ဝမ်ကျောက်ကျောက်၏ ခွဲခြမ်းစိတ်ဖြာချက်
Vol. 9 Ch. 109
အခန်း (၁၀၉) -
“ဒါ... ဒါက ဓားနတ်သမီးရဲ့ သိုင်းလမ်းစဉ် ကောင်းကင်ဖြစ်စဉ်လား”
လီယွမ်သည် အံ့အားသင့်တုန်လှုပ်သွားရတော့၏။
အဝေးတစ်နေရာ အခြားသော အချိန်နှင့် လေဟာနယ် တစ်ခုဆီမှ ဓားအင်မော်တယ်မလေးတစ်ဦးသည် သူ၏ အသံကို ပဲ့တင်ထပ် ပေးနေသကဲ့သို့ သူ ဝိုးတဝါး ခံစားလိုက်ရသည်။ အကယ်၍ ဤဓားချက်သာ ကျရောက်လာမည်ဆိုပါက ကာကွယ်ရေးစနစ်များ အသက်မသွင်းထားသော ဤဝါးတောလေးမှာ မျက်စိတစ်မှိတ်အတွင်း ပြားပြားဝပ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
သိုင်းသူတော်စင် နယ်ပယ် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားဖူးမှသာ ထိုအရာက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်နိုင်ပေလိမ့်မည်။ လီယွမ် ယခု မြင်တွေ့နေရသည်မှာ ထိုနယ်ပယ်ကြီး၏ ထောင့်စွန်းလေးတစ်ခုမျှသာ ရှိသေး၏။ သာမန်လူသားတစ်ဦး၏ အမြင်ဖြင့် ကြည့်မည်ဆိုပါက မြင့်မြတ်လှသော နတ်နန်းတော်ကြီး၏ မြင်ကွင်းကို ဝိုးတဝါး လှမ်းမြင်လိုက်ရသကဲ့သို့ပင်။
လီယွမ်သည် ဓားနတ်သမီး၏ ‘သိုင်းလမ်းစဉ် ကောင်းကင်ဖြစ်စဉ်’ အား အစွမ်းကုန် ထုတ်ဖော်ခြင်း မပြုဘဲ တဖြည်းဖြည်းချင်း ငြိမ်သက်ပျောက်ကွယ်သွားရန်သာ ခွင့်ပြုလိုက်သည်။ ဤကဲ့သို့သော လျှို့ဝှက်လက်နက်တစ်ခု ရှိနေခြင်းကပင် သူ၏ စိတ်ကို များစွာ အေးချမ်းသွားစေခဲ့တော့၏။
နေဝင်ဆည်းဆာ အချိန်ကာလဝယ်.. ညစာ စားသောက်နေကြစဉ်အတွင်း ဝမ်ကျောက်ကျောက်သည် လီယွမ်အား အရေးကြီးသော ကိစ္စတစ်ခုကို ပြောပြလာသည်။
“အစ်ကိုယွမ်... ဒီနေ့ ကျွန်မ သတင်းတစ်ခု ကြားခဲ့တယ်.. ချန်းလန်ဘုရင်ကြီး ကွယ်လွန်သွားပြီတဲ့”
“နောက်ဆုံးတော့ သူ တောင့်မခံနိုင်တော့ဘူးပေါ့လေ”
လီယွမ်သည် ချန်းလန်ဘုရင် ရှောင်ယွမ်နှင့် တစ်ခါမျှ မဆုံဖူးသော်ငြားလည်း သူနှင့် ပတ်သက်မှု အချို့တော့ ရှိနေခဲ့သည်မှာ အမှန်ပင်။ အရှင်မင်းသားဟူသော မိမိ၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် မြို့စားဘုရင်တို့၏ ဆက်ဆံရေးအရ ဖြစ်စေ ချန်းလန်တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေမှုအရ ဖြစ်စေ လီယွမ်သည် ချန်းလန်ဘုရင်အား မသေစေလိုခဲ့ချေ။
“ချန်းလန်ဘုရင် မိထားတဲ့ အဆိပ်က အရမ်းပြင်းထန်လွန်းတယ်လေ.. လောကမှာ ကုစရာဆေးလည်း မရှိဘူး.. သူက ကျင့်ကြံခြင်းနယ်ပယ် အရမ်းမြင့်မားနေလို့သာ ဒီနှစ်တွေအထိ အောင့်ပြီး တောင့်ခံထားနိုင်ခဲ့တာပါ”
