← Chapters

အသီးသီးတွင် ရှိကြသော ယုံကြည်ချက်များ

Vol. 9 Ch. 111

အသီးသီးတွင် ရှိကြသော ယုံကြည်ချက်များ

Vol. 9 Ch. 111

ကျိုးကျင်း မြို့တော်။

ကျိုးကုန်းတောင်တန်းနှင့် ကပ်လျက် တည်ရှိနေသော ဤမြို့တော်ကြီးသည် တောင်ပိုင်းနယ်စပ်ဒေသရှိ စစ်ရေးဗျူဟာအရ အချက်အချာကျသော နေရာတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်၌ ကျိုးကျင်း မြို့တော်ကြီးကား သွေးချင်းချင်းနီလျက် အစုအပြုံလိုက် သေဆုံးနေကြသော အလောင်းများကြားတွင် ငရဲဘုံတစ်ခုပမာ ဖြစ်တည်နေတော့၏။ နတ်ဆိုးများ၏ ရုပ်အလောင်းများနှင့် လူသားစစ်သည်များ၏ အလောင်းများမှာ နေရာအနှံ့ ပျံ့ကျဲနေပြီး တိုက်ပွဲဝင်သံများနှင့် လက်နက်ချင်း ရိုက်ခတ်သံများက လေထုအတွင်း၌ ဟိန်းဟောက်နေသည်။

“မင်းသမီး... နတ်ဆိုးတွေရဲ့ အရေအတွက်က တဖြည်းဖြည်း များလာနေပါပြီ..ကျွန်တော်တို့ ဆက်ပြီး တောင့်ခံထားဖို့ မလွယ်တော့ဘူး”

လီရော့ချန်မှာ လက်တစ်ဖက် ပြတ်တောက်နေခဲ့ပြီ ဖြစ်သလို သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာအမြောက်အမြားနှင့် သွေးများဖြင့် ရွှဲနစ်နေတော့၏။

“ဆရာမရော ဘယ်မှာလဲ”

ရှောင်ချင်အာသည် သူမ၏ ကျောပေါ်တွင် ဘူးသီးခြောက်ကြီး တစ်လုံးကို လွယ်ထားပြီး နတ်ဆိုးများကို ခုခံတိုက်ခိုက်ရန်အတွက် မရေမတွက်နိုင်သော ကူကောင်များကို ထိန်းချုပ်နေသည်။

“နန်းတော်သခင်မက သူမရဲ့ အထူးတပ်ဖွဲ့တွေကို ဦးဆောင်ပြီး ချင်ယူအစောင့်တပ်ရဲ့ လက်ရွေးစင်တွေကို သွားရောက် ဟန့်တားထားပါတယ်”

လီရော့ချန်သည် သွေးများကို အဆက်မပြတ် အန်ထုတ်နေရင်းမှ ဆိုလိုက်သည်။

“မင်းသမီး... ကျိုးကျင်း မြို့တော်ကို စွန့်လွှတ်ပြီး ကျိုးကုန်းတောင်တန်းဆီ ပြန်ဆုတ်ကြရအောင်..ဒါမှ နောက်တစ်ကြိမ် တစ်ကျော့ပြန် တိုက်ခိုက်ဖို့ အခွင့်အရေး ရှိမှာပါ”

“ဒါပေမဲ့... ကျိုးကျင်း မြို့တော်သာ ရန်သူ့လက်ထဲ ကျသွားရင်... အဲဒါကို ပြန်သိမ်းဖို့အတွက် ပေးဆပ်ရမယ့် တန်ဖိုးက အရမ်းကြီးသွားလိမ့်မယ်”

ရှောင်ချင်အာသည် အရှုံးမပေးလိုသေးပေ။

“မင်းသမီးသာ ဒီမှာ ကျဆုံးသွားခဲ့ရင်... ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး.. အဲဒီအခါကျရင် တောင်ပိုင်းနယ်စပ် တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်.. မင်းသမီး အသက်ရှင်နေမှသာ မျှော်လင့်ချက် ရှိမှာပါ”

