အခန်း (၅၃၉-၅၄၁)
Vol. 36 Ch. 539-541
အခန်း ၅၃၉ မဟာဆရာသခင် မူထျန်းရွှမ်
လူတိုင်း၏ အကြည့်တို့က ဆေးဖိုဆီသို့သာ စုပြုံကျရောက်နေကြသည်။
ဆေးဖိုအတွင်းဝယ် မှိန်ပျပျ အလင်းတန်းလေးတစ်ခုက ဝေ့ဝဲနေဆဲပင်။
နောက်ဆုံးတွင်မူ... သာယာငြိမ့်ညောင်းသော မြည်ဟီးသံတစ်ချက် ထွက်ပေါ်လာတော့သည်။
မူထျန်းရွှမ်က သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်၏။
ဆေးဖိုအဖုံးသည် အနည်းငယ် တုန်ခါသွားပြီးနောက် ပွင့်ဟသွားလေသည်။
ထိုအခိုက်တွင် အလွန်မွှေးပျံ့လှသော ဆေးရနံ့များမှာ အရှိန်အဟုန်ဖြင့် တိုးထွက်လာတော့သည်။
ထိုရနံ့သည် သူတို့တစ်သက်တွင် တစ်ခါမျှ မခံစားဖူးသည့် နက်ရှိုင်းသော အငွေ့အသက်များ ပါဝင်နေသည်။
ဆေးဖို၏ ဗဟိုချက်တည့်တည့်တွင် ဆေးလုံးတစ်လုံးမှာ လေထုထဲ၌ ဝဲပျံနေ၏။
၎င်း၏ မျက်နှာပြင်မှာ ချောမွေ့ကာ အပြစ်ပြောစရာ မရှိပေ။
ဆေးလုံးပေါ်တွင် သိမ်မွေ့နက်နဲသော တာအိုအမှတ်အသားများက လျှပ်ခနဲ လျှပ်ခနဲ ပေါ်ပေါက်နေသည်။
ဆေးလုံးအတွင်းမှ အလင်းရောင်မှာလည်း အသက်ရှိနေသည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။
အဆင့် ၇ ဆင့်ရှိသော ဆေးလုံး
ယုံမှားသံသယဖြစ်စရာ လုံးဝမရှိပေ။
အချိန်အတော်ကြာအောင် လူတိုင်းက ငေးမောကြည့်နေမိကြသည်။
နောက်ဆုံးတွင်မူ
မူယွဲ့လန်က ရှေ့သို့ တစ်လှမ်းတိုးလာခဲ့သည်။
သူမ၏ အကြည့်တို့က ဆေးလုံးဆီသို့လှမ်းရင်း သူမ၏ ဖခင်ဆီသို့ တုန်တုန်ရီရီဖြင့် ကြည့်နေမိ၏။
အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သော သူမ၏ မျက်နှာထက်တွင် ရှားရှားပါးပါး နူးညံ့သိမ်မွေ့သော အရိပ်အယောင်များ ပေါ်လာတော့သည်။
သူမက ခေါင်းကို အနည်းငယ် ညွတ်လိုက်၏
“ဂုဏ်ယူပါတယ် အဖေ... အခုဆိုရင် အဖေက မဟာဆရာသခင် ဆေးဖော်စပ်သူတစ်ယောက် ဖြစ်သွားပြီပဲ”
သူမ၏ အသံက တစ်ခန်းလုံး၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည့်အလား
တစ်ခန်းလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။
“မဟာဆရာသခင်အဖြစ် တက်လှမ်းနိုင်တာကို ဂုဏ်ယူပါတယ်”
“မဟာဆရာသခင် မူထျန်းရွှမ်း”
“ဟားဟားဟား ငါတို့ မူမျိုးနွယ်စု နောက်ဆုံးတော့ အောင်မြင်သွားပြီဟေ့”
ဒီရေလှိုင်းအလား ပြင်းထန်သော စိတ်လှုပ်ရှားမှုများက ရိုက်ခတ်လာသည်။
နာရီပေါင်းများစွာ တင်းမာနေခဲ့သော မျက်နှာများမှာ ဝမ်းသာအားရ ပြုံးရွှင်သွားကြသည်။
အချို့သော အကြီးအကဲများဆိုလျှင် ဟက်ဟက်ပက်ပက် ရယ်မောနေကြ၏။
အချို့ကလည်း စိတ်လှုပ်ရှားလွန်းသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။
ကာလရှည်ကြာစွာ ပိတ်ဆို့နေခဲ့သော အတားအဆီးမှာ နောက်ဆုံးတွင် ကျိုးပျက်သွားခဲ့လေပြီ။
နောက်ဆုံးတွင် သူတို့၏ မျိုးနွယ်စုထဲတွင် မဟာဆရာသခင် ဆေးဖော်စပ်သူ တစ်ဦး ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
မုထျန်းရွှမ်က ဆေးလုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားသည်။
သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း တုန်ရီနေသော လက်ချောင်းများက သူ၏ စိတ်လှုပ်ရှားမှုကို သက်သေပြနေ၏။
သူက ဆေးလုံးကို ခဏတာ စိုက်ကြည့်နေပြီးနောက် မျက်လုံးများကို ဖြည်းဖြည်းချင်း ပင့်မလိုက်သည်။
မူယွဲ့လန်ဆီသို့...
အကြီးအကဲများဆီသို့...
နောက်ဆုံးတွင်မူ
မူမျိုးနွယ်စု၏ တံတိုင်းများထက် ကျော်လွန်သော ဝေးကွာရာအရပ်ဆီသို့ သူ၏ အကြည့်တို့က ရောက်ရှိသွားသည်။
မှိန်ပျပျ အပြုံးတစ်ခု ပေါ်လာ၏။
“ဒီအဖိုးကြီးက နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်နိုင်ရုံပါပဲ”
သူ၏ အသံက တည်ငြိမ်နေသည်။
“ငါ ဒီအဆင့်ရဲ့ အစွန်းမှာ ရပ်နေခဲ့တာ နှစ်ပေါင်း ရာနဲ့ချီနေခဲ့ပြီ”
သူ ခေတ္တမျှ ရပ်လိုက်၏
“တကယ်လို့ အဲ့ဒီကလေးက အဆင့် (၇) ဆေးနည်းတွေကို ယူမလာပေးခဲ့ရင်...”
သူ၏ အကြည့်များက နူးညံ့သွားသည်။
“ဒီနေ့လိုမျိုး အောင်မြင်မှု ရလာမှာ မဟုတ်ဘူး”
တစ်ခန်းလုံးရှိ လူတိုင်းက နားလည်မှုရှိရှိဖြင့် တိတ်ဆိတ်သွားကြသည်။
အကြီးအကဲများကလည်း တစ်ဦးပြီးတစ်ဦး ခေါင်းညိတ်လိုက်ကြ၏
မှန်ပေသည်
မုထျန်းရွှမ်တွင် မဟာဆရာသခင် တစ်ဦးဖြစ်ရန် လိုအပ်သော အရည်အချင်းများ အားလုံးရှိသော်လည်း အဆင့် (၇) ဆေးနည်း မရှိသောကြောင့်သာ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
သူတစ်ယောက်တည်း မဟုတ်ပေ
မူမျိုးနွယ်စု၏ ပါရမီရှင် အများအပြားမှာလည်း မျိုးဆက်ပေါင်းများစွာကြာအောင် ဤအကြောင်း ပြချက်ကြောင့်ပင် ရှေ့ဆက်မတိုးနိုင် ဖြစ်နေခဲ့ကြရသည်။
ထိုအရာသည် သူတို့ကို ချည်နှောင်ထားသော သံခြေကျင်းကြီးသဖွယ်ပင်
သို့သော် ယခုမူ ပိုင်ကျီဟန်က သူတို့အတွက် ဖြေရှင်းချက်ကို ပေးခဲ့ပြီဖြစ်သည်။
မူထျန်းရွှမ်း၏ အပြုံးက ပိုမိုနက်ရှိုင်းလာကာ
“ငါ့ရဲ့ မြေးလေးကတော့လေ...”
