အခန်း (၇၇၅-၇၇၇)
Vol. 52 Ch. 775-777
အခန်း (၇၇၅) - အစွန်းရောက်သော မောက်မာမှု
~ဖုန်းဝူချန်သည် ရွှမ်တုန်းဖန်းအား မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် ကြည့်နေသည်။ သူသည် တစ်ချက်ကလေးမျှ ပြန်လည်တိုက်ခိုက်ခြင်း မရှိဘဲ ခုခံရုံသာ ခုခံနေခြင်း ဖြစ်ပါ၏။
ရွှမ်တုန်းဖန်းမှာမူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရပြီး သူ၏ခေါင်းကို ဇဝေဇဝါဖြင့် ခါယမ်းနေမိတော့၏။
“မင်းက ဒီလောက်အထိ သန်မာနေစရာ အကြောင်းမရှိဘူး၊ မဖြစ်နိုင်တာ၊ ငါ လုံးဝမယုံဘူး”
ရွှမ်တုန်းဖန်းသည် တွေးလေလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ပြီး သူ၏မျက်နှာမှာ တဖြည်းဖြည်းနှင့် ရက်စက်ကြမ်းကြုတ်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွား၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အံကို ကြိတ်ကာ ဟိန်းဟောက်လိုက်တော့၏။
“ဝီ... ဝီ...”
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ အရူးအမူး ပေါက်ကွဲထွက်လာချိန်တွင် ရွှမ်တုန်းဖန်းသည် ကောင်းကင်ယံသို့ ပျံတက်သွားသည်။ သူ၏လက်နှစ်ဖက်က လက်ဟန်များ ရေးဆွဲကာ ကြောက်စရာကောင်းသော စွမ်းအားများကို စုစည်းလိုက်ရာ ဟင်းလင်းပြင်ပင် တုန်ခါသွားရတော့၏။ သူ၏ ပတ်ဝန်းကျင် ပေထောင်ချီအတွင်းဝယ် ဟင်းလင်းပြင်မှာ တောက်ပလှသော ခရမ်းရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားရသည်။
“လင်းလက်လစန္ဒာ ကျောက်စိမ်းဆွဲသီး”
ရွှမ်တုန်းဖန်းက အော်ဟစ်လိုက်ပြီး သူ၏ ရတနာကို ထုတ်လိုက်သည်။ ၎င်းမှာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဆွဲသီးလေးတစ်ခုဖြစ်ပြီး အလတ်စား ဝိညာဉ်လက်နက်တစ်ခုလည်း ဖြစ်ပါ၏။ ၎င်းက ရွှမ်တုန်းဖန်း၏ တိုက်ခိုက်ရေးစွမ်းအားကို လျှပ်တစ်ပြက်အတွင်း အကြီးအကျယ် မြှင့်တင်ပေးလိုက်သည်။
“မြေကမ္ဘာအဆင့် အမြင့်ဆုံးသိုင်းကွက်... ချင်းထျန်းလက်သည်း”
ရွှမ်တုန်းဖန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ လက်ဝါးနှစ်ဖက်ကို လက်သည်းများပမာ ကွေးလိုက်သည်။ ထိုလက်သည်းအတွင်းဝယ် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ စုစည်းနေပြီး သူ၏ အရှိန်အဝါမှာလည်း အဆမတန် မြင့်တက်လာတော့၏။
“ဝှစ်... ဝှစ်...”
“ဝီ... ဝီ...”
ရွှမ်တုန်းဖန်းက သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ဟင်းလင်းပြင်ကို ပိုင်းဖြတ်နိုင်စွမ်းရှိသော ဧရာမ စွမ်းအင်လက်သည်းကြီး နှစ်ခုမှာ ဖုန်းဝူချန်ထံသို့ အရူးအမူး ပြေးဝင်သွားတော့သည်။
ဖုန်းဝူချန်က သူ၏ခေါင်းကို အသာအယာ မော့လိုက်ပြီး အေးစက်လှသော အကြည့်ဖြင့် ရွှမ်တုန်းဖန်းကို တစ်ချက် ကြည့်လိုက်သည်။ ထိုသို့ တစ်ချက်ကြည့်ပြီးသည်နှင့် ဖုန်းဝူချန်၏ ကိုယ်ဟန်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။
“ဘာ”
ဖုန်းဝူချန်ကို စိမ်းစိမ်းကြည့်နေသော ရွှမ်တုန်းဖန်းမှာ ဖုန်းဝူချန် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။
“ဝုန်း”
“ဖူး”
မည်သူမျှ သတိမထားမိလိုက်သော အခိုက်အတန့်တွင် ရွှမ်တုန်းဖန်းသည် နောက်ကျောဘက်မှ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားကြောင့် ရွှမ်တုန်းဖန်းမှာ သွေးအန်သွားပြီး သူ၏ ကိုယ်ခန္ဓာမှာ အဟုန်ဖြင့် လွင့်ထွက်သွားရတော့၏။
“ဘာတွေ ဖြစ်ကုန်တာလဲ”
ရွှမ်တုန်းဖန်းမှာ ပျာယာခတ်သွားပြီး ချွေးသီးချွေးပေါက်များ ကျလာသည်။ ဘာတွေဖြစ်ပျက်သွားသည်ကို သူ လုံးဝ မသိလိုက်ပါချေ။
“ဟယ်...”
ရုတ်တရက် သွေးအန်ကာ လွင့်ထွက်သွားသော ရွှမ်တုန်းဖန်းကို မြင်လိုက်ရသည့်အခါ ရှုမီမြို့တော်ရှိ လူများအားလုံးမှာ ထိတ်လန့်တကြား အသက်ရှူမှားသွားကြရသည်။ မိသားစု အသီးသီးမှ အဆင့်မြင့် ခေါင်းဆောင်များ၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့၏။
လွင့်ထွက်သွားသော ရွှမ်တုန်းဖန်းသည် ပြင်းထန်သော နာကျင်မှုကို အောင့်အည်းသည်းခံကာ သူ၏ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ နောက်တစ်ကြိမ် မှင်သက်သွားရပြန်သည်။
ဖုန်းဝူချန် ပျောက်ကွယ်နေဆဲပင်။
ရွှမ်တုန်းဖန်း ထုတ်လွှတ်လိုက်သော သန်မာသော စွမ်းအင်လက်သည်းကြီး နှစ်ခုမှာလည်း ပျောက်ကွယ်သွားခဲ့တော့၏။
ဟင်းလင်းပြင်ထဲတွင်မူ အမည်းရောင် မီးတောက် အစအနလေး တစ်ခုသာ ကျန်ရှိနေပြီး ၎င်းကို ဖုန်းဝူချန်က ပြန်လည် သိမ်းဆည်းနေသည်။ တကယ့်ကို ထူးဆန်းလှသော မြင်ကွင်းပါပေ။
အံ့ဩစရာပဲ၊ အတိုင်းအဆမဲ့သော အံ့ဩမှုများသာ ဖြစ်သည်။
ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ သေမင်းတမန် တိတ်ဆိတ်သွားတော့၏။
ဘာတွေ ဖြစ်ပျက်သွားသည်ကို မည်သူမျှ မသိကြသလို ဖုန်းဝူချန် မည်သို့ လှုပ်ရှားလိုက်သည်ကိုလည်း မည်သူမျှ ရှင်းလင်းစွာ မမြင်လိုက်ရပါချေ။
“ဒါ... ဒါ ..မဖြစ်နိုင်ဘူး”
ရွှမ်တုန်းဖန်းမှာ လုံးဝ ဆွံ့အသွားပြီး သစ်သားရုပ်ကြီးပမာ မှင်သက်ကာ ရပ်နေမိတော့၏။
“ဒါ... ဒါက...”
