← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 39 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 39 Ch. 543-544

အခန်း ၅၄၃ - နတ်ဆိုးနှိမ်နင်းရေးဗျူရို၏ စည်းမျဉ်းများ - ၂

အချို့သော လောကီနယ်ပယ်မှ အဆက်အသွယ်ဖြတ်ကာ သီးသန့်နေထိုင်ကြသည့် ပညာရှင်ကြီးများပင် ယခုအခါ ငြိမ်သက်စွာ မနေနိုင်ကြတော့ပေ။ အခြားကြောင့်မဟုတ်ဘဲ 'မငြိမ်မသက် သားရဲ' ဟူသော စကားလုံးကပင် ဆွဲဆောင်မှု အလွန်ရှိနေသောကြောင့်ဖြစ်သည်။ ၎င်း၏ရှေ့တွင် 'သူတော်စင်ဘုရင်နယ်ပယ်' ဟူသော ဂုဏ်ပုဒ်ကို ထပ်မံပေါင်းစပ်လိုက်သောအခါ ပို၍ပင် ထူးခြားဆန်းပြားသွားတော့သည်။

ကျင့်ကြံမှု အတားအဆီးနှင့် ကြုံတွေ့နေရသော ကျင့်ကြံသူအများအပြားသည် ပိုမိုမြင့်မားသော နယ်ပယ်များသို့ တက်လှမ်းနိုင်ရန်အတွက် မငြိမ်မသက် သားရဲ၏ အသားတစ်တုံး ရရှိရန် အလွန်ပင် တောင့်တနေကြသည်။ ထိုအဆင့်ရှိ သားရဲဆိုးများ၏ အသားမှာ အနည်းငယ်မျှပင်လျှင် ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာများနှင့် နှိုင်းယှဉ်နိုင်သည်။

ထို့အပြင် ရရှိထားသော သတင်းများအရ အကယ်၍ လုံလောက်သော အကျိုးဆောင်မှုများ ပြုလုပ်နိုင်ပါက 'သွေးကန်' အတွင်း၌ ကျင့်ကြံခွင့်ရရန်ပင် မျှော်လင့်ချက်ရှိကြောင်း သိရသည်။ ထိုသွေးကန်ဆိုသည်မှာ မငြိမ်မသက် သားရဲများ၏ သွေးများ စုစည်းထားသော အိုင်ကြီးပင် ဖြစ်သည်။ ခဏအတွင်းမှာပင် ကျင့်ကြံသူ အမြောက်အမြားသည် နတ်ဆိုးနှိမ်နင်းရေး မသေမျိုးမြို့တော်ဆီသို့ ဦးတည်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ကျန်းနန်ဖုန်းသည်လည်း အစီရင်ခံရန် ရောက်ရှိလာသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဒီရက်ပိုင်းအတွင်းမှာ ကျင့်ကြံသူ အမြောက်အမြား မြို့ထဲကို ရောက်လာကြပါတယ်။ နောက်ထပ် ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို အမိန့်ပေးသနားတော်မူပါ"

"လောလောဆယ်တော့ ဒီပြင်ပက ရောက်လာတဲ့ ကျင့်ကြံသူတွေကို စနစ်တကျ စုစည်းထားလိုက်ပါ။ စည်းမျဉ်းစည်းကမ်းတွေနဲ့ အမိန့်အာဏာ တည်မြဲရေးအပိုင်းကိုတော့ မင်းတို့ရဲ့ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ကပဲ တာဝန်ယူ ထိန်းသိမ်းရမယ်။ နောက်ပြီး မြို့ထဲမှာရှိတဲ့ အိမ်ရာ အရောင်းအဝယ်တွေကိုလည်း တဖြည်းဖြည်း လုပ်ဆောင်သွားလို့ ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီမြို့ဟာ မြို့ဟောင်းကြီးတစ်ခုထက် ပိုပြီး စည်ကားဝပြောလာလိမ့်မယ်"