လီရော့ချန်သည် သူ၏ ဓားကို နေမင်းကြီးပမာ တောက်ပစေလျက် ပြင်းထန်စွာ တိုက်ပွဲဝင်နေ၏။ သူ၏ ဓားချီစွမ်းအင်များက သက်တန့်တစ်ခုပမာ ကခုန်နေပြီး ရှောင်ချင်အာ လွတ်မြောက်နိုင်ရန်အတွက် လမ်းခင်းပေးနေတော့၏။

“ခဏလောက် ထပ်စောင့်ပါဦး”

ရှောင်ချင်အာသည် အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ မကြာသေးမီကပင် ညဇီးကွက်အစောင့်တပ်ဖွဲ့သည် တောင်ပိုင်းနယ်စပ်တွင် စစ်ဆင်ရေး တစ်ခုကို စတင်တော့မည်ဖြစ်ပြီး ယူဘုရင်အား အခြားသူများကို သတိပေးရန်အတွက် ပစ်မှတ်ထားလိမ့်မည်ဟူသော သတင်းကို သူမ ရရှိထားခဲ့သည်။ သူမ အနေဖြင့် အချိန်ကို ဆွဲထားနိုင်လေလေ ယူဘုရင် လင်းယွဲ့သည် ဒုက္ခတွင်းထဲသို့ ပိုမို နက်ရှိုင်းစွာ ကျရောက်သွားလေလေ ဖြစ်ပေလိမ့်မည်။

တခြားနည်းလမ်း မရှိတော့သဖြင့် လီရော့ချန်သည် ရှောင်ချင်အာ၏ ဘေးနားတွင်သာ ဆက်လက်နေထိုင်ရင်း ဆေးလုံးအချို့ကို မျိုချကာ ဆက်လက် တိုက်ပွဲဝင်နေရတော့၏။

ညအမှောင် ကုန်ဆုံး၍ နေ့သစ်သို့ ကူးပြောင်းလာခဲ့တော့၏။

ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပြင်းထန်လှသည့် တိုက်ပွဲများအပြီးတွင် ကျိုးကျင်း မြို့တော်၏ ကာကွယ်ရေးစနစ်များ အားလုံးနီးပါးမှာ ပြိုလဲသွားခဲ့ရသည်။

နှလုံးသားမေးခွန်းကူကောင်၏ အထောက်အပံ့ ရှိနေသော်ငြားလည်း ရှောင်ချင်အာ၏ စိတ်စွမ်းအားများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်ရာ သူမ ထိန်းချုပ်နိုင်သော ကူကောင် အရေအတွက်မှာလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့တော့၏။

‘ညဇီးကွက်ဘုရင်က တကယ်ပဲ အခြေအနေတွေကို ဒီလောက်အထိ ဆိုးရွားအောင် လုပ်တော့မှာလား’

ညဇီးကွက်ဘုရင်သည် နတ်ဆိုးများကြောင့် ဖြစ်ပေါ်လာသော ကမောက်ကမများကို အသုံးချကာ မြို့စားဘုရင် အသီးသီး၏ အာဏာကို အားနည်းသွားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း လူတိုင်း သိကြသည်။ ၎င်းမှာ လူသိရှင်ကြား လုပ်ဆောင်နေသော ဗျူဟာတစ်ခု ဖြစ်သလို အောင်မြင်မှုများစွာလည်း ရရှိနေခဲ့သည် မဟုတ်ပါလော။

သို့သော်လည်း ရှောင်ချင်အာ မမျှော်လင့်ထားခဲ့သည့် အရာတစ်ခု ရှိနေ၏။

ယခုအချိန်အထိပင် ညဇီးကွက်ဘုရင်သည် လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုသေးခြင်းပင်။

ယခုအခါ ချန်းလန်နယ်မြေသည် တာ့ယန်တော်ဝင်မိသားစုအတွက် ခြိမ်းခြောက်မှု မရှိတော့သဖြင့် ညဇီးကွက်အစောင့်တပ်ဖွဲ့များ အနေဖြင့် ယူဘုရင်အား သတ်ဖြတ်ပြီး တောင်ပိုင်းနယ်စပ်ကို ပြန်လည်သိမ်းပိုက်ရန် အသင့်တော်ဆုံး အချိန်ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။

