← Chapters

အခန်း (၇၇၈-၇၈၀)

Vol. 52 Ch. 778-780

အခန်း (၇၇၈-၇၈၀)

Vol. 52 Ch. 778-780

အခန်း (၇၇၈) - သေသည့်တိုင်အောင် မရပ်တန့်ခြင်း

~“ခွေးမသားလေး ... ရပ်လိုက်စမ်း”

အကြီးအကဲ သုံးဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဖုန်းဝူချန်ထံသို့ အရူးအမူး ပြေးဝင်သွားကြသည်။

ဖုန်းဝူချန်က သူတို့သုံးဦးကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် လေဆင်နှာမောင်းတစ်ခုပမာ ဝေ့ဝဲထွက်ပေါ်လာတော့၏။

“ဝုန်း ဝုန်း ဝုန်း”

“ဖူး ဖူး ဖူး”

ရှေ့ဆုံးမှ ပြေးဝင်လာသော အကြီးအကဲ သုံးဦးစလုံးမှာ သန်မာသော စွမ်းအား၏ ရိုက်ခတ်မှုကြောင့် သွေးအန်ကာ နောက်သို့ တစ်ပြိုင်နက်တည်း လွင့်စင်ထွက်သွားကြရသည်။

ဖုန်းဝူချန်၏ ရှေ့မှောက်တွင် သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ ဘာမှမဟုတ်သလို သေတွင်းတူးနေခြင်းမျှသာ ဖြစ်ပါ၏။

“သေချင်ရင်လည်း တန်းစီကြစမ်းပါ”

ဖုန်းဝူချန်က အကြီးအကဲ သုံးဦးကို မထုံတက်တေး ကြည့်ရင်း ပြောလိုက်သည်။ သူ၏ အေးစက်လှသော စကားလုံးများက လူတိုင်း၏ ကျောရိုးထဲအထိ စိမ့်ဝင်သွားစေတော့၏။

“ညီလေး ... ကျေးဇူးပြုပြီး သနားညှာတာပေးပါ၊ ငါတို့ တုန်းဖန်းမိသားစုမှာ ဒီသွေးဆက်လေးပဲ ကျန်တော့တာပါ”

ဖုန်းဝူချန်၏ သန်မာသော စွမ်းအားများကို သိရှိသွားပြီးနောက် တုန်းဖန်းလဲ့မှာ ကြောက်ရွံ့မှုများနှင့် နောင်တတရားများ ပြည့်နှက်နေပြီး တောင်းပန်တိုးလျှိုးနေတော့၏။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ...

“နောက်ကျသွားပြီဗျ” ဟု မထုံတက်တေး တုံ့ပြန်လိုက်သည်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် ဖုန်းဝူချန်၏ လက်ဖဝါးထဲတွင် စုစည်းလာပြီး တုန်းဖန်းလဲ့မှာမူ လုံးဝ မျှော်လင့်ချက်မဲ့သွားတော့၏။

“မိသားစုခေါင်းဆောင်”

ပြင်းထန်စွာ ဒဏ်ရာရထားသော အကြီးအကဲ သုံးဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“မလုပ်ပါနဲ့ ... ရပ်လိုက်ပါ”

တုန်းဖန်းရှောက်ယွင်ကလည်း ကြောက်လန့်တကြား အော်ဟစ်နေတော့၏။

မိသားစု အသီးသီးမှ ခေါင်းဆောင်များမှာ ဝင်ရောက် စွက်ဖက်ရန် မဝံ့ရဲကြတော့ဘဲ ဤကိစ္စတွင် ပါဝင်ပတ်သက်မိမည်ကို စိုးရိမ်နေကြသည်။ လျိုရူယန်မှာလည်း ကြောက်လန့်လွန်းသဖြင့် သူမ၏ လှပသော မျက်နှာလေးမှာ ဖြူရော်နေပြီး တစ်ကိုယ်လုံးလည်း တုန်ရီနေတော့၏။

ဤအခိုက်အတန့်တွင်မှ လျိုရူယန်သည် သူမ ပြဿနာ မရှာသင့်သောသူကို ပြဿနာ ရှာမိခဲ့ပြီး ကြီးမားလှသော ဘေးဒုက္ခကြီးတစ်ခုကို ဖန်တီးမိခဲ့ပြီဖြစ်ကြောင်း နောက်ဆုံးတော့ သဘောပေါက်သွားတော့၏။

သို့သော် နောင်တရနေ၍လည်း အပိုပင် ဖြစ်ပြီး အရာအားလုံးက နောက်ကျသွားခဲ့တော့၏။

“ဖျက်ဆီးခြင်း”

ဖုန်းဝူချန်က မည်သည့် သနားညှာတာမှုမျှ မရှိဘဲ.. အော်ဟစ်လိုက်ရာ သန်မာသော စွမ်းအားကြီးက တုန်းဖန်းလဲ့ကို မျက်တောင်တစ်ခတ်အတွင်း လွှမ်းခြုံသွားတော့၏။

“မလုပ်ပါနဲ့”

တုန်းဖန်းလဲ့က ကြောက်ရွံ့မှု၊ မျှော်လင့်ချက်မဲ့မှုတို့ဖြင့် အော်ဟစ်လိုက်သည်။

ခဏအကြာတွင် ရှုမီမြို့တော်ရှိ လူများ၏ အလွန်အမင်း ထိတ်လန့်နေသော အကြည့်များအောက်တွင် တုန်းဖန်းလဲ့၏ ကိုယ်ဟန်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေရာ အလွန်တရာ ခြောက်ခြားဖွယ်ကောင်းပြီး ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်ရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တုန်းဖန်းလဲ့မှာ လုံးဝ ပျောက်ကွယ်သွားပြီး သူ၏ အားနည်းနေသော အသက်ငွေ့လေးမှာလည်း အတူတူ လွင့်စင်ပျောက်ကွယ်သွားလေတော့ရာ မြို့တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်နှာတွင် သွေးရောင်အလျဉ်း မရှိတော့ချေ။

ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ နည်းလမ်းမျိုးလဲ။

တုန်းဖန်းမိသားစုမှ အဆင့်မြင့် ခေါင်းဆောင်များထံသို့ ရေခဲပမာ အေးစက်သော အကြည့်ဖြင့် ကြည့်ကာ ဖုန်းဝူချန်က ...

“သေချင်တဲ့သူ ရှိသေးရင် အခု လာခဲ့လို့ရပြီ” ဟု ကြေညာလိုက်သည်။

ဘယ်သူကများ ရှေ့ထွက်ရဲပါမည်နည်း။ ရှုမီမြို့တော်၏ အစွမ်းအထက်ဆုံး ပညာရှင် တုန်းဖန်းလဲ့ပင်လျှင် ဖုန်းဝူချန်၏ လက်ချက်ဖြင့် သနားစရာကောင်းလောက်အောင် အသတ်ခံလိုက်ရသည် ဖြစ်ရာ အခြားသူများဆိုလျှင် ပို၍ပင် ဆိုးရွားပေလိမ့်မည်။

တုန်းဖန်းမိသားစုမှ အကြီးအကဲ သုံးဦးမှာ ဝမ်းနည်းကြေကွဲမှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုတို့ ရောယှက်နေသော်လည်း စကားတစ်ခွန်းမျှ မဟရဲသလို လှုပ်ရှားရန်လည်း မဝံ့ရဲကြပါချေ။

မည်သူမျှ စကားမပြောရဲသည်ကို မြင်သောအခါ ဖုန်းဝူချန်၏ ရေခဲပမာ အေးစက်သော အကြည့်များက ပျာယာခတ်နေသော လျိုရူယန်ထံသို့ ရောက်ရှိသွား၏။

ဖုန်းဝူချန်၏ အကြည့်ကို အာရုံခံမိလိုက်သည်နှင့် လျိုရူယန်၏ နုနယ်သော ကိုယ်လုံးလေးမှာ ပြင်းထန်စွာ တုန်ရီသွားပြီး သူမ၏ ဝိညာဉ်ပင် လွင့်ထွက်သွားမတတ် ကြောက်လန့်သွားရသည်။

“ဒီလူမလေးက မရည်ရွယ်ဘဲ အမှားလုပ်မိသွားတာပါ၊ ဒီအဘိုးကြီးကပဲ တောင်းပန်ပါတယ် ညီလေးရာ၊ ခွင့်လွှတ်ပေးပါ”

လျိုမိသားစု ခေါင်းဆောင်က ကမန်းကတန်း ဝင်ရောက် တောင်းပန်လိုက်သည်။ သူသည် တုန်းဖန်းလဲ့၏ လမ်းစဉ်ကို မလိုက်ချင်ပါချေ။

ဖုန်းဝူချန်က လျိုမိသားစု ခေါင်းဆောင်ကို လျစ်လျူရှုထားလိုက်ပြီး လျိုရူယန်အား မထုံတက်တေး ပြောလိုက်သည်။

“ဒါက အစကတည်းက သေးငယ်တဲ့ ကိစ္စလေး တစ်ခုပါ၊ ဒါပေမဲ့ မင်းက တစ်မြို့လုံး သိအောင် လုပ်ချင်ခဲ့တာလေ၊ ဒါက မင်း လိုချင်တဲ့ ရလဒ်ပဲလား၊ တုန်းဖန်းမိသားစု ခေါင်းဆောင် သေသွားတာ မင်းနဲ့ ဘာမှမဆိုင်ဘူးလို့များ ထင်နေတာလား”

“ကျွန် ... ကျွန်မ ...”

