ဇီနုန် (ပညာရှိငှက်)
Vol. 9 Ch. 110
“ကျိုးဝူပင်းလား... ငါ မှတ်မိပါတယ်”
လီယွမ်သည် ကျိုးဝူပင်းအပေါ် အထင်ကြီးလေးစားမှု အတော်အတန် ရှိခဲ့သည်။ ထိုလူမှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူ ခံစားမိခဲ့ဖူးသည် မဟုတ်ပါလော။
“မကြာသေးခင်ကပဲ ကျိုးဝူပင်းဟာ အနောက်ဘက်ဒေသမှာ ပေါ်လာခဲ့ပြီး ရှုရှန်းတောင်ရဲ့ မဟာသခင် ရွှီရှောင်ယောင်နဲ့ ယှဉ်ပြိုင်ခဲ့တယ်.. မမျှော်လင့်ဘဲ သူက တစ်ကွက်သာပြီး အနိုင်ရသွားခဲ့လို့ တစ်ညတွင်းချင်းမှာပဲ နာမည်ကျော်သွားခဲ့တယ်”
ဝမ်ကျောက်ကျောက်က ဆက်လက် ရှင်းပြလာသည်။
“ရှုရှန်းတောင်က မဟာသခင် ရွှီရှောင်ယောင်ဆိုတာ အလယ်ပိုင်းဒေသ သိုင်းလောကရဲ့ သူရဲကောင်းလေးဦးထဲက တစ်ယောက်လေ.. ဓားသိုင်းပညာမှာ အလွန်ထူးချွန်တဲ့သူပေါ့.. ကျိုးဝူပင်းကတော့ အရင်က နာမည်မရှိခဲ့သလို လင်းရှောင်ဓားဂိုဏ်းမှာတောင် သိပ်ပြီး ထင်ပေါ်ခဲ့တာ မဟုတ်ဘူး.. သူ အနိုင်ရလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားခဲ့ကြမှာ မဟုတ်ဘူး”
“ကမောက်ကမ ဖြစ်နေတဲ့ အချိန်ကာလတွေမှာ ကံကြမ္မာတွေက ဖရိုဖရဲ ဖြစ်နေတတ်တာပဲ.. ဒီလိုအချိန်တွေမှာပဲ သူရဲကောင်းတွေ ပေါ်ထွက်လာတတ်တာပေါ့”
လီယွမ်က မှတ်ချက်ပြုလိုက်၏။
ထျန်းယွမ်တိုက်ကြီးတွင် ‘ကံကြမ္မာ’ ဟူသော အယူအဆမှာ အမြဲတစေ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်များနှင့် စစ်သူကြီးများသာမက သိုင်းပညာရှင်များနှင့် ဘာသာရေးနယ်ပယ်မှ လူသားများပါ ကံကြမ္မာကို အလွန်တန်ဖိုးထားကြသည်။ အချို့သောသူများက ရွှေရောင်လွှမ်းသော အချိန်ကာလများတွင် ထိပ်သီးပညာရှင်ကြီးများက ကံကြမ္မာ၏ (၇၀) ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားသဖြင့် လူသစ်များအနေဖြင့် အခွင့်အရေး ရယူရန် ခက်ခဲတတ်သည်ဟု ယုံကြည်ကြလေ၏။
သို့သော်လည်း ပရမ်းပတာ ဖြစ်နေသော အချိန်များတွင်မူ အညတရများမှာ ထိပ်တန်းသို့ တက်လှမ်းနိုင်ကြပြီး ခေတ်သစ်တစ်ခုကိုပင် အစပျိုးနိုင်ကြတော့၏။ ဥပမာအားဖြင့် လွန်ခဲ့သော အနှစ်တစ်ထောင်က တာ့ယန်အင်ပါယာကို တည်ထောင်ခဲ့သော ထိုက်ဇူစစ်နတ်ဘုရားကဲ့သို့ပင် ဖြစ်လေသည်။
“အစ်ကိုယွမ်...”
