ချန်းလန်နယ်မြေ၏ အပြောင်းအလဲ
Vol. 9 Ch. 106
“လျဲ့အာ... ချင်အာ... ဒီကို လာကြစမ်းပါဦး”
ချန်းလန်ဘုရင် ရှောင်ယွမ်၏ အသံမှာ အက်ကွဲခြောက်ကပ်နေ၏။ သူသည် တုန်တုန်ရင်ရင်ဖြင့် လက်ကို မြှောက်ကာ ရှေ့မှ သားနှင့် သမီးဖြစ်သူတို့အား ကြည့်ရှုရင်း အားယူ၍ ခေါ်လိုက်တော့၏။
“ခမည်းတော်... စကားတွေ အများကြီး မပြောပါနဲ့တော့... အေးအေးဆေးဆေးပဲ အနားယူပါတော့နော်”
ရှောင်ချင်အာ၏ ပါးပြင်ထက်တွင် မျက်ရည်များက အတားအဆီးမဲ့ စီးကျလာခဲ့တော့၏။
“မထူးတော့ပါဘူး.. သမီးတော်ရယ်”
ရှောင်ယွမ်က ခါးသီးလှသော အပြုံးတစ်ခုကို ဖန်တီးရင်း ဆိုလိုက်သည်။
“ခမည်းတော် အနေနဲ့လည်း သမီးတော်တို့အနားမှာ အမြဲတမ်း နေသွားချင်တာပေါ့... ဒါပေမဲ့ အခုတော့ အချိန်က မပေးတော့ဘူးလေ.. ဒီနေ့ကစပြီး ဒီလောကကြီးရဲ့ ရက်စက်မှုတွေကို သမီးတော်တို့ဘာသာ ရင်ဆိုင်ကြရတော့မယ်”
“မဟုတ်ဘူး... ခမည်းတော် မသေရဘူး... ခမည်းတော်က တကယ့် သူရဲကောင်းကြီးပဲ... ဒီလောကမှာ အစွမ်းအထက်ဆုံး လူသားပဲလေ... လုပ်စရာတွေ အများကြီး ကျန်သေးတယ် မဟုတ်လား”
“တာ့ယန်အင်ပါယာကြီး ပြန်လည်ရှင်သန်လာတာကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား”
“မယ်တော်ကိုလည်း ကတိပေးခဲ့တယ်လေ... တောင်ပိုင်းနယ်စပ်က ပြည်သူတွေကို ကာကွယ်ပေးမယ်ဆိုတာ... အခု နတ်ဆိုးတွေကိုတောင် နှင်ထုတ်လို့ မပြီးသေးဘူး... ခမည်းတော်... မသေပါနဲ့ဦး”
ရှောင်ချင်အာသည် ငိုရှိုက်ရင်း ချန်းလန်ဘုရင်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတော့၏။
“ကဲပါ... ချင်အာ... ခမည်းတော် ပြောတာကို နားထောင်စမ်း... တကယ်ပဲ အချိန်မရှိတော့လို့ပါ”
ရှောင်ယွမ်က အားယူကာ မှာကြားလိုက်သည်။
“ခမည်းတော် မရှိတော့တဲ့နောက်မှာ... အခြေအနေတွေက တကယ်ပဲ မဟန်တော့ဘူးဆိုရင်... သမီးတော်ရဲ့ ဘွားဘွားနဲ့အတူ နဝမကူနန်းတော်ကို ပြန်သွားလိုက်ပါ... အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ... နားလည်လား”
ထိုဘွားဘွားဆိုသူမှာ ရှောင်ချင်အာ၏ ဆရာဖြစ်သလို နဝမကူနန်းတော်၏ နန်းတော်သခင်မလည်း ဖြစ်သည်။ ထို့ပြင် သူမသည် ယခင် နဝမကူနန်းတော်၏ သူတော်စင်မလေး ဖြစ်ခဲ့ပြီး ချန်းလန်ဘုရင်အား မွေးစားခဲ့သော မွေးစားမိခင်လည်း ဖြစ်သည်။
