အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း။ ၁၁၉
သူသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိသည်။ အကယ်၍ ကောင်းကင်ဘုံလူသား နှစ်ဦးဆိုလျှင် သူ အနိုင်နိုင် ရင်ဆိုင်နိုင်မည် ဖြစ်သော်လည်း အကယ်၍ လေးဦးအထိ ရှိလာပြီး မှောင်ရိပ်ခိုနေသူများပါ ပေါင်းလိုက်လျှင်မူ သူ၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်သွားပေလိမ့်မည်။
"ရှမင်ယန်... မင်း ဒီကောင်လေးကို မကယ်နိုင်ဘူး ဘာလို့လဲဆိုတော့ ဒီကောင်ကို ငါ သတ်ကိုသတ်ရမှာမို့လို့ပဲ"
အဘိုးကြီးဝူသည် ကုယွမ်ကို ယုတ်မာသောအကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"ဒီကောင်လေးတင်မကဘူး။ မင်းနဲ့ မင်းရဲ့ ကျောက်စိမ်းအိုးမျှော်စင်ကိုပါ ငါ အလွတ်မပေးဘူး။ မင်းတို့အားလုံး သေရမယ်"
"ဘယ်လောက်တောင် ရဲတင်းတဲ့ စကားလဲ"
အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
"ကျောက်စိမ်းအိုးမျှော်စင်က ငါတို့ ဆေးဘုရင်တောင်တန်းရဲ့ ပိုင်ဆိုင်မှုပဲ။ ကုနတ်ဘုရားဂိုဏ်းနဲ့ ရှေးဦးနက်မှောင်ဂိုဏ်းတောင်မှ ဒီလောက်အထိ စကားကြီးစကားကျယ် မပြောရဲဘူး။ မင်းလို ကောင်းကင်ဘုံလူသား အဆင့်လေးက ငါတို့ ဆေးဘုရင်တောင်တန်းရဲ့ ပိုင်ဆိုင်မှုကို ဖျက်ဆီးမယ်လို့ ပြောရဲတယ်ပေါ့လေ"
လူတိုင်း အချင်းချင်း ကြည့်လိုက်ကြသော်လည်း ထိုအသံမှာ မည်သည့်နေရာမှ လာသည်ကို မသိကြပေ။ သို့သော် မျောက်ထိန်း မုန့်ဟုန်၊ စုရှောင်ယွဲ့၊ ရှမင်ယန်နှင့် အဘိုးကြီးဝူတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကဲ့သို့ ကောင်းကင်ဘုံလူသားများပင် ထိုအသံရှင် မည်သည့်နေရာတွင် ရှိနေသည်ကို အာရုံမခံနိုင်သောကြောင့်ပင်။
အထူးသဖြင့် ပြောကြားလိုက်သော စကားအရ ထိုသူသည် ဆေးဘုရင်တောင်တန်းမှ ဖြစ်ကြောင်း ထင်ရှားလှသည်။
ကုယွမ်သည် သူတို့၏ ဂိုဏ်းချုပ် ရှမင်ယန်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်ကို သတိပြုမိလိုက်သည်။
"ဒါဆိုရင်..."
သူ့စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိလာပြီးနောက် အပေါ်သို့ မော့ကြည့်လိုက်သည်။
ဂြီ...
မြင့်မားလှသော ကောင်းကင်ယံထက်မှ ကြည်လင်ပြတ်သားသော ကြိုးကြာဟိန်းသံတစ်သံ ပဲ့တင်ထပ်လာသည်။ ထိုအသံမှာ နားစည်ကွဲမတတ် ကျယ်လောင်လှပြီး လူတိုင်း၏ ကြွက်သားနှင့် အရိုးများကို တုန်ခါသွားစေနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါဝင်နေသည်။
ထို့နောက် ကောင်းကင်ယံထက်မှ နတ်ဘုရားကြိုးကြာတစ်ကောင် ပျံသန်းဆင်းသက်လာသည်။ ထိုကြိုးကြာမှာ ဆင်တစ်ကောင်ထက်ပင် ကြီးမားပြီး တစ်ကိုယ်လုံး ဆီးနှင်းကဲ့သို့ ဖြူဖွေးကာ တောင်ပံများမှာ ထက်မြက်သော ဓားများကဲ့သို့ ရှိနေသည်။ ဦးခေါင်းပေါ်ရှိ အနီရောင်အမောက်မှာ မီးတောက်ကဲ့သို့ ရဲရဲနီနေပြီး အလွန်ပင် ခန့်ညားထည်ဝါလှသည်။