သူ၏ မျက်ဝန်းထဲတွင် ဂုဏ်ယူရိပ်များ လျှပ်ခနဲ ပေါ်လာ၏။
“သူက မူမျိုးနွယ်စုကို ငါတို့ စိတ်ကူးထားတာထက်ပိုတဲ့ လက်ဆောင်ကို ပေးခဲ့တာပဲ”
အခန်းတွင်း လေထုမှာ နူးညံ့သွား၏
သို့သော်လည်း ခဏတာမျှသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်
နောက်ထပ် ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာပြန်သည်။
အကြီးအကဲတစ်ဦးသည် အနာဂတ်ကို တွေးတောရင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ
“အခု ဆရာ မူထျန်းရွှမ်း အောင်မြင်သွားပြီဆိုတော့...”
သူ၏ မျက်လုံးများက တောက်ပနေသည်။
နောက်ထပ် အောင်မြင်မှုတွေ ရှိလာဦးမည်
မုမျိုးနွယ်စုထဲတွင် မူထျန်းရွှမ်းနှင့် အဆင့်တူညီသော အကြီးအကဲ အနည်းဆုံး နှစ်ဦးခန့် ကျန်ရှိနေသေးရာ ထိုသူများအတွက်လည်း ဤနောက်ဆုံးခြေလှမ်းကို လှမ်းရန် မခက်ခဲတော့ပေ။
အခြားသူများလည်း ရှိနေသေးသော်လည်း သူတို့ကမူ အနည်းငယ် ပိုမိုလေ့ကျင့်ရန် လိုကောင်းလိုပေလိမ့်မည်။ သို့သော် ယခုအခါ ရှေ့ဆက်ရမည့် လမ်းစကို မြင်တွေ့လိုက်ရပြီ ဖြစ်သဖြင့် သူတို့အားလုံးသည် ဧကန်မလွဲ ပိုမိုကြိုးစားကြတော့မည် ဖြစ်ပေသည်။
မကြာမီအချိန်အတွင်း မိမိတို့၏ မူမျိုးနွယ်စု၌ အဆင့် (၇) ဆေးလုံးဆရာအများအပြား ပေါ်ထွက်လာတော့မည်ဟူသော အတွေးကပင်
သူတို့၏ ရင်ခုန်သံများကို မြန်ဆန်စေခဲ့သည်။
ထိုသို့ဖြစ်လာလျှင်ပင် မဟာသခင် ဆေးလုံးဆရာကြီး အယောက် ၂၀ ကျော် ပိုင်ဆိုင်ထားသော၊ အစွမ်းအစ အနန္တရှိသည့် နီညိုရောင် ဆေးလုံးအင်ပါယာနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးသော်လည်း၊ ဤဒေသအတွင်း ဒုတိယနေရာ၌ အခိုင်အမာ ရပ်တည်နိုင်မည်ဟု ဆိုလျှင်လည်း လုံးဝမှားမည်မဟုတ်ပေ။
မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခဲ့သော အင်ပါယာတစ်ခု၏ အခြေခံအုတ်မြစ်ကို တစ်ညတည်းနှင့် ကျော်တက်နိုင်ရန်မှာ မဖြစ်နိုင်ပေ
သို့သော်လည်း အကယ်၍ ဆေးဆရာ မျိုးနွယ်စုများနှင့် ဂိုဏ်းအသီးသီးကိုသာ ယှဉ်မည်ဆိုပါက မကြာမီ ပထမနေရာကို ရယူနိုင်တော့မည်ဖြစ်သည်။
မူချင်းယွမ်သည်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ယခုအခြေအနေက မည်မျှအထိ အဓိပ္ပာယ်သက်ရောက်ကြောင်း ကောင်းစွာနားလည်ပေသည်။
"ငါတို့အပေါ်မှာ ဘယ်သူမှ ရှိနေနိုင်တော့မှာ မဟုတ်ဘူး”
ပျော်ရွှင်မှုများ ပျံ့နှံ့သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုစကားမှာ မာနထောင်လွှားခြင်း မဟုတ်ကြောင်း သူတို့အားလုံး သိနေကြသောကြောင့်ဖြစ်သည်။
မဟာဆရာသခင် ဆေးဆရာကြီး တစ်ဦးတည်းနှင့်တင် သူတို့သည် ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။ ဤဂုဏ်ထူးဆောင် ဆေးဆရာကြီး တစ်ဦးတည်း၏ အရှိန်အဝါဖြင့် နီညိုရောင် ဆေးလုံးအင်ပါယာမှလွဲ၍ သူတို့ကို ယှဉ်နိုင်မည့်သူ မရှိတော့ပေ။
အကယ်၍ သုံးဦးသာ ရှိလာခဲ့လျှင် နီညိုရောင် ဆေးလုံးအင်ပါယာရှိ အင်အားကြီး မျိုးနွယ်စုအချို့ကိုပင် ရင်ဆိုင်နိုင်မည်ဖြစ်သည်။
အကယ်၍သာ ဆယ်ဦးအထိ ရှိလာခဲ့မည်ဆိုလျှင်မူ
ဤဒေသ၏ အင်အားအကြီးဆုံး ဆေးပညာရှင် မိသားစုဟု မိမိကိုယ်ကိုယ် ခေါ်ဆိုခြင်းမှာ ပုံကြီးချဲ့ခြင်း ဖြစ်တော့မည်မဟုတ်ပေ။
အခန်းတွင်းရှိ လေထုမှာ စိတ်လှုပ်ရှားမှုများဖြင့် လွှမ်းမိုးသွားသည်။
မျှော်လင့်ချက်
ရည်မှန်းချက်
တစ်ချိန်က လက်လှမ်းမမီနိုင်ဟု ထင်ခဲ့ရသော အိမ်မက်များမှာ ယခုအခါ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသလို ခံစားရစေသည်။
သို့သော်လည်း
ဤစိတ်အားထက်သန်မှုများ အကြားတွင်
သတိပေးသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
မူချင်းယွမ်က သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ အခန်းထဲတွင် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
သူ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွား၏
"ငါတို့ စောစောစီးစီး အောင်ပွဲမခံသင့်သေးဘူး။"
လူတိုင်း၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။
"ဆေးလုံးဘေးဒုက္ခက ဖုံးကွယ်ထားလို့ရတဲ့ အရာမဟုတ်ဘူး”
“အခုလောက်ဆိုရင်..." မူချင်းယွမ်က လေးလေးပင်ပင် ဆက်ပြောသည်။ "အင်အားစု အတော်များများက ငါတို့ မူမျိုးနွယ်စုထဲမှာ တစ်ခုခု ထူးခြားနေပြီဆိုတာကို သိသွားလောက်ပြီ။ အချက်အလက်အားလုံးကို အတည်မပြုနိုင်သေးရင်တောင်... သူတို့ စုံစမ်းထောက်လှမ်းပြီး ဒီနေ့ကိစ္စကို သိသွားကြလိမ့်မယ်။"
အခန်းတွင်းရှိ ပျော်ရွှင်မှုများမှာ အနည်းငယ် အေးစက်သွားသည်။
အဘယ်ကြောင့်ဆိုသော် မဟာဆရာသခင် ဆေးဆရာကြီး တစ်ဦး ပေါ်ထွက်လာခြင်းမှာ ဂုဏ်သိက္ခာတင်မကေပ
ဩဇာအာဏာနှင့် အင်အားကိုပါ ဆိုလိုကြောင်း သူတို့အားလုံး နားလည်ထားကြသောကြောင့်ဖြစ်သည်။
သူတို့၏ ရန်သူများသည် ဤသတင်းအပေါ် ကျေနပ်နေကြမည် မဟုတ်သည်မှာ ထင်ရှားလှသည်။
သတင်းကြားသည်နှင့် မည်သို့သော အကွက်မျိုး ထုတ်သုံးလာမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။
"ဖခင်ကြီး အောင်မြင်စွာ အဆင့်တက်သွားတဲ့ အမှန်တရားကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး"
မူချင်းယွမ်က ကောက်ချက်ချလိုက်သည်။
မူထျန်းရွှမ်ခဏမျှ တိတ်ဆိတ်သွားသည်။
သူ၏ အကြည့်တို့က အောက်သို့ အနည်းငယ် နိမ့်ဆင်းသွား၏
အလေးအနက် စဉ်းစားတွက်ချက်နေပုံ ရသည်။
ထို့နောက် သူသည် ဦးခေါင်းကို ဖြည်းညှင်းစွာ ပြန်မော့လိုက်သည်။
သူ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"တကယ်လို့ ဖုံးကွယ်ထားလို့ မရဘူးဆိုရင်လည်း..." သူက အေးဆေးစွာ ပြောလိုက်သည်။
"ငါတို့ ဖုံးမထားတော့ဘူး။ အဲ့ဒီအစား..."
သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာပြီး “ငါတို့ ဒါကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်ပြလိုက်မယ်။"
အခန်းတွင်းရှိ လူများကြားတွင် ဂယက်ထသွားသည်။
"လူတိုင်းကို ဖိတ်ကြားပြီး အောင်ပွဲခံပွဲ လုပ်
မယ်။"
သူ၏ အသံမှာ တည်ငြိမ်ပြီး ယုံကြည်ချက် အပြည့်ရှိနေသည်။
"ငါ အဆင့်တက်သွားတဲ့အတွက် ခမ်းနားတဲ့ အောင်ပွဲခံပွဲတစ်ခု ကျင်းပကြမယ်။"
ဤသို့ပြုလုပ်ခြင်းဖြင့်
သူတို့သည် အမှန်တရားကို ဝန်ခံရုံသာမက
ယင်းကို အခွင့်အရေးအဖြစ် အသုံးချနိုင်မည်ဖြစ်သည်။
ဖုံးကွယ်ထား၍ မရနိုင်သဖြင့် ယင်းကို အသုံးချကာ မိမိတို့၏ ဩဇာအာဏာကို ချဲ့ထွင်ရန်ပင် ဖြစ်သည်။
မူထျန်းရွှမ်က ဆက်လက်၍
"ငါတို့ရဲ့ အင်အားက ထုတ်ဖော်ပြသပြီးသား ဖြစ်နေမှတော့... တစ်လောကလုံးကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြလိုက်ကြတာပေါ့။"
"မူမျိုးနွယ်စု ပြန်လည် နိုးထလာပြီဆိုတာ သူတို့ကို သိအောင် လုပ်ပြလိုက်မယ်”
စိတ်လှုပ်ရှားမှုများ ရှိနေသော်လည်း စိုးရိမ်ပူပန်မှုများက ရှိနေဆဲဖြစ်သည်။
သူတို့သည် အင်ပါယာအတွင်းရှိ အင်အားစုများကိုမူ မကြောက်ရွံ့ကြပေ။
မိမိတို့၏ ကိုယ်ပိုင်အင်အားနှင့် နောက်ကွယ်တွင် ကျောထောက်နောက်ခံပြုထားသည့် ပိုင်ကျီဟန်၏ ပိုင်မျိုးနွယ်စုရှိနေသရွေ့ သူတို့ကို အခက်အခဲဖြစ်အောင် လုပ်
မည့်သူ ရှိမည်မဟုတ်ပေ။
ထို့အပြင် မဟာဆရာသခင် ဆေးဆရာကြီး တစ်ဦး ရှိနေခြင်းက ကျင့်ကြံသူ အများအပြားကို သူတို့နှင့် ရန်ဖက်ဖြစ်မည့်အစား မဟာမိတ်ဖွဲ့ရန် ပိုမို ဆန္ဒရှိစေမည်ဖြစ်သည်။
သို့သော်လည်း
ဤကိစ္စသည် အင်ပါယာတစ်ခုတည်းအတွင်း၌သာ ကန့်သတ်ထားမည်မဟုတ်ကြောင်း အားလုံး သိနေကြသည်။
နီညိုရောင် ဆေးလုံးအင်ပါယာ၏ ပြင်ပတွင် မဟာဆရာသခင် ဆေးဆရာကြီး တစ်ဦး ပေါ်ထွက်လာခြင်းမှာ ထိုအင်ပါယာ၏ ရပ်တည်မှုနှင့် အရှိန်အဝါကို မလွဲမသွေ တုန်လှုပ်စေမည်ဖြစ်သည်။
ယခင်က ပြိုင်ဘက်မရှိဘဲ ဤဒေသ၏ ဆေးလုံးလောကကို ကြီးစိုးထားခဲ့သော်လည်း၊ ယခုအခါ မူထျန်းရွှမ် အဆင့်တက်သွားခြင်းသည် သူတို့အတွက် အလိုအပ်ဆုံး သတင်းမဟုတ်သည်မှာ သေချာသည်။
အခြားသူများ မဟုတ်လျှင်ပင် အနည်းဆုံး နီညိုရောင် ဆေးလုံးအင်ပါယာကတော့ တစ်ခုခု လုပ်လာလိမ့်မည်မှာ
မြေကြီးလက်ခတ်မလွဲပေ။
မူချင်းယွမ်၏ မျက်လုံးများ အနည်းငယ် မှောင်မှိုက်သွား၏
"နီညိုရောင် ဆေးလုံးအင်ပါယာက ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ ငါတို့ သူတို့ကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမယ်”
အခန်း ၅၄၀ - သတင်းစကားက နီညိုရောင်ပလ္လင်ထံသို့ ဆိုက်ရောက်ခြင်း
မူမျိုးနွယ်စုသည် နန်းတွင်းမိသားစုအပါအဝင် အင်အားကြီးဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံးထံသို့ ဖိတ်ကြားလွှာများကို ချက်ချင်းဆိုသလို ပေးပို့လိုက်ကြသည်။
မူမျိုးနွယ်စု၏ တံဆိပ်ခတ်နှိပ်ထားသော ဖိတ်ကြားလွှာများမှာ နေရာအနှံ့သို့ ရောက်ရှိလာခဲ့သည်။
အစပိုင်းတွင်မူ လူအများစုသည် ယင်းကို ထူးခြားသည့်အရာဟု မမှတ်ယူဘဲ အရေးမထားခဲ့ကြပေ။
မှန်ပါသည်၊ မူမျိုးနွယ်စုသည် ကောင်းကင်အင်ပါယာတွင် ဆေးလုံးပညာ အမွေအနှစ်၌ ထိပ်တန်းစာရင်းဝင် ဖြစ်၏
သို့သော်လည်း အခြားသော ဆေးလုံးမျိုးနွယ်စုများတွင်လည်း အဆင့် (၆) ဆေးဆရာများအများအပြား ရှိနေကြသည်ဖြစ်ရာ မူမျိုးနွယ်
စု၏ အရေးပါမှုမှာ ထိုက်တန်သလောက် အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။
ကောင်းကင်အင်ပါယာရှိ အခြားဆေးမျိုးနွယ်စုများမှာလည်း ထိုနည်းတူပင်။
