← Chapters

နဝမနန်းတော်သခင်မ၏ ဆုံးရှုံးခြင်း

Vol. 9 Ch. 113

နဝမနန်းတော်သခင်မ၏ ဆုံးရှုံးခြင်း

Vol. 9 Ch. 113

“ကျွန်မ မသွားချင်ဘူး”

ရှောင်ချင်အာသည် အရှုံးမပေးလိုဘဲ နဝမနန်းတော်သခင်မကို ကျောပိုးလျက် ဆက်လက်ထွက်ပြေးနေသည်။ အားကောင်းလှသော စွမ်းအင်လှိုင်း (၂) ခုက သူမတို့နောက်သို့ တဖြည်းဖြည်း နီးကပ်လာနေသည်ကို သူမ အာရုံခံမိနေ၏။

“ငါ ပြန်သွားရင်တောင် အသက်ရှင်မှာ မဟုတ်တော့ပါဘူး..ဒီငြိမ်းသတ်လို့ မရတဲ့ ခရမ်းရောင် မီးလျှံတွေက ငါ့ခန္ဓာကိုယ်ကို ပြာဖြစ်အောင် နောက်ဆုံးမှာ လောင်ကျွမ်းပစ်တော့မှာပဲ”

ချီယွီရှန်းက မချိတင်ကဲ သက်ပြင်းချလိုက်သည်။ သူမ၏ ခန္ဓာကိုယ်အား အရိုးထဲအထိ စိမ့်ဝင်ဝါးမြိုနေသော ခရမ်းရောင်မီးလျှံများမှာ ထူးဆန်းမီးတောက်များပင်။

ထိုမီးတောက်၏ အမည်မှာ ‘ငရဲမီးလျှံ’ ဟု ခေါ်ဝေါ်ကြပြီး ငရဲပြည်မှ လာသော မီးလျှံဟုလည်း ဆိုကြသည်။ တစ်ကြိမ်တစ်ခါ ထိတွေ့မိသည်နှင့် အသက်ရှင်နေသူမှာ သေဆုံးသွားလိမ့်မည် မဟုတ်သလို မီးလျှံမှာလည်း ငြိမ်းသတ်၍ ရနိုင်မည် မဟုတ်ချေ။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းမီးတောက်ကို ယူဘုရင် လင်းယွဲ့က အစွမ်းကုန် ထုတ်ဖော်ခဲ့သဖြင့် ချီယွီရှန်းနှင့် ချန်းလန်တပ်မတော်မှ သိုင်းသူတော်စင် အချို့မှာ အရေးနိမ့်ခဲ့ကြရခြင်း ဖြစ်သည်။

“ဒါကို ဖြေရှင်းလို့ ရပါတယ်.. အင်မော်တယ်လျှို့ဝှက်နယ်မြေထဲ ရောက်သွားရင်... အဲဒီမှာရှိတဲ့ အစွမ်းတွေက ဘယ်လို ထူးဆန်းမီးတောက်မျိုးကိုမဆို ငြိမ်းသတ်ပေးနိုင်ပါတယ်”

ရှောင်ချင်အာက ပြတ်သားစွာ ဆိုလိုက်သည်။

“အရမ်းဝေးလွန်းတယ် ချင်အာ... အချိန်မီမှာ မဟုတ်တော့ဘူး”

ချီယွီရှန်းက ခေါင်းခါယမ်းလိုက်၏။ လိုက်လံဖမ်းဆီးသူများက ပို၍ ပို၍ နီးကပ်လာနေခဲ့တော့၏။

“ကျိန်းနျူထိုက်ပေါင် လင်းကျွမ်းနဲ့ လျင်မြန်တဲ့ မျောက်ဝံ လင်းစုတို့ပေါ့လေ”

ထိုသူနှစ်ဦးမှာ သာမန်သိုင်းသူတော်စင်များသာ ဖြစ်ကြပြီး ကြီးမြတ်သော သူတော်စင်အဆင့်ပင် မဟုတ်ကြချေ။ ချီယွီရှန်း အကောင်းပကတိ အခြေအနေတွင် ရှိနေပါက ၎င်းတို့အား လုံးဝ ကြောက်စရာ မလိုပေ။ သို့သော် ယခုအခါတွင်မူ သူမ အစွမ်းကုန် ကြိုးစားလျှင်ပင် ထိုသူတို့အား အကြာကြီး ဟန့်တားထားနိုင်ရန် မသေချာတော့ချေ။