ဝမ်ကျောက်ကျောက်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သိုင်းသူတော်စင် နယ်ပယ်အတွင်း၌ပင် ထိပ်သီးပညာရှင် တစ်ဦး ဖြစ်ခဲ့ပါသော်လည်း ချန်းလန်ဘုရင်၏ ဘဝနိဂုံးမှာ ဤသို့ ဖြစ်သွားရခြင်းက တကယ်ပင် နှမြောတသဖွယ် ကောင်းလှချေ၏။
“ဒါဆို ချန်းလန်တပ်မတော်ကော... သူတို့ အခြေအနေ ဘယ်လိုရှိလဲ” လီယွမ်က ထပ်မံ မေးမြန်းလိုက်သည်။
“ချန်းလန်ဘုရင် ကွယ်လွန်သွားပြီးတဲ့ အဲဒီညမှာတင် နတ်ဆိုးတွေနဲ့ ယူဘုရင်ရဲ့ တပ်ဖွဲ့တွေက ချန်းလန်မြို့တော်ကို တိုက်ခိုက်ခဲ့ကြတယ်”
“ဒါပေမဲ့ ချန်းလန်ဘုရင်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပုံရတယ်..အဲဒါက အိမ်ရှေ့မင်းသား ရှောင်လျဲ့အတွက် စမ်းသပ်မှုတစ်ခုလို့လည်း ပြောကြတာပဲ.. ရှောင်လျဲ့က တော်တော်လေး စွမ်းဆောင်နိုင်ခဲ့တယ်.. ကြိုတင်စီမံထားတဲ့ အစီအစဉ်တွေနဲ့ ချန်းလန်ဘုရင် ချန်ရစ်ခဲ့တဲ့ နောက်ထပ် နည်းလမ်းတွေကြောင့် ပုန်ကန်မှုကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သလို သူ့ရဲ့ အာဏာစက်ကိုလည်း ပြသနိုင်ခဲ့ပြီး ဘုရင်အဖြစ် တရားဝင် နန်းတက်နိုင်ခဲ့ပြီလေ”
“ဒါပေမဲ့ အဲဒီနောက်မှာ ဘုရင်သစ် ရှောင်လျဲ့နဲ့ မင်းသမီး ရှောင်ချင်အာတို့ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပြန်တယ်.. အမွှာမောင်နှမ နှစ်ယောက်က လုံးဝ ဆန့်ကျင်ဘက် လမ်းကြောင်းတွေကို လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်ကြပုံပဲ”
ဝမ်ကျောက်ကျောက်သည် လီယွမ်အနေဖြင့် ဤသတင်းများကို စိတ်ဝင်စားမှန်း သိသဖြင့် အသေးစိတ် ရှင်းပြနေခြင်း ဖြစ်သည်။
“ရှောင်လျဲ့က ချန်းလန်နယ်မြေထဲကို ပြန်ဆုတ်ပြီး တောင်ပိုင်းနယ်စပ်ကို စွန့်လွှတ်လိုက်တာတော့ မဟုတ်ဘူးမလား” လီယွမ်က ထင်ကြေးပေးလိုက်၏။
“ဟုတ်တယ်... ရှောင်လျဲ့က ချန်းလန်တပ်မတော်ဟာ အထိနာလွန်းလို့ တောင်ပိုင်းနယ်စပ်ကို ဆက်ပြီး မကာကွယ်နိုင်တော့ဘူးလို့ ကြေညာခဲ့တယ်.. သူတို့တွေ အင်အားပြန်ဖြည့်ဖို့အတွက် ချန်းလန်နယ်မြေထဲကိုပဲ ပြန်ဆုတ်သွားကြပြီလေ”
“ကျွန်မ ထင်တာကတော့... သူက သူ့ဖခင် သေဆုံးသွားတာကြောင့် စိတ်ဓာတ်ကျသွားတာလည်း ဖြစ်နိုင်သလို အချို့သောသူတွေအပေါ်မှာလည်း နာကြည်းချက်တွေ ရှိနေတာကြောင့် သူ့ရဲ့ ယုံကြည်ချက်တွေကို ပြောင်းလဲပြီး တောင်ပိုင်းနယ်စပ်ကို စွန့်လွှတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်”