အထူးသဖြင့် ၎င်းထုတ်လွှတ်နေသော အရှိန်အဝါမှာ ရောက်ရှိနေသူအားလုံးကို ဖိနှိပ်ထားသည်။ မုန့်ဟုန်နှင့် စုရှောင်ယွဲ့တို့ပင် ထိုဖိအားမှ ကင်းလွတ်ခွင့်မရပေ။
ကြိုးကြာ၏ ကျောပေါ်တွင် ငယ်ရွယ်ချောမောသော တာအိုပညာရှိတစ်ဦး ရပ်နေပြီး သူ၏ မျက်နှာမှာ အေးစက်တည်ငြိမ်ကာ အောက်ဘက်သို့ စူးရှစွာ ငုံ့ကြည့်နေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြိုးကြာကြီးမှာ လေပြင်းများ တိုက်ခတ်စေလျက် ဆင်းသက်လာခဲ့သည်။
ထိုလူငယ် တာအိုပညာရှိမှာ မြေပြင်သို့ မဆင်းသက်မီမှာပင် လူတိုင်း၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နတ်ဘုရားကြိုးကြာမှာ ကျောက်ခင်းလမ်းပေါ်သို့ အသာအယာ ဆင်းသက်လိုက်ပြီး ၎င်း၏ သံမဏိခြေသည်းများမှာ ကျောက်ပြားများထဲသို့ အလွယ်တကူ စိုက်ဝင်သွားသည်။ ၎င်းသည် ရှည်လျားသော နှုတ်သီးဖြင့် ဓားသွားသဖွယ် ဖြူဖွေးသော အမွေးအတောင်များကို အေးအေးလူလူ ရှင်းလင်းနေတော့သည်။
၎င်းသည် ဖြူဖွေးသော မျောက်ဝံကြီးကို ခပ်စိမ်းစိမ်း တစ်ချက်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
မျောက်ဝံကြီးမှာလည်း ယခင်ကကဲ့သို့ ရဲတင်းခြင်းမရှိတော့ဘဲ ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ တုန်လှုပ်ချောက်ချားကာ ကြောက်ရွံ့နေတော့သည်။
မုန့်ဟုန်မှာ နဖူးတွင် ချွေးစေးများ ပြန်လာပြီး အခြားသူကို အပြစ်မပြုမိစေရန် အိမ်ခေါင်မိုးပေါ်မှ အလျင်အမြန် ဆင်းလာခဲ့သည်။
စုရှောင်ယွဲ့သည်လည်း တိတ်တဆိတ် နောက်သို့ ဆုတ်ခွာသွားသည်။ အခြားတစ်ဖက်တွင်မူ အဘိုးကြီးဝူမှာ ကျောက်ရုပ်ကဲ့သို့ အေးခဲနေတော့သည်။
ဝေချွမ်းမှာမူ အခြေအနေ မဟန်သည်ကို သိသဖြင့် တိတ်တဆိတ် ထွက်ပြေးရန် ကြံစည်သော်လည်း ပေတစ်ရာပတ်လည်အတွင်း ဖုံးလွှမ်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် ဖိအားကြောင့် လှုပ်မရအောင် ဖြစ်နေရသည်။
"တပည့် ရှမင်ယန်... ကိုးယောက်မြောက် အကြီးအကဲကို ဂါရဝပြုပါတယ်"
ရှမင်ယန်သည် အလျင်အမြန် ရှေ့သို့တိုးကာ ထိုလူငယ်တာအိုပညာရှိကို အလွန်အမင်း ရိုသေစွာဖြင့် လက်အုပ်ချီ ဂါရဝပြုလိုက်သည်။ အဘိုးကြီးမိုနှင့် ကုယွမ်တို့သည်လည်း အလျင်အမြန်ပင် လိုက်လံ ဂါရဝပြုကြရသည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ဆေးဘုရင်တောင်တန်း၏ ကိုးယောက်မြောက် အကြီးအကဲ ဟယ်လင် စစ်မှန်သောဆရာကြီးပင်။
သူသည် ရွှေရောင်အမြုတေအဆင့်ရှိသော ကျင့်ကြံသူကြီး ဖြစ်ပြီး သာမန်လူသားဘဝမှမသေမျိုးအဆင့်သို့ ခြေလှမ်းလှမ်းနေသူ ဖြစ်သည်။