“ကြောက်စရာကောင်းလိုက်တဲ့ ကိုယ်ဖော့ပညာပဲ၊ ငါတောင် ဘာမှ အာရုံမခံနိုင်ပါလား၊ ဟို အမည်းရောင်က... မီးတောက်လား”
“ဒီကောင်လေးက နတ်ဘုရားအသွင်ပြောင်းဘုံကို ရောက်နေတာလား၊ အရမ်း ကြောက်ဖို့ကောင်းတာပဲဗျာ”
မိသားစု အသီးသီးမှ ခေါင်းဆောင်များမှာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်လန့်သွားကြပြီး ကျောက်ရုပ်များပမာ တောင့်တင်းနေကြသည်။ ဖုန်းဝူချန်၏ သန်မာသော စွမ်းအားမှာ သူတို့၏ စိတ်ကူးယဉ်မှုကို လုံးဝ ကျော်လွန်နေတော့၏။
“ဂလု”
ဖုန်းဝူချန်ကို မိစ္ဆာတစ်ကောင်အား ကြည့်နေသည့်အလား စိုက်ကြည့်ရင်း ရွှမ်တုန်းဖန်းက ခက်ခဲစွာ တံတွေးတစ်ချက် မျိုချလိုက်သည်။ သူ၏ မျက်နှာမှာ ဖြူရော်နေပြီး လည်ချောင်းများလည်း ခြောက်ကပ်နေတော့၏။
ရွှမ်တုန်းဖန်း မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ပြန်ဖွင့်လိုက်သည့် အခါတွင်မူ ဖုန်းဝူချန်မှာ သူ၏ ရှေ့တည့်တည့် မီတာဝက်ပင် မပြည့်သော အကွာအဝေးတွင် အသံတိတ် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
“ဘာ”
ရွှမ်တုန်းဖန်းမှာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ထိတ်လန့်သွားပြီး နှလုံးသားမှာလည်း ရင်ဘတ်ထဲမှ ထွက်ကျမတတ် ခုန်ပေါက်နေတော့၏။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီး လဲကျလုမတတ် ဖြစ်သွားရသည်။
ရွှမ်တုန်းဖန်းသည် အသက်ချမ်းသာပေးရန် တောင်းပန်ဖို့ မဝံ့ပါချေ။ အကြောင်းမူကား သူသည် တုန်းဖန်းမိသားစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသောကြောင့် မိသားစု၏ ဂုဏ်သိက္ခာကို အညိုးနွမ်း မခံနိုင်သောကြောင့်ပင်။
ဖုန်းဝူချန်က သူ၏ လက်မောင်းကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး လက်ဝါးကို ရွှမ်တုန်းဖန်းထံသို့ ချိန်ရွယ်လိုက်သည်။ ဤလုပ်ရပ်ကြောင့် ရွှမ်တုန်းဖန်းမှာ ဝိညာဉ်သုံးပါးစလုံး ချောက်ခြားသွားရတော့သည်။
ရှုမီမြို့တော်မှ လူများမှာလည်း အသက်ရှူပင် ရပ်တန့်သွားကြရ၏။ မည်သူကမျှ ရွှမ်တုန်းဖန်းဘက်မှ ကူညီပေးရန် မဝံ့ကြသလို ဖုန်းဝူချန်ကို တားဆီးရန်လည်း မရဲကြပါချေ။ သူတို့အားလုံးမှာ ရွှမ်တုန်းဖန်း အသတ်ခံရတော့မည်ကို ဒီအတိုင်းသာ ငေးကြည့်နေနိုင်ကြတော့၏။
“ငါက ကြင်နာတတ်တဲ့သူလို့ မင်း ထင်နေတာလား၊ သေးငယ်တဲ့ ကိစ္စလေး တစ်ခုအတွက်နဲ့ ငါတို့ကို မင်းက သတ်ချင်ခဲ့တာလေ၊ တုန်းဖန်းမိသားစုက စိတ်ထား သိမ်ဖျင်းလွန်းတာလား... ဒါမှမဟုတ် မင်းတို့ရဲ့ မိသားစုက အရမ်း အစွမ်းထက်နေပြီလို့ ထင်နေတာလား”
ဖုန်းဝူချန်က မထုံတက်တေး မေးလိုက်ပြီး သူ၏ ယွမ်စွမ်းအင်များကို လှုံ့ဆော်လိုက်ရာ လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားများ သူ၏ လက်ဖဝါးတွင် စုစည်းလာတော့သည်။
“ထျန်းကျီဘုံ အဆင့် (၅) ပါလား”
ရွှမ်တုန်းဖန်း၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး..အထိတ်တလန့် အော်ဟစ်လိုက်မိ၏။
“သူက တကယ်ပဲ ထျန်းကျီဘုံ အဆင့် (၅) ကို ရောက်နေတာလား၊ ဒါ ..မဖြစ်နိုင်ဘူး၊ အဆင့် (၅) က ဘယ်လိုဖြစ်လို့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရတာလဲ”
“ငါ မြင်တာ မှားနေတာလား၊ ထျန်းကျီဘုံ အဆင့် (၅) တဲ့လား”
“ထျန်းကျီဘုံ အဆင့် (၅) က ဘယ်လိုလုပ်ပြီး ရွှမ်တုန်းဖန်းကို ပြန်တိုက်ခွင့်တောင် မရအောင် လုပ်နိုင်တာလဲ”
“ဒါက ငါတို့ရဲ့ စိတ်ကူးယဉ်မှုတွေပဲ ဖြစ်ရမယ်၊ ငါတို့ မှားမြင်တာ သေချာတယ်၊ အဆင့် (၅) က ဒီလောက် သန်မာနေဖို့ဆိုတာ မဖြစ်နိုင်ဘူး”
မိသားစု အသီးသီးမှ ခေါင်းဆောင်များနှင့် ရှုမီမြို့တော်မှ ကျင့်ကြံသူများကြားတွင် ဆူညံပွက်လောရိုက်သွား၏။ ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ သူ ပြသနေသော သန်မာသော စွမ်းအားနှင့် လုံးဝ ကိုက်ညီမှု မရှိဟု သူတို့ ခံစားနေကြရသောကြောင့် ဖြစ်သည်။
ထျန်းကျီဘုံ အဆင့် (၅) ရှိသော ကျင့်ကြံသူ တစ်ဦးက မိမိနှင့် အဆင့်တူသော ပြိုင်ဘက်ကို သည်လောက်အထိ လွှမ်းမိုးနိုင်လိမ့်မည်ဟု မည်သူက ယုံကြည်မည်နည်း။ ဖုန်းဝူချန်၏ ရှေ့တွင် အဆင့်တူ ပြိုင်ဘက် တစ်ဦးမှာ လုံးဝ ခုခံနိုင်စွမ်း မရှိသည်ကို မည်သူက လက်ခံနိုင်ပါမည်နည်း။
ဖုန်းဝူချန်၏ သန်မာသော စွမ်းအားမှာ ထျန်းကျီဘုံ အဆင့် (၅) အပေါ်ထားရှိသော သူတို့၏ နားလည်မှုများကို လုံးဝ ပြောင်းလဲသွားစေခဲ့တော့၏။
တုန်းဖန်းရှောက်ယွင်နှင့် ဝတ်စုံနီနှင့် မိန်းမလှလေးမှာမူ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေကြပြီး စကားပင် မပြောရဲတော့ပါချေ။
“ရပ်လိုက်စမ်း”
ဖုန်းဝူချန် သတ်ဖြတ်တော့မည့် ဆဲဆဲတွင် မြို့အတွင်းမှ ဩဇာအာဏာ အပြည့်ပါသော အော်ဟစ်သံကြီး တစ်သံ ထွက်ပေါ်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကြီးကြောင့် မြို့တစ်ခုလုံး တုန်လှုပ်သွားရသည်။
အလွန်တရာ အားကောင်းသော အရှိန်အဝါတစ်ခုမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မျက်တောင်တစ်ခတ်အတွင်း ရှုမီမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
“ဝှစ်... ဝှစ်... ဝှစ်...”