အကယ်၍ သူမသာ ဤနေရာ၌ သေဆုံးသွားခဲ့မည်ဆိုလျှင်... နာကြည်းချက်များ ပြည့်နှက်နေသော ရှောင်လျဲ့သည် တော်ဝင်မိသားစုကို လုံးဝ ကျောခိုင်းသွားမည်ဖြစ်ရာ အရာရာတိုင်းမှာ ဆိုးကျိုးများသာ ဖြစ်ပေါ်လာပေလိမ့်မည်။ ၎င်းမှာ ညဇီးကွက်ဘုရင် လိုလားသော ရလဒ်မျိုး မဟုတ်သည်မှာ သေချာလှသည်။

အတွေးများအတွင်း နစ်မြုပ်နေစဉ်မှာပင် ရှောင်ချင်အာသည် ကောင်းကင်ယံမှ ယိမ်းယိုင်လျက် ပျံသန်းလာသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူမှာ သူတို့ဆီသို့ မရောက်မီမှာပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တော့၏။

“ဆရာ”

သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ရှေ့သို့ လျှပ်တစ်ပြက် ပြေးဝင်ကာ သွေးသံရဲရဲ ဖြစ်နေသော ပုံရိပ်အား ဖမ်းယူလိုက်သည်။ ထို့နောက် အဘွားအို၏ ပါးစပ်အတွင်းသို့ ဆေးလုံးတစ်လုံးကို အမြန် ထည့်ပေးလိုက်တော့၏။

“ဆရာ... ဘယ်လိုနေသေးလဲဟင်”

“ချင်အာ... သွားတော့...”

နဝမကူနန်းတော် သခင်မ၏ မျက်နှာတစ်ခြမ်းမှာ ကြေမွနေခဲ့ပြီဖြစ်ရာ ဒဏ်ရာတွင် ခရမ်းရင့်ရောင် မီးတောက်များက တောက်လောင်နေ၏။ “ယူဘုရင် မကြာခင် လိုက်လာတော့မယ်”

“သူတို့အားလုံး ရှုံးနိမ့်သွားကြပြီလား”

အခြေအနေများက ဤသို့ ဖြစ်လာပြီဖြစ်ရာ ညဇီးကွက်ဘုရင်သည် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ရှောင်ချင်အာ နားလည်သွားခဲ့လေပြီ။ သူမသည် ချက်ချင်းပင် အမိန့်ပေးလိုက်တော့၏။

“ဆုတ်ကြစမ်း..စစ်သည်များ အားလုံး ကျိုးကျင်း မြို့တော်ကနေ ထွက်ခွာ..ကျိုးကုန်းတောင်တန်းဆီကို ပြန်ဆုတ်ကြမယ်”

“ငါတို့အားလုံး မှားသွားခဲ့ကြတာပဲ”

နဝမကူနန်းတော် သခင်မက ခါးသီးစွာဖြင့် ဆိုလိုက်သည်။

“ညဇီးကွက်ဘုရင်က ယူဘုရင် လင်းယွဲ့ကိုတင် ရှင်းထုတ်ချင်တာ မဟုတ်ဘူး.. သူက ဒီအခွင့်အရေးကို အသုံးချပြီး ကူသခင် လမ်းစဉ်ကိုပါ ဖိနှိပ်ပြီးတော့ တောင်ပိုင်းနယ်စပ် တစ်ခုလုံးကို သူ့လက်အောက် အပြည့်အဝ သွတ်သွင်းချင်နေတာပဲ”

လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် နန်းတွင်းရေးရာများကို ထိန်းချုပ်နိုင်သလို လက်တစ်ချက် ပြန်လှန်လိုက်ရုံဖြင့်လည်း သိုင်းလောကကို ငြိမ်သက်သွားစေနိုင်သည်။ တာ့ယန်အင်ပါယာ အပါအဝင် သမိုင်းတစ်လျှောက်က ကြီးကျယ်လှသော မင်းဆက်များစွာသည် ဤသို့ လုပ်ဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း အားလုံးမှာ ကျရှုံးခဲ့ကြသည်သာ ဖြစ်သည်။

