← Chapters

ဘုရင်တစ်ပါး၏ နိဂုံး

Vol. 9 Ch. 107

ဘုရင်တစ်ပါး၏ နိဂုံး

Vol. 9 Ch. 107

ညဉ့်နက်သန်းခေါင်

ချန်းလန်ဘုရင်၏ နန်းတော်မှ ဝမ်းနည်းကြေကွဲဖွယ် သတင်းစကားတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်က အရှိန်အဝါ ကြီးမားလှသော ချန်းလန်ဘုရင် ရှောင်ယွမ် ကွယ်လွန်သွားခဲ့လေပြီ။

“အရှင်မင်းသား... အရေးကြီးကိစ္စ ဖြစ်ပျက်နေပါပြီ”

ရုတ်တရက် ကင်းထောက် တစ်ဦးသည် နန်းတော်အတွင်းသို့ ယိမ်းယိုင်စွာ ပြေးဝင်လာရင်း အော်ဟစ်အစီရင်ခံလာသည်။

“အရှင်မင်းသား... အခြေအနေတွေက တကယ်ကို ဆိုးရွားနေပါပြီ.. ချန်းလန်နယ်မြေအတွင်းမှာ နတ်ဆိုးတွေ အလုံးအရင်းနဲ့ ပေါ်လာနေပြီးတော့ မြို့တော်ဆီကို ချီတက်လာနေကြပါတယ်”

ရှောင်လျဲ့သည် ဖခင်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ၏ ကိုယ်ပေါ်တွင်မူ ချပ်ဝတ်တန်ဆာများက အသင့်ရှိနေခဲ့တော့၏။ သူ၏ ခါးတွင်လည်း စစ်သုံးဓားတစ်လက်ကို ချိတ်ဆွဲထားကာ ဤမြင်ကွင်းမျိုး ဖြစ်လာလိမ့်မည်ကို ကြိုတင်တွက်ဆထားသည့်အလား တည်ငြိမ်နေ၏။

“သူတို့ ဘယ်အရပ်မျက်နှာကနေ လာနေကြတာလဲ”

ရှောင်လျဲ့က အေးစက်သော အသံဖြင့် မေးမြန်းလိုက်သည်။

“အနောက်ဘက်က ဂျူလုမြို့နဲ့ တောင်ဘက်က ဖိုဖူးမြို့ကနေ လာနေကြတာပါ”

ဟု ကင်းထောက်က အသံတုန်တုန်ဖြင့် ပြန်လည်ဖြေကြားသည်။

“အဲဒီလူနှစ်ယောက် တကယ်ပဲ သစ္စာဖောက်သွားကြတာကိုး”

ရှောင်လျဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ခနဲ့တဲ့တဲ့ ရယ်လိုက်လေ၏။

“ခမည်းတော်တောင် မျက်စိမမှိတ်ရသေးဘူး... သူတို့တွေကတော့ သခင်အသစ်ဆီမှာ သစ္စာခံဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေကြတာလား”

လွန်ခဲ့သော နှစ်အနည်းငယ်က ဖခင်ဖြစ်သူ ရှောင်ယွမ် ပြင်းထန်သော ဒဏ်ရာရရှိခဲ့စဉ်ကတည်းက ချန်းလန်တပ်မတော်အတွင်းရှိ အချို့သောသူများမှာ သစ္စာမဲ့သည့် အတွေးများ စတင်ဝင်ရောက်နေခဲ့ကြခြင်း ဖြစ်သည်။ အတွင်းရော အပြင်ပါ ဘေးဒုက္ခများ ဝိုင်းနေသဖြင့် သူရော သူ၏ ဖခင်ပါ အဆင်အခြင်မဲ့ လှုပ်ရှားခြင်း မပြုခဲ့ကြပေ။

သဲလွန်စများကို နောက်ယောင်ခံလိုက်ရင်း မကောင်းသော ရည်ရွယ်ချက်ရှိသူများကို ရှာဖွေကာ ထောင်ချောက်တစ်ခုကို တဖြည်းဖြည်း ခင်းထားခဲ့ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဖခင်ဖြစ်သူက သူ့အပေါ် ထားရှိခဲ့သော စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။ ချန်းလန်တပ်မတော်အား အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် သူ လုပ်ဆောင်ရမည့် အရာများစွာ ကျန်ရှိနေသေးလေ၏။

