အခန်း (၁၃၁၅-၁၃၁၇)
Vol. 88 Ch. 1315-1317
အခန်း (၁၃၁၅) - ဓားတစ်လက်၏ အစွမ်း
သူ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ အရာအားလုံးက သူ၏ဆန္ဒအတိုင်း ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ ရှင်းယွီရှုသည် အကြည့်များအား ဖြည်းညင်းစွာ မော့ကြည့်လာပြီး နောက်ဆုံးစာလုံးကို ဖြည်းညင်းစွာ ရွတ်ဆိုလိုက်သည်။
"ချီ"
ထိုစာလုံး ထွက်ပေါ်လာသည်နှင့်တပြိုင်နက် နောက်ဆုံး ချို့ယွင်းချက်မှာ ပြည့်စုံသွားတော့သည်။ တစ်ခဏအတွင်းမှာပင် လောကကြီးတစ်ခုလုံးသည် အလွန်တရာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ဤရွှေရောင်အလင်းတန်းအောက်တွင် ရပ်တန့်သွားပုံရပြီး ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်တို့၏ တိုက်ခိုက်မှုများသည် တောက်ပလွန်းသော နေရောင်အောက်ရှိ ရေခဲနှင့် နှင်းများကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားကြသည်။
ထို့နောက် ဤကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားနိုင်သော ရွှေရောင် အဆောင်မန္တာန်သည် ရုတ်တရက် မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းရောင် ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မကောင်းဆိုးဝါးအားလုံး ဆုတ်ခွာသွားရသည်။
ထိုအလင်းရောင်၏ ပစ်မှတ်များမှာ ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်တို့ထံသို့ တိုက်ရိုက် ဦးတည်နေ၏။ ဤရွှေရောင် အဆောင်မန္တာန်၏ ကြီးမားလှသော အင်အားကြောင့် သူတို့နှစ်ဦးစလုံးမှာ အံ့သြမှင်တက်ကာ အကြံအိုက်သွားကြပြီး အလင်းရောင်များ နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ သို့သော် ယခုအချိန်တွင် သူတို့၌ ထွက်ပြေးစရာ လမ်းမရှိတော့ဘဲ ဤတိုက်ခိုက်မှုကို ခုခံရန်အတွက် သူတို့ ကျင့်ကြံခြင်းစွမ်းအင် အားလုံးကို အသည်းအသန် စုစည်းရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့သော် အရာအားလုံးက အချည်းနှီးသာ ဖြစ်ခဲ့သည်။ အလင်းရောင် ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဆဋ္ဌမမြောက် လိုဏ်ဂူနတ်ဘုရားဘုံမှ ကောင်းကင်သိုင်းဂိုဏ်းနှင့် ပဉ္စမမြောက် လိုဏ်ဂူနတ်ဘုရားဘုံမှ သဲဝါခန်းမတို့၏ တပည့်များသည် သနားစရာကောင်းသော အော်ဟစ်သံပင် မထွက်နိုင်မီ ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ကွယ်သွားကြသည်။
ထိတ်လန့်တုန်လှုပ်လွန်း၍ သတိလစ်မတတ် ဖြစ်နေကြပြီး သူတို့ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် အလင်းရောင်များသည် ဒီရေလှိုင်းများပမာ လွှမ်းမိုးလာသည်ကို မြင်တွေ့လိုက်ကြသည်။
သူတို့၏ ပတ်လည်ရှိ ကာကွယ်ရေး အလင်းတန်းများသည် ဤရွှေရောင်အလင်းလှိုင်းအောက်တွင် အသက်ရှူကြိမ် အနည်းငယ်မျှသာ ခံနိုင်ရည်ရှိပြီးနောက် ပူဖောင်းများကဲ့သို့ ကွဲအက်သွားတော့သည်။
"အား..."
ဤစူးရှသော အော်ဟစ်သံအပြီးတွင် အရာအားလုံးသည် နောက်တစ်ကြိမ် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ ထိုအရာနှင့်အတူ ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်တို့၏ ပုံရိပ်များသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။
တစ်ကွက်တည်းဖြင့် ကောင်းကင်သိုင်းဂိုဏ်းနှင့် သဲဝါခန်းမ နှစ်ခုစလုံး ပြိုင်ပွဲမှ ရှင်းလင်းဖယ်ရှားခံလိုက်ရသည်။ လူတိုင်းသည် သူတို့၏ လုပ်ရှားမှုများအ ရပ်တန့်လိုက်ကြပြီး ဤအရာအားလုံးကို အံ့သြမှင်တက်စွာ စိုက်ကြည့်နေကြသည်။ ယခင်ပြိုင်ပွဲများတွင် အမြဲတစေ အဆိုးရွားဆုံး စွမ်းဆောင်နိုင်ခဲ့သော ရွှေရောင်ဆေးမီးဖိုရိပ်မြုံသည် ယခုကဲ့သို့ နတ်ဘုရားတစ်ပါး၏ အစွမ်းသတ္တိမျိုးကို ပြသလာလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။ ပြိုင်ပွဲစတင်သည်နှင့်တပြိုင်နက် ဆဋ္ဌမနှင့် ပဉ္စမမြောက် လိုဏ်ဂူနတ်ဘုံများကိုပင် ဖယ်ရှားပစ်ခဲ့သည်။
သူတို့ စိတ်ကူးထားသည်နှင့်ပင် မှန်းဆ၍မရနိုင်သော အဖြစ်အပျက်ပင် ဖြစ်သည်။
ဤအချိန်တွင် ရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်း လူစုကွဲသွားပြီး ယင်းအလင်းတန်းများကြားတွင် ရပ်နေသော ရှင်းယွီရှုကို မြင်တွေ့လိုက်ရသည်။
ဤအချိန်တွင် သူ၏မျက်နှာမှာ အနည်းငယ် ဖြူရော်နေသော်လည်း ဓားတစ်လက်ပမာ မတ်မတ်ရပ်နေ၏။ သို့သော် သူ၏လက်များမှာ ပင်ပန်းနွမ်းနယ်မှုကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေလေသည်။
သူ နောက်ဆုံးသိုင်းကွက်ကို ထုတ်ဖော်လိုက်ပြီးနောက် လှည့်ပတ်နေသော ရွှေရောင်အလင်းတန်းများကြားတွင် ရှင်းယွီရှုသည် သူ့အဘိုး၏ ကျေနပ်အားရနေသော အပြုံးကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အဘိုးဖြစ်သူက သူ့အား ခေါင်းညိတ်ပြပြီးနောက် လှည့်ကာ ထွက်ခွာသွားသည်။ ရှင်းယွီရှု အော်ခေါ်ချင်ခဲ့သော်လည်း အသံတစ်သံမျှပင် မထွက်နိုင်ခဲ့ဘဲ အဘိုးပုံရိပ် အဝေးသို့ ပျောက်ကွယ်သွားသည်ကိုသာ ငေးမောကြည့်နေနိုင်ခဲ့သည်။ ရှင်းယွီရှု၏ နှလုံးသားထဲတွင် ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့သည်။
ဒါက... အဘိုးကို ငါ နောက်ဆုံးအကြိမ် မြင်တွေ့ရတာ ဖြစ်နိုင်တယ်...