လျိုရူယန်မှာ အလွန်အမင်း ကြောက်လန့်နေပြီး သူမ၏ မျက်ရည်များ ကျဆင်းလာကာ တုန်ရီသော အသံဖြင့် ...

“ကျွန်မ မှားသွားမှန်း သိပါပြီ ...” ဟု ပြောလိုက်ရှာ၏။

“မှားမှန်းသိတော့ရော ဘာထူးမှာလဲ၊ ဒီလောကမှာ နောင်တရရင် သောက်ရမယ့်ဆေးမှ မရှိတာ”

ဟု ကျန်းကျွင့်လန်က မထုံတက်တေး ဆိုလိုက်သည်။

မြောင်ချင်းချင်းကလည်း ဝင်ပြောလိုက်၏။

“မိန်းကလေး တစ်ယောက်ဆိုတာ ဣန္ဒြေ ရှိရတယ်၊ နင့်ရဲ့ လုပ်ရပ်တွေက လူတွေကို ရွံရှာစေတာပဲ အဖတ်တင်တယ်”

“ကျွန်မ ...”

လျိုရူယန်မှာ ဘာပြောရမှန်းပင် မသိတော့ဘဲ ဖြစ်ပျက်သွားသမျှ အရာအားလုံးအတွက် တကယ်ကို ပျာယာခတ်နေတော့၏။

“တုန်းဖန်းမိသားစု ခေါင်းဆောင် သေဆုံးသွားတာက ခင်ဗျားနဲ့လည်း သက်ဆိုင်တယ်”

ဖုန်းဝူချန်က လျိုမိသားစု ခေါင်းဆောင်ကို အေးစက်စက် ကြည့်ရင်း ပြောလိုက်သည်။

“ခင်ဗျားက သူ့ကို ထင်သလို ရမ်းကားခွင့်ပေးထားပြီး ဆုံးမဖို့ ပျက်ကွက်ခဲ့တာပဲ”

“ဟုတ်ကဲ့ပါ ... ဟုတ်ကဲ့ပါ ... နောင်ကျရင် သေချာပေါက် တင်းတင်းကျပ်ကျပ် ဆုံးမပါ့မယ်”

လျိုမိသားစု ခေါင်းဆောင်က အဆက်မပြတ် ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။ ဖုန်းဝူချန်အား အနည်းငယ်မျှပင် ပြန်လည် ချေပရန် မဝံ့ရဲပါချေ။

နောက်ဆုံးတွင် ဖုန်းဝူချန်၏ အကြည့်က စိတ်ဓာတ်ကျနေသော တုန်းဖန်းရှောက်ယွင်ထံသို့ ရောက်ရှိသွားပြီး ...

“တကယ်တော့ မင်းက တကယ့် တရားခံအစစ်ပဲ၊ တုန်းဖန်းမိသားစုရဲ့ သခင်လေး တစ်ယောက်အနေနဲ့ အစွမ်းလေး နည်းနည်းရှိတာနဲ့ပဲ မင်းကိုယ်မင်း အထင်ကြီးနေခဲ့တာ မဟုတ်လား”

လူသတ်ပြီးတာတောင်မှ သူ့လုပ်ရပ်ကို အကြောင်းပြချက် ပေးရဲသေးသည်တဲ့လား။

သို့သော် ထိုနေရာတွင် ရှိနေသူ မည်သူကမျှ ဝင်ပြောရန် မဝံ့ရဲကြပါချေ။ ဤသည်ကား ခွန်အားကြီးမားသူများ၏ အခွင့်ထူးပင် ဖြစ်ပါ၏။

ခိုင်မာသော စွမ်းအား ရှိနေသရွေ့ သူပြောသမျှသည်သာ အမှန်ဖြစ်ပြီး မည်သူကမျှ ပြန်လည် ချေပဝေဖန်ဝံ့မည် မဟုတ်ပါချေ။

နေ့အလင်းရောင် တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် ရှုမီမြို့တော်တွင်းသို့ ပြန်လည် ဝင်ရောက်လာကြပြီး တစ်ညတာ အနားယူရန် စီစဉ်လိုက်ကြသည်။

သူတို့သည် ယနေ့ ခရီးဆက်ရန် ရည်ရွယ်ထားသော်လည်း ဤကိစ္စကြောင့် အချိန်နှောင့်နှေးသွားခဲ့ရသည်။

ယနေ့ညတွင်မူ ရှုမီမြို့တော်မှ လူများ အားလုံး ထိတ်လန့်တုန်လှုပ်မှုများဖြင့်သာ အချိန်ကုန်ဆုံးရမည်မှာ သေချာလှသည်။

*

ညဥ့်နက်ချိန် ... တုန်းဖန်းမိသားစု အိမ်တော်၌ ...

ခမ်းနားထည်ဝါပြီး ကျယ်ဝန်းလှသော အိမ်တော်ကြီးမှာ ခြောက်ကပ်နေပြီး တုန်းဖန်းမိသားစုဝင်များမှာ ဝမ်းနည်းပူဆွေးမှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေကာ အလွန်တရာ အသက်ရှူကျပ်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိနေကြသည်။

ပင်မခန်းမဆောင်အတွင်း၌ အကြီးအကဲ သုံးဦး၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေဆဲ ဖြစ်ပြီး တုန်းဖန်းလဲ့နှင့် ရွှမ်တုန်းဖန်းတို့ အသတ်ခံလိုက်ရသည့် မြင်ကွင်းများက သူတို့ကို ခြောက်လှန့်နေဆဲ ဖြစ်ပါ၏။

တုန်းဖန်းရှောက်ယွင်မှာမူ ပို၍ပင် စိတ်ဓာတ်ကျနေပြီး သူ၏ ဝိညာဉ်ခန္ဓာ လုံးဝ ကုန်ဆုံးသွားသည့်အလား ရှိနေတော့၏။

တုန်းဖန်းမိသားစု၏ သခင်လေး တစ်ယောက်အနေဖြင့် တုန်းဖန်းရှောက်ယွင်သည် ထူးခြားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ရှုမီမြို့တော်၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦးလည်း ဖြစ်သည်။ သူသည် အခြားသော ပါရမီရှင်များထက် သာလွန်ပြီး ရွယ်တူများကို မွေးရာပါ အထက်စီးဆန်သော အမူအရာဖြင့် ကြည့်ရှုလေ့ရှိကာ အခြားသူများက သူ့ကို လှမ်း၍ပင် မမှီနိုင်သကဲ့သို့ ခံစားရစေသည်။

သို့သော် ဖုန်းဝူချန်နှင့် တွေ့ဆုံပြီးနောက်တွင်မူ အရာအားလုံးက ပြောင်းလဲသွားခဲ့တော့၏။ တုန်းဖန်းရှောက်ယွင်၏ မာနနှင့် ဂုဏ်သိက္ခာတို့မှာ ဖုန်းဝူချန်၏ ရက်စက်စွာ နင်းခြေခြင်းကို ခံလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်း အရာအားလုံး ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရတော့၏။

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကို တုန်းဖန်းရှောက်ယွင်အနေဖြင့် ခံနိုင်ရည်မရှိတော့ဘဲ လတ်တလောတွင် လက်မခံနိုင်သေးအောင် ဖြစ်နေရသည်။

“ပထမ အကြီးအကဲ ... မိသားစုခေါင်းဆောင်အတွက် လက်စားချေဖို့ကို မေ့ထားလို့ မဖြစ်ဘူး”

