← Chapters

သတ္တမအဆင့် နယ်ပယ်

Vol. 9 Ch. 108

သတ္တမအဆင့် နယ်ပယ်

Vol. 9 Ch. 108

နယ်ပယ်အဆင့် နိမ့်ပါးလွန်းနေချိန်တွင် လီယွမ်အနေဖြင့် ရရှိနိုင်သော အရင်းအမြစ်များမှာ ကန့်သတ်ချက်များစွာ ရှိနေခဲ့သည်။

ကူကောင်အမျိုးမျိုးကို ပေါင်းစပ်ဖန်တီးခြင်းမှာပင် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေခဲ့ရာ လုံးဝအသစ်စက်စက် မျိုးစိတ်သစ်များကို မွေးမြူရန်ဆိုသည်မှာကား မတွေးဝံ့စရာပင် ဖြစ်တော့၏။

သို့သော်ငြားလည်း ကူလမ်းစဉ်သို့ စတင်ဝင်ရောက်ကာစ အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုအခါတွင်မူ သူ၏ အခြေအနေမှာ များစွာ တိုးတက်ကောင်းမွန်လာခဲ့တော့၏။ သူ၏ လက်အောက်တွင် အမှတ် (၁၂) ဂူစံအိမ်အသစ် တစ်ခုလုံး ရှိနေရုံသာမက အတွင်းစည်းတွင်လည်း ဆရာဖြစ်သူ ယွီဟန်ချွမ်းနှင့် စီနီယာအစ်မဖြစ်သူ နင်ဟုန်ယွီတို့ ရှိနေကြသဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စောင့်ရှောက်နိုင်ကြသည်။

စနစ်၏ လုပ်ဆောင်ချက်အသစ် ပွင့်လာသည့် အချိန်မှာလည်း အလွန်ပင် တိကျလှချေ၏။

လီယွမ်သည် ကူကောင်အသစ်များကို မွေးမြူရန် အလောတကြီး မကြိုးစားသေးဘဲ ကူလမ်းစဉ်နှင့် ပတ်သက်သော စာအုပ်စာတမ်းများကို အကြိမ်ကြိမ် ထပ်မံဖတ်ရှုရင်းနှင့်မှ လမ်းကြောင်းအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာရန်သာ အရင်ဆုံး စီစဉ်လိုက်သည်။ ထို့နောက်မှသာ တစ်ခုချင်းစီကို စမ်းသပ်လေ့လာရင်း ရရှိလာသော ရလဒ်များကို အနှစ်ချုပ်သွားမည် ဖြစ်ပါ၏။

ထျန်းယွမ်တိုက်ကြီးတွင် ကူသခင်မျိုးဆက်များမှာ ‘လမ်းစဉ်ငယ်’ (အသေးစား တာအို) ဟုသာ အမြဲတစေ သမုတ်ခံခဲ့ရသည်။

တောင်ပိုင်းနယ်စပ်ဒေသမှလွဲလျှင် အခြားသော ဒေသများတွင် ကူသခင်များကို တွေ့ရခဲလှ၏။ အားကောင်းလှသော သိုင်းလမ်းစဉ်ကြီးပင်လျှင် အရာရာကို အမြဲမပြတ် အသစ်သစ်သော တီထွင်ဖန်တီးမှုများဖြင့် တိုးတက်အောင် လုပ်ဆောင်နေကြရာ ကူလမ်းစဉ်တွင်လည်း ဖော်ထုတ်ရန် ကျန်ရှိနေသေးသော အရာများစွာ ရှိနေဦးမည်မှာ အသေအချာပင် ဖြစ်တော့၏။

“ဟူး...”

လီယွမ်သည် သူ၏ ကိုယ်တွင်းမှ မသန့်စင်သော လေများကို သက်ပြင်းတစ်ချက်နှင့်အတူ မှုတ်ထုတ်လိုက်ရင်း နယ်ပယ်အဆင့် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို စတင်အာရုံခံကြည့်သည်။

သိုင်းလမ်းစဉ်တွင်မူ သတ္တမအဆင့်ကို ‘မဟာသခင်’ ဟု ခေါ်ဝေါ်ကြလေ၏။

မဟာသခင်များ၏ ထူးခြားသော စွမ်းရည်မှာ ‘မဟာသခင်၏ မသေမျိုးသွေး’ ပင် ဖြစ်သည်။ ၎င်းမှာ သတ္တမအဆင့်နှင့် အထက်ရှိသော သူများသာလျှင် စုစည်းနိုင်သည့် ထူးခြားသော အနှစ်သာရတစ်ခု ဖြစ်သည်။

