← Chapters

သန့်စင်သော နယ်မြေ

Vol. 9 Ch. 112

သန့်စင်သော နယ်မြေ

Vol. 9 Ch. 112

ခေတ္တမျှ အနားယူပြီးနောက် လင်းယွဲ့နယ်မှ ယူဘုရင်သည် ချင်ယူအစောင့်တပ်များကို ဦးဆောင်ကာ ကျိုးကျင်း မြို့တော်၏ အပြင်ဘက်သို့ ထွက်ခွာလာခဲ့တော့၏။ သူသည် အမိန့်တော်အတိုင်း ဧရာမ လျှိုမြောင်ကြီးတစ်ခု၏ အစွန်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လျှိုမြောင်၏ အပြင်ဘက်တွင်မူ ညဇီးကွက်အစောင့်တပ်ဖွဲ့နှင့် တောင်ပိုင်းနယ်စပ် ဒေသအသီးသီးမှ တပ်စွဲထားသော စစ်သည်တော်များက အသင့်အနေအထားဖြင့် ရှိနေကြသည်။ ထိုတပ်ဖွဲ့များကိုမူ တောင်ပိုင်းတပ်မှူး ဇီနုန်က ယာယီကွပ်ကဲနေခြင်း ဖြစ်တော့၏။

“တပ်မှူး..”

ယူဘုရင် လင်းယွဲ့သည် အလွန်ပင် နှိမ့်ချသော အမူအရာဖြင့် ဇီနုန်အား လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

“ဪ... ယူဘုရင် ရောက်လာပြီကိုး”

ဇီနုန်သည် လျှိုမြောင်ကြီးဘက်သို့ လက်ညှိုးညွှန်ပြရင်း ဆိုလိုက်သည်။

“ဒီလျှိုမြောင်ထဲမှာ နတ်ဆိုးတွေ အမြောက်အမြား ရှိနေတာကို ညဇီးကွက်အစောင့်တပ်က ရှာဖွေတွေ့ရှိထားတယ်.. ဒါပေမဲ့ သူတို့က အထဲကို ဇွတ်မတိုးရဲကြဘူး ဖြစ်နေတယ်.. ကျွန်မတို့ အရှင်မင်းကြီးကတော့... ယူဘုရင်ဟာ နတ်ဆိုးတွေနဲ့ တိုက်ပွဲအတွေ့အကြုံ အရှိဆုံးသူဆိုတော့ အရှင့်ရဲ့ ချင်ယူအစောင့်တပ်တွေကို ဦးဆောင်ပြီး ရှေ့ဆုံးကနေ တိုက်ခိုက်ဖို့ အသင့်တော်ဆုံးပဲလို့ မိန့်ကြားထားတယ်”

“တော်ဝင်မိသားစုရဲ့ အမိန့်တော်အရဆိုရင် ညဇီးကွက်အစောင့်တပ်ရဲ့ တောင်ဘက်စစ်ဆင်ရေးဟာ သေချာပေါက် အောင်မြင်ရမယ်.. နတ်ဆိုးတွေကို အမြစ်ပြတ် သုတ်သင်ပြီး တောင်ပိုင်းနယ်စပ်ကို ငြိမ်းချမ်းစေရမယ်တဲ့.. ဒီလို ကြီးကျယ်တဲ့ စွမ်းဆောင်မှုမျိုးကို ယူဘုရင်ကပဲ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”

ဇီနုန်သည် ပုပုသေးသေးနှင့် ချစ်စရာကောင်းသော အပြုံးလေးကို ပိုင်ဆိုင်ထားသော်လည်း သူမ၏ ရှေ့မှောက်တွင်ရှိသော မြို့စားဘုရင်များနှင့် စစ်သူကြီးများမှာမူ ဒူးတုန်အောင် ကြောက်ရွံ့နေကြရသည်။

“နားလည်ပါပြီ”

လင်းယွဲ့သည် ခေါင်းကို အသာငုံ့လိုက်ရင်း တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။

“ဒါဟာ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ပဲ.. ကျုပ် အစွမ်းကုန် ကြိုးစားပြီး ဒီတောင်ကြားထဲက နတ်ဆိုးတွေအားလုံးကို နှိမ်နင်းပေးပါ့မယ်”