ကုချင်းဖန်က အသာအယာ ပြုံးလိုက်သည်။ သူ၏ စိတ်အာရုံဖြင့် ကြည့်လိုက်ရုံဖြင့် မြို့တစ်ခုလုံး၏ အခြေအနေကို သူ သိမြင်နိုင်သည်။ ရက်အနည်းငယ်အတွင်းမှာပင် ပြင်ပကျင့်ကြံသူ သောင်းနှင့်ချီ ရောက်ရှိနေပြီဖြစ်သည်။ ယခင်က စစ်သည်များသာ ရှိသဖြင့် မြို့မှာ ခြောက်ကပ်နေပြီး လိုအပ်သော ပစ္စည်းများကို မြို့တော်မှ သယ်ယူနေရသည်။ သို့သော် မြို့ကြီးကို စည်ကားအောင် တည်ဆောက်လိုက်ပါက အရင်းအမြစ်များ အပြန်အလှန် လည်ပတ်နိုင်မည်ဖြစ်ရာ စစ်သည်များအတွက်လည်း ပစ္စည်းထောက်ပံ့မှု ရရှိရန် ပိုမို လွယ်ကူသွားပေလိမည်။

ထို့အပြင် မြို့ကို ဖွင့်လှစ်ပေးခြင်းဖြင့် သိုင်းနတ်ဘုရားမင်းဆက်အတွက် အကျိုးအမြတ်များ စဉ်ဆက်မပြတ် ရရှိနိုင်သည်။ မြို့ထဲသို့ ဝင်ရောက်လာသူများထံမှ အခကြေးငွေ ကောက်ခံခြင်းနှင့် နေထိုင်စရာ နေရာများ၊ ကျင့်ကြံရေး အရင်းအမြစ်များအတွက် ဝယ်လိုအားရှိလာပါက အမြတ်အစွန်းမှာလည်း အလိုအလျောက် ထွက်ပေါ်လာမည်ဖြစ်သည်။ သို့သော် ကုချင်းဖန်သည် ထိုသို့သော အသေးအဖွဲ ကိစ္စများတွင် အချိန်မဖြုန်းလိုသဖြင့် ကျန်းနန်ဖုန်းကိုသာ အားလုံး လွှဲအပ်လိုက်သည်။

ကုချင်းဖန်၏ အတွေးမှာ မှားယွင်းခြင်းမရှိပေ။ ကျန်းနန်ဖုန်းသည် တကယ်ပင် အရည်အချင်းရှိပြီး ချက်ချင်းပင် ဖြေရှင်းချက်တစ်ခုကို ထုတ်ဖော်နိုင်ခဲ့သည်။ သို့သော် နတ်ဆိုးနှိမ်နင်းရေး တပ်ဖွဲ့အတွက် ပြဿနာတစ်ခု ကြုံတွေ့လာရသည်။ ကျင့်ကြံသူ အရေအတွက် များပြားလာသည်နှင့်အမျှ ကောင်းသူရော ဆိုးသူပါ ရောနှောလာပြီး အချို့သော စည်းကမ်းမဲ့ ကျင့်ကြံသူများမှာ နတ်ဆိုးနှိမ်နင်းရေးဗျူရို၏ စည်းမျဉ်းများကို ပေါ်ပေါ်ထင်ထင်ပင် ဆန့်ကျင်လာကြသည်။

သာမန်လူများဆိုလျှင် ကိစ္စမရှိသော်လည်း အချို့သော တာအိုနန်းတော်နယ်ပယ်မှ ထိပ်တန်းပညာရှင်များမှာ ကျန်းနန်ဖုန်းကိုပင် ခေါင်းခဲစေခဲ့သည်။

"ဟက်... ငါ ဒီကိုလာတာ မင်းတို့ သိုင်းနတ်ဘုရားမင်းဆက်ကို ကူပြီး နတ်ဆိုးတွေကို နှိမ်နင်းပေးဖို့ပဲ။ အခုတော့ နေစရာအတွက် ပိုက်ဆံတောင်းနေတယ်ပေါ့။ ငါ့ကို အနိုင်ကျင့်လို့ လွယ်မယ် ထင်နေတာလား။ ဒီနေ့ ငါ ဒီမှာပဲ နေမယ်၊ မင်းတို့ ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့"

ခက်ထန် ကြမ်းတမ်းသော မျက်နှာထားရှိသည့် သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦးက အောက်ခြေ ဝန်ထမ်းများကို ဂရုမစိုက်ဘဲ မောက်မာစွာ ပြောဆိုနေသည်။ ဗျူရိုမှူးဖြစ်သူ ကျန်းနန်ဖုန်း၏ မျက်နှာမှာလည်း မှောင်မှောင်မည်းမည်း ဖြစ်နေတော့သည်။

"ဒါက ကျွန်တော်တို့ နတ်ဆိုးနှိမ်နင်းရေးဗျူရိုရဲ့ စည်းမျဉ်းပါ..."