ရုတ်တရက် ခန်းမဆောင်အတွင်းရှိ သေမင်းတမန် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဟုတ်တယ် ပထမ အကြီးအကဲ ... မိသားစုခေါင်းဆောင် သေတာ အချည်းနှီး မဖြစ်စေရဘူး၊ သူ့အတွက် သေချာပေါက် လက်စားချေရမယ်”

အခြား တစ်ယောက်ကလည်း ထောက်ခံလိုက်၏။

ပထမ အကြီးအကဲက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ သူ၏ ရင်တွင်းမှ ထိတ်လန့်မှုများကို ဖိနှိပ်ပြီး တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“မိသားစုခေါင်းဆောင်အတွက် သေချာပေါက် လက်စားချေရမယ်၊ သူက ထျန်းယွင်ဇီနဲ့ အဆက်အသွယ် ရှိခဲ့တာလေ၊ သူက မိသားစုခေါင်းဆောင်အတွက် လက်စားချေပေးနိုင်ကောင်းပါရဲ့”

ပထမ အကြီးအကဲက မှောင်မိုက်သော လေသံဖြင့် ပြောလိုက်သည်။

“ထျန်းယွင်ဇီ ဟုတ်လား ... အဲဒီအဘိုးကြီးက အရမ်း လောဘကြီးတာလေ၊ ဘယ်လို ရတနာတွေ တောင်းဦးမလဲ မသိဘူး”

ဒုတိယ အကြီးအကဲက အံကို ကြိတ်ကာ ပြောလိုက်သည်။ ထျန်းယွင်ဇီ၏ နာမည်ကို ကြားလိုက်ရသည်နှင့် သူ၏ ရင်တွင်း၌ ဒေါသများ ပြည့်နှက်သွားပုံရ၏။

“တုန်းဖန်းမိသားစုရဲ့ တစ်ဝက်ကို ပေးရမယ်ဆိုရင်တောင် ငါ နောက်မတွန့်ဘူး၊ ဒီကိစ္စကို လွယ်လွယ်နဲ့ ပြီးသွားခွင့် မပေးနိုင်ဘူး၊ နို့မဟုတ်ရင် တုန်းဖန်းမိသားစုက မြောက်ဘက် ဆန်းကြယ် နယ်မြေမှာ ဘယ်လိုလုပ် မျက်နှာပြနိုင်တော့မှာလဲ၊ အဲဒီခွေးမသားလေးနဲ့ ငါတို့ အသေအကြေ ရန်သူတွေပဲ”

ပထမ အကြီးအကဲက မထုံတက်တေး ပြောလိုက်ပြီး တွေးလေလေ ပို၍ ဒေါသထွက်လာလေ ဖြစ်နေတော့၏။

ခဏရပ်ပြီးနောက် ပထမ အကြီးအကဲက ဆက်လက်၍ ... ဆိုလိုက်သည်။

“ငါတို့ သုံးယောက် ထျန်းယွင်ဇီဆီကို ဒီညတွင်းချင်း သွားကြတာပေါ့၊ အဲဒီကောင်လေး ရှုမီမြို့ကနေ ထွက်သွားမှာ စိုးရတယ်”

ထျန်းယွင်ဇီသည် မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် အလွန် ဩဇာတိက္ကမ ကြီးမားပြီး ထူးခြားသော အဆင့်အတန်း ရှိသည့် အဆင့် (၇) အင်းကွက်ဆရာ တစ်ဦး ဖြစ်ကာ ကျင့်ကြံသူ မရေမတွက်နိုင်အောင် လေးစားခံရသူ တစ်ဦး ဖြစ်သည်။

သို့သော် ထျန်းယွင်ဇီသည် သူ၏ အဆုံးအစမရှိသော လောဘကြောင့်လည်း နာမည်ကြီး၏။

အကြီးအကဲ သုံးဦးက ညဥ့်နက်ချိန်တွင် သွားရောက် တွေ့ဆုံပြီး တုန်းဖန်းမိသားစု၏ တစ်ဝက်ကို ပေးမည်ဟု ကမ်းလှမ်းလိုက်သောအခါ ထျန်းယွင်ဇီမှာ အလွန်အမင်း ဝမ်းသာသွားပြီး ချက်ချင်း သဘောတူလိုက်ကာ ယုံကြည်ချက် အပြည့် ရှိနေတော့သည်။

အဆင့် (၇) အင်းကွက်ဆရာ တစ်ဦးအနေဖြင့် ထျန်းယွင်ဇီသည် အစွမ်းထက် ပညာရှင်များစွာကို သိကျွမ်းထားရာ ဖုန်းဝူချန်ကဲ့သို့ လူမျိုးကို သူ လုံးဝ အလေးအနက် မထားပါချေ။

တုန်းဖန်းမိသားစုမှာ သည်လောက် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်ရပြီးနောက် ထျန်းယွင်ဇီမှလွဲ၍ မည်သူ့ထံမှ အကူအညီ တောင်းရမည်ကို မသိတော့ပါာ

တစ်ညတာ အနားယူပြီးနောက် ရှုမီ ချောက်ကမ်းပါး အကြောင်း အချက်အလက် အချို့ကို စုဆောင်းကာ ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် ရှုမီ ချောက်ကမ်းပါးသို့ ထွက်ခွာလာကြသည်။

သို့သော် တည်းခိုခန်းမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်နှင့် အဖွဲ့သားများက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိလိုက်ကြ၏။

“သခင် ... တစ်ယောက်ယောက်က ကျွန်မတို့ကို လျှို့ဝှက် စောင့်ကြည့်နေတယ်၊ ထျန်းကျီဘုံ အဆင့် (၆) ပညာရှင် တစ်ယောက်ပဲ” လန်ယွဲ့က တိုးညှင်းစွာ သတိပေးလိုက်သည်။

“တစ်ယောက်တည်း မဟုတ်ဘူး၊ အများကြီးပဲ ... ကြည့်ရတာ တုန်းဖန်းမိသားစုက ဒီကိစ္စကို လွယ်လွယ်နဲ့ အဆုံးသတ်ဖို့ အစီအစဉ် မရှိဘူးထင်တယ်”

ဖုန်းဝူချန်က ခေါင်းကို အသာအယာ ခါယမ်းရင်း ဆိုလိုက်သည်။

ဤကိစ္စမှာ တုန်းဖန်းမိသားစုနှင့် ပတ်သက်နေမည်ဟု သူ တွက်ဆထားပြီးသားပါပင်။

---

အခန်း (၇၇၉) - ဝူချန်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

~ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် မြို့တံခါးဆီသို့ အသံတိတ် ထွက်ခွာလာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးရှိ လမ်းမများပေါ်တွင် လူသူကင်းမဲ့နေပြီး တစ်စုံတစ်ခုကို ကြိုတင်သိရှိထားသည့်အလား ခြောက်ကပ်နေတော့၏။

မြို့တံခါးပေါက်တွင်လည်း မည်သူမျှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေကာ ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ အလွန်တရာ ခြောက်ခြားဖွယ်ကောင်းပြီး ပြင်းထန်သော မလုံခြုံမှု အငွေ့အသက်များက လွှမ်းမိုးနေသည်။

“နန်းတော်သခင် ... အလစ်အငိုက် တိုက်ခိုက်ဖို့ စောင့်နေကြတယ်၊ ဝိညာဉ်စွမ်းအား အရှိန်အဝါတစ်ခုကို ကျွန်တော် အာရုံခံမိတယ်”

ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်ကာ သတိပေးလိုက်ပြီး သူ၏ မျက်နှာထားမှာ ပိုမို လေးနက်တည်ကြည်လာတော့၏။

“သခင် ... ထျန်းကျီဘုံ သိုင်းပညာရှင် ဆယ်ယောက်ကျော်လောက် ရှိတယ်”

လန်ယွဲ့ကလည်း သတိကြီးစွာထားရင်း လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

“ပုန်းနေစရာ မလိုတော့ပါဘူး၊ အရူးတောင် သိနိုင်တဲ့ ကိစ္စပဲဟာကို”

ဖုန်းဝူချန်က သူ၏ နှုတ်ခမ်းထောင့်တွင် အထင်သေးသော အပြုံးတစ်ခုကို ချိတ်ဆွဲလျက် ခပ်အေးအေးပင် ပြောလိုက်သည်။

ဖုန်းဝူချန်တို့အဖွဲ့ ရောက်ရှိလာသည်ကို တုံ့ပြန်သည့်အနေဖြင့် မြို့တံခါးပေါက် တစ်ဝိုက်မှ သန်မာသော စွမ်းအင်လှိုင်းများ ရုတ်တရက် အသက်ဝင်လာပြီး သူတို့ ဆယ့်ကျော်ခန့်ကို ပစ်မှတ်ထားလာကြသည်။

“ထျန်းကျီဘုံ ပညာရှင် ဆယ့်ရှစ်ယောက်တောင်ပါလား”

လျိုချင်းယန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။ ဤအင်အားစုကြီးမှာ တကယ့်ကို အထင်ကြီးလောက်စရာပင် ဖြစ်ပါ၏။

“ထျန်းကျီဘုံ အဆင့် (၉) အထွတ်အထိပ် ပညာရှင် တစ်ယောက်တောင် ပါသေးတယ်”

ကျန်းကျွင့်လန်က မျက်မှောင်ကြုတ်ကာ ...

