သို့ အသာအယာ ကိုင်းညွတ်ကာ ဖုန်းဝူချန်၏ ဓားချက်ကို သီသီလေး ရှောင်တိမ်းလိုက်သည်။ ဓားဦးဖျားသည် ဖန်ချင်းဖုန်း၏ လည်ပင်းနားလေးမှ ကပ်၍ ဖြတ်သန်းသွားတော့၏။

လက်တစ်လုံးမျှသာ ကွာဝေးသော အကွာအဝေးပင် ဖြစ်သည်။

သည်လောက် ကြောက်စရာကောင်းသော အမြန်နှုန်းမှာ ဖုန်းဝူချန်၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မအောင်မြင်ခဲ့ပါချေ။

ဓားချက် လွဲချော်သွားပြီးနောက် ဖုန်းဝူချန်၏ ကိုယ်ဟန်မှာ နောက်တစ်ကြိမ် လျှို့ဝှက်စွာ ပျောက်ကွယ်သွားပြန်သည်။

“ဒါက ဘယ်လို ကိုယ်ဖော့ပညာမျိုးလဲ”

ဖန်ချင်းဖုန်းမှာ ဤကဲ့သို့သော သိုင်းပညာမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် ရင်တွင်းမှ အလွန် အံ့ဩသွားရသည်။

“ဝှစ် ဝှစ် ဝှစ်”

“ဒေါင် ဒေါင် ဒေါင်”

“ဝီ ... ဝီ ...”

ဖုန်းဝူချန်သည် လျှပ်တစ်ပြက် နေရာ ရွှေ့ပြောင်းခြင်းကို အဆက်မပြတ် အသုံးပြုကာ ပြင်းထန်သော တိုက်စစ်များကို နောက်တစ်ကြိမ် ဆင်နွှဲပြန်သည်။ ဓားအလင်းတန်းများက တစ်ဆက်တည်း တလက်လက် တောက်ပနေပြီး သန်မာသော စွမ်းအားလှိုင်းများကလည်း တစ်ခုပြီးတစ်ခု ရိုက်ခတ်နေကာ အဆက်မပြတ် မြည်ဟိန်းနေသော အသံများမှာလည်း ရပ်တန့်သွားခြင်း မရှိပါချေ။

သို့သော်လည်း ဖုန်းဝူချန်က လျှပ်တစ်ပြက် နေရာ ရွှေ့ပြောင်းခြင်းကို သုံးနေသည်တိုင် ဖန်ချင်းဖုန်းအား အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်း မရှိသေးချေ။ ထို့ပြင် ဖန်ချင်းဖုန်းအနေဖြင့် လျှပ်တစ်ပြက် နေရာ ရွှေ့ပြောင်းခြင်းဖြင့် တိုက်ခိုက်လာသော အကွက်များကိုပင် တဖြည်းဖြည်း ရင်းနှီးလာသကဲ့သို့ ရှိနေတော့၏။

သည်လောက် ပြင်းထန်သော တိုက်ခိုက်မှုမှာ (၂) မိနစ်ခန့် ကြာမြင့်ပြီးနောက် ဖုန်းဝူချန်က ရုတ်တရက် ရပ်တန့်လိုက်သည်။

သူ၏ ကိုယ်ဟန်မှာ ကိုးထပ် ချန်ခွင်း မျှော်စင်ကြီး၏ အောက်တည့်တည့်သို့ ရောက်ရှိသွားသည်။ တဆက်တည်း၌၊ သူ၏ ဘယ်ဘက်လက်ကို ကောင်းကင်သို့ မြှောက်ကာ အင်မော်တယ်လက်နက်ကို ထိန်းချုပ်လိုက်ရာ ခြောက်ခြားဖွယ် အရှိန်အဝါများ ပတ်ဝန်းကျင် တစ်ခွင်လုံးကို ဖုံးလွှမ်းသွားတော့သည်။

“ပွဲကတော့ အခုမှ စတော့မှာကွ”

ပေတိုယန်နှင့် အခြားသူများမှာ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်ကြ၏။

“ဒီမျှော်စင်မှာ ဘယ်လို စွမ်းအားတွေ ရှိနေလို့လဲ၊ သူက နောက်ဆုံးမှ ထုတ်သုံးတယ်ဆိုတော့ သာမန်တော့ မဟုတ်လောက်ဘူး”

ဖန်ချင်းဖုန်းက မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေသော်လည်း တစ်ဖက်မှလည်း မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေမိတော့သည်။

---

အခန်း (၇၇၀) - ကြောက်မက်ဖွယ်ရာ စွမ်းအား

~“ဝီ ... ဝီ ...”

ကိုးထပ်ချန်ခွင်းမျှော်စင်အတွင်းသို့ ကမ္ဘာပျက်စွမ်းအားများ တိုးဝင်သွားသည်နှင့်အမျှ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများသည် မုန်တိုင်းတစ်ခုပမာ ဝေ့ဝဲထွက်ပေါ်လာသည်။ မျှော်စင်ကြီးမှ ရွှေရောင်အလင်းတန်းများ တလက်လက်တောက်ပလာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားချေ၏။ ထိုမျှော်စင်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအင်များသည် ပင်လယ်ထဲမှ နဂါးတစ်ကောင် ခုန်ထွက်လာသည့်အလား အဟုန်ပြင်းစွာ ရိုက်ခတ်လာတော့သည်။

“ဝိညာဉ်သုတ်သင်ဓားသိုင်း ... မိုးကောင်းကင် ဝိညာဉ်ရိတ်သိမ်းခြင်း ခုတ်ချက်”

ဖုန်းဝူချန်သည် နဂါးနတ်ဘုရားဓားကို ဝင့်မြှောက်လိုက်၏။ သူ၏ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး သူ၏စွမ်းအားအားလုံးကို ဓားအတွင်းသို့ စီးဆင်းစေလိုက်သည်။ ထို့နောက် ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်လှသော ဓားချီများသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားရာ အသက်ရှူကျပ်လောက်အောင်ပင် ဖမ်းစားနိုင်စွမ်းရှိလှသည်။

“ဂလု ...”