“ဖိတ်ခေါ်ပါတယ်”

ပညာရှိငှက်လေး ဇီနုန်က လမ်းဖယ်ပေးလိုက်လေ၏။

“စစ်သည်တို့... ငါ့နောက်က လိုက်ခဲ့ကြ.. တောင်ကြားထဲကို ဝင်တိုက်မယ်”

စကားအပိုများ မပြောတော့ဘဲ လင်းယွဲ့သည် သူ၏ တပ်ဖွဲ့များကို ဦးဆောင်ကာ ဧရာမ လျှိုမြောင်ကြီးအတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။

ဇီနုန်သည် နောက်မှနေ၍ အသာအယာ လိုက်ပါလာရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိလေ၏။

‘သူ ဘာတွေ ကြံစည်နေတာပါလိမ့်.. တွန့်တောင် မတွန့်ဆုတ်သွားပါလား’

ထိုတောင်ကြားအတွင်း ပိတ်မိနေသော နတ်ဆိုးများမှာ အမှန်စင်စစ် လင်းယွဲ့၏ မဟာမိတ်ဟောင်းများသာ ဖြစ်ကြသည်။ ၎င်းတို့က လင်းယွဲ့အား များစွာ အကူအညီ ပေးခဲ့ကြသဖြင့်သာ ယူဘုရင် အနေဖြင့် ချန်းလန်နယ်မြေကို ဤမျှ လွယ်ကူစွာ ဖြိုလှဲနိုင်ခဲ့ခြင်း မဟုတ်ပါလော။

“သတ်ကြစမ်း”

တိုက်ပွဲဝင်သံများက တောင်ကြားအတွင်း ပဲ့တင်ထပ်သွားတော့၏။

ယူဘုရင် လင်းယွဲ့သည် ခရမ်းရောင် မီးလျှံများ ဝန်းရံထားသော ခြင်္သေ့ကြီး တစ်ကောင်နှယ် နတ်ဆိုးအုပ်ကြီးအတွင်းသို့ တိုးဝင်ကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း နတ်ဆိုးပေါင်းများစွာ၏ အသက်ကို ခြွေယူနေ၏။

ထိုခရမ်းရောင် မီးလျှံများက ရုပ်အလောင်းများကို ပြာကျအောင် လောင်ကျွမ်းစေသလို အရိုးများကိုလည်း ချေဖျက်ပစ်နေလေသည်။ အလောင်းတစ်ခုတည်းပင် မကျန်ရစ်စေဘဲ ပြာမှုန်များကိုပင် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူကာ သန့်စင်ပစ်နေတော့၏။

“လင်းယွဲ့”

ဝန်းရံခံထားရသော အဋ္ဌမအဆင့် ဆင် နတ်ဆိုးသူတော်စင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်လုံးများအတွင်း၌ နာကြည်းချက်များ ပြည့်လျှံလျက် ရှိတော့၏။

“မင်း ဘာလုပ်နေတာလဲ”

“ဘာလုပ်နေတာလဲ ဟုတ်လား.. မင်းကို သတ်နေတာပေါ့..နတ်ဆိုးတွေကို သုတ်သင်နေတာလေ”

လင်းယွဲ့က ခနဲ့တဲ့တဲ့ ရယ်လိုက်လေ၏။

သူသည် သူ၏ မဟာမိတ်ဟောင်းအပေါ် အနည်းငယ်မျှပင် ဂရုဏာမထားဘဲ ရက်စက်လှသော တိုက်ကွက်များဖြင့် တိုက်ခိုက်နေသဖြင့် ဆင် နတ်ဆိုးသူတော်စင်မှာ နာကျင်စွာ အော်ဟစ်နေရကာ တစ်ကိုယ်လုံးလည်း သွေးချင်းချင်း နီနေခဲ့တော့၏။

“လင်းယွဲ့.. မင်းက ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ အင်အားကို အသုံးချပြီး ချန်းလန်ဘုရင်ကို သတ်ခဲ့တာလေ.. အခုကျတော့ ဘာမှမဆိုင်သလို ဘေးထွက်နေချင်တာလား..လောကမှာ အလကားရတဲ့ ထမင်းထုပ် ဆိုတာ မရှိဘူးကွ”