“တုန်းဖန်းမိသားစုက ဒီလောက် အစွမ်းထက်တဲ့ ပညာရှင်တွေ အများကြီးကို စုစည်းနိုင်တာလား” ဟု မေးလိုက်သည်။

“ဝှစ် ... ဝှစ် ... ဝှစ် ...”

မကြာမီမှာပင် မြို့တံခါးထက်ဝယ် ထျန်းကျီဘုံ ပညာရှင် ဆယ်ယောက်ကျော်ခန့် လျှပ်တစ်ပြက် ပေါ်ထွက်လာကြပြီး လူရိပ်အချို့က မြို့တံခါးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ ထိုသူများထဲတွင် တုန်းဖန်းမိသားစု၏ အကြီးအကဲ သုံးဦးလည်း ပါဝင်သည်။

“ထင်တဲ့အတိုင်း တုန်းဖန်းမိသားစုပဲ”

ဟု ပေတိုယန်က အေးစက်သော မျက်နှာထားဖြင့် ရက်စက်စွာ ဆိုလိုက်သည်။

“အဆင့် (၇) အင်းကွက်ဆရာပါလား”

ယဲ့ထျန်းဝေက ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ဦးကို ကြည့်ကာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိ၏။

“အဆင့် (၇) အင်းကွက်ဆရာ ထျန်းယွင်ဇီပဲ”

ကျန်းကျွင့်လန်ကလည်း အလန့်တကြား ရေရွတ်လိုက်သည်။

“ရှောင်ကျန်း ... မင်း သူ့ကို သိလို့လား”

ဖုန်းဝူချန်က ကျန်းကျွင့်လန်ဘက်သို့ လှည့်ကာ မေးလိုက်၏။

ကျန်းကျွင့်လန်က ခေါင်းခါယမ်းလိုက်ပြီး ... ဟု ရှင်းပြလိုက်သည်။

“ကျွန်တော် သူ့ကို ကိုယ်တိုင်ကိုယ်ကျတော့ မသိပါဘူး၊ အရင်က တစ်ခါတော့ မြင်ဖူးတယ်၊ ဒီလူက လောဘကြီးပြီး ရောင့်ရဲတင်းတိမ်မှု မရှိတဲ့သူပဲ၊ တုန်းဖန်းမိသားစုက သူ့ကို သိမ်းသွင်းနိုင်ခဲ့တာ မဆန်းပါဘူး၊ ဒီထျန်းကျီဘုံ ပညာရှင်တွေလည်း သူ ခေါ်လာတာပဲ ဖြစ်ရမယ်”

ထိုအခါ၊ ဖုန်းဝူချန်၏ အကြည့်က ထျန်းယွင်ဇီထံသို့ ရောက်ရှိသွား၏။ သူသည် အဆင့် (၇) အင်းကွက်ဆရာ တစ်ဦး ဖြစ်သော်ငြားလည်း ဖုန်းဝူချန်မှာ အနည်းငယ်မျှပင် မဖြုံပါချေ။

“ခွေးမသားလေး ... မင်းက ငါတို့ရဲ့ မိသားစုခေါင်းဆောင်ကို သတ်ခဲ့တယ်ပေါ့လေ၊ မင်း ရှုမီမြို့ထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ် မထင်နဲ့”

တုန်းဖန်းမိသားစု၏ ပထမ အကြီးအကဲက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ အိုမင်းနေသော မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ ရှုံ့မဲ့နေတော့၏။

“မိသားစုခေါင်းဆောင်ကို သတ်ခဲ့တာ အဲဒီကောင်လေးပဲ၊ ထျန်းယွင်ဇီ ... ခင်ဗျား သူ့ကို သတ်ပေးနိုင်သရွေ့ ငါတို့ရဲ့ ကတိက ပျက်ပြယ်မှာ မဟုတ်ဘူး”

ဒုတိယ အကြီးအကဲက ဖုန်းဝူချန်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ရင်တွင်းမှ မုန်းတီးမှုများမှာ အရိုးထဲအထိ စွဲဝင်နေပုံ ရ၏။

ထျန်းယွင်ဇီက ဖုန်းဝူချန်ကို အစအဆုံး သေချာစွာ အကဲခတ်လိုက်ပြီး သူ၏ ရင်တွင်း၌ အတော်လေး အံ့အားသင့်သွားရသည်။

သူက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်၏။

'ဒီလူငယ်လေးက တုန်းဖန်းလဲ့ကို သတ်နိုင်ခဲ့တယ်ဆိုတော့ သူက သာမန်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ခါမှ မမြင်ဖူးတဲ့ မျက်နှာစိမ်းလေးပါလား၊ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားလည်း မဟုတ်သလို မြောက်ဘက် ဆန်းကြယ် နယ်မြေက အင်အားကြီး အဖွဲ့အစည်းတွေရဲ့ ပါရမီရှင်လည်း မဟုတ်ဘူး၊ ဒါဆိုရင်တော့ ဟွန့် ...'

ထျန်းယွင်ဇီသည် ထူးခြားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ မည်သည့် အင်အားကြီး အဖွဲ့အစည်းကို သူ မရောက်ဖူးဘဲ နေပါမည်နည်း။ မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ ထိပ်တန်း ပါရမီရှင်များထဲတွင် မည်သူ့ကို သူ မသိဘဲ နေပါမည်နည်း။

ထိုသို့ တွေးတောပြီးနောက် ထျန်းယွင်ဇီက မောက်မာစွာဖြင့် ...

ပြန်ဖြေလိုက်သည်။

“ဒါပေါ့ ...”

“သူ့ကို သတ်လိုက် ... မင်းတို့ထဲက တစ်ယောက်စီတိုင်းကို မြေကမ္ဘာအဆင့် အင်းကွက် တစ်ခုစီ ပေးမယ်”

ထျန်းယွင်ဇီက အပိုစကားတွေ ပြောမနေတော့ဘဲ ဖုန်းဝူချန်ကို ချက်ချင်း သတ်ရန် အမိန့်ပေးလိုက်တော့၏။

ထိုစကားကို ကြားလိုက်ရသည်နှင့် ထျန်းကျီဘုံ ပညာရှင် ဆယ့်ရှစ်ယောက်စလုံးမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ မြေကမ္ဘာအဆင့် အင်းကွက်များမှာ အလွန်တရာ အစွမ်းထက်ပြီး အသက်ကယ် လက်နက် တစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။

“အဘိုးကြီး ... ခင်ဗျား သေချာ စဉ်းစားတာ ပိုကောင်းမယ်နော်၊ ခင်ဗျား ဒီအဆင့် (၇) အင်းကွက်ဆရာ ဖြစ်လာဖို့ဆိုတာ မလွယ်ကူခဲ့ဘူး မဟုတ်လား”

ဖုန်းဝူချန်က ခြိမ်းခြောက်သည့် ဟန်ပန်ဖြင့် မထုံတက်တေး လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

“မင်းက တော်တော် သတ္တိကောင်းနေပါလား၊ ငါ့ကိုတောင် ခြိမ်းခြောက်ရဲတယ်ပေါ့လေ၊ ကံဆိုးတာက ငါက မင်းရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုမစိုက်တာပဲ ... တိုက်ကြစမ်း”

ထျန်းယွင်ဇီက မထုံတက်တေး အမိန့်ပေးလိုက်၏။

အဆင့် (၇) အင်းကွက်ဆရာ တစ်ဦး၏ အဆင့်အတန်းမှာ အလွန် မြင့်မားလှပေရာ လူငယ်လေး တစ်ယောက်၏ ခြိမ်းခြောက်မှုကို သူ မည်သို့ ကြောက်ရွံ့ပါမည်နည်း။

ထို့အပြင် ထျန်းယွင်ဇီ၏ အတွေ့အကြုံအရ ဖုန်းဝူချန်မှာ မြောက်ဘက် ဆန်းကြယ် နယ်မြေမှ လူတစ်ယောက် မဟုတ်ကြောင်း သူ အတည်ပြုနိုင်သဖြင့် ပို၍ပင် မကြောက်တော့ပါချေ။

ထျန်းကျီဘုံ ပညာရှင် ဆယ့်ရှစ်ယောက်မှာ လှုပ်ရှားရန် အသင့်ဖြစ်နေကြတော့၏။ ဖုန်းဝူချန်က တုန်းဖန်းလဲ့ကို သတ်ခဲ့ကြောင်း သူတို့ သိထားသော်လည်း သူတို့ ဆယ့်ရှစ်ယောက်စလုံး ပူးပေါင်း တိုက်ခိုက်မည်ဆိုပါက ဘာကိုများ ကြောက်စရာ လိုဦးမည်နည်း။

“ခွေးမသားလေး ... မင်းသေရမယ့် အချိန် ရောက်လာပြီ”

ပထမ အကြီးအကဲနှင့် အခြားသူများက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်ကြသည်။

“ဝီ ... ဝီ ...”