ရှင်းယွီရှုသည် သူ ငိုမိလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အံ့ဖွယ်ကောင်းလောက်အောင် မျက်ရည်များကို ထိန်းချုပ်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် နတ်ဆိုးတံဆိပ်ခတ် မြို့တော်မှ လူငယ်လေးတစ်ယောက် မဟုတ်တော့ဘဲ နယ်မြေတစ်ခုကို ကာကွယ်စောင့်ရှောက်ပြီး ဂိုဏ်းတစ်ခုကို ဦးဆောင်ရမည့် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် ဂုဏ်ယူဝင့်ကြွားစွာ ရပ်ကာ စစ်မြေပြင်တစ်ခုလုံးအား အကဲခတ်ကြည့်လိုက်သည်။
သူ၏အကြည့်များ ကျရောက်ရာ နေရာတိုင်းတွင် လူအများအပြားမှာ သူတို့၏ခေါင်းများကို တစ်ဖက်သို့ လှည့်ကာ သူ့အကြည့်ကို ရှောင်ဖယ်သွားကြသည်။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အဖွင့်လှုပ်ရှားမှုကြောင့် တုန်လှုပ်သွားခဲ့ရသူ အရေအတွက်မှာ မရေမတွက်နိုင်အောင်ပင်ရှိသည်။ အဝေးတွင် ရပ်နေသော ဖန်ရှင်းအန်းသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သော်လည်း မကြာမီမှာပင် သူ၏နှုတ်ခမ်းထက်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်ကာ ခပ်တိုးတိုးလေး သက်ပြင်းချလိုက်သည်။
"ရှေးလူကြီးတွေဆီက လက်ဆင့်ကမ်းလာတဲ့ သွေးဆက်နဲ့ မှန်ကန်တဲ့ တာအိုလမ်းစဉ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်၊ စာလုံးကိုးလုံး မန္တာန်ရဲ့ အစွမ်းက တကယ်ကို ခမ်းနားကြီးကျယ်လွန်းတယ်"
ထိုစကားလုံးများတွင် ပြင်းထန်သော ချီးကျူးဂုဏ်ပြုမှုများ ပြည့်နှက်နေ၏။
သူ့ ဘေးတွင်ရပ်နေသော ကျုံးလီမုရွှယ်မှာ အနည်းငယ် မှင်တက်သွားခဲ့သော်လည်း မကြာမီမှာပင် သူမ၏အာရုံကို အဝေးတွင် ရပ်နေသော လုလင်းဖန်က ဆွဲဆောင်သွားခဲ့သည်။ သူတို့နှစ်ယောက် လေ့ကျင့်ထားသော ကျင့်ကြံခြင်းနည်းလမ်းများကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေကာ ကျုံးလီမုရွှယ်သည် သူမ စတင်ဝင်ရောက်လာကတည်းကပင် အမည်းရောင်ဝတ်စုံအ ဝတ်ဆင်ထားပြီး ပြန့်ကျဲနေသော ဆံပင်စများဖြင့် မျက်လုံးများကိုပင် ဖုံးကွယ်ထားသည့် ထိုအမျိုးသမီးသည် သူမ၏ရန်သူတော်ဖြစ်ကြောင်း သိနေခဲ့သည်။
ထိုအမျိုးသမီးအား ကြည့်လိုက်တိုင်း ကျုံးလီမုရွှယ်၏ နှလုံးသားမှာ တင်းကျပ်စွာ ဆုပ်ကိုင်ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီး၏ နောက်ကွယ်တွင် အဆုံးအစမဲ့သော အမှောင်ချောက်ကမ်းပါးကြီးတစ်ခု ရှိနေသကဲ့သို့ သူမ ခပ်ရေးရေး ခံစားနေရသောကြောင့်ဖြစ်သည်။ ဤခံစားချက်က သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။
ကျုံးလီမုရွှယ်၏ စူးစမ်းကြည့်ရှုနေမှုကို သတိထားမိဟန်ဖြင့် တိတ်ဆိတ်ငြိမ်သက်နေသော လုလင်းဖန်က သူမအား ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း ကွေးတက်လာကာ အပြုံးတစ်ခုကို ထုတ်ဖော်ပြလိုက်သည်။ ထိုအပြုံးကို မြင်လိုက်ရသောအခါ ကျုံးလီမုရွှယ် တုန်ယင်သွားပြီး သူမ၏မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု တဖျပ်ဖျပ် လက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အပြုံးမျိုးကို သူမ ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့် ဖြစ်သည်။ လုလင်းဖန်သည် မပြုံးလာမှီ မှိုင်းရီနေပုံရသော်လည်း သူမထံမှ အသက်ရှင်နေသော လူတစ်ယောက်၏ အသက်ရှူသံကို ခံစားရနိုင်သေးသည်။ သို့သော် သူမ ပြုံးလိုက်သောအခါ ထိုခပ်ရေးရေး အသက်ရှူသံလေးပင် ပျောက်ကွယ်သွားခဲ့ရသည်။
လုလင်းဖန်၏ လှပသော မျက်နှာလေးသည် တဖြည်းဖြည်း ပုံပျက်သွားကာ ပြုံးနေသော်လည်း အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ခံစားချက်ကို ပေးစွမ်းနေ၏။ ကျုံးလီမုရွှယ်သည် ယခုအချိန်တွင် သူမအား ပြုံးပြနေသူမှာ အသက်ရှင်နေသော လူတစ်ယောက်မဟုတ်ဘဲ ငရဲဘုံမှ တွားသွားထွက်ပေါ်လာသော နတ်ဆိုးတစ်ကောင် ဖြစ်နေသည်ဟုပင် ခံစားလိုက်ရသည်။
ဤသို့သော အခြေအနေမျိုးတွင် ကျုံးလီမုရွှယ်သည် ထိန်းချုပ်မရအောင် တုန်ယင်နေပြီး သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်လာခဲ့သည်။
ဖန်ရှင်းအန်းသည် ထိုပုံမှန်မဟုတ်သောအရာကို သတိထားမိသွားပြီး မနေနိုင်မထိုင်နိုင် ခေါင်းလှည့်ကြည့်လိုက်မိသည်။
တစ်ချိန်တည်းမှာပင် စစ်ပွဲကြီးသည် ပြန်လည်စတင်နေပြီဖြစ်ပြီး လူတိုင်းသည် အောင်ပွဲနှင့် အဆင့်သတ်မှတ်ချက်အတွက် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ကောင်းကင်ယံ၏ တောက်ပသော အလင်းရောင်များအောက်တွင် ဖိတ်စင်ကျလာသော သွေးများပင်လျှင် အိပ်မက်ဆန်ဆန် လှပမှုကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။