ထိုစွမ်းအားကြောင့် ခြေလက်အင်္ဂါများ ပြတ်တောက်သွားလျှင်ပင် ပြန်လည်ပေါက်ဖွားနိုင်စွမ်း ရှိသဖြင့် တိုက်ပွဲတိုင်းတွင် အောင်မြင်မှုကို ရယူနိုင်ကြလေ၏။ သတ္တမအဆင့်သို့ မရောက်မီ အခြေအနေနှင့် နှိုင်းယှဉ်ပါက သူ၏ ရှင်သန်နိုင်စွမ်းရော တိုက်ခိုက်ရေး စွမ်းရည်ပါ အရည်အသွေးပိုင်းအရ ကြီးမားလှသော ခုန်ပျံကျော်လွှားမှု တစ်ရပ်ကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ကူသခင်လမ်းစဉ်မှာမူ ကွဲပြားခြားနားလှချေ၏။

ကူသိုင်းပညာ၏ အဓိက အနှစ်သာရမှာ ကူသခင်နှင့် ဆက်နွှယ်နေသော ပင်မကူကောင်တွင်သာ အမြဲတစေ ရှိနေခြင်း ဖြစ်သည်။ နယ်ပယ်အဆင့် ပိုမိုမြင့်မားလာလေလေ ကူသခင်တစ်ယောက်၏ ကိုယ်ပိုင်အစွမ်းမှာ သိုင်းပညာရှင်တစ်ယောက်နှင့် ယှဉ်လျှင် ပိုမို အားနည်းလာလေလေပင်။

ပင်မကူကောင်နှင့် ကူသိုင်းပညာတို့၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အားကိုးခြင်းဖြင့်သာ သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

ကူကောင်တစ်ကောင်သည် (၁) အဆင့်မှ (၃) အဆင့်အထိ အသွင်ပြောင်းလဲမှုမှာ ‘သာမန်ကူ’ အဆင့်သာ ဖြစ်သော်လည်း (၄) အဆင့်မှ (၆) အဆင့်အထိတွင်မူ ‘ရွှမ်ကူ’ အဆင့်သို့ ရောက်ရှိသွားသည်။ သတ္တမအဆင့်သို့ ရောက်ရှိချိန်တွင်မူ ၎င်းမှာ နောက်ထပ် အရည်အသွေးပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းသွားရပြီး ‘နတ်ကူ’ ဟု ခေါ်ဝေါ်ကြတော့၏။

ဤနယ်ပယ်သို့ ရောက်ရှိသည်နှင့် ကူသခင်သည် သတ်မှတ်ထားသော ပတ်ဝန်းကျင်များ၌ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ဆွဲယူအသုံးပြုနိုင်စွမ်း ရှိလာပြီး ကူကောင်များ၏ စွမ်းရည်ကိုလည်း အဆမတန် မြှင့်တင်ပေးနိုင်သည်။

ထိုစွမ်းအားကို ‘ကောင်းကင်လျှို့ဝှက်စွမ်းအား’ဟု ခေါ်ဆိုကြလေ၏။

၎င်းမှာ စတုတ္ထနယ်ပယ်သို့ ဝင်ရောက်စဉ်က ရရှိခဲ့သော ‘လျှို့ဝှက်ချီစွမ်းအား’ နှင့် ဆင်တူလှသည်။

ကောင်းကင်လျှို့ဝှက်စွမ်းအား ရှိနေခြင်းက ကူကောင်များ၏ ရှင်သန်နိုင်စွမ်းကို များစွာ မြှင့်တင်ပေးနိုင်သဖြင့် ၎င်းတို့မှာ သေဆုံးသွားလျှင်ပင် တောင့်တင်းမသွားဘဲ ပြတ်တောက်သွားလျှင်လည်း ပြုတ်မကျဘဲ အသည်းအသန် အခြေအနေများမှပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိလာကြသည်။ တစ်ခါတစ်ရံတွင် ထိုစွမ်းအားက မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်၏။