အဘယ်ကြောင့်ဆိုသော် ဤအင်ပါယာသည် စုစုပေါင်းတိုက်ခိုက်ရေးစွမ်းအားကိုသာ အရာအားလုံးထက် ပိုမိုတန်ဖိုးထားပြီး ထိုအပေါ်၌သာ အဆင့်သတ်မှတ်လေ့ ရှိသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယင်းမှာ အောင်ပွဲခံပွဲ ဖိတ်ကြားလွှာတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
တစ်စုံတစ်ရာ အောင်မြင်မှု ရရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
အထူးတလည် ဂရုစိုက်နေစရာ မလိုဟု ထင်ခဲ့ကြသည်။
သို့သော်လည်း... တံဆိပ်ခတ်နှိပ်ထားသည့် ဖယောင်းလွှာကို ခွာလိုက်သည့် ထိုအခိုက်အတန့်တွင်မူ
အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
တုန်လှုပ်ခြင်း
ယင်းမှာ တစ်ဦးတည်းသော တုံ့ပြန်မှုပင်။
စာသားများအပေါ်တွင် အကြည့်တို့ ရပ်တန့်သွားကြသည်။
အသက်ရှူသံများ နှေးကွေးသွား၏
မျက်နှာအမူအရာများမှာ တောင့်တင်းသွားကြသည်။
ဤမြင်ကွင်းမှာ အင်ပါယာအနှံ့အပြား၌ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဖိတ်ကြားလွှာထဲတွင် ငြင်းပယ်၍မရနိုင်သော အမှန်တရားတစ်ခုကို ရှင်းလင်းစွာ ရေးသားထားသောကြောင့်ဖြစ်သည်။
မူမျိုးနွယ်စုမှ မဟာဆရာသခင် ဆေးလုံးဆရာကြီး တစ်ဦး ပေါ်ထွက်လာပြီ ဖြစ်သည်။
သူတို့သည် ထိုအောင်မြင်မှုကို အတူတကွ ဂုဏ်ပြုရန် လူတိုင်းကို ဖိတ်ကြားထားခြင်း ဖြစ်သည်။
ထောက်လှမ်းရေးများထံမှ ကြိုတင်သတင်းရရှိထားသူများမှာမူ အခြားသူများလောက် မအံ့သြသော်လည်း၊
အနည်းငယ်မျှသာ ကွာခြားပေသည်။
အဘယ်ကြောင့်ဆိုသော် သံသယရှိခြင်းနှင့် အတည်ပြုချက်ရရှိခြင်းမှာ လုံးဝမတူညီသောကြောင့် ဖြစ်သည်။
ယခင်က သူတို့၌ ရှိခဲ့သည်မှာ တွေးတောမှု သာဖြစ်ပြီး ယခုမူ အတည်ဖြစ်သွားခြင်းပင်။
မတူညီသော အင်အားစုများသည် ဤသတင်းအပေါ် တုံ့ပြန်မှု အမျိုးမျိုး ရှိကြသည်။
မူမျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ထားသော မျိုးနွယ်စုများမှာမူ အလွန်ဝမ်းသာနေကြပြီး၊ အထူးသဖြင့် သူတို့နှင့် အလွန်ရင်းနှီးသောပိုင်မျိုးနွယ်စုပင် ဖြစ်သည်။
သူတို့သည် အရှိန်အဟုန်ဖြင့် တိုးတက်နေခဲ့ပြီးဖြစ်ရာ၊ ယခုအခါ မူမျိုးနွယ်စုတွင် ဆေးဆရာကြီး တစ်ဦး ပေါ်ထွက်လာခြင်းက ထိုအရှိန်ကို ပိုမိုမြန်ဆန်စေတော့မည်ဖြစ်သည်။
ပိုင်မျိုးနွယ်စု၏ အကြီးအကဲများမှာ ထိုသတင်းကြောင့် ဝမ်းမြောက်မဆုံး ဖြစ်နေကြသည်
ပိုင်မျိုးနွယ်စု၏ ထွန်းတောက်လာမှုကို မည်သူမှ တားဆီးနိုင်တော့မည် မဟုတ်သလိုပင်။
ပိုင်ထျန်းဟမ်သည်လည်း ထိုသတင်းကို ကြားသိရသောအခါ အထူးပင် ဝမ်းမြောက်သွားခဲ့သည်။
ကောင်းကင်အင်ပါယာရှိ ဆေးလုံးမျိုးနွယ်စုများ၏ ကန့်သတ်ချက်ကို သူသိရှိထားသဖြင့် မူမျိုးနွယ်စုကို ကူညီနိုင်မည့် နည်းလမ်းကို အမြဲရှာဖွေခဲ့ဖူးသည်။
သို့သော် အဆင့် (၇) ဆေးနည်းတစ်ခုကို ရရှိရန်မှာ ကောင်းကင်အဆင့် ကျင့်စဉ် တစ်ခု ရရှိရန်ထက်ပင် ပိုမိုခက်ခဲလှသည်။
ယင်းကို ရရှိရန်အတွက် မဟာဆရာသခင် ဆေးဆရာကြီး တစ်ဦးနှင့် သိကျွမ်းထားရမည်ဖြစ်ပြီး၊ ထိုဆရာကြီးက ဆေးနည်းတစ်စောင် ပေးဖို့ စဉ်းစားလာစေရန်အတွက် အသက်ကယ်ခဲ့ဖူးသည့် ကျေးဇူးမျိုးကဲ့သို့သော ကြီးမြတ်လှသည့် ကျေးဇူးတစ်ခု တင်ထားရပေမည်။
သို့သော် မဟာဆရာသခင် ဆေးဆရာကြီးအားလုံးကို နီညိုရောင် ဆေးလုံးအင်ပါယာက ထိန်းချုပ်ထားသော အရှေ့ဘက်ဒေသတွင်မူ ယင်းမှာ မဖြစ်နိုင်သလောက်ပင်။
ထိုအချိန်တွင် သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ပိုင်ကျီဟန်နှင့် ပြောဆိုခဲ့သော စကားများကို ပြန်လည်အမှတ်ရသွားသည်။
(သူ သိနေခဲ့တာလား?)