ဤထူးဆန်းသော အခြေအနေမျိုးတွင် လုလင်းဖန်သည် လွင့်မျောနေပြီး သူမ၏ ပတ်ဝန်းကျင်ရှိ အမှောင်ထုမှာ အလွန်တရာ ထူထပ်လွန်းသဖြင့် ဖယ်ရှား၍ပင် မရနိုင်တော့ချေ။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖန်ရှင်းအန်း၏ သူငယ်အိမ်များ ချက်ချင်းပင် ကျုံ့ဝင်သွားပြီး ပြင်းထန်လှသော တုန်ရီမှုတစ်ခုသည် ဤအမျိုးသမီး၏ ခန္ဓာကိုယ်ထဲတွင် အလွန်တရာ အစွမ်းထက်သော ရန်သူတစ်ဦး ရှိနေကြောင်း သူ့အား သတိပေးနေသည်။
ဖန်ရှင်းအန်းသည် ရှေးရိုးစဉ်လာ ဓားတာအိုလမ်းစဉ်အား လက်ဆင့်ကမ်းရရှိထားသော တပည့်တစ်ဦးအနေဖြင့် မကောင်းဆိုးဝါး အရှိန်အဝါများကို အလွန်တရာ အာရုံခံစားလွယ်သူ ဖြစ်သည်။ ထို့ကြောင့် အန္တရာယ်အား ထိုတစ်ခဏအတွင်း အာရုံခံမိလိုက်သဖြင့် သူသည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ဓားကို ဆွဲထုတ်ကာ တိုက်ခိုက်လိုက်တော့သည်။
ဤသည်မှာ စစ်မှန်သော ခရမ်းရောင် ဓားအလင်းတန်းတစ်ခုဖြစ်ပြီး မွန်မြတ်ကာ မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ် လက်နေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လေဟာပြင်ကို ဆုတ်ဖြဲကာ လုလင်းဖန်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး ခုတ်ပိုင်းချလာပြီး တဖျပ်ဖျပ် တောက်ပနေသော ခရမ်းရောင် အလင်းတန်းများမှာ ထိုအရာကို တားဆီးမည့် မည်သည့်အရာကိုမဆို နှစ်ပိုင်းပိုင်းပစ်တော့မည့်ဟန် ရှိနေသည်။
ဤသည်မှာ ဓားဆန္ဒကြောင့်ဖြစ်သည်။ အခြားအရာများမပါလျှင်တောင် ဤကျောချမ်းစရာကောင်းလှသော ဓားဆန္ဒတစ်ခုတည်းကပင် ဖန်ရှင်းအန်း၏ ကျော်ကြားမှုကို သက်သေပြခဲ့သည်။ စစ်မြေပြင်တစ်ခုလုံးသည် ဤဓား၏ အစွမ်းကြောင့် တုန်လှုပ်သွားကြပြီး လူတိုင်း တပြိုင်နက်တည်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။
မေချင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တစ်ခု တဖျပ်ဖျပ် လက်သွား၏။ ဒုတိယမြောက် လိုဏ်ဂူနတ်ဘုရားဘုံမှ ဝိညာဉ်ပျော်ဝင်ဆောင်၏ အဆောင်သခင်တစ်ဦးအနေဖြင့် သူမ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ သူမဂိုဏ်း အဆင့်သတ်မှတ်ချက်ပင်ဖြစ်သည်။
အကယ်၍ သူတို့သည် သူတို့၏ အဓိကပြိုင်ဘက်ဖြစ်သော အချစ်ဂိုဏ်း၏ အဓိကအင်အားကို ရှင်းလင်းဖယ်ရှားနိုင်မည်ဆိုပါက ဤမဟာပြိုင်ပွဲကြီးတွင် အောင်ပွဲရရှိရန် သေချာသလောက်ပင် ဖြစ်သွားပြီ ဖြစ်သည်။ သို့သော် သူမ၏ မျက်နှာပေါ်ရှိ အပြုံးများ အပြည့်အဝ မပြန့်ကားနိုင်မီမှာပင် လူတိုင်းကို အံ့အားသင့်သွားစေမည့် မြင်ကွင်းတစ်ခုက သူတို့၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဓားအလင်းတန်း ကျဆင်းလာတော့မည့် အချိန်လေးမှာပင် သွေးဆုတ်နေပြီး လူသားတစ်ဦးနှင့် မတူသော လက်တစ်ဖက်က ရုတ်တရက် ထွက်ပေါ်လာကာ ထိုဓားအလင်းတန်းကို ဆုပ်ကိုင်လိုက်သည်။ ခရမ်းရောင် အလင်းတန်းများ တဖျပ်ဖျပ် တောက်ပသွားပြီး မိုးကြိုးလျှပ်စီးများ ကခုန်သွားကြသည်။ ထိုအရာသည် ပြင်းထန်စွာ ရုန်းကန်နေပုံရသော်လည်း ကြိုးစားမှုအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
လုလင်းဖန်က အန္တရာယ်များသော အသံဖြင့် ရယ်မောလိုက်သည်။
"ဓားဆန္ဒက ကောင်းပါတယ်၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်က နည်းနည်းလေး လိုနေတာ နှမြောစရာပဲ"
ထိုသို့ပြောပြီးနောက် သူမသည် လက်အား ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။
ဘုန်း..
ဓားအလင်းတန်းသည် ချက်ချင်းပင် ကြေမွပျက်စီးသွားကာ လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။ ဤမြင်ကွင်းက လူတိုင်း၏ မျက်လုံးများကို တုန်ရီးသွားစေခဲ့သည်။
---
အခန်း (၁၃၁၆) - နတ်ဆိုးတစ္ဆေ၏ ကိုယ်ထင်ပြမှု
ရှေးခေတ်ကာလမှ ယနေ့အထိ ဓား၏အလင်းတန်းကို ဆုပ်ကိုင်နိုင်သူတစ်ဦးတစ်ယောက်မျှ ရှိသည်ဟု မည်သူကမျှ မကြားဖူးခဲ့ကြပေ။ ဖန်ရှင်းအန်းက ညည်းတွားလိုက်သည်။ သူ ထိခိုက်ဒဏ်ရာရသွားသည်မှာ သိသာထင်ရှားသော်လည်း ဤကိစ္စများကို ဂရုစိုက်နေရန် အချိန်မရှိတော့ချေ။ သူ၏ မျက်ခုံးများ ပင့်တက်သွားပြီး အသံကိုနှိမ့်ကာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ"
လုလင်းဖန်က ဆွဲဆောင်မှုရှိစွာ တခစ်ခစ် ရယ်မောလာသည်။
"ငါလား၊ ငါက အချစ်ဂိုဏ်းရဲ့ နံပါတ်တစ် တိုက်ရိုက်တပည့် လုလင်းဖန်ပေါ့"
"မဟုတ်ဘူး၊ မင်းက သေချာပေါက် သူ မဟုတ်ဘူး"
ဖန်ရှင်းအန်းက အေးစက်စွာ ပြောလိုက်ပြီး သူ၏ဓားအား မြှောက်လိုက်ရာ ဓားထိပ်ဖျားလေးမှာ တုန်ယင်နေပြီး လုလင်းဖန်ထံသို့ တည့်တည့် ချိန်ရွယ်ထားသည်။
"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ္ဆေရဲ့ အရှိန်အဝါတွေ ပုန်းကွယ်နေတယ်"
ဤစကားကို ကြားသောအခါ နေရာတစ်ခုလုံး အံ့အားတုန်လှုပ်သွားကြသည်။