ဆင် နတ်ဆိုးသူတော်စင်ကြီးက အော်ဟစ်နေတော့သည်။

“စကားများမနေနဲ့ နတ်ဆိုးကောင်ရဲ့..ငါက မင်းတို့ကို အသုံးချခဲ့ရုံ သက်သက်ပဲ.. ဒီအခွင့်အရေးကို စောင့်ပြီး မင်းတို့ကို တစ်ခါတည်း အမြစ်ပြတ် ရှင်းပစ်ချင်နေတာ ကြာလှပြီ.. လူတွေက ငါ့ကို သစ္စာဖောက်လို့ ပြောလည်း ငါ ဂရုမစိုက်ဘူး”

“ဂုဏ်ဒြပ်နဲ့ အာဏာကို လိုက်စားတာက ဘုရင်တွေ မြို့စားတွေအတွက်တော့ ထုံးစံပဲ.. ငါဟာ လူသားတစ်ယောက် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အရှက်ကင်းမဲ့အောင် မလုပ်ခဲ့ဘူး.. မင်း ငါ့ကို ဘာခေါင်းစဉ်မှ လာမတပ်နဲ့”

လင်းယွဲ့သည် ဆင် နတ်ဆိုးသူတော်စင်ကို တောက်လျှောက် ဖိနှိပ်ထားရင်း တရားမျှတမှုရှိသော ပုဂ္ဂိုလ်တစ်ဦးနှယ် ဟန်ဆောင်ပန်ဆောင် ပြောဆိုနေတော့၏။

‘တကယ့်ကို ဟန်ဆောင်ကောင်းတဲ့ လူပဲ’

ဇီနုန်သည် အဝေးမှ စောင့်ကြည့်ရင်း စိတ်ထဲမှ ကြိတ်ကာ ကဲ့ရဲ့လိုက်မိသည်။

ယူဘုရင်၏ အဓိပ္ပာယ်မရှိသော စကားများကို ယုံကြည်မည့်သူမှာ အရူးသာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း လင်းယွဲ့က ဤမျှအထိ ရက်စက်တတ်ပြီး သူ၏ မဟာမိတ်ကို ဤမျှ လွယ်ကူစွာ ကျောခိုင်းဝံ့လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူသည် နတ်ဆိုးများနှင့်အတူ အရက်သောက်ရင်း ဆင် နတ်ဆိုးသူတော်စင်အား ညီအစ်ကိုဟု ခေါ်ဝေါ်ခဲ့သည် မဟုတ်ပါလော။

ယခုမူ တိုက်ပွဲစသည်နှင့် အနည်းငယ်မျှပင် ညှာတာခြင်း မရှိဘဲ သေလောက်သည့် တိုက်ကွက်များကိုသာ သုံးစွဲနေတော့၏။

လင်းယွဲ့၏ ပါးနပ်မှုနှင့်ဆိုလျှင် ချိုသာသော စကားအနည်းငယ်ဖြင့် ညဇီးကွက်အစောင့်တပ်ဖွဲ့ကို လှည့်စားနိုင်ပြီး သူ၏ အတိတ်က ပြစ်မှုများကို ဖုံးကွယ်နိုင်လိမ့်မည်ဟု ထင်နေလောက်အောင် သူ မမိုက်မဲနိုင်ပေ။

ဒါဆိုရင်တော့...

လင်းယွဲ့သည် ညဇီးကွက်ဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိသည်ဟု မိမိကိုယ်ကိုယ် ယုံကြည်နေခြင်း ဖြစ်ရမည်။

‘ဘယ်သူ့ရဲ့ ယုံကြည်ချက်က ပိုပြီး ခိုင်မာမလဲဆိုတာ ကြည့်ရတာပေါ့’

ဇီနုန်သည် စိတ်ဝင်တစား တွေးတောနေမိသည်။

လင်းယွဲ့ အနေဖြင့် သူ၏ နည်းလမ်းပေါင်းစုံကို သုံးပြီးမှ ညဇီးကွက်ဘုရင်အား အနည်းငယ်မျှ ဒုက္ခပေးနိုင်မလား ဆိုသည်ကို သူမ မြင်တွေ့လိုနေမိ၏။

‘ဘယ်လောက်တောင် ကြာသွားပြီလဲ’