အဝေးမှ စောင့်ကြည့်နေကြသော စူးလီနှင့် အခြားသူများမှာ ထိုဝိညာဉ်ဖမ်းစားနိုင်သော အရှိန်အဝါကြောင့် လုံးဝတုန်လှုပ်သွားကြပြီး ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်လန့်နေကြတော့၏။ ရွှမ်ယင်းဂိုဏ်းမှ တပည့်များ၏ ရင်တွင်း၌ ဖြစ်ပေါ်နေသော ကြောက်ရွံ့မှုများကိုမူ စကားလုံးများဖြင့်ပင် ဖော်ပြနိုင်စွမ်း မရှိတော့ချေ။

'ဒီဓားသိုင်းက သူ့ရဲ့ နောက်ဆုံးလက်နက်ပဲ ဖြစ်ရမယ် ... ဒီကောင်လေးကတော့ တကယ့်ကို ထူးဆန်းတဲ့ကောင်ပဲ ... သူထုတ်သုံးလိုက်တဲ့ သိုင်းကွက်တိုင်းက အင်မော်တယ်သိုင်းကွက်တွေချည်းပါလား ... သူက တကယ်ပဲ ဘယ်သူလဲ'

ဖန်ချင်းဖုန်းသည် မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။ ဖုန်းဝူချန်ကဲ့သို့ လူငယ်တစ်ယောက်အနေဖြင့် သည်လောက်စွမ်းအားကြီးမားနေခြင်းကပင် အံ့ဩစရာဖြစ်နေသော်လည်း ယခု သူထုတ်ဖော်ပြသလိုက်သော သိုင်းကွက်များနှင့် နတ်ဘုရားလက်နက်များကို ကြည့်ခြင်းအားဖြင့် သူ၏နောက်ခံမှာ သာမန်မဟုတ်ကြောင်း သိသာလှသည်။

ကိုးထပ်ချန်ခွင်းမျှော်စင်မှ ကြောက်မက်ဖွယ်စွမ်းအားများ ပေါက်ကွဲထွက်လာချိန်တွင် ဖုန်းဝူချန်၏ ဓားချီသည်လည်း တစ်ဟုန်ထိုး မြင့်တက်လာပြီး ထျန်းကျီဘုံ အဆင့် (၉) ကို ကျော်လွန်ကာ မျက်တောင်တစ်ခတ်အတွင်း နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၁) သို့ ရောက်ရှိသွားတော့သည်။

“ဘာ ... ဒါ ..မဖြစ်နိုင်ဘူး”

ထိုလွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားကို ခံစားလိုက်ရသည့်အခါ ဖန်ချင်းဖုန်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ အမူအရာများမှာလည်း တောင့်တင်းသွားရ၏။

“နန်းတော်သခင်ရဲ့ စွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၁) ကို တကယ်ကြီး ချိုးဖြတ်သွားတာလား ... ဒါကြောင့်မို့လို့ သူက နတ်ဘုရားအသွင်ပြောင်းဘုံကို စိန်ခေါ်ရဲတာကိုး ... ဒီစွမ်းအားက တကယ်ကို ကြောက်စရာကောင်းလိုက်တာ”

ပေတိုယန်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိပြီး တစ်ကိုယ်လုံးလည်း တုန်ရီနေတော့၏။

“စွမ်းအားတွေက ဆက်ပြီး တိုးနေတုန်းပဲ ... ဘာတွေ ဖြစ်ကုန်တာလဲ ... ဒီစွမ်းအားတွေက ကိုးထပ်ချန်ခွင်းမျှော်စင်ဆီကနေ လာနေတာလား”

လျိုချင်းယန်မှာလည်း မျက်လုံးများ ပြူးကျယ်သွားပြီး လုံးဝ ဆွံ့အသွားရသည်။

ယဲ့ထျန်းဝေကလည်း အံ့ဩမှင်သက်စွာဖြင့် ...ရေရွတ်မိသည်။

“ဒါ ကိုးထပ်ချန်ခွင်းမျှော်စင်ရဲ့ စစ်မှန်တဲ့ စွမ်းအားလား ... နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၂) ထိတောင်များ ချိုးဖြတ်သွားမလား မသိဘူးနော်”

ကိုးထပ်ချန်ခွင်းမျှော်စင်၏ စွမ်းအားဖြင့် ဖုန်းဝူချန်၏ ဓားချီသည် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၁) ကို ကျော်လွန်သွားပြီးဖြစ်ကာ အရှိန်အဟုန်ပြတ် ဆက်လက်မြင့်တက်နေဆဲပင် ဖြစ်၏။ ဧရာမ ရေကြီးမှုကြီးတစ်ခုပမာ ပြင်းထန်သော စွမ်းအားများသည် ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပြီး ပြိုကျပျက်စီးနေသော ဟင်းလင်းပြင်ကို ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။

ကြောက်မက်ဖွယ် ဓားချီသည် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၁) အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါမှသာ ရပ်တန့်သွားတော့၏။

“ဓားချီရဲ့ စွမ်းအားက သုံးဆတောင် တိုးသွားတာလား”

ဖန်ချင်းဖုန်းမှာ အပြင်းအထန် တုန်လှုပ်သွားရတော့၏။ သည်လောက် ကြောက်စရာကောင်းသော ရတနာမျိုး ဤလောကတွင် ရှိနေနိုင်သည်ဟု သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။ အမှန်ပင် ဖြစ်သည်။ ကိုးထပ်ချန်ခွင်းမျှော်စင်သည် ဖုန်းဝူချန်၏ တိုက်ခိုက်ရေးစွမ်းအားကို (၃) ဆအထိ တိုးမြှင့်ပေးနေသည်လေ။

“ဝှစ်”

“ဝီ ... ဝီ ...”