တစ်နည်းအားဖြင့် ပြောရလျှင် ကောင်းကင်လျှို့ဝှက်စွမ်းအားနှင့် မဟာသခင်၏ မသေမျိုးသွေးတို့မှာ အကျိုးသက်ရောက်မှုချင်း တူညီကြသော်လည်း ပစ်မှတ်ထားသည့် အရာချင်းသာ ကွဲပြားကြခြင်း ဖြစ်သည်။ ရှေ့မှ အရာမှာ ပင်မကူကောင်အပေါ် သက်ရောက်ပြီး နောက်မှ အရာမှာမူ ကူသခင်ကိုယ်တိုင်အပေါ်တွင် သက်ရောက်ခြင်း ဖြစ်၏။

ကောင်းကင်လျှို့ဝှက်စွမ်းအားကြောင့် ရရှိလာသော ရှင်သန်နိုင်စွမ်းမှာ သတ္တမအဆင့် ကျင့်ကြံခြင်းနယ်ပယ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ထိုကောင်းကင်လျှို့ဝှက်စွမ်းအားဖြင့် ခန္ဓာကိုယ်အား တဖြည်းဖြည်း ပြုပြင်ပြောင်းလဲပေးခြင်းပင် ဖြစ်တော့၏။ ၎င်းမှာ သေမျိုးလောကအဆင့်အတန်းမှ လွန်မြောက်သွားသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကောင်းကင်နှင့် လူသား တစ်သားတည်း ဖြစ်တည်ခြင်း၏ အစပျိုးမှုပင် ဖြစ်သည်။

အဋ္ဌမနယ်ပယ်သို့ ရောက်ရှိချိန်တွင်မူ ‘ကောင်းကင်ဖြစ်စဉ်’ စွမ်းအားကို နားလည်သဘောပေါက်သွားပြီး ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်သွားမည် ဖြစ်ရာ ထိုစွမ်းအားမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပြီး သာမန်လူသားများအနေဖြင့် မော်ကြည့်ရန်ပင် မဝံ့ရဲသည့် အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်တော့၏။

‘ငါ သတ္တမအဆင့် ကျင့်ကြံခြင်းနယ်ပယ်နဲ့တင် ကူအိမ်ရဲ့ ကောင်းကင်ဖြစ်စဉ်ကို နားလည်နိုင်မလား သိချင်မိတယ်’

လီယွမ်သည် တွေးတောနေမိသည်။

“တစ်ချက်လောက် စမ်းကြည့်ရအောင်လေ”

သူသည် ဝါးတောလေးအတွင်းရှိ လျှို့ဝှက်နေရာသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာတွင် ပင့်ကူအိမ် လျှို့ဝှက်နယ်မြေနှင့် အရောင်ငါးမျိုး ထူးဆန်းမီးတောက်ဂူတို့မှာ ဝေဝါးသော အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။ ၎င်းမှာ ဒြပ်ရှိသော ပုံသဏ္ဍာန်အဖြစ် စုစည်းနေသည့် ကောင်းကင်လျှို့ဝှက်စွမ်းအားများပင် ဖြစ်ပြီး ကောင်းကင်ယံမှ မြူခိုးများအလား မြင်တွေ့နေရ၏။ ယခင်က မည်သည့် ကူသခင်မျှ သတ္တမအဆင့် ကျင့်ကြံခြင်းနယ်ပယ်ဖြင့် ‘သောင်းအဆင့် ကူအိမ်’ကို တည်ဆောက်နိုင်ခဲ့ခြင်း မရှိချေ။ ‘ထောင်အဆင့် ကူအိမ်’ တစ်ခု တည်ဆောက်နိုင်ခြင်းကပင် သမိုင်းတွင် မှတ်တမ်းတင်ခံရလောက်သည့် စွမ်းဆောင်မှုတစ်ခု ဖြစ်သည်။

လီယွမ် တစ်ယောက်တည်းသာလျှင် ထူးခြားချက် ဖြစ်နေခဲ့ခြင်းပင်။

သူ၏ စွမ်းအားမှာ မည်မျှအထိ အစွမ်းထက်နေပြီလဲဆိုသည်ကို သူကိုယ်တိုင်ပင် မသိရှိသလို နှိုင်းယှဉ်စရာ ပုဂ္ဂိုလ်မျိုးလည်း မရှိခဲ့ချေ။ ဤနယ်ပယ်တွင် သူသည် ‘တန်ခိုးစွမ်းအား’ တစ်ရပ်ကို ဖန်တီးနိုင်ခြင်း ရှိ မရှိ ဆိုသည်မှာ သူ၏ ကိုယ်ပိုင် စူးစမ်းရှာဖွေမှုအပေါ်တွင်သာ မူတည်နေတော့၏။