နန်းတော်အတွင်း၌မူ ရှောင်ချင်အာသည် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းရှေ့တွင် ဒူးထောက်လျက် မျက်ရည်များ အတားအဆီးမဲ့ စီးကျကာ ငိုကြွေးနေရှာသည်။ အပြင်ဘက်မှ ဆူညံသံများကို သူမ လုံးဝ အာရုံမစိုက်ပေ။ ဤသည်မှာ သူမ၏ အစ်ကို ရှောင်လျဲ့အတွက် စမ်းသပ်မှုတစ်ခု ဖြစ်ကြောင်း ဖခင်က မှာကြားထားခဲ့သဖြင့် သူမ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ကြောင်း သိထား၏။

“ချင်အာ... ငါတို့ သွားကြစို့”

နဝမကူနန်းတော်၏ သခင်မဖြစ်သူ ချီယွီရှန်းက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

“ဆရာ... ကျွန်မ မသွားချင်ဘူး”

ရှောင်ချင်အာ၏ အသံမှာ အက်ကွဲရှတနေ၏။

“ကျွန်မသာ ဆရာ့စကားကို မနားထောင်ရင် ဆရာက ကျွန်မကို အတင်းအကျပ် ခေါ်သွားမယ်ဆိုတာ ကျွန်မ သိပါတယ်.. ဒါပေမဲ့ ဆရာလည်း သိတာပဲလေ... ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ နှလုံးသားမေးခွန်းကူကောင် ရှိနေသရွေ့ ကျွန်မရဲ့ ဆန္ဒနဲ့ ဆန့်ကျင်တဲ့ ဘယ်အရာကိုမှ ကျွန်မ မလုပ်နိုင်ဘူးဆိုတာကိုပေါ့”

“ကျွန်မရဲ့ မယ်တော်နဲ့ ခမည်းတော် နှစ်ယောက်စလုံးက တောင်ပိုင်းနယ်စပ် စစ်မြေပြင်မှာပဲ အသက်ပေးသွားခဲ့ကြတာ.. သူတို့ရဲ့ ဆန္ဒတွေကို ဆက်ခံပြီးတော့ ဧကရာဇ်အသစ် ပေါ်ထွန်းလာပြီး လောကကြီး ငြိမ်းချမ်းသွားတဲ့အထိ ကျွန်မ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ..”

“ဒါ့အပြင် ရှောင်လျဲ့ရဲ့ စရိုက်နဲ့ဆိုရင် သူက ညဇီးကွက်ဘုရင်ကို အရမ်းမုန်းတာ.. သူ တောင်ပိုင်းနယ်စပ်မှာ ဆက်နေမှာ မဟုတ်ဘူး.. ကျွန်မသာ ထွက်သွားလိုက်ရင် တောင်ပိုင်းနယ်စပ်ကတော့ တကယ်ပဲ ပြီးဆုံးသွားပြီး နတ်ဆိုးတွေရဲ့ ပျော်စံရာ နယ်မြေကြီး ဖြစ်သွားလိမ့်မယ်”

ရှောင်ချင်အာ၏ စကားများကြောင့် နဝမကူနန်းတော် သခင်မ ချီယွီရှန်းမှာ တစ်ခဏမျှ ဆွံ့အသွားရတော့၏။ လက်ရှိ အခြေအနေမှာ လွန်ခဲ့သော အနှစ် (၂၀) ကျော်ကထက် အဆပေါင်းများစွာ ပိုမို အန္တရာယ်ကြီးမားလှသည်။ ရှောင်ချင်အာသည်လည်း ယခင် ချန်းလန်မိဖုရားထက် ပိုမိုကြီးမားသော အခက်အခဲများကို ရင်ဆိုင်နေရတော့၏။

ဤသည်မှာ လူ (၁၀) ယောက်တွင် (၉) ယောက် သေဆုံးနိုင်သော အခြေအနေမျိုးပင် မဟုတ်ပါလော။

တစ်ခုတည်းသော မျှော်လင့်ချက်မှာ ညဇီးကွက်ဘုရင်ပင် ဖြစ်သည်။ ညဇီးကွက်ဘုရင်သာ ဝင်ရောက်စွက်ဖက်ခြင်း မပြုလျှင် ယိုင်နဲ့နေသော ချန်းလန်တပ်မတော်မှာ နတ်ဆိုးများနှင့် ယူဘုရင်၏ တပ်မတော်ကို ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