ဖုန်းဝူချန်သည် နဂါးနတ်ဘုရားဓားကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ဖန်ချင်းဖုန်းထံသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ခုတ်ချလိုက်သည်။ ဧရာမ သွေးရောင်ဓားချီသည် တားဆီး ၍မရနိုင်သော အဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး လေထုကို ခွင်းဖြတ်သွားသော အသံမှာ လူတိုင်း၏ နားစည်ကိုပင် နာကျင်သွားစေတော့၏။ ၎င်းမှာ ကမ္ဘာပျက်တော့မည့်အလားပင်။

ဖန်ချင်းဖုန်း၏ မျက်နှာထားမှာ လေးနက်သွားပြီး သူ၏ ယွမ်စွမ်းအင်များကို ချက်ချင်း အသက်သွင်းလိုက်သည်။ တစ်ဟုန်ထိုး ထွက်ပေါ်လာသော စွမ်းအားများသည် ကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်သည့်အလား ရှိနေချေ၏။

“မြေကမ္ဘာအဆင့် အမြင့်ဆုံးသိုင်းကွက် ... ကိုးပါးငရဲ ယင်လေလက်ဝါး”

ဖန်ချင်းဖုန်းသည် လက်ဟန်များ ရေးဆွဲကာ ဖျက်ဆီးခြင်း စွမ်းအင်များကို စုစည်းလိုက်၏။ သူ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက် ဟိန်းဟောက်သံနှင့်အတူ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

“ဝှစ်”

“ဝီ ... ဝီ ...”

ဧရာမ အပြာရောင် စွမ်းအင်လက်ဝါးရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ရှည်လျားသော အပြာရောင်အလင်းတန်းကို ချန်ရစ်ကာ ပြေးဝင်သွားတော့၏။ ၎င်းတွင် ပါဝင်သော စွမ်းအားနှင့် အရှိန်အဝါမှာ ဖုန်းဝူချန်၏ ဓားချီထက်ပင် ပိုမို ကြောက်စရာကောင်းနေသည်။

“ဝုန်း ... ဝုန်း ... ဝုန်း ...”

“ဖူး ... ဖူး ...”

ကြောက်လန့်တကြား စောင့်ကြည့်နေကြသော လူအုပ်ကြီး၏ ရှေ့မှောက်တွင် ဖျက်ဆီးခြင်း စွမ်းအားနှစ်ခုမှာ အပြင်းအထန် ရိုက်ခတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ခြောက်ခြားဖွယ် အရှိန်အဝါများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဝေ့ဝဲထွက်ပေါ်လာသော စွမ်းအင်များကြောင့် ဖုန်းဝူချန်နှင့် ဖန်ချင်းဖုန်းတို့ နှစ်ယောက်စလုံး သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားကြရတော့၏။

တလက်လက် တောက်ပနေသော ပေါက်ကွဲမှု အလင်းတန်းများကြားတွင် သူတို့နှစ်ဦးစလုံး မျက်တောင်တစ်ခတ်အတွင်း နစ်မြုပ်သွားကြသည်။

'ဒါ ..မဖြစ်နိုင်ဘူး ... ငါ့ရဲ့ စွမ်းအားက သူ့ရဲ့ ဓားချီထက် ပိုပြီး မြင့်မားနေတာ ထင်ရှားပါတယ် ... ငါက ဘယ်လိုဖြစ်လို့ ဒဏ်ရာရသွားရတာလဲ'

ဖန်ချင်းဖုန်းမှာ လုံးဝကို ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်သွားရ၏။ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၂) က ထျန်းကျီဘုံ အဆင့် (၅) ကို မနှိမ်နင်းနိုင်ဘူးတဲ့လား။ ဖန်ချင်းဖုန်းအနေဖြင့် ဤအရာကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ၏။ ၎င်းမှာ ကောင်းကင်ဘုံကို အန်တုနေသော ဖြစ်တည်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည့်အလားပင်။

ဖန်ချင်းဖုန်း ဒဏ်ရာရသွားတော့၏။ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၂) ရှိသော အစွမ်းထက် ပညာရှင်ကြီးတစ်ဦးသည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် တကယ်ကြီး ဒဏ်ရာရသွားခဲ့တော့၏။

“အစ်ကိုကြီး”

စူးလီ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ထွက်ကျမတတ် တုန်လှုပ်သွားရ၏။

“ဒါ ... ဒါ ကြောက်စရာကောင်းလိုက်တာ ... ကိုးထပ်ချန်ခွင်းမျှော်စင်မှာ ဒီလောက်အစွမ်းတွေ ရှိနေတာလား”

ကျန်းကျွင့်လန်နှင့် အခြားသူများမှာလည်း ဆွံ့အသွားကြပြီး အားလုံး ကျောက်ရုပ်များပမာ တောင့်တင်းကုန်ကြသည်။ ရွှမ်ယင်းဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများမှာလည်း သစ်သားရုပ်များပမာ မှင်သက်နေကြတော့၏။

ကိုးထပ်ချန်ခွင်းမျှော်စင်၏ ကြောက်မက်ဖွယ်စွမ်းအားမှာ လူတိုင်း၏ စိတ်ကူးတွေးတောနိုင်စွမ်းကို ကျော်လွန်နေလေပြီ။

ဖုန်းဝူချန်ကိုယ်တိုင်ပင် သည်လောက် အစွမ်းထက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။ သို့သော် ရိုက်ခတ်မှုအောက်တွင် ဖုန်းဝူချန်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ သူသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသော်ငြား ထိုစွမ်းအား၏ ရိုက်ခတ်မှုကို တောင့်ခံနိုင်စွမ်းတော့ မရှိသေးပါချေ။

ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများမှာ (၅) မိနစ်ခန့် ကြာပြီးနောက်မှသာ တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။

“ကိုးထပ်ချန်ခွင်းမျှော်စင်ရဲ့ စွမ်းအားက တကယ့်ကို အံ့မခန်းပါပဲဗျာ”