သန်မာသော စွမ်းအားများ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာပြီး သူတို့၏ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါများမှာ ကောင်းကင်ယံအထိ ထိုးတက်သွားရာ ရှုမီမြို့တော်၏ ကောင်းကင်ကြီးမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး အမည်းရောင် အက်ကွဲကြောင်းကြီးများ ခြောက်ခြားဖွယ်ရာ ပေါ်ထွက်လာတော့၏။

“မင်းက တကယ် ကံကောင်းတဲ့ ကောင်လေးပဲ”

ထျန်းကျီဘုံ အဆင့် (၉) ပညာရှင်က မျက်လုံးများကို မှေးကာ လှောင်ပြောင်သည့် လေသံဖြင့် ရက်စက်စွာ ပြောလိုက်သည်။

“ဝှစ် ... ဝှစ် ... ဝှစ် ...”

ထျန်းကျီဘုံ ပညာရှင် ဆယ့်ရှစ်ယောက်မှာ အုံနှင့်ကျင်းနှင့် ပြေးဝင်လာကြပြီး အားလုံးက တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြ၏။

“နောက်ဆုတ်နေကြ”

ဖုန်းဝူချန်က မထုံတက်တေး အမိန့်ပေးလိုက်သည်။ သူ စကားပြောနေစဉ်မှာပင် နဂါးနတ်ဘုရားဓားကို ဆင့်ခေါ်ပြီး သူ၏ အစွမ်းကုန် ထုတ်သုံးကာ အသက်သွင်းလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း ဖုန်းဝူချန်၏ အရှိန်အဝါသည် ထျန်းကျီဘုံ အဆင့် (၉) အထွတ်အထိပ်သို့ တစ်ဟုန်ထိုး တက်သွားလေတော့၏။

“ထျန်းကျီဘုံ အဆင့် (၉) အထွတ်အထိပ် ပါလား ... ဒါက..”

ဝမ်းသာအားရ ဖြစ်နေသော အကြီးအကဲ သုံးဦး၏ မျက်နှာများမှာ ရုတ်တရက် တောင့်တင်းသွားကြသည်။

ဖုန်းဝူချန်တွင် ထျန်းကျီဘုံ အဆင့် (၉) ၏ စွမ်းအား ရှိနေသောကြောင့်သာ တုန်းဖန်းလဲ့မှာ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ခြင်း ဖြစ်ကြောင်း ယခုအခါမှ သူတို့ သဘောပေါက်သွားကြတော့၏။

“တကယ့်ကို အံ့မခန်းပဲ၊ နတ်ဘုရားအသွင်ပြောင်းဘုံကိုတောင် ရောက်တော့မှာ ပါလား ... မင်းတို့က သူ့ကို အဆင့် (၈) လို့ ပြောခဲ့တယ် မဟုတ်ဘူးလား၊ ဒီကောင်လေးက ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ”

ထျန်းယွင်ဇီ၏ အိုမင်းနေသော မျက်နှာပေါ်တွင်လည်း အံ့အားသင့်မှုများ ပေါ်လွင်နေတော့၏။

ပြေးဝင်လာသော ထျန်းကျီဘုံ ပညာရှင် ဆယ့်ရှစ်ယောက်မှာလည်း ကြောက်လန့်တကြား တုန်ရီသွားကြပြီး အားနည်းသူအချို့မှာ အလိုအလျောက် ရပ်တန့်သွားကြကာ ဆက်လက် မလှုပ်ရှားရဲကြတော့ချေ။

ဖုန်းဝူချန်သည် သူ၏ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် လူသတ်ချင်စိတ်များ ပြည့်နှက်နေကာ ထိုဆယ့်ရှစ်ယောက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ၏ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါများ အသက်ဝင်လာရာ လူတိုင်း၏ ဝိညာဉ်ကိုပင် ဖမ်းစားထားနိုင်ပြီး ကြက်သီးမွေးညှင်းထစရာ ကောင်းလှ၏။

ဖုန်းဝူချန်က လေးနက်သော လေသံဖြင့် ... ကြေညာလိုက်သည်။

“မင်းတို့ထဲက တစ်ယောက်မှ မြေကမ္ဘာအဆင့် အင်းကွက်ကို အသက်ရှင်လျက် ခံစားနိုင်မှာ မဟုတ်ဘူး”

“မကောင်းတော့ဘူး ... ပြေးကြ”

“ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားပဲ”

“သူ့ရဲ့ စွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ နားကိုတောင် ရောက်နေပြီ၊ ငါတို့ သူ့ကို မယှဉ်နိုင်ဘူး ... ပြေးကြ”

ထိုအခိုက်အတန့်တွင် ထျန်းကျီဘုံ ပညာရှင် ဆယ့်ရှစ်ယောက်စလုံးမှာ ဖုန်းဝူချန်၏ သန်မာသော စွမ်းအားကြောင့် ကြောက်လန့်သွားကြပြီး လှည့်ထွက်ပြေးရန် ပြင်လိုက်ကြတော့သည်။

“ပြေးဖို့ တွေးနေတာလား ... နောက်ကျသွားပြီ”

ဖုန်းဝူချန်က ရေခဲပမာ မထုံတက်တေး ပြောလိုက်လေရာ သူ၏ အသံကြောင့် လူတိုင်း တုန်ရီသွားကြရသည်။

ဖုန်းဝူချန်သည် လျှပ်တစ်ပြက် နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုကာ မျက်တောင်တစ်ခတ်အတွင်း ပေါ်ထွက်လာပြီး နဂါးနတ်ဘုရားဓားကို လျှပ်စီးတန်းတစ်ခုပမာ ဝှေ့ယမ်းလိုက်၏။

“ဝှစ် ... ဝှစ် ... ဝှစ် ...”

“ရွှမ်း ... ရွှမ်း ... ရွှမ်း ...”

မျက်တောင်တစ်ခတ်အတွင်း သွေးရောင် အလင်းတန်း ဆယ်ခုကျော်မှာ တစ်ပြိုင်နက်တည်းနီးပါး ပေါ်ထွက်လာပြီး သွေးများ ပန်းထွက်လာတော့၏။ ထျန်းကျီဘုံ ပညာရှင် ဆယ့်ခုနစ်ဦးမှာ ဖုန်းဝူချန်၏ ဓားချက်ဖြင့် လည်ပင်းကို အပိုင်းခံလိုက်ရပြီး နေရာမှာတင် လဲကျသေဆုံးသွားကြသည်။

ခဏလေးအတွင်းမှာပင် ထျန်းကျီဘုံ ပညာရှင် ဆယ့်ခုနစ်ဦး အသတ်ခံလိုက်ရသည်တဲ့လား ... ဤစွမ်းအားမှာ မည်မျှ ကြောက်စရာကောင်းလိုက်သနည်း။

“နန်းတော်သခင်က တကယ် ရက်စက်ပြီဆိုရင် အရမ်း ကြောက်ဖို့ကောင်းတာပဲ၊ ထျန်းကျီဘုံ ပညာရှင် ဆယ့်ခုနစ်ယောက်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ပစ်လိုက်တာလား”

ထိုအံ့မခန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကြောင့် ယဲ့ထျန်းဝေနှင့် အခြားသူများမှာ ကြောက်လန့်တကြား ချွေးသီးချွေးပေါက်များ ကျလာကြသည်။

တုန်းဖန်းမိသားစု၏ အကြီးအကဲ သုံးဦးနှင့် ထျန်းယွင်ဇီမှာ လုံးဝ ဆွံ့အသွားကြပြီး သူတို့၏ မျက်နှာများမှာ အလွန်အမင်း အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့၏။

“ဂလု ...”