‘ငါ ညဇီးကွက်အစောင့်တပ်ထဲကို ဝင်လာတဲ့ နေ့ကစပြီး အရှင်မင်းကြီး အရေးနိမ့်တာကို တစ်ခါပဲ မြင်ဖူးတယ်.. အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တာ့ယန်တော်ဝင်မိသားစုရဲ့ သွေးစွန်းခဲ့တဲ့ ညတုန်းကပေါ့’

ထိုအဖြစ်အပျက်မှလွဲလျှင် အရှင်မင်းကြီးအား ဒုက္ခပေးနိုင်သူ တစ်ဦးတစ်ယောက်မျှကို သူမ မတွေ့ခဲ့ဖူးချေ။

‘ပြိုင်ဘက်ကင်း ဖြစ်ရတာ တကယ်ပဲ အထီးကျန်ဖို့ ကောင်းတာပဲ’

ဇီနုန် တွေးတောနေစဉ်မှာပင် ယူဘုရင် လင်းယွဲ့နှင့် ဆင် နတ်ဆိုးသူတော်စင်တို့၏ တိုက်ပွဲမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။

“သန့်စင်သော နယ်မြေ”

လင်းယွဲ့သည် တိုးညင်းစွာ ရွတ်ဆိုလိုက်သည်။

“ခရမ်းရောင်မီးလျှံ ကုန်းပြင်မြင့်”

“ဝုန်း...”

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများက စုစည်းလာပြီး ထူးဆန်းသော ဖြစ်စဉ်များ ပေါ်ထွက်လာတော့၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် လင်းယွဲ့ကို ဗဟိုပြု၍ အပြင်ဘက်သို့ ပြင်းထန်စွာ ဂယက်ထသွားခဲ့တော့၏။

ထိုလျှိုမြောင်အတွင်းရှိ သက်ရှိအားလုံးမှာ ဤစွမ်းအင်တုန်ခါမှုကို အသေအချာ ခံစားလိုက်ကြရလေသည်။ ကမ္ဘာလောကကြီးမှာ မျက်စိတစ်မှိတ်အတွင်း အရောင်အသွေးများ ပျောက်ကွယ်သွားသကဲ့သို့ပင် အရာအားလုံးက ရပ်တန့်သွားခဲ့လေပြီ။

ခဏချင်းအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏

ထိုစွမ်းအင်လှိုင်းများ ဖြတ်သန်းသွားသောအခါ သူတို့သည် တောင်ကြားအတွင်း ရှိမနေတော့ဘဲ တောက်လောင်နေသော မီးလျှံများ ပြည့်နှက်နေသည့် ကုန်းပြင်မြင့်ကြီးတစ်ခုပေါ်သို့ ရောက်ရှိသွားကြသည်။ ၎င်းမှာ ပုံရိပ်ယောင်တစ်ခုမှန်း သိနေသော်ငြားလည်း အရာရာတိုင်းမှာ အစစ်အမှန်သဖွယ် ဖြစ်နေသဖြင့် သက်ရှိအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေ၏။

မိုးကောင်းကင်ယံထက်မှ ဇီနုန်ပင်လျှင် မျက်နှာအမူအရာ ပြောင်းလဲသွားရတော့၏။

‘ဒါ ကြီးမြတ်သော ပြည့်စုံခြင်း နယ်ပယ်ရဲ့ အစွမ်းလား..ညဇီးကွက်အစောင့်တပ်ထဲမှာဆိုရင် အရိပ်မင်းသား တိမ်လင်းယုန် တစ်ယောက်ပဲ ဒီအဆင့်ကို ရောက်ဖူးတာ မဟုတ်ဘူးလား’

အခြား အရိပ်မင်းသား တစ်ယောက်အကြောင်းကိုမူ သူမ သိပင်မသိရဘဲ တွေ့လည်း မတွေ့ဖူးချေ။

“ဒီသန့်စင်သော နယ်မြေထဲမှာ သေရတာဟာ မင်းအတွက် ငါပေးတဲ့ နောက်ဆုံး ဂရုဏာပဲ”

