သူသည် နေမင်းကြီးသာ ဖြစ်၏.. လမင်း မဟုတ်ပေ
Vol. 9 Ch. 114
မကြာသေးမီကပင် ချန်းလန်ဘုရင် ကွယ်လွန်သွားသည် မဟုတ်ပါလော။
လီယွမ်နှင့် ဝမ်ကျောက်ကျောက်တို့မှာ လက်ရှိ အခြေအနေများကို အသေအချာ ခွဲခြမ်းစိတ်ဖြာလျက် အဆိုးဆုံးသော အခြေအနေများအတွက်ပါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြသည်။
ယခုအခါ အမှတ် (၁၂) ဂူစံအိမ်တစ်ခုလုံးမှာ အသင့်အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။
‘ရှောင်ချင်အာ ရှုံးနိမ့်သွားပြီပဲ.. နဝမနန်းတော်သခင်မတောင် သူမရဲ့ ဘေးမှာ မရှိတော့ဘူး ဆိုရင် ကျိုးကျင်း မြို့တော်ကတော့ ရန်သူ့လက်ထဲ ကျသွားပြီဆိုတာ သေချာနေပြီ’
လီယွမ်က တွေးတောနေမိသည်။
‘ညဇီးကွက်ဘုရင် အနေနဲ့ တောင်ပိုင်းနယ်စပ်ကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ပြီး ယူဘုရင်ကို နှိမ်နင်းချင်တယ်ဆိုရင် အခုအချိန်က အသင့်တော်ဆုံးပဲ’
‘ဒါပေမဲ့...’
‘သူ့ရဲ့ လုပ်ရပ်တွေက နည်းနည်းတော့ လွန်မနေဘူးလား။ နောင်တစ်ချိန်မှာ တောင်ပိုင်းနယ်စပ်ကို စောင့်ရှောက်ဖို့အတွက် ချန်းလန်နယ်မြေကိုပဲ အားကိုးရဦးမှာကို ဘာလို့ ဒီလောက်အထိ အစွန်းရောက်အောင် လုပ်ရတာလဲ’
လီယွမ် တွေးမိသမျှ တစ်ခုတည်းသော ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။
၎င်းမှာ ညဇီးကွက်ဘုရင်တွင် အခြားသော ရည်ရွယ်ချက်တစ်ခု ရှိနေခြင်းပင် ဖြစ်တော့၏။
နတ်ဆိုးများကို အသုံးချပြီး မြို့စားဘုရင်များနှင့် သူကောင်းမျိုးနွယ်စုများကို အင်အားချည့်နဲ့အောင် လုပ်ဆောင်ရုံတင်မကဘဲ သူသည် အခြားသော ခြိမ်းခြောက်မှု ရှိနိုင်သည့် အင်အားစုများကိုပါ တစ်ခါတည်း ရှင်းထုတ်လိုနေခြင်း ဖြစ်ပေလိမ့်မည်။ ထိုဘေးဒဏ်ကို ပထမဆုံး ခံရမည့်သူမှာကား နဝမကူနန်းတော်ကြီးပင် ဖြစ်ချေတော့သည်။
‘တကယ့်ကို ကြီးမားတဲ့ ရည်မှန်းချက်ပဲ.. တောင်တန်းတွေရဲ့ အနက်ရှိုင်းဆုံး နေရာမှာ နှစ်ပေါင်း သုံးထောင်ကျော် သမိုင်းကြောင်းနဲ့ အမြစ်တွယ်နေတဲ့ ရှေးဟောင်းအင်အားစုကြီးကိုတောင် သူက ဖိနှိပ်ပြီး ထိန်းချုပ်ချင်နေတာလား’
‘ဒါဟာ တာ့ယန်အင်ပါယာရဲ့ အာဏာကို ဗဟိုချက်ဆီမှာ မကြုံစဖူး အဆင့်အထိ စုစည်းဖို့ ကြိုးစားနေတာပဲ’
ထိုသို့ တွေးမိသည်နှင့် လီယွမ်သည် ဆန်းကြယ်ပုံရိပ်ကူကောင်၏ စွမ်းရည်များကို အသက်သွင်းလိုက်ပြီး ဝါးတောလေးအတွင်းမှ တိတ်တဆိတ် ပျံသန်းထွက်ခွာလာခဲ့သည်။ သူသည် အပြင်ဘက် ကာကွယ်ရေး စည်းဆီသို့ ဦးတည်လိုက်တော့၏။