လူရိပ် (၈) ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုသူများထဲတွင် ထျန်းကျီဘုံ ပညာရှင် (၄) ဦး ပါဝင်ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ထျန်းကျီဘုံ အဆင့် (၈) သို့ပင် ရောက်ရှိနေပြီတည်း။
ရောက်လာသူများမှာ တုန်းဖန်းမိသားစု၏ ခေါင်းဆောင်နှင့် အကြီးအကဲ (၃) ဦး ဖြစ်ပြီး ကောင်းကင်ဘုံလူသားဘုံ ပညာရှင် (၄) ဦးလည်း ပါဝင်သည်။
“လူယုတ်မာ... မင်းက ငါတို့ တုန်းဖန်းမိသားစုဝင် တစ်ယောက်ကို သတ်ရဲတယ်ပေါ့... ငါ မင်းကို အပိုင်းပိုင်း အတစ်တစ် ဖြစ်အောင် လုပ်ပစ်မယ်”
ရှေ့ဆုံးမှ ဦးဆောင်လာသော အလတ်တန်းစား အမျိုးသားက ဖုန်းဝူချန်အား ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုသူမှာ အခြားသူ မဟုတ်၊ တုန်းဖန်းမိသားစု၏ ခေါင်းဆောင် တုန်းဖန်းလဲ့ပင် ဖြစ်ပါတော့သည်။
ရှုမီမြို့တော်တွင် တုန်းဖန်းလဲ့၏ စွမ်းအားမှာ အရှိန်အဝါ အကြီးမားဆုံး ဖြစ်ပြီး လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ဖုံးအုပ်နိုင်သည့် ဖြစ်တည်မှုမျိုးဟုပင် ဆိုကြသည်။
တုန်းဖန်းလဲ့၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရသည့်အခါ ဖုန်းဝူချန်က သူ၏ လက်ချောင်း သုံးချောင်းကို အသာအယာ ပြန်ရုပ်လိုက်ပြီး ဓားလက်ညှိုး ပုံစံ ပြုလုပ်လိုက်သည်။
“ဝှစ်...”
“ရွှမ်း...”
တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုမှာ ရွှမ်တုန်းဖန်း၏ နဖူးကို မျက်တောင်တစ်ခတ်အတွင်း ဖောက်ထွက်သွားပြီး သွေးများ ပန်းထွက်လာတော့၏။
ဒါက တုန်းဖန်းလဲ့၏ ခြိမ်းခြောက်မှုအတွက် ရရှိလာသော အကျိုးဆက်ပင်။
မောက်မာလိုက်တာ၊ အစွန်းရောက်တဲ့အထိ မောက်မာလွန်းတာပဲ။
ဖုန်းဝူချန်သည် တုန်းဖန်းမိသားစု၏ ခေါင်းဆောင်နှင့် အကြီးအကဲများ၏ ရှေ့မှောက်တွင်ပင် ရွှမ်တုန်းဖန်းအား သတ်ဖြတ်ဝံ့သည်တဲ့။
စောင့်ကြည့်နေကြသူများ အားလုံးမှာ မှင်သက်သွားကြရတော့၏။
လူတိုင်း၏ အမြင်တွင် တုန်းဖန်းလဲ့ ပေါ်ထွက်လာမှုကြောင့် ဖုန်းဝူချန်အနေဖြင့် အနည်းငယ် သတိထားလိမ့်မည်ဟု ထင်မှတ်ထားကြသော်လည်း ဖုန်းဝူချန်က စကားတစ်လုံးမျှ မဆိုဘဲ ရွှမ်တုန်းဖန်းအား သတ်ပစ်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပါချေ။
ရွှမ်တုန်းဖန်းသည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် အောက်သို့ လဲကျသွား၏။ ဖုန်းဝူချန်အနေဖြင့် သူ့ကို သတ်ဖြတ်ရန် မည်သည့်နေရာမှ သတ္တိများ ရရှိလာသည်ကိုပင် မသိလိုက်ဘဲ အသက်ပျောက်သွားရရှာသည်။
“သူ... သူ..,ရွှမ်တုန်းဖန်းကို တကယ်ကြီး သတ်လိုက်တာလား...”
“ဒီကောင်လေးက ရူးသွားပြီလား၊ တုန်းဖန်းမိသားစု ခေါင်းဆောင်ရဲ့ ရှေ့တည့်တည့်မှာတင် ရွှမ်တုန်းဖန်းကို သတ်ရဲတယ်ပေါ့လေ”
“မကောင်းတော့ဘူး၊ တိုက်ပွဲကြီး တစ်ခုတော့ စတော့မှာပဲ၊ အဲဒီကောင်လေးကတော့ တကယ့်ကို သေတွင်းရှာနေတာပဲဟေး”
ရှုမီမြို့တော်မှ လူများမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ကုန်ကြတော့၏။
“ဒါကတော့ လွန်လွန်းပြီကွာ”
ပထမ အကြီးအကဲမှာ ဒေါသများ ပေါက်ကွဲနေပြီး သူ၏ အိုမင်းနေသော မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေတော့သည်။
“ခွေးသား... မင်း တကယ် သတ္တိကောင်းနေပါလား၊ ငါတို့ တုန်းဖန်းမိသားစုဝင် တစ်ယောက်ကို သတ်ရဲတယ်ပေါ့လေ၊ မင်းကို အစအနမကျန် ချေမှုန်းပစ်မယ်၊ မင်း သေသွားရင်တောင် အေးအေးချမ်းချမ်း မနေစေရဘူး”
တုန်းဖန်းလဲ့သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး အံကို ကြိတ်ကာ ဟိန်းဟောက်လိုက်၏။ သူ၏ သန်မာသော စွမ်းအားများနှင့် လူသတ်ချင်စိတ်များမှာ မီးတောင်တစ်ခုပမာ ပေါက်ကွဲထွက်လာပြီး သူ၏ လူသတ်လိုသော ဆန္ဒမှာလည်း လွှမ်းမိုးဖိနှိပ်နိုင်လွန်းလှသည်။
“အဲ့လိုလား”
ဖုန်းဝူချန်က ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ မထုံတက်တေး တုံ့ပြန်လိုက်သည်။
“ခင်ဗျားမှာ အဲဒီလောက် အစွမ်းရှိပါ့မလားဆိုတာ ကျုပ်ကတော့ သံသယရှိတယ်ဗျာ”
---
အခန်း (၇၇၆) - နတ်ဘုရားစွမ်းအားများကို ပြသခြင်း
~“မောက်မာလိုက်တဲ့ ကောင်လေး”
တုန်းဖန်းလဲ့က ဒေါသတကြီး အံကို ကြိတ်ကာ ဟိန်းဟောက်လိုက်သည်။ ထျန်းကျီဘုံ အဆင့် (၈) ၏ သန်မာသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်မှာ မျက်စိရှေ့တွင်ပင် သိသိသာသာ ပြိုကျပျက်စီးလာတော့၏။
မျက်တောင်တစ်ခတ်အတွင်း ရှုမီမြို့တော် တစ်ခုလုံး မှောင်မိုက်သွား၏။
လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားများ အရူးအမူး ဝေ့ဝဲထွက်ပေါ်လာရာ ရှုမီမြို့တော်ရှိ ကျင့်ကြံသူများစွာမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ဘေးကင်းရာသို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ သတ္တိနည်းသူအချို့မှာမူ မြို့ထဲမှပင် ထွက်ပြေးသွားကြတော့၏။
ထျန်းကျီဘုံ အဆင့် (၈) ၏ စွမ်းအားက ရှုမီမြို့တော်ကို လွှမ်းခြုံသွားသည့်အခါ ချင်မိသားစုနှင့် လျိုမိသားစုမှ ခေါင်းဆောင်များနှင့် အကြီးအကဲများလည်း သတိထားမိသွားကြပြီး အပြေးအလွှား ရောက်လာကြသည်။
“အဖေ ... အကြီးအကဲတို့ ... နောက်ဆုံးတော့ ရောက်လာကြပြီပဲ”
ဝတ်စုံနီနှင့် မိန်းမလှလေးက ပျာယာခတ်စွာ အော်ဟစ်လိုက်သည်။ လျိုမိသားစု ခေါင်းဆောင်နှင့် အကြီးအကဲများကို မြင်လိုက်ရသောအခါမှသာ သူမ၏ ရင်တွင်း၌ အနည်းငယ် စိတ်အေးသွားရတော့၏။
“မိသားစုခေါင်းဆောင် ... အကြီးအကဲတို့”
ချင်မိသားစုနှင့် လျိုမိသားစုမှ ခေါင်းဆောင်များနှင့် အကြီးအကဲများ လျှပ်တစ်ပြက် ရောက်ရှိလာကြပြီးနောက် လေးစားစွာ အရိုအသေပေးကာ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်ကြရာ ချင်မိသားစု ခေါင်းဆောင်နှင့် အခြားသူများမှာ အပြင်းအထန် တုန်လှုပ်သွားကြရသည်။
“ရူယန် ... ဒီပြဿနာတွေက မင်းကြောင့် စဖြစ်တာလား”
လျိုမိသားစု ခေါင်းဆောင်က ဝတ်စုံနီနှင့် မိန်းမလှလေးကို မေးလိုက်သည်။
“သမီး ...”