“သမီး မသွားချင်ဘူး”
ရှောင်ချင်အာက အော်ဟစ်ငိုယိုရင်း ငြင်းဆန်လိုက်သည်။
“ဟိုတုန်းက မယ်တော် လုပ်နိုင်ခဲ့တာတွေကို သမီးလည်း လုပ်နိုင်ပါတယ်... သမီး ဘယ်ကိုမှ မသွားဘူး”
ရှောင်ယွမ်၏ မျက်နှာတွင် ခါးသီးသော အရိပ်အယောင်များ ယစ်မိုးနေလေ၏။
ဝိုးတဝါး မြင်ကွင်းထဲတွင် သူသည် ကွယ်လွန်သွားပြီဖြစ်သော သူ၏ ဇနီးသည်ကို မြင်ယောင်နေမိသည်။
ထိုစဉ်က အသက်အရွယ် အကောင်းဆုံး အချိန်၌ပင် သူမသည် နဝမကူနန်းတော်၏ သူတော်စင်မလေး ရာထူးကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့သည်။ ထို့နောက် သူမသည် တောင်ပိုင်းနယ်စပ်၏ သွေးစွန်းနေသော စစ်မြေပြင်ထဲသို့ ဝင်ရောက်ကာ သူ၏ နောက်မှ တကောက်ကောက် လိုက်ပါခဲ့သည်။
ထိုအချိန်က သူသည် အားမာန်တွေ ပြည့်လျှံနေပြီး မိမိကိုယ်ကိုယ် ဤလောက၏ ဇာတ်လိုက်ကြီးဟု ထင်မှတ်နေခဲ့ဖူး၏။ သူ၏ အချစ်ဆုံး ဇနီးသည် သူ့ရှေ့မှောက်တွင် သေဆုံးသွားသည့် အခါမှသာ ဤကမောက်ကမ ဖြစ်နေသော လောကကြီးတွင် သူသည်လည်း လေထဲမှ ဗေဒါပင်လေး တစ်ပင်မျှသာ ဖြစ်ကြောင်း နားလည်ခဲ့ရသည်။
ယနေ့တွင်မူ သူ၏ သမီးဖြစ်သူက သူ၏ ဇနီးသည် လျှောက်လှမ်းခဲ့သော လမ်းဟောင်းအတိုင်း လိုက်ရန် ပြင်နေတော့၏။
ချန်းလန်ဘုရင် တစ်ယောက်အနေဖြင့် သူသည် ထောက်ခံပေးသင့်သော်လည်း...
ဖခင်တစ်ယောက် အနေဖြင့်မူ သူသည် ထိုသို့ မဖြစ်စေလိုတော့ချေ။ သမီးဖြစ်သူအား အေးအေးချမ်းချမ်းနှင့်သာ အသက်ရှင်စေချင်မိတော့၏။
ရှောင်ယွမ်မှာ ပြောချင်သော စကားများစွာ ရှိနေသော်လည်း နှုတ်ဖျားသို့ ရောက်သောအခါတွင်မူ စကားတစ်လုံးမျှ ထွက်မလာတော့ပေ။ အကြောင်းမှာ သူ မည်သို့ပင် ပြောဆိုစေကာမူ သမီးဖြစ်သူ၏ စိတ်ဓာတ်ကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း ကောင်းစွာ သိနေသောကြောင့်ပင် ဖြစ်သည်။
နှလုံးသားမေးခွန်းကူကောင် ဆိုသည်မှာ ဘာနည်း။
တစ်သက်လုံး မိမိကိုယ်ကိုယ် အရှက်ကင်းမဲ့အောင် မလုပ်ဆောင်ခြင်းပင် မဟုတ်ပါလော။
သမီးဖြစ်သူ၏ စိတ်ဓာတ်မှာ မည်သူမျှ လှုပ်ခါ၍ မရနိုင်တော့ကြောင်း သေချာလှတော့၏။
“အင်း...”