“မင်းသမီး ရှောင်ချင်အာကတော့ တပ်ဖွဲ့ဝင် တစ်စိတ်တစ်ပိုင်းကို ဦးဆောင်ပြီး တောင်ပိုင်းနယ်စပ်ကို ဆက်ပြီး စောင့်ရှောက်နေတယ်.. ဒါပေမဲ့ သူက ဆန္ဒရှိသလောက် အင်အား မရှိတော့တာကြောင့် အကြာကြီး တောင့်ခံထားနိုင်ဖို့တော့ ခက်ခဲလိမ့်မယ်”
ဝမ်ကျောက်ကျောက်သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို အစီအစဉ်တကျ ဖောက်သည်ချနေတော့၏။
“မဆိုးဘူးပဲ”
လီယွမ်က ရယ်ရင်း ဆိုလိုက်သည်။
“ရှောင်ကျောက်... မင်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး တော်လာပြီပဲ.. မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေက တကယ့်ကို စနစ်ကျလှတယ်.. အမှတ် (၁၂) ဂူစံအိမ်က အခုလို တိုးတက်နေတာ အံ့ဩစရာ မရှိတော့ပါဘူးလေ”
“အစ်ကိုယွမ်အတွက် အကူအညီ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မ ပျော်ပါတယ်”
ဝမ်ကျောက်ကျောက်က ပြုံးလျက် ပြန်လည် ဖြေကြားလိုက်၏။
“ဒါဆို ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ မင်း ခန့်မှန်းကြည့်ပါဦး”
ချန်းလန်နယ်မြေအတွင်းရှိ အပြောင်းအလဲများသည် နဝမကူနန်းတော်အပေါ်သို့ မလွဲမသွေ သက်ရောက်လာမည် ဖြစ်ရာ လီယွမ်အနေဖြင့် အာရုံမစိုက်ဘဲ မနေနိုင်တော့ချေ။
“ပထမဦးဆုံးအနေနဲ့... ရှောင်ချင်အာရဲ့ ချန်းလန်တပ်ဖွဲ့ အရေးနိမ့်သွားမှာကတော့ သေချာသလောက် ရှိနေပြီ.. အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာလိမ့်မယ်.. သူသာ ရှုံးနိမ့်သွားရင် နဝမကူနန်းတော်ကလည်း ချက်ချင်း ထိခိုက်လာလိမ့်မယ်”
“အမှတ် (၁၂) ဂူစံအိမ် အနေနဲ့လည်း ကာကွယ်ရေးအတွက် အပြည့်အဝ ပြင်ဆင်ထားရပါမယ်.. အတွင်းစည်းက အကြီးအကဲတွေကိုလည်း လာပြီး ကြီးကြပ်ပေးဖို့ တောင်းဆိုရပါလိမ့်မယ်”
“ပြီးတော့ နောင်လာမယ့် အချိန်အတော်ကြာတဲ့အထိ အဲဒီရိုက်ခတ်မှုတွေက ဆက်ရှိနေဦးမှာဆိုတော့... အမှတ် (၁၂) ဂူစံအိမ်ရဲ့ အပြင်စည်း တံခါးတွေကို တောင်တန်းတွေရဲ့ ပိုပြီး နက်ရှိုင်းတဲ့ နေရာတွေဆီ ပြန်ဆုတ်ဖို့တောင် လိုကောင်းလိုလာနိုင်ပါတယ်”
ထိုသို့ ပြောပြီးနောက်တွင် ဝမ်ကျောက်ကျောက်က စကားကို ခေတ္တရပ်လိုက်ပြီးမှ လေသံပြောင်းကာ ဆက်ပြောလေ၏။
“ဒါပေမဲ့... ဒါက ဖြစ်နိုင်ခြေ အရှိဆုံး ရလဒ်ဖြစ်သလို လုံးဝ မဖြစ်နိုင်တဲ့ ရလဒ်တစ်ခုလည်း ဖြစ်နိုင်တယ်”