ပိုင်ထျန်းဟမ် တွေးလိုက်မိသည်မှာ... ပိုင်ကျီဟန် ဤမျှကြာအောင် နေနေခဲ့ခြင်းမှာ မူထျန်းရွှမ် အဆင့်တက်ရန် ပြင်ဆင်နေသည်ကို သိနေသဖြင့် အနီးကပ်စောင့်ကြည့်ရန် ဖြစ်လိမ့်မည်။
ထို့ကြောင့်လည်း ရက်အနည်းငယ် စောင့်ရန်နှင့် သူလိုအပ်သော ဆေးလုံးကို ရရှိနိုင်လိမ့်မည်ဟု ပြောခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ်၊ သူသည် ဖိတ်ကြားလွှာနှင့်အတူ နောက်ထပ်စာတစ်စောင်ကိုပါ ရရှိခဲ့သည်။
ယင်းမှာ နီညိုရောင် ဆေးလုံးအင်ပါယာမှ ဝင်ရောက်စွက်ဖက်လာနိုင်ခြေရှိသည့် ကိစ္စပင် ဖြစ်သည်။
ပိုင်မျိုးနွယ်စုသည် မူမျိုးနွယ်စုကို ကာကွယ်ပေးရန် လိုအပ်သဖြင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်သတိပေးထားရန် လိုအပ်သည်။
ပိုင်ထျန်းဟမ်က ယင်းကို ကောင်းစွာနားလည်သဖြင့် ပြင်ဆင်မှုများ ပြုလုပ်တော့သည်။
အကယ်၍ နီညိုရောင် ဆေးလုံးအင်ပါယာမှ ဆေးလုံးပညာကိုသာ ဖယ်ထုတ်လိုက်မည်ဆိုပါက သူတို့သည် ပိုင်မျိုးနွယ်စု၏ ရှေ့တွင် အားနည်းသူများသာ ဖြစ်ကြပေသည်။
တစ်ဖက်တွင်မူ... လီ-ကျောက်အင်အားစုမှ လူများ၏ မျက်နှာအမူအရာမှာ မစင်စားမိထားသလိုမျိုး ပျက်ယွင်းနေခဲ့သည်။
"တောက် ဘာလို့ မူမျိုးနွယ်စုက လူဖြစ်နေရတာလဲ”
လီကျန်းဟုန်သည် မဆဲဘဲ မနေနိုင်တော့ပေ။
သူတို့သည် ပိုင်မျိုးနွယ်စုကို အရှုံးပေးနေရသည့် အခြေအနေတွင် ယခု ပိုင်မျိုးနွယ်စုနှင့် အနီးကပ်ဆုံး မဟာမိတ် ဆေးလုံးမျိုးနွယ်စုက မဟာဆရာသခင်ကြီး တစ်ဦး ပိုင်ဆိုင်သွားပြီဟူသော သတင်းကို ရရှိလိုက်ရပြန်သည်။
သူတို့၏ ကံကြမ္မာက မည်သို့ကြောင့် ဤမျှ ဆိုးဝါးနေရသနည်း?
အကယ်၍ ထိုသူသာ သူတို့ဘက်တော်သားထဲမှ ဖြစ်ခဲ့လျှင်၊ သူတို့၏အကူအညီဖြင့် အရှိန်အဝါ မြင့်တက်လာနိုင်မည်ဖြစ်သည်။
အကယ်၍ ကြားနေသူ သို့မဟုတ် ပိုင်မျိုးနွယ်စုနှင့် မဟာမိတ် အပေါ်ယံမျှသာ ဖြစ်ခဲ့လျှင်လည်း အကျိုးအမြတ်များစွာ ပေး၍ ဆွဲဆောင်နိုင်မည်ဖြစ်သည်။
သို့သော် ထိုသူမှာ မူမျိုးနွယ်စုမှ ဖြစ်နေခဲ့သည်။
မူယွဲ့လန်နှင့် ပိုင်ထျန်းဟမ်တို့ လက်ထပ်ထားခြင်းနှင့်အတူ နောက်မျိုးဆက် ခေါင်းဆောင်မှာလည်း ပိုင်ကျီဟန် ဖြစ်နေခြင်းတို့ကြောင့် သူတို့၏ မဟာမိတ်မှာ ဖျက်ဆီး၍မရနိုင်အောင် ခိုင်မာနေပြီဖြစ်သည်။
ပိုင်မျိုးနွယ်စု၏ ပြိုင်ဘက် အင်အားစုများစွာလည်း ထိုနည်းတူပင် တွေးနေကြသည်။
ဘာလို့ ပိုင်မျိုးနွယ်စုကပဲ ဒီလောက် ကံကောင်းနေရတာလဲ?
ငါတို့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆေးဆရာတွေကျတော့ ဘာလို့ အဆင့်မတက်ကြတာလဲ?
ကောင်းကင်ဘုံကပဲ မျက်နှာလိုက်နေတာလား?
မည်သို့ပင် ညည်းတွားနေစေကာမူ၊ သူတို့အားလုံး ဖိတ်ကြားလွှာအတိုင်း တက်ရောက်ကြရမည်သာ ဖြစ်သည်။
မူမျိုးနွယ်စုတွင် ဆေးဆရာကြီး တစ်ဦး ရှိနေပြီဖြစ်ရာ မည်သူမှ သူတို့ကို မလေးမစား မလုပ်ရဲကြတော့ပေ။
အလွန်ဝေးကွာလှသော အရပ်ဆီ၌မူ-
ရှေးဟောင်း ကျောက်စိမ်းရတနာများနှင့် မီးလျှံဓာတ်တို့ဖြင့် ထုဆစ်ထားသည့် ခမ်းနားထည်ဝါလှသော နန်းတော်ကြီးအတွင်း၌
နီညိုရောင် ဆေးလုံးအင်ပါယာ
လေထုသည် လေးလံထိုင်းမှိုင်းကာ ဖိအားများဖြင့် ပြည့်နှက်နေသည်။
ရောက်ရှိနေသူ တစ်ဦးတစ်ယောက်မျှ စကားမဟရဲကြပေ။
နန်းရင်ပြင်၏ အလယ်ဗဟိုတွင် လူတစ်ယောက် ဒူးထောက်လျက် ရှိနေသည်။
သူ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေပြီး ကျောပြင်တစ်ခုလုံးတွင်လည်း ချွေးအေးများဖြင့် စိုရွှဲနေခဲ့သည်။
မူထျန်းရွှမ်သည် အဆင့် (၇) ဆေးဆရာ အဖြစ် မည်သို့ အောင်မြင်စွာ အဆင့်တက်သွားပုံရကြောင်း သတင်းပို့ပြီးခဲ့ပြီ ဖြစ်သည်။
အသေးစိတ်ပင်
ဆေးလုံးဘေးဒုက္ခ
ဆင်းသက်လာပုံမှအစ
ဖိတ်ကြားလွှာများ ပေးပို့လိုက်သည့်အထိ။
ထို့နောက်တွင်မူ
တိတ်ဆိတ်ခြင်း
အသက်ရှူရကျပ်မတတ် လေးလံလှသော တိတ်ဆိတ်မှုမှာ အချိန်အတော်ကြာအောင် ဆွဲဆန့်သွားခဲ့သည်။
မည်သူမှ မလှုပ်ရှားရဲကြပေ
အသက်ကိုပင် ပြင်းပြင်းမရှူရဲကြပေ။
အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းပလ္လင်ထက်တွင် စံမြန်းနေသူမှာ
နီညိုရောင် ဆေးလုံးအင်ပါယာ၏ အရှင်သခင်ဖြစ်နေသောကြောင့်ပင်။
သူ၏ မျက်နှာအမူအရာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဒေါသထွက်နေပုံရသည်။
ဒုန်း
သူ၏ ရိုက်ချက်ကြောင့် ကျောက်စိမ်းပလ္လင်မှာ အနည်းငယ်ပင် အက်ကွဲသွားရသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
ထိန်းချုပ်၍မရသော အမျက်ဒေါသ
ယင်းမှာ သူ လုံးဝမမျှော်လင့်ထားသည့် အရာပင်။
သူတို့၏ ထိန်းချုပ်မှုပြင်ပတွင် မဟာဆရာသခင် ဆေးဆရာကြီး တစ်ဦး ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။
"ဒါကို လက်ခံလို့မရဘူး”
သူ၏ ဦးနှောက်မှာ အလျင်အမြန် စဉ်းစားတွက်ချက်နေသည်။
ဖြစ်နိုင်ခြေ သုံးခုကို သူ တွေးတောမိလိုက်သည်။
ပထမအချက်
သစ္စာဖောက်မှု..သူတို့ထဲမှ တစ်ယောက်ယောက်သည် အဆင့် (၇) ဆေးနည်းကို မူမျိုးနွယ်စုထံ တိတ်တဆိတ် လက်ဆင့်ကမ်းပေးလိုက်ခြင်း။