ဝမ်ကျောက်ကျောက်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဆိုလာ၏။
“ဒီရက်ပိုင်းအတွင်း ကျွန်မ ဂိုဏ်းထဲက ကူသခင်တွေ အများကြီးနဲ့ စမ်းသပ်တိုက်ခိုက်ခဲ့တယ်.. အမှတ် (၁၂) ဂူစံအိမ်မှာ ရှိနေတဲ့ ပဉ္စမအဆင့် ကူသခင်တွေထဲမှာတော့ ကျွန်မကို ယှဉ်နိုင်သူ မရှိတော့ဘူးလို့ ပြောလို့ရတယ်”
“ဒါပေမဲ့ တိုက်ကြီးတစ်ခုလုံးကို ကြည့်မယ်ဆိုရင် ကျွန်မဟာ ဘာမှ မဟုတ်သေးဘူးဆိုတာ သိပါတယ်.. အလယ်ပိုင်းဒေသက သူရဲကောင်းလေးဦးတို့ တခြားဒေသက ပါရမီရှင်တို့နဲ့ ယှဉ်ရင် အများကြီး နောက်ကျကျန်နေပါသေးတယ်”
“အခုလို လောကကြီးက အပြောင်းအလဲတွေ ဖြစ်တော့မယ့် အချိန်မှာ ကျွန်မရဲ့ ကိုယ်ပိုင် စွမ်းရည်တွေကို စမ်းသပ်ကြည့်ချင်မိတယ်.. ထိပ်သီး ပါရမီရှင်တွေနဲ့ ကျွန်မကြားမှာ ဘယ်လောက်အထိ ကွာဟနေသလဲဆိုတာ သိချင်လို့ပါ”
“ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ”
လီယွမ်က မျက်ခုံးပင့်ကာ မေးမြန်းလိုက်သည်။
“ကျွန်မ... အစ်ကိုယွမ်နဲ့ တစ်ချက်လောက် စမ်းသပ်တိုက်ခိုက်ကြည့်ချင်ပါတယ်”
ဝမ်ကျောက်ကျောက်၏ အသံမှာ ရုတ်တရက် တိုးညှင်းသွားတော့၏။ သူမ၏ ရင်ထဲတွင် အစ်ကိုယွမ်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ အရင်ကဆိုလျှင် ဤကဲ့သို့သော စကားမျိုးကို သူမ ပြောဝံ့ခဲ့သည် မဟုတ်ပေ။ ၎င်းမှာ နတ်ဘုရားတစ်ပါး၏ ဘေးနားတွင် ရပ်တည်နိုင်ရန် ကြိုးစားသည့် စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။
“ရတာပေါ့”
လီယွမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ဘေးအန္တရာယ်ကို ကြိုတင်တွေးတောတတ်တာ ကောင်းတဲ့အချက်ပဲ.. မင်းရဲ့ သွေးဘီးကူကောင်ကို ဘယ်လောက်အထိ ဖွံ့ဖြိုးအောင် လုပ်ထားနိုင်ပြီလဲဆိုတာ ငါ ကြည့်ရတာပေါ့”
“ဟုတ်ကဲ့ပါ”
ဝမ်ကျောက်ကျောက်က ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ မျက်လုံးများကို စည်းနှောင်ထားသော အမည်းရောင် ပိတ်စကို ဖြည်ချလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူမ၏ ကိုယ်မှ စွမ်းအင်လှိုင်းများမှာလည်း တရိပ်ရိပ် မြင့်တက်လာခဲ့တော့၏။
“လာစမ်းပါ... ငါ့ကို တစ်လှမ်းဆုတ်အောင် လုပ်နိုင်ရင် မင်း အနိုင်ရစေရမယ်”
လီယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ရပ်နေ၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ချီသွေးစွမ်းအင်များမှာ ဝမ်ကျောက်ကျောက်ထံသို့ ပြင်းထန်သော လှိုင်းလုံးကြီးများအလား တိုးဝှေ့သွားတော့၏။
ဝမ်ကျောက်ကျောက်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။
သူမ၏ မျက်လုံးအိမ်များမှာ လုံးဝကို သွေးရောင် လွှမ်းခြုံနေတော့၏။ သူငယ်အိမ်ဟူ၍ မရှိတော့ဘဲ ထိုသွေးရောင်များကြားတွင် ကူကောင်ပုံစံ အမှတ်အသားများ ပေါ်ထွက်လာပြီးနောက် သူမ၏ ကိုယ်မှ သိပ်သည်းလှသော သွေးချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့၏။
ဤသည်မှာ သွေးဘီးကူကောင်၏ စွမ်းအားဖြင့် ဘီလူးဝိညာဉ် ကူ၏ အစွမ်းကို ကူးယူလိုက်ခြင်းပင် ဖြစ်သည်။ ပြင်းထန်လှသော ချီသွေးစွမ်းအင် နှစ်ခုမှာ လေထုအတွင်း၌ အဆက်မပြတ် ရိုက်ခတ်နေကြတော့၏။
ဝမ်ကျောက်ကျောက်သည် ရှေ့သို့ လျှပ်တစ်ပြက် ပြေးဝင်သွားလေရာ သူမ၏ နောက်ကျောဘက်တွင် သွေးရောင်ရုပ်တုကြီးတစ်ခုမှာ ချက်ချင်းပင် ရုပ်လုံးပေါ်လာခဲ့တော့၏။ ၎င်းမှာ (၃) တောင်ခန့် မြင့်မားပြီး သူမအား ကာကွယ်ပေးထားသည်။
ဤအရာမှာ သွေးဘီးကူကောင်၏ အထင်ရှားဆုံးသော စွမ်းရည်တစ်ခုပင် ဖြစ်တော့၏။
သွေးနတ်ရုပ်...