“ချင်အာ... သွားတော့”

ချီယွီရှန်းသည် ရှောင်ချင်အာ၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေရာ နှင်းကဲ့သို့ ဖြူလွလွ လိပ်ပြာလေး တစ်ကောင်က သူမ၏ လက်ဖမိုးပေါ်သို့ လာရောက်နားခိုလာသည်။

၎င်းမှာ သူမ၏ ပင်မကူကောင် ဖြစ်သော ‘နှစ်တစ်ထောင် နှင်းလိပ်ပြာ’ ပင် ဖြစ်သည်။ ၎င်းကို သူမသည် အေးခဲနေသော ဒေသတစ်ခု၌ ရရှိခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း (၉၀၀) ကျော် အေးခဲနေခဲ့သော ပိုးအိမ်မှ အသွင်ပြောင်းလာခြင်း ဖြစ်သည်။ ၎င်းက ကူသခင်အား အရာခပ်သိမ်းကို အေးခဲစေနိုင်သော စွမ်းရည်ကို ပေးစွမ်းနိုင်သည် မဟုတ်ပါလော။

၎င်းသည် ရုပ်ခန္ဓာကိုသာမက စိတ်ဝိညာဉ်ကိုပါ အေးခဲသွားစေနိုင်သည်။

ချီယွီရှန်းက ခပ်ဖွဖွလေး မှုတ်ထုတ်လိုက်ရာ နှစ်တစ်ထောင် နှင်းလိပ်ပြာက အတောင်ပံများကို ခတ်လိုက်ပြီး ဖြူလွလွ အမှုန်အမွှားများကို လေထဲသို့ ပျံ့လွင့်သွားစေတော့၏။

ရှောင်ချင်အာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏ လည်ပင်း၌ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရပြီး ကူကောင်တစ်ကောင်က သူမ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည်။ သူမသည် မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရတော့ဘဲ အခြားသော စိတ်ဆန္ဒတစ်ခုက သူမအား ရှေ့သို့ အတင်းအကြပ် တိုးသွားစေတော့၏။

“သွားတော့ ချင်အာ”

ချီယွီရှန်းက ပြုံးလျက် ဆိုလိုက်သည်။

“စစ်ပွဲမှာ လူဆိုတာ သေရမှာပဲလေ”

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမသည် သူမ၏ သမီးဖြစ်သူအား တောင်ပေါ်က ဆင်းပြီး အသေမခံရန် တားမြစ်ခဲ့ဖူးသည်။ ထိုစဉ်က သူမ၏ သမီးသည်လည်း ယခုကဲ့သို့ စကားမျိုး ပြန်ပြောခဲ့ဖူးရာ ယခုအခါတွင်မူ သူမ ကိုယ်တိုင် နားလည်သွားခဲ့တော့၏။ သူမ အနေဖြင့် ဤသို့ ပြောလိုက်ရခြင်းအပေါ် နောင်တ အနည်းငယ်မျှ မရှိပေ။ ၎င်းမှာ ခေါင်းမာခြင်း သို့မဟုတ် ဇွတ်တရွတ် လုပ်ခြင်းကြောင့် မဟုတ်ဘဲ သူမ၏ ကိုယ်ပိုင် ဆန္ဒကြောင့်သာ ဖြစ်တော့သည်။

ရှောင်ချင်အာ၏ ပါးပြင်ထက်တွင် မျက်ရည်များ စီးကျနေသော်လည်း သူမ ပြန်လှည့်ကြည့်၍ မရတော့ပေ။ သူမ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မှုမဲ့စွာဖြင့် တောင်တန်းများအတွင်းသို့ တရွေ့ရွေ့ လွင့်မျောပျောက်ကွယ်သွားတော့၏။

“မျောက်... မင်းက မြန်တယ်မဟုတ်လား..ရှောင်ချင်အာနောက်ကို လိုက်တော့.. သူက အဓိကပဲ”