လင်းယွဲ့သည် ကုန်းပြင်မြင့်ထက်တွင် အေးဆေးစွာ လမ်းလျှောက်နေ၏။ ကောင်းကင်ယံမှ ကြွေကျလာသော ကြယ်တာရာများအလား ခရမ်းရောင် နတ်မီးလျှံများက ဆက်တိုက် ကျဆင်းလာပြီး ဆင် နတ်ဆိုးသူတော်စင်၏ ခန္ဓာကိုယ်အား လောင်ကျွမ်းစေတော့၏။

သန့်စင်သော နယ်မြေအတွင်း၌မူ နတ်ဘုရားတို့၏ ခန္ဓာကိုယ်ပင်လျှင် မီးလောင်ကျွမ်းခြင်းကို ခံရမည်သာ ဖြစ်သည်။ ဤစည်းမျဉ်းများကို ကိုယ်စားပြုသော မီးလျှံများမှာကား ရှောင်လွှဲ၍ မရနိုင်သော အရာများပင်။

“အား...”

ဆင် နတ်ဆိုးသူတော်စင်မှာ နာကျင်စွာ အော်ဟစ်ရင်း လောင်ကျွမ်းနေရတော့၏။

အခြားသော နတ်ဆိုးများမှာမူ ခရမ်းရောင်မီးလျှံ ကုန်းပြင်မြင့်အတွင်း၌ ပြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြရလေ၏။

လင်းယွဲ့သည် မျက်နှာတွင် အပြုံးတစ်ခုဖြင့် ကုန်းပြင်မြင့်ထက်သို့ ဖြည်းညင်းစွာ ပျံတက်သွားပြီး လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လျက် အားရကျေနပ်စွာဖြင့် စွမ်းအားများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနေတော့၏။

နတ်ဆိုးဖြစ်စေ လူသားဖြစ်စေ... သူ့အတွက်တော့ ဘာမှ မကွာခြားပေ။

သူ လုံးဝ ဂရုမစိုက်ပါ..။ လိုအပ်လာလျှင် ကမ္ဘာလောကရှိ အရာခပ်သိမ်းမှာ သူ၏ အာဟာရများသာ ဖြစ်လာရမည်။ သူ၏ ရည်မှန်းချက် အောင်မြင်ဖို့အတွက်ဆိုလျှင် သူသည် ‘စိတ်ထားကျယ်ပြန့်’ စွာဖြင့် သံယောဇဉ်များ နိုင်ငံတော် အကျိုးစီးပွားများနှင့် ကိုယ်ကျင့်တရားများကို အမြဲတစေ စွန့်လွှတ်နိုင်သူ ဖြစ်သည်။

“ဟူး...”

လင်းယွဲ့သည် သူ၏ ကိုယ်တွင်းမှ လေပူများကို မှုတ်ထုတ်လိုက်သည်။

“တကယ့်ကို နေလို့ ကောင်းလိုက်တာ”

ခရမ်းရောင်မီးလျှံ ကုန်းပြင်မြင့်ရှိ ထူးဆန်းသော ဖြစ်စဉ်များမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့လေပြီ။

တောင်ကြားအတွင်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင်မူ နတ်ဆိုးများ၏ ခြေရာလက်ရာလေးပင် မကျန်တော့ဘဲ အဖြူရောင် အငွေ့အသက်များသာ လွင့်ပျံလျက် ရှိတော့၏။

သူသည် ဇီနုန်အား ကြည့်ကာ လက်သီးဆုပ် အရိုအသေပေးရင်း ဆိုလိုက်သည်။

“တပ်မှူး... ကျုပ် လုပ်ဆောင်ခဲ့တာတွေကို ကျေနပ်ရဲ့လား”

“အင်း... မဆိုးပါဘူး”

လင်းယွဲ့၏ အကြည့်အောက်တွင် ဇီနုန်သည် သူမ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားသလို ခံစားလိုက်ရသည်။

“ဟားဟား... ကျေနပ်တယ်ဆိုရင်ပဲ ကောင်းပါပြီ”

လင်းယွဲ့က ရယ်လိုက်လေ၏။

“အရင်က ကျုပ်ရဲ့ အမူအရာတွေက မတော်တဆ ဖြစ်ခဲ့တာတွေ ရှိနိုင်သလို ညဇီးကွက်ဘုရင် အနေနဲ့လည်း အထင်အမြင် လွဲမှားတာတွေ ရှိနိုင်ပါတယ် .. အဲဒါတွေက တကယ်ပဲ မလွှဲမရှောင်သာလို့ ဖြစ်ခဲ့ရတာပါ.. တကယ်တော့ ကျုပ်ဟာ လူသားနယ်မြေတွေကို နတ်ဆိုးတွေ နှောင့်ယှက်တာမျိုး လုံးဝ မလိုလားခဲ့ပါဘူး”