လျိုရူယန်မှာ ကြောက်ရွံ့မှုနှင့်အတူ ပျာယာခတ်နေပြီး ဘယ်ကစပြီး ရှင်းပြရမှန်းပင် မသိတော့ချေ။
“မိုက်မဲလိုက်တဲ့ ကောင်မလေး”
လျိုမိသားစု ခေါင်းဆောင်မှာ ဒေါသပေါက်ကွဲသွား၏။ သေးငယ်သော ကိစ္စလေးတစ်ခုက ရွှမ်တုန်းဖန်း၏ သေဆုံးမှုအထိ ဦးတည်သွားခဲ့ပြီ မဟုတ်ပါလော။
အစပိုင်းတွင် အသေးအဖွဲ ကိစ္စလေးကြောင့် တုန်းဖန်းရှောက်ယွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး နောက်ပိုင်းတွင် ရွှမ်တုန်းဖန်း သတ်ဖြတ်ခံခဲ့ရကာ ယခုအခါ တုန်းဖန်းလဲ့ကိုယ်တိုင်ပင် ပါဝင်လာခဲ့တော့၏။
“သေးငယ်တဲ့ ကိစ္စလေးတစ်ခုကို ဒီလောက်အထိ ကြီးကျယ်သွားအောင် လုပ်ဖို့ လိုလို့လားဗျာ”
လျိုချင်းယန်က ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းရင်း ဆိုလိုက်သည်။
ပေတိုယန်က ပခုံးတွန့်ကာ မျက်နှာမဲ့လျက် ...
“သူတို့က ကြိုက်နေမှတော့ ငါတို့က ဘယ်လိုလုပ် တားလို့ရမှာလဲ၊ နန်းတော်သခင်က သူတို့ကို သတ်လိုက်တဲ့အခါကြမှ သူတို့ နောင်တရကြလိမ့်မယ်၊ ဒါပေမဲ့ အဲဒီအချိန်ကျရင်တော့ နောင်တဆိုတာ အချည်းနှီး ဖြစ်သွားပြီပေါ့”
“သူတို့က သေချင်နေမှတော့ သေခိုင်းလိုက်ပေါ့”
ယဲ့ထျန်းဝေက မည်သည့် ခံစားချက်မျှ မရှိဘဲ မထုံတက်တေး ပြောလိုက်သည်။
သေးငယ်သော ကိစ္စလေးတစ်ခုကို ဖုန်းဝူချန်နှင့် သူ၏အဖွဲ့က အေးအေးဆေးဆေး ဖြေရှင်းချင်ခဲ့သော်လည်း တစ်ဖက်လူ၏ ရန်လိုသော အပြုအမူများက ပဋိပက္ခကို ပိုမို ကြီးထွားလာစေခဲ့ခြင်း ဖြစ်ပါ၏။
“ခွေးမသားလေး ... မင်းရဲ့ အသက်ကို ပေးစမ်း”
တုန်းဖန်းလဲ့က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဟင်းလင်းပြင်ကို တုန်လှုပ်သွားစေသော ပြင်းထန်သည့် အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။
“ခင်ဗျား တစ်ယောက်တည်းလား”
ဖုန်းဝူချန်က မထုံတက်တေး မေးလိုက်သည်။
တုန်းဖန်းလဲ့၏ သန်မာသော စွမ်းအားများ ရှေ့တွင် ဖုန်းဝူချန်မှာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိပါချေ။
“ဒီကောင်လေးက ရူးနေတာလား၊ ဘယ်လောက်တောင် မောက်မာနေတာလဲ၊ တုန်းဖန်းမိသားစု ခေါင်းဆောင်က ထျန်းကျီဘုံ အဆင့် (၈) ပါကွ”
ဖုန်းဝူချန်၏ စကားကြောင့် လူတိုင်းမှာ ချွေးသီးချွေးပေါက်များ ကျလာကြသည်။
ထျန်းကျီဘုံ အဆင့် (၈) ဟု တွေးကြည့်ရုံဖြင့်ပင် ကြက်သီးမွေးညှင်းထစရာ ကောင်းလှသည်။
သို့တိုင် ဖုန်းဝူချန်ကမူ အလေးအနက် မထားပါချေ။
“ဝီ ... ဝီ ...”
ဖုန်းဝူချန်သည် သူ၏ အထွတ်အထိပ် ခန္ဓာကိုယ်၏ စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော သွေးရောင် အလင်းတန်းများ ပေါ်ထွက်လာသည်။ ချီလင် ချပ်ဝတ်နှင့် နဂါးနတ်ဘုရား လက်အိတ်များ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာပြီး သူ၏ အရှိန်အဝါမှာ တစ်ဟုန်ထိုး မြင့်တက်လာတော့၏။ သူ၏ စွမ်းအားမှာ ပင်လယ်ထဲမှ ခုန်ထွက်လာသော နဂါးတစ်ကောင်ပမာ လွှမ်းမိုးဖိနှိပ်နိုင်ပြီး ကြောက်မက်ဖွယ်ကောင်းကာ လူတိုင်း၏ ဝိညာဉ်ကို ဖမ်းစားထားနိုင်သည့် အရှိန်အဝါမျိုး ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်း ဖုန်းဝူချန်၏ အရှိန်အဝါသည် ထျန်းကျီဘုံ အဆင့် (၅) မှ ထျန်းကျီဘုံ အဆင့် (၈) သို့ တိုက်ရိုက် မြင့်တက်သွားတော့၏။
ဤသည်မှာ ဖျက်ဆီးခြင်း စွမ်းအားကို အသုံးမပြုရသေးဘဲ ရှိနေခြင်းပင် ဖြစ်ပါ၏။
“ထျန်းကျီဘုံ အဆင့် (၈) တဲ့လား”
“ဘုရားရေ ... သူက တကယ်ကြီး ထျန်းကျီဘုံ အဆင့် (၈) ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလား၊ မျက်တောင်တစ်ခတ်အတွင်း အဆင့် (၃) ဆင့်တောင် ခုန်တက်သွားပါလား”
“အဆင့် (၈) သွန်းလုပ်ခြင်း အင်မော်တယ်လက်နက် ... အင်မော်တယ်လက်နက်ပါလား”
နေရာတစ်ခုလုံး ပွက်လောရိုက်သွားပြီး အံ့ဩထိတ်လန့်မှုများဖြင့် ဆူညံသွား၏။ အံ့အားသင့်စွာ အော်ဟစ်သံများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်နေကြတော့၏။
သည်လောက် ငယ်ရွယ်သော လူငယ်လေး တစ်ယောက်က ထျန်းကျီဘုံ အဆင့် (၈) ၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်တဲ့လား။
ယခုအခါမှသာ ဖုန်းဝူချန် မည်သည့်အတွက်ကြောင့် သည်လောက် မောက်မာနေသနည်း၊ မည်သည့်အတွက်ကြောင့် တုန်းဖန်းလဲ့ကို အလေးအနက် မထားသနည်း ဆိုသည်ကို သူတို့ နားလည်သွားကြတော့၏။ အကြောင်းမူကား သူသည် ကျောထောက်နောက်ခံပြုပေးနိုင်သော ခိုင်မာသည့် စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့်ပင် ဖြစ်ပါ၏။
“ငါ့မျက်လုံးတွေများ မှားနေတာလား”
တုန်းဖန်းမိသားစုမှ အကြီးအကဲ တစ်ဦးက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေရာ သူ၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် တောင့်တင်းနေတော့၏။
ပြေးဝင်လာသော တုန်းဖန်းလဲ့မှာလည်း ဇဝေဇဝါ ဖြစ်သွားပုံရပြီး လူငယ်လေး တစ်ယောက်က သည်လောက် အစွမ်းထက်နေမည်ကို သူမယုံကြည်နိုင်အောင် ဖြစ်နေသည်။
“ဝုန်း”
“ဝီ ... ဝီ ...”