ကျိန်းနျူထိုက်ပေါင် လင်းကျွမ်းက ရက်စက်စွာ ပြုံးလိုက်သည်။

“ဒီစုန်းမကြီးကိုတော့ ငါပဲ ကိုင်တွယ်လိုက်ပါ့မယ်”

“ကောင်းပြီ... သတိထားဦးနော်”

လင်းစုက ခေါင်းညိတ်ပြလိုက်ပြီးနောက် ပုံရိပ်ယောင်တစ်ခုနှယ် အဝေးသို့ လျှပ်တစ်ပြက် ပြေးထွက်သွားတော့၏။

“မင်းကို ငါက ထွက်သွားခွင့် ပေးလို့လား”

ချီယွီရှန်း၏ နောက်ကွယ်၌ ကြီးမားလှသော ရေခဲနန်းတော်ကြီးတစ်ခု ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော လိပ်ပြာများက ထိုနန်းတော်နှင့်အတူ ပျံသန်းထွက်ပေါ်လာကြသည်။

ကြည်လင်သော မိုးကောင်းကင်ယံမှ နှင်းပွင့်လေးတစ်ပွင့် ကျဆင်းလာခဲ့တော့၏။

လင်းစုသည် ပတ်ဝန်းကျင်၏ အပူချိန်မှာ အဆက်မပြတ် ကျဆင်းနေသည်ကို ခံစားလိုက်ရပြီး သူ၏ ခြေထောက်များကို လှုပ်ရှား၍ မရတော့ပေ။ သူ၏ အရှိန်မှာလည်း အလွန်တရာ နှေးကွေးသွားခဲ့ရကာ သူ၏ အတွေးများပင်လျှင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

“စုန်းမကြီး... လမ်းဖယ်စမ်း”

လင်းကျွမ်းမှာ ချီသွေးများ ပြည့်လျှံနေပြီး နွားသိုးတစ်ကောင်နှယ် သန်မာလှသည်။ သူသည် မြေပြင်ကို ပြင်းထန်စွာ နင်းခြေလိုက်ရင်း ရှည်လျားသော ဦးချိုများရှိသည့် နွားရိုင်းကြီးတစ်ကောင်အသွင်ဖြင့် ကောင်းကင်ဖြစ်စဉ်ကို ထုတ်ဖော်လိုက်တော့၏။

သူ့ထံမှ ထွက်ပေါ်နေသော ကောင်းကင်ဖြစ်စဉ် စွမ်းအားများနှင့်အတူ ပြင်းထန်လှသော လက်သီးချက်များကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ပူပြင်းလှသော ချီသွေးစွမ်းအင်များက လေနှင့် နှင်းများကို ရိုက်ခတ်မိရာ တရှီးရှီး မြည်သံများနှင့်အတူ မြူခိုးများကို ဖြစ်ပေါ်စေခဲ့ပြီး လောကတစ်ခုလုံးမှာ ဖြူလွလွ ကမ္ဘာကြီးအလား ဖြစ်သွားရတော့၏။

“ငါ့ရှေ့က ဖယ်စမ်း”

လင်းကျွမ်းသည် မြူခိုးများအတွင်းသို့ တိုးဝင်ကာ ချီယွီရှန်းထံသို့ တည့်မတ်စွာ ဦးတည်သွားသည်။ သူ၏ ပြင်းထန်လှသော ချီသွေးစွမ်းအားများက သူမအား အသေအချာ ပစ်မှတ်ထား ထား၏။ ချီယွီရှန်းမှာ ဒဏ်ရာရထားသဖြင့် ထိုအန္တရာယ်မှ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။

“အသက်ချိတ်ပိတ်ကူ”

အမည်းရောင် ပိုးတောင်မာလေး တစ်ကောင်က သူမ၏ နှလုံးသားအတွင်းသို့ လျင်မြန်စွာ တိုးဝင်သွားသည်။

“ဒုန်း...”