ပြင်းထန်စွာ ဒဏ်ရာရထားသော ဖုန်းဝူချန်က မချိပြုံးလေး ပြုံးကာ ပြောလိုက်သည်။ သူ၏ မျက်နှာမှာ စက္ကူတစ်ရွက်ပမာ ဖြူရော်နေပြီး သူ၏ ကိုယ်ခန္ဓာမှာလည်း ဒယီးဒယိုင် ဖြစ်နေတော့၏။

အဝေးတစ်နေရာမှ ဖန်ချင်းဖုန်းမှာလည်း ဒဏ်ရာ မနည်းလှပါချေ။ သူ၏ အသက်ရှူသံများမှာ အလွန်တရာ အားနည်းနေတော့၏။

ဖန်ချင်းဖုန်းအနေဖြင့် ဖုန်းဝူချန်၏ ဓားအလင်းတန်းမှာ သည်လောက် ကြောက်စရာ ကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။

ထိုသို့သာ မဟုတ်ပါက သူသည် လျစ်လျူရှုမိမည် မဟုတ်သလို သည်လောက် ပြင်းထန်သော ဒဏ်ရာမျိုးလည်း ရလိမ့်မည် မဟုတ်ပေ။ အကယ်၍ ဖန်ချင်းဖုန်းသာ သူ၏ အစွမ်းကုန် ထုတ်သုံးကာ တိုက်ခိုက်ခဲ့ပါက ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားမည် မဟုတ်ပါချေ။

ဖုန်းဝူချန်သည် ဆေးလုံးတစ်လုံး ထုတ်ယူကာ မျိုချလိုက်၏။ သူ၏ အေးစက်သော အကြည့်များက အဝေးမှ စူးလီနှင့် အခြားသူများဆီသို့ ရောက်ရှိသွားပြီးနောက် သူက အမိန့်ပေးလိုက်သည်။

“ယဲ့ထျန်းဝေ ... ချင်းယန် ... စူးလီတို့ အကုန်လုံးကို သတ်ပစ်လိုက်ကြ”

“ဟုတ်ကဲ့ပါ”

ယဲ့ထျန်းဝေနှင့် အခြားသူများက ရိုသေစွာ အမိန့်ခံယူလိုက်ပြီး မတုံ့ဆိုင်းဘဲ ပြေးထွက်သွားကြတော့သည်။

ဖန်ချင်းဖုန်းမှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး စူးလီတို့ကို ကာကွယ်ပေးထားသော စွမ်းအားများမှာလည်း သူ ဒဏ်ရာရသွားသည်နှင့်အမျှ အားနည်းသွားခဲ့တော့၏။

“အစ်ကိုကြီး ... သူတို့ကို မြန်မြန် တားပေးပါဦး”

စူးလီက ကြောက်လန့်တကြား အော်ဟစ်လိုက်လေရာ သူ၏ အသံမှာ လွန်စွာ ပျာယာခတ်နေတော့သည်။

“ရပ်လိုက်ကြစမ်း”

ဖန်ချင်းဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝင်ရောက်တားဆီးရန် ပြင်လိုက်၏။ သို့သော် ဖုန်းဝူချန် စိတ်ကို တစ်ချက် လွှတ်လိုက်သည်နှင့် ကိုးထပ်ချန်ခွင်းမျှော်စင်အတွင်းမှ အမည်းရောင် လူရိပ်တစ်ခု ဘွားခနဲ ပေါ်ထွက်လာပြီး ဖန်ချင်းဖုန်းကို မျက်တောင်တစ်ခတ်အတွင်း ကြားဖြတ်တားဆီးလိုက်သည်။ ဒါက.. ဝိညာဉ်ခန္ဓာရုပ်သေးပင် ဖြစ်၏။

“နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၃) ပါလား”

ဖန်ချင်းဖုန်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိပြီး သူ၏ ရှေ့မှ ဝိုးတဝါး လူရိပ်ကြီးကို ကြည့်ကာ မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။

“သတ်စမ်း”

ဖုန်းဝူချန်က မထုံတက်တေး အမိန့်ပေးလိုက်ပြီး ဝိညာဉ်ခန္ဓာရုပ်သေးကို တိုက်ခိုက်ခိုင်းလိုက်၏။

“ဝုန်း”

“ဖူး”

အမိန့်တော်အတိုင်း ဝိညာဉ်ခန္ဓာရုပ်သေးသည် မျက်တောင်တစ်ခတ်အတွင်း ပေါ်ထွက်လာပြီး ဖန်ချင်းဖုန်း၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေရာ သွေးအန်သွားပြီး သူ၏ ကိုယ်ခန္ဓာမှာ အမည်းရောင် မျဉ်းတန်းတစ်ခုပမာ လွင့်စင်ထွက်သွားတော့၏။

“မင်းက နတ်ဘုရားအသွင်ပြောင်းဘုံ ဝိညာဉ်ခန္ဓာကိုတောင် ထိန်းချုပ်နိုင်တာလား”

ဖန်ချင်းဖုန်းက ဖုန်းဝူချန်ကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်သည်။

“မှန်တာပေါ့ ...ကျုပ်က အစကတည်းက သူ့ကို ထိန်းချုပ်ပြီး ခင်ဗျားကို သတ်ခိုင်းလို့ ရပါတယ်၊ မျှော်စင်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ”

ဖုန်းဝူချန်က မည်သည့် သနားညှာတာမှုမျှ မရှိသော မျက်နှာထားဖြင့် မထုံတက်တေး ပြောလိုက်သည်။

“အခုတော့ ခင်ဗျားကို ခရီးပို့ပေးရတော့မှာပေါ့၊ ဒါက ခင်ဗျားကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ သေလမ်းပဲ၊ ကျုပ်ကိုတော့ အပြစ်မတင်နဲ့တော့”

“မင်းလက်ထဲမှာ သေရတာကတော့ နောင်တရစရာ မရှိပါဘူး ...”