ဖုန်းဝူချန်က ဟင်းလင်းပြင်ကို ရုတ်တရက် နင်းလိုက်ရာ မိုးချုန်းသံကဲ့သို့ မြည်ဟိန်းသွားပြီး သွေးရောင် လျှပ်စီးတန်းတစ်ခုအလား အဟုန်ပြင်းစွာ ပေါက်ကွဲထွက်သွား၏။ သူ၏ အရှိန်အဝါမှာ တုန်းဖန်းလဲ့ကိုပင် လွှမ်းမိုးသွားတော့သည်။
တိုက်ပွဲကြီး စတင်လေပြီ။
တုန်းဖန်းလဲ့သည် တုန်းဖန်းမိသားစု၏ ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်နှင့် အညီပင်။ အလျင်အမြန်ပင် တည်ငြိမ်မှုကို ပြန်လည် ရယူနိုင်ခဲ့သည်။ သူ၏ ရင်တွင်း၌ နောင်တတရား အနည်းငယ် ရှိနေနိုင်သော်လည်း အခြေအနေမှာ နောက်ကြောင်းပြန်လှည့်၍ မရတော့သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ရာ နောင်တရရန် အချိန်နှောင်းသွားခဲ့တော့သည်။
“မြေကမ္ဘာအဆင့် အလတ်စား သိုင်းကွက် ... စီးဆင်းတိမ်တိုက် သံသရာ”
တုန်းဖန်းလဲ့က ဟိန်းဟောက်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း သူ၏ ကိုယ်ဟန်မှာ ပုံရိပ်ယောင် လေးခုအဖြစ် ပြောင်းလဲသွားပြီး တစ်ခုပြီးတစ်ခု တလက်လက် တောက်ပနေကာ ကြည့်ရှုရသည်မှာ မျက်စိကျိန်းမတတ်ပင် ဖြစ်သည်။
ပုံရိပ်ယောင် လေးခုနှင့် တုန်းဖန်းလဲ့၏ အစစ်အမှန် ကိုယ်ခန္ဓာ အပါအဝင် စုစုပေါင်း ငါးခု ဖြစ်သွားတော့၏။
“ဝုန်း ... ဝုန်း ... ဝုန်း ...”
“ဝီ ... ဝီ ...”
တုန်းဖန်းလဲ့သည် ဖုန်းဝူချန်အား အရပ်ငါးမျက်နှာမှ ဝိုင်းရံကာ လက်သီးများ၊ ခြေကန်ချက်များဖြင့် မိုးရွာချသကဲ့သို့ အရူးအမူး တိုက်ခိုက်တော့သည်။ တိုက်ခိုက်မှုတိုင်းတွင် ထွက်ပေါ်လာသော ဖျက်ဆီးခြင်း စွမ်းအင်များမှာ ဟင်းလင်းပြင်ကိုပင် အမှုန့်ကြိတ်ပစ်တော့မည့်အလား ရှိနေပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။
ဤပြင်းထန်လှသော တိုက်ပွဲကြီးမှာ တကယ့်ကို အသက်လုတိုက်ပွဲကြီးပင်။ တုန်းဖန်းလဲ့သည် တစ်ယောက်နှင့် ငါးယောက် တိုက်ခိုက်နေရသော်လည်း ဖုန်းဝူချန်နှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။
ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ခြင်းကပင် မိသားစု အသီးသီးမှ ခေါင်းဆောင်များကို အံ့အားသင့်သွားစေရန် လုံလောက်နေပြီး ရှုမီမြို့တော်မှ လူများကို ထိတ်လန့်သွားစေရန်လည်း လုံလောက်၏။
တုန်းဖန်းလဲ့၏ နှလုံးသားထဲတွင်လည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ပုံရိပ်ယောင် လေးခုသာ မရှိပါက သူသည် ဖုန်းဝူချန်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ကောင်းစွာ သိရှိနေသောကြောင့်ပါ။
“ဝုန်း ... ဝုန်း ... ဝုန်း ...”
“ဝီ ... ဝီ ...”
ပြင်းထန်သော တိုက်ပွဲကြီး ဆက်လက် ဖြစ်ပွားနေပြီး နားကွဲမတတ် ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်နေကာ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများမှာလည်း တစ်ခုပြီးတစ်ခု ရိုက်ခတ်နေ၏။
မြို့တော်ရှိ လူများမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး သေမင်းတမန် တိတ်ဆိတ်ခြင်းသို့ ရောက်ရှိသွားကြသည်။
ကောင်းကင်ယံထက်မှ ပြင်းထန်လှသော တိုက်ခိုက်မှုတိုင်းသည် သူတို့၏ နှလုံးသားများကို နက်ရှိုင်းစွာ ရိုက်ခတ်နေတော့၏။
တုန်းဖန်းလဲ့သည် သူ၏ အစွမ်းကုန် ထုတ်သုံးနေသော်လည်း ဖုန်းဝူချန်အား ဖိနှိပ်နိုင်စွမ်း မရှိသည့်အပြင် ဖုန်းဝူချန်ကသာ တဖြည်းဖြည်းနှင့် အသာစီး ရလာသည်။
တုန်းဖန်းလဲ့မှာ ကြာရှည် တိုက်ခိုက်လေလေ ပိုမို ကြောက်ရွံ့ စိုးရိမ်လာလေဖြစ်ပြီး သူ၏ ရင်တွင်း၌ မလုံခြုံမှုများ တိုးပွားလာတော့၏။
“ဒါ ခင်ဗျားရဲ့ အကန့်အသတ်ပဲလား”
ဖုန်းဝူချန်က ရုတ်တရက် မေးလိုက်သည်။ သူသည် ဤတိုက်ပွဲကို ငြီးငွေ့လာပုံရ၏။
တုန်းဖန်းလဲ့မှာ ခဏတာ မှင်သက်သွားပြီးနောက် ဩရှသော လေသံဖြင့် ...
“မင်းက ငါ့ရဲ့ အစွမ်းကုန်ကို ခံယူဖို့ မထိုက်တန်သေးပါဘူး”
“အဲ့လိုလား”
ဖုန်းဝူချန်၏ နှုတ်ခမ်းများက အန္တရာယ်များသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး သူ၏ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါများ ရုတ်တရက် တစ်ဟုန်ထိုး မြင့်တက်လာတော့၏။
“ဘာ ...”
တုန်းဖန်းလဲ့၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။
“နတ်ဘုရား အရိပ်”
ဖုန်းဝူချန်က တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး သူ၏ ကိုယ်ဖော့ပညာကို အသက်သွင်းလိုက်ရာ သူ၏ အမြန်နှုန်းမှာ လျှပ်တစ်ပြက်အတွင်း နှစ်ဆ မြင့်တက်သွားတော့၏။
“ဝုန်း ... ဝုန်း ... ဝုန်း ...”