"မင်းတို့ ဗျူရိုရဲ့ စည်းမျဉ်းက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက မင်းတို့ ဗျူရိုထဲက လူမှ မဟုတ်တာ"

ထိုကျင့်ကြံသူက လှောင်ပြောင်လိုက်သည်။ အခြားသော ကျင့်ကြံသူများစွာက စောင့်ကြည့်နေကြသဖြင့် ဤကိစ္စကို မဖြေရှင်းနိုင်ပါက ဗျူရို၏ ဂုဏ်သိက္ခာမှာ သိသိသာသာ ကျဆင်းသွားပေလိမည်။ သို့သော် ပြဿနာမှာ ရှေ့ကလူသည် တာအိုနန်းတော်နယ်ပယ် ကိုးဆင့်အထိ ရောက်ရှိနေသည့် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်နေခြင်းပင်။ မြို့ထဲတွင် အပြင်းစား လက်နက်များကို အသုံးပြုရန်မှာလည်း မဖြစ်နိုင်သဖြင့် သူ့ကို အလွယ်တကူ နှိမ်နင်းရန်မှာ မလွယ်ကူပေ။

သို့သော် ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားတော့သည်။ ထိုအရှိန်အဝါကို ခံစားလိုက်ရသည်နှင့် ကျင့်ကြံသူအများအပြား၏ မျက်နှာများမှာ ချက်ချင်းပင် ပြောင်းလဲသွားကြသည်။ မောက်မာနေသော ကျင့်ကြံသူ၏ မျက်နှာတွင်လည်း ထိတ်လန့်ရိပ်များ ပေါ်လာတော့သည်။

သူ ဘာမှ မပြောနိုင်သေးမီမှာပင် သူ၏ ခန္ဓာကိုယ်မှာ မမြင်ရသော လက်ကြီးတစ်ဖက်၏ ချေမွခြင်းကို ခံလိုက်ရသကဲ့သို့ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။ ဤမြင်ကွင်းကြောင့် ကျင့်ကြံသူအားလုံး၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် ခံ့ညားထည်ဝါသော အသံကြီးတစ်ခု လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဒီနေ့ကစပြီး နတ်ဆိုးနှိမ်နင်းရေးဗျူရိုရဲ့ စည်းမျဉ်းတွေဟာ ငါ့ရဲ့ စည်းမျဉ်းတွေပဲ။ မလိုက်နာချင်ရင် ဒီမြို့ကနေ ထွက်သွားကြ။ ဒီမှာ ဆက်နေချင်ရင်တော့ မဖြစ်မနေ လိုက်နာရမယ်။ အကယ်၍ အနည်းငယ်မျှ ချိုးဖောက်တာတွေ့ရင် ဒီလူရဲ့ လမ်းစဉ်အတိုင်းပဲ ဖြစ်သွားလိမ့်မယ်"

ထိုစကားအဆုံးတွင် ဖိအားကြီးမှာ ရေလှိုင်းများကဲ့သို့ ပြန်လည် ဆုတ်ခွာသွားတော့သည်။ ထိုအခါမှသာ ကျင့်ကြံသူအားလုံးမှာ သူတို့၏ ကျောပြင်များတွင် ချွေးများဖြင့် စိုရွှဲနေပြီး မျက်နှာများမှာ ကြောက်ရွံ့မှုများ ကျန်ရှိနေသည်ကို သတိထားမိကြသည်။

"အခုနက အစွမ်းပြလိုက်တာ ကုမိသားစုရဲ့ အရှင်သခင်ပဲ ဖြစ်ရမယ်"

"အဲဒီ အရှိန်အဝါက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ..."