ဖန်ချင်းဖုန်းသည် ခုခံရန်ကို စွန့်လွှတ်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။

“ဝှစ်”

“ဝုန်း”

ဝိညာဉ်ခန္ဓာရုပ်သေးသည် လျှပ်တစ်ပြက် ပြန်လည်ရောက်ရှိလာပြီး နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ ဖန်ချင်းဖုန်း၏ ငယ်ထိပ်ကို တည့်တည့်မတ်မတ် ထိမှန်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ သွေးမြူများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားတော့သည်။

ပြင်းထန်စွာ ဒဏ်ရာရထားသော ဖန်ချင်းဖုန်းမှာ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၃) ရုပ်သေးကို လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပါချေ။

“အစ်ကိုကြီး” စူးလီမှာ ကြောက်လန့်တကြား အော်ဟစ်နေတော့၏။

“အော်မနေနဲ့တော့ ... မင်းလည်း မကြာခင် မင်းရဲ့ အစ်ကိုကြီးဆီ ရောက်သွားမှာပါ”

ယဲ့ထျန်းဝေက မထုံတက်တေး ပြောလိုက်လေရာ သူ၏ စကားလုံးတိုင်းမှာ ကြက်သီးမွေးညှင်းထစဖွယ် လူသတ်ချင်စိတ်တွေ ပြည့်နှက်နေတော့၏။

“ရပ်လိုက်ကြပါတော့ ... ရပ်လိုက်ကြပါတော့” စူးလီက မျှော်လင့်ချက်မဲ့စွာ အော်ဟစ်နေသည်။

“ဝှစ် ဝှစ် ဝှစ်”

သုံးယောက်သား လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး ရက်စက်စွာ တိုက်ခိုက်လိုက်ရာ စူးလီနှင့် သူ၏ အပေါင်းအပါများမှာ မည်သို့ သေဆုံးသွားသည်ကိုပင် မသိလိုက်ကြပါချေ။

စူးလီနှင့် ကျန်နှစ်ဦးမှာ ကောင်းကင်ယံမှနေ၍ မြေပြင်သို့ လဲကျသေဆုံးသွားကြတော့သည်။

---

အခန်း (၇၇၁) - ဝတ်ရုံနီနှင့် မိန်းမလှ

~ရွှမ်ယင်းဂိုဏ်းတစ်ခုလုံးမှာ သေမင်းတမန် တိတ်ဆိတ်ခြင်းက စိုးမိုးသွားလေတော့၏။

စူးလီနှင့် အပေါင်းအပါများ၏ အလောင်းများ ကောင်းကင်ယံမှ မြေပြင်သို့ လွင့်စင်ကျသွားသည်ကို တပည့်များက ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ငေးကြည့်နေကြရသည်။ ရွှမ်ယင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲ (၂) ဦးမှာ အသက်ပျောက်သွားချေ၏။

စူးလီ၏ အစ်ကိုကြီးဖြစ်သူ ဖန်ချင်းဖုန်းမှာလည်း အသတ်ခံလိုက်ရတော့သည်။

'ခင်ဗျားတို့တွေ အခုဆိုရင် အေးအေးချမ်းချမ်း အိပ်စက်နိုင်ပါပြီ'

စူးလီ၏ အလောင်း အောက်သို့ ပြုတ်ကျသွားသည်ကို ကြည့်ရင်း ဖုန်းဝူချန်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

ချင်းယန်မြို့သူမြို့သားများ သေဆုံးခဲ့ရခြင်းမှာ သူနှင့် သူ၏အဖွဲ့ကြောင့်လည်း ပါဝင်သည်မဟုတ်ပါလား။ အကယ်၍သာ သူတို့ လျိုယွန်ချင်းကို မသတ်ဘဲ မိုယင် သလင်းကျောက်များကို မယူခဲ့လျှင် ချင်းယန်မြို့လေးမှာ မျိုးတုံးသတ်ဖြတ်ခံရမည်မဟုတ်ချေ။

ထို့ကြောင့်လည်း ဖုန်းဝူချန်က မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ပြီး စူးလီကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်းပါ။

“သေတာ နည်းသေးတယ်ဗျာ ... ဒီလို တိရစ္ဆာန်ထက်ဆိုးတဲ့ကောင်တွေက သေတာတောင် အားမရသေးဘူး”

“ဟုတ်တယ် ... သေတာ နည်းသေးတယ်”

“ချင်းယန်မြို့သူမြို့သားတွေအတွက် နောက်ဆုံးတော့ လက်စားချေပေးနိုင်ခဲ့ပြီပဲ ... သူတို့တွေက တကယ်ကို မတရား အသတ်ခံခဲ့ရတာလေ”

ဖုန်းဝူချန်တို့နောက်သို့ လိုက်ပါလာကြသော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်းအော်ဟစ်ကြတော့သည်။

“အစ်ကိုဖုန်း ... ဒဏ်ရာတွေ သက်သာရဲ့လား”

မြောင်ချင်းချင်းက စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည်။

ဖုန်းဝူချန်က ခေါင်းယမ်းလိုက်ပြီး ခပ်ပြုံးပြုံးဖြင့်ပင် ...

“ဘာမှမဖြစ်ပါဘူး ... ဒီလောက်ဒဏ်ရာမျိုးက အပျော့ပါ”

“နန်းတော်သခင်ရဲ့ စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းတာပဲဗျာ”

ကောင်းဝူရွှမ်က စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။ သူ၏ မျက်ဝန်းအစုံတွင် အားကျမှုများ ပြည့်နှက်နေပြီး ဖုန်းဝူချန်ကဲ့သို့ သန်မာသော သူတစ်ယောက် ဖြစ်လာရန်လည်း ဆန္ဒပြင်းပြနေလေ၏။

ထိုအခါ၊ ဖုန်းဝူချန်က ပြုံးလိုက်ပြီး ...