ထျန်းကျီဘုံ အဆင့် (၉) ပညာရှင်မှာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ သည်လောက် ကြောက်စရာကောင်းသော လူငယ်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။

သူသည် အနည်းငယ်မျှပင် မလှုပ်ရဲတော့ပါချေ။ အကြောင်းမူကား ဖုန်းဝူချန်၏ ဓားဦးဖျားက သူ၏ လည်ပင်းကို ချိန်ရွယ်ထားပြီး ဖြစ်သောကြောင့်ပင်။ အကယ်၍ သူသာ ရုတ်တရက် လှုပ်ရှားလိုက်ပါက သူ သွားရမည့် လမ်းမှာ သေလမ်း တစ်ခုတည်းသာ ရှိတော့မည် ဖြစ်သည်။

ထျန်းကျီဘုံ အဆင့် (၉) ပညာရှင် တစ်ဦးဖြစ်ပါလျက် ဖုန်းဝူချန် မည်သည့်အချိန်တွင် သူ၏အနီးသို့ ရောက်ရှိလာသည်ကို သူ လုံးဝ သတိမထားမိခဲ့ပါချေ။

“မင်းက ငါ့ကို ကံကောင်းတယ်လို့ ပြောခဲ့တယ်မလား၊ ငါလည်း သဘောတူပါတယ်၊ ထျန်းကျီဘုံ ပညာရှင် တစ်ယောက်ဆိုတော့ မင်းဆီမှာ ရတနာတွေ အများကြီး ရှိမှာပဲ၊ ရတနာတွေ လာပို့ပေးတဲ့အတွက် ကျေးဇူးပဲကွာ”

ဖုန်းဝူချန်က လှောင်ပြောင်သည့်ဟန်ဖြင့် မထုံတက်တေး ရယ်ရင်း ပြောလိုက်သည်။

ထျန်းကျီဘုံ အဆင့် (၉) ပညာရှင်၏ မျက်နှာမှာ သွေးဆုတ်သွားပြီး သူ၏ ယွမ်စွမ်းအင်များကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူ၏ ကိုယ်ဟန်မှာ လျင်မြန်စွာ နောက်သို့ ဆုတ်ခွာသွားပြီး တိုက်ရိုက် ထွက်ပြေးရန် ကြိုးစားလိုက်တော့သည်။

“ဟင်းလင်းပြင် ဖြတ်သန်းခြင်း”

ဖုန်းဝူချန်သည် ရွှေရောင်နဂါး တံဆိပ်တုံးကို အသက်သွင်းလိုက်ရာ သူ၏ ကိုယ်ဟန်မှာ ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး တိုက်ရိုက် ပျောက်ကွယ်သွား၏။

ဖုန်းဝူချန် ပြန်လည် ပေါ်ထွက်လာချိန်တွင် လူရိပ်တစ်ခုမှာ အောက်သို့ ပြုတ်ကျနေလေ၏။

ထိုသူမှာ ထွက်ပြေးရန် ကြိုးစားခဲ့သော ထျန်းကျီဘုံ အဆင့် (၉) ပညာရှင်ပင်။

---

အခန်း (၇၈၀) - ထျန်းယွင်ဇီ ကျဆုံးခြင်း

~မျက်တောင်တစ်ခတ်အတွင်းမှာပင် ထျန်းကျီဘုံ ပညာရှင် ဆယ့်ရှစ်ဦးသည် ဖုန်းဝူချန်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားခဲ့ရသည်။

သူ၏ ပြင်းထန်သော စွမ်းအားများနှင့် ရက်စက်ကြမ်းကြုတ်လှသည်ြ လုပ်ရပ်များက တုန်းဖန်းမိသားစု၏ အကြီးအကဲ သုံးဦးအပြင် ထျန်းယွင်ဇီကိုပါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့တော့၏။

“ပြီးပြီ... အကုန်ပြီးဆုံးသွားပြီ”

အကြီးအကဲ သုံးဦးမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားပြီး ကြောက်လန့်တကြား တစ်ကိုယ်လုံး တုန်ရီနေကြသည်။ ဖုန်းဝူချန်အား ထပ်မံ ပြစ်မှားမိခဲ့သည့်အတွက် နောက်ဆက်တွဲ ရလဒ်များကို သူတို့ ဆက်လက်၍ပင် မတွေးဝံ့ကြတော့ချေ။

“အသိဉာဏ်မရှိတဲ့ အဘိုးကြီး သုံးယောက်... ခင်ဗျားတို့က ခေါင်းတလားကို မမြင်မချင်း မျက်ရည်မကျမယ့် လူစားမျိုးတွေပဲ”

ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်ပြီး သူ၏ ရက်စက်သော အကြည့်များက အကြီးအကဲ သုံးဦးထံသို့ ကျရောက်သွားရာ သူတို့မှာ ကြောက်လန့်လွန်းသဖြင့် ဒူးထောက်ကျသွားကြသည်။

“ညီလေး... ကျေးဇူးပြုပြီး သနားညှာတာပေးပါ၊ ငါတို့ရဲ့ အသက်ကို ချမ်းသာပေးပါ”

“ငါတို့ တစ်ခဏတာ စိတ်ရှုပ်ထွေးပြီး မိသားစုခေါင်းဆောင်အတွက် လက်စားချေဖို့ တွေးမိတာ ငါတို့အမှားပါ”

“ညီလေး... ငါတို့ မှားမှန်း သိပါပြီ၊ ငါတို့ရဲ့ အသက်ကို ချမ်းသာပေးပါ၊ တုန်းဖန်းမိသားစုက ငါတို့ရဲ့ အထောက်အပံ့ကို လိုအပ်နေသေးလို့ပါ”

အကြီးအကဲ သုံးဦးမှာ သတ္တိတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး အကြိမ်ကြိမ် ခေါင်းတိုက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေကြတော့၏။

“ခင်ဗျားတို့က တုန်းဖန်းမိသားစု ခေါင်းဆောင်ကို အဲဒီလောက်တောင် လွမ်းနေမှတော့ ကျုပ်က သူ့ဆီ သွားတွေ့ဖို့ ကူညီပေးရမှာပေါ့”

ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်သည်။ စကားပြောနေရင်းမှာပင် သူ၏ ဘယ်ဘက်လက်ဖဝါးတွင် အမည်းရောင် မီးတောက်တစ်ခု စုစည်းလာပြီး အလွန်တရာ အေးစက်လှသော အငွေ့အသက်များ ရုတ်တရက် အသက်ဝင်လာတော့၏။

“ရှီး... ရှီး...”

ထိုအေးစက်သော အငွေ့အသက်များ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ လေထုမှာ ရေခဲများအဖြစ် အစိုင်အခဲဖြစ်သွားပြီး ပေဆယ်နှင့်ချီ ကျယ်ဝန်းသော ဧရိယာမှာ ရေခဲကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ရေခဲပမာ အေးစက်နေသော အမည်းရောင် မီးတောက်ကို မြင်လိုက်ရသည့်အခါ အကြီးအကဲ သုံးဦးမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားကြတော့၏။

“ဒါ... ဒါက မီးတောက်လား”

ဖုန်းဝူချန်၏ လက်ဖဝါးထဲရှိ အမည်းရောင် မီးတောက်ကို ကြည့်ရင်း ထျန်းယွင်ဇီ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ၏ အိုမင်းနေသော မျက်လုံးကြီးများမှာလည်း ပြူးကျယ်နေတော့၏။ ထိုအချိန်မှာပင် ထျန်းယွင်ဇီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော မီးတောက်မှာ ဖိနှိပ်ခံထားရပြီး အလွန်အမင်း အားနည်းသွားသကဲ့သို့ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

“ငါ သန့်စင်ထားတဲ့ ကောင်းကင်ကိုးပါး စစ်မှန်သော မီးတောက်ကတောင် ဖိနှိပ်ခံထားရပါလား”

ထျန်းယွင်ဇီ၏ ရင်တွင်း၌ နောက်တစ်ဖန် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရပြန်၏။

“ဝှစ်... ဝှစ်... ဝှစ်...”