‘ဒီလောက်ထိ သိပ်သည်းလှတဲ့ ကောင်းကင်လျှို့ဝှက်စွမ်းအားတွေ စုစည်းနေတာဆိုတော့... ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေနဲ့ ဆက်သွယ်ပြီး ကူအိမ်ရဲ့ ကောင်းကင်ဖြစ်စဉ်အဖြစ် ပေါင်းစပ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး’

လီယွမ်သည် ကူအိမ်နှစ်ခု၏ အလယ်တွင် တင်ပျဉ်ခွေထိုင်လိုက်ရင်း စိတ်အာရုံကို စုစည်းကာ အာရုံစူးစိုက်လိုက်သည်။ မှေးမှိန်လှသော အလင်းတန်းများကြားတွင် သူသည် အရောင်အသွေးမျိုးစုံဖြင့် တလက်လက် တောက်ပနေသော မရေမတွက်နိုင်သည့် ချည်မျှင်တန်းများကို မြင်တွေ့လိုက်ရသလို ခံစားလိုက်ရလေ၏။ ထိုတောက်ပနေသော မျဉ်းကြောင်းများသည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားပြီး အဆုံးမရှိသော မိုးကောင်းကင်ယံထက်သို့ ဦးတည်နေကြသည်။ ၎င်းတို့မှာ လက်တွေ့ကမ္ဘာတွင် တည်ရှိနေခြင်း မဟုတ်ဘဲ ထိတွေ့၍လည်း မရနိုင်သလို တည့်တည့်စိုက်ကြည့်ရန်လည်း မဖြစ်နိုင်ချေ။

သတ်မှတ်ထားသော အခြေအနေများအောက်တွင်သာ ထိုအရာများမှာ ရုပ်လုံးပေါ်လာတတ်သည်။ ၎င်းမှာ စိတ်ဝိညာဉ်နှင့် ပို၍ပင် နီးစပ်လှသည်။

‘ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ အရာခပ်သိမ်းကို ဆက်သွယ်ထားတဲ့ ဒီအဆုံးမဲ့ ချည်မျှင်တန်းတွေက အတွေးအမြင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ပေါ်ထွက်လာတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေလား’

လီယွမ်၏ စိတ်အသိဝင်စားမှု ပုံရိပ်လေးမှာ ထိုပိုးမျှင်တန်းကို ထိတွေ့ရန် ကြိုးစားလိုက်သည်။

“ဝုန်း...”

အသိစိတ်ကမ္ဘာသည် ချက်ချင်းပင် ပြိုလဲသွားခဲ့ရပြီး ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများဖြင့် ဖွဲ့စည်းထားသော ချည်မျှင်တန်းများမှာလည်း ပျောက်ကွယ်သွားခဲ့ရလေပြီ။

“ကျရှုံးသွားတာလား...”

လီယွမ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

“ကြည့်ရတာ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေကို နားလည်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူဘူးပဲ.. ကူအိမ်ရဲ့ ကောင်းကင်ဖြစ်စဉ်ကို စုစည်းဖို့ဆိုတာ ပိုပြီးတောင် ခက်ဦးမယ်”

“ရွှီး...”

“ကျွီ ကျွီ...”

ရှောင်ချိုက်နှင့် ဝူမေ့တို့မှာလည်း ခေါင်းလေးများ ပြူထွက်လာကြသည်။

“ကောင်းပြီ... မင်းတို့လည်း ငါ့ကို ကူညီကြဦးလေ”

လီယွမ်သည် သူ၏ စိတ်ဝိညာဉ်ကို ထပ်မံ၍ အာရုံစူးစိုက်လိုက်ပြီး အရောင်ငါးမျိုး မီးတောက်စပါးအုံး ပင့်ကူဘုရင်မကူကောင်တို့နှင့်အတူ အသိစိတ်ကမ္ဘာအတွင်းသို့ နစ်မြုပ်သွားပြန်သည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို နားလည်သဘောပေါက်နိုင်ရန် အကြိမ်ကြိမ် အဖန်ဖန် ကြိုးစားနေခဲ့တော့၏။

ကျရှုံး၏..