“ဇွဲနဲ့ ကျင့်ကြံပါ ... မင်းလည်း တစ်နေ့မှာ ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်မှာပါ”

“ဒီလူတွေကတော့ တကယ့်ကို ဝဋ်လည်တာပဲ” ပိုင်မိက ကဲ့ရဲ့လိုက်သည်။

“ဒီလို ကောင်မျိုးက အကြိမ်ပေါင်း တစ်ထောင် သေရင်တောင် မနှမြောဘူး” လျိုချင်းယန်ကလည်း မထီမဲ့မြင် ဆိုလိုက်၏။

“သွားကြစို့ ... နောက်တစ်နေရာကို ဆက်သွားမယ်၊ အချိန်တွေ အတော်လေး နှောင့်နှေးသွားပြီ”

ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်သည်။

ချင်းယန်မြို့သူမြို့သားများအတွက် လက်စားချေပေးပြီးပြီ ဖြစ်ရာ ဤကိစ္စမှာ ပြီးဆုံးသွားခဲ့တော့၏။ ရွှမ်ယင်းဂိုဏ်း၏ တပည့်များသည် အပြစ်မဲ့သူများ ဖြစ်သောကြောင့် ဂိုဏ်းတစ်ခုလုံးကို သုတ်သင်ပစ်ရန်အထိ ဖုန်းဝူချန်က ရက်စက်သူတစ်ယောက် မဟုတ်ပါချေ။

ဖုန်းဝူချန်နှင့် သူ၏အဖွဲ့ ထွက်ခွာသွားပြီးနောက်တွင်မူ ရွှမ်ယင်းဂိုဏ်း တစ်ခုလုံးမှာ သေမင်းတမန် တိတ်ဆိတ်ခြင်းက ဆက်လက်စိုးမိုးနေဆဲ ဖြစ်ပါ၏။

တပည့်များမှာ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ သေဆုံးမှုကို လက်မခံနိုင်အောင် ဖြစ်နေကြရသည်။ စူးလီ သေဆုံးသွားခြင်းက ရွှမ်ယင်းဂိုဏ်း၏ အင်အားကို အကြီးအကျယ် ဆုတ်ယုတ်သွားစေတော့သည်။

အကယ်၍ ရွှမ်ယင်းဂိုဏ်းတွင် ရန်သူများ ရှိနေမည်ဆိုပါက ဖြစ်လာမည့် အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိတော့ပါချေ။

---

(၃) ရက်ခန့် ကြာပြီးနောက် ... ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားချိန်တွင် ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ရှုမီမြို့တော်သို့ ရောက်ရှိလာကြ၏။ ဒုတိယမြောက် မှတ်သားထားသော နေရာဖြစ်သည့် ရှုမီ ချောက်ကမ်းပါးမှာ ရှုမီမြို့တော်နှင့် မလှမ်းမကမ်းရှိ တောင်တန်းကြီးအတွင်း၌ တည်ရှိသည်။

ရှုမီမြို့တော်မှာ အလွန်စည်ကားသိုက်မြိုက်ပြီး ကြီးပွားချမ်းသာသော မြို့တစ်မြို့ ဖြစ်ပါ၏။ လမ်းမပေါ်တွင် လူသူများဖြင့် ပြည့်နှက်နေပြီး အစွမ်းထက် ပညာရှင်များမှာလည်း တိမ်တိုက်များပမာ ပေါများလှသည်။ မြို့၏ ပတ်ဝန်းကျင်တွင် အင်အားစုများစွာ ရှိနေပြီး ထိပ်တန်း အင်အားစုကြီးများပင် ပါဝင်၏။

“ဒီရှုမီမြို့ကတော့ တကယ့်ကို ပညာရှင်တွေ ပေါလိုက်တာဗျာ”

လျိုချင်းယန်က မြို့ပြင်က တောသားတစ်ယောက် မြို့တက်လာသကဲ့သို့ ဘေးဘယ်ညာသို့ လှည့်ပတ်ကြည့်ရင်း အံ့ဩတကြီး ဆိုသည်။

“ဒီနေရာက မြို့ကြီး တစ်မြို့လေကွာ ... ပညာရှင်တွေ ပေါတာ မဆန်းပါဘူး၊ ဒါပေမဲ့ ရှင်းကျဲမြို့တော်နဲ့ ယှဉ်ရင်တော့ အနည်းငယ် လိုသေးတယ်လို့ ပြောရမှာပဲ” ကျန်းကျွင့်လန်က ဝင်ပြောလိုက်၏။

ဖုန်းဝူချန်ကလည်း တိုးညှင်းစွာဖြင့် ...

“စည်ကားတဲ့ မြို့တော်တွေဆိုတာ အင်အားကြီး မိသားစုတွေရဲ့ ဦးဆောင်မှုအောက်မှာ ရှိတတ်ကြတယ်၊ အချိန်ကြာလာတာနဲ့အမျှ ပညာရှင်တွေ ပိုများလာတာ သဘာဝပါပဲ”

“ဖယ်ကြ ... ဖယ်ကြစမ်း”

“မသေချင်ရင် လမ်းဖယ်ပေးကြ ... ငါပြောတာ ကြားလား”

ဖုန်းဝူချန်၏ စကားအဆုံးတွင် သူတို့၏ နောက်ကျောဘက်ရှိ လမ်းမပေါ်မှ အာဏာသံ အပြည့် ပါသော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။ လမ်းမပေါ်တွင် ဝတ်ရုံနီကို ဝင့်ကြွားစွာ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦးသည် မြင်းရထားကို အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လာပြီး မြင်းကိုလည်း ကျာပွတ်ဖြင့် အဆက်မပြတ် ရိုက်နှက်နေသည်။ မြင်းရထားမှာ ထိန်းမရသိမ်းမရ ဖြစ်နေပြီး လမ်းမပေါ်တွင် ရမ်းကားစွာ ပြေးလွှားနေတော့၏။

