အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း (၂၀၅) အမည်မသိ နတ်ဆိုး
အန်းယွမ်ခွေထံမှတစ်ဆင့် ဤဟိုတယ်၏ စည်းမျဉ်းများကို ရဲချီယန် သိရှိသွားခဲ့ပြီ ဖြစ်သည်။
စမ်းသပ်မှုမှာ မွန်းလွဲ ၃ နာရီတွင် စတင်ပြီး ည ၁၂ နာရီတွင် ပြီးဆုံးမည် ဖြစ်၏။
ဖီးနစ်ကျက်သရေဆောင် ဟိုတယ်တွင် တည်းခိုကြသော ရထားမောင်းနှင်သူများအားလုံးသည် အန်းယွမ်ခွေ ပေးအပ်သော ပစ်မှတ်တစ်ခုစီကို ရရှိကြမည်ဖြစ်သည်။ အပေါ်ဆုံးထပ်သို့ ပထမဆုံး ရောက်ရှိနိုင်သည့် ရထားမောင်းနှင်သူက ရတနာသေတ္တာ ဆုလာဘ်ကို ရရှိနိုင်မည်ဖြစ်ပြီး ကျန်သူများကမူ စမ်းသပ်မှုကို အောင်မြင်သွားသော်လည်း မည်သည့်အကျိုးအမြတ်မှမပါဘဲ ထွက်ခွာသွားကြရမည်သာ ဖြစ်လေသည်။
အပေါ်ထပ်များတွင် တည်းခိုခြင်းက ပို၍ အကျိုးရှိနိုင်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အပေါ်ဆုံးထပ်သို့ ဝင်ရောက်နိုင်ရန် မြေအောက်ကားပါကင်သို့ အရင်သွားရမည် ဖြစ်၏။ ထိုနေရာမှသာ အပေါ်ဆုံးထပ်သို့ တိုက်ရိုက်သွားနိုင်ပေသည်။
စမ်းသပ်မှုကို အောင်မြင်နိုင်မည့် နည်းလမ်းကို သိရှိသွားပြီဖြစ်သဖြင့် ရဲချီယန်မှာ အချိန်မဖြုန်းနေတော့ချေ။
သူနှင့် ပြိုင်ဘက် ရထားမောင်းနှင်သူ နှစ်ဦးက စည်းမျဉ်းများကို သိရှိရန် သူတို့၏ အခန်းများအတွင်း စောင့်ဆိုင်းနေချိန်တွင် သူက အီဗ်ကို မြေအောက်ကားပါကင်သို့ ခေါ်သွားကာ ထိုနေရာမှ ဓာတ်လှေကားကို အသုံးပြု၍ အပေါ်ဆုံးထပ်သို့ တက်သွားလေတော့သည်။
စောင့်ကြည့်ရေးစက်မှတစ်ဆင့် မြင်တွေ့ခဲ့ရသော ရတနာသေတ္တာက ဤနေရာတွင် ရှိနေပေသည်။
ဤနေရာမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် အဝေးတွင် ရထားများ ဆိုက်ကပ်ရန် အသုံးပြုသော ဘူတာ သုံးခုကို မြင်တွေ့နိုင်လေ၏။
"ဒါတွေက... အန်းယွမ်ခွေ ရထားရဲ့ အပျက်အစီးတွေလား"
ရတနာသေတ္တာ၏ အနောက်ဘက်တွင် အမည်မသိ စွမ်းအားတစ်ခုကြောင့် အရည်ပျော်သွားခဲ့သော ရထားတစ်စင်းကို ဝိုးတဝါး မြင်တွေ့နေရပေသည်။
စက်ခေါင်းတွဲနှင့် ရထားတွဲများက အရည်ပျော်ကာ ပေါင်းစပ်နေပြီး ၎င်းပေါ်တွင် ဧရာမ လက်ဝါးရာကြီးတစ်ခု ထင်ကျန်နေလေ၏။
"ဝေါလီ ဒီမှာ မရှိဘူးပဲ"
သူက အောက်ထပ်တွင် အချိန်အတော်ကြာ တမင်စောင့်နေခဲ့သော်လည်း ဝေါလီက ရတနာသေတ္တာကို ယူရန် ဤနေရာသို့ ရောက်လာခြင်းမရှိချေ။
တစ်နည်းအားဖြင့် ဤမှတ်တိုင်၏ စစ်မှန်သော ရတနာက ဤနေရာတွင် မရှိနေခြင်းပင်။
မဟုတ်ဘူး။ ဒီလိုဖြစ်နေတာက ပုံမှန်ပါပဲ။
အဘယ်ကြောင့်ဆိုသော် ဤရတနာသေတ္တာမှာ သာမန် ဘူတာရုံကမ္ဘာတွင် ရရှိနိုင်သော ရတနာသေတ္တာများနှင့် မတူဘဲ အန်းယွမ်ခွေကိုယ်တိုင် ထားရှိခဲ့သော အရာတစ်ခုသာ ဖြစ်သောကြောင့်ပင်။
ဆိုလိုသည်မှာ ဤရတနာသေတ္တာက အတုဖြစ်လေသည်။
အီဗ်က ရှေ့သို့ လျှောက်သွားကာ ရတနာသေတ္တာနှင့် လွန်စွာ တူလွန်းလှသော သေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ ပစ္စည်းတစ်ခုတည်းသာ ရှိနေပေသည်။
[အက်ကွဲနေသော ဖန်သားပြင် တက်ဘလက် (အဆင့် ၂)]
[ရထား၏ ဆက်သွယ်ရေးစနစ်ကို လက်ခံချိတ်ဆက်ရန် အသုံးပြုနိုင်သည်]
ဘာမှသုံးမရတဲ့ အမှိုက်ပစ္စည်းပဲ။ တချို့လူတွေအတွက် အသုံးဝင်ကောင်း ဝင်နိုင်ပေမယ့် ရဲချီယန်အတွက်ကတော့ ဘာအဓိပ္ပာယ်မှ မရှိဘူး။
အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်ဆောင်လျှင်တောင် ကိုယ်ခံစွမ်းအား ဖြုန်းတီးရာကျသည်ဟု ရဲချီယန် ခံစားရလေ၏။
သို့သော်လည်း သူ၏ ရည်ရွယ်ချက်က အစကတည်းက ဤနေရာတွင် ရှိမနေခဲ့ချေ။
သူက အီဗ်အား ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ဖြားယောင်းခေါ်ဆောင်လာစေပြီး ၎င်းကို စက်သေနတ်ကြီးဖြင့် ပစ်သတ်လိုက်ချိန်တွင် ဤနေရာရှိ စောင့်ကြည့်ရေးကိရိယာကိုပါ မတော်တဆဖျက်ဆီးပစ်လိုက်လေတော့သည်။
ရဲချီယန်က စနစ်၏ အလင်းမျက်နှာပြင်ကို ဆွဲဖွင့်လိုက်ကာ သူ၏ သူငယ်ချင်းစာရင်းကို အောက်သို့ ဆွဲချကြည့်လိုက်သည်။
သူ၏ သူငယ်ချင်းများထဲတွင် စီနီယာ အတော်များများ ရှိနေပေသည်။
ကောင်းကင်ဘုံအဖွဲ့အစည်းနှင့် ပတ်သက်သည့် အကြောင်းအရာကို သိချင်လျှင် တစ်ယောက်ယောက်ကို ရှာမေးလိုက်ရုံသာ ရှိ၏။
အန်းယွမ်ခွေက အဖွဲ့အစည်းမှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က လှုပ်ရှားနေဆဲဖြစ်သည်ဟု ပြောခဲ့သည်မဟုတ်ပါလော။ သို့ဆိုမှတော့...
"အစ်မရှာယာ၊ ရှိလား"
အမည်းရောင် ညဉ့်ယံ ကောင်းကင်တမန် ရထားပေါ်တွင် ရှာယာက သကြားလုံးချောင်းများ ပြုလုပ်နေလေသည်။
သူမ၏ နားထဲတွင် စနစ်ထံမှ အသိပေးသံကို ကြားလိုက်ရသောအခါ မျက်တောင်တဖျပ်ဖျပ် ခတ်သွား၏။
ဤအချိန်တွင် သကြားလုံးချောင်းများ ပြုလုပ်ရာ၌ အာရုံစိုက်နိုင်ရန် ရှာယာက ချက်ဘောက်စ်ကို ပိတ်ထားပြီးဖြစ်လေသည်။ သူမကို ဆက်သွယ်နိုင်ပြီး စနစ်မှ အသိပေးချက် ထွက်ပေါ်လာစေနိုင်သည့် တစ်ဦးတည်းသောသူမှာ သူမ၏ အထူးအာရုံစိုက် စာရင်းထဲတွင် ထည့်သွင်းထားသူ တစ်ယောက်သာ ရှိပေသည်။
"ရဲချီယန်လား"
အသစ်စက်စက် သကြားလုံးချောင်းလေးတစ်ခုက တဖြည်းဖြည်း အေးခဲသွားလေ၏။
သူမက ၎င်းကို ရေခဲတုံးများထဲသို့ ပစ်ချကာ ခေတ္တမျှ အအေးခံလိုက်ပြီးနောက် ပြန်ထုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
လက်ပေါ်ရှိ သကြားမှုန့်များကို ခါထုတ်လိုက်ပြီးနောက် ချက်ဘောက်စ် မျက်နှာပြင်ပေါ်ရှိ အကြောင်းအရာကို မြင်လိုက်ရချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်များက မသိမသာ ကွေးညွတ်သွားလေတော့သည်။
"ငါက အလုပ်မရှိလို့ ပျင်းနေတာ။ ဘာဖြစ်လို့လဲ၊ မင်းအစ်မကို စကားလာပြောချင်လို့လား"
အရမ်းမြန်တဲ့ တုံ့ပြန်မှုပဲ။ ပြီးခဲ့တဲ့အကြိမ်က ကျောက်ရှီးထက်တောင် ပိုမြန်နေသေးတယ်။
သူမက တကယ်ကြီး အလုပ်မများနေပုံရသည်။
ရဲချီယန်က သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်ကာ သူမအတွက် မှတ်သားထားသော (လှပပြီး ကြင်နာတတ်သူ) ဟူသည့် မှတ်စုလေးကို ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ပြောင်းလဲလိုက်လေ၏။
[ကောင်းကင်တမန်]
"ကျွန်တော် နားမလည်တဲ့ ကိစ္စတစ်ခုနဲ့ ကြုံလာရလို့ပါ။ အစ်မရှာယာက ကောင်းကင်ဘုံအဖွဲ့အစည်း အကြောင်းကို သိလား"
အဖွဲ့အစည်း၏ နာမည်ကို မြင်လိုက်ရသည်နှင့် ရှာယာ၏ မျက်လုံးများထဲတွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
"ဒီနာမည်ကို မင်းဘယ်လိုလုပ် သိတာလဲ"
ဖုံးကွယ်ထားရန် မလိုအပ်ချေ။
ရဲချီယန်က ဤမှတ်တိုင်တွင် အန်းယွမ်ခွေကို ရှာတွေ့ခဲ့ပုံအား ရှင်းပြလိုက်သည်။ သေချာသည်မှာ သူမည်သို့ ရှာတွေ့ခဲ့သည်ဆိုသည့် လုပ်ငန်းစဉ်အချို့ကိုတော့ ဖုံးကွယ်ထားခဲ့လေ၏။ သဲပုံစံငယ် အကြောင်းနှင့် အခြားအရာများအားလုံးကို အသေးစိတ် ရှင်းပြနေရန် မလိုအပ်ပေ။
"အစ်မရှာယာက ဒီလူကို သိလို့လား"
"ငါမသိပါဘူး။ အထွတ်အထိပ် ရောက်နေချိန်တုန်းက ကောင်းကင်ဘုံအဖွဲ့အစည်းမှာ လူငါးထောင်ကျော် ရှိခဲ့တာ။ အခုချိန်မှာတော့... ငါ ချိတ်ပိတ်ခံထားရတဲ့ အချိန်အတွင်းမှာပဲ သူတို့ကို တစ်ယောက်ယောက်က အမြစ်ဖြုတ်ဖျက်ဆီးပစ်လိုက်ပြီး သူတို့တည်ရှိခဲ့မှုတွေပါ ဖျောက်ဖျက်ခံလိုက်ရတယ်"
"တည်ရှိခဲ့မှုတွေကိုပါ ဖျောက်ဖျက်ပစ်လိုက်တယ်ဟုတ်လား။ ဘယ်သူလုပ်သွားတာလဲ"
ဤအရာက အတော်လေး အံ့အားသင့်စရာကောင်းလှပေသည်။
သူတို့၏ အဖွဲ့အစည်းက တစ်ကမ္ဘာလုံးစာ လွင်တီးခေါင်ပြင်ထဲတွင် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုဟု သတ်မှတ်၍ရကြောင်း အန်းယွမ်ခွေက ပြောခဲ့သည်မဟုတ်ပါလော။
အလွန်အစွမ်းထက်နေလျက်နဲ့ ဖျောက်ဖျက်ခံလိုက်ရတယ်ပေါ့လေ။
"အတိအကျပြောရရင် သူတို့က တစ်ယောက်ယောက်ကို သွားစော်ကားမိလိုက်လို့ ထင်တယ်။ အာ... အရင်တုန်းက ကျူရှင်းထူကို လမ်းတွေအများကြီး ဖြတ်ပြီး လိုက်ဖမ်းခဲ့တဲ့ လူကို မင်းမှတ်မိလား"
"အမိန့် ကတ်ပြား ကိုင်ထားတဲ့ တစ်ယောက်လား"
"အင်း၊ သူပဲ။ ကောင်းကင်ဘုံအဖွဲ့အစည်းကို ဝိုင်းဝန်းတိုက်ခိုက်တဲ့အထဲမှာ အဲဒီလူလည်း ပါဝင်ခဲ့တယ်လို့တော့ ငါသိတယ်"
ရှာယာက ပါးစပ်ထဲမှ သကြားလုံးချောင်းကို ဆွဲထုတ်လိုက်ကာ စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ဆက်ပြောလာလေ၏။
"ဒါနဲ့ မင်းက အခု နာမည်ကြီးနေပြီနော်"
"?"
နာမည်ကြီးနေပြီ။ သူက နာမည်ကြီးလောက်အောင် တစ်ခုခု လုပ်ထားလို့လား။ ဘာလို့ သူကိုယ်တိုင် မသိရတာလဲ။
"ဟွန့်၊ မင်းမသိသေးဘူးမလား။ ဒါလေး ကြည့်ကြည့်လိုက်"
ရှာယာထံမှ အလိုရှိသည်ဟူသော ကြေညာစာတစ်ခု၏ ဓာတ်ပုံ ရောက်ရှိလာလေသည်။
ထိုအပေါ်တွင် ခန္ဓာကိုယ်နှင့် မျက်နှာကို လုံးဝ ပီပီပြင်ပြင် မမြင်ရလောက်အောင် အလွန်မှုန်ဝါးနေသော ပုံရိပ်တစ်ခု ရှိနေပြီး သူ၏ဘေးတွင် အမဲလိုက် စက်ယန္တရားနဂါးနှင့် အသွင်အပြင်ကို ခွဲခြား၍မရနိုင်သော နတ်ဆိုးမလေးတစ်ဦး ရပ်နေပေသည်။
သူက အပျက်အစီးများပေါ်တွင် မားမားမတ်မတ် ရပ်နေလေ၏။
သူ၏ လက်ဖဝါးထဲရှိ စာအုပ်ဆီမှ ခရမ်းရင့်ရောင် အလင်းတန်းများ ဖြာထွက်နေပေသည်။
သံသယဝင်စရာမလိုဘဲ ဤသူမှာ သူကိုယ်တိုင်ပင် ဖြစ်သော်လည်း နတ်ဆိုး ကတ်ပြား · မာနတရားကြောင့် သူ့ကို သေချာစွာ မမြင်တွေ့နိုင်ခြင်း ဖြစ်လေသည်။
"နတ်ဆိုးစက်ယန္တရား နဂါးလူသားတဲ့။ ဖူး... သူတို့က မင်းကို ဒီလိုနာမည်ပေးထားတာကိုး။ အင်ပါယာအမိန့်တော် အဖွဲ့အစည်းအတွက် နတ်ဆိုး ကတ်ပြား အစီအစဉ်တွေကို စုဆောင်းပေးတဲ့သူ၊ အမည်မသိ နတ်ဆိုး ကတ်ပြား တစ်ခုကို ပိုင်ဆိုင်ထားတယ်တဲ့... အင်း... စဉ်းစားကြည့်မှ အဲဒီအနီရောင် နတ်ဆိုးမလေးကို ငါတစ်ခါမှ မမြင်ဖူးဘူးပဲ"
"ဆုကြေးငွေကတော့ ရထားဒင်္ဂါး ၁၀,၀၀၀ တဲ့။ ဟီးဟီး... မင်း စိတ်မဝင်စားဘူးလား။ ကိုယ့်ကိုယ်ကိုယ် ဖမ်းပြီး အဲဒီကိုပို့၊ ပိုက်ဆံယူ၊ ပြီးတော့မှ မင်းအစ်မကို ပြန်လာကယ်ခိုင်းမလား"
"..."
ရဲချီယန်မှာ စကားစရှာမရတော့ဘဲ နဖူးကိုသာ ဖိထားလိုက်မိလေ၏။
အလိုရှိသူစာရင်းထဲ ပါသွားတာက တစ်ပိုင်း၊ နတ်ဆိုးစက်ယန္တရား နဂါးလူသား ဆိုတာက ဘာကြီးလဲ။
ဘယ်လို စိတ်ကူးယဉ်ဆန်လွန်းတဲ့ နာမည်မျိုးလဲ။
နတ်ဆိုးရယ်၊ စက်ယန္တရားနဂါးရယ်၊ ပြီးတော့ သူက လူသားတစ်ယောက် ဖြစ်နေတာကြောင့် ဒီလိုပဲ ပေးလိုက်တာမလား။
"ရှီး... ဒီနာမည်ကို ဘယ်သူပေးခဲ့လဲဆိုတာ ငါ့ကို မသိစေနဲ့... တွေ့လို့ကတော့လား, ကျစ်..."
သူက အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်သော်လည်း သိပ်တော့ ဂရုမစိုက်မိချေ။
မည်သို့ပင်ဆိုစေ နတ်ဆိုး ကတ်ပြား · မာနတရားကြောင့် အခြားသူများက သူ့ကို မှတ်မိနိုင်ရန် မဖြစ်နိုင်ပေ။
ကိုယ့်ကိုယ်ကိုယ် ကြိုးတုပ်ပြီး ပြန်ရောင်းဖို့ကိစ္စနဲ့ ပတ်သက်လို့တော့... ရထားဒင်္ဂါး ၁၀,၀၀၀ တောင်ဆိုတော့...
"ကိုယ့်ကိုယ်ကိုယ် ရောင်းစားမယ့်အစား အစ်မကို ရောင်းစားတာကမှ ပိုကောင်းဦးမယ်။ အစ်မရဲ့ ဆုကြေးငွေက တစ်သိန်းလေ... ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ဘော့စ်ကို ရောင်းစားရင်လည်း ရတာပဲ။ သူကလည်း တော်တော်ဈေးကောင်းရမှာ"
"တကယ်ပဲ ငါဒါကို တွေးဖူးတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ။ အင်း... လူလိမ်မက ဒီရက်ပိုင်း ငါ့ကို ရှောင်နေတာ မဆန်းပါဘူး။ သူမ ခန့်မှန်းမိသွားလို့ နေမှာပေါ့"
ခေတ္တမျှ နောက်ပြောင်နေပြီးနောက် သူတို့က အဓိကအကြောင်းအရာဆီသို့ ပြန်ရောက်သွားကြလေ၏။
ရှာယာ၏ စကားများထဲတွင် သူ၏ အာရုံကို ဖမ်းစားသွားသောအရာတစ်ခု ရှိနေပေသည်။
"နတ်ဆိုး ကတ်ပြားတွေက ၁၃ ခု တိတိ သတ်မှတ်ထားတာ မဟုတ်ဘူးလား။ အစ်မ အဲဒီလိုပြောခဲ့တာ ကျွန်တော် မှတ်မိနေသေးတယ်"
သူမက အတိအကျ အရေအတွက်ကို သိနေသည်ဆိုပါက နတ်ဆိုး ကတ်ပြားများအားလုံး ပေါ်ထွက်လာပြီးဖြစ်ရမည်ဟု ဆိုလိုခြင်းပင်။
မျက်ရည်နီက ဘာကြောင့် အဲဒီအထဲမှာ မပါဝင်တာလဲ။
သူမက နတ်ဆိုး ကတ်ပြား အသစ်တစ်ခုများ ဖြစ်နေမလား။
ရှေးဟောင်း စစ်မြေပြင် အပျက်အစီးများတွင် ကျီးကန်းနှင့် အခြားသော နတ်ဆိုး ကတ်ပြားများက မျက်ရည်နီအပေါ် ထိတ်လန့်ကြောက်ရွံ့ခဲ့ကြသည်ကို ပြန်လည်အမှတ်ရမိသွားလေ၏။
သူမနဲ့ ပတ်သက်ပြီး မသိရသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသေးတာလား။
အခန်း (၂၀၆) ရှေ့ဆက်လျှောက်လှမ်းမှသာ ကြီးထွားလာနိုင်မည်
ကောင်းကင်ဘုံအဖွဲ့အစည်းနှင့် နှိုင်းယှဉ်ပါက မျက်ရည်နီ၏ ကိစ္စက သူ့အတွက် ပို၍ အရေးကြီးနေပေသည်။
"ငါမင်းကို ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကတ်ပြား အစီအစဉ်တွေ အားလုံးရဲ့ အတိအကျ အရေအတွက်ကို တွက်ချက်ခဲ့တာက အဲဒီလူလိမ်မ ကျူရှင်းထူလေ။ ဆိုတော့ကာ သိပ်တော့ တိကျမှန်ကန်ချင်မှ မှန်ကန်မှာပေါ့။ ဒါနဲ့ ငါ အဲဒီအလိုရှိသူ ကြေညာစာက ဓာတ်ပုံကို မြင်လိုက်တယ်။ အဲဒါ မာနတရားလား"
"ပြီးတော့ မင်းဆီမှာ မာနတရား ရှိနေတယ်ဆိုတာ နေ့တိုင်း အခန်းထဲအောင်းပြီး မှော်ပညာကိုပဲ သုတေသနလုပ်နေတဲ့ အဲဒီအထီးကျန်မ မွန်ရိုးဂျီနာနဲ့ တွေ့ခဲ့တာလား"
အထီးကျန်မလား။ ငါတွေ့ခဲ့ဖူးလား။
"အင်း၊ ဆော်လမွန် မြို့တော်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ တွေ့ခဲ့ဖူးတယ်"
"တစ်ကြိမ်၊ နှစ်ကြိမ်ဆိုရင်တော့ ရပါတယ်။ သူမနဲ့ ပတ်သက်မိတာမျိုးတော့ မလုပ်နဲ့။ အဲဒီမွန်ရိုးဂျီနာကို ကျေးဇူးတင်စရာ တစ်ခုခုရှိသွားပြီဆိုရင် ဘယ်လောက်ပဲ သစ္စာရှိတဲ့သူဖြစ်ပါစေ သူမလိုချင်တာတွေ၊ သိချင်တာတွေ အားလုံးကို မဖြစ်မနေ ရှာပေးရတော့မှာပဲ။ ငါကတော့ သူမကို သိပ်မကြိုက်ဘူး။ အထူးသဖြင့် သူမရဲ့ ယဇ်ပူဇော်တဲ့ လုပ်ရပ်တွေကိုပေါ့။ ကျူရှင်းထူရဲ့ ကံကြမ္မာ ဟောပြောတာလိုပဲ တော်တော်လေးကို ပျင်းစရာကောင်းတာ"
"ဒါပေမဲ့ သူမရဲ့ သတင်းကွန်ရက်က ကြောက်စရာကောင်းလောက်အောင် ကြီးမားတယ်ဆိုတာကိုတော့ ငါဝန်ခံရမှာပဲ။ အခြေခံအားဖြင့်ပြောရရင် အစွမ်းထက်တဲ့ အဖွဲ့အစည်းတွေထဲမှာ သူမရဲ့ သူလျှိုမရှိတဲ့ အဖွဲ့အစည်းဆိုတာ ခပ်ရှားရှားပဲ။ ဒါနဲ့... မင်းအရင်က မေးခဲ့ဖူးတဲ့ RUN ကုမ္ပဏီအကြောင်း တချို့တလေကို ငါစုံစမ်းသိရှိထားပြီ။ မွန်ရိုးဂျီနာဆီကနေ ရထားတဲ့ သတင်းတွေပါ။ နောက်မှ အသေအချာ စုံစမ်းပြီးရင် မင်းကို အသေးစိတ် ထပ်ပြောပြမယ်"
ရှာယာ၏ အသံက တစ်စုံတစ်ရာကို တုံ့ဆိုင်းနေသည့်အလား ခေတ္တမျှ ရပ်တန့်သွားလေ၏။
ခဏအကြာတွင် သူမထံမှ အီးမေးလ်တစ်စောင် ရောက်ရှိလာသည်။
"ရော့၊ ဒါလေး ယူထားလိုက်"
အီးမေးလ်ထဲတွင် သကြားလုံးချောင်း တစ်ချောင်း ပါဝင်နေပေသည်။
[အစ်မရှာယာ၏ ကောင်းချီးပေး သကြားလုံးချောင်း (အဆင့် ၁၀)]
[မင်း အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိနေတယ်]
"အဲဒီမိန်းမကို ဘယ်တော့မှ ကျေးဇူးမတင်မိစေနဲ့။ တကယ်လို့ မလွှဲမရှောင်သာ ကျေးဇူးဆပ်ရမယ့် အခြေအနေမျိုး ကြုံလာရင် ဒီသကြားလုံးကို စားလိုက်။ ဒါက မင်းရဲ့ ကံကြမ္မာကြွေး တစ်ခုကို ခုခံပေးနိုင်တယ်"
"..."
"အစ်မရှာယာ၊ ကျေးဇူးပါပဲ"
"ဟီးဟီး... ဒါက ငါချိတ်ပိတ်ခံရတာကို ချိုးဖျက်ပေးခဲ့လို့ မင်းကိုပေးတဲ့ ဆုလာဘ်လေ။ ကျေးဇူးတင်စရာ မလိုပါဘူး"
သူက သကြားလုံးချောင်းကို အီဗ်၏ ဆေးဝါးများ ထည့်သွင်းရာ နေရာလွတ်တွင် ကုသရေး သကြားလုံးချောင်းနှင့်အတူ ထားရှိရန် ကမ်းပေးလိုက်လေ၏။
"ဒါဆိုရင် ဒီလောက်ပဲလား။ ဘာကိစ္စရှိရှိ ဆက်သွယ်လိုက်နော်။ အန္တရာယ်တစ်ခုခု ကြုံလာရင်လည်း ငါ့ကိုပြော။ ဒါနဲ့... မင်းရထားက ဘယ်အဆင့် ရောက်နေပြီလဲ။ ငါ ခန့်မှန်းကြည့်မယ်... အင်း... အဆင့် ၆ လား"
ရှာယာအနေဖြင့် သူမ အလွန်မြင့်မားသော အဆင့်တစ်ခုကို ခန့်မှန်းလိုက်ပြီဟု ခံစားနေရပေသည်။
အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်၏ ရထား အဆင့်တက်နှုန်းဖြင့်ပင် ပထမလတွင် အဆင့် ၆ သို့သာ ရောက်ရှိခဲ့သောကြောင့် ဖြစ်၏။
"အဲဒီလောက်ပါပဲ"
"အို... အဲဒီလောက်ပါပဲ... အင်း"
ရှာယာက ရဲချီယန်၏ စကားထဲမှ ထူးဆန်းမှုကို ထက်မြက်စွာ ခံစားမိသွားလေသည်။
"အဲဒီလောက်ပါပဲ" ဆိုတာ ဘာအဓိပ္ပာယ်လဲ။
ဒီကောင်က အဆင့် ၆ ထက် ကျော်နေတာတော့ မဖြစ်နိုင်ဘူးမလား။
အမှန်တကယ်ပင် အဆင့် ၆ ထက် ကျော်လွန်နေပြီ ဖြစ်သည်။
နှစ်ဆင့်တောင် ပိုမြင့်နေသေး၏။
"... ထားလိုက်တော့၊ ငါထပ်မမေးတော့ဘူး။ မင်းက တကယ့်ကို ထူးဆန်းတဲ့ကောင်ပဲ..."
"ဒါနဲ့... နောက်ဆုံး တစ်ခုလောက်"
"ရထား အဆင့်မြှင့်တင်ရေး ရွေးချယ်စရာတွေမှာ ပစ္စည်းတွေကို အရမ်းကာရော မဝယ်နဲ့။ ဦးစားပေးရွေးချယ်တတ်ဖို့ သင်ယူရမယ်။ ရထားရဲ့ အဆင့်မြှင့်တင်ရေး ရွေးချယ်စရာတွေက မင်းကိုယ်တိုင် ရှာဖွေရရှိထားတဲ့ ရထားဒင်္ဂါးတွေအပေါ် မူတည်ပြီး တစ်ခါတလေ ရွေးချယ်စရာတွေကို ပေးတတ်တယ်။ ပိုက်ဆံ ပိုစုထားဖို့ မှတ်ထား"
"ကိုယ်တိုင် ရှာဖွေရရှိတာ။ အဲဒါက ဘာအဓိပ္ပာယ်လဲ"
ရဲချီယန်မှာ အနည်းငယ် ရှုပ်ထွေးသွားလေ၏။
"စာသားအတိုင်းပဲလေ။ မြို့တော်တွေထဲက အခွန်ကောက်တဲ့သူတွေဆိုရင် ရထားဒင်္ဂါးတွေ အများကြီး ရှိတယ်မလား။ ဒါပေမဲ့ မင်းက တစ်ယောက်ယောက်ကို ရထားဒင်္ဂါး တစ်သောင်း ပေးလိုက်မယ်ဆိုရင်တောင်မှ ရထား အဆင့်တက်ပြီးနောက်ပေါ်လာမယ့် အဆင့်မြှင့်တင်ရေး ရွေးချယ်စရာတွေမှာ အဲဒီတစ်သောင်းကို မင်းကိုယ်တိုင် ရရှိထားတဲ့အရာအဖြစ် ထည့်တွက်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ မင်းက နည်းလမ်းပြောင်းပြီးတော့ ဥပမာ- မင်းငါ့ကို တကယ်ဖမ်းပြီး မြို့တော်ကို ပို့လိုက်လို့ ရလာမယ့် ရထားဒင်္ဂါးတွေကျတော့ ရထားစနစ်က အသိအမှတ်ပြုတယ်"
"ငါတို့ ခုနကပြောခဲ့တဲ့ အမည်းက အဖြူကို စားတယ်ဆိုတဲ့ ကစားပွဲမျိုးကို မင်းကစားနေသရွေ့ အဲဒီကနေ ရထားဒင်္ဂါးတွေ ရလာရင်တောင် ရထားစနစ်က အဲဒါတွေကြောင့် တန်ဖိုးပိုမြင့်တဲ့ အဆင့်မြှင့်တင်ရေး ရွေးချယ်စရာတွေကို ထုတ်ပေးမှာ မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးကို စကားတစ်ခွန်း၊ နှစ်ခွန်းနဲ့ ရှင်းပြဖို့ မလွယ်ဘူး။ ကျူရှင်းထူနဲ့ မွန်ရိုးဂျီနာလို လူမျိုးတွေလောက်ပဲ ဒါကို သေချာနားလည်နိုင်တာ။ မင်းအနေနဲ့ အကြမ်းဖျင်း နားလည်ထားရင် လုံလောက်ပါပြီ"
"အာ... ဒါမှမဟုတ် နားလည်ရ ပိုလွယ်တဲ့ နည်းလမ်းနဲ့ ငါပြောင်းပြောပြမယ်"
"ရထားစနစ်က အဆင့်မတက်ခင် မင်းဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်အပေါ် မူတည်ပြီး မင်းရဲ့အနာဂတ်ကို ပြောင်းလဲပေးနိုင်တဲ့ ရွေးချယ်စရာတွေကို ဖန်တီးပေးလိမ့်မယ်။ ဒါကြောင့် မင်းအနေနဲ့ ကြီးထွားချင်တယ်ဆိုရင် ရှေ့ဆက်လျှောက်လှမ်းနေဖို့ လိုတယ်။ ဘယ်တော့မှ မရပ်တန့်လိုက်နဲ့"
ဒီလို ထူးဆန်းတဲ့ စနစ်မျိုးလည်း ရှိတာလား။
ရထားစနစ်က တကယ်ပဲ ဒီလိုလုပ်နိုင်တာလား။
မဆန်းပါဘူး...
မြို့တော်ထဲက အထက်တန်းလွှာတွေမှာ ရထားဒင်္ဂါးတွေ အများကြီးရှိပြီး ဖွံ့ဖြိုးတိုးတက်ဖို့ နှစ်တွေအများကြီး အချိန်ရခဲ့ပေမယ့် သူတို့ရဲ့ အင်အားက အင်ပါယာအမိန့်တော် အဖွဲ့အစည်းလို အင်အားစုမျိုးကိုတောင် မချေမှုန်းနိုင်ခဲ့တာ။
ရထားမောင်းနှင်သူ တစ်ယောက်အတွက် အမှန်တကယ် အစွမ်းထက်လာစေမယ့် အကောင်းဆုံးနည်းလမ်းက ကုန်သွယ်ရေး ပလက်ဖောင်းပေါ်မှာ အရောင်းအဝယ် လုပ်နေရုံနဲ့ ဘယ်တော့မှ မဖြစ်နိုင်ချေ။
ဘူတာရုံကမ္ဘာ တစ်ခုပြီးတစ်ခုဆီ ခရီးသွားလာကာ စူးစမ်းလေ့လာခြင်း၊ စွန့်စားခြင်း၊ ပစ္စည်းများ ရှာဖွေရယူခြင်းနှင့် အရေးအကြီးဆုံးမှာ ရထား၏ အဆင့်မြှင့်တင်ရေး ရွေးချယ်စရာများကို ဝယ်ယူခြင်းပင် ဖြစ်လေသည်။
မြို့တော်ထဲတွင်သာ နေထိုင်နေသူများမှာ ရထားဒင်္ဂါး မည်မျှပင် များပြားနေပါစေ သူတို့က ရှေ့သို့ ဆက်မသွားသရွေ့ ရထားစနစ်၏ အသိအမှတ်ပြုခြင်းကို ခံရမည်မဟုတ်ချေ။
"အင်း၊ ငါအရမ်းကာရော မဝယ်ပါဘူး"
သေချာပေါက် သူအရမ်းကာရော ဝယ်မည်မဟုတ်ပေ။
သူက အားလုံးကို သိမ်းကျုံးဝယ်ယူမည် ဖြစ်၏။
ရဲချီယန်၏ ရထား အဆင့်တက်ခြင်း၊ မတက်ခြင်းက ကုန်ကြမ်းများ ရရှိခြင်းအပေါ် ဘယ်သောအခါမှ မူတည်မနေခဲ့ချေ။
သူအမြဲတမ်း ကြည့်ရှုလေ့ရှိသည်မှာ သူ၏ ပိုက်ဆံများ လုံလောက်မှု ရှိမရှိ ဆိုသည်ကိုသာ ဖြစ်လေသည်။
နောက်ထပ် စကားအနည်းငယ်လောက် ခပ်ပေါ့ပေါ့ ပြောဆိုပြီးနောက် သူတို့၏ စကားပြောဆိုမှုက အဆုံးသတ်သွားလေ၏။
အမည်းရောင် ညဉ့်ယံ ကောင်းကင်တမန် အတွင်း၌ ရှာယာ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သောအပြုံးတစ်ခု ပွင့်လန်းလာသည်။ ထောင့်တစ်နေရာတွင် ပုန်းကွယ်ကာ ချောင်းကြည့်နေသော တီနာက ပြေးလာပြီး ခြေဖျားထောက်ကာ သူမ၏ ပါးကို ပြုံးလျက် လက်ညှိုးလေးနှင့်ထိုးလိုက်လေ၏။
"သီလရှင်အစ်မ၊ အစ်ကိုကြီးနဲ့ စကားပြောနေတာမလား။ နောက်တစ်ခါကျရင် အရသာရှိတဲ့ သစ်သီးတွေ နည်းနည်းလောက် ထပ်ရောင်းပေးဖို့ ပြောလို့ရမလားဟင်။ ပြီးခဲ့တဲ့တစ်ခေါက်ကဟာတွေ အားလုံးကို အစ်မပဲ လုစားသွားတာလေ"
"ငါက သူ့ကို စကားပြောနေတယ်လို့ ဘယ်သူက ပြောလဲ။ အဟမ်း... သွား... သွား...။ ငါသကြားလုံး လုပ်နေတယ်၊ လာမရှုပ်နဲ့"
ရှာယာက တီနာ၏ ပါးလေးကို ဆွဲညှစ်လိုက်ကာ ပါးစပ်ထဲရှိ သကြားလုံးကို ဝါးစားလိုက်လေ၏။ သူမ၏ လက်အနီးတွင် နောက်ဆုံးကျန်နေသော ဗိုက်စင်သီး တစ်လုံး ရှိနေပေသည်။
"ဒီသစ်သီးကတော့... ထားလိုက်ပါတော့၊ နောက်တစ်ခါကျမှ သူ့ကို ထပ်ဝယ်ခိုင်းရမယ်"
စကားပြောဆိုမှု အဆုံးသတ်သွားပြီးနောက် ရဲချီယန်က အပေါ်ဆုံးထပ်တွင် အနည်းငယ် ထပ်မံစောင့်ဆိုင်းနေလိုက်သည်။ ဝေါလီ၏ အရိပ်အယောင်ကို မမြင်ရသေးသဖြင့် နောက်ဆုံးတွင် သူ အတည်ပြုလိုက်လေ၏။
မျှော်လင့်ထားသည့်အတိုင်းပင် ဤရတနာသေတ္တာက ဤဟိုတယ်ရှိ အဖိုးတန်ဆုံး ရတနာ မဟုတ်ပေ။
[နေရာချထားသော ရတနာသေတ္တာ (အဆင့် ၂ → အဆင့် ၇)]
အဆင့် ၂ ပလက်ဖောင်းတစ်ခုက အဆင့် ၂ နှင့် ၇ ကြား ကျပန်းအဆင့်ရှိသော ရတနာသေတ္တာတစ်ခုကို ထုတ်ပေးခဲ့သည်။
ထို့အပြင် ဤကျပန်းဖြစ်မှုက အန်းယွမ်ခွေ၏ တစ္ဆေကိုယ်တိုင် နေရာချထားခဲ့ခြင်း ဖြစ်လေ၏။
ဤအရာက သူ အင်တာနက်ပေါ်တွင် အရင်က မြင်တွေ့ခဲ့ဖူးသော ဖုံးကွယ်ထားသည့် သေတ္တာများ ရောင်းချသည့်ဆိုင်များနှင့် တူညီသော အကျိုးသက်ရောက်မှု ရှိနေသည်မဟုတ်ပါလော။
ဝယ်သူအတွက်တော့ ၎င်းက ဖုံးကွယ်ထားသော သေတ္တာတစ်ခုဖြစ်သော်လည်း ရောင်းသူအတွက်မူ ပိုလျှံနေသော အမှိုက်များကို ရှင်းလင်းရန် အမှိုက်ပုံးတစ်ခုမျှသာ ဖြစ်လေသည်။
အဆင့် ၇ ပလက်ဖောင်းတစ်ခု... ဒီလောက်တော့ အားနည်းမနေသင့်ဘူး။ အနည်းဆုံးတော့ အဆင့် ၇ နဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက် ရှိနေသင့်တာပေါ့။
အန်းယွမ်ခွေ... ထိုကောင်က လိမ်ညာနေခြင်း မဟုတ်သော်လည်း သူပြောသောစကားများက အမှန်တရား မဟုတ်သည်မှာ သေချာလှပေသည်။
သဲပုံစံငယ်၏ ကိုဩဒိနိတ်က သူ့ထံသို့ ညွှန်ပြနေပြီး အီဗ်၏ နိုးကြားမှုကလည်း သူ၏ ရန်လိုမှုကို ခံစားမိနေသော်လည်း အန်းယွမ်ခွေက လိမ်မပြောခဲ့ချေ။
ဆိုလိုသည်မှာ... ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိလေတော့သည်။
အန်းယွမ်ခွေ၏ အတွင်းဘက်၌ သူတစ်ယောက်တည်းသာ ရှိမနေခြင်းပင်။
ဤဟိုတယ်တွင် စည်းမျဉ်းများ ရှိနေမှတော့...
စည်းမျဉ်းတွေကို ဖန်တီးခဲ့သူကကော ဘယ်လိုလဲ။
သူ့ရထား ဆုံးရှုံးသွားပြီး ရထား မော်ဂျူးတွေကို အသုံးမပြုနိုင်တော့တဲ့ အန်းယွမ်ခွေလို လူတစ်ယောက်က ဘာကြောင့် ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဟိုတယ်ကို ထိန်းချုပ်နိုင်ရတာလဲ။
အဘယ်ကြောင့်ဆိုသော် ထိုစည်းမျဉ်းများကို ဖန်တီးခဲ့သူမှာ သူ၏ ဝိညာဉ်အတွင်း၌ ရှိနေသောကြောင့်ပင်။
ဖြားယောင်းသွေးဆောင်ခြင်း...
နတ်ဆိုး ကတ်ပြားက ရဲချီယန်၏ ပတ်လည်တွင် လှည့်ပတ်သွားလေ၏။
မာနတရား...
ကတ်ပြား အစီအစဉ် နှစ်ခုက ရောယှက်ပေါင်းစပ်သွားချေပြီ။
ထိုရတနာသေတ္တာနှင့် ၎င်းအတွင်းရှိ တက်ဘလက် ကွန်ပျူတာကို သယ်ဆောင်လျက် ရဲချီယန်က စောင့်ကြည့်ရေးစက်များဖြင့် ပြည့်နှက်နေသော ဒုတိယထပ်ရှိ အခန်းဆီသို့ ပြန်လာခဲ့သည်။
ဖန်သားပြင်များရှေ့တွင် ထိုင်နေသော အန်းယွမ်ခွေကို မြင်လိုက်ရချိန်တွင် သူက အခန်းထဲသို့ ဝင်သွားလိုက်ကာ ဖြားယောင်းသွေးဆောင်ခြင်း၏ အသံနှင့် သူ၏ မေးခွန်းတို့က ရောယှက်ပေါင်းစပ်သွားလေ၏။
"မင်းက ဘယ်သူလဲ"
အန်းယွမ်ခွေမှာ အနည်းငယ် တုန်ရီသွားလေတော့သည်။