“ဆရာ... ဆရာက နှလုံးသားမေးခွန်းကူကောင်ကို အရမ်းတန်ဖိုးထားမှန်း ကျွန်မ သိပါတယ်.. ဒါပေမဲ့ နှလုံးသားမေးခွန်းကူကောင်ရဲ့ အဓိက ဆိုလိုရင်းက... ကိုယ်က ဘယ်လိုလူမျိုးလဲ ဘယ်လို ရာထူးနေရာမှာ ရှိနေတာလဲ အဲဒီအပေါ်မှာ မူတည်ပြီး ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ပဲ မဟုတ်လား”

ရှောင်ချင်အာသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူမ၏ လေသံမှာ ပြတ်သားခိုင်မာလျက် ရှိတော့၏။ ထိုစဉ်က ကောင်မလေးသည် ယခုအခါတွင်မူ ခန့်ညားထည်ဝါသော အလှပန်းလေးတစ်ပွင့် ဖြစ်လာခဲ့ပြီး ချီယွီရှန်းထက်ပင် အရပ်အမောင်း ပို၍ မြင့်မားနေလေပြီ။

ချီယွီရှန်းမှာ တစ်ခဏမျှ အတိတ်သို့ ပြန်သွားရသလို ခံစားသွားရပြန်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ချင်အာ၏ မိခင်ကလည်း သူမအား ဤစကားမျိုး ပြောခဲ့ဖူးသည် မဟုတ်ပါလော။

“ဆရာ... ကျွန်မတို့ ရှောင်မိသားစုမှာ ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့ ဆုံးမစကား တစ်ခုရှိတယ်... ‘ပြည်သူတွေဆီက ရယူထားတာကို ပြည်သူတွေအတွက်ပဲ ပြန်သုံးရမယ်’ တဲ့”

“ကျွန်မတို့ရဲ့ ဘိုးဘေး ရှောင်ဟာ တောင်ပိုင်းနယ်စပ်က တာ့လာရန် ဒေသကနေ ဆင်းသက်လာခဲ့တာပါ.. လွန်ခဲ့တဲ့ အနှစ်တစ်ထောင်က မြို့လေးတစ်မြို့က လူအယောက် (၈၀၀) ကို ဦးဆောင်ပြီး ပုန်ကန်ထကြွခဲ့သလို တာ့ယန်အင်ပါယာရဲ့ ထိုက်ဇူဧကရာဇ်နဲ့အတူ စစ်မြေပြင်အနှံ့ လိုက်ပါခဲ့သူ ဖြစ်ပါတယ်”

“အမည်မသိ အညတရဘဝကနေ မြို့စားဘုရင် ရာထူးအထိ တက်လှမ်းနိုင်ခဲ့ပြီး လူသန်းပေါင်းများစွာရဲ့ လေးစားမှုကို ရရှိခဲ့တာပါ..”

“ဘိုးဘေး ရှောင်ရဲ့ သေတမ်းစာထဲမှာတော့ သူ ရေးထားခဲ့တာ ရှိတယ်... သူ ထီးနန်းတက်တဲ့ အချိန်မှာ သူ့ကို အခက်ခဲဆုံး အချိန်တွေမှာ ဖေးမကူညီပေးခဲ့တဲ့ လူအယောက် (၈၀၀) စလုံး ကွယ်လွန်ကုန်ကြပြီတဲ့.. သူ့ရဲ့ ညီအစ်ကို မောင်နှမတွေကို အိမ်ကို ပြန်မခေါ်နိုင်ခဲ့တာက သူ့ဘဝရဲ့ တစ်သက်တာ နောင်တပါပဲတဲ့”