ရွှေရောင်အမြုတေ တာအိုဆိုသည်မှာ ကိုယ်၊ စိတ်၊ ဝိညာဉ် သုံးပါးပေါင်းစည်းကာ အသက်ဓာတ်ကို ရွှေရောင်အမြုတေအတွင်း ပိတ်လှောင်ထားခြင်းပင်။ ထိုသို့ဖြင့် မပျက်စီးနိုင်သော ရွှေရောင်သဘာဝကို ရရှိကာ အသက်တမ်းမှာ ရှစ်ရာမှ တစ်ထောင်အထိ ရှည်ကြာနိုင်ပြီး မြစ်များကို ဖြတ်တောက်ခြင်း တောင်များကို ရွှေ့ပြောင်းခြင်းနှင့် ပင်လယ်ကို ဖုံးလွှမ်းခြင်းစသည့် နတ်ဘုရားကျင့်စဉ်များကို တတ်မြောက်ထားသူ ဖြစ်သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ လူသားလောက၏ အမြင်တွင် သက်ရှိထင်ရှား နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
"ရှမင်ယန် ဟွန်း"
ဟယ်လင် ဆရာကြီးက ရှေ့တွင် ဦးညွှတ်နေသော ရှမင်ယန်ကို အေးစက်စွာ ကြည့်လိုက်သည်။
"မင်းက တော်တော်လေး ပါးနပ်တာပဲ။ ကောင်းကင်ဘုံလူသားနယ်ပယ် ရောက်တဲ့အထိ စောင့်ပြီးမှ နဂါးနီအမိန့်တော်ပြား ရတဲ့အကြောင်း ဂိုဏ်းကို အကြောင်းကြားတယ်ပေါ့။ အခုလည်း မင်း အဲဒါကို သန့်စင်ပြီးသွားပြီပဲ"
"မင်းက ဂိုဏ်းထဲက တစ်ယောက်ယောက်က အဲဒါကို လုယူသွားမှာ ကြောက်နေတာလား"
ဟယ်လင် ဆရာကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားကြောင့် တစ်ကမ္ဘာလုံး အေးခဲသွားသကဲ့သို့ ခံစားရပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီစွမ်းအင်များပင် ရပ်တန့်သွားသည်။ ရှမင်ယန်မှာ ပယင်းကျောက်ထဲတွင် ပိတ်မိနေသော ပိုးကောင်တစ်ကောင်ကဲ့သို့ လုံးဝ လှုပ်ရှား၍မရဘဲ အကူအညီမဲ့သော ခံစားချက်ကို ခံစားနေရတော့သည်။
နဖူးတွင် ချွေးစေးများ ပြန်လာကာ အသံမှာလည်း တုန်ရီနေတော့သည်။
"တပည့်... တပည့် မလုပ်ရဲပါဘူး"
"မလုပ်ရဲဘူး ဟုတ်လား ဟွန်း မင်း နဂါးနီအမိန့်တော်ပြားကို ရခဲ့တာက မင်းရဲ့ ကံတရားပဲ။ အဲဒီကနေ ကိုယ်ကျိုးအမြတ် တစ်ခုခုကို ရှာဖွေချင်တာကလည်း သဘာဝပါပဲ။ တစ်ဖက်က ကြည့်ရင်တော့ မင်းဘက်က မှန်တယ်လို့ ပြောလို့ရတာပေါ့"
ဟယ်လင် ဆရာကြီးသည် ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ တုန်လှုပ်နေကြသော ဘေးပတ်ဝန်းကျင်ရှိ လူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး "ဒါပေမဲ့ မင်းက အကျိုးအမြတ်ယူပြီး ငါကတော့ မင်းနောက်ကနေ လိုက်ရှင်းပေးနေရတယ်"
"တပည့်..."
ရှမင်ယန်က တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း ဟယ်လင် ဆရာကြီးက လက်မြှောက်ကာ တားဆီးလိုက်သည်။
"တော်ပြီ နောက်ဆုံးတော့လည်း ဂိုဏ်းက မင်းကြောင့် အကျိုးအမြတ် ရတာပဲ။ ဂိုဏ်းအတွက် ကြီးမားတဲ့ အမှုထမ်းမှုကို လုပ်ဆောင်ခဲ့တာဆိုတော့ မင်းကို ငါလည်း ဘာမှ ထပ်မပြောချင်တော့ဘူး"
ဤစကားကို ကြားလိုက်ရမှ ရှမင်ယန်မှာ သက်ပြင်းချနိုင်တော့သည်။
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ကုယွမ်မှာမူ ငြိမ်သက်စွာဖြင့် ဘာမျှမသိသည့်အလား ရိုးရိုးသားသားပင် ရပ်နေသည်။ သို့သော် ရှမင်ယန် တစ်ယောက် မြေးအဆင့်လောက်ရှိသူကဲ့သို့ အဆူခံနေရသည်ကို မြင်သောအခါ သူ ထူးဆန်းသလို ခံစားလိုက်ရသည်။
"ဒီဟယ်လင် ဆရာကြီးရဲ့ စိတ်အခြေအနေက အခုလောလောဆယ် သိပ်မကောင်းလှဘူးပဲ..."