လင်းကျွမ်း၏ လက်သီးချက်က ပြင်းထန်စွာ ကျရောက်လာခဲ့တော့၏။ နွားရိုင်းကြီး၏ ဦးတိုက်မှုက ချီယွီရှန်း၏ ခန္ဓာကိုယ်အား ကြေမွသွားစေလုနီးပါး ဖြစ်စေခဲ့သော်လည်း ထိုသို့ ကြေမွသွားမည့် အခိုက်အတန့်၌ ထူးဆန်းသော စွမ်းအားတစ်ခုက သူမအား ထိန်းထားပေးသည်။

ဤသည်မှာ သေခါနီးအချိန်တွင် အသက်အစားထိုးပေးနိုင်သော ‘အသက်ချိတ်ပိတ်ကူ’ ပင် ဖြစ်တော့၏။

“ဟင်”

လင်းကျွမ်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားရတော့၏။

သူ၏ လက်သီးမှာ တစ်နေရာ၌ ကပ်ညှိနေသကဲ့သို့ ဖြစ်သွားရုံသာမက ဆီးနှင်းများကလည်း သူ၏ လက်မောင်းတစ်လျှောက် လျင်မြန်စွာ ဖွဲ့တည်လာခဲ့တော့၏။ သူ၏ ကောင်းကင်ဖြစ်စဉ် ခန္ဓာကိုယ်ပင်လျှင် ကူအိမ်ကောင်းကင်ဖြစ်စဉ်၏ ဖိနှိပ်မှုကို ခံနေရသည်။

“ကူသခင် တစ်ယောက်ရဲ့ နည်းလမ်းတွေ အားလုံးကို မသိဘဲနဲ့ အဆင်အခြင်မဲ့ မလှုပ်ရှားဖို့ လင်းယွဲ့က မင်းကို မပြောခဲ့ဘူးလား”

ချီယွီရှန်းက သွေးများကို အန်ထုတ်ရင်း ဆိုလိုက်သည်။ သူမ၏ အသံမှာ တိုးညင်းလေးလံနေပြီး ငရဲပြည်မှ ပဲ့တင်သံတစ်ခုနှယ်ပင်။ မရေမတွက်နိုင်သော နှင်းလိပ်ပြာများက ပျံသန်းလာကြပြီး သူတို့နှစ်ဦးအား ဝန်းရံလျက် ဖြူလွလွ အမှုန်အမွှားများကို အမြောက်အမြား ဖြန့်ကျဲနေကြတော့၏။

“မင်း...”

လင်းကျွမ်း၏ ချီသွေးစွမ်းအင်များမှာ တဖြည်းဖြည်း ခန်းခြောက်လာသည်။ သူသည် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို အသုံးချ၍ ထိုလေနှင့် နှင်းများကို ခုခံရန် အစွမ်းကုန် ကြိုးစားနေရတော့၏။

“ဝိညာဉ်တုန်ခါ ပုစဉ်းရင်ကွဲ”

ချီယွီရှန်းသည် အခြားသော ကူကောင်တစ်မျိုးကို ထပ်မံ၍ ဆင့်ခေါ်လိုက်ပြန်သည်။ အတောင်ပံ (၁၂) စုံ ရှိသော ပုစဉ်းရင်ကွဲလေးမှာ ရူးသွပ်ဖွယ် အမြန်နှုန်းဖြင့် တုန်ခါနေခဲ့ရာ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သည်။ ထိုသို့ အသေခံ တုန်ခါမှုကြောင့် ၎င်း၏ အတောင်ပံများမှာလည်း လျင်မြန်စွာ ကျွတ်ထွက်နေခဲ့တော့၏။

သို့သော်လည်း အကျိုးသက်ရောက်မှုမှာကား အံ့မခန်းလှသည်။

နားကွဲလုမတတ် အသံလှိုင်းများကြောင့် လင်းကျွမ်းမှာ ကမောက်ကမ ဖြစ်သွားရတော့၏။ တစ်ခဏမျှသာ ဖြစ်သော်ငြားလည်း ဆီးနှင်းများက သူ၏ ခြေလက်များကို အေးခဲသွားစေခဲ့ပြီး အရှိန်အဟုန်အပြင်းဆုံး ခုန်လှုပ်နေသော သူ၏ နှလုံးသားဆီသို့ ဦးတည်သွားတော့၏။

“စုန်းမကြီး”

လင်းကျွမ်း၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းနေခဲ့တော့၏။ ဒဏ်ရာပြင်းထန်လှသော အဘွားအို တစ်ဦးထံတွင် ဤမျှအထိ စွမ်းရည်များ ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