နတ်ဆိုးနှိမ်နင်းရေးမြို့၏ အစစ်အမှန် အင်အားမှာ ဗျူရို မဟုတ်ဘဲ တစ်ခါမှ လူလုံးမပြဖူးသည့် ကုမိသားစု အရှင်သခင်၊ သိုင်းနတ်ဘုရားမင်းဆက်၏ အရှင်မင်းကြီး ဖြစ်ကြောင်း ကျင့်ကြံသူများ သတိရသွားကြသည်။ သူသည် လူကိုယ်တိုင် ပေါ်မလာဘဲ သူ၏ အရှိန်အဝါ သက်သက်ဖြင့်ပင် နာမည်ကျော် တာအိုနန်းတော်နယ်ပယ် ကိုးဆင့် ပညာရှင်တစ်ဦးကို အမှုန့်ပြုနိုင်ခြင်းမှာ သူတို့ကို အလွန်ပင် ရိုသေကြောက်ရွံ့သွားစေသည်။

ဤသို့သော ကောင်းကင်ဘုံ၏ စွမ်းအားရှေ့တွင် နတ်ဆိုးတစ်ပိုင်းသူတော်စင်ပင်လျှင် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားနားပေ။ ခြားနားချက် ရှိမည်ဆိုလျှင် နတ်ဆိုးတစ်ပိုင်းသူတော်စင်မှာ အနည်းငယ် ပိုကြီးသော ပုရွက်ဆိတ် ဖြစ်နေခြင်းပင်။

နတ်ဆိုးနှိမ်နင်းရေးဗျူရိုမှ ဝန်ထမ်းများမှာ ဂုဏ်ယူစွာဖြင့် ရင်ကို မော့လိုက်ကြသည်။ ကျန်းနန်ဖုန်းက ပတ်ဝန်းကျင်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"အရှင်မင်းကြီးရဲ့ စကားကို အားလုံး ကြားကြပြီးပြီ ထင်ပါတယ်။ ရှေ့လျှောက် ကျွန်တော်တို့ ဗျူရိုရဲ့ စည်းမျဉ်းတွေကို လိုက်နာကြဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ခင်ဗျားတို့တင် မကဘူး၊ ခင်ဗျားတို့ နောက်ကွယ်က အင်အားစုတွေပါ အရှင်မင်းကြီးရဲ့ ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး"

"စိတ်ချပါ ဗျူရိုမှူးမင်းကြီး။ ကျွန်တော်တို့ မြို့ထဲကို ရောက်လာကတည်းက စည်းမျဉ်းတွေကို လိုက်နာဖို့ အဆင်သင့်ပါပဲ"

နတ်ဆိုးတစ်ပိုင်းသူတော်စင် တစ်ဦးပင်လျှင် ဖားမတတ်အပြုံးဖြင့် ချက်ချင်း ပြန်လည် ဖြေကြားလိုက်သည်။ ကျန်းနန်ဖုန်းမှာ တာအိုနန်းတော်နယ်ပယ် တတိယအဆင့်မျှသာ ရှိသော်လည်း သူ၏ နောက်ကွယ်တွင် ကုချင်းဖန်ကဲ့သို့ အပြိုင်အဆိုင်ကင်းသော ပညာရှင်ကြီး ရှိနေသဖြင့် မည်သူမျှ မပြိုင်ရဲကြပေ။

ကျန်းနန်ဖုန်း ပြောခဲ့သလိုပင်။ အကယ်၍ ထိုပုဂ္ဂိုလ်ကြီးကိုသာ ဒေါသထွက်အောင် ပြုလုပ်မိပါက သူတို့သာမက သူတို့၏ မိသားစု၊ ဂိုဏ်းများပါ အကုန်ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် မည်သူမျှ မိမိ၏ အသက်ကို စည်းမျဉ်းများနှင့် မလဲဝံ့ကြပေ။

ကျန်းနန်ဖုန်းသည် အလွန်ပင် ကျေနပ်သွားမိပြီး ကုချင်းဖန်အပေါ် ပို၍ပင် ရိုသေလေးစားသွားမိသည်။ အရှင်မင်းကြီး၏ ဟန့်တားမှုသာ မရှိပါက ဤကျင့်ကြံသူများကို ထိန်းချုပ်ရန်မှာ လုံးဝ မလွယ်ကူနိုင်ပေ။ ယခုမူ သူတို့ အားလုံး ကြောက်ရွံ့သွားကြပြီဖြစ်ရာ နောင်တွင် စီမံခန့်ခွဲရသည်မှာ အများကြီး ပိုမို လွယ်ကူသွားတော့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မြို့တော်ခန်းမအတွင်း၌ ကုချင်းဖန်သည် သူ၏ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ အဝေးမှနေ၍ ကျင့်ကြံသူတစ်ဦးကို သတ်ပြလိုက်ခြင်းမှာ အခြားသူများကို သတိပေးလိုက်ခြင်းဖြစ်ပြီး ဗျူရိုအတွက် အာဏာကို တည်ဆောက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ မြို့ထဲသို့ လူများစွာ ဝင်ရောက်လာသည်နှင့်အမျှ ဆူပူချင်သူများ ရှိလာနိုင်ရာ ထိုသူများကို ကိုင်တွယ်ရန် အရှင်းလင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ ဤသို့ သွေးဖြင့် သင်ခန်းစာပေးလိုက်ခြင်းပင် ဖြစ်သည်။