"ဒါပေမဲ့ ဟယ်လင် ဆရာကြီး ပြောပုံအရဆိုရင် ရှမင်ယန်က နဂါးနီအမိန့်တော်ပြားကို ရထားတာ ကြာလှပြီပဲ။ ပြီးမှ ကောင်းကင်ဘုံလူသားနယ်ပယ်ကို တက်လှမ်းနိုင်မယ့် နည်းလမ်းကို ရှာဖွေတယ်။ အမိန့်တော်ပြားကို သန့်စင်တယ်၊ အဲဒီနောက်မှ ဂိုဏ်းကို အကြောင်းကြားတာပဲ"
"ဘာလို့လဲဆိုတော့ သူက ကောင်းကင်ဘုံလူသားအဆင့် ဖြစ်နေရင်တောင် ဒီရတနာကို မကာကွယ်နိုင်ဘူးလေ။ ဆေးဘုရင်တောင်တန်းက ကြားဝင်မှသာ သူက ဒီအမိန့်တော်ပြားကို ဆက်ပြီး ပိုင်ဆိုင်ခွင့်ရမယ်။ နတ်ဘုရားနန်းတော်ထဲကို ဝင်ခွင့်ရမယ်။ ဂိုဏ်းအတွက်လည်း အမှတ်ရမယ်။ ဒီနည်းနဲ့ အမိန့်တော်ပြား တစ်ခုတည်းကနေ အကျိုးကျေးဇူး နှစ်ခုကို ရအောင် ယူလိုက်တာပဲ"
ကုယွမ်က စိတ်ထဲတွင် ရေရွတ်မိသည်။
"ဒီ ရှမင်ယန်က တကယ့်ကို ကောက်ကျစ်ပြီး ပါးနပ်တဲ့သူပဲ"
ဤသို့ တွေးရင်း သူသည် ခန့်ညားလှသော နတ်ဘုရားကြိုးကြာကြီးကို တစ်ချက် ကြည့်လိုက်သည်
"ဒီကြိုးကြာကြီးရဲ့ ထူးကဲတဲ့ အသွင်အပြင်နဲ့ လျင်မြန်တဲ့ ဟန်ပန်ကို ကြည့်ရတာ ဝိညာဉ်ကောင်းကင်တိမ်တိုက်ကြိုးကြာ ဆိုတဲ့ ထူးဆန်းတဲ့ မျိုးနွယ်များ ဖြစ်နေမလား"
ကုယွမ်၏ အမြင်အရ ဖြူဖွေးသော မျောက်ဝံကြီးမှာ အလွန်ဉာဏ်ကောင်းပြီး သန်မာလှသည်။ သူ၏ ဝိညာဉ်သားရဲများဖြစ်သော အားဟွမ်၊ အမည်းလေး တို့ထက်ပင် မနိမ့်ကျပေ။ သို့သော် ယခုရှေ့တွင် ရှိနေသော ခန့်ညားထည်ဝါလှသည့် ဝိညာဉ်ကြိုးကြာကြီးနှင့် ယှဉ်လျှင်မူ သိသိသာသာ နိမ့်ကျနေသည်မှာ ထင်ရှားလှသည်။
ဟယ်လင် ဆရာကြီးကို ထည့်မတွက်လျှင်ပင် ဤကြိုးကြာကြီး တစ်ကောင်တည်းနှင့်တင် ဤနေရာရှိ လူအားလုံးကို တားဆီးနိုင်စွမ်း ရှိသည်။
ရှမင်ယန်ကို ဆူပူပြီးနောက် ဟယ်လင် ဆရာကြီးက အဘိုးကြီးဝူထံသို့ အကြည့်ကို လွှဲလိုက်သည်
"ကျောက်စိမ်းအိုးမျှော်စင်ကို ဖျက်ဆီးမယ်လို့ ပြောပြီး ငါ့ဆေးဘုရင်တောင်တန်းရဲ့ တပည့်တွေကို သတ်မယ်လို့ ပြောတဲ့သူက မင်းလား"
ဟယ်လင် ဆရာကြီး၏ အကြည့်မှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း အဘိုးကြီးဝူမှာမူ ထက်ရှသော နတ်ဘုရားဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ အသားများ တဆတ်ဆတ် တုန်လာတော့သည်။
သူ၏ ဆံပင်များမှာ ထောင်ထလာပြီး အရေပြားများမှာလည်း စိမ့်တက်သွားရတော့သည်။
အခန်း။ ၁၂၀
ဝူမျိုးနွယ် အဘိုးအိုသည် ငိုရခက်ရယ်ရခက် အမူအရာဖြင့် အတင်းပြုံးလိုက်ရပြီး မနေနိုင်ဘဲ ဆင်ခြေပေးကာ ရှင်းပြလိုက်သည်။
"စီနီယာ... ကျွန်တော်မျိုး ခေါင်းထဲ ရေဝင်သွားလို့ စကားတွေ လျှောက်ပြောမိတာပါ။ ဒီတစ်
ကြိမ်တော့ သနားပြီး ခွင့်လွှတ်ပေးစေချင်ပါတယ်..."