ဒုတိယအချက်
ခိုးယူမှု.. မူမျိုးနွယ်စုသည် တစ်စုံတစ်ရာသော နည်းလမ်းဖြင့် သူတို့၏ အဆင့် (၇) ဆေးနည်းကို ခိုးယူသွားခြင်း။
တတိယအချက်
ဤဒေသ၏ ပြင်ပမှ တစ်စုံတစ်ဦးက ဝင်ရောက်စွက်ဖက်ပြီး သူတို့ကို ကူညီပေးလိုက်ခြင်း။
မည်သို့ပင်ဆိုစေကာမူ၊ ထိုအချက်များထဲမှ မည်သည့်အချက်ကမှ မကောင်းလှပေ။
အဘယ်ကြောင့်ဆိုသော် ရလဒ်မှာ အတူတူပင်ဖြစ်သောကြောင့် ဖြစ်သည်။
နီညိုရောင် ဆေးလုံးအင်ပါယာမှလွဲ၍ အခြားသူတစ်ဦးက မဟာဆရာခင် ဆေးဆရာကြီး အဆင့်ကို ပိုင်ဆိုင်သွားခဲ့ပြီ။
ယင်းက သူတို့၏ အရှိန်အဝါကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
ရာစုနှစ်ပေါင်းများစွာ သူတို့ ထိန်းသိမ်းခဲ့သော ကြီးစိုးမှုနှင့် ဤဒေသ၏ ဆေးလုံးလောကအပေါ် အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်မှုကို စိန်ခေါ်လိုက်ခြင်းပင်။
ဤသည်ကို လုံးဝသည်းခံ၍ မရနိုင်ပေ။
သူ၏ အကြည့်တို့က အေးစက်သွားကာ ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်း ချမှတ်လိုက်သည်။
"ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်၊ ငါတို့ အင်ပါယာရဲ့ အတော်ဆုံး ဆေးဆရာအားလုံးကို ဆင့်ခေါ်လိုက်စမ်း။"
ပလ္လင်၏ လက်တန်းကို သူ၏လက်ချောင်းများဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်၏
"သူတို့ကို ချက်ချင်း စုရုံးစေပြီး ကောင်းကင်အင်ပါယာဆီ ကိုယ်တိုင်သွားခိုင်းလိုက်။"
နန်းရင်ပြင်အတွင်းရှိ လူများကြားတွင် တုန်လှုပ်မှု ဂယက်များ ဖြတ်ပြေးသွားသော်လည်း မည်သူမှ တုံ့ပြန်ခြင်း မပြုရဲကြပေ။
အင်ပါယာရှင်၏ အကြည့်များက ပိုမိုအေးစက်လာ၏
"ဒီကိစ္စကို ဒီအတိုင်း အဆုံးသတ်သွားစေမှာ မဟုတ်ဘူး။"
သူ၏ အသံမှာ ပိုမိုနိမ့်ဆင်းသွားသည်။
ထိုအသံထဲတွင် ဖုံးကွယ်၍မရသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေ၏။
"အခုမှ အဆင့်တက်လာတဲ့ ဆေးဆရာကြီး တစ်ယောက်လား?"
နှာခေါင်းရှုံ့လျက် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
နန်းရင်ပြင်အတွင်းရှိ ဖိအားများမှာ ပိုမိုပြင်းထန်လာကာ- "ကောင်းတယ်၊ အလွန်ကောင်းတယ်”
ထို့နောက်
သူ၏ အသံမှာ မြင့်တက်လာသည်။
"စစ်မှန်တဲ့ ဂုဏ်ထူးဆောင် မဟာဆရာသခင် ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ တစ်လောကလုံးကို ငါတို့ မြင်အောင် ပြရမှာပေါ့။"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊နောက်ဆုံးအမိန့်တော်မှာ စီရင်ချက်တစ်ခုကဲ့သို့ ကျဆင်းလာသည်။ “ပြင်ဆင်ကြစမ်း... ငါတို့ သူ့ကို လူတောမတိုးနိုင်အောင် အရှက်ခွဲပစ်မယ်”
အခန်း ၅၄၁- မဟာဆရာသခင်အသစ်၏ အောင်ပွဲခံပွဲတော်
မူထျန်းရွှမ်သည် အဆင့်(၇) ဆေးဆရာသခင်အဖြစ် အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ပြီးနောက် နှစ်လအကြာတွင် ထိုဂုဏ်ပြုပွဲတော်နေ့ကို သတ်မှတ်ခဲ့ကြသည်။
ထိုနှစ်လတာအတွင်း မူထျန်းရွှမ် အဆင့် (၇) ဆေးပညာရှင် ဖြစ်လာသည့်သတင်းသည် အရပ်ရပ်သို့ တောမီးပမာ ပျံ့နှံ့သွားခဲ့လေပြီ။
ကောင်းကင်အင်ပါယာ တစ်ခုလုံးတွင် ဤသတင်းကြီးကို မကြားဖူးသူ မရှိသလောက်ပင်။
သို့သော် ထိုသတင်းသည် အင်ပါယာနယ်နိမိတ်အတွင်း၌သာ ရပ်တန့်မနေခဲ့ပေ
အိမ်နီးချင်းအင်ပါယာများဆီသို့ပါ ရောက်ရှိသွားရာ လူအပေါင်းကို အံ့အားသင့် တုန်လှုပ်စေခဲ့သည်။
အင်ပါယာအသီးသီး၏ တုံ့ပြန်မှုများမှာလည်း ကွဲပြားကြကုန်၏။
ကောင်းကင်အင်ပါယာနှင့် ရင်းနှီးသော သို့မဟုတ် ကြားနေဆက်ဆံရေးရှိသော အင်ပါယာများမှာ များစွာဝမ်းမြောက်ခဲ့ကြသည်။
နီညိုရောင်ဆေးလုံးအင်ပါယာ၏ အဆင့် (၇) ဆေးလုံးများအပေါ် တစ်ဦးတည်းမူပိုင် လက်ဝါးကြီးအုပ်ထားမှုမှာ အဆုံးသတ်တော့မည်ဖြစ်၏
သူတို့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
“နောက်ဆိုရင် အဆင့် (၇) ဆေးလုံးတွေကို မတန်တဆဈေးနှုန်းတွေပေးပြီး ဝယ်စရာမလိုတော့ဘူးပေါ့။"
အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ရမည်ဖြစ်သော်လည်း ယှဉ်ပြိုင်မှုရှိလာပြီဖြစ်၍ ဈေးနှုန်းများ ကျဆင်းလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
တစ်ဖက်တွင်မူ ကောင်းကင်အင်ပါယာနှင့် ရန်ဘက်ဖြစ်နေသော အင်ပါယာများမှာ စိတ်ထဲတွင် ဝေခွဲမရဖြစ်နေကြသည်။
ရန်ဘက်နိုင်ငံ၏ အင်အားတောင့်တင်းလာခြင်းမှာ သူတို့အတွက် သတင်းကောင်းမဟုတ်ပေ
သို့သော်လည်း ဆေးလုံးဈေးကွက် လက်ဝါးကြီးအုပ်ခံထားရမှု ပျက်ပြယ်သွားခြင်းက သူတို့အတွက်လည်း ဆွဲဆောင်မှုရှိနေပြန်သည်။ အကြောင်းမှာ နီညိုရောင် ဆေးလုံးအင်ပါယာနှင့် အထူးပတ်သက်မှုမရှိလျှင် မည်သူမဆို ခေါင်းပုံဖြတ်ခံရသည့် ဈေးနှုန်းများကိုသာ ပေးနေရသောကြောင့်ဖြစ်၏။
ဤအတောအတွင်း
မုမျိုးနွယ်စုနယ်မြေ၌မူ ပွဲတော်အတွက် အစွမ်းကုန် ပြင်ဆင်နေကြသည်။
နှစ်လတိုင်တိုင် သူတို့ အနားမနေခဲ့ကြချေ။