ထိုမိန်းမပျိုမှာ အသားအရေက ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေပြီး လခြမ်းကွေးကဲ့သို့ မျက်ခုံးများအောက်တွင် မျက်ဝန်းအစုံမှာလည်း လွန်စွာ တောက်ပလှသည်။ ဆံပင်များမှာ ပခုံးပေါ်သို့ ဝဲကျနေပြီး ကိုယ်ကျပ်ဝတ်စုံကလည်း သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုမို ပေါ်လွင်စေသည်။ သည်လောက် လှပသော မိန်းမလှလေးတစ်ဦးမှာ အမျိုးသားများစွာ၏ ဝိုင်းဝိုင်းလည်ခြင်းကို ခံရမည်မှာ သေချာလှ၏။

သို့သော်လည်း ယခုအခိုက်အတန့်တွင်မူ ထိုမိန်းမလှလေးကို မည်သူကမျှ ပြဿနာ မရှာရဲကြသလို ရှိပါ၏။ လမ်းမပေါ်ရှိ ကျင့်ကြံသူများစွာမှာ ထိတ်လန့်တကြားဖြင့် လမ်းဖယ်ပေးနေကြရပြီး မြင်းရထား ဖြတ်မောင်းသွားသည့်တစ်လျှောက် လမ်းဘေးရှိ ဈေးဆိုင်တန်းများမှာ ဝရုန်းသုန်းကား ဖြစ်သွားရတော့၏။

“ဒါ ဘယ်လိုမိန်းမမျိုးလဲ ... တကယ့်ကို အရိုင်းအစိုင်းပဲ၊ ဒီလောက် အန္တရာယ်များတာကို မသိဘူးလား၊ ကလေးတစ်ယောက်ယောက်ကို တိုက်မိရင် ဘယ်လိုလုပ်မလဲ” လော့ထျန်းကျွယ်က မျက်မှောင်ကြုတ်ကာ မြင်းရထား မောင်းနှင်သွားသော မိန်းမပျိုကို ကြည့်ရင်း ပြောလိုက်သည်။

“ကောင်းကင်ဘုံလူသားဘုံ အဆင့် (၆) ပါလား ... ဒီလောက်ကျင့်ကြံခြင်းအဆင့်ရှိနေတာကို ဘာလို့ မြင်းရထား မောင်းနေရတာလဲ မသိဘူး” ယီထျန်းချင်းက ခေါင်းခါယမ်းလိုက်၏။

ပေတိုယန်ကမူ ပြုံးလိုက်ပြီး ...

“တော်တော်တော့ လှသားပဲဗျ”

“ချင်းချင်း ... မြန်မြန် လမ်းဖယ်လိုက်ဦး”

လျိုချင်းယန်က မြောင်ချင်းချင်း၏ လက်ကို ဆွဲကာ နောက်သို့ ဆွဲခေါ်လိုက်သည်။

အရှိန်ပြင်းလှသော မြင်းရထားမှာ ဖုန်းဝူချန်တို့၏ အနီးမှ ဝှစ်ခနဲ ဖြတ်မောင်းသွားပြီး အချိန်မီ ရှောင်တိမ်းနိုင်ခြင်းမရှိသော ကျင့်ကြံသူအချို့မှာ လွင့်စင်ထွက်သွားကြရတော့၏။ လမ်းမတစ်ခုလုံးတွင် ကျိန်ဆဲသံများ ညံသွား၏။

“ဟား ဟား ... ပျော်စရာကြီးဟေ့ ... ပျော်စရာကြီး”

မိန်းမပျိုမှာ အခြားသူများ၏ အသက်အန္တရာယ်နှင့် စီးပွားရေးပျက်စီးမှုကို လုံးဝ ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာ အော်ရယ်နေသည်။

“ဒါကတော့ လွန်လွန်းပြီ ... တကယ့်ကို အရိုင်းအစိုင်းပဲ ... လူ့အသက်ကို ကလေးကစားစရာ မှတ်နေတာလား”

လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ယွမ်စွမ်းအင်များကို ချက်ချင်း လှုံ့ဆော်လိုက်သည်။ သူက ဟင်းလင်းပြင်ကို လှမ်းဖမ်းလိုက်ရာ လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခုက မြင်းရထားကို ချက်ချင်း ဖမ်းချုပ်ထားလိုက်တော့၏။

လျိုချင်းယန်က သူ့လက်ကို ပြန်ဆွဲလိုက်ရာ မြင်းရထားမှာ တုံ့ခနဲ ရပ်တန့်သွားတော့သည်။ အဟုန်ကြောင့် မိန်းမပျိုမှာ မြင်းရထားပေါ်မှ ရှေ့သို့ လွင့်ထွက်သွားရှာ၏။

“လူယုတ်မာ”

မိန်းမပျိုမှာ လေထဲတွင် ကိုယ်ဟန်ကို ထိန်းလိုက်ပြီးနောက် လျိုချင်းယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့၏။ ကောင်းကင်ဘုံလူသားဘုံ အဆင့် (၆) ၏ အရှိန်အဝါ ပျံ့နှံ့သွားသည်နှင့် လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများမှာ ထိတ်လန့်တကြား ထွက်ပြေးကြလေရာ မျက်တောင်တစ်ခတ်အတွင်း လမ်းမကြီးတစ်ခုလုံး လူသူကင်းမဲ့သွားပြီး ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်သွားတော့၏။

ဖုန်းဝူချန်နှင့် သူ၏အဖွဲ့မှာ မှင်သက်သွားကြသည်။

ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီမိန်းမက မြို့ထဲကလူတွေ အကုန်လုံးကို မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားအောင် လုပ်နိုင်တဲ့အထိ ကြောက်စရာကောင်းနေတာလား။

“ဒါ ... ဒါက ဘယ်လိုဖြစ်ရတာလဲ” လျိုချင်းယန်က အံ့အားသင့်စွာဖြင့် မျက်လုံးပြူးကြည့်နေမိ၏။