မျက်တောင်တစ်ခတ်အတွင်း ဖုန်းဝူချန်သည် ဖမ်းဆုပ်၍ မရနိုင်လောက်အောင် မြန်ဆန်စွာ လှုပ်ရှားသွားပြီး ပုံရိပ်ယောင် လေးခုစလုံးကို တစ်ပြိုင်နက်တည်းနီးပါး ဖျက်ဆီးပစ်လိုက်သည်။ သူ၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှသည်။
“သူ့ရဲ့ အမြန်နှုန်းက ပိုမြန်လာပါလား”
တုန်းဖန်းလဲ့၏ နှလုံးသားထဲတွင် စိုးရိမ်မှုများ ပြည့်နှက်သွား၏။
နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် တုန်းဖန်းလဲ့၏ ရှေ့တည့်တည့်သို့ လျှို့ဝှက်ဆန်းကြယ်စွာ ရောက်ရှိလာသည်။
“မကောင်းတော့ဘူး”
တုန်းဖန်းလဲ့ ချက်ချင်း သတိဝင်လာပြီး သူ၏ မျက်နှာမှာ နောက်တစ်ကြိမ် ပြောင်းလဲသွားကာ ပျာယာခတ်စွာဖြင့် အော်ဟစ်လိုက်သည်။
“ယွမ်စွမ်းအင် အကာအကွယ်”
“ဂွမ်း”
“ဖူး”
စွမ်းအင် အကာအကွယ် ပေါ်ထွက်လာသည်နှင့် ဖုန်းဝူချန်၏ လက်သီးက ရိုက်ခွဲလိုက်ရာ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပြင်းထန်လှသော စွမ်းအားသည် တုန်းဖန်းလဲ့၏ စွမ်းအင် အကာအကွယ်ကို အမှုန့်ကြိတ်ပစ်လိုက်ပြီး သူ့ကို နောက်သို့ လွင့်ထွက်သွားစေတော့၏။
“ဒါ ..မဖြစ်နိုင်ဘူး”
တုန်းဖန်းလဲ့မှာ အလွန်အမင်း ထိတ်လန့်သွားရ၏။ ဖုန်းဝူချန်၏ လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားက သူ့ကို ကြောက်ရွံ့သွားစေတော့သည်။
မိသားစု အသီးသီးမှ ခေါင်းဆောင်များမှာလည်း နောက်တစ်ဖန် အံ့အားသင့်သွားကြပြီး မျက်နှာများမှာ စက္ကူတစ်ရွက်ပမာ ဖြူရော်နေတော့သည်။
သည်လောက် ကြောက်စရာကောင်းသော မိစ္ဆာကောင်မျိုး၊ ကောင်းကင်ဘုံကို အန်တုသော ဖြစ်တည်မှုမျိုးကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြပါချေ။
“မိသားစုခေါင်းဆောင်”
“အဖေ”
တုန်းဖန်းမိသားစုမှ အဆင့်မြင့် ခေါင်းဆောင်များမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ပြင်းထန်သော တိုက်ပွဲကြီးကို ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။
ရှုမီမြို့တော်၏ အစွမ်းအထက်ဆုံး ပညာရှင်ကြီးသည် လူငယ်လေး တစ်ယောက်ကို တကယ်ကြီး မယှဉ်နိုင်ဘူးတဲ့လား။
“ခင်ဗျားရဲ့ အစွမ်းကုန်ကို ထုတ်ပြစမ်းပါ၊ ကျုပ်ကတော့ ဝှက်မထားဘဲ ပြောလိုက်မယ်ဗျာ ... စောစောက စွမ်းအားဟာ ကျုပ်ရဲ့ (၈၀) ရာခိုင်နှုန်းပဲ ရှိသေးတယ်”
ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်၏။
(၈၀) ရာခိုင်နှုန်း ... ။
ထိုစကားလုံး အနည်းငယ်က မြို့သူမြို့သားများကို အနက်ရှိုင်းဆုံးသော ငရဲပြည်သို့ ချက်ချင်း တွန်းချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
---
အခန်း (၇၇၇) - မိစ္ဆာကောင်အစစ်အမှန်
~ထျန်းကျီဘုံ အဆင့် (၈) ၏ စွမ်းအားများကို ပိုင်ဆိုင်ထားသော ဖုန်းဝူချန်သည် ရှုမီမြို့တော်ရှိ လူများအားလုံးကို ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားစေခဲ့တော့၏။
ယခုအခါ ဖုန်းဝူချန်က သူ၏ စွမ်းအား (၈၀) ရာခိုင်နှုန်းကိုသာ အသုံးပြုထားသေးသည်ဟု ဆိုလာသောအခါ မည်သူက ယုံရဲမည်နည်း။
ထျန်းကျီဘုံ အဆင့် (၅) ကျင့်ကြံခြင်းဖြင့် စွမ်းအား (၈၀) ရာခိုင်နှုန်းသာ အသုံးပြုပြီး အဆင့် (၈) ပညာရှင်ကို လွှမ်းမိုးဖိနှိပ်နိုင်ခြင်းကပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်ပါ၏။
အကယ်၍သာ ဖုန်းဝူချန်က သူ၏ အစွမ်းကုန်ကို ထုတ်သုံးလိုက်မည်ဆိုပါက ဘာတွေ ဖြစ်လာမည်နည်း။
ရှုမီမြို့တော်မှ လူများမှာ ဆက်လက်၍ပင် မတွေးရဲတော့ချေ။ တွေးလေလေ လက်ခံနိုင်ရန် ခက်ခဲလေလေ ဖြစ်နေတော့၏။
တုန်းဖန်းလဲ့၏ မျက်နှာမှာ အံ့အားသင့်မှုများကြောင့် တောင့်တင်းနေပြီး သူက သူ့ကိုယ်သူ ...
“သူ့စွမ်းအားရဲ့ (၈၀) ရာခိုင်နှုန်းတောင်လား ...” ဟု ရေရွတ်လိုက်မိသည်။
ဖုန်းဝူချန်က တုန်းဖန်းလဲ့ကို မထုံတက်တေး စိုက်ကြည့်ပြီး ...
“ခင်ဗျားရဲ့ စစ်မှန်တဲ့ စွမ်းအားတွေကို ပြစမ်းပါ၊ တုန်းဖန်းမိသားစုမှာ ဘယ်လို အခြေခံအုတ်မြစ်မျိုး ရှိလဲဆိုတာ ကျုပ်ကို ပြစမ်းပါ”
ဖုန်းဝူချန်သည် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၂) ပညာရှင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်ရာ ထျန်းကျီဘုံ အဆင့် (၈) လောက်ကိုတော့ ပြောနေစရာပင် မလိုပါချေ။
“ခင်ဗျား ကြောက်နေရင်လည်း တုန်းဖန်းမိသားစုက အစွမ်းထက်တဲ့လူတွေ အကုန်လုံး ကျုပ်ဆီ တစ်ပြိုင်နက်တည်း လာခဲ့လို့ရတယ်”
ဖုန်းဝူချန်က ထပ်လောင်း၍ ဆိုလိုက်သည်။
တုန်းဖန်းမိသားစုမှ အစွမ်းထက်သူများ အားလုံး တစ်ပြိုင်နက်တည်း လာခဲ့ပါဟု ဆိုနေသည်တဲ့လား။ ဖုန်းဝူချန်၏ စကားမှာ အတင့်ရဲလွန်းနေသည် မဟုတ်ပါလော။
သို့သော်လည်း ယခုအခါ မည်သူကမျှ ဖုန်းဝူချန်အား မောက်မာသည်ဟု မဆိုဝံ့တော့ချေ။ သူ၏ သန်မာသော စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီးနောက် အားလုံးမှာ ပါးစပ် အဟောင်းသားဖြင့် ဆွံ့အနေကြရသည်။
“မောက်မာလိုက်တာ”
တုန်းဖန်းမိသားစုမှ လူများ၏ မျက်နှာများမှာ အလွန်တရာ ကြည့်ရဆိုးနေပြီး ရက်စက်ကြမ်းကြုတ်သော အသွင်ကို ဆောင်နေတော့၏။
ရှုမီမြို့တော်၏ မိသားစုကြီးတစ်ခု ဖြစ်သော တုန်းဖန်းမိသားစုသည် လူငယ်လေး တစ်ယောက်၏ စော်ကားမှုကို ခံနေရသည်ဖြစ်ရာ မည်သို့ သည်းခံနိုင်ပါမည်နည်း။
တုန်းဖန်းလဲ့၏ တောင့်တင်းနေသော မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားပြီး အံကို ကြိတ်ကာ စကားပြောလိုက်လေရာ သူ၏ မျက်လုံးများထဲမှ ဒေါသမီးတောက်များပင် ပေါက်ကွဲထွက်လာတော့မည့်အလား ထင်မှတ်ရ၏။
“ဝီ ... ဝီ ...”