နဝမကူနန်းတော်ကြီးကော ဤကပ်ဘေးမှ လွတ်မြောက်နိုင်ပါ့မည်လော။

“တကယ်ကို ရက်စက်လွန်းတာပဲ”

ရှောင်ချင်အာက ဆိုလိုက်၏။

“သူက အခြေအနေတွေကို လုံးဝ ပြိုလဲသွားအောင် လုပ်မိမှာကို မကြောက်ဘူးလား”

“ခေတ်ပြိုင် သိုင်းအရှင်သခင်ကြီးရဲ့ အတွေးကို ဘယ်သူက မှန်းဆနိုင်မှာလဲ။ ဖြစ်နိုင်တာကတော့... သူဟာ အရာရာကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်လို့ သူ့ကိုယ်သူ ယုံကြည်နေတာလည်း ဖြစ်နိုင်တာပဲ”

ယူဘုရင် လင်းယွဲ့နှင့် တိုက်ခိုက်ခဲ့ရမှုက နဝမကူနန်းတော် သခင်မအား သူတို့ကြားက စွမ်းအားကွာဟချက်ကို နားလည်သွားစေခဲ့သည်။ သူမသည် လင်းယွဲ့အား မယှဉ်နိုင်ခဲ့သော်လည်း ညဇီးကွက်ဘုရင်ကမူ လင်းယွဲ့ကို ရမ်းကားခွင့်ပေးပြီး ရည်မှန်းချက်များကို ကြီးထွားစေခဲ့ခြင်းမှာ သူ့အနေဖြင့် ထိုသူအား နှိမ်နင်းနိုင်စွမ်း ရှိသည်ဟု ယုံကြည်နေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

စစ်နတ်ဘုရား မရှိတော့သော ဤခေတ်ကာလတွင် ညဇီးကွက်ဘုရင်သည် တကယ်ပင် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်ချေ ရှိနေတော့၏။

“သွားကြစို့”

အကျပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် ရှောင်ချင်အာသည် သူမ၏ တပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ ကျိုးကျင်း မြို့တော်မှ ထွက်ခွာခဲ့ရတော့၏။ ကျိုးကုန်းတောင်တန်း၏ မြေပြင်အနေအထားကို အသုံးချ၍ ပြန်လည် ခုခံရန်သာ သူမ တတ်နိုင်တော့၏။

မှောင်မည်းနေသော ကောင်းကင်ယံထက်တွင်..

သေးငယ်လှသော ငှက်ကလေး တစ်ကောင်သည် ကျိုးကျင်း မြို့တော်အတွင်း ဖြစ်ပျက်နေသမျှကို ငုံ့ကြည့်နေ၏။

“အရှင်မင်းကြီး... အရှင့်ရဲ့ တွက်ဆချက် အတိုင်းပါပဲ.. နဝမကူနန်းတော် သခင်မ ချီယွီရှန်းနဲ့ ချန်းလန်မင်းသမီး ရှောင်ချင်အာတို့ဟာ ကျန်ရှိနေတဲ့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ကျိုးကုန်းတောင်တန်းဆီ ပြန်ဆုတ်သွားကြပါပြီ”

ငှက်ကလေး မြင်တွေ့နေရသမျှ အရာအားလုံးမှာ တောင်ပိုင်းတပ်မှူး ဇီနုန်၏ စိတ်အာရုံထဲတွင် ပေါ်ထွင်နေလေ၏။

“ကာကွယ်ရေးတွေကို လျှော့ချလိုက်ပြီး ရန်သူကို ထောင်ချောက်ထဲ ရောက်အောင် မျှားခေါ်လိုက်စမ်း”

ညဇီးကွက်ဘုရင်က အေးစက်တည်ငြိမ်စွာပင် မှာကြားလိုက်သည်။

“နားလည်ပါပြီ”

ဇီနုန်က ခေါင်းညိတ်လိုက်၏။

ကျိုးကျင်း မြို့တော်၏ အပြင်ဘက်။

ယူဘုရင် လင်းယွဲ့သည် ချင်ယူအစောင့်တပ်များကို ဦးဆောင်ကာ မြို့အတွင်းသို့ တန်းတန်းမတ်မတ် ချီတက်ဝင်ရောက်လာခဲ့ပြီး တောင်ပိုင်းနယ်စပ်၏ ဤစစ်ရေးဗျူဟာမြောက် နေရာကို သိမ်းပိုက်လိုက်လေပြီ။