“တကယ့်ကို ပြင်းထန်တဲ့ စွမ်းအားပဲ”
လီယွမ်က ချီးကျူးလိုက်သည်။
ဝမ်ကျောက်ကျောက်က လက်ဖဝါးဖြင့် ရိုက်ချလိုက်သည့်အခါတွင် သွေးနတ်ရုပ်ကြီးကလည်း ဧရာမ သွေးရောင်လက်ဝါးကြီးဖြင့် လီယွမ်၏ နဖူးတည့်တည့်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။
“တိုက်စစ်ကလည်း ပြင်းထန်သလို ခံစစ်ကလည်း အတော်လေး ကောင်းမွန်တာပဲ”
လီယွမ်က မှတ်ချက်ပေးရင်း လက်ညှိုးဖြင့် ခပ်ဖွဖွလေး တောက်လိုက်သည်။
သူ့အား ဝန်းရံထားသော ချီသွေးမီးတောက်များမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သွေးနတ်ရုပ်နှင့် ဝမ်ကျောက်ကျောက်တို့ကို အဝေးသို့ လွင့်စင်သွားစေခဲ့လေ၏။
ဝမ်ကျောက်ကျောက်၏ မျက်လုံးများတွင် တွေဝေမှုများ ဖြတ်သန်းသွားပြီးနောက် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ဝင်ရောက်လာပြန်သည်။
ဤသည်မှာ ကပ်ပါးကူကောင်များ၏ အဓိက အားနည်းချက်ပင် ဖြစ်တော့၏။
၎င်းတို့မှာ ကူသခင်၏ ခန္ဓာကိုယ်နှင့် ပိုမို လိုက်ဖက်မှုရှိပြီး ဖွံ့ဖြိုးရန် လွယ်ကူသလို ပိုမိုကြီးမားသော စွမ်းအားများကို ပေးစွမ်းနိုင်သော်လည်း ကူသခင်၏ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒကိုမူ များစွာ စိန်ခေါ်လေ့ရှိသည်။ ကပ်ပါးကူကောင်၏ စွမ်းအားကို မခံနိုင်သော သူများသည် တုံ့ပြန်မှုဒဏ် ကို ပြင်းထန်စွာ ခံစားရမည်သာ ဖြစ်သည်။
လီယွမ်၏ ဒုတိယမြောက် ပင်မကူကောင် ဖြစ်သည့် ‘ပြန်လည်မွေးဖွားခြင်း ကူ’ ကိုလည်း ကပ်ပါးကူကောင် တစ်မျိုးဟု သတ်မှတ်နိုင်သော်လည်း ၎င်းမှာ တိုက်ခိုက်ရေးအတွက် မဟုတ်ဘဲ နူးညံ့သိမ်မွေ့သော စွမ်းအားများကိုသာ ပေးစွမ်းသည်။ သို့သော်ငြားလည်း ကျင့်ကြံနေစဉ်အတွင်း တုံ့ပြန်မှုဒဏ် ဖြစ်ပေါ်ရန် လွယ်ကူလှပြီး ကျင့်ကြံခြင်း ပြီးဆုံးသွားချိန်တွင်မှ ဘေးထွက်ဆိုးကျိုးများ ပျက်ပြယ်မည် ဖြစ်၏။
“ထပ်ပြီး လုပ်စမ်းပါဦး”
လီယွမ်က လက်ယပ်ကာ ခေါ်လိုက်ရင်း ဝမ်ကျောက်ကျောက်၏ အစွမ်းကုန်ကို သိမြင်လိုနေမိသည်။
ဝမ်ကျောက်ကျောက်မှာ အံကြိတ်လိုက်သည်။ သူမ၏ မျက်ဝန်းအိမ်များမှ သွေးရောင်မျဉ်းကြောင်းများ ရစ်သိုင်းလာပြီး မျက်နှာ တစ်ပြင်လုံးတွင်လည်း သွေးကြောများမှာ ဖောင်းကြွလာခဲ့ရာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေတော့၏။ သူမသည် သွေးဘီးကူကောင်၏ တုံ့ပြန်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရပြီ ဖြစ်သည်။
“အား...”