“မင်း အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး.. မင်း ငါ့ကို မသတ်နိုင်ဘူး”

“မအော်ပါနဲ့... မင်းရဲ့ မျောက်ကလေးကိုပဲ ပြန်လာကယ်ခိုင်းလိုက်စမ်းပါ”

ချီယွီရှန်း၏ လက်မောင်းမှာ ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေခဲ့တော့၏။ ထိုအခိုက်အတန့်၌ သူမ၏ ဆံပင်များမှာလည်း ပြန်လည် မည်းနက်လာခဲ့ပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။

သူမသည် အလွန်တရာ လှပပြီး အေးစက်တည်ငြိမ်သော အမျိုးသမီးငယ်လေး တစ်ဦးအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့လေပြီ။ တောက်လောင်နေသော ခရမ်းရောင် မီးလျှံများပင်လျှင် ပျောက်ကွယ်သွားခဲ့ရပြီး သူမ၏ သွယ်လျလှသော လက်ချောင်းများမှာ လင်းကျွမ်း၏ နှလုံးသားဆီသို့ ဖြည်းညင်းစွာ ထိုးဖောက်ဝင်ရောက်ရန် ပြင်လိုက်တော့၏။

“ငါလည်း အကြာကြီး မတောင့်ခံနိုင်တော့ဘူး”

ချီယွီရှန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

“အဲဒီမျောက်ကို မင်း ပြန်ခေါ်နိုင်သရွေ့တော့ မင်း အသက်ရှင်ခွင့် ရှိဦးမှာပါ.. အကယ်၍ သူ ပြန်မလာဘူးဆိုရင်တော့ ငါတို့တွေ ငရဲပြည်ကို အတူတူ သွားကြတာပေါ့”

အလွန်အမင်း အေးစက်လှသော ဒဏ်ကြောင့် လင်းကျွမ်း၏ စဉ်းစားဆင်ခြင်ဉာဏ်မှာ ထုံထိုင်းနေခဲ့တော့၏။ တစ်ပြိုင်နက်တည်းမှာပင် ၎င်းက သူ၏ ရင်ထဲရှိ ကြောက်ရွံ့မှုများကိုလည်း အဆမတန် ကြီးထွားလာစေခဲ့သည်။

“မျောက်ကလေး... ငါ့ကို ကယ်ပါဦး”

ကြောက်ရွံ့မှုက အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ လင်းကျွမ်းမှာ မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်တော့၏။ မရေမတွက်နိုင်သော နှင်းလိပ်ပြာများက အတောင်ပံခတ်ကာ ထိုအသံအား အဝေးတစ်နေရာအထိ ပဲ့တင်ထပ်သွားစေခဲ့လေ၏။

ရှောင်ချင်အာနောက်သို့ လိုက်နေသော လင်းစုသည် ထိုအသံကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ရပ်တန့်သွားရတော့၏။

“တောက်”

သူသည် အံကြိတ်လိုက်ရင်း ထွက်ပြေးနေသော ရှောင်ချင်အာကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် အဝေးမှ မြင့်တက်နေသော အဖြူရောင် မြူခိုးများကို ကြည့်လိုက်ရင်း နောက်သို့ ချက်ချင်း ပြန်လှည့်လာခဲ့တော့၏။

သူ့အတွက်တော့ တာဝန်ထက် ညီအစ်ကို၏ အသက်က ပို၍ အရေးကြီးသည် မဟုတ်ပါလော။

“ဝှီး... ဝှီး... ဝှီး...”

လင်းစုသည် မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် ပြန်ရောက်လာခဲ့ပြီး လှိုင်းထနေသော အဖြူရောင် မြူခိုးများအတွင်းသို့ တိုးဝင်သွားသည်။ အမျိုးသမီးငယ်လေး တစ်ဦးက လင်းကျွမ်း၏ ရင်ဘတ်ကို လက်ချောင်းများဖြင့် ထိကပ်ကာ ဖြည်းညင်းစွာ ထိုးဖောက်နေသည်ကို သူ မြင်တွေ့လိုက်ရလေ၏။

“စုန်းမကြီး”

လင်းစုက ဟိန်းဟောက်လိုက်ရင်း ရှေ့သို့ ခုန်ဝင်ကာ ချီယွီရှန်းကို ကန်ထုတ်ပစ်လိုက်သည်။

“မဟုတ်ဘူး...”