"ဘာ... နတ်ဆိုးတစ္ဆေလား၊ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
"ဟုတ်တယ်၊ ဘယ်နတ်ဆိုးတစ္ဆေက တာအိုဆက်ခံခြင်း ဆင့်ကဲပြောင်းလဲမှု နတ်ဆေးဖိုကြီးရဲ့ အာရုံခံနိုင်စွမ်းကနေ လွတ်မြောက်နိုင်မှာလဲ"
"ဒါပေမဲ့ ဒီ လုလင်းဖန်က တကယ်ကို နည်းနည်း ထူးဆန်းနေသလိုပဲ"
လူအုပ်ကြီး၏ ဆွေးနွေးပြောဆိုမှုများ ကြားတွင် လုလင်းဖန်၏ နှုတ်ခမ်းများမှာ စိတ်အနှောင့်အယှက်ဖြစ်စေသော တွန့်ကွေးမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူမက ကျောချမ်းစရာကောင်းအောင် ရယ်မောလိုက်သည်။
"တကယ်ကို နှလုံးသားအလင်း နတ်ဘုရားနန်းတော်ရဲ့ လက်ရွေးစင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်၊ ဒီလောက် မြန်မြန်ဆန်ဆန် သိမြင်နိုင်တာကိုက ထူးချွန်နေပြီ၊ ဒါပေမဲ့ ငါ လိမ်နေတာ မဟုတ်ဘူး၊ ငါက တကယ်ပဲ လုလင်းဖန်ပါ၊ ဒါပေမဲ့ အခုလက်ရှိငါက အရင်ကထက် အများကြီး ပိုစွမ်းနေတာလေးပဲ ကွာသွားတာ"
ထိုသို့ပြောပြီး လုလင်းဖန်သည် သူမ၏ ခရမ်းနုရောင် လျှာလေးကို ထုတ်ကာ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ပြီး ဘေးတွင်ရှိသော ကျုံးလီမုရွှယ်အား ပြောလိုက်သည်။
"နင်က ဝိညာဉ်ပျော်ဝင်ဆောင်ရဲ့ လက်ရှိတိုက်ရိုက်တပည့်၊ ဒီခန္ဓာကိုယ်ရဲ့ ရန်သူတော် ဆိုတာလား"
ကျုံးလီမုရွှယ်၏ ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး သူမ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသော်လည်း အစွမ်းထက်သော သူတစ်ယောက်အနေဖြင့် သူမ၏ မျက်နှာအမူအရာအား ချက်ချင်း ပြန်လည်တည်ငြိမ်သွားစေခဲ့ပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။
"မှန်တယ်၊ ငါက ကျုံးလီမုရွှယ်ပဲ”
"အရမ်းကောင်းတယ်၊ ဒါဆိုရင် ဒီပွဲတော်ကို နင့်ဆီကနေ စလိုက်ကြတာပေါ့၊ ငါ... ဆက်ပြီး မစောင့်နိုင်တော့ဘူး"
ထို့နောက် လုလင်းဖန်သည် မောက်မာစွာ အော်ဟစ်ရယ်မောလိုက်ပြီးနောက် သူမ၏လက်အား မြှောက်ကာ အမည်းရောင် တောက်ပနေသော အလင်းတန်းတစ်ခုကို ကျုံးလီမုရွှယ်ထံသို့ ပစ်လွှတ်လိုက်သည်။
ထိုအရာဖြတ်သန်းသွားရာ နေရာတိုင်းတွင် လူတစ်ယောက်က နက်ရှိုင်းသော တမ်းတလွမ်းဆွတ်မှုကြောင့် ငိုကြွေးနေသကဲ့သို့ ငိုကြွေးသံများနှင့် ဝမ်းနည်းပူဆွေးဖွယ် အသံများ ထွက်ပေါ်လာလေသည်။
"အချစ်နတ်ဆိုးကျိန်စာ"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ ကျုံးလီမုရွှယ်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူမသည် လုလင်းဖန်၏ ထူးဆန်းမှုကို သိမြင်နိုင်သော်လည်း ယခုအချိန်သည် ထိုအရာများကို စိုးရိမ်ပူပန်နေရမည့် အချိန်မဟုတ်ချေ။ ဝိညာဉ်ပျော်ဝင်ဆောင်၏ ဂုဏ်သိက္ခာအတွက်ပင်လျှင် သူမ နောက်ဆုတ်၍ မရနိုင်ပေ။
ထို့ကြောင့် သူမ၏ မျက်ခုံးများကြားတွင် ငွေရောင်မျဉ်းကြောင်းများ ရုတ်တရက် တဖျပ်ဖျပ် တောက်ပလာပြီး နဖူးပြင်တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားကာ မျက်လုံးများနှင့် ချိတ်ဆက်သွားပြီးနောက် အလွန်တရာ ထူးဆန်းသော ပန်းပွင့်ပုံ တက်တူးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"အချစ်ဖြစ်နေမှတော့ ဖယ်ရှားပစ်တာပဲ ကောင်းတယ်"
ကျုံးလီမုရွှယ်က အော်ဟစ်လိုက်ပြီး ငွေရောင်အလင်းတန်းတစ်ခုက ဝင်ရောက်လာသော အချစ်ကျိန်စာ စွမ်းအင်များကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
"အဲဒါ ကံတရားအဆုံးသတ် နတ်ဘုရားအစီအရင်ပဲ၊ အချစ်ဂိုဏ်းနဲ့ ဝိညာဉ်ပျော်ဝင်ဂိုဏ်းဆိုတဲ့ ဒီအဓိက ဂိုဏ်းကြီးနှစ်ခုက တကယ်ကို နှစ်ထောင်ပေါင်းများစွာ ယှဉ်ပြိုင်လာခဲ့ကြတဲ့ ရန်သူဟောင်းတွေပဲ"
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။ သို့သော် လူအုပ်ကြီး တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ဘေးတွင် ရပ်နေသော ဖန်ရှင်းအန်း၏ မျက်နှာအမူအရာမှာ အလွန်တရာ တင်းမာသွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ဖြစ်ကာ သူ၏ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
"သတိထား"
သူ စကားသံ ဆုံးသွားသည်နှင့်တပြိုင်နက် ယခင်က ငိုကြွေးနေသော အချစ်ကျိန်စာ စွမ်းအင်များသည် ရုတ်တရက် အသွင်ပြောင်းသွားကာ ရက်စက်ကြမ်းကြုတ်ပြီး ရုပ်ဆိုးလှသော နတ်ဆိုးတစ္ဆေတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ဝင်ရောက်လာသော ကံတရားအဆုံးသတ် နတ်ဘုရားအစီအရင်ကို ဝါးမျိုရန် ပြင်ဆင်လိုက်သည်။ ကျုံးလီမုရွှယ်က အော်ဟစ်လိုက်ပြီး ထိုအချိန်မှာပင် ဖန်ရှင်းအန်း၏ ဓားအလင်းတန်းသည် ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရုပ်ဆိုးလှသော နတ်ဆိုးတစ္ဆေ၏ ခေါင်းပေါ်သို့ ခုတ်ပိုင်းချသည်။
ဖောင်း...
တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ကျိန်စာစွမ်းအင်မှ အသွင်ပြောင်းလာသော နတ်ဆိုးတစ္ဆေမှာ ခေါင်းဖြတ်ခံလိုက်ရသည်။ သို့သော် ဖန်ရှင်းအန်း သက်ပြင်းမချနိုင်မီမှာပင် နတ်ဆိုးတစ္ဆေ၏ ခေါင်းသည် ချက်ချင်းပင် ပြန်လည်ဆက်သွားပြီး ယင်း၏ပုံစံ ပြောင်းလဲသွားကာ ပါးစပ်ဖြင့် ဓားအလင်းတန်းကို ကိုက်ခဲလိုက်ပြီး နှစ်ကိုက်သုံးကိုက်ခန့် ဝါးစားကာ မြိုချလိုက်တော့သည်။
ဖန်ရှင်းအန်း၏ မျက်နှာမှာ ဖြူရော်သွားပြီး သူ့မျက်လုံးများ ချက်ချင်း မှိုင်းရီသွားသည်။ ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် အရေးအကြီးဆုံးအရာမှာ သူ၏ ရင်ထဲရှိ ဓားဆန္ဒအား ပျိုးထောင်ရန်ပင်ဖြစ်သည်။
ထို့ကြောင့် နှစ်ကြိမ်ဆက်တိုက် လွဲချော်သွားခြင်းနှင့် ဓားအလင်းတန်း ကြေမွပျက်စီးသွားခြင်းမှာ ဖန်ရှင်းအန်းအတွက် ပြင်းထန်သော အတွင်းဒဏ်ရာတစ်ခုပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
အစောက ဖန်ရှင်းအန်းမှာ လုလင်းဖန်သည် နတ်ဆိုးတစ္ဆေ ဖြစ်သည်ဟု ပြောခဲ့စဉ်က လူအများအပြား မယုံကြည်ခဲ့ကြပေ။
သို့သော် ယခုလေးတင် လူတိုင်း မြင်တွေ့လိုက်ရသော ထိတွေ့ကိုင်တွယ်၍ ရလုနီးပါး ဖြစ်နေသည့် တစ္ဆေသရဲ အရှိန်အဝါများကိုမူ အတုအယောင် လုပ်၍ မရနိုင်ကြောင်း ငြင်းဆို၍ မရနိုင်တော့ချေ။
ထို့ပြင် ဖန်ရှင်းအန်း၏ ရှုံးနိမ့်မှုက လူအများအပြားအတွက် ကျောချမ်းစရာပင် ဖြစ်သည်။
လုလင်းဖန်၏ ဆရာဖြစ်သူ အချစ်ဂိုဏ်း၏ ပိုင်ရှင် ရှမြောင်ယီပင်လျှင် မျက်လုံးများ ပြူးကျယ်သွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
"လင်းဖန်... ဘာတွေဖြစ်နေတာလဲ"
သူမ စကားပြောလိုက်သည်နှင့်တပြိုင်နက် အမည်းရောင် အလင်းတန်းတစ်ခုသည် ရှည်လျားသော ကြာပွတ်တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ရှမြောင်ယီ၏ နောက်ကျောတွင် ရုတ်တရက် ပေါ်လာကာ သူမ၏ ကျောရိုးကို ရိုက်ချလိုက်သည်။
ရှမြောင်ယီသည် ကြိုတင်ကာကွယ်ထားနိုင်ခြင်း မရှိသဖြင့် ကျောရိုးဆီမှ ပြင်းထန်သော အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် သူမသည် ရိုက်ထုတ်ခံလိုက်ရကာ လေးလံစွာ လဲကျသွားပြီး သွေးလတ်လတ်ဆတ်ဆတ် တစ်ပွက် အန်ထုတ်လိုက်ရသည်။
ဤတိုက်ခိုက်မှုသည် အံ့မခန်း ရက်စက်ကြမ်းကြုတ်လှသည်။ လူတိုင်းမှာ အံ့သြမှင်တက်သွားကြသည်။ လုလင်းဖန်ကမူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထိုရယ်မောသံများကြားတွင် သူမ၏ မျက်လုံးများ တဖြည်းဖြည်း မည်းမှောင်သွားကာ ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"လင်းဖန်တဲ့လား၊ နင်ကငါ့ကို အဲဒီလို ပေါ့ပေါ့ပါးပါး ခေါ်လို့ရမယ်လို့ ထင်နေတာလား"
"နင်... သစ္စာဖောက်မ"
ထိုအချိန်တွင် အချစ်ဂိုဏ်းမှ အကြီးအကဲများ သတိဝင်လာကြပြီး ဒေါသများ ပြည့်နှက်နေကာ သူတို့၏ ဂိုဏ်းချုပ်အတွက် ကလဲ့စားချေချင်စိတ်များ ဖြစ်ပေါ်လာကြသည်။ သို့သော် လုလင်းဖန်သည် သူတို့အား သေချာပင် တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ချေ။ သူမနောက်ကျောရှိ အမည်းရောင် အလင်းတန်းများသည် မရေမတွက်နိုင်သော ကြာပွတ်များအဖြစ် အသွင်ပြောင်းသွားပြီး ဤအကြီးအကဲများကို ဝိုင်းရံလိုက်ရာ တစ်ခဏအကြာတွင် ယင်းအထဲမှ မရပ်မနားသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
အမည်းရောင် အလင်းတန်းများ လူစုကွဲသွားသောအခါ ခေါင်းမပါသော အလောင်းများ တစ်ခုပြီးတစ်ခု လဲကျသွားကြသည်။
လူအများအပြားမှာ ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားကြပြီး ရှမြောင်ယီသည်လည်း ဒေါသနှင့် ထိတ်လန့်မှုတို့ကြောင့် နောက်ထပ် သွေးတစ်ပွက် အန်ထုတ်လိုက်ရပြန်သည်။ လုလင်းဖန်သည် ဤခံစားချက်ကို အမှန်တကယ်ပင် နှစ်သက်နေပုံရပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ ဖြည်းညင်းစွာ ပြောလာသည်။
"အနံ့မွှေးလိုက်တဲ့ သွေးနံ့လေး၊ ခစ်ခစ်... ကျုံးလီမုရွှယ်၊ နင်က ငါ့ရဲ့ ရန်သူတော်ဖြစ်နေမှတော့ နင့်ကို အရင်ဆုံး သတ်ရမှာပေါ့"
ထိုသို့ပြောကာ အမည်းရောင် အလင်းတန်းတစ်ခုသည် ကျုံးလီမုရွှယ်၏ နဖူးရှေ့တွင် မျက်တောင်တစ်ခတ်အတွင်း ရုတ်တရက် ပေါ်ထွက်လာသည်။ ထိတ်လန့်နေသော ကျုံးလီမုရွှယ်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းကို အမြန်လှည့်လိုက်ရာ ထိုတိုက်ခိုက်မှုအား သီသီလေး ရှောင်လွှဲနိုင်ခဲ့သည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ မရေမတွက်နိုင်သော အမည်းရောင် အလင်းတန်းများသည် လုလင်းဖန်၏ နောက်ကျောတွင် ပေါက်ကွဲထွက်လာပြီး ယိမ်းနွဲ့နေသော ရေညှိပင်များကဲ့သို့ ရှေ့သို့ တိုးဝင်လာကြသည်။