“သူက ပြောခဲ့တယ်... သူ့မှာ ရှိသမျှ အရာအားလုံးက ပြည်သူတွေကြောင့် ရခဲ့တာပါတဲ့.. မြို့လေးထဲက လူအယောက် (၈၀၀) တာ့လာရန် ဒေသက စစ်သည် အယောက် (၈၀၀၀) နဲ့ တောင်ပိုင်းနယ်စပ်က စစ်သည် အယောက် (၈၀၀၀၀) သာ မရှိခဲ့ရင် ချန်းလန်ဘုရင် ဆိုတာလည်း ရှိမှာမဟုတ်သလို ရှောင်မိသားစု ဆိုတာလည်း ပေါ်လာမှာ မဟုတ်ဘူးတဲ့”

“ကျွန်မ ရှောင်ချင်အာဟာ ငယ်စဉ်ကတည်းက လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတာပါ.. ချန်းလန်နယ်မြေရဲ့ မင်းသမီးလေး ဖြစ်နေလို့ လူတိုင်းက ကျွန်မအပေါ် အရမ်းကောင်းကြတာ”

“ကျွန်မက တစ်ခါက မာနကြီးခဲ့ဖူးတယ်... ကိုယ့်ကိုယ်ကိုယ် ကောင်းကင်က နေမင်းကြီးလို့ ထင်ခဲ့ပြီးတော့ တခြားသူတွေ အားလုံးကို ကျွန်မရဲ့ အလင်းရောင်ကို ငေးကြည့်နေရတဲ့ ပိုးစုန်းကြူးလေးတွေလို့ ထင်မှတ်ခဲ့တာ”

“နောက်ပိုင်းမှာတော့ ခမည်းတော်နဲ့ မယ်တော်က ကျွန်မကို ပြောပြခဲ့တယ်... ရှောင်မိသားစု ဆိုတာလည်း တစ်ချိန်က ပိုးစုန်းကြူးလေးတွေကြားက သေးငယ်တဲ့ မီးစလေး တစ်ခုပါပဲတဲ့.. ကျွန်မ မြင်တွေ့နေရတဲ့ အလင်းရောင်တွေက တောင်ပိုင်းနယ်စပ်က ပြည်သူတွေရဲ့ အလင်းရောင်တွေပဲ ဖြစ်ပြီး ရှောင်မိသားစုရဲ့ အလင်းရောင် မဟုတ်ပါဘူးတဲ့”

“အခု ဒီအချိန်မှာ”

“သူတို့တွေ ကျွန်မကို အလိုအပ်ဆုံး အချိန်မှာ ပိုးစုန်းကြူးလေးတွေက သူတို့ရဲ့ သေးငယ်တဲ့ အလင်းရောင်တွေကို စုစည်းပြီး နေမင်းကြီး ဖြစ်အောင် ဖန်တီးပေးနိုင်တယ်ဆိုရင်... သူတို့ကို အလင်းပေးဖို့အတွက် ကျွန်မကိုယ်ကျွန်မ ဘာလို့ လောင်ကျွမ်းမခံနိုင်ရမှာလဲ”

ရှောင်ချင်အာ၏ မျက်လုံးများမှာ မီးအိမ်များကဲ့သို့ တောက်ပနေပြီး သူမ၏ တစ်ကိုယ်လုံးတွင် ထူးခြားဆန်းကြယ်သော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။

“ချင်အာ... မင်းက...”

နဝမကူနန်းတော်၏ သခင်မ ချီယွီရှန်းမှာ မှင်သက်သွားရတော့၏။ သူမ၏ တပည့်လေး၏ စိတ်ဓာတ်ခွန်အားက သူမကိုပင် ကျော်လွန်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

ကိုယ့်နှလုံးသားကို ကိုယ် ပြန်မေးကြည့်ပါ။ အရာအားလုံးက ကြည်လင်သွားလိမ့်မည်။

“လူဆိုတာ ကောင်းတာတွေကိုပဲ ခံစားနေလို့ မရဘူးလေ... စွန့်လွှတ်ရမယ့် အချိန်ရောက်ရင်လည်း တွန့်ဆုတ်မနေဘဲ စွန့်လွှတ်ရမှာပေါ့”

“ကျွန်မက ချန်းလန်နယ်မြေရဲ့ မင်းသမီး ရှောင်ချင်အာပါ.. ကျွန်မ လုပ်ရမယ့် အလုပ်က တစ်ခုတည်းရှိတယ်... တောင်ပိုင်းနယ်စပ်ကို အသေခံ ကာကွယ်သွားဖို့ပဲ ကျွန်မ သေသွားရရင်တောင် နောင်တရမှာ မဟုတ်ဘူး”