“ဘာဖြစ်လို့လဲ” လီယွမ်က အလွန်ပင် စိတ်ဝင်စားသွားကာ မေးမြန်းလိုက်သည်။
“ဘာလို့လဲဆိုတော့... ဒါက ရွှေရောင် အခွင့်အရေးကြီး တစ်ခု ဖြစ်နေလို့ပဲလေ”
ဝမ်ကျောက်ကျောက်၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
“ဘယ်လို အခွင့်အရေးမျိုးလဲ”
လီယွမ်သည် တစ်စုံတစ်ခုကို ဝိုးတဝါး ရိပ်မိလိုက်လေပြီ။
“တခြားသူတွေကို သတိပေးဖို့အတွက် စံပြနမူနာ ပြနိုင်မယ့် အခွင့်အရေးပေါ့”
မျက်စိကွယ်သွားခဲ့ပြီးနောက် ဝမ်ကျောက်ကျောက်၏ စိတ်အာရုံထဲ၌မူ လောကကြီးတစ်ခုလုံးသည် အခြားသော ပုံသဏ္ဍာန်တစ်ခုဖြင့် ပေါ်ထွင်နေလေ၏။ ၎င်းမှာ ပင်လယ်လေးစင်းနှင့် မြေရိုင်းရှစ်ခုကို လွှမ်းခြုံထားသော ပန်းချီကားချပ်ကြီး တစ်ချပ်နှင့်ပင် တူလှတော့၏။
အစပိုင်းတွင် ထိုပန်းချီကားချပ်ထဲ၌ ဝါးတောလေးတစ်ခုနှင့် အဘိုးဖြစ်သူ ပြီးနောက် အစ်ကိုယွမ်တို့သာ ရှိခဲ့ကြသည်။ နောက်ပိုင်းတွင် အဘိုးဖြစ်သူ ကွယ်လွန်သွားသောအခါ ပန်းချီကားထဲ၌ အစ်ကိုယွမ် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့၏။
ယခုအခါတွင်မူ ထိုပန်းချီကားကြီးမှာ အလွန်တရာ ကျယ်ပြန့်လာခဲ့တော့၏။ အစ်ကိုယွမ်သည် ထိုပန်းချီကား၏ အလယ်ဗဟိုတည့်တည့်တွင် တောက်ပစွာ တည်ရှိနေပြီး သူ၏ အလင်းရောင်ကြောင့်သာ သူမသည် ပိုမို ကျယ်ပြန့်သော ကမ္ဘာကြီးကို သူမ၏ စိတ်နှလုံးဖြင့် မြင်တွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။
လူသားများမှာ လောကစည်းစိမ်များ၏ ဆွဲဆောင်မှုအောက်တွင် မျက်စိလည်လမ်းမှားနေကြပြီး ဇာတ်ကွက်ကြီးကို မမြင်နိုင်ကြသဖြင့် မိမိကိုယ်ကိုယ်ပင် ပြန်လည် မသိမြင်နိုင်ကြတော့ပေ။ ဝမ်ကျောက်ကျောက်သည် အရာခပ်သိမ်း၏ ပုံသဏ္ဍာန်ကို မမြင်ရသော်ငြားလည်း သူမ၏ စိတ်နှလုံးမှာ အလွန်ပင် အေးချမ်းတည်ငြိမ်နေသဖြင့် လောကကြီးကို လုံးဝ ကွဲပြားသော ရှုထောင့်တစ်ခုမှ ပိုမို ပြတ်သားစွာ နားလည်နိုင်နေခဲ့ခြင်း ဖြစ်သည်။
“တခြားသူတွေကို သတိပေးဖို့ စံပြနမူနာပြရမယ် ဟုတ်လား... တကယ့်ကို ကောင်းမွန်တဲ့ အယူအဆပဲ”
လီယွမ်က ရယ်လိုက်၏။ ရှောင်ကျောက်၏ အတွေးက သူနှင့် ထပ်တူကျနေခဲ့လေပြီ။
“ဆက်ပြောပါဦး”
“ဟုတ်ကဲ့”
ဝမ်ကျောက်ကျောက်က ခေါင်းညိတ်လိုက်သည်။
“နယ်စပ်ဒေသက မငြိမ်းချမ်းမှုတွေက တော်တော်လေး ကြာနေပြီဆိုတော့ ညဇီးကွက်ဘုရင် အနေနဲ့ လှုပ်ရှားရမယ့် အချိန်တန်ပြီလို့ ကျွန်မ ထင်တယ်”