ထိတွေ့မိလိုက်သည့် အခိုက်အတန့်၌ ချီယွီရှန်းမှာ စွမ်းအားများ ကုန်ခမ်းနေခဲ့ပြီဖြစ်သလို သေဆုံးနေခဲ့သည်မှာလည်း အတော်ကြာခဲ့ပြီဖြစ်ကြောင်း သူ သတိပြုမိသွားသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းမှလည်း ကူကောင် အမြောက်အမြားမှာ တရွရွ တွားသွားထွက်ပေါ်လာနေခဲ့တော့၏။

“ဒါက...”

“အလောင်းထိန်းကူကောင်”

နှစ်တစ်ထောင် နှင်းလိပ်ပြာမှာလည်း ပူပေါင်းတစ်ခုနှယ် ပေါက်ကွဲသွားခဲ့ပြီး နေရောင်အောက်တွင် ပျောက်ကွယ်လျက် လေနှင့်အတူ လွင့်ပါးသွားခဲ့ရလေပြီ။ အေးခဲနေသော ဖြစ်စဉ်မှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။

“ဒုတိယအစ်ကို... ငါတို့ လှည့်စားခံလိုက်ရပြီ”

လင်းစုက အံကြိတ်ကာ ဆိုလိုက်သည်။

“တောက်”

လင်းကျွမ်း၏ မျက်နှာမှာ သေလူတစ်ဦးနှယ် ဖြူဖတ်ဖြူရော် ဖြစ်သွားရတော့၏။ သူသည် ကြောက်ရွံ့မှုများကြောင့် စိတ်အာရုံများ ထွေပြားနေခဲ့သဖြင့် အသေးစိတ်အချက်အလက်များကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။

ချီယွီရှန်းသည် သူ့အား ခြိမ်းခြောက်စကား ဆိုခဲ့စဉ်ကတည်းက သေဆုံးနေခဲ့ခြင်း ဖြစ်ရမည်။

ကျန်ရှိနေသမျှ အရာအားလုံးမှာ လင်းစုအား ပြန်လာစေရန်အတွက် ကြံစည်ခဲ့သော စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးတစ်ခုသာ ဖြစ်သည်။

“ဆရာ”

သူတို့နှစ်ဦးမှာ အံ့ဩနေစဉ်မှာပင် အဝေးမှ ခေါ်သံတစ်ခု ထွက်ပေါ်လာပြီး မိန်းကလေး တစ်ဦးသည် သူတို့ဆီသို့ ယိမ်းယိုင်လျက် ပြေးလာနေ၏။

“ဟင်”

လင်းကျွမ်းနှင့် လင်းစုတို့မှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ဒီကောင်မလေး ရူးသွားတာလား။

လင်းကျွမ်းမှာ မှင်သက်သွားရတော့၏။ သူမက တကယ်ပဲ အသေခံဖို့ ပြန်လာတာလား။

“လူငယ်တွေဆိုတာ ဒီလိုပါပဲ.. သွေးပူလာရင် ဘာကိုမှ ဂရုမစိုက်တော့တာမျိုးပေါ့” လင်းစုက ရယ်လိုက်သည်။

“ဒါလည်း ဟုတ်တာပဲ”

လင်းကျွမ်းသည် သူ၏ လက်ဖဝါးချင်း ပွတ်သပ်လိုက်ရင်း မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ကာ ဆိုလိုက်သည်။

“ဒီစုန်းမကြီးက အစီအစဉ်တွေ အများကြီး ဆွဲခဲ့ပေမယ့်... သူမရဲ့ တပည့်မလေးကတော့ နောင်တမရနိုင်ဘဲ အသေခံဖို့ ပြန်လာလိမ့်မယ်လို့တော့ ထင်ထားမှာ မဟုတ်ဘူး..ဟားဟားဟား”

“ငါပဲ လုပ်လိုက်ပါ့မယ်”