ဝိညာဉ်ပျော်ဝင်ဆောင်မှ လူအားလုံးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ အဆောင်သခင် မေချင်းသည် လွတ်မြောက်ရန် ကြိုးစားသည့်အနေဖြင့် သူမ၏ ကျင့်ကြံခြင်းစွမ်းအင်များ အားလုံးကို မီးတောက်စေလိုက်သည်။ သို့သော် ကြိုးစားမှုအားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် ဖန်ရှင်းအန်း အပါအဝင် ဝိညာဉ်ပျော်ဝင်ဆောင်မှ လူတိုင်းသည် ကြာပွတ်များအဖြစ် ပြောင်းလဲသွားသော အမည်းရောင် အလင်းတန်းများ၏ တင်းကျပ်စွာ ချည်နှောင်ခြင်းကို ခံလိုက်ရပြီး လေထဲသို့ မြှောက်တင်ခံလိုက်ရလေသည်။ ဤမြင်ကွင်းက စောင့်ကြည့်နေသူ အများအပြား၏ သွေးများကို အေးခဲသွားစေခဲ့သည်။
စိတ်ဓာတ်ခွန်အား အားနည်းသူအချို့မှာ ဤနေရာမှ ထွက်ခွာရန် ကြိုးစားလာကြသည်။ အဘယ်ကြောင့်ဆိုသော် ယခင် တာအိုဆက်ခံခြင်း ပြိုင်ပွဲများတွင် အင်အားချင်း မယှဉ်နိုင်ဟု ခံစားရပါက လက်နက်ချကာ နုတ်ထွက်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မှ လူတိုင်းသည် သူတို့ လုံးဝထွက်ခွာ၍ မရနိုင်တော့ကြောင်းကို ထိတ်လန့်ဖွယ်ရာ သိရှိလိုက်ကြရသည်။ သိပ်မကြာမီမှာပင် လုလင်းဖန်က အောင်ပွဲခံဟန်ဖြင့် ရယ်မောလာသည်။
"အလကားပဲ၊ ငါ ဒီနေရာတစ်ခုလုံးကို အပြည့်အဝ တံဆိပ်ခတ် ပိတ်ဆို့ထားပြီးပြီ၊ တံဆိပ်ခတ်ထားတာကို ဖယ်ရှားချင်တယ်ဆိုရင် နင်တို့အားလုံး အရင်ဆုံး သေပေးရလိမ့်မယ်"
"မင်း တကယ် ဘာလိုချင်နေတာလဲ၊ ငါတို့သေလို့ နင့်အတွက် ဘာအကျိုးရှိမှာလဲ၊ ဒီတာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီးမှာ ပြန်လည်ရှင်သန်နိုင်တယ်ဆိုတာကို နင် မသိဘူးလား"
တစ်စုံတစ်ယောက်က ဒေါသနှင့် ထိတ်လန့်မှုများ ရောယှက်ကာ အော်ဟစ်လိုက်သည်။ သို့သော် ဤစကားများ ဆုံးသွားသည်နှင့်တပြိုင်နက် အမည်းရောင် ပန်းတစ်ပွင့်သည် ထိုလူ၏ ပါးစပ်ထဲမှ ရုတ်တရက် ပေါက်ဖွားလာပြီး ချက်ချင်းပင် ဧရာမအမြစ်ကြီးတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်ကာ ပေါက်ကွဲသွားတော့သည်။
---
အခန်း (၁၃၁၇) - အဆောင်မန္တာန်ဖြင့် မိစ္ဆာကို နှိမ်နင်းခြင်း
ထိုစကားပြောနေသောသူသည် သေဆုံးသွားခဲ့ပြီး သေဆုံးသွားချိန်တွင် သူ၏မျက်လုံးများထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။ ထိုအခါမှသာ လုလင်းဖန်က တခစ်ခစ် ရယ်မောလိုက်သည်။
"တကယ်ကို ရိုးအလွန်းတာပဲ၊ ငါက နင်တို့ကို ဒီမှာ ပိတ်လှောင်ထားပြီး ဘေးကင်းကင်းနဲ့ ပြန်ရှင်သန်ခွင့်ပေးမယ်လို့ နင်တို့က တကယ် ထင်နေတာလား"
လူအများအပြားက ထိုသို့ဖြစ်မည်ဟု ခန့်မှန်းထားပြီးဖြစ်သော်လည်း ဤစကားများသည် လူတိုင်း၏ နှလုံးသားထဲရှိ နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်လေးကိုပင် ရိုက်ချိုးဖျက်ဆီးပစ်သည်။
"မင်းက ဘယ်သူလဲ၊ ဘာလိုချင်တာလဲ"
ဖန်ရှင်းအန်းက တည်ငြိမ်စွာ မေးလိုက်သည်။
"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက... နင်တို့အားလုံး သေသွားတာနဲ့တပြိုင်နက် လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခုက နာမည်ခံသက်သက်ပဲ ကျန်တော့မယ်၊ အဲဒီအချိန်ကျရင် ဒိဧကရီကိုယ်တိုင်က ဒီလောကကြီးတစ်ခုလုံးကို အပြည့်အဝ လွှမ်းမိုးချုပ်ကိုင်နိုင်ပြ၊ အဲဒါကမှ... တကယ် အရေးကြီးတဲ့အရာပဲ"
ဖန်ရှင်းအန်း တုန်လှုပ်သွားသည်။
"မင်းက တစ္ဆေဂိုဏ်းကလား"
"ဟားဟားဟား... မှန်တာပေါ့၊ တကယ်ကို အံ့သြစရာ ကောင်းတယ်မလား"
လုလင်းဖန်က ထူးဆန်းစွာ အော်ဟစ်ရယ်မောလိုက်သည်။ ကျုံးလီမုရွှယ်က မနေနိုင်မထိုင်နိုင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"စိတ်ကူးယဉ်နေတာပဲ၊ လိုဏ်ဂူနတ်ဘုရားဘုံကြီး ခြောက်ခုက လူတွေ ဒီမှာရှိနေပေမယ့် နတ်ဘုရားနန်းတော်ကနေ ရောင်းရင်းဖန် တစ်ယောက်တည်းပဲ လာတာလေ"
ထိုစကားကို ကြားသောအခါ လူအများအပြား၏မျက်လုံးများ အရောင်လင်းလက်သွားကြသည်။ မှန်သည်။ နှလုံးသားအလင်း နတ်ဘုရားနန်းတော် ရှိနေသရွေ့ တစ္ဆေဂိုဏ်းအား ဖျက်ဆီးသောင်းကျန်းခွင့် ပြုမည်မဟုတ်ပေ။ သို့သော် လုလင်းဖန်က သရော်လှောင်ပြောင်လိုက်သည်။
"မှန်တယ်၊ ဒါပေမဲ့ ငါက ဒါမျိုး လုပ်ရဲမှတော့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားဘူးလို့ နင်တို့ ထင်နေတာလား"
"ဒါက..."
ကျုံးလီမုရွှယ်မှာ စကားမဆိုနိုင်တော့ဘဲ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။ လူအုပ်ကြီး၏ နှလုံးသားများမှာလည်း ပို၍ပို၍ နစ်မြုပ်သွားတော့သည်။
တစ္ဆေဂိုဏ်း...