ရှောင်ယွမ်က တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး သားဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်သည်။
“လျဲ့အာ... မင်းကော ချန်းလန်တပ်မတော်ကို ထိန်းချုပ်နိုင်မယ်လို့ ထင်ရဲ့လား”
မျိုးရိုးစဉ်ဆက် ဆက်ခံသည့် စနစ်အရဆိုလျှင် အိမ်ရှေ့မင်းသား ရှောင်လျဲ့ (ရှောင်လဲ့) သည် နောက်ထပ် ချန်းလန်ဘုရင် ဖြစ်လာရမည် ဖြစ်သည်။
သို့သော်လည်း ဤခေတ်ကာလတွင် တော်ဝင်မိသားစုက ပြိုကွဲနေပြီ ဖြစ်ရာ သူ့အား ဘုရင်အဖြစ် ဘွဲ့နှင်းသဘင် ဆောင်ရွက်ပေးမည့်သူ မရှိတော့ပေ။ လျဲ့အာ၏ အရည်အချင်းကလည်း နုနယ်သေးသလို စစ်မြေပြင်မှ အောင်မြင်မှုများကလည်း မလုံလောက်သေးရာ ချန်းလန်တပ်မတော်အား စည်းရုံးနိုင်ရန် ခက်ခဲနေဦးမည်သာ ဖြစ်တော့၏။
ရှောင်ယွမ်က မည်မျှပင် စီစဉ်ထားခဲ့ပါစေ... သားဖြစ်သူက ‘စစ်မှန်သော ဘုရင်’ တစ်ပါး ဖြစ်မလာမချင်း သူက တောင့်ခံထားနိုင်တော့မည် မဟုတ်ပေ။
၎င်းမှာ သူ အစိုးရိမ်ဆုံးသော ကိစ္စပင် ဖြစ်သည်။
“ခမည်းတော်... ကျွန်တော် လုပ်နိုင်ပါတယ်”
ရှောင်လျဲ့၏ မျက်လုံးအိမ်များမှာ နီမြန်းနေခဲ့ပြီ.. သူသည် လူငယ်လေး တစ်ယောက်သာ ရှိသေးသော်လည်း သူ၏ မျက်နှာတွင် ခိုင်မာသော ဟန်ပန်များ ရှိနေပြီး မျက်နှာနှင့် လက်များတွင်လည်း စစ်မြေပြင်မှ ရရှိထားသော ဒဏ်ရာအမာရွတ်များ ရှိနေ၏။
သူသည် အရင်ကလို ‘သိုင်းပညာရှင်’ နှင့် ‘ကူသခင်’ ဘယ်သူက ပိုတော်သလဲဆိုတာကို သူ၏ အမွှာညီမလေးနှင့် အငြင်းပွားနေတတ်သော ကလေးငယ် မဟုတ်တော့ပေ။
“ဒါဆိုရင် ငါ မေးမယ်... ငါ မရှိတော့တဲ့နောက်မှာ မင်းရဲ့ မယ်တော်နဲ့ ငါ့ရဲ့ စိတ်ဆန္ဒတွေကို ဆက်ခံပြီး တောင်ပိုင်းနယ်စပ်ကို စောင့်ရှောက်ပေးနိုင်မလား”
ရှောင်ယွမ်သည် သားဖြစ်သူအပေါ်တွင်မူ လုံးဝ ကွဲပြားသော တောင်းဆိုချက်မျိုး ရှိနေ၏။
သားဖြစ်သူအား စစ်မြေပြင်တွင် ဆက်လက် တိုက်ပွဲဝင်စေကာ ကြီးမားသော အောင်မြင်မှုများ ရယူရင်း စစ်မြေပြင်၌ပင် အဆုံးသတ်စေချင်သည်။ လောကအညစ်အကြေးများကို သွေးဖြင့် ဆေးကြောသန့်စင်ပြီး စစ်မှန်သော ဘုရင်တစ်ပါး ဖြစ်လာစေချင်သည်သာ။
“ကျွန်တော်...”