နောက်ထပ် ကျရှုံး၏။

အကြိမ်ကြိမ် ကျရှုံးခြင်းများသာ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ရချေပြီ။

မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်တွင်တော့ လီယွမ်မှာ လက်လျှော့လိုက်ရတော့၏။ နောက်ဆုံးတွင်တော့ လုံလောက်သော အခြေခံအုတ်မြစ် မရှိခြင်းကြောင့်ပင် ဖြစ်သည်။

လီယွမ်သည် လက်လျှော့လိုက်ပြီး ထပ်မံ၍ မစမ်းသပ်မီ အချိန်ယူ၍ ပြန်လည်သုံးသပ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ နားထဲသို့ ဓားသံတစ်ချက် စူးရှစွာ ဝင်ရောက်လာလေ၏။

ဓားနတ်သမီး ရောက်ရှိလာခြင်းပင်။

ဖြူလွလွ ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားသော နတ်သမီးလေးမှာ လျှောက်လှမ်းလာပြီး လီယွမ်၏ ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူမသည် ပါးဖောင်းဖောင်းလေးများကို ဖောင်းကားလိုက်ပြီး နှုတ်ခမ်းလေးကို ဆူလိုက်ရင်း သူမ၏ စိတ်မကျေနပ်မှုများကို အစွမ်းကုန် ဖော်ပြနေတော့၏။

ကံမကောင်းစွာဖြင့် သူမမှာ အလွန်တရာ လှပလွန်းနေသဖြင့် ထိုသို့ စိတ်ကောက်ပြနေခြင်းမှာ အလွန်ပင် ချစ်စရာ ကောင်းနေ၏။

“မင်းက ထပ်ပြီး မနာလိုဖြစ်နေပြန်ပြီလား”

လီယွမ်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

ဓားနတ်သမီး၏ စိတ်ဝိညာဉ် နိုးထလာမှုသည် အဆင့်လေးဆင့်ကို ဖြတ်သန်းခဲ့ရသည်။ ခွန်းလွန်လေဟာနယ်၏ ပေါင်းစပ်မှု ထိုက်ဇူစစ်နတ်ဘုရား၏ သွေးစွမ်းအင်များ၊ အသင်္ချေဓားသိုင်းကို သင်ယူခြင်း၊ ချီလင်ပုလဲကို သန့်စင်ခြင်းနှင့် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို ရရှိခြင်းတို့ပင် ဖြစ်သည်။

တဖြည်းဖြည်း တိုးတက်လာမှုများမှတစ်ဆင့် ဓားနတ်သမီးသည် ‘အသိဉာဏ်မဲ့ခြင်း’ မှလွဲ၍ အခြားသော သိမ်မွေ့လှသည့် ဖော်ပြမှု နည်းလမ်းများကိုပါ တဖြည်းဖြည်း သင်ယူလာနိုင်ခဲ့လေပြီ။ သူမသည် များသောအားဖြင့် မှိုင်တွေနေတတ်သော်လည်း တစ်ခါတစ်ရံတွင်မူ သူမ၏ စိတ်ဝိညာဉ် အစွမ်းများကို ထုတ်ဖော်ပြသတတ်သည်။

ဓားနတ်သမီးသည် စကားမပြောနိုင်သေးသော်လည်း သူမသည် ပထမဦးစွာ ရှောင်ချိုက်ကို လက်ညှိုးထိုးပြလိုက်ပြီး ထို့နောက် ဝူမေ့ကို ညွှန်ပြကာ နောက်ဆုံးတွင် ခေါင်းကို ခါယမ်းပြလိုက်လေ၏။

၎င်းမှာ “မင်းတို့ မလုပ်နိုင်ဘူး... မင်းတို့လည်း မလုပ်နိုင်ဘူး” ဟု ပြောလိုက်သကဲ့သို့ပင်။

“ရွှီး”

“ကျွီ”

ရှောင်ချိုက်နှင့် ဝူမေ့တို့မှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေကြတော့၏။

ဓားနတ်သမီးသည် အခြားအရာများကို ဂရုမစိုက်တော့ဘဲ သူမ၏ လက်မောင်းများကို မြှောက်ကာ လက်ဖဝါးများကို ရှေ့သို့ ဖြန့်ပြလိုက်ရင်း လက်ချောင်းများကို စုစည်းထားသည်။