အခန်း ၅၄၄ - ကုမျိုးရိုး၏ စတုတ္ထမြောက်မျိုးဆက်မှ ထိပ်တန်းပါရမီရှင်

"ခမည်းတော်ကို ဂါရဝပြုပါတယ်"

မြို့တော်ခန်းမအတွင်းသို့ ကုယန်သည် အရပ်ဝတ်အရပ်စားဖြင့် ရောက်ရှိလာပြီး သူ၏နောက်တွင် ကုမျိုးရိုးမှ နောက်ထပ် မျိုးဆက်သစ်များ လိုက်ပါလာကြသည်။

"အဘိုးကို ဂါရဝပြုပါတယ်"

"ဘိုးဘိုးကြီးကို ဂါရဝပြုပါတယ်"

"မျိုးနွယ်စု အရှင်သခင်ကြီးကို ဂါရဝပြုပါတယ်—"

လူတိုင်းက ရိုသေလေးစားစွာ အရိုအသေပေးလိုက်ကြသည်။ လူငယ်မျိုးဆက်အများစုမှာ သူတို့၏ မိသားစုအတွင်းမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်သဖြင့် အနည်းငယ် စိုးရိမ်ထိတ်လန့်နေကြသည်။

ဤအုပ်စုထဲတွင် ကုမျိုးရိုး၏ စတုတ္ထမြောက်မျိုးဆက်များ အများဆုံး ပါဝင်သည်။ ဒုတိယမျိုးဆက် ဖြစ်သော ကုရှန့်အန်း နှင့် ကုရှန့်ရှင်း ၊ တတိယမျိုးဆက် ဖြစ်သော ကုယွန်ဖုန်း နှင့် ကုယွန်ယွဲ့တို့မှာမူ ကုချင်းဖန်နှင့် အတော်အတန် ရင်းနှီးပြီးသား ဖြစ်သည်။

သို့သော် တတိယမျိုးဆက်နောက်ပိုင်းတွင် မျိုးဆက်များ အလွန်များပြားလာသဖြင့် ကုချင်းဖန်သည် ထူးခြားထက်မြက်သော ပါရမီရှင်တစ်ဦး ပေါ်ထွက်မလာသရွေ့ အားလုံးကို အသေးစိတ် ဂရုမစိုက်နိုင်တော့ပေ။ ကံမကောင်းစွာဖြင့် ယခုအချိန်အထိ ကုမျိုးရိုး၏ လူငယ်များထဲတွင် လူအများကို အံ့အားသင့်စေလောက်သည့် ထိပ်တန်းပါရမီရှင်မျိုး မတွေ့ရသေးပေ။ ၎င်းတို့မှာ ပါရမီရှိကြသော်လည်း ထူးခြားသည့်အဆင့်သို့ မရောက်ကြသေးခြင်း ဖြစ်သည်။

ကုချင်းဖန်က သူ၏ရှေ့ရှိ ကျား၊ မ ရောနှောနေသော မျိုးဆက်သစ် သုံးလေးဆယ်ခန့်ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ ကုယန်သည် ယခုတစ်ခေါက်တွင် လာနိုင်သမျှ လူငယ်အားလုံးကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

"အားလုံးက မိသားစုဝင်တွေပဲ၊ ဒီလောက်ကြီး တင်းတင်းကြပ်ကြပ် မနေကြပါနဲ့"

ကုချင်းဖန်က အသာအယာ ပြုံးပြလိုက်ရာ ခန်းမအတွင်းရှိ လေးလံသော အရှိန်အဝါများမှာ ချက်ချင်းပင် လျော့ပါးသွားပြီး လူငယ်များမှာလည်း စိတ်သက်သာရာ ရသွားကြသည်။ ထိုအချိန်တွင် ကုချင်းဖန်၏ အကြည့်မှာ လူငယ်တစ်ဦးပေါ်သို့ ကျရောက်သွားပြီး မေးလိုက်သည်။