တော်ဝင်အာဏာကို ဗဟိုချက်ဆီသို့ စုစည်းခြင်းမှာ လီယွမ်အတွက်တော့ ကောင်းမွန်သော ကိစ္စတစ်ခုပင်။ သို့သော်ငြားလည်း ထိုအလုပ်ကို ညဇီးကွက်ဘုရင် လုပ်ဆောင်နေခြင်းကိုတော့ သူ မလိုလားပေ။ တစ်ဖက်လူ၏ ရပ်တည်ချက်မှာ မည်သို့ရှိသည်ကို မည်သူမျှ မသိနိုင်သဖြင့် လီယွမ်အနေဖြင့် သူ၏ မျှော်လင့်ချက်များကို သူတစ်ပါးအပေါ်တွင် ပုံအပ်မထားလိုချေ။
ရည်မှန်းချက် အလွန်ကြီးမားလှသော ညဇီးကွက်ဘုရင် ဆိုလျှင်မူ ပို၍ပင် မယုံကြည်ဝံ့တော့ပေ။
အမှတ် (၁၂) ဂူစံအိမ်၏ အပြင်ဘက်၌မူ..
ရှောင်ချင်အာသည် နောက်ဆုံးတွင်တော့ ‘လှုပ်ရှားကူကောင်’ ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့တော့၏။ သူမ၏ ခန္ဓာကိုယ်မှာ အင်အားကုန်ခမ်းနေပြီဖြစ်ရာ ယိမ်းယိုင်လျက် မြေပြင်ပေါ်သို့ လဲကျသွားရှာတော့၏။
“ဆရာမ...”
သူမသည် မြေပြင်ပေါ်တွင် ထိုင်လျက် မျက်ရည်များ အတားအဆီးမဲ့ စီးကျကာ ငိုကြွေးနေမိသည်။ သူမ၏ စိတ်နှလုံးမှာလည်း လမ်းပျောက်နေသည့်အလား တွေဝေငေးမောမှုများဖြင့်သာ ပြည့်နှက်နေတော့၏။
တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် ဖခင်နှင့် ဆရာမတို့မှာ တစ်ဦးပြီးတစ်ဦး ကျဆုံးခဲ့ကြရသလို ကျိုးကျင်း မြို့တော်ကြီးမှာလည်း ပျက်သုဉ်းသွားခဲ့ရတော့၏။ ငယ်စဉ်ကတည်းက မည်သည့် အခက်အခဲမှ မကြုံတွေ့ခဲ့ဖူးသော ချန်းလန်မင်းသမီးလေးအတွက်မူ ဤသည်မှာ ပြင်းထန်လှသော ရိုက်ခတ်မှုကြီးတစ်ခုပင် ဖြစ်တော့သတည်း။
ထိုစဉ် မလှမ်းမကမ်းမှ ပုံရိပ်တစ်ခုသည် သူမဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။
စိတ်ဓာတ်ကျဆင်းနေသော ရှောင်ချင်အာသည် သူမ၏ ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်လေ၏။
“စီနီယာအစ်ကို လီ... လီယွမ်လား”
“ထပါ... ဒီနေရာမှာဆိုရင် မင်း ဘေးကင်းသွားပါပြီ”
လီယွမ်က လက်လှမ်းကာ ရှောင်ချင်အာအား တွဲထူပေးလိုက်သည်။
“ကျွန်မရဲ့ ခမည်းတော်ရော... ဆရာမရော... နှစ်ယောက်စလုံး... နှစ်ယောက်စလုံး ကျဆုံးသွားကြပြီ.. ကျိုးကျင်း မြို့တော်လည်း အသိမ်းခံလိုက်ရပြီ.. ကျွန်မ ဘာမှ မတတ်နိုင်ခဲ့ဘူး”
ရှောင်ချင်အာသည် ဤကဲ့သို့သော အားကိုးရာမဲ့သည့် ခံစားချက်မျိုးကို အလွန်ပင် မုန်းတီးလှသည်။
“စိတ်မကောင်းပါဘူး ချင်အာ”
လီယွမ်က သူမအား နှစ်သိမ့်လိုက်သည်။
“အရင်ဆုံး အေးအေးဆေးဆေး အနားယူလိုက်ပါဦး.. နဝမကူနန်းတော်ရဲ့ အတွင်းစည်းက လူတွေ ရောက်လာရင်တော့ အဖြေတစ်ခု ထွက်လာမှာပါ”
နဝမနန်းတော်သခင်မ ကွယ်လွန်သွားခြင်းမှာ နဝမကူနန်းတော်ကြီးအတွက် အလွန်ပင် ကြီးမားလှသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်ရာ သေချာပေါက် ဂယက်ထသွားပေလိမ့်မည်။
တောင်ပိုင်းနယ်စပ် သိုင်းလောက၏ ပြိုင်ဘက်ကင်း အရှင်သခင်ဖြစ်သော နဝမကူနန်းတော်ကြီး အနေဖြင့်လည်း လှုပ်ရှားမှု တစ်စုံတစ်ရာ ပြုလုပ်လာရန် ရှိနေတော့၏။ ဖြစ်နိုင်သည်မှာ နံပါတ် (၁) နန်းတော်သခင်ကိုယ်တိုင် ထွက်လာပြီး ညဇီးကွက်ဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင် စကားပြောဆိုရပေလိမ့်မည်။
“သွားကြစို့”
လီယွမ်က .. လှည့်ကာ တောင်တန်းများအတွင်းသို့ လျှောက်လှမ်းသွားတော့၏။
“အင်း”
ရှောင်ချင်အာသည် သူ၏ နောက်မှနေ၍ ကြေကွဲစွာဖြင့် လိုက်ပါလာခဲ့လေ၏။
“တောင်ပိုင်းနယ်စပ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကို မင်း နောင်တရနေပြီလား”
လမ်းလျှောက်နေရင်းမှ လီယွမ်က မေးမြန်းလိုက်သည်။
“နောင်တ မရပါဘူး”
ရှောင်ချင်အာက ခေါင်းခါယမ်းလိုက်သည်။
“ကျွန်မရဲ့ အစွမ်းတွေကို ပိုပြီး မြန်မြန် မတိုးတက်အောင် မလုပ်နိုင်ခဲ့လို့... ဒီလို ဇာတ်ကွက်ကြီးမှာ ဘာမှ မတတ်နိုင်ခဲ့တာကိုပဲ နောင်တရမိတာပါ”
“အခုက မင်းရဲ့ အချိန် မဟုတ်သေးလို့ပါ..ဒါပေမဲ့ မင်းရဲ့ တိုးတက်မှုနှုန်းနဲ့ဆိုရင်တော့ အဲဒီအချိန်က မကြာခင် ရောက်လာတော့မှာပါ.. ချင်အာ... မင်း လိုချင်သမျှ အရာရာတိုင်းက တကယ် ဖြစ်လာမှာပါ”
လီယွမ်က သူမအား ထပ်မံ၍ အားပေးလိုက်၏။
ရှောင်ချင်အာတွင် ကြီးမားလှသော အလားအလာများ ရှိနေသည် မဟုတ်ပါလော။ သူမသာ ဘေးကင်းစွာဖြင့် ကြီးပြင်းလာနိုင်မည်ဆိုပါက နောင်တစ်ချိန်တွင် နဝမကူနန်းတော်ကြီး၏ အမာခံပုဂ္ဂိုလ် သို့မဟုတ် ခေါင်းဆောင်တစ်ဦးပင် ဖြစ်လာနိုင်ချေ ရှိနေ၏။
“ဟုတ်ရဲ့လားဟင်”
လီယွမ်၏ နောက်မှ လိုက်ပါလာရင်း ရှောင်ချင်အာ၏ စိတ်အာရုံတို့မှာ ငေးမောနေမိရှာတော့၏။
၎င်းမှာ သူမ၏ ကလေးဘဝ အချိန်ကာလများကို ပြန်လည် အမှတ်ရစေသည်။ တောင်တန်းများကြားတွင် သူမ နေထိုင်ခဲ့ရသော နှစ်များ ကူလမ်းစဉ်နှင့် ပထမဆုံး စတင် ထိတွေ့ခဲ့ရသော နေ့ရက်များတွင်လည်း သူမသည် စီနီယာအစ်ကို လီယွမ်၏ နောက်မှ ယခုကဲ့သို့ပင် တကောက်ကောက် လိုက်ခဲ့ဖူးသည် မဟုတ်ပါလော။
သူ၏ မြင့်မားထည်ဝါလှသော ကိုယ်မှာ လေဒဏ်မိုးဒဏ်မှ အကာအကွယ်ပေးထားသော တောင်ကြီးတစ်လုံးနှယ် သူမအား လုံခြုံမှုများ ပေးစွမ်းနိုင်ခဲ့သည်။
၎င်းမှာ မြူခိုးများနှင့် တိမ်တိုက်များ ဖုံးလွှမ်းနေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေပြီး လူသားများ တောင့်တရသည့် နေရာတစ်ခုပင် ဖြစ်တော့၏။
စီနီယာအစ်ကို လီယွမ်သည် သူမ၏ ကလေးဘဝ မှတ်ဉာဏ်များထဲမှ ဖြူလွလွ လရောင်လေး တစ်ခုသာ ဖြစ်သည်ဟု သူမ၏ ဆရာမက အမြဲ ပြောလေ့ရှိခဲ့သည်။ မှတ်ဉာဏ်ထဲမှ လှပသော ပုံရိပ်ယောင်လေး ပျက်ပြယ်သွားချိန်တွင်မူ သူမတို့နှစ်ဦးမှာ လုံးဝ ကွဲပြားသော ကမ္ဘာများမှ လူသားများ ဖြစ်သွားကြမည်ဟု ဆိုခဲ့ဖူးသည်။
ယခုအခါ သူမသည် ဆဌမအဆင့် ကူသခင် (ပြီးပြည့်စုံသော အဆင့်) သို့ ရောက်ရှိနေပြီဖြစ်ရာ သတ္တမအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့တော့၏။
သို့သော်ငြားလည်း စီနီယာအစ်ကို လီယွမ်ကို မြင်တွေ့လိုက်ရသည့် အခါတိုင်းတွင်မူ...
တစ်ဖက်လူမှာ အမြဲတမ်းပင် လျှို့ဝှက်ဆန်းကြယ်လွန်းနေဆဲ ဖြစ်သည်။ သူသည် မြင့်မားလှသော တောင်ထိပ်ပေါ်တွင် ရပ်တည်နေသည့် နတ်ဘုရားတစ်ပါးနှယ် သူမ လက်လှမ်းမမီနိုင်လောက်အောင် အလွန်ပင် ဝေးကွာလွန်းနေခဲ့ပြန်လေပြီ။
ကူလမ်းစဉ်ပေါ်တွင်မူ လီယွမ်သည် သူမ ဘယ်သောအခါမှ ကျော်ဖြတ်နိုင်မည် မဟုတ်သော အဟန့်အတားကြီး တစ်ခုနှယ်ပင် ဖြစ်တော့၏။
‘ငါ့ရဲ့ ခေတ် ရောက်လာမယ် ဟုတ်လား’
ဒီနှစ်တွေအတွင်း လူအများအပြားက သူမအား ဤကဲ့သို့သော စကားမျိုး ပြောခဲ့ကြဖူးသည်။ တစ်ခါတစ်ရံတွင် သူမသည်လည်း ထိုစကားများကို ယုံကြည်မိကာ မိမိကိုယ်ကိုယ် ဂုဏ်ယူမိခဲ့ဖူးသည်။
သို့သော် လီယွမ်ကို မြင်တွေ့လိုက်ရသည်နှင့် သူမသည် လက်တွေ့ဘဝကို ချက်ချင်း ရင်ဆိုင်လိုက်ရပြီး အရေးနိမ့်မှု ခံစားချက်ကြီးကိုသာ ရရှိသွားခဲ့ရတော့၏။
အနာဂတ် ခေတ်ကာလသည် မည်သူ့အတွက် ဖြစ်လာမည်နည်း။
သူမ၏ ရင်ထဲတွင်မူ တစ်ဦးတည်းသော သူသာ ရှိသည်။ သူသည် သူမ၏ ကလေးဘဝ မှတ်ဉာဏ်ထဲမှ ဖြူလွလွ လရောင်လေး မဟုတ်ပေ။ သူမအား ရှေ့သို့ လမ်းပြပေးနေသည့် တောက်ပလှသော နေမင်းကြီးသာ ဖြစ်ချေတော့သတည်း။
အမှတ် (၁၂) ဂူစံအိမ် ဝါးတောလေးအတွင်းသို့ ပြန်လည်ရောက်ရှိချိန်...
“နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပေမယ့်လည်း ဒီဝါးတောလေးရဲ့ အလှတရားကတော့ အရင်အတိုင်းပဲနော်”
ရှောင်ချင်အာသည် ကူလမ်းစဉ်နှင့် ပထမဆုံး စတင်ထိတွေ့ခဲ့သော နေရာလေးသို့ ပြန်လည်ရောက်ရှိလာမှုကြောင့် သူမ၏ နာကျင်နေသော စိတ်နှလုံးသားမှာ ထူးခြားသော ကုစားမှု တစ်ခုကို ရရှိသွားခဲ့သည်။
...
သုံးရက်အကြာ။
နဝမကူနန်းတော်၏ အတွင်းစည်းမှ လူအုပ်စုကြီး တစ်စုသည် အမှတ် (၁၂) ဂူစံအိမ်သို့ ရောက်ရှိလာကြပြီး ပင်မတောင်ထိပ်ပေါ်တွင် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြ၏။
ဝမ်ကျောက်ကျောက်နှင့် လီယွမ်တို့သည်လည်း အမှတ် (၁၂) ဂူစံအိမ်၏ အမာခံ အဖွဲ့ဝင်များအနေဖြင့် ထိုအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။
အစည်းအဝေးကို ဦးဆောင်သူမှာကား တတိယနန်းတော်သခင် စန်းဝူယာ ပင် ဖြစ်တော့၏။ သူသည် တောင်ပိုင်းနယ်စပ်ရှိ အဓိကဂိုဏ်းကြီး တစ်ခုဖြစ်သော ဖုန်းရွှယ်ဓားဂိုဏ်း တစ်ခုလုံးကို တစ်ဦးတည်း ဦးဆောင်ကာ အမြစ်ပြတ် သုတ်သင်ပစ်ခဲ့သည့် ရက်စက်လှသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သည်။
၎င်းအပြင် သတ္တမနန်းတော်သခင် ရှီရွှမ်း၊ အဋ္ဌမနန်းတော်သခင် ဖုန်းရှနှင့် နဝမနန်းတော်မှ ဒုတိယနန်းတော်သခင် ချီယန်တို့လည်း တက်ရောက်ခဲ့ကြသည်။
ယွီဟန်ချွမ်း၊ နင်ဟုန်ယွီ နှင့် ဖေးလော့ချန် တို့မှာလည်း တက်ရောက်သူများ စာရင်းတွင် ပါဝင်နေခဲ့ကြ၏။
ဤသည်မှာ နဝမကူနန်းတော်ကြီး အနေဖြင့် ဤဖြစ်ရပ်အပေါ် မည်မျှအထိ အလေးထားကြောင်း ပြသနေခြင်းပင် ဖြစ်၏။ ညဇီးကွက်ဘုရင်၏ ဖိအားပေးမှုကြောင့် နှစ်ပေါင်း သုံးထောင်တိုင်တိုင် ငြိမ်သက်နေခဲ့သော ဤအင်အားစုကြီးမှာ နောက်ဆုံးတွင်တော့ အလေးအနက်ထား၍ ပြင်ဆင်လာခဲ့ကြတော့၏။
“ငါဟာ ဂိုဏ်းတော်ကြီးကို ကိုယ်စားပြုပြီး ကိစ္စရပ် (၂) ခုကို ကြေညာဖို့ ဒီကို ရောက်လာတာ ဖြစ်တယ်”
စန်းဝူယာသည် ဆံပင်နှင့် မုတ်ဆိတ်ဖြူဖြူများ တွန့်လိမ်နေသော မျက်နှာရှိသည့် အဘိုးကြီး တစ်ဦး ဖြစ်သော်လည်း သူ၏ မျက်လုံးများမှာမူ ပြင်းထန်သော စွမ်းအားများဖြင့် တောက်ပနေသဖြင့် လူသားများမှာ သူ့အား တည့်တည့်ပင် မကြည့်ရဲကြပေ။
သတင်းအချက်အလက် ပိုင်ဆိုင်မှုအရဆိုလျှင် သူသည် သတ္တမနန်းတော်သခင် ရှီရွှမ်းနှင့် အဋ္ဌမနန်းတော်သခင် ဖုန်းရှ တို့ထက် များစွာ သာလွန်လှသည်။
သို့သော်ငြားလည်း လီယွမ်မှာမူ သတ္တမနန်းတော်သခင်အပေါ်တွင်သာ ပိုမို စူးစမ်းချင်စိတ် ဖြစ်နေမိသည်။
မိမိ၏ ပင်မကူကောင်နှင့် လက်ထပ်ပွဲကျင်းပကာ ဆွေမျိုးမိတ်ဆွေများအားလုံးကို ဖိတ်ကြား၍ သက်သေအဖြစ် ထားရှိခဲ့သော ဤထူးဆန်းလှသော ပုဂ္ဂိုလ်ကြီးမှာ လီယွမ်၏ ရင်ထဲတွင် နက်ရှိုင်းသော စွဲထင်မှုကို ပေးစွမ်းနိုင်ခဲ့သည် မဟုတ်ပါလော။
၎င်းအပြင် ကူအင်မော်တယ် လျှို့ဝှက်နယ်မြေအတွင်း၌ ဓားနတ်သမီးအား ဖမ်းဆီးရန် ကြံစည်ခဲ့မှု၏ နောက်ကွယ်တွင် ရှိနေခဲ့သူမှာလည်း သတ္တမနန်းတော်သခင်ပင် ဖြစ်သည်။
ဤဖြစ်ရပ်များကြောင့်ပင် လီယွမ်သည် သတ္တမနန်းတော်၏ အုပ်စိုးသူအား အထူးတလည် အာရုံစိုက်နေမိခြင်း ဖြစ်ပါသည်။
“ပထမဆုံး ကိစ္စကတော့... နဝမနန်းတော်သခင်မ ချီယွီရှန်းဟာ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပြီ ဖြစ်တယ်.. ဒီလို အရေးကြီးတဲ့ အချိန်ကာလမှာ အခြေအနေတွေကို ထိန်းညှိနိုင်ဖို့အတွက် နဝမနန်းတော်သခင် အသစ်တစ်ယောက်ကို ငါတို့တွေ အမြန်ဆုံး ရွေးချယ်ရလိမ့်မယ်”
စန်းဝူယာက ကြေညာလိုက်သည်။
“ဂိုဏ်းတော်ရဲ့ ဥပဒေအရဆိုရင်တော့... နဝမနန်းတော်ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူမယ့် ကူသခင်ဟာ အနည်းဆုံးတော့ ‘သောင်းအဆင့် ကူအိမ်’တစ်ခုကို တည်ဆောက်နိုင်သူ ဖြစ်ရမယ်.. လက်ရှိအချိန်မှာတော့ နဝမနန်းတော်အတွင်းမှာ ဒီသတ်မှတ်ချက်နဲ့ ကိုက်ညီသူ တစ်ဦးတစ်ယောက်မျှ မရှိသေးဘူး”
သောင်းအဆင့် ကူအိမ်ကို တည်ဆောက်နိုင်သော ကူသခင်မှာ သိုင်းလမ်းစဉ်ရှိ မဟာသခင် တစ်ဦးနှင့် အစွမ်းချင်း တန်းတူညီမျှ ရှိသည်။ နယ်ပယ်အဆင့်အရဆိုလျှင် သာမန် အဋ္ဌမအဆင့်ထက် တစ်ဆင့် ပိုမို အစွမ်းထက်လှသည်။
လက်ရှိတွင် နဝမနန်းတော်၌ အဋ္ဌမအဆင့် ကူသခင် (၂) ဦး ရှိနေပြီး နှစ်ဦးစလုံးမှာ ‘ထောင်အဆင့် ကူအိမ်’ အဆင့်မှာသာ ရှိနေကြ၏။
ပထမဦးဆုံး ပုဂ္ဂိုလ်မှာကား ဒုတိယနန်းတော်သခင် ချီယန် ပင် ဖြစ်သည်။
ဒုတိယမြောက် ပုဂ္ဂိုလ်မှာမူ ‘စစ်မှန်သောချစ်ခြင်းကူကောင်’ ကို ပိုင်ဆိုင်ထားသည့် နင်ဟုန်ယွီ ပင် ဖြစ်၏။