“ငါ့ကိုလည်း အဲဒီအတိုင်း လုပ်စေချင်တာလား” လီယွမ်သည် သဘောပေါက်သွားခဲ့လေပြီ။

ဓားနတ်သမီးက ခေါင်းညိတ်ပြလိုက်သည်။

လီယွမ်သည်လည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်လိုက်၏။ သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးချင်း ဓားနတ်သမီးနှင့် ထိကပ်လိုက်ကာ လက်ချောင်းများကို ယှက်သွယ်ထားလိုက်သည်။ သူတို့နှစ်ဦး၏ ဝိညာဉ်များသည် အသိစိတ်ကမ္ဘာအတွင်းသို့ တစ်ပြိုင်နက်တည်း နစ်မြုပ်သွားကြတော့၏။

ထိုမြင်ကွင်းမျိုးသည် လီယွမ်၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ မသိမသာ ကွဲပြားခြားနားမှုများ ရှိနေလေပြီ။

အရောင်အသွေး စုံလင်လှသော ပိုးမျှင်တန်းများကြားတွင် ချည်မျှင်တစ်တန်းမှာ အခြားအရာများထက် ပိုမို ထင်ရှားပေါ်လွင်နေသဖြင့် အလွယ်တကူ ခွဲခြားသိရှိနိုင်သည်။

လီယွမ်သည် ထိုအထူးခြားဆုံးသော ချည်မျှင်တန်းကို စူးစိုက်ကြည့်လိုက်ရင်း ကျယ်ပြန့်လှသော ဓားစိတ်ဆန္ဒကို ခံစားလိုက်ရလေ၏။ သူသည် သူ၏ စိတ်အာရုံကို ခွဲထုတ်လိုက်ပြီး အနီးသို့ တိုးကပ်သွားကာ လက်လှမ်း၍ ထိတွေ့လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို ကိုယ်စားပြုသော ချည်မျှင်တန်းမှာ ပြတ်တောက်မသွားခဲ့ပေ။ လီယွမ်သည် ၎င်းကို သူ၏ လက်အတွင်း၌ ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ခဲ့ပြီး နောက်ဆုံးတွင် ထိုအရာမှာ ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

‘ငါက ကူသခင် တစ်ယောက်ပါ... ဒါပေမဲ့ ငါ ပထမဆုံး နားလည်သဘောပေါက်တာက ဓားရဲ့ စည်းမျဉ်းတွေ ဖြစ်နေတာလား’

လီယွမ်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရတော့၏။

‘ဒါက ဓားနတ်သမီး နားလည်သဘောပေါက်ထားတဲ့ သိုင်းပညာ ကောင်းကင်ဖြစ်စဉ်လို့ပဲ ပြောရမယ်.. ဒါပေမဲ့ ဓားနတ်သမီးက အသိဉာဏ် မပြည့်စုံသေးတော့ အဲဒါကို မသုံးတတ်ဘူး... အဲဒါကြောင့် ငါကပဲ အသက်သွင်းပေးရတာပေါ့’

“တစ်ချက်လောက် စမ်းကြည့်ရအောင်”

သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို ကိုယ်စားပြုသော ချည်မျှင်တန်းများမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ သူတစ်ယောက်တည်းသာ မြင်နိုင်သော ဓားတစ်လက်မှာမူ လေထဲတွင် လွင့်မျောနေဆဲ ဖြစ်သည်။

“ဓား... လာစမ်း”

လီယွမ်သည် လက်ကို ဆန့်ထုတ်ကာ ခေါ်ယူလိုက်၏။

သူ၏ နောက်ကျောဘက်တွင် ဖြူလွလွ မြူခိုးများမှာ လွင့်မျောလှည့်ပတ်နေကြပြီး အဖြူရောင် ဝတ်စုံဝတ် ဓားသမလေး တစ်ဦးသည် ထိုမြူခိုးများကြားတွင် ရပ်တန့်နေခဲ့လေပြီ။ သူမသည် အရာခပ်သိမ်းကို ငုံ့ကြည့်နေခဲ့ပြီး သူမ၏ ဓားမှာလည်း ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ အေးစက်တည်ငြိမ်နေတော့သည်။

All Chapters