ဆေးပညာရှင်မျိုးနွယ်စုဖြစ်၍ ငွေကြေးဓန မရှားပါးသောကြောင့် မျိုးနွယ်စုသမိုင်းတွင် အကြီးကျယ်ဆုံးသော ဤပွဲအတွက် ငွေကို ရေလိုသုံးကာ ခမ်းနားအောင် ပြင်ဆင်ခဲ့ကြသည်။
ဤပွဲသည် ရိုးရိုးပွဲတစ်ခုမဟုတ်သည်ကို လူတိုင်းသိကြသည်။
ဖိတ်ကြားထားသော ဧည့်သည်စာရင်းတွင် အင်ပါယာအတွင်းရှိ အထွတ်အထိပ်ပညာရှင်များသာမက ပြင်ပမှ အင်အားကြီးပုဂ္ဂိုလ်များပါ ပါဝင်နေသည်။
ထိုမျှကြီးမားသော ပွဲဖြစ်၍သာ နှစ်လတိုင်တိုင် အချိန်ယူခဲ့ရခြင်းလည်း ဖြစ်ပေသည်။
ပြင်ဆင်ရန်အချိန်လိုအပ်၏
သို့သော် အကြောင်းပြချက်သာဖြစ်ပေသည်။
နောက်ဆုံးတွင် ထိုနေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ။
မူမျိုးနွယ်စု၏ နယ်မြေတစ်ခုလုံးတွင် တစ်ခါဖူးမျှ မမြင်ဖူးသည့် မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်တွင်သင်္ဘောများနှင့်ပြည့်နေ၏
အေးချမ်းလှပသော ကောင်းကင်ယံထက်တွင် ဝေဟင်ပျံသင်္ဘောကြီးများတစ်စင်းပြီးတစ်စင်းဆိုက်ရောက်လာကြပြီး မြေပြင်ပေါ်သို့ အလွန်ကြီးမားသော အရိပ်မည်းကြီးများ ကျရောက်စေခဲ့သည်။
မြေပြင်ရှိ လူအပေါင်းသည် ကောင်းကင်သို့ မော့ကြည့်နေ၏
ထပ်ခါ တလဲလဲပင်
အံ့ဩစွာ ရေရွတ်နေကြရသည်။
"ကြည့်စမ်း ဟိုမှာ... အင်ပါယာနန်းတွင်းရဲ့ တံဆိပ်တော်ပါတဲ့ သင်္ဘောကြီး”
အုပ်စုထဲမှ လူတစ်ဦး၏ အော်ဟစ်သံထွက်လာ၏
လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
အခြားသင်္ဘောများထက် သာလွန်ထည်ဝါသော သင်္ဘောကြီးတစ်စင်းမှာ အရှိန်အဝါကြီးမားစွာဖြင့် ကောင်းကင်ယံကို ခွင်းကာ ဝင်ရောက်လာသည်။
သင်္ဘောကိုယ်ထည်တစ်လျှောက်တွင် ရွှေရောင်ဒီဇိုင်းများက ဝင်းလက်တောက်ပနေ၏
နဂါးရုပ်ကြွများကလည်း အဆောက်အအုံတစ်ခုလုံးကို ရစ်ပတ်ထားသည့်နှယ်
ကျောက်မတ်ဖွယ် ခန့်ညားလှသည်။
၎င်း၏ တည်ရှိမှုသက်သက်ကပင် လူအပေါင်းကို ကြောက်ရွံ့ရိုသေမှုကို ဖြစ်ပေါ်စေသည်။
ထိုသို့သော သင်္ဘောမျိုးမှာလည်း တစ်စင်းတည်း မဟုတ်ဘဲ အများအပြားထဲမှ တစ်စင်းမျှသာ ဖြစ်၏။
ယနေ့တွင် လူအများမှာ သူတို့တစ်သက်တာတွင် တစ်ခါမျှ မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
ထိပ်တန်းအာဏာရှင်ကြီးများ
သာမန်လူတို့ တစ်သက်တွင် တစ်ကြိမ်ပင် မြင်တွေ့ရန် မလွယ်ကူသည့် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများ
ယခုအခါထိုနေရာမှာပင်
တစ်ဦးပြီးတစ်ဦး ဆိုက်ရောက်လာကြသည်။
အဘယ်ကြောင့် ဤသို့ စုရုံးလာကြသနည်းဆိုသည်ကို လူတိုင်း ကောင်းစွာ သိရှိကြပေသည်။
တစ်ဖက်တွင်မူ မုမျိုးနွယ်စု၏ နယ်မြေအတွင်းပိုင်းရှိ လေထုမှာ ပိုမို၍ပင် တင်းမာထက်သန်နေသည်။
အစေခံများမှာ မနားမနေ သွားလာလှုပ်ရှားနေကြ၏
သူတို့၏ အပြုအမူတိုင်းသည် မြန်ဆန်ကာ စေ့စပ်သေချာလှ၏။ ခဏတာမျှပင် အချိန်ဖြုန်းခြင်းမရှိချေ။
သူတို့သည် အလွန်လက်ရာမြောက်လှသော ဟင်းလျာများကိုသယ်ဆောင်လာကြသည်။
ရှားပါးဝိညာဉ်သစ်သီးများ
မွှေးကြိုင်လှသော ဝိုင်ကောင်းများနှင့်အတူ
ဧည့်သည်တော်တိုင်းကို အထူးဂရုစိုက် ဧည့်ခံထား၏
စားဖွယ်သောက်ဖွယ်များသည်လည်း အဆုံးမရှိ စီးဆင်းနေသည့် ရေပမာပင်။
တစ်ချိန်တည်းမှာပင် နူးညံ့ငြိမ့်ညောင်းသော တေးဂီတသံစဉ်များက လေထုထဲတွင် ပျံ့လွင့်နေသည်။
ဂီတပညာရှင်များသည် အာရုံကို အပြည့်အဝစိုက်ထုတ်ကာ ခန်းမဆောင်ကြီးတစ်ခုလုံးကို ဟန်ချက်ညီသော သံစဉ်များဖြင့် ဖုံးလွှမ်းစေသည်။
မှတ်စုတစ်ခုစီတိုင်းသည် ချောမွေ့စွာ ပေါင်းစပ်သွား၏
မြင့်မြတ်ခန့်ညားသော အငွေ့အသက်ကို ဖန်တီးပေးထားသည်။
လှပသော ကချေသည်များကလည်း ဟန်ချက်ညီကနေ၏
သူတို့သည် ဧည့်သည်တော်များ၏ အာရုံကို ဖမ်းစားထားပြီး ဤခမ်းနားလှသော အောင်ပွဲခံပွဲတော်ကို ပိုမိုတက်ကြွစိုပြေစေသည်။
မည်သည့်အရာမျှ လိုလေသေးမရှိစေရန် အသေးစိတ်ကအစ ဂရုတစိုက် ပြင်ဆင်ထားခြင်းဖြစ်သည်။
ခမ်းနားလှသော ဂိတ်ဝတွင်မူ မူချင်းယွမ်ကိုယ်တိုင် ဧည့်သည်တော်များကို ကြိုဆိုရန် ရပ်နေသည်။
အင်အားစုအသစ်တစ်ခု ရောက်လာတိုင်း သူသည် ရှေ့သို့တစ်လှမ်းတိုးလာ၏
သူတို့၏ အဆင့်အတန်းနှင့် လျော်ညီစွာ ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်သည်။
ရောက်ရှိလာသော အင်အားစုအသီးသီးမှ ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များကလည်း တလေးတစား ပြန်လည်တုံ့ပြန်ကြသည်။
သူတို့၏ ဆက်ဆံရေးမှာ ယခင်ကထက် သိသိသာသာ ပိုမိုနွေးထွေးလာသည်။
တချို့က ချီးကျူးကြ၏
တချို့က ဂုဏ်ယူကြောင်း ပြောကြ၏
မူမျိုးနွယ်စုနှင့် ဆက်ဆံရေးကောင်းရှိရန်မှာ ယခုအချိန်တွင် အလွန်ပင် အရေးကြီးလှကြောင်း လူတိုင်း နားလည်ထားကြသောကြောင့် ဖြစ်၏။
မူမျိုးနွယ်စုနှင့် ရန်ဘက်ဖြစ်ခြင်းမှာ ရိုးရိုးရှင်းရှင်း ပဋိပက္ခဖြစ်ရုံသာမကပေ
မိမိတို့မျိုးနွယ်စု၏ အနာဂတ်ကိုပါ စတေးလိုက်ရခြင်းနှင့် အတူတူပင်။
သူတို့ကိုယ်တိုင်က မူမျိုးနွယ်စုကို မနှစ်သက်လျှင်ပင် သူတို့မျိုးနွယ်စုရှိ မဟာကောင်းကင်ဘုံတက်ခြင်းအထွတ်အထိပ် အကြီးအကဲများက ဂရုမစိုက်ဘဲ နေပါမည်လော?