"မင်း နာမည်က ဘယ်သူလဲ"

"မြေးတော် ကုဖုန်းချန် အရှင့်ကို ဂါရဝပြုပါတယ်"

ခန့်ညားသော လူငယ်လေးမှာ စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ဦးညွှတ်လိုက်သည်။ အခြားသူများမှာမူ ကုဖုန်းချန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အရှင်သခင်၏ အမေးကို ခံရခြင်းမှာ ကြီးမားသော ဂုဏ်ယူစရာတစ်ခု မဟုတ်ပါလား။

ထိုအခါ ကုယန်က ဝင်ပြောလိုက်သည်။ "ဖုန်းချန်က ယွန်ဖုန်းရဲ့ သား၊ ရှန့်အန်းရဲ့ မြေးပဲ ခမည်းတော်"

"အင်း... မင်းက တော်တော်လေး အလားအလာရှိတာပဲ။"

ကုချင်းဖန်က ခေါင်းငြိမ့်ကာ ချီးကျူးလိုက်ရာ ကုယွန်ဖုန်းမှာ သူ၏သားကို အရှင်သခင်ကြီးက သတိထားမိသွားသဖြင့် အလွန်ပင် စိတ်လှုပ်ရှားသွားတော့သည်။ ကုယန်နှင့် ကုရှန့်အန်းတို့သည်လည်း ကုဖုန်းချန်ကို ပိုမို ဂရုစိုက်လာကြသည်။

ထို့နောက် ကုချင်းဖန်သည် လူတိုင်းကို သွေးကန်ရှိရာသို့ ခေါ်ဆောင်သွားသည်။ သူသည် ဤနေရာကို ပြင်ပနှင့် လုံးဝ အဆက်အသွယ်ပြတ်စေရန် အစွမ်းထက်သော ချိပ်ပိတ်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

"ဒါက သွေးကန်ပဲ။ ကုမျိုးရိုးရဲ့ မျိုးဆက်တွေအနေနဲ့ ဒီထဲမှာ တစ်ကြိမ် ကျင့်ကြံခွင့်ရမယ်။ ပထမအဆင့်က နတ်ဘုရားအသွင်ပြောင်းနယ်ပယ်အောက်က လူတွေအတွက်၊ အဆတစ်ရာ ရေရောထားတယ်။

ဒုတိယအဆင့်က နတ်ဘုရားအသွင်ပြောင်းနယ်ပယ်အတွက် အဆငါးဆယ် ရေရောထားတယ်။

တတိယအဆင့်ကတော့ တာအိုနန်းတော်နယ်ပယ်အတွက် အဆတစ်ဆယ် ရေရောထားတာပဲ။"

"စတုတ္ထအဆင့်ကတော့ သူတော်စင်အဆင့်ရှိတဲ့သူတွေပဲ ဝင်လို့ရမယ်။ အဲဒါက မငြိမ်မသက် သားရဲရဲ့ သွေးအစစ်ပဲ။ အခြေခံ မခိုင်မာဘဲ အဲဒီထဲကို ဝင်မိရင်တော့ ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဖို့ပဲ ရှိမယ်။"

ကုချင်းဖန်၏ စကားကို လူတိုင်းက အာရုံစိုက် နားထောင်နေကြသည်။ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ဖုံးဖိ၍ မရတော့ပေ။ ၎င်းတို့သည် ကုယန်မှလွဲ၍ အသီးသီးသော သွေးကန်များထဲသို့ ဆင်းလိုက်ကြသည်။ ကုယန်မှာ တာအိုနန်းတော် အထွတ်အထိပ်သို့ ရောက်နေပြီး မသေမျိုးဆေး၏ အစွမ်းကြောင့် အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ရာ ဤသွေးကန်မှာ သူ့အတွက် သိသိသာသာ အကျိုးမရှိတော့ပေ။

ကုရှန့်အန်းသည် တတိယအဆင့် သွေးကန်ထဲသို့ ဆင်းလိုက်သည်။ ဝင်လိုက်သည်နှင့် ပြင်းထန်လှသော စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသဖြင့် သူ၏ သွေးကြောများမှာ ပေါက်ထွက်မတတ် နာကျင်လာတော့သည်။

All Chapters