အသိတရားနှင့် လုပ်ရပ်က တစ်သားတည်း ဖြစ်သွားချိန်တွင် အရာရာက ချောမွေ့သွားတော့၏။

သူမ၏ စိတ်နှလုံးမှာ လုံးဝ အေးချမ်းသွားသည့် အခိုက်အတန့်၌ ရှောင်ချင်အာ၏ နယ်ပယ်အဆင့်က ထပ်မံ၍ အဆင့်တက်သွားခဲ့တော့၏။ သူမသည် ဆဌမအဆင့် ကူသခင် (ပြီးပြည့်စုံသော အဆင့်) သို့ ရုတ်ချည်း တက်လှမ်းနိုင်ခဲ့သည်။

ဤသည်မှာ နှလုံးသားမေးခွန်းကူကောင်၏ အံ့ဖွယ်စွမ်းအင်ပင် ဖြစ်တော့၏။

နှလုံးသားမေးခွန်းကူကောင်မှ ပေးစွမ်းနိုင်သော စိတ်စွမ်းအားနှင့် နယ်ပယ်အဆင့် တက်လှမ်းမှုမှာ အခြားသော ထူးခြားကူကောင်များထက် များစွာ သာလွန်လှသည်။

ထိုအခိုက်အတန့်တွင် ချီယွီရှန်းလည်း နားလည်သွားခဲ့လေပြီ။ သူမသည် ချင်အာ၏ စိတ်ကို ပြောင်းလဲနိုင်မည် မဟုတ်သလို ပြောင်းလဲရန်လည်း မကြိုးစားသင့်တော့ပေ။

‘အသေခံ ကာကွယ်မယ် ဟုတ်လား..ဒါဆိုရင်လည်း အတူတူ ကာကွယ်ကြတာပေါ့’

ချီယွီရှန်းလည်း ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ အကယ်၍ သူမ တောင်ပိုင်းနယ်စပ်ကို မကာကွယ်နိုင်ခဲ့ရင်တောင်မှ သူမ၏ အချစ်ဆုံး တပည့်လေးကိုတော့ သေချာပေါက် ကာကွယ်ပေးသွားမည်ဟူ၍ပင် ။

ထို့အပြင် အခြေအနေတွေကလည်း လုံးဝ မျှော်လင့်ချက် မရှိသေးတာမှ မဟုတ်ပေ။

အမှတ် (၁၂) ဂူစံအိမ် ဝါးတောလေးအတွင်း...

လီယွမ်သည်လည်း ရှားပါးကူကောင် ‘အချိန်စီးဆင်းအလင်းဖလံ’ ၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းကို လေ့လာနေ၏။

အချိန်ကာလများက တရွေ့ရွေ့ ကုန်လွန်သွားခဲ့တော့၏။

သူကိုယ်တိုင်ပင် သတိမထားမိဘဲ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ပြီး အချက်အလက်ပြဘုတ် ပေါ်လာချိန်တွင်မှ သူ အံ့အားသင့်သွားရတော့၏။

【 ကူသခင် - လီယွမ် 】

【 အမည်းရောင်အိုး - (၇) ကြိမ်မြောက် အသွင်ပြောင်းခြင်း (၁)/(၈၀၀၀) 】

【 ရောင်စုံအိုး - (၀) 】

【 နယ်ပယ် - သတ္တမအဆင့် 】

【 စိတ်စွမ်းအား - နယ်မြေအဆင့် (အထွတ်အထိပ်) 】

【 ပင်မကူကောင် - ဘီလူးဝိညာဉ် ကူ ၊ ပြန်လည်မွေးဖွားခြင်း ကူ ၊ ငါးရောင်ခြယ်မီးတောက် စပါးအုံး ၊ ဆန်းကြယ်ပုံရိပ်ကူကောင် ၊ ပင့်ကူဘုရင်မကူကောင် ၊ ဓားနတ်သမီး 】

【 ကူအိမ် - အရောင်ငါးမျိုး ထူးဆန်းမီးတောက်ဂူ (သောင်းအဆင့် ကူအိမ်) ပင့်ကူအိမ် လျှို့ဝှက်နယ်မြေ (သောင်းအဆင့် ကူအိမ်) 】