“သူက နတ်ဆိုးတွေကြောင့် ဖြစ်လာတဲ့ ကမောက်ကမတွေကို အသုံးချပြီး နယ်စပ်က မြို့စားဘုရင်တွေရဲ့ အာဏာကို လျှော့ချချင်ရုံ သက်သက်ပဲလေ.. တောင်ပိုင်းနယ်စပ်ကို နတ်ဆိုးတွေရဲ့ ပျော်စံရာ နယ်မြေအစစ်အမှန်ကြီး ဖြစ်သွားအောင်တော့ သူ ဘယ်တော့မှ အလွန်အကျွံ လုပ်မှာမဟုတ်ဘူး”
“ညဇီးကွက်ဘုရင်က အခွင့်အရေး တစ်ခုကို စောင့်နေတာ ဖြစ်ရမယ်.. ဒီကစားပွဲကနေ အကောင်းဆုံး နည်းလမ်းနဲ့ အဆုံးသတ်နိုင်မယ့် အချိန်ကိုပေါ့”
“အခုပဲ အခုအချိန်က အသင့်တော်ဆုံး အချိန်ပဲ”
ဒီနှစ်တွေအတွင်း ဝမ်ကျောက်ကျောက်သည် သတင်းအချက်အလက် မြောက်မြားစွာကို ကြားသိခဲ့ရပြီး ထိုအရာအားလုံးမှာ သူမ၏ စိတ်ထဲတွင် ချည်မျှင်များအလား ယှက်နွှယ်နေခဲ့ကြသည်။
ရှုထောင့်တစ်ခုတည်းမှ ကြည့်လျှင် ထိုမျဉ်းကြောင်းများမှာ လိမ်ယှက်ရှုပ်ထွေးနေပြီး ဖြေရှင်းရန် ခက်ခဲသည်ဟု ထင်ရပေလိမ့်မည်။ သို့သော်ငြားလည်း ဇာတ်ကွက်ကြီးတစ်ခုလုံးကို အာရုံစိုက်ပြီး သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါက ပြဿနာတိုင်းတွင် အဖြေရှိနေသည်ကို တွေ့ရှိရမည်သာ ဖြစ်သည်။
“ညဇီးကွက်ဘုရင်သာ အချိန်ကိုက် ဝင်ရောက်စွက်ဖက်မယ်ဆိုရင် ယူဘုရင်ကို သတ်ပစ်နိုင်မယ် အရပ်မျက်နှာ အသီးသီးကိုလည်း ခြိမ်းခြောက်နိုင်မယ်..ပြီးရင် တောင်ပိုင်းနယ်စပ်ကိုလည်း သဘာဝအတိုင်း ထိန်းချုပ်နိုင်သွားလိမ့်မယ်”
“ဒီနှစ်တွေအတွင်း စုပုံလာတဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေကတော့ ဘာမှ မဟုတ်ပါဘူး.. နောင်တစ်ချိန်မှာ သူတို့တွေ ပိုကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေရပြီး ဆင်းရဲဒုက္ခတွေကနေ ကင်းဝေးသွားမယ်ဆိုရင် တာ့ယန်အင်ပါယာကို ကျေးဇူးတင်ကြမှာပဲလေ.. ဒီနာကျင်စရာကောင်းတဲ့ သမိုင်းကိုလည်း မေ့သွားကြလိမ့်မယ်”
“အစ်ကိုယွမ်ကော ဘယ်လိုထင်လဲဟင်”
ဝမ်ကျောက်ကျောက်က နူးညံ့စွာ ပြုံးလျက် မေးမြန်းလိုက်သည်။
“ငါ့ရဲ့ ဦးနှောက်က မင်းရဲ့ ကိုယ်ပေါ်ကို ရောက်နေသလိုပဲ”
လီယွမ်က သူ၏ ပေါင်ကို ဖျတ်ခနဲ ရိုက်လိုက်ရင်း ဆိုလိုက်သည်။
“ငါတို့ရဲ့ အတွေးတွေက လုံးဝကို တစ်ထပ်တည်း ကျနေတာပဲ”
“ဒါက ဆယ်စုနှစ်တစ်ခုကျော်ကြာ နေ့ရောညပါ အတူတူ နေထိုင်လာခဲ့ရာက ရရှိလာတဲ့ နားလည်မှုပေါ့”
ဝမ်ကျောက်ကျောက်က အနည်းငယ် ဂုဏ်ယူသလို ဆိုလိုက်သည်။ “အစ်ကိုယွမ်နဲ့ ကျွန်မရဲ့ လိုက်ဖက်မှုက ပင်မကူကောင်တွေပြီးရင် ဒုတိယလိုက်မယ် ထင်တယ်ရှင်..ခစ်ခစ်”
“အင်း...”