ယခုအချိန်တွင် သူသည် သူ့ကိုယ်သူ ပါးရိုက်ချင်စိတ်ပင် ပေါက်နေတော့သည်။
"အခြေအနေက ဒီလိုဖြစ်လာမယ်မှန်းသာ ကြိုသိခဲ့ရင် ငါ့မှာ သတ္တိ ဆယ်ဆမက ပိုနေရင်တောင် ဒီလိုစကားမျိုးကို ဘယ်တော့မှ ပြောရဲမှာ မဟုတ်ဘူး"
အခြားသူများမှာလည်း ဤမြင်ကွင်းကို မြင်တွေ့ရသည့်အခါ တစ်ခွန်းမျှ မဟရဲဘဲ တိတ်ဆိတ်စွာပင် စောင့်ကြည့်နေကြတော့သည်။
"လျှောက်ပြောမိတာ ဟုတ်လား"
ဟယ်လင် ဆရာကြီး၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း အသက်နှင့် သေခြင်းကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်သူတစ်ဦး၏ အေးစက်သော ဂုဏ်သရေများ ဖုံးလွှမ်းနေသည်။
"စကားလျှောက်ပြောရုံနဲ့တင် ဆေးဘုရင်တောင်တန်းရဲ့ တပည့်ကို သတ်ဖို့ ပြောရဲနေတာဆိုတော့ မင်းသာ နည်းနည်းလောက် ပိုပြီး သတိကောင်းနေရင် ဆေးဘုရင်တောင်တန်း တစ်ခုလုံးကိုတောင် ဖျက်ဆီးဖို့ ကြိုးစားတော့မှာ မဟုတ်လား"
"ဒီလိုဖြစ်နေမှတော့ မင်းလို အမှိုက်မျိုးက သေသွားတာပဲ ပိုကောင်းလိမ့်မယ်"
မဟန်တော့ဘူး။
ဤစကားကို ကြားလိုက်ရသည့်အခါ ဝူမျိုးနွယ် အဘိုးအိုမှာ ခေါင်းနဖူးမှ စိမ့်တက်သွားကာ အခြေအနေ အလွန်ဆိုးရွားနေပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် နောက်ထပ် စကားတစ်လုံးမျှ မဆိုတော့ဘဲ လှည့်၍ ထွက်ပြေးတော့သည်။
သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ကို လွှမ်းခြုံလိုက်ပြီး အပြာဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ အလွန်လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
"ထွက်ပြေးတဲ့ ပညာရပ်လား..."
ဟယ်လင် ဆရာကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း သူကိုယ်တိုင်မှာမူ တည်ငြိမ်စွာပင် ရပ်မြဲရပ်နေပြီး ထိုမြင်ကွင်းကို အေးအေးဆေးဆေး ကြည့်နေသည်။
သူကိုယ်တိုင် လိုက်လံ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပုံပင်။
ဂြီ...
သို့သော် သူ၏ အဖော်ဖြစ်သော နတ်ဘုရားကြိုးကြာကြီးမှာ ရှည်လျားသော ဟိန်းသံတစ်သံကို ထုတ်လွှတ်လိုက်ရာ ထိုအသံမှာ မိုင်ပေါင်းတစ်ရာအထိ ပဲ့တင်ထပ်သွားတော့သည်။
၎င်းသည် ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး တောင်ပံများကို ဖြန့်ကာ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် လေထဲတွင် ဝှေ့ယမ်းကာ ပျံသန်းသွားသည်။
ဝုန်း... ဝုန်း... ဝုန်း...
ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားပြီးနောက် ထိုနတ်ဘုရားကြိုးကြာမှာ ဝူမျိုးနွယ် အဘိုးအို ပြောင်းလဲထားသော အလင်းတန်းကို သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်မျိုးဖြင့် အမီလိုက်သွားတော့သည်။
ရွှမ်း... ရွှမ်း... ရွှမ်း...
၎င်းသည် တောင်ပံများကို ခတ်လိုက်ရာ ဓားသွားများသဖွယ် ထက်မြက်လှသော ဓားအရှိန်အဝါ ရာပေါင်းများစွာမှာ အတောင်ပံများကြားမှ ထွက်ပေါ်လာသည်။
၎င်းတို့မှာ ပျံသန်းနေသော ဓားမြှောင်များကဲ့သို့ အလင်းများ တဖျတ်ဖျတ် လက်ကာ ထွက်ပြေးနေသော အလင်းတန်းကို ထိုးဖောက်လိုက်တော့သည်။
ဤတိုက်ကွက်မှာ ဝူမျိုးနွယ် အဘိုးအိုက ကုယွမ်ကို တိုက်ခိုက်စဉ်က သုံးခဲ့သော တိုက်ကွက်
ထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဓားအလင်းတန်းများ ဖြတ်သန်းသွားသည်နှင့် ဝူမျိုးနွယ် အဘိုးအို၏ အလင်းတန်းမှာ အလွယ်တကူပင် အပိုင်းပိုင်းပြတ်တောက်ကာ ပေါက်ကွဲထွက်သွားတော့သည်။ ထိုစဉ်အတွင်းမှာပင် စူးရှပြီး တိုတောင်းလှသော အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။
နတ်ဘုရားကြိုးကြာကြီး ပြန်လည် ပျံသန်းလာသည့်အခါ ၎င်း၏ ရှည်လျားသော နှုတ်သီးတွင် ဝိညာဉ်အိတ်တစ်ခုကို ကိုက်ယူလာပြီး ဟယ်လင် ဆရာကြီး၏ လက်ထဲသို့ အရောက်ပေးအပ်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မုန့်ဟုန်၊ စုရှောင်ယွဲ့နှင့် ဝေချွမ်းတို့မှာ တစ်ကိုယ်လုံး တောင့်တင်းသွားကာ ဦးရေပြားများပင် ပေါက်ကွဲထွက်မတတ် ထိတ်လန့်သွားကြတော့သည်။
"ငါတို့နဲ့ အဆင့်တူတဲ့ ကောင်းကင်ဘုံလူသားနယ်ပယ်ကျင့်ကြံသူတစ်ယောက်က... ဒီလောက်အထိ အလွယ်တကူ အသတ်ခံလိုက်ရတာလား။
ဟယ်လင် ဆရာကြီးကိုယ်တိုင်တောင် လက်ဖျားနဲ့ မတို့လိုက်ရဘူး။ သူ မွေးထားတဲ့ ဝိညာဉ်သားရဲ တစ်ကောင်တည်းနဲ့တင် ကိစ္စပြတ်သွားတာပဲ"
ဟယ်လင် ဆရာကြီး၏ အကြည့်ကို မြင်လိုက်ရသည့်အခါ စုရှောင်ယွဲ့သည် ယခင်ကကဲ့သို့ ဆွဲဆောင်မှုရှိသော အမူအရာများကို ဖျောက်ဖျက်လိုက်ကာ ရိုသေစွာပင် ဦးညွှတ်လိုက်သည်။
"ဒီမိန်းကလေး စုရှောင်ယွဲ့က ဆရာကြီးကို ဂါရဝပြုပါတယ်"
ဟယ်လင် ဆရာကြီးသည် စုရှောင်ယွဲ့၏ လှပနုနယ်သော ရုပ်ရည်ကို လုံးဝ ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
"နတ်မြေခွေးနန်းတော်က ၁၃ယောက်မြောက်မင်းသမီးနဲ့ မင်းက ဘာတော်တာလဲ"
စုရှောင်ယွဲ့မှာ ပို၍ပင် ရိုသေသွားတော့သည်။
"ဆရာကြီးကို ပြန်လည် ဖြေကြားရရင် ၁၃ ယောက်မြောက်မင်းသမီး ဆိုတာ ကျွန်မရဲ့ အဒေါ်အရင်းပါပဲ"
"မိတ်ဆွေစုရဲ့ တူမဖြစ်နေမှတော့ မင်း သွားလို့ရပြီ"
ဟယ်လင် ဆရာကြီးက အေးစက်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး"
စုရှောင်ယွဲ့မှာ စိတ်ထဲတွင် ဝမ်းသာသွားပြီး ထပ်မံ ဦးညွှတ်ကာ လှည့်ထွက်ရန် ပြင်လိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင်မူ ဟယ်လင် ဆရာကြီး၏ အသံမှာ သူမ၏ နားထဲသို့ တိုးညှင်းစွာ ရောက်ရှိလာသည်။
"မိတ်ဆွေစုရဲ့ မျက်နှာကို ထောက်ပြီး ဒီတစ်ကြိမ်တော့ ငါ လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် ရှိလာဦးမယ်ဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတာ မင်းကိုယ်တိုင် သိလိမ့်မယ်"
"ဟုတ်ကဲ့ပါ"
စုရှောင်ယွဲ့သည် ထိုစကားကို ကြားလိုက်ရသည့်အခါ ရင်ထဲတွင် စိမ့်တက်သွားကာ ဘာမျှ ထပ်မပြောတော့ဘဲ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
ရှမင်ယန်သည်လည်း ဤဖြေရှင်းချက်အပေါ် မည်သည့် ထင်မြင်ချက်မျှ မပေးဘဲ တိတ်ဆိတ်စွာပင် ရပ်နေသည်။
"နောက်ခံကောင်းရှိတာ တကယ်ကို အားကျစရာပဲ... ပြဿနာရှာရင်တောင် ဘာမှမဖြစ်ဘူး။ ရွှေရောင်အမြုတေ ကျင့်ကြံသူကြီးတောင်မှ မျက်နှာသာ ပေးရသေးတယ်"
ကုယွမ်မှာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ဟယ်လင် ဆရာကြီး၏ အကြည့်ကို မြင်လိုက်ရသည့်အခါ မုန့်ဟုန်မှာ နေရခက်သော အပြုံးဖြင့် အရှုံးပေးလိုက်တော့သည်။
"ဒီနေ့ကိစ္စက ဒီဂျူနီယာရဲ့ ရဲတင်းမှုကြောင့် ဖြစ်ရတာပါ။ နောက်တစ်နေ့မှာ ကျွန်တော်မျိုး သေချာပေါက် လာရောက် တောင်းပန်ပါ့မယ်"
ဤသို့ပြောကာ သူသည် ဦးညွှတ် နှုတ်ဆက်လိုက်ပြီး သူ၏ မျောက်ဝံကြီးနှင့်အတူ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။ ဟယ်လင် ဆရာကြီးသည်လည်း အကြောင်းရင်းကို မသိရသော်လည်း သူ့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး တားဆီးခြင်း မပြုပေ။
ရှမင်ယန်မှာမူ ဟယ်လင် ဆရာကြီးက ဘာမျှ မပြောသဖြင့် သူလည်း ဘာမှ မပြောရဲပေ။
"ဆရာကြီးက ကျွန်တော့်ကိုရော သတ်ဖို့ ရည်ရွယ်ထားတာလား"
ကျန်ရှိနေသူမှာ ဝေချွမ်း တစ်ဦးတည်းသာ ဖြစ်တော့သည်။ သူသည် သူ၏ အသက်သွေးကြောသဖွယ်ဖြစ်သော ဝိညာဉ်ပုလဲမှော်လက်နက်ကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားသော်လည်း သူ၏ စုဆောင်းထားသမျှ ငွေကြေးအမြောက်အမြားဖြင့် ဝယ်ယူထားသည့် ဤမှော်လက်နက်မှာ ယခုအချိန်တွင် သူ့ကို အကာအကွယ် အနည်းငယ်မျှပင် မပေးနိုင်တော့ပေ။
ဆေးဘုရင်တောင်တန်းနှင့် ကုနတ်ဘုရားဂိုဏ်းတို့မှာ အမြဲတမ်း မိတ်ဆွေထက် ရန်သူဖြစ်သည့် အနေအထားတွင် ရှိနေကြပြီး ယနေ့တွင် သူက ဤနေရာ၌ လာရောက် ပြဿနာရှာနေခြင်းပင်။
ထို့အပြင် သူ၏ ရှေ့မှောက်တွင် ရှိနေသော ဟယ်လင် ဆရာကြီးမှာ ရွှေရောင်အမြုတေ အဆင့်ရှိသည့် ကျင့်ကြံသူကြီး တစ်ဦးသာမကဘဲ အဆင့်မြင့် အမြုတေ ဖြစ်တည်မှုအဆင့်ရှိသူ ဖြစ်ရာ ရွှေရောင်အမြုတေ ကျင့်ကြံသူများစွာထဲတွင် ထိပ်တန်းအဆင့်၌ ရှိနေသူ ဖြစ်သည်။
အကယ်၍ တစ်ဖက်လူကသာ လက်ဦးမှုယူ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက သူကဲ့သို့ မွေးရာပါ စစ်သည်တော် အဆင့်မျှသာရှိသူ တစ်ဦးမှာ ထိုကဲ့သို့သော အရှိန်အဝါမျိုးမှ လွတ်မြောက်ရန် မည်သည့် အရည်အချင်းမှ ရှိမည်မဟုတ်ပေ။
သို့သော် မည်သူမျှ မထင်မှတ်ထားဘဲ ဟယ်လင် ဆရာကြီးသည် သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ လမ်းမကြီး၏ အဆုံးသို့ ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ဖားအိုကြီး... ဒီလောက်ကြာနေတာတောင် မကြည့်ရသေးဘူးလား အနှစ် ခုနစ်ဆယ်လောက် ကုန်လွန်သွားခဲ့တာတောင် မင်းရဲ့ ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ အကျင့်ဆိုးက ဘာမှ မပြောင်းလဲသေးဘူးပဲ"
နောက်ထပ် လူတစ်ယောက် ရှိနေသေးတာလား။
ကုယွမ်၊ ရှမင်ယန်နှင့် အခြားသူများမှာ အံ့အားသင့်သွားကြပြီး လမ်းမကြီး၏ အဆုံးသို့ ဝိုင်းကြည့်လိုက်ကြသော်လည်း ဘာမျှ မမြင်ရပေ။
"ဟယ်လင် မင်းက သဘောထားကြီးပြီး တရားမျှတတဲ့နေရာမှာ နာမည်ကြီးတာပါ။ ဒါပေမဲ့ ဒီနေ့တော့ ယမ်းတောင့်ကြီး ပေါက်ကွဲနေသလိုပဲလား။ ဘာလို့ ဒီလောက်တောင် ဒေါသကြီးနေရတာလဲ"
လမ်းမကြီး၏ အဆုံးတွင် ခပ်ပုပုဖြင့် ခပ်ဝဝ အဘိုးအိုတစ်ဦး ပေါ်လာသည်။ ထိုအဘိုးအိုမှာ အသားအရေ စိုပြည်ကာ အစိမ်းရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်တွင်လည်း ကျောက်စိမ်းလက်စွပ်တစ်ကွင်း စွပ်ထားသည်။ ကြည့်ရသည်မှာ နယ်က သူဌေးကြီးတစ်ဦးနှင့် တူနေပြီး လုံးဝ သတိထားမိစရာ မရှိပေ။
သို့သော် ယခုအချိန်တွင် မည်သူမျှ ဤလူကို လျှော့မတွက်ရဲကြပေ။ ဟယ်လင် ဆရာကြီး၏ စကားများအရ ဤအဘိုးအိုမှာလည်း အဆင့်တူ ရွှေရောင်အမြုတေ ကျင့်ကြံသူကြီး တစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။
"သူပဲ အဲဒီနေ့က ကြယ်စင်မြစ်ဓားဂိုဏ်းက တပည့်ရင်းဖြစ်တဲ့ တွမ်ချန်နဲ့ တိုက်ခိုက်ခဲ့တဲ့ ပေါင်ချန်း ဆရာကြီးပဲ"
အထူးသဖြင့် ကုယွမ်မှာ ဤအဘိုးအိုကို မြင်လိုက်ရသည့်အခါ အလွန်အံ့အားသင့်သွားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က တာအိုအငွေ့အသက် အမှတ်များ စုဆောင်းပြီးအပြန်တွင် ကျင့်ကြံသူ နှစ်ဦး တိုက်ခိုက်နေသည်ကို သူ တွေ့ခဲ့ဖူးသည်။
တစ်ဦးမှာ ကြယ်စင်မြစ်ဓားဂိုဏ်းမှ တပည့်ရင်း တွမ်ချန် ဖြစ်ပြီး အခြားတစ်ဦးမှာ ဝေချွမ်းကဲ့သို့ပင် ကုနတ်ဘုရားဂိုဏ်းမှ လာသူ ပေါင်ချန်း ဆရာကြီး ဖြစ်သည်။
ထိုစဉ်က တိုက်ပွဲကြောင့် ကမ္ဘာကြီး ပျက်စီးမတတ်၊ တောင်များ ပြိုကျမတတ် ဖြစ်ခဲ့သော မြင်ကွင်းမှာ ကုယွမ်၏ စိတ်ထဲတွင် ယနေ့ထက်တိုင် စွဲထင်နေဆဲပင်။
"တပည့် ဝေချွမ်း အကြီးအကဲ ပေါင်ချန်းကို ဂါရဝပြုပါတယ်"
ပေါင်ချန်း ဆရာကြီး ပေါ်လာသဖြင့် အပျော်ဆုံးသူမှာ ဝေချွမ်း ဖြစ်ပြီး အလျင်အမြန်ပင် ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။
"ဒီပုဂ္ဂိုလ်သာ ပေါ်လာပြီဆိုရင်တော့... ငါ သေဘေးကနေ လွတ်နိုင်ပြီ မဟုတ်လား"
"ဟယ်လင် အစ်ကိုကြီး... ဒီနေ့ မင်း ဒီလောက် ဒေါသထွက်နေတာက မင်းရဲ့ ပုံစံနဲ့ မတူဘူးနော်။ မင်းရဲ့ ရန်သူဟောင်း ဇီရှောင်က တပည့်ကောင်း တစ်ယောက် ရသွားလို့များလား"
ပေါင်ချန်း ဆရာကြီးက တစ်စုံတစ်ခုကို သိထားပုံရပြီး လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
"ငါ ကြားတာတော့ စန်းကျုံးဆိုတဲ့ ဒီလူငယ်လေးက ဆေးဘုရင်တောင်တန်းက လီချန်စန်းနဲ့ ရင်ဘောင်တန်းနိုင်တဲ့ မိုးကြိုးငါးသွယ် ခန္ဓာကို ပိုင်ဆိုင်ထားတယ်ဆိုပဲ။ ဒီကောင်လေးက အသက် ကိုးနှစ်တောင် မပြည့်သေးဘူး။ ကျင့်ကြံမှုနဲ့လည်း မထိတွေ့ရသေးဘူး။ တကယ့်ကို မွေးရာပါ ကျင့်ကြံခြင်း မျိုးစေ့ပဲ။ ငါတောင် အတော်လေး မနာလို ဖြစ်မိတယ်..."
"ပြောင်းပြန်အနေနဲ့ မင်းတို့ဂိုဏ်းကတော့ ဒီနှစ်ပိုင်းမှာ အသက်ဝင်လှုပ်ရှားမှု မရှိသလိုပဲ မျိုးစေ့ကောင်းတွေ မရတာလည်း ကြာပြီဆိုတော့ အထက်တန်းလွှာ မိသားစုတွေရဲ့ ဖိနှိပ်မှုကို ခံနေရတာပေါ့"
ဟယ်လင် ဆရာကြီး၏ မျက်နှာ ပျက်ယွင်းသွားသည်ကို မြင်သောအခါ ပေါင်ချန်း ဆရာကြီးက တခစ်ခစ် ရယ်မောလိုက်သည်။
"ဒီတစ်ခေါက် မင်း တောင်ပေါ်က ဆင်းလာတာက နဂါးနီနတ်ဘုရားနန်းတော် ကိစ္စအပြင် မျိုးစေ့ကောင်း အချို့ကိုပါ ရှာဖို့ ကြံစည်နေတာ မဟုတ်လား"
"အစ်ကိုကြီး... ငါ အကြံပေးပါရစေ။ မိုးကြိုးငါးသွယ် ခန္ဓာလို တာအိုခန္ဓာကိုယ်မျိုးက လောကမှာ အလွန်ရှားပါးပါတယ်။ အဲဒါနဲ့ ယှဉ်နိုင်မယ့်သူကို ရှာဖို့က ကောင်းကင်ပေါ် တက်ရသလို ခက်ခဲလိမ့်မယ်။ အဲဒီအစား..."
"တော်တော့"
ပေါင်ချန်း ဆရာကြီး စကားမဆုံးမီ ဟယ်လင် ဆရာကြီးက အေးစက်စွာ ဖြတ်ပြောလိုက်သည်။ သူ၏ အမူအရာမှာ အေးစက်လှပြီး မျက်ခုံးကြားတွင် ထက်ရှသော ဓားအရှိန်အဝါများ ထွက်ပေါ်နေသည်။
"ဖားအိုကြီး... မင်း စကားတွေ အရမ်းများနေပြီ"