သန်မာသော စွမ်းအားများကို စုစည်းလိုက်ပြီး တုန်းဖန်းလဲ့က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲမှ ကျောက်စိမ်းဆွဲသီးလေးတစ်ခု ဘွားခနဲ ပေါ်လာပြီး သူ၏ လက်ဖဝါးပေါ်သို့ ရောက်ရှိသွား၏။ ၎င်းမှာ ကြည်လင်တောက်ပနေပြီး အလွန်တရာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများကို ထုတ်လွှတ်နေကာ မျက်တောင်တစ်ခတ်အတွင်း တုန်းဖန်းလဲ့၏ စွမ်းအားကို အကြီးအကျယ် မြှင့်တင်ပေးလိုက်ပြီး သူ၏ အဟုန်ကို ပိုမို ခမ်းနားကြီးကျယ်သွားစေတော့၏။
ဤအခိုက်အတန့်တွင် တုန်းဖန်းလဲ့၏ အရှိန်အဝါသည် ထျန်းကျီဘုံ အဆင့် (၉) သို့ပင် ဝိုးတဝါး ချိုးဖြတ်သွားပြီ ဖြစ်သည်။
ရှုမီမြို့တော်၏ အစွမ်းအထက်ဆုံး ပညာရှင် တစ်ဦးအနေဖြင့် တုန်းဖန်းလဲ့တွင် အစွမ်းထက်သော လျှို့ဝှက်လက်နက်များ ရှိနေမည်မှာ သဘာဝပင် ဖြစ်ပါ၏။
“ခွေးမသားလေး ... မင်းရဲ့ အစွမ်းကုန်ကို ငါ ကြည့်ချင်သေးတယ်”
တုန်းဖန်းလဲ့က ရက်စက်စွာ ဆိုလိုက်သည်။ သူ၏ ရှေ့တွင် ဓားတောင်ပဲ ရှိရှိ၊ မီးပင်လယ်ပဲ ရှိရှိ တုန်းဖန်းလဲ့မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ဘဲ သတ္တိမွေးကာ ရင်ဆိုင်ဖြတ်သန်းရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါချေ။
“အချည်းနှီး ရုန်းကန်နေတာပဲ”
လျိုချင်းယန်နှင့် အခြားသူများက ခေါင်းကို အသာအယာ ခါယမ်းရင်း ဆိုလိုက်ကြသည်။
လျိုချင်းယန်တို့က တုန်းဖန်းလဲ့ကို အထင်သေးနေခြင်း မဟုတ်ပါချေ။ ဖုန်းဝူချန်၏ စွမ်းအားက ကြောက်စရာကောင်းလွန်းနေသောကြောင့်သာ ဖြစ်သည်။
'ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က အရမ်း သန်မာလွန်းတယ်၊ ထိပ်တိုက် ရင်ဆိုင်ရင် လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး'
တုန်းဖန်းလဲ့က မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။ ပြင်းထန်သော တိုက်ပွဲကြီးအတွင်း၌ ဤအချက်ကို သူ ကောင်းစွာ သတိပြုမိခဲ့ပြီး ဖြစ်ပါ၏။
“မြေကမ္ဘာအဆင့် အမြင့်ဆုံး သိုင်းကွက် ... အဆီအနှစ် စုစည်းခြင်း ပညာရပ်”
“ဝီ ... ဝီ ...”
တုန်းဖန်းလဲ့က လက်နှစ်ဖက်ကို ပူးယှက်ကာ သန်မာသော စွမ်းအားများကို အရူးအမူး စုစည်းလိုက်သည်။ တောက်ပသော အပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာရာ ပြိုင်ဘက်ကင်း ရတနာတစ်ခု လောကသို့ ဝင်ရောက်လာသည့်အလား ရှိနေတော့၏။
ခဏအကြာတွင် တုန်းဖန်းလဲ့၏ လက်ဖဝါးပေါ်၌ လက်သီးဆုပ်အရွယ်ခန့်ရှိ အပြာရောင် စွမ်းအင်ဘောလုံးလေး တစ်လုံး ပေါ်ထွက်လာသည်။ ၎င်း၏ စွမ်းအားမှာ ဖိသိပ်ခံထားရပြီး သန့်စင်ထားသည့်အလား အလွန်တရာ ကြောက်စရာကောင်းလှသည်။
“စွမ်းအားကတော့ အများကြီး တက်လာတာ မှန်ပါတယ်၊ ဒါပေမဲ့ ဒီလောက် စွမ်းအားလေးနဲ့ကတော့ မလောက်သေးဘူးဗျ”
ဖုန်းဝူချန်က မဲ့ပြုံးလေး ပြုံးကာ ဆိုလိုက်သည်။ တုန်းဖန်းလဲ့က ဝိညာဉ်လက်နက်ကို ဆင့်ခေါ်လိုက်သော်လည်း ထိုစွမ်းအားများက ဖုန်းဝူချန်အား စိုးရိမ်စိတ် အလျဉ်းမဖြစ်ပေါ်စေသေးပါချေ။
တုန်းဖန်းလဲ့က မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး ရက်စက်စွာ နှာခေါင်းရှုံ့လိုက်ကာ အင်းကွက်တစ်ခုကို ဆင့်ခေါ်လိုက်သည်။
“မြေကမ္ဘာအဆင့် အင်းကွက်ပါလား”
ဝမ်မိသားစု ခေါင်းဆောင်က အလန့်တကြား အော်ဟစ်လိုက်မိသည်။
“အစ်ကိုတုန်းဖန်းဆီမှာ တကယ်ကြီး မြေကမ္ဘာအဆင့် အင်းကွက် ရှိနေတာလား ... သူက အင်းကွက်ဆရာ ထျန်းယွန်ဆီကနေ သွားတောင်းလာတာများလား”
လျိုမိသားစု ခေါင်းဆောင်ကလည်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
အဆင့် (၇) အင်းကွက်ဆရာမှသာ မြေကမ္ဘာအဆင့် အင်းကွက်ကို ဖန်တီးနိုင်ပြီး ယွမ်စွမ်းအင်နှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်း၏ စွမ်းအားမှာ အကန့်အသတ်မဲ့လှသည်။
“မြေကမ္ဘာအဆင့် အင်းကွက် ဟုတ်လား ... ဒါက ခင်ဗျားရဲ့ ယုံကြည်မှုတွေလား”
ဖုန်းဝူချန်က မထုံတက်တေး မေးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မရှိသေးပါချေ။
ထို့နောက် တုန်းဖန်းလဲ့သည် သူ စုစည်းထားသော အပြာရောင် စွမ်းအင်ဘောလုံးလေးကို အင်းကွက်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။ စွမ်းအားများ စီးဝင်သွားသည်နှင့် မြေကမ္ဘာအဆင့် အင်းကွက်သည် ချက်ချင်း အသက်ဝင်လာပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားတော့၏။
“ဝီ ... ဝီ ...”
သန်မာသော စွမ်းအင်များ အရူးအမူး ပျံ့နှံ့သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပေထောင်ချီ ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းသွားကာ မှောင်မိုက်နေသော ဟင်းလင်းပြင်မှာလည်း တောက်ပလှသော အပြာရောင် အလင်းတန်းများ၏ ဝါးမြိုခြင်းကို အပြည့်အဝ ခံလိုက်ရသည်။
“မြေကမ္ဘာအဆင့် အင်းကွက်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်၊ တကယ့်ကို ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ”
“ဒီစွမ်းအားက ထျန်းကျီဘုံ အဆင့် (၉) ကိုတောင် ကျော်လွန်သွားပြီလား”
“တုန်းဖန်းမိသားစု ခေါင်းဆောင်ဆီမှာ ဒီလို လျှို့ဝှက်လက်နက် ရှိနေသေးတယ်ဆိုတာ ဘယ်သူက ထင်မှာလဲ”
မိသားစု အသီးသီးမှ အဆင့်မြင့် ခေါင်းဆောင်များနှင့် ရှုမီမြို့တော်မှ လူများမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့ကို ရိုက်ခတ်နေသော သန်မာသော စွမ်းအားများကြောင့် တစ်ကိုယ်လုံး တုန်ရီနေကြတော့၏။
“မြေကမ္ဘာအဆင့် အင်းကွက် ... ကိုးထပ်ကောင်းကင် တံဆိပ်တုံး”
တုန်းဖန်းလဲ့က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ဧရာမ လက်ဝါးကြီးကို ဝှေ့ယမ်းလိုက်ရာ အင်းကွက်များ ပေါက်ကွဲထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်း ပေထောင်ချီ ကြီးမားလှသော အပြာရောင် စွမ်းအင်တံဆိပ်တုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ဖုန်းဝူချန်ထံသို့ ဆွန်ဝူခုန်းအပေါ် ကျရောက်လာသော လက်ငါးချောင်းတောင်ပမာ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့၏။
“ခွေးမသားလေး ... မင်း ဘယ်လို သေမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
တုန်းဖန်းလဲ့က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က မဲ့ပြုံးလေး ပြုံးလိုက်ပြီး ...
“ဒီစွမ်းအားလေးလောက်နဲ့ ကျုပ်ကို သတ်နိုင်မယ်လို့ ထင်နေတာလား ... ခင်ဗျား ကျုပ်ကို အထင်သေးလွန်းနေပြီ မဟုတ်ဘူးလား”
“ဝီ ... ဝီ ...”