၎င်းတို့သည် နှစ်ရာပေါင်းများစွာတိုင်အောင် လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခု၏ ရှင်းလင်းဖယ်ရှားခြင်းကို အမြဲတစေခံခဲ့ရသော ပစ်မှတ်များ ဖြစ်ကြသည်။ မကြာသေးမီ ရာစုနှစ်အတွင်းမှသာ တစ္ဆေဂိုဏ်းသည် တဖြည်းဖြည်း အင်အားနည်းပါးလာပြီး သူတို့၏ လွှမ်းမိုးမှုမှာ လူသူကင်းမဲ့သော နေရာများသို့ ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် တစ္ဆေဂိုဏ်းသည် ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ အမှောင်ထုထဲတွင် ပုန်းအောင်းကာ ဤကမ္ဘာမြေကို တုန်လှုပ်စေမည့် လျှို့ဝှက်ကြံစည်မှုကို ဖန်တီးနေခဲ့ခြင်း ဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်။
အကယ်၍ သူမပြောသည့်စကားသာ မှန်ကန်ခဲ့လျှင် တစ္ဆေဂိုဏ်းမှာ ဤနယ်ပယ်သို့ ပြန်လည်ရောက်ရှိလာသောအခါ သက်ရှိအားလုံးကို စောင့်ကြိုနေမည့်အရာမှာ ကပ်ဘေးကြီးသာ ဖြစ်ပေလိမ့်မည်။ ဖန်ရှင်းအန်း၏ မျက်လုံးများထဲတွင် ပြတ်သားသော အမူအရာတစ်ခု တဖျပ်ဖျပ် လက်သွားပြီးနောက် အော်ဟစ်လိုက်သည်။
"အားလုံး ပြေးကြတော့၊ ကိုယ့်အင်အားကို ထိန်းသိမ်းထားနိုင်အောင် ကြိုးစားကြ"
"ပြေးမယ်တဲ့လား၊ ဘယ်သူက လွတ်အောင် ပြေးနိုင်မယ် ထင်လို့လဲ"
လုလင်းဖန်က အေးစက်စွာ သရော်လျက် ပြောလိုက်သည်။ သို့သော် ထိုအချိန်လေးမှာပင် ဖန်ရှင်းအန်း၏ မျက်ခုံးနှစ်ခုကြားတွင် ဓားအမှတ်အသား တစ်ခု ထွက်ပေါ်လာပြီးနောက် ကျောချမ်းစရာကောင်းလောက်အောင် ပြင်းထန်လှသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်သည် ကောင်းကင်သို့ ထိုးတက်သွားကာ သူ့အား ချည်နှောင်ထားသော အမည်းရောင် အလင်းတန်းများကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုလင်းဖန်ထံသို့ တည့်တည့် ချိန်ရွယ်လိုက်သည်။
လုလင်းဖန်၏ မျက်နှာပေါ်တွင် လေးနက်မှု အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း သူမက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သေးသည်။
"နင့်ရဲ့ ဓားဆန္ဒကို သုံးပြီး ငါ့ကို တိုက်ခိုက်မလို့လား၊ ကောင်းပြီလေ... ငါ အဖော်လုပ်ပေးရတာပေါ့"
သူမသည် ပြောပြောဆိုဆိုပင် အမည်းရောင် အလင်းတန်းများ ရုတ်တရက် တဖျပ်ဖျပ် တောက်ပလာပြီး မရေမတွက်နိုင်သော အတားအဆီးများကို ဖန်တီးကာ ဖန်ရှင်းအန်း၏ ရှေ့သို့တိုးလာမှုကို တားဆီးသည်။
မီးရှူးမီးပန်းများကဲ့သို့ ဆက်တိုက် ထွက်ပေါ်လာသော ပေါက်ကွဲသံများနှင့်အတူ ဖန်ရှင်းအန်းသည် အတားအဆီး ရာပေါင်းများစွာအား ဖောက်ထွင်းသွားကာ အမည်းရောင် အလင်းတန်းများလည်း တစ်စစီ ကြေမွသွားစေခဲ့သည်။ သို့သော် အမည်းရောင် အလင်းတန်းများမှာ အဆုံးအစမရှိသကဲ့သို့ ဆက်တိုက်ဆိုသလို ပြန်ထွက်ပေါ်နေခဲ့သည်။ လူသားတို့၏ အင်အားတွင် အကန့်အသတ် ရှိသည်။
အဆုံးတွင် ဓားအလင်းတန်းမှာ တုန်ယင်သွားပြီး ဖန်ရှင်းအန်း၏ ပုံရိပ်သည် နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
လုလင်းဖန်၏ မျက်နှာမှာလည်း ဖြူရော်နေခဲ့ပြီး သူမက ဒေါသတကြီး နှာခေါင်းရှုံ့လျက်သည်။
"နင်က အဲဒီလောက်တောင် သေချင်နေမှတော့... အရင်သွားသေလိုက်ပေါ့"
သူမ ပြောနေစဉ်မှာပင် မရေမတွက်နိုင်သော အမည်းရောင် အလင်းတန်းများသည် ဒီရေလှိုင်းများပမာ လိမ့်တက်လာပြီး ဖန်ရှင်းအန်းအား ဝါးမျိုပစ်တော့မည့်ဟန် ရှိနေသည်။ ဖန်ရှင်းအန်း၏ မျက်လုံးများထဲတွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာပြီး သအသက်ပြင်းပြင်း တစ်ချက်ရှူကာ သူ၏ ရင်ဘတ်ထဲရှိ နောက်ဆုံးသော ဓားဆန္ဒများအား စုစည်းလိုက်ပြီး သူ၏ဘဝတွင် အစွမ်းထက်ဆုံးနှင့် နောက်ဆုံးဖြစ်မည့် တိုက်ခိုက်မှုကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအချိန်လေးမှာပင် ပျင်းရိလေးတွဲနေသော အသံတစ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။
"ကဲပါ... ဒါက ကစားပွဲလေး တစ်ခုပါပဲ၊ ဘာလို့ ဒီလောက်တောင် အလေးအနက်ထားနေရတာလဲ"
ထိုစကားကို ကြားသောအခါ ဖန်ရှင်းအန်း အံ့အားသင့်သွားသည်။ သူတင်မကဘဲ ထိုနေရာတွင် ရှိနေသူအားလုံး ဤစကားကို ကြားလိုက်ရပြီး သူတို့၏ ခေါင်းများကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ရွှယ်အန်းသည် ရွှေဆေးဖိုဆောင်၏ ရှေ့တွင် ပေါ့ပေါ့ပါးပါးပင် ရပ်နေပြီးနောက် လူတိုင်းဘက်သို့ လှည့်ကာ ခပ်ဖျော့ဖျော့ ပြုံးပြနေသည်။
"ဘာဖြစ်လို့လဲ၊ ကျွန်တော် အမှန်ကို ပြောတာမဟုတ်လို့လား"
အာ...
လူအများအပြားမှာ ဤကိစ္စကို ခေါင်းထဲ မထည့်နိုင်အောင် ဖြစ်သွားကြသည်။ ဒီလိုအချိန်မျိုးကြီးမှာ သူက ဒီလိုစကားမျိုး ပြောထွက်သေးတယ်ဆိုတော့၊ ဒီကောင်က အရူးများလား...