“ကြည့်ရတာ ဒီမိန်းမမှာ နောက်ခံ အင်အား အတော်ကြီးပုံရတယ်၊ နို့မဟုတ်ရင် မြို့ထဲမှာ ဒီလောက် ရမ်းကားရဲမှာ မဟုတ်ဘူး၊ ပညာရှင်တွေ ဒီလောက် ပေါနေတာတောင် ဘယ်သူမှ မတားရဲကြဘူးလေ”

ကျန်းကျွင့်လန်က ပြုံးလျက် မှတ်ချက်ချလိုက်၏။

“ချင်းယန် ... မင်းတော့ ပြဿနာ တက်ပြီ” ပိုင်မိနှင့် အခြားသူများက လျိုချင်းယန်၏ အဖြစ်ကို ကြည့်ကာ လှောင်ရယ် ရယ်ရင်း လျိုချင်းယန်နှင့် ဝေးရာသို့ ခပ်မြန်မြန် ဆုတ်ခွာသွားကြသည်။

“ဟေ့ ... မင်းတို့ ဘာလုပ်ကြတာလဲ၊ ဒါက မတရားဘူးလေ၊ အစ်ကိုဖုန်းရေ ..”

လျိုချင်းယန်မှာ ပျာယာခတ်သွားတော့၏။

“ဝှစ်”

ထိုအခိုက်အတန့်၌ မိန်းမပျိုမှာ လျင်မြန်စွာ ပြေးဝင်လာပြီး သူမ၏ တိုက်ကွက်မှာ လွန်စွာ ထက်မြက်လှသည်။

“နင်က ငါ့အပျော်ကို လာဖျက်ဆီးရဲတယ်ပေါ့လေ၊ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”

မိန်းမပျိုက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများထဲတွင် လျိုချင်းယန်ကို သတ်ဖြတ်ချင်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။

သူမက လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာပြီး ကောင်းကင်ဘုံလူသားဘုံ အဆင့် (၆) စွမ်းအားများ ပါဝင်သော လက်ဝါးတစ်ချက်ဖြင့် လျိုချင်းယန်ကို ရိုက်ချလိုက်တော့သည်။

“မင်းက မြင်းရထားကို ရမ်းကားစွာ မောင်းနေတာလေ၊ ဒါက မင်းရဲ့ အမှားပဲ၊ ငါက မင်းကို တားလိုက်ရုံသက်သက်ပါ” လျိုချင်းယန်က ရှင်းပြလိုက်ရင်း သူမ၏ တိုက်ကွက်ကို လက်ဝါးတစ်ချက်ဖြင့်ပင် ပြန်လည်ရင်ဆိုင်လိုက်၏။

“ဝုန်း”

“ဝီ”

သူတို့၏ လက်ဝါးနှစ်ခု ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သန်မာသော စွမ်းအားလှိုင်းများက လမ်းမကြီးပေါ်သို့ ပျံ့နှံ့သွားရာ လမ်းမကြီးမှာ အလွှာလိုက် ပြိုကျပျက်စီးသွားပြီး လမ်းဘေးရှိ အဆောက်အအုံများလည်း ထိခိုက်ကုန်တော့၏။

“ကောင်းကင်ဘုံလူသားဘုံ အဆင့် (၉) ပါလား”

မိန်းမပျိုမှာ လျိုချင်းယန်၏ ကျင့်ကြံခြင်းအဆင့်က သူမထက် အဆင့် (၃) ဆင့်တောင် သာလွန်နေလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် အနည်းငယ် မှင်သက်သွားရသည်။

“ဘုန်း”

လျိုချင်းယန်က သူ၏ လက်ဝါးကို ပြင်းထန်စွာ တွန်းထုတ်လိုက်ရာ မိန်းမပျိုမှာ နောက်သို့ မီတာပေါင်းများစွာ လွင့်ထွက်သွားတော့၏။ လျိုချင်းယန်က အရှိန်ကို အတိုင်းအတာတစ်ခုအထိ ထိန်းထားသဖြင့် မိန်းမပျိုမှာ ဒဏ်ရာ တစ်စုံတစ်ရာ မရဘဲ နောက်သို့သာ ဆုတ်သွားခြင်း ဖြစ်ပါ၏။

“မြင်းရထားကို ရမ်းကားစွာ မောင်းတာက ပျော်စရာကောင်းချင် ကောင်းလိမ့်မယ်၊ ဒါပေမဲ့ တခြားသူတွေရဲ့ ခံစားချက်ကိုကော မင်း ထည့်မစဉ်းစားဘူးလား၊ နောက်ဆက်တွဲ အကျိုးဆက်တွေကိုကော မင်း တွေးဖူးရဲ့လား” လျိုချင်းယန်က အေးစက်သော လေသံဖြင့် ဆုံးမလိုက်သည်။

“နင့်အလုပ် မဟုတ်တာ ဝင်မပါနဲ့” မိန်းမပျိုက ပြန်လည် ဟိန်းဟောက်လိုက်ပြီး လျိုချင်းယန်ကို ဒေါသတကြီး စိုက်ကြည့်နေတော့၏။

“ဝှစ်”

ထိုအခိုက်အတန့်၌ လူရိပ်တစ်ခု လေထဲမှ ခုန်ဆင်းလာပြီး မိန်းမပျို၏ ဘေးတွင် ရပ်တန့်သွား၏။

ရောက်လာသူမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦး ဖြစ်ပြီး အဖြူရောင် ဝတ်စုံကို ဝင့်ကြွားစွာ ဝတ်ဆင်ထားကာ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

သာမန်လူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားလှပြီး ထို့ထက်ပို၍ အံ့ဩစရာကောင်းသည်မှာ ဤသူသည် ထျန်းကျီဘုံ အဆင့် (၃) ပညာရှင် တစ်ဦး ဖြစ်နေခြင်းပင်။

---

All Chapters