စကားပြောနေရင်းမှာပင် ဖုန်းဝူချန်သည် သူ၏ အစွမ်းကုန် ထုတ်သုံးကာ ပေါက်ကွဲထွက်စေလိုက်ပြီး စွမ်းအားများကို သူ၏ လက်သီးများထဲသို့ စုစည်းလိုက်သည်။ သွေးရောင် အလင်းတန်းများမှာ မျက်စိကျိန်းမတတ် တောက်ပနေပြီး လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများ တစ်ဟုန်ထိုး ထွက်ပေါ်လာတော့၏။
“ကမ္ဘာဦး နဂါးနတ်ဘုရား လက်သီး”
ဖုန်းဝူချန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ရက်စက်ပြီး စူးရှသော အကြည့်များက သူ့ထံသို့ ပြေးဝင်လာသော သန်မာသော စွမ်းအင်တံဆိပ်တုံးကြီးပေါ်သို့ ကျရောက်သွား၏။ ထို့နောက် တောင်တန်းများကို ရွှေ့ပြောင်းနိုင်ပြီး မြစ်များကို နောက်ပြန်လှည့်နိုင်စွမ်းရှိသော အဟုန်ဖြင့် သူ၏ လက်သီးများကို အရူးအမူး ထိုးနှက်လိုက်တော့၏။
“ဝုန်း ... ဝုန်း ... ဝုန်း ...”
“ဝီ ... ဝီ ...”
“ရှီး ... ရှီး ...”
မျက်တောင်တစ်ခတ်အတွင်း ဖုန်းဝူချန်သည် လက်သီးချက်ပေါင်း တစ်ထောင်ကျော် ထိုးနှက်လိုက်လေရာ ကမ္ဘာတုန်မတတ် ပေါက်ကွဲသံကြီးများ ရှုမီမြို့တော် တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး ဖျက်ဆီးခြင်း စွမ်းအင်များ အရူးအမူး ပျံ့နှံ့သွားတော့၏။ အလွန်တရာ အံ့မခန်း မြင်ကွင်းကြီးတစ်ခု ပေါ်ထွက်လာတော့၏။ သန်မာသော စွမ်းအင်တံဆိပ်တုံးကြီးမှာ ဖုန်းဝူချန်၏ ရက်စက်ကြမ်းကြုတ်သော ထိုးနှက်ချက်များကြောင့် အက်ကွဲသွားပြီး ထိုအက်ကွဲကြောင်းများမှာ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
“ဖူး ... ဖူး ...”
လက်သီးချက်တိုင်းမှ ထွက်ပေါ်လာသော သန်မာသော စွမ်းအားများကြောင့် တုန်းဖန်းလဲ့၏ သွေးများ ဆူပွက်လာပြီး နောက်ဆုံးတွင် မခံနိုင်တော့ဘဲ သွေးများ အဆက်မပြတ် အန်ထွက်လာတော့၏။
တုန်းဖန်းလဲ့၏ မျက်လုံးများမှာ ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားပြီး ...
“ဒါ ..မဖြစ်နိုင်ဘူး ...” ဟု ရေရွတ်လိုက်မိသည်။
“အဖေ”
“မိသားစုခေါင်းဆောင်”
တုန်းဖန်းမိသားစုမှ အဆင့်မြင့် ခေါင်းဆောင်များနှင့် တုန်းဖန်းရှောက်ယွင်တို့မှာ ပျာယာခတ်စွာ အော်ဟစ်လိုက်ကြသည်။
မြင်ကွင်းကြီးမှာ အလွန်တရာ ခမ်းနားကြီးကျယ်လှပြီး ရှုမီမြို့တော်ရှိ လူများအားလုံးကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေကာ အားလုံးမှာ မှင်သက်နေကြတော့၏။
တုန်းဖန်းလဲ့သည် ဝိညာဉ်လက်နက်ကို အသုံးပြုကာ၊ မြေကမ္ဘာအဆင့် အင်းကွက်ကို အသုံးပြုကာ သူ၏ အစွမ်းကုန်ကို ထုတ်သုံးခဲ့သော်လည်း ဖုန်းဝူချန်၏ ရှေ့မှောက်တွင် လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပါချေ။
ဒါက လူရော ဟုတ်ရဲ့လား။ မိစ္ဆာကောင်တွေတောင် ဒီလောက် ကြောက်စရာမကောင်းဘူး မဟုတ်ဘူးလား။
“ဝုန်း ...”
“ဖူး ...”
“ဝီ ... ဝီ ...”
ဖုန်းဝူချန်၏ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်နေပြီး အက်ကွဲကြောင်းများ စွမ်းအင်တံဆိပ်တုံးကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားချိန်တွင် ၎င်းမှာ ပေါက်ကွဲထွက်သွားတော့သည်။ တုန်းဖန်းလဲ့သည် နောက်တစ်ဖန် သွေးအန်ကာ သူ၏ ကိုယ်ဟန်မှာ လွင့်ထွက်သွားပြီး ပေါက်ကွဲမှု အလင်းတန်းများမှာ ဟင်းလင်းပြင် တစ်ခုလုံးကို လျှပ်တစ်ပြက်အတွင်း ဖုံးလွှမ်းသွားရာ မျက်စိပင် ဖွင့်မရအောင် ဖြစ်သွားရသည်။
တုန်းဖန်းလဲ့ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သူ၏ မျက်နှာမှာ စက္ကူတစ်ရွက်ပမာ ဖြူရော်နေတော့၏။
တုန်းဖန်းလဲ့မှာ လုံးဝ ဆွံ့အသွား၏။ ဤသည်မှာ သူ၏ အစွမ်းအထက်ဆုံး လျှို့ဝှက်လက်နက် ဖြစ်ပြီး ထျန်းကျီဘုံ အဆင့် (၉) နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအား ဖြစ်သော်လည်း ဖုန်းဝူချန်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရတော့၏။
“ဝုန်း”
ထိုအခိုက်အတန့်၌ ဖုန်းဝူချန်သည် သန်မာသော စွမ်းအင်လှိုင်းများကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ဆီသို့ ရက်စက်စွာ ပြေးဝင်လာသည်။
ဖုန်းဝူချန်၏ ရူးသွပ်သော လုပ်ရပ်ကို ကြည့်ရင်း ရှုမီမြို့တော်ရှိ လူများအားလုံးမှာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်လန့်သွားကြရသည်။
တကယ့် မိစ္ဆာကောင်ပဲ ... မိစ္ဆာကောင် အစစ်အမှန်ကြီးပဲကွ။
သည်လောက် ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းများကပင် ဖုန်းဝူချန်အား အနည်းငယ်မျှ ထိခိုက်အောင် မလုပ်နိုင်ပါချေ။
နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာသကဲ့သို့ အလွန်တရာ မြန်ဆန်သော အရှိန်ဖြင့် တုန်းဖန်းလဲ့၏ ရှေ့သို့ ရောက်ရှိလာသည်။
“နောက်ဆုံး ပြောစရာ စကား ကျန်သေးလား”
ဖုန်းဝူချန်က မထုံတက်တေး မေးလိုက်ပြီး သူ၏ ရေခဲပမာ အေးစက်သော အကြည့်များက သေလူတစ်ယောက်ကို ကြည့်နေသည့်အလား တုန်းဖန်းလဲ့ကို စိုက်ကြည့်နေတော့၏။
“မင်း ... မင်းက ဘယ်လို သတ္တဝါမျိုးလဲ”
တုန်းဖန်းလဲ့က ကြောက်လန့်တကြား မေးလိုက်လေရာ သူ၏ အသံမှာ တုန်ရီနေတော့၏။
“သေးငယ်တဲ့ ကိစ္စလေးတစ်ခုအတွက်နဲ့ ခင်ဗျားရဲ့ အသက်ကို ပေးဆပ်လိုက်ရတာ ... တန်ရဲ့လား”
ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်ပြီး သူ၏ လက်ဝါးမှာ မည်သည့် သနားညှာတာမှုမျှ မရှိဘဲ တုန်းဖန်းလဲ့ထံသို့ ချိန်ရွယ်လိုက်သည်။
“မိသားစုခေါင်းဆောင်”
တုန်းဖန်းမိသားစုမှ အကြီးအကဲ သုံးဦးက အဆက်မပြတ် ဟိန်းဟောက်လိုက်ကြပြီး ထိုနေရာသို့ အပြင်းအထန် ပြေးထွက်လာကြတော့သည်။
---