သူမသည် ဟိန်းဟောက်လိုက်လေရာ သူမ၏ နောက်ကွယ်ရှိ သွေးနတ်ရုပ်ကြီးမှာလည်း နောက်ထပ် (၃) ပေခန့် ပိုမို ကြီးမားလာပြီး သိပ်သည်းသော သွေးများမှာလည်း ပန်းထွက်နေခဲ့တော့၏။ သူမသည် လက်သီးများကို အမြင့်သို့ မြှောက်ကာ လီယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ထိုးချလိုက်တော့၏။
“မဆိုးဘူးပဲ”
လီယွမ်က ပြုံးလိုက်သည်။
“ဒီစွမ်းအားက ပဉ္စမအဆင့်မှာဆိုရင်တော့ ထိပ်ဆုံးကပဲ”
စကားပြောရင်း သူသည် ပြင်းထန်လှသော သွေးနတ်ရုပ်ကြီးကို ဖမ်းဆုပ်လိုက်ပြီး လက်ဖဝါးဖြင့် ညင်သာစွာ တွန်းထုတ်လိုက်လေ၏။ တစ်ပြိုင်နက်တည်းမှာပင် လိမ့်တက်လာသော စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ သွေးနတ်ရုပ်ကြီးမှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားရတော့၏။
“ဝေါ့...”
ဝမ်ကျောက်ကျောက်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သို့သော် သူမသည် ထပ်မံ ထရပ်လာပြန်ပြီး သွားများ လက်သည်းများဖြင့် လီယွမ်အား အတင်းအဓမ္မ ပြေးဝင်တိုက်ခိုက်တော့၏။ သူမသည် သွေးဘီးကူကောင်၏ တုံ့ပြန်မှုဒဏ်ကြောင့် ရူးသွပ်နေသော အခြေအနေသို့ ရောက်လုနီးပါး ဖြစ်နေတော့၏။
“ဆုတ်စမ်း”
လီယွမ်က တိုးညင်းသော်လည်း ပြတ်သားသော အသံဖြင့် အော်ဟစ်လိုက်သည်။
သူ၏ ကိုယ်တွင်းရှိ ထူးခြားကူကောင်၏ အငွေ့အသက်များက စွမ်းအင်လှိုင်းတစ်ခုအဖြစ် ထွက်ပေါ်သွားရာ သွေးဘီးကူကောင်၏ စွမ်းအားများမှာ ကြောင်ကိုတွေ့သော ကြွက်ကလေးများအလား ငြိမ်သက်သွားရတော့၏။ ထိုအခါမှသာ ဝမ်ကျောက်ကျောက်သည် သတိပြန်ဝင်လာခဲ့သည်။
“ဒီလောက်တောင် ကွာခြားနေတာလား”
သူမမှာ ခါးသီးစွာ ပြုံးလိုက်မိသည်။
အစ်ကိုယွမ်၏ ရှေ့တွင် အနည်းငယ်မျှ ပြန်လည် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ အစ်ကိုယွမ်ကို ခြေတစ်လှမ်းမျှပင် ရွေ့အောင် မလုပ်နိုင်ခဲ့ပါလား။
“ငါနဲ့တော့ မနှိုင်းပါနဲ့ဦး ရှောင်ကျောက်ရယ်”
လီယွမ်က ရယ်ရင်း ဆိုလိုက်သည်။
“ကူသခင် တစ်ယောက်အနေနဲ့ဆိုရင် မင်းဟာ အတော်လေးကို စွမ်းဆောင်နိုင်နေပါပြီ.. သိုင်းပညာရှင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေစရာ မလိုပါဘူး.. ကူသခင်တွေဆိုတာ အသက်ကြီးလာလေလေ ပိုပြီး လူကြိုက်များလာလေလေပဲလေ”
‘နှလုံးသားမေးခွန်းကူကောင်လိုမျိုး အဆင့်တက်နှုန်း အလွန်မြန်တဲ့ ကူကောင်မျိုး ပိုင်ဆိုင်ထားတဲ့သူတွေကလွဲရင် သာမန် ကူသခင်တွေဟာ ထိပ်သီး သိုင်းပညာရှင်တွေနဲ့ နယ်ပယ်အဆင့် ယှဉ်ပြိုင်ဖို့ဆိုတာ ခက်ခဲလှတယ်..ပါရမီရှင်တွေချင်း ယှဉ်ပြိုင်တဲ့ နေရာမှာပေါ့လေ..’