“ကျွန်မ အရှင်မင်းကြီးကို အမှန်အတိုင်း အစီရင်ခံပေးပါ့မယ်”

ဇီနုန်သည် လင်းယွဲ့ပြောသမျှ စကားတစ်လုံးကိုမျှ မယုံကြည်ပေ။

ကျိုးကုန်းတောင်တန်း၏ အပြင်ဘက်ဝယ်..

ချန်းလန်မင်းသမီး ရှောင်ချင်အာသည် နဝမကူနန်းတော် သခင်မအား ကျောပိုးလျက် ထွက်ပြေးလာနေ၏။

“ဆရာ... ခဏလေး တောင့်ခံထားပါဦး.. ကျွန်မတို့ တောင်တန်းတွေဆီ ရောက်တော့မှာပါ”

နဝမကူနန်းတော် သခင်မ ချီယွီရှန်း၏ မျက်နှာတစ်ခြမ်း ကြေမွသွားခဲ့သော ဒဏ်ရာပေါ်တွင်မူ ခရမ်းရောင် မီးလျှံများက တောက်လောင်နေဆဲ ဖြစ်ပြီး မည်သို့ပင် ကြိုးစားစေကာမူ ငြိမ်းသတ်၍ မရနိုင်ဘဲ ဖြစ်နေတော့၏။

“ချင်အာ... ငါ့ကို ချထားလိုက်ပါတော့”

ချီယွီရှန်းက အားယူကာ ပြုံးလိုက်သည်။

“တောင်းပန်ပါတယ် ဆရာ.. ကျွန်မရဲ့ အဆင်အခြင်မဲ့မှုတွေကြောင့်... ကျိုးကျင်း မြို့တော်ကို အတင်းကာကွယ်ဖို့ ကြိုးစားပြီး ညဇီးကွက်ဘုရင်အပေါ်မှာ မျှော်လင့်ချက်တွေ ပုံအပ်ထားမိလို့ ဆရာ အခုလို ဖြစ်ရတာပါ”

ရှောင်ချင်အာသည် မိမိကိုယ်ကိုယ် အပြစ်တင်နေမိရှာတော့၏။

“ဒါ မင်းရဲ့ အပြစ်မဟုတ်ပါဘူး”

ချီယွီရှန်းက ဆိုလိုက်သည်။

“နှလုံးသားမေးခွန်းကူကောင်က ဒီလိုပါပဲ.. မင်းက ပြည်သူတွေကို ချစ်မြတ်နိုးပြီး လောကကြီးကို ဂရုစိုက်တာဟာ ကောင်းတဲ့အချက်ပဲလေ.. ငါကသာ အရင်က အရမ်းကို အတ္တကြီးခဲ့တာပါ”

လူတိုင်းမှာ ပြည်သူတွေအတွက် အနစ်နာခံဖို့ အဆင်သင့် မဖြစ်နိုင်ကြပေ။

သူမသည် အတိတ်မှာကော ယခုမှာပါ ထိုသို့ မလုပ်ဆောင်နိုင်ခဲ့သော်လည်း ဆရာတစ်ယောက်အနေဖြင့်ရော အဘွားတစ်ယောက်အနေဖြင့်ပါ သူမ၏ မျိုးဆက်သစ်အတွက် တစ်ခုခုတော့ လုပ်ပေးသင့်သည် မဟုတ်ပါလော။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မင်းအပေါ် ဒေါသထွက်ခဲ့မိလို့ မင်းရဲ့ မယ်တော်ကို မကယ်တင်နိုင်ခဲ့တာကို ငါ တကယ်ပဲ နောင်တရမိတယ်”

“ချင်အာ... ဒီနေ့မှာတော့ အတိတ်က အမှားတွေကို အဘွား ပြန်ပြီး ပေးဆပ်ပါရစေဦး ..ဟုတ်ပြီလား”

All Chapters