ဖုန်းဝူချန်က မည်သည့် သနားညှာတာမှုမျှ မရှိဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အမည်းရောင် မီးတောက် သုံးခုမှာ လျှပ်တစ်ပြက် ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင် တစ်ခုလုံးမှာလည်း မျက်စိရှေ့တွင်ပင် ရေခဲမြစ်များအဖြစ် ပြောင်းလဲသွားတော့၏။ ထျန်းယွင်ဇီမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ချက်ချင်း ရှောင်တိမ်းလိုက်သည်။

“မလုပ်ပါနဲ့... ကျေးဇူးပြုပြီး သနားပါဦး ညီလေးရာ... ငါတို့ကို အသက်ချမ်းသာပေးပါ”

အမည်းရောင် ဝူမီးတောက်များက အကြီးအကဲ သုံးဦးကို အပိုင်သော့ခတ်ထားပြီးဖြစ်ရာ သူတို့၏ မျှော်လင့်ချက်မဲ့သော အော်ဟစ်သံများသာ ထွက်ပေါ်လာတော့၏။

မနေ့ကတည်းက ဖုန်းဝူချန်၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားခဲ့သော အကြီးအကဲ သုံးဦး၏ ဒဏ်ရာများမှာ အပြည့်အဝ မသက်သာသေးသဖြင့် ဝူမီးတောက်ကို ရှောင်တိမ်းနိုင်စွမ်း မရှိသလို ၎င်း၏ လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားကိုလည်း မခုခံနိုင်ဘဲ မျက်တောင်တစ်ခတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

“ဒေါင်... ဒေါင်... ဒေါင်...”

သိုလှောင်ကွင်း သုံးကွင်း မြေပြင်ပေါ်သို့ ကျလာပြီး ကြည်လင်သော အသံများ ထွက်ပေါ်လာသည်။

“ချင်းယန်၊ လင်းယို၊ ဝူရွှမ်... သွားပြီး လက်ရပစ္စည်းတွေကို သိမ်းလိုက်ကြ”

ဖုန်းဝူချန်က မဲ့ပြုံးလေး ပြုံးရင်း အမိန့်ပေးလိုက်သည်။ ထျန်းကျီဘုံ ပညာရှင်များ၏ သိုလှောင်ကွင်းများတွင် ရတနာများစွာ ရှိနေမည်မှာ သေချာလှသည်။

“အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ”

လျိုချင်းယန်နှင့် အခြားသူများမှာ အားတက်သရော ပြေးထွက်သွားကြပြီး လက်ရပစ္စည်းများကို အတွေ့အကြုံရင့်ကျက်သူများပမာ ကျွမ်းကျင်စွာ သိမ်းဆည်းလိုက်ကြသည်။

ဖုန်းဝူချန်က ထျန်းယွင်ဇီကို မထုံတက်တေး စိုက်ကြည့်ရင်း သူ၏ ကိုယ်ဟန်က ဖြည်းညင်းစွာ အောက်သို့ ဆင်းသက်လာပြီး မောက်မာစွာဖြင့် ...

“အဆင့် (၇) အင်းကွက်ဆရာဆိုတာ ဟုတ်သလား... တုန်းဖန်းမိသားစုက ခင်ဗျားကို ဘယ်လို အကျိုးအမြတ်တွေ ပေးထားလို့ ဒီလောက်မြန်မြန် ကျုပ်ဆီ ရောက်လာလဲဆိုတာတော့ ကျုပ် မသိဘူး၊ ဒါပေမဲ့ ခင်ဗျား ဒီနေ့ ပြန်သွားနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ပြတ်ပြတ်သားသား ပြောလိုက်မယ်” ဟု ဆိုလိုက်သည်။

ထျန်းယွင်ဇီက မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်ပြီး သူ၏ အိုမင်းနေသော မျက်နှာကြီးမှာ အလွန်တရာ လေးနက်တည်ကြည်သွားတော့၏။

ဖုန်းဝူချန်၏ စွမ်းအားများကို ငြင်းပယ်၍ မရသော်လည်း ထိုအရာက ထျန်းယွင်ဇီကို ထိတ်လန့်သွားစေရန် လုံလောက်မှု မရှိသေးပါချေ။ ထျန်းယွင်ဇီသည် အဆင့် (၇) အင်းကွက်ဆရာ တစ်ဦး ဖြစ်သည့်အပြင် ထျန်းကျီဘုံ အဆင့် (၉) သို့လည်း ရောက်ရှိနေပြီ ဖြစ်ရာ မြေကမ္ဘာအဆင့် အင်းကွက်များနှင့် ပေါင်းစပ်လိုက်ပါက သူသည် ဖုန်းဝူချန်ကို လုံးဝ မကြောက်ရွံ့ပါချေ။

သို့သော် ထျန်းယွင်ဇီကို စိတ်ဝင်စားသွားစေသည်မှာ ဖုန်းဝူချန်က မည်သည့်အရာကို အားကိုးပြီး ဤကဲ့သို့ ရဲတင်းစွာ ပြောဆိုနေသနည်း ဆိုသည်ကိုပင် ဖြစ်သည်။

“မင်းရဲ့ စွမ်းအားက အားမနည်းတာ သေချာပါတယ်၊ ဒါပေမဲ့ စောစောက အမည်းရောင် မီးတောက်က ဘာကြီးလဲ”

ထျန်းယွင်ဇီက မျက်မှောင်ကြုတ်လျက် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ခင်ဗျားကို သတ်နိုင်တဲ့ မီးတောက်ပဲလေ”

ဖုန်းဝူချန်က မထုံတက်တေး ရယ်ရင်း ပြန်လည် ချေပလိုက်သည်။ စကားပြောနေရင်းပင် ဖုန်းဝူချန်က ရုတ်တရက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝူမီးတောက် အစအနလေး တစ်ခုသည် အမည်းရောင် လျှပ်စီးတန်းအဖြစ် ပြောင်းလဲသွားပြီး ပေါက်ကွဲထွက်သွားတော့၏。

ထျန်းယွင်ဇီ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူက ကောင်းကင်ယံသို့ အလျင်အမြန် ရှောင်တိမ်းလိုက်လေရာ ဝူမီးတောက်ကို အနည်းငယ်မျှပင် မထိတွေ့ရဲပါချေ။

ဝူမီးတောက်သည် အကြီးအကဲ သုံးဦးကို မျက်တောင်တစ်ခတ်အတွင်း ဝါးမြိုပစ်ခဲ့ပြီး ၎င်းမှ ပျံ့နှံ့လာသော အေးစက်သည့် အငွေ့အသက်က ဟင်းလင်းပြင်ကိုပင် အစိုင်အခဲဖြစ်အောင် ခဲသွားစေနိုင်သည်ဖြစ်ရာ ၎င်းမှာ မည်မျှ ကြောက်စရာကောင်းကြောင်း ထင်ရှားလှသည်။ ထို့အပြင် သူ၏ ကောင်းကင်ကိုးပါး စစ်မှန်သော မီးတောက်ကိုပင် ဖိနှိပ်ထားနိုင်သေးသည် မဟုတ်ပါလော။

“ထျန်းကျီဘုံ အဆင့် (၉) က ဒီလောက်တောင် သတ္တိကြောင်တာလား”

ဖုန်းဝူချန်က လှောင်ပြောင်လိုက်သည်။

ထျန်းယွင်ဇီက ဖုန်းဝူချန်ကို စိုက်ကြည့်ကာ ဘာမှ ပြန်မပြောဘဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ထိုအမည်းရောင် မီးတောက်မှာ မည်သည့်အရာ ဖြစ်ကြောင်း သူ မသိသော်လည်း ၎င်းက သူ့ကို အလွန်တရာ အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းနေသဖြင့် သူ စမ်းသပ်ရန် မဝံ့ရဲဘဲ နောက်ဆုတ်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပါ၏။

သို့သော် သူ ရောက်လာပြီးမှတော့ ဖုန်းဝူချန်က သူ့ကို အသက်ရှင်လျက် ပြန်လွှတ်ပေးပါမည်လော။

ဖုန်းဝူချန်သည် အမြဲတမ်း လက်စားချေတတ်သူ တစ်ဦး ဖြစ်သည် မဟုတ်ပါလော။

“ရောက်လာပြီးမှတော့ ဘာလို့ ပြန်သွားချင်ရတာလဲ”

ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်ပြီး ခမ်းနားကြီးကျယ်လှသော ဝိညာဉ်စွမ်းအားများ ဝေ့ဝဲထွက်ပေါ်လာပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် အရူးအမူး ပေါက်ကွဲထွက်လာတော့၏။