“ဟုတ်ကဲ့ပါ”
အမှန်တရားကို သိရှိသွားသော်လည်း ဝမ်ကျောက်ကျောက်၏ ရင်ထဲတွင်မူ စိတ်ပျက်မှုလေး တစ်ခုတော့ ကျန်ရှိနေဆဲပင် ဖြစ်၏။
“စိတ်မကောင်း မဖြစ်ပါနဲ့ ရှောင်ကျောက်..ဒီလို စဉ်းစားကြည့်လေ... တကယ်လို့ အလယ်ပိုင်းဒေသက သူရဲကောင်းလေးဦးတို့ ဘာတို့ဆိုရင်လည်း ငါ့လက်ထဲမှာတော့ ဒီလိုပဲ ပြားပြားဝပ်သွားမှာပဲလေ”
“မင်းလည်း ရှုံးတယ်... သူတို့လည်း ရှုံးမယ်”
“ဒါဆိုရင် မင်းက သူတို့နဲ့ တန်းတူ ဖြစ်နေပြီလို့ ဆိုရမှာပေါ့... မဟုတ်ဘူးလား”
လီယွမ်က အတည်ပေါက်ကြီးဖြင့် ဆိုလိုက်သည်။
ဝမ်ကျောက်ကျောက်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူမ၏ စိတ်မကောင်းဖြစ်နေမှုများမှာလည်း ချက်ချင်းပင် လွင့်ပျောက်သွားခဲ့ရလေပြီ။
“အစ်ကိုယွမ်ကတော့ တကယ်ကို လူတွေကို နှစ်သိမ့်တတ်တာပဲ”
တောင်ပိုင်းနယ်စပ်။
မြောင်ယွင် မြို့တော်။
မြို့ရိုးထက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရပ်နေကြသည်။
အမျိုးသမီးမှာ အနည်းငယ် ပိန်ပါးပြီး (၅) ပေခန့်သာ မြင့်သည်။ ဆံပင်ကို ထုံးထားပြီး သိမ်မွေ့လှပသော မျက်နှာရှိသော်လည်း ပါးပြင်လေးများမှာမူ ကလေးတစ်ယောက်လို ဖောင်းနေခဲ့ချေ၏။
“အရှင်... ကျွန်မ အသေအချာ စုံစမ်းစစ်ဆေးပြီးပါပြီ”
ထိုအမျိုးသမီးငယ်လေးမှာ တောင်ပိုင်းနယ်စပ် တစ်ခွင်တွင် ပြဿနာများကို တစ်ဦးတည်း ဖန်တီးနိုင်စွမ်း ရှိသည့် ရက်စက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူမမှာ ညဇီးကွက်အစောင့်တပ်၏ တပ်မှူးရှစ်ယောက်ထဲမှ တစ်ဦး ဖြစ်ချေ၏။
တောင်ပိုင်းတပ်မှူး ဇီနုန် (သို့မဟုတ်) ပညာရှိငှက်။
“ရှင်းပြ”
ညဇီးကွက်ဘုရင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေ၏။ သူ၏ မြင့်မားထည်ဝါလှသော ကိုယ်လုံးကိုယ်ပေါက်မှာ ပိန်ပါးလှသော ဇီနုန်နှင့် ယှဉ်လိုက်ပါက အလွန်ပင် သိသာထင်ရှားနေတော့၏။
“လင်းယွဲ့နယ်က ယူဘုရင်ဟာ နတ်ဆိုးတွေနဲ့ ပူးပေါင်းခဲ့တယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထားတွေ ရထားပါပြီ.. တာ့ယန်အင်ပါယာရဲ့ ဥပဒေအရဆိုရင်တော့... တခြားသူတွေကို သတိပေးတဲ့အနေနဲ့ သူ့ရဲ့ မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ဖြတ် သုတ်သင်ပစ်ရမှာပါ”