ထိုသို့ဖြင့် ချန်းလန်နယ်မြေနှင့် ယိုနယ်မြေတို့ကြား ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့သော အားပြိုင်မှုမှာ တရားဝင် နိဂုံးချုပ်သွားခဲ့ရသည်။

၎င်းမှာ ယူဘုရင် လင်းယွဲ့၏ အောင်ပွဲဖြင့် အဆုံးသတ်သွားခဲ့ခြင်းပင်။

“ဂုဏ်ယူပါတယ် ခမည်းတော် ဂုဏ်ယူပါတယ် ခမည်းတော် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ချန်းလန်ဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပြီး ကျိုးကျင်း မြို့တော်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီပဲ”

လင်းယွဲ့၏ မွေးစားသားများက လက်ယှက်ကာ ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။ ယူဘုရင်တွင် မူလက ‘ထိုက်ပေါင် (၁၃) ပါး’ ဟု ခေါ်ဝေါ်ကြသော မွေးစားသား (၁၃) ယောက် ရှိခဲ့သည်။ ချန်းလန်ဘုရင်နှင့် အားပြိုင်ခဲ့သော နှစ်များအတွင်း (၈) ယောက်မှာ ကျဆုံးခဲ့ရပြီး ယခုအခါ (၅) ယောက်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

“ဟား ဟား ဟား ဟား”

လင်းယွဲ့က ခပ်ဖွဖွလေး ရယ်လိုက်ရင်း ဆိုလိုက်၏။

“ဂုဏ်ပြုဖို့က အစောကြီး ရှိပါသေးတယ်.. ညဇီးကွက်ဘုရင်က ငါတို့ကို စောင့်ကြည့်နေတုန်းပဲလေ”

“ခမည်းတော်ရဲ့ နတ်ဘုရားသိုင်းပညာသာ အောင်မြင်သွားပြီဆိုရင် ညဇီးကွက်ဘုရင်ကို ကြောက်နေစရာ လိုတော့မှာလဲ”

ကျိန်းနျူထိုက်ပေါင် လင်းကျွမ်းက ဆိုလိုက်သည်။

“မကြာခင် ဖြစ်လာတော့မှာပါ”

လင်းယွဲ့က မျက်လုံးများကို မှေးစင်းလိုက်၏။

“အစီရင်ခံပါတယ်”

ထိုစဉ် မြို့အပြင်ဘက်မှ ကင်းထောက်များ ပြေးဝင်လာသည်။

“အရှင်မင်းကြီး... တောင်ပိုင်းတပ်မှူး ဇီနုန်ကနေ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို လာရောက် ပေးအပ်ပါတယ်.. နတ်ဆိုးတွေရဲ့ ခြေရာတွေကို တွေ့ရှိထားပြီးဖြစ်လို့ အရှေ့ပိုင်း ယူတပ်မတော်အနေနဲ့ သွားရောက် သုတ်သင်ဖို့ အမိန့်ပေးထားပါတယ်”

“သူက တကယ်ကို စိတ်မရှည်နိုင်တာပဲ” လင်းယွဲ့က ခနဲ့တဲ့တဲ့ အပြုံးဖြင့် ဆိုလိုက်သည်။

“ခမည်းတော်...သားတော်ကို သွားခွင့်ပြုပါ”

ကျိန်းနျူထိုက်ပေါင်က လက်သီးဆုပ်ကာ အရိုအသေပေးလိုက်လေ၏။

“မလိုပါဘူး”

လင်းယွဲ့က လက်ဝှေ့ယမ်းကာ တားမြစ်လိုက်သည်။

“နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းရမှာက အရေးကြီးတဲ့ ကိစ္စပဲ.. ညဇီးကွက်ဘုရင်ကိုယ်တိုင် အမိန့်ပေးထားတာဆိုတော့ ငါကိုယ်တိုင်ပဲ သွားသင့်ပါတယ်.. မင်းတို့ကတော့ ကျန်ရှိနေတဲ့ ကူသခင်တွေကို လိုက်လံ ဖမ်းဆီးဖို့ပဲ တာဝန်ယူရမယ်”