ရှောင်လျဲ့က တွန့်ဆုတ်နေသည်။
“မင်း ကြောက်နေတာလား”
ရှောင်ယွမ်က မေးလိုက်၏။
“သားတော် တိုက်ပွဲကို မကြောက်ပါဘူး... သေရမှာကိုလည်း မကြောက်ဘူး... ဒါပေမဲ့ သားတော် ပေးဆပ်သမျှတွေက အချည်းနှီး ဖြစ်သွားမှာကိုပဲ ကြောက်တာပါ”
“ခမည်းတော်ရဲ့ ကျေးဇူးတွေကို ဘယ်သူမှ မှတ်မိမနေတော့မှာကို ကြောက်တယ်... ချန်းလန်တပ်မတော်က စစ်သည်တွေရဲ့ သွေးတွေနဲ့ အသက်တွေက အလကား ဖြစ်သွားမှာကို ကြောက်တယ်”
“သစ္စာရှိပြီး တရားမျှတတဲ့ သူတွေက နောက်ဆုံးမှာ သစ္စာဖောက်တွေ... လူယုတ်မာတွေအဖြစ် နာမည်ဖျက်ခံရပြီး... ရည်မှန်းချက်ကြီးတဲ့ ဘုရင်တွေနဲ့ သွေးအေးတဲ့ ဧကရာဇ်တွေရဲ့ လက်ချက်နဲ့ သမိုင်းစာမျက်နှာပေါ်ကနေ ပျောက်ကွယ်သွားမှာကိုပဲ သားတော် ကြောက်တာပါ”
ရှောင်လျဲ့၏ လေးလံလှသော စကားသံများက အခန်းအတွင်း ပဲ့တင်ထပ်သွားသည်။
ရှောင်ယွမ်မှာ မှင်သက်သွားရပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိလေ၏။
“မင်းက ညဇီးကွက်ဘုရင်ကို ဆိုလိုတာလား”
“မှန်ပါတယ်”
ရှောင်လျဲ့က ခေါင်းညိတ်လိုက်ပြီး ဒေါသတကြီးဖြင့် ဆိုလိုက်သည်။
“ညဇီးကွက်ဘုရင်ရဲ့ ကျားနှစ်ကောင် သတ်တာကို ဘေးကကြည့်တဲ့ ကောက်ကျစ်တဲ့ အစီအစဉ်တွေသာ မရှိခဲ့ရင်... နယ်စပ်မှာ ဒီလောက်အထိ ပရမ်းပတာတွေ ဖြစ်မှာ မဟုတ်ဘူး... ခမည်းတော်လည်း အခုလို အခြေအနေမျိုး ကြုံရမှာ မဟုတ်ပါဘူး”
“သူ့မှာ အလယ်ပိုင်းဒေသက အင်အားစုတွေကို စုစည်းပြီး နတ်ဆိုးတွေကို တိုက်ထုတ်နိုင်တဲ့ စွမ်းအားရှိနေတာပဲ... ဒါပေမဲ့ သူက တာ့ယန်တော်ဝင်မိသားစုရဲ့ အာဏာကို ပြန်စုစည်းဖို့နဲ့ မြို့စားဘုရင်တွေရဲ့ အင်အားကို အားနည်းအောင် လုပ်ဖို့အတွက် ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေခဲ့တာ”
“ဂုဏ်ဒြပ်... အာဏာ... စည်းစိမ်... အဲဒါတွေကို သူတို့ကပဲ အပိုင်စီးသွားကြပြီး... ကျွန်တော်တို့က အရာရာကို ပေးဆပ်ခဲ့ရတာတောင်... သူတို့မျက်လုံးထဲမှာ ကျွန်တော်တို့က အမြီးနန့်နေတဲ့ ခွေးတစ်ကောင်ထက် မပိုခဲ့ဘူး”
သူသည် ညဇီးကွက်ဘုရင်အပေါ် နာကြည်းချက်များစွာ ရှိနေခဲ့သည်မှာ ကြာမြင့်လှတော့၏။
သူတစ်ယောက်တည်း မဟုတ်ဘဲ တပ်မတော်အတွင်းရှိ စစ်သည်များစွာမှာလည်း မကျေနပ်မှုများ ရှိနေကြသော်လည်း လက်ရှိ အခြေအနေနှင့် အာဏာစက်ကြောင့် မည်သူမျှ ထုတ်မပြောရဲကြခြင်းသာ ဖြစ်သည်။
“သူ လုပ်ဆောင်သမျှက တာ့ယန်အင်ပါယာကြီး အတွက်ပါပဲ.. ညဇီးကွက်ဘုရင်သာ မရှိရင် ဒီလောကကြီးက အခုထက်တောင် ပိုပြီး မြန်မြန်ဆန်ဆန် ပြိုလဲသွားမှာပဲ... သာမန်ပြည်သူတွေလည်း ပိုပြီး ဒုက္ခရောက်ကုန်ကြလိမ့်မယ်”
ရှောင်ယွမ်က သက်ပြင်းချလိုက်ရင်း ဆိုလိုက်သည်။
“လျဲ့အာ... ငါတို့က တခြားသူတွေရဲ့ အမှားကိုပဲ ကြည့်နေလို့ မရဘူးလေ... သူတို့ရဲ့ ကျေးဇူးတွေကိုလည်း ထည့်တွက်ရမယ် မဟုတ်လား”
“ခမည်းတော်ကတော့ အမြဲတမ်း ဒီလိုပါပဲ... တခြားသူတွေအတွက်ပဲ အမြဲ တွေးပေးတယ်... အများအကျိုးကိုပဲ အမြဲ ရှေ့တန်းတင်တယ်”
ရှောင်လျဲ့က လက်သီးကို တင်းကြပ်စွာ ဆုပ်ထားလေ၏။
“တကယ်လို့ ဒါက ဒီလောကကြီး အတွက်ဆိုရင်... ကျွန်တော်ကိုယ်တိုင်ပဲ အဲဒီ ထီးနန်းပေါ်မှာ ထိုင်လိုက်ရင်ကော ဘာဖြစ်လဲ”
အကယ်၍ သူသာ ဧကရာဇ် ဖြစ်လာခဲ့လျှင် ထိုအသုံးမကျသော မင်းသားလေး လီချန်ရှုထက် အဆပေါင်း သန်းချီ သာလွန်နေမည်မှာ ယုံမှားဖွယ် မရှိပေ။
တောသား တစ်ယောက်တောင် ထိုနေရာမှာ ထိုင်နိုင်သေးတာပဲ..