ဤအတွေးသည် လူအများအပြား၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ လုလင်းဖန်သည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် ရွှယ်အန်းအား စိတ်ဝင်စားဟန်ဖြင့် ကြည့်ကာ တခစ်ခစ် ရယ်မောကာမေးသည်။
"နင်က ရွှယ်အန်းလား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"အင်း"
"ရွှေရောင်အလင်း လိုဏ်ဂူနတ်ဘုံက လုမိသားစုကို နင် မျိုးဖြုတ်သတ်ပစ်ခဲ့တာလား"
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဟုတ်တယ်၊ ဒါပေမဲ့ နှမြောစရာကောင်းတာက... ဘာဆုကြေးမှ မရဘူးလေ"
လုလင်းဖန်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု တဖျပ်ဖျပ် လက်သွားပြီးနောက် သူမက အေးစက်စွာ ပြောလိုက်သည်။
"အစကတော့ ငါ နင့်ကို သီးသန့်သတ်ဖို့ အစီအစဉ်မရှိဘူး၊ ဒါပေမဲ့ နင်က ဒီလိုတွေ ပြောနေမှတော့ ငါ နင့်ကို အချိန်မတိုင်ခင် အရင်ဆုံး လမ်းပြလွှတ်ပေးရတာပေါ့"
သူမ၏ အသံဆုံးသွားသည်နှင့်တပြိုင်နက် မြေပြင်သည် ရုတ်တရက် အထက်သို့ မြင့်တက်လာပြီး အောက်ဘက်မှ နတ်ဆိုးတစ်ကောင် ရုန်းကြွလာသကဲ့သို့ ရွှယ်အန်းထံသို့ တည့်မတ်စွာ ပြေးဝင်လာသည်။
သူ့အနီးသို့ ရောက်သောအခါ မြေပြင်သည် ရုတ်ခြည်း အထက်သို့ ဖောင်းကြွလာပြီး ယင်းထဲမှ မရေမတွက်နိုင်သော အမည်းရောင် အလင်းတန်းများ ပစ်လွှတ်ထွက်ပေါ်လာကာ ရွှယ်အန်းထံသို့ တိုက်ရိုက် ဦးတည်သွားကြသည်။
ဤကြောက်မက်ဖွယ်ကောင်းသော အနေအထားသည် သတ္တိနည်းသူများကို သတိလစ်သွားစေရန်ပင် လုံလောက်နေပေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အနက်ရှိုင်းဆုံးနှင့် အမှောင်မိုက်ဆုံး အိပ်မက်ဆိုးတစ်ခုထဲမှ မြင်ကွင်းတစ်ခုနှင့် တူနေသောကြောင့်ဖြစ်သည်။
သို့သော် ထိုအချိန်လေးမှာပင် ရွှယ်အန်း၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု တဖျပ်ဖျပ် လက်သွားပြီး သူ၏ရှေ့တွင် အဆောင်မန္တာန် တစ်ခု ထွက်ပေါ်လာသည်။
ထိုသည်မှာ ရိုးရှင်းလှသော မိစ္ဆာနှိမ်နင်းရေး အဆောင်မန္တန်လေး တစ်ခုဖြစ်ပြီး ဤနယ်ပယ်ရှိ သုံးနှစ်အရွယ် ကလေးငယ်များပင် လေ့ကျင့်နိုင်လောက်အောင် အခြေခံကျလွန်းလှသည်။ သို့သော် ဤအဆောင်မန္တာန် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်ပင် ကောင်းကင်အား ဖုံးလွှမ်းနေသော ထိုအမည်းရောင် အလင်းတန်းများသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ပြင်းထန်စွာ လူးလှိမ့်လာကြပြီးနောက် လူစုခွဲကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
သို့သော် အဆောင်မန္တာန်၏ အလင်းရောင်များ ညွှန်ပြရာ နေရာတိုင်းတွင် မကောင်းဆိုးဝါး အားလုံးသည် လွယ်ကူစွာ ဖယ်ရှားခံလိုက်ရသည်။ ထို့ကြောင့် အသက်တစ်ခိုက်ရှူချိန် အတွင်းမှာပင် အမည်းရောင် အလင်းတန်းများသည် တိုးညင်းသော ညည်းတွားသံများကြားတွင်
အငွေ့ပျံသွားလေတော့သည်။
ဤသိုင်းကွက်က ထိုနေရာတွင် ရှိနေသူအားလုံးကို အံ့အားသင့် မှင်တက်သွားစေခဲ့သည်။ ဖန်ရှင်းအန်းပင်လျှင် ပါးစပ်ကြီး အဟောင်းသား ဖြစ်သွားပြီး ရွှယ်အန်းအား အံ့သြမှင်တက်စွာ စိုက်ကြည့်နေမိသည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းက ခေါင်းကို ညင်သာစွာ မော့လိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
"အဲဒီ နတ်ဆေးဖိုကြီးပေါ်က ဝင်္ကပါအစီအရင်တွေကို ပြုပြင်ပြောင်းလဲပြီး လူတိုင်းကို ထောင်ချောက်ဆင်တယ်၊ ပြီးတော့ သူတို့အားလုံးကို ပိုက်ကွန်တစ်ခုထဲမှာ ဖမ်းချုပ်တယ်၊ တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ အကြံအစည်ပဲ"
လုလင်းဖန်သည် ပြင်းထန်စွာ တုန်ယင်သွားပြီး သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ အော်ဟစ်လိုက်သည်။
"နင်က ဘယ်သူလဲ"
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များတွင် အေးစက်သော အပြုံးတစ်ခု ကွေးတက်သွားသည်။
"မင်း မသိဘူးလား၊ ငါ့နာမည်က ရွှယ်အန်းလေ"
လုလင်းဖန်သည် ထိန်းချုပ်မရအောင် တုန်ယင်နေပြီး သူမ၏ နှလုံးသားထဲမှ ပြင်းထန်သော တုန်လှုပ်မှုများက ယဉ်ကျေးသိမ်မွေ့ပုံရသော ဤအဖြူရောင်ဝတ်စုံနှင့် လူငယ်လေးသည် အလွန်တရာ အန္တရာယ်များကြောင်း သူမအား သတိပေးနေသည်။ ချက်ချင်း ထွက်ပြေးခြင်းက အကောင်းဆုံးဖြစ်ပြီး ပိုဝေးဝေး ပြေးနိုင်လေ ပိုကောင်းလေလေဟုသတိပေးနေသည်။ သို့သော် ရွှယ်အန်းထံမှ အကြည့်တစ်ချက်ကပင် သူမအား ထိုနေရာတွင် အေးခဲသွားစေခဲ့သည်။ သိပ်မကြာမီမှာပင် ရွှယ်အန်းက အေးဆေးစွာ ပြောလိုက်သည်။
"နှလုံးသားတွေကို လှည့်စားတယ်၊ လိုလားတောင့်တမှုတွေကို ကစားစရာလုပ်တယ်၊ နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ တစ္ဆေနယ်ပယ်က။မင်းတို့လို တစ္ဆေသရဲတွေရဲ့ နည်းလမ်းတွေက ဘာမှကို ပြောင်းလဲမသွားဘူးပဲ"
လုလင်းဖန်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားသည်။ ရွှယ်အန်း၏ မျက်လုံးများထဲတွင် အေးစက်မှုတစ်ခု တဖျပ်ဖျပ် လက်သွားပြီးနောက် စူးရှစွာ ပြောလိုက်သည်။
"မင်းရဲ့ ပုံစံအစစ်ကို မပြတော့ဘူးလား"
လုလင်းဖန်က အော်ဟစ်လိုက်ပြီး လှည့်ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်လေးမှာပင် ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း သူမ၏ရှေ့သို့ ရောက်ရှိသွားပြီး သူမ၏ နဖူးပေါ်သို့ လက်ညိုးတစ်ချောင်း တင်လိုက်လေသည်။
လုလင်းဖန်၏ ပုံရိပ်မှာ ချက်ချင်း တောင့်တင်းသွားသော်လည်း စူးရှသော အော်ဟစ်သံတစ်ခုက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ရုတ်တရက် အမည်းရောင် အရိပ်တစ်ခုသည် လုလင်းဖန်၏ ဦးခေါင်းထက်မှ ခုန်ထွက်လာပြီး ထွက်ပြေးရန် ကြိုးစားသည်။သို့သော် လက်မအနည်းငယ်မျှပင် မလွတ်မြောက်နိုင်မီမှာပင် ရွှယ်အန်းက ၎င်းကို သူ၏လက်ဖဝါးထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီးနောက် ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
"မလှုပ်နဲ့”
---