လီယွမ်က ထောက်ခံသည့်အနေဖြင့် ပြုံးလိုက်သော်လည်း အကျယ်တဝင့်တော့ ရှင်းမပြတော့ချေ။
'ပင်မကူကောင်တွေပြီးရင် ဒုတိယလိုက်တယ် ဆိုတာကတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ပြဿနာက သူ့မှာ ပင်မကူကောင်က တစ်ကောင် နှစ်ကောင်... ခြောက်ကောင်တောင် ရှိနေတာလေ.. နောက်ပိုင်းမှာလည်း အဖွဲ့ဝင်အသစ်တွေ ထပ်တိုးလာဦးမှာ ဆိုတော့...'
သူ စကားလမ်းကြောင်း လွှဲလိုက်ရုံသာ တတ်နိုင်တော့၏။
“ရှောင်ကျောက်... ညဇီးကွက်ဘုရင်က ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်တာ သေချာသလောက် ရှိနေပေမယ့် ငါတို့လည်း သတိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမယ်နော်”
“ငါတို့ရဲ့ ကံကြမ္မာကို သူတစ်ပါးလက်ထဲ ပုံအပ်ထားလို့ မရဘူးလေ”
“ဟုတ်ကဲ့ပါ”
ဝမ်ကျောက်ကျောက်က ခေါင်းညိတ်လိုက်သည်။
“အစ်ကိုယွမ် စိတ်မပူပါနဲ့.. အမှတ် (၁၂) ဂူစံအိမ်က တောင်တန်းအသီးသီးက အုပ်ချုပ်သူတွေကို ခံစစ်ခံတပ်တွေ အမြန်ဆောက်ဖို့ ကျွန်မ မှာထားပြီးသားပါ”
“တိုက်ခိုက်ရေးခန်းမကိုလည်း အမြဲမပြတ် တိုးချဲ့နေသလို သူတို့ကို တပ်ဆင်ပေးထားတဲ့ ကူကောင်တွေရဲ့ အရည်အသွေးကလည်း အရင်ကထက် အများကြီး သာလွန်ပါတယ်”
“အမှတ် (၁၂) ဂူစံအိမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရင်လို မဟုတ်တော့ဘူး.. သောင်းနဲ့ချီတဲ့ စစ်တပ်ကြီး ရောက်လာရင်တောင်မှ ကျွန်မတို့ တောင့်ခံထားနိုင်ပါတယ်”
အမှတ် (၁၂) ဂူစံအိမ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လီယွမ် မွေးမြူထားသော ကူကောင် အမြောက်အမြားနှင့် ချို့ယွင်းနေသော ကူကောင်များကို ထိထိရောက်ရောက် အသုံးချနိုင်မှုတို့ကြောင့် လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
လီယွမ်သည် အမှတ် (၁၂) ဂူစံအိမ်ကို သူ၏ စစ်မှန်သော အခြေစိုက်စခန်းအဖြစ် သတ်မှတ်ထားသဖြင့် ကနဦး အခြေခံအုတ်မြစ်များကို အခိုင်အမာ တည်ဆောက်ထားခြင်းပင် ဖြစ်တော့၏။
“ဪ... ဒါနဲ့ အစ်ကိုယွမ် နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်”
ဝမ်ကျောက်ကျောက်သည် တစ်စုံတစ်ခုကို သတိရသွားပုံ ရသည်။
“လင်းရှောင်ဓားဂိုဏ်းက အဲဒီ သိပ်ပြီး မထင်ပေါ်တဲ့ ဓားသမားလေး ကျိုးဝူပင်းကို မှတ်မိသေးလားဟင်”