သူကော ဘာလို့ မထိုင်နိုင်ရမှာလဲ။
“မင်းကတော့လေ...”
သားဖြစ်သူ၏ ဒေါသတကြီး ပြောဆိုပုံကို ကြည့်ရင်း ရှောင်ယွမ်သည် အနာဂတ်၏ ရလဒ်ကို မြင်ယောင်နေမိသည်။
ဧကရာဇ် တစ်ပါး ဖြစ်ရခြင်းမှာ ထိုမျှလောက် လွယ်ကူခဲ့လျှင် တာ့ယန်မင်းဆက်က အနှစ်တစ်ထောင်တိုင်တိုင် မည်သို့ တည်တံ့နိုင်ပါ့မည်နည်း။ ကြာမြင့်စွာကတည်းက ပျက်သုဉ်းသွားခဲ့ရမည်သာ ဖြစ်သည်။
နတ်ဆိုးများနှင့် မိစ္ဆာများ သောင်းကျန်းနေသော ဤလောကကြီးတွင် ခေါင်းဆောင်ကောင်း တစ်ယောက် လိုအပ်သည်။
ထိုသူမှာ တာ့ယန်မင်းဆက်က လူ ဖြစ်ရန်တော့ မလိုပေ။
သို့သော် လက်ရှိ အခြေအနေအရဆိုလျှင် တာ့ယန်မင်းဆက်က လူသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။
“ငါလည်း မကြာခင် သွားရတော့မှာဆိုတော့ မင်းရဲ့ အတွေးတွေကို ငါ မတားဆီးနိုင်တော့ပါဘူး”
ရှောင်ယွမ်က ဖျောင်းဖျလိုက်သည်။
“ဒါပေမဲ့ မှတ်ထားစမ်း... ဘာပဲလုပ်လုပ် အသေအချာ စဉ်းစားပြီးမှ လုပ်ပါ... နောင်တရမယ့် အလုပ်မျိုးကိုတော့ ဘယ်တော့မှ မလုပ်ပါနဲ့”
သူသည် သားဖြစ်သူ၏ စိတ်ဆန္ဒကို အတင်းအကျပ် မချုပ်ကိုင်တော့ချေ။
သူ၏ တာ့ယန်အင်ပါယာအပေါ် သစ္စာရှိမှုမှာ ဘိုးဘေးများထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး ငြိမ်းချမ်းသော ကာလတွင် အမြဲတစေ လေ့ကျင့်သင်ကြားမှုများမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သားဖြစ်သူကမူ သူနှင့် မတူပေ။ သူသည် စစ်ပွဲ၏ ကြမ်းတမ်းမှုများကို ကြုံတွေ့ခဲ့ရပြီး သွေးချောင်းစီးသည်များကို မြင်တွေ့ခဲ့ရကာ တော်ဝင်မိသားစု၏ ရက်စက်မှုနှင့် ဂရုဏာကင်းမဲ့မှုများကို နားလည်ထားသူ ဖြစ်ရာ ‘သစ္စာရှိသူ’ တစ်ယောက် ဖြစ်လာရန်မှာကား ကံကြမ္မာအရ မဖြစ်နိုင်တော့ပေ။
“ဒါက ချန်းလန်တပ်မတော်ရဲ့ ကျားတံဆိပ်ပဲ... လျဲ့အာ... ဒါကို မင်းလက်ထဲ ငါ အခု တရားဝင် လွှဲပေးခဲ့ပြီ”
ရှောင်ယွမ်သည် ကျားတံဆိပ်အား ရှောင်လျဲ့၏ လက်ဖဝါးပေါ်သို့ တင်ပေးလိုက်ပြီး သူ၏ ကြီးမားလှသော လက်များဖြင့် သားဖြစ်သူ၏ လက်ကို ဖြည်းညင်းစွာ အုပ်ကိုင်လိုက်သည်။
“ဒီနေ့ကစပြီး မင်းဟာ ချန်းလန်နယ်မြေရဲ့ ဘုရင်သစ်ပဲ”
“ကျွန်တော်...”