ဇီနုန်က အစီရင်ခံစာ တစ်စောင်ကို ကမ်းပေးလိုက်သည်။
“အရှင်မင်းကြီး... အထောက်အထားတွေ အားလုံးက ဒီမှာပါ”
“ကောင်းပြီ”
ညဇီးကွက်ဘုရင်က ခေါင်းညိတ်လိုက်သည်။
“မြို့နယ် အသီးသီးက ဘုရင်ခံတွေနဲ့ တပ်မှူးတွေကို အသိပေးလိုက်ပါ.. ပြီးရင် သူတို့ကို ပွဲကောင်းတစ်ပွဲ ကြည့်ဖို့ ဖိတ်ခေါ်လိုက်စမ်း တောင်ပိုင်းနယ်စပ်မှာ ကမောက်ကမတွေ ဖြစ်နေတာ တော်တော် ကြာနေပြီပဲ... အခုတော့ ငြိမ်းချမ်းရေးကို ပြန်ယူလာရမယ့် အချိန်တန်ပြီ”
“အရှင်မင်းကြီး... ပြီးခဲ့တဲ့ အကြိမ်က ကျွန်မ ယူဘုရင်ရဲ့ အစွမ်းကို စမ်းသပ်ကြည့်ခဲ့ပါသေးတယ်.. အဲဒီလူဟာ ကြီးမြတ်သော ပြည့်စုံခြင်း နယ်ပယ် ထဲကို ဝင်ရောက်နေပြီလို့ ယူဆရပါတယ်”
ဟု ဇီနုန်က အစီရင်ခံလိုက်သည်။
“ကြီးမြတ်သော ပြည့်စုံခြင်း နယ်ပယ်ဆိုတာက အဲဒီလောက်တောင် အစွမ်းထက်နေလို့လား”
ညဇီးကွက်ဘုရင်၏ အသံမှာ အေးစက်တည်ငြိမ်နေ၏။
ဇီနုန်သည် ခေါင်းငုံ့လိုက်ပြီး နောက်ထပ် စကားတစ်လုံးမျှ မဟရဲတော့ချေ။ ညဇီးကွက်ဘုရင်သည် သူ၏ခေတ်တွင် အစွမ်းအထက်ဆုံးသော သိုင်းပညာအရှင်သခင် ဖြစ်ကြောင်း လူတိုင်း သိကြသော်လည်း သူ၏ အစွမ်းမှာ မည်သည့်အဆင့်သို့ ရောက်နေပြီလဲဆိုသည်ကိုမူ မည်သူမျှ အတိအကျ မသိရှိကြပေ။
ဇီနုန်သည် မိမိကိုယ်ကိုယ် သိုင်းသူတော်စင် နယ်ပယ်အတွင်း၌ အားနည်းသူတစ်ဦးဟု မယူဆသော်ငြားလည်း ဤဘုရင်မင်းမြတ်နှင့် ရင်ဆိုင်ရချိန်တွင်မူ တိုက်ခိုက်လိုသော စိတ်ဆန္ဒလေးပင် မွေးဖွားမလာခဲ့ချေ။
ရှိနေခဲ့သည်မှာ ကြောက်ရွံ့မှု သက်သက်သာ ဖြစ်သည်။ ပြာလျဲ့သော မိုးကောင်းကင်ကြီးအား ငေးကြည့်နေရသော ပိုးစုန်းကြူးလေးတစ်ကောင်၏ ကြောက်ရွံ့မှုမျိုးပင်။
“နားလည်ပါပြီ အရှင်မင်းကြီး” ဇီနုန်က အရိုအသေပေးကာ ထွက်ခွာသွားတော့၏။
ညဇီးကွက်ဘုရင်သည် မျက်လုံးများကို မြှင့်ကာ အဝေးမှ ကျိုးကုန်းတောင်တန်းများဆီသို့ လှမ်းကြည့်လိုက်သည်။ တောင်ပိုင်းနယ်စပ်၏ မိုးကောင်းကင်ကို သိုင်းလောက အင်အားစု တစ်ခုက အုပ်စိုးနေ၍ မဖြစ်ချေ။
ယခုတစ်ကြိမ်တွင်မူ သူသည် အရာအားလုံးကို အမြစ်ပြတ် ရှင်းလင်းရန် ရည်ရွယ်ထား၏။
ပင်လယ်လေးစင်းနှင့် မြေရိုင်းရှစ်ခုအတွင်း၌ တာ့ယန်အင်ပါယာ တစ်ခုတည်းသာလျှင် အထွတ်အထိပ် ဖြစ်စေရမည်။