【 အထူးလုပ်ဆောင်ချက် - သင်သည် ‘ရောင်စုံအိုး’ စုဆောင်းခြင်း လုပ်ဆောင်ချက်ကို ဖွင့်လှစ်လိုက်ပါပြီ.. ထျန်းယွမ်တိုက်ကြီးတွင် တစ်ခါမျှ မပေါ်ဖူးသေးသော ကူကောင်တစ်မျိုးကို မွေးမြူနိုင်တိုင်း ‘အသွင်ပြောင်းမှတ်’ များ ရရှိမည် ဖြစ်ပါသည်။ 】

【 လုံးဝအသစ်ဖြစ်သော သာမန်ကူကောင်ကို မွေးမြူနိုင်ပါက (၁၀) မှတ် ရရှိမည် 】

【 လုံးဝအသစ်ဖြစ်သော ရှားပါးကူကောင်ကို မွေးမြူနိုင်ပါက (၁၀၀၀) မှတ် ရရှိမည် 】

【 လုံးဝအသစ်ဖြစ်သော ထူးခြားကူကောင်ကို မွေးမြူနိုင်ပါက (၁၀၀၀၀) မှတ် ရရှိမည် 】

‘တကယ်ပဲကိုး’

လီယွမ် တွက်ဆထားသည့်အတိုင်းပင် သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက် စနစ်က လုပ်ဆောင်ချက်အသစ် တစ်ခုကို ဖွင့်ပေးခဲ့လေပြီ။

သူသည် ‘အသွင်ပြောင်းမှတ်’ ၏ အခန်းကဏ္ဍကို လျင်မြန်စွာ နားလည်သွားခဲ့သည်။ ကူကောင်အသစ်တစ်မျိုးကို မွေးမြူပြီးတိုင်း ရောင်စုံအိုးမှ အသွင်ပြောင်းမှတ်တစ်ခု ထွက်ပေါ်လာမည်ဖြစ်ပြီး ၎င်းက ‘အမည်းရောင်အိုး’ ၏ တိုးတက်မှု အခြေအနေကို မြှင့်တင်ပေးမည် ဖြစ်ရာ နယ်ပယ်အဆင့်ကို ပိုမို လျင်မြန်စွာ တက်လှမ်းနိုင်မည် ဖြစ်သည်။

‘ဒါပေမဲ့...’

‘ဒါက နည်းနည်းတော့ ခက်ခဲလွန်းတယ်’

လီယွမ် တွေးတောနေမိသည်။

ယနေ့အထိ သူသည် မျိုးစိတ်သစ် ရှားပါးကူကောင် တစ်မျိုးတည်းကိုသာ မွေးမြူနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အချိန်ပျံသန်းကူကောင် ဖြစ်ပြီး ရရှိရန်အတွက် များစွာ အားစိုက်ခဲ့ရသလို မတော်တဆ အဖြစ်အပျက်များစွာမှတစ်ဆင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။

ဤသည်က လုံးဝ အသစ်စက်စက် ကူကောင်များကို မွေးမြူရန် မည်မျှ ခက်ခဲကြောင်း သက်သေပြနေ၏။

အထူးသဖြင့် ထူးခြားကူကောင်များဆိုလျှင် ဆရာသမား၏ လမ်းညွှန်မှုရှိလျှင်ပင် ပေါင်းစပ်ဖန်တီးရန် အလွန်ခက်ခဲလှပေရာ လုံးဝ အသစ်စက်စက် ထူးခြားကူကောင် တစ်ကောင်ကို မွေးမြူရန်မှာကား ကိုးကြိမ်မြောက် အသွင်ပြောင်း ကူသခင် ဖြစ်ရသလောက်ပင် ခက်ခဲလှပေလိမ့်မည်။

“ခက်ခဲလေလေ ပိုကောင်းလေပေါ့..ဟားဟားဟား”

လီယွမ်က ကျယ်လောင်စွာ ရယ်လိုက်သည်။

“ဒါကမှ ကူသခင် တစ်ယောက်ရဲ့ ပျော်ရွှင်မှုစစ်စစ် မဟုတ်လား”

All Chapters