ထို့အပြင် အဆင့်တက်ရန်အတွက် အဆင့် (၇) ဆေးလုံးများကို အသည်းအသန်လိုအပ်နေသော အင်မော်တယ်အဆင့်ပညာရှင်ကြီးများကရော လျစ်လျူရှုနိုင်ပါမည်လော?
သူတို့ကိုယ်တိုင် မပြုလုပ်လိုလျှင်ပင် မိမိတို့မျိုးနွယ်စုဝင်များ၏ ဖိအားပေးမှုကြောင့် မဖြစ်မနေ လာရောက်ကြရမည်သာ ဖြစ်သည်။
ယခင်က ပြိုင်ဘက်ဖြစ်ခဲ့သူများသာမက
ဆန့်ကျင်ဘက်ဘက်တော်သားများပင်လျှင်
ယခုအခါတွင်မူ အပြုံးမျက်နှာဖြင့် ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်စကားဆိုရင်း လက်ဆောင်များ ဆက်သရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
ဤပွဲတော်သို့ တက်ရောက်လာသူ မည်သူမျှ လက်ဆောင်ပေးရာတွင် လက်တွန့်ခြင်းမရှိကြဘဲ မိမိတို့၏ အဖိုးအထိုက်တန်ဆုံး ရတနာများကိုသာ ယူဆောင်လာခဲ့ကြသည်။
အင်ပါယာနန်းတွင်းမှပင် ကောင်းကင်အဆင့် ရတနာ များကို ပေးအပ်ခဲ့သည်မှာ ထူးခြားလှ၏။
ဤအပြုအမူကို ကြည့်ခြင်းအားဖြင့် အင်ပါယာနန်းတွင်းကိုယ်တိုင်ပင် မူမျိုးနွယ်စုနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်လိုကြောင်း ထင်ရှားနေပေသည်။
ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်း၌
စကားသံများမှာ မပြတ်တမ်း စီးဆင်းနေသည်။
လူတိုင်းသည် မိမိတို့၏ အသံကို ထိန်းချုပ်ထားကြသော်လည်း သူတို့ဆွေးနွေးနေသည့် အကြောင်းအရာမှာမူ တစ်ခုတည်းသာ ဖြစ်၏။
“မူထျန်းရွှမ်က ဘယ်လိုလုပ်ပြီး ဒီအဆင့်ကို တက်လှမ်းနိုင်သွားတာလဲ?"
ဤသည်မှာ လူတိုင်း၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းပင်။
သူတို့သည် တစ်ဦးနှင့်တစ်ဦး တိုးညင်းသော အသံများဖြင့် ထိုအကြောင်းကိုသာ ဆွေးနွေးနေကြသည်။
"မူမျိုးနွယ်စုက အဆင့် (၇) ဆေးနည်းကို ဘယ်လိုရခဲ့လဲဆိုတာ မင်းတို့ စုံစမ်းမိသလား?"
"ငါကြားတာတော့ မူမျိုးနွယ်စုက လူလွှတ်ပြီး အလယ်ပိုင်းတိုက်ကြီးမှာ သွားရှာခဲ့တာလို့ ပြောကြတာပဲ။ အဲဒီကနေ ရလာပုံရတယ်..."
ထင်ကြေးအမျိုးမျိုးမှာ တိုးတိုးတိတ်တိတ် ပျံ့နှံ့နေသည်။
ဆက်ဆံရေးဖြတ်ထားသော အထူးပညာရှင်
တစ်ဦးဦးက ကူညီခဲ့ခြင်းလော?
သို့မဟုတ် ဤဒေသ၏ ပြင်ပမှ အင်အားစုများ ပါဝင်ပတ်သက်နေသလော?
အလယ်ပိုင်းတိုက်ကြီးမှ တစ်စုံတစ်ဦးလော?
သို့မဟုတ် သူတို့ကိုယ်တိုင်ပင် ထိုနေရာသို့ သွားရောက်ကာ ဆေးနည်းများကို ရရှိခဲ့ခြင်းလော?
သို့သော်လည်း အဆင့် (၇) ဆေးနည်းများသည် ထိုမျှ လွယ်ကူစွာ ရရှိနိုင်သောအရာများ မဟုတ်ပေ။
သူတို့ကိုယ်တိုင် လူလွှတ်ခဲ့သည်ဆိုလျှင်ပင် အလယ်ပိုင်းတိုက်ကြီးရှိ ဆေးပညာရှင်များကို မိမိတို့၏ အဖိုးတန်ဆေးနည်းများ ပေးအပ်လာစေရန် မည်သို့ စည်းရုံးနိုင်ခဲ့သနည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
မည်သူမျှ အဖြေအမှန်ကို မသိရှိကြဘဲ ခန့်မှန်းချက်များနှင့် ထင်မြင်ချက်များသာ ပေးနိုင်ကြလေသည်။
အခြားတစ်ဖက်တွင်မူ လီကျန်းဟုန်နှင့် ကျောက်ဝူထျန်းတို့သည် မျက်မှောင်ကြုတ်လျက် ဤမြင်ကွင်းကို ကြည့်နေကြသည်။
မိမိတို့၏ မဟာမိတ်များက ရန်ဘက်ဖြစ်သင့်သော မူမျိုးနွယ်စုကို မြှောက်ပင့်ဖားနားနေကြသည်မှာ သူတို့အတွက်မူ ကြည့်ရသည်မှာ လွန်စွာ အရသာပျက်လှသည်။
သို့သော်လည်း သူတို့သည် မိမိတို့၏ အခြေအနေကို ကောင်းစွာ နားလည်ထားကြသည်။
မူမျိုးနွယ်စုသည် ပိုင်မျိုးနွယ်စုနှင့် ခိုင်မာသော မဟာမိတ်ဖြစ်နေသည်ကို သိပါလျက်၊ သူတို့ကိုယ်တိုင်လည်း ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ရန် မျှော်လင့်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိနေရခြင်း ဖြစ်ပေသည်။
အနည်းဆုံးတော့ သူတို့ ကြိုးစားကြည့်ရပေဦးမည်။