“ရှောင်ချင်အာ ..နဝမကူနန်းတော်ရဲ့ အတွင်းစည်းထဲကို မဝင်သွားနိုင်ခင်မှာတင် သူ့ကို သေချာပေါက် သတ်ပစ်ရမယ်နော်”

နှလုံးသားမေးခွန်းကူကောင်၏ အလားအလာမှာ အလွန်ပင် ကြီးမားလှသည်။ လင်းယွဲ့သည် ကူသိုင်းပညာကို ‘လမ်းစဉ်ငယ်’ ဟု အထင်သေးခဲ့သော်ငြားလည်း ရှောင်ချင်အာကိုတော့ သတိထားနေဆဲဖြစ်ရာ သူမအား ဆက်လက် အသက်ရှင်ခွင့်ပေးရန် လုံးဝ ဆန္ဒမရှိပေ။

“အမိန့်တော်အတိုင်းပါ ခမည်းတော်”

ကျိန်းနျူထိုက်ပေါင် လင်းကျွမ်းက အားပါးတရ ပြုံးလိုက်သည်။ သူ၏ သန်မာထွားကျိုင်းလှသော ခန္ဓာကိုယ်မှာ တောင်ငယ်လေးတစ်ခုနှင့်ပင် တူလှပြီး သူ၏ အပြုံးမှာလည်း အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေတော့၏။

“ညီလေးကိုး... မင်းလည်း လိုက်သွားလိုက်ဦး”

လင်းစုမှာ မျောက်တစ်ကောင်လို ပုပုသေးသေး ဖြစ်သော်လည်း သူ၏ လျင်မြန်ဖြတ်လတ်မှုမှာကား ပြိုင်ဘက်ကင်းလှသည်။ ထို့ပြင် သူသည် ကျိန်းနျူထိုက်ပေါင် လင်းကျွမ်းနှင့်လည်း အတွဲညီညီ လုပ်ဆောင်နိုင်သူ ဖြစ်သည်။

ထိုနှစ်ယောက်မှာ များသောအားဖြင့် အတူတကွ လှုပ်ရှားလေ့ ရှိကြသည် မဟုတ်ပါလော။

“အစ်ကိုခြောက်...အစ်ကို ရှစ်နဲ့ ညီလေးဆယ့်သုံး... မင်းတို့ကတော့ မြို့ထဲမှာ သွေး ယဇ်ပူဇော်မယ့် အခင်းအကျင်း အတွက် ပြင်ဆင်ထားကြ..ဘာအမှားအယွင်းမှ မရှိစေနဲ့နော်”

လင်းယွဲ့သည် အဋ္ဌမအဆင့် ကြီးမြတ်သော ပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်ပါသော်လည်း...

သူသည် အကန့်အသတ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကောင်းစွာ သိထားသည်။ နဝမအဆင့် သိုင်းနတ်ဘုရား နယ်ပယ်ဆိုသည်မှာ အလွန်ပင် ဝေးကွာလွန်းလှချေ၏။ ထိုအချုပ်အနှောင်များကို ဖောက်ထွက်ပြီး အထွတ်အထိပ်သို့ တက်လှမ်းနိုင်ရန်အတွက် သူသည် အခြားသော လမ်းစဉ်တစ်ခု၏ စွမ်းအားကို အားကိုးရမည် ဖြစ်သည်။

ထိုအခြားသော လမ်းစဉ်မှာကား ‘နတ်ဆိုးလမ်းစဉ်’ ပင် ဖြစ်တော့၏။

သူသာ အောင်မြင်သွားခဲ့မည်ဆိုလျှင် ညဇီးကွက်ဘုရင်ကို ကြောက်နေစရာ လိုတော့မည် မဟုတ်ပေ။

ဒဏ္ဍာရီလာ စစ်နတ်ဘုရား၏ ရတနာသိုက်ကိုပင် သူ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။

All Chapters