လင်းစုသည် ပုံရိပ်တစ်ခုနှယ် လျှပ်တစ်ပြက် လှုပ်ရှားလိုက်ပြီး ပြေးဝင်လာသော မိန်းကလေး၏ ရှေ့သို့ ရောက်ရှိသွားသည်။

သို့သော်လည်း သူ၏ လက်မှာ လေထဲတွင် ရပ်တန့်သွားခဲ့ရပြီး သူ၏ မျက်လုံးများမှာလည်း အံ့ဩတကြီး ပြူးကျယ်သွားခဲ့တော့၏။ လင်းစုသည် သူ၏ လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတော့၏။

“အဆိပ်... အဆိပ်”

လင်းကျွမ်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားရသည်။

သူသည် အကူအညီပေးရန် အပြေးအလွှား သွားမည် ပြင်လိုက်စဉ်မှာပင် ရင်ဘတ်အတွင်းမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေ၏။ လင်းကျွမ်း မသိလိုက်သည့် အချိန်၌ သူ၏ ရင်ဘတ်တွင် ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်နေခဲ့ပြီး အမည်းရောင် ကူကောင် အမြောက်အမြားမှာလည်း တရွရွ တိုးထွက်လာနေခဲ့တော့၏။

ရှေ့မှ မိန်းကလေးကို ထပ်မံ ကြည့်လိုက်သောအခါတွင်မူ သူမ၏ ရုပ်သွင်မှာ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

သူမသည် မျက်နှာမရှိသော လူတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့လေပြီ။

“မင်းက... ဘယ်သူလဲ”

လင်းကျွမ်း၏ မျက်လုံးများမှာ ပြူးကျယ်လျက် ရှိတော့၏။

“ဆဋ္ဌမနန်းတော်သခင် မျက်နှာတစ်ထောင်ကူ ယန်ဝူရုန်”

“မင်း မှန်တာပေါ့”

မည်သည့် အင်္ဂါရပ်မျှ မရှိသော မျက်နှာပေါ်တွင် ပုံပျက်နေသော ပါးစပ်တစ်ခု ပေါ်ထွက်လာသည်။

“ဒါဆိုရင်တော့... မင်းတို့ရဲ့ နှလုံးသားကို ကူကောင်ပေါင်း သောင်းနဲ့ချီပြီး ဝါးမြိုတာကို ခံရင်း သေဆုံးရမယ်ဆိုတဲ့ ဆုလာဘ်ကို ငါ ပေးလိုက်ပါ့မယ်”

မရေမတွက်နိုင်သော ကူကောင်များမှာ တရွရွ တိုးထွက်လာကြပြီး လင်းညီအစ်ကို နှစ်ဦးဖြစ်သော လင်းကျွမ်းနှင့် လင်းစုတို့ကို ခဏချင်းအတွင်းမှာပင် ဖုံးလွှမ်းသွားတော့၏။

ဆဋ္ဌမနန်းတော်သခင် ယန်ဝူရုန်သည် ချီယွီရှန်း၏ ရုပ်အလောင်းနားသို့ လျှောက်လှမ်းလာပြီး သူမအား ပွေ့ချီလိုက်ရင်း ဆိုလိုက်သည်။

“နဝမမြောက် အဒေါ်... အသက်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒီနည်းလမ်း တစ်ခုတည်းနဲ့ပဲ ကျွန်မ အဒေါ့်အတွက် ကလျဲ့စားချေပေးနိုင်မှာမို့လို့ပါ”

“နောင်ဘဝမှာ ငြိမ်းချမ်းစွာ အနားယူပါတော့”

အမှတ် (၁၂) ဂူစံအိမ် ဝါးတောလေးအတွင်း.. အချိန်စီးဆင်းအလင်းဖလံ၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းကို လေ့လာနေသော လီယွမ်သည် ရှောင်ချင်အာ တစ်ယောက် သူ၏ နယ်မြေအတွင်းသို့ ယိမ်းယိုင်လျက် ဝင်ရောက်လာသည်ကို အာရုံခံမိလိုက်သည်။

‘မင်းသမီးလား... ဒီလောက်တောင် အခြေအနေ ဆိုးနေရတာလား’

All Chapters