“ဘာ... ဒါ ဝိညာဉ်စွမ်းအားပါလား... မင်းက အင်းကွက်ဆရာ တစ်ယောက်လည်း ဖြစ်နေတာလား”

ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည့်အခါ အဝေးသို့ မရောက်သေးသော ထျန်းယွင်ဇီမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ချက်ချင်း နောက်သို့ လှည့်ကြည့်လိုက်သည်။

ထျန်းယွင်ဇီ၏ အိုမင်းနေသော မျက်နှာကြီးမှာ တောင့်တင်းသွားရ၏။ အဆင့် (၇) အင်းကွက်ဆရာ တစ်ဦးဖြစ်သည့် သူကပင် ဖုန်းဝူချန်သည် အင်းကွက်ဆရာ တစ်ယောက်ဖြစ်ကြောင်း သတိမထားမိခဲ့သည်ကို သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

“အဆင့် (၇) အင်းကွက်ဆရာ... မင်းက တကယ်ကြီး အဆင့် (၇) အင်းကွက်ဆရာ တစ်ယောက်ပါလား”

ထျန်းယွင်ဇီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပိုမို အံ့အားသင့်လာကာ လုံးဝ လက်မခံနိုင်အောင် ဖြစ်နေတော့၏။

ဖုန်းဝူချန်သည် သည်လောက် ငယ်ရွယ်သော်လည်း အဆင့် (၇) အင်းကွက်ဆရာ တစ်ဦး ဖြစ်နေသည်တဲ့လား။

အံ့ဩစရာကောင်းလိုက်တာ... ထျန်းယွင်ဇီ၏ နှလုံးသားမှာ အပြင်းအထန် တုန်လှုပ်သွားရတော့၏။

ဤအခိုက်အတန့်တွင်မှ ထျန်းယွင်ဇီသည် ဖုန်းဝူချန်၏ ယုံကြည်မှုများ မည်သည့်နေရာမှ ရရှိလာသနည်း ဆိုသည်ကို နောက်ဆုံးတော့ သဘောပေါက်သွားတော့၏။ ၎င်းမှာ သူ၏ အစွမ်းထက်လှသော ဝိညာဉ်စွမ်းအားများထံမှ လာခြင်းပင် ဖြစ်ပါ၏။

ထျန်းယွင်ဇီမှာ ပေါ့ဆရန် မဝံ့ရဲတော့ဘဲ ခုခံရန်အတွက် သူ၏ ဝိညာဉ်စွမ်းအားများကို ကမန်းကတန်း လှုံ့ဆော်လိုက်ရတော့၏။

“ဝုန်း”

“ဖူး”

အစွမ်းထက်သော ဝိညာဉ်စွမ်းအား နှစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်စွာ ရိုက်ခတ်သွားပြီး မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထျန်းယွင်ဇီ၏ အိုမင်းနေသော မျက်နှာကြီးမှာ ရှုံ့မဲ့သွားပြီး သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာတော့၏။

“ဒါ ..မဖြစ်နိုင်ဘူး...”

ထျန်းယွင်ဇီက ဖုန်းဝူချန်ကို ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့်အဝဖြင့် ကြည့်နေမိတော့သည်။

အတူတူ အဆင့် (၇) အင်းကွက်ဆရာများ ဖြစ်ကြသော်လည်း ထိပ်တိုက် ရင်ဆိုင်လိုက်သည့်အခါ ထျန်းယွင်ဇီ၏ ဝိညာဉ်ခန္ဓာမှာ ဒဏ်ရာရသွားခဲ့တော့၏။

“နန်းတော်သခင်ကတော့ တကယ် နတ်ဘုရားပါပဲဗျာ၊ နယ်ပယ် လေးခုစလုံးမှာ အဆင့် (၇) ကို ရောက်နေတာလား”

ယဲ့ထျန်းဝေက အားကျစွာဖြင့် ဆိုလိုက်သည်။

“ဒါက ဆရာ့ရဲ့ စွမ်းရည်တွေကို အပေါ်ယံ မြင်ရုံလေးပါပဲ၊ သူ့ရဲ့ တကယ့် နယ်ပယ်က ဒီထက် ပိုပြီး ကြောက်စရာကောင်းတယ်ဗျ”

ကျန်းကျွင့်လန်က ပြုံးလျက် ဝင်ပြောလိုက်၏။

ဖုန်းဝူချန်သည် နဂါးနတ်ဘုရားထံမှ အရာအားလုံးကို အမွေဆက်ခံထားပြီး နယ်ပယ် လေးခုစလုံးကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ရာ သာမန် အဆင့် (၇) အင်းကွက်ဆရာ တစ်ဦးကို ဖုန်းဝူချန်အနေဖြင့် လုံးဝ အလေးအနက်ထားစရာ အကြောင်းမရှိပါချေ။

“မင်း... မင်းက တကယ် ဘယ်သူလဲ”

ထျန်းယွင်ဇီက ကြောက်လန့်တကြား အလျင်အမြန် မေးလိုက်သည်။

ထျန်းယွင်ဇီသည် သည်လောက် ကောင်းကင်ဘုံကို အန်တုနိုင်သော ပါရမီရှင် လူငယ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ယခု ဤနေရာသို့ လာခဲ့မိသည်ကိုပင် နောင်တရနေတော့၏။

“သေတော့မယ့်သူ တစ်ယောက်က သိပိုင်ခွင့် မရှိပါဘူး”

ဖုန်းဝူချန်က မထုံတက်တေး ရယ်ရင်း ပြောလိုက်သည်။ သူသည် သူ၏ ကိုယ်တွင်းရှိ ဝူမီးတောက်ကို ထိန်းချုပ်လိုက်ပြီး နဂါးနတ်ဘုရား၏ အသက်ရှူသံကို ခြယ်လှယ်ကာ ထျန်းယွင်ဇီ၏ ကိုယ်တွင်းရှိ မီးအဆိပ်ကို ထိန်းချုပ်ကာ အပြင်သို့ ဆွဲထုတ်လိုက်သည်။

မီးအဆိပ်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည့်အခါ ထျန်းယွင်ဇီ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။

“ဒီမီးအဆိပ်က တစ်ခုခု မှားနေပြီ”

ထျန်းယွင်ဇီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤမီးအဆိပ်၏ ကြောက်မက်ဖွယ် အဆင့်မှာ ယခင် ပေါက်ကွဲခဲ့သမျှ အကြိမ်အားလုံးထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်နေသောကြောင့် ဖြစ်သည်။

“အား...”

ထျန်းယွင်ဇီမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော မီးတောက်များအဖြစ် လောင်ကျွမ်းသွားကာ အမည်းရောင် မီးခိုးငွေ့များ တထောင်းထောင်း ထွက်ပေါ်လာတော့၏။

“မင်းက ငါ့ရဲ့ မီးအဆိပ်ကို ထိန်းချုပ်နိုင်တာလား”

ထျန်းယွင်ဇီက ကြောက်လန့်တကြား အော်ဟစ်ရင်း အမှန်တရားကို ရိပ်မိသွားတော့၏။

“ခင်ဗျား ထင်တာ မှန်တယ်၊ ဒါက ခင်ဗျားအတွက် နောက်ဆုံးအကြိမ် မီးအဆိပ် ပေါက်ကွဲတာပဲ၊ ကောင်းကောင်းကြီး ခံစားလိုက်ပါဦး”

ဖုန်းဝူချန်က မထုံတက်တေး ရယ်လျက် ပြောလိုက်သည်။

“အား...”

ထျန်းယွင်ဇီ၏ အော်ဟစ်သံများမှာ ရင်ကွဲမတတ် ဖြစ်နေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုကြောက်မက်ဖွယ် မီးအဆိပ်ကို ဖိနှိပ်ရန် လုံးဝ မဖြစ်နိုင်တော့ပါချေ။

တစ်မိနစ်ပင် မပြည့်မီ အချိန်အတွင်းမှာပင် ထျန်းယွင်ဇီသည် မိမိကိုယ်ပိုင် မီးအဆိပ်ကြောင့် သေဆုံးသွားခဲ့ရပြီး ပြာအဖြစ်သို့ ပြောင်းလဲကာ လွင့်စင်ပျောက်ကွယ်သွားတော့သည်။

မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် တစ်ချိန်က ကျော်ကြားခဲ့သော အဆင့် (၇) အင်းကွက်ဆရာ ထျန်းယွင်ဇီမှာ ရှုမီမြို့တော်တွင် အသက်ပျောက်သွားခဲ့ရတော့၏။

---

All Chapters