ရှောင်လျဲ့မှာ စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားရတော့၏။ သူသည် ဖခင်ဖြစ်သူထံမှ ကျော်လွန်နိုင်ရန် နေ့စဉ်ရက်ဆက် အိပ်မက်မက်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ သူ့အား လေဒဏ်မိုးဒဏ်မှ အကာအကွယ်ပေးထားသော တောင်ကြီးတစ်လုံး ပြိုလဲသွားသကဲ့သို့ ခံစားနေရသည်။
တောင်တန်းများ၏ အပြင်ဘက်က ကမ္ဘာကြီးမှာ သူထင်သလောက် မလှပခဲ့ပေ။ တကယ်တမ်းတွင်မူ ထိုအရာက သူ့အား ပို၍ပင် စိတ်ဓာတ်ကျဆင်းစေခဲ့၏။
ငှက်တွေ လွတ်လပ်စွာ ပျံသန်းဖို့ ကောင်းကင်ကြီးက မြင့်လွန်းလှသလို ငါးတွေ လွတ်လပ်စွာ ကူးခတ်ဖို့ သမုဒ္ဒရာကြီးကလည်း ကျယ်ပြန့်လွန်းလှသည်။
“ကိုယ့်ကိုယ်ကိုယ် သံသယမဝင်နဲ့... နောင်တရမယ့်အရာကို မလုပ်နဲ့... လျဲ့အာ... မင်း လုပ်နိုင်ပါတယ်”
ချန်းလန်ဘုရင်၏ အသက်ရှူသံများမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့တော့၏။
သူသည် သေခါနီးအချိန်တွင် သူ၏ သားသမီးနှစ်ဦးအား အပြင်တွင် ခေတ္တ စောင့်ခိုင်းလိုက်ပြီး တဲအတွင်း၌ နဝမကူနန်းတော်၏ နန်းတော်သခင်မ တစ်ဦးတည်းကိုသာ ချန်ထားရစ်ခဲ့သည်။
“အမေ...”
ရှောင်ယွမ်က အားနည်းစွာဖြင့် ခေါ်လိုက်သည်။
“အင်း...”
နဝမကူနန်းတော်၏ နန်းတော်သခင်မ အနေဖြင့်လည်း ‘အမေ’ ဟူသော ခေါ်ဝေါ်မှုကို ပထမဆုံးအကြိမ် ထူးလိုက်ခြင်း ဖြစ်သည်။ သူမအနေဖြင့် ရှောင်ယွမ်အပေါ် နာကြည်းမနေသင့်ကြောင်းလည်း သိထားလေ၏။
ရှောင်ယွမ်သာ မရှိခဲ့လျှင်လည်း သူမ၏ သမီးဖြစ်သူမှာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နှလုံးသားမေးခွန်းကူကောင်ကြောင့်ပင် ထွက်ခွာသွားရမည်သာ ဖြစ်သည်။
“ကျွန်တော် သေပြီးရင်... ချင်အာကို ချက်ချင်းပဲ ခေါ်သွားပေးပါဦး”
ရှောင်ယွမ်က တိုးညင်းစွာ မှာကြားလိုက်သည်။
“တပ်မတော်ထဲမှာလည်း မငြိမ်းချမ်းတော့ဘူး.. လျဲ့အာကတော့ သူ့လမ်းသူ လျှောက်ရလိမ့်မယ်... ဒါပေမဲ့ ချင်အာကိုတော့ အဝေးကို ခေါ်သွားပေးပါ... ဒီလို အရှုပ်အထွေးတွေထဲမှာ သူ ဝင်မပါစေချင်တော့ဘူး”