အသက်ဆက်နှင်းရည်
Vol. 9 Ch. 115
ချီယန်သည် ဝါရင့်အဆင့် (၈) ကူသခင်ကြီး တစ်ဦးဖြစ်ပြီး အတွေ့အကြုံ ရင့်ကျက်သော်လည်း သူ၏ အလားအလာမှာမူ ကန့်သတ်ချက်များ ရှိနေ၏။ သူသည် ယခုဘဝတွင် သောင်းအဆင့် ကူအိမ် အဆင့်သို့ ရောက်ရှိနိုင်ရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။
တစ်ဖက်တွင်မူ နင်ဟုန်ယွီမှာ ငယ်ရွယ်နုပျိုပြီး ပါရမီထူးသူ ဖြစ်သည့်အလျောက် နောင်တစ်ချိန်တွင် သောင်းအဆင့် ကူအိမ် ပိုင်ရှင်တစ်ဦး ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
“ဒါဟာ မင်းတို့ နဝမနန်းတော်ရဲ့ အတွင်းရေး ကိစ္စပဲ.. တခြား နန်းတော်ရှစ်ခုက အကြီးအကဲတွေနဲ့ တပည့်တွေ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး”
တတိယနန်းတော်သခင် စန်းဝူယာက တည်ငြိမ်အေးဆေးစွာပင် ပြောကြားလိုက်သည်။
“ဘယ်သူက နန်းတော်သခင် ဖြစ်လာမလဲဆိုတာ မင်းတို့ နဝမနန်းတော်ကပဲ ကိုယ်တိုင် ဆုံးဖြတ်ကြပါ.. နောက် (၃) ရက်အတွင်းမှာ အဖြေတစ်ခု ထုတ်ပေးကြဖို့ ငါ မှာကြားချင်တယ်”
ထိုသို့ ပြောကြားပြီးနောက်တွင် သူသည် ဒုတိယမြောက် အချက်ကို ဆက်လက် ကြေညာလိုက်တော့၏။
“နောက်ထပ် တစ်ချက်ကတော့ အားလုံး သိထားကြတဲ့အတိုင်း အရေးကြီးဆုံး ကိစ္စပဲ ဖြစ်တယ်.. နှစ်ပေါင်း သုံးထောင်တိုင်တိုင် ငါတို့ရဲ့ နဝမကူနန်းတော်ဟာ လောကရေးရာတွေကို ကျောခိုင်းပြီး တောတောင်တွေကြားမှာ အေးအေးချမ်းချမ်း နေထိုင်လာခဲ့ကြတာပါ.. ကြီးမားတဲ့ အဖြစ်အပျက်တွေအတွက် ဖိတ်ကြားခံရတာမျိုးကလွဲရင် တောင်ပိုင်းနယ်စပ်ရဲ့ အပြင်ဘက်က အာဏာလုပွဲတွေမှာ ငါတို့ ဘယ်တုန်းကမှ ဝင်မပါခဲ့ဖူးဘူး”
“ဒါပေမဲ့လည်း... ငါတို့အပေါ် မကျေနပ်ချက်တွေ ရှိနေတဲ့သူတွေက အရာရာကို ထိန်းချုပ်ချင်နေကြတယ်.. သူတို့က ကူသခင် မျိုးဆက်တွေကို သူတို့ရဲ့ လက်ကိုင်တုတ် လက်နက်တွေအဖြစ် အသုံးချချင်နေကြတာပဲ”
စန်းဝူယာသည် သူ၏ ရင်ထဲရှိ မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။ နဝမကူနန်းတော်ကြီးသည် ဤမျှအထိ ဖိနှိပ်ချုပ်ချယ်မှုကို တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေကြသော်လည်း တတိယနန်းတော်သခင် ဆိုလိုသည့် ပုဂ္ဂိုလ်မှာ မည်သူဖြစ်ကြောင်းကိုမူ အားလုံးက ကောင်းစွာ သိထားကြသည်။ ဤလောကဝယ် ညဇီးကွက်ဘုရင်မှလွဲ၍ အခြားမည်သူက နဝမကူနန်းတော်ကြီးအား ဖိနှိပ်ရန် ဝံ့ရဲပါ့မည်နည်း။
“တတိယအစ်ကိုကြီး... ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာသာ ခိုင်းလိုက်ပါ”
အဋ္ဌမနန်းတော်သခင် ဖုန်းရှက ဒေါသတကြီးဖြင့် ဆိုလိုက်သည်။
“ဂိုဏ်းတော်ရဲ့ ဘိုးဘေးကြီးလည်း အခု အမှောင်ထဲကနေ ထွက်လာပြီ.. ညဇီးကွက်ဘုရင်သာ လှုပ်ရှားမှု တစ်စုံတစ်ရာ ပြုလုပ်လာမယ်ဆိုရင် သူကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင် စကားပြောပါလိမ့်မယ်”
စန်းဝူယာက လေးနက်သော အသံဖြင့် ဆိုလိုက်၏။
“ဒါပေမဲ့လည်း ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုကတော့ အရေးကြီးတယ်.. ငါတို့ရဲ့ အင်အားက ဘယ်လောက်ရှိတယ်ဆိုတာကို ပြသရမယ်.. နဝမကူနန်းတော်ဆိုတာ အလွယ်တကူ ကစားလို့ရတဲ့ အရာမဟုတ်မှန်း ညဇီးကွက်ဘုရင် သိသွားအောင် လုပ်ရမယ်”
“ကျွန်တော့်အမြင်အရဆိုရင်တော့... နတ်ဆိုးတွေကို သတ်ရုံတင် မကဘူး... အဲဒီ ငှက်စုတ်အစောင့်တွေကိုလည်း အမှတ်တမဲ့လိုလိုနဲ့ အစဖျောက်လိုက်ရမှာ”
စိတ်တိုတတ်သော ဖုန်းရှက မကျေမနပ်ဖြင့် ခနဲ့တဲ့တဲ့ ဆိုလိုက်သည်။
“တချို့ကိစ္စတွေက စကားနဲ့ ပြောစရာ မလိုဘဲ အားလုံး နားလည်ပြီးသားပါ.. တောင်ပိုင်းနယ်စပ် တစ်ခုလုံး ငြိမ်းချမ်းဖို့အတွက် ငါတို့ နဝမကူနန်းတော်က ဘယ်လောက်တောင် ပေးဆပ်ခဲ့ရသလဲ အဲဒီ ငှက်စုတ်ဘုရင်ကတော့ အခြေအနေတွေကို တကယ်ပဲ အစွန်းရောက်အောင် လုပ်နေတာပဲ”
“နယ်စပ်မြို့စားတွေကို အင်အားချည့်နဲ့အောင် လုပ်ပြီးတော့ အခု ငါတို့ နဝမကူနန်းတော်ကိုပါ ရိုက်ခတ်ချင်နေတာလား.. အလယ်ပိုင်းဒေသက လူတွေကတော့ တကယ့်ကို ကောက်ကျစ်လွန်းတာပဲ”
ဒေါသထွက်နေသော ဖုန်းရှမှာ နာမည်ကို တိုက်ရိုက်ခေါ်ပြီး ဆဲဆိုချင်နေပုံ ရသည်။
“အဋ္ဌမညီလေး... စကားကို ဆင်ခြင်ဦးလေ”
စန်းဝူယာက ခပ်ဖွဖွ ချောင်းဟန့်လိုက်ရင်း တားမြစ်လိုက်ရ၏။
“အခုက တစ်ဖက်နဲ့တစ်ဖက် လုံးဝ ကျောခိုင်းရမယ့် အချိန် မဟုတ်သေးဘူး.. အဲဒီလို အချိန်မျိုး ဘယ်တော့မှ ရောက်မလာပါစေနဲ့လို့ပဲ ငါ ဆုတောင်းပါတယ်.. အဓိကကတော့ ပထမဆုံး အချီမှာ ငါတို့ အနိုင်ရဖို့ပဲ.. အဲဒါဆိုရင်တော့ ဟိုလူလည်း နောက်ထပ် လှုပ်ရှားဖို့အတွက် အကြိမ်ကြိမ် စဉ်းစားရတော့မှာပေါ့.. မုန်တိုင်းကတော့ မကြာခင် လာတော့မှာပဲ”
အစည်းအဝေး ပြီးဆုံးသွားခဲ့တော့၏။
ကူသခင် အများစုမှာ လူစုခွဲသွားကြသော်လည်း နဝမနန်းတော်၏ ဒုတိယနန်းတော်သခင် ချီယန်နှင့် သူ၏ တပည့် (၅) ဦး၊ ပြီးလျှင် ယွီဟန်ချွမ်း၊ နင်ဟုန်ယွီ၊ ဖေးလော့ချန်နှင့် လီယွမ်တို့ ဆရာတပည့် တစ်စုသာ ကျန်ရစ်ခဲ့ကြတော့၏။
“ဂျူနီယာညီမလေး ဟုန်ယွီ...”
ချီယန်၏ တပည့်ကြီးက ရှေ့သို့ တိုးလာရင်း စကားစလိုက်သည်။
“မင်းက အဆင့် (၈) ကူသခင် နယ်ပယ်ထဲကို ရောက်တာ မကြာသေးဘူးလေ.. စီမံခန့်ခွဲမှု အတွေ့အကြုံတွေလည်း မရှိသေးတော့... ငါ့ရဲ့ ဆရာကပဲ နန်းတော်သခင် ရာထူးကို ယာယီ တာဝန်ယူတာက ပိုပြီး သင့်တော်မယ်လို့ ထင်တယ်”
“နင့်မှာ စကားပြောပိုင်ခွင့် မရှိဘူး”
နင်ဟုန်ယွီက မျက်ခုံးပင့်လိုက်ရင်း အေးစက်စွာ တုံ့ပြန်လိုက်သည်။
“စည်းကမ်းအတိုင်းပဲပေါ့.. အနိုင်ရတဲ့သူကပဲ ရာထူးကို ယူရမှာပဲ.. တိုက်ပွဲတစ်ခုနဲ့ပဲ အဆုံးအဖြတ် ပေးကြတာပေါ့.. ဦးလေးရော ဘယ်လို သဘောရလဲ ”
“ကောင်းပြီလေ”
ချီယန်က ခေါင်းညိတ်လိုက်၏။
သူတို့သည် အရင်က ဆက်ဆံရေး ကောင်းမွန်ခဲ့ကြသော်လည်း ဂုဏ်ဒြပ်နှင့် အာဏာကိစ္စ ရောက်လာချိန်တွင်မူ သဘာဝအတိုင်းပင် အားပြိုင်မှုများ ရှိလာခဲ့ကြလေပြီ။ မည်သူကမျှ လွယ်လွယ်နှင့် အလျော့ပေးရန် ဆန္ဒမရှိကြချေ။
“ဟုန်ယွီ...”
ယွီဟန်ချွမ်းက တစ်စုံတစ်ခု ဖျောင်းဖျရန် ပြင်လိုက်သော်လည်း နင်ဟုန်ယွီက ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။
“ရပါတယ် ဆရာ..ဘယ်သူပဲ နန်းတော်သခင် ဖြစ်လာဖြစ်လာ... ကျွန်မဖြစ်စေ ဦးလေးဖြစ်စေ ဒါက ယာယီပဲလေ.. နောင်တစ်ချိန်မှာတော့ ရှောင်ချင်အာကပဲ ဒီနေရာကို ဆက်ခံမှာပဲ မဟုတ်လား..အချင်းချင်း စိတ်ဝမ်းကွဲစရာ မရှိပါဘူး”
နင်ဟုန်ယွီသည် နန်းတော်သခင် ရာထူးကို လိုချင်နေခြင်းမှာ အဓိကအားဖြင့် ဆရာဖြစ်သူအတွက်ကြောင့်ပင်။ သူမသာ ထိုနေရာသို့ ရောက်ရှိသွားပါက အရင်းအမြစ်များကို ပိုမို ရရှိနိုင်မည်ဖြစ်ရာ ဆရာဖြစ်သူအား ကုသပေးနိုင်မည့် မျှော်လင့်ချက်လေး ရှိလာနိုင်သည် မဟုတ်ပါလော။
“ဂျူနီယာညီလေး ပြောတာ မှန်ပါတယ်.. ယွီဟန်ချွမ်း... မင်း စိတ်ပူမနေပါနဲ့.. ငါတို့က ရှုံးရင် ရှုံးတဲ့အတိုင်း လက်ခံနိုင်တဲ့ သူတွေပါပဲ”
ချီယန်က ရယ်ရင်း ဆိုလိုက်သည်။
“ဟိုတုန်းက ချန်းလန်နယ်စပ် ကမ်းခြေမှာ ဟုန်ယွီလေးကို မင်း ကောက်ရလာခဲ့တာကနေ သူမကို ပြုစုပျိုးထောင်ပြီး ကူသိုင်းပညာတွေ သင်ပေးခဲ့တာတွေကို ငါ ကိုယ်တိုင် ဘေးကနေ မြင်တွေ့ခဲ့ရတာပဲ.. အခုတော့ တောင်ပိုင်းနယ်စပ်ရဲ့ မျိုးဆက်သစ်တွေက ငါတို့ထက်တောင် သာလွန်ကုန်ကြပြီ.. ဟုန်ယွီ ဘယ်လောက်အထိ အစွမ်းထက်နေပြီလဲဆိုတာကို ငါ ကိုယ်တိုင်လည်း စမ်းသပ်ကြည့်ချင်ပါသေးတယ်”
နှစ်ဖက်စလုံးသည် မနက်ဖြန် မွန်းတည့်အချိန်တွင် ယှဉ်ပြိုင်ရန် သဘောတူညီလိုက်ကြတော့၏။ အနိုင်ရရှိသူသည် နဝမနန်းတော်၏ သခင်အသစ် ဖြစ်လာပေလိမ့်မည်။
လူအများ ထွက်ခွာသွားကြပြီးနောက် လီယွမ်သည် နင်ဟုန်ယွီ၏ အနားသို့ တိုးသွားကာ ဂုဏ်ပြုစကား ဆိုလိုက်၏။
“စီနီယာအစ်မကြီး... အဋ္ဌမအဆင့် နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ”
နင်ဟုန်ယွီက လီယွမ်အား အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြီးနောက် ပြုံးလျက် ပြန်ပြောလိုက်သည်။
“မင်းလည်း မညံ့ပါဘူး... သတ္တမအဆင့် ကျင့်ကြံခြင်း နယ်ပယ်ကိုတောင် ရောက်နေပြီပဲ.. ဒါနဲ့...
မင်းရဲ့ လက်ထပ်ပွဲ ကိစ္စကော ဘယ်လိုရှိလဲ ထပ်ပြီး အချိန်ဆွဲနေဦးမယ်ဆိုရင်တော့ မင်းရဲ့ စီနီယာအစ်မက အိုစာသွားပြီးတော့ မင်းအတွက် ကျန်းမာသန်စွမ်းတဲ့ သားရတနာလေး မမွေးပေးနိုင်ဘဲ နေလိမ့်မယ်နော်”
“အဲ... ကျွန်တော့်မှာ အဲဒီလို အတွေးမျိုး မရှိသေးပါဘူး.. နောက်မှပဲ အေးအေးဆေးဆေး စဉ်းစားပါရစေဦး”
လီယွမ်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ စီနီယာအစ်မဖြစ်သူမှာ သူနှင့် တွေ့တိုင်း ဤကိစ္စဖြင့်သာ စနောက်တတ်သည် မဟုတ်ပါလော။
“ကောင်းပါပြီ... စီနီယာအစ်မကတော့ မင်းကို အမြဲတမ်း စောင့်နေမှာပါ”
နင်ဟုန်ယွီသည် အမှန်တကယ်တွင်မူ အချစ်ကိစ္စကို အသည်းအသန် လိုက်စားနေသူ တစ်ဦး မဟုတ်ပေ။ သူမသည် ဤဂျူနီယာ မောင်လေးကို သူမ၏ စိတ်ကြိုက် လိုက်ဖက်သည်ဟု ရိုးသားစွာ ခံစားရရုံသာ ဖြစ်သည်။ အကယ်၍ မအောင်မြင်ခဲ့လျှင်လည်း ကိစ္စမရှိပေ။ တစ်ကိုယ်တည်း နေထိုင်သွားခြင်းမှာလည်း ဘာမှ ဆိုးရွားလှသည် မဟုတ်သည်မှာ သေချာလှသည်။
လီယွမ်က စကားလမ်းကြောင်းကို အမြန်ပင် လွှဲလိုက်သည်။ သူသည် သူ၏ အိတ်အတွင်းမှ ကျောက်စိမ်းပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူလိုက်၏။ ဒါက သူ၏ ဆရာ ယွီဟန်ချွမ်းအတွက် သူ ပြင်ဆင်လာခဲ့သော လက်ဆောင်ပင် ဖြစ်သည်။
ကျောက်စိမ်းပုလင်းငယ်လေး အတွင်း၌မူ သောင်းအဆင့် ကူအိမ်ဖြစ်သော ပင့်ကူအိမ်လျှို့ဝှက်နယ်မြေမှ ထွက်ရှိသည့် ‘အသက်ဆက်နှင်းရည်’ ပါရှိနေ၏။
ဤနှင်းရည်မှာ ကောင်းကင်ဘုံ၏ စည်းမျဉ်းများနှင့် ကူသက်ရှိများ၏ အသက်ဓာတ် ပေါင်းစပ်မှုမှ ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းသည် ပြန်လည်ရှင်သန်စေနိုင်သော ကုသခြင်းစွမ်းရည် ရှိရုံသာမက သွေးကြောများကို ပြန်လည် ပုံဖော်ပေးခြင်း အရိုးနှင့် ခြင်ဆီများကို သန့်စင်ပေးခြင်းနှင့် ကိန်းအောင်းနေသော ဝေဒနာများကိုပါ ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။
ကျင့်ကြံခြင်းစွမ်းရည်များ ပျက်စီးသွားပြီး ကူလမ်းစဉ်သို့ ထပ်မံ မဝင်ရောက်နိုင်တော့သော ယွီဟန်ချွမ်းအတွက်မူ ဤအရာမှာ အသင့်တော်ဆုံးပင် ဖြစ်တော့၏။ တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းအား ထုတ်လုပ်ရန် ကြာချိန်မှာ အလွန်ပင် ရှည်လျားလှပြီး (၃) လမှ တစ်စက်သာ ထွက်ရှိခြင်းပင် ဖြစ်သည်။
“ဆရာ... ဒါက ဆရာ့အတွက်ပါ”
လီယွမ်က ကျောက်စိမ်းပုလင်းလေးကို ကမ်းပေးလိုက်သည်။
“ဟိုတစ်ခါလို ကုသဆေးမျိုး ထပ်ပေးပြန်ပြီလား”
ယွီဟန်ချွမ်းက မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။
“လီယွမ်... ဆရာက အခုတော့ အကောင်းပကတိအတိုင်း ပြန်ဖြစ်နေပါပြီ.. ဒီလို အဖိုးတန်ဆေးတွေကို ထပ်ပြီး သောက်လည်း ထူးထူးခြားခြားတော့ ရှိလာမှာ မဟုတ်တော့ဘူး.. မင်းပဲ သိမ်းထားလိုက်ပါ”
“အခုတစ်ကြိမ်ကတော့ အရင်နဲ့ မတူဘူး”
လီယွမ်က ပုလင်းအဖုံးကို ဖွင့်လိုက်ရင်း ဆိုလိုက်သည်။
“တစ်ချက်လောက် အနံ့ခံကြည့်ပါဦး ဆရာ”
“ဟင်”
ပုလင်းအတွင်းမှ ထွက်ပေါ်လာသော ရနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် ယွီဟန်ချွမ်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အံ့အားသင့်သွားရတော့၏။
ထိုဆေးစွမ်းအင်များက ရနံ့နှင့်အတူ ကိုယ်တွင်းသို့ စိမ့်ဝင်သွားသည်နှင့် တပြိုင်နက်... ကြာမြင့်စွာကတည်းက ဗလာကျင်းနေခဲ့သော သူ၏ သွေးကြောများအတွင်း၌ ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာသည် မဟုတ်ပါလော
ထိုခဏတာ အချိန်လေးမှာပင် သူသည် မိမိကိုယ်ကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွားရပြီး လီယွမ်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိတော့၏။
“လီယွမ်.. ဆရာ့ရဲ့ ကိုယ်ထဲမှာ လျှို့ဝှက်ချီစွမ်းအားတွေ လှုပ်ခတ်နေတာကို ခံစားလိုက်ရသလိုပဲ”
“အဲဒီလို အကျိုးသက်ရောက်မှု ရှိပါတယ် ဆရာ”
လီယွမ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“တကယ်ကြီးလား”
ယွီဟန်ချွမ်းသည် ကျောက်စိမ်းပုလင်းလေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် တစ်ကျိုက်တည်း မော့ချလိုက်တော့၏။ ထိုအဖိုးတန် နှင်းရည်က သူ၏ တစ်ကိုယ်လုံးအား ယားကျိကျိ ဖြစ်သွားစေခဲ့ပြီး မရေမတွက်နိုင်သော လူသားငယ်လေးများက သူ၏ ခြေလက်များ အတွင်းကလီစာများနှင့် သွေးကြောများအတွင်း၌ ပြေးလွှားနေကြသည့်အလား ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်မှာ တရွေ့ရွေ့ ပြန်လည် ပြုပြင်ပြောင်းလဲခြင်းကို ခံနေရတော့၏။
အတိတ်က ပြင်းထန်သော ဒဏ်ရာများကြောင့် ကျန်ရစ်ခဲ့သော ဘေးထွက်ဆိုးကျိုးများမှာလည်း တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားခဲ့ရပြီး သူသည် ကူလမ်းစဉ်၏ လျှို့ဝှက်စွမ်းအားများကို တစ်ဖန် ပြန်လည် ခံစားလာနိုင်ခဲ့လေပြီ။
ဒီအတိုင်းသာ ဆက်သွားမည် ဆိုလျှင်တော့... သူဟာ တကယ်ပဲ ပြာပုံထဲမှ ပြန်လည်နိုးထလာသော ဖီးနစ်ငှက်တစ်ကောင်လို အသွင်ပြောင်းလဲသွားနိုင်တော့မှာ အမှန်ပင်။
“ဂျူနီယာ မောင်လေး... မင်းက တကယ့်ကို ရတနာသိုက်ကြီးပါလား”
နင်ဟုန်ယွီမှာ ဆွံ့အလျက် မှင်သက်နေရှာတော့၏။ ဒီနှစ်တွေအထိ သူမသည် ဤကဲ့သို့သော ဆေးမျိုးကို ရှာဖွေနေခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။ မမျှော်လင့်ဘဲ သူမ၏ ဂျူနီယာမောင်လေးကတော့ ကြိုတင် ပြင်ဆင်ထားခဲ့သည် မဟုတ်ပါလော။
ဖေးလော့ချန်ကတော့ ရယ်ရင်း ကိုယ့်ကိုယ်ကိုယ် နောက်ပြောင်လိုက်သည်။
“ပြီးတာပါပဲ... အခုတော့ ငါက ဒီဂိုဏ်းထဲမှာ အသုံးမကျဆုံးသူ ဖြစ်သွားပြီပေါ့လေ”
“ငါ့ကို စောင့်နေကြဦးဟေ့. ဟားဟားဟား”
ယွီဟန်ချွမ်းက ကျယ်လောင်စွာ ရယ်လိုက်သည်။ သူသည် လျှို့ဝှက်ချီစွမ်းအားများ ပေါများလှသော နေရာတစ်ခုတွင် အခြေခံအုတ်မြစ်များကို ပြန်လည် တည်ဆောက်ပြီး သူ၏ ပြန်လည်ရောက်ရှိလာမှုကို လောကကြီးအား ကြွေးကြော်ရန် ဆုံးဖြတ်လိုက်လေပြီ။
နင်ဟုန်ယွီက နောက်ပြောင်လိုက်သည်။
“ဖေးလော့ချန်... နင်လည်း နည်းနည်းလောက် ကြိုးစားလိုက်ရင် အဋ္ဌမအဆင့်ကို ရောက်နိုင်မှာပါ.. အဲဒီအခါကျရင် ငါတို့ ဆရာတပည့် တစ်စုလုံး သူတော်စင် လေးပါး ရှိတဲ့ မိသားစုကြီးအဖြစ် ဒဏ္ဍာရီ ဖြစ်သွားမှာပေါ့”
“ဖိအားတွေကတော့ တော်တော်လေး များလာပြီ”
ဖေးလော့ချန်က သူ၏ လက်သီးကို တင်းကြပ်စွာ ဆုပ်ထားလေ၏။
နင်ဟုန်ယွီ၏ မျက်လုံးများမှာ တောက်ပလာခဲ့ပြီး သူမ၏ စူးရှလှသော အကြည့်များက လီယွမ်ထံသို့ ထပ်မံ ကျရောက်လာပြန်သည်။
သူမသည် သူမ၏ နှုတ်ခမ်းကို လျှာဖြင့် အသာအယာ သပ်လိုက်ရင်း ဆိုလိုက်သည်..
“ဂျူနီယာ မောင်လေး... မင်းက တကယ်ကို ရတနာသိုက်ကြီးပါပဲလား.. ကောင်းတာတွေကို သူစိမ်းတွေဆီ မပေးဘဲ အမေ့အိမ်ထဲမှာပဲ ထားဖို့အတွက်... စီနီယာအစ်မကိုပဲ မြန်မြန် လက်ထပ်လိုက်ပါလား”
Thank For Reading.