အခန်း (၂၁၉-၂၂၀)
Vol. 21 Ch. 219-210
အခန်း (၂၁၉) ပိတ်လှောင်ခံလိုက်ရပြီ
ညအချိန်က တိတ်ဆိတ်စွာ ကုန်လွန်သွားလေ၏။
နောက်တစ်နေ့နံနက်တွင် ရဲချီယန်က ဖုန်းဖုန်း ကုန်တိုက် သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပေသည်။
အစားအသောက် ပွဲတော်က ဆက်လက် ကျင်းပနေဆဲပင် ဖြစ်၏။
မနေ့ညက အစိမ်းရောင် အရည်များအဖြစ် ပြောင်းလဲသွားသည်ကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသော လူများက ယနေ့တွင်လည်း ဤနေရာ၌ ရှိနေကြဆဲပင်။
သူက ဤလူများကို နောက်တစ်ကြိမ် သွားရောက်ထိတွေ့လိုက်လေသည်။
စနစ်၏ အကဲဖြတ် အလင်းမျက်နှာပြင်က အောက်ပါ အချက်အလက်များကိုသာ ပြသနေဆဲ ဖြစ်၏။
"မျိုးစိတ် - လူသား"
"ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်သလဲ။ ပြီးတော့ သူတို့က မနေ့ညက ဘာဖြစ်ခဲ့တယ်ဆိုတာကို လုံးဝ မမှတ်မိတော့ဘူးလား"
ရဲချီယန်က ပြီးခဲ့သည့်ညက စေးပျစ်သော အရည်များအဖြစ် ပြောင်းလဲသွားခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသူတစ်ဦးအား ရှာဖွေလိုက်ကာ ဖြားယောင်းသွေးဆောင်ခြင်းကို အသုံးပြု၍ မေးမြန်းလိုက်လေ၏။
သူရရှိခဲ့သော အဖြေမှာလည်း ကွာခြားမှု မရှိခဲ့ချေ။
သူတို့က အိမ်ပြန်အိပ်ခဲ့ကြပြီး အလွန်အမင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့ကြသည်ဟုသာ ဖြေဆိုကြလေသည်။
သူ ဆက်စောင့်နေသင့်သလား။
အခြေအနေက အရင်တိုင်းပင် ဖြစ်ကာ သူက အလောတကြီး မဖြစ်နေချေ။
သို့သော်လည်း သေချာ ပြန်စဉ်းစားကြည့်ပြီးနောက်...
"ဆက်စောင့်နေစရာ မလိုတော့ဘူး"
အဘယ်ကြောင့်ဆိုသော် သူ၏ဘေးရှိ ရထားကို စောင့်ကြည့်ရန် အသုံးပြုသော အတုအယောင် စောင့်ကြည့်ရေးစက်၏ ဖန်သားပြင်ထက်တွင်...
စက်ရုပ်ငယ်လေး ဝေါလီက ရထားဆီသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
၎င်း၏ လက်များမှာ ဗလာဖြစ်နေလေ၏။
ဆိုလိုသည်မှာ ၎င်းက ရတနာတစ်ခုကို ရှာတွေ့ခဲ့သော်လည်း ပြန်သယ်လာ၍ မရနိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။
ဤမှတ်တိုင်တွင် ရှိနေသော ထိုနတ်ဆိုး ကတ်ပြားများ ဖြစ်နေမလား။
ဤအတွေးဖြင့် ရဲချီယန်က သူ၏လက်ထဲရှိ နို့စိမ်းခဲဖျော်ရည်ကို ချထားလိုက်ကာ လီဆက်ကို ခေါ်ဆောင်လျက် ကုန်တိုက်ထဲမှ ထွက်ခွာရန် ပြင်လိုက်လေ၏။
သို့သော်လည်း သူတို့ တံခါးဝသို့ပင် မရောက်ရှိသေးမီ...
တစ်နေ့လုံး မတွေ့ခဲ့ရသော မိန်းကလေးငယ် ဖုန်းဖုန်းက တစ်နေရာရာမှ ရုတ်တရက် ပြေးလာပေသည်။
"အို... အစ်ကိုကြီးနဲ့ အစ်မကြီး၊ ငါတို့ ထပ်တွေ့ပြန်ပြီနော်။ ဘယ်သွားကြမလို့လဲ"
ရဲချီယန်က ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်လေ၏။
အပေါ်ဘက်ရှိ စောင့်ကြည့်ရေး ကင်မရာများက သူတို့ကို စိုက်ကြည့်နေကြပေသည်။
သူက ပြုံးလျက် လက်ကို ဆန့်ထုတ်ကာ မိန်းကလေးငယ်၏ ခေါင်းပေါ်သို့ တင်လိုက်ပြီး ညင်သာစွာ နှစ်ချက်ခန့် ပွတ်သပ်ပေးလိုက်၏။
"ကားထဲက ဂက်စ်မီးဖိုကို ပိတ်ဖို့ မေ့လာခဲ့တယ်ဆိုတာ ရုတ်တရက် သတိရသွားလို့၊ အဲဒါ ပြန်သွားပိတ်မလို့။ ညီမလေး၊ ငါတို့နဲ့ အတူတူ လိုက်ခဲ့မလား"
စနစ်၏ မျက်နှာပြင်ထက်တွင် တစ်ဖက်လူ၏ အချက်အလက်များက ပေါ်လာလေ၏။
"အမည် - ဖုန်းဖုန်း"
"မျိုးစိတ် - လူသား"
လူသားလား။
ဤမှတ်တိုင်တွင် လူသားမဟုတ်သော တည်ရှိမှုများ ရှိနေတာများလား။
ရဲချီယန်က လက်ကို ရုပ်သိမ်းလိုက်ရာ မိန်းကလေးငယ် ဖုန်းဖုန်းက ရယ်မောလိုက်လေ၏။
"မလိုက်တော့ပါဘူး၊ ဖုန်းဖုန်းက အစ်ကိုကြီးနဲ့ အစ်မကြီးတို့ကို အခုချက်ချင်း မထွက်သွားပါနဲ့အုံးလို့ ပြောချင်လို့ပါ။ ဒီမှာ မစားရသေးတဲ့ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ရှိသေးတယ်လေ။ ဒါပေမဲ့..."
"ထွက်သွားမယ်ဆိုရင်လည်း မြန်မြန်ထွက်သွားလိုက်ပါ"
ဖုန်းဖုန်း၏ မျက်နှာအမူအရာက ချက်ချင်းပင် ရုတ်တရက် ပြောင်းလဲသွားကာ ထိုစကားလုံးများ၏ အမြန်နှုန်းနှင့် တီးတိုးသံမှာ အလွန်တရာ တိုးဖျော့လွန်းလှသဖြင့် ရဲချီယန်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများသာ ကိုယ်ခံစွမ်းအား အဆင့်မြှင့်တင်မှုများကြောင့် ကြီးမားစွာ တိုးတက်မနေခဲ့ပါက သူမ၏ အသံကို သူ အမှန်တကယ် ကြားနိုင်မည် မဟုတ်ချေ။
"ဟီးဟီး... အစ်ကိုကြီး၊ အစ်မကြီး၊ နောက်မှ တွေ့ကြမယ်နော်။ ပြန်လာခဲ့မယ်မလား"
"သေချာပေါက်ပေါ့"
သူက ဘာလို့ ပြန်မလာရမှာလဲ။
သူ လိုချင်သော ရတနာများက ထိုနတ်ဆိုး ကတ်ပြား တစ်ခုတည်းတင် မဟုတ်ချေ။
ဤကုန်တိုက်၏ လျှို့ဝှက်ချက်များနှင့် အမည်မသိ တာဝန်များကိုလည်း သူ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်လေသည်။
ရဲချီယန်နှင့် လီဆက်တို့ ကုန်တိုက်ထဲမှ ထွက်သွားပြီးနောက်...
ဖုန်းဖုန်းက တံခါးဝတွင် ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် သူမ၏ ခေါင်းပေါ်ရှိ စောင့်ကြည့်ရေး ကင်မရာကို ပျော်ရွှင်စွာ မော့ကြည့်လိုက်ပြီးနောက် ပြောင်စပ်စပ် မျက်နှာပေးတစ်ခု လုပ်ပြလိုက်လေ၏။
"ဦးလေးကြီး... အစ်ကိုကြီးနဲ့ အစ်မကြီးတို့ ထွက်သွားကြပြီနော်။ သူတို့ကို ပြန်ခေါ်လာဖို့ လူတွေ လွှတ်လိုက်တော့မလား။ ဘာပဲဖြစ်ဖြစ် အစားအသောက် ပွဲတော်က မပြီးသေးဘူးလေ"
စတုတ္ထထပ် ရုံးခန်း။
အမျိုးသားက ကြက်ကြော် ကိတ်မုန့် သေတ္တာတစ်လုံးကို အတင်းအဓမ္မ စားသောက်နေလေ၏။
စောင့်ကြည့်ရေး ကင်မရာမှတစ်ဆင့် ပို့လွှတ်နေသော မြင်ကွင်းကို ကြည့်ရင်း သူက မျက်မှောင်ကြုတ်လိုက်ပေသည်။
လွန်ခဲ့သော အခိုက်အတန့်လေးကမှ စောင့်ကြည့်ရေး ကင်မရာမှာ ရုတ်တရက် အနည်းငယ် တုန်ခါသွားခဲ့လေ၏။
"ဟွန့်၊ ထွက်သွားဖို့ ကြိုးစားနေတာလား။ နောက်ကျသွားပြီ"
"ဒီကုန်တိုက်ထဲကို ဝင်လာခဲ့ပြီးပြီဆိုရင် ခြွင်းချက်မရှိ အားလုံးက သူ့ရဲ့ အစားအစာ ဖြစ်ရဖို့ သတ်မှတ်ခံရပြီးသားပဲ"
သူက တံခါးကို တွန်းဖွင့်လိုက်လေသည်။
ရုံးခန်းအပြင်ဘက်မှာ အံ့ဩစရာကောင်းစွာပင် ရထားခေါင်းတွဲများဖြင့် တည်ဆောက်ထားသော ကျင်းကွမ်း (ရန်သူများ၏ ခေါင်းများကို စုပုံထားသော တောင်ပို့) ရှိရာ နေရာဖြစ်နေပေ၏။
ရထားခေါင်းတွဲ အားလုံးတွင် နံပါတ်များ ရှိကြသည်။
အသစ်ဆုံး နံပါတ်မှာ "၉၈" ဖြစ်လေ၏။
ထို့အပြင် အပေါ်ဆုံးထိပ်တွင်မူ ပိုမိုပြည့်စုံသော အမှတ် ၁၀၀ ရထားခေါင်းတွဲ ရှိနှင့်နေပြီဖြစ်ရာ တစ်မှ တစ်ရာအထိ နံပါတ်များအနက် ကိုးဆယ့်ကိုး သာ လိုတော့ကြောင်း ဆိုလိုခြင်းပင်။
"ဒီလူငယ်လေးက သူ့ရဲ့ နောက်ဆုံး အစားအစာ ဖြစ်လာလိမ့်မယ်။ ပြီးရင် နတ်ဆိုးရဲ့ စွမ်းအားတွေ လုံးဝ ငါ့အပိုင် ဖြစ်လာတော့မှာပဲ"
အမျိုးသားက ရူးသွပ်စွာ ရယ်မောနေလေတော့သည်။
ရထားဆီသို့ ပြန်သွားရာလမ်းတွင် မည်သည့် အတားအဆီးမျှ မရှိခဲ့ချေ။
အစားအသောက် ပွဲတော်နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်သော လက်ကမ်းစာစောင်များကို သူ၏လက်ထဲသို့ လာပေးရန် ကြိုးစားနေသည့် ဈေးသည် အချို့မှလွဲ၍ မည်သူကမျှ သူတို့ကို အထူးတလည် အာရုံမစိုက်ကြပေ။
အကြောက်အလန့် မရှိဘူးလား။
သူတို့က ရဲချီယန် လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေကြတာလား၊ ဒါမှမဟုတ်...
ဒီနေရာက သူတို့ ထွက်သွားမှာကို လုံးဝ စိုးရိမ်မနေတာများလား။
မြို့လေး၏ ကောင်းကင်ယံမှာ ညဘက်နှင့် မည်သို့မျှ ကွာခြားခြင်းမရှိသလို ရထားဆီသို့ ပြန်သွားရာလမ်းတွင် သူတို့ ထွက်ခွာခြင်းကို တားဆီးမည့်သူ မည်သူမျှ မရှိဆဲပင် ဖြစ်လေသည်။
စနစ်၏ ဖော်ပြချက်အရ ယခုအခါ သူက မှတ်တိုင်မှ ထွက်ခွာရန် ရထားဒင်္ဂါး ၂၀ သုံးစွဲနိုင်ပြီ ဖြစ်၏။
ဒါပေမဲ့...
"သက်တမ်း ကုန်သွားပြီလား။ ထွက်သွားဖို့ ဒီလောက် မလွယ်ကူဘူးဆိုတာ ငါသိသားပဲ"
ထွက်ခွာရန် ရွေးချယ်စရာ နေရာရှိ အကြွေစေ့ထည့်၍ ထွက်ခွာရသော ခလုတ်မှာ မီးခိုးရောင် ပြောင်းသွားချေပြီ။
"စနစ်၊ ရှင်းပြစမ်း"
အလင်းမျက်နှာပြင် ပေါ်လာကာ စနစ်၏ အဖြေက ထွက်ပေါ်လာလေ၏။
"ရထားမောင်းနှင်သူ ရဲချီယန်သည် လက်ရှိတွင် ဤဘူတာရုံကမ္ဘာ၏ ပိတ်လှောင်ခြင်းကို ခံထားရသော အခြေအနေတွင် ရှိနေပါသည်။ မှတ်တိုင်မှ မထွက်ခွာမီ ပိတ်လှောင်မှုကို ရုပ်သိမ်းရန် သတ်မှတ်ချက်များကို ပြည့်မီအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မဟုတ် အချိန်အတိုင်းအတာ တစ်ခုအထိ ပုန်းကွယ်နေရမည် ဖြစ်ပါသည်"
ရဲချီယန်က ခေါင်းယမ်းလိုက်ကာ ဤကိစ္စအတွက် စိတ်ပူမနေတော့ချေ။
သူက ရထားရှေ့သို့ တိုက်ရိုက် လျှောက်သွားကာ တံခါးကို ဖွင့်လိုက်လေသည်။
မကြာမီကမှ ဤနေရာသို့ ပြန်ရောက်နေသော ဝေါလီက ချက်ချင်းပင် အပြင်သို့ ပြေးထွက်လာပေ၏။
၎င်းက ၎င်း၏ စက်ယန္တရား လက်သည်းများကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းပြနေကာ ကုန်တိုက်ရှိရာ အရပ်မျက်နှာဆီသို့ အကြိမ်ကြိမ် လက်ညှိုးထိုးပြနေလေသည်။
ထင်ရှားသည်မှာ ၎င်း ရှာတွေ့ခဲ့သော ရတနာက ထိုကုန်တိုက်အတွင်း၌ ရှိနေခြင်းပင် ဖြစ်၏။
"ကောင်းပါပြီ၊ ကောင်းပါပြီ... အရမ်း စိတ်လှုပ်ရှားမနေပါနဲ့။ ငါတို့ အခုပဲ ထွက်သွားကြတာပေါ့... ရတနာကို ရှာဖို့အတွက်လေ"
ဝေါလီ၏ ဦးဆောင်မှုအောက်တွင် မြို့လေးအတွင်း ဖြတ်သန်းကာ ကွေ့ကောက် သွားလာပြီးနောက် ရဲချီယန်က အလွန် မှောင်မိုက်နေသော မြေအောက် ကားပါကင် တစ်ခု၏ အဝင်ဝသို့ ရောက်ရှိလာလေ၏။
မှောင်မိုက်နေသည်ဟု ခေါ်ဆိုရခြင်း၏ အကြောင်းရင်းမှာ အပေါ်ဘက်မှ ကြည့်လျှင် မြင်ကွင်းက တစ်မီတာထက် ပိုမို မမြင်ရသောကြောင့်ပင် ဖြစ်သည်။
ထို့အပြင် သူတို့ လက်ရှိ ရောက်ရှိနေသော နေရာတွင် မြို့ခံ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။
လောကကြီး၏ မေ့လျော့ခြင်း ခံထားရသော နေရာတစ်ခုနှင့်ပင် တူနေလေ၏။
ဒါပေမဲ့ ဤကဲ့သို့သော နေရာမျိုးမှာပဲ ဒီဘူတာရုံကမ္ဘာရဲ့ အဖိုးတန်ဆုံး ရတနာက ရှိနေတာလား။
"သွားကြစို့၊ ငါတို့ အောက်ကို ဆင်းမယ်"
သန့်စင်သော မြေစွဲကျောက်တုံးကို သူ၏ လက်ဖဝါး အလယ်တွင် ကိုင်ဆောင်ထားလိုက်ရာ ၎င်း၏ နူးညံ့သော အလင်းရောင်က ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ဖယ်ရှားပေးလိုက်လေ၏။
သူတို့က အောက်ဘက်သို့ ဆက်လက် ဆင်းလာခဲ့ကြသည်။
မြေအောက်နေရာတွင် ဖုန်များ ဖုံးလွှမ်းနေသော ကား အမြောက်အများကို တွေ့ရပေ၏။
ဖုန်များ၏ အထူကို ကြည့်ခြင်းအားဖြင့် ၎င်းတို့က ဤနေရာတွင် ရပ်နားထားသည်မှာ အနည်းဆုံး ဆယ်နှစ်ကျော်ပြီ ဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။
သူတို့က ရှေ့သို့ ဆက်လက် လျှောက်လာခဲ့ကြသည်။
ဤဦးတည်ရာက မြေပြင်အထက်ရှိ ဖုန်းဖုန်း ကုန်တိုက် သို့ သွားသော ဦးတည်ရာနှင့် လုံးဝ တစ်ထပ်တည်း ကျနေလေ၏။
လီဆက်က ရဲချီယန်အတွက် အကွာအဝေးကို တွက်ချက်ပေးနေပေသည်။
ဖုန်းဖုန်း ကုန်တိုက် ၏ အောက်ဘက်တည့်တည့်သို့ ရောက်ရှိသွားချိန်တွင် သူမက ရဲချီယန်၏ ပခုံးကို ပုတ်လိုက်လေ၏။
"ဆိုတော့... ဒါက လမ်းဆုံလမ်းခွက ဒုတိယ ရွေးချယ်စရာပေါ့"
"ဒါက တကယ်ကို..."
ဖုန်းဖုန်း ကုန်တိုက် ၏ အောက်ဘက်တည့်တည့်တွင် တည်ရှိနေပေသည်။
ဤနေရာလွတ်အတွင်း၌။
ရထား တစ်စင်းတည်းသာ ဝင်ဆံ့နိုင်သော မြေအောက်ရထား ဘူတာရုံ ပလက်ဖောင်းတစ်ခု ရှိနေလေ၏။
"ငါတို့ အထဲကို ဆက်ဝင်သွားဖို့ လိုသေးလား"
ဝေါလီက သူ၏ ဘောင်းဘီစကို ညင်သာစွာ ဆွဲလိုက်လေသည်။
၎င်းက ပလက်ဖောင်း၏ ပိုမိုနက်ရှိုင်းသော နေရာတစ်ခုဆီသို့ လက်ညှိုးထိုးပြလာ၏။ ထိုနေရာတွင် ၎င်း အရင်က ဖွင့်ခဲ့ဟန်တူသော သံတံခါးတစ်ပေါက် ရှိနေပေသည်။
သို့သော် ရဲချီယန် ရှေ့သို့ ဆက်မလျှောက်ရသေးမီမှာပင်။
ထိုသံတံခါး အတွင်းမှ မံမီ မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ပိန်ချုံးနေသော ရှေးဟောင်း ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာလေ၏။
"ဆာတယ်... ဆာတယ်..."
အခန်း (၂၂၀) မြေအောက်ကမ္ဘာ၏ ခြောက်သွေ့နေသောလူ
"ဖုတ်ကောင်လား။ ထားလိုက်ပါတော့၊ လီဆက်၊ သူ့ကို ရှင်းပစ်လိုက်"
ရဲချီယန်က သိပ်ပြီး စဉ်းစားမနေဘဲ လီဆက်ကို လှုပ်ရှားရန် အမိန့်ပေးလိုက်လေ၏။
လီဆက်၏ နောက်ကျောရှိ စက္ကန့်လက်တံက မံမီ၏ ခေါင်းကို ဖြတ်တောက်ရန် ပြင်လိုက်ချိန်မှာပင်။
ထိုမံမီက တကယ်ပင် ထိတ်လန့်နေသော အမူအရာကို ပြသလာကာ ၎င်း၏ ပါးစပ်မှ အက်ကွဲနေသော အသံဖြင့် သနားညှာတာရန် တောင်းပန်လာသည်ကို သူတို့ မြင်တွေ့လိုက်ရပေသည်။
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။ ကျွန်တော့်ကို မသတ်ပါနဲ့..."
"နေအုံး"
ရဲချီယန်က လီဆက်၏ လက်ကို ဖိချလိုက်ပြီး ဤမံမီကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်လေ၏။
စကားပြောနိုင်တဲ့ အလောင်းလား။
မဟုတ်ဘူး၊ စကားပြောနိုင်တဲ့ အလောင်းဆိုတာက သိပ်တော့ အံ့ဩစရာ မဟုတ်ပါဘူး။
တကယ် အံ့ဩစရာကောင်းတာက ဒီအရာက အလောင်းတစ်လောင်းနဲ့ မတူဘူး ဖြစ်နေတာပဲ။
ဒါပေမဲ့... အသက်ရှင်နေတဲ့ လူတစ်ယောက်လား။
ကိုယ့်ကိုယ်ကိုယ် မံမီတစ်ကောင်လို ဖြစ်အောင် လုပ်ထားတဲ့ အသက်ရှင်နေတဲ့ လူတစ်ယောက်ပေါ့။
သေချာ ပြန်စဉ်းစားကြည့်လျှင် စောစောက ၎င်းပြုလုပ်ခဲ့သော အသံမှာ အလောင်းတစ်လောင်း၏ ညည်းတွားသံ မဟုတ်ဘဲ... ဆာလောင်နေတဲ့ အသံလား။
"မင်းက ဘာကြီးလဲ"
"မံမီ"— မဟုတ်ဘူး၊ ခြောက်သွေ့နေတဲ့ လူက သူ့ခေါင်းကို အဆက်မပြတ် ခါယမ်းနေကာ သူ၏ ရူးသွပ်နေသော လှုပ်ရှားမှုများကြောင့် သူ၏ ဦးနှောက်က လည်ပင်းမှ အချိန်မရွေး လွင့်စင်ထွက်သွားတော့မည့်အလား ထင်မှတ်ရလေ၏။
"ကျွန်တော်... ကျွန်တော်က... ရထားမောင်းနှင်သူ တစ်ယောက်ပါ"
"ကျွန်တော်... ကျွန်တော် အရမ်း ဆာနေပြီ..."
ဆာတယ် ဟုတ်လား။
ရဲချီယန်က ကျောပိုးအိတ်ထဲမှ မုန်လာဥနီ တစ်ဥကို ထုတ်ယူလိုက်ကာ ခြောက်သွေ့နေသော လူ၏ ပါးစပ်ထဲရှိ ကျန်ရှိနေသေးသော သွားအနည်းငယ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ၎င်းကို ထုပ်ပိုးထားသော ကိတ်မုန့်တစ်ခုနှင့် တိတ်တဆိတ် လဲလှယ်လိုက်လေ၏။
သို့သော် ခြောက်သွေ့နေသော လူက ကိတ်မုန့်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဆိုးရွားသော မှတ်ဉာဏ်အချို့ကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားကာ အလောတကြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပေသည်။
"ဟင့်အင်း၊ ဟင့်အင်း၊ ကျွန်တော် မစားဘူး၊ ကိတ်မုန့် မစားဘူး။ ကိတ်မုန့်ကို လုံးဝ မစားချင်ဘူး"
"ဒါဆို ဘာစားမလဲ။ ငါ့ဆီမှာ ဒါနဲ့ မုန်လာဥနီပဲ ရှိတယ်"
"ကျွန်တော်... မုန်လာဥနီပဲ လိုချင်တယ်..."
"..."
တစ်ဖက်လူက ကျန်ရှိနေသေးသော သူ၏ သွားအနည်းငယ်ဖြင့် မုန်လာဥနီ၏ အစိတ်အပိုင်းများကို အသည်းအသန် ကိုက်ဖြတ်ကာ မြိုချနေသည်ကို ကြည့်ရင်း ရဲချီယန်၏ အကြည့်များက သူ၏အနောက်ရှိ သံတံခါးကြီးဆီသို့ ရောက်ရှိသွားလေ၏။
ထိုအနောက်ဘက်တွင် မြေအောက် ရေလမ်းကြောင်းဆီသို့ သွားသော လမ်းကြောင်းတစ်ခု ရှိနေပုံရပေသည်။
အတွင်းမှ စီးဆင်းနေသော ရေသံသဲ့သဲ့ကို ကြားနေရလေ၏။
ဟင်။
နေပါအုံး။
အဲဒါ ရေသံ မဟုတ်ဘူး။
အဲဒီအသံက မနေ့ညက ငါတွေ့ခဲ့တဲ့ လူတွေဆီကနေ စီးဆင်းသွားတဲ့ စေးပျစ်တဲ့ အရည်တွေရဲ့ အသံနဲ့ ပိုတူနေတယ်။
ဆိုတော့... အဲဒီအနောက်ဘက်က မြေပြင်အထက်ကနေ စေးပျစ်တဲ့ အရည်တွေ စီးဝင်လာတဲ့ နေရာများလား။
"အဟွတ်... အဟွတ်..."
မုန်လာဥနီ အနည်းငယ် စားပြီးနောက် ခြောက်သွေ့နေသော လူ၏ ခန္ဓာကိုယ်မှာ အံ့ဩစရာကောင်းလောက်အောင် သိပ်ပြီး ဆိုးရွားမနေတော့သကဲ့သို့ ထင်မှတ်ရလေ၏။
အနည်းဆုံးတော့ သူ၏ အသံက အနည်းငယ် ပို၍ ကြည်လင်လာပေသည်။
ရဲချီယန်က သူ့ရှေ့တွင် ရေတစ်ဘူး ချထားပေးလိုက်သည်။
"သောက်လိုက်"
"ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော် သောက်လို့ မရဘူး... ရေသောက်လို့ မရဘူး။ ကျွန်တော် ထပ်ပြီး အစားခံရလိမ့်မယ်။ အဲဒါ... အဲဒါက... အရည်ရွှမ်းတဲ့ အရာတွေကို အကြိုက်ဆုံးပဲ..."
အဲဒါလား။
အဲဒါက ဘာကြီးလဲ။
ရဲချီယန် မေးပင် မမေးရသေးမီ။
ရုတ်တရက်။
သံတံခါး အနောက်ဘက်မှ ရှုပ်ထွေးနေသော ခြေသံများကို သူ ကြားလိုက်ရလေ၏။
ဤခြေသံများက လေထဲမှ အလိုအလျောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အရင်က လုံးဝ မရှိခဲ့ချေ။
ဝုန်း——
သံတံခါးကြီးမှာ အကြမ်းပတမ်း တွန်းဖွင့်ခံလိုက်ရလေ၏။
ထိုနေရာမှ အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံများကို သပ်ရပ်စွာ ဝတ်ဆင်ထားသော ရဲအရာရှိ အများအပြား ထွက်ပေါ်လာကြသည်။ သူတို့က သေနတ်များကို ကိုင်ဆောင်ထားကာ တုံ့ဆိုင်းနေခြင်းမရှိဘဲ ရဲချီယန်နှင့် ခြောက်သွေ့နေသော လူထံသို့ ပစ်ခတ်လာကြတော့သည်။
"နောက်ဆုံးတော့ သူတို့ စတင်လှုပ်ရှားလာပြီပေါ့လေ"
ကိုယ်ကို ကိုင်းညွတ်လိုက်ကာ ထိတ်လန့်နေသော ဝေါလီကို ပွတ်သပ်ပေးလိုက်လေ၏။
လွင့်မျောကြယ် သန့်စင်သော အမှတ်အသားက ရဲချီယန်၏ ခန္ဓာကိုယ် ပတ်လည်တွင် ပေါ်ထွက်လာပေသည်။
ကျည်ဆန်များ အားလုံးက အပြင်ဘက်တွင် တားဆီးခံလိုက်ရ၏။
သူက ရှေ့မှောက်ရှိ ရဲအရာရှိများကို စိုက်ကြည့်လိုက်ကာ သူ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားလေသည်။
ဤရဲအရာရှိများက လူသားများ ဖြစ်ကြ၏။
သို့သော် လုံးလုံးလျားလျားတော့ မဟုတ်ချေ။
သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ စေးပျစ်သော အရည်အခြေအနေမှ လူသား၏ အသားနှင့်သွေး အခြေအနေသို့ အသွင်ပြောင်းလဲမှု မပြီးဆုံးသေးပေ။
ဒါဆို အထက်က မြို့ထဲမှာရှိတဲ့ လူတွေ အပါအဝင်ပေါ့။
သူတို့အားလုံးက ဒီစေးပျစ်တဲ့ အရည်ကနေ အသွင်ပြောင်းထားကြတာလား။
"လီဆက်"
အမိန့်ပေးလိုက်လေပြီ။
နာရီ၊ မိနစ်၊ စက္ကန့်။
လက်နက်များ ပေါ်ထွက်လာကြ၏။
စက္ကန့်လက်တံက လည်ပတ်သွားကာ ဤရဲအရာရှိများ၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားသော အပ်ပုံစံ ကျည်ဆန်များကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်လေသည်။
မိနစ်လက်တံက လည်ပတ်သွားကာ ခရုပတ်ပုံစံ ချွန်ထက်သော ဆူးချွန်များက ဒါမိုကလီးစ် ဓားများကဲ့သို့ သူတို့၏ ခေါင်းပေါ်တွင် လွင့်မျောနေပြီး အမြင့်မှနေ၍ သူတို့ကို နှစ်ပိုင်းပိုင်းရန် ကျဆင်းလာပေ၏။
နောက်ဆုံးတွင် နာရီလက်တံက လည်ပတ်သွားလေသည်။ မိနစ်နှင့် စက္ကန့် လက်တံများဖြင့် အသတ်ခံရသူ အားလုံး၏ အလောင်းများမှာ စတင်အိုမင်းလာကာ ရူးသွပ်စွာ ပြိုကွဲသွားပြီး နောက်ဆုံးတွင် သန့်ရှင်းသော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ ဘာမှမရှိသော လေဟာနယ်အတွင်းသို့ လွင့်စင်ပျောက်ကွယ်သွားကြလေတော့သည်။
ဤသည်မှာ လီဆက်၏ တိုက်ခိုက်ရေးပုံစံများကို ရဲချီယန် ပထမဆုံးအကြိမ် တရားဝင် မြင်တွေ့ရခြင်းပင် ဖြစ်လေ၏။
အဲဒီတုန်းက သူမရဲ့ လျှပ်စီးလှံရှည်က လီဆက်ရဲ့ ဒီမွေးရာပါ ဆူးချွန်ထက် အများကြီး အားနည်းတယ်လို့ အီဗ် ခံစားခဲ့ရတာ မဆန်းပါဘူး။
ဒီဆူးချွန်က အဆင့်မရှိဘူး ဆိုပေမယ့် သူ့ရဲ့ စွမ်းရည်ကတော့ တကယ်ကို အစွမ်းထက်တာပဲ။
ရန်သူအားလုံး ရှင်းလင်းသွားချေပြီ။
ထိုသံတံခါး နောက်ကွယ်ရှိ မြင်ကွင်းက သူ၏ မျက်စိရှေ့တွင် အပြည့်အဝ ပေါ်ထွက်လာလေ၏။
"ရေဆိုးပိုက် ဆုံရာလမ်းလား။ ဒါတွေက..."
အစိမ်းရောင် စေးပျစ်သော အရည်များက မြေအောက်မြစ်ကို ဖုံးလွှမ်းထားပေသည်။
ထိုစေးပျစ်သော အရည်များထဲတွင် လူသားပုံရိပ် တစ်ခုပြီးတစ်ခု၏ မှုန်ဝါးဝါး ကောက်ကြောင်းများကို မြင်တွေ့နိုင်လေ၏။
"ဟင်"
မည်သည့် အကြောင်းကြောင့်မှန်းမသိ ရဲချီယန်က ခေတ္တမျှ ဆာလောင်မှုကို ခံစားလိုက်ရသော်လည်း ထိုခံစားချက်က လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။
စနစ်၏ အလင်းမျက်နှာပြင်ကို ဆွဲဖွင့်လိုက်ရာ သူ၏ အခြေအနေပြဘားတွင် ဆိုးကျိုးသက်ရောက်မှု အသစ်တစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။
[အဆုံးမဲ့ ဆာလောင်မှု]
[အစားအသောက်ကို တပ်မက်ခြင်း (အကျိုးသက်ရောက်မှု မရှိပါ)]
[အရည်ကို တပ်မက်ခြင်း (အကျိုးသက်ရောက်မှု မရှိပါ)]
[ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားမည်ဆိုလျှင်ပင် အရာအားလုံးကို မြိုချလိုသော တပ်မက်မှု (အကျိုးသက်ရောက်မှု မရှိပါ)]
စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများက သူ့အတွက် အသုံးမဝင်ချေ။
ဤအချက်ကို လီဆက်အပေါ်တွင်လည်း ထင်ဟပ်နေလေ၏။
သို့သော် ခြောက်သွေ့နေသော လူမှာမူ ထိုမျှ ကံမကောင်းခဲ့ပေ။
သူက နာကျင်စွာဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ သူ၏လက်ထဲရှိ မုန်လာဥနီကို ရူးသွပ်စွာ ကိုက်ဖြတ်နေတော့သည်။
သို့သော် ဤကဲ့သို့ ရူးသွပ်စွာ ကိုက်ဖြတ်နေမှုကြောင့်ပင် သူ၏ ကျန်ရှိနေသေးသော သွားအနည်းငယ်မှာ မုန်လာဥနီထဲသို့ နစ်ဝင်သွားလေ၏။ သူက အတင်းအဓမ္မ ကိုက်ချရန် ကြိုးစားလိုက်ချိန်တွင် ၎င်းတို့က အပိုင်းပိုင်း အစစ ကွဲကြေသွားတော့သည်။
"ဆာတယ်... ဆာတယ်"
ရူးသွားပြီလား။
ဒါမှမဟုတ် သူ့ရဲ့ စိတ်စွမ်းအားက အရေးကြီးတဲ့ အမှတ်တစ်ခုခုကို ရောက်သွားတာလား။
ရဲချီယန်က အီဘိုနီကို ဆွဲထုတ်လိုက်ကာ သူ့ကို လွတ်မြောက်ခွင့်ပေးရန် ပြင်လိုက်လေ၏။
ရုတ်တရက် ခြောက်သွေ့နေသော လူ၏ လှုပ်ရှားမှုများက ရပ်တန့်သွားပေသည်။
"မုန်... မုန်လာဥနီအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားက... ခင်ဗျားက ရထားမောင်းနှင်သူ တစ်ယောက်လား"
အသက်ကို လုရှူနေရင်း သူက လူသား စကားများကို ပြောလာလေ၏။
ခြောက်သွေ့နေသော လူ၏ အရောင်အသွေးမဲ့နေသော မျက်လုံးများထဲတွင် အလင်းရောင် အနည်းငယ်သာ ကျန်ရှိနေတော့သည်။
"မင်းက ဘယ်သူလဲ"
ရဲချီယန်က မေးလိုက်၏။
"ကျွန်တော်က ရထားမောင်းနှင်သူ တစ်ယောက်ပါ။ အနည်းဆုံးတော့ တစ်ချိန်တုန်းကပေါ့... ကျေးဇူးပြုပြီး ထွက်သွားပါ၊ အဲဒီထဲကို မဝင်ပါနဲ့။ အဲဒီမှာ... အဲဒီထဲမှာ နတ်ဆိုး တစ်ကောင် ရှိတယ်။ အဲဒါက အရာအားလုံးကို မြိုချလိမ့်မယ်။ အဲဒါက ခင်ဗျားကို... ခုနက လူတွေလို အခြေအနေမျိုး ဖြစ်သွားအောင် လုပ်လိမ့်မယ်"
"သွားတော့၊ ထွက်သွား။ မြန်မြန်၊ ခင်ဗျား ထွက်သွားမှ ရမယ်။ ကျွန်တော် တောင်းပန်ပါတယ်"
သူက နောက်တစ်ကြိမ် ရူးသွပ်သွားပုံရလေသည်။
ဒါပေမဲ့ နတ်ဆိုး ဟုတ်လား။
ရဲချီယန်၏ မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာပေ၏။
သူက ဘေးရှိ ဝေါလီ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"မင်း နေရာမှန်ကို ရှာတွေ့ခဲ့တာပဲ ဝေါလီ"
ဝေါလီက မျက်လုံးများကို ကွေးညွတ်လိုက်ကာ အလွန် ပျော်ရွှင်နေပုံရလေ၏။
၎င်းက ဘယ်တုန်းကမှ မမှားခဲ့ဖူးချေ။
ရဲချီယန်၏ လုံးဝ အကြောက်အလန့်မရှိသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ခြောက်သွေ့နေသော လူမှာ အလွန်အမင်း စိုးရိမ်ပူပန်လာလေတော့သည်။
တုန်ယင်လျက် သူက လက်ကို ဆန့်ထုတ်ကာ သူ၏ ဆင်းရဲဒုက္ခများ အားလုံးကို ပြောပြလာပေ၏။
ဇာတ်လမ်းက ရိုးရှင်းလှပေသည်။
ရည်မှန်းချက်ကြီးမားသော ရထားမောင်းနှင်သူ တစ်ဦးက ဤပလက်ဖောင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
သူက အစားအသောက် ပွဲတော်ဟု ခေါ်သော ပွဲတစ်ခုတွင် ပါဝင်ခဲ့၏။
ဤနေရာတွင် သူက ဆယ်ရက်တိုင်တိုင် နေ့ရောညပါ စားသောက်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် ဖောင်းကားကာ ကြီးထွားလာနေသည်ကို လုံးဝ သတိမထားမိခဲ့ချေ။
ထိုနေ့ ရောက်လာသည်အထိပင်။
အစားအသောက် ပွဲတော်ရှိ လူအားလုံးက လုံးဝ ပျောက်ကွယ်သွားခဲ့ကြလေ၏။
သူတို့၏ နေရာတွင် ကြောက်မက်ဖွယ် နတ်ဆိုးတစ်ကောင်က အစားထိုး ဝင်ရောက်လာခဲ့သည်။
ထိုနတ်ဆိုးက သူ့ကို ဖမ်းဆီးခဲ့၏။
ပြီးတော့ စေးပျစ်တဲ့ အရည်တွေထဲကို ပစ်ချလိုက်တယ်။
ထိုနေ့မှစ၍ သူ၏ ရထားမှာ ကုန်တိုက်၏ အပေါ်ဆုံးထိပ်ရှိ ကျင်းကွမ်း၏ အဖွဲ့ဝင်များထဲမှ တစ်ခု ဖြစ်လာခဲ့လေတော့သည်။
သူ ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နေရခြင်း၏ အကြောင်းရင်းမှာ သူ့ထံတွင် သေလုမြောပါး အခြေအနေမှ အသက်ရှင်နိုင်သည့် အထူးသဘာဝတစ်ခု— ပါရမီတစ်ခု— ရှိနေသောကြောင့်ပင် ဖြစ်လေ၏။ သူက ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့လျှင်တောင်မှ သူ၏ ခန္ဓာကိုယ်ရှိ ခါးဆစ်ရိုးများ လုံးဝ မကျိုးပဲ့သွားသရွေ့ အနည်းဆုံးသော နာကျင်မှု အခြေအနေဖြင့် သူ အသက်ရှင်နိုင်ပေသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ အပိုစွမ်းအင် အနည်းငယ်ကပင် ၎င်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ကို ကြောက်ရွံ့သဖြင့် သူ မစားရဲ၊ မသောက်ရဲခဲ့ချေ။
အချိန်မည်မျှ ကြာသွားမှန်းမသိဘဲ တွေဝေစွာဖြင့် ပုံမှန်အားဖြင့် လူသူကင်းမဲ့နေတတ်သော ဤနေရာတွင် သူ အပြန်ပြန်အလှန်လှန် သွားလာနေခဲ့လေ၏။ အခါအားလျော်စွာ အပြင်ဘက်ရှိ နေရာလွတ်ကို ကြည့်ရှုရန် မြေအောက်ရေမြောင်း အဖုံးများမှတစ်ဆင့် သူ ချောင်းကြည့်တတ်ပေသည်။ ထိုကျင်းကွမ်း မှာ အဆက်မပြတ် ပိုမိုမြင့်မားကာ ကြီးမားလာနေလေ၏။
ဆိုလိုသည်မှာ ရထားမောင်းနှင်သူ အများအပြား ၎င်း၏ အစားအစာ ဖြစ်သွားခဲ့ပြီဟု အဓိပ္ပာယ်ရပေသည်။
ခြောက်သွေ့နေသော လူမှာ အဆုံးမဲ့ အကြောက်တရားထဲသို့ နစ်မြုပ်သွားကာ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်က သူ၏ ရင်ထဲမှ ပျောက်ကွယ်သွားခဲ့ချေပြီ။
ယနေ့အထိပင်... အရင်တုန်းက သူဖြစ်ခဲ့ဖူးသလိုမျိုး ပြင်ပကမ္ဘာမှ ရောက်ရှိလာပြီး ရည်မှန်းချက်ကြီးကာ တက်ကြွနေသော ရဲချီယန်ကို သူ မြင်တွေ့ခဲ့ရလေ၏。
ရှင်းပြ၍မရနိုင်သော မီးတောက်တစ်ခုက သူ၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာမှ တောက်လောင်လာပေသည်။ ဤမှတ်တိုင်သို့ ရောက်လာသော ရထားမောင်းနှင်သူများ၏ ကံကြမ္မာကို အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထပ်မံကြုံတွေ့စေချင်တော့ချေ။
"သွားတော့၊ ထွက်သွား။ ခင်ဗျား လုံးဝ... လုံးဝကို ထွက်သွားမှ ရမယ်။ ပြေး ပြေးပါ